စင်္ကာပူရှိ လင်းပိုင်များနှင့် အတူဆော့ကစားနိုင်သည့်နေရာ Dolphin Island from Singapore


အသိဉာဏ်ကြွယ်ပြီးချစ်ဖို့ကောင်းတဲ့ လင်းပိုင်လေးတွေနဲ့ အတူဆော့ကစားခွင့်ရခဲ့တယ်။ စင်္ကာပူနိုင်ငံ Sentosa ကျွန်းမှာရှိတဲ့ Dolphin Island လင်းပိုင်မွေးမြူရေးကန်မှာပါ။ ၂၀၁၇ ခုနှစ်က စင်္ကာပူ ခရီးသွားလုပ်ငန်းအဖွဲ့ရဲ့ ဖိတ်ကြားမှုအရ စင်္ကာပူနိုင်ငံကို သွားလည်ခဲ့တုန်းက လုပ်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

Dolphin Island မှာ လင်းပိုင်တွေကို မွေးမြူထားပြီး လင်းပိုင်တွေအကြောင်းကို လေ့လာလို့ရတဲ့နေရာပဲဖြစ်ပါတယ်။ လင်းပိုင်တွေနဲ့ပတ်သက်ပြီး လေ့လာလို့ရတဲ့ အစီအစဉ်အမျိုးမျိုးရှိတဲ့အနက် စာရေးသူလုပ်ခဲ့တဲ့ Dolphin Discovery က ပေါ်ပြူလာအဖြစ်ဆုံး အစီအစဉ်တစ်ခုပါ။ ဒီအစီအစဉ်မှာ လင်းပိုင်တွေအကြောင်း အနီးကပ်လေ့လာနိုင်သလို ခါးစပ်လောက်ရှိ ရေအနက်မှာ ဆင်းနေရုံပဲမလို့ ရေမကူးတတ်လည်း အဆင်ပြေပါတယ်။

ရေထဲမဆင်းခင် အရင်ဆုံး စီစဉ်ပေးထားတဲ့ဝတ်စုံကို ဝတ်ရပါတယ်။ ရေကန်စပ်ထဲဆင်းတဲ့အခါ အသင့်စောင့်နေတဲ့ လင်းပိုင်ကျွမ်းကျင်ဝန်ထမ်းတွေက လင်းပိုင်တွေအကြောင်းနဲ့ သူတို့ရဲ့ချစ်ဖို့ကောင်းတဲ့ အလေ့အကျင့်တွေကို ရှင်းပြပါတယ်။ စာရေးသူတို့လည်း လင်းပိုင်တွေနဲ့လက်ဝါးချင်းရိုက် နှုတ်ဆက်ဖြစ်တယ်။ အစာကျွေးဖြစ်တယ်။ ဖက်ပြီးဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ လင်းပိုင်လေးတွေကလည်း စာရေးသူတို့ကို ကပြ၊ ကျွမ်းထိုးပြ၊ ရေငုပ်ပြ၊ ခုန်ပြပါတယ်။ စာရေးသူတို့အနေနဲ့ လင်းပိုင်တွေနဲ့ဘယ်လိုဆက်သွယ်ရမလဲဆိုတာကိုပါ သင်ခဲ့ရပါတယ်။


ရေမစိုချင်ပါက ရေကန်စပ်ကနေ လင်းပိုင်တွေကို ထိတွေ့ကိုင်တွယ်နိုင်၊ ဓာတ်ပုံရိုက်နိုင်၊ အနီးကပ်ကြည့်နိုင်တဲ့ အစီအစဉ်ရှိသလို ရေကူးရေငုပ် ကျွမ်းကျင်ပါက လင်းပိုင်တွေနဲ့ ရေအောက်ထဲ အတူတူရေကူးလို့ရတဲ့ အစီအစဉ်လည်း ရှိပါသေးတယ်။ လင်းပိုင်တွေကို ရေကန်စပ်ကနေ ဒီအတိုင်းထိုင်ကြည့်တာကနေ ရေထဲထိဆင်းပြီး အတူတူ ရေကူးတာအထိ ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ထားပါတယ်။ စာရေးသူတို့လို ရေထဲထိဆင်းကာ လင်းပိုင်တွေကို ကိုင်တွယ်ထိတွေ့ချင်ပါက လူကြီးတစ်ယောက်ကို စင်္ကာပူဒေါ်လာ ၁၃၈ ကျသင့်ပါမယ်။


အဲဒီမှာ တစ်ခုသိထားရမှာကတော့ ကိုယ့်ဖုန်း၊ ကိုယ့်ကင်မရာနဲ့ ဓာတ်ပုံ ဗီဒီယိုရိုက်ခွင့်မပေးပါဘူး။ ဓာတ်ပုံဆရာရှိလို့ ရိုက်ခိုင်းနိုင်ပြီး ရိုက်ခသက်သက်ပေးရပါတယ်။ လက်ကိုင်ဖုန်းလို ပြုတ်ကျနိုင်တဲ့အရာများ လက်ဝတ်ရတနာများကို ယူဆောင်ခွင့်မပြုပါဘူး။ ကလေးငယ်တွေကို လူကြီးပါမှ ဝင်ခွင့်ပြုပါတယ်။


Sentosa ကျွန်းမှာ Dolphin Island အပြင် အခြားကစားကွင်းများနဲ့ လည်ပတ်စရာနေရာများစွာရှိပါတယ်။ နာမည်အကြီးဆုံးကတော့ Universal Studio ကစားကွင်း၊ S.E.A Aquarium ငါးပြတိုက်နဲ့ Adventure Cove Waterpark ရေကစားကွင်းတို့ပါ။ စွန့်စားရတာကြိုက်သူတွေအတွက် Mega Adventure Park ကစားကွင်း၊ HydroDash – Floating Aqua Park ကစားကွင်းနဲ့ အခြားကစားနည်းမျိုးစုံရှိပါတယ်။ လည်ပတ်စရာနေရာတွေအနေနဲ့ Fort Siloso ခံတပ်နဲ့ Skywalk၊ Palawan ကမ်းခြေနဲ့ အခြားကမ်းခြေများ၊ အာရှတိုက်ကုန်းမကြီးရဲ့ တောင်ဘက်အကျဆုံး နေရာတို့ရှိပါတယ်။


Madame Tussauds ဖယောင်းပြတိုက်၊ Trickeye 3D ပြတိုက်တို့ကိုလေ့လာလို့ရသလို Cable Car နဲ့ SkyHelix Sentosa ride စီးပြီးလည်း ကောင်းကင်ယံမှ ဆန်တိုဆာကျွန်းအလှကို ၃၆၀ ဒီဂရီပတ်ပတ်လည်ခံစားနိုင်ပါတယ်။ ပြပွဲအနေနဲ့ ဆန်တိုဆာ သံစဉ်ရေပန်းရှိုး၊ လေဆာ၊ ရေနဲ့မီးအထူးပြုလုပ်ချက်များနဲ့ ပေါင်းစပ်တီထွင်ထားတဲ့ Wings of Time ရှိုး၊ Siloso ကမ်းခြေကို အလင်းနဲ့အသံအထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတဲ့ Magical Shores တို့ကိုကြည့်ရှုနိုင်ပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Leave a comment