ကန္တာရထဲက မိုးမျှော်တိုက်များနှင့်
ချမ်းသာလှသည့် ကာတာနိုင်ငံ
သဲကန္တာရပေါ်တွင် မိုးမျှော်တိုက်များအစီအရီထောင်တွက်နေသည့်၊ ပင်လယ် ထဲ ကျွန်းအတုများ၊ ရွက်လှေများနှင့် ဇိမ်ခံကြသည့်၊ သိမ်းငှက်များကို အိမ်မွေးတိရိစ္ဆာန် အဖြစ် မွေးမြူထားကြသည့် ကာတာနိုင်ငံသည် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်ခုပင် ဖြစ်ပါသည်။ ကာတာလေကြောင်းလိုင်းဖြင့် အနောက်နိုင်ငံများသို့ ခရီးသွားသည့်အခါ ကာတာနိုင်ငံရှိဒိုဟာလေဆိပ်တွင် ခရီးတစ်ထောက်နားရသဖြင့် ကာတာနိုင်ငံသည် မြန်မာခရီးသွားများနှင့် သိပ်မစိမ်းလှပါ။
ကာတာနိုင်ငံသည် အာရှတိုက်အနောက်ဘက် အာရေဗီယန်ကျွန်းဆွယ်အနောက် မြောက်ကမ်းရိုးတန်းရှိ ကာတာကျွန်းဆွယ်ငယ်ပေါ်တွင် တည်ရှိနေပြီး ပါရှန်းပင်လယ် ကွေ့က ၀ိုင်းရံထားကာ တောင်ဘက်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေပါသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၄၄၇၃ မိုင်ကျယ်ဝန်းပြီး လူဦးရေ ၂.၈သန်းကျော် နေထိုင်လျက်ရှိပါသည်။

သဲကန္တာရလွှမ်းခြုံထားသော ကာတာနိုင်ငံတွင် သဘာဝသစ်တောတစ်ခုမျှမရှိပါ။ တိုင်းပြည်၏ ခြောက်သွေ့သောရာသီဥတုကြောင့် သစ်ပင်ကြီးများ ရှင်သန်ဖို့ခက်ပါ သည်။ ထို့ပြင် ကာတာသည် မော်လ်ဒိုက်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယ မြေမျက်နှာပြင် အနိမ့်ဆုံးနိုင်ငံဖြစ်ပါသည်။ နိုင်ငံတွင် နေရာအမြင့်ဆို၍ မိုးမျှော်တိုက်များသာရှိပါလိမ့် မည်။ ကာတာနိုင်ငံ၏ ပျမ်းမျှအမြင့်မှာ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၉၂ ပေရှိပြီး အမြင့်ဆုံးနေရာမှ ၆၆၆ ပေလောက်သာရှိတာပါ။ သို့သော် ကာတာနိုင်ငံ၌ ငလျင်လှုပ် နိုင်ခြေက ၀.၁ ရာခိုင်နှုန်းသာရှိသဖြင့် သဘာဝကပ်ဘေးကင်းဝေးပြီး ကမ္ဘာပေါ်တွင် အလုံခြုံဆုံးနိုင်ငံတစ်ခုဖြစ်နေပါသည်။
ကာတာက ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံပါ။ ကာတာနိုင်ငံချမ်း သာရခြင်းမှာ နိုင်ငံတွင်းထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကြောင့်ဖြစ်ပါ သည်။ ရေနံမရှာဖွေတွေ့ရှိခင်က ပုလဲရှာခြင်းသည် ကာတာလူမျိုးများ၏ အဓိကစီးပွား ရေးဖြစ်ခဲ့ပါသည်။ သို့သော် ၁၉၂၀ နှင့် ၁၉၃၀ ပြည့်နှစ်များတွင် ဂျပန်မှ မွေးမြူရေးပုလဲ ကို ကမ္ဘာ့စျေးကွက်သို့ စတင်မိတ်ဆက်သောအခါ ကာတာ၏ပုလဲလုပ်ငန်းအကြီးအကျယ်ထိုးနှက်ခံခဲ့ရပါသည်။ ၁၉၄၀ ခုနှစ်တွင် ရေနံရှာဖွေတွေ့ရှိမှုကြောင့်သာ စီးပွားရေးပြန်လည်ကောင်းမွန်လာခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါတွင် အတိတ်၏အကျော်ကြား ဆုံး ပုလဲရေငုပ်ရာနေရာတစ်ခုပေါ်တွင် ပုလဲကြိုးကဲ့သို့ပုံစံရှိသောကျွန်းအတုကို တည် ဆောက်ထားပြီး ကာတာပုလဲဟုအမည်ပေးထားပါသည်။ ကာတာပုလဲကျွန်းသည် ကာတာနိုင်ငံ၏ အထင်ကရနေရာဖြစ်ကာ ထိုကျွန်းပေါ်တွင် ဟိုတယ်များ၊ အပန်း ဖြေစခန်းများ၊ စားသောက်ဆိုင်များနှင့် စျေးဝယ်စင်တာများဖြင့် စည်ကားနေပါသည်။

ပါရှန်းပင်လယ်ကွေ့ကမ်းရိုးတန်းအရှေ့ဘက်တွင်ရှိသော ဒိုဟာသည်ကာတာ၏မြို့တော်နှင့် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပါသည်။ နိုင်ငံ၏စီးပွားရေးအချက်အချာ လည်းဖြစ်ပြီး နိုင်ငံလူဦးရေ၏ အများစုက ဒိုဟာနှင့် ပတ်ဝန်းကျင်တွင်နေထိုင်ကြပါ သည်။ မြို့တော် ဒိုဟာရှိ Souq Waqif စျေးက ကာတာရှိ အစည်းကားဆုံးနေရာဖြစ် ပြီး ရိုးရာကုန်ပစ္စည်းများရောင်းချသည့် စျေးဆိုင်အမျိုးမျိုးနှင့် စားသောက်ဆိုင်အ မျိုးမျိုးရှိသည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာနေရာတစ်ခုဖြစ်ပါသည်။ ဒိုဟာရှိ သိမ်းငှက် စျေးတွင်လည်း သိမ်းငှက်အမျိုးမျိုးကို ကြည့်ရှုနိုင်ပြီး ဓာတ်ပုံတွဲရိုက်ကာ ကာတာရိုး ရာယဉ်ကျေးမှုဓလေ့များကို လေ့လာနိုင်ပါသည်။ သိမ်းငှက်သည် ကာတာနိုင်ငံ၏ လူ ကြိုက်အများဆုံး အိမ်မွေးတိရစ္ဆာန်ဖြစ်ပါသည်။ ကာတာနိုင်ငံတွင် သိမ်းငှက်ကို ရဲစွမ်း သတ္တိ၊ လွတ်လပ်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်ခြင်းသင်္ကေတအဖြစ် ရှုမြင်ကြပြီး သိမ်းငှက်ကို ပိုင်ဆိုင်ထားခြင်းက ဂုဏ်ယူစရာဖြစ်နေပါသည်။ သိမ်းငှက်မှာ နိုင်ငံကူးလက်မှတ်ရှိပါက ကာတာလေကြောင်းလိုင်းများမှာ ပိုင်ရှင်နှင့်အတူ လေယာဉ်စီးခွင့်ရှိပါသည်။
ကာတာနိုင်ငံရှိ အခြားထင်ရှားသောနေရာများမှာ Doha Corniche ကမ်းစပ် လျှောက်လမ်း၊ Al Thakira ရွာ၊ ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြု ခံထားရသည့် Al Zubarah ခံတပ်၊ သမိုင်း မတိုင်မီက ကျောက်ထွင်းပန်းချီများကြောင့် ကျော်ကြားသည့် တောင်တန်းများတို့ဖြစ်ကြပါသည်။ ကာတာနိုင်ငံသို့ အလည်လာရောက်သူများသည် ကမ်းခြေများတွင် အပန်းဖြေခြင်း၊ ပင်လယ်ရေအောက် တွင် ငါးများကြည့်ရှုခြင်း၊ ပင်လယ်ထဲရွက်လွှင့်ခြင်း၊ သဲကန္တာရများတွင် ကုလားအုတ်စီး ခြင်း စသည်တို့ကိုလည်း ပြုလုပ်လေ့ရှိကြပါသည်။
♥ ဒေါက်တာနုမြတ်သိင်္ဂီဦး

