ကမ္ဘာ့စိန်မြို့တော်ရှိရာ ဘယ်လ်ဂျီယမ်နိုင်ငံ


ဘယ်လ်ဂျီယမ်နိုင်ငံသည် ဥရောပအနောက်နိုင်ငံတစ်ခုဖြစ်ကာ အိမ်နီးချင်းနိုင်ငံများမှာ ပြင်သစ်၊ လူဇင်ဘက်၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံတို့ဖြစ်ပါသည်။ စတုရန်းမိုင်ပေါင်း ၁၁၇၈၇မိုင် ကျယ်ဝန်းကာ လူဦးရေပေါင်း ၁၁ သန်းကျော်နေထိုင်သဖြင့် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံများအနက် တစ်ခုဖြစ်ပါသည်။ ဘယ်လ်ဂျီယမ်လူမျိုးအများစုက မြို့ပြမှာ နေထိုင်လေ့ရှိကြပြီး မြို့နေလူဦးရေမှာ ၉၇%ကျော်သဖြင့် ဥရောပတွင် မြို့နေလူဦးရေအများဆုံးနိုင်ငံတစ်ခုဟု ဆိုရပေမည်။

မြို့တော် ဘရပ်ဆဲလ်(စ်)


မြို့တော်မှာ ဘရပ်ဆဲလ်(စ်)မြို့ဖြစ်ပြီး အကြီးဆုံးမြို့လည်းဖြစ်ကာ လူဦးရေ ၁.၂သန်းကျော် နေထိုင်နေပါသည်။ အီးယူ၏မြို့တော်လည်းဖြစ်ကာ နေတိုး(NATO) ရုံးချုပ်ရှိရာ မြို့လည်းဖြစ်ပါသည်။ ဘယ်လ်ဂျီယမ်နိုင်ငံမှာ ဘရပ်ဆဲလ်(စ်)အပြင် အခြားထင်ရှားသည့်မြို့များလည်း ရှိပါသည်။ Antwerp မြို့သည် ဒုတိယအကြီးဆုံးမြို့ဖြစ်သလို စိန်ပေါင်းများစွာ ရောင်းဝယ်ဖောက်ကားရာမြို့ဖြစ်သဖြင့် ကမ္ဘာ့စိန်မြို့တော်အဖြစ် နာမည်ကျော်ပါသည်။ တူးမြောင်းများဖြင့် လှပလှသည့် Bruges မြို့၊ ရဲတိုက်ကြီးများဖြင့် ခမ်းနားလှသည့် Ghent မြို့၊ လူဦးရေ ၅၀၀သာ နေထိုင်သည့် ကမ္ဘာ့အသေးဆုံး Durbuy မြို့၊ ရှေးခေတ်က ရောမလူမျိုးများလာရောက်ကာရေချိုး၊ ရေစိမ်ရင်း Spa ဟုအမည်တွင်ခဲ့သည့် ယခုခေတ် Spa အမည်အစပြုရာ Spa မြို့၊ ဆက်ဆိုဖုန်းတူရိယာ စတင်တီထွင်ခဲ့သူ၏ မွေးရပ်မြေ Dinant မြို့တို့မှာ ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လည်ပတ်လေ့ရှိရာမြို့များပင်ဖြစ်ပါသည်။

ဆက်ဆိုဖုန်းတူရိယာ စတင်တီထွင်ခဲ့သူ၏ မွေးရပ်မြေ Dinant မြို့

တူးမြောင်းများဖြင့် လှပလှသည့် Bruges မြို့


ဘယ်လ်ဂျီယမ်နိုင်ငံမှာ ရုံးသုံးစကား သုံးမျိုးတောင်ရှိပြီး ဘယ်လ်ဂျီယမ်ဘာသာစကားဟူ၍မရှိပါ။ နယ်ပယ်ဒေသပေါ်မူတည်ပြီး ဒတ်(ချ်)၊ ပြင်သစ်နှင့် ဂျာမာန်ဘာသာစကားများကိုသာ အသုံးပြုကြပါသည်။


ဘယ်လ်ဂျီယမ်နိုင်ငံသည် ရွေးကောက်ခံအစိုးရမရှိဘဲ အချိန်အကြာဆုံးရပ်တည်ခဲ့သည့် ဒီမိုကရက်တစ်နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့ပြီး ၂၀၁၀ခုနှစ်နှင့် ၂၀၁၁ ခုနှစ်ကြား ရက်ပေါင်း ၅၈၉ ရက်ကြာခဲ့ပါသည်။ ဘရပ်ဆဲလ်(စ်)မြို့ရှိ တရားရုံးက ကမ္ဘာ့အကြီးဆုံးတရားရုံးကြီးဖြစ်ကာ စတုရန်းကီလိုမီတာပေါင်း ၂၆၀၀၀ ဝန်းကျင် ကျယ်ဝန်းပါသည်။ ကမ္ဘာ့အရှည်ဆုံးဓာတ်ရထားလမ်းလည်းရှိကာ နယ်သာလန်နယ်စပ်ကနေ ပြင်သစ်နယ်စပ်အထိ ၄၂မိုင် ရှည်လျားပါသည်။ ဘယ်လ်ဂျီယမ်နိုင်ငံ၏ အဝေးပြေးလမ်းမကြီးများမှာ လမ်းမီးများစွာ လင်းထိန်နေသဖြင့် ညအခါ အာကာသမှ လှမ်းမြင်နိုင်သည်ဟု သိရပါသည်။

ဘယ်လ်ဂျီယမ်ဘီယာ


ဘယ်လ်ဂျီယမ်နိုင်ငံသည် ဘီယာ၊ ချောကလက်နှင့် ဝေဖာစသည့် အစားအသောက်များနှင့် နာမည်ကျော်ပါသည်။ ဘယ်လ်ဂျီယမ်နိုင်ငံထုတ် ဘီယာအမျိုးအစားပေါင်း ၁၁၀၀ ကျော်ရှိပြီး နိုင်ငံတကာဆုရထားသည့် အမျိုးအစားများပင်ရှိပါသည်။ ချောကလက်နှင့်လည်းနာမည်ကျော်သည့် ဘယ်လ်ဂျီယမ်နိုင်ငံသည် ကမ္ဘာ့ဒုတိယချောကလက်အတင်ပို့ဆုံးနိုင်ငံဖြစ်ကာ ဘရပ်ဆဲလ်(စ်)လေဆိပ်ရှိ ချောကလက်ဆိုင်များသည် ကမ္ဘာ့ချောကလက်အရောင်းရဆုံးနေရာဖြစ်ပါသည်။ ဘိလိယက်ဘောလုံးများကို အများဆုံးတင်ပို့ရောင်းချသည့်နိုင်ငံဖြစ်ကာ ကမ္ဘာ့ဈေးကွက်၏ ၈၀ရာခိုင်နှုန်းမှာ ဘယ်ဂျီယမ်နိုင်ငံထုတ်များဟု သိရပါသည်။

ဘယ်လ်ဂျီယမ်ဝေဖာ
Chocolate Shop in Brussels


ဘယ်လ်ဂျီယမ်နိုင်ငံသည် ကမ္ဘာ့နာမည်အကျော်ဆုံး ဂီတဖျော်ဖြေပွဲများကျင်းပရာနိုင်ငံလည်း ဖြစ်သည်။ ကမ္ဘာ့အကြီးကျယ်ဆုံး အီလက်ထရောနစ်ဂီတဖျော်ဖြေပွဲ Tomorrowland အပါအဝင် နာမည်ကျော် ဂီတဖျော်ဖြေပွဲများ၊ ရိုးရာပွဲတော်များ များစွာကျင်းပလေ့ရှိပါသည်။ ရဲတိုက်ပေါင်းများစွာရှိသည့် နိုင်ငံလည်းဖြစ်ကာ Ghent မြို့ရှိ Gravensteen ရဲတိုက်ကြီးက ဘယ်လ်ဂျီယမ်နိုင်ငံတွင် အလှဆုံးနှင့်သမိုင်းအဝင်ဆုံး ရဲတိုက်ကြီးပင် ဖြစ်ပါသည်။

Tomorrow Land (Photo-Credit)


ဘယ်လ်ဂျီယမ်လူမျိုးများက ပွင့်လင်းသဘောထားကြီးပြီး လွတ်လပ်ကာ အစွန်းမရောက်သောစိတ်ပိုင်ရှင်များ ဖြစ်ကြပါသည်။ လိင်တူလက်ထပ်ခွင့်ကို ကမ္ဘာ့ဒုတိယမြောက် တရားဝင်ခွင့်ပြုခဲ့သောနိုင်ငံဖြစ်ပြီး ညင်သာစွာဇီဝန်ခြွေခြင်းကိုလည်း ၂၀၀၂ခုနှစ်မှစတင်ကာ တရားဝင်ခွင့်ပြုထားပါသည်။ ဘယ်လ်ဂျီယမ်လူမျိုးများက တီထွင်ဖန်တီးနိုင်စွမ်းလည်းရှိကြကာ ပလတ်စတစ်၊ ဆက်ဆိုဖုန်းတူရိယာ၊ ခန္ဓာကိုယ်ထုထည်ပြကိန်းညွှန်း (BMI)၊ ဝမ်းလျှောသက်သာဆေး Imodium၊ ပဋိသန္ဓေတားဆေးစသည်တို့ကို တီထွင်ခဲ့ကြပါသည်။ ဘယ်လ်ဂျီယမ်လူမျိုးကာတွန်းဆရာများစွာလည်းရှိပြီး Tin Tin ကဲ့သို့ ကမ္ဘာကျော်ကာတွန်းဇာတ်ကောင်များကို မွေးထုတ်ရာနိုင်ငံဖြစ်သည်။ ဘယ်လ်ဂျီယမ်အမျိုးသားများက ကမ္ဘာ့ဒုတိယအရပ်အရှည်ဆုံးဖြစ်ပြီး ပျမ်းမျှအရပ်မှာ ၅ပေ ၁၁လက်မခွဲဖြစ်သည်။

Beautiful Brussels


မြို့တော် ဘရပ်ဆဲလ်(စ်)ရှိ မြို့ဟောင်း၊ တော်ဝင်နန်းတော်နှင့် Atomium အဆောက်အအုံဆန်းကြီး၊ Bruges မြို့ရှိ Markt ရင်ပြင်၊ တူးမြောင်းများနှင့် ရှေးဟောင်းအဆောက်အအုံများ၊ Leuven မြို့ရှိ St. Peter’s ဘုရားကျောင်း၊ Antwerp မြို့ရှိ တော်ဝင်နန်းတော်၊ Ghent မြို့ရှိ ရဲတိုက်ကြီးများ၊ နေပိုလီယံ၏သမိုင်းဝင် ဝါတားလူးစစ်ပွဲဖြစ်ပွားခဲ့သည့် ဒေသ၊ သဘာဝအလှအပများခံစားနိုင်မည့် Semois တောင်ကြားတို့မှာ ဘယ်လ်ဂျီယမ်နိုင်ငံရောက်လျှင် သွားရောက်လေ့လာသင့်သည့်နေရာများပင် ဖြစ်ပါသည်။

Old Town of Brussels

Dr.Nu Myat Theingi Oo

Nu Myat around the World

ပုံပြင်ထဲက မြို့လေးလား ထင်မှတ်မှားရသည့် ဥရောပမှ ရေပေါ်မြို့လေး (Bruges, a fairy tale town of Belgium )

  ပုံပြင်ထဲက မြို့လေးလား

ထင်မှတ်မှားရသည့်

ဥရောပမှ ရေပေါ်မြို့လေး

Bruges

နတ်သမီးပုံပြင်များထဲကလို ခမ်းနားလှသော မျှော်စင်ကြီးများ၊ ဘုရားကျောင်း များ၊ လက်ရာမြောက်အုတ်စီအိမ်လေးများ၊ ကျောက်ခင်းလမ်းများ၊ သာယာ လှပသော တူးမြောင်းများနှင့် ပန်းချီကားအလား ထင်မှတ်မှားရလောက်အောင် လှပသော ရှုခင်းများရှိသည့် မြို့လေးတစ်မြို့သည် ဥရောပအလယ်ပိုင်းခေတ် ဗိသုကာလက်ရာ အဆောက်အအုံတွေကြောင့် ကမ်္ဘာလှည့်ခရီးသည်များကြား ကျော်ကြားနေသော ဘရုရှ်(Bruges)မြို့ဖြစ်ကာ ဥရောပတိုက် ဘယ်လ်ဂျီယံနိုင်ငံ အနောက် မြောက်ဘက်မှာ တည်ရှိနေပါ၏။

ဥရောပတောင်ပိုင်း အီတလီနိုင်ငံရှိ ရေပေါ်မြို့ဗင်းနစ်ကဲ့သို့ မြို့အနှံ့တူးမြောင်း များဖောက်လုပ်ထားခြင်းကြောင့် “မြောက်ပိုင်းရှိ ဗင်းနစ်”လို့လည်း အမည်တွင် နေပါ၏။ ဥရောပမြောက်ပိုင်း၌ ဤသို့ မြို့တွင်း၌ တူးမြောင်းများ ဖောက်လုပ်ထား သည့် အခြားမြို့များမှာ နယ်သာလန်နိုင်ငံရှိ အမ်စတာဒမ်မြို့နှင့် ဆွီဒင်နိုင်ငံရှိ စတော့ဟုမ်းမြို့တို့ပဲ ဖြစ်သည်။ မြို့တွင်း၌ တူးမြောင်းများဖောက်လုပ်ထားသည့် အလျှောက် တံတားများလည်းရှိရာ တံတားပေါင်း ၈၀ ကျော်ရှိကြောင်း သိရပါ သည်။ ထို့ကြောင့်လည်းမြို့အမည်က တံတားဟုအဓိပ်္ပာယ်ရသော ရှေးဟောင်း ဒက်ချ်စကားကနေဆင်းသက်လာပြီး Brugesလို့ အမည်တွင်ခြင်းဖြစ်သည်။

ဘရုရှ်မြို့လေးကို ၉ ရာစုကတည်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆိပ် ကမ်းတည်ရှိခြင်းကြောင့် တစ်ခေတ်တစ်ခါက အဓိကစီးပွားရေးမြို့တော်ဖြစ်ခဲ့ကာ လွန်စွာကြွယ်ဝခဲ့ကြောင်း သိရပါသည်။ ၁၉၀၀ ပြည့်နှစ်ဝန်းကျင်တွင် စီးပွားရေး ကျဆင်းပြီး လူတွေရွှေ့ပြောင်းသွားကာ လူဦးရေ နှစ်သိန်းကျော်မှ ငါးသောင်း အထိ ကျဆင်းသွားခြင်းကြောင့် မြို့ကြီး ခြောက်ကပ်သွားခဲ့သည်။ ၁၉ ရာစုနှောင်း ပိုင်းမှ အလယ်ပိုင်းခေတ်မြို့များ တစ်ကျော့ပြန်ခေတ်စားလာကာ ကမ်္ဘာလှည့်ခရီး သည်များ မျက်စိကျရာမြို့လေးဖြစ်လို့လာခဲ့ပါသည်။ ၂၀၀၂ ခုနှစ်၌ ဘရုရှ်မြိုကို ဥရောပယဉ်ကျေးမှုမြို့တော်အဖြစ် သတ်မှတ်ရလောက်သည်အထိ ခရီးသွားလုပ် ငန်း၌ အရေးပါနေပါ၏။ ဘယ်လ်ဂျီယံနိုင်ငံ၏ ခရီးသွားများကို ဆွဲဆောင်ရာ အဓိကမြို့ဖြစ်ကာ မြို့တွင်းသို့လာရောက်လည်ပတ်သည့် ဧည့်သည်ပေါင်းမှာ တစ်နှစ်ကို နှစ်သန်း ကျော်ရှိကြောင်း သိရပါသည်။

ထိုနတ်သမီးပုံပြင်မြို့လေးသို့ စာရေးသူသည်မိသားစုနှင့်အတူ ယခုနှစ် သင်္ကြန်ရုံးပိတ်ရက်များ၌ သွားရောက်လေ့လာဖြစ်ခဲ့ပါ၏။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှတစ်ဆင့် နေ့ချင်းပြန်သွားရောက်ခဲ့ခြင်းဖြစ်၍ ခရီးစဉ်အစအဆုံး မှာ ၁၁ နာရီခွဲလောက်သာ ကြာမြင့်ပါသည်။ အမ်စတာဒမ်မှ နေ့ချင်းပြန်ခရီးစဉ် များ ပြေးဆွဲလျက်ရှိပြီး သုံးနာရီနီးပါး ကားမောင်းရုံဖြင့် ဘရုရှ်မြို့သို့ ရောက်နိုင်ပါ ၏။ မြို့လေးမှာ ၅၃ ဒသမ ၄ စတုရန်းမိုင်သာ ကျယ်ဝန်း၍ လူဦးရေမှာ တစ်သိန်း ကျော်ရှိပါသည်။ စည်ကားသည့်မြို့လယ်မှာ ၁ ဒသမ ၆ စတုရန်းမိုင်သာ ကျယ်ဝန်း ပြီး လူဦးရေမှာ နှစ်သောင်းကျော်သာရှိသည်။ သို့သော်လည်း များပြားလှသည့် ကမ်္ဘာလှည့်ခရီးသည်များကြောင့် မြို့တွင်း၌ အထူးစည်ကားလျက်ရှိသည်ကို တွေ့ ရပါ၏။

ထိုခရီးစဉ်၌ မြို့တွင်းရှိ ခမ်းနားလှသည့် အဆောက်အအုံများကြား လမ်းကြို လမ်းကြားများလျှောက်ရင်း လှပသည့် ကျောက်ခင်းတံတားများ၊ တူးမြောင်းများပေါ် ဖြတ်ရင်း ဧည့်လမ်းညွှန်ရှင်းပြသည်ကိုနားထောင်ကာ မြို့အနှံ့ လမ်းလျှောက်ရသည် မှာ ကြည်နူးစရာ ကောင်းလှပါ၏။ မွန်းကျပ်လှသောမြို့ပြမှ ခဏတာရုန်းထွက်ကာ ရှေးခေတ်သို့ ပြန်ရောက်သွားသလို အေးချမ်းမှုကိုလည်း ခံစားရပါ၏။ မြို့ထဲရှိ အဆောက်အအုံများသည် တစ်ခုချင်းစီ၌လေ့လာစရာ ဗိသုကာလက်ရာများစွာ ရှိ နေတတ်သလို ခမ်းနားကြီးကျယ်လှသည့် အဆောက်အအုံကြီးများကလည်း မိုး ပေါ်ထောင်ထွက်လုနေပါ၏။ ထို့ကြောင့်လည်း ယူနက်စကိုကနေ ကမ်္ဘာ့သမိုင်းဝင် အမွေအနှစ်အဖြစ် ၂၀၀၀ ပြည့်နှစ်က သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

Tourist Attraction မြို့ဖြစ်သည့်အလျှောက် မြို့ထဲ၌ စားသောက်ဆိုင်ကြီး နှင့် အမှတ်တရပစ်္စည်းအရောင်းဆိုင်များ ပြည့်နှက်လို့နေပါ၏။ ထိုဆိုင်များနှင့်အ ပြိုင်ရှိနေသည်မှာ ချောကလက်ဆိုင်များဖြစ်သည်။ ဘယ်လ်ဂျီယံချောကလက်သည် ကမ်္ဘာပေါ်၌ နာမည်အကြီးဆုံးဖြစ်၍ ချောကလက်ဆိုင်များမှာ လက်ညှိုးထိုးမလွဲ ပင်ဖြစ်နေပါ၏။ ချောကလက်နည်းတူ ဘီယာနှင့် ဇာများသည်လည်း ဤမြို့လေး ၏ နာမည်ကျော် ထွက်ကုန်များဖြစ်သည်။ မြို့ထဲ၌ လမ်းလျှောက်လေ့လာနိုင်သလို မြင်းလှည်းများ၊ စက်ဘီးများစီး၍သော်လည်းကောင်း၊ တူးမြောင်းများအတွင်း၌ လှေ စီး၍သော်လည်းကောင်း လေ့လာနိုင်ပါသည်။ ကျွန်မတို့သည် ရောက်တုန်း ရောက်ခိုက် လှေစီးဖြစ်ခဲ့ပါ၏။ ကြာချိန်မှာ နာရီဝက်ကျော်သာဖြစ်၍ ကားလမ်း မရောက်နိုင်သည့်နေရာများကိုပါ ရောက်နိုင်သလို လှပသောမြို့ထဲ ဆန်းကြယ် သော အဆောက်အအုံများကြား လှေစီးရသည်မှာ တစ်သက်မမေ့နိုင်စရာပါ။

ထို့ကြောင့် ဘရုရှ်မြို့သို့ ရောက်ဖြစ်မည်ဆိုပါက လှေစီးရန်မမေ့ဖို့နှင့် ဖြစ်နိုင်ပါက မြို့အနှံ့ အေးအေးဆေးဆေးအနားယူကာ ညဘက်မြို့အလှကိုပါ ခံစားနိုင်ဖို့ ည အိပ်ခရီးစဉ်အဖြစ် သွားရောက်သင့်ပါကြောင်း ညွှန်းဆိုလိုက်ရပါသည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး