သဘာဝအလှအပတွေကြား Adventure အစုံလုပ်လို့ရတဲ့ ကမ်းခြေမြို့လေး ကိုတာကင်နာဘာလူ (The Adventures in Kota Kinabalu, Malaysia)

🏖🏔သဘာဝအလှအပတွေကြား
Adventure အစုံလုပ်လို့ရတဲ့
ကမ်းခြေမြို့လေး ကိုတာကင်နာဘာလူ 🏝🌋

FB_IMG_1477804798132-01.jpeg

မလေးရှားဆိုရင် KL ရယ် အစိုးရရုံးစိုက်ရာ Putra Jaya ရယ်၊ မြန်မာတွေ အလည်များတဲ့ ပီနန်ရယ်လောက်ပဲ ကျွန်မတို့ဆီက ခရီးသွားတွေ သွားတာများပါတယ်။ တကယ်တော့ မလေးရှားမှာ လည်ပတ်စရာနေရာတွေ အများကြီးပါ။ လန်ကာဝီကျွန်း၊ မလက္ကာမြို့၊ ကိုတာကင်နာဘာလူကျွန်း တို့ဟာလည်း ခရီးသွားတွေ အလာများတဲ့ နေရာဒေသတွေပါ။ မလေးရှားကို အလည်အပတ်အနေနဲ့ရော လေ့လာရေးအနေနဲ့ပါ ခဏခဏရောက်ဖြစ်ပါတယ်။ အခုပြောပြမယ့် ကိုတာကင်နာဘာလူမြို့ကိုတော့ မနှစ်ကမှ ရောက်ဖူးခဲ့တာပါ။ Malaysia Tourism အဖွဲ့ရဲ့ ACEQM 2016 ပွဲတက်ရောက်ရင်းနဲ့ပါ။ အဲ့ခရီးစဉ်မှာ ASEAN 10နိုင်ငံက Celebrities တွေကို မလေးရှားနိုင်ငံဖိတ်ပြီး လေ့လာရေးတွေ၊ Activities တွေ၊ နိုင်ငံအလိုက်ပြိုင်ပွဲတွေ ပြုလုပ်ခိုင်းခဲ့တာပျော်စရာကြီးပါ။ မြန်မာနိုင်ငံက ပိုင်တံခွန်၊ နန်းဆုရတီစိုး၊ Miss Myanmar International အမရာငြိမ်းတို့နဲ့ အတူ နုမြတ်လည်း တက်ရောက်ဖြစ်ခဲ့ပါတယ်။

🌏ဘယ်နားမှာရှိလဲ

ကိုတာကင်နာဘာလူ (Kota Kinabalu) ပင်လယ်ကမ်းခြေမြို့လေးဟာ ဘော်နီယိုကျွန်း မြောက်ဘက်မှာတည်ရှိပြီး မလေးရှားနိုင်ငံ ဆာဘားပြည်နယ်ရဲ့မြို့တော်လည်းဖြစ်ပါတယ်။ ကွာလာလမ်ပူမြို့ကနေလေယာဉ် ၃ နာရီ နီးပါးလောက်စီးရပါတယ်။

⛱ဘယ်မှာတည်းမလဲ

ကျွန်းမြို့လေးဖြစ်နေတော့ တည်းခိုဖို့နေရာရှာမယ်ဆိုရင် ကမ်းခြေဟိုတယ်တွေကို ရွေးချယ်ဖို့အကြံပြုချင်ပါတယ်။ ကမ်းခြေဟိုတယ်တွေဟာ ဆိပ်ကမ်းနဲ့နီးတဲ့အတွက် ကျွန်းအနီးတဝိုက်ရှိ အခြားကျွန်းတွေကို သွားရောက်လည်ပတ်ဖို့ လွယ်မှာဖြစ်တယ်။ ကျွန်မတို့တုန်းကတော့ ကမ်းခြေရှိ The Magellan Sutera Resort မှာတည်းခဲ့ပါတယ်။

manukan-island-sabah-malaysia-01

🚌ဘယ်တွေသွားလည်မလဲ

🏕Mari Mari Culture Village

ကိုတာကင်နာဘာလူရောက်ပြီဆိုရင် ပထမနေ့မှာ လူမျိုးစုတွေအကြောင်းစပြီးလေ့လာသင့်ပါတယ်။ ဒီတော့ မာရီမာရီယဉ်ကျေးမှုပြကျေးရွာ (Mari Mari Culture Village) ကိုသွားရောက်ပြီးတော့ မူရွတ် (Murut) လူမျိုးစုတွေရဲ့ နေထိုင်စားသောက်ပုံတွေ ကိုလေ့လာကြည့်ပါ။ မူရွတ်လူမျိုးတွေဟာ ဆာဘားပြည်နယ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ဆယ်စုနှစ်ကတည်းကနေထိုင်လာခဲ့ကြတဲ့ လူမျိုးစုတွေပါတဲ့။ မူရွတ်လူမျိုးစုရဲ့ ၈၀ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာဝင်၊ ၁၈ ရာခိုင်နှုန်းကတော့ အစ္စလာမ်ဘာသာဝင်နဲ့ ကျန်တဲ့ ၂ ရာခိုင်နှုန်းကတော့ ဘာသာမရှိသူတွေဖြစ်တယ်။ မူရွတ်လူမျိုးတွေဟာ မူရွတ်ဘာသာစကားကိုပြောဆိုကြပြီး ဝတ်စားဆင်ယင်မှှုကတော့ လူရိုင်းပုံဆန်ဆန် ခေါင်းပေါ်မှာ ဌက်မွေးဌက်တောင်အဆောင်းနဲ့ အမျိုးသားတွေကတော့ အပေါ်ပိုင်းဗလာကျင်း ပုံစံနဲ့ ဝတ်စားဆင်ယင်တတ်ကြပါတယ်။ သူတို့တွေရဲ့နေထိုင်မှုပုံစံကတော့ မြန်မာပြည်က ယခင်တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်သလိုပါဘဲ ဓနိမိုး၊ ထရံကာ၊ ခြေတံရှည်အိမ် စသဖြင့် နေထိုင်တာကိုတွေ့ရမှာပါ။

img_20161010_191702-01

ဒါ့အပြင် မူရွတ်လူမျိုးတွေရဲ့ ဒေသအစားအစာပြုလုပ်ပုံ၊ လက်လုပ်ဆန်အရက်ပြုလုပ်ပုံအဆင့်ဆင့်၊ ပျားရည်ဝိုင်ပြုလုပ်ပုံအဆင့်ဆင့် တို့ကိုလေ့လာပြီးမြည်းစမ်းခွင့်ပါပေးထားတယ်။ ညနေပိုင်း ၃ နာရီလောက်မှာတော့ လာရောက်လေ့လာတဲ့သူတွေ အတွက် မူရွတ်လူမျိုးဝါးညှပ်အကကို ကပြဖော်ဖြေပါသေးတယ်။ စိတ်ဝင်စားတဲ့သူတွေကို အတူကဖို့ ဖိတ်ခေါ်လေ့ရှိပါသေးတယ်။ နုမြတ်တို့ဆို ပျောလို့ ခဏခဏဝင်ဝင်ကတာ ဝါးညှပ်အကတောင်တော်တော် ကျွမ်းနေပြီ၊ ခြေထောက်မညှပ်အောင် ကတတ်နေပြီ။

murut-tribe-01

🏞Kuilu River

ကိုတာကင်နာဘာလူထဲမှာ နာမည်ကြီးတဲ့ နောက်နေရာတစ်ခုကတော့ ကီလူးမြစ် (Kuilu River) ဖြစ်တယ်။ လေဆိပ်ကနေ နာရီဝက်လောက်မောင်းသွားရင် ကီလူးမြစ်ပြင်ကျယ်ကိုရောက်ပါတယ်။ ကီလူးမြစ်မှာတော့ သူငယ်ချင်းတွေအဖွဲ့လိုက် Water Rafting လုပ်လို့ရပါတယ်။ အဖွဲ့လိုက်ဆိုတာက ၄ ယောက်လောက်ရှိရင်ရပါပြီ။ Water Rafting ဆိုတာ လေမှုတ်ဖောင်နဲ့ ရေစီးအလိုက် လှော်ခတ်ရတဲ့ Activityပါ။ မြစ်ထဲ ရေစီးမကြမ်းတာကြောင့် သက်တောင့်သက်သာ မပင်မပန်း အန္တရာယ်ကင်းကင်းနဲ့ rafting လုပ်နိုင်ပါတယ်။ နုမြတ်တို့တုန်းကတော့ ၆ယောက်၁စီစီးခဲ့ကြပါတယ်။ တခြားနိုင်ငံက အဖွဲ့တွေနဲ့ အပြိုင်လှော်ခတ်လိုက် သူကကျော်လိုက် ကိုယ်ကကျော်လိုက်နဲ့ ပျော်စရာကြီးပါ။ မြစ်လည်မှာ ရေဆင်းကူးကြတာလည်း အမှတ်တရပါပဲ။ မြစ်ရေက အရောင်သိပ်မကြည်ပေမဲ့ စိမ့်ပြီးအေးနေတာ။ ရေဆော့လို့ ကောင်းမှကောင်း။

img_20161015_155025-01

FB_IMG_1477804774548-01.jpegreceived_10154059215893412-01.jpegကီလူးမြစ်မှာနောက်လုပ်လို့ရမယ့် activity တွေကတော့ zipline နဲ့ wall climbing တို့ပါ။ Zipline ဆိုတာ အမြင့်ပေ၆၅ပေကျော်မှာ မြစ်တစ်ဖက်ကမ်းကနေ တစ်ဖက်ကမ်းကို ကြိုးနဲ့သွယ်ထားတာကို အရှိန်နဲ့ ဖြတ်သွားရတာ။ အသည်းတအေးအေးနဲ့ ပျော်ဖို့အရမ်းကောင်းတယ်။ နံရံမှာ ကပ်ထားတဲ့ ကျောက်တုံးလေးတွေကို ကုတ်ကပ်ပြီး တက်ရတာမျိုးလည်း လုပ်လို့ရတယ်လေ။

🏖Manukan Island

နောက်လည်ပတ်စရာနေရာတစ်ခုက ကိုတာကင်နာဘာလူမှာ အလှဆုံး၊ အထင်ရှားဆုံးကျွန်းဖြစ်တဲ့ မန်နူကန်ကျွန်း (Manukan)ပါ။ အဲ့ကျွန်းကိုသွားမယ်ဆိုရင် ကမ်းစပ်မှာရှိတဲ့ Speed Boat နဲ့ ၁၅ မိနစ်လောက်သွားရုံပါဘဲ။ ဘာလို့အဲ့ကျွန်းကို ညွှန်းရလည်းဆိုတော့ ရေတွေကကြည်ပြာနေလို့ ကမ်းစပ်နားမှာ ရောင်စုံငါးလေးတွေ ကူးလူးသွားလာနေတာကို ရေအောက်ကြမ်းပြင်အထိ ထိုးထွင်းမြင်နေရတာကြောင့်ပါ။ ကမ်းခြေမှာတော့ scuba diving, snorkeling အစရှိတဲ့ activity တွေလုပ်နိုင်ပါတယ်။ ကျွန်းရဲ့သဲလေးတွေက ဖွေးဥနေပြီး ကျွန်းပေါ်က လှမ်းမြင်ရတဲ့ ရှုခင်းတွေကလည်းတော်တော်ကို သာယာပါတယ်။ နုမြတ်တို့ကတော့ ကမ်းခြေမှာ Picnic စားကြပြီး သဲသောင်ပေါ်မှာ သီချင်းတွေ ဖွင့်ပြီး ကခုန်ခဲ့တာ တကယ်ပျော်စရာပါ။

img_20161015_152345-01-01

received_1215101361883262-01-01

🏔Mount Kinabalu

နောက်သွားသင့်တဲ့နေရာတစ်ခုကတော့ ကင်နာဘာလူတောင် (Mount Kinabalu) ဘဲဖြစ်တယ်။ ကင်နာဘာလူအမျိုးသားဥယျာဉ် (Kinabalu National Park) ကြီးထဲမှာ တည်ရှိပြီးတော့ ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်တောင်လည်းဖြစ်တယ်။ မလေးရှားနိုင်ငံမှာ အမြင့်ဆုံးတောင်ဖြစ်ပြီး ကမ္ဘာ့သိသာထင်ရှားဆုံးတောင်စာရင်းဝင် ၂၀ ထဲမှာပါဝင်တယ်လို့သိရပါတယ်။ တောင်ရဲ့အမြင့်ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၃၄၃၅ ရှိပါတယ်။ ကင်နာဘာလူတောင်ကိုရောက်ဖို့ ကိုတာကင်နာဘာလူလေဆိပ်ကနေ ကြိုပို့ကားရှိသလို city center ကနေလည်းနေ့စဉ်ကြိုပို့ကား ရှိပါတယ်။ ကြိုပို့ကားခက လူကြီးအတွက် ၅ ရင်းဂစ် နဲ့ကလေးအတွက် ၃ ရင်းဂစ်ဘဲရှိတယ် လို့ဆိုပါတယ်။ စွန့်စားတဲ့ activity ကိုကြိုက်တဲ့သူတွေအတွက် နေ့ချင်းပြန်တောင်တက်ခရီးစဉ်၊ လူကြီးတွေအတွက် ကင်နာဘာလူအမျိုးသားဥယျာဉ် လေ့လာရေးခရီးစဉ်နှင့်ဥယျာဉ်တွင်းရှိရေပူစမ်းခရီးစဉ် အစရှိသဖြင့် ခရီးစဉ်အတိုလေးများစွာရှိပါတယ်။ တောင်ထိပ်အထိရောက်အောင်တက်ဖို့ကတော့ တောင်တက်ပါမစ်တွေ ပြီးတော့ နည်းပြဆရာတွေရှိမှ တက်လို့ရမှာဖြစ်တယ်လို့လည်းသိရပါတယ်။ နုမြတ်တို့ခရီးစဉ်မှာတော့ ဒီတောင်ကို တက်ဖို့ အချိန်မရခဲ့တော့ နောက်တစ်ခေါက်မှ သွားတော့မယ်ပေါ့လေ။

Mount-Kinabalu-01.jpeg

🛍ဘာတွေဝယ်မလဲ
Shopping Center တွေဆိုလည်း အကြီးကြီးတွေ။ ဈေးဝယ်ထွက်လို့လည်း အရမ်းကောင်း။ မလေးရှားထုတ် ဖိနပ်တွေ အဝတ်အစားတွေBrand တွေဆို အရမ်းတန်ပြီး Quality ကလည်းကောင်းတော့ တော်တော်ကို ဝယ်ဖြစ်ခဲ့တယ်။ Local Market တွေမှာဆို မလေးရှားပါတိတ်တွေ အရမ်းသက်သာပြီး လှမှလှ။ ပုလဲအစစ်တွေ ရိုးရာပစ္စည်းတွေကလည်း ဝယ်လို့ကောင်းတယ်။

img_20161017_182223-01

ဆာဘားပြည်နယ်ကိုတာကင်နာဘာလူမှာတော့ ထပ်မံလည်ပတ်စရာနေရာတွေ အများကြီး ကျန်ပါသေးတယ်။ ခရီးစဉ်အနေအထားပေါ်မူတည်ပြီး မလေးရှားနိုင်ငံကို ရောက်ဖြစ်ခဲ့ရင် သဘာဝအလှအပတွေကြား Adventure အစုံလုပ်လို့ရတဲ့ ကိုတာကင်နာဘာလူကျွန်းကို လည်ပတ်နိုင်ရန် ထင်ရှားတဲ့နေရာ တစ်ချို့ကို အကြံပြုရေးသားပေးလိုက်တာပါ။
အချက်အလက်တွေနဲ့ ပုံတချို့ကို ပံ့ပိုးပေးတဲ့ ခရီးစဉ်ကို ဖိတ်ခေါ်ခဲ့တဲ့ Tourism Malaysia Myanmar ကို အထူးပဲ ကျေးဇူးတင်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ ခရီးသွားအတွေ့အကြုံတွေ ဆောင်းပါးတွေကို ဒီ Nu Myat around the World page မှာ တင်ပေးဦးမှာ ဖြစ်လို့ Like နဲ့ See First လုပ်ထားနိုင်ပါတယ်။
https://www.facebook.com/numyataroundtheworld

အားလုံးကို ကျေးဇူးတင်ပါတယ်။ စိတ်ချမ်းသာကိုယ်ကျန်းမာ ရှိကြပါစေ။ စိတ်သွားတိုင်း ကိုယ်ပါပါစေ။

နုမြတ်
http://www.numyataroundtheworld.com

www.numyataroundtheworld.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s