ကမ္ဘာ့အရှိန်အဟုန်အပြင်းဆုံး နိုင်အာဂရာရေတံခွန်ကြီး


မြောက်အမေရိကတိုက်တွင် အကြီးဆုံးရေတံခွန်ကြီးဖြစ်သည့် နိုင်အာဂရာရေတံခွန်သည် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံ နှစ်နိုင်ငံအကြား နယ်နိမိတ်အဖြစ်ရှိနေပါသည်။ ထူးခြားသည်မှာ နိုင်အာဂရာရေတံခွန်အမည်နှင့်မြို့သည် နှစ်နိုင်ငံလုံးမှာ ရှိပါသည်။ စာရေးသူသည် နိုင်အာဂရာရေတံခွန်ထံသို့ အဆိုပါ နှစ်နိုင်ငံလုံးမှ သွားခဲ့ဖူးရာ အမေရိကန်ဘက်အခြမ်းမှ သွားရောက်ခဲ့သည့် အတွေ့အကြုံများကို ရေးသားဖော်ပြခဲ့ဖူးပြီးဖြစ်သည်။ ယခုတစ်ခါမှာတော့ ကနေဒါဘက်အခြမ်းမှ သွားရောက်ခဲ့သည့် အတွေ့အကြုံများကို ပြောပြချင်ပါသည်။


ထိုရေတံခွန်သို့ ကနေဒါနိုင်ငံဘက်မှ သွားမည်ဆိုပါက တိုရွန်တိုမြို့မှ တစ်နာရီခွဲ ကားမောင်းရပါသည်။ ကနေဒါဘက်အခြမ်းက မြင်ရသည့်ရှုခင်းမှာ မြင်ကွင်းပိုကျယ်ပြီး ပိုလှသလို မြစ်ကမ်းပါးတလျှောက် လျှောက်လမ်းပြုလုပ်ပေးထားသဖြင့် အနီးအနားထိ သွားရောက်ကြည့်ရှုနိုင်ပါသည်။ ရေတံခွန် ကပ်ရပ်ရှိ Queen Victoria’s Park ကို အခမဲ့ ဝင်ခွင့်ပြုထားပါသည်။


နိုင်အာဂရာရေတံခွန်ဆိုသည်မှာ ရေတံခွန်တစ်ခုထဲ၏ အမည်မဟုတ်ဘဲ ရေတံခွန် သုံးခုပေါင်းထားသည့် ရေတံခွန်အစုအဝေးကို ခေါ်ဆိုခြင်းဖြစ်သည်။ နိုင်အာဂရာရေတံခွန်ဆိုသည်နှင့် ထိုရေတံခွန် သုံးခုအနက် အကြီးဆုံးဖြစ်သည့် မြင်းခွါပုံသဏ္ဏာန်ရှိ မြင်းခွါရေတံခွန် (သို့) ကနေဒါရေတံခွန်ကို ပြေးမြင်လေ့ရှိကြသည်။ တကယ်တမ်းမှာ ထိုရေတံခွန်ကြီးအပြင် အမေရိကန်ဘက်အခြမ်းရှိ အမေရိကန် ရေတံခွန်နှင့် သူ့ဘေးကပ်ရပ်ရှိ အသေးဆုံးအမြှင်ဆုံး Bridal Veil ရေတံခွန်တို့သည်လည်း နိုင်အာဂရာရေတံခွန်အစုအဝေးတွင် ပါဝင်နေပါသည်။


နိုင်အာဂရာရေတံခွန်သည် ကြီးမားထည်ဝါသော ရေတံခွန်ကြီးဖြစ်သော်ငြား ကမ္ဘာ့အကျယ်ဆုံးရေတံခွန်တော့ မဟုတ်ပေ။ ရေတံခွန် သုံးခုပေါင်း အကျယ်က ၃၉၅၀ ပေ ရှိကာ လာအိုနိုင်ငံက Khone Phapheng ရေတံခွန်က ၃၅,၃၇၆ ပေနှင့် ကမ္ဘာ့အကျယ်ဆုံးရေတံခွန်ဖြစ်ပါသည်။ အမြင့်ပေ ၁၆၅ ပေ ရှိသော်လည်း ကမ္ဘာ့အမြင့်ဆုံး ရေတံခွန်လည်း မဟုတ်ပေ။ ကမ္ဘာ့အမြင့်ဆုံးရေတံခွန်မှာ ဗင်နီဇွဲလားနိုင်ငံရှိ Angel ရေတံခွန်ဖြစ်ကာ အမြင့်ပေ ၃၂၁၂ ပေမှ စီးဆင်းနေပါသည်။


သို့သော်ငြား ကမ္ဘာ့အားအကောင်းဆုံးနှင့် အရှိန်အဟုန်အပြင်းဆုံး ရေတံခွန်ကြီးဖြစ်သည်။ ရေတံခွန်ကြီးများမှ ရေဂါလံပေါင်း ၇ သိန်းကျော် စက္ကန့်တိုင်း စီးကျနေလေ့ရှိပါသည်။ ထိုသို့ရေပမာဏများစွာ အရှိန်ပြင်းပြင်းစီးဆင်းနေခြင်းကြောင့် ရေအားလျှပ်စစ်များစွာ ထုတ်လုပ်နေကာ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံ နှစ်နိုင်ငံခွဲဝေအသုံးပြုလျှက်ရှိပါသည်။ ပထမဆုံး ရေအားလျှပ်စစ်ထုတ်လုပ်ရာ Canadian Niagara Power Company generating station ကိုလည်း သွားရောက်လေ့လာနိုင်ပါသည်။


ရေတံခွန်အနောက်ဘက်သို့လည်း သွားကြည့်နိုင်သလို ရေမခဲသည့်ရာသီတွင် Maid of the Mist သင်္ဘောစီးကာ ရေတံခွန်အောက်ခြေနားထိ သွားနိုင်ပါသည်။ ပိုပြီး စွန့်စားရသည်ကို ကြိုက်ပါက Whirlpool Jet Boat စီးနိုင်ပါသည်။ ဂျက်ဘုတ်နှင့်ဆိုတော့ အရှိန်ပြင်းပြီး ရေလှိုင်းစီးရသည်မှာ ပျော်စရာကောင်းလှပေသည်။


ရေတံခွန်ကို အပေါ်စီးမှ ကြည့်ချင်ပါက ကနေဒါဘက်တွင် Skylon မျှော်စင်နှင့် The Tower ဟိုတယ်ရှိ The Minolta မျှော်စင်မှ ကြည့်လို့ရပါသည်။ စာရေးသူတို့ကတော့ ၇၇၅ ပေအမြင့်ရှိ Skylon တာဝါပေါ်ကနေ တက်ကြည့်ဖြစ်ခဲ့ကာ ရေတံခွန် သုံးခုလုံးကို အပေါ်စီးကနေ အထင်းသားမြင်ခဲ့ရပါသည်။ ထိုတာဝါရှိ ၃၆၀ ဒီဂရီလည်ပတ်နေသည့် စားသောက်ဆိုင်တွင်လည်း ရှုခင်းကြည့်ကာ စားသောက်နိုင်ပါသည်။ Clifton Hill SkyWheel ဧရာမရဟတ်ကြီး စီးကာလည်း ကြည့်နိုင်ပါသည်။ ဒီထက်ပိုမြင့်သည့်နေရာမှ ကြည့်လိုလျှင် ရေတံခွန်ပေါ် ပျံသန်းသည့် ဟယ်လီကော့ပတာစီးပြီး ကြည့်နိုင်ပါသည်။


ကနေဒါဘက်ခြမ်းတွင် ရေတံခွန်အနားတဝိုက် အခြားစိတ်ဝင်စားစရာနေရာများလည်း ဖွင့်လှစ်ထားပါသေးသည်။ Niagara’s Fury ၊ ငှက်ရုံ (Bird Kingdom)၊ လိပ်ပြာရုံ(Butterfly Conservatory)၊ အထူးအဆန်းများပြသထားသည့် Ripley’s Believe it or Not ပြတိုက်သို့ သွားရောက်လည်ပတ်နိုင်ပါသည်။ ရေတံခွန်အနားရှိ ဟိုတယ်များတွင် ညအိပ်တည်းခိုနိုင်သလို ကာစီနိုလည်းဆော့ကစားနိုင်ပါသည်။ ညဘက်ဆိုလျှင်လည်း ရေတံခွန်အနီး မီးရှူးမီးပန်းများဖောက်သလို ရေတံခွန်ကြီးကို မီးရောင်စုံကစားပြသည့် ပြကွက်များလည်းရှိပါသည်။


ဒေါက်တာနုမြတ်သိင်္ဂ ီဦး

အမေရိကန်နိုင်ငံရှိ 9/11 ဝမ်းနည်းခြင်း အထိမ်းအမှတ်နေရာသို့


ဒီနေ့က စက်တင်ဘာလ ၁၁ ရက်နေ့နော်။ လွန်ခဲ့တဲ့ ၂၁ နှစ်က ဒီနေ့လိုနေ့မျိုးမှာ ကမ္ဘာတစ်ဝန်း အံ့သြတုန်လှုပ်ခဲ့တဲ့ အဖြစ်ဆိုးကြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့ (New York) မှာ ဖြစ်သွားခဲ့ပါတယ်။
စက်တင်ဘာလရောက်ပြီဆိုတာနဲ့ အမေရိကန်နိုင်ငံသာမက တစ်ကမ္ဘာလုံးအံ့သြတုန်လှုပ် ဝမ်းနည်းခဲ့ရတဲ့ 9/11 အဖြစ်ဆိုးကို ပြန်ပြောင်းအောက်မေ့သတိရကြမှာပါ။ ကောင်းကင်ပြာ နောက်ခံမှာ မီးခိုးမီးလျှံ မုန်တိုင်းထန်ခဲ့တဲ့ အဲဒီနေ့က အဖြစ်အပျက်က မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရသူတွေအတွက် ရူးသွားစေနိုင်လောက်တဲ့အထိ ပြင်းထန်ဆိုးရွားလှပါတယ်။

ဘယ်လိုဖြစ်ပျက်ခဲ့လဲ

အဲဒီနေ့က ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အင်္ဂါနေ့ နံနက်ပိုင်းပါ။ အစ္စလာမ်မစ် အစွန်းရောက် အယ်လ်ကိုင်ဒါအဖွဲ့ အကြမ်းဖက်သမား ၁၉ ဦးက လေယာဉ် ၄ စီးကို ပြန်ပေးဆွဲခဲ့ပြီး နယူးယောက်မြို့လယ်ခေါင်ရှိ World Trade Center အဆောက်အအုံတွေထဲက အမြွှာမျှော်စင် (Twin Towers) ကို နှစ်စီး၊ ဗာဂျီးနီးယားပြည်နယ်ရှိ အမေရိကန် ကာကွယ်ရေးဌာနရုံးချုပ် (Pentagon အဆောက်အအုံ) ကို တစ်စီး ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။


စတုတ္ထမြောက် လေယာဉ်က ဝါရှင်တန်ဒီစီ အစိုးရရုံးစိုက်ရာမြို့တော်ရှိ အိမ်ဖြူတော်ဆီ ဦးတည်ပျံသန်းလာစဉ် လေယာဉ်စီး ခရီးသည်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် ပန်ဆီဗေးနီးယားပြည်နယ် အနောက်ပိုင်းရှိ ကွင်းပြင်မှာ ပျက်ကြခဲ့ပါတယ်။
ဒီလိုရက်စက်လှတဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြီးကြောင့် နိုင်ငံပေါင်း ၉၀ ကျော်မှ လူပေါင်း ၂၉၇၇ ဦး သေဆုံးခဲ့ရ ပါတယ်။ အသက် ၈၅ နှစ်အရွယ်ကနေ အသက်အငယ်ဆုံး နှစ်နှစ်သားလေးအထိ သေဆုံးခဲ့တာပါ။ သေဆုံးခဲ့တဲ့အထဲလူအယောက် ၄၀၀ ကျော်ကတော့ အဲဒီအချိန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေပါ။

 

9/11 အထိမ်းအမှတ်နေရာ

ဒီလိုအကြမ်းဖက် တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အမြွှာမျှော်စင်အဆောက်အအုံနေရာမှာ 9/11 Memorial နဲ့ 9/11 ပြတိုက်တွေကို တိုက်ခိုက်ခဲ့ရမှု ၁၀ နှစ်ပြည့်ဖြစ်တဲ့ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၄ခုနှစ်တို့မှာ အသီးသီး တည်ဆောက်ဖွင့်လှစ်ခဲ့ပါတယ်။ 9/11 အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေကိုရော ၁၉၉၃ ခုနှစ်တုန်းက အဲဒီအဆောက်အအုံ မြေအောက်ဂိုထောင်မှာ ဗုံးခွဲအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့သူတွေကိုပါ အောက်မေ့သတိရခြင်းနဲ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် တည်ဆောက်ထားတာပါ။

အဲဒီ 9/11 Memorial ကို နုမြတ်က ၂၀၁၄ ခုနှစ်မှာ အမေရိကန်နိုင်ငံရောက်တုန်း သွားလေ့လာဖြစ်ခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ World Trade Center ဆိုတာ ၁၆ ဧကမြေနေရာ အကျယ်အဝန်းမှာ တည်ဆောက်ထားတာပါ။ အဆောက်အဦးခုနှစ်လုံး၊ ပလာဇာကြီးနဲ့ မြေအောက်ရှောပင်မောလ်တွေ ပါပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အဲဒီအဆောက်အဦးအကုန် ပြိုကျပျက်စီးခဲ့ပါတယ်။


နုမြတ်ရောက်ခဲ့တုန်းက အဲဒီမှာ မူလနဲ့မတူတဲ့ အဆောက်အဦးအချို့ တည်ဆောက်ပြီးစီးနေသလို အချို့ကတော့ ဆောက်လုပ်ဆဲပါ။ အသစ်ပြန်ဆောက်လုပ်ထားတဲ့ World Trade Center မှာ မိုးမျှော်အဆောက်အဦးငါးလုံး၊ 9/11 အထိမ်းအမှတ် ရေကန်နှစ်ကန်၊ 9/11 အထိမ်းအမှတ်ပြတိုက်တစ်ခု၊ အနုပညာစင်တာတစ်ခုနဲ့ ဆက်သွယ်ရေးဗဟိုအဆောက်အဦးတစ်ခု ပါရှိပါတယ်။

 

ဝမ်းနည်းခြင်း အထိမ်းအမှတ်ရေကန်ကြီးများ

ယခင် World Trade Center အဆောက်အအုံတွေထဲ အမြင့်ဆုံးဖြစ်ခဲ့ပြီး လေယာဉ်နှစ်စင်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အမြွှာမျှော်စင်နေရာမှာတော့ ဘယ်အဆောက်အအုံမှ မဆောက်လုပ်ထားပါဘူး။ မျှော်စင်နှစ်ခုရဲ့ အုတ်မြစ်နေရာတွေမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ရေကန်ကြီးနှစ်ခု တူးဖော်ထားတာကို တွေ့ခဲ့ရပါတယ်။ ရေကန်နှစ်ခုရဲ့ နံရံတွေက ပေ ၃၀ စီမြင့်ပြီး နံရံတွေကနေ ရေတွေက ရေတံခွန်လို ရေကန်တွင်း စီးကျနေပါတယ်။ ရေကန်ကန်ပေါင်တစ်လျှောက် ကြေးပြားတွေပေါ်မှာတော့ အကြမ်းဖက်မှုမှာ အသက်ပေးခဲ့ရသူ ၃၀၀၀ နီးပါးရဲ့ နာမည်တွေကို ထွင်းထားပါတယ်။

9/11 အထိမ်းအမှတ်ပြတိုက်

ရေကန်ကြီးနှစ်ခုအနီးမှာ 9/11 အထိမ်းအမှတ်ပြတိုက်ရှိပါတယ်။ ပြတိုက်မှာ 9/11 ဖြစ်ရပ်နဲ့ ပတ် သက်တဲ့ ဓာတ်ပုံတွေ၊ ပန်းချီ၊ ပန်းပုနဲ့ အခြားအနုပညာလက်ရာတွေကို ပြသထားပါတယ်။ နုမြတ်ရောက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ပြတိုက်ဖွင့်ခါစဖြစ်လို့ ဝင်ရောက်လေ့လာသူ များပြားလှပါတယ်။ အဲဒီတုန်းက ဝင်ကြေးလက်မှတ်က အမေရိကန် ဒေါ်လာ ၂၄ ဒေါ်လာပါ။

အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တစ်ပင်တည်းသော သစ်ပင် (Survival Tree)

9/11 အထိမ်းအမှတ် ရေကန်ကြီးအနီးမှာ အသက်ပေး ကယ်တင်ခဲ့သူတွေနဲ့ အသက်ရှင် ကျန်ရစ်တဲ့ မီးသတ်သမားတွေကို ဂုဏ်ပြုပုံဖော်ထုဆစ်ထားတဲ့ ရုပ်လုံးကြွ ပန်းချီကားကြီးနဲ့ အဲဒီတုန်းက သစ်ပင်တွေ ပြိုကျကာ မီးလောင်ပျက်စီးခဲ့ပေမဲ့ မသေဘဲ ကျန်ရစ်ခဲ့တဲ့ တစ်ပင်တည်းသော သစ်ပင် (Survival Tree) တို့ကိုပါ တွေ့ခဲ့ရပါတယ်။ အပျက်အစီးတွေအကြား ရှင်သန်ကာ ယခုအခါ အရွက်စိမ်းစိမ်းစိုစိုတွေနဲ့ ဝေဆာနေတဲ့ ဒီသစ်ပင်က ဝမ်းနည်းမှုတွေအကြား စိတ်အားတက်ကြွဖွယ်ရာပါ။

 

9/11 အထိမ်းအမှတ် သစ်ပင်အမြစ်သဏ္ဌာန် ကြေးရုပ်ကြီး

အခင်းဖြစ်ပွားရာ World Trade Center အနီးရှိ စိန့်ပေါလ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာလည်း 9/11 အထိမ်းအမှတ် သစ်ပင်အမြစ်သဏ္ဌာန် ကြေးရုပ်ကြီးကို တွေ့ခဲ့ရပါတယ်။ 9/11 အကြမ်းဖက်မှုဖြစ်ခဲ့တုန်းက World Trade Center အဆောက်အအုံကြီး ပြိုကျခဲ့ပြီး လွင့်စဉ်လာတဲ့ အပိုင်းအစတွေက ထိုကျောင်းဝင်းအတွင်းရှိ သဖန်းပင်ကြီးကို ထိကာ အမြစ်ကျွတ်ထွက် ပြိုလဲခဲ့ပေမဲ့ ကျောင်း တော်ကြီးနဲ့ ဝင်းအတွင်းရှိ သမိုင်းဝင်အုတ်ဂူတွေကို ထိခိုက်မှုမရှိဘဲ ပြိုလဲခဲ့ပါတယ်။ ဒီအကြောင်းကို အနုပညာရှင်စတိဗ်တိုဘင်က ကြားသိပြီးနောက် ၂၀၀၅ ခုနှစ်မှာ အမြစ်သဏ္ဌာန်ကြေးရုပ်ကြီးကို ကျောင်းဝင်းအတွင်း ထုလုပ်ထားရှိခဲ့ပါတယ်။


အတုယူဖွယ်ရာကောင်းတဲ့အချက်က 9/11 Memorial တည်ရှိရာနေရာက အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့ လူစည်ကားရာ အချက်အချာနေရာ Manhattan မှာ တည်ရှိလို့ မြေတန်ဖိုး အလွန့်အလွန်များလှပါတယ်။ နဂိုအတိုင်း ပြန်ဆောက်ပြီး အခန်းတွေ ပြန်ရောင်းစား၊ ပြန်ငှားစားရင် အကျိုးအမြတ်များစွာ ရလောက်ပါတယ်။ ဒါပေမဲ့ မြေတန်ဖိုးကို အလေးမထားဘဲ ဒီထက်အဆမက အဖိုးထိုက်တန်လှတဲ့ လူတို့ရဲ့ အသက်တန်ဖိုးကို အလေးထားကာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ရေကန်ကြီးတွေ တည်ဆောက်ပေးထားတာ ချီးကျူးဖွယ်ကောင်းလှပါတယ်။ ဒီအထိမ်းအမှတ်နေရာက အကြမ်းဖက်တိုက်ခိုက်မှုရဲ့ စက်ဆုပ်ဖွယ်ကောင်းမှုကို မီးမောင်းထိုးပြနေသလိုဖြစ်လို့ ဆုံးရှုံးမှုတွေအတွက် အမြဲအမှတ်ရနေမှာ ဖြစ်ပါတယ်။ 

အားလုံးပဲ ကျန်းမာပြီး အဆင်ပြေကြပါစေ။
ချစ်ခင်လျှက်
နုမြတ်

Dr. Nu Myat Theingi Oo
http://www.numyataroundtheworld.com