အိုက်စလန်မှာ ဥတ္တရအလင်းတန်း ရှာပုံတော် ဖွင့်ခဲ့တုန်းက… (Northern Light Hunt in Iceland)

Iceland မှာ

ဥတ္တရအလင်းတန်း ရှာပုံတော် ဖွင့်ခဲ့တုန်းက…

ဥတ္တရအလင်းတန်းလို့ခေါ်တဲ့ Northern Light ကိုမြင်ရဖို့ဆိုတာ Traveller အတော်များများရဲ့ အိပ်မက်ပါ… ခရီးသွားအများစုရဲ့ Bucket List ထဲမှာ ပါလေ့ရှိကြပါတယ်။
Northern Light မြင်ရဖို့ဆိုတာ အင်မတန်ကံကောင်းမှ ဖြစ်မှာပါ။ Northern Light ပေါ်တဲ့ နိုင်ငံနဲ့ နေရာ ဖြစ်ရမယ့်အပြင် မြင်ရတဲ့ ရာသီလည်းဖြစ်ရပါမယ်။ ဒါတောင်သူက ပေါ်ချင်မှပေါ်ဦးမှာပါ။ တိမ်ကင်းစင်ပြီး သံလိုက်လှိုင်းတွေလည်း အားကောင်းနေရပါဦးမယ်။ အဲ့လိုအားကောင်းဖို့ကလည်း အတော်ရှားပါတယ်။ ဆိုတော့ကာ အင်မတန် ကံကောင်းမှ မြင်ရနိုင်တဲ့အရာပါ။

2019_10_25_08_19_IMG_4572.JPG

နုမြတ်ကတော့ အရင်လက Iceland ရောက်တုန်းက ကံကောင်းထောက်မစွာနဲ့ မြင်ရခဲတဲ့ ဒီ Northern Light ကြီးကို အားရပါးရတွေ့ခဲ့ရပါတယ်။ Iceland ရောက်နေတဲ့ ငါးရက်တာကာလအတွင်း ၃-၄ရက်လောက်မှာကို ပေါ်နေတာပါ။ နောက်ဆုံးရက်မှာဆိုရင် မိုးတောင်မချုပ်သေးဘူး Northern Light ကို မှောင်စပျိုးနေတဲ့ ကောင်းကင်ပြာပြာပေါ်မှာ ကားစီးနေရင်းနဲ့ လှမ်းမြင်ရတဲ့အထိ ကံကောင်းခဲ့ပါတယ်။

2019_10_27_08_03_IMG_4580.jpg

နုမြတ် Iceland ကိုသွားခဲ့တာ ထူးခြားတဲ့ မြေမျက်နှာသွင်ပြင်တွေကြောင့်ဖြစ်သလို Northern Light မြင်ဖူးချင်တာကြောင့်လည်း ပါပါတယ်။ Iceland ဘယ်လောက်ဈေးကြီးကြီး နုမြတ်တော့ Northern Light ကို မြင်လိုက်ရတာနဲ့ Iceland လာရကျိုးနပ်သွားပါပြီ 😍

 

Northern Light ဆိုတာ 

————————————–

Northern Light ဆိုတာဟာ ညဉ့်ကောင်းကင်ယံမှာ ဖြာထွက်တောက်ပနေတတ်တဲ့ ရောင်စုံ အလင်းတန်းတွေပါပဲ။ Northern Lights ကို Aurora Borealis လို့လည်း ခေါ်ကြပါသေးတယ်။ အတိုကောက်ကတော့ Aurora ပေါ့နော်။
Northern Lights တွေဟာ ကမ္ဘာမြေမြင် အထက် မိုင် ၆၀ နဲ့ ၁၅၀ လောက်မှာ ဖြစ်ပေါ်လေ့ရှိကြပါတယ်။ Nothern Light က ပေါ်ဖို့ခက်သလို ပေါ်ပြီဆိုရင်လည်း အမြဲပေါ်နေတာမျိုးလည်းမဟုတ်ပါဘူး။ တစ်ခါပေါ် အကြာဆုံးနာရီဝက်လောက်ပါ။ ပေါ်တဲ့အခါမှာလည်း ကောင်းကင်ထဲမှာ ကနေသလို၊ လွင့်နေသလို ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာပါ။ သဘာဝတရားကြီးက ဆန်းကြယ်သားနော်။ မှော်ပညာနဲ့ ဖန်တီးထားသလားတောင် ထင်မှတ်မှားရလောက်ပါပေတယ်။

ဘာအရောင်တွေရှိလဲ 

——————————-

Northern Light ကို အဓိကအားဖြင့် အစိမ်းရောင်အနေနဲ့မြင်ရပေမဲ့ တစ်ခါတလေ အစိမ်းရောင်နဲ့အတူ အနီလေးတွေ ခရမ်းလေးတွေပါ ပေါ်တတ်တယ်တဲ့။ အပြာရောင်လေးတွေလည်း ရှားရှားပါးပါး ပါလာတတ်သေးတဲ့။ ကိုယ်တွေတွေ့ခဲ့တာကတော့ အစိမ်းရောင်ပါ။

Colorful Aurora over Jokulsarlon
Colorful Aurora over Jokulsarlon Photo – Credit

ဘယ်လိုဖြစ်ပေါ်လာတာလဲ 
——————————–

Aurora (သို့) Northern Lights တွေက တကယ်တော့ လျှပ်စစ်သံလိုက်လှိုင်းတွေပါ။ Solar Wind ဖြစ်စဉ်ကြောင့် နေမှာရှိတဲ့ လျှပ်စစ်ဓာတ်ဆောင်အမှုန်လေးတွေက ကမ္ဘာ့လေထုထဲကို ရောက်ရှိလာပြီး လေထုထဲက ဓာတ်ငွေ့အမှုန်တွေနဲ့ ပွတ်တိုက်တာကြောင့် လျှပ်စစ်သံလိုက်လှိုင်းတွေ ဖြစ်ပေါ်လာတာပါ။

Solar Wind ဖြစ်စဉ်ကတော့ ဒီလိုပါ။ နေရဲ့ မျက်နှာပြင် အပူချိန်က ၅၈၀၀ ကယ်ဗင်ထိ ပူပြင်းပါတယ်။ နေကအရမ်းပူပြင်းသလို နေမှာရှိတဲ့ ဓာတ်ငွေ့မော်လီကျူးတွေဟာ အချင်းချင်း အကြိမ်များစွာပွတ်တိုက်ပြီး ပြင်းပြင်းထန်ထန် ပေါက်ကွဲတတ်ကြပါတယ်။ အဲ့လိုပေါက်ကွဲမှုဖြစ်တဲ့အခါ အီလက်ထရွန်နဲ့ ပရိုတွန်အမှုန်တွေဟာ နေကနေလွတ်ထွက်ကာ အာကာသကို လွင့်စင်သွားကြပါတယ်။ အဲ့ဒီအခါမှာ ကမ္ဘာလေထုထဲကိုပါ ဒီအမှုန်တွေ ရောက်ရှိလာကြပါတယ်။
ဒါပေမဲ့ ကမ္ဘာ့သံလိုက်စက်ကွင်းကလည်း အားပြင်းတော့ ဒီအမှုန်တွေက ကမ္ဘာမြေပေါ် တိုက်ရိုက်မကျရောက်နိုင်ဘဲ သံလိုက်စက်ကွင်း အားအပျော့ဆုံးဖြစ်တဲ့ ဝင်ရိုးစွန်းဒေသတွေဆီ လမ်းကြောင်းသွေဖယ်သွားကြပါတယ်။ ဝင်ရိုးစွန်းဒေသတွေဆီ ရောက်ရှိတဲ့အခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဓာတ်ငွေ့အမှုန်တွေနဲ့ နေကနေ လွင့်စင်လာတဲ့ လျှပ်စစ်ဓာတ်ဆောင် အမှုန်တွေ ပွတ်တိုက်ကြပြီး လျှပ်စစ်သံလိုက်လှိုင်းတွေဖြစ်ပေါ်ကာ ဥတ္တရအလင်းတန်းအဖြစ် မြင်တွေ့ရတာပါ။

2019_10_25_01_31_IMG_2653.JPG

Northern Light မြင်ရတဲ့နေရာတွေ ‼️
——————————————

Northern Lights ကို ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေဖြစ်တဲ့ ကမ္ဘာ့မြောက်ဖက်စွန်းပိုင်းနဲ့ ကမ္ဘာ့တောင်ဖက်စွန်းပိုင်းတွေမှာသာ တွေ့ရတာပါ။ အဓိကမြင်တွေ့နိုင်တဲ့နေရာတွေကတော့ Alaska နဲ့ ကနေဒါနိုင်ငံပါ။ ဥရောပနိုင်ငံတွေထဲမှာဆိုရင်တော့ နုမြတ်ရောက်ခဲ့တဲ့ Iceland အပြင် Greenland နဲ့စကင်ဒီနေးဗီးယားနိုင်ငံတွေဖြစ်တဲ့ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နဲ့ ဒိန်းမတ်တို့မှာ တွေ့ရမှာပါ။ ရုရှားနိုင်ငံမြောက်ပိုင်းတွေမှာလည်း တွေ့နိုင်ပါတယ်။ အဲဒီထဲကမှ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာက နော်ဝေနိုင်ငံထဲက Lofoten ကျွန်းစုတဲ့လေ။ ဘာကြောင့်လဲဆိုတော့ Lofoten ကျွန်းကဆောင်းရာသီတွေမှာ တအားမအေးလို့ပါ။ ကိုယ်တွေ သွားခဲ့တဲ့ Iceland ကတော့ ကျွန်းနိုင်ငံမို့လို့လေတအားကြမ်းပါတယ်။ အေးရတဲ့ကြားထဲ လေကလည်း တအားတိုက်တော့ အေးအေးဆေးဆေးကြည့်လို့ မရတဲ့အတွက် Northern Light ကို အဓိကထားကြည့်ချင်တယ်ဆိုရင် Iceland ကို Recommend မပေးချင်ပါဘူး။

NORWAY-NATURE-ARCTIC-AURORA-BOREALIS
Northern lights (aurora borealis) illuminate the sky over Reinfjorden in Reine, on Lofoten Islands, Arctic Circle, on September 8, 2017. / AFP PHOTO / Jonathan NACKSTRAND (Photo credit should read JONATHAN NACKSTRAND/AFP/Getty Images)

ဘယ်အချိန်မှာ အမြင်ရဆုံးလဲ 
——————————————

Northern Light ကို မြင်ရဖို့ဆိုတာ မြောက်ပိုင်းနိုင်ငံတွေဖြစ်ဖို့လိုသလို ဆောင်းတွင်းဖြစ်ဖို့လည်း လိုပါသေးတယ်။ ဆောင်းတွင်းကာလတွေဖြစ်တဲ့ အောက်တိုဘာလကနေ မတ်လအထိက Northern Light ရာသီပါ။ ဆောင်းတွင်းညတွေမှာ ညမှောင်တာနဲ့ မြင်ရနိုင်ပေမဲ့ ည၁၀နာရီနဲ့ မနက်၁နာရီကြားကတော့ ဓာတ်ပုံရိုက်လို့အကောင်းဆုံးပါ။ ဒါပေမဲ့ ညတိုင်းလည်း မမြင်နိုင်ပါဘူး။ တိမ်ကင်းစင်တဲ့ညဖြစ်ဖို့လိုသလို အလင်းတန်းတွေ ကွန့်မြူးအားကောင်းနေမှသာ ကောင်းကောင်းမြင်ရမှာပါ။

shutterstock_536321737-by-thampitakkull-jakkree
Aurora Dancing over Iceland landmark Kirkjufell mountain Photo Credit – hampitakkull-jakkree

ပေါ်မပေါ် ကြိုသိနိုင်လား
——————————-

Northern Light ကို ၃ရက်ပဲ ကြိုပြီးခန့်မှန်းလို့ရတာပါ။ ဘယ်နေရာတွေမှာ ပြင်းအားဘယ်လောက်ပေါ်မလဲဆိုတာကို ခန့်မှန်းလို့ရတဲ့ Website တွေ App တွေရှိပါတယ်။ Aurora လို့ခေါ်တဲ့ App လေးကို ဖုန်းထဲသွင်းထားလိုက်ပါ။ သံလိုက်လှိုင်းအား အပြင်းအပျော့ပေါ်မူတည်ပြီး Level 1 to 7 အထိရှိပါတယ်။ Level 7 ဆို လျှပ်စစ် သံလိုက်လှိုင်းတွေ အားအပြင်းဆုံးပေါ့။ ကိုယ်တွေကြည့်တဲ့ညက Level 5 ဆိုတော့ အတော်ကို ကံကောင်းပါတယ်။ ပုံမှန်က Level 1-2 လောက်ပဲမြင်ရတာတဲ့။ 6-7 ကမရှိသလောက်ပဲတဲ့။ 5 ဆိုတာတော်တော်ကောင်းနေပြီတဲ့လေ။ တကယ်လည်း ကောင်းကင်ကြီးတစ်ခုလုံး စိမ်းနေတာ ပုံထဲမှာသာကြည့်ကြည့်ပါတော့။ ဒါတောင်ရိုက်ခါနီး ကင်မရာအဆင်မပြေလို့ ဖုန်းကို လက်နဲ့ကိုင်ရိုက်ထားတာပါ။ ကင်မရာနဲ့ Tripod နဲ့ဆို ပိုတောင်ကောင်းပါဦးမယ်။

2019_10_25_14_27_IMG_2690.JPG

Northern Light ရှာပုံတော် Tour တွေ
—————————————–

Iceland မှာက Northern Light Hunting လို့ခေါ်တဲ့ ဥတ္တရအလင်းတန်း ရှာပုံတော် Tour တွေ ညဘက်မှာ ထွက်လေ့ရှိပါတယ်။ Northern Light ထွက်မထွက်က အစောကြီး ကြိုမသိနိုင်တော့ Tour ကို အစောကြီးကြိုမဝယ်ရဲပါဘူး။ ရောက်တဲ့အခါမှ Northern Light ခန့်မှန်းတဲ့ Website တွေကြည့်ပြီး အားအပြင်းဆုံးရက်ကို ရွေးပြီး Tour ဝယ်ခဲ့ပါတယ်။
Northern Light ကြည့်တဲ့ Northern Light Hunting Tour တွေကလည်း Company အမျိုးမျိုး ဈေးအမျိုးမျိုးရှိပါတယ်။ $50 ကနေ $100 ကျော်ထိ အစားစားရှိပါတယ်။ တချို့ Tour တွေဆို Northern Light နဲ့ နောက်ခံထားပြီး ဓာတ်ပုံပါရိုက်ပေးတဲ့ Service တောင် ပါပါတယ်။ Northern Light က မီးအလင်းရောင်တွေ မရှိ မဲမှောင်နေတဲ့ ကွင်းပြင်ထဲသွားပြီး ကြည့်ရတာဆိုတော့ နုမြတ်တို့တည်းတဲ့ မြို့တော် Reykjavik ကနေ မြို့ပြင်ကို နာရီဝက်တစ်နာရီလောက်မောင်းသွားရပါတယ်။ အဲ့ဒီတော့ Tour တွေက ည၈နာရီ-၉နာရီလောက်မှာ စထွက်တတ်ပြီး စုစုပေါင်း ၃-၄နာရီလောက်ကြာတတ်ပါတယ်။

ကိုယ်တွေ့အတွေ့အကြုံ
—————————

နုမြတ်တို့က တည်းတဲ့ ဟိုတယ်ကနေ ရောင်းတဲ့ Tour ကို Booking တင်ခဲ့ပါတယ်။ Tour အရ ည ၈နာရီ ဟိုတယ်ကို လာခေါ်ရမှာပါ။ ဒါပေမဲ့ ရာသီဥတုအကြောင်းပြပြီး Tour cancel ဖြစ်ကာ မထွက်ဖြစ်ကြောင်းကို ညနေလောက်မှာမှ Email လှမ်းပို့ပါတယ်။ အဲ့နေ့ကတစ်နေကုန် လျှောက်လည်နေတော့ ဖေဖေက Email ဝင်တာကို မသိလိုက်ပါဘူး။ ညဘက်လာကြိုခါနီးမှတွေ့လိုက်ပြီး အားလုံးစိတ်ပူသွားကြပါတယ်။ Website တွေ App တွေမှာတော့ ဒီညမှာ Northern Light ပေါ်မယ့်အပြင် အားတောင်မှ ကောင်းနေတာဆိုတော့ ကိုယ်တွေလည်း ဇဝေဇဝါဖြစ်သွားတာပေါ့။ ဟိုတယ်က ဝန်ထမ်းတွေကို မေးကြည့်တော့လည်း ရာသီဥတုကောင်းနေတာကို ဘာလို့ Tour Cancel လဲမသိ ထူးဆန်းတယ်ဆိုပြီး ပြောပါတယ်။

ဟိုတယ်က တခြားဧည့်သည်တွေကို တခြား Tour car တွေကလည်း တစ်စီးပြီးတစ်စီးလာခေါ်နေပါပြီ။ ကိုယ်တွေသာ ဘာလုပ်ရမှန်းမသိ ခေါင်းမီးတောက်နေရော။ Hotel မှာ ဧည့်သည်လာခေါ်တဲ့ Tour တွေကို ခုမှဝယ်ပြီးလိုက်မယ် လုပ်ပြန်တော့လည်း နေရာပြည့်နေလို့ လက်မခံကြပါဘူး။ Online မှာကလည်း အချိန်နောက်ကျနေလို့ Tour တွေဝယ်လို့မရတော့ပါဘူး။ Taxi ကို မေးကြည့်တော့လည်း စီးလုံးငှားတဲ့ဈေးကများပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတုန်း ကံတရားက ကိုယ့်ဘက်ပါပြီး ည၉နာရီထွက်တဲ့ Tour တစ်ခုမှာ နေရာရှိနေပါတယ်။ ဟိုတယ်ကိုလာခေါ်တဲ့ Tour Car တစ်ခုမှာပေါ့။ အဲဒါနဲ့ ကိုယ်တွေလည်း ဝမ်းသာအားရ လိုက်သွားခဲ့ကြပါတယ်။

2019_10_25_14_27_IMG_2691

ကားကမြို့ပြင်နည်းနည်းထွက်လိုက်တာနဲ့ ကားပေါ်ကနေ Northern Light တွေကို စမြင်နေရပါပြီ။ ကားဆရာက လမ်းကြားတစ်ခုထဲချိုးပြီး အလင်းရောင် ပိုပြီးမြင်ရမယ့် လူလည်းရှင်းမယ့် ကွင်းပြင်တစ်ခုစီ မောင်းခေါ်သွားပါတယ်။

ကားပေါ်ကဆင်းလည်း ဆင်းရော အားလားလား လေတွေလေတွေ တိုက်တယ်ဆိုတာ လူတောင်လွင့်ထွက်မတတ်ပါပဲ။ Iceland ကလေပြင်းရတဲ့အထဲ ကွင်းပြင်ကြီးထဲဆိုတော့ လေတအားထန်နေတာပေါ့။ ဒီရက်ပိုင်းကလည်း လေထန်တဲ့ရက်ဖြစ်နေတော့ အရမ်းဆိုးပေါ့။ တစ်နာရီမိုင်၇၀ ကျော်နှုန်း အရှိန်ပြင်းပြင်းနဲ့တိုက်နေတာပါ။ လေထန်ရတဲ့အထဲ ရာသီဥတုကလည်း တအားအေးတာပဲ။ အပူချိန်က အနှုတ်ပြနေတော့ ရာသီဥတု တအားဆိုးပါတယ်။ မှောင်မှောင်မဲမဲထဲ လေအေးကြီးတွေ ဖြတ်ဖြတ်တိုက်တာဆိုတော့ စဉ်းစားသာကြည့်ပါတော့။

ဒါပေမဲ့လည်းလေ ကောင်းကင်ကြီးတစ်ခုလုံးအပြည့် ဥတ္တရအလင်းတန်းတွေ ကွန့်မြူးနေတော့ ရာသီဥတုဆိုးတာလည်း ဂရုမစိုက်နိုင်ပါဘူး။ မြင်ရခဲတဲ့၊ ထူးဆန်းတဲ့ သဘာဝတရားကြီးကို တအံ့တအော ငေးကြည့်မိတာပါပဲ။ အမယ် ဥတ္တရအလင်တန်းလေးတွေက ငြိမ်ငြိမ်မနေဘူးတော့။ ပေါ်လိုက်ပျောက်လိုက်နဲ့ ကပြဖျော်ဖြေနေသလိုလို…

တကယ်တော့ Northern Light က ဓာတ်ပုံတွေထဲမှာ မြင်ရသလို အစိမ်းတောက်တောက်မဟုတ်ပါဘူး။ အစိမ်းနုနုဖျော့ဖျော့လေးတွေ ကောင်းကင်မှာ ပေါ်နေတာပါ။ တိမ်လွှာလေးတွေမှာ အစိမ်းနုလေး သန်းနေသလိုလေးပေါ့။ အစိမ်းဖန့်ဖန့်လေးတွေက ကင်မရာထဲရောက်သွားတဲ့အခါ အစိမ်းရင့်ရင့်တောက်တောက်လေးတွေဖြစ်သွားပြီး သိပ်လှတဲ့ ပုံရိပ်တွေ ဖြစ်ပေါ်လာတာပါ။

 

အထင်နဲ့အမြင်
—————–

အရင်ကတွေးထားတာတော့ Northern Light သွားကြည့်တဲ့အခါ ဖြူဖြူဖွေးတဲ့နှင်းတောထဲ ချောကလက်ခွက်ပူပူလေးကိုင်ပြီး ကောင်းကင်မှာကနေတဲ့ ဥတ္တရအလင်းတန်းလေးကို အေးအေးဆေးဆေး ငေးကြည့်မယ်ပေါ့။ တကယ့်လက်တွေ့မှာတော့ ကမ္ဘာပျက်နေတဲ့ အတိုင်းပါပဲ။

Northern Light က ပေါ်တာရှားသလို ပေါ်ရင်လည်း အမြဲပေါ်နေတာမဟုတ်တော့ ပေါ်တုန်းလေးကို ဓာတ်ပုံတွေ အသည်းအသန် လုရိုက်ကြရတာပါ။ ညကြီးသန်းခေါင် မှောင်မဲသဲနေတဲ့ နေရာမှာ ကင်မရာတွေ Tripod တွေထောင်ရ Setting ချိန်ရတာလည်း ထင်သလောက်မလွယ်ပါဘူး။ ရိုက်နေကြမှ အဆင်ပြေမှာပါ။ ကိုယ်တော့ စိတ်မရှည်လို့ ဖုန်းနဲ့ရိုက်ကြည့်တာ အဆင်ပြေနေလို့ ဖုန်းပဲရိုက်လိုက်ပါတော့တယ်။ Night Mode ရိုက်လို့ရတဲ့ ကင်မရာကောင်းတဲ့ဖုန်းဖြစ်ဖိုကတော့ လိုပါလိမ့်မယ်။

အပူချိန်ကလည်း အနှုတ်ပြနေတော့ အေးလွန်းလို့ လက်အိတ်ချွတ်လိုက်ရင် လက်တွေကျင်တက်၊ နားတွေပါကိုက်၊ နှာရည်တွေပါကျပါတယ်။ လေကလည်း တစ်နာရီမိုင်၇၀ ကျော်နှုန်း အရှိန်ပြင်းပြင်းနဲ့တိုက်နေပါသေးတယ်။ အရှိန်ပြင်းလွန်းလို့ ကိုယ်လို ကိုယ်လုံးထွားတဲ့လူပါ လွင့်လွင့်ထွက်နေတာပါ။ ဖုန်းကိုဆို မနည်းငြိမ်အောင်ကိုင်ရပါတယ်။ အခုလိုပုံတွေကို Tripod မပါဘဲ ဖုန်းနဲ့ရိုက်ဖို့ဆိုတာတော်တော့်ကိုမလွယ်တာပါ။ ဒါပေမဲ့ ပုံလေးတွေ မဆိုးလို့တော်ပါသေးတယ်။

2019_10_25_13_11_IMG_2696.JPG

Northern Light ဓာတ်ပုံရိုက်နည်း
——————————————

Northern Light ဓာတ်ပုံရကောင်းကောင်းလိုချင်တယ်ဆိုရင်တော့ ရိုးရိုးကင်မရာနဲ့ ရိုက်လို့မရပါဘူး။ DSLR တို့ Mirrorless Camera တို့လို Setting ပြောင်းလို့ရတဲ့ ကင်မရာနဲ့မှ ရမှာပါ။ Wide lens နဲ့ဆိုပိုကောင်းပါတယ်။ Tripod လည်းလိုပါမယ်။ ဘက်ထရီအပိုလည်း လိုလိုမယ်မယ်ဆောင်ထားပါ။ အမှောင်ထဲ ခြေမချော်အောင်နဲ့ လူကိုပါရိုက်ရင် အလင်းရောင်ရအောင် ဓာတ်မီးလည်းလိုပါမယ်။ Headlight ဆို လက်မှာကိုင်စရာ မလိုတော့ပါဘူး။

ရိုက်ရမယ့် ကင်မရာ Setting ကတော့…
ISO – 800-1600
Aperture – 3.5 နဲ့ အောက်
Exposure 10-20 စက္ကန့်နဲ့
Focus က Manual ပါ။
Timer ပေးပြီးရိုက်ရင် Handshake မဖြစ်တော့ပါဘူး။

အဲ့လို ကင်မရာတွေမဟုတ်ဘဲ နောက်ဆုံးပေါ်ဖုန်းတွေနဲ့ဆိုလည်း ကောင်းကောင်းရိုက်လို့ရပါပြီ။ ဒါပေမဲ့ Night Mode နဲ့တော့ ရိုက်ရမှာပါ။ Exposure ကြာကြာချိန်နိုင်တဲ့ Manual setting နဲ့ ရိုက်နိုင်တဲ့ ဖုန်းတွေဆိုလည်း ဖုန်းနဲ့တင် အဆင်ပြေနေပါပြီ။ နုမြတ်ပုံတွေဆိုရင် Iph 11 Max Pro ရယ်၊ Galaxy Note 10 ရယ်နဲ့ ရိုက်ထားတာပါ။ Tripod တောင်မပါပါဘူး။ လက်နဲ့ကိုင်ရိုက်ထားတာပါ။

Aurora Show in Perlan Museum
Aurora Show in Perlan Museum Photo – Perlan Museum

******
Tips
******

Northern Light ကြည့်မယ့်သူတွေ ဒီအချက်လေးတွေ သတိထားပါနော်။
☑️အနွေးထည်ထူထူလိုပါမယ်။ နုမြတ်ကတော့ Uni Qlo က Heattech အင်္ကျ ီနှစ်ထပ်ပေါ် လေကာအင်္ကျ ီ ထပ်ဝတ်ထားပြီး ဘောင်းဘီကိုလည်း ဂျင်းဘောင်းဘီအောက် Heattech Stocking ခံဝတ်ထားပါတယ်။ နားလုံတဲ့ သိုးမွှေးဦးထုပ်နဲ့ လက်အိတ်ထူထူလည်း လိုပါလိမ့်မယ်။ နားမလုံရင် နားထဲလေတိုးလို့ balance တောင်မမှန်တဲ့ အထိဖြစ်တတ်ပါတယ်နော်။

☑️နုမြတ်တို့ သွားခဲ့တဲ့ကားက ၁၂ယောက်လောက်ဆန့်တဲ့ ကားပါ။ လူအများကြီးပါတဲ့ ဘတ်စ်ကားတွေလည်း တခြား Tour တွေကနေ ထွက်ပါတယ်။ ကားသေးလေ ဈေးပိုကြီးလေပါ။ ဘာလို့လည်းဆိုတော့ ကားသေးတွေက ကားကြီးတွေက ဝင်မရတဲ့ လမ်းကိုဝင်နိုင်လို့ Northern Light ရှာပုံတော် ဖွင့်ရာမှာ ပိုအဆင်ပြေပါတယ်။ ကားကြီးတွေက လမ်းမကြီးဘေးမှာပဲ ကပ်ရပ်ကြရတာဆိုတော့ ကားတွေဖြတ်သွားတဲ့အခါ ဓာတ်ပုံရိုက်ရတာ သိပ်မကောင်းပါဘူး။

☑️Northern Light အလှကို အပြင်မှာကိုယ်တိုင်ကိုယ်ကျခံစားသလို သူများရိုက်ထားပြီးသားအသင့်ကို အရုပ်ရောအသံနဲ့ပါခံစားကြည့်လိုက်ပါ။ Reykjavik မြို့ထဲက Perlan ပြတိုက်မှာ Aurora Show ရှိပါတယ်။ အမိုးခုံးခန်းမကြီးမှာ အမိုးအပြည့် Screen ကြီးထဲ Iceland နိုင်ငံအနှံ့ရိုက်ထားတဲ့ Northern Light Video ကို ကြည့်ရတာ တကယ်ပျော်ဖို့ကောင်းပါတယ်။ သီချင်းတွေရော ရိုက်ချက်တွေရော ကောင်းလွန်းလို့ အပြင်မှာ ကိုယ်တိုင်ကြည့်နေရသလို ခံစားရပါတယ်။ Northern Light ဖြစ်ပေါ်လာပုံတွေရော ဒဏာရီပုံပြင်တွေပါ ရှင်းပြထားတာ တစ်ချက်မှ မပျင်းရပါဘူး။ အဲ့ Show ကို သွားကြည့်ဖို့တော့ Recommend ပေးပါတယ်။

☑️ မြို့ထဲမှာ Aurora Reykjavikဆိုတဲ့ ပြတိုက်လည်းရှိပါသေးတယ်။ အဲ့ကိုတော့ မရောက်ခဲ့ရလို့ သေချာမသိပါဘူး။ စိတ်ဝင်စားရင် သွားကြည့်လို့လည်း ရပါတယ်နော်။

2019_10_25_06_52_IMG_4570.jpg

ဒါကတော့ ဥတ္တရအလင်းတန်းလို့ခေါ်တဲ့ Northern Light (Aurora) အကြောင်းနဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ တကယ်သွားကြည့်မယ့်သူတွေအတွက် လိုအပ်မယ့် အချက်အလက်တွေကို သိသလောက် ပြောပြထားတာပါ။ ဗဟုသုတ တစ်ခုခုရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။
Northern Light အလှကို အားလုံးမြင်ရအောင် အင်တာနက်က ပုံလေးတွေကိုပါ ရှာထည့်ပေးလိုက်ပါတယ်နော်။

ကြိုက်ရင် Like နဲ့ Share လုပ်ပေးပါဦးနော်။ နောက်ထပ်လည်း စိတ်ဝင်စားစရာနေရာတွေ အကြောင်းအရာတွေ တင်ဆက်ပေးသွားဦးမှာပါ…

ချစ်ခင်လျှက်
Dr.Nu Myat

ထူးဆန်းသော သဘာဝတရားများ၊ မြင့်မားသော သမိုင်းကြောင်းများနှင့် တူရကီ (Turkey, a Unique Country)

ထူးဆန်းသော သဘာဝတရားများ၊
မြင့်မားသော သမိုင်းကြောင်းများနှင့်
တူရကီ

_MG_4953

တူရကီနိုင်ငံက သမိုင်းဝင်အဆောက်အအုံတွေ၊ မြေအောက်မြို့တွေ၊ နန်းတော်တွေ၊ ရှေးဟောင်း မြို့ပျက်ကြီးတွေနဲ့ ပြည့်နေတဲ့နိုင်ငံပါ။ အရောင်အသွေးစုံတဲ့ ယဉ်ကျေးမှုတွေ၊ အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ၊ အံ့သြဖွယ်ရာ ဆန်းပြားလှတဲ့ ရှုမျော်ခင်းတွေကိုလည်း တွေ့မြင်ရနိုင်ပါတယ်။ ရှေးခေတ် ကုန်သွယ်ရေးမှာ အရေးပါခဲ့တဲ့ ပိုးလမ်းမလမ်းတလျှောက်မှာ အင်မတန် အချက်အချာကျတဲ့ နေရာမှာရှိတဲ့ နိုင်ငံပါ။ ဘာကြောင့်လဲဆိုတော့ အာရှနဲ့ ဥရောပတိုက် (၂)တိုက်လုံးမှာ ရှိတဲ့ နိုင်ငံဖြစ်နေလို့ပါ။ နိုင်ငံရဲ့ ၉၇%က အာရှမှာရှိပြီး ၃%က ဥရောပမှာရှိနေပါတယ်။ တိုက်နှစ်တိုက်ကြားမှာရှိတဲ့ ဘော့စ်စဖရပ်ရေလက်ကြားမှာ အာရှနဲ့ ဥရောပကိုဆက်သွယ်ပေးတဲ့ တံတား(၃)စင်းနဲ့ ရေအောက် ဥမင်လှိုဏ်ခေါင်း (၂)ခုရှိပါတယ်။

2018_03_01_16_38_IMG_64212019_04_14_12_52_IMG_5856
အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မြို့(Istanbul)ကလည်း တိုက်နှစ်တိုက်ကို ခွထားတဲ့မြို့ပါ။ အစ္စတန်ဘူလ်က နှစ်ပေါင်း ၂၀၀၀ ကျော်ကြာ ရောမ၊ အော်တမန်နဲ့ ဘိုင်ဇန်တိုင်း အင်ပါယာသုံးဆက်တိုင်အောင် မြို့တော်ဖြစ်ခဲ့ဖူးတဲ့ နာမည်ကျော်မြို့ပါ။ အခုလက်ရှိမှာတော့ မြို့တော်က အန်ကာရာ(Ankara)ဖြစ်ပြီး အစ္စတန်ဘူလ်မြိုကတော့ အကြီးဆုံးမြို့ဖြစ်နေပါတယ်။ တတိယအကြီးဆုံးမြို့ကတော့ အစ်ဇမဲမြို့(Izmir)ပါ။

တူရကီမှာကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်နေရာပေါင်း (၁၀)ခုကျော်ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ရှေးဟောင်းအံ့ဖွယ်(၇)ခုထဲက နှစ်ခုလည်း ရှိပါတယ်။ အဲ့ဒီထဲကမှ တစ်ခုဖြစ်တဲ့ Temple of Artemis ကျောင်းဆောင်ကြီးရှိရာ ရှေးဟောင်းဂရိမြို့တော်ကြီး Ephesus က ကြီးကျယ်ခမ်းနားလှပါတယ်။  ကမ္ဘာ့တတိယအကြီးဆုံး စာကြည့်တိုက်ကြီးဖြစ်ခဲ့ဖူးတဲ့ Library of Celsius၊ လူပေါင်း ၂၄၀၀၀ ကျော်ဆန့်တဲ့ ကဇာတ်ရုံကြီး၊ ရှေးခေတ်က အကြီးဆုံး ဈေးဝယ်စင်တာကြီးတွေလည်း မြို့ထဲမှာ ရှိခဲ့ဖူးတာတဲ့လေ။

အပျိုစင်မယ်တော်မာရီရဲ့ နောက်ဆုံးရက်တွေကို ကုန်ဆုံးခဲ့တဲ့ ဘုရားကျောင်းလည်း ဒီမြို့မှာ ရှိပါတယ်။ ဘာဂမာမြို့ (Bergama)မှာတော့ ရှေးခေတ်က ရောမတို့ရဲ့ဆေးရုံဖြစ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးစိတ်ရောဂါကုဆေးရုံရှိပါတယ်။

တူရကီမှာ ရှေးဟောင်း အမွေအနှစ်တွေအပြင် ဆန်းကြယ်တဲ့ သဘာဝတရားတွေလည်း ရှိလို့နေပါတယ်။ ထုံးရေပြာအိုင်လေးတွေ အဆင့်ဆင့်ဖြစ်နေတဲ့ Pamukkale နယ်မှာရှိတဲ့ Cotton Castle လေးက သိပ်လှပြီး တူရကီမှာ ကမ္ဘာလှည့်ခရီးသည်အလာအများဆုံးနေရာပါ။ ဟိုးရှေးတုန်းက မီးတောင်ကြောင့် တောင်စောင်းမှာ ကန်လေးတွေ အဆင့်ဆင့်ဖြစ်နေတဲ့အပြင် တောင်ပေါ်ကရေပူစမ်းကနေ စီးကျနေတဲ့ ရေတွေက ကန်လေးတွေထဲစိမ့်ဝင်တော့ ရေအိုင်လေးတွေ အဆင့်ဆင့်ဖြစ်နေတာပါ။ ရေထဲမှာ ထုံးဓာတ်လည်းပါတော့ အနည်ထိုင်ပြီး ရေအိုင်လေးတွေဖြူနေတာကလည်း ဒီနေရာကို ပိုပြီးဆန်းသစ်စေပါတယ်။

2019_04_18_02_51_IMG_82892019_04_18_02_34_IMG_82972019_04_18_11_54_IMG_9347

ရှေးနှစ်သန်းပေါင်းများစွာက မီးတောင်ပေါက်ကွဲမှုတွေကြောင့် တစ်နယ်လုံး ကျောက်တောင်အချွန်းတွေနဲ့ ဆန်းကြယ်လှတဲ့ Cappadocia နယ်ကလည်း ကမ္ဘာပေါ်မှာ မီးပုံးပျံစီးဖို့ အလှဆုံးနေရာအဖြစ်ထင်ရှားပါတယ်။ ထူးဆန်းလှတဲ့ကျောက်ဆောင်ချွန်ချွန်ကြီးတွေ ပြန့်ကျဲနေတဲ့အပေါ်မှာ ရောင်စုံမီးပုံးပျံတွေ ရာနဲ့ချီ ပျံသန်းတာ အတော်ကိုလှတဲ့ မြင်ကွင်းပါ။ Cappadocia မှာ ကျောက်ဂူထဲထွင်းဆောက်ထားတဲ့ဘုရားကျောင်းပေါင်း၂၀၀ လောက်ရှိတဲ့ထဲက Göreme Open Air Museum မှာတော့ ကျောင်းပေါင်း ၁၀ကျောင်းကို တစုတဝေးထဲတွေ့ရမှာပါ။ ကျောက်ဂူတွေမှာနေထိုင်ခဲ့တဲ့ ကျောက်ဂူလူသားတွေအတိုင်း နေထိုင်နိုင်မယ့် ကျောက်ဂူဟိုတယ်တွေလည်း များစွာရှိပါတယ်။

ကမ္ဘာအနှံ့မှာ မြေအောက်မြို့တွေအနှံ့အပြားရှိပေမဲ့ တူရကီမှာ မြေအောက်မြို့ပေါင်း ၂၀၀ ကျော်တောင်ရှိတာတဲ့လေ။ အဲ့ထဲက Derinkuyu မြို့ဆိုရင် လူပေါင်း ၂၀,၀၀၀ ကျော်တောင် နေခဲ့တဲ့
အကြီးဆုံးမြေအောက်လှိုဏ်ဂူမြို့ကြီးပေါ့။ မြေအောက် ၁၈ထပ်၊ ပေ ၂၀၀ ကျော်ထိနက်ပြီး မြေပြင်ပေါ်ကနေ ဝင်ပေါက်ကလည်း ၆၀၀ ကျော်တောင် ရှိတာတဲ့။ မြေအောက်မြို့ထဲမှာ ဘုရားကျောင်းတွေရော စာသင်ကျောင်းတွေပါတစ်ခါထဲထည့်ဆောက်ထားလို့ သိရပါတယ်။

ဒီလို ထူးခြားဆန်းပြားလှတဲ့ နေရာတွေ၊ အဆင့်အတန်းမြင့်မားခဲ့တဲ့ သမိုင်းကြောင်းတွေကြောင့်လည်း တူရကီနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ နိုင်ငံဖြစ်လို့နေတာပဲဖြစ်ပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂ ီဦး

ကမ္ဘာ့အရှည်လျားဆုံးအဆောက်အအုံ မဟာတံတိုင်းကြီး Great Wall of China, World’s Longest Structure

လူတို့ဖန်တီးသော

ကမ္ဘာ့အရှည်လျားဆုံးအဆောက်အအုံ
မဟာတံတိုင်းကြီး

IMG_8070-2

တရုတ်နိုင်ငံက မဟာတံတိုင်းကြီးဟာ တရုတ်နိုင်ငံထဲ ဧရာမနဂါးကြီးတစ်ကောင် တောတွေ၊တောင်တွေ၊ လွင်ပြင်တွေကြား တက်လိုက်ဆင်းလိုက် ကွေ့လိုက်ကောက်လိုက် ဖြတ်ပြေးနေသယောင်ထင်ရပါတယ်။ မဟာတံတိုင်းကြီးက တကယ်ကိုအံ့သြစရာပါ။ လူတို့ပြုလုပ်ဖန်တီးတယ်လို့မထင်ရလောက်အောင် အထူးသဖြင့် နည်းပညာတွေ မထွန်းကားသေးတဲ့ ရှေးနှစ်ပေါင်းများစွာက လူတွေဖန်တီးထားတာဆိုတာ မထင်ရလောက်အောင် အံ့အားသင့်စရာပါ။ မဟာတံတိုင်းကြီးကိုအာကာသထဲကနေကြည့်ရင်တောင် လှမ်းမြင်ရတယ်ဆိုတာကတော့ ယုံတမ်းစကားပါ။ အရွယ်အစားကြီးမားရှည်လျားပေမဲ့ အာကာသထဲကနေလှမ်းမြင်ရလောက်တဲ့ အထိတော့ သိသာစွာကြီးမားမနေပါဘူး။

IMG_8087-2

တရုတ်ပြည်အရှေ့ဘက်ကနေအနောက်ဘက်ကို ဆောက်ထားတဲ့ မဟာတံတိုင်းကြီးက ပြည်နယ်ပေါင်း၉ခုကိုတောင်ဖြတ်ပြီးတည်ဆောက်ထားတာဖြစ်ပြီး လူတို့ဖန်တီးတဲ့ ကမ္ဘာ့အရှည်လျားဆုံးအဆောက်အအုံဖြစ်ပါတယ်။ ဒါပေမဲ့ တံတိုင်းကြီးက တဆက်တည်းဖြစ်နေတာမျိုးမဟုတ်ပါဘူး။ အပိုင်းအပိုင်းတွေ ဖြစ်နေပြီး တချို့အပိုင်းတွေက ဘေးတိုက်ပုံ၊ စက်ဝိုင်းပုံ၊ မျဉ်းပြိုင်ပုံဖြစ်နေပါတယ်။ တရားဝင်ထုတ်ပြန်ထားတဲ့ မဟာတံတိုင်းအရှည်က ၅၅၀၀မိုင်ဖြစ်ပြီး တကယ့် နံရံတံတိုင်းကြီးအနေနဲ့ က ၃၈၈၉မိုင်၊ သဘာဝအတားအဆီးတွေဖြစ်တဲ့ တောတောင် မြစ်ချောင်းတွေက ၁၃၈၇မိုင်၊ ကတုတ်ကျင်းတွေက ၂၂၁မိုင်ရှိတယ်လို့သိရပါတယ်။ အခြားရှေးဟောင်းသုတေသနပြုချက်တစ်ခုအရ မဟာတံတိုင်းကြီးဟာ အခြား အခွဲတွေ အစိတ်အပိုင်းတွေအားလုံးပေါင်းစပ်လိုက်ရင်ဖြင့် မိုင်ပေါင်း ၁၃၁၇၀ကျော် ရှည်လျားတယ်လို့ သိရပါတယ်။ တံတိုင်းကြီးရဲ့ အကျယ်ဆုံးအပိုင်းက ပေ၃၀ရှိပြီး အမြင့်ဆုံးအပိုင်းက ၂၆ပေရှိပါတယ်။

တံတိုင်းကြီးတည်ဆောက်ခဲ့ရတဲ့ ရည်ရွယ်ချက်က တရုတ်ပြည်ကြီးကို အခြားနိုင်ငံတွေဝင်ရောက်ကျူးကျော်ခြင်း မပြုလုပ်နိုင်ရန် အကာအကွယ်အဖြစ်အပြင် ကုန်သွယ်မှုနဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအဖြစ်ပါ အသုံးပြုခဲ့ကြပါတယ်။ မဟာတံတိုင်းကြီးကို အုတ်၊ ကျောက်တုံး၊ မြေကြီး၊ သစ်သားစတာတွေနဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး အုတ်တွေကပ်နေအောင် ကောက်ညှင်းဆန်မှုန့်အသုံးပြုခဲ့ရပါတယ်တဲ့။ ခေတ်အဆက်ဆက်က စစ်သား၊ အကျဉ်းသား၊ အမိန့်နဲ့စေခိုင်းခံခဲ့ရတဲ့ တောင်ယာလုပ်သားတွေ၊ စစ်အကျဉ်းသားတွေက တည်ဆောက်ခဲ့ရတာဖြစ်ပြီး မဟာတံတိုင်းကြီးကို ကမ္ဘာ့အကြီးဆုံးသင်္ချိုင်းလို့လည်း ပြောလို့ရလောက်တယ်။ ဘာကြောင့်လည်းဆိုတော့ မဟာတံတိုင်းကြီးကိုဆောက်လုပ်နေစဉ်က လူပေါင်းသန်းချီအသက်စတေးခဲ့ရပြီး သေသွားတဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို တံတိုင်းကြီးထဲမှာ မြှုပ်နှံခဲ့ကြတယ်လို့သိရတာကြောင့်ပါ။

သေဆုံးသူတွေမနည်းဆို ဆောက်လုပ်ခဲ့တဲ့နှစ်ပေါင်းကလည်း နည်းမှမနည်းခဲ့ပဲကိုး။ ခရစ်တော်မပေါ်ခင် နှစ်ပေါင်း၂၀၀ကျော်ကနေ မင်မင်းဆက် (1368-1644 ခုနှစ်) အထိ နှစ်ပေါင်း ၂၀၀၀နီးပါးတည်ဆောက်ခဲ့ရတာတဲ့လေ။ အစပိုင်းက ဟိုတစ်ပိုင်းဒီတစ်ပိုင်းတည်ဆောက်ထားခဲ့ပြီး မင်မင်းဆက်မှာ အခုထင်ရှားနေတဲ့ မဟာတံတိုင်းကြီးအဖြစ် ဆက်လက်တည်ဆောက်ခဲ့ကြတာ။ ကာလရှည်ကြာလာတာနဲ့အမျှ မဟာတံတိုင်းကြီးက တဖြည်းဖြည်းပျက်စီးယိုယွင်းလာပါပြီ။ အထူးသဖြင့် အနောက်မြောက်ဘက်မှာရှိတဲ့ အစိတ်အပိုင်းဟာ ပျက်စီးမှုနှုန်းအလွန်မြန်ဆန်တာကြောင့် နောင်အနှစ်၂၀မှာ လုံးဝပျောက်ကွယ်သွားတော့မယ်လို့ ခန့်မှန်းထားကြပါတယ်။ ၁၉၆၆ကနေ ၁၉၇၆ခုနှစ်အတွင်းမှာ မဟာတံတိုင်းကြီးဆီက အုတ်တွေကို ဖြိုဖျက်ဖဲ့ယူကာ အိမ်ဆောက်ရာမှာ၊ ရေကာတာဆောက်ရာမှာ အသုံးပြုခဲ့ကြပါတယ်။ ဒီလိုမဖြိုဖျက်ခဲ့ကြဘူးဆိုရင်ဖြင့် မဟာတံတိုင်းကြီးက အခုထက်ပိုပြီးတည်တံ့ခိုင်မြဲနေမှာပါ။

ကမ္ဘာကျော် မဟာတံတိုင်းကြီးဆီ လာရောက်လေ့လာသူပေါင်း တစ်နှစ်ကို ၁၀သန်းကျော်ရှိပါတယ်။ မဟာတံတိုင်းကြီးမှာလေ့လာနိုင်တဲ့ အစိတ်အပိုင်းများစွာရှိတဲ့အနက် ဘေဂျင်းမြို့နဲ့နီးတဲ့ Badaling နဲ့ Mutianyu ဆိုတဲ့အပိုင်းတွေက နာမည်အကြီးဆုံးပါ။ လေ့လာသူတွေအဆင်ပြေအောင် သွားရလာရလွယ်ကူအောင် ပြန်လည်ပြုပြင်တည်ဆောက်ထားတာပါ။ နဂိုမူလသဘာဝအတိုင်းရှိနေတာကို ကြည့်ချင်ရင်တော့ ရှုခင်းအလှဆုံးဖြစ်တဲ့ Jinshanling အပိုင်းကို သွားကြည့်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီအပိုင်းရောက်ဖို့ တောင်တက်မှရမှာပါ။

IMG_8202

ကျွန်မကတော့ မဟာတံတိုင်းကြီးဆီရောက်ခဲ့ဖူးတဲ့ ၂ကြိမ်စလုံး Mutianyu အပိုင်းဆီ သွားဖြစ်ခဲ့ပါတယ်။ ဘေဂျင်းကနေ တစ်နာရီခွဲလောက်မောင်းရုံနဲ့ရောက်နိုင်ပြီး အနီးဆုံးတောင်ခြေမှာ ကားရပ်ကာ တောင်ပေါ်ကို ကောင်းကင်ကြိုးရထား Cable Car နဲ့တက်ရတာပါ။ မဟာတံတိုင်းကြီးက အစပိုင်းမှာ ဧည့်သည်တွေနဲ့ ပြည့်ကျပ်နေပေမဲ့ ဝေးလေလူရှင်းလေပါ။ မဟာတံတိုင်းပေါ်ကမြင်ရတဲ့ရှုခင်းက အံ့မခန်းစရာပါ။ ကျွန်မ ဒုတိယအကြိမ် ရောက်ခဲ့တုန်းက ဆောင်းဦးကာလဖြစ်တဲ့အလျှောက် မဟာတံတိုင်းတစ်ဖက်တစ်ချက်ရှိ တောင်ကုန်းတွေရဲ့ ကြွေရွက်ဝါတွေနဲ့ ဖုံးလွှမ်းနေတဲ့ရှုခင်းက မှင်သက်ဖွယ်ကောင်းလောက်အောင်လှပါတယ်။

လှပခမ်းနားပြီး သမိုင်းဝင်တဲ့ မဟာတံတိုင်းကြီးကို ၁၉၈၇ခုနှစ်မှာ UNESCO က ကမ္ဘာ့အမွေအနှစ်နေရာအဖြစ်အသိအမှတ်ပြုခဲ့ပြီး ကမ္ဘာ့အံ့ဖွယ်(၇)ပါးစာရင်းထဲမှာလည်း  ထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။ မဟာတံတိုင်းကြီးဆီသို့တရုတ်ပြည်ရောက်ဖြစ်ခဲ့မယ်ဆိုရင် မဖြစ်မနေသွားရောက်လေ့လာသင့်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။

Dr. Nu Myat

IMG_8214

Mummy, Bananas & Me

numyattheingioo_roads_01Photo essay about the street life of fruits vendor and her 3 years old little daughter from Yangon, Myanmar

IMG_6797Kit Kit is a sweet little three-year-old girl whose mother is a fruit seller specialising in bananas in downtown Yangon, Myanmar. Every day, from morning till night, she follows her mother selling fruits at the corner of Mahabandoola Road and 27th Street. Her mother moved to the city with Kit Kit last year to make money, while her father and older brother still live in a nearby village.

numyattheingioo_roads_02numyattheingioo_roads_03

IMG_7160

Kit Kit and her mummy love each other very much. She helps her mother in every way she can and her mother supports her in everything she needs as much as she can. She loves eating bananas and bananas have become part of her life. While her mother is selling fruit, Kit Kit likes to play nearby. She’s the sweetheart of all the neighbouring vendors and shopkeepers.

numyattheingioo_roads_06IMG_7035

numyattheingioo_roads_04numyattheingioo_roads_05

numyattheingioo_roads_08

Sometimes, she laughs till her heart beats. Sometimes she cries till her heart hurts. While she loves the banana shop – it’s like a playground to her – sometimes she gets bored of staying there the whole day. No matter what, she is happy to follow her mother as she loves her so much and, of course, the bananas, too.

numyattheingioo_roads_07  numyattheingioo_roads_09 numyattheingioo_roads_10IMG_7271 numyattheingioo_roads_11   IMG_7235