ခရစ်ယာန်ဘာသာကို ပထမဆုံးကျင့်သုံးခဲ့သည့် အာမေးနီးယား Armenia

ခရစ်ယာန်ဘာသာကို ပထမဆုံးကျင့်သုံးခဲ့သည့် အာမေးနီးယား

Written and Photo by Dr. Nu Myat Theingi Oo


အာမေးနီးယားနိုင်ငံသည် ရှည်လျားသော သမိုင်းကြောင်း၊ လှပသောရှုခင်းများနှင့်ပြည့်စုံသည့် အာရှတိုက်အနောက်မြောက်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံငယ်လေး ဖြစ်သည်။ အနောက်ဘက်တွင် တူရကီ၊ မြောက်ဘက်တွင် ဂျော်ဂျီယာ၊ တောင်ဘက်တွင် အီရန်၊ အရှေ့ဘက်တွင် အဇာဘိုင်ဂျန်၊ အနောက်တောင်ဘက်တွင် အဇာဘိုင်ဂျန်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nakhchivan တို့နှင့် နယ်နိမိတ်ထိစပ်နေပါသည်။

အာမေးနီးယားသည် ကော့ကေးဆပ်တောင်တန်းကြီး၏ တောင်ဘက်တွင်တည်ရှိကာ တောင်ထူထပ်သောနိုင်ငံဖြစ်သည်။ ပျမ်းမျှအမြင့်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၉၀၀ ဖြစ်ကာ မြေနိမ့်နိမ့်မရှိပါ။ တောင်ထူထပ်သောနိုင်ငံဖြစ်သည့်အားလျော်စွာ ရှုခင်းအမျိုးမျိုးနှင့် အသေးစား ရာသီဥတုအမျိုးမျိုးကို ဖန်တီးပေးနေသည်။ နိုင်ငံ၏အကျယ်အဝန်းမှာမူ ၁၁၄၈၄ စတုရန်းမိုင်သာ ကျယ်ဝန်းပါသည်။
အာမေးနီးယားသည် လူမျိုးစုတစ်စုတည်းဖြင့်သာ ဖွဲ့စည်းထားသည့် နိုင်ငံအနည်းငယ်အနက် တစ်ခုဖြစ်သည်။ လူဦးရေ၏ ၃% မှလွဲ၍ ကျန်လူဦးရေသည် အာမေးနီးယန်းလူမျိုးများဖြစ်သည်။ အာမေးနီးယားတွင် လူဦးရေပေါင်း ၃ သန်းရှိပြီး လက်ရှိတွင် နိုင်ငံတွင်းနေထိုင်သော အာမေးနီးယန်း လူမျိုးများထက် ပြင်ပသို့သွားရောက်နေထိုင်သူများ ပိုများပါသည်။ ၁၉၁၅ ခုနှစ် အာမေးနီးယား လူမျိုးတုံး သတ်ဖြတ်မှုတွင် အားမေးနီးယားလူမျိုး တစ်သန်းကျော် သေဆုံးခဲ့ပြီးနောက် ပထမကမ္ဘာစစ်အပြီးတွင် လူအများအပြားသည် နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ အာမေးနီးယားလူမျိုးများသည် ချောမောလှပကာ ဆွဲဆောင်မှုရှိကြပြီး ကမ္ဘာကျော် ကာဒစ်ရှန်ညီအစ်မများသည် အာမေနီးယန်းသွေးနှောများဖြစ်ကြသည်။


အာမေးနီးယားသည် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သည့် သက်တမ်းအရင့်ဆုံး ရှေးဟောင်းနိုင်ငံများအနက် တစ်ခုဖြစ်သည်။ အာမေးနီးယားတွင် တွေ့ရှိခဲ့သည့် ကမ္ဘာ့သက်တမ်းအရင့်ဆုံး သားရေဖိနပ်သည် ဘီစီ ၃၅၀၀ ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာမေးနီးယားသည် ခရစ်ယာန်ဘာသာကို ပထမဆုံးကျင့်သုံးခဲ့သောနိုင်ငံဖြစ်ပြီး ယနေ့ထိတိုင် ခရစ်ယာန်နိုင်ငံဖြစ်ဆဲဖြစ်သည်။ အေဒီ ၃၀၁ တွင် အာမေးနီးယား၌ ခရစ်ယာန်ဘာသာကို နိုင်ငံဘာသာအဖြစ် ပထမဆုံးသတ်မှတ်ခဲ့သည်။


ထောင်စုနှစ်များစွာသက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းများမှသည် ပြိုလဲနေသော ဘုရားရှိခိုးကျောင်းများအထိ အာမေးနီးယားတွင် ခရစ်ယာန်ဘာသာ ဝတ်ပြုပူဇော်ရာ ကျောင်းပေါင်းများစွာ ရှိပါသည်။ ထို့ကြောင့်လည်း “ဘုရားကျောင်းများရှိရာမြေ” ဟုခေါ်ဆိုခြင်းဖြစ်ပေလိမ့်မည်။ ဘုရားကျောင်းများ အားလုံးသည် ခမ်းနားလှပလှပြီး ထိုဘုရားကျောင်းများအနက် ၉ ရာစုက ဆောက်ထားသည့် Tatev ဘုန်းကြီးကျောင်းမှာ လှပသည့်ရှုမျှော်ခင်းများ ဝန်းရံထားသည့် ရှေးဟောင်းအဆောက်အဦး တစ်ခုဖြစ်သည်။ ထိုဘုန်းကြီးကျောင်းနှင့် Halizor ရွာကို ဆက်သွယ်ထားသည့် ကောင်းကင်ရထားလမ်းသည် ကမ္ဘာ့အရှည်ဆုံး တစ်ဆက်တည်းသွားသော ကောင်းကင်ရထားလုံး အဖြစ် ဂင်းနစ်စံချိန်ချိုးထားပါသည်။


အာမေးနီးယားတွင် ကမ္ဘာ့အမွေအနှစ်နေရာသုံးခုရှိပြီး ယင်းတို့မှာ Geghard ဘုန်းတော်ကြီးကျောင်း၊ Sanahin နှင့် Haghpat ဘုန်းတော်ကြီးကျောင်းများနှင့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဘုရားကျောင်း တစ်ခုဖြစ်သည့် Echmiadzin ဘုရားကျောင်း တို့ဖြစ်သည်။ အာမေးနီးယား၏ အမျိုးသားသင်္ကေတတစ်ခုဖြစ်ပြီး မြင့်မြတ်သည်ဟု ယူမှတ်ကြသည့် တူရကီနိုင်ငံရှိ အာရာရက်တောင်ရှုခင်းကိုကောင်းစွာ လှမ်းမြင်နိုင်သည့် Khor Virap ဘုန်းတော်ကြီးကျောင်းနှင့် Zvartnots ဘုရားကျောင်း၊ Garni ဘုရားကျောင်းနှင့် Noravnak ဘုန်းတော်ကြီးကျောင်းတို့မှာလည်း ထင်ရှားသည်။ အာမေးနီးယားတွင် ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းခံခဲ့ရသည့် အစားအစာလည်းရှိကာ အာမေးနီးယား ရိုးရာအစားအစာဖြစ်သည့် Lavash ပေါင်မုန့်အပြားဖြစ်ပါသည်။


အာမေးနီးယားတွင် ဆာဗန်အမည်ရှိ ရေကန်ကြီးက နိုင်ငံ၏ ၆ ပုံတစ်ပုံခန့်ကိုနေရာယူထားပါသည်။ စိမ်းပြာကြည်လင်နေသော ရေပြင်၊ ကမ်းခြေကဲ့သို့ဖြစ်နေသော မြစ်ကမ်းတို့ကြောင့် အာမေးနီးယားလို ကုန်းတွင်းပိတ်နိုင်ငံအတွက် ပင်လယ်သဖွယ်ဖြစ်နေကာ အပန်းဖြေသူများနှင့် စည်ကားလျှက်ရှိပါသည်။ တောင်များသည့် အာမေးနီးယားတွင် နှင်းလျှောစီးစခန်းများရှိပြီး နာမည်အကျော်ဆုံးမှာ Tsakhkadzor နှင်းလျှောစီးအပန်းဖြေစခန်းဖြစ်သည်။ Dilijin အမျိုးသားဥယျာဉ်၊ Aragats တောင်၊ Arpi ရေကန်၊ Shaki ရေတံခွန်တို့မှာ အာမေးနီးယားရှိ ထင်ရှားသည့် သဘာဝအလှတရားတချို့ဖြစ်သည်။


အာမေးနီးယား၏မြို့တော်မှာ ယာရာဗန် (Yeravan) မြို့ဖြစ်ကာ ကမ္ဘာ့သက်တမ်းအရှည်ဆုံး မြို့ကြီးများအနက် တစ်မြို့ဖြစ်သည်။ မြို့ထဲ အဆောက်အအုံအတော်များများက ပန်းရောင်သန်းသဖြင့် “ပန်းရောင်မြို့တော်”ဟုလည်း ရည်ညွှန်းကြပါသည်။ ရှေးဟောင်းအဆောက်အအုံများစွာရှိသည့် ဒုတိယအကြီးဆုံးမြို့ Gyumri၊ ရေပူစမ်းများစွာရှိသည့် Spa မြို့ Jermuk၊ အရသာရှိသည့်ဝိုင်များစွာ ထုတ်လုပ်ရာ Areni ရွာ၊ သက်တမ်းနှစ်ပေါင်း ၁၆၀၀ ရှိ အာမေးနီးယားအက္ခရာ အမှတ်တရအဖြစ် ဖန်တီးထားသော အာမေးနီးယားအက္ခရာပုံသဏ္ဏာန်ရုပ်တုများ၊ Amberd ခံတပ်ကြီး၊ ဗြိတိန်နိုင်ငံရှိ Stonehenge ကဲ့သို့ ကျောက်တုံးပေါင်း ၂၂၃ ခုကို စက်ဝိုင်းသဏ္ဏာန်ထောင်ထားသည့် Karahunj Observatory တို့မှာ အာမေးနီးယားရောက် ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လည်ပတ်လေ့ရှိသည့်နေရာများဖြစ်ကြသည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

ကမ္ဘာ့အချမ်းသာဆုံး ရဲတိုက်နိုင်ငံငယ်လေး လူဇင်ဘတ် (Luxembourg)

 

ကမ္ဘာ့အချမ်းသာဆုံး ရဲတိုက်နိုင်ငံငယ်လေး လူဇင်ဘတ်

Dr.Nu Myat Theingi Oo 

လူဇင်ဘတ်(Luxembourg) နိုင်ငံက ဥရောပက နိုင်ငံငယ်လေးဖြစ်ပေမဲ့ အထင်သေးလို့မရပါဘူး။ နိုင်ငံလေးသေးပေမဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံထဲမှာပါနေပါတယ်။ ဒီနိုင်ငံငယ်လေးကို 2019 နှစ်က ဥရောပနိုင်ငံတွေ သွားလည်ရင်း ဘယ်လ်ဂျီယမ်နိုင်ငံမြို့တော် ဘရက်ဆဲလ်(စ်) (Brussels)ကနေ နေ့ချင်းပြန်ခရီး သွားဖြစ်ခဲ့ပါတယ်။ ဒီ Day Trip က အသွားအပြန် ၁၁ နာရီလောက်ကြာပြီး Brussels ကနေ လူဇင်ဘတ်မြို့တော် အပြင် လမ်းမှာလည်း ဘယ်လ်ဂျီယမ် နယ်မြို့လေးတစ်မြို့ဖြစ်တဲ့ ဒီးနန့်(Dinant) မြို့လေးကိုပါ ဝင်ပေးပါတယ်။

2019_10_20_20_20_IMG_1505

ဘယ်မှာရှိတာလဲ
ကုန်းတွင်းပိတ်နိုင်ငံလေး လူဇင်ဘတ် (Luxembourg)က ဥရောပအနောက်ပိုင်းမှာရှိပြီးတော့ အနောက်နဲ့မြောက်ဘက်မှာ ဘယ်(လ်)ဂျီယမ်၊ အရှေ့ဘက်မှာ ဂျာမနီ၊ တောင်ဘက်မှာ ပြင်သစ်တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။
လူဇင်ဘတ်မြို့တော်ကို Belgiumနိုင်ငံ Brussels မြို့ကနေ ၂နာရီကျော်ကျော်၊ ဂျာမနီနိုင်ငံ Frankfurt မြို့ကနေ ၂နာရီခွဲကျော်နဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကနေဆိုရင် ၃နာရီကျော်မောင်းရုံနဲ့ ရောက်ပါတယ်။

2019_10_20_20_09_IMG_1477

ဘာသာစကား ၄-၅မျိုးပြောတတ်တဲ့နိုင်ငံ
နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ ရောယှက်နေကာ အထူးသဖြင့် ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ လွှမ်းမိုးမှုကို ခံရပါတယ်။ ဒါကြောင့် လူဇင်ဘတ်မှာ ရုံးသုံးဘာသာစကား (၃)မျိုးတောင်ရှိပါတယ်။ သူတို့ကိုယ်ပိုင် လူဇင်ဘတ်ဘာသာ၊ ဂျာမာန်ဘာသာ၊ ပြင်သစ်ဘာသာစတဲ့ ဘာသာစကားသုံးမျိုးအပြင် အင်္ဂလိပ်ဘာသာ (သို့) ဒတ်(ချ်) ဘာသာတွေပါပြောတတ်တော့ နိုင်ငံသားတိုင်းလိုလို ဘာသာစကား ၄-၅မျိုးလောက်ပြောတတ်ကြပါတယ်။ ကျောင်းတွေမှာဆိုလည်း မူကြိုကျောင်းတွေမှာ လူဇင်ဘတ်ဘာသာစကားနဲ့သင်ပြီး Primary ကျောင်းမှာ ဂျာမာန်ဘာသာနဲ့သင်ကာ Secondary ကျောင်းမှာ ပြင်သစ်ဘာသာနဲ့သင်ပါတယ်။

လူဇင်ဘတ်နိုင်ငံလေးကတော်တော်သေးပါတယ်။ အကျယ်အဝန်း စတုရန်းမိုင်ပေါင်း ၁၆၀၀ ကျော်ပဲလို့ ကမ္ဘာမှာ ၂၀မြောက် အသေးဆုံးနိုင်ငံပါ။ နိုင်ငံကသေးရတဲ့အထဲ သုံးပုံတစ်ပုံက တောတွေဆိုတော့ လူဦးရေလည်း နည်းပါတယ်။ တစ်နိုင်ငံလုံးရဲ့ လူဦးရေက ၆သိန်းကျော်ပဲရှိတော့ ရန်ကုန်မြို့လူဦးရေရဲ့ ၁၀ ပုံ တစ်ပုံပဲရှိပါတယ်။ အဲ့ဒီထဲကမှ တစ်ဝက်လောက်က တစ်ခြားနိုင်ငံကနေလာအလုပ်လုပ်တဲ့ လူမျိုးခြားတွေပါ။ လူမျိုးပေါင်း ၁၇၀လောက် အလုပ်လာလုပ်ကြပြီး ပေါ်တူဂီလူမျိုးတွေက အများဆုံးဖြစ်ကာ လူဦးရေရဲ့ ၁၅ရာခိုင်နှုန်းကျော်တောင်ရှိပါတယ်။ လစာကောင်းတော့လည်း အလုပ်လာလုပ်သူတွေများတာပေါ့။ ဥရောပမှာ လူမျိုးခြားတွေ အလုပ်လုပ်တဲ့ ရာခိုင်နှုန်း အများဆုံးနိုင်ငံပါတဲ့လေ။

2019_10_20_21_48_IMG_2173

ချမ်းသာတဲ့နိုင်ငံ
လူဇင်ဘတ်နိုင်ငံက နိုင်ငံသေးငယ်ပေမဲ့ ချမ်းသာပါတယ်။ လူတစ်ယောက်ချင်းစီရဲ့ GDP at Normina Values အရဆိုရင် ၂၀၁၉ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၁၃၁၉၆ ဒေါ်လာရှိလို့ ကမ္ဘာမှာထိပ်ဆုံးကနေရာယူထားပြီး လူတစ်ယောက်ချင်းစီရဲ့ ဝယ်လိုအား GDP အရ ဆိုရင်တော့ ကာတာနိုင်ငံနဲ့ မကာအိုပြီးရင် ကမ္ဘာ့တတိယအချမ်းသာဆုံးလို့ပြောကြတယ်။ နိုင်ငံရဲ့ အဓိကစီးပွားရေးက ဘဏ်လုပ်ငန်းနဲ့ စတီးလုပ်ငန်းပါ။

လစာကောင်းတဲ့နိုင်ငံ
ဥရောပမှာ အနိမ့်ဆုံးလစာ အများဆုံးရတဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာမှာဆိုရင် ဒုတိယအများဆုံးပါ။ နိုင်ငံတွင်းနေထိုင်သူတို့ရဲ့ အနိမ့်ဆုံးလစာက ယူရို ၂၀၀၀ ဝန်းကျင်ရှိလို့ မြန်မာငွေကျပ် သိန်း ၃၀ ဝန်းကျင်လောက်ရပါတယ်။ လစာကောင်းသလို ဥရောပတခွင်မှာ အလုပ်လက်မဲ့ဦးရေ အနည်းဆုံးနိုင်ငံလည်းပဲ ဖြစ်လို့နေပါတယ်။

2019_10_20_19_49_IMG_1494

Safe ဖြစ်တဲ့ နိုင်ငံ
အကုန်လုံးက ချမ်းသာကြတော့ လုံခြုံမှုအရှိဆုံး နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ရဲပေါင်း ထောင်ကျော်သာရှိပြီး ရဲစခန်းကလည်း နှစ်ခုသာရှိပါတယ်။

ကားအများကြီးပိုင်တဲ့ နိုင်ငံ
ကမ္ဘာပေါ်မှာ ကားအများဆုံးပိုင်နှုန်းရှိတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံလည်းပဲဖြစ်ပါတယ်။ လူအယောက်တစ်ထောင်မှာ ကား ၆၇၀စီးလောက်ပိုင်ပါတယ်။

2019_10_20_23_00_IMG_2185

ကမ္ဘာ့ပဉ္စမအကောင်းဆုံး Passport
၂၀၂၀ခုနှစ်မှာ လူဇင်ဘတ်နိုင်ငံသားတွေအနေနဲ့ နိုင်ငံပေါင်း ၁၈၇နိုင်ငံကို ဗီဇာမလို (သို့) ဆိုက်ရောက်ဗီဇာနဲ့ ဝင်ရောက်နိုင်တာကြောင့် လူဇင်ဘတ်ပတ်(စ်)ပို့က ကမ္ဘာ့အကောင်းဆုံး Passport ထဲပါနေတာပါ။

Grand Duchy နိုင်ငံ
လူဇင်ဘတ်က ကမ္ဘာပေါ်မှာတစ်ခုတည်းသော Grand Duchy နိုင်ငံပါ။ Grand Duchy က ဘာလဲဆိုတော့ ဘုရင်၊ ဘုရင်မတွေအစား သူကောင်းမျိုးနွယ်တွေက အုပ်ချုပ်တဲ့စနစ်ပါ။ အရင်တုန်းက တချို့နိုင်ငံတွေမှာလည်း ဒီလိုအုပ်ချုပ်တဲ့စနစ်ရှိခဲ့ပေမဲ့ လူဇင်ဘတ်နိုင်ငံတစ်ခုထဲမှာသာ အခုချိန်ထိကျင့်သုံးဆဲဖြစ်နေတာပါ။

2019_10_20_22_14_IMG_2182

ရဲတိုက်နိုင်ငံ
ခေတ်အဆက်ဆက်က လူချမ်းသာတွေနေထိုင်ခဲ့တဲ့ လူဇင်ဘတ်မှာ ခမ်းနားတဲ့ ရဲတိုက်တွေလည်း အများကြီးရှိလို့နေပါတယ်။ လူဇင်ဘတ်ဆိုတဲ့နာမည်ကိုက “ရဲတိုက်လေး” လို့ အဓိပါယ်ရနေတာပါ။ လူဇင်ဘတ်တစ်မြို့ထဲမှာတင်ရဲတိုက်ပေါင်း ၁၀၀ ကျော်ရှိခဲ့တာပါ။ အခုခေတ်မှာတော့ ရဲတိုက်(၇၅)ခုက မပျက်စီးပဲ ကျန်ရှိနေပါသေးတယ်။ ရဲတိုက်(၇)ခုကို တစ်စုတစည်းထဲတွေ့နိုင်တဲ့ ရဲတိုက်(၇)တိုက်တောင်ကြားဆိုတဲ့နေရာလည်းရှိပါသေးတယ်။

ကမ္ဘာ့အရှည်ဆုံးဝိုင်စာရင်းရှိတဲ့နိုင်ငံ
ကမ္ဘာ့အရှည်ဆုံးဝိုင်စာရင်းရှိတဲ့ စားသောက်ဆိုင်က လူဇင်ဘတ်မြို့မှာရှိနေပါတယ်။ Chiggeri စားသောက်ဆိုင်မှာ ဝိုင်အမျိုးအစားပေါင်း ၁၇၄၆မျိုးနဲ့ ၂၀၀၉ခုနှစ်မှာ ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။

2019_10_20_20_09_IMG_1477

လူဇင်ဘတ်မြို့တော်
လူဇင်ဘတ်နိုင်ငံမှာ မြို့ပေါင်း (၁၂)မြို့ရှိပြီး နုမြတ်တို့ရောက်ခဲ့တဲ့ မြို့တော် လူဇင်ဘတ်မြို့ (Luxembourg City) က ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့မြို့ပါ။ မြို့ထဲမှာရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ ရဲတိုက်တွေနဲ့အတူ မ္ဘာ့အမွေအနှစ်မြို့တော်အဖြစ်အသိအမှတ်ပြုခံရတာပါ။ ဥရောပရဲ့ အလှဆုံးလသာဆောင်ကလည်း လူဇင်ဘတ်မှာရှိပါတယ်။ Corniche ဆိုတဲ့ လသာဆောင်ကနေ လူဇင်ဘတ်တစ်မြို့လုံးကို အမြင့်ပေ ၁၀၀ကျော်ကနေလှမ်းမြင်ရတာကြောင့်ပါ။

2019_10_20_23_28_IMG_2180
မြို့အောက်မှာ ကျောက်သားထုတစ်ခုထဲကို ထွင်းဖောက်ထားတဲ့ ၁၀မိုင်ခွဲအရှည်ရှိ မြေအောက်ဥမင်လှိုဏ်ခေါင်းရှိပါတယ်။ တချို့အပိုင်းတွေမှာဆို ပေပေါင်း ၁၃၀ကျော်တောင်နက်ပါတယ်။ Casemates လို့ခေါ်ပြီး ၁၇ရာစု-၁၈ရာစုလောက်က မြို့ကို ကာကွယ်ဖို့ခံတပ်အနေနဲ့ ဖောက်ထားတာပါ။ လူအယောက် ၃၅၀၀၀ ဆန့်ပြီး ကမ္ဘာစစ်တုန်းက ဗုံးခိုရာအဖြစ်အသုံးပြုခဲ့ကြပါတယ်။ အခုခေတ်မှာတော့ ဒီဥမင်လှိုဏ်ခေါင်းတွေကို အများပြည်သူလေ့လာခွင့်ပြုထားပြီး ယူနက်စကိုကမ္ဘ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။

လူဇင်ဘတ်မြို့ရဲ့ အိမ်တိုင်းလိုလိုကလည်း အရောင်နုနု ဖျော့ဖျော့လေးတွေသာ သုတ်ထားပါတယ်။ ကျောက်စရစ်ခင်းတဲ့ လမ်းကြားလေးတွေ ဘေးတစ်ဖက်စီမှာ အရောင်နုအိမ်လေးတွေနဲ့ဆိုတော့ ဓာတ်ပုံလှလှရိုက်လိုသူတွေအကြိုက်ပေါ့။
လူဇင်ဘတ်မြို့ထဲမှာ ဘယ်နေရာပဲဖြစ်ဖြစ် စက်ဘီးကို မိနစ် (၃၀) အခမဲ့ပေးစီးပါတယ်။

ရေပူစမ်းမြို့တော် Budapest

ရေပူစမ်းမြို့တော် Budapest


ဒေါက်တာနုမြတ်သိင်္ဂ ီဦး


ဒန်ညု(Danube)မြစ်ကမ်းဘေးက တောင်ကုန်းလေးပေါ်မှာ ရဲတိုက်ကြီးတွေနဲ့ သိပ်လှတဲ့ ဘူဒါပက်စ် (Budapest) မြို့က ဥရောပအလယ်ပိုင်းရှိ ဟန်ဂေရီ (Hungary) နိုင်ငံရဲ့မြို့တော်ပဲဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၂၀၃စတုရန်းမိုင်ရှိကာ လူဦးရေ ၁.၈သန်းနီးပါးရှိပြီး ဟန်ဂေရီရဲ့ လူဦးရေအထူထပ်ဆုံးမြို့လည်းဖြစ်ပါတယ်။ ဟန်ဂေရီနိုင်ငံလူဦးရေရဲ့ ၅ပုံတစ်ပုံက ဘူဒါပက်စ်မှာနေထိုင်ကြပါတယ်။
တကယ်တမ်းတော့ ဘူဒါပက်စ်ဆိုတာ ဘူဒါနဲ့ ပက်စ်ဆိုတဲ့ နှစ်မြို့ကိုပေါင်းခေါ်ထားတာပါ။ ဒီနှစ်မြို့အပြင် အိုဘူဒါ (Obuda)ဆိုတဲ့မြို့ပါ သုံးမြို့ပေါင်းပြီး ၁၈၇၃ခုနှစ်က ဘူဒါပက်စ်ဆိုတဲ့မြို့အဖြစ်အမည်မှည့်ခေါ်ကာ ဟန်ဂေရီနိုင်ငံရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့ကြတာပါ။ ဘူဒါက ဒန်ညုမြစ်ရဲ့အနောက်ဘက်တောင်ပေါ်မှာရှိပြီး သမိုင်းဝင်အဆောက်အအုံတွေများကာ ပက်စ်ကတော့ မြစ်အရှေ့ဘက် မြေပြန့်ဒေသမှာရှိပြီး ခေတ်မီအဆောက်အအုံတွေများပါတယ်။


ဘူဒါပက်စ် မြို့ရဲ့ ထူးခြားတဲ့အချက်က မြို့အောက်မှာ မြေအောက်လှိုဏ်ဂူပေါင်း ၂၀၀ကျော်တောင်ရှိနေတာပါ။ ဒါဟာ ကမ္ဘာ့အကြီးဆုံး မြေအောက်ရေပူစမ်းဂူစနစ်လည်းပဲ ဖြစ်ပါတယ်။ မြေအောက်လှိုဏ်ဂူအများစုက အန္တရာယ်မရှိလို့ အများသူငါလေ့လာနိုင်အောင် ဖွင့်ပေးထားပါတယ်။ အဲဒီထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ မြို့ဟောင်းဘက်ရှိ ရဲတိုက်တောင်ကုန်းအောက်မှာရှိတဲ့ မြေအောက်လှိုဏ်ခေါင်းဝင်္ကပါပါ။ ၆မိုင်အရှည်ရှိတဲ့ Budavari Labirintus ဝင်္ကပါက သမိုင်းတလျှောက်မှာ အရေးပါခဲ့ပါတယ်။ ကျောက်ခေတ်က ကျောက်ခေတ်လူသားတွေခိုအောင်းရာ၊ အလယ်ပိုင်းခေတ်က အကျဉ်းထောင်၊ ပထမကမ္ဘာစစ်က ဗုံးခိုကျင်းနဲ့ စစ်ဆေးရုံ၊ မျက်မှောက်ခေတ်မှာတော့ ပြတိုက်အဖြစ် အမျိုးမျိုး အသုံးပြုခဲ့ကြတာပါ။ ဥရောပအကြီးဆုံး မြေအောက်ရေအိုင်ကလည်း ဘူဒါပက်စ် ရှိ ဂဲလတ် (Gellert)တောင်ကုန်းအောက်မှာရှိပါတယ်။


ဟန်ဂေရီနိုင်ငံမှာ သဘာဝရေပူစမ်းထွက်ရာနေရာတွေ အများကြီးရှိပြီး ဘူဒါပက်စ် မှာ ရေပူစမ်းစိမ်တဲ့နေရာတွေ အများကြီးရှိလို့ ရေပူစမ်းမြို့တော်(City of Baths) လို့ခေါ်ကြပါတယ်။ ရေပူစမ်းစိမ်တဲ့ ရေချိုးအိမ်တွေကို အဆောက်အအုံတွေနဲ့ ခမ်းခမ်းနားနားကြီး တည်ဆောက်ထားပြီး နွေရာသီဆို DJ တွေဖိတ်ခေါ်ကာ ပါတီတွေတောင် ကျင်းပကြတာပါ။ ရေပူစမ်းတွေမှာ ပါဝင်တဲ့ သတ္တုဓာတ်အချိုးအစားတွေကလည်း တစ်ခုနဲ့တစ်ခု ကွဲပြားနေပါတယ်။ ဘူဒါပက်စ် ရောက်ရင် ဥရောပရဲ့အကြီးဆုံး ရေချိုးကန် Szechenyi Medicinal Bath ကို သွားပြီး ရေပူစမ်း စိမ်ဖြစ်အောင်စိမ်သင့်ပါတယ်။


ဘူဒါပက်စ် က ဥရောပမှာ ယဉ်ကျေးမှုနဲ့ သမိုင်းအမွေအနှစ်အရ အရေးပါသလို ယူနက်စကိုက အသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အမွေအနစ်နေရာတွေ အများကြီးရှိပါတယ်။ ဒါညုမြစ်၊ သူရဲကောင်းများရင်ပြင်၊ ဘူဒါရဲတိုက်နဲ့ အခြားအဆောက်အအုံတွေအပြင် အခြားလည်ပတ်လေ့လာစရာနေရာတွေ များစွာပြည့်နှက်နေလို့ ကမ္ဘာ့အလှဆုံးမြို့တွေထဲ တစ်ခုအပါအဝင်ဖြစ်နေပါတယ်။ အရှေ့ပိုင်းရဲ့ ပဲရစ်မြို့လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။


မြို့ထဲမှာ ရှေးဟောင်းနဲ့ခေတ်မီအဆောက်အအုံတွေရောနေပေမဲ့ မိုးမျှော်တိုက်တွေမတွေ့ရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဟန်ဂေရီနိုင်ငံစတည်ထောင်တဲ့ ၈၉၆ ခုနှစ်ကို အစွဲပြုပြီး ဘယ်အဆောက်အအုံမှ ၉၆မီတာထက်အမြင့်မဆောက်ရတာကြောင့်ပါ။ အမြင့်ဆုံးအဆောက်အအုံတွေက Szent Istvan ဘုရားကျောင်းနဲ့ဟန်ဂေရီလွှတ်တော်အဆောက်အအုံတို့ဖြစ်ပြီး နှစ်ခုလုံးရဲ့ အမြင်က ၉၆မီတာပဲဖြစ်ပါတယ်။


ဘူဒါပက်စ် မှာ ကမ္ဘာ့တတိယအကြီးဆုံး လွှတ်တော်အဆောက်အအုံနဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံးရဟူဒီဘုရားရှိခိုးကျောင်းကြီး ရှိပါတယ်။ မြို့ထဲက တိရစ္ဆာန်ရုံက ကမ္ဘာ့ရှေးအကျဆုံး တိရစ္ဆာန်ရုံတွေထဲက တစ်ခုဖြစ်ပြီး ၁၈၆၅ခုနှစ်ကစဖွင့်ခဲ့တာပါ။ ကမ္ဘာ့ရှေးအကျဆုံး မြေအောက်ရထားလိုင်းတွေထဲက တစ်ခုလည်း ဘူဒါပက်စ် မှာရှိနေပါတယ်။ ၁၈၉၆ခုနှစ် ဘူဒါပက်စ်မြို့သက်တမ်း နှစ် ၁၀၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ စတင်ပြေးဆွဲခဲ့တာပါ။

ဝိုင်အစပြုရာ ဂျော်ဂျီယာမှ လည်စရာများ (Attractions of Georgia)

ဝိုင်အစပြုရာ ဂျော်ဂျီယာမှ လည်စရာများ


အာရှတိုက်နဲ့ ဥရောပတိုက်အကြား ကော့ကေးဆပ်တောင်တန်းတွေပေါ်မှာ တည်ရှိတဲ့ ဂျော်ဂျီယာနိုင်ငံလေးက မြို့တော်ဟောင်းတွေ၊ ယူနက်စကို အသိအမှတ်ပြုထားတဲ့ နေရာတွေ၊ နှင်းဖုံးတဲ့တောင်တန်းတွေ၊ လှပတဲ့ရှုမျှော်ခင်းတွေ၊ အရသာရှိလှတဲ့ဝိုင်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ရာ နိုင်ငံလေးဖြစ်လို့နေပါတယ်။


ဂျော်ဂျီယာက ကမ္ဘာပေါ်မှာ ရှေးအကျဆုံးဝိုင်ထုတ်လုပ်တဲ့ နိုင်ငံပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သောင်းလောက်ကစပြီး ဝိုင်ချက်ခဲ့ကြပါတယ်။ မြေအောက်အိုးထဲ သိမ်းထားတဲ့ စပျစ်သီးတွေ မတော်တဆ အချဉ်ဖောက်သွားရာကနေ ဝိုင်အရသာကို စတင်သိရှိခဲ့ကြတာတဲ့လေ။ ဂျော်ဂျီယာဝိုင်ဖောက်နည်းကလည်း သူများထက်ထူးတဲ့ ရှေးကျတဲ့သဘာဝနည်းပါ။ မြေအိုးထဲ စပျစ်သီးအရည်တွေညှစ်ထည့်ကာ အခွံတွေ၊ အရိုးတွေ၊ အစေ့တွေပါထည့်ပြီး မြေအောက်ထဲ ၅လ ၆လလောက်ထည့်မြှုပ်ပြီး အချဉ်ဖောက်တဲ့နည်းပါ။ ထည့်မြှုပ်တဲ့ မြေအိုးပုံကလည်း ဆန်းပါတယ်။ မြေထဲထည့်မြှုပ်ရ အဆင်ပြေအောင် ဘဲဥပုံကို ဖင်နေရာမှာ ချွန်ထားပါတယ်။ အဲ့ဒီလိုဖင်ချွန်းမြေအိုးဝိုင်းကို သူတို့ဘာသာစကားနဲ့ Kvevri လို့ ခေါ်ပါသတဲ့။ ဒီလို Kvevri လို့ခေါ်တဲ့ ရိုးရာဝိုင်ဖောက်နည်းက ယူနက်စကိုက အသိအမှတ်ပြုရတဲ့အထိ ရှေးကျပါတယ် ။ ဝိုင်ပေါတဲ့နိုင်ငံဖြစ်တဲ့အလျှောက် ဝိုင်ခြံတွေကို သွားလေ့လာလို့ရပြီး ဝိုင်အလကားအမြည်းတိုက်တဲ့ဆိုင်တွေ အများကြီးကိုလည်း စာရေးသူတို့ဂျော်ဂျီယာနိုင်ငံ သွားလည်ခဲ့တုန်းက တွေ့ခဲ့ရပါတယ်။


ဂျော်ဂျီယာနိုင်ငံရဲ့မြို့တော်ကတော့ တီဘလီဆီ(Tiblisi)ဖြစ်ပြီး ဂျော်ဂျီယာဘာသာစကားနဲ့ဆိုရင် နွေးထွေးတဲ့မြို့လို့ အဓိပါယ်ရပါတယ်။ မြို့သူမြို့သားတွေက ပြုံးရွှင်ပြီး တကယ်လည်း နွေးထွေးကြပါတယ်။ မြစ်ကမ်းဘေးမှာရှိပြီး တောင်တွေဝန်းရံနေတဲ့ တီဘလီဆီမြို့က သိပ်လှပါတယ်။ ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေရဲ့ ဟန်ပန်ယဉ်ကျေးမှုတွေ ရောနှောနေတဲ့မြို့လေးပါ။ မြို့ဟောင်းဘက်က လမ်းတွေထဲ လျှောက်ကြည့်ရင် အရောင်အသွေးစုံတဲ့ အိမ်လေးတွေ၊ ရိုးရာအစားအစာတွေရောင်းတဲ့ စားသောက်ဆိုင်တွေအပြင် ရှေးခေတ် ဘုရင်တွေ ရေချိုးတဲ့ ရှေးဟောင်းအမိုးခုံး ရေပူစမ်း ရေချိုးဆောင်တွေပါ တွေ့ရမှာပါ။ မြို့လည်က တောင်ပေါ်ကို ကောင်းကင်ရထား Cable Car နဲ့တက်ကြည့်ရင်တော့ တောင်ပေါ်ကနေ မြို့ဟောင်းရော မြို့သစ်ရောရှုခင်း လှမ်းမြင်ရမှာပါ။


သဘာဝအလှတွေခံစားချင်ရင်တော့ မြို့တော်ရဲ့မြောက်ဘက်ကို သုံးနာရီပိုင်းလောက်မောင်းရတဲ့ Kazbegi တောင်ပေါ်မြို့လေးဆီကို သွားသင့်ပါတယ်။ အနားက Gergiti Trinity ဘုရားကျောင်းလေးက တောင်အထပ်ထပ်ကြားက တောင်ပေါ်မှာတည်ရှိပြီး ရှုခင်းသိပ်လှလို့ ကမ္ဘာကျော်ပါတယ်။ လမ်းမှာ Gudauri နှင်းလျှောစီးစခန်းမြို့လည်းရှိပြီး လမ်းတလျှောက်မြင်ရတဲ့ ရှုခင်းတွေကလည်း သိပ်သာယာပါတယ်။ ဂျော်ဂျီယာမှာ ရေခဲတောင်တွေရှိသလို ကမ်းခြေလည်းရှိပါသေးတယ်။ ကမ်းခြေတွေထဲမှာ ပင်လယ်နက်ကမ်းရိုးတန်းမှာရှိတဲ့ Batumi ကမ်းခြေက သွားလည်ဖို့အကောင်းဆုံးပါ။ သဘာဝအလှတွေပြည့်နေတဲ့ ဂျော်ဂျီယာမှာ ကမ္ဘာ့အနက်ဆုံးဂူလည်းရှိပြီး Veryovkina ဂူလို့ခေါ်ပါတယ်။ အနက်ပေပေါင်း ၇၂၅၇ ပေရှိတာကြောင့် ဂူအောက်ခြေထိရောက်ဖို့ဆိုရင် ၂၇ရက်လောက်ကြာပါတယ်။


ဂျော်ဂျီယာမှာ လှပတဲ့ရှုခင်းတွေ၊ ဂူတွေအပြင် အလယ်ပိုင်းခေတ်က ဘုရားကျောင်းတွေနဲ့ ယူနက်စကိုက အသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အမွေအနှစ်နေရာတွေလည်း ရှိပါတယ်။ Bagrati နဲ့ Gelati ဘုရားကျောင်းတွေရှိတဲ့ ရှေးဟောင်းမြို့တော် Mtskheta က ဘာသာရေးမြို့တော်အဖြစ်လည်း ကျော်ကြားပါတယ်။ အဲ့ဒီမြို့မှာရှိပြီး မြစ်နှစ်စင်းဆုံရာကို တောင်ပေါ်ကနေလှမ်းမြင်ရတဲ့ Jvari Monastery က ယူနက်စကိုကအသိအမှတ်ပြုထားတဲ့နေရာပါ။ Aragvi မြစ်ကမ်းဘေးက Anauri ရှေးဟောင်းရဲတိုက်ကြီးကတော့ ၁၃ရာစုကတည်းက ဆောက်လုပ်ခဲ့တာဆိုတော့ အတော်ကို ရှေးကျတဲ့ သမိုင်းဝင်အဆောက်အအုံကြီးပါ။


ကျောက်ဂူမြို့တော်Uplistsikhe ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ခန့်က ကျောက်ဂူတွေ ဥမင်လှိုဏ်ခေါင်းတွေထဲ လူပေါင်း နှစ်သောင်းကျော် နေထိုင်ခဲ့ကြတဲ့နေရာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနီအနားက ဂိုရီမြို့လေးကတော့ ဆိုဗီယက်ခေါင်းဆောင်ကြီး စတာလင်ရဲ့ ဇာတိမြို့လေးအဖြစ် ကျော်ကြားပြီး စတာလင်ပြတိုက်နဲ့ စတာလင်မွေးရာအိမ်လေးဆီကိုပါ သွားလေ့လာနိုင်ပါတယ်။


ဒီနေရာတွေကတော့ ဂျော်ဂျီယာနိုင်ငံရောက်ခဲ့စဉ်က စာရေးသူတို့ သွားရောက်လည်ပတ်ဖြစ်ခဲ့တဲ့နေရာတွေနဲ့ စိတ်ဝင်စားစရာ နေရာတွေပါ။ တောလမ်းလျှောက်၊ တောင်တက်၊ နှင်းလျှောစီး၊ မြင်းစီးတို့လို သဘာဝနဲ့ဆက်စပ်နေတဲ့ ခရီးစဉ်တွေကနေ ရဲတိုက်ကြီးတွေ ရှေးဟောင်းဘုရားကျောင်းကြီးတွေ သွားလည်ရတဲ့ခရီးစဉ်တွေအထိ ဂျော်ဂျီယာက ခရီးသည်တိုင်းကို ကျေနပ်စေမှာပါ။

မိုစတာမြို့၏ အထင်ကရ ရှေးဟောင်းတံတားကြီး

မိုစတာမြို့၏ အထင်ကရ ရှေးဟောင်းတံတားကြီး


ဒေါက်တာနုမြတ်သိင်္ဂ ီဦး


ကမ္ဘာပေါ်ရှိမြို့အသီးသီးမှာ မြို့သူမြို့သားတွေ ဂုဏ်ယူရတဲ့ စေတီ၊ ကျောင်းဆောင်၊ ရိုးရာဓလေ့၊ အစားအစာ စသဖြင့်ရှိနေတဲ့အထဲ ဥရောပမြို့လေး မိုစတာ(Mostar)ရဲ့ ဂုဏ်ယူရတဲ့ အထင်ကရနေရာကတော့ မြို့ကိုဖြတ်သန်းစီးဆင်းနေတဲ့ နာရီတာမြစ်ကို ဖြတ်ဆောက်ထားတဲ့ စတာရီမို့စ် (Stari Most) အမည်ရှိတဲ့ တံတားကြီးပဲဖြစ်ပါတယ်။ ဒီတံတားကြီးက မိုစတာမြို့ရဲ့ ရတနာတစ်ပါးဖြစ်လို့နေတာ နှစ်ပေါင်း ၄၀၀ ကျော်ရှိနေပါပြီ။ မိုစတာဆိုတဲ့မြို့အမည်တောင်မှ ဒီတံတားကနေရခဲ့တဲ့နာမည်တာပါတဲ့။ မိုစတာရီလို့ခေါ်တဲ့ တံတားစောင့်တွေကနေ ဒီမြို့အမည်တွင်ခဲ့တာပါ။


မိုစတာ (Mostar)မြို့ဆိုတာတော့ ဘောစနီးနဲ့ ဟာဇီဂိုဗီးနား(Bosnia and Herzegovina) နိုင်ငံမှာရှိတဲ့ မြို့လေးပါ။ ဥရောပတိုက် အရှေ့တောင်ပိုင်း ဘော်ကန်ကျွန်းဆွယ်မှာရှိတဲ့ နိုင်ငံတွေကို ဘော်ကန်နိုင်ငံ(Balkan) နိုင်ငံလို့ခေါ်ပြီး ဘေ့စနီးယားနဲ့ ဟာဇီဂိုဗီးနားကလည်း ဘော်ကန်နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ အသည်းနှလုံးပုံစံမြေပုံရှိတဲ့ ဒီနိုင်ငံက တောင်တန်းတွေများတဲ့နိုင်ငံဖြစ်ပြီး မြို့တော်ကတော့ ဆာရာဂျေးဗိုးပါ။ မိုစတာကတော့ မြို့တော်ဆာရာဂျေးဗိုးကနေ ပေါ်လ်စီမြို့ကိုပြေးဆွဲနေတဲ့ရထားလိုင်း လမ်းကြောင်းပေါ်မှာတည်ရှိကာ နိုင်ငံရဲ့ ပဉ္စမမြောက်အကြီးဆုံးမြို့ပဲဖြစ်ပါတယ်။ ရှေးတုန်းကတော့ ဟာဇီဂိုဗားနားရဲ့ မြို့တော်နဲ့ အချက်အချာကျတဲ့မြို့ဖြစ်ခဲ့ဖူးပါတယ်။


မိုစတာမြို့က ၁၄၅၂ခုနှစ်ကစပြီးသမိုင်းမှာစပါခဲ့ကာ ၁၆ရာစုမှာတော့ တူရကီတို့ရဲ့ အော်တမန်အင်ပါယာအောက်ကျရောက်ခဲ့ကာ တူရကီတို့ရဲ့ ခံတပ်မြို့ဖြစ်ခဲ့ပါတယ်။ ၁၅၆၆ခုနှစ်မှာ တူရကီတို့က မြို့လည်က သစ်သားတံတားကို ကျောက်ခင်းတံတားအခုံးအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ကြပါတယ်။ အော်တမန်တွေတည်ဆောက်ခဲ့တဲ့ စတာရီမို့စ်တံတားကြီးက ဘော်လ်ကန်နိုင်ငံမှာမြင်တွေ့နိုင်တဲ့ စံနမူနာယူစရာ အစ္စလာမ်ဗိသုကာလက်ရာတစ်ခုပဲဖြစ်ပါတယ်။ ဒီတံတားကြီးက မိုစတာမြို့ရဲ့ ရတနာတစ်ပါး ဖြစ်လို့နေတာ နှစ်ပေါင်း ၄၀၀ ကျော်ကြာနေပါပြီ။ ၁၉၉၃ခုနှစ်က ဘော့စနီးယားပြည်တွင်းစစ်မှာ ဗုံးထိလို့ပျက်စီးသွားပြီးနောက် ၂၀၀၄ခုနှစ်မှာ မူလအတိုင်းပြန်ဆောက်ခဲ့ကြပါတယ်။


တံတားကြီးက ၁၃ပေအကျယ်ရှိပြီး ၉၈ပေရှည်ကာ မြစ်မျက်နှာပြင်ကနေ အမြင့်ဆုံးနေရာအထိ ၇၉ပေနီးပါး မြင့်ပါတယ်။ တံတားပေါ်က ရေထဲခုန်ဆင်းတဲ့ ဓလေ့က ရှေးကတည်းကရှိခဲ့ပြီး အခုထက်ထိလည်း ရှိနေဆဲပါ။ နွေရာသီဆို တံတားကနေမြစ်ထဲခုန်ချတဲ့ အားကစား (Cliff Diving) လာလုပ်တဲ့လူငယ်တွေနဲ့ပြည့်နေပြီး နှစ်စဉ်နှစ်တိုင်း ဇူလိုင်လမှာ Cliff Diving ပြိုင်ပွဲကျင်းပလေ့ရှိပါတယ်။


တံတားနားတဝိုက်မှာလည်း စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ အမှတ်တရပစ္စည်းဆိုင်တွေနဲ့ စည်ကားနေပါတယ်။ ဒီဆိုင်လေးတွေက ရှေးမူမပျက်တဲ့ ဗိသုကာလက်ရာအစုံနဲ့ဆိုတော့ ရှေးခေတ်ပြန်ရောက်သွားသလို ခံစားခဲ့ရပါတယ်။ ဒါကြောင့်လည်း တံတားနဲ့ အနီးတဝိုက်နေရာတွေက ၂၀၀၅ခုနှစ်မှာ ယူနက်စကိုရဲ့ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်စာရင်းထဲ ပါဝင်ခဲ့ပါတယ်။


မိုစတာမြို့နားမှာရှိတဲ့ အခြားအထင်ကရနေရာတွေကတော့ နိုင်ငံရဲ့ ဘာသာရေးအရအထွတ်အမြတ်ထားရာ Blagaj Tekija ဆိုတဲ့နေရာ၊ ခရာဗီကာ (Kravica) ရေတံခွန်ကြီး၊ ဥရောပရဲ့ အလှဆုံးရွာလေးတစ်ရွာဖြစ်တဲ့ Počitelj ရှေးဟောင်းရွာလေး၊ စစ်အထိမ်းအမှတ်ပြတိုက်နဲ့ ကျောက်တုံးတွေနဲ့ဆောက်ထားတဲ့ Hamam တူရကီရေချိုးအိမ်ပြတိုက်တို့ပဲဖြစ်ပါတယ်။ ဟာဇီဂိုဗီးနားမှာအလှဆုံးဖြစ်တဲ့ Koski Mehmed Pasha ဗလီလေးကလည်း မြစ်ကမ်းဘေး တောင်စောင်းပေါ်မှာရှိပြီး ဗလီမျှော်စင်ပေါ်ကကြည့်ရင် မြို့ဟောင်းတစ်ခုလုံးကို လှမ်းမြင်ရပါတယ်။


မိုစတာကို မြို့တော် ဆာရာဂျေးဗိုးကနေသွားနိုင်သလို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ခရိုအေးရှား(Croatia) နိုင်ငံ ဒူဘရိုနစ်(ခ်)မြို့ (Dubrovnik) နဲ့ စပလစ်(Split)မြို့ ကနေလည်း နေ့ချင်းပြန်သွားနိုင်ပါတယ်။ စာရေးသူတို့လည်း ဒူဘရိုနစ်(ခ်)မြို့ကနေ နေ့ချင်းပြန် သွားခဲ့တာပဲဖြစ်ပါတယ်။

ဒဏ္ဏာရီထဲက ကမ်းခြေမြို့လေး ဒူဘရိုနစ်(ခ်) (Dubvronik, Croatia)

ဒဏ္ဏာရီထဲက ကမ်းခြေမြို့လေး

ဒူဘရိုနစ်(ခ်) (Dubvronik)


Written by Nu Myat Theingi Oo


ဥရောပတိုက်ရှိ ဘော်လ်ကန် (Balkan) ကျွန်းဆွယ် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ခရိုအေးရှား(Croatia) နိုင်ငံရဲ့ မြို့တော်က ဇာဂရက်(Zagreb)မြို့ဖြစ်ပေမဲ့ တောင်ဘက်ပိုင်းကမ်းခြေမြို့ ဒူဘရိုနစ်(ခ်) (Dubrovnik) ဟာလည်း ကမ္ဘာလှည့်ခရီးသည်တွေအကြား နာမည်ကျော်ပါတယ်။ ဒူဘရိုနစ်(ခ်)က မြေထဲပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ပြီး အဒရီယဲတစ်ပင်လယ်ကမ်းခြေပေါ်မေးတင်နေတဲ့ ရှေးဟောင်းမြို့ကြီးက အရမ်းကို လှပလွန်းလို့ ကမ္ဘာ့အလှဆုံးမြို့တွေထဲ ပါဝင်နေပါတယ်။


၇ရာစုကတည်းက စပြီးလူတွေအခြေချနေထိုင်ခဲ့ကာ ၁၃၅၈ခုနှစ်ကနေ ၁၈၀၈ခုနှစ်အထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သမ္မတနိုင်ငံဖြစ်ခဲ့ပြီး ၁၅ရာစုနဲ့ ၁၆ရာစုအတွင်း ကုန်သွယ်ရေးမှာ ထိပ်ဆုံးရောက်ခဲ့ပါတယ်။ မြို့ရဲ့ နာမည်အကြီးဆုံးနေရာကတော့ ခိုင်ခံ့တဲ့ မြို့ရိုးတံတိုင်းကြီးတွေ ကာရံထားတဲ့ မြို့ဟောင်းကြီးပါ။ မြို့ဟောင်းထဲဝင်လိုက်တာနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကို ပြန်ရောက်သွားသလို ခံစားခဲ့ရတာပါ။ ကျောက်ခင်းလမ်းမကြီးတွေ၊ ရှေးဟောင်းအဆောက်အအုံတွေ၊ ရုပ်တုကြီးတွေနဲ့ မြို့ဟောင်းကြီးက တကယ့်လေဟာပြင်ပြတိုက်ကြီးပါ။ ဒီမြို့ဟောင်းကြီးကို ၁၉၇၉ ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စင်တာအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။


မြို့ဟောင်းထဲမှာ ဥရောပရဲ့ ရှေးအကျဆုံး ဆေးဆိုင်ရှိပါတယ်။ ၁၃၁၇ခုနှစ်ကတည်းက အခုထိဖွင့်နေဆဲမလို့ သက်တမ်းအရှည်ကြာဆုံး ဆေးဆိုင်လို့ဆိုရမှာပါ။ အလယ်ပိုင်းခေတ် မိလ္လာစနစ်တွေကိုလည်း ဒီမြို့မှာပဲ အစောဆုံးအသုံးပြုခဲ့တာပါ။ မြို့ဟောင်းထဲက ရေပန်းတွေကခုထိ အသုံးပြုလို့ရတုန်းဖြစ်သလို သောက်ရေသန့်တွေလည်း ပန်းထွက်ပေးနေပါတယ်။ မြို့ဟောင်းထဲက Onofrio ဆိုတဲ့ ရေပန်းကြီးကတော့ အလှဆုံးနဲ့ နာမည်အကြီးဆုံးပေါ့။ မြို့ကိုပတ်လည်ဝိုင်းထားတဲ့ တံတိုင်းကြီးတွေက တအားကိုခိုင်ခံ့ပြီး တချို့နေရာတွေမှာဆို ပေ ၂၀လောက်ထိ အထူရှိပါတယ်။ စစ်ဒဏ်ခံခဲ့ရတာတောင်မှ ရန်သူတွေဒဏ်ကနေ အပေါက်ရာတစ်နေရာတောင်မရှိခဲ့တဲ့အထိ ခိုင်မာခဲ့တာပါ။
ဒူဘရိုနစ်(ခ်)မြို့လေးက စတုရန်းမိုင်ပေါင်း ၈.၂၄မိုင်သာ အကျယ်ရှိလို့ မြို့သေးလေးတစ်မြို့ပါပဲ။ မြို့လေးကသေးတော့ တစ်နေရာနဲ့တစ်နေရာ လမ်းလျှောက်သွားနိုင်ပါတယ်။ မြို့သေးပေမဲ့ ဒဏာရီထဲက ကမ်းခြေမြို့လေးလိုလှပလွန်းတော့ ကမ္ဘာကျော် ဇာတ်လမ်းတွဲဖြစ်တဲ့ Game of Thrones (GOT) ရဲ့ အပိုင်းအတော်များများကို ဒီမြို့လေးမှာ ရိုက်ကူးခဲ့တာပါ။ ရိုက်ကွင်းနေရာကို လာရောက်လေ့လာတဲ့ ခရီးသည်တွေသန်းချီရှိလို့ ရိုက်ကွင်းနေရာတွေလိုက်ပြတဲ့ ခရီးစဉ်သက်သက်တောင် ရောင်းချနေတာကို တွေ့ခဲ့ရပါတယ်။


မြို့ဟောင်းအနောက်နားမှာရှိတဲ့ ဆာ့ဂျ်(Srdj) တောင်ပေါ်ကနေ မြို့ဟောင်းနဲ့ အနီးအနားကကျွန်းတွေကို လှမ်းမြင်ရသလို အနောက်ဘက်ကိုကြည့်လိုက်ရင် Bosnia and Herzegovina နိုင်ငံကိုတောင်လှမ်းမြင်နိုင်ပါတယ်။ ရှုခင်းအရမ်းလှလို့ တောင်ပေါ်ကို မဖြစ်မနေသွားသင့်ပါတယ်။ တောင်ထိပ်ကို ကားလမ်းကနေသွားနိုင်သလို Cable Car စီးပြီးလည်း သွားနိုင်ပါတယ်။


ပင်လယ်ကမ်းစပ်မြို့ဆိုတော့ အနီးအနားမှာ ကျွန်းတွေရှိသလို စက်လှေတွေနဲ့ ကျွန်းပတ်လို့လည်းရပါတယ်။ လှေလှော်ကြ၊ ရွက်လွှင့်ကြနဲ့ ပင်လယ်ပျော်တွေအကြိုက်ပါ။ ဒူဘရိုနစ်ခ်မြို့နားက လိုခရမ် (Lokrum) ကျွန်းက သာယာလှပတဲ့ သဘာဝကျွန်းလေးဖြစ်ပြီး ဘုရင်တွေရဲ့ကျွန်းလို့လည်း အမည်ရပါတယ်။ မြို့အနီးမှာ မာကိုပိုလိုရဲ့ မွေးရပ်မြေ ကောကူလာ (Korcula) ကျွန်းလည်းရှိပြီး သူမွေးခဲ့တဲ့အိမ်ကို ခုထက်တိုင် သွားလည်နိုင်ပါတယ်။ Mljet ကျွန်းရဲ့ အမျိုးသားဥယျာဉ်ကတော့ အရမ်းကိုလှပပြီး Elafite ကျွန်းတွေကလည်း လှပပါတယ်။
ခရိုအေးရှားနိုင်ငံရဲ့ တခြားမြို့တွေကနေ ဒီမြို့ကိုလာဖို့ဆိုရင် တခြားနိုင်ငံကို ဖြတ်ပြီးမှ လာရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒူဘရိုနစ်(ခ်)မြို့နဲ့ တခြားမြို့သေးလေးတွေရှိတဲ့ တောင်ဘက်အစွန်းပိုင်းက ခရိုအေးရှားနိုင်ငံပြည်မကြီးနဲ့ ထိစပ်မနေဘဲ ကြားမှာ ဘော့စ်နီးယားနဲ့ ဟာဇီဂိုးနီးယားနိုင်ငံ (Bosnia & Hazegonia) ခြားထားတာကြောင့်ပါ။ ဒူဘရိုနစ်(ခ်)က နယ်စပ်နားမှာရှိတော့ အဲ့ဒီကနေ ဘော့စ်နီးယားနဲ့ ဟာဇီဂိုးနီးယားနိုင်ငံ (Bosnia & Hazegonia) အပြင် မွန်တီနီဂရိုးနိုင်ငံ (Montenegro)ကိုပါ နေ့ချင်းပြန် သွားရောက်လည်ပတ်နိုင်ပါတယ်။


ဒူဘရိုနစ်(ခ်)မြို့က ပင်လယ်ရေမျက်နှာပြင်ကနေ ဆယ်ပေလောက်သာမြင့်ပြီး စိမ်းပြာလဲ့နေတဲ့ရေပြင်ကျယ်ကြီးနဲ့အတူ ကမ်းခြေအလှတွေလည်းရှိကာ နေရောင်ခြည်များများရတဲ့နိုင်ငံမလို့ ဥရောပတိုက်ရှိ တခြားနိုင်ငံကလူတွေ လာရောက်အပန်းဖြေလေ့ရှိကြပါတယ်။ ဒါကြောင့် အရှေ့ဥရောပရဲ့ နိဗာန်လိုဖြစ်နေတဲ့ ဒူဘရိုနစ်(ခ်)မြို့လေးဟာ အရှေ့ဥရောပနိုင်ငံတွေ သွားလည်မယ်ဆိုရင် မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့မြို့လေးပါ။

သဘာဝရေပူစမ်းများရှိရာ ဆလိုဗက်ကီးယားနိုင်ငံ (Slovakia)

သဘာဝရေပူစမ်းများရှိရာ

ဆလိုဗက်ကီးယားနိုင်ငံ (Slovakia)


ဆလိုဗက်ကီးယား (ခေါ်) ဆလိုဗက်သမ္မတနိုင်ငံသည် ဥရောပအလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်ပြီး မြောက်ဘက်တွင်ပိုလန်၊ အရှေ့ဘက်တွင်ယူကရိန်း၊ တောင်ဘက်တွင်ဟန်ဂေရီနှင့် အနောက်တောင်ဘက်တွင် သြစတြီးယားတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပါသည်။ ၎င်း၏ဖက်ဒရယ်မိတ်ဖက်ဖြစ်သော ချက်သမ္မတနိုင်ငံမှာမူ အနောက်ဘက်တွင်တည်ရှိနေပါသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၉၀၀၀ ခန့်ရှိပြီး အများစုသည် တောင်တန်းများဖြစ်ပါသည်။ လူဦးရေမှာ ၅.၄ သန်းကျော်ရှိပြီး အများစုမှာ ဆလိုဗက်လူမျိုးများဖြစ်ကြပါသည်။


နဂိုက ချက်ကိုဆိုဗားကီးယားနိုင်ငံအဖြစ် ရှိခဲ့ကြသော်လည်း ကတ္တီပါတော်လှန်ရေးပြီးနောက် ဆလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံတို့သည် ၁၉၉၃၊ ဇန်နဝါရီ ၁ ရက်မှစ၍ သီးခြားနိုင်ငံများအဖြစ် ခွဲထွက်ခဲ့ကြပါသည်။ မြို့တော်နှင့်အကြီးဆုံးမြို့မှာ ဘရတ္တစ်လာဗာ(Bratislava) ဖြစ်ပြီး သြစတြီးယား၊ ဟန်ဂေရီနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသဖြင့် နိုင်ငံနှစ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကမ္ဘာ့တစ်ခုတည်းသော မြို့တော်ဖြစ်ပါသည်။


ဆလိုဗက်ကီးယားနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာသောနိုင်ငံ ဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်မှစ၍ လူဦးရေနှင့်ယှဉ်လျှင် ကမ္ဘာ့ကားထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာပြီး ၂၀၁၁ ခုနှစ်တွင် ကားအစီးပေါင်း ၁သန်းကျော် ထုတ်လုပ်နိုင်ခဲ့ပါသည်။


ဆလိုဗက်ကီးယားသို့ ဧည့်သည်များ လည်ပတ်ရသည့ ်အဓိကအကြောင်းရင်းများမှာ ထူးခြားသော သဘာဝအလှအပနှင့် ရိုးရာသမိုင်းဝင်အဆောက်အအုံများကြောင့် ဖြစ်ပါသည်။ အမျိုးသားဥယျာဉ် ၉ ခုရှိသော ဆလိုဗက်ကီးယားသည် ခရီးသွားများအတွက် နိဗ္ဗာန်ဘုံဖြစ်သည်။ ပေ ၈၀၀၀ကျော် မြင့်သော တောင်များနှင့် ရေခဲမြစ်များရှိသည့် ဟိုင်းတက်တရပ်စ်(High Tatras) တောင်တန်းများသည် အလွန်လှပလှပါသည်။


ဆလိုလိုဗက်ကီးယား၏မြေအတော်များများမှာ ထုံးကျောက်များဖြစ်၍ ဂူများစွာရှိသလို လှပသောကျောက်ဆောင်များ၊ ချောက်ကြီးများနှင့် ရေတံခွန်များလည်း ရှိပါသည်။ ယခုအချိန်အထိ ဂူပေါင်း ၆၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အံ့မခန်းဖွယ်ရာ ဂူများကို Low Tatras၊ Slovak Paradise နှင့် Slovak Karst ဥယျာဉ်များတွင် တွေ့နိုင်ပါသည်။ Krasnohorska ဂူသည်လည်း ကမ္ဘာ့အမြင့်ဆုံးဂူတိုင်အဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ပါသည်။


ဆလိုဗက်ကီးယားတွင် သဘာဝသတ္တုကြွယ်ဝသည့် ရေပူစမ်းပေါင်း ၁၃၀၀ ကျော်ရှိပြီး ကမ္ဘာကျော် အပန်းဖြေစခန်းအချို့မှာ ရေပူစမ်းစိမ်ကုသမှုများ၊ အပန်းဖြေမှုများ ပြုလုပ်နိုင်ပါသည်။ Košice မြို့အနီးရှိ ရေပူစမ်းမှာမူ ထူးခြားလှပြီး တစ်ရက်ခြားတစ်ခါ ၁၅မီတာအမြင့်ထိ ရေတွေပန်းထွက်လေ့ရှိပါသည်။ ထို့ပြင် သဘာဝရေချိုရရှိမှုများကာ ဘုံဘိုင်ရေကို တိုက်ရိုက်သောက်သုံးနိုင်သည်အထိ ရေသန့်စင်ပါသည်။


ဆလိုဗက်ကီးယားတွင် သဘာဝအလှတရားများတင်မက သမိုင်းဝင်အဆောက်အအုံများစွာလည်း ရှိလို့နေပါသည်။ လူဦးရေနှင့်ယှဉ်လျှင် ရဲတိုက်နှင့် အိမ်ကြီးအိမ်ကောင်းများ အများဆုံးရှိသည့်နိုင်ငံဖြစ်ပြီး Bratislava ရဲတိုက်၊ Bojnice ရဲတိုက်နှင့် Spiš ရဲတိုက်တို့မှာ အကျော်ကြားဆုံးဖြစ်ပါသည်။ ထို့ပြင် ဆလိုဗက်ကီးယားတစ်လွှား Gothic နှင့် Baroque မြို့များစွာလည်း ရှိပါသည်။


ဆလိုဗက်ကီးယားတွင် သစ်သားဖြင့်သာဆောက်လုပ်ထားသော ဘုရားရှိခိုးကျောင်းများနှင့် ကမ္ဘာ့အမြင့်ဆုံးသစ်သားပလ္လင် အပါအဝင် သစ်သားရိုးရာဗိသုကာလက်ရာများကို ကောင်းမွန်စွာထိန်းသိမ်းထားပါသည်။ Stara Bystrica ရှိ နက္ခတ္တဗေဒနာရီသည် ဆလိုဗက်ကီးယားနိုင်ငံ၏ အကြီးဆုံးသစ်သားရုပ်တုဖြစ်ပါသည်။ နိုင်ငံမြောက်ပိုင်းရှိ ခီချီမန်ကျေးရွာသည် ရိုးရာဗိသုကာထိန်းသိမ်းထားသည့် ကမ္ဘာ့ပထမဆုံးရွာဖြစ်ပါသည်။ တောင်များဝိုင်းရံထားသော ထိုရွာသည် ရိုးရာသစ်သားအိမ်များကြောင့် ကျော်ကြားပါသည်။

ဆောင်နိုင်ကြီးရေတံခွန်နဲ့ ကျိုက်ထီးရိုး နေ့ချင်းပြန်ခရီး ( Golden Rock Pagoda, Myanmar)

ဆောင်နိုင်ကြီးရေတံခွန်နဲ့ ကျိုက်ထီးရိုး 

နေ့ချင်းပြန် Road Trip

ကျိုက်ထီးရိုးဘုရားရဲ့တောတောင်ရေမြေ သဘာဝအလှကတော့ ပြောစရာမလိုလောက်အောင်လှမှန်းသိပြီးသားပါ ဒါပေမဲ ကင်ပွန်းစခန်းနားက ဆောင်နိုင်ကြီး ရေတံခွန်ကိုတော့ ဒီလောက်လှမယ် မထင်ခဲ့ရိုးအမှန်ပါ။

IMG_6279-2-01

ရေတံခွန်ကြီးက အရမ်းကို အေးချမ်းသာယာတာပဲ။ တောထဲတောင်ထဲမှာ တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးတွေ၊ တဝေါဝေါကျနေတဲ့ ရေစီးသံလေးတွေနဲ့ အေးချမ်းလိုက်တာ။
ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းကနေ မြေနီလမ်းလေးအတိုင်း မိနစ် ၂၀လောက်မောင်းရင်ရောက်တော့ ကျိုက်ထီးရိုးဘုရားဖူးသွားရင်း ရန်ကုန်ကနေ နေ့ချင်းပြန်သွားလို့ရတယ်။

ဒီတော့ နေ့ချင်းပြန် ဘယ်သွားရမလဲ စဉ်းစားရကျပ်နေသူတွေအတွက် ကျိုက်ထီးရိုးဘုရားဖူးရင်း တောတွေတောင်တွေကြားက ရေတံခွန်လေးမှာ အေးဆေးအနားယူပြီး ရေဆော့နိုင်ပါတယ်လို့။ အချိန်ရရင် သုဝဏ္ဏဘူမိ Resort မှာ ကော်ဖီသောက်တာတို့ စိမ်းလဲ့တင် အပန်းဖြေစခန်းက Mini Zoo လေးထဲ အကောင်လေးတွေ သွားကြည့်တာတို့လည်း တစ်ခါထဲ လုပ်ခဲ့လို့ရပါတယ်။

ကျိုက်ထီးရိုး

ကျိုက်ထီးရိုးကတော့ ငယ်ငယ်လေးကတည်းကဖူးနေကြပါ။ ဒီတစ်ခါတော့ ၄နှစ်အရွယ်တူလေးလည်းပါတော့ တစ်ခါမှမရောက်ဖူးတဲ့ သူ့အစားရင်တွေခုန်နေပါတယ်။ ဟိုးအမြင့်ကြီးတောင်တွေပေါ်၊ တိမ်ပင်လယ်တွေကြားက ရွှေရောင်ဝင်းနေတဲ့ ကျိုက်ထီးရိုးစေတီကြီးက ဘယ်တော့ရောက်ရောက် ဖူးမဝ။ တောတောင်ရှုခင်းတွေဆိုလည်း ဘယ်တော့ရောက်ရောက်ကြည့်မဝ။

edf

edf

တောင်တက်ကားကြီးပေါ် တောင်အဆင့်အဆင့်ကွေ့ကာဝိုက်ကာ သွားရတာကိုလည်း အရမ်းသဘောကျတာ။ အခုတစ်ခေါက်မှာ ထူးခြားတာကတော့ တောင်တက်ကားတွေ အဆင့်မြင့်လာတာပါ။ ကားမှာ အမိုးတွေတပ်ထားသလို ထိုင်ခုံတွေမှာလည်း ခါးပတ်ကြိုးတွေတပ်ထားတယ်လို့။ တချို့ကားတွေဆို ထိုင်ခုံမှာ ဆိုဖာတပ်ထားတာတောင်တွေ့ရတယ်။ မဆိုးဘူးနော်။ Cable Car  နဲ့ ဆိုလည်း တောတောင်ရှုခင်းတွေ ပေါ်ကသွားရတာ အသည်းယားစရာလည်းကောင်း ပျော်စရာလည်းကောင်းပါတယ်။

20171031230200-01

20171031230301-01

နုမြတ်တို့က မနက်နောက်ကျမှ ၈ခွဲ-၉လောက်မှ ထွက်ဖြစ်တော့ ကင်ပွန်းစခန်းကို ၁၂လောက်မှရောက်တယ်။ တောင်ပေါ်မှာ ဘုရားဖူး ဓာတ်ပုံအေးဆေးရိုက် ထမင်းစားပြီးမှ ပြန်ဆင်းတာဆိုတော့ တောင်အောက်ကို ညနေ ၄ခွဲလောက်မှရောက်တယ်။ ကားကိုတော့ တောင်အောက် ကင်ပွန်းစခန်းက Feel စားသောက်ဆိုင် မျက်စောင်းထိုးက ဟိုတယ်ရှေ့မှာ ရပ်ထားခဲ့တယ်။ နေ့တဝက်ဆိုတော့ ကားရပ်ခ ၃၀၀၀ ပဲပေးရတယ်။

edf

 

ဆောင်နိုင်ကြီးရေတံခွန်

တောင်အောက်ပြန်ရောက်တော့ အဲ့မှာရပ်ထားတဲ့ကားပြန်ယူပြီး ဆောင်နိုင်ကြီးရေတံခွန်ဆီဆက်သွားခဲ့တယ်။ အဲ့ရေတံခွန်ကို ကင်ပွန်းစခန်းကနေ မိနစ်၂၀လောက် ကားလမ်းအတိုင်းသွားရင်ရောက်တယ်။ ကားလမ်းသိပ်မကောင်းသေးတော့ ကားကြီးနဲ့သွားမှအဆင်ပြေမယ်။ ကားပါမလာရင်တော့ ဆိုင်ကယ်ကယ်ရီနဲ့ တစ်ယောက် ၁၅၀၀ကျပ်နဲ့ ရေတံခွန်အရောက်လိုက်ပို့ပေးတယ်။

လမ်းမှာ ချောင်းတစ်ခုကိုတံတားနဲ့ဖြတ်ရတယ်။ အဲ့ချောင်းမှာတင် ခေတ်စကားနဲ့ပြောရရင် တစ်ကားရိုက်လို့ရတယ်။ ချောင်းဘေးမှာ တဲလေးတွေနဲ့ စားသောက်ဆိုင်လေးတွေ အစီအရီ။ ရေဆော့ဖို့ ဘောကွင်းတွေလည်း တွေ့ရတယ်။ တံတားပေါ်ဖြတ်ရင်း ဖြတ်ခနဲ လှမ်းကြည့်တာတောင် ရေအောက်ကကျောက်တုံးလေးတွေ လှမ်းမြင်ရလောက်တဲ့အထိရေကြည်တယ်။

20171031230337-01

အဲ့ကနေ တောလမ်းအတိုင်းဆက်မောင်းတဲ့အခါ ဝါးတိုင်လေးတွေ အစီအရီနဲ့ အဝင်ဝကို လှမ်းတွေ့ရတယ်။ အထဲမှာလည်း အလှဆင်ထားတာလေးတွေ ရှိတော့ ဓာတ်ပုံရိုက်လို့တော်တော်လှမယ်။ ကိုယ်တွေကတော့ နောက်ကျနေလို့ ရေတံခွန်ဆီပဲ တန်းသွားခဲ့ကြတယ်။ ရေတံခွန်ရောက်ဖို့ ကားပါကင်ကနေ တောလမ်းလေးအတိုင်း လမ်းလျှောက်သွားရတယ်။ လမ်းတလျှောက် စမ်းချောင်းလေးနဲ့ ရေတံခွန်အသေးလေးတွေနဲ့ အရမ်းသာယာတယ်။ စမ်းချောင်းဘေးမှာ ကျောက်တုံးတွေ ကျောက်ဆောင်တွေနဲ့ သဘောကျဖို့ကောင်းပါဘိ

edf

IMG_20171008_164822-01

ozedf

လျှောက်ရင်းလျှောက်ရင်း ဆိုင်တွေအစီအရီနဲ့ ရေဆော့တဲ့နေရာကိုရောက်ခဲ့တယ်။ အဲ့ဒီကနေ မိနစ်၂၀လောက်ထပ်လျှောက်ရင် ရေတံခွန်အကြီးရောက်မယ်တဲ့။ တောလမ်းကလည်းဖြစ် နောက်လည်းကျ ကလေးလည်းပါနေတော့ အဲ့အထိဆက်မသွားတော့ဘဲ လူအများရေဆော့တဲ့နေရာမှာပဲ ဆင်းဆော့ခဲ့ကြတယ်။

cof

အဲ့နေရာမှာတော့ လူရှင်းပြီး ဓာတ်ပုံရိုက်လို့လည်းလှတဲ့ အစွန်ဆုံးကိုသွားပြီး ရေထဲဆင်းဆော့ခဲ့ကြတာ။ ကိုယ်တွေဆော့တဲ့နေရာက ရေတံခွန်လေးတွေအများကြီးရှိပြီး တချို့နက်တဲ့နေရာက ရေတွေဆို စိမ်းပြာရောင်လေးတွေ ဖြစ်လို့ လှမှလှ။ တူလေးဆို ပျော်လွန်းလို့ ရေတွေနဲ့ လိုက်ပက်နေတာ။

IMG_6167

ချောင်းအလယ်က နေရာကို ရောက်ဖို့ ရေနည်းနည်းနက်တာကိုဖြတ်ရတယ်။ နက်တယ်ဆိုတာကလည်း ရင်ခေါင်းလောက်နက်တာပါ။ ရေတံခွန်အရှိန်နဲ့မျောမပါသွားအောင် ကမ်းတစ်ဖက်နဲ့တစ်ဖက် ကြိုးတန်းပေးထားတော့ သွားရအဆင်ပြေတယ်။ ရေတံခွန်တွေအလည်ရောက်တော့ ပျော်စရာပေါ့။

IMG_4355

အဲ့မှာသဘောကျတာတစ်ခုက ရေဆော့သူတွေ အန္တရာယ်မရှိအောင် ကမ်းစပ်မှာ ရွာသားတွေ စောင့်ပေးခိုင်းထားတာ။ ရေတံခွန်မှာကြိုက်တဲ့အချိန်ထိနေလို့ရတယ်။ ဧည့်သည်တွေပြန်မှ သူတို့လည်း ပြန်ရတာတဲ့လေ။

IMG_4360-2

အဲ့မှာရေဆော့ပြီး ပုံတွေအမုန်းရိုက်ပြီးတာနဲ့ မှောင်လည်း မှောင်စပြုလာပြီဆိုတော့ ရေစိုအဝတ်တွေလဲပြီးတာနဲ့ပြန်လာခဲ့ကြတယ်။ ညစာကိုတော့ ကျိုက်ထိုက Feel မှာပဲ ဝင်စားခဲ့ကြတယ်။ ည၁၁ နာရီလောက်ပြန်ရောက်ပါတယ်။

IMG_6123

ဒါကတော့ ကျိုက်ထီးရိုးဘုရားဖူးရင်း ဆောင်နိုင်ကြီးရေတံခါန်မှာ ရေကစားခဲ့ကြတဲ့ အတွေ့အကြုံတွေပါ။ တန်ဆောင်တိုင်ရုံးပိတ်ရက် အဲ့ဒီလိုလည်း နေ့ချင်းပြန်ခရီးထွက်လို့ရပါတယ်လို့။

ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ တန်ဆောင်တိုင်ဖြစ်ပါစေနော်။

ချစ်တဲ့
နုမြတ်

ကမ္ဘာ့အကြီးဆုံး ကိုယ်တစ်ပိုင်းရုပ်တုကြီးရှိရာ အိန္ဒိယမှာ ငြိမ်းချမ်းခြင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း…… Spiritual Unfoldment in Isha Yoga Center, India

ကမ္ဘာ့အကြီးဆုံး ကိုယ်တစ်ပိုင်းရုပ်တုကြီးရှိရာ

အိန္ဒိယမှာ
ငြိမ်းချမ်းခြင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း……

2019_06_23_11_04_IMG_4226
တောင်တန်းတွေ ဝန်းရံထားတဲ့ ကွင်းပြင်ကျယ်ကြီးထဲ အနက်ရောင် ကိုယ်တစ်ပိုင်း ရုပ်တုကြီးက အထင်းသားရှိနေပါတယ်။ နဖူးတစ်ဖက်မှာ လခြမ်း၊ ပုခုံးတစ်ဖက်မှာ ပါးပျဉ်းထောင်နေတဲ့မြွေရုပ်ကြီးနဲ့ နှုတ်ခမ်းကပြုံးနေပြီး မျက်စိကမှိတ်လျှက်သားရှိနေတဲ့ ရုပ်တုကြီးကတော့ ဟိန္ဒူဘုရား ရှိဗ(သိဝ)ရုပ်တုကြီးပါ။ အိန္ဒိယနိုင်ငံတောင်ပိုင်း ကိုအင်ဘတောမြို့နားရှိ အစ်ရှယောဂစင်တာ (Isha Yoga Center) ဝင်းကြီးမှာ တည်ထားကိုးကွယ်တဲ့ ဒီရုပ်တုကြီးက ကမ္ဘာလှည့်ခရီးသည်တွေအကြား ထင်ရှားလှပါတယ်။

ဒီယောဂစင်တာကြီးထဲ သွားရောက်ခဲ့ရာမှာ စိတ်ရော ကိုယ်ပါ ငြိမ်းချမ်းခဲ့တဲ့ ထူးခြားတဲ့ အတွေ့အကြုံအများကြီးရခဲ့လို့ ပြောပြချင်ပါတယ်။

ဘယ်နေရာမှာ ရှိတာလဲ
—————————
အစ်ရှယောဂစင်တာကို ဆာဒူးဂုရု ဂျက်ဂီဗာဆူဒိ (Jaggi Vasudev) တည်ထောင်ထားတဲ့ ဘာသာရေးဆိုင်ရာအဖွဲ့အစည်း အစ်ရှာဖောင်ဒေးရှင်း (Isha Foundation) ကနေ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင်တို့ ဆုတောင်းရာ၊ တရားကျင့်ရာနေရာဖြစ်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်း တမေးလ်နာဒူနယ် (Tamil Nadu) ကိုအင်ဘတောမြို့(Coimbatore) အနောက်ဘက် မိုင်၂၀အကွာမှာ ရှိပါတယ်။

Isha_Sadhguru_Centers_Adiyogi-Abode20150924_JAD_1330-e

ဘယ်လိုရောက်ဖြစ်ခဲ့လဲ
—————————
အဲ့ဒီနေရာကို နုမြတ်ရောက်ဖြစ်ခဲ့တာကတော့ အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂလောမြို့(Bengalore)မှာ ဇွန်လ၂၁ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ပွဲတက်ရောက်ဖို့ သွားရင်းနဲ့ပါ။ အဲ့ပွဲအတွက် နိုင်ငံပေါင်း ၂၀ကျော်က မီဒီယာနဲ့ ခရီးသွားလုပ်ငန်းရှင်တွေကို ဖိတ်ကြားခဲ့ရာမှာ နုမြတ်ကိုလည်း မြန်မာနိုင်ငံ အိန္ဒိယသံရုံးကနေတဆင့် ဖိတ်ကြားခဲ့လို့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ခဲ့တာပါ။ အိန္ဒိယတောင်ပိုင်း ၅ရက်တာခရီးမှာ ဘန်ဂလောမြို့အပြင် အူတီမြို့(Ooty) နဲ့ ကိုအင်ဘတောမြို့ (Coimbatore) တွေပါ သွားရောက်လေ့လာဖြစ်ခဲ့တာကြောင့် အစ်ရှာယောဂစင်တာကိုပါ လေ့လာခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

ဒီခရီးစဉ်က အိန္ဒိယရဲ့ ယဉ်ကျေးမှုတစ်စိတ်တစ်ပိုင်းဖြစ်ပြီး နေ့စဉ်ဘဝမှာ အရေးပါတဲ့ ယောဂနဲ့ပတ်သက်ပြီး လေ့လာရတဲ့ ခရီးဖြစ်လို့ သွားရောက်ရတဲ့နေရာတွေကလည်း ယောဂနဲ့ ဆက်စပ်နေတဲ့ နေရာတွေ များပါတယ်။ အဲ့ဒီထဲကမှ ဒီယောဂစင်တာလေးက တစ်မူထူးခြားနေလို့ ပို့စ်သက်သက် ရေးတင်လိုက်တာပါ။

2019_06_21_07_31_IMG_3557.JPG

ဟိန္ဒူဘုရားတွေ
—————————
ယောဂစင်တာကြီးအကြောင်း မပြောခင် ဟိန္ဒူဘုရားအကြောင်း ပြောချင်ပါတယ်။ ဟိန္ဒူဘာသာမှာ တရိမုရတိခေါ်တဲ့ နတ်သုံးပါးအစုရှိပြီး အဲဒီနတ်ဘုရားသုံးပါးကတော့ လောကကို ဖန်ဆင်းသူ ဗြဟ္မာ၊ လောကကို ထိန်းသိမ်းစောင့်ရှောက်သူ ဗိရှနု(ဗိူနိုး)၊ လောကကို ဖျက်ဆီးပြီး လောကအသစ်တစ်ခုကို ထပ်မံဖန်ဆင်းသူ ရှိဗ(သိဝ)တို့ဖြစ်ကြပါတယ်။ ဒီနတ်သုံးပါးအနက် ဗြဟ္မာကို ပူဇော်ပသတဲ့ ဓလေ့ထုံးစံသိပ်မရှိလို့ အိန္ဒိယတစ်နိုင်ငံလုံးမှာ ဗြဟ္မာကို ရည်စူးပြီး ဆောက်လုပ်ထားတဲ့ နတ်ကွန်း အလွန်နည်းပါးပေမဲ့ ဗိရှနနဲ့ရှိဗကိုတော့ ခေတ်အဆက်ဆက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် ပူဇော်ပသလေ့ရှိကြပါတယ်။

Isha_Sadhguru_Centers_Adiyogi-Abode20150924_CHI_4406-e

ရှိဗရုပ်တုကြီး
—————————

ရှိဗကိုဘုရားကျောင်းတွေနဲ့ တည်ဆောက်ကိုးကွယ်လေ့ရှိပေမဲ့ ယောဂယဉ်ကျေးမှုမှာတော့ ရှိဗကို ဘုရားအဖြစ်ထက်စာရင် ပထမဆုံးယောဂီအဖြစ်သိထားကြပါတယ်။ ဒါကြောင့်လည်း အစ်ရှာယောဂစင်တာထဲမှာ ရှိဗရုပ်တုကြီးကို တည်ထားကိုးကွယ်ထားတာပဲဖြစ်ပါတယ်။ ၁၁၂ပေအမြင့်ရှိ ရှိဗရုပ်တုကြီးက စတီးနဲ့ထုဆစ်ထားတာဖြစ်ကာ ကမ္ဘာ့အကြီးဆုံးကိုယ်တစ်ပိုင်းပုံ ရုပ်တုကြီးပဲဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီဇိုင်းပုံဖော်တာ ၂နှစ်ကြာကာ တည်ဆောက်တာကတော့ ရှစ်လပဲကြာခဲ့ပါတယ်။

2019_06_23_10_00_IMG_8299

ရုပ်တုကြီးက တောတောင်တွေ ဝန်းရံထားတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ ထီးထီးကြီး တည်ရှိနေတာပါ။ ဟိုးအဝေးကြီးက လှမ်းကြည့်ရင်တောင်မြင်ရပါတယ်။ နဖူးတစ်ဖက်မှာ လခြမ်း၊ ပုခုံးတစ်ဖက်မှာ ပါးပျဉ်းထောင်နေတဲ့မြွေရုပ်ကြီးနဲ့ နှုတ်ခမ်းကပြုံးနေပြီး မျက်စိကမှိတ်လျှက်သားရှိနေကာ ဆံပင်တွေ လေထဲလွင့်နေသလိုမျိုးနဲ့ ရှိဗရုပ်တုကြီးက အသက်ဝင်လှပါတယ်။ ကားပေါ်မှာကတည်းက လှမ်းကြည့်စိတ်ဝင်စားနေကြပြီး ဓာတ်ပုံရိုက်ဖို့ ကင်မရာတပြင်ပြင်နဲ့ရယ်ပေါ့။ ကားဝန်းထဲ ရပ်သွားပြီးတဲ့အခါမှာတော့ အဝေးကတစ်ခါ အနီးကပ်တစ်ခါ ဓာတ်ပုံတွေ ရိုက်ကြတာပေါ့။

2019_06_23_10_01_IMG_8300
ရုပ်တုရှိရာရင်ပြင်ပေါ်တက်တဲ့အခါမှာတော့ ကိုယ်တွေဆီမှာလို ဖိနပ်ချွတ်ရပါတယ်။ ဒီရုပ်တုကြီးထဲကိုတော့ ကိုယ်တွေဆီမှာလို ဝင်လို့မရပါဘူး။ ရုပ်တုရှေ့ရင်ပြင်ပေါ်မှာ အဆောင်သေးသေးလေးရှိပြီး အဲ့အဆောင်ထဲမှာတော့ ဘုရားသီချင်းလိုမျိုး သီဆိုဝတ်ပြုနေကြပါတယ်။ လူတွေလည်း ဝင်ဝတ်ပြုလိုက် ထွက်လိုက်ရယ်ပေါ့။ ဆင်းတုကို ကန်တော့တာမျိုးမဟုတ်ဘဲ အဆောင်ခလယ်က ရုပ်တုတစ်ခုနား ဝိုင်းထိုင်ပြီး ဆိတ်ဆိတ်နေကာ ဝတ်ပြုတာမျိုးပါ။ အဲ့အဆောင်လေးထဲ ခဏသွားထိုင်လိုက်တဲ့အခါ စိတ်နှလုံးချမ်းမြေ့မှု ခံစားခဲ့ရပါတယ်။

မော်ဒန်နွားလှည်း
——————-
ရုပ်တုကြီးရဲ့ ကျောဘက်ကနေ ၁၀မိနစ်လောက်လမ်းလျှောက်သွားရင် ယောဂစင်တာဝန်းကြီးရဲ့ ဝင်ပေါက်ဂိတ်ကို ရောက်ပါတယ်။ တချို့ကလည်း လမ်းလျှောက်မသွားဘဲ နွားလှည်းနဲ့ သွားကြတယ်။ နွားလှည်းဆိုလို့ ကိုယ်တွေဆီက နွားလှည်းလို မထင်လိုက်နဲ့။ ဘက်ဂီကားလိုလို အမိုးနဲ့ ထိုင်ခိုင်နဲ့ ခေတ်မီနွားလှည်းကြီး။ ခုံ၂တန်းကို တစ်ဖက်တစ်ချက်ထားပြီး လူတွေက ဘေးတိုက်ထိုင်ရတာ။ ခုံတစ်တန်းကို ၅ယောက်ဆိုတော့ စုစုပေါင်း ၁၀ယောက်ဆန့်တဲ့ အမိုးတပ် နွားလှည်းပေါ့။ နွားတစ်ကောင်ထဲကမောင်းရပေမဲ့ ဘီးတွေက တာယာဘီးကို ၄ဘီးတပ်ပေးထားတော့ အရမ်းမလေးလောက်ဘူး ထင်ပါရဲ့။

2019_06_23_11_43_IMG_5317
2019_06_23_11_52_IMG_5310

Ishya ယောဂစင်တာ
—————————

ပါးပျဉ်းထောင်တဲ့ မြွေရုပ်ကြီးတွေနဲ့ ဂိတ်ဝကိုကျော်လိုက်တဲ့အခါမှာတော့ ထိုးထိုးထောင်နေတဲ့ ကွမ်းပင်တွေစီတန်းနေတဲ့ ကွမ်းတောကို တွေ့လိုက်ရပါတယ်။ မြို့သူမဆိုတော့ ကွမ်းပင်ကို ကွမ်းပင်မှန်းမသိ ဒီဒေသက အုန်းပင်တွေက ပိန်ပိန်သွယ်သွယ်နဲ့ စလင်းဘော်ဒီတွေပါလားလို့တောင် ထင်လိုက်မိသေး။ နောက်မှ မေးကြည့်မှ ကွမ်းပင်မှန်းသိခဲ့တာ။ 😛 ကွမ်းတော ဘေးလမ်းတလျှောက် ၁မိနစ်လောက်လျှောက်ပြီးတဲ့အခါမှာ နောက်တစ်ဂိတ်ကို ဝင်ရပြန်ပါတယ်။ အဲ့ဂိတ်ကစပြီး ဖုန်းလည်းပေးမသုံး၊ ဓာတ်ပုံလည်းပေးမရိုက်တော့ပါဘူး။

2019_06_23_11_59_IMG_5316

၁၅၀ဧကအကျယ်ရှိ ယောဂစင်တာဝန်းကြီးထဲမှာ ရှိဗရုပ်တုကြီးအပြင် တခြားထူးခြားတဲ့ နေရာတွေကတော့ လူပေါင်းရာချီတပြိုက်နက်တရားကျင့်နိုင်တဲ့ အမိုးခုံးအဆောက်အအုံကြီး၊ ကိုယ်လက်သန့်စင်အောင် ရေနှစ်ရတဲ့ ရေအိုင်တော်တွေ၊ လင်ဂါဘာဟီရာဗီနတ်သမီးရုပ်တုရှိရာ ဘုရားကျောင်း၊ စတုရန်းပေ ၆၄၀၀၀ကျယ်ဝန်းပြီး ဗိသုကာလက်ရာထူးခြားတဲ့ Spanda ခန်းမကြီးနဲ့ ရှိဗရုပ်တုငယ်ရှိရာ ဘုရားကျောင်းတို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ပန်းခြံကြီး၊ တရားထိုင်ခန်းမ၊ ယောဂကျင့်ရာအဆောင်တွေ၊ ညအိပ်ညနေတည်းခိုဆောင်တွေလည်းအများကြီးရှိပါတယ်။

ရေနှစ်တဲ့အတွေ့အကြုံ
—————————

အထဲရောက်တော့ ဟိန္ဒူအယူအရ ရေနှစ်တာကို လုပ်လို့ရတဲ့နေရာရှိတယ် လုပ်ကြည့်ချင်ရင် စာရင်းပေးပါဆိုတော့ ထိပ်ဆုံးကပေးဖြစ်ခဲ့ပါတယ်။ ရေနှစ်ခဲ့ရတဲ့ အတွေ့အကြုံကတော့ အတော်ထူးခြားပါတယ်။ ရေနှစ်တဲ့နေရာကိုခေါ်သွားပြီး ကိုယ်မှာဝတ်ထားတာတွေ အကုန်ချွတ် ရေချိုးသန့်စင်ပြီး သူတို့ပေးတဲ့ လိမ္မော်ရောင် ဂါဝန်ကြီးကိုဝတ်ရပါတယ်။ ရေနှစ်ရတဲ့နေရာကြီးက တော်တော့်ကိုထူးခြားပါတယ်။ အမိုးခုံးအမြင့်ကြီးရှိတဲ့ အဆောက်အအုံထဲ လှေကားထစ်တွေအများကြီးဆင်းသွားရပြီး အောက်ဆုံးမှာ ရေကန်ကြီးရှိနေတာပါ။ ရေကန်ကြီးကို လှေကားထိပ်ကနေလှမ်းမြင်ရပါတယ်။ ရေကန်တစ်ဖက်ကနေ တစ်ဖက်ကို လိမ္မော်ရောင်ဂါဝန်တွေ ဝတ်ထားတဲ့ အမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက်စီတန်းပြီး ရေကန်ကိုဖြတ်ကာ လျှောက်နေကြပါတယ်။ ရေကန်အနက်ကတော့ ခါးတဝက်ကျော် ရင်ခေါင်းလောက်ပေါ့။ ရေကန်အလယ်မှာ ကျောက်ရုပ်ကြီးတစ်ရုပ်ရှိပြီး တချို့ကအဲ့ကျောက်ရုပ်နေရာအရောက် ကျောက်ရုပ်ကို တစ်ပတ်ပတ်ဆုတောင်းပြီး အသက်အောင့်ကာ တစ်ကိုယ်လုံး ခေါင်းပါမကျန်ရေထဲနှစ်လိုက်ကြတယ်။ ရေကန်ရဲ့ အဆုံးမှာ ရေတံခွန်လို နံရံက စီးကျနေတဲ့ရေတွေလည်းရှိပြီး အဆောက်အအုံတစ်ခုလုံး တိတ်ဆိတ်ကာ အဲ့ဒီရေကျသံပဲ ကြားနေရပါတယ်။ ရေအိုင်ပေါ်က အမိုးခုံးကြီးက အမြင့်ကြီးဖြစ်သလို မျက်နှာကျက်ပန်းချီတွေ ရေးဆွဲထားတာ သိပ်ကိုလှပါတယ်။ အလေးအမြတ်ထားရာ ရေအိုင်တော်ဖြစ်ပြီး ခဏနေရင်ဝင်ရမယ့် တရားထိုင် အဆောက်အအုံထဲမဝင်ခင် ကိုယ်လက်သန့်စင်အောင် ဆေးကြောရတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။ ရှေးခေတ်ကို ပြန်ရောက်သွားသလို၊ သီးခြားကမ္ဘာထဲကို ရောက်နေသလိုနဲ့ ရေနှစ်တဲ့အတွေ့အကြုံက အတော်ကို ထူးခြားလှပါတယ်။

20150303_CHI_0124-e

20160316_SUN_0039-e.jpg

တရားထိုင်တဲ့ အတွေ့အကြုံ
—————————

ရေနှစ်ပြီးတဲ့အခါ ကိုယ့်အဝတ်အစားကိုယ်ပြန်လဲပြီး တရားထိုင်တဲ့နေရာကို သွားကြရပါတယ်။ တရားထိုင်ရတဲ့နေရာက ရိုးရိုးအဆောက်အအုံ၊ ရိုးရိုးအခန်းလို မဟုတ်ဘဲ ထူးခြားပါတယ်။ အုတ်ပေါင်း ၂သိန်းခွဲနဲ့ဆောက်ထားတဲ့ တိုင်မပါ အမိုးခုံးအဆောက်အအုံကြီးပါ။ လူပေါင်းရာချီ တပြိုက်နက် တရားကျင့်နိုင်ပါတယ်။ ဒီအဆောက်အအုံထဲမှာ အလှည့်ကျ တရားထိုင်ရတာပါ။ တစ်ခါထိုင်ရင် အနည်းဆုံး မိနစ်၂၀ပါ။ ဒီထက်ပိုထိုင်ချင်ရင်လည်း ရပါတယ်။ ကိုယ့်အသုတ်မရောက်ခင် အရှေ့ကအသုတ်ကို ရပ်စောင့်တဲ့အခါမှာလည်း အားလုံးတိတ်ဆိတ်နေကြရပါတယ်။ အရှေ့ကအသုတ်ထွက်ပြီးတဲ့အခါ အဆောက်အအုံကြီးထဲတန်းစီဝင်ပြီး နေရာယူကြရပါတယ်။

Blog-jan 26-jan30 DL-daily mala

အဆောက်အအုံကြီးရဲ့ ဝင်ပေါက်ကတစ်ပေါက်ထဲပါ။ ပြတင်းပေါက်တွေလည်းမရှိဘဲ ပန်းကန်လုံးကိုမှောက်ထားတဲ့ ပုံစံဆောက်ထားတာပါ။ အလယ်မှာ ရုပ်တုကြီးတစ်ရုပ်ရှိပြီး အဲ့ရုပ်တုကို ဝိုင်းကာ တစ်တန်းပြီးတစ်တန်း ထိုင်ကြရပါတယ်။ အထဲမှာ ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့ လူတစ်ယောက်က မိုက်နဲ့ ဥုံဆိုပြီး Mantra တွေကို သံစဉ်အလိုက် ဖြည်းဖြည်းကျယ်ကျယ် ရွတ်ဖတ်ပေးတာ တအားကို နားထောင်လို့ကောင်းပါတယ်။ လူပေါင်းရာချီရှိပေမဲ့ အားလုံးက ငြိမ်သက်တိတ်ဆိတ်နေကြပြီး အပ်ကျသံမကြားရအောင် တရားမှတ်နေကြပါတယ်။ မိနစ်၂၀ကြာခဲ့ပေမဲ့ ခဏလေးလိုပါပဲ။ အရမ်းကို အေးချမ်းတဲ့ စိတ်ခံစားမှုကို ခံစားရပါတယ်။ နောက်ထပ်ထိုင်ချင်ရင် အဆောက်အအုံထဲ ဆက်ထိုင်နေပြီး နောက်တစ်သုတ်နဲ့ ဆက် Join လို့ရပါသေးတယ်။ နောက်ထပ်ထိုင်ချင်ပေမဲ့လည်း ကိုယ့်အဖွဲ့နဲ့သွားလာရတာဆိုတော့ တစ်ကြိမ်ထဲနဲ့ အတွေ့အကြုံယူပြီး ကျေနပ်လိုက်ခဲ့ရပါတယ်။

7013242403.jpg

လင်ဂါဘာဟီရာဗီနတ်သမီးကျောင်းဆောင်
——————————————–
ဝန်းထဲမှာ လင်ဂါဘာဟီရာဗီနတ်သမီးရဲ့ ဘုရားကျောင်းဆိုတာလည်း ရှိပါသေးတယ်။ ဒီယောဂစင်တာကို လာရောက်သူတိုင်း ဝင်ပြီး ဝတ်ပြုတတ်ကြပါတယ်။ ဒီမှာလည်း သူ့အသုတ်နဲ့ သူနေရာယူပြီး ဝတ်ပြုရပါတယ်။ လှူဖွယ်ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ဂါထာမန္တာန်တွေ ရွတ်ဆိုကာ ကပ်ပေးတာ နားထောင်လို့ကောင်း ကြည့်လို့ကောင်းပါတယ်။

Isha_Sadhguru_Centers_Linga-Bhairavi_20120219_CHI_0254-e

ယောဂကျင့်တဲ့အတွေ့အကြုံ
—————————

ယောဂစင်တာကို လာလေ့လာသူတွေအတွက် အခမဲ့ ယောဂသင်တန်းတွေလည်း ဖွင့်လှစ်ထားပါတယ်။ ဒီကို ရောက်လာသူတိုင်း လုပ်ကြည့်ကြပါတယ်။ ယောဂကျင့်ရတဲ့ အဆောက်အအုံတွေကလည်း အမိုးမြင့်မြင့်နဲ့ အုတ်စီအဆောက်အအုံတွေဖြစ်ပြီး ထူးခြားပါတယ်။ ယောဂကျင့်ဖျာတွေ အသင့်ခင်းထားပြီး နေရာယူရုံပါပဲ။ အင်္ဂလိပ်စကားပြော ယောဂဆရာမတစ်ယောက်ကနေပြီး အခြေခံကျတဲ့ ယောဂထိုင်နည်း ၅မျိုးလောက်ကို သင်ပေးပြီး လိုက်လုပ်ရပါတယ်။ နည်းမှန်လမ်းမှန်နဲ့ ကျင့်တတ်အောင် ရှေ့က TV ထဲမှာ မှားတတ်တဲ့ ပုံစံတွေကိုလည်း သေချာရိုက်ပြထားပါတယ်။ တော်တော်ကို အညောင်းပြေပြီး ခန္ဓာကိုယ်အတွက် အများကြီးအကျိုးရှိစေတဲ့ ယောဂထိုင်နည်းတွေပါ။

2019_06_23_15_13_IMG_5309
2019_06_23_15_15_IMG_5311

ညအိပ်ညနေတည်းမယ်ဆိုရင်
——————————-
ညအိပ်ညနေတည်းခိုကာ တရားထိုင် ယောဂကျင့်လိုသူတွေအတွက် အစားအသောက်အပါ စားရိတ်ငြိမ်း အစီအစဉ်တွေ ဝယ်ယူနိုင်ပါတယ်။ ကိုယ်တွေကို နေ့လည်စာနဲ့ ဧည့်ခံခဲ့တော့ သူတို့ဆီမှာကျွေးတဲ့ အစားအသောက်တွေ မြည်းစမ်းခဲ့ရတယ်။ သက်သက်လွတ်ထမင်းဟင်းတွေ ဖြစ်ပေမဲ့ အရမ်းကို လတ်ဆတ်ပြီး စားကောင်းပါတယ်။ တည်းခိုခန်းတွေကို ဝင်ကြည့်ရာမှာလည်း သန့်ပြန့်ပြီးအဆင့်မြင့်ပါတယ်။ ဟိုတယ်အငယ်စားလောက် Facility ပြည့်စုံပါတယ်။

2019_06_23_16_20_IMG_4380

နိုင်ငံတကာက လုပ်အားပေးတွေ
————————————

ယောဂစင်တာထဲ လုပ်အားပေးသူတွေအတွက်တော့ စင်တာထဲ ကြိုက်သလောက် စားရိတ်ငြိမ်းနေထိုင်ခွင့် ပေးထားပါတယ်။ စင်တာထဲနေရတာ အေးချမ်းလွန်းလို့ ကမ္ဘာတဝန်းကလာရောက်ကာ လုပ်အားပေးသူပေါင်း ၉သန်းကျော်ရှိပြီလို့သိရပါတယ်။ နုမြတ်တို့ သွားရောက်ခဲ့တုန်းက လိုက်ရှင်းပြသူတွေ၊ ယောဂဆရာမတွေဆိုရင် အမေရိကန်တို့၊ ဘရာဇီးတို့လို နိုင်ငံကြီးကလာသူတွေပါ။ ဒီမှာငြိမ်းချမ်းလွန်းလို့ တော်ရုံနဲ့ မပြန်နိုင်ကြဘူးလို့ဆိုပါတယ်။

အစ်ရှယောဂစင်တာကြီးက လူသားတွေရဲ့ အတွင်းစိတ် ငြိမ်းချမ်းဖို့၊ ကျန်းမာပြီး အေးချမ်းတဲ့ဘဝဖြစ်စေဖို့ တည်ဆောက်ဖန်တီးထားတာကြောင့် ကမ္ဘာအနှံ့အပြားက လူတွေကို ဆွဲဆောင်နေတာပါ။ အပတ်တိုင်း လူထောင်ချီလာရောက်ပြီး အတွင်းစိတ်ငြိမ်းချမ်းရာ ရှာကျတာတဲ့လေ။ ဒီလိုနေရာကို ရောက်ဖို့တောင် မပြောနဲ့ ရှိမှန်းတောင် မသိခဲ့တာပါ။ အခုမှသာ ရေစက်ပါပြီး ရောက်ခဲ့ရတာပါ။ ရောက်ခဲ့ရတဲ့ တစ်ရက်တာအတွင်းမှာလည်း ထူးခြားတဲ့ စိတ်ခံစားချက်တွေ၊ အတွေ့အကြုံတွေ၊ ငြိမ်းချမ်းမှုတွေကို ရရှိခဲ့ပါတယ်။

ပြောရမယ်ဆိုရင် ဒီနေရာက မြန်မာနိုင်ငံက တရားရိပ်သာတချို့နဲ့ ဆင်ပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာကတော့ တရားထိုင်တာနဲ့ ယောဂကျင့်တာကို တွဲထားတာပါ။ အဆောက်အအုံတွေကို ရိုးရိုးအဆောက်အအုံတွေ၊ အခန်းတွေလိုမဟုတ်ဘဲတည်ဆောက်ထားပြီးတော့ နိုင်ငံတကာက ညအိပ်ညနေလာရောက် တရားထိုင်သူတွေအတွက်လည်း Facility အပြည့်ထားပေးထားပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာက လူတွေအများကြီး တကူးတကလာရောက်ကာ ငြိမ်းချမ်းမှုရှာကြတာပါ။

ဒီနေရာကို စိတ်ဝင်စားလို့ သွားချင်ရင် ဒီ link ထဲ ဝင်ကြည့်ပြီး စုံစမ်းကြည့်ပါနော်။ https://isha.sadhguru.org/us/en
အထဲမှာ ပုံတွေပေးမရိုက်လို့ပုံအတော်များများကိုတော့ အဲ့ဒီကနေပဲယူပြီး တင်ပေးထားပါတယ်။

ဒီအကြောင်းအရာကို စိတ်ဝင်စားရင် Like and Share လုပ်နိုင်ပါတယ်။ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတွေနဲ့ ခရီးစဉ်တွေအကြောင်း ပြောပြဦးမှာမလို့ နုမြတ်ရဲ့ Nu Myat around the World page လေးကို စောင့်ဖတ်နိုင်ပါတယ်နော်။

အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ
ချစ်ခင်လျှက်
Dr.Nu Myat

ပျော်ရွှင်ခြင်းနိုင်ငံ ဘူတန်ရဲ့ ထူးခြားချက် (၁၂)ချက် (12 Interesting Facts about Bhutan)

ပျော်ရွှင်ခြင်းနိုင်ငံ ဘူတန်ရဲ့ ထူးခြားချက် (၁၂)ချက်

 

ဘူတန်တဲ့…. ဘူတန်ဆိုတာကြားတာနဲ့တင် အေးချမ်းလှတဲ့ နိုင်ငံလေးကို မြင်ယောင်ကြမှာပါ။ ဒဏ္ဏာရီလာနိုင်ငံလေးတစ်ခုလို ဖြစ်နေတဲ့ နိုင်ငံလေးက တကယ်ဆို ပေါ်လာတာ နှစ်၁၀၀ ပဲ ရှိသေးတာတဲ့လေ။ ဘူတန်မှာ ရှုခင်းတွေက သာယာလှပသလို လူတွေကလည်း ပျော်ရွှင်ငြိမ်းချမ်းနေပုံပေါက်ကြပါတယ်။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြပြီး ဗုဒ္ဓရဲ့ အဆုံးအမကို နာခံကြတာကြောင့်ပါ။ ဒါကြောင့်လည်း ပျော်ရွှင်ခြင်းနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတာပေါ့။

cof

ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်၊ ကမ္ဘာမှာ လူမတက်ရသေးတဲ့အမြင့်ဆုံးတောင်၊ ကမ္ဘာ့တစ်ခုတည်းသော မီးပွိုင့်မရှိတဲ့နိုင်ငံ စတဲ့ ကမ္ဘာ့စံချိန်ချိုးထားတဲ့ နိုင်ငံတစ်ခုလည်းဖြစ်တယ်တဲ့လေ။ ချောမောလှပငယ်ရွယ်တဲ့ ပညာတတ်ဘုရင်နဲ့မိဖုရားတို့ရဲ့ အချစ်ဇာတ်လမ်း၊ ရိုးရာဝတ်စုံတွေဝတ်ပြီး ရိုးရာအိမ်လေးတွေမှာနေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားတွေစတဲ့ ဘူတန်နိုင်ငံရဲ့ ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေရယ်…. သွားလည်သင့်တဲ့နေရာတွေရယ်ကို တင်ပေးလိုက်ပါတယ်နော်။

LRM_EXPORT_267578486840417_20180924_183751814.jpeg

စက်တင်ဘာလတုန်းက Mighty Travels နဲ့ သွားခဲ့တဲ့ ဘူတန်ခရီး Review အတိုချုံးပြီးတင်မယ်စိတ်ကူးပေမဲ့ ဘူတန်နိုင်ငံက တအားစိတ်ဝင်စားဖို့ကောင်းလို့ သေသေချာချာလေးရေးလိုက်တာ နည်းနည်းတော့ ရှည်သွားတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်ကြပါနော်။

LRM_EXPORT_153419686415129_20180929_171915832

(1) ပျော်ရွှင်ခြင်းနိုင်ငံ
————————–

ဘူတန်ကို ပျော်ရွှင်ခြင်းနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတာဟာ ဘူတန်က တခြားနိုင်ငံတွေလို လူတစ်ယောက်ချင်းစီရဲ့ ဝင်ငွေပေါ်မတိုင်းတာဘဲ ပျော်ရွှင်မှုကိုသာတိုင်းတာတဲ့ နိုင်ငံလေးမို့လို့ပါ။ Gross National Happiness (GNH) ကို တိုင်းတဲ့ နိုင်ငံဖြစ်လို့ ဘူတန်မှာတွေ့ရတဲ့ လူအတော်များများ အေးချမ်းပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ ဒါဟာ ချမ်းသာကြွယ်ဝနေလို့မဟုတ်ပေမဲ့ ရောင့်ရဲတင်းတိမ်တတ်တဲ့စိတ်၊ ရိုးရှင်းစွာနေထိုင်တတ်တဲ့စိတ်တွေကြောင့် စိတ်ချမ်းသာ ပျော်ရွှင်ကြရတာပါ။

received_303850437083193.jpeg

(2) မိုးကြိုးနဂါးနိုင်ငံ
————————–

ဘူတန်ရဲ့ အဓိပ္ပါယ်က Land of Thunder Dragon မိုးကြိုးနဂါးတိုင်းပြည် ပါ။ ဘူတန်မှာ မိုးခြိမ်းရင် ကြောက်စရာကောင်းတော့ မိုးခြိမ်းတာက နဂါးတို့ရဲ့ အရိပ်အရောင်လို့ ယူဆကြပြီး ဒီလို နာမည်ပေးခဲ့ကြပါတယ်။ ဒါကြောင့် ဘူတန်ရဲ့ အလံမှာ သာသနာ့အရောင်ဖြစ်တဲ့ အဝါနဲ့လိမ္မော်တြိဂံ ၂ခုဆက်ထားတဲ့အပေါ် နဂါးရုပ်ကြီးထပ်ထားတာပါ။

Bhutan 073.jpg

(3) Tourism ကန့်သတ်ထားတဲ့နိုင်ငံ
—————————————-

ဘူတန်ကိုသွားလည်ချင်ရင် တခြားနိုင်ငံတွေလို Budget Trip သွားလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရက Tourist တွေအနေနဲ့ တစ်ရက်ကို US$ 250 (မြန်မာငွေ ၄သိန်းနီးပါး) အနည်းဆုံးသုံးဖို့ ကန့်သတ်ထားလို့ပါ။ အဲ့ထဲမှာ 3 star အဆင့်ရှိတဲ့ ဟိုတယ်၊ အစားအသောက်၊ အကြိုအပို့၊ ဝင်ကြေး အကုန်ပါပါတယ်။ ဒီလိုဈေးတင်ထားရတာဟာ နိုင်ငံထဲကို အပြင်လူတွေအများကြီးဝင်လာရင် ယဉ်ကျေးမှုအမွေအနှစ်တွေ၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှာစိုးတာကြောင့်ပါတဲ့။ Idea လေးမဆိုးဘူးနော်။ အဲ့လိုလေး ချေထားလို့လည်း နိုင်ငံကို ပိုစိတ်ဝင်စားလာကြတာပါ။

LRM_EXPORT_266944998228014_20180924_182718325.jpeg

(4) ဘုရင်အုပ်ချုပ်တဲ့နိုင်ငံ
—————————-

ဘူတန်အကြောင်းပြောရရင် ဘူတန် ဘုရင်မိသားစုအကြောင်းချန်ထားလို့မရပါဘူး။ လက်ရှိဘုရင်နဲ့ မိဖုရားရယ်၊ သားတော်လေးရယ်က ချောမွေ့လှပလွန်းလို့ ကမ္ဘာကျော်နေတာပါ။ ဘုရင်ကြီးရဲ့အသက်က ၃၈နှစ်ပဲရှိသေးပြီး မိဖုရားလေးက ဘုရင်ကြီးနဲ့ အသက်(၁၀)နှစ်ကွာပါတယ်။ ၂ယောက်လုံးက ကမ္ဘာကျော်တက္ကသိုလ်တွေက ဘွဲ့ရပညာတတ်တွေတဲ့လေ။ သားတော်လေးဆို အသက် ၃နှစ်ကျော်ကျော်လေးပဲရှိတယ်။ အရမ်းချစ်ဖို့ကောင်းတာပဲ။

LRM_EXPORT_41117295302578_20180920_141736161.jpeg

ဘူတန်နိုင်ငံ က ဘုရင်တွေ အုပ်ချုပ်တဲ့ ဒဏ္ဏာရီလာနိုင်ငံလေးလို ဖြစ်နေပေမဲ့ သက်တမ်းက ပြောရမယ်ဆိုရင် နှစ် ၁၀၀ ပဲရှိသေးတာပါ။ တိဘက်နဲ့ အိန္ဒိယက ပြည်နယ်စုတွေပေါင်းစည်းပြီး Kingdom of Bhutan ဆိုပြီး ၁၉၀၇ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တာပါတဲ့။ ဘုရင်မင်းဆက်ဆိုလည်း အခုမှ ၅ဆက်မြောက်ပဲ ရှိပါသေးတယ်။ ၂၀၀၈ခုနှစ်က နန်းတက်ခဲ့တဲ့ ၅ဆက်မြောက်ဘုရင်နာမည်က ဂျေမီ ခေဆာ နမ်ကျယ် ဝမ်ချူး တဲ့။ ဝမ်ချူမိသားစုကဆင်းသက်လာတော့ အတိုကောက်အနေနဲ့ ဂျေမီဝမ်ချူးကို မှတ်ထားလို့ရတယ်။ ဂျေမီဝမ်ချူးဆိုတာ ဘုရင်တိုင်းမှာရှိတဲ့ နာမည်ပေါ့။ ခလယ်ကနာမည်တွေပဲ ပြောင်းသွားတာပါ။

Bjutan.jpg

(5) ရိုးရာအဆောက်အအုံတွေပဲ ဆောက်ခွင့်ရှိတဲ့နိုင်ငံ
———————————————————-

ဘူတန်မှာထူးခြားတာက အဆောက်အအုံတွေပါ။ ရိုးရာ အဆောက်အအုံတွေနေရာတိုင်းမှာတွေ့ရတယ်။ လေဆိပ်က အစ ရိုးရာအငွေ့အသက်လွှမ်းခြုံနေတယ်။ ဘူတန်မှာ အထပ်မြင့်ဆောက်ခွင့်မရှိဘူး။ အမြင့်ဆုံးမှ ၆ထပ်အထိပဲရှိတာ။ အဆောက်အအုံတွေကိုလည်း ရိုးရာစတိုင်နဲ့ပဲဆောက်ခွင့်ရှိတယ်တဲ့။ International Company တွေ ဟိုတယ်တွေကအစ ထူးခြားပြီး ဆောက်လို့မရဘူးတဲ့လေ။
နောက်သတိထားမိတာတစ်ခုက အိမ်ခေါင်မိုးတွေပေါ် ကျောက်ခဲတွေခင်းထားတာကိုပါ။ ဘူတန်မှာက တောင်ကြားကိုဖြတ်တိုက်လာတဲ့လေက အရမ်းပြင်းလို့ ခင်းထားရတာပါတဲ့လေ။

LRM_EXPORT_18892715282011_20180919_175742674.jpeg

(6) ရိုးရာဝတ်စုံဝတ်ကြတဲ့ နိုင်ငံ
———————————-

ဘူတန်မှာသတိထားမိတာ လူအတော်များများ ရိုးရာဝတ်စုံဝတ်ကြတယ်။ အစိုးရဝန်ထမ်းတွေရယ်၊ ခရီးသွားလုပ်ငန်းလုပ်နေတဲ့သူတွေရယ်၊ ကျောင်းသားကျောင်းသူတွေရယ်အနေနဲ့ ရိုးရာဝတ်စုံကို မဝတ်မနေရလို့ သတ်မှတ်ထားကြတယ်။received_677118129338680ဘူတန်ရိုးရာဝတ်စုံတွေမှာ ယောကျာ်းဝတ်ကို Gho ဂိုလို့ခေါ်တယ်။ ဂါဝန်လိုလို၊ ကုတ်အရှည်လိုလိုအပေါ်ဝတ်ကို အောက်ကဘောင်းဘီရှည်မဝတ်ဘဲ ခြေအိတ်အရှည်ရယ် ရှူးဖိနပ်ရယ်နဲ့တွဲဝတ်ရတာပါ။

LRM_EXPORT_2559842033461_20180919_203834803.jpeg
မိန်းမဝတ်ကိုတော့ Kira ကီရာလို့ခေါ်ပါတယ်။ ရှမ်းဝတ်စုံနဲ့ဆင်ပြီး ပိုးလို ဖဲလိုခပ်ပြောင်ပြောင်အစနဲ့ အပေါ်ဝတ်အင်္ကျီလက်ရှည်ကို အောက်က ထမီလိုရိုးရာအစနဲ့တွဲဝတ်တာပါ။ ထမီနဲ့ဆင်ပေမဲ့ ဝတ်ပုံဝတ်နည်းမတူပါဘူး။ အနောက်ကနေပြန်ပတ်ပြီး ကပ်ခွာတွေရော ချိတ်တွေရောသုံးပြီးဝတ်ရပါတယ်။ ဝတ်စုံတွေကလည်း ဈေးအမျိုးမျိုးရှိတယ်။ ထမီအဆင်တွေက လက်နဲ့ယက်ကြတာဆိုတော့ ဈေးကြီးကြတယ်။ တစ်စုံကို တစ်သိန်းဝန်းကျင်လောက်ရှိတယ်။ တစ်ထည်ကို ၂၃သိန်းတန်ထမီတောင်တွေ့ခဲ့ရပါတယ်။

 

Mighty Travels က ဧည့်သည်တွေကို ရိုးရာဝတ်စုံတွေ တစ်စုံဆီ လက်ဆောင်ပေးတာဆိုတော့ သင်ဖူးပွဲတော်သွားတက်တဲ့အခါ ကိုယ်တွေက ရိုးရာဝတ်စုံကို ဝတ်ပြီး ပွဲတက်ခဲ့ကြတယ်။ ဒါပေမဲ့ ရိုးရာဝတ်စုံဝတ်မယ်ဆိုရင် ဖြစ်ကတတ်ဆန်းပေးမဝတ်ပါဘူး။ ဝတ်စုံပြည့်ဝတ်မှ ရမှာတဲ့။ ဥပမာ- မိန်းကလေးတွေဆို အပေါ်ကရိုးရာပုဝါတင်ပြီး ဝတ်ရတယ်။ ယောကျာ်းလေးတွေဆိုလည်း ခြေအိတ်ရှည်နဲ့ဝတ်ရတယ်။ ဝတ်စုံပြည့်မဝတ်ရင် မလေးစားရာကြတယ်ဆိုလို့ လိုအပ်တဲ့ Accessories တွေထပ်ဝယ်ခဲ့ပြီး ဝတ်စုံပြည့်ပွဲတက်ခဲ့ကြပါတယ်။

(7) ဘာသာရေးလိုက်စားတဲ့ နိုင်ငံ
————————————-

ဘူတန်က ဘာသာရေးကို လေးလေးနက်နက်ယုံကြည်ကြပါတယ်။ မဟာယာန ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံဖြစ်ပြီး တချို့ကျေးရွာတွေမှာ နတ်ကိုးကွယ်တာလည်းတွေ့ခဲ့ရပါတယ်။ သာသနာပိုင်းမှာ ခေါင်းဆောင်ဆရာတော်က ဘုရင့်လောက်နီးနီး သြဇာရှိပါတယ်။ ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်တဲ့နိုင်ငံ ဖြစ်တဲ့အလျောက် Criminal Case လည်း အရမ်းနည်းပါတယ်။

received_481242262382167.jpeg

ဘူတန်စေတီက လေးထောင့်ပုံစံ စေတီပါ။ စေတီကို ချော်တန် လို့ခေါ်ပါတယ်။ အောက်ဆုံးလေးထောင့်ပုံက မြေကြီးဓာတ်ဖြစ်ပြီး အပေါ်မှာ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ် အဆင့်ဆင့်တင်ထားတာပါ။ အောက်ဆုံးလေးထောင့်က လောကစောင့်နတ်ကြီးလေးပါးကို ကိုယ်စားပြုပါတယ်။ အပေါ်က စေတီအဝိုင်း လေးခုက ပွင့်ပြီးသားဘုရားလေးဆူကို ကိုယ်စားပြုပြီး ၁ခုပဲဆို နောင်ပွင့်မယ့်ဘုရားကို ကိုယ်စားပြုပါတယ်။ ဘုရားစေတီတွေကိုပတ်မယ်ဆိုရင် လက်ယာရစ် ပတ်လေ့ရှိကြပါတယ်။

LRM_EXPORT_20877136746292_20180919_185103626.jpeg

LRM_EXPORT_2528047084508_20180919_203803008.jpeg

Prayer Wheel လို့ခေါ်တဲ့ လက်နဲ့လှည့်ရတဲ့ ခေါင်းလောင်းတွေရယ်၊ Prayer Flag လို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေကိုနှင်တဲ့ ဂါထာမဌာန်တွေရေးထားတဲ့ အလံအဖြူ or အလံရောင်စုံတွေရယ်ကိုလည်း နေရာအတော်များများမှာတွေ့ရလေ့ရှိပါတယ်။

LRM_EXPORT_202267443005592_20180923_135017153.jpeg

(8) သက်ရှိတွေ ကာကွယ်တဲ့ နိုင်ငံ
————————————–

ဘူတန်မှာ အပင်ရော၊ တိရစ္တာန်ရော လွတ်လပ်စွာရှင်သန်ခွင့်ရှိတယ်။ အပင်တွေကို သက်ရှိလို့ သတ်မှတ်တဲ့အတွက် ဘူတန်ရောက်ရင် ပန်းတွေလှလို့မခူးပါနဲ့။ အာပတ်သင့်ပါလိမ့်မယ်။

ဘူတန်မှာ အကောင်တွေသတ်တာကိုလည်း ပြင်းပြင်းထန်ထန်တားမြစ်ပါတယ်။ ရှားပါးတိရစ္ဆာန်ဖြစ်တဲ့ ဘူတန်မှာပဲ တွေ့ရတဲ့ လည်တံမည်းကြိုးကြာငှက်ကို သတ်ရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျတဲ့အထိ အပစ်ကြီးပါတယ်။ အဲ့ငှက်တွေ ကျက်စားလေ့ရှိတဲ့နေရာမှာဆို အစားအသောက်ကောင်းအောင် ရေမြေထိန်းသိမ်းပေးထားတာတဲ့။ ငှက်တွေထိခိုက်မှာဆိုးလို့ အဲ့နေရာတဝိုက် ဓာတ်ကြိုးတွေတောင် သွယ်ခွင့်မရှိဘဲ မြေအောက်ကနေသွယ်ရတယ်တဲ့လေ။

LRM_EXPORT_22983226696491_20180919_193934909.jpeg

LRM_EXPORT_22529886120519_20180919_193201569.jpeg

(9) ကမ္ဘာပေါ်မှာလူမတက်ရသေးတဲ့ အမြင့်ဆုံးတောင်ရှိတဲ့ နိုင်ငံ
———————————————————————–

Buhtan အမြင့်ဆုံးတောင်ထိပ် Gangkhar Puensum က ကမ္ဘာပေါ်မှာ ၄၀ခုမြောက်အမြင့်ဆုံးတောင်ပါတဲ့။ ဒါပေမဲ့ ကမ္ဘာပေါ်မှာလူမတက်ရသေးတဲ့တောင်ထိပ်မှာ အမြင့်ဆုံးပါပဲ။ ဘာကြောင့်လည်းဆိုတော့ ဘူတန်တွေက အယူသည်းပြီး တောင်ပေါ်ပေးမတက်တာကြောင့်ပါ။ လူတွေတောင်ထိပ်ပေါ်တက်ရင် ရာသီဥတုပျက်မယ်၊ စိုက်ပျိုးရေးမဖြစ်ထွန်းဘဲ အစာရေစာခေါင်းပါးမယ်ဆိုပြီး အယူရှိလို့ပေးမတက်တာပါတဲ့။

LRM_EXPORT_142932840937042_20180922_062528328.jpeg

(10) ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်ရှိတဲ့ နိုင်ငံ
—————————————————-

ဘူတန်ကိုသွားချင်ရင် တိုက်ရိုက်သွားလို့ မရပါဘူး။ ဘန်ကောက်ကတဆင့် Butan Airlineနဲ့ သွားရပါတယ်။ ဘန်ကောက်ကနေ ဘူတန်အသွားလေယာဉ်မှာ ဘယ်ဘက်ထိုင်ခုံရအောင်တောင်းပါ။ ရာသီဥတုသာယာရင် လမ်းမှာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို လေယာဉ်ပေါ်က လှမ်းမြင်ရပါလိမ့်မယ်။ ဘူတန်ရဲ့ တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာလေဆိပ် Paro Airport က ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်တွေထဲက တစ်ခုပါ။ တောင်တွေကို ဖြတ်ပြီး တောင်ကြားထဲက လေဆိပ်ကို ဆင်းရတာ ပညာသားပါပါတယ်။ Well Trained Pilot တွေသာဆင်းနိုင်တာပါ။ ဒါကြောင့်လည်း လေဆိပ်ကို ချောချောမွေ့မွေ့ဆိုက်ရောက်တဲ့အခါ လေယာဉ်စီးခရီးသည်တွေ လက်ခုပ်တီး ဂုဏ်ပြူကြတာကို တွေ့ခဲ့ရတာပါ။

dav

(11) မီးပွိုင့်မရှိတဲ့ နိုင်ငံ
————————–

ကမ္ဘာပေါ်မှာ မီးပွိုင့်မရှိတဲ့ နိုင်ငံကိုပြပါဆို ဘူတန်ကိုပဲပြရမှာပါ။ ဘူတန်မြို့တော် သင်ဖူးက ကမ္ဘာပေါ်မီးပွိုင့်မရှိတဲ့ မြို့တော်၂ခုထဲကတစ်မြို့ပါ။ နောက်တစ်မြို့ကတော့ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်းပါတဲ့။ သင်ဖူးမြို့မှာ မီးပွိုင့်မရှိတော့ ကားအရမ်းရှုပ်တဲ့ လမ်းဆုံလမ်းခွတစ်ခုမှာတော့ ယဉ်ထိန်းရဲတစ်ယောက်ကို တာဝန်ချထားရပါတယ်တဲ့လေ။

LRM_EXPORT_179343300871590_20181024_224249924.jpeg

(12) TV နဲ့ Internet နောက်အကျဆုံးသုံးတဲ့ နိုင်ငံ
——————————————————-

ဘူတန်မှာအရင်တုန်းက TVနဲ့ အင်တာနက်တွေကို ပိတ်ပင်တားမြစ်ထားပြီး လွန်ခဲ့တဲ့ ၁၉နှစ်ကျော် ၁၉၉၉ခုနှစ်မှာမှ TV တွေ Internet တွေ အသုံးပြုခွင့်ပေးလိုက်တာတဲ့လေ။

LRM_EXPORT_201866006541070_20180923_134335716

 

————————–
Quick Facts
————————–

• အိမ်နီးချင်းနိုင်ငံ – တရုတ်နဲ့ အိန္ဒိယ
• လူဦးရေ – ၇သိန်းကျော်
• မြို့တော် – သင်ဖူး
• ငွေကြေး – Nu နူ လို့ခေါ်ပါတယ်။ ၁ နူကိုမြန်မာငွေ ၂၂ကျပ်ကျပါတယ်။
• ရာသီဥတု – နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဆိုပြီး ၄မျိုးရှိပါတယ်။ ကိုယ်တွေရောက်ခဲ့တဲ့ Spetember လကတော့ နွေအကုန် ဆောင်းဦးအကူး ကာလမို့လို့ အရမ်းမပူဘဲနေလို့ကောင်းပါတယ်။
• National Flower – တောင်ဇလပ်မျိုးနွယ်ဖြစ်ပြီး မေလလောက်ပွင့်လေ့ရှိပါတယ်။ Blue Poppy လို့ခေါ်တဲ့ ဘိန်းပန်းကိုလည်း National Flower အဖြစ်သတ်မှတ်ထားကြပါတယ်။
• National Animal – သားမင်းလို့ခေါ်တဲ့ နွားကိုယ်ဆိတ်ခေါင်းရှိပြီး ဒဏ္ဏာရီနဲ့ ဆက်စပ်တဲ့အကောင်ပါ။ အဲ့လိုအကောင်က ကမ္ဘာပေါ်မှာ ၄နိုင်ငံပဲရှိတာတဲ့။ မြန်မာ၊ နီပေါ၊ တရုတ်၊ ဘူတန်မှာပဲ တွေ့ရတာတဲ့လေ။
• National Bird – တောကျီးကန်းပါ။ ဘုရင်တွေဆောင်းတဲ့ ဥသျှောင်ထိပ်မှာတွေ့ရတဲ့ အကောင်ပါ။
• National Tree – Cyprus အပင်

dav

အုပ်ချုပ်ရေး
————————–
အုပ်ချုပ်ရေးကတော့ Democracy & Constitutional Monarchy စနစ်နဲ့အုပ်ချုပ်ပါတယ်။ သူတို့ဆီမှာလွှတ်တော်ရှိပေမဲ့ ဘုရင်ကိုချစ်ကြောက်ရိုသေလို့ ဘုရင်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ယူပါတယ်။

ကာကွယ်ရေး
————————–
ကာကွယ်ရေးပိုင်းအနေနဲ့ စစ်တပ်က ကိုယ်ပိုင်စစ်တပ်ရှိပေမဲ့ အိန္ဒိယကစစ်တပ်ကို အဓိကအားထားပါတယ်။ ကာကွယ်ရေးသာမက စီးပွားရေးမိတ်ဖက်အနေနဲ့ India ကို တည့်အောင်ပေါင်းထားပါတယ်။ အိန္ဒိယကို Hydro Power ရေအားလျှပ်စစ်ပြန်ရောင်းပေးပါတယ်။ တိဘက်ကို တရုတ်ကသိမ်းပြီးနောက် တရုတ်ကိုကြောက်သွားတာကြောင့် India နဲ့ မဟာမိတ်ဖွဲ့ထားတာပါတဲ့လေ။

rhdr

စီးပွားရေး
————————–
နိုင်ငံရဲ့ အဓိကစီးပွားရေးက Tourism ပါ။ ရေစီးသန်တဲ့မြစ်တွေရှိလို့ ရေအားလျှပ်စစ်ရောင်းပြီးလည်း ဝင်ငွေရပါတယ်။ နိုင်ငံရဲ့ 60%က တောယာတွေမို့လို့ စိုက်ပျိုးရေးလည်း ဖြစ်ထွန်းပါတယ်။

LRM_EXPORT_40326937936032_20180920_140425804.jpeg

ရိုးရာအစားအစာ
————————–
ကိုယ်တွေလိုမျိုး ထမင်းနဲ့ဟင်းစားပါတယ်။ သူတို့အစားအစာတွေက တရုတ်စာတွေနဲ့ဆင်ပေမဲ့ အသားအစားနည်းပါတယ်။ နိုင်ငံထဲမှာ အသားသတ်လို့မရတော့ အသားကို India နဲ့ Nepal ကနေ တင်သွင်းလေ့ရှိကြတယ်တဲ့လေ။ ဟင်းသီးဟင်းရွက်က ရေခံမြေခံကောင်းတော့အရမ်း လတ်ဆတ်ပါတယ်။ ချိစ်လည်း အစားများတယ်။ Yakလို့ခေါ်တဲ့ တိဘက်နွားနို့ကနေရတဲ့ ချိစ်ကို စားကြတယ်။


အကြိုက်ဆုံးကတော့ ဟီမာတာချီ လို့ခေါ်တဲ့ ငရုတ်သီး-ချိစ်ချက်ပါ။ ငရုတ်သီး ငပိချက်ဟုတ်ဘူး။ ချိစ်ချက်။ ငရုတ်သီးအတောင့်အစိမ်းကို ခွဲပြီး ချိစ်နဲ့ရောချက်စားတာ အီအီစပ်စပ်လေးနဲ့ကောင်းမှကောင်း။
ဘူတန်မှာ ကွမ်းလည်း စားကြတယ်။ ကွမ်းကိုဆေးတွေမထည့်ဘဲ ကွမ်းရွက်နဲ့ ကွမ်းသီးပဲစားကြတာပါ။ ဘူနန်ကွမ်းကို Dolma လို့ခေါ်ပါတယ်။

ဘာသာစကား
————————–
Dzongkha လို့ခေါ်တဲ့ ဘာသာစကားသုံးလေ့ရှိပြီး တခါတလေ နီပေါစကားပြောတတ်ကြပါတယ်။ အတော်များများက English လိုလည်း ပြောတတ်ကြတာကို တွေ့ခဲ့ရပါတယ်။ အသုံးဝင်မယ့် စကားစုတွေကတော့
• မင်္ဂလာပါ – ဂူဇူဇမ်ဘိုလာ
• ကျေးဇူးတင်ပါတယ် – ကတ်သရင်းချေလာ
• နှုတ်ဆက်တဲ့အခါ – ကံကောင်းပါစေ – တာချီတလဲ

LRM_EXPORT_201443678814572_20180923_133633388

————————–
ဘယ်တွေလည်မလဲ
————————–

ဘူတန်က ဟိမဝန္တာတောင်ကြောတွေပေါ်တည်ထားတဲ့ နိုင်ငံဆိုတော့ မြို့လေးတွေကလည်း အေးချမ်းလှပါတယ်။ တောင်ကြားထဲ စီးဆင်းနေတဲ့ မြစ်တလျှောက် လမ်းဖောက်ထားတဲ့ ကားလမ်းအတိုင်း တစ်မြို့နဲ့ တစ်မြို့ကို ကားနဲ့သွားရပါတယ်။ ကားမူးတတ်တဲ့သူတွေဆိုရင်တော့ Novomin တို့လို အမူးအမော်ပျောက်ဆေးတွေ ဆောင်ထားသင့်ပါတယ်။
မြို့တွေမှာတော့ ဖူးမြော်စရာ စေတီတွေ၊ ဘုရားကျောင်းတွေ၊ ဗိမာန်တော်တွေရှိကြတယ်။ ဘူတန်ကို အဓိကသွားတာကတော့ ရှုမြော်ခင်းတွေနဲ့ သူတို့ရဲ့ Unique Culture ကြောင့်ပါ။ ဘူတန်ရောက်ခဲ့တဲ့ ၄ရက်အတွင်း မြို့၃မြို့ရောက်ခဲ့တယ်။ အဲ့ဒီ ၃မြို့နဲ့ လည်ပတ်စရာနေရာတွေကတော့….

ပါရိုမြို့
————————–

ဘူတန်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိတဲ့တစ်ခုတည်းသောမြို့ပါ။ ဘူတန်ကိုလာချင်ရင် ဒီမြို့ကိုအရင်ဆုံးရောက်ပါလိမ့်မယ်။ ဘူတန်ရဲ့ အထင်ကရ Tiger Nest ကျားသိုက်ကျောင်းတော်ကြီးရှိတဲ့ မြို့ဆိုလည်း မမှားပါဘူး။ Tiger Nest က ကျောက်တောင်ကြီးရဲ့ ကမ်းပါးမှာ ၁၆ရာစုခန့်ကတည်ဆောက်ခဲ့တဲ့ ဘုန်းကြီးကျောင်းပါ။ ဘုန်းကြီးကျောင်းရောက်ဖို့ တောင်တက်လမ်းအတိုင်း ၄-၅နာရီလောက်ကြာ အတက်အဆင်းလုပ်ရတာဆိုတော့ ခြေထောက်မကောင်းတဲ့ လူကြီးတွေအနေနဲ့တော့ သွားဖို့ မသင့်တော်ပါဘူး။ မသွားနိုင်ရင် အဲ့ဒီအစားမြို့ထဲက အထင်ကရနေရာတွေကို လိုက်ပို့ပေးပါတယ်။ မြင်းနဲ့လမ်းရဲ့ ၃ပုံတစ်ပုံလောက်တော့တက်လို့ရပေမဲ့ ကျန်တာက လမ်းလျှောက်တက်ရပါတယ်။ မြင်းနဲ့ဆင်းလို့လည်းမရပါဘူး အတက်ပဲရတာပါ။

LRM_EXPORT_200213670518405_20180923_130158021

သင်ဖူးမြို့
————————–

သင်ဖူးကတော့ လက်ရှိမြို့တော်ဖြစ်ပြီး နွေရာသီမြို့တော်လို့လည်းခေါ်ကြပါတယ်။ ရာသီဥတုက အေးစိမ့်စိမ့်လေးရှိတာကြောင့်ပါ။ သင်ဖူးမှာ ဘူတန်ဘုရင်နန်းတော်နဲ့ သင်ဖူးဗိမာန်တော်၊ အောက်မေ့ဖွယ်စေတီ၊ Changnakha ဘုန်းတော်ကြီးကျောင်း၊ အကြီးဆုံး ထိုင်တော်မူကြေးသွန်းဘုရား၊ သားမင်းတွေမွေးမြူထားတဲ့ ဥယျာဉ်တွေဆီ သွားရောက်လေ့လာနိုင်ပါတယ်။

rhdr

ဘူတန်မှာပွဲတော်တွေကို နိုင်ငံအနှံ့ လစဉ်ကျင်းပတာ သင်ဖူးမြို့တော်မှာ ကျင်းပတဲ့ သင်ဖူပွဲတော်ကတော့ အကြီးကျယ်အခမ်းနားဆုံးပေါ့။ မြို့တော်မှာကျင်းပတဲ့ပွဲဆိုတော့ တချို့နှစ်တွေမှာ ဘုရင်ကိုယ်တိုင်ကြွလာပြီး အားပေးလို့ ကံကောင်းရင် ဘုရင်ကိုတောင် တွေ့နိုင်ပါတယ်။

oznor

ကိုယ်တွေသွားတဲ့အချိန်နဲ့ ကြုံလို့ သင်ဖူးပွဲတော်တက်ရောက်ခဲ့သေးတယ်။ တကယ့်ကို ဒဏ္ဏာရီထဲ ရောက်သွားသလိုပါပဲ။ မြို့နေလူတွေရော အနီးအနားရွာကလူတွေပါ ပွဲတော်ကို ရိုးရာဝတ်စုံကိုယ်စီနဲ့ ဝတ်ကောင်းစားလှတွေ ဝတ်ပြီး လာတက်ကြတာ ဘူတန်အကယ်ဒမီပေးပွဲရောက်နေသလိုပဲ။ မြင်မြင်သမျှလှနေကြတာ။ ပွဲတော်မှာ တစ်နေကုန် အကအလှတွေနဲ့ ဖျော်ဖြေတော့ ပွဲတော်လာတဲ့ ပရိသတ်တွေလည်း ဝင်လာမစဲ တသဲသဲရယ်ပေါ့။ ဘူတန်သွားမယ်ဆိုရင် ပွဲတော်ရက်နဲ့ တိုက်သွားဖို့ အကြံပေးချင်ပါတယ်။ တကယ့်ကို ဆန်းသစ်တဲ့ အတွေ့အကြုံကို ခံစားရမှာပါ။

cof

ပူနားခါး
————————–

ပူနားခါးမြို့ကတော့ ၁၉၅၅ခုနှစ်အထိ မြို့တော်ဖြစ်ခဲ့တဲ့ မြို့လေးဖြစ်ပြီး အခုချိန်မှာတော့ ဆောင်းရာသီမြို့တော်လို့ တင်စားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆောင်းရာသီတခြားနေရာမှာအေးနေတဲ့အခါ ဒီမှာနွေးနေတတ်တာကြောင့်ပါ။


ဖိုချူးနဲ့ မိုချူး အဖေမြစ်နဲ့ အမေမြစ်ဆုံရာ နေရာမှာ ရှိတဲ့ ပူနားခါးက ဂျုံ (Dzhong)လို့ခေါ်တဲ့ ကျက်သရေဆောင်ဗိမာန်တော်ကြီးကတော့ လှလွန်းလို့ ပို့စကတ်တွေမှာ ခဏခဏမြင်ရတဲ့ အဆောက်အအုံပါ။ ဘုရင်မင်းဆက် အဆက်ဆက်က Cronation နန်းတက်ပွဲ၊ လက်ထပ်ထိမ်းမြားပွဲတွေကျင်းပရာနေရာဖြစ်သလို သာသနာ့ နာယကကျောင်းထိုင်ရာ ကျောင်းလည်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဆောက်အအုံ၊ ခံတပ်၊ နန်းတော်အနေနဲ့ အသုံးပြုခဲ့ကြတဲ့နေရာပါ။ သူတို့လူမျိုးတွေအနေနဲ့ ဂျုံထဲဝင်ရောက်တဲ့အခါ အရိုအသေပေးတဲ့အနေနဲ့ ရိုးရာဝတ်စုံပေါ် အဖြူရောင်ပုဝါကိုပတ်ပြီးဝင်ကြတာကိုတွေ့ခဲ့ရပါတယ်။

LRM_EXPORT_22637160126752_20180919_193348843.jpeg

သားဆုပန်နတ်ကွန်း
————————–

ပူနားခါးမြို့နားမှာ သားသမီးရအောင် ဆုပန်တဲ့ နတ်ကွန်းတစ်ခုရှိတယ်။ အဲ့နတ်ကွန်းရှိတဲ့ ရွာလေးကလည်း အရမ်းထူးဆန်းတာပဲ။ ရိုးရာအိမ်တွေရဲ့ နံရံတွေမှာ အမျိုးသားလိင်အင်္ဂါပုံကို ကာတွန်းပုံ၊ ပန်းချီပုံ အရောင်စုံဆွဲပြီး အလှဆင်ထားကြတာ။ သားသမီးရဖို့ အဆောင်အယောင်လို့ သဘောထားပြီး အလှဆင်ထားတာတဲ့။ ပုံတူရုပ်တု လေးတွေတောင် Size စုံ၊ အရောင်စုံ ရောင်းလို့ အမှတ်တရ ဝယ်သွားလို့ရတယ်နော့။

rhdr

rhdrFB_IMG_1545901254672

LRM_EXPORT_41229950990582_20180920_141928817.jpeg

Dochular Pass
————————–

ပါရိုကနေ ပူနားခါး အသွားလမ်းမှာရှိတဲ့ တောင်ပေါ်မှာတည်ထားတဲ့ ဘူတန်ရိုးရာ လေးထောင့် စေတီ ၁၀၈ဆူပါ။ တတိယဘုရင်က ဆေးလိပ်အရမ်းသောက်လို့ အဆုတ်ကင်ဆာရောဂါဝေဒနာခံစားရတဲ့အခါမှာ ဘုရင်ကြီးကျန်းမာရေးအတွက်ရည်စူးပြီး စေတီတွေတည်ထားခဲ့ကြတာပါ။ ဘုရင်ကြီးဆုံးပြီးနောက် သားတော် စတုတ္ထဘုရင်လက်ထက်မှာ ဆေးလိပ်ကို စိတ်နာလို့ ဆေးလိပ်နဲ့ ပတ်သက်ပြီး ပိတ်ပင်တားမြစ်ခဲ့ကြတယ်တဲ့လေ။ ဒီတောင်ပေါ်ဘုရားနားက စားသောက်ဆိုင်က ရှုခင်းတွေလှသလို စားလို့လည်း သိပ်ကောင်းပါတယ်။ ရာသီဥတုသာယာတဲ့အခါ ဒီတောင်ပေါ်ကနေ ဘူတန်ရဲ့ အမြင့်ဆုံးတောင်ထိပ်အပါအဝင် နှင်းတွေဖုံးနေတဲ့ တခြားတောင်ထိပ်တွေကိုပါ လှမ်းမြင်ရပါတယ်။

LRM_EXPORT_142949252074018_20180922_062544738.jpeg

ဒါကတော့ စက်တင်ဘာလတုန်းက သွားရောက်ခဲ့တဲ့ ဘူတန်ခရီးစဉ်မှာတွေ့ခဲ့ ကြုံခဲ့ရတာလေးတွေရယ်၊ စိတ်ဝင်စားဖို့ကောင်းတာလေးတွေရယ်ကို ပြန်ပြောပြထားတာပါ။ ပုံလေးတွေမှာလည်း ရှင်းပြထားလို့ ဝင်ကြည့်ကြပါနော်။ နုမြတ်တို့ မိသားစုကတော့ ဒီတစ်ခေါက်ဘူတန်ခရီးကို ဘူတန်ခရီးစဉ်တွေ စီစဉ်လေ့ရှိတဲ့ Mighty Days နဲ့သွားခဲ့တာပါ။ နောက်ထပ်လည်း ခရီးစဉ်တွေ ထွက်ဖို့ရှိတော့ စိတ်ဝင်စားရင် Mighty Days မှာ စုံစမ်းနိုင်ပါတယ်နော်။

သီတင်းကျွတ်အခါသမယမှာ ပျော်ရွှင်ကြည်နူးချမ်းမြေ့ကြပါစေ
ချစ်ခင်လျှက်
မနုမြတ်
Nu Myat around the World

LRM_EXPORT_153419686415129_20180929_171915832

ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ကြီးရှိရာနီပေါသို့ … Nepal where Mt.Everest exists

ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်ကြီးရှိရာနီပေါသို့ …

IMG_3907

🌳မြတ်စွာဘုရား ဖွားတော်မူရာ လုမ္ဗိနီဥယျာဉ်ကြီးရှိရာ…


🏔ဧဝရက်တောင်အပါအဝင် ကမ္ဘာ့အမြင့်ဆုံးတောင် ၈တောင်ရှိရာ..


🏯ဟိန္ဒူဘာသာဝင်တိုင်း သွားရောက်ဖူးမြော်သင့်တဲ့ ကျောင်းတော်ကြီးရှိရာ…


🏯တတိယမျက်လုံးလို့တင်စားခေါ်ဝေါ်ကြတဲ့ ဗုဒ္ဓမျက်လုံးရှိရာ…


👸ကုမ္မာရီလို့ခေါ်တဲ့ ကမ္ဘာ့တစ်ဦးတည်းသော သက်ရှိနတ်ဘုရားမကိုးကွယ်ရာ…


🤺ရဲရင့်တဲ့ ဂေါ်ရခါးစစ်သားတွေရှိရာ…


နီပေါနိုင်ငံဟာ အရမ်းလည်းလှသလို အရမ်းလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်…

Snapseed-2-2

နီပေါရောက်တုန်း
-ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်ရာနေရာကို ဖူးမြော်ခဲ့ရတယ်
-နှင်းတွေဖုံးနေတဲ့ ရေခဲတောင်တန်းကြီးကိုကြည့်ရင်း နိုးထလာခဲ့ရတယ်…
-ဟိမဝန္တာတောင်တန်းတွေကြား Paragliding လုပ်ပြီး ငှက်လိုလေဟုန်စီးခဲ့ရတယ်…
-ဧဝရက်တောင်နဲ့ ကမ္ဘာ့အမြင့်တကာအမြင့်ဆုံး ရေခဲတောင်တွေပေါ်ကနေ Mountain Flight စီးခဲ့ရတယ်…
ဒီအတွေ့အကြုံတွေက ဘယ်လိုမှ မေ့မရနိုင်မယ့် ဘဝမှတ်တိုင်တွေလို့ ဆိုရမှာပါ

IMG_1087

နီပေါဆိုတာ

နီပေါနိုင်ငံက မြန်မာတွေအတွက်မစိမ်းတဲ့နိုင်ငံပါ။ ရဲရင့်တဲ့ ဂေါ်ရခါးစစ်သည်တွေကို ဒုတိယကမ္ဘာစစ်က အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို ခေါ်ဆောင်လာလို့ ဂေါ်ရခါးမျိုးဆက်တွေ မြန်မာမှာ အများကြီးရှိနေပါသေးတယ်။ဂေါတမ မြတ်စွာဘုရားဖွားတော်မူရာ လုမ္ဗိနီဥယျာဉ်တော်ကြီးဆီ ဗုဒ္ဓဂါယာ ဘုရားဖူးသွားရင်းလည်း ရောက်ဖူးကြမှာပါ။

နိုင်ငံမြောက်ဘက်မှာ တရုတ်နိုင်ငံနဲ့ ဟိမဝန္တာတောင်တန်းကြီးခြားထားပြီး တောင်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံနဲ့ ထိစပ်နေတာပါ။ ဟိန္ဒူဘာသာဝင်အများစုဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တွေက ဒုတိယအများဆုံးပါ။ နီပေါရဲ့ အလံကလည်း ထူးဆန်းလှပါတယ်။ တြိဂံ၂ခုဆင့်ထားတဲ့ ပုံစံဖြစ်နေလို့ ကမ္ဘာ့တစ်ခုတည်းသော ထောင့်မှန်စတုဂံပုံ မဟုတ်တဲ့ အလံလို့ ဆိုရမှာပါ။

Snapseed-5

ဘယ်တွေလည်စရာရှိလဲ

ခတ္တမန္ဒူမြို့ (Kathmandu)

ဟိမဝန္တာတောင်တန်းတွေဝန်းရံထားတဲ့ ချိုင့်ဝှမ်းထဲက မြို့တော်ခတ္တမန္ဒူဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ဆောက်ခဲ့တဲ့ ဘုရားကျောင်းတွေ အဆောက်အအုံတွေနဲ့ လဟာပြင်ပြတိုက်တစ်ခုလိုပါပဲ။ မြို့က ငလျင်ကြောမှာရှိလို့ တိုက်တွေ သိပ်မမြင့်ဘူးရယ်။ ကြည့်လိုက်တိုင်း ၂ ထပ် ၃ ထပ်လောက်ပဲရှိကြတာ။ အထပ်အမြင့်ဆုံးရယ်မှ ၁၇ထပ်တဲ့လေ။

Snapseed-4

-ခတ္တမန္ဒူမှာက ဗုဒ္ဓနတ်(Buddhanath) လို့ခေါ်တဲ့ စေတီပုထိုးရှိတယ်။ ထူးခြားတာက စေတီပေါ်မှာ ဗုဒ္ဓမျက်လုံးလို့ခေါ်တဲ့ ဧရာမမျက်လုံး၂လုံးကို လေးဘက်လေးလန်မှာ ရေးဆွဲထားပြီးခလယ်မှာ အင်္ဂလိပ်အက္ခရာ 9 လိုပုံရှိတဲ့ နီပေါလို နံပါတ် ၁ ကို နှာခေါင်းအဖြစ်ရေးဆွဲထားတယ်။ တရားရတော်မူရာ Enlightenment သင်္ကေတလို့သိရပြီး ဒါကြောင့် တတိယမျက်လုံးလို့လည်း ခေါ်ကြပါတယ်။ နီပေါရဲ့ဘုရားတွေမှာတွေ့ရလေ့ရှိပြီး နီပေါနိုင်ငံရဲ့ သင်္ကေတလို့လည်း ဆိုရမှာပါ။ ဘုရားဝန်းကျင်မှာ တိဘက်လူမျိုးတွေ နေများလို့ Little Tibet လို့လည်း ခေါ်ကြတယ်တဲ့။

Snapseed-14
-တောင်ထိပ်ပေါ်မှာရှိတဲ့ ဆွာယန်ဘူနတ်စေတီ Swayambhunath temple မှာ မျောက်တွေများလို့ Tourist တွေကြား Monkey Temple လို့လည်းခေါ်ကြတယ်။ အဲ့တောင်ကုန်းပေါ်တက်တဲ့ ဘုရားစောင်းတန်းလှေကားထစ်ပေါင်း ၃၆၅ထစ်ရှိပြီး တောင်ပေါ်က မြင်ရတဲ့ ခတ္တမန္ဒူမြို့ရှုခင်းကလည်း အရမ်းလှတယ်။

-ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ပရှူးပသီနတ် (Pashupathinath) ဘုရားကျောင်းဆိုတာလည်း ရှိသေးတယ်။ ဟိန္ဒူဘာသာဝင်တိုင်း ဘဝမှာတစ်ကြိမ်ရောက်သင့်တဲ့ ဘုရားကျောင်းလို့ဆိုပါတယ်။ ဟိန္ဒူဘာသာဝင်တွေ သေဆုံးတဲ့အခါ အလောင်းတွေကို အဲ့ ဘုရားကျောင်းဘေးက ဘက်ဂ်မာတီ (Bagmati) မြစ်ကမ်းမှာ မီးသဂြိုဟ်လေ့ရှိပြီး ပြာတွေ မြစ်ထဲမြောချလေ့ရှိကြတယ်။ အဲ့မြစ်ကိုလည်း Holy River အဖြစ်သတ်မှတ်ထားပြီး အဲ့လို သဂြိုဟ်ခြင်းအားဖြင့်နောင်ဘဝရှိမလာတော့ပဲ သံသရာဝဋ်ဆင်းရဲကနေကင်းလွတ်တယ်လို့ အဆိုရှိကြတယ်။
ပရှူးပသီနတ် ရောက်တုန်းလွှင့်ခဲ့တဲ့ Live Video link https://www.facebook.com/numyataroundtheworld/videos/1836358436603517/

IMG_1179
-ဘက်ခ်တာပါဒါဘာရင်ပြင် (Bukdapur Durbur Square) ကတော့ ခတ္တမ္ဒူကနေ ၁နာရီလောက်ကားမောင်းရင်ရောက်တဲ့ ဘက်ခ်တာပါမြို့မှာ ရှိတဲ့ ရင်ပြင်ပါ။ နီပေါနိုင်ငံရဲ့ မြို့တော်ဟောင်း ဖြစ်ပြီး နန်းတော်ဟောင်းလည်းတွေ့မြင်ရမှာပါ။ ၂၀၁၅တုန်းက နီပေါမှာ လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ရှေးဟောင်း အဆောက်အအုံတွေ အများကြီး အုတ်ပုံဘဝရောက်နေတာ မြင်ရတော့ စိတ်မကောင်းဘူးရယ်။ မြို့ထဲမှာ Kathamandu နဲ့ Patan ဆိုတဲ့ ရင်ပြင်တွေ ရှိသေးတယ်။ ကံကောင်းရင် ကမ္ဘာ့တစ်ပါးတည်းသော သက်ရှိနတ်ဘုရားမ ကုမ္မာရီနေတဲ့ အဆောက်အအုံပြတင်းပေါက်ကနေ နတ်ဘုရားမ လက်ပြနှုတ်ဆက်တာကို မြင်တွေ့နိုင်တယ်။

IMG_3518

-Thamel ဆိုတဲ့နေရာကတော့ နေ့ရောညပါ စီကားတဲ့ ဈေးဆိုင်တန်းတွေရယ်ပါ။ ညဘက်ဆို နီပေါ Nightlife ကို အဲ့မှာ ခံစားလို့ရတယ်လေ။

-ဧဝရက်တောင်အပါအဝင် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်၈ခုကို လှမ်းမြင်ရအောင် သီးသန့်ထွက်ပေးတဲ့ Mountain Flight ဆိုတာလည်းရှိတယ်။ လေဆိပ်ကနေ ထွက်ပေးတာ။ တစ်ယောက်ကို $200 ကျတယ်။
Mountain Flight Video Link က ဒီမှာပါ။https://www.facebook.com/numyataroundtheworld/posts/1838824249690269

ညအိပ်မယ်ဆိုရင်
Maya Manor Boutique Hotel လေးက မြို့ထဲမှာရှိပြီး ဟိုတယ်ဆောက်ထားပုံလေးက ချစ်စရာပါ။ ဈေးလည်း သင့်တင့်ပါတယ်။

IMG_4562

ပိုခါရာမြို့ (Pokhara)

ပိုခါရာမြို့လေးက မြို့တော် ခတ္တမန္ဒူပြီးရင် ဒုတိယမြောက်Tourist အလာဆုံးမြို့ပါ။ မြို့လေးက အရမ်းကိုလှပါတယ်။ ဟိမဝန္တာတောင်တန်းတွေအလယ်က ရေကန်ကြီးဘေးမှာ ဆောက်ထားတဲ့မြို့လေးဆိုတော့ ရှုခင်းတွေက တအားလှပေါ့…

IMG_1763

Snapseed-8

ရေခဲတောင်တွေကို မြို့ထဲကနေလှမ်းမြင်ရသလို တောင်တွေကြားထဲက နေထွက်လာတဲ့ ရှုခင်းတွေကလည်း အရမ်းလှပါတယ်။ Sunrise၊ Sunset ကြည့်လို့ရတဲ့ View Point တွေလည်း အများကြီးရှိလို့နေပါတယ်။ ဆာရန်ကော့တောင်ကတော့ Sunrise ကြည့်ဖို့ နာမည်ကြီးပါတယ်။

ပိုခါရာမြို့လေးကတော့ Adventure မြို့တော်လို့ဆိုရမှာပါ။ အဲ့မှာ တောင်တွေပေါ်ကနေ လေဟုန်စီးနိုင်တဲ့ Paraglidingလုပ်နိုင်သလို ကောင်းကင်ပေါ်ကနေ ရှုခင်းကြည့်နိုင်တဲ့ Pilot နဲ့ကိုယ်နဲ့ ၂ယောက်ထဲစီးရတဲ့ Ultralight Flight နဲ့ ရေခဲတောင်တွေပေါ်ဖြတ်ပြီး ပျံသန်းတဲ့ Mountain Flight ဆိုတာလည်းရှိတယ်။ တောင်တွေလည်းများတော့ Trekking တို့ Hiking တို့လည်း လုပ်လို့ရတယ်။ Annapura ရေခဲတောင် Base Camp ကိုလည်း အသွားများကြတယ်။

IMG_4563

မြို့လည်ရှိ Phewa ရေကန်ကြီးထဲ ခြေနင်းလှေစီးလို့ရသလို လှေလှော်လို့လည်းရတယ်။ ရေစီးသန်တဲ့ မြစ်တွေထဲလည်း Rafting လုပ်လို့ရတယ်။
Paragliding လုပ်တဲ့ Video က ဒီမှာပါ။ https://www.facebook.com/numyataroundtheworld/videos/1839864816252879/
Paragliding လုပ်တဲ့ Review ကတော့ ဒီမှာပါ။

ညအိပ်မယ်ဆိုရင်
Raniban Retreat နဲ့ Himalaya Front Hotel တို့က တောင်ပေါ်မှာ ရှိလို့ မြို့အလှကို အပေါ်စီးက လှမ်းမြင်ရတယ်။ အဲ့က မြင်ရတဲ့ နေထွက်ချိန်ရှုခင်းတွေက သိပ်လှတာပဲ။ ရေခဲတောင်တွေကိုလည်း လှမ်းမြင်ရတယ်လေ။

Snapseed-9
Fishtail Resort နဲ့ Waterfront Hotel တွေကတော့ ရေကန်ဘေးမှာ ရှိပြီး ရာသီဥတုသာယာရင် ဟိုတယ်ကနေ ရေခဲတောင်တွေလှမ်းမြင်ရပါတယ်။
Temple Tree ဟိုတယ်ကတော့ မြို့ထဲမှာရှိပြီး သွားရလာရ လွယ်ကူပါတယ်။

IMG_2526

လုမ္ဗိနီမြို့ (Lumbini)

ဂေါတမမြတ်စွာဘုရား ဖွားတော်မူရာ လုမ္ဗိနီဥယျာဉ်ရှိပြီး မြတ်စွာဘုရားမွေးဖွားတဲ့နေရာအစစ်ကို အသိအမှတ်ပြုထားတဲ့ကျောက်တုံးရယ်၊ ဗောဓိပင်ရယ်၊ မယ်တော်မာယာမီးဖွားခါနီးကိုယ်လက်သန့်စင်ရာ၊ မီးဖွားပြီးသိန္ဒဿမင်းသားကို ဆေးကြောသန့်စင်ရာ ရေအိုင်တော်ရယ်၊ မယ်တော်မာယာဒေဝီကျောင်းဆောင်ကြီးရယ်၊ အာသောကမင်းကြီး တည်ထားခဲ့တဲ့ ကျောက်စာတိုင်ရယ် ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်း သွားရောက်ဖူးမြော်သင့်တဲ့ မွန်မြတ်တဲ့ နေရာပါ။

ညအိပ်မယ်ဆိုရင်
Lumbini Hokke Hotel အခန်းတွေက ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ ဂျပန်တွေအတည်းများတော့ ဂျပန်စတိုင်အခန်းလေးတွေလည်းရှိတယ်။
မြန်မာဘုန်းကြီးကျောင်းတွေလည်းရှိပြီး ဘုန်းကြီးကျောင်းမှာတည်းမယ်ဆိုရင် မြန်မာငွေ ၅၀၀၀ ပဲလှူရမှာပါ။ သက်သက်လွတ်ထမင်းဟင်းတွေပါကျွေးပါတယ်။

နာဂါကော့မြို့ (Nagarkot)

ခတ္တမန္ဒူကနေ ၁နာရီလောက်မောင်းရင်ရောက်တဲ့ တောင်ပေါ်မြို့လေးပါ။ နေဝင်နေထွက်ရှုခင်းတွေ အရမ်းလှတယ်လို့ နာမည်ကြီးပါတယ်။ မြို့လေးသွားတဲ့တောင်ပေါ်လမ်းလေးက ထင်းရှုးပင်လေးတွေနဲ့ သိပ်ကိုလှပါတယ်။
ဒီမြို့မှာလည်း Hiking, Mountain Biking, Paragliding စတဲ့ Activities တွေ လုပ်လို့ရပါတယ်။

Snapseed-4

ညအိပ်မယ်ဆိုရင်
Hotel Country Villa Resort ဆိုတဲ့ ဟိုတယ်လေးရွေးသင့်ပါတယ်။ ရှုခင်း တမြော်တခေါ်ကြီး မြင်ရတဲ့ တောင်စောင်းပေါ်ဆောက်ထားပြီး ဈေးကလည်း $80-100 လောက်ပါပဲ။
Himalaya Club ဟိုတယ်ကတော့ အခန်းတွေပိုကျယ် ပိုကောင်းပြီး View တွေလည်း သိပ်ကိုလှပါတယ်။ ရေကူးကန်ကြီးလည်းရှိတယ်။ ဈေးကတော့ $160 လောက်ရှိမယ်။
တောင်စောင်းက အိမ်လေးတွေမှာ Homestay လည်း နေလို့ရလောက်တယ်။ လမ်းတလျှောက် Homestay ဆိုပြီး ဆိုင်းဘုတ်လေးတွေ တွေ့ရလို့ပါ။

ချန်ဒရာဂီရိ (Chandragiri)

ဒီမြို့ကလည်း ခတ္တမန္ဒူမြို့ကနေ ၁နာရီကျော်လောက်စီးရုံနဲ့ရောက်တယ်။ Cable Car စီးပြီးတောင်အမြင့်ကြီးပေါ်တက်ရတာ။ တောင်ပေါ်မှာ ဘုရားကျောင်းရှိပြီး တောင်ပေါ်က မြင်ရတဲ့ရှုခင်းတွေက အရမ်းကိုလှတာ။ တောင်ပေါ်က ကော်ဖီဆိုင်မှာ အေးအေးဆေးဆေး Lunch စား နီပေါစတိုင် မာဆလာလက်ဖက်ရည်လေးသောက်နဲ့ ဇိမ်ကိုကျနေရော။ နောက်ဆို ကစားကွင်းတွေ Zipline တွေလည်း လုပ်ဦးမှာဆိုတော့ ပိုပြီး ပျော်ဖို့ကောင်းမှာပါ။

ချန်ဒရာဂီရိ Live Video က ဒီမှာပါ

IMG_4565

နီပေါကိုဘယ်လိုသွားရမလဲ

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့နဲ့ ရန်ကုန်ကို Himalaya Airlines ကနေ တိုက်ရိုက်ပြေးဆွဲနေပါပြီ။ လေယာဉ်ပျံသန်းချိန်က ၃နာရီနီးပါးရှိပြီး အသွားအပြန်မှ US$350 ဝန်းကျင်လောက်ပဲရှိပါတယ်။

ခတ္တမန္ဒူကနေ ပိုခါရာကို လေယာဉ်စီးရင်စီး၊ မစီးရင်ကားနဲ့သွားလို့ရပါတယ်။ ကားက Tourist Bus ဆိုတဲ့လိုင်းကားရှိတယ်။ ကားအမျိုးအစားနဲ့ Service ပေါ်မူတည်ပြီး ဈေးက 7$ ကနေ $25 ထိရှိတယ်။ $25 တန်ဆိုရင် ကားပေါ် အိမ်သာပါသလို lunch လည်းကျွေးပါသတဲ့။ ကားစီးချိန်ကတော့ ၇နာရီလောက်ကြာပါမယ်။
လုမ္ဗိနီဆီကိုတော့ ပိုခါရာကနေ ကားနဲ့သွားမှရပါမယ်။ ခတ္တမန္ဒူကဆိုရင်တော့ လေယာဉ်လည်းရှိပါတယ်။

IMG_4564

အစားအသောက်

နီပေါစာက အိန္ဒိယအစာနဲ့ ဆင်ပါတယ်။ ထမင်းနဲ့ ကြက်သားဟင်း အဓိကစားပြီး ပဲဟင်းအစားများပါတယ်။ ထမင်းကို ဒိန်ချဉ်စမ်း ဆားနဲ့နယ်စားရတာ သိပ်အရသာရှိတာပဲ။ စမူဆာတွေကလည်း အကြီးကြီး၊ ပူရီ၊ ချာပါတီ၊ နံပြား စားလို့ကောင်းမှကောင်း။ အထူးအဆန်းအနေနဲ့ Momo ဆိုတာ ဖက်ထုပ်ကို ပဲအနှစ်တို့စားရတာဖြစ်ပြီး တရုတ်နဲ့ကုလား ၂မျိုးပေါင်းထားတဲ့ Fusion လို့ဆိုရမှာပါ။ နီပေါမှာ မာဆလာလက်ဖက်ရည် Masala Tea ကိုတော့ အရမ်းကြိုက်သွားမိတယ်။ နေ့တိုင်း အဲ့ဒါပဲ မှာသောက်တာ။ လက်ဖက်ရည်ကို ဟင်းခတ်အမွှေးအကြိုင်ရယ် နို့ရယ်ထည့်ကြိုပေးတာ သိပ်အရသာရှိတာပဲ။ Masala Cola ဆိုတာလည်းရှိတယ်တဲ့ ကိုကာကိုလာထဲ ဟင်းခတ်အမွှေးအကြိုင် ထည့်သောက်တာတဲ့။ အဆန်းကြီးတွေနော်။

IMG_1638

ဆောင်ရန်ရှောင်ရန်

– US$ 1$ = နီပေါရူးပီး 102-108 လောက်ရယ်ပါ။ မြန်မာငွေတွက်မယ်ဆို နီပေါရူပီးကို အကြမ်းဖျဉ်းအားဖြင့် ၁၀နဲ့ မြှောက်ရုံပဲပေါ့ ။ ဒေါ်လာအကြွေတွေရှိလည်း ဆောင်သွားပါ။ ဒေါ်လာနဲ့ ပေးလည်း လက်ခံကြပါတယ်။

-Visa က လေဆိပ်မှာ Arrival Visa လျှောက်လို့ရပါတယ်။ 25$ ပါ။ Passport ပုံ လိုပါလိမ့်မယ်။

-Passport ဓာတ်ပုံ အပိုဆောင်သွားပါ။ ဖုန်းကတ်ဝယ်ရင် ပုံပေးပြီး ဖောင်ဖြည့်ရပါတယ်။ ဖုန်းကတ်ကို လေဆိပ်မှာပဲဝယ်ပါ။ မြို့ထဲမှာ ရှာရခက်ပါတယ်။ 100 MB ကို 800ရူပီး နဲ့ 300 MB ကို 1000ရူပီး ကျပါတယ်။

– တောင်တွေ ထူထပ်တဲ့ နိုင်ငံမို့လို့ ရာသီဥတုအေးပါတယ်။ နွေးနွေးထွေးထွေးဖြစ်စေမယ့် အဝတ်အစားတွေ ယူသွားပါ။ ညဆိုတော်တော်အေးပါတယ်။ အိန္ဒိယနဲ့ နီးတဲ့ လုမ္ဗိနီမြို့မှာသာ ရာသီဥတုနွေးပါတယ်။

-လေယာဉ်စီးရင် အသွား ညာဘက်၊ အပြန်ဘက်ဘက် Window seat မှာစီးပါ။ ရာသီဥတုကြည်လင်တဲ့ အချိန်ဆို ဧဝရက်တောင်အပါအဝင် ရေခဲတောင်တွေကို လေယာဉ်ပေါ်ကနေ တမြော်တခေါ်ကြီး လှမ်းတွေ့ရမှာပါ။

-လေယာဉ်က တစ်ပတ်မှာ တစ်ကြိမ်ပဲထွက်တော့ ၇ညအိပ် ၈ရက်ခရီးသွားရပါမယ်။ အဲ့ရက်နဲ့ဆို အပေါ်မှာ ပြောထားတာတွေ အကုန်ရောက်ပါတယ်။ တချို့ကတော့ ၂နိုင်ငံဖြစ်အောင် နီပေါနဲ့ နီးတဲ့ ဘူတန်ကိုပါ တွဲသွားပါတယ်။

အပြီးထိ စိတ်ဝင်တစား ဖတ်ရှုလို့ ကျေးဇူးပါ။ အားလုံး စိတ်သွားတိုင်းကိုယ်ပါနိုင်ကြပါစေ။

နုမြတ်

Snapseed-3-2

ခမာတို့နိုင်ငံ ကမ္ဘောဒီးယား Cambodia, a Country of Khmers

ခမာတို့နိုင်ငံ ကမ္ဘောဒီးယား

Dr. Nu Myat Theingi Oo

edf
ကမ္ဘောဒီးယားဆိုရင် ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဘာသာရေးကျောင်းတော်ကြီး တည်ရှိရာနိုင်ငံ၊ အင်ပါယာကြီးထွားခဲ့တဲ့ ခမာတို့ရဲ့ အန်ကောမြို့တော်ရှိရာ နိုင်ငံ၊ အရှေ့တောင်အာရှရဲ့ အကြီးဆုံးရေကန်ကြီးရှိရာ နိုင်ငံစတဲ့ အကောင်းဆုံးအချက်တွေ မြင်ယောင်မိကြသလို တစ်ဖက်မှာလည်း
ကိုယ့်လူမျိုးအချင်းချင်း အစုလိုက်အပြုံလိုက် မျိုးတုန်းသတ်ဖြတ်ခြင်းခံရတဲ့နိုင်ငံ၊ လေးနှစ်တာကာလအတွင်း လူပေါင်း ၂သန်းကျော် သေဆုံးခဲ့ရတဲ့နိုင်ငံ၊ တစ်နိုင်ငံလုံးအဆင့်အတန်းတူညီအောင် ပညာတတ်လူတန်းစား၊ သူဌေးသူကြွယ်မှန်သမျှ အကုန်ရှင်းပစ်ခံခဲ့ရတဲ့နိုင်ငံ စတဲ့ နိမ့်ကျခဲ့တဲ့ အဆိုးဆုံးအခြေအနေကိုလည်း မြင်ယောင်မိကြမှာပါ။

sdr
ခမာပျိုဖြူတွေနဲ့

နိုင်ငံတစ်နိုင်ငံ သွားလည်တဲ့အခါ နိုင်ငံရဲ့ ထိပ်ဆုံးကာလ၊ အကောင်းဆုံး၊ အမွန်အမြတ်အထားဆုံးနေရာတွေ သွားလေ့လာကြရတာများပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားမှာတော့ သူတို့နိုင်ငံရဲ့ အနိမ့်ကျဆုံးအခြေအနေကို လေ့လာနိုင်အောင်ပြသထားတာကိုတွေ့ခဲ့ရပါတယ်။ ဒီတစ်ခေါက် Cambodia သွားလည်တဲ့အခါမှာလည်း ဒီ အခြေအနေ၂မျိုးလုံးကို ကြုံတွေ့ခဲ့ရလို့ သံဝေဂတွေလည်းရခဲ့ပါတယ်။ အဆိုးဆုံးကာလတွေက ရုန်းထွက်နိုင်ခဲ့တဲ့ Cambodia နိုင်ငံကိုလည်း ချီးကျူးမိပါတယ်။

Quick Facts

မြို့တော် – ဖနွမ်းပင်
အသုံးပြုငွေ- Cambodian Riel ( US$ကိုလည်း အလွယ်တကူသုံးစွဲတာကြောင့် ပိုက်ဆံမလဲဘဲ $ပဲ သုံးလည်းရပါတယ်။ ငွေလဲမယ်ဆိုရင်တော့ ၁ဒေါ်လာကို ကမ္ဘောဒီးယားပိုက်ဆံ ၄၀၀၀ကျော်ရပါမယ်)
အချိန်ကွာခြားချက်- ရန်ကုန်ထက် နာရီဝက်ပိုစောပါတယ်။ ဥပမာ- ရန်ကုန်မှာ ၁နာရီဆို အဲ့မှာ ၁နာရီခွဲ ရှိနေပါပြီ

Tourist Attractions (ဘာတွေလည်စရာရှိလဲ)
ဖနွမ်းပင် (Phanom Penh)
နိုင်ငံတစ်နိုင်ငံရောက်ရင် သူ့ရဲ့ မြို့တော်တော့ သွားလည်သင့်ပါတယ်။ Camboidaမှာတော့ အန်ကောဝပ်ရှိတဲ့ Siem Reap ကိုပဲ သွားကြတာများပါတယ်။ နိုငံရဲ့ မြို့တော် ဖနွမ်းပင်မှာလည်း သွားလည်စရာနေရာတွေရှိပါတယ်။

img1506228493463-01 - Copy - Copy.jpeg
Royal Palace (တော်ဝင်နန်းတော်ကြီး)
ကမ္ဘောဒီးယား နန်းတော်က ဘန်ကောက်က နန်းတော်ရယ်၊ မြဘုရားရယ်နဲ့ ဆောက်လုပ်ပုံတွေ ဗိသုကာဒီဇိုင်းတွေ တော်တော်ကိုဆင်သလိုပဲ။ နန်းတော်ကြီးကို ၁၈၆၀ခုနှစ်ကတည်းက တည်ထားခဲ့တာပါ။ နန်းတော်ကြီးမှာ လက်ရှိဘုရင်နေနေတုန်းပဲတဲ့။ ဘုရင်ကြီးက အသက်၆၅နှစ်ရှိပေမဲ့ အိမ်ထောင်မရှိဘူး။ အဲဒီတော့ နောက်တက်မယ့်ဘုရင်တွေကို တူတွေထဲက ရွေးပေးရမှာတဲ့လေ။ နန်းတော်ဝင်းထဲက ညီလာခံခန်းမတွေ၊ တခြားအဆောင်နဲ့ ခန်းမတွေ လေ့လာလို့ရပေမဲ့ လက်ရှိဘုရင်နေနေတဲ့ ဝင်းထဲတော့ ဝင်ခွင့်မပေးထားပါဘူး။
နန်းတော်ဝင်းနဲ့ ကပ်ရပ်မှာ ငွေဘုရား (Silver Pagoda) ဆိုတာလည်းရှိတယ်။ ဘုရားဆောင်ကြမ်းပြင်ကို ငွေထည်တွေအပြည့်ခင်းထားလို့ Silver pagoda လို့ခေါ်တာတဲ့။ ဘုရားဆောင်ထဲမှာ မြဘုရားဆင်းတုနဲ့ တခြားရှေးဟောင်းဆင်းတုတွေလည်း ဖူးမြော်နိုင်ပါတယ်။ စိန်အလုံးပေါင်း ၉၀၀၀ ကျော်တန်ဆာဆင်ထားတဲ့ ရွှေအစစ်နဲ့ သွန်းလုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်လည်း ထင်ရှားတယ်။ စိန်အကြီးဆုံးက ၂၅ကာရတ်တောင်ရှိတာပါတဲ့။

National Museum (အမျိုးသားပြတိုက်)
ခမာတို့ရဲ့ ယဉ်ကျေးမှုတွေ၊ သမိုင်းကြောင်းတွေ၊ အနုပညာလက်ရာတွေကို တစ်နေရာထဲမှာ ကြည့်နိုင်မယ့် ကမ္ဘောဒီးယားရဲ့ အကြီးဆုံးပြတိုက်တဲ့။ ရှေးဟောင်းရုပ်တုကြီးတွေအများကြီးပဲ ပြထားတာ။ ရှေးဟောင်းပစ္စည်းပေါင်း ၁၄၀၀၀ကျော်တောင်ရှိတာတဲ့။ ဒါပေမဲ့သမိုင်းနဲ့ ရှေးဟောင်းပစ္စည်း စိတ်ဝင်စားမှ သွားပါရှင်။ စိတ်မ၀င်စားရင်တော့ ဒီနေရာကိုကျော်လိုက်လို့ရတယ်။

DCIM103GOPROGOPR5324.JPG
Killing Field
၁၉၇၅ကနေ ၁၉၇၉ခုနှစ်အထိ ၄နှစ်တာကာလဟာ ကမ္ဘောဒီးယားနိုင်ငံသားတွေအတွက် တကယ့်ငရဲလိုပါပဲ။ အာဏာရှင်ပိုပေါ့ ခေါင်းဆောင်တဲ့ ခမာနီတွေ အုပ်စိုးတဲ့ကာလမှာ လူတန်းစားအားလုံး တပြေးညီဖြစ်အောင်ဆိုပြီး ချမ်းသာသူတွေ၊ ပညာတတ်တွေ၊ ရာထူးကြီးသူတွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံခြားသားတွေနဲ့ သူတို့စကားနားမထောင်သူတွေ အကုန်လုံးကို ညှင်းပန်းနှိပ်စက် သတ်ပစ်ခဲ့ကြတယ်။ လူတွေအကုန် အိုးအိမ်တွေကို စွန့်လွှတ်ပြီး သူတို့ သွားခိုင်းရာ အရပ်လေးမျက်နှာကို ကိုယ်စီ အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ နေ့ရက်ပေါင်းများစွာ ခရီးနှင်ခဲ့ရတယ်။ သူတို့ သတ်မှတ်ထားတဲ့ စခန်းတွေမှာ သူတို့ပြောစကားနားထောင်၊ သူတို့ ခိုင်းတာလုပ်၊ ကျွေးတာစား အဲ့လိုပဲ အလိုက်သင့်နေခဲ့ကြရတာတဲ့လေ။
ဒီ Killing Field ဆိုတာကတော့ လူသတ်ကွင်းပေါ့။ ခမာနီလက်ထက်မှာ လူဦးရေ ၂သန်းကျော်သေဆုံးခဲ့ရတယ်ဆိုတော့ Cambodia မှာ လူသတ်ကွင်းတွေ အများကြီးပေါ့။ နုမြတ်တို့သွားလေ့လာခဲ့ရတဲ့ လူသတ်ကွင်းကတော့ ဖနွမ်းပင်မြို့ကနေ ၁ နာရီလောက်မောင်းရတဲ့ Choueng Ek နေရာက Killing Field ပဲဖြစ်ပါတယ်။ သစ်ပင်တွေ နွယ်ပင်တွေ အုပ်ဆိုင်းဆိုင်းနဲ့ သာယာတဲ့နေရာလေးက တစ်ချိန်တုန်းက လူ့အသက်ဝိဥာဉ်ပေါင်းကို ခြွေရာ လူသတ်ကွင်းဖြစ်ခဲ့တာ ၀မ်းနည်းစရာပါ။ အဲဒီဝင်းထဲဝင်လိုက်တာနဲ့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ၀မ်းနည်းသလိုလို။ ငိုချင်သလိုလို။ ၀င်းကြီးအလည်မှာ ခန့်ထည်တဲ့ အဆောက်အအုံကြီးတစ်ခုရှိနေတယ်။ အဲ့အဆောက်အအုံကြီးနားလည်းရောက်ရော စိတ်မကောင်းလိုက်တာ။ အလည်က မှန်ဗီရိုကြီးထဲမှာ အရိုးခေါင်းတွေ အရိုးခေါင်းတွေ မျက်စိတစ်ဆုံးပဲ။ ဒီလူသတ်ကွင်းထဲမှာ သတ်ဖြတ်မြှုပ်နှံထားတဲ့ အရိုးခေါင်းတွေတဲ့။ အရိုးခေါင်းပေါင်း ၅၀၀၀ ကျော်တောင် ပြသထားတာ။

DCIM103GOPROGOPR5417.JPG
ခမာနီတွေကျဆုံးတုန်းက  ဒီိလူသတ်ကွင်းထဲ ၀င်ရှာတာ အလောင်းပေါင်း ၉၀၀၀ နီးပါးတွေ့ခဲ့ရတယ်တဲ့လေ။ အဲ့မှာ သေဆုံးသွားသူတွေရဲ့ အ၀တ်အစားအပိုင်းအစတွေ၊ သတ်ရာမှာ အသုံးပြုခဲ့တဲ့ ဓာတုဆေးမှုန့်တွေထားရှိရာနေရာတွေ၊ သတ်တဲ့အခါ အော်သံမကြားရအောင် ဖွင့်ထားတဲ့ လော်စပီကာကြီးချိတ်ဆွဲရာ သစ်ပင်ကြီးတွေ၊ လူသေအလောင်းတွေ စုပုံထားတဲ့နေရာတွေ စသဖြင့် အရာရာတိုင်းက ခြောက်ခြားဖို့ကောင်းလှပါတယ်။
S21 Museum
ခမာနီလက်ထက်မှာ ညှင်းပန်းနှိပ်စက်တဲ့စခန်းဖြစ်ခဲ့တဲ့ ဒီစာသင်ကျောင်းကို အခုအခါမှာတော့ ပြတိုက်အဖြစ်ပြသထားတယ်။ တစ်ချိန်တုန်းက ကလေးသူငယ်လေးတွေရဲ့ စာအံသံလေးတွေနဲ့ ပြည့်နေတဲ့ စာသင်ခန်းတွေက အဲ့ကာလမှာတော့ နာကျင်လွန်းလို့ အာခေါင်ခြစ်အော်တဲ့အသံတွေ၊ ငိုကြွေးသံတွေပြည့်ရာ အချုပ်ခန်းတွေ၊ နှိပ်စက်ခန်းတွေ အဖြစ်ပြောင်းသွားခဲ့တယ်။
ပျော်ပျော်ပါးပါးဆော့ကစားခဲ့တဲ့ ကျောင်းကစားကွင်းဟာလည်း အခုအခါမှာတော့ အလောင်းတွေမြှုပ်နှံရာ အုတ်ဂူဖြူဖြူတွေ အစီအရီနဲ့လေ။ ကလေးတွေ နိုင်ငံတော်သီချင်းသီဆိုရာ အလံတိုင်တောင် ကြိုးဆွဲချသတ်တဲ့နေရာအဖြစ် ပြောင်းခဲ့ကြတာတဲ့..
ရက်စက်လိုက်ကြတာ….

DCIM104GOPROGOPR5522.JPG
လူပေါင်း ၁၇၀၀၀ကျော် ကိုKilling Field မှာ မသတ်ခင် ဒီကျောင်းထဲ ဖမ်းချုပ်နှိပ်စက်တာတဲ့။ တကယ့်ငရဲခန်းတွေလိုပါပဲ။ နောက်ဆုံးခမာနီတွေ လက်နက်ချလိုက်တဲ့အချိန် အဲ့ကျောင်းကို ၀င်စီးတော့ အချုပ်ခန်းပေါင်း ၁၀၀၀ ကျော်မှာ အသက်ရှင် ကျန်ခဲ့တာ ၇ယောက်ပဲ ရှိတော့တယ်တဲ့လေ။
ကျောင်းထဲက အချုပ်ခန်းတွေ၊ နှိပ်စက်ထားတဲ့ပုံတွေ၊ သေဆုံးခဲ့တဲ့သူပုံတွေ၊ နှိပ်စက်ခဲ့တဲ့ လက်နက်တွေ ပတ်ကြည့်ရင်း အတော်ကို စိတ်မကောင်းဖြစ်မိတာ။ အာဏာရှင်စနစ်ဆိုတာ ကောင်းကိုမကောင်းတာပဲ။ အဲ့ကျောင်းလို ငရဲခန်း၊ နှိပ်စက်စခန်းတွေ တခြားနေရာတွေမှာရှိသေးတယ်။ တချို့ကိုတော့ ကျောင်းအဖြစ်ပြန်ဖွင့်ထားတယ်တဲ့။ ကြက်သီးထစရာကြီးနော်။
အနိဌာရုံတွေ မမြင်ချင်ရင်တော့ ဒီနေရာတွေ မသွားပါနဲ့လို့ ပြောချင်ပါတယ်။
Cyclo Tour
ဖနွမ်းပင်မြို့တစ်ပတ် ဆိုက်ကားနဲ့လည်လည်ထွက်လည်းရတယ်။ သူတို့ဆိုက်ကားကတော့ ဒီကဆိုက်ကားနဲ့တော့ မတူဘူးပေါ့။ အမိုးပါတယ်။ ပြီးတော့ စီးသူကရှေ့က၊ မောင်းသူက နောက်ကနေ မောင်းရတာ။ ဆိုက်ကားတစ်စီးကို ၅$နဲ့ အတူလိုက်ရှင်းပြတဲ့ Tour Guide က တစ်ဖွဲ့ကို $၅၀ ပေးရပါတယ်။
ကမ္ဘောဒီးယားက ပြင်သစ်ကိုလိုနီလက်အောက်ရောက်ခဲ့တာဆိုတော့ ပြင်သစ်အဆောက်အအုံတွေရယ်၊ တရုတ်ရှေးဟောင်းအဆောက်အအုံတွေရယ်၊ ကမ္ဘောဒီးယားရှေးဟောင်းအဆောက်အအုံတွေရယ်ကို ၃နေရာခွဲပြီး တစ်နေရာနဲ့တစ်နေရာ ဆိုက်ကားတွေနဲ့ပို့ပေးတာ။ တစ်နေရာရောက်ရင် လမ်းဆင်းလျှောက်ပြီး ဂိုက်က စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေ လိုက်ရှင်းပြတယ်။ အိမ်ကြိုအိမ်ကြား လမ်းကြို လမ်းကြားလျှောက်သွားရတော့ ဖနွမ်းပင်မြို့ရဲ့ လူနေမှုဘ၀အစစ်အမှန်တွေ တွေ့ခဲ့ရတယ်။ နယ်ခံတွေနဲ့ တသားထဲကျသလိုခံစားရတဲ့ အစီအစဉ်ပေါ့။ ရန်ကုန်မှာလည်း ပန်းဆိုးတန်း၊ တရုတ်တန်းနဲ့ သိမ်ဖြူဘက်ကို အဲ့လို ဆိုက်ကားနဲ့ လိုက်ပြရင် ပိုတောင်စိတ်ဝင်စားဖို့ကောင်းဦးမယ်ထင်တယ်။

edf
Shopping
ဈေးတွေကတော့ Central Marketနဲ့ Russian Market ဆိုတာရှိတယ်။ Central Market ကတော့သူတို့ရဲ့ ဗဟိုဈေးပေါ့။ တကယ့်ဈေးလိုပါပဲ။ ကုန်စိုတွေရော ကုန်ခြောက်တွေပါရောင်းနေတာ။ Russian Market မှာကြတော့ သူတို့ဆီမှာ လာချုပ်တဲ့ World wide brand တွေရဲ့ စက်ရုံကျ အထည်တွေကို ဈေးပေါပေါနဲ့ရနိုင်ပြီး အမှတ်တရ ပစ္စည်းတွေလည်း ရောင်းတယ်။ Shopping Center အနေနဲ့ကတော့ သူတို့ဆီမှာ အကြီးဆုံး AEON Mall ဆိုတာရှိတယ်။ အဲ့မှာဝယ်လို့ရတယ်။

edf
Nightlife
သမိုင်းတွေ ရာဇဝင်တွေလေ့လာပြီးတဲ့အခါ ခေတ်မီတိုးတက်တဲ့ နေရာတွေဆီသွားပြီး မွန်းကျပ်နေတာတွေ ဖြေဖျောက်ရမှာပေါ့။ ဖနွမ်းပင်ရဲ့ နောက်ဆုံးညမှာ ဖနွမ်းပင်ရဲ့ အကြီးဆုံး AEON mall ရယ်၊ အသစ်ဖွင့်လိုက်တဲ့ Night Market ဖြစ်တဲ့ Jet’s container market ရယ်ရောက်ခဲ့တယ်။ Bar တွေ၊ Club တွေ၊ စားသောက်ဆိုင်တွေများတော့ အဲ့မှာတော့လူငယ်တွေနဲ့ စည်မှစည်ရယ်။ ကမ္ဘောဒီးယားလူငယ်တွေ တွေ့ချင်အဲ့သွားလို့ ပြောရမယ်။ Street Foods တွေ မြည်းစမ်းချင်ရင်တော့ အရင်ကတည်းကရှိခဲ့တဲ့ Night Market ကိုသွားပါလို့။

edf

 

ဆီယမ်ရိ(ပ်) Siem Reap

ရှေးဟောင်းဘုရားကျောင်းတွေ အများကြီးရှိလို့ ကျွန်မတို့ဆီက ပုဂံနဲ့ ညီအစ်မမြို့တော်ထားတဲ့ မြို့တော်ကြီးပါ။ အဲ့ဒီက ဘုရားကျောင်းတွေ သွားလည်ဖို့ Angkor Pass ဆိုတဲ့ လက်မှတ်ဖြတ်ရပါတယ်။ တစ်ရက်ကို ၃၇ဒေါ်လာ၊ ၃ရက်ကို ၆၂ဒေါ်လာနဲ့ ၇ရက်ကို ၇၂ဒေါ်လာ ပေးရပါတယ်။ လက်မှတ်ကို လက်မှတ်ရုံမှာ သွားထုတ်ရပြီး ကိုယ့်ဓာတ်ပုံနဲ့ တစ်ခါတည်းရိုက်ထုတ်ပေးပါတယ်။ နုမြတ်တို့ကတော့ ၃ရက်လက်မှတ်ဖြတ်လိုက်ပါတယ်။ အများစုကတော့ ၁ရက်လက်မှတ်ပဲ ဖြတ်ပြီး ဘုရားကျောင်းတွေကို ၁ရက်ထဲ အပြီး လည်ကြပါတယ်။ လက်မှတ်ကို ကိုယ်နဲ့မကွာဆောင်ထားဖို့၊ မပျောက်ဖို့ အရေးကြီးပါတယ်။ ဘုရားကျောင်းတွေ အ၀င်မှာ လက်မှတ်စစ်ဆေးလေ့ရှိလို့ပါ။

edf

Angkor Wat

အန်ကောဝပ်ကတော့ ကမ္ဘာ့အကြီးဆုံး ကျောင်းဆောင်ကြီးဖြစ်သလို ကမ္ဘာ့ရှေးဟောင်းအံ့ဖွယ်ထဲကတစ်ခု (Ancient Wonder of the World) လည်းဖြစ်ပါတယ်။ ခမာတို့ရဲ့အကောင်းဆုံး ဗိသုကာလက်ရာ၊ ကမ္ဘောဒီးယားနိုင်ငံရဲ့ အထွတ်အမြတ်ထားရာဖြစ်လို့ ကမ္ဘောဒီယား အလံမှာတောင် အန်ကောဝပ်ကျောင်းတော်ကြီးပုံကို ထည့်ထားတာတွေ့ရတယ်။ နိုင်ငံတော်အလံမှာ အဲ့လို Landmark ထည့်ထားတာ သူနဲ့ အာဖဂန်နစ္စတန်ပဲရှိမယ်ထင်တယ်။

img1506506064606
Angkor ဆိုတာ City တဲ့။ Wat ဆိုတာက Temple ဆိုတော့ City of Temple ဘုရားကျောင်းမြို့တော်လို့ အဓိပ္ပါယ်ရတယ်။ မြို့တော်ဆိုတဲ့အတိုင်း ကျောင်းဝင်းကြီးကို ကျုံးတွေ၊ မြို့ရိုးတွေ ပတ်လည်ဝိုင်းထားတာတွေ့ရတယ်။ စဆောက်ဆောက်ချင်းကတော့ ဗိဿနိုးနတ်မင်းကြီးကို ပူဇော်ထားတဲ့ ဟိန္ဒူကျောင်းတော်ကြီးဖြစ်ပေမဲ့ အခုအခါမှာတော့ ဗုဒ္ဓဘာသာကျောင်းတော်ကြီးပါ။
အပေါ်ဆုံးအဆင့်ကိုတက်ဖို့က လူအကန့်အသက်နဲ့တက်ရတာကြောင့် တန်းစီရပါတယ်။ မတ်လည်းမတ်လို့ လူကြီးတွေ မတက်သင့်ပါဘူး။ အပေါ်ဆုံးကနေတော့ အန်ကောဝပ်ပတ်လည်က ရှုခင်းတွေ မြင်နိုင်ပါတယ်။

 

Angkor Thom
အန်ကောသုမ်လို့ခေါ်တဲ့ မြို့ဟောင်းကြီးမှာ မြို့ရိုးလေးဘက်ရှိပြီး မြို့ရိုးဂိတ်ကကျတော့ အရှေ့ဘက်မှာ ဂိတ်၂ခုရှိနေလို့ စုစုပေါင်း ဂိတ်၅ခုရှိပါတယ်။ တောင်ဘက်ဂိတ်က အန်ကောဝပ်နဲ့နီးတော့ လူသွားလူလာများပြီး စည်ကားတယ်။ အရှေ့ဘက်ကတော့ အေးအေးဆေးဆေးရှိတယ်။ နုမြတ်တို့ကတော့ Gate of the Dead လို့ခေါ်တဲ့ အဲ့ခေတ်က လူသေအလောင်းတွေကို မြို့ပြင်ထုတ်ရာ အရှေ့ဘက်ဂိတ်ကနေ Victory Gate လို့ခေါ်တဲ့ နောက်ထပ် အရှေ့ဘက်ဂိတ်အထိ မြို့ရိုးပေါ်ကနေ လျှောက်သွားဖြစ်ခဲ့တယ်။
မြို့ရိုးတစ်ဖက်ကို ၃ကီလိုမီတာ(၁.၉မိုင်) ရှိလို့ စတုရန်းမိုင်ပေါင်း ၃.၄မိုင်ရှိတဲ့မြို့ဟောင်းကြီးထဲမှာ ဘုရားကျောင်းတွေ အများကြီးရှိတော့ ပုဂံရောက်နေသလိုတောင် ခံစားရတယ်။

cof

Bayon Temple
အန်ကောသုမ်မြို့ဟောင်းကြီးရဲ့ အလည်တည့်တည့်မှာ ရှိနေပြီး အရပ်လေးမျက်နှာကို မျက်နှာမူနေတဲ့ ရုပ်တုကြီးတွေကြောင့် နာမည်ကျော်တဲ့ ဘုရားကျောင်းကြီးပါ။ ခမာဘုရင် ဂျာယာဗာမန်ကြီးကို ရည်စူးဆောက်လုပ်ထားတဲ့ ဘုရားကျောင်းမို့လို့ ဒီမျက်နှာကြီးတွေက ဘုရင်ကြီးရဲ့ မျက်နှာဖြစ်မယ်လို့ယူဆထားကြပါတယ်။ မျက်နှာတော်က ခပ်ပြုံးပြုံးနဲ့ မျက်လုံးမှိတ်ထားကာ အရာရာကို တတ်သိနားလည် ငြိမ်းအေးနေတဲ့သဏ္ဏာန်ဖြစ်နေပါတယ်။ အရပ်လေးမျက်နှာလှည့်နေတဲ့ မျက်နှာတော်ရုပ်တုကြီး ၅၀ခုရှိတာကြောင့် မျက်နှာတော်က ၂၀၀ ရှိနေပါတယ်။ အဲဒီတော့ကျောင်းဆောင်ကြီးပေါ် ဘယ်နေရာကြည့်ကြည့် မျက်နှာတော်တွေ မြင်ရပြီး ဆန်းကြယ်လှပါတယ်။

IMG_20170926_164613-02 - Copy - Copy.jpeg

Terrace of Elephants
ကျောက်တုံးကြီးတွေ နေရာအနှံ့ ပြန့်ကျဲနေတဲ့ ဒီနေရာဟာလည်း ကမ္ဘောဒီးယား ရှေးဟောင်းမြို့တော်ကြီးထဲက အထင်ကရနေရာတစ်ခုပါပဲ။ ရှေးခေတ်ခမာဘုရင်ရဲ့ ပွဲကြည့်စင်ကို ဆင်ရုပ်ကြီးတွေနဲ့ တောက်လျှောက်ပုံဖော်ထားတာ။ အဲ့ဝင်းအထဲမှာ နေရာအနှံ့ ပြန့်ကျဲနေတဲ့ ကျောက်တုံးကြီးတွေရယ်၊ ခလယ်က ကျောင်းဆောင်ကြီးဆီ တန်းတန်းကြီး ရောက်သွားတဲ့ လျှောက်လမ်းရယ်နဲ့ ပတ်ဝန်းကျင် အမြင်ဆန်းကြယ်လှပါတယ်။ ဒီဝင်းထဲမှာ အရင်က ဘုရင့်နန်းတော်ရှိခဲ့ပေမဲ့ အုတ်မြစ်ရာ မတွေ့တာကြောင့် သစ်နဲ့ဆောက်ခဲ့တဲ့ နန်းတော်ဖြစ်မယ်တဲ့လေ။

IMG_20170926_160532-01.jpeg

Taphrom Temple
Tomb Raider ဘုရားကျောင်းလို့နာမည်ကြီးတဲ့ကျောင်းဆောင်ကြီးပါ။ Holloywood မင်းသမီး အင်ဂျလီနာ ဂျိုလီပါတဲ့ Lara Croft : Tomb Raider ဇာတ်ကားက ဒီကျောင်းမှာရိုက်ထားတာ။ အဲ့ကားလည်းထွက်ပြီးရော Cambodia ကို လူသိပိုများလာပြီး Tourisim လည်း အရမ်းတိုးတက်လာတာတဲ့။
သစ်ပင်ကြီးတွေ ဝါးမြိုနေတဲ့ Ta Prohm ဘုရားကျောင်းဝင်းက တကယ်ထူးခြားပါတယ်။ ၁၂ရာစုတုန်းကဆောက်ခဲ့တဲ့ ဒီဘုရားကျောင်းကြီးကို အဲ့ခေတ်က ဘာသာရေးဆိုင်ရာ သင်ကြားပေးတဲ့ကျောင်းအဖြစ်ရော၊ တိုင်းရင်းဆေးတွေပြုလုပ်တဲ့နေရာအဖြစ်ရော အသုံးပြုခဲ့ကြတာတဲ့။ အခုတော့ အပင်ကြီးတွေက ရှေးဟောင်းအဆောက်အအုံတွေကို ဝါးမြိုနေသလိုဖြစ်နေတာက အမြင်အရမ်းဆန်းတာပဲ။ ကိုယ်တွေဆီမှာလည်း အဲ့လိုနာမည်ကြီး Hollywood ကားတစ်ကားလောက် လာရိုက်ရင်ကောင်းမယ်နော်။ ဒါမှ မြန်မာနိုင်ငံရဲ့ အလှတွေ ကမ္ဘာကပိုသိမှာ။


Sunset Boat Ride
နေ၀င်ချိန်ကို အန်ကောသုမ်ရှေးဟောင်းမြို့တော်ကြီးရဲ့ ကျုံးကြီးမှာ လှေစီးရင်း ခံစားနိုင်ပါတယ်။ ကျုံးက တချို့ဘက်အခြမ်းတွေမှာတော့ ရေခမ်းနေပါပြီ။ ရေရှိတဲ့ဘက်မှာ စီးရတာပါ။ စီးချိန်တစ်နာရီလောက်ကြာလို့ ကိုယ့်မိတ်ဆွေ သူငယ်ချင်းအချင်းချင်း စကားတပြောပြော ၀ိုင်နဲ့ ဘီယာလေးသောက်ရင်း ရှုခင်းလေးကြည့်ရင်း သဘာဝအလှကို ခံစားနိုင်ပါတယ်။

IMG_20170926_172336-01.jpeg

Phare: The Cambodian Circus
ညဘက်မှာ သွားကြည့်ရှုသင့်တဲ့ ဆပ်ကပ်ပွဲပါ။ ရန်ကုန်မှာ ပြသွားတဲ့ ရွှေဒေါင်းဆပ်ကပ်နဲ့ ဆင်ပါတယ်။ ဖျော်ဖြေမှုတွေကတော့ ကွဲတာပေါ့လေ။ ကမ္ဘောဒီးယားလူမျိုးတွေချည်း ဖျော်ဖြေကပြခဲ့တဲ့ ဆပ်ကပ်လေးက တကယ်ချစ်စရာပါ။ အံ့အားသင့်စရာလည်းကောင်းပါတယ်။ ညဘက်အားရင် သွားကြည့်သင့်ပါတယ်။ လက်မှတ်ဈေးနှုန်းက နေရာပေါ်မူတည်ပြီး 18$, 28$နဲ့ 38$ ဆိုပြီးရှိပါတယ်။ ညဘက်၈နာရီတိုင်း ကပြဖျော်ဖြေပါတယ်။ ဆပ်ကပ်ဝင်းထဲမှာ စားသောက်ဆိုင်ရှိပြီး ဆပ်ကပ်မကြည့်ခင် တစ်ခါတည်း ညစာ စားလို့ရပါတယ်။

IMG_20170926_205405-01.jpeg

Market
နေ့လည်ဆို Old Market ညဆို Angkor Night Market နဲ့ Noon Night Market သွားပါ။ ညဘက်မှာ Pub Street ကလည်း စည်ပါတယ်။ Shopping Mall ဆိုရင်တော့ Old Market နားမှာ Angkor Trade Center ဆိုတာရယ် Lucky Mall ဆိုတာရယ် ရှိပါတယ်။

edf

တခြားလည်စရာတွေ
Siem Reap ကနေ ၁နာရီခွဲလောက်မောင်းရင်ရောက်တဲ့ Phnom Khlen ရေတံခွန်ကြီးက တောင်ပ်ါမှာ ရှိပြီး ကြီးမားလှပပါတယ်။
နာရီဝက်လောက်မောင်းရင်ရောက်တဲ့ Tonle Sap ရေကန်ကြီးကတော့ အရှေ့တောင်အာရှမှာ အကြီးဆုံးရေကန်ကြီးပါ။ ရေကန်ကြီးက ကျယ်တော့ ရေတွေက မျက်စိတစ်ဆုံးပဲ။ ရေပေါ်ရွာလေးလည်းရှိတော့ ရေကန်ထဲ လှေစီးပြီး သွားလည်နိုင်ပါတယ်။

IMG_20170927_160443-01 - Copy - Copy.jpeg

ဗီဇာလိုလား

ASEAN နိုင်ငံသားအချင်းချင်းမို့လို့ Visa မလိုပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ Passport သက်တမ်းကတော့ အနည်းဆုံး ၆လကျန်နေရပါမယ်။

DCIM104GOPROGOPR5650.JPG
DCIM104GOPROGOPR5650.JPG

ဘယ်လိုသွားခဲ့လည်း

အခုဆိုရင် ရန်ကုန်ကနေ မြို့တော် ဖနွမ်းပင်ဆီ တိုက်ရိုက်ပြေးဆွဲနေလို့ လေယာဉ်စီးချိန် ၂နာရီပဲကြာပါတယ်။ Emirates Airlines