နယ်သာလန်ရဲ့ ဒိန်ခဲခရီးသွားလုပ်ငန်း Cheese Tourism of Netherlands

နယ်သာလန်နိုင်ငံ Netherlands ရဲ့ အထင်ကရ အရာတွေထဲ လေရဟတ်၊ ကျူးလစ်ပန်း၊ သစ်သားခုံဖိနပ်တို့နဲ့အတူ စာရင်းထဲပါနေတာကတော့ ဒိန်ခဲ Cheese ပါ။ ဒတ်ချ် Dutch လို့လည်းခေါ်ကြတဲ့ နယ်သာလန်လူမျိုးတွေရဲ့ နွားနို့နဲ့ ဒိန်ခဲက နာမည်ကြီးပါတယ်။ ဒတ်ချ်တွေက ဒိန်ခဲတွေကို စားလည်းစားကြသလို ပြည်ပပို့ကုန်အဖြစ်လည်း ထုတ်လုပ်ပို့ဆောင်ကြပါတယ်။၂၀၂၁ ခုနှစ်စာရင်းအရ နယ်သာလန်နိုင်ငံက ကမ္ဘာ့ဒုတိယ ဒိန်ခဲအပို့ဆုံးနိုင်ငံတဲ့လေ။

Colorful Cheeses ရောင်စုံဒိန်ခဲ

Cheese တွေက နိုင်ငံ့ဝင်ငွေကို အတိုင်းအတာတစ်ခုအထိရှာပေးနိုင်လို့ ဒတ်ချ်တွေက Cheese ကို “အဝါရောင်ရွှေ” လို့လည်း ခေါ်ကြတယ်တဲ့လေ။ ဒါပေမဲ့ နယ်သာလန်မှာ Cheese တွေကို အဝါရောင်အပြင် လိမ္မော်ရောင်၊ အနီရောင်နဲ့ အစိမ်းရောင်တွေအဖြစ်ပါ တွေ့ခဲ့ရတာပါ။ အရောင်၊ အရသာ၊ အရည်အသွေး၊ သက်တမ်းနဲ့ ထုတ်လုပ်ပုံပေါ်မူတည်ပြီး နယ်သာလန်မှာ Cheese အမျိုးပေါင်း ရာချီရှိပါတယ်။

Cheese = Tourist Attraction

ဒိန်ခဲတွေက နယ်သာလန်နိုင်ငံရဲ့ အဓိကပို့ကုန်တစ်ခုဖြစ်သလို Tourist Attraction လည်း ဖြစ်လို့နေပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ နယ်သာလန်နိုင်ငံကို ရောက်တဲ့အခါ ဒိန်ခဲဆိုင်တွေကို နေရာအနှံ့တွေ့နိုင်သလို ဒိန်ခဲဈေး၊ ဒိန်ခဲစက်ရုံ၊ ဒိန်ခဲပြတိုက်တွေကိုလည်း သွားရောက်လေ့လာနိုင်မှာပါ။ ဒိန်ခဲတွေမြည်းစမ်းရင်း ဒိန်ခဲအကြောင်း ထဲထဲဝင်ဝင်လေ့လာနိုင်တဲ့ Cheese Tour ဒိန်ခဲခရီးစဉ်တွေကိုတောင် ပြေးဆွဲနေတာကို တွေ့ခဲ့ရပါတယ်။

Cheese Attractions in Amsterdam

နုမြတ်တို့လည်း နယ်သာလန်နိုင်ငံရောက်ခဲ့တုန်းက မြို့တော် အမ်စတာဒမ် Amsterdam က ဒိန်ခဲဆိုင်တွေမှာ ဈေးဝယ်ခဲ့သလို ဒိန်ခဲစက်ရုံကိုလည်း သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ အမ်စတာဒမ်မှာ ဒိန်ခဲချစ်သူတွေအကြိုက်နေရာတွေရှိပါတယ်။ မြို့လည်က The Amsterdam Cheese House မှာ ဒိန်ခဲတွေအပြင် ချောကလက်နဲ့အခြားအမှတ်တရပစ္စည်းများစွာ ဝယ်ယူနိုင်ပါတယ်။ The Amsterdam ဒိန်ခဲပြတိုက်မှာတော့ ဒိန်ခဲအမျိုးမျိုးအကြောင်းလေ့လာနိုင်သလို ဒိန်ခဲတွေလည်း ရောင်းချပါတယ်။

Cheese Factory ဒိန်ခဲစက်ရုံ

ဒိန်ခဲစက်ရုံက အမ်စတာဒမ်မြို့ကနေ ကားနဲ့ မိနစ် ၂၀ လောက်မောင်းရင်ရောက်တဲ့ Volendam ငါးဖမ်းမြို့လေးမှာ ရှိပါတယ်။ မြို့လေးက ရေကန်ကြီးဘေးမှာ ရှုခင်းသိပ်လှသလို ဒိန်ခဲ၊ ငါးဖမ်းလုပ်ငန်းနဲ့ ဒတ်ချ်ရိုးရာအိမ်လေးတွေကြောင့် နာမည်ကြီးပါတယ်။ Volendam ဒိန်ခဲစက်ရုံက ပြတိုက်၊ စက်ရုံနဲ့ ဒိန်ခဲဆိုင်တို့ကို တစ်နေရာထဲမှာတွေ့နိုင်တဲ့ နေရာပါ။ အဲဒီမှာ ဒိန်ခဲတွေအကြောင်း၊ ရှေးတုန်းက ဒိန်ခဲပြုလုပ်နည်းနဲ့ ယနေ့ခေတ်ဒိန်ခဲပြုလုပ်နည်းတွေကို လေ့လာနိုင်သလို ဒိန်ခဲတွေကိုလည်း နမူနာပြုလုပ်ပြပါတယ်။ ဒိန်ခဲတွေကို မြည်းစမ်းနိုင်သလို ဒိန်ခဲအမျိုးအစားအစုံနဲ့ ဒိန်ခဲနဲ့ဆက်စပ်ပစ္စည်းအဆန်းတွေကိုလည်း ဝယ်ယူနိုင်ပါတယ်။ ဝင်ကြေး အခမဲ့ပါ။


အမ်စတာဒမ်မြို့ကနေ Volendam ဒိန်ခဲစက်ရုံ၊ သစ်သားခုံဖိနပ်စက်ရုံနဲ့ လေရဟတ်တွေရှိတဲ့ Zaanse Schans ရွာကို တစ်ဆက်ထဲသွားကြကာ နေ့ချင်းပြန်ခရီးစဉ်ဆွဲလေ့ရှိကြပါတယ်။ နုမြတ်တို့လည်း ဒီခရီးစဉ်အတိုင်း သွားခဲ့ကြတာပါ။

Cheese Market ဒိန်ခဲဈေး

အချိန်ရရင် တခြားမြို့တွေက ဒိန်ခဲဈေးတွေကိုလည်း သွားရောက်လေ့လာကြည့်သင့်ပါတယ်။ Gouda မြို့ရှိ ဒိန်ခဲဈေးက မြို့လည်မှာ နယ်သာလန်ရိုးရာအတိုင်း တည်ခင်းရောင်းချလေ့ရှိလို့ ဒေသခံတွေဝယ်ယူတဲ့ဈေးကို လေ့လာချင်ရင် သွားကြည့်သင့်ပါတယ်။ Gouda မြို့ရောက်ရင် The Goudse Waag ကိုသွားရောက်လည်ပတ်နိုင်ကာ Gouda ဒိန်ခဲကိုဘယ်လိုဖန်တီးလဲ၊ ဒိန်ခဲတွေကို ဘယ်လို အလေးချိန်ပြီး ဘယ်လိုဈေးသတ်မှတ်လဲဆိုတာကို လေ့လာနိုင်မှာပါ။


Edam မြို့က ဒိန်ခဲဈေးနဲ့ Alkmaar မြို့က ဒိန်ခဲဈေးတို့ကတော့ ကမ္ဘာလှည့်ခရီးသည်တွေလေ့လာဖို့ ဖန်တီးထားတဲ့ဈေးတွေပါ။ မြို့လည်က သမိုင်းဝင် ရင်ပြင်ကြီးတွေမှာ ဧရာမဒိန်ခဲကြီးတွေ ခင်းကျင်းထားတာ ဒိန်ခဲခေါက်ကြည့်ပြီး ဒိန်ခဲကိုစစ်ဆေးတာ၊ လက်ခုပ်တီးပြီး ဈေးဆစ်တာကအစ ရိုးရာနည်းတွေနဲ့ ဒိန်ခဲအရောင်းအဝယ်လုပ်နေကြတာကို တွေ့ကြရမှာပါ။ Alkmaar မြို့လည်ရင်ပြင်ရှိ နယ်သာလန်ရဲ့အဓိက ဒိန်ခဲပြတိုက်ကိုလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။


Gouda ဒိန်ခဲအမျိုးအစားကို အဓိက ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ဒိန်ခဲတောင်ကြား Cheese Valley မှာလည်း ဒိန်ခဲထုတ်လုပ်ဖြန့်ဖြူးနည်းနဲ့ အရသာအမျိုးမျိုးကို လေ့လာနိုင်မှာပါ။ ဒိန်ခဲတောင်ကြားက အမ်စတာဒမ်၊ ရိုတာဒမ်၊ The Hague နဲ့ Utrecht တို့လို နာမည်ကြီးမြို့တွေကြားမှာရှိလို့ ဒီမြို့တွေကို သွားလည်ရင်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒတ်ချ်လူမျိုးတို့ရဲ့ ဒေသရိုးရာအစားအစာကို ခရီးသွားဆွဲဆောင်မှုအဖြစ် ဖန်တီးနိုင်တာ အတုယူစရာပါ။ မြန်မာနိုင်ငံက ဒေသစာတွေကိုလည်း ဒတ်ချ်တို့ကို နမူနာယူကာ ခရီးသွားဆွဲဆောင်မှုအဖြစ်ဖန်တီးနိုင်ရင် ဘယ်လောက်ကောင်းလိုက်လိမ့်မလဲနော်။ 

ချစ်ခင်လျှက်
ဒေါက်တာနုမြတ်သိင်္ဂီဦး
Nu Myat around the World

ကျူးလစ်ပန်းရောင်စုံများပွင့်လန်းရာ နယ်သာလန်ရှိ ပန်းဥယျာဉ်ကြီး

ကျူးလစ်ပန်းရောင်စုံများပွင့်လန်းရာ

နယ်သာလန်ရှိ ပန်းဥယျာဉ်ကြီး

ဥရောပအနောက်မြောက်ရှိ နယ်သာလန်နိုင်ငံသည် လေရဟတ်များ၊ တူး မြောင်းများကြောင့် သာမက မျက်စိတစ်ဆုံးမြင်ရသော ကျူးလစ်ရောင်စုံပန်းခင်းများ ကြောင့်လည်း ကမ္ဘာကျော်ကြားနေရခြင်းဖြစ်ပါသည်။ ပန်းနိုင်ငံဟု တင်စားရလောက် အောင် ပန်းခင်းအများအပြားစိုက်ပျိုးထားပြီး ကမ္ဘာပေါ်ရှိ ပန်းဥပေါင်း၏ ၆၂ရာခိုင် နှုန်းက နယ်သာလန်မှာ ရှိသည်ဟုလည်း သိရသည်။ ထိုအပင်များအနက် ကျူးလစ် ပင်များမှာ အများဆုံးဖြစ်ကာ စီးပွားဖြစ်အထိ စိုက်ပျိုးကြပြီး နိုင်ငံတကာသို့ ပန်းဥတင်ပို့မှုနှုန်းမှာ တစ်နှစ်လျှင် ၉သန်းကျော်ရှိကြောင်း တစ်နိုင်ငံလုံး၏ ကျူးလစ်ပန်း ခင်းဧရိယာမှာ ဧက ၂၅၀၀၀နီးပါးရှိကြောင်း သိရ၏။

ထိုကဲ့သို့ နယ်သာလန်နိုင်ငံ၏ အဓိကဆွဲဆောင်မှုဖြစ်သော ကျူးလစ်ပန်း  ခင်းများရှိရာသို့ စာရေးသူသည် မိသားစုနှင့်အတူ ယခုနှစ်ဧပြီလက အလည်ရောက် ဖြစ်ခဲ့ပါ၏။ မြို့တော် အမ်စတာဒမ်မှ မြို့ပြင်သို့ ၄၅မိနစ်ကြာ သွားရောက်ရုံဖြင့်ရောက် နိုင်သည့် ကမ္ဘာကျော် Keukenhof (ခရူးကန်းဟော့ဖ်)ပန်းခြံ၌ ကျူးလစ်ပန်းမျိုး စိတ်ပေါင်းများစွာသာမက အခြားပန်းရောင်စုံများစွာကိုပါ ရင်သပ်ရှုမောဖွယ်ရာတွေ့ မြင်ခဲ့ရပါ၏။

ထိုပန်းခြံသည် Lisse မြို့ငယ်လေးတွင် တည်ရှိ၍ ကမ်္ဘာ့အကြီးဆုံးပန်းခြံများ အနက် တစ်ခုဟုဆိုနိုင်ပါသည်။ ၇၉ဧက ကျယ်ဝန်းသည့် ထိုပန်းခြံ၌ နှစ်စဉ် ပန်းဥ ပေါင်း ၇သန်းနီးပါး စိုက်ပျိုးထားပြီး ကျူးလစ်ပန်းအမျိုးပေါင်းမှာ ၈၀၀ကျော်ရှိပါသည်။ Keukenhof ပန်းခြံ၏ အမည်မှာ မီးဖိုချောင်ပန်းခြံဟု အဓိပ္ပါယ်ရပြီး Garden of Europe (ဥရောပ၏ ပန်းခြံ)ဟူ၍လည်း ခေါ်ဝေါ်လေ့ရှိပါသည်။ မီးဖိုချောင်ပန်းခြံဟု အမည်တွင်နေခြင်းမှာ ၁၅ရာစုဝန်းကျင်က ထိုပန်းခြံနေရာသည် မြို့စားကတော်ကရဲတိုက်ကြီး၏ မီးဖိုဆောင်အတွက် ဟင်းသီးဟင်းရွက်နှင့် ဟင်းခတ်အမွှေးအကြိုင်များက စိုက်ပျိုးဖြစ်ခဲ့ခြင်းကြောင့်ဖြစ်ပါ၏။ နောက်ပိုင်း၌ ကြွယ်ဝသောကုန်သည်များ ထိုမြေများ ဝယ်ယူပြီး ၁၉၄၉ခုနှစ်၌ Lisse မြို့တော်ဝန်မှ ပန်းခြံအဖြစ်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပန်းခြံဖွင့်ရခြင်း ရည်ရွယ်ချက်မှာ နယ်သာလန်နိုင်ငံနှင့် ဥရောပနိုင်ငံတဝန်းရှိ ပန်းစိုက်ပျိုးသူ များအနေဖြင့် မိမိတို့ဖန်တီးထားသော မျိုးစိတ်အသစ်များပြသနိုင်ရန်နှင့် နိုင်ငံ၏ အဓိက စီးပွားရေးဖြစ်သည့် ပန်းပင်ကုန်သွယ်တင်ပို့မှုကို အထောက်အပံ့ပေးနိုင်ရန် ဖြစ်ပေသည်။

ထိုပန်းခြံကြီးကို ပန်းများပွင့်သည့်ကာလဖြစ်သည့် မတ်လလယ်မှ မေလလယ် အထိ တစ်နှစ်လျှင် နှစ်လသာ ဖွင့်လှစ်ပြသလေ့ရှိပြီး ကျွန်မတို့ရောက်ခဲ့သည့် ဧပြီလလယ်သည် ပန်းများအစွမ်းကုန်ပွင့်ဖူးဝေဆာသည့် ကာလဖြစ်ကြောင်းသိရပါ၏။ ပန်းဥယျာဉ်ကြီးအတွင်း၌ အရောင်အသွေးစုံလှသော ပန်းပွင့်လေးများ သူ့ထက်ငါ အလုအယက် ဖူးပွင့်နေကြသလို မွှေးပျံ့သော ရနံ့များကြောင့်လည်း စိတ်ကြည်လင် လန်းဆန်းစေပါ၏။ လှပသော ပန်းခင်းများအပြင် ပန်းဝင်္ကပါ၊ ၁၇ရာစု၊ ၁၈ရာစုများက ရှေးဟောင်းကျူးလစ်မျိုးစိတ်များကို တွေ့မြင်နိုင်သည့် သမိုင်းဝင်ပန်းဥယျာဉ်၊ ကြွေထည်များနှင့် အလှဆင်ထားသည့် ပန်းဥယျာဉ်စသည့် ဒီဇိုင်းမျိုးစုံပုံဖော်ထားသည့် ပန်းဥယျာဉ်များကိုပါတွေ့မြင်နိုင်ပါသည်။ ထို့အပြင် သက်ဆိုင်ရာ အဆောက် အအုံများ၌ ကျူးလစ်ပန်းသမိုင်းကြောင်းနှင့် ဗဟုသုတရဖွယ်ရာများ၊ သစ်ခွပန်းပင် များ၊ ပန်းအလှဆင်ပုံအမျိုးမျိုးကိုပါ ပြသထားသည်ကိုလည်း တွေ့ရသည်။ ပန်းဥယျာဉ်၏ ယခုနှစ်Theme ဖြစ်သည့် “ရွှေခေတ်ကို ပန်းရောင်စုံများနှင့် ပုံဖော်ထားသည်ကိုလည်း တွေ့ခဲ့ရပါသည်။ ပန်းခြံတွင်း၌ ကလေးများအတွက် ကစားကွင်း၊ တိရစ်္ဆာန်ရုံအသေးစားနှင့် ပန်းဝင်္ကပါများလည်း ဖန်တီးထားပါသည်။ ပန်းဥယျာဉ် အပြင်ဘက်ရှိ မျက်စိတစ်ဆုံးမြင်ရသည့် ကျူးလစ်ပန်းခင်းကြီးတွေကြား ၄၅မိနစ်ကြာ လှေစီးနိုင်သလို ကိုယ်တိုင်စက်ဘီးစီးပြီးလည်း လေ့လာနိုင်ပါသည်။

ပန်းခြံသို့ အမ်စတာဒမ်မြို့မှ နေ့ဝက်ခရီးများ စီစဉ်ပေးပြီး မြို့မှ အသွား အပြန် ကားခနှင့် ဝင်ကြေးအပြီး ငါးနားရီခရီးကို တစ်ယောက်လျှင် ၄၉ယူရို ကျသင့်ပါသည်။ ပန်းခြံတွင်း၌ ကိုယ်ပိုင်အချိန် သုံးနာရီကျော် လေ့လာခွင့်ရသောကြောင့် နယ်သာလန်နိုင်ငံသို့ ရောက်ဖြစ်ခဲ့ပါက မဖြစ်မနေ သွားရောက်လေ့လာ သင့်ပါ ကြောင်း လက်ဆောင်စကားပါးလိုက်ရပါ၏။

ဒေါက်တာနုမြတ်သိင်္ဂီဦး