ကမ္ဘာ့အကြီးဆုံးဗုဒ္ဓပုထိုးတော်ကြီး ဘောရောဗုဒ္ဓေါ
Dr.Nu Myat Theingi Oo
အင်ဒိုနီးရှားနိုင်ငံမှာကျွန်းပေါင်း ၁၈၀၀၀ကျော်ရှိတဲ့အနက် ထင်ရှားကျော်ကြားသော ဂျာဗားကျွန်းဟာ ကျွန်းအလယ်ပိုင်းရှိ ဘောရောဗုဒ္ဓေါ ပုထိုးတော်ကြီး (Borobudur Temple) ကြီးကြောင့် ကမ္ဘာလှည့်ခရီးသည်များစွာလာရောက်လည်ပတ်ရာ ကျွန်းဖြစ်လို့နေပါတယ်။ ဘောရောဗုဒ္ဓေါ ပုထိုးတော်ကြီးက ကမ္ဘာ့အကြီးဆုံးဗုဒ္ဓဘာသာအဆောက်အအုံကြီးပါ။ အတိုင်းအတာအားဖြင့် ပုထိုးတော်ကြီးအောက်ခြေတစ်ဖက်ကို ပေပေါင်း ၄၀၃ပေရှိလို့ အကျယ်အ၀န်းစတုရန်းပေပေါင်း ၅သောင်းနီးပါးရှိပါတယ်။ အမြင့်ပေကတော့ မူလက၁၃၇ပေ ရှိတယ်လို့သိရပေမဲ့ ပြန်လည်ပြုပြင်လိုက်တဲ့အခါမှာ ၁၁၃ပေ၀န်းကျင်သာရှိပါတော့တယ်။
ပုထိုးတော်ကြီးကိုတည်ဆောက်ပုံက ထူးခြားပါတယ်။ ၅၅၀၀၀ ကုဗမီတာရှိတဲ့ကျောက်သားတို့နဲ့ အထပ်ထပ်တည်ဆောက်ထားပြီး အထပ်ပေါင်း ၉ထပ်ရှိပါတယ်။ အောက်ခြေစတုရန်းပုံခြောက်ထပ်ပေါ် စက်ဝိုင်းပုံသုံးထပ်တင်ကာ အပေါ်ဆုံးအထပ်ရဲ့ အလည်တည့်တည့်မှာ အဓိကစေတီကိုတည်ထားတာဖြစ်ပါတယ်။ ကောင်းကင်ယံမှကြည့်ပါက ပဒုမ္မာကြာတစ်ပွင့် ရေကန်အလယ်မှာပွင့်နေသလို ဖြစ်လို့နေပါတယ်။ ပုထိုးတော်ကြီးက ဗုဒ္ဓဘာသာဝင်တို့ရဲ့ အမြင့်မြတ်ဆုံးသင်္ကေတလက္ခဏာဆောင်ထားတဲ့အပြင် စကြဝဠာတစ်တိုက်လုံးရဲ့ကိုယ်ပွားလည်း ဖြစ်တယ်လို့သိရပါတယ်။ မြတ်စွာဘုရားရဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားပြထားတဲ့ ဗိသုကာအယူအဆတွေကိုလည်း တွေ့ရမှာပါ။
စက်ဝိုင်းပုံအဆင့်၃ဆင့်ပေါ် အပေါ်ဆုံးစေတီရဲ့ပတ်ပတ်လည်မှာ တင်ပလ္လင်ခွေ ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၇၂ဆူက၀န်းရံထားပါတယ်။ ရုပ်ပွားတော်တစ်ဆူချင်းဆီကို အပေါက်တွေဖောက်ထားတဲ့ ခေါင်းလောင်းပုံစံ စေတီငုံထားတာတွေ့ရပါတယ်။ ပုထိုးတော်ကြီး တစ်ခုလုံးပေါ်မှာတော့ ဗုဒ္ဓရုပ်ပွားတော်ပေါင်း ၅၀၄ဆူနဲ့ ဇာတ်တော်များကို ဖော်ပြထားတဲ့ ဖောင်းကြွပန်းပုဘောင်ကွပ်ပေါင်း ၂၆၇၂ ခုရှိပါတယ်။ ဗုဒ္ဓဆင်းတုတော်တွေဟာ ဘူမိဖဿမုဒြာဟန်တွေနဲ့ မဟာပထဝီမြေကြီးကို သက်သေပြုနေဟန်၊ မြတ်စွာဘုရား တရားဟောနေဟန်ဖြစ်တာကိုတွေ့ရပါတယ်။ပုထိုးတော်ကြီးရဲ့ တည်နေရာကလည်း ထူးခြားပါတယ်။ အရှေ့ဘက်သို့ မျက်နှာမူထားတဲ့ ပုထိုးတော်ကြီးဟာ ဂျာဗားကျွန်းရှိ ထင်ရှားတဲ့ အမြွာမီးတောင်နှစ်တောင်နဲ့ မြစ်နှစ်စင်းအကြားက ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၂၆၅မီတာရှိတဲ့ ကုန်းမြင့်ပေါ်မှာတည်ဆောက်ထားတာပါ။ ဘောရောဗုဒ္ဓေါပုထိုးတော်ကြီးကို ၉ ရာစု သေလိန္ဒြာမင်းဆက်လက်ထက် မဟာယာနဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားစဉ် တည်ထားကိုးကွယ်ခဲ့ကြပြီး နှစ်ပေါင်း၇၅နှစ်ကြာတည်ဆောက်ခဲ့ရမယ်လို့ ခန့်မှန်းထားကြပါတယ်။ တည်ဆောက်ခဲ့တဲ့သူနဲ့ ဆောက်လုပ်ခဲ့ရခြင်းရည်ရွယ်ချက်ရယ်ကို မှတ်တမ်းတင် ကမ္မည်းရေးထိုးထားတာကို မတွေ့ရတာလည်း ထူးခြားပါတယ်။
၁၄ ရာစုတွင် ဂျာဗားမှာ ဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာ တိမ်ကောပြီး ကျွန်းသူကျွန်းသားများ အစ်စလမ်ဘာသာအဖြစ်ပြောင်းလဲသွားချိန်တွင် ဘုရားကျောင်းဆောင်ကြီးကို အချိန်အတော်ကြာ မေ့မေ့လျော့လျော့ဖြစ်ခဲ့ကြပါတယ်။ အနီးအနားကမီးတောင်ပေါက်ကွဲမှုတွေကြောင့် မီးတောင်ပြာများဖုံးလွှမ်းကာ ဘေးပတ်ဝန်းကျင်ရှိချုံနွယ်များကြောင့် ဘုရားကျောင်းကြီး တောတွင်းမှာ နစ်မြှုပ်နေခဲ့ပါတယ်။ အင်္ဂလိပ်ကိုလိုနီလက်အောက်ရောက်တဲ့အချိန် ၁၈၁၄ ခုနှစ်မှ ဘုရင်ခံသောမတ်စတန်းဖို့ဒ် ရက်ဖယ်လ်က ဒေသခံတို့ရဲ့ ပြောစကားမှတစ်ဆင့်သိရှိကာ ပြန်လည်ရှာဖွေ ဖော်ထုတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ ထိုနောက်ပိုင်းမှာ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်ခဲ့ကြပြီး ၁၉၇၅ မှ ၁၉၈၂ ခုနှစ်အတွင်း အင်ဒိုနီးရှားအစိုးရနဲ့ ယူနက်စကိုတို့ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်မှုတွေ အကြီးအကျယ်ပြုလုပ်ခဲ့ကြတာပါ။
၂၀၁၂ခုနှစ်မှာ ဂင်းနစ်ကမ္ဘာ့စံချိန်စာရင်းထဲ ကမ္ဘာ့ကြီးဆုံး ဗုဒ္ဓပုထိုးတော်ကြီးဖြစ်ကြောင်း ဖော်ပြခြင်းခံရပြီး ၁၉၉၁ ခုနှစ်ကတည်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သော ဘောရောဗုဒ္ဓေါဟာ အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား အမြောက်အမြား လာရောက်လည်ပတ်ရာ နေရာတစ်ခုဖြစ်လို့နေပါတယ်။ တစ်နှစ်ကို ကမ္ဘာလှည့်ခရီးသွား နှစ်သိန်းခွဲခန့် လာရောက်လည်ပတ်လေ့ရှိပါတယ်။ ယိုဂျာကာတာမြို့ကနေ အနောက်မြောက်ဘက်ကို ၁နာရီခွဲလောက်ကားမောင်းသွားရင် ရောက်နိုင်ပါတယ်။တက္ကသိုလ်ကျောင်းတွေ အများကြီးရှိလို့ ပညာရေးမြို့တော်လို့ခေါ်ရမယ့် ယိုဂျာကာတာမှာ လည်ပတ်စရာနေရာများပါတယ်။ အခြားဘာသာရေးကျောင်းဆောင်တွေ သွားရောက်ဖူးမြော်နိုင်သလို မီးတောင်တက်ခြင်း၊ လှေလှော်ခြင်းစတဲ့ စွန့်စားခြင်းတွေလည်း ပြုလုပ်နိုင်လို့ အင်ဒိုနီးရှားနိုင်ငံသွားမယ်ဆိုရင်ဖြင့် ဘာလီကျွန်းအပြင် ယိုဂျာကာတာနဲ့ မြို့တော်ဂျာကာတာရှိရာ ဂျာဗာကျွန်းကိုပါ သွားလည်သင့်ကြောင်း ညွှန်းဆိုလိုက်ပါတယ်။
Dr.Nu Myat Theingi Oo