ကမ္ဘာ့စိန်မြို့တော်ရှိရာ ဘယ်လ်ဂျီယမ်နိုင်ငံ


ဘယ်လ်ဂျီယမ်နိုင်ငံသည် ဥရောပအနောက်နိုင်ငံတစ်ခုဖြစ်ကာ အိမ်နီးချင်းနိုင်ငံများမှာ ပြင်သစ်၊ လူဇင်ဘက်၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံတို့ဖြစ်ပါသည်။ စတုရန်းမိုင်ပေါင်း ၁၁၇၈၇မိုင် ကျယ်ဝန်းကာ လူဦးရေပေါင်း ၁၁ သန်းကျော်နေထိုင်သဖြင့် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံများအနက် တစ်ခုဖြစ်ပါသည်။ ဘယ်လ်ဂျီယမ်လူမျိုးအများစုက မြို့ပြမှာ နေထိုင်လေ့ရှိကြပြီး မြို့နေလူဦးရေမှာ ၉၇%ကျော်သဖြင့် ဥရောပတွင် မြို့နေလူဦးရေအများဆုံးနိုင်ငံတစ်ခုဟု ဆိုရပေမည်။

မြို့တော် ဘရပ်ဆဲလ်(စ်)


မြို့တော်မှာ ဘရပ်ဆဲလ်(စ်)မြို့ဖြစ်ပြီး အကြီးဆုံးမြို့လည်းဖြစ်ကာ လူဦးရေ ၁.၂သန်းကျော် နေထိုင်နေပါသည်။ အီးယူ၏မြို့တော်လည်းဖြစ်ကာ နေတိုး(NATO) ရုံးချုပ်ရှိရာ မြို့လည်းဖြစ်ပါသည်။ ဘယ်လ်ဂျီယမ်နိုင်ငံမှာ ဘရပ်ဆဲလ်(စ်)အပြင် အခြားထင်ရှားသည့်မြို့များလည်း ရှိပါသည်။ Antwerp မြို့သည် ဒုတိယအကြီးဆုံးမြို့ဖြစ်သလို စိန်ပေါင်းများစွာ ရောင်းဝယ်ဖောက်ကားရာမြို့ဖြစ်သဖြင့် ကမ္ဘာ့စိန်မြို့တော်အဖြစ် နာမည်ကျော်ပါသည်။ တူးမြောင်းများဖြင့် လှပလှသည့် Bruges မြို့၊ ရဲတိုက်ကြီးများဖြင့် ခမ်းနားလှသည့် Ghent မြို့၊ လူဦးရေ ၅၀၀သာ နေထိုင်သည့် ကမ္ဘာ့အသေးဆုံး Durbuy မြို့၊ ရှေးခေတ်က ရောမလူမျိုးများလာရောက်ကာရေချိုး၊ ရေစိမ်ရင်း Spa ဟုအမည်တွင်ခဲ့သည့် ယခုခေတ် Spa အမည်အစပြုရာ Spa မြို့၊ ဆက်ဆိုဖုန်းတူရိယာ စတင်တီထွင်ခဲ့သူ၏ မွေးရပ်မြေ Dinant မြို့တို့မှာ ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လည်ပတ်လေ့ရှိရာမြို့များပင်ဖြစ်ပါသည်။

ဆက်ဆိုဖုန်းတူရိယာ စတင်တီထွင်ခဲ့သူ၏ မွေးရပ်မြေ Dinant မြို့

တူးမြောင်းများဖြင့် လှပလှသည့် Bruges မြို့


ဘယ်လ်ဂျီယမ်နိုင်ငံမှာ ရုံးသုံးစကား သုံးမျိုးတောင်ရှိပြီး ဘယ်လ်ဂျီယမ်ဘာသာစကားဟူ၍မရှိပါ။ နယ်ပယ်ဒေသပေါ်မူတည်ပြီး ဒတ်(ချ်)၊ ပြင်သစ်နှင့် ဂျာမာန်ဘာသာစကားများကိုသာ အသုံးပြုကြပါသည်။


ဘယ်လ်ဂျီယမ်နိုင်ငံသည် ရွေးကောက်ခံအစိုးရမရှိဘဲ အချိန်အကြာဆုံးရပ်တည်ခဲ့သည့် ဒီမိုကရက်တစ်နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့ပြီး ၂၀၁၀ခုနှစ်နှင့် ၂၀၁၁ ခုနှစ်ကြား ရက်ပေါင်း ၅၈၉ ရက်ကြာခဲ့ပါသည်။ ဘရပ်ဆဲလ်(စ်)မြို့ရှိ တရားရုံးက ကမ္ဘာ့အကြီးဆုံးတရားရုံးကြီးဖြစ်ကာ စတုရန်းကီလိုမီတာပေါင်း ၂၆၀၀၀ ဝန်းကျင် ကျယ်ဝန်းပါသည်။ ကမ္ဘာ့အရှည်ဆုံးဓာတ်ရထားလမ်းလည်းရှိကာ နယ်သာလန်နယ်စပ်ကနေ ပြင်သစ်နယ်စပ်အထိ ၄၂မိုင် ရှည်လျားပါသည်။ ဘယ်လ်ဂျီယမ်နိုင်ငံ၏ အဝေးပြေးလမ်းမကြီးများမှာ လမ်းမီးများစွာ လင်းထိန်နေသဖြင့် ညအခါ အာကာသမှ လှမ်းမြင်နိုင်သည်ဟု သိရပါသည်။

ဘယ်လ်ဂျီယမ်ဘီယာ


ဘယ်လ်ဂျီယမ်နိုင်ငံသည် ဘီယာ၊ ချောကလက်နှင့် ဝေဖာစသည့် အစားအသောက်များနှင့် နာမည်ကျော်ပါသည်။ ဘယ်လ်ဂျီယမ်နိုင်ငံထုတ် ဘီယာအမျိုးအစားပေါင်း ၁၁၀၀ ကျော်ရှိပြီး နိုင်ငံတကာဆုရထားသည့် အမျိုးအစားများပင်ရှိပါသည်။ ချောကလက်နှင့်လည်းနာမည်ကျော်သည့် ဘယ်လ်ဂျီယမ်နိုင်ငံသည် ကမ္ဘာ့ဒုတိယချောကလက်အတင်ပို့ဆုံးနိုင်ငံဖြစ်ကာ ဘရပ်ဆဲလ်(စ်)လေဆိပ်ရှိ ချောကလက်ဆိုင်များသည် ကမ္ဘာ့ချောကလက်အရောင်းရဆုံးနေရာဖြစ်ပါသည်။ ဘိလိယက်ဘောလုံးများကို အများဆုံးတင်ပို့ရောင်းချသည့်နိုင်ငံဖြစ်ကာ ကမ္ဘာ့ဈေးကွက်၏ ၈၀ရာခိုင်နှုန်းမှာ ဘယ်ဂျီယမ်နိုင်ငံထုတ်များဟု သိရပါသည်။

ဘယ်လ်ဂျီယမ်ဝေဖာ
Chocolate Shop in Brussels


ဘယ်လ်ဂျီယမ်နိုင်ငံသည် ကမ္ဘာ့နာမည်အကျော်ဆုံး ဂီတဖျော်ဖြေပွဲများကျင်းပရာနိုင်ငံလည်း ဖြစ်သည်။ ကမ္ဘာ့အကြီးကျယ်ဆုံး အီလက်ထရောနစ်ဂီတဖျော်ဖြေပွဲ Tomorrowland အပါအဝင် နာမည်ကျော် ဂီတဖျော်ဖြေပွဲများ၊ ရိုးရာပွဲတော်များ များစွာကျင်းပလေ့ရှိပါသည်။ ရဲတိုက်ပေါင်းများစွာရှိသည့် နိုင်ငံလည်းဖြစ်ကာ Ghent မြို့ရှိ Gravensteen ရဲတိုက်ကြီးက ဘယ်လ်ဂျီယမ်နိုင်ငံတွင် အလှဆုံးနှင့်သမိုင်းအဝင်ဆုံး ရဲတိုက်ကြီးပင် ဖြစ်ပါသည်။

Tomorrow Land (Photo-Credit)


ဘယ်လ်ဂျီယမ်လူမျိုးများက ပွင့်လင်းသဘောထားကြီးပြီး လွတ်လပ်ကာ အစွန်းမရောက်သောစိတ်ပိုင်ရှင်များ ဖြစ်ကြပါသည်။ လိင်တူလက်ထပ်ခွင့်ကို ကမ္ဘာ့ဒုတိယမြောက် တရားဝင်ခွင့်ပြုခဲ့သောနိုင်ငံဖြစ်ပြီး ညင်သာစွာဇီဝန်ခြွေခြင်းကိုလည်း ၂၀၀၂ခုနှစ်မှစတင်ကာ တရားဝင်ခွင့်ပြုထားပါသည်။ ဘယ်လ်ဂျီယမ်လူမျိုးများက တီထွင်ဖန်တီးနိုင်စွမ်းလည်းရှိကြကာ ပလတ်စတစ်၊ ဆက်ဆိုဖုန်းတူရိယာ၊ ခန္ဓာကိုယ်ထုထည်ပြကိန်းညွှန်း (BMI)၊ ဝမ်းလျှောသက်သာဆေး Imodium၊ ပဋိသန္ဓေတားဆေးစသည်တို့ကို တီထွင်ခဲ့ကြပါသည်။ ဘယ်လ်ဂျီယမ်လူမျိုးကာတွန်းဆရာများစွာလည်းရှိပြီး Tin Tin ကဲ့သို့ ကမ္ဘာကျော်ကာတွန်းဇာတ်ကောင်များကို မွေးထုတ်ရာနိုင်ငံဖြစ်သည်။ ဘယ်လ်ဂျီယမ်အမျိုးသားများက ကမ္ဘာ့ဒုတိယအရပ်အရှည်ဆုံးဖြစ်ပြီး ပျမ်းမျှအရပ်မှာ ၅ပေ ၁၁လက်မခွဲဖြစ်သည်။

Beautiful Brussels


မြို့တော် ဘရပ်ဆဲလ်(စ်)ရှိ မြို့ဟောင်း၊ တော်ဝင်နန်းတော်နှင့် Atomium အဆောက်အအုံဆန်းကြီး၊ Bruges မြို့ရှိ Markt ရင်ပြင်၊ တူးမြောင်းများနှင့် ရှေးဟောင်းအဆောက်အအုံများ၊ Leuven မြို့ရှိ St. Peter’s ဘုရားကျောင်း၊ Antwerp မြို့ရှိ တော်ဝင်နန်းတော်၊ Ghent မြို့ရှိ ရဲတိုက်ကြီးများ၊ နေပိုလီယံ၏သမိုင်းဝင် ဝါတားလူးစစ်ပွဲဖြစ်ပွားခဲ့သည့် ဒေသ၊ သဘာဝအလှအပများခံစားနိုင်မည့် Semois တောင်ကြားတို့မှာ ဘယ်လ်ဂျီယမ်နိုင်ငံရောက်လျှင် သွားရောက်လေ့လာသင့်သည့်နေရာများပင် ဖြစ်ပါသည်။

Old Town of Brussels

Dr.Nu Myat Theingi Oo

Nu Myat around the World

ဥရောပ၏ ရှေးအကျဆုံးမြို့ အေသင်

ဒဏ္ဍာရီများပြား၊ သမိုင်းကြောင်းကြီးမားခဲ့သည့် အေသင်မြို့သည် ဂရိနိုင်ငံ၏ မြို့တော်ဖြစ်သလို ကမ္ဘာ့ရှေးအကျဆုံးမြို့တစ်မြို့လည်း ဖြစ်ပါသည်။ ထို့အပြင် ဒီမိုကရေစီ၊ အိုလံပစ်ဂိမ်း၊ ပြဇာတ်၊ အနောက်တိုင်းအတွေးအခေါ်နှင့်စာပေ၊ အဓိကသင်္ချာအခြေခံမူစသည်တို့ အစပြုရာမြို့လည်း ဖြစ်လို့နေပါသည်။ ထိုမျှမက ဆိုကရေးတီး၊ မဟာအလက်ဇန္ဒား၊ အရစ္စတိုတယ်(လ်)၊ ပလေတိုကဲ့သို့ ကမ္ဘာကျော်အတွေးအခေါ်ပညာရှင်၊ အာဏာရှင်၊ သိပ္ပံပညာရှင်နှင့် ခေါင်းဆောင်များ မွေးဖွားအခြေချရာမြို့ လည်းပဲ ဖြစ်ပါသည်။


အေသင်မြို့ကို လွန်ခဲ့သောနှစ်ပေါင်း ၃၄၀၀ကျော်ကတည်းက မြို့စတည်ခဲ့ခြင်းဖြစ်ပြီး လူအစောဆုံးအခြေချနေထိုင်ခဲ့ကြချိန်မှာ ၁၁ရာစုနှင့် ၁၇ရာစုကြားဟု ခန့်မှန်းရပါသည်။ ထို့ကြောင့် အေသင်မြို့ဟာ ကမ္ဘာ့ရှေးအကျဆုံးမြို့တွေထဲပါဝင်နေသလို ဥရောပ၏ရှေးအကျဆုံးမြို့အဖြစ်လည်း သတ်မှတ်ခံထားရပါသည်။


နှစ်ပေါင်းထောင်ချီသက်တမ်းရှိသည့်မြို့ ဖြစ်သည့်အားလျော်စွာ အေသင်မြို့သည် သမိုင်းတလျှောက် စနစ်မျိုးစုံဖြင့်အုပ်ချုပ်ခြင်းခံခဲ့ဖူးပါသည်။ ဧကရာဇ်မင်းစနစ်ကစ ဒီမိုကရေစီစနစ်၊ ဆိုရှယ်လစ်စနစ်၊ အရင်းရှင်စနစ်နှင့် ကွန်မြူနစ်ဝါဒအဆုံး စနစ်အမျိုးမျိုးနှင့် အေသင်မြို့ကိုအုပ်ချုပ်ခဲ့ကြပါသည်။ ထိုထဲမှာမှ ဒီမိုကရေစီစနစ်သည် အေသင်မြို့မှ အစပြုခဲ့ခြင်းဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ကျော်က အေသင်မြို့မှာစတင် အသုံးပြုခဲ့ကြပြီး မြို့သူမြို့သားများက ဥပဒေရေးဆွဲရေးအပေါ် မဲထည့်ခဲ့ကြခြင်းဖြစ်ပါသည်။


အေသင်မြို့သည် ယဉ်ကျေးမှုအရလည်း ထွန်းကားသဖြင့် ဥရောပ ပထမဆုံးယဉ်ကျေးမှုမြို့တော် အဖြစ်လည်း သတ်မှတ်ခံထားရပါသည်။ ကမ္ဘာ့ပထမဆုံးပြဇာတ်များကို အေသင်မြို့မှာစပြီး ဖျော်ဖြေခဲ့ကြသည်ဟု သိရပါသည်။ ယခုအခါ တစ်မြို့ထဲတွင် ပြဇာတ်ရုံပေါင်း ၁၅၀နီးပါးရှိသဖြင့် ကမ္ဘာ့ပြဇာတ်ရုံအများဆုံးမြို့ဟုလည်း သိထားကြပါသည်။


ဂရိနိုင်ငံကစခဲ့သည့် ရှေးခေတ်အိုလံပစ်ကစားနည်းများကို အေသင်မြို့မှာ တစ်ခါမျှမကျင်းပခဲ့ဖူးသော်လည်း မျက်မှောက်ခေတ်အိုလံပစ်ဂိမ်းများမှာမူ အေသင်မြို့မှ အစပြုခဲ့ခြင်းဖြစ်ပါသည်။ ရှေးခေတ်အိုလံပစ်ဂိမ်းကို ၇၇၆ဘီစီမှာ Peloponnese မြို့မှာ စတင်ကျင်းပခဲ့ပြီး မျက်မှောက်ခေတ်အိုလံပစ်ဂိမ်းကိုတော့ ၁၈၉၆ခုနှစ်မှာ အေသင်မြို့မှာ စတင်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။


အေသင်ဆိုသည့်အမည်မှာ ဉာဏ်ပညာနှင့်စစ်ဘက်ဆိုင်ရာ ဂရိနတ်ဘုရားမ “အသီနာ”အမည်မှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ ဒဏ္ဍာရီအရ အသီနာနှင့် ပင်လယ်နတ်ဘုရား ပိုဆိုင်းဒန်းတို့ နှစ်ဦးသည် အေသင်မြို့၏ နာယကနေရာကို လုရာတွင် မြို့အတွက် အကောင်းဆုံးလက်ဆောင် မည်သူပေးနိုင်သနည်းပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချခဲ့ကြပါသည်။ ပိုဆိုင်းဒန်းက မြင်း(သို့)ရေပေးခဲ့ပြီး အသီနာက သံလွင်ပင်ပေးခဲ့သဖြင့် အနိုင်ရခဲ့ပါသည်။ ဂရိလူမျိုးများသည် ထိုစဉ်ကတည်းက သံလွင်သီးနှစ်ခြိုက်ခဲ့ကြကာ ယခုတိုင် နေ့စဉ်အစားအစာထဲမပါမဖြစ် စားသောက်နေကြဆဲဖြစ်ပါသည်။ ထို့ကြောင့်လည်း ဂရိနိုင်ငံဟာ ကမ္ဘာ့တတိယသံလွင်သီး အထွက်ဆုံးနိုင်ငံ ဖြစ်လို့နေပါသည်။ သံလွင်ပင်များဟာ အေသင်မြို့မှာ လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကတည်းက ရှင်သန်ခဲ့ကြပြီး ၁၂၀၀ပြည့်နှစ်များက စိုက်ပျိုးခဲ့သည့်အပင်များမှ ယနေ့တိုင်သံလွင်သီးများသီးနေဆဲဖြစ်ကြောင်း သိရပါသည်။


သမိုင်းအမွေအနှစ်ကြွယ်ဝရာ အေသင်မြို့သို့ ကမ္ဘာလှည့်ခရီးသည်များ တစ်နှစ်ကို ၁၈သန်းလောက်လာရောက်လည်ပတ်လေ့ရှိပါသည်။ အခရိုပိုးလစ်(စ်) (Acropolis) တောင်ပေါ်ခံတပ်မြို့၊ ပါသီနွန်ကျောင်းတော် (Parthenon) နှင့် အိုလံပစ်နတ်မင်းဇူးယပ်(စ်)ကျောင်းတော်တို့သည် အေသင်မြို့၏ အဓိကအထင်ကရနေရာများ ဖြစ်ပါသည်။


ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံထားရသည့် အခရိုပိုးလစ်(စ်)ခံတပ်မြို့ကြီးကို ၄၄၈ဘီစီမှာ ဂရိနတ်ဘုရားမ အသီနာအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ တောင်ပေါ်မှာရှိနေသဖြင့် အေသင်မြို့ကို အပေါ်စီးကနေ စီးပြီးမြင်ရကာ ကမ္ဘာ့အထင်ကရအဆောက်အအုံကြီးလည်း ဖြစ်လို့နေပါသည်။ အေသင်မြို့မှာ အခရိုပိုးလစ်(စ်)အပြင် တခြား ယူနက်စကိုအသိအမှတ်ပြုနေရာတစ်ခုလည်း ရှိလို့နေပါသေးသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀၀ကျော်က ဆောက်လုပ်ခဲ့သည့် ဘိုင်ဇန်တိုင်းခေတ်လက်ရာ Daphni ကျောင်းတော်ကြီးပဲ ဖြစ်ပါသည်။


အေသင်မြို့တွင်းရှိ အခြားထင်ရှားသော နေရာများမှာ ပါလီမန်အဆောက်အအုံရှိရာ Syntagma ရင်ပြင်၊ တစ်မြို့လုံးကို အပေါ်စီးကနေလှမ်းမြင်ရနိုင်သည့် Lycabettus တောင်ကုန်း၊ မျက်မှောက်ခေတ်အိုလံပစ်ဂိမ်းစတင်ကျင်းပရာ Panathinaiko အားကစားရုံ၊ အမျိုးသားသမိုင်းပြတိုက်နှင့် ရှေးခေတ်အေဂိုရာကျောင်းတော်တို့ ဖြစ်ကြပါသည်။

Dr. Nu Myat Theingi Oo

Nu Myat around the World

ရှေးဟောင်းရဲတိုက်ကြီးများရှိရာ စကော့တလန်

ရှေးဟောင်းရဲတိုက်ကြီးများရှိရာ စကော့တလန်


စကော့တလန်ဆိုသည်နှင့် အကွက်စကတ်တိုများ ဝတ်ထားသည့် ထောင်ထောင်မောင်းမောင်း စကော့တလန်နိုင်ငံသားများ၊ ရှေးဟောင်း ရဲတိုက်ကြီးများ၊ ဒဏာရီထဲမှ Loch Ness အကောင်ကြီး၊ စကော့တစ်(ရှ်)ဝီစကီစသည်တို့နှင့် တွဲမြင်ကြမှပါ။ စကော့တလန်မှာ ထိုအရာများအပြင် ရင်သပ်ရှုမောဖွယ်ကောင်းသောရှုခင်းများနှင့် ရေအိုင်ကြီးများက ကြွယ်ဝသောသမိုင်းကြောင်းနှင့်အတူ တွဲလျှက်ရှိနေပါသေးသည်။


စကော့တလန်တွင် ထောင်စုနှစ်များစွာကတည်းက လူနေထိုင်ခဲ့ကြသော်လည်း ဘုရင့်နိုင်ငံအနေဖြင့် အလယ်ခေတ်မှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ စကော့တလန်သည် အင်္ဂလန်၊ ဝေလ၊ အိုင်ယာလန်နှင့် စကော့တလန်တို့ဖြင့်ဖွဲ့စည်းထားသည့် ဂရိတ်ဗြိတိန်နှင့် ယူကေနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ပြည်မကြီးက ဂရိတ်ဗြိတိန်ကျွန်း၏ မြောက်ဘက်သုံးပုံတစ်ပုံတွင်တည်ရှိနေပြီး အင်္ဂလန်နိုင်ငံနှင့် အရှေ့တောင်ဘက်တွင် နယ်နိမိတ်ထိစပ်နေကာ အနောက်ဘက်နှင့်မြောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ၊ အရှေ့မြောက်ဘက်တွင် မြောက်ပင်လယ်၊ တောင်ဘက်တွင် အိုင်းရစ်(ရှ်)ပင်လယ်တို့က ဝန်းရံထားပါသည်။


စကော့တလန်သည် ဂရိတ်ဗြိတိန်ကျွန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ကျွန်းပေါင်း ၉၀၀ခန့် ပိုင်ဆိုင်ထားပါသည်။ ၎င်းတို့အနက် ကျွန်းပေါင်း ၁၀၀ ခန့်တွင်သာ လူနေထိုင်ကြပြီး ကျွန်းကူးခရီးစဉ်မှာ စကော့တလန်တွင် ရေပန်းစားပါသည်။ ကျွန်းငယ်လေးများစွာ ပြန့်ကျဲနေသဖြင့် ကျွန်းတစ်ကျွန်း နှင့်တစ်ကျွန်းကြား လေယာဉ်များပြေးဆွဲလေ့ရှိသောကြောင့် ကမ္ဘာ့အတိုဆုံး ခရီးသည်တင်ယာဉ်မှာ စကော့တလန်တွင် ပြေးဆွဲနေပါသည်။ ၁.၇မိုင်သာခြားသည့် ကျွန်းနှစ်ကျွန်းကြား ပြေးဆွဲနေသဖြင့် လေယာဉ်ပျံသန်းချိန်မှာ ၂မိနစ်သာကြာပါသည်။


စကော့တလန်တွင် ကျွန်းပေါင်းများစွာရှိနေသလို တောင်တန်းများစွာလည်း ရှိလို့နေပါသည်။ အမြင့်ဆုံးတောင်မှာ ယူကေရှိအမြင့်ဆုံးတောင် Ben Nevis ဖြစ်ပြီး Eas a’Chual Aluinn အမည်ရှိ ဗြိတိန်နိုင်ငံရှိ အမြင့်ဆုံးရေတံခွန်လည်း ရှိပါသည်။ နှစ်ပေါင်း ၃၀၀၀ ခန့်သက်တမ်းရှိ ဥရာပရှိရှေးအကျဆုံးသစ်ပင်ကိုလည်း ပိုင်ဆိုင်ထားပါသည်။ စကော့တလန်၌ စတုရန်းမိုင် ၆၀၀ ကျော် ရှိသည့် ရေချိုကန်များရှိသဖြင့် နိုင်ငံသားအားလုံးအတွက် ရေ အခမဲ့ အသုံးပြုခွင့်ပေးထားပါသည်။


သမိုင်းတလျှောက်တွင် စကော့တလန်နိုင်ငံသားများသည် တီထွင်မှုများစွာ ပြုလုပ်ခဲ့ကြပါသည်။ တယ်လီဖုန်းတီထွင်သူ အလက်ဇန်းဒါးဂရေဟမ်ဘဲလ်သည် စကော့လူမျိုးဖြစ်ပြီး အခြားထင်ရှားသော စကော့တလန်တီထွင်မှုများမှာ ပန်နီစလင်ဆေး၊ အင်ဆူလင်ဆီးချိုဆေး၊ ရုပ်မြင်သံကြား၊ စက်ဘီးနှင့် ရေနွေးငွေ့အင်ဂျင်စက်တို့ ဖြစ်ပါသည်။ ကမ္ဘာ့ပထမဦးဆုံး အရောင်ဓာတ်ပုံကို စကော့တလန်တွင် ရိုက်ခဲ့ကြခြင်းဖြစ်ပြီး စကော့တလန်ရိုးရာအဆင်ရှိဖဲကြိုးပုံဖြစ်ပါသည်။ မြို့တော် အီဒင်ဘာသည်လည်း ကိုယ်ပိုင်မီးသတ်တပ်ဖွဲ့ရှိသည့် ကမ္ဘာ့ပထမဆုံးမြို့ဖြစ်ခဲ့ပါသည်။ စကော့တလန်သည် အားကစားတွင်လည်း ခေတ်ရှေ့ပြေးခဲ့ကြပါသည်။ ဂေါက်သီးရိုက်အားကစား မွေးဖွားရာမြေဖြစ်ပြီး ၁၅ ရာစုကတည်းက ကစားခဲ့ကြပါသည်။ ကမ္ဘာ့ပထမဆုံးဘောလုံးပွဲကိုလည်း ၁၈၇၂ခုနှစ်တွင် စကော့တလန်၌ကစားခဲ့ကြခြင်း ဖြစ်ပါသည်။


သမိုင်းကြောင်းကြီးခဲ့သော စကော့တလန်တွင် ရှေးဟောင်းအဆောက်အအုံများရှိပြီး ရဲတိုက်ပေါင်း ၃၀၀၀ ခန့်ရှိကာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားသည့်နေရာပေါင်း ၆ခုရှိနေပါသည်။ မြို့တော်အီဒင်ဘာမြို့တွင် နာမည်ကြီးနေရာများမှာ အီဒင်ဘာရဲတိုက်၊ Royal Mile လမ်းမကြီး၊ ဘုရင်မအဲလစ်ဇဘက် (၂)နေထိုင်နေသည့် Holyrood နန်းတော်၊ Arthur’s Seat မီးတောင်ဟောင်း၊ အမျိုးသားပြတိုက်၊ Calton တောင်ကုန်း၊ Scott အထိမ်းအမှတ်ကျောက်တိုင်တို့ပဲ ဖြစ်ပါသည်။


အကြီးဆုံးမြို့ ဂလက်စ်ဂို(Glasgow)တွင် မြစ်ကမ်းဘေးပြတိုက်၊ Kelvingrove အနုပညာပြခန်းနှင့်ပြတိုက်၊ လိုမွန်ရေကန်၊ Trossachs အမျိုးသားပန်းခြံတို့မှာ ထင်ရှားပါသည်။ စကော့တလန်၏ မြို့သေးလေးတစ်မြို့ဖြစ်သည့် Bonnybridge သည် ပန်းကန်ပြားပျံများမကြာမကြာတွေ့လေ့ရှိတဲ့မြို့အဖြစ် နာမည်ကျော်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ပန်းကန်ပြားပျံ အခု၃၀၀ကျော်လောက်တွေ့မြင်ရကြောင်း သတင်းပေးခံထိလေ့ရှိပါသည်။


အခြားထင်ရှားသော နေရာများမှာ Skye ကျွန်း၊ Callanish ကျောက်တုံးကြီးများ၊ Loch Ness Monster အကောင်ကြီးနေထိုင်သည့်ရေကန်အဖြစ် နာမည်ကြီးသည့် နက်စ်ရေကန်နှင့် အနီးရှိ Urquhart ရဲတိုက်ဟောင်းကြီး၊ စကော့တလန်ရှိ သမိုင်းဝင်နှင့်ဗိသုကာအရ အရေးကြီးဆုံးရဲတိုက်ဖြစ်သည့် စတာလင်ရဲတိုက်နှင့် Dunnottar ရဲတိုက်တို့ပဲ ဖြစ်ပါသည်။

Dr. Nu Myat Theingi Oo

Nu Myat around the World

မြို့ထဲမှာ ကမ္ဘာ့အသေးဆုံးနိုင်ငံရှိနေတဲ့ ရောမမြို့

မြို့ထဲမှာ ကမ္ဘာ့အသေးဆုံးနိုင်ငံရှိနေတဲ့ #ရောမမြို့

ရောမ အင်ပါယာကြီးထွန်းကားရာ အီတလီနိုင်ငံ ရောမမြို့ကြီးက ရှေးဟောင်းအဆောက်အအုံတွေနဲ့ ထူးခြားနေပါတယ်။ ရောမမြို့ထဲမှာ နိုင်ငံတစ်နိုင်ငံပါရှိနေတယ်ဆို ပိုပြီးထူးဆန်းမနေဘူးလား 😮

ဟုတ်ပါတယ်။ မြို့ထဲမှာ နိုင်ငံကြီးတစ်ခုလုံးတည်ရှိနေတာပါ။

အဲဒီနိုင်ငံကတော့ ဗာတီကန်စီးတီး (Vatican City) လို့ခေါ်ပြီး ကမ္ဘာ့အသေးဆုံးနိုင်ငံပါ။ ဘယ်လောက်သေးလဲဆိုရင် တစ်နိုင်ငံလုံးမှ ဝ.၁၇ စတုရန်းမိုင်သာ ကျယ်ဝန်းတာတဲ့လေ။ ပန်းဥယျာဉ်တစ်ခုစာလောက်ပဲရှိတာပေါ့။ လူဦးရေကလည်း ၁၀၀၀ တောင်မပြည့်ပါဘူး။

နိုင်ငံကသာ သေးတာ အဲဒီနိုင်ငံထဲက Saint Peter’s Basilica ဘုရားကျောင်းကတော့ ကမ္ဘာ့အကြီးဆုံး ဘုရားကျောင်းတဲ့လေ။ Vatican City နိုင်ငံအကြောင်းကို ပို့စ်သက်သက်တော့ တင်ထားဖူးပါတယ်။

ရောမမြို့မှာ ဒီအချက်အပြင် အခြားထူးခြားတဲ့အချက်တွေ၊ သမိုင်းဝင်အဆောက်အအုံတွေလည်း ရှိပါသေးတယ်။

နိုင်ငံထက် သက်တမ်းပိုရှည်တဲ့ ရောမမြို့

ရောမမြို့က ကမ္ဘာ့ရှေးအကျဆုံးမြို့တစ်မြို့ပါ။ ဘယ်လောက်တောင်ရှေးကျလဲဆိုရင် အခုလက်ရှိ အီတလီနိုင်ငံ (Republic of Italy) ထက်တောင် သက်တမ်း ၂၆၀၀ ကျော်ပိုရှည်တာပါ။ အီတလီနိုင်ငံကို ၁၈၆၁ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပေမဲ့ ရောမမြို့ကိုတော့ ၇၅၃ ဘီစီက စတည်ထောင်ခဲ့တာတဲ့လေ။

တောင် ၇ လုံးပေါ်တည်ထားတဲ့ ရောမမြို့

ရောမတစ်မြို့လုံးက တောင်ကုန်း ၇ လုံးပေါ် တည်ထောင်ထားတာတာပါ။ Palatine တောင်ကုန်းပေါ်မှာ အရင်ဆုံးမြို့တည်ခဲ့တာလို့ သိရပါတယ်။

လမ်းများဦးတည်ရာ ရောမမြို့

ရှေးခေတ်ရောမလူမျိုးတွေက ရောမအင်ပါယာကို ချဲ့ထွင်ဖို့ အလွန်ကျယ်ပြန့်တဲ့ လမ်းကွန်ရက်ကို တည်ဆောက်ခဲ့ကြပါတယ်။ လမ်းကွန်ရက်ရဲ့အစက ရောမမြို့ဖြစ်လို့ “လမ်းအားလုံးသည် ရောမမြို့သို့ ဦးတည်သည်” ဆိုတဲ့ ဆိုရိုးစကားရှိခဲ့ပါတယ်။ ရောမအင်ပါယာအထွတ်အထိပ်ရောက်ချိန်က လမ်းကွန်ရက်ဟာ ၅၂,၅၈၇ မိုင် ရှည်လျားပြီး လန်ဒန်ကနေ အီဂျစ်အထိ ဖြန့်ကြက်ထားခဲ့တာတဲ့လေ။

လူနေထူထပ်တဲ့ ရောမမြို့

ရောမအင်ပါယာကြီးမားလာတာနဲ့အမျှ ရောမမြို့ထဲနေထိုင်တဲ့ လူဦးရေက တဖြည်းဖြည်းများလာပါတယ်။ ရောမမြို့က မြို့နေလူဦးရေ တစ်သန်းထိ ရှိလာတဲ့ ကမ္ဘာ့ပထမဆုံးမြို့ကြီးတဲ့လေ။ ရောမအင်ပါယာ လျှမ်းလျှမ်းတောက်ခဲ့တုန်းကဆို လူဦးရေ သန်း ၉၀ အထိတောင် နေထိုင်ခဲ့ကြတာပါ။ လက်ရှိမှာတော့ လူဦးရေ ၂.၈ သန်း နေထိုင်ကြပြီး အီတလီနိုင်ငံမှာ လူနေအထူထပ်ဆုံးမြို့ပါ။

ဧည့်လာများတဲ့ ရောမမြို့

ရောမမြို့ဟာ အီတလီနိုင်ငံမှာ ဧည့်သည်အလာဆုံးမြို့လည်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တစ်နှစ်ကို ဧည့်သည် ၉ သန်းကျော် လာလည်လေ့ရှိကြပါတယ်။ ဥရောပမှာဆို လန်ဒန်နဲ့ပဲရစ်အပြီး တတိယဧည့်သည်အလာဆုံးမြို့ဖြစ်ပြီး ကမ္ဘာနဲ့ချီရင်တော့ နံပါတ် ၁၆ ချိတ်ပါတယ်။

မြေအောက်ရောက်နေတဲ့ ရောမမြို့

ရောမမြို့က အချိန်ကြာလာတာနဲ့အမျှ မြေအောက်ရောက်သွားပြီဖြစ်ကာ ယခုလက်ရှိ ထင်ရှားတဲ့ ရှေးဟောင်းအဆောက်အအုံတွေက ရောမအင်ပါယာရဲ့ အကြွင်းအကျန် အနည်းငယ်ပါ။ ရှေးဟောင်းရောမမြို့ရဲ့ ၁၀% ကိုသာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး မြို့အများစုက မြေကြီးအောက်မှာ ကျန်ရစ်နေပါသေးတယ်။

ခရစ်ယာန်ဘုရားကျောင်းအများဆုံးရှိရာ ရောမမြို့

ရောမမြို့က ကမ္ဘာပေါ်မှာ ခရစ်ယာန်ဘုရားကျောင်းအများဆုံးရှိရာ မြို့ဖြစ်ပါတယ်။ ဘုရားကျောင်းပေါင်း ၉၀၀ ကျော်ရှိကာ အများစုက ခရစ်ယာန်ဘုရားကျောင်းတွေပါ။

ရေပန်းပေါင်း ၂၀၀၀ ကျော်ရှိတဲ့ ရောမမြို့

ရောမမှာ ရေပန်းပေါင်း ၂၀၀၀ ကျော် ရှိြပီး အများစုက သောက်ရေ အခမဲ့ပေးဝေနေတဲ့ ရေပန်းအသေးလေးတွေပါ။ လှပတဲ့ ရေပန်းကြီးတွေလည်းရှိပြီး နာမည်အကြီးဆုံးက Trevi Fountain နဲ့ Fontana della Barcaccia ရေပန်းတွေပါ။

ရောမမြို့ရဲ့ အထင်ကရနေရာများ

ရောမမြို့ထဲမှာ Vatican City နိုင်ငံနဲ့ ဘုရားကျောင်းအပြင် အခြား အထင်ကရနေရာတွေလည်း အများကြီး ရှိပါသေးတယ်။ အဲဒါတွေကတော့…

⚔ The Colosseum သားသတ်ကွင်း

The Colosseum သားသတ်ကွင်းက ရောမမြို့မှာ နာမည်အကြီးဆုံး အထင်ကရအဆောက်အအုံပါ။ ရှေးခေတ်အမိုးပွင့် ကဇာတ်ရုံကြီးဖြစ်ကာ ပွဲကြည့်ပရိသတ်ပေါင်း ၈၀၀၀၀ အထိ ဝင်ဆန့်ပါတယ်။ အဲဒီမှာ ငွေဝယ်ကျွန်တွေ အချင်းချင်းသော်လည်းကောင်း သားရဲတိရစ္ဆာန်တွေနဲ့သော်လည်းကောင်း တိုက်ခိုက်ခိုင်းတဲ့ Gladiator တိုက်ပွဲတွေ ကျင်းပလေ့ရှိပါတယ်။ Colosseum အကြောင်း ပို့စ်သက်သက်တင်ပေးပါဦးမယ်။

🏛Pantheon ရိုမာန်ဘုရားကျောင်း

ရောမမြို့ရဲ့ အခြားထင်ရှားတဲ့ အဆောက်အအုံကတော့ Pantheon အမည်ရှိ ဧရာမရိုမာန်ဘုရားကျောင်းပါ။ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိကာ ယခုအခါ ကက်သိုလစ်ဘုရားကျောင်းအဖြစ် အသုံးပြုနေဆဲပါ။

🏛The Roman Forum

The Roman Forum ကတော့ ရှေးခေတ်ရောမမြို့လည်ရှိ အဓိက ရင်ပြင်ပါ။ မူလက ဈေးအဖြစ်အသုံးပြုခဲ့ကာ အချိန်ကြာလာတာနဲ့အမျှ ရင်ပြင်တဖြည်းဖြည်းကြီးလာပြီး အထက်လွှတ်တော်နဲ့ စေတန်ကျောင်းဆောင်လို အဆောက်အအုံတွေတောင် တည်ဆောက်လာခဲ့ကြပါတယ်။ ယခုအခါ Roman Forum က အဆောက်အအုံတွေက ပြိုကျပျက်စီးနေပေမဲ့ ပြပွဲတွေ၊ ဟောပြောပွဲတွေ ကျင်းပနေဆဲပါ။

⛲Trevi Fountain ရေပန်း

မြို့ထဲမှာရှိတဲ့ Trevi ရေပန်းထဲကို အနောက်ပြန်လှည့်ပြီး ရေပန်းထဲ အကြွေစေ့ပစ်ထည့်ကြပါတယ်။ ရေပန်းထဲ အကြွေတစ်စေ့ပစ်ရင် ရောမသို့ ပြန်လာရပြီး နှစ်စေ့နဲ့အထက်ပစ်ပါက ချစ်သူတွေ့မယ်ဆိုတဲ့ အယူရှိလို့ အကြွေစေ့တွေပစ်နေကြတာပါ။ ဘယ်လောက်တောင်လဲဆို ရေပန်းထဲ ပစ်ထည့်တဲ့အကြွေစေ့တွေပေါင်းရင် တစ်နှစ်ကို ယူရိုငွေ ၁.၃ သန်း တန်ဖိုးရှိတယ်တဲ့လေ။ အဲဒီငွေတွေကို လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းပေးတယ်လို့ သိရပါတယ်။

🏪ကမ္ဘာ့ပထမဆုံး ဈေးဝယ်စင်တာ

ရောမမြို့မှာ ကမ္ဘာ့ပထမဆုံး ဈေးဝယ်စင်တာလည်း ရှိပါတယ်။ ၁၁၀ အေဒီက တည်ဆောက်ခဲ့တဲ့ Trajan’s Market မှာ အထပ် ၂ ထပ်၊ ဆိုင်ခန်းပေါင်း ၁၅၀ ခန်းရှိခဲ့တာတဲ့လေ။

အားလုံးပဲ ကျန်းမာရွှင်လန်းပြီး ဘဝအမောတွေ ပြေပါစေ..

ချစ်ခင်လျှက်

Nu Myat

ဘူတန်နိုင်ငံရှိ စေတီပုံဆန်းများ

ဘူတန်နိုင်ငံက စေတီတွေက တခြားနိုင်ငံက စေတီတွေလို ပိရမစ်ပုံ၊ အခုံးပုံမဟုတ်ဘဲ လေးထောင့်ပုံစံတွေများပါတယ်။ နုမြတ်အနေနဲ့ လွန်ခဲ့တဲ့ ၂နှစ်က ဘူတန်နိုင်ငံရောက်တုန်းက ဘူတန်စေတီတချို့ကို ဖူးမြော်ခွင့်ရခဲ့ပါတယ်။

စေတီကို အင်္ဂလိပ်လို Stupa လို့ခေါ်ကြပေမဲ့ ဘူတန်က စေတီတွေကိုတော့ Chroten လို့ ခေါ်လေ့ရှိပါတယ်။

ဘူတန်မှာက မကောင်းတဲ့အရာတွေကနေ ကာကွယ်ဖို့မြစ်ဆုံတွေ၊ လမ်းဆုံလမ်းခွတွေ၊ တောင်ကျော်လမ်းတွေ၊ တံတားတွေမှာ စေတီတွေ တည်ထားလေ့ရှိကြပါတယ်။

oznor

ဘူတန်ရောက်ရောက်ချင်းနေ့က မြို့တော်သင်ဖူးကနေ ပူနာခါမြို့ဆီ အသွား မြစ်ဆုံတစ်ခုမှာ မတူညီတဲ့ စေတီပုံစံသုံးမျိုးကို တန်းစီပြီး တည်ထားတာကို တွေ့ခဲ့ရပါတယ်။ ဘူတန်မှာက ဒီလိုစေတီ ပုံစံ ၃ မျိုး တွေ့ရလေ့ရှိတယ်တဲ့လေ။ စေတီတွေကို ဘူတန်ပုံစံအပြင် နီပေါပုံစံ၊ တိဘက်ပုံစံပါ တည်ထားလေ့ရှိကြပါတယ်။ ဘူတန်ရောက်တုန်း ဒီစေတီပုံစံအမျိုးမျိုးကို တွေ့မြင်ဖူးမြော်ခဲ့ရပြီး တစ်ခုနဲ့တစ်ခု မတူတာကို သတိထားမိခဲ့ပါတယ်။

#ဘူတန်ပုံစံစေတီက စတုရန်းလို ထောင့်မှန်စတုဂံလို လေးထောင့်ကျောက်တိုင်ပေါ်မှာ အမိုးလိုရှိနေပြီး ထိပ်မှာ အချွန်ရှိနေတတ်ပါတယ်။ တချို့စေတီတွေထိပ်မှာ နေနဲ့လကို ကိုယ်စားပြုတဲ့အနေနဲ့ အလုံးနဲ့အခြမ်းရှိနေတတ်တယ်လို့ သိရပါတယ်။

ဘူတန်စတိုင်စေတီကို မြို့တော် သင်ဖူးကနေ ပူနာခါမြို့ဆီသွားတဲ့လမ်းမှာ ဖြတ်ရတဲ့ တောင်ကျော်လမ်းတစ်နေရာမှာ ဖူးမြော်ခဲ့ရပါတယ်။ Dochular Pass လို့ခေါ်တဲ့ ဘူတန်ရဲ့ နာမည်ကျော်တောင်ကျော်လမ်း အမြင့်ဆုံးနေရာမှာ စေတီပေါင်း ၁၀၈ ဆူတည်ထားတာပါ။ ၂၀၀၃ ခုနှစ်က စစ်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သား ၁၀၈ ယောက်အတွက် ရည်စူးပြီး တည်ထားခဲ့တာတဲ့လေ။

edf

#တိဘက်စတိုင်ကလည်း လေးထောင့်ပေါ်မှာ အခုံးပုံရှိပေမဲ့ အပေါ်ကို ကားသွားတဲ့ အခုံးပုံမျိုးပါ။ ဘူတန်နိုင်ငံမြို့တော် သင်ဖူးမြို့ရှိ National Memorial Chroten က တိဘက်ပုံစံဖြစ်ပြီး သင်ဖူးရောက်တုန်း ဖူးမြော်ခဲ့ရပါတယ်။

rhdr

#နီပေါစတိုင် စေတီကတော့ အခုံးပုံပါပဲ။ ပုထိုးတော်လိုမျိုးလို့ ပြောလို့ရပါတယ်။ လေးဖက်လေးတန်မှာတော့ ဗုဒ္ဓရဲ့ အလုံးစုံသိမြင်နိုင်တဲ့မျက်လုံးပုံ ရွေးဆွဲထားလေ့ရှိပါတယ်။ နီပေါပုံစံစေတီကို ဘူတန်မှာ အဝေးကသာ ဖူးမြော်ခဲ့ရပေမဲ့ နီပေါနိုင်ငံရောက်တုန်းကတော့ နာမည်ကျော် Boudhanath စေတီနဲ့ Swayambhunath စေတီတို့ကို ဖူးမြော်ခဲ့ဖူးပါတယ်။

အခုတလော Facebook Memories မှာ ဘူတန်သွားလည်ခဲ့တဲ့ အမှတ်တရပုံတွေတက်လာသလို..

ဘူတန်ရောက်တုန်း ဒီစေတီပုံစံတစ်ခုနဲ့တစ်ခု မတူတာကို သတိထားမိခဲ့လို့ ဗဟုသုတရအောင် ပြောပြပေးတာပဲဖြစ်ပါတယ်…

အားလုံးစိတ်ချမ်းမြေ့နိုင်ကြပါစေ

နုမြတ်

ခရစ်ယာန်ဘာသာကို ပထမဆုံးကျင့်သုံးခဲ့သည့် အာမေးနီးယား Armenia

ခရစ်ယာန်ဘာသာကို ပထမဆုံးကျင့်သုံးခဲ့သည့် အာမေးနီးယား

Written and Photo by Dr. Nu Myat Theingi Oo


အာမေးနီးယားနိုင်ငံသည် ရှည်လျားသော သမိုင်းကြောင်း၊ လှပသောရှုခင်းများနှင့်ပြည့်စုံသည့် အာရှတိုက်အနောက်မြောက်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံငယ်လေး ဖြစ်သည်။ အနောက်ဘက်တွင် တူရကီ၊ မြောက်ဘက်တွင် ဂျော်ဂျီယာ၊ တောင်ဘက်တွင် အီရန်၊ အရှေ့ဘက်တွင် အဇာဘိုင်ဂျန်၊ အနောက်တောင်ဘက်တွင် အဇာဘိုင်ဂျန်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nakhchivan တို့နှင့် နယ်နိမိတ်ထိစပ်နေပါသည်။

အာမေးနီးယားသည် ကော့ကေးဆပ်တောင်တန်းကြီး၏ တောင်ဘက်တွင်တည်ရှိကာ တောင်ထူထပ်သောနိုင်ငံဖြစ်သည်။ ပျမ်းမျှအမြင့်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၅၉၀၀ ဖြစ်ကာ မြေနိမ့်နိမ့်မရှိပါ။ တောင်ထူထပ်သောနိုင်ငံဖြစ်သည့်အားလျော်စွာ ရှုခင်းအမျိုးမျိုးနှင့် အသေးစား ရာသီဥတုအမျိုးမျိုးကို ဖန်တီးပေးနေသည်။ နိုင်ငံ၏အကျယ်အဝန်းမှာမူ ၁၁၄၈၄ စတုရန်းမိုင်သာ ကျယ်ဝန်းပါသည်။
အာမေးနီးယားသည် လူမျိုးစုတစ်စုတည်းဖြင့်သာ ဖွဲ့စည်းထားသည့် နိုင်ငံအနည်းငယ်အနက် တစ်ခုဖြစ်သည်။ လူဦးရေ၏ ၃% မှလွဲ၍ ကျန်လူဦးရေသည် အာမေးနီးယန်းလူမျိုးများဖြစ်သည်။ အာမေးနီးယားတွင် လူဦးရေပေါင်း ၃ သန်းရှိပြီး လက်ရှိတွင် နိုင်ငံတွင်းနေထိုင်သော အာမေးနီးယန်း လူမျိုးများထက် ပြင်ပသို့သွားရောက်နေထိုင်သူများ ပိုများပါသည်။ ၁၉၁၅ ခုနှစ် အာမေးနီးယား လူမျိုးတုံး သတ်ဖြတ်မှုတွင် အားမေးနီးယားလူမျိုး တစ်သန်းကျော် သေဆုံးခဲ့ပြီးနောက် ပထမကမ္ဘာစစ်အပြီးတွင် လူအများအပြားသည် နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ အာမေးနီးယားလူမျိုးများသည် ချောမောလှပကာ ဆွဲဆောင်မှုရှိကြပြီး ကမ္ဘာကျော် ကာဒစ်ရှန်ညီအစ်မများသည် အာမေနီးယန်းသွေးနှောများဖြစ်ကြသည်။


အာမေးနီးယားသည် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သည့် သက်တမ်းအရင့်ဆုံး ရှေးဟောင်းနိုင်ငံများအနက် တစ်ခုဖြစ်သည်။ အာမေးနီးယားတွင် တွေ့ရှိခဲ့သည့် ကမ္ဘာ့သက်တမ်းအရင့်ဆုံး သားရေဖိနပ်သည် ဘီစီ ၃၅၀၀ ကတည်းက ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာမေးနီးယားသည် ခရစ်ယာန်ဘာသာကို ပထမဆုံးကျင့်သုံးခဲ့သောနိုင်ငံဖြစ်ပြီး ယနေ့ထိတိုင် ခရစ်ယာန်နိုင်ငံဖြစ်ဆဲဖြစ်သည်။ အေဒီ ၃၀၁ တွင် အာမေးနီးယား၌ ခရစ်ယာန်ဘာသာကို နိုင်ငံဘာသာအဖြစ် ပထမဆုံးသတ်မှတ်ခဲ့သည်။


ထောင်စုနှစ်များစွာသက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းများမှသည် ပြိုလဲနေသော ဘုရားရှိခိုးကျောင်းများအထိ အာမေးနီးယားတွင် ခရစ်ယာန်ဘာသာ ဝတ်ပြုပူဇော်ရာ ကျောင်းပေါင်းများစွာ ရှိပါသည်။ ထို့ကြောင့်လည်း “ဘုရားကျောင်းများရှိရာမြေ” ဟုခေါ်ဆိုခြင်းဖြစ်ပေလိမ့်မည်။ ဘုရားကျောင်းများ အားလုံးသည် ခမ်းနားလှပလှပြီး ထိုဘုရားကျောင်းများအနက် ၉ ရာစုက ဆောက်ထားသည့် Tatev ဘုန်းကြီးကျောင်းမှာ လှပသည့်ရှုမျှော်ခင်းများ ဝန်းရံထားသည့် ရှေးဟောင်းအဆောက်အဦး တစ်ခုဖြစ်သည်။ ထိုဘုန်းကြီးကျောင်းနှင့် Halizor ရွာကို ဆက်သွယ်ထားသည့် ကောင်းကင်ရထားလမ်းသည် ကမ္ဘာ့အရှည်ဆုံး တစ်ဆက်တည်းသွားသော ကောင်းကင်ရထားလုံး အဖြစ် ဂင်းနစ်စံချိန်ချိုးထားပါသည်။


အာမေးနီးယားတွင် ကမ္ဘာ့အမွေအနှစ်နေရာသုံးခုရှိပြီး ယင်းတို့မှာ Geghard ဘုန်းတော်ကြီးကျောင်း၊ Sanahin နှင့် Haghpat ဘုန်းတော်ကြီးကျောင်းများနှင့် ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဘုရားကျောင်း တစ်ခုဖြစ်သည့် Echmiadzin ဘုရားကျောင်း တို့ဖြစ်သည်။ အာမေးနီးယား၏ အမျိုးသားသင်္ကေတတစ်ခုဖြစ်ပြီး မြင့်မြတ်သည်ဟု ယူမှတ်ကြသည့် တူရကီနိုင်ငံရှိ အာရာရက်တောင်ရှုခင်းကိုကောင်းစွာ လှမ်းမြင်နိုင်သည့် Khor Virap ဘုန်းတော်ကြီးကျောင်းနှင့် Zvartnots ဘုရားကျောင်း၊ Garni ဘုရားကျောင်းနှင့် Noravnak ဘုန်းတော်ကြီးကျောင်းတို့မှာလည်း ထင်ရှားသည်။ အာမေးနီးယားတွင် ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းခံခဲ့ရသည့် အစားအစာလည်းရှိကာ အာမေးနီးယား ရိုးရာအစားအစာဖြစ်သည့် Lavash ပေါင်မုန့်အပြားဖြစ်ပါသည်။


အာမေးနီးယားတွင် ဆာဗန်အမည်ရှိ ရေကန်ကြီးက နိုင်ငံ၏ ၆ ပုံတစ်ပုံခန့်ကိုနေရာယူထားပါသည်။ စိမ်းပြာကြည်လင်နေသော ရေပြင်၊ ကမ်းခြေကဲ့သို့ဖြစ်နေသော မြစ်ကမ်းတို့ကြောင့် အာမေးနီးယားလို ကုန်းတွင်းပိတ်နိုင်ငံအတွက် ပင်လယ်သဖွယ်ဖြစ်နေကာ အပန်းဖြေသူများနှင့် စည်ကားလျှက်ရှိပါသည်။ တောင်များသည့် အာမေးနီးယားတွင် နှင်းလျှောစီးစခန်းများရှိပြီး နာမည်အကျော်ဆုံးမှာ Tsakhkadzor နှင်းလျှောစီးအပန်းဖြေစခန်းဖြစ်သည်။ Dilijin အမျိုးသားဥယျာဉ်၊ Aragats တောင်၊ Arpi ရေကန်၊ Shaki ရေတံခွန်တို့မှာ အာမေးနီးယားရှိ ထင်ရှားသည့် သဘာဝအလှတရားတချို့ဖြစ်သည်။


အာမေးနီးယား၏မြို့တော်မှာ ယာရာဗန် (Yeravan) မြို့ဖြစ်ကာ ကမ္ဘာ့သက်တမ်းအရှည်ဆုံး မြို့ကြီးများအနက် တစ်မြို့ဖြစ်သည်။ မြို့ထဲ အဆောက်အအုံအတော်များများက ပန်းရောင်သန်းသဖြင့် “ပန်းရောင်မြို့တော်”ဟုလည်း ရည်ညွှန်းကြပါသည်။ ရှေးဟောင်းအဆောက်အအုံများစွာရှိသည့် ဒုတိယအကြီးဆုံးမြို့ Gyumri၊ ရေပူစမ်းများစွာရှိသည့် Spa မြို့ Jermuk၊ အရသာရှိသည့်ဝိုင်များစွာ ထုတ်လုပ်ရာ Areni ရွာ၊ သက်တမ်းနှစ်ပေါင်း ၁၆၀၀ ရှိ အာမေးနီးယားအက္ခရာ အမှတ်တရအဖြစ် ဖန်တီးထားသော အာမေးနီးယားအက္ခရာပုံသဏ္ဏာန်ရုပ်တုများ၊ Amberd ခံတပ်ကြီး၊ ဗြိတိန်နိုင်ငံရှိ Stonehenge ကဲ့သို့ ကျောက်တုံးပေါင်း ၂၂၃ ခုကို စက်ဝိုင်းသဏ္ဏာန်ထောင်ထားသည့် Karahunj Observatory တို့မှာ အာမေးနီးယားရောက် ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လည်ပတ်လေ့ရှိသည့်နေရာများဖြစ်ကြသည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

မိုစတာမြို့၏ အထင်ကရ ရှေးဟောင်းတံတားကြီး

မိုစတာမြို့၏ အထင်ကရ ရှေးဟောင်းတံတားကြီး


ဒေါက်တာနုမြတ်သိင်္ဂ ီဦး


ကမ္ဘာပေါ်ရှိမြို့အသီးသီးမှာ မြို့သူမြို့သားတွေ ဂုဏ်ယူရတဲ့ စေတီ၊ ကျောင်းဆောင်၊ ရိုးရာဓလေ့၊ အစားအစာ စသဖြင့်ရှိနေတဲ့အထဲ ဥရောပမြို့လေး မိုစတာ(Mostar)ရဲ့ ဂုဏ်ယူရတဲ့ အထင်ကရနေရာကတော့ မြို့ကိုဖြတ်သန်းစီးဆင်းနေတဲ့ နာရီတာမြစ်ကို ဖြတ်ဆောက်ထားတဲ့ စတာရီမို့စ် (Stari Most) အမည်ရှိတဲ့ တံတားကြီးပဲဖြစ်ပါတယ်။ ဒီတံတားကြီးက မိုစတာမြို့ရဲ့ ရတနာတစ်ပါးဖြစ်လို့နေတာ နှစ်ပေါင်း ၄၀၀ ကျော်ရှိနေပါပြီ။ မိုစတာဆိုတဲ့မြို့အမည်တောင်မှ ဒီတံတားကနေရခဲ့တဲ့နာမည်တာပါတဲ့။ မိုစတာရီလို့ခေါ်တဲ့ တံတားစောင့်တွေကနေ ဒီမြို့အမည်တွင်ခဲ့တာပါ။


မိုစတာ (Mostar)မြို့ဆိုတာတော့ ဘောစနီးနဲ့ ဟာဇီဂိုဗီးနား(Bosnia and Herzegovina) နိုင်ငံမှာရှိတဲ့ မြို့လေးပါ။ ဥရောပတိုက် အရှေ့တောင်ပိုင်း ဘော်ကန်ကျွန်းဆွယ်မှာရှိတဲ့ နိုင်ငံတွေကို ဘော်ကန်နိုင်ငံ(Balkan) နိုင်ငံလို့ခေါ်ပြီး ဘေ့စနီးယားနဲ့ ဟာဇီဂိုဗီးနားကလည်း ဘော်ကန်နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ အသည်းနှလုံးပုံစံမြေပုံရှိတဲ့ ဒီနိုင်ငံက တောင်တန်းတွေများတဲ့နိုင်ငံဖြစ်ပြီး မြို့တော်ကတော့ ဆာရာဂျေးဗိုးပါ။ မိုစတာကတော့ မြို့တော်ဆာရာဂျေးဗိုးကနေ ပေါ်လ်စီမြို့ကိုပြေးဆွဲနေတဲ့ရထားလိုင်း လမ်းကြောင်းပေါ်မှာတည်ရှိကာ နိုင်ငံရဲ့ ပဉ္စမမြောက်အကြီးဆုံးမြို့ပဲဖြစ်ပါတယ်။ ရှေးတုန်းကတော့ ဟာဇီဂိုဗားနားရဲ့ မြို့တော်နဲ့ အချက်အချာကျတဲ့မြို့ဖြစ်ခဲ့ဖူးပါတယ်။


မိုစတာမြို့က ၁၄၅၂ခုနှစ်ကစပြီးသမိုင်းမှာစပါခဲ့ကာ ၁၆ရာစုမှာတော့ တူရကီတို့ရဲ့ အော်တမန်အင်ပါယာအောက်ကျရောက်ခဲ့ကာ တူရကီတို့ရဲ့ ခံတပ်မြို့ဖြစ်ခဲ့ပါတယ်။ ၁၅၆၆ခုနှစ်မှာ တူရကီတို့က မြို့လည်က သစ်သားတံတားကို ကျောက်ခင်းတံတားအခုံးအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ကြပါတယ်။ အော်တမန်တွေတည်ဆောက်ခဲ့တဲ့ စတာရီမို့စ်တံတားကြီးက ဘော်လ်ကန်နိုင်ငံမှာမြင်တွေ့နိုင်တဲ့ စံနမူနာယူစရာ အစ္စလာမ်ဗိသုကာလက်ရာတစ်ခုပဲဖြစ်ပါတယ်။ ဒီတံတားကြီးက မိုစတာမြို့ရဲ့ ရတနာတစ်ပါး ဖြစ်လို့နေတာ နှစ်ပေါင်း ၄၀၀ ကျော်ကြာနေပါပြီ။ ၁၉၉၃ခုနှစ်က ဘော့စနီးယားပြည်တွင်းစစ်မှာ ဗုံးထိလို့ပျက်စီးသွားပြီးနောက် ၂၀၀၄ခုနှစ်မှာ မူလအတိုင်းပြန်ဆောက်ခဲ့ကြပါတယ်။


တံတားကြီးက ၁၃ပေအကျယ်ရှိပြီး ၉၈ပေရှည်ကာ မြစ်မျက်နှာပြင်ကနေ အမြင့်ဆုံးနေရာအထိ ၇၉ပေနီးပါး မြင့်ပါတယ်။ တံတားပေါ်က ရေထဲခုန်ဆင်းတဲ့ ဓလေ့က ရှေးကတည်းကရှိခဲ့ပြီး အခုထက်ထိလည်း ရှိနေဆဲပါ။ နွေရာသီဆို တံတားကနေမြစ်ထဲခုန်ချတဲ့ အားကစား (Cliff Diving) လာလုပ်တဲ့လူငယ်တွေနဲ့ပြည့်နေပြီး နှစ်စဉ်နှစ်တိုင်း ဇူလိုင်လမှာ Cliff Diving ပြိုင်ပွဲကျင်းပလေ့ရှိပါတယ်။


တံတားနားတဝိုက်မှာလည်း စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ၊ အမှတ်တရပစ္စည်းဆိုင်တွေနဲ့ စည်ကားနေပါတယ်။ ဒီဆိုင်လေးတွေက ရှေးမူမပျက်တဲ့ ဗိသုကာလက်ရာအစုံနဲ့ဆိုတော့ ရှေးခေတ်ပြန်ရောက်သွားသလို ခံစားခဲ့ရပါတယ်။ ဒါကြောင့်လည်း တံတားနဲ့ အနီးတဝိုက်နေရာတွေက ၂၀၀၅ခုနှစ်မှာ ယူနက်စကိုရဲ့ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်စာရင်းထဲ ပါဝင်ခဲ့ပါတယ်။


မိုစတာမြို့နားမှာရှိတဲ့ အခြားအထင်ကရနေရာတွေကတော့ နိုင်ငံရဲ့ ဘာသာရေးအရအထွတ်အမြတ်ထားရာ Blagaj Tekija ဆိုတဲ့နေရာ၊ ခရာဗီကာ (Kravica) ရေတံခွန်ကြီး၊ ဥရောပရဲ့ အလှဆုံးရွာလေးတစ်ရွာဖြစ်တဲ့ Počitelj ရှေးဟောင်းရွာလေး၊ စစ်အထိမ်းအမှတ်ပြတိုက်နဲ့ ကျောက်တုံးတွေနဲ့ဆောက်ထားတဲ့ Hamam တူရကီရေချိုးအိမ်ပြတိုက်တို့ပဲဖြစ်ပါတယ်။ ဟာဇီဂိုဗီးနားမှာအလှဆုံးဖြစ်တဲ့ Koski Mehmed Pasha ဗလီလေးကလည်း မြစ်ကမ်းဘေး တောင်စောင်းပေါ်မှာရှိပြီး ဗလီမျှော်စင်ပေါ်ကကြည့်ရင် မြို့ဟောင်းတစ်ခုလုံးကို လှမ်းမြင်ရပါတယ်။


မိုစတာကို မြို့တော် ဆာရာဂျေးဗိုးကနေသွားနိုင်သလို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ခရိုအေးရှား(Croatia) နိုင်ငံ ဒူဘရိုနစ်(ခ်)မြို့ (Dubrovnik) နဲ့ စပလစ်(Split)မြို့ ကနေလည်း နေ့ချင်းပြန်သွားနိုင်ပါတယ်။ စာရေးသူတို့လည်း ဒူဘရိုနစ်(ခ်)မြို့ကနေ နေ့ချင်းပြန် သွားခဲ့တာပဲဖြစ်ပါတယ်။

ပျော်ရွှင်ခြင်းနိုင်ငံ ဘူတန်ရဲ့ ထူးခြားချက် (၁၂)ချက် (12 Interesting Facts about Bhutan)

ပျော်ရွှင်ခြင်းနိုင်ငံ ဘူတန်ရဲ့ ထူးခြားချက် (၁၂)ချက်

 

ဘူတန်တဲ့…. ဘူတန်ဆိုတာကြားတာနဲ့တင် အေးချမ်းလှတဲ့ နိုင်ငံလေးကို မြင်ယောင်ကြမှာပါ။ ဒဏ္ဏာရီလာနိုင်ငံလေးတစ်ခုလို ဖြစ်နေတဲ့ နိုင်ငံလေးက တကယ်ဆို ပေါ်လာတာ နှစ်၁၀၀ ပဲ ရှိသေးတာတဲ့လေ။ ဘူတန်မှာ ရှုခင်းတွေက သာယာလှပသလို လူတွေကလည်း ပျော်ရွှင်ငြိမ်းချမ်းနေပုံပေါက်ကြပါတယ်။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြပြီး ဗုဒ္ဓရဲ့ အဆုံးအမကို နာခံကြတာကြောင့်ပါ။ ဒါကြောင့်လည်း ပျော်ရွှင်ခြင်းနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတာပေါ့။

cof

ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်၊ ကမ္ဘာမှာ လူမတက်ရသေးတဲ့အမြင့်ဆုံးတောင်၊ ကမ္ဘာ့တစ်ခုတည်းသော မီးပွိုင့်မရှိတဲ့နိုင်ငံ စတဲ့ ကမ္ဘာ့စံချိန်ချိုးထားတဲ့ နိုင်ငံတစ်ခုလည်းဖြစ်တယ်တဲ့လေ။ ချောမောလှပငယ်ရွယ်တဲ့ ပညာတတ်ဘုရင်နဲ့မိဖုရားတို့ရဲ့ အချစ်ဇာတ်လမ်း၊ ရိုးရာဝတ်စုံတွေဝတ်ပြီး ရိုးရာအိမ်လေးတွေမှာနေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားတွေစတဲ့ ဘူတန်နိုင်ငံရဲ့ ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေရယ်…. သွားလည်သင့်တဲ့နေရာတွေရယ်ကို တင်ပေးလိုက်ပါတယ်နော်။

LRM_EXPORT_267578486840417_20180924_183751814.jpeg

စက်တင်ဘာလတုန်းက Mighty Travels နဲ့ သွားခဲ့တဲ့ ဘူတန်ခရီး Review အတိုချုံးပြီးတင်မယ်စိတ်ကူးပေမဲ့ ဘူတန်နိုင်ငံက တအားစိတ်ဝင်စားဖို့ကောင်းလို့ သေသေချာချာလေးရေးလိုက်တာ နည်းနည်းတော့ ရှည်သွားတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်ကြပါနော်။

LRM_EXPORT_153419686415129_20180929_171915832

(1) ပျော်ရွှင်ခြင်းနိုင်ငံ
————————–

ဘူတန်ကို ပျော်ရွှင်ခြင်းနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတာဟာ ဘူတန်က တခြားနိုင်ငံတွေလို လူတစ်ယောက်ချင်းစီရဲ့ ဝင်ငွေပေါ်မတိုင်းတာဘဲ ပျော်ရွှင်မှုကိုသာတိုင်းတာတဲ့ နိုင်ငံလေးမို့လို့ပါ။ Gross National Happiness (GNH) ကို တိုင်းတဲ့ နိုင်ငံဖြစ်လို့ ဘူတန်မှာတွေ့ရတဲ့ လူအတော်များများ အေးချမ်းပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ ဒါဟာ ချမ်းသာကြွယ်ဝနေလို့မဟုတ်ပေမဲ့ ရောင့်ရဲတင်းတိမ်တတ်တဲ့စိတ်၊ ရိုးရှင်းစွာနေထိုင်တတ်တဲ့စိတ်တွေကြောင့် စိတ်ချမ်းသာ ပျော်ရွှင်ကြရတာပါ။

received_303850437083193.jpeg

(2) မိုးကြိုးနဂါးနိုင်ငံ
————————–

ဘူတန်ရဲ့ အဓိပ္ပါယ်က Land of Thunder Dragon မိုးကြိုးနဂါးတိုင်းပြည် ပါ။ ဘူတန်မှာ မိုးခြိမ်းရင် ကြောက်စရာကောင်းတော့ မိုးခြိမ်းတာက နဂါးတို့ရဲ့ အရိပ်အရောင်လို့ ယူဆကြပြီး ဒီလို နာမည်ပေးခဲ့ကြပါတယ်။ ဒါကြောင့် ဘူတန်ရဲ့ အလံမှာ သာသနာ့အရောင်ဖြစ်တဲ့ အဝါနဲ့လိမ္မော်တြိဂံ ၂ခုဆက်ထားတဲ့အပေါ် နဂါးရုပ်ကြီးထပ်ထားတာပါ။

Bhutan 073.jpg

(3) Tourism ကန့်သတ်ထားတဲ့နိုင်ငံ
—————————————-

ဘူတန်ကိုသွားလည်ချင်ရင် တခြားနိုင်ငံတွေလို Budget Trip သွားလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရက Tourist တွေအနေနဲ့ တစ်ရက်ကို US$ 250 (မြန်မာငွေ ၄သိန်းနီးပါး) အနည်းဆုံးသုံးဖို့ ကန့်သတ်ထားလို့ပါ။ အဲ့ထဲမှာ 3 star အဆင့်ရှိတဲ့ ဟိုတယ်၊ အစားအသောက်၊ အကြိုအပို့၊ ဝင်ကြေး အကုန်ပါပါတယ်။ ဒီလိုဈေးတင်ထားရတာဟာ နိုင်ငံထဲကို အပြင်လူတွေအများကြီးဝင်လာရင် ယဉ်ကျေးမှုအမွေအနှစ်တွေ၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှာစိုးတာကြောင့်ပါတဲ့။ Idea လေးမဆိုးဘူးနော်။ အဲ့လိုလေး ချေထားလို့လည်း နိုင်ငံကို ပိုစိတ်ဝင်စားလာကြတာပါ။

LRM_EXPORT_266944998228014_20180924_182718325.jpeg

(4) ဘုရင်အုပ်ချုပ်တဲ့နိုင်ငံ
—————————-

ဘူတန်အကြောင်းပြောရရင် ဘူတန် ဘုရင်မိသားစုအကြောင်းချန်ထားလို့မရပါဘူး။ လက်ရှိဘုရင်နဲ့ မိဖုရားရယ်၊ သားတော်လေးရယ်က ချောမွေ့လှပလွန်းလို့ ကမ္ဘာကျော်နေတာပါ။ ဘုရင်ကြီးရဲ့အသက်က ၃၈နှစ်ပဲရှိသေးပြီး မိဖုရားလေးက ဘုရင်ကြီးနဲ့ အသက်(၁၀)နှစ်ကွာပါတယ်။ ၂ယောက်လုံးက ကမ္ဘာကျော်တက္ကသိုလ်တွေက ဘွဲ့ရပညာတတ်တွေတဲ့လေ။ သားတော်လေးဆို အသက် ၃နှစ်ကျော်ကျော်လေးပဲရှိတယ်။ အရမ်းချစ်ဖို့ကောင်းတာပဲ။

LRM_EXPORT_41117295302578_20180920_141736161.jpeg

ဘူတန်နိုင်ငံ က ဘုရင်တွေ အုပ်ချုပ်တဲ့ ဒဏ္ဏာရီလာနိုင်ငံလေးလို ဖြစ်နေပေမဲ့ သက်တမ်းက ပြောရမယ်ဆိုရင် နှစ် ၁၀၀ ပဲရှိသေးတာပါ။ တိဘက်နဲ့ အိန္ဒိယက ပြည်နယ်စုတွေပေါင်းစည်းပြီး Kingdom of Bhutan ဆိုပြီး ၁၉၀၇ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တာပါတဲ့။ ဘုရင်မင်းဆက်ဆိုလည်း အခုမှ ၅ဆက်မြောက်ပဲ ရှိပါသေးတယ်။ ၂၀၀၈ခုနှစ်က နန်းတက်ခဲ့တဲ့ ၅ဆက်မြောက်ဘုရင်နာမည်က ဂျေမီ ခေဆာ နမ်ကျယ် ဝမ်ချူး တဲ့။ ဝမ်ချူမိသားစုကဆင်းသက်လာတော့ အတိုကောက်အနေနဲ့ ဂျေမီဝမ်ချူးကို မှတ်ထားလို့ရတယ်။ ဂျေမီဝမ်ချူးဆိုတာ ဘုရင်တိုင်းမှာရှိတဲ့ နာမည်ပေါ့။ ခလယ်ကနာမည်တွေပဲ ပြောင်းသွားတာပါ။

Bjutan.jpg

(5) ရိုးရာအဆောက်အအုံတွေပဲ ဆောက်ခွင့်ရှိတဲ့နိုင်ငံ
———————————————————-

ဘူတန်မှာထူးခြားတာက အဆောက်အအုံတွေပါ။ ရိုးရာ အဆောက်အအုံတွေနေရာတိုင်းမှာတွေ့ရတယ်။ လေဆိပ်က အစ ရိုးရာအငွေ့အသက်လွှမ်းခြုံနေတယ်။ ဘူတန်မှာ အထပ်မြင့်ဆောက်ခွင့်မရှိဘူး။ အမြင့်ဆုံးမှ ၆ထပ်အထိပဲရှိတာ။ အဆောက်အအုံတွေကိုလည်း ရိုးရာစတိုင်နဲ့ပဲဆောက်ခွင့်ရှိတယ်တဲ့။ International Company တွေ ဟိုတယ်တွေကအစ ထူးခြားပြီး ဆောက်လို့မရဘူးတဲ့လေ။
နောက်သတိထားမိတာတစ်ခုက အိမ်ခေါင်မိုးတွေပေါ် ကျောက်ခဲတွေခင်းထားတာကိုပါ။ ဘူတန်မှာက တောင်ကြားကိုဖြတ်တိုက်လာတဲ့လေက အရမ်းပြင်းလို့ ခင်းထားရတာပါတဲ့လေ။

LRM_EXPORT_18892715282011_20180919_175742674.jpeg

(6) ရိုးရာဝတ်စုံဝတ်ကြတဲ့ နိုင်ငံ
———————————-

ဘူတန်မှာသတိထားမိတာ လူအတော်များများ ရိုးရာဝတ်စုံဝတ်ကြတယ်။ အစိုးရဝန်ထမ်းတွေရယ်၊ ခရီးသွားလုပ်ငန်းလုပ်နေတဲ့သူတွေရယ်၊ ကျောင်းသားကျောင်းသူတွေရယ်အနေနဲ့ ရိုးရာဝတ်စုံကို မဝတ်မနေရလို့ သတ်မှတ်ထားကြတယ်။received_677118129338680ဘူတန်ရိုးရာဝတ်စုံတွေမှာ ယောကျာ်းဝတ်ကို Gho ဂိုလို့ခေါ်တယ်။ ဂါဝန်လိုလို၊ ကုတ်အရှည်လိုလိုအပေါ်ဝတ်ကို အောက်ကဘောင်းဘီရှည်မဝတ်ဘဲ ခြေအိတ်အရှည်ရယ် ရှူးဖိနပ်ရယ်နဲ့တွဲဝတ်ရတာပါ။

LRM_EXPORT_2559842033461_20180919_203834803.jpeg
မိန်းမဝတ်ကိုတော့ Kira ကီရာလို့ခေါ်ပါတယ်။ ရှမ်းဝတ်စုံနဲ့ဆင်ပြီး ပိုးလို ဖဲလိုခပ်ပြောင်ပြောင်အစနဲ့ အပေါ်ဝတ်အင်္ကျီလက်ရှည်ကို အောက်က ထမီလိုရိုးရာအစနဲ့တွဲဝတ်တာပါ။ ထမီနဲ့ဆင်ပေမဲ့ ဝတ်ပုံဝတ်နည်းမတူပါဘူး။ အနောက်ကနေပြန်ပတ်ပြီး ကပ်ခွာတွေရော ချိတ်တွေရောသုံးပြီးဝတ်ရပါတယ်။ ဝတ်စုံတွေကလည်း ဈေးအမျိုးမျိုးရှိတယ်။ ထမီအဆင်တွေက လက်နဲ့ယက်ကြတာဆိုတော့ ဈေးကြီးကြတယ်။ တစ်စုံကို တစ်သိန်းဝန်းကျင်လောက်ရှိတယ်။ တစ်ထည်ကို ၂၃သိန်းတန်ထမီတောင်တွေ့ခဲ့ရပါတယ်။

 

Mighty Travels က ဧည့်သည်တွေကို ရိုးရာဝတ်စုံတွေ တစ်စုံဆီ လက်ဆောင်ပေးတာဆိုတော့ သင်ဖူးပွဲတော်သွားတက်တဲ့အခါ ကိုယ်တွေက ရိုးရာဝတ်စုံကို ဝတ်ပြီး ပွဲတက်ခဲ့ကြတယ်။ ဒါပေမဲ့ ရိုးရာဝတ်စုံဝတ်မယ်ဆိုရင် ဖြစ်ကတတ်ဆန်းပေးမဝတ်ပါဘူး။ ဝတ်စုံပြည့်ဝတ်မှ ရမှာတဲ့။ ဥပမာ- မိန်းကလေးတွေဆို အပေါ်ကရိုးရာပုဝါတင်ပြီး ဝတ်ရတယ်။ ယောကျာ်းလေးတွေဆိုလည်း ခြေအိတ်ရှည်နဲ့ဝတ်ရတယ်။ ဝတ်စုံပြည့်မဝတ်ရင် မလေးစားရာကြတယ်ဆိုလို့ လိုအပ်တဲ့ Accessories တွေထပ်ဝယ်ခဲ့ပြီး ဝတ်စုံပြည့်ပွဲတက်ခဲ့ကြပါတယ်။

(7) ဘာသာရေးလိုက်စားတဲ့ နိုင်ငံ
————————————-

ဘူတန်က ဘာသာရေးကို လေးလေးနက်နက်ယုံကြည်ကြပါတယ်။ မဟာယာန ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံဖြစ်ပြီး တချို့ကျေးရွာတွေမှာ နတ်ကိုးကွယ်တာလည်းတွေ့ခဲ့ရပါတယ်။ သာသနာပိုင်းမှာ ခေါင်းဆောင်ဆရာတော်က ဘုရင့်လောက်နီးနီး သြဇာရှိပါတယ်။ ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်တဲ့နိုင်ငံ ဖြစ်တဲ့အလျောက် Criminal Case လည်း အရမ်းနည်းပါတယ်။

received_481242262382167.jpeg

ဘူတန်စေတီက လေးထောင့်ပုံစံ စေတီပါ။ စေတီကို ချော်တန် လို့ခေါ်ပါတယ်။ အောက်ဆုံးလေးထောင့်ပုံက မြေကြီးဓာတ်ဖြစ်ပြီး အပေါ်မှာ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ် အဆင့်ဆင့်တင်ထားတာပါ။ အောက်ဆုံးလေးထောင့်က လောကစောင့်နတ်ကြီးလေးပါးကို ကိုယ်စားပြုပါတယ်။ အပေါ်က စေတီအဝိုင်း လေးခုက ပွင့်ပြီးသားဘုရားလေးဆူကို ကိုယ်စားပြုပြီး ၁ခုပဲဆို နောင်ပွင့်မယ့်ဘုရားကို ကိုယ်စားပြုပါတယ်။ ဘုရားစေတီတွေကိုပတ်မယ်ဆိုရင် လက်ယာရစ် ပတ်လေ့ရှိကြပါတယ်။

LRM_EXPORT_20877136746292_20180919_185103626.jpeg

LRM_EXPORT_2528047084508_20180919_203803008.jpeg

Prayer Wheel လို့ခေါ်တဲ့ လက်နဲ့လှည့်ရတဲ့ ခေါင်းလောင်းတွေရယ်၊ Prayer Flag လို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေကိုနှင်တဲ့ ဂါထာမဌာန်တွေရေးထားတဲ့ အလံအဖြူ or အလံရောင်စုံတွေရယ်ကိုလည်း နေရာအတော်များများမှာတွေ့ရလေ့ရှိပါတယ်။

LRM_EXPORT_202267443005592_20180923_135017153.jpeg

(8) သက်ရှိတွေ ကာကွယ်တဲ့ နိုင်ငံ
————————————–

ဘူတန်မှာ အပင်ရော၊ တိရစ္တာန်ရော လွတ်လပ်စွာရှင်သန်ခွင့်ရှိတယ်။ အပင်တွေကို သက်ရှိလို့ သတ်မှတ်တဲ့အတွက် ဘူတန်ရောက်ရင် ပန်းတွေလှလို့မခူးပါနဲ့။ အာပတ်သင့်ပါလိမ့်မယ်။

ဘူတန်မှာ အကောင်တွေသတ်တာကိုလည်း ပြင်းပြင်းထန်ထန်တားမြစ်ပါတယ်။ ရှားပါးတိရစ္ဆာန်ဖြစ်တဲ့ ဘူတန်မှာပဲ တွေ့ရတဲ့ လည်တံမည်းကြိုးကြာငှက်ကို သတ်ရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျတဲ့အထိ အပစ်ကြီးပါတယ်။ အဲ့ငှက်တွေ ကျက်စားလေ့ရှိတဲ့နေရာမှာဆို အစားအသောက်ကောင်းအောင် ရေမြေထိန်းသိမ်းပေးထားတာတဲ့။ ငှက်တွေထိခိုက်မှာဆိုးလို့ အဲ့နေရာတဝိုက် ဓာတ်ကြိုးတွေတောင် သွယ်ခွင့်မရှိဘဲ မြေအောက်ကနေသွယ်ရတယ်တဲ့လေ။

LRM_EXPORT_22983226696491_20180919_193934909.jpeg

LRM_EXPORT_22529886120519_20180919_193201569.jpeg

(9) ကမ္ဘာပေါ်မှာလူမတက်ရသေးတဲ့ အမြင့်ဆုံးတောင်ရှိတဲ့ နိုင်ငံ
———————————————————————–

Buhtan အမြင့်ဆုံးတောင်ထိပ် Gangkhar Puensum က ကမ္ဘာပေါ်မှာ ၄၀ခုမြောက်အမြင့်ဆုံးတောင်ပါတဲ့။ ဒါပေမဲ့ ကမ္ဘာပေါ်မှာလူမတက်ရသေးတဲ့တောင်ထိပ်မှာ အမြင့်ဆုံးပါပဲ။ ဘာကြောင့်လည်းဆိုတော့ ဘူတန်တွေက အယူသည်းပြီး တောင်ပေါ်ပေးမတက်တာကြောင့်ပါ။ လူတွေတောင်ထိပ်ပေါ်တက်ရင် ရာသီဥတုပျက်မယ်၊ စိုက်ပျိုးရေးမဖြစ်ထွန်းဘဲ အစာရေစာခေါင်းပါးမယ်ဆိုပြီး အယူရှိလို့ပေးမတက်တာပါတဲ့။

LRM_EXPORT_142932840937042_20180922_062528328.jpeg

(10) ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်ရှိတဲ့ နိုင်ငံ
—————————————————-

ဘူတန်ကိုသွားချင်ရင် တိုက်ရိုက်သွားလို့ မရပါဘူး။ ဘန်ကောက်ကတဆင့် Butan Airlineနဲ့ သွားရပါတယ်။ ဘန်ကောက်ကနေ ဘူတန်အသွားလေယာဉ်မှာ ဘယ်ဘက်ထိုင်ခုံရအောင်တောင်းပါ။ ရာသီဥတုသာယာရင် လမ်းမှာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို လေယာဉ်ပေါ်က လှမ်းမြင်ရပါလိမ့်မယ်။ ဘူတန်ရဲ့ တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာလေဆိပ် Paro Airport က ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်တွေထဲက တစ်ခုပါ။ တောင်တွေကို ဖြတ်ပြီး တောင်ကြားထဲက လေဆိပ်ကို ဆင်းရတာ ပညာသားပါပါတယ်။ Well Trained Pilot တွေသာဆင်းနိုင်တာပါ။ ဒါကြောင့်လည်း လေဆိပ်ကို ချောချောမွေ့မွေ့ဆိုက်ရောက်တဲ့အခါ လေယာဉ်စီးခရီးသည်တွေ လက်ခုပ်တီး ဂုဏ်ပြူကြတာကို တွေ့ခဲ့ရတာပါ။

dav

(11) မီးပွိုင့်မရှိတဲ့ နိုင်ငံ
————————–

ကမ္ဘာပေါ်မှာ မီးပွိုင့်မရှိတဲ့ နိုင်ငံကိုပြပါဆို ဘူတန်ကိုပဲပြရမှာပါ။ ဘူတန်မြို့တော် သင်ဖူးက ကမ္ဘာပေါ်မီးပွိုင့်မရှိတဲ့ မြို့တော်၂ခုထဲကတစ်မြို့ပါ။ နောက်တစ်မြို့ကတော့ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်းပါတဲ့။ သင်ဖူးမြို့မှာ မီးပွိုင့်မရှိတော့ ကားအရမ်းရှုပ်တဲ့ လမ်းဆုံလမ်းခွတစ်ခုမှာတော့ ယဉ်ထိန်းရဲတစ်ယောက်ကို တာဝန်ချထားရပါတယ်တဲ့လေ။

LRM_EXPORT_179343300871590_20181024_224249924.jpeg

(12) TV နဲ့ Internet နောက်အကျဆုံးသုံးတဲ့ နိုင်ငံ
——————————————————-

ဘူတန်မှာအရင်တုန်းက TVနဲ့ အင်တာနက်တွေကို ပိတ်ပင်တားမြစ်ထားပြီး လွန်ခဲ့တဲ့ ၁၉နှစ်ကျော် ၁၉၉၉ခုနှစ်မှာမှ TV တွေ Internet တွေ အသုံးပြုခွင့်ပေးလိုက်တာတဲ့လေ။

LRM_EXPORT_201866006541070_20180923_134335716

 

————————–
Quick Facts
————————–

• အိမ်နီးချင်းနိုင်ငံ – တရုတ်နဲ့ အိန္ဒိယ
• လူဦးရေ – ၇သိန်းကျော်
• မြို့တော် – သင်ဖူး
• ငွေကြေး – Nu နူ လို့ခေါ်ပါတယ်။ ၁ နူကိုမြန်မာငွေ ၂၂ကျပ်ကျပါတယ်။
• ရာသီဥတု – နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဆိုပြီး ၄မျိုးရှိပါတယ်။ ကိုယ်တွေရောက်ခဲ့တဲ့ Spetember လကတော့ နွေအကုန် ဆောင်းဦးအကူး ကာလမို့လို့ အရမ်းမပူဘဲနေလို့ကောင်းပါတယ်။
• National Flower – တောင်ဇလပ်မျိုးနွယ်ဖြစ်ပြီး မေလလောက်ပွင့်လေ့ရှိပါတယ်။ Blue Poppy လို့ခေါ်တဲ့ ဘိန်းပန်းကိုလည်း National Flower အဖြစ်သတ်မှတ်ထားကြပါတယ်။
• National Animal – သားမင်းလို့ခေါ်တဲ့ နွားကိုယ်ဆိတ်ခေါင်းရှိပြီး ဒဏ္ဏာရီနဲ့ ဆက်စပ်တဲ့အကောင်ပါ။ အဲ့လိုအကောင်က ကမ္ဘာပေါ်မှာ ၄နိုင်ငံပဲရှိတာတဲ့။ မြန်မာ၊ နီပေါ၊ တရုတ်၊ ဘူတန်မှာပဲ တွေ့ရတာတဲ့လေ။
• National Bird – တောကျီးကန်းပါ။ ဘုရင်တွေဆောင်းတဲ့ ဥသျှောင်ထိပ်မှာတွေ့ရတဲ့ အကောင်ပါ။
• National Tree – Cyprus အပင်

dav

အုပ်ချုပ်ရေး
————————–
အုပ်ချုပ်ရေးကတော့ Democracy & Constitutional Monarchy စနစ်နဲ့အုပ်ချုပ်ပါတယ်။ သူတို့ဆီမှာလွှတ်တော်ရှိပေမဲ့ ဘုရင်ကိုချစ်ကြောက်ရိုသေလို့ ဘုရင်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ယူပါတယ်။

ကာကွယ်ရေး
————————–
ကာကွယ်ရေးပိုင်းအနေနဲ့ စစ်တပ်က ကိုယ်ပိုင်စစ်တပ်ရှိပေမဲ့ အိန္ဒိယကစစ်တပ်ကို အဓိကအားထားပါတယ်။ ကာကွယ်ရေးသာမက စီးပွားရေးမိတ်ဖက်အနေနဲ့ India ကို တည့်အောင်ပေါင်းထားပါတယ်။ အိန္ဒိယကို Hydro Power ရေအားလျှပ်စစ်ပြန်ရောင်းပေးပါတယ်။ တိဘက်ကို တရုတ်ကသိမ်းပြီးနောက် တရုတ်ကိုကြောက်သွားတာကြောင့် India နဲ့ မဟာမိတ်ဖွဲ့ထားတာပါတဲ့လေ။

rhdr

စီးပွားရေး
————————–
နိုင်ငံရဲ့ အဓိကစီးပွားရေးက Tourism ပါ။ ရေစီးသန်တဲ့မြစ်တွေရှိလို့ ရေအားလျှပ်စစ်ရောင်းပြီးလည်း ဝင်ငွေရပါတယ်။ နိုင်ငံရဲ့ 60%က တောယာတွေမို့လို့ စိုက်ပျိုးရေးလည်း ဖြစ်ထွန်းပါတယ်။

LRM_EXPORT_40326937936032_20180920_140425804.jpeg

ရိုးရာအစားအစာ
————————–
ကိုယ်တွေလိုမျိုး ထမင်းနဲ့ဟင်းစားပါတယ်။ သူတို့အစားအစာတွေက တရုတ်စာတွေနဲ့ဆင်ပေမဲ့ အသားအစားနည်းပါတယ်။ နိုင်ငံထဲမှာ အသားသတ်လို့မရတော့ အသားကို India နဲ့ Nepal ကနေ တင်သွင်းလေ့ရှိကြတယ်တဲ့လေ။ ဟင်းသီးဟင်းရွက်က ရေခံမြေခံကောင်းတော့အရမ်း လတ်ဆတ်ပါတယ်။ ချိစ်လည်း အစားများတယ်။ Yakလို့ခေါ်တဲ့ တိဘက်နွားနို့ကနေရတဲ့ ချိစ်ကို စားကြတယ်။


အကြိုက်ဆုံးကတော့ ဟီမာတာချီ လို့ခေါ်တဲ့ ငရုတ်သီး-ချိစ်ချက်ပါ။ ငရုတ်သီး ငပိချက်ဟုတ်ဘူး။ ချိစ်ချက်။ ငရုတ်သီးအတောင့်အစိမ်းကို ခွဲပြီး ချိစ်နဲ့ရောချက်စားတာ အီအီစပ်စပ်လေးနဲ့ကောင်းမှကောင်း။
ဘူတန်မှာ ကွမ်းလည်း စားကြတယ်။ ကွမ်းကိုဆေးတွေမထည့်ဘဲ ကွမ်းရွက်နဲ့ ကွမ်းသီးပဲစားကြတာပါ။ ဘူနန်ကွမ်းကို Dolma လို့ခေါ်ပါတယ်။

ဘာသာစကား
————————–
Dzongkha လို့ခေါ်တဲ့ ဘာသာစကားသုံးလေ့ရှိပြီး တခါတလေ နီပေါစကားပြောတတ်ကြပါတယ်။ အတော်များများက English လိုလည်း ပြောတတ်ကြတာကို တွေ့ခဲ့ရပါတယ်။ အသုံးဝင်မယ့် စကားစုတွေကတော့
• မင်္ဂလာပါ – ဂူဇူဇမ်ဘိုလာ
• ကျေးဇူးတင်ပါတယ် – ကတ်သရင်းချေလာ
• နှုတ်ဆက်တဲ့အခါ – ကံကောင်းပါစေ – တာချီတလဲ

LRM_EXPORT_201443678814572_20180923_133633388

————————–
ဘယ်တွေလည်မလဲ
————————–

ဘူတန်က ဟိမဝန္တာတောင်ကြောတွေပေါ်တည်ထားတဲ့ နိုင်ငံဆိုတော့ မြို့လေးတွေကလည်း အေးချမ်းလှပါတယ်။ တောင်ကြားထဲ စီးဆင်းနေတဲ့ မြစ်တလျှောက် လမ်းဖောက်ထားတဲ့ ကားလမ်းအတိုင်း တစ်မြို့နဲ့ တစ်မြို့ကို ကားနဲ့သွားရပါတယ်။ ကားမူးတတ်တဲ့သူတွေဆိုရင်တော့ Novomin တို့လို အမူးအမော်ပျောက်ဆေးတွေ ဆောင်ထားသင့်ပါတယ်။
မြို့တွေမှာတော့ ဖူးမြော်စရာ စေတီတွေ၊ ဘုရားကျောင်းတွေ၊ ဗိမာန်တော်တွေရှိကြတယ်။ ဘူတန်ကို အဓိကသွားတာကတော့ ရှုမြော်ခင်းတွေနဲ့ သူတို့ရဲ့ Unique Culture ကြောင့်ပါ။ ဘူတန်ရောက်ခဲ့တဲ့ ၄ရက်အတွင်း မြို့၃မြို့ရောက်ခဲ့တယ်။ အဲ့ဒီ ၃မြို့နဲ့ လည်ပတ်စရာနေရာတွေကတော့….

ပါရိုမြို့
————————–

ဘူတန်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိတဲ့တစ်ခုတည်းသောမြို့ပါ။ ဘူတန်ကိုလာချင်ရင် ဒီမြို့ကိုအရင်ဆုံးရောက်ပါလိမ့်မယ်။ ဘူတန်ရဲ့ အထင်ကရ Tiger Nest ကျားသိုက်ကျောင်းတော်ကြီးရှိတဲ့ မြို့ဆိုလည်း မမှားပါဘူး။ Tiger Nest က ကျောက်တောင်ကြီးရဲ့ ကမ်းပါးမှာ ၁၆ရာစုခန့်ကတည်ဆောက်ခဲ့တဲ့ ဘုန်းကြီးကျောင်းပါ။ ဘုန်းကြီးကျောင်းရောက်ဖို့ တောင်တက်လမ်းအတိုင်း ၄-၅နာရီလောက်ကြာ အတက်အဆင်းလုပ်ရတာဆိုတော့ ခြေထောက်မကောင်းတဲ့ လူကြီးတွေအနေနဲ့တော့ သွားဖို့ မသင့်တော်ပါဘူး။ မသွားနိုင်ရင် အဲ့ဒီအစားမြို့ထဲက အထင်ကရနေရာတွေကို လိုက်ပို့ပေးပါတယ်။ မြင်းနဲ့လမ်းရဲ့ ၃ပုံတစ်ပုံလောက်တော့တက်လို့ရပေမဲ့ ကျန်တာက လမ်းလျှောက်တက်ရပါတယ်။ မြင်းနဲ့ဆင်းလို့လည်းမရပါဘူး အတက်ပဲရတာပါ။

LRM_EXPORT_200213670518405_20180923_130158021

သင်ဖူးမြို့
————————–

သင်ဖူးကတော့ လက်ရှိမြို့တော်ဖြစ်ပြီး နွေရာသီမြို့တော်လို့လည်းခေါ်ကြပါတယ်။ ရာသီဥတုက အေးစိမ့်စိမ့်လေးရှိတာကြောင့်ပါ။ သင်ဖူးမှာ ဘူတန်ဘုရင်နန်းတော်နဲ့ သင်ဖူးဗိမာန်တော်၊ အောက်မေ့ဖွယ်စေတီ၊ Changnakha ဘုန်းတော်ကြီးကျောင်း၊ အကြီးဆုံး ထိုင်တော်မူကြေးသွန်းဘုရား၊ သားမင်းတွေမွေးမြူထားတဲ့ ဥယျာဉ်တွေဆီ သွားရောက်လေ့လာနိုင်ပါတယ်။

rhdr

ဘူတန်မှာပွဲတော်တွေကို နိုင်ငံအနှံ့ လစဉ်ကျင်းပတာ သင်ဖူးမြို့တော်မှာ ကျင်းပတဲ့ သင်ဖူပွဲတော်ကတော့ အကြီးကျယ်အခမ်းနားဆုံးပေါ့။ မြို့တော်မှာကျင်းပတဲ့ပွဲဆိုတော့ တချို့နှစ်တွေမှာ ဘုရင်ကိုယ်တိုင်ကြွလာပြီး အားပေးလို့ ကံကောင်းရင် ဘုရင်ကိုတောင် တွေ့နိုင်ပါတယ်။

oznor

ကိုယ်တွေသွားတဲ့အချိန်နဲ့ ကြုံလို့ သင်ဖူးပွဲတော်တက်ရောက်ခဲ့သေးတယ်။ တကယ့်ကို ဒဏ္ဏာရီထဲ ရောက်သွားသလိုပါပဲ။ မြို့နေလူတွေရော အနီးအနားရွာကလူတွေပါ ပွဲတော်ကို ရိုးရာဝတ်စုံကိုယ်စီနဲ့ ဝတ်ကောင်းစားလှတွေ ဝတ်ပြီး လာတက်ကြတာ ဘူတန်အကယ်ဒမီပေးပွဲရောက်နေသလိုပဲ။ မြင်မြင်သမျှလှနေကြတာ။ ပွဲတော်မှာ တစ်နေကုန် အကအလှတွေနဲ့ ဖျော်ဖြေတော့ ပွဲတော်လာတဲ့ ပရိသတ်တွေလည်း ဝင်လာမစဲ တသဲသဲရယ်ပေါ့။ ဘူတန်သွားမယ်ဆိုရင် ပွဲတော်ရက်နဲ့ တိုက်သွားဖို့ အကြံပေးချင်ပါတယ်။ တကယ့်ကို ဆန်းသစ်တဲ့ အတွေ့အကြုံကို ခံစားရမှာပါ။

cof

ပူနားခါး
————————–

ပူနားခါးမြို့ကတော့ ၁၉၅၅ခုနှစ်အထိ မြို့တော်ဖြစ်ခဲ့တဲ့ မြို့လေးဖြစ်ပြီး အခုချိန်မှာတော့ ဆောင်းရာသီမြို့တော်လို့ တင်စားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆောင်းရာသီတခြားနေရာမှာအေးနေတဲ့အခါ ဒီမှာနွေးနေတတ်တာကြောင့်ပါ။


ဖိုချူးနဲ့ မိုချူး အဖေမြစ်နဲ့ အမေမြစ်ဆုံရာ နေရာမှာ ရှိတဲ့ ပူနားခါးက ဂျုံ (Dzhong)လို့ခေါ်တဲ့ ကျက်သရေဆောင်ဗိမာန်တော်ကြီးကတော့ လှလွန်းလို့ ပို့စကတ်တွေမှာ ခဏခဏမြင်ရတဲ့ အဆောက်အအုံပါ။ ဘုရင်မင်းဆက် အဆက်ဆက်က Cronation နန်းတက်ပွဲ၊ လက်ထပ်ထိမ်းမြားပွဲတွေကျင်းပရာနေရာဖြစ်သလို သာသနာ့ နာယကကျောင်းထိုင်ရာ ကျောင်းလည်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဆောက်အအုံ၊ ခံတပ်၊ နန်းတော်အနေနဲ့ အသုံးပြုခဲ့ကြတဲ့နေရာပါ။ သူတို့လူမျိုးတွေအနေနဲ့ ဂျုံထဲဝင်ရောက်တဲ့အခါ အရိုအသေပေးတဲ့အနေနဲ့ ရိုးရာဝတ်စုံပေါ် အဖြူရောင်ပုဝါကိုပတ်ပြီးဝင်ကြတာကိုတွေ့ခဲ့ရပါတယ်။

LRM_EXPORT_22637160126752_20180919_193348843.jpeg

သားဆုပန်နတ်ကွန်း
————————–

ပူနားခါးမြို့နားမှာ သားသမီးရအောင် ဆုပန်တဲ့ နတ်ကွန်းတစ်ခုရှိတယ်။ အဲ့နတ်ကွန်းရှိတဲ့ ရွာလေးကလည်း အရမ်းထူးဆန်းတာပဲ။ ရိုးရာအိမ်တွေရဲ့ နံရံတွေမှာ အမျိုးသားလိင်အင်္ဂါပုံကို ကာတွန်းပုံ၊ ပန်းချီပုံ အရောင်စုံဆွဲပြီး အလှဆင်ထားကြတာ။ သားသမီးရဖို့ အဆောင်အယောင်လို့ သဘောထားပြီး အလှဆင်ထားတာတဲ့။ ပုံတူရုပ်တု လေးတွေတောင် Size စုံ၊ အရောင်စုံ ရောင်းလို့ အမှတ်တရ ဝယ်သွားလို့ရတယ်နော့။

rhdr

rhdrFB_IMG_1545901254672

LRM_EXPORT_41229950990582_20180920_141928817.jpeg

Dochular Pass
————————–

ပါရိုကနေ ပူနားခါး အသွားလမ်းမှာရှိတဲ့ တောင်ပေါ်မှာတည်ထားတဲ့ ဘူတန်ရိုးရာ လေးထောင့် စေတီ ၁၀၈ဆူပါ။ တတိယဘုရင်က ဆေးလိပ်အရမ်းသောက်လို့ အဆုတ်ကင်ဆာရောဂါဝေဒနာခံစားရတဲ့အခါမှာ ဘုရင်ကြီးကျန်းမာရေးအတွက်ရည်စူးပြီး စေတီတွေတည်ထားခဲ့ကြတာပါ။ ဘုရင်ကြီးဆုံးပြီးနောက် သားတော် စတုတ္ထဘုရင်လက်ထက်မှာ ဆေးလိပ်ကို စိတ်နာလို့ ဆေးလိပ်နဲ့ ပတ်သက်ပြီး ပိတ်ပင်တားမြစ်ခဲ့ကြတယ်တဲ့လေ။ ဒီတောင်ပေါ်ဘုရားနားက စားသောက်ဆိုင်က ရှုခင်းတွေလှသလို စားလို့လည်း သိပ်ကောင်းပါတယ်။ ရာသီဥတုသာယာတဲ့အခါ ဒီတောင်ပေါ်ကနေ ဘူတန်ရဲ့ အမြင့်ဆုံးတောင်ထိပ်အပါအဝင် နှင်းတွေဖုံးနေတဲ့ တခြားတောင်ထိပ်တွေကိုပါ လှမ်းမြင်ရပါတယ်။

LRM_EXPORT_142949252074018_20180922_062544738.jpeg

ဒါကတော့ စက်တင်ဘာလတုန်းက သွားရောက်ခဲ့တဲ့ ဘူတန်ခရီးစဉ်မှာတွေ့ခဲ့ ကြုံခဲ့ရတာလေးတွေရယ်၊ စိတ်ဝင်စားဖို့ကောင်းတာလေးတွေရယ်ကို ပြန်ပြောပြထားတာပါ။ ပုံလေးတွေမှာလည်း ရှင်းပြထားလို့ ဝင်ကြည့်ကြပါနော်။ နုမြတ်တို့ မိသားစုကတော့ ဒီတစ်ခေါက်ဘူတန်ခရီးကို ဘူတန်ခရီးစဉ်တွေ စီစဉ်လေ့ရှိတဲ့ Mighty Days နဲ့သွားခဲ့တာပါ။ နောက်ထပ်လည်း ခရီးစဉ်တွေ ထွက်ဖို့ရှိတော့ စိတ်ဝင်စားရင် Mighty Days မှာ စုံစမ်းနိုင်ပါတယ်နော်။

သီတင်းကျွတ်အခါသမယမှာ ပျော်ရွှင်ကြည်နူးချမ်းမြေ့ကြပါစေ
ချစ်ခင်လျှက်
မနုမြတ်
Nu Myat around the World

LRM_EXPORT_153419686415129_20180929_171915832

အိုက်စလန်မှာ ဥတ္တရအလင်းတန်း ရှာပုံတော် ဖွင့်ခဲ့တုန်းက… (Northern Light Hunt in Iceland)

Iceland မှာ

ဥတ္တရအလင်းတန်း ရှာပုံတော် ဖွင့်ခဲ့တုန်းက…

ဥတ္တရအလင်းတန်းလို့ခေါ်တဲ့ Northern Light ကိုမြင်ရဖို့ဆိုတာ Traveller အတော်များများရဲ့ အိပ်မက်ပါ… ခရီးသွားအများစုရဲ့ Bucket List ထဲမှာ ပါလေ့ရှိကြပါတယ်။
Northern Light မြင်ရဖို့ဆိုတာ အင်မတန်ကံကောင်းမှ ဖြစ်မှာပါ။ Northern Light ပေါ်တဲ့ နိုင်ငံနဲ့ နေရာ ဖြစ်ရမယ့်အပြင် မြင်ရတဲ့ ရာသီလည်းဖြစ်ရပါမယ်။ ဒါတောင်သူက ပေါ်ချင်မှပေါ်ဦးမှာပါ။ တိမ်ကင်းစင်ပြီး သံလိုက်လှိုင်းတွေလည်း အားကောင်းနေရပါဦးမယ်။ အဲ့လိုအားကောင်းဖို့ကလည်း အတော်ရှားပါတယ်။ ဆိုတော့ကာ အင်မတန် ကံကောင်းမှ မြင်ရနိုင်တဲ့အရာပါ။

2019_10_25_08_19_IMG_4572.JPG

နုမြတ်ကတော့ အရင်လက Iceland ရောက်တုန်းက ကံကောင်းထောက်မစွာနဲ့ မြင်ရခဲတဲ့ ဒီ Northern Light ကြီးကို အားရပါးရတွေ့ခဲ့ရပါတယ်။ Iceland ရောက်နေတဲ့ ငါးရက်တာကာလအတွင်း ၃-၄ရက်လောက်မှာကို ပေါ်နေတာပါ။ နောက်ဆုံးရက်မှာဆိုရင် မိုးတောင်မချုပ်သေးဘူး Northern Light ကို မှောင်စပျိုးနေတဲ့ ကောင်းကင်ပြာပြာပေါ်မှာ ကားစီးနေရင်းနဲ့ လှမ်းမြင်ရတဲ့အထိ ကံကောင်းခဲ့ပါတယ်။

2019_10_27_08_03_IMG_4580.jpg

နုမြတ် Iceland ကိုသွားခဲ့တာ ထူးခြားတဲ့ မြေမျက်နှာသွင်ပြင်တွေကြောင့်ဖြစ်သလို Northern Light မြင်ဖူးချင်တာကြောင့်လည်း ပါပါတယ်။ Iceland ဘယ်လောက်ဈေးကြီးကြီး နုမြတ်တော့ Northern Light ကို မြင်လိုက်ရတာနဲ့ Iceland လာရကျိုးနပ်သွားပါပြီ 😍

 

Northern Light ဆိုတာ 

————————————–

Northern Light ဆိုတာဟာ ညဉ့်ကောင်းကင်ယံမှာ ဖြာထွက်တောက်ပနေတတ်တဲ့ ရောင်စုံ အလင်းတန်းတွေပါပဲ။ Northern Lights ကို Aurora Borealis လို့လည်း ခေါ်ကြပါသေးတယ်။ အတိုကောက်ကတော့ Aurora ပေါ့နော်။
Northern Lights တွေဟာ ကမ္ဘာမြေမြင် အထက် မိုင် ၆၀ နဲ့ ၁၅၀ လောက်မှာ ဖြစ်ပေါ်လေ့ရှိကြပါတယ်။ Nothern Light က ပေါ်ဖို့ခက်သလို ပေါ်ပြီဆိုရင်လည်း အမြဲပေါ်နေတာမျိုးလည်းမဟုတ်ပါဘူး။ တစ်ခါပေါ် အကြာဆုံးနာရီဝက်လောက်ပါ။ ပေါ်တဲ့အခါမှာလည်း ကောင်းကင်ထဲမှာ ကနေသလို၊ လွင့်နေသလို ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာပါ။ သဘာဝတရားကြီးက ဆန်းကြယ်သားနော်။ မှော်ပညာနဲ့ ဖန်တီးထားသလားတောင် ထင်မှတ်မှားရလောက်ပါပေတယ်။

ဘာအရောင်တွေရှိလဲ 

——————————-

Northern Light ကို အဓိကအားဖြင့် အစိမ်းရောင်အနေနဲ့မြင်ရပေမဲ့ တစ်ခါတလေ အစိမ်းရောင်နဲ့အတူ အနီလေးတွေ ခရမ်းလေးတွေပါ ပေါ်တတ်တယ်တဲ့။ အပြာရောင်လေးတွေလည်း ရှားရှားပါးပါး ပါလာတတ်သေးတဲ့။ ကိုယ်တွေတွေ့ခဲ့တာကတော့ အစိမ်းရောင်ပါ။

Colorful Aurora over Jokulsarlon
Colorful Aurora over Jokulsarlon Photo – Credit

ဘယ်လိုဖြစ်ပေါ်လာတာလဲ 
——————————–

Aurora (သို့) Northern Lights တွေက တကယ်တော့ လျှပ်စစ်သံလိုက်လှိုင်းတွေပါ။ Solar Wind ဖြစ်စဉ်ကြောင့် နေမှာရှိတဲ့ လျှပ်စစ်ဓာတ်ဆောင်အမှုန်လေးတွေက ကမ္ဘာ့လေထုထဲကို ရောက်ရှိလာပြီး လေထုထဲက ဓာတ်ငွေ့အမှုန်တွေနဲ့ ပွတ်တိုက်တာကြောင့် လျှပ်စစ်သံလိုက်လှိုင်းတွေ ဖြစ်ပေါ်လာတာပါ။

Solar Wind ဖြစ်စဉ်ကတော့ ဒီလိုပါ။ နေရဲ့ မျက်နှာပြင် အပူချိန်က ၅၈၀၀ ကယ်ဗင်ထိ ပူပြင်းပါတယ်။ နေကအရမ်းပူပြင်းသလို နေမှာရှိတဲ့ ဓာတ်ငွေ့မော်လီကျူးတွေဟာ အချင်းချင်း အကြိမ်များစွာပွတ်တိုက်ပြီး ပြင်းပြင်းထန်ထန် ပေါက်ကွဲတတ်ကြပါတယ်။ အဲ့လိုပေါက်ကွဲမှုဖြစ်တဲ့အခါ အီလက်ထရွန်နဲ့ ပရိုတွန်အမှုန်တွေဟာ နေကနေလွတ်ထွက်ကာ အာကာသကို လွင့်စင်သွားကြပါတယ်။ အဲ့ဒီအခါမှာ ကမ္ဘာလေထုထဲကိုပါ ဒီအမှုန်တွေ ရောက်ရှိလာကြပါတယ်။
ဒါပေမဲ့ ကမ္ဘာ့သံလိုက်စက်ကွင်းကလည်း အားပြင်းတော့ ဒီအမှုန်တွေက ကမ္ဘာမြေပေါ် တိုက်ရိုက်မကျရောက်နိုင်ဘဲ သံလိုက်စက်ကွင်း အားအပျော့ဆုံးဖြစ်တဲ့ ဝင်ရိုးစွန်းဒေသတွေဆီ လမ်းကြောင်းသွေဖယ်သွားကြပါတယ်။ ဝင်ရိုးစွန်းဒေသတွေဆီ ရောက်ရှိတဲ့အခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဓာတ်ငွေ့အမှုန်တွေနဲ့ နေကနေ လွင့်စင်လာတဲ့ လျှပ်စစ်ဓာတ်ဆောင် အမှုန်တွေ ပွတ်တိုက်ကြပြီး လျှပ်စစ်သံလိုက်လှိုင်းတွေဖြစ်ပေါ်ကာ ဥတ္တရအလင်းတန်းအဖြစ် မြင်တွေ့ရတာပါ။

2019_10_25_01_31_IMG_2653.JPG

Northern Light မြင်ရတဲ့နေရာတွေ ‼️
——————————————

Northern Lights ကို ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေဖြစ်တဲ့ ကမ္ဘာ့မြောက်ဖက်စွန်းပိုင်းနဲ့ ကမ္ဘာ့တောင်ဖက်စွန်းပိုင်းတွေမှာသာ တွေ့ရတာပါ။ အဓိကမြင်တွေ့နိုင်တဲ့နေရာတွေကတော့ Alaska နဲ့ ကနေဒါနိုင်ငံပါ။ ဥရောပနိုင်ငံတွေထဲမှာဆိုရင်တော့ နုမြတ်ရောက်ခဲ့တဲ့ Iceland အပြင် Greenland နဲ့စကင်ဒီနေးဗီးယားနိုင်ငံတွေဖြစ်တဲ့ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နဲ့ ဒိန်းမတ်တို့မှာ တွေ့ရမှာပါ။ ရုရှားနိုင်ငံမြောက်ပိုင်းတွေမှာလည်း တွေ့နိုင်ပါတယ်။ အဲဒီထဲကမှ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာက နော်ဝေနိုင်ငံထဲက Lofoten ကျွန်းစုတဲ့လေ။ ဘာကြောင့်လဲဆိုတော့ Lofoten ကျွန်းကဆောင်းရာသီတွေမှာ တအားမအေးလို့ပါ။ ကိုယ်တွေ သွားခဲ့တဲ့ Iceland ကတော့ ကျွန်းနိုင်ငံမို့လို့လေတအားကြမ်းပါတယ်။ အေးရတဲ့ကြားထဲ လေကလည်း တအားတိုက်တော့ အေးအေးဆေးဆေးကြည့်လို့ မရတဲ့အတွက် Northern Light ကို အဓိကထားကြည့်ချင်တယ်ဆိုရင် Iceland ကို Recommend မပေးချင်ပါဘူး။

NORWAY-NATURE-ARCTIC-AURORA-BOREALIS
Northern lights (aurora borealis) illuminate the sky over Reinfjorden in Reine, on Lofoten Islands, Arctic Circle, on September 8, 2017. / AFP PHOTO / Jonathan NACKSTRAND (Photo credit should read JONATHAN NACKSTRAND/AFP/Getty Images)

ဘယ်အချိန်မှာ အမြင်ရဆုံးလဲ 
——————————————

Northern Light ကို မြင်ရဖို့ဆိုတာ မြောက်ပိုင်းနိုင်ငံတွေဖြစ်ဖို့လိုသလို ဆောင်းတွင်းဖြစ်ဖို့လည်း လိုပါသေးတယ်။ ဆောင်းတွင်းကာလတွေဖြစ်တဲ့ အောက်တိုဘာလကနေ မတ်လအထိက Northern Light ရာသီပါ။ ဆောင်းတွင်းညတွေမှာ ညမှောင်တာနဲ့ မြင်ရနိုင်ပေမဲ့ ည၁၀နာရီနဲ့ မနက်၁နာရီကြားကတော့ ဓာတ်ပုံရိုက်လို့အကောင်းဆုံးပါ။ ဒါပေမဲ့ ညတိုင်းလည်း မမြင်နိုင်ပါဘူး။ တိမ်ကင်းစင်တဲ့ညဖြစ်ဖို့လိုသလို အလင်းတန်းတွေ ကွန့်မြူးအားကောင်းနေမှသာ ကောင်းကောင်းမြင်ရမှာပါ။

shutterstock_536321737-by-thampitakkull-jakkree
Aurora Dancing over Iceland landmark Kirkjufell mountain Photo Credit – hampitakkull-jakkree

ပေါ်မပေါ် ကြိုသိနိုင်လား
——————————-

Northern Light ကို ၃ရက်ပဲ ကြိုပြီးခန့်မှန်းလို့ရတာပါ။ ဘယ်နေရာတွေမှာ ပြင်းအားဘယ်လောက်ပေါ်မလဲဆိုတာကို ခန့်မှန်းလို့ရတဲ့ Website တွေ App တွေရှိပါတယ်။ Aurora လို့ခေါ်တဲ့ App လေးကို ဖုန်းထဲသွင်းထားလိုက်ပါ။ သံလိုက်လှိုင်းအား အပြင်းအပျော့ပေါ်မူတည်ပြီး Level 1 to 7 အထိရှိပါတယ်။ Level 7 ဆို လျှပ်စစ် သံလိုက်လှိုင်းတွေ အားအပြင်းဆုံးပေါ့။ ကိုယ်တွေကြည့်တဲ့ညက Level 5 ဆိုတော့ အတော်ကို ကံကောင်းပါတယ်။ ပုံမှန်က Level 1-2 လောက်ပဲမြင်ရတာတဲ့။ 6-7 ကမရှိသလောက်ပဲတဲ့။ 5 ဆိုတာတော်တော်ကောင်းနေပြီတဲ့လေ။ တကယ်လည်း ကောင်းကင်ကြီးတစ်ခုလုံး စိမ်းနေတာ ပုံထဲမှာသာကြည့်ကြည့်ပါတော့။ ဒါတောင်ရိုက်ခါနီး ကင်မရာအဆင်မပြေလို့ ဖုန်းကို လက်နဲ့ကိုင်ရိုက်ထားတာပါ။ ကင်မရာနဲ့ Tripod နဲ့ဆို ပိုတောင်ကောင်းပါဦးမယ်။

2019_10_25_14_27_IMG_2690.JPG

Northern Light ရှာပုံတော် Tour တွေ
—————————————–

Iceland မှာက Northern Light Hunting လို့ခေါ်တဲ့ ဥတ္တရအလင်းတန်း ရှာပုံတော် Tour တွေ ညဘက်မှာ ထွက်လေ့ရှိပါတယ်။ Northern Light ထွက်မထွက်က အစောကြီး ကြိုမသိနိုင်တော့ Tour ကို အစောကြီးကြိုမဝယ်ရဲပါဘူး။ ရောက်တဲ့အခါမှ Northern Light ခန့်မှန်းတဲ့ Website တွေကြည့်ပြီး အားအပြင်းဆုံးရက်ကို ရွေးပြီး Tour ဝယ်ခဲ့ပါတယ်။
Northern Light ကြည့်တဲ့ Northern Light Hunting Tour တွေကလည်း Company အမျိုးမျိုး ဈေးအမျိုးမျိုးရှိပါတယ်။ $50 ကနေ $100 ကျော်ထိ အစားစားရှိပါတယ်။ တချို့ Tour တွေဆို Northern Light နဲ့ နောက်ခံထားပြီး ဓာတ်ပုံပါရိုက်ပေးတဲ့ Service တောင် ပါပါတယ်။ Northern Light က မီးအလင်းရောင်တွေ မရှိ မဲမှောင်နေတဲ့ ကွင်းပြင်ထဲသွားပြီး ကြည့်ရတာဆိုတော့ နုမြတ်တို့တည်းတဲ့ မြို့တော် Reykjavik ကနေ မြို့ပြင်ကို နာရီဝက်တစ်နာရီလောက်မောင်းသွားရပါတယ်။ အဲ့ဒီတော့ Tour တွေက ည၈နာရီ-၉နာရီလောက်မှာ စထွက်တတ်ပြီး စုစုပေါင်း ၃-၄နာရီလောက်ကြာတတ်ပါတယ်။

ကိုယ်တွေ့အတွေ့အကြုံ
—————————

နုမြတ်တို့က တည်းတဲ့ ဟိုတယ်ကနေ ရောင်းတဲ့ Tour ကို Booking တင်ခဲ့ပါတယ်။ Tour အရ ည ၈နာရီ ဟိုတယ်ကို လာခေါ်ရမှာပါ။ ဒါပေမဲ့ ရာသီဥတုအကြောင်းပြပြီး Tour cancel ဖြစ်ကာ မထွက်ဖြစ်ကြောင်းကို ညနေလောက်မှာမှ Email လှမ်းပို့ပါတယ်။ အဲ့နေ့ကတစ်နေကုန် လျှောက်လည်နေတော့ ဖေဖေက Email ဝင်တာကို မသိလိုက်ပါဘူး။ ညဘက်လာကြိုခါနီးမှတွေ့လိုက်ပြီး အားလုံးစိတ်ပူသွားကြပါတယ်။ Website တွေ App တွေမှာတော့ ဒီညမှာ Northern Light ပေါ်မယ့်အပြင် အားတောင်မှ ကောင်းနေတာဆိုတော့ ကိုယ်တွေလည်း ဇဝေဇဝါဖြစ်သွားတာပေါ့။ ဟိုတယ်က ဝန်ထမ်းတွေကို မေးကြည့်တော့လည်း ရာသီဥတုကောင်းနေတာကို ဘာလို့ Tour Cancel လဲမသိ ထူးဆန်းတယ်ဆိုပြီး ပြောပါတယ်။

ဟိုတယ်က တခြားဧည့်သည်တွေကို တခြား Tour car တွေကလည်း တစ်စီးပြီးတစ်စီးလာခေါ်နေပါပြီ။ ကိုယ်တွေသာ ဘာလုပ်ရမှန်းမသိ ခေါင်းမီးတောက်နေရော။ Hotel မှာ ဧည့်သည်လာခေါ်တဲ့ Tour တွေကို ခုမှဝယ်ပြီးလိုက်မယ် လုပ်ပြန်တော့လည်း နေရာပြည့်နေလို့ လက်မခံကြပါဘူး။ Online မှာကလည်း အချိန်နောက်ကျနေလို့ Tour တွေဝယ်လို့မရတော့ပါဘူး။ Taxi ကို မေးကြည့်တော့လည်း စီးလုံးငှားတဲ့ဈေးကများပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတုန်း ကံတရားက ကိုယ့်ဘက်ပါပြီး ည၉နာရီထွက်တဲ့ Tour တစ်ခုမှာ နေရာရှိနေပါတယ်။ ဟိုတယ်ကိုလာခေါ်တဲ့ Tour Car တစ်ခုမှာပေါ့။ အဲဒါနဲ့ ကိုယ်တွေလည်း ဝမ်းသာအားရ လိုက်သွားခဲ့ကြပါတယ်။

2019_10_25_14_27_IMG_2691

ကားကမြို့ပြင်နည်းနည်းထွက်လိုက်တာနဲ့ ကားပေါ်ကနေ Northern Light တွေကို စမြင်နေရပါပြီ။ ကားဆရာက လမ်းကြားတစ်ခုထဲချိုးပြီး အလင်းရောင် ပိုပြီးမြင်ရမယ့် လူလည်းရှင်းမယ့် ကွင်းပြင်တစ်ခုစီ မောင်းခေါ်သွားပါတယ်။

ကားပေါ်ကဆင်းလည်း ဆင်းရော အားလားလား လေတွေလေတွေ တိုက်တယ်ဆိုတာ လူတောင်လွင့်ထွက်မတတ်ပါပဲ။ Iceland ကလေပြင်းရတဲ့အထဲ ကွင်းပြင်ကြီးထဲဆိုတော့ လေတအားထန်နေတာပေါ့။ ဒီရက်ပိုင်းကလည်း လေထန်တဲ့ရက်ဖြစ်နေတော့ အရမ်းဆိုးပေါ့။ တစ်နာရီမိုင်၇၀ ကျော်နှုန်း အရှိန်ပြင်းပြင်းနဲ့တိုက်နေတာပါ။ လေထန်ရတဲ့အထဲ ရာသီဥတုကလည်း တအားအေးတာပဲ။ အပူချိန်က အနှုတ်ပြနေတော့ ရာသီဥတု တအားဆိုးပါတယ်။ မှောင်မှောင်မဲမဲထဲ လေအေးကြီးတွေ ဖြတ်ဖြတ်တိုက်တာဆိုတော့ စဉ်းစားသာကြည့်ပါတော့။

ဒါပေမဲ့လည်းလေ ကောင်းကင်ကြီးတစ်ခုလုံးအပြည့် ဥတ္တရအလင်းတန်းတွေ ကွန့်မြူးနေတော့ ရာသီဥတုဆိုးတာလည်း ဂရုမစိုက်နိုင်ပါဘူး။ မြင်ရခဲတဲ့၊ ထူးဆန်းတဲ့ သဘာဝတရားကြီးကို တအံ့တအော ငေးကြည့်မိတာပါပဲ။ အမယ် ဥတ္တရအလင်တန်းလေးတွေက ငြိမ်ငြိမ်မနေဘူးတော့။ ပေါ်လိုက်ပျောက်လိုက်နဲ့ ကပြဖျော်ဖြေနေသလိုလို…

တကယ်တော့ Northern Light က ဓာတ်ပုံတွေထဲမှာ မြင်ရသလို အစိမ်းတောက်တောက်မဟုတ်ပါဘူး။ အစိမ်းနုနုဖျော့ဖျော့လေးတွေ ကောင်းကင်မှာ ပေါ်နေတာပါ။ တိမ်လွှာလေးတွေမှာ အစိမ်းနုလေး သန်းနေသလိုလေးပေါ့။ အစိမ်းဖန့်ဖန့်လေးတွေက ကင်မရာထဲရောက်သွားတဲ့အခါ အစိမ်းရင့်ရင့်တောက်တောက်လေးတွေဖြစ်သွားပြီး သိပ်လှတဲ့ ပုံရိပ်တွေ ဖြစ်ပေါ်လာတာပါ။

 

အထင်နဲ့အမြင်
—————–

အရင်ကတွေးထားတာတော့ Northern Light သွားကြည့်တဲ့အခါ ဖြူဖြူဖွေးတဲ့နှင်းတောထဲ ချောကလက်ခွက်ပူပူလေးကိုင်ပြီး ကောင်းကင်မှာကနေတဲ့ ဥတ္တရအလင်းတန်းလေးကို အေးအေးဆေးဆေး ငေးကြည့်မယ်ပေါ့။ တကယ့်လက်တွေ့မှာတော့ ကမ္ဘာပျက်နေတဲ့ အတိုင်းပါပဲ။

Northern Light က ပေါ်တာရှားသလို ပေါ်ရင်လည်း အမြဲပေါ်နေတာမဟုတ်တော့ ပေါ်တုန်းလေးကို ဓာတ်ပုံတွေ အသည်းအသန် လုရိုက်ကြရတာပါ။ ညကြီးသန်းခေါင် မှောင်မဲသဲနေတဲ့ နေရာမှာ ကင်မရာတွေ Tripod တွေထောင်ရ Setting ချိန်ရတာလည်း ထင်သလောက်မလွယ်ပါဘူး။ ရိုက်နေကြမှ အဆင်ပြေမှာပါ။ ကိုယ်တော့ စိတ်မရှည်လို့ ဖုန်းနဲ့ရိုက်ကြည့်တာ အဆင်ပြေနေလို့ ဖုန်းပဲရိုက်လိုက်ပါတော့တယ်။ Night Mode ရိုက်လို့ရတဲ့ ကင်မရာကောင်းတဲ့ဖုန်းဖြစ်ဖိုကတော့ လိုပါလိမ့်မယ်။

အပူချိန်ကလည်း အနှုတ်ပြနေတော့ အေးလွန်းလို့ လက်အိတ်ချွတ်လိုက်ရင် လက်တွေကျင်တက်၊ နားတွေပါကိုက်၊ နှာရည်တွေပါကျပါတယ်။ လေကလည်း တစ်နာရီမိုင်၇၀ ကျော်နှုန်း အရှိန်ပြင်းပြင်းနဲ့တိုက်နေပါသေးတယ်။ အရှိန်ပြင်းလွန်းလို့ ကိုယ်လို ကိုယ်လုံးထွားတဲ့လူပါ လွင့်လွင့်ထွက်နေတာပါ။ ဖုန်းကိုဆို မနည်းငြိမ်အောင်ကိုင်ရပါတယ်။ အခုလိုပုံတွေကို Tripod မပါဘဲ ဖုန်းနဲ့ရိုက်ဖို့ဆိုတာတော်တော့်ကိုမလွယ်တာပါ။ ဒါပေမဲ့ ပုံလေးတွေ မဆိုးလို့တော်ပါသေးတယ်။

2019_10_25_13_11_IMG_2696.JPG

Northern Light ဓာတ်ပုံရိုက်နည်း
——————————————

Northern Light ဓာတ်ပုံရကောင်းကောင်းလိုချင်တယ်ဆိုရင်တော့ ရိုးရိုးကင်မရာနဲ့ ရိုက်လို့မရပါဘူး။ DSLR တို့ Mirrorless Camera တို့လို Setting ပြောင်းလို့ရတဲ့ ကင်မရာနဲ့မှ ရမှာပါ။ Wide lens နဲ့ဆိုပိုကောင်းပါတယ်။ Tripod လည်းလိုပါမယ်။ ဘက်ထရီအပိုလည်း လိုလိုမယ်မယ်ဆောင်ထားပါ။ အမှောင်ထဲ ခြေမချော်အောင်နဲ့ လူကိုပါရိုက်ရင် အလင်းရောင်ရအောင် ဓာတ်မီးလည်းလိုပါမယ်။ Headlight ဆို လက်မှာကိုင်စရာ မလိုတော့ပါဘူး။

ရိုက်ရမယ့် ကင်မရာ Setting ကတော့…
ISO – 800-1600
Aperture – 3.5 နဲ့ အောက်
Exposure 10-20 စက္ကန့်နဲ့
Focus က Manual ပါ။
Timer ပေးပြီးရိုက်ရင် Handshake မဖြစ်တော့ပါဘူး။

အဲ့လို ကင်မရာတွေမဟုတ်ဘဲ နောက်ဆုံးပေါ်ဖုန်းတွေနဲ့ဆိုလည်း ကောင်းကောင်းရိုက်လို့ရပါပြီ။ ဒါပေမဲ့ Night Mode နဲ့တော့ ရိုက်ရမှာပါ။ Exposure ကြာကြာချိန်နိုင်တဲ့ Manual setting နဲ့ ရိုက်နိုင်တဲ့ ဖုန်းတွေဆိုလည်း ဖုန်းနဲ့တင် အဆင်ပြေနေပါပြီ။ နုမြတ်ပုံတွေဆိုရင် Iph 11 Max Pro ရယ်၊ Galaxy Note 10 ရယ်နဲ့ ရိုက်ထားတာပါ။ Tripod တောင်မပါပါဘူး။ လက်နဲ့ကိုင်ရိုက်ထားတာပါ။

Aurora Show in Perlan Museum
Aurora Show in Perlan Museum Photo – Perlan Museum

******
Tips
******

Northern Light ကြည့်မယ့်သူတွေ ဒီအချက်လေးတွေ သတိထားပါနော်။
☑️အနွေးထည်ထူထူလိုပါမယ်။ နုမြတ်ကတော့ Uni Qlo က Heattech အင်္ကျ ီနှစ်ထပ်ပေါ် လေကာအင်္ကျ ီ ထပ်ဝတ်ထားပြီး ဘောင်းဘီကိုလည်း ဂျင်းဘောင်းဘီအောက် Heattech Stocking ခံဝတ်ထားပါတယ်။ နားလုံတဲ့ သိုးမွှေးဦးထုပ်နဲ့ လက်အိတ်ထူထူလည်း လိုပါလိမ့်မယ်။ နားမလုံရင် နားထဲလေတိုးလို့ balance တောင်မမှန်တဲ့ အထိဖြစ်တတ်ပါတယ်နော်။

☑️နုမြတ်တို့ သွားခဲ့တဲ့ကားက ၁၂ယောက်လောက်ဆန့်တဲ့ ကားပါ။ လူအများကြီးပါတဲ့ ဘတ်စ်ကားတွေလည်း တခြား Tour တွေကနေ ထွက်ပါတယ်။ ကားသေးလေ ဈေးပိုကြီးလေပါ။ ဘာလို့လည်းဆိုတော့ ကားသေးတွေက ကားကြီးတွေက ဝင်မရတဲ့ လမ်းကိုဝင်နိုင်လို့ Northern Light ရှာပုံတော် ဖွင့်ရာမှာ ပိုအဆင်ပြေပါတယ်။ ကားကြီးတွေက လမ်းမကြီးဘေးမှာပဲ ကပ်ရပ်ကြရတာဆိုတော့ ကားတွေဖြတ်သွားတဲ့အခါ ဓာတ်ပုံရိုက်ရတာ သိပ်မကောင်းပါဘူး။

☑️Northern Light အလှကို အပြင်မှာကိုယ်တိုင်ကိုယ်ကျခံစားသလို သူများရိုက်ထားပြီးသားအသင့်ကို အရုပ်ရောအသံနဲ့ပါခံစားကြည့်လိုက်ပါ။ Reykjavik မြို့ထဲက Perlan ပြတိုက်မှာ Aurora Show ရှိပါတယ်။ အမိုးခုံးခန်းမကြီးမှာ အမိုးအပြည့် Screen ကြီးထဲ Iceland နိုင်ငံအနှံ့ရိုက်ထားတဲ့ Northern Light Video ကို ကြည့်ရတာ တကယ်ပျော်ဖို့ကောင်းပါတယ်။ သီချင်းတွေရော ရိုက်ချက်တွေရော ကောင်းလွန်းလို့ အပြင်မှာ ကိုယ်တိုင်ကြည့်နေရသလို ခံစားရပါတယ်။ Northern Light ဖြစ်ပေါ်လာပုံတွေရော ဒဏာရီပုံပြင်တွေပါ ရှင်းပြထားတာ တစ်ချက်မှ မပျင်းရပါဘူး။ အဲ့ Show ကို သွားကြည့်ဖို့တော့ Recommend ပေးပါတယ်။

☑️ မြို့ထဲမှာ Aurora Reykjavikဆိုတဲ့ ပြတိုက်လည်းရှိပါသေးတယ်။ အဲ့ကိုတော့ မရောက်ခဲ့ရလို့ သေချာမသိပါဘူး။ စိတ်ဝင်စားရင် သွားကြည့်လို့လည်း ရပါတယ်နော်။

2019_10_25_06_52_IMG_4570.jpg

ဒါကတော့ ဥတ္တရအလင်းတန်းလို့ခေါ်တဲ့ Northern Light (Aurora) အကြောင်းနဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ တကယ်သွားကြည့်မယ့်သူတွေအတွက် လိုအပ်မယ့် အချက်အလက်တွေကို သိသလောက် ပြောပြထားတာပါ။ ဗဟုသုတ တစ်ခုခုရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။
Northern Light အလှကို အားလုံးမြင်ရအောင် အင်တာနက်က ပုံလေးတွေကိုပါ ရှာထည့်ပေးလိုက်ပါတယ်နော်။

ကြိုက်ရင် Like နဲ့ Share လုပ်ပေးပါဦးနော်။ နောက်ထပ်လည်း စိတ်ဝင်စားစရာနေရာတွေ အကြောင်းအရာတွေ တင်ဆက်ပေးသွားဦးမှာပါ…

ချစ်ခင်လျှက်
Dr.Nu Myat

ကမ္ဘာ့ဒုတိယ အကြီးဆုံးနိုင်ငံ ကနေဒါ (Canada, World 2nd Largest Country)

ကမ္ဘာ့ဒုတိယ အကြီးဆုံးနိုင်ငံ
ကနေဒါ 🇨🇦🌎🏔

2018_04_18_20_36_IMG_5991.JPG

ကနေဒါနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သလို အချိန် ၆မျိုးရှိတဲ့နိုင်ငံ၊ ကမ္ဘာ့စံချိန်တင်တဲ့နိုင်ငံ၊ စိမ်းပြာရောင် ရေကန်ကြီးတွေအပါအဝင် ရေကန်ပေါင်း၂သန်းရှိတဲ့နိုင်ငံ၊ဧရာမဥယျာဉ်ကြီးတွေရှိတဲ့နိုင်ငံ၊ လေထုသန့်ရှင်းတဲ့နိုင်ငံ၊ ရောကီးတောင်တန်းတွေရှိတဲ့နိုင်ငံ၊ Maple ပင်တွေ အများကြီးရှိတဲ့ နိုင်ငံ တစ်ခုလည်းပဲဖြစ်ပါတယ်။ နုမြတ်တို့ ကနေဒါကို ဒီ ဧပြီတုန်းက၂ပတ်တာ သွားရောက်လည်ပတ်ဖြစ်ခဲ့ပြီး ကနေဒါက ထင်ထားတာထက်ပိုလှ ပိုစိတ်ဝင်စားစရာကောင်းတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကနေဒါက ဘယ်လိုတွေ ထူးခြားမှုရှိနေလဲဆိုတာ ဖတ်ကြည့်ကြပါနော်။

2018_04_17_11_28_IMG_5468.JPG

🌎ဒုတိယအကြီးဆုံးနိုင်ငံ

ကနေဒါနိုင်ငံဟာ ရုရှားနိုင်ငံပြီးရင် ကမ္ဘာပေါ်မှာအကြီးဆုံးနိုင်ငံကြီးပါ။ တတိယအကြီးဆုံးနိုင်ငံကတော့ တရုတ်နိုင်ငံပါ။ ကနေဒါနိုင်ငံကြီးက ဘယ်လောက်တောင်ကျယ်လဲဆိုရင် စတုရန်းကီလိုမီတာပေါင်း ၉.၉၈သန်း (စတုရန်းမိုင်၃.၈၅သန်း) နီးပါးကျယ်ဝန်းပါတယ်။ မြန်မာနိုင်ငံရဲ့ ၁၅ဆလောက်ကိုကြီးပါတယ်။ မြန်မာနိုင်ငံကတော့ ကမ္ဘာပေါ်မှာ ၃၉နိုင်ငံမြောက်အကြီးဆုံးနိုင်ငံပါတဲ့။

အချိန် ၆မျိုးရှိတဲ့ နိုင်ငံ
ဧရိယာ ကျယ်လွန်းအားကြီးလွန်းလို့ တစ်နိုင်ငံထဲမှာတင် Time Zone ၆ခုတောင် ရှိနေပါတယ်။ တစ်နယ်နဲ့ တစ်နယ် အချိန်တွေ မတူကြပါဘူး။ အနောက်ဘက်မှာရှိတဲ့ Vancouver မြို့နဲ့ အရှေ့ဘက်မှာရှိတဲ့ St.John’s မြို့ဆို အချိန် လေးနာရီခွဲတောင်ကွာပါတယ်။ Time Zone အကြောင်းပြောရမယ်ဆိုရင် ကမ္ဘာပေါ်မှာ Time Zone အများဆုံးနိုင်ငံက ပြင်သစ်ပါတဲ့။ နိုင်ငံ သိပ်မကြီးပေမဲ့ နေရာအနှံ့က ကျွန်းတွေကို ပိုင်ထားတော့ Time Zone 13 ခုတောင်ရှိတာတဲ့လေ။ အကြီးဆုံးနိုင်ငံ Russia နဲ့ စတုတ္ထအကြီးဆုံးနိုင်ငံ USA ကတော့ Time Zone ၁၁ခုရှိတယ်။ တတိယအကြီးဆုံးနိုင်ငံ တရုတ်ကတော့ ထူးထူးခြားခြား Time Zone တစ်ခုပဲ သတ်မှတ်တယ်တဲ့။ ဧရိယာဘယ်လောက်ပဲကျယ်ကျယ် စံတော်ချိန်တစ်ခုထဲ သတ်မှတ်ထားတာပါ။

2018_04_17_03_26_IMG_6134.JPG

📰ကမ္ဘာ့စံချိန်တင်တဲ့နိုင်ငံ
ကနေဒါနိုင်ငံမှာ ကမ္ဘာ့စံချိန်တင်တဲ့အရာတွေလည်း များစွာရှိလို့နေပါတယ်။
ကမ္ဘာပေါ်မှာအရှည်ဆုံးလမ်းဟာ ကနေဒါနိုင်ငံ Ontarioပြည်နယ်မှာရှိတဲ့ Yonge လမ်းဖြစ်ပြီး မိုင်ပေါင်း၁၀၀၀ကျော် ရှည်လျားပါတယ်။
ဒါ့အပြင် ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကမ်းရိုးတန်းလည်း ရှိလို့နေပါတယ်။ ကမ်းရိုးတန်းအရှည်က မိုင်ပေါင်း ၁သိန်းခွဲကျော်ထိရှိပြီး အတ္တလန္တိတ်၊ အာတိတ်နဲ့ ပစိဖစ်သမုဒ္ဒရာ ၃ခုနဲ့တောင် ထိစပ်နေတာပါတဲ့။
ကမ္ဘာ့အကြီးဆုံးကျွန်း ၁၀ခုအနက် ၃ခုကိုလည်း ကနေဒါနိုင်ငံက ပိုင်ဆိုင်ထားပါတယ်။ အကြီးဆုံးကျွန်းဆိုရင် Great Britain ထက် ၂ဆလောက်ကြီးပြီး နောက်၂ကျွန်းဆို အင်္ဂလန်နိုင်ငံ အရွယ် အစားလောက်ထိ ရှိပါတယ်။

IMG_6018.JPG

🏞ရေကန်ပေါင်း၂သန်းရှိတဲ့ နိုင်ငံ
သဘာဝအလှတွေပေါကြွယ်ဝတဲ့ ကနေဒါဟာ ကမ္ဘာပေါ်မှာ သဘာဝရေကန် အများဆုံးလည်း ပိုင်ဆိုင်ထားပါတယ်။ ကမ္ဘာပေါ်ရှိ သဘာဝရေကန်ပမာဏရဲ့ တစ်ဝက်ကျော်က ကနေဒါမှာရှိပါတယ်။ တစ်နိုင်ငံလုံးမှာရေကန်ပေါင်း ၂သန်းနီးပါး ရှိပြီး အွန်တာရီယိုပြည်နယ်တစ်ခုထဲမှာတင် ရေကန်ပေါင်း ၂သိန်းခွဲရှိကာ ကမ္ဘာ့ရေချိုပေါင်းရဲ့ ၃ပုံတစ်ပုံကိုပိုင်ဆိုင်ထားတာတဲ့လေ။ ကမ္ဘာ့အကြီးဆုံးရေကန်ကြီးတွေထဲက ရေကန်၂ခုလည်းပိုင်ဆိုင်ထားပါတယ်။ တောတောင်တွေ ဝန်းရံထားပြီး ကြည်လင်လွန်းလှတဲ့ စိမ်းပြာရောင်ရေကန်ကြီးတွေက ကမ္ဘာကျော်ပါတယ်။

2018_04_16_17_36_IMG_5150.JPG

🌳ဧရာမဥယျာဉ်ကြီးတွေရှိတဲ့ နိုင်ငံ
သဘာဝရှုခင်းတွေအရမ်းလှတဲ့ ကနေဒါမှာ ကမ္ဘာကျော်ရုပ်ရှင်တွေအများကြီး လည်းလာရိုက်လေ့ရှိကြပါတယ်။ ကမ္ဘာ့သစ်တောတွေရဲ့ ၂၀ရာခိုင်နှုန်းက ကနေဒါနိုင်ငံမှာရှိတာပါ။ သစ်တောအကျယ်အဝန်းပေါင်း ၃၉၆.၉သန်း ဟက်တာရှိတဲ့ ကနေဒါရဲ့ အမျိုးသားဥယျာဉ်ကြီးတွေဟာ နိုင်ငံအတော်များများထက်တောင် ပိုကြီးနေတာကိုတွေ့ရပါတယ်။

2018_04_12_13_55_IMG_2204.JPG

🏕လေထုသန့်ရှင်းတဲ့ နိုင်ငံ
သစ်တောတွေ သစ်ပင်တွေ အများကြီးရှိလို့လည်း ကနေဒါမှာ လေကောင်းလေသန့်ရှူရှိုက်နိုင်ပြီး ကမ္ဘာပေါ် စတုတ္ထမြောက်လေထုအသန့်စင်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရတာပါ။

နှင်းလျှောစီးနိုင်ငံ
ကနေဒါရဲ့ ရာသီဥတုကလည်း အမြဲလိုလိုအေးနေတတ်ပါတယ်။ ကျွန်မတို့မိသားစုအလည်အပတ်သွားခဲ့တဲ့ နွေဦးအစ ဧပြီလထဲမှာတောင် အတော်အေးတာကို တွေ့ခဲ့ရတယ်။ တောင်ထိပ်မှာ နှင်းတွေ အမြဲမပြတ်ဖုံးနေတဲ့ ရော့(ခ်)ကီးတောင်တန်းတွေရှိလို့ နှင်းလျှောစီးတဲ့နိုင်ငံအဖြစ်လည်း နာမည်ကြီးပါတယ်။

2018_04_16_16_00_IMG_9220.JPG

🇨🇦မေပယ်လ်ရွက်နိုင်ငံ
ကနေဒါအလံကိုမြင်ဖူးကြမယ်ထင်ပါတယ်။ ထူးထူးခြားခြားသစ်ရွက်ပုံပါတဲ့အလံလေးပေါ့။ အဖြူရောင်အောက်ခံမှာ အနီရောင် မေပယ်လ်ရွက်လေးထင်းနေတာ။ Maple ပင်တွေကို ကနေဒါက သိပ်တန်ဖိုးထားတာ။ နိုင်ငံရဲ့ National Tree အဖြစ်လည်း သတ်မှတ်ထားကြတယ်။ ကနေဒါမေပယ်လ်ပင်ကရတဲ့ သကြားရည် Maple syrup ဆိုလည်း အရသာအရမ်းရှိလို့နာမည်သိပ်ကြီးပါတယ်။

🏙လည်ပတ်စရာမြို့(10) မြို့

ကနေဒါနိုင်ငံမှာ လူဦးရေက စုစုပေါင်း ၃၆သန်းကျော် ရှိပြီး ၁.၄သန်းကပဲ ဒေသခံလူမျိုးတွေ ဖြစ်ပါတယ်။ လူဦးရေရဲ့ ၉၀ရာခိုင်နှုန်းနီးပါးက အမေရိကန်နဲ့ ကနေဒါ နယ်စပ်နားဝန်းကျင်မှာနေကြပါတယ်။ လည်ပတ်ရတဲ့ မြို့အတော်များများကလည်း နယ်စပ်နားမှာ ရှိတာများပါတယ်။ နုမြတ်တို့ ကနေဒါသွားလည်တုန်းက Tourist Attraction တွေရှိတဲ့ West Coast ရော East Coast ရော လည်ဖြစ်ခဲ့တယ်ပေါ့နော်။ ကနေဒါခရီးစဉ် စုစုပေါင်း ၁၄ရက်အတွင်းမှာ မြို့ပေါင်း ၁၂မြို့လောက် ရောက်သွားခဲ့တယ်။ အဲ့ထဲကမှ လည်စရာကောင်းတဲ့ မြို့ ၁၀မြို့ အကြောင်း ပြောပြချင်ပါတယ်။

🌇East Coast (၅)မြို့
(1) Toronto

2018_04_22_17_32_IMG_7112

ကနေဒါရဲ့ အကြီးဆုံးမြို့ကတော့ တော်ရန်တိုမြို့ (Toronto)ပါ။ အမေရိကန်နိုင်ငံနဲ့ နယ်စပ်မှာရှိနေပြီး ကနေဒါနိုင်ငံနဲ့ အမေရိကန်နိုင်ငံ ၂ခုကြားမှာ နိုင်အာဂရာရေတံခွန်ကြီး (Niagara Falls) ခြားထားပါတယ်။ ဒီရေတံခွန်ကြီးက အရမ်းကြီးပြီးလှလွန်းလို့ ကမ္ဘာကျော်လှပါတယ်။ အမေရိကန်ရောက်တုန်းက အမေရိကန်ဘက်အခြမ်းကနေ ရေတံခွန်ကြီးကို သွားကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ ကနေဒါဘက်ကနေ မြင်ရတာပိုလှပါတယ်။ ရေတံခွန်ကြီးတစ်ခုလုံးကို အပေါ်စီးက မြင်ရအောင် Tower ပါဆောက်ပေးထားတော့ အရမ်းမိုက်ပေါ့။ ရေတံခွန်တစ်ဖက်ခြမ်းက အမေရိကန်နိုင်ငံကို ကနေဒါကနေ လှမ်းမြင်နေရတယ်။ တံတားနဲ့ဖြတ်ကူးလိုက်ရုံပဲ။ နီးနီးလေးပါ။

2018_04_22_07_37_IMG_68772018_04_21_22_05_IMG_74142018_04_21_09_34_IMG_7407
ပြီးတော့တစ်ချိန်တုန်းက ကမ္ဘာ့အမြင့်ဆုံး Tower ဖြစ်ခဲ့ဖူးတဲ့ CN Tower လည်း Toronto မြို့မှာရှိတယ်။ သူက ခုချိန်မှာတော့ Tower ထဲမှာ တတိယအမြင့်ဆုံး Tower ပေါ့။ ပေ ၁၈၀၀ ကျော် အမြင့်ရှိတဲ့ အထပ်ရဲ့ အပြင်ဘက် အစွန်းကနေ လျှောက်ရတဲ့ Edge Walk ဆိုတာ ရင်တထိပ်ထိပ်နဲ့ အကြမ်းစားကြီးသိလား။

(2) Montreal

ကနေဒါရဲ့ ဒုတိယအကြီးဆုံးမြို့ မွန်ထရီယယ် (Montreal) မြို့က ပြင်သစ်နိုင်ငံက ပဲရစ်မြို့ပြီးရင် ကမ္ဘာပေါ်မှာ ပြင်သစ်စကားပြောလူဦးရေအများဆုံးမြို့ပဲဖြစ်ပါတယ်။ သူက ပြင်သစ်ကိုလိုနီလက်အောက်ခံဖြစ်ခဲ့ဖူးတယ်ဆိုတော့ တော်တော်များများက ပြင်သစ်လိုပြောတတ်ကြတာပါ။

2018_04_20_09_19_IMG_6306

(3) Quebec City

Canada အရှေ့ပိုင်းမြို့လေး ကွေးဘက်စီးတီး (Quebec City )ကလည်း ပြင်သစ်မြို့လေးလိုပဲ။ အိမ်လေးတွေ လမ်းလေးတွေကတကယ် ဥရောပစတိုင်။ ပြင်သစ်လက်အောက်ခံ နယ်မြေဖြစ်ခဲ့ဖူးတော့ အဲ့ကလူတွေအကုန်လုံးလိုလို ပြင်သစ်လိုပြောတတ်တယ်တဲ့။ အဲ့မြို့လေးက မြောက်အမေရိကတိုက်မှာ မြို့ရိုးရှိခဲ့ဖူးတဲ့ တစ်ခုတည်းသောရှေးဟောင်းမြို့ဖြစ်ပြီး UNESCO World Heritage site အဖြစ် သတ်မှတ်ခံထားရပါတယ်။

 

ပြီးတော့Korea Drama ကား Goblin ဇာတ်ကားလေး လာရိုက်ခဲ့တဲ့မြို့လေးဆိုတော့ Goblin ထွက်လာတဲ့ တံခါးနီနီလေးကိုလည်း မရမကရှာပြီးရိုက်ခဲ့သေးတယ်လေ။

(4) Ottawa

ကနေဒါနိုင်ငံရဲ့ မြို့တော်နဲ့ အစိုးရရုံးထိုင်ရာမြို့ကတော့ အော်တဝါ (Ottawa) မြို့ပါ။ ဒီက နေပြည်တော်လိုပေါ့။ အဲ့ရောက်လို့ရှိရင် ဗိသုကာလက်ရာမြောက်တဲ့ အစိုးရရုံးတွေ ပါလီမန်အဆောက်အအုံတွေကို လေ့လာခဲ့ဦးပေါ့။

IMG_6919IMG_6921

(5) Kingston

ကနေဒါအရှေ့တောင်ပိုင်းက ဆိပ်ကမ်းမြို့လေး ကင်စတန် (Kingston) ကတော့ သာယာအေးချမ်းလွန်းလို့ သက်ကြီးရွယ်အိုပင်စင်စားတွေ အေးအေးဆေးဆေးအခြေချ နေထိုင်ကျတဲ့မြို့လေးပါတဲ့။

IMG_2208.JPG

🌃West Coast (5)မြို့

(6) Vancouver

ကနေဒါအနောက်ဘက် ကမ်းခြေမြို့ ဗန်ကူးဗား(Vancouver )ကတော့ ပင်လယ်တွေ၊ နှင်းတောင်တွေ ဝန်းရံထားလို့ လှပတဲ့ရှုခင်းတွေကြောင့် ကျော်ကြားတဲ့ မြို့ကြီးတစ်မြို့ပဲဖြစ်ပါတယ်။ Vancouver မြို့လေးက သိပ်သာယာတာပဲ။ နှင်းဖုံးနေတဲ့ ရေခဲတောင်လေးတွေကိုတောင် မြို့ထဲလမ်းတွေကနေ လှမ်းမြင်ရတယ်။ သမုဒ္ဒရာထဲရေဆင်းကူးမလား၊ နှင်းတောင်ပေါ်မှာ နှင်းလျှောစီးမလား၊ ပန်းခြံထဲလမ်းလျှောက်မလား။ ဒါတွေအားလုံးကို တစ်နေ့ထဲအပြီးလုပ်လို့ရတဲ့ မြို့လေးပေါ့။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ နေပျော်စရာအကောင်းဆုံးမြို့လို့ သတ်မှတ်ခံထားရတာနေမယ်။

 

2018_04_11_07_45_IMG_2784.JPG
Vacouver တစ်မြို့လုံးကို လှမ်းမြင်ရတဲ့ Stanley Park ကလည်း ရေလည်သာယာတယ်နော်။ ရာသီဥတုအေးစိမ့်စိမ့်လေးမှာ ကောင်းကင်ပြာပြာကြီးရယ် တိုက်အမြင့်ကြီးတွေ ထိုးထောင်နေတဲ့မြို့ရှုခင်းရယ် နောက်ခံထားပြီး ပင်လယ်ကမ်းစပ်တလျှောက် လမ်းလျှောက်ကြသူတွေ၊ ပြေးကြသူတွေ၊ စက်ဘီးစီးကြသူတွေ အများကြီးပဲ။ အဲ့မှာသာဆို ကိုယ်လည်း နေ့တိုင်းစက်ဘီးတွေ စီးဖြစ်မယ်ထင်တယ်။ သာယာလွန်းလို့ သိပ်သဘောကျတာပဲ။

2018_04_11_20_46_IMG_2766
မြို့ထဲကနေ နာရီဝက်လောက်မောင်းရတဲ့ Capilano ကြိုးတံတားပေါ် သည်းထိပ်ရင်ဖိုဖြတ်ချင်လည်းရတယ်။ ကြိုးတံတားကအမြင့်ကြီးပဲ။ အောက်မှာ ချောက်ကြီးအနက်ကြီး။ စမ်းချောင်းလေးကလည်း တသွင်သွင်စီးနေတာ။ ချောက်ကမ်းပါးနံရံကြီးတွေနားကနေဖြတ်လျှောက်ရတဲ့ Cliff Walk လည်း လုပ်ခဲ့သေးတယ်။ သစ်ပင်ကြီးတွေကိုဆက်ထားတဲ့ ကြိုးတံတားလည်း လျှောက်ခဲ့သေးတယ်။

Vancouver International လေဆိပ်နားက Richmondမြို့မှာ ရှိတဲ့ Factory Outlet မှာလည်း Shopping ထွက်လို့ရသေးတယ်။ Coach, MK, Kate Spade, Nike စတဲ့ ကမ္ဘာကျော် Brand တွေကို တော်တော် သက်သာတဲ့ဈေးနဲ့ဝယ်နိုင်တဲ့နေရာပေါ့။

2018_04_11_16_07_IMG_27632018_04_11_18_52_IMG_2457

(7) Victoria

ကနေဒါနောက်ပိုင်းရဲ့ ရှေးအကျဆုံးမြို့ဟောင်း ဗစ်တိုးရီးယား (Victoria) မြို့ကို ဗန်ကူဗါးကနေ နေ့ချင်းပြန်သွားလို့ရတယ်။ ဗန်ကူးဗါးကနေ Victoria မြို့ကို ဘယ်လိုသွားခဲ့လည်းသိလား။ ပင်လယ်ကူးဇက်ကြီးနဲ့ပေါ့။ ဇက်ဆိုလို့ အထင်မသေးနဲ့ဆရာရေ။ Cruise လိုတောင်ထင်ရတယ် မိုက်မှမိုက်။ BC Ferry ဇက်သင်္ဘောကြီးက ၆ထပ်တောင်ရှိတာ။

2018_04_13_12_10_IMG_3615.JPG

အဲ့မှာမလည်မဖြစ်ကတော့ Hatley ရဲတိုက်ကြီးပေါ့။ လှလွန်းလို့ Batman ကား X Man ကားနဲ့ Hollywood ဇာတ်ကားအတော်များများ လာရိုက်ခဲ့တာတဲ့လေ။ အရင်က Sir တွေနေခဲ့တာဖြစ်ပြီး အခုတော့ University တစ်ခုကို လှူထားပါတယ်တဲ့။ ရဲတိုက်ကြီးရယ် မြက်ခင်းပြင်ကြီးရယ် ချယ်ရီပင်လေးရယ် ရေကန်ကျယ်ကြီးရယ် ရာသီဥတုအေးအေးလေးရယ် နေခြည်နွေးနွေးလေးရယ်နဲ့ ညနေခင်းလေးက တကယ်ကို Perfect ပါပဲ။

IMG_3797IMG_3806

(8) Whistler

Vancouver ကနေ ၂နာရီလောက်မောင်းရင် ရောက်တဲ့ ဝှစ်စလာ (Whistler) မြို့လေးမှာ ပေ၆၀၀၀ မြင့်တဲ့ Blackcomb ရေခဲတောင်ရှိတယ်။ ၂၀၁၀ခုနှစ်တုန်းက Winter Olympic ကျင်းပခဲ့တဲ့ရေခဲတောင်တဲ့လေ။ တောင်ခြေကနေ တောင်ပေါ်ကို မိနစ်၂၀လောက် Gondola Ride နဲ့ တက်ရတယ်။ တောင်ခြေမှာကတည်းက Temperature က 2 ံC ဖြစ်နေပါပြီ။ ရေခဲတောင်ဆိုတော့ Ski စီးတဲ့သူတွေလည်း အများကြီးပါပဲ။

 

(9) Kelowna

ဗန်ကူးဗားကနေ Banff မြို့သွားတဲ့ လမ်းမှာရှိတဲ့ ကီလိုးနားမြို့(Kelowna) Okanagan ရေအိုင်ကြီးကလည်း ထူးဆန်းတဲ့ရေသတ္တဝါကြီးတွေ့ခဲ့ဖူးတယ်ဆိုပြီး နာမည်ကြီးပါတယ်။ Ogopogo လို့အမည်ပေးထားတဲ့ ဧရာမရေသတ္တဝါကြီးရုပ်တုကို ရေအိုင်စပ်မှာ ထုဆစ်ထားတာကိုလည်းတွေ့ရမှာပါ။ မြို့မှာရှိတဲ့ ဝိုင်ပြခန်းသွားပြီး ကနေဒါဝိုင်ကိုလည်း သွားရောက်မြည်းစမ်းဝယ်ယူနိုင်ပါတယ်။

(10) Banff

နှင်းတောင်တွေ ဝန်းရံနေတဲ့ ကနေဒါနောက်ပိုင်း ဘန့်ဖ် (Banff) မြို့လေးကတော့ အနီးအနားမှာရှိတဲ့ စိမ်းပြာရောင်ရေကန်တွေနဲ့ တောင်တွေကြောင့် သဘာဝနှစ်သက်သူ၊ စွန့်စားခရီးသွားတွေ အလာများတဲ့မြို့လေးပေါ့။ အဲ့မြို့လေးမှာ Hot Spring စိမ်ခဲ့သေးတယ်။ 0•C အေးစက်နေတဲ့ရာသီဥတုမှာ ရေခဲတောင်ကိုကြည့်ပြီး ၄၀ဒီဂရီ စင်တီဂရိတ်ရှိတဲ့ ရေပူစမ်းထဲက ရေနွေးနွေးလေးစိမ်ရတာ အရမ်းကိုနေလို့ကောင်းတာပါပဲ။

2018_04_18_22_32_IMG_5994.JPG

Canada နိုင်ငံရဲ့နာမည်ကျော် Lake Louise ကန်ဘေးက Fairmont Hotel ကလည်း ရေကန်ကြီးရယ် ရေခဲတောင်တွေရယ်လှမ်းမြင်ရတဲ့ ဒဏ္ဏာရီဆန်တဲ့ ရှုခင်းတွေကြောင့် ကျော်ကြားလှပါတယ်။ Lake Louise ရေကန်ကြီးက ရေလေးတွေစိမ်းပြာလဲ့နေလို့ နာမည်ကြီးတဲ့ ရေကန်ကြီးပေါ့။ ကိုယ်တွေရောက်တဲ့အချိန်မှာတော့ ရေတွေခဲပြီး ရေခဲပြင်ကြီးဖြစ်လို့နေပါတယ်။ ရေခဲတွေ၊ နှင်းတွေပေါ် လျှောက်သွားခဲ့တာ ရေကန်အလယ်လောက်ထိတောင်ရောက်သွားပါတယ်။

2018_04_17_13_48_IMG_5566.JPG

IMG_9197

Lake Louise Ski Resort ရေခဲတောင်ပေါ်က နှင်းလျှောစီးစခန်းလည်းသွားခဲ့သေးတယ်။ ရေကန်ကြီးကိုလှမ်းမြင်ရပြီး တောင်ပေါ်မှာ နှင်းလျှောစီးသမားတွေနဲ့ ပြည့်နေတာ။ ကိုယ်တွေကတော့ ဓာတ်ပုံရိုက်သမားတွေပေါ့။ 😀

2018_04_16_15_37_IMG_50372018_04_16_14_01_IMG_51992018_04_16_15_53_IMG_5076

Banff အကြောင်းကို ပို့စ်သက်သက်ရေးပေးထားသေးတယ်။ ဒီမှာ ဝင်ဖတ်ကြည့်ပါနော်။

ဒါကတော့ Lake Louise Ski Resort ရဲ့ ပုံတွေပါ။

အစားအစာ

ကနေဒါအစားအစာတွေက ထွေထွေထူးထူးတော့ သိပ်မရှိပါဘူး။ Maple ပင်တွေတန်ဖိုးထားတဲ့ နိုင်ငံဖြစ်တော့ ပေါင်မုန့်တွေ Waffle တွေမှာ သုတ်စားတဲ့ သကြားရည်Maple Syrup ကို Souvenir အဖြစ်ရောင်းကြတယ်။ Maple Tea လဘက်ခြောက်တွေလည်း ဝယ်လာခဲ့သေးတယ်။ ဒေသစာအနေနဲ့ Poutine ဆိုတာ နာမည်ကြီးတယ်။ အာလူးချောင်းကြော်နဲ့ ချိစ်တွေကို အညိုရောင်အနှစ်စမ်းထားတာ။ အီတာတော့ အရမ်းအီတာပေါ့။ Salmonငါးပေါတဲ့နိုင်ငံဖြစ်လို့ Smoked Salmon လည်းနာမည်ကြီးတယ်။ ကော်ဖီကြိုက်သူတွေ ကနေဒါရောက်ရင် မသောက်မဖြစ်ကတော့ Tim Hortons ကော်ဖီပေါ့။ ကနေဒါမှာ Starbucks ထက်ပိုနာမည်ကြီးတယ်။ ဆိုင်ခွဲတွေလည်း နေရာအနှံ့မှာရှိတယ်။

2018_04_17_12_08_IMG_5684.JPG

ပိုက်ဆံ

ကနေဒါမှာ Canadian Dollar သုံးပါတယ်။ မြန်မာငွေနဲ့တွက်ကြည့်ရင် 1$ကို ၁၀၀၀ကျော်ကျော်ပဲဆိုတော့ တွက်ရအရမ်းလွယ်ပါတယ်။

🏔ဘယ်အချိန်သွားသင့်လဲ

Canada မှာ အလှဆုံးကာလကတော့ မေလအစကနေ ဇွန်လကုန်ထိပါ။ နွေရာသီဖြစ်တဲ့ မေလနဲ့ဇွန်လမှာ ရေကန်က ရေတွေ အရေပျော်နေတာမို့လို့ စိမ်းပြာရောင်ရေကန်တွေနဲ့အရမ်းလှတဲ့ ရှုခင်းကို မြင်ရမှာပါ။ ဆောင်းဦးဖြစ်တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလမှာလည်း ရွက်ဝါတွေနဲ့ အပင်တွေက အရမ်းကိုလှပါတယ်တဲ့။ ကိုယ်တွေသွားခဲ့တဲ့ ဧပြီလကလည်း နေသာနဲ့နေရာသာ ရေခဲတဲ့နေရာခဲနဲ့ လည်ပတ်ရအဆင်ပြေပါတယ်။

2018_04_11_20_15_IMG_2693.JPG

💵ဘယ်လိုသွားခဲ့လဲ ဘယ်လောက်ကုန်လဲ

ဒီဧပြီလတုန်းက သင်္ကြန်ပိတ်ရက်တွေမှာ သွားခဲ့တာပါ။ သုခလမ်းညွှန် ရဲ့ အစီအစဉ်နဲ့ ကနေဒါအနောက်ပိုင်းကိုလည်ပတ်ခဲ့ပြီး ကနေဒါအရှေ့ပိုင်းကိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လည်ပတ်ခဲ့တာပါ။ ကုန်ကျစားရိတ်ကတော့ နည်းနည်းတော့များပါတယ်။ လေယာဉ်ခတင်ဈေးများနေတာဆိုတော့လေ။ Cathay Pacific လေကြောင်းလိုင်းနဲ့ ရန်ကုန်ကနေ ဗန်ကူးဗားမြို့ကိုဟောင်ကောင်ကနေတဆင့်ခံပြီးသွားခဲ့ကြတာပါ။ Package Tour က ကနေဒါအနောက်ပိုင်း ၁၀ညအိပ်-၁၁ရက်ခရီးကို တစ်ယောက်ကို စားရိတ်ငြိမ်း US$ 4700 ကျပါတယ်။ အရှေပိုင်း ကိုယ့်ဘာသာကိုယ် လည်ပတ်တာတွေနဲ့ ပေါင်းရင်တော့ တစ်ယောက်ကို US$ 6000 နီးပါး (မြန်မာငွေသိန်း၇၀ကျော်) ကုန်ခဲ့ပါတယ်။ တချို့က လေယာဉ်ခဈေးများတာရယ် လေယာဉ်အကြာကြီးစီးရတာရယ်နဲ့ ကာမိအောင် တလက်စတည်း အမေရိကန်နိုင်ငံကိုပါ ဝင်လည်ကြပါတယ်။

IMG_3160.JPG

🌎Visa ဘယ်လို လျှောက်လည်း

မြန်မာနိုင်ငံမှာ ကနေဒါသံရုံးမရှိလို့ ဗီဇာကို သံရုံးမှာ သွားလျှောက်လို့မရပါဘူး။ ဒါပေမဲ့ ရွှေတိဂုံဘုရားလမ်းရှိ Prime Hill Business Square အဆောက်အအုံမှာရှိတဲ့ VSF Global Myanmar ရုံးကနေ Canada Visa လျှောက်လို့ရပါတယ်။ အဲ့ဒီရုံးမှာ Australia Visa တို့ UK Visa တို့လည်း လျှောက်လို့ရပါတယ်။ Canada Visa နဲ့ ကတ်သက်ပြီး လိုအပ်တဲ့အချက်တွေ သိချင်ရင် http://www.vfsglobal.ca/canada/myanmar/ မှာ ဝင်ကြည့်ပါ။ Visa က ခက်သလားဆိုတော့ မခက်ပါဘူး။ ဒါပေမဲ့ လွယ်တဲ့ထဲမှာလည်း မပါပါဘူး။ လိုအပ်တဲ့ ဖောင်တွေ စာရွက်စာတမ်းတွေပြရင် ရဖို့များပါတယ်။ ဒါပေမဲ့လည်း တခြားနိုင်ငံကြီးတွေ သွားထားဖူးမှ မြန်မာနိုင်ငံကိုပြန်လာမယ့်သူတွေဆိုတာ သေချာမှ ပေးတာပါ။ နုမြတ်တို့ဆို မိသားစု၅ယောက်လျှောက်တာ ၅ယောက်လုံးရပါတယ်။ အတူလျှောက်တဲ့ ကျန်တဲ့ သူတွေတော့ Visa မရပါဘူး။ နုမြတ်တို့ကိုတော့ ခရီးခဏခဏသွားနေတဲ့သူတွေမို့လို့လားတော့ မသိဘူး။ တစ်နှစ်အတွင်း စိတ်ကြိုက်သွားနိုင်တဲ့ Multiple Visa ကို မလျှောက်ဘဲနဲ့တောင် ပေးလိုက်တာ အံ့အားသင့်စရာပါ။ Visa လျှောက်ချိန်က ၄ပတ်ကနေ ၆ပတ်ကြား ကြာတတ်လို့ သွားမယ်ဆို စောစောလျှောက်သင့်ပါတယ်။

2018_04_17_11_21_IMG_5672.JPG

ဒီလောက်ဆို ကနေဒါနဲ့ ပတ်သက်ပြီး အတော်အသင့်သိလောက်ပြီထင်ပါတယ်။ ကနေဒါစားရိတ်ငြိမ်းခရီးစဉ်တွေကို သုခလမ်းညွှန် Travels & Tours – Outbound Dept; ဖုန်းနံပါတ် 09977906677 က စီစဉ်ပေးနေလို့ သွားလည်ချင်ရင် စုံစမ်းကြည့်ကြပါနော်။ ကနေဒါမှာက လည်ပတ်လို့ကောင်းတဲ့အပြင် ပညာရေးလည်း အရမ်းကောင်းပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး ကျောင်းတွေတက်ချင်ရင်တော့ ကနေဒါ ရောက် မြန်မာတယောက် PAGE မှာစုံစမ်းနိုင်ပါတယ်နော်။

IMG_5999.JPG

ဒီပို့စ်ကိုနှစ်သက်သဘောကျရင် Like နဲ့ Share လုပ်လို့ရပါတယ်။ နောက်ထပ်လည်း စိတ်ဝ်စားစရာနိုင်ငံတွေ၊ နေရာတွေ၊ ခရီးတွေ အကြောင်း တင်ပေးဦးမှာမို့လို့ Nu Myat around the World page ကို Like and See First လုပ်ထားနိုင်ပါတယ်နော်။

ချစ်ခင်လျှက်
Dr. Nu Myat

လာအိုကို ဘန်ကောက်ကနေ ညရထားနဲ့သွားမယ် (Bangkok to Laos by Train)

လာအိုကို ဘန်ကောက်ကနေ
ညရထားနဲ့သွားမယ်

 
ကိုယ်တွေရဲ့ အိမ်နီးချင်းနိုင်ငံလေး လာအိုဟာ နီးရက်နဲ့ဝေးနေတဲ့ နိုင်ငံလေးပါ။ သူ့ဆီ မြန်မာနိုင်ငံကနေ တိုက်ရိုက်လေကြောင်းလိုင်းမရှိတော့ လွယ်လွယ်ကူကူသွားလို့မရဘူးဖြစ်နေတာပေါ့။ လာအိုကိုသွားချင်ရင် တခြားနိုင်ငံကနေတဆင့်သွားမှ ရမှာပါ။ များသောအားဖြင့် ထိုင်းကနေ တဆင့်သွားကြပါတယ်။

ထိုင်းကနေ လာအိုဆီ လေယာဉ်နဲ့သွားနိုင်သလို ရထားရယ်၊ ကားရယ်နဲ့လည်းသွားလို့ရပါတယ်။ ကျွန်မတို့ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ညအိပ်ရထားစီးပြီး လာအိုနိုင်ငံကိုသွားခဲ့တာပါ။ ဘန်ကောက်ရောက်တုန်း လာအိုဘက်ပါ သွားလည်မယ်ဆိုပြီး လာအိုမြို့တော်ဗီယန်ကျင်းမြို့နဲ့ Adventure တွေအများကြီးလုပ်လို့ရတဲ့ သဘာဝမြို့လေး ဗန်ဗီယန်းမြို့ကို သွားလည်ခဲ့တာပါ။

 

IMG_1632

ညရထားအမျိုးအစားနဲ့ ဈေးနှုန်း

ဘန်ကောက်ကနေ လာအိုကို ရထားနဲ့သွားမယ်ဆိုရင် ထိုင်း-လာအိုနယ်စပ်မြို့ဖြစ်တဲ့ နွန်းခိုင်မြို့(Nong Khai) ကနေတဆင့် သွားမှရမှာပါ။ Bangkok – Nong Khai ရထားလက်မှတ်ကို ဘန်ကောက်မြို့ထဲက Hua Lumpong ဘူတာကြီးမှာ သွားဝယ်ရပါတယ်။ နုမြတ်တို့ကတော့ အဲ့တုန်းက Baiyoke Sky မှာတည်းတော့ ဟိုတယ်ဘေးက Travel Agent မှာ ဝယ်ခဲ့ပါတယ်။

IMG_1086

နွန်းခိုင်သွားတဲ့ ရထားတွေထဲမှာ ညအိပ်စင်ပါတဲ့ ညရထား၂မျိုးရှိပါတယ်။ ည ၈နာရီထွက်တဲ့ Special Express အမျိုးအစား Number 25 က ပိုကောင်းပြီး ပိုသန့်ပါတယ်။ အဲ့ရထားလက်မှတ် မရှိတော့လို့ ည၈း၄၅ ထွက်တဲ့ Rapid အမျိုးအစား Number 133 ကိုပဲ စီးခဲ့ရပါတယ်။

ည၈နာရီထွက်တဲ့ ရထားမှာ ၂ယောက်သီးသန့် အိပ်ခန်း 1st Class ရှိပြီး အပေါ်ခုံ ၁၁၅၇ဘတ် (၄၆၀၀၀ကျပ်) အောက်ခုံ ၁၃၅၇ဘတ် (၅၄၀၀၀ကျပ်) ကျသင့်ပါတယ်။ 2nd class ကတော့ အိပ်စင်ပါတဲ့ ဘုံအခန်းဖြစ်ပြီး အပေါ်ခုံ ၇၄၈ဘတ်(၃၀၀၀၀ကျပ်) အောက်ခုံ ၈၃၈ဘတ် (၃၃၅၀၀ ကျပ်)ပါ။ အဲကွန်းပါပါတယ်။

ည၈း၄၅ထွက်တဲ့ရထားမှာတော့  အဲကွန်းပါတဲ့ 2nd Class အိပ်စင်ဘုံခန်းက အပေါ်ခုံဆို ၆၁၈ဘတ်(၂၅၀၀၀ကျပ်) နဲ့ အောက်ခုံဆို ၆၈၈ (၂၇၅၀၀ကျပ်) ဘတ်ပါ။ အဲကွန်းမပါတဲ့ ထိုင်ခုံတွဲတွေလည်းရှိပါတယ်။ 2nd Class ဆို ၃၄၈ဘတ် (၁၄၀၀၀ကျပ်) နဲ့ 3rd Class ဆို ၂၁၃ ဘတ် (၈၅၀၀ကျပ်) ပဲကျမှာပါ။

နုမြတ်တို့ သွားခဲ့တာက ၃ယောက်ဆိုတော့ 2nd Classမှာ အောက်၂ခုံ ပေါ်တစ်ခုံ ယူလိုက်ပါတယ်။ ၁ဘတ်ကို ၄၀ကျပ်နဲ့ တွက်မယ်ဆိုရင်တော့ အပေါ်ခုံက ၂၅၀၀၀ ကျပ်နဲ့ အောက်ခုံက ၂၇၅၀၀ ကျပ်ဝန်းကျင်လောက်ကျသင့်မှာပါ။

IMG_1223

ရထားစီးအတွေ့အကြုံ

Hua Lumpong ဘူတာကြီးဆီကို မြို့ထဲ Pratunam ဝန်းကျင်ကနေသွားမယ်ဆိုရင် ၁၀မိနစ်လောက်ပဲကြာပါတယ်။ ၁နာရီကျော်လောက် ကြိုအရောက်သွားပြီး ကိုယ့်ရထားတွဲကို သေချာရှာပြီး ခုံတွေမှာနေရာချရပါမယ်။ ရထားပေါ်တက်တက်ချင်း ရိုးရိုးထိုင်ခုံတွေလိုပါပဲ။ ရထားမောင်းပြီး ခဏအကြာမှာမှ  အိပ်ယာလာပြင်ပေးပါတယ်။ အိပ်စင်က အပေါ်နဲ့ အောက် ၂ဆင့်လိုဖြစ်ပြီး အပေါ်တက်ဖို့ လှေကားလေးတွေလည်းရှိပါတယ်။သဘောကျတာလေးတစ်ခုက ပြတင်းပေါက်ဘေးတင်မဟုတ် လျှောက်လမ်းဘေးမှာပါ လိုက်ကာလေးတွေ ကာပေးထားတော့ ကိုယ်အိပ်တဲ့အခါမှာ Privacy ရှိတာကိုပါ။

ရထားက ည၈နာရီရထားလောက်တော့ မသန့်ပါဘူး။ ဒါပေမဲ့ အဲကွန်းခန်းနဲ့ဆိုတော့ သူ့ဟာနဲ့ သူတော့ အဆင်ပြေပါတယ်။ Luggage တွေပါလာရင်လည်း ကိုယ့်အိပ်စင်နားမှာ ထားလို့ရတယ်။ ဖုန်းအားသွင်းဖို့ အပေါက်လည်းပါပါတယ်။ အိမ်သာကတော့ ဘုံအိမ်သာပေါ့။ ရေချိုးခန်းမပါပေမဲ့ ဘေစင်တော့ပါတယ်။ ရထားက အရမ်းမလှုပ်တော့ အိပ်ရတာအဆင်ပြေပါတယ်။

ရထားပေါ်မှာ ကိုယ်တွေဆီမှာလိုပဲ မနက်စောစောမှာ ဈေးသည်တွေတက်ရောင်းပါတယ်။ မနက်မှာလာရောင်းတဲ့  ကြက်ကင်နဲ့ ကောက်ညှင်းကောင်းမှကောင်းပဲ။ ကြက်ကင်အကြီးကြီး တစ်ကောင်လုံးမှ ဘတ်၆၀ပဲပေးရတယ်။ အရမ်းအရသာရှိတာပဲ။ သွားဖြစ်ရင် ဝယ်စားကြည့်နော်။

ထိုင်း-လာအိုနယ်စပ်

မနက် ၈း၃၅မှာ နွမ်းခိုင်မြို့ဘူတာကို ရောက်ပြီး ဘူတာကနေ ထိုင်းနယ်စပ်ဖြတ်ကျော်ဂိတ်ဆီ တုပ်တုပ် ၁၀မိနစ်လောက်စီးသွားရပါတယ်။ ထိုင်း Immigration Gate ကနေ Passport ပြပြီးထွက်ကာ ထိုင်း-လာအို ချစ်ကြည်ရေးတံတားဖြတ်သွားရပါတယ်။ ဒီတံတားဖြတ်ဖို့ ဘတ်စ်ကားတွေရှိပါတယ်။ ၅မိနစ်လောက် မောင်းရပြီး တစ်ယောက်ကို ဘတ်၂၀ ပေးရပါတယ်။ မြစ်တစ်ဖက်ရောက်တဲ့အခါ လာအို Immigration Gate ကိုဖြတ်ပြီး လာအိုကိုသွားနိုင်ပါတယ်။ လာအိုနိုင်ငံတွင်း ဝင်ရောက်ဖို့ Passport ပဲလိုပြီး Visa မလိုပါဘူး။

သတိထားရမှာကတော့ လာအိုကနေ ထိုင်းကိုပြန်ဝင်မယ်ဆိုရင် ကုန်းလမ်းကဝင်ရင် ထိုင်းဗီဇာလိုပါလိမ့်မယ်။ လေကြောင်းနဲ့ဆိုရင်တော့ မလိုပါဘူး။ ဒါကြောင့် လာအိုအသွားကို ကြိုက်သလို သွားလို့ရပေမဲ့ လာအိုကနေအပြန်ကတော့ လေယာဉ်ပျံနဲ့ဲပြန်တာပိုကောင်းမှာပါ။ ကုန်းကြောင်းက ပြန်ရင်လည်း ထိုင်းဂိတ်မှာ Re-entry Visa ပြန်လျှောက်ရင်ရပါတယ်။ ဘတ်၁၀၀၀ (၄၀၀၀၀ကျပ်) လောက်တော့ကျပါလိမ့်မယ်။ ကိုယ်တွေကတော့ အပြန်ကို လေယာဉ်နဲ့ပဲပြန်ခဲ့ပါတယ်။ Bangkok Transit ဖြစ်ပေမဲ့ ထိုင်းထဲမဝင်တော့ဘဲ ရန်ကုန်တိုက်ရိုက် ပြန်ခဲ့ပါတယ်။

IMG_1184

လာအိုရောက်ပြီ

လာအိုနိုင်ငံ Immigration ကိုကျော်ပြီးတဲ့အခါမှာတော့ လာအိုနိုင်ငံတွင်းမြို့အသီးသီးဆီသွားလို့ရတဲ့ ကားဂိတ်တွေ တွေ့ရပါတယ်။ အဲ့ဒီကနေ ဗန်ဗီယန်းမြို့ကို ကားဂိတ်ကနေ တန်းသွားခဲ့ကြတာပါ။ နယ်စပ်ဂိတ်ကနေ ဗန်ဗီယန်းမြို့ကို ကားနဲ့ ၄နာရီလောက်ပဲမောင်းရပြီး ကားခ တစ်ယောက်ကို မြန်မာငွေ၈၀၀၀ကျပ်လောက်ပဲ ကျပါတယ်။ မြို့တော် ဗီယန်ကျန်းကိုဆိုရင် နာရီဝက်လောက်ပဲကြာမှာ ဖြစ်ပြီး လောင်ပရာဖန်ကို တန်းသွားမယ်ဆိုရင်တော့ ၈နာရီကြာမှာပါ။ နုမြတ်တို့ကတော့ ဗန်ဗီးယန်း မြို့ကို အရင်သွားခဲ့တယ်။ အပြန် ဗီယန်ကျင်းကနေ လေယာဉ်နဲ့ပြန်မှာဆိုတော့ စိတ်ချရအောင်ပေါ့။

 

Van Vieng မြို့

ဗန်ဗီယန်းက တကယ်တော့ တောတောင်တွေ ဝန်းရံနေတဲ့ နယ်မြို့သေးသေးလေးပါ။ မြို့ထဲမှာလမ်းဆိုလို့ လမ်းသုံးလမ်းရယ်၊ ဈေးရယ်၊ အဝေးပြေးဂိတ်ရယ်ပဲရှိလို့နေတာပါ။ ထူးခြားတာကတော့ အဲ့ဒီ နယ်မြို့သေးသေးလေးမှာ နိုင်ငံခြားသားတွေ ပြည့်နေတာကိုပါ။ အထူးသဖြင့် အနောက်နိုင်ငံသားတွေနဲ့ ကိုရီးယားတွေ အလာများပါတယ်။ ဧည့်လာများတဲ့မြို့ဖြစ်တော့ ဒေသခံတွေထက်တောင် ဧည့်သည်က ပိုလို့တောင်များနေပါတယ်။ မြို့ထဲဘာမှသိပ်မရှိပေမဲ့ အကောင်းစား ဟိုတယ်ကြီးတွေ၊ Resort တွေ၊ တည်းခိုခန်းတွေ၊ Backpacker တွေအတွက် Hostel အဆောင်တွေ၊ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ ပြည့်လို့နေပါတယ်။

IMG_1339

ဗန်ဗီယန်းကို ဧည့်သည်တွေလာကြတဲ့ အဓိကအချက်ကတော့ တောတောင်မြစ်ချောင်း သဘာဝတရားတွေကြောင့်ပါ။ ဧည့်သည်တွေက မြို့ကို ဖြတ်စီးနေတဲ့ နမ်ဆန်မြစ်ထဲ Kayak လှေလှော်ကြတယ်။ Tubing လို့ခေါ်တဲ့ ဘောကွင်းပေါ်ထိုင်ပြီး ရေစီးကြောင်းအတိုင်း မြောကျတယ်။ ဂူတွေထဲစီးဝင်နေတဲ့ ဂူအောက် မြစ်ထဲ ဘောကွင်းစီးကြတယ်။ ရေပြာအိုင်တွေထဲ ရေစိမ်ကြပြီး ရေပြာအိုင်ပေါ်အုပ်မိုးနေတဲ့ သစ်ပင်ရဲ့ သစ်ကိုင်းတွေပေါ်ကနေ ရေပြာအိုင်ထဲ တဗွမ်းဗွမ်းနဲ့ ခုန်ဆင်းကြတယ်။ ကျောက်တောင်တွေတက်ကြတယ်။ ကျောက်ဂူတွေထဲဝင်ကြတယ်။ စပါးခင်းတွေထဲလမ်းလျှောက်ကြတယ်။ စက်ဘီးလေးတွေ ဆိုက်ကယ်တွေကိုယ်တိုင်မောင်းပြီး ဟိုဒီလျှောက်သွားကြတယ်။ သစ်ပင်တစ်ပင်နဲ့တစ်ပင်ကြား Zipline တွေစီးကြတယ်။ မြစ်ကမ်းစပ်ကတဲလေးတွေမှာ အကင်တွေစားပြီး လေညှင်းခံကြတယ်။ သဘာဝတရားထဲ သဘာဝအတိုင်းပျော်မွေ့နိုင်ကြလို့ လူငယ်တွေ တအားကြိုက်ကြပါတယ်။

ညဘက်ဆိုလည်း မြို့ထဲဘားတွေ၊ ကလပ်တွေမှာ လူစည်လွန်းလို့ လူငယ်တွေပျော်မွေ့ရာ ပါတီမြို့၊ ကျောပိုးအိတ်တစ်လုံးထဲလွယ်ပြီးလျှောက်သွားကြတဲ့ လူငယ်တွေအလာများလို့ Backpacker မြို့၊ စွန့်စွန့်စားစားအရာတွေ လုပ်လို့ရလို့ Adventure မြို့လေး အဖြစ် လူသိများပါတယ်။

ဘာတွေလုပ်ခဲ့လဲ

နုမြတ်တို့ ဗန်ဗီယန်းမြို့လေးကို ညနေလောက်ရောက်တာဆိုတော့ ဟိုတယ်မှာ Check In ဝင်ပြီး အလင်းရောင်ရှိတုန်း မြို့ထဲ ဟိုကြည့်ဒီကြည့်လျှောက်ကြည့်ခဲ့တယ်။ ကိုယ်တွေတည်းတာ Grandview Riverside Hotel ပါ။ နာမည်က အပျံစားဖြစ်ပေမဲ့ မိုတယ်အဆင့်လောက်ပါပဲ။ မြစ်ကမ်းဘေး ၃ယောက်ခန်းကို US$ ၅၀ ကျော်လောက်ပဲကျတယ်ဆိုတော့လည်း သူ့ဈေးနဲ့သူ မဆိုးဘူးပြောရမှာပါ။ ဒါပေမဲ့ ဟိုတယ်ထဲဝင်ရင် ဖိနပ်ချွတ်ဝင်ရတာကတော့ တော်တော်မနိပ်ပါဘူး။ ဟိုတယ် Location ကောင်းလို့ရယ် Website က ပုံလေးတွေက မဆိုးတော့လည်း ရွေးဖြစ်ခဲ့တာပါ။ ဟိုတယ်ကမြစ်ဘေးတင်ဆိုတော့ မြစ်ထဲကရှုခင်းတွေကိုလည်း လှမ်းမြင်ရတာပေါ့။တောတောင်တွေနောက်ခံနဲ့ မြစ်ရှုခင်းကတော်တော်သာယာပါတယ်။ မြစ်ထဲမှာလည်း Speed Boat စီးတဲ့သူတွေ Kayak လှေလှော်သူတွေနဲ့ ပြည့်နေတာ။ မြို့ထဲစနည်းနာပြီး နောက်နေ့အတွက် Tour တွေစုံစမ်းနေတာနဲ့ နေဝင်ချိန်ကိုတောင်မခံစားလိုက်ရဘူး။ ဟိုရောက်ရင်လည်ပတ်ဖို့ စိတ်မပူနဲ့။ ဟိုတယ်ကထွက်လိုက်တာနဲ့ လမ်းဘေးဝဲယာမှာ Tour Agent တွေ တပုံကြီး။ ကြိုက်တဲ့ Activities လုပ်ဖို့ ကြိုက်တာရွေးဝယ်လို့ရတယ်။ နောက်နေ့ နေ့တဝက်နေမှာဆိုတော့ Half Day Tour ဝယ်လိုက်တယ်။ အဲ့ညမှာတော့ မြစ်တစ်ဖက်ကမ်းကို ဝါးတံတားလေးနဲ့ကူးပြီး မြစ်ဘေးက တဲလေးတွေမှာ အကင်စားပြီး အေးဆေးလေညှင်းခံခဲ့ကြတယ်။ တဲတွေမှာ လင်းထိန်နေပြီး သီချင်းတွေအကျယ်ကြီး ဖွင့်ထားတာ ပျော်ဖို့ကောင်းပါတယ်။ မြစ်ကမ်းဘေးမှာတော့ တချို့က မီးပုံးပျံတွေ လွှတ်တဲ့သူကလွှတ်ပေါ့။

 

နောက်တစ်ရက်မှာတော့ ဟိုတယ်ကို Tour က ကားနဲ့လာခေါ်ပြီး Activities တွေလုပ်မယ့်နေရာကို ပို့ပေးပါတယ်။ စစချင်း Cave Tubing လို့ခေါ်တဲ့ ဂူထဲဘောကွင်းစီးဝင်ခဲ့တယ်။ ဘောကွင်းပေါ်ထိုင်ပြီး ဂူအောက်မြစ်ထဲ ရေစီးအတိုင်းဝင်ရတာ။ မှောင်ထဲမဲထဲဆိုတော့ စိတ်လှုပ်ရှားဖို့တော့ကောင်းတာပေါ့။ ရေဆုံးတဲ့အခါ ဂူထဲ လမ်းလျှောက်ဝင်ရတယ်။ အစအဆုံးစီးရမယ်ထင်ပြီး ဖိနပ်ချွတ်ထားခဲ့မိတော့ ခြေထောက်တွေ အသေစူးပေါ့။အချိန်ရရင် မြစ်ထဲလှေလှော်တဲ့ Kayaking ပါလုပ်မယ့်ဟာကို မလုပ်လိုက်ရဘူး။ Cave Tubing မှာ ခေါင်းမှာတပ်ရမယ့် Headlight ကို သွားယူနေတာကို အကြာကြီးစောင့်နေရလို့ မလုပ်လိုက်ရတာ။

IMG_1369

Blue Lagoon လို့နာမည်ကြီးတဲ့ ရေပြာအိုင်ရောက်ဖို့ ကားနဲ့နည်းနည်းသွားရတယ်။ ရေကတော့ တကယ်ပြာပါတယ်။ ပြာလဲ့နေတာ။ အေးလည်းအရမ်းအေးတယ်။ ဒါပေမဲ့ သူက ကားပါကင်ဘေးတင်ရှိတာဆိုတော့ အိုင်ဘေးပတ်လည်ကနေလူတွေထိုင်ပြီး ကြည့်နေကြတာ။ ရေပြာအိုင်ထဲကို သစ်ကိုင်းပေါ်ကနေခုန်ချတာကို အားပေးနေကြတာလေ။ မသိရင် ပွဲကြည့်နေသလိုပဲ။ ခုန်ချပြီးတာနဲ့ လက်ခုပ်တွေဝိုင်းတီးကြတာ။ သစ်ကိုင်းက ၂ဆင့်ရှိတယ်။ အပေါ်တဆင့်က တော်တော်မြင့်တယ်။ ရောက်လက်စနဲ့မထူးဘူးဆိုပြီး အားတင်းပြီး ခုန်ချခဲ့သေးတယ်။


ရေပြာအိုင်ထဲမှာ ဒန်းလိုမျိုးတွေလည်း လုပ်ထားသေးတယ်။ ကန်ဘေးကနေ ကြိုးတွေခုန်ပြီး ခုန်ချတာမျိုးလည်းလုပ်ကြတယ်။ ဒါပေမဲ့ လူအရမ်းရှုပ်လို့  အေးဆေးမနေရပါဘူး။ နောက်ထပ်ရေပြာအိုင်တစ်ခုကတော့ ပိုကြီးတယ်တဲ့။ ဒါပေမဲ့ အချိန်မရှိတော့ ဒီမှာပဲ ရေဆော့ခဲ့ရတယ်။  မြို့ထဲပြန် Lunch စားပြီးတော့ Vientiane ကို ကားနဲ့ဆက်ကူးခဲ့ပါတယ်။ ကားတွေက Hi Ace လိုကားမျိုးတွေမှာ တခြားလူတွေနဲ့ လိုက်စီးရတာပါ။ ကား ၄နာရီလောက်မောင်းရပါတယ်။

ဗီယန်ကျန်းမြို့

မြို့တော် ဗီယန်ကျင်း(Vientianne) ကတော့ ထိုင်းနိုင်ငံနယ်စပ်နားရှိ မဲခေါင်မြစ်ကမ်းမှာရှိပြီး စန္ဒကူးမြို့တော် (သို့) လမြို့တော်လို့အဓိပ္ပါယ်ရပါတယ်။ ၂၀၁၅ခုနှစ် စစ်တမ်းများအရ လူဦးရေ ၇သိန်း၆သောင်းကျော်ပဲရှိတဲ့ မြို့လေးပါ။ ကျွန်မတို့ရဲ့အကြီးဆုံးမြို့ ရန်ကုန်မှာ လူဦးရေ ၇သန်းကျော်ရှိတာဆိုတော့ ရန်ကုန်နဲ့ယှဉ်ရင် ၁၀ပုံ ၁ပုံလောက်ပဲရှိပါတယ်။

IMG_1754IMG_1758

သမိုင်းတလျှောက်မှာ ဗီယန်ကျင်းမြို့က တစ်ချိန်က မြို့ပျက်ကြီး ဖြစ်ခဲ့ဖူးပါတယ်။ ၁၇၀၇ ခုနှစ်က လာအိုမင်းနေပြည်တော်ရဲ့ မြို့တော်အဖြစ်စတင်သတ်မှတ်ခံခဲ့ရပေမဲ့ ၁၈၂၇ခုနှစ်မှာ ထိုင်းလူမျိုးတို့ ကျူးကျော်သိမ်းပိုက်ပြီး ဖျက်စီးခဲတာကြောင့် မြို့ပျက်ကြီးဖြစ်သွားခဲ့ရပါတယ်။ ၁၈၉၃ခုနှစ်မှာ လာအိုနိုင်ငံ ပြင်သစ်ကိုလိုနီလက်အောက်ကျရောက်ပြီးနောက် ၁၈၉၉ခုနှစ်ရောက်မှ လာအိုနိုင်ငံရဲ့မြို့တော်အဖြစ် ပြန်လည်သတ်မှတ်ခံခဲ့ရတာပါ။ ပြင်သစ်ကိုလိုနီလက်အောက်ကျရောက်ခဲ့ဖူးလို့ အဆောက်အအုံတချို့က ပြင်သစ်ဗိသုကာလက်ရာတွေဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

 

သွားလည်ရမယ့်နေရာများ

IMG_2097

ဗီယန်ကျင်းမြို့ရောက်ရင် မသွားမဖြစ်နေရာအဖြစ် အကျော်ကြားဆုံးကတော့ မြို့ထဲကနေ ၁နာရီလောက်မောင်းရတဲ့  Buddha Park (ဗုဒ္ဓပန်းခြံ) ပဲဖြစ်ပါတယ်။ ၁၉၅၈ခုနှစ်က လာအိုဘုန်းတော်ကြီးတစ်ပါးဦးဆောင်ပြီး ပန်းခြံထဲမှာ ဘာသာရေးဆိုင်ရာ ရုပ်တုပေါင်း ၂၀၀ကျော် ထုဆစ်ထားရှိခဲ့တာပဲဖြစ်ပါတယ်။ ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာ ဇာတ်နိပါတ်တော်တွေထဲက နတ်ဘုရားရုပ်တုတွေကို ထုဆစ်ထားရှိရာမှာ ၄၀မီတာအမြင့်ရှိတဲ့ လျောင်းတော်မူဘုရား၊ အဝင်ဝနားရှိ ဖရုံသီးသဏ္ဏာန် ၃ထပ်အဆောက်အအုံ၊ ဦးခေါင်းသုံးလုံးပါ ဆင်နတ်ဘုရား၊ ဦးခေါင်း ၁၂လုံးပါနတ်ဘုရားစတဲ့ ရုပ်တုတွေက ထင်ရှားပါတယ်။

မြို့ထဲရှိ ထင်ရှားတဲ့အဆောက်အအုံတစ်ခုကတော့ Patuxai Victory Monument မော်ကွန်းတိုင်ကြီးပဲဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ နာမည်ကျော် Arc de Triomphe မော်ကွန်းတိုင်နဲ့ဆင်ပြီး ဟိန္ဒူနတ်ဘုရားရုပ်တွေနဲ့ ဒီဇိုင်းဆင်ထားတဲ့ လာအိုဗိသုကာလက်ရာတွေကိုပါ တွေ့မြင်နိုင်ပါတယ်။ စစ်ပွဲများမှာ ကျဆုံးခဲ့သူများကို ရည်စူးပြီး ဆောက်လုပ်ထားရှိခဲ့တယ်လို့ သိရပါတယ်။

2018_04_02_10_58_IMG_1896.JPG

လာအိုက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံဖြစ်တဲ့အလျှောက် မြို့တော်ဗီယန်ကျင်းမှာ ဖူးမြော်စရာ ဘုရားစေတီတွေများစွာရှိပါတယ်။ တန်ခိုးအကြီးဆုံး နာမည်အကြီးဆုံးကတော့  That Luang စေတီပါ။ ရွှေရောင်လွှမ်းနေတဲ့စေတီက လာအိုဗိသုကာလက်ရာနဲ့ တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး လာအိုနိုင်ငံရဲ့ အထင်ကရအဆောက်အအုံအဖြစ်လည်း ထင်ရှားပါတယ်။

IMG_2098

အခုလက်ရှိ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ နာမည်ကျော် မြဘုရားဆင်းတုကို အပူဇော်ခံထားရှိခဲ့ဖူးတဲ့ ကျောင်းတော်ကြီး Wat Ho Phra Keo ကတော့ မြို့ထဲမှာရှိပြီး လှပတဲ့ ရိုးရာဗိသုကာလက်ရာတွေကြောင့် ကျော်ကြားပါတယ်။ မြဘုရားဆင်းတုကို ထိုင်းနိုင်ငံမြောက်ပိုင်းကနေ လာအိုဘုရင်သိမ်းပိုက်ခဲ့စဉ်တုန်းက ထားရှိကိုးကွယ်ခဲ့တာဖြစ်ပြီး နောက်ပိုင်း ထိုင်းစစ်တပ်က ပြန်လည်ပင့်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ကျော်က ဘုရားကျောင်းဆောင်တည်ဆောက်ရာမှာ ယာဇ်အပူဇော်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ဆီမောင်းကို အစွဲပြုပြီး မှည့်ခေါ်ခဲ့တဲ့ Wat Si Muang ကျောင်းဆောင်ကလည်း ဘုရားဖူးသူတွေနဲ့ စည်ကားနေပါတယ်။

ထိုင်းကျူးကျော်ခဲ့စဉ်တုန်းက မပျက်စီးခဲ့တဲ့ တစ်ခုတည်းသောကျောင်းဆောင် Wat Si Saket ကတော့ နှစ်ပေါင်း၂၀၀နီးပါးသက်တမ်းရှိပြီး မြို့ထဲသမ္မတအိမ်တော်ရာနားမှာရှိကာ ဗုဒ္ဓဆင်းတုငယ်ပေါင်း အရွယ်စုံ ပုံစံစုံ ၆၈၀၀ကျော်ရှိလို့ ထင်ရှားပါတယ်။

IMG_1752

ဘာတွေလုပ်ခဲ့လည်း

Vientiane မြို့ရောက်တဲ့အခါမှာတော့ မြို့ထဲက Khampiane Boutique Hotel မှာ Check in ဝင်ပြီး အနီးအနားက ဘုရားတွေဆီလမ်းလျှောက်သွားကြည့်ခဲ့တယ်။ ဒါပေမဲ့ ညနေစောင်းပြီဆိုတော့ ဘုရားတွေပိတ်နေပါပြီ။ လမ်းမှာလည်း လူတွေတအားရှင်းတာပဲ။ ကားဌားဖို့ Taxi လည်းမတွေ့။ တုပ်တုပ်လည်းမတွေ့။ လာအိုမြို့တော်ဖြစ်ပြီး လူရှင်းလိုက်တာလို့တောင် တွေးမိသေးတယ်။ ကံကောင်းချင်တော့ လမ်းအတော်လျှောက်ပြီးတဲ့အခါ တုပ်တုပ်တစ်စီးရပ်ထားတာတွေ့တာနဲ့ ဌားပြီး ကမ်းနားက ညဈေးထွက်ခဲ့တယ်။ ညဈေးနားမှာတော့ ကားတွေရော လူတွေရော စည်လို့ရယ်ပေါ့။ ထိုင်းက အဝတ်အစားတွေများပေမဲ့ ဈေးသက်သာတော့ ဝယ်ပျော်ပါတယ်။ နောက်တနေ့မှာတော့ နေ့တဝက်စာ ကားဌားထားပြီး မြို့ထဲကနေ ၁နာရီလောက်မောင်းရတဲ့ Buddha Park ရယ် လာအိုနိုင်ငံရဲ့ နာမည်အကြီးဆုံး That Luang စေတီရယ် Victory Monument ရယ်သွားခဲ့ပါတယ်။ ဘန်ကောက်ကို ထွက်တဲ့ Air Asia လေယာဉ်ချိန်က နေ့လည်၁း၄၅ဆိုတော့ နေ့လည်စာစားပြီး လေဆိပ်ထွက်ကာ ပြန်လာခဲ့ကြပါတယ်။

2018_04_01_18_32_IMG_1711.JPG

ခရီးစဉ်ဆွဲမယ်

ကိုယ်တွေသွားတုန်းကတော့ အချိန်မရှိလို့ တစ်မြို့ကိုတစ်ညနှုန်းနဲ့ နှစ်ညအိပ် နှစ်မြို့သွားခဲ့တယ်။ အချိန်ရရင်တော့ ၄ညအိပ်လောက်သွားသင့်တယ်။ အချိန်ပိုရရင်ရင်တော့ ၆ရက်လောက်နေပြီး လောင်ပရာဘန်မြို့ပါဆက်သွားလို့ရပါတယ်။ေ လာင်ပရာဘန်မှာဆိုလည်း လည်စရာ ရေတံခွန်တွေ၊ တောင်တွေရှိပါတယ်။ နောက်တစ်ခါသွားဖြစ်ရင်တော့ လောင်ပရာဘန်ပါရောက်အောင်သွားရမယ်။

2018_04_01_17_15_IMG_1761.JPG

ကုန်ကျစားရိတ်

ကုန်ကျစားရိတ်က ဘန်ကောက်ကနေ ရထားနဲ့သွား လေယာဉ်နဲ့ပြန်ခဲ့တာဆိုတော့ အားလုံးတွက်ကြည့်လိုက်တဲ့အခါမှာ ၂ညအိပ်ခရီးကို မြန်မာငွေ ၂သိန်းခွဲလောက်ပဲကျခဲ့ပါတယ်။ ထိုင်းမှာ ထိုင်းဘတ်သုံးခဲ့ပြီး လာအိုရောက်တဲ့အခါမှာတော့ လာအိုပိုက်ဆံ Kip ကို သုံးခဲ့ပါတယ်။ လာအိုပိုက်ဆံ 1000 Kip က မြန်မာငွေ 163ကျပ်နဲ့ ညီမျှပါတယ်။

လာအိုအစားအစာ

လာအိုအစားအစာက ထိုင်းမြောက်ပိုင်းအစာနဲ့ဆင်ပါတယ်။ Larb လို့ခေါ်တဲ့ အသားစင်းကောကို အရွက်တွေနဲ့ သုတ်ထားတဲ့ဟင်း၊ သင်္ဘောသီးထောင်း၊ ငါးပေါင်း၊ ကြက်ကင် စတာတွေကို ကောက်ညှင်းနဲ့တွဲစားလေ့ရှိပါတယ်။ ကောက်ညှင်းလေးကို လက်နဲ့ဖဲ့ပြီး အလုံးသေးသေးကျစ်ကျစ်လေးဖြစ်အောင် လုံးပြီးမှ ဟင်းတွေနဲ့တွဲစားတာပါ။ ပြင်သစ်လက်အောက်ရောက်ခဲ့တော့ ပြင်သစ်စာဖြစ်တဲ့ ပေါင်မုန့်လုံးလုံးရှည်ရှည်ထဲ အသားတို့ ဝက်ပေါင်ခြောက်တို့ကို အရွက်တွေ ရောညှပ်စားတဲ့ Baguette ဟာလည်း လာအိုလမ်းဘေးအစားအစာအဖြစ်ထင်ရှားပါတယ်။

လည်ပတ်ဖို့အကောင်းဆုံးအချိန်

လာအိုက မြန်မာနိုင်ငံနဲ့ရာသီဥတုဆင်တော့ လာအိုနိုင်ငံဆီ သွားရောက်လည်ပတ်ဖို့အကောင်းဆုံးအချိန်က နိုဝင်ဘာလနဲ့ ဧပြီလအကြား အေးမြတဲ့ရာသီဥတုမှာပဲဖြစ်ပါတယ်။

2018_04_02_10_45_IMG_1899

ဒီလောက်ဆိုရင်တော့ လာအိုအကြောင်း အကြမ်းဖျဉ်းသိလောက်ပြီထင်ပါတယ်။ လာအိုက ချစ်စရာကောင်းတဲ့ အိမ်နီးချင်းနိုင်ငံလေးပါ။ သဘာဝအလှတွေနဲ့ အေးချမ်းပါတယ်။ သွားလည်လို့လည်းကောင်းပါတယ်။ ဒါပေမဲ့ စိတ်မကောင်းတာက ကိုယ်တွေရဲ့ မြန်မာနိုင်ငံမှာ ဒီထက်ပိုလှတဲ့ ရှုခင်းတွေ၊ ပိုဆန်းကြယ်တဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးျွှုအမွေအနှစ်တွေ၊ လူမျိုးစုတွေ ရှိနေရက်နဲ့ ဒီနိုင်ငံသေးသေးလေးနဲ့ ယှဉ်လိုက်တဲ့အခါမှာ နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွေ ပိုနည်းနေတာကိုပါ။ သူတို့ရဲ့ မြို့တော်က ပဲခူးမြို့သာသာလောက်ပဲရှိပြီး ခရီးသွားတွေ အမြဲမပြတ်စည်ကားနေတဲ့ ဗန်ဗီယန်းမြို့ဆိုရင်လည်း ကလောမြို့လေးလိုပါပဲ။ ဒီလို လည်စရာ ၃-၄မြို့ပဲရှိတဲ့ လာအိုက မြန်မာထက် ခရီးသွားပိုများနေတာ တကယ်စိတ်မကောင်းပါဘူး။ အဓိကကတော့ Tourist တွေအသွားများတဲ့ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ကနေ ကုန်းကြောင်းကနေ အလွယ်တကူဝင်ရောက်နိုင်တာကြောင့် ဖြစ်ပါလိမ့်မယ်။ သိပ်မကြာခင်မှာလည်း ကိုယ်တွေရဲ့ မြန်မာနိုင်ငံအလှနဲ့ ယဉ်ကျေးအမွေအနှစ်တွေ ကမ္ဘာကျော်လာပြီး ခရီးသွားအများကြီးဝင်ရောက်လာပြီး ခရီးသွားလုပ်ငန်းကြီး တိုးတက်လာမယ်လို့တော့ မျှော်လင့်ရတာပဲနော်။
ချစ်ခင်လျှက်

Dr.Nu Myat

တူရကီက ကမ္ဘာ့ပထမဆုံး စိတ်ရောဂါကုဆေးရုံကြီး (World’s First Psychiatric Hospital in Turkey)

တူရကီက ကမ္ဘာ့ပထမဆုံး စိတ်ရောဂါကုဆေးရုံကြီး

ရှေးခေတ်က ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့တဲ့ တူရကီနိုင်ငံမှာ ရှေးဟောင်းမြို့ကြီးတွေ အဆောက်အအုံကြီးတွေရှိနေသလို ကမ္ဘာ့ပထမဆုံး စိတ်ရောဂါကု ဆေးရုံကြီးလည်း ရှိနေပါတယ်။
ဒီဆေးရုံကြီးကတော့ တူရကီအနောက်ပိုင်း Izmir ပြည်နယ် Bergama မြို့နားက Pergamon မြို့ဟောင်းမှာရှိတဲ့ Asklepion (အက်စ်ကလီပီယွန်)ဆိုတဲ့ ရှေးဟောင်း ဂရိဆေးရုံကြီးပါ။

2019_04_16_22_04_IMG_7489.JPG

ဘယ်လောက်တောင်ရှေးကျလည်းဆိုရင် ဘီစီ ၄ရာစုကတည်းက တည်ဆောက်ခဲ့တာဆိုတော့ နှစ်ပေါင်း ၂၅၀၀ကျော် သက်တမ်းရှိနေပါပြီ။ ရှေးခေတ်က ဂရိတွေရဲ့နာမည်ကြီး ဆေးကုသမှုစင်တာဖြစ်ပြီး ကုသမှုဆိုင်ရာ ဂရိနတ်ဘုရား Asklepio ကို ရည်စူးပြီးဆောက်လုပ်ခဲ့တာတဲ့လေ။ တူရကီနိုင်ငံ ရောမလက်အောက်ရောက်နေတဲ့ အေဒီ ၂ရာစုမှာ ရောမလူမျိုးတွေအကြား အကောင်းဆုံး ဆေးကုသမှုစင်တာတစ်ခုအဖြစ် ထင်ရှားလာခဲ့ပါတယ်။

2019_04_16_23_07_IMG_7481.JPG

ဘယ်လိုကုထုံးတွေနဲ့ ကုတာလဲ
————————————-
နုမြတ်တို့ တူရကီနိုင်ငံသွားလည်ခဲ့တုန်းက ဒီဆေးရုံကြီးကိုရောက်ခဲ့ပါသေးတယ်။ Asklepion ကြီးက ဆေးရုံ ဆေးခန်းထက်စာရင် Wellness Center တို့ Spa နဲ့တောင်တူနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ကုထုံးတွေက ရွှံ့ရည်စိမ်ရတာတို့၊ တေးဂီတဖျော်ဖြေပွဲတို့၊ နှိပ်နယ်တာတို့ဆိုတော့လေ။ မိုက်တယ်နော်… အဲ့ဒီကုထုံးတွေအပြင် အစားအစာကုထုံး၊ စိတ်ရောဂါကုထုံး၊ ဆေးဘက်ဝင်အပင်ကုထုံး၊ ရေစိမ်ကုထုံး၊ အိပ်မက်ဖတ်ကုထုံးစတဲ့ ကုထုံးတွေကိုလည်း အသုံးပြုခဲ့ကြတာတဲ့။ ဒါကြောင့်လည်း အခုခေတ်လိုမဟုတ်ဘဲ အဲ့ဒီခေတ်က ဆေးရုံတက်ချင်သူတွေ များမှများပဲလို့ သိရပါတယ်။

2018_03_03_12_51_IMG_75552019_04_16_23_15_IMG_7466

ဘယ်လိုပုံစံရှိလဲ
——————
ဆေးရုံကြီးက တောင်ကုန်းတွေကြားမှာရှိတော့ တည်နေရာကတင် အေးချမ်းသာယာလှပါတယ်။ေ ဆးကုသမှုခံယူလိုသူတွေအနေနဲ့ ဆေးရုံကြီးဆီကို ၂၆၉၀ပေရှည်ပြီး တိုင်တွေစီတန်းပြီးရှိနေတဲ့ ခမ်းနားလှတဲ့ လမ်းကြောင်းကနေ ဝင်ရပါတယ်။ ဒီလမ်းကြောင်းကြီးက ရှေးခေတ်ဂရိတောင်ပေါ်မြို့နဲ့ ဆေးရုံကြီးကြားဆက်သွယ်ပေးတဲ့ လမ်းကြောင်းကြီးပေါ့။ လမ်းကြောင်းအဆုံးမှာ ပြိုကျနေတဲ့ ဂိတ်ဝကြီးရှိပါတယ်။

2019_04_16_22_17_IMG_7222.JPG

ဂိတ်ပေါက်ကနေ ဝင်ဝင်ချင်းတွေ့ရတဲ့ ဝင်းထဲမှာတော့ အခုခေတ်ဆေးပညာရဲ့ သင်္ကေတအမှတ်တံဆိပ် မြွေရုပ်ပုံ ထွင်းထုထားတဲ့တိုင်လုံးကြီးရှိပါတယ်။ ဝင်းရဲ့ ညာဘက်က အင်ပါယာဘုရင်အခန်းဖြစ်ပြီး စာကြည့်တိုက်အဖြစ်လည်း သုံးခဲ့ကြပါတယ်။ အနီးအနားမှာ စက်ဝိုင်းပုံ အမိုးခုံး ကျောင်းဆောင်ကြီး ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အိပ်မက်ဥမင်
————-
အဲဒီကနေဆက်သွားရင် မြေအောက်ဥမင်လှိုဏ်ခေါင်းကြီးရှိပါတယ်။ ဥမင်လှိုဏ်ခေါင်းကို ကုထုံးအခန်းတွေ အဖြစ်ရော အိပ်ခန်းတွေအဖြစ်ပါ သုံးခဲ့ကြပါတယ်။ ဒီအိပ်ခန်းတွေက အိပ်မက်တွေကို ဖမ်းဆုပ်နိုင်တဲ့ အိပ်ခန်းတွေဖြစ်ပြီး ညကမက်တဲ့ အိပ်မက်တွေကို အဓိပ္ပါယ်တွေကောက်ကာ သင့်တော်တဲ့ ကုထုံးတွေ ရွေးချယ်ပေးပါတယ်။ ရှေးခေတ်ဂရိတွေက Asklepios နတ်ဘုရားက အိပ်မက်လာပေးတာလို့ ယူဆတာကြောင့် အိပ်မက်တွေဟာ ရောဂါကုသရာမှာအရေးပါတယ်လို့ မှတ်ယူထားကြပါတယ်။

2019_04_16_22_36_IMG_7503

အစွမ်းထက်ရေ
——————
ဝန်းထဲမှာ ရေကန်နဲ့ ရေပန်းပေါင်း ၃ခုရှိပြီး ဒီရေတွေကို သောက်ရေ၊ စိမ်ရေအပြင်၊ ကုထုံးတွေမှာ သုံးခဲ့ကြပါတယ်။ အဆောက်အအုံတွေ ပြိုကျပျက်စီးနေပေမဲ့ ရေပူစမ်းရေပန်းက ရေတွေ ခုထိစိမ့်ထွက်စီးဆင်းနေတုန်းပဲလေ။ ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ ဒီရေပူစမ်းက ရေတွေက ရေဒီယိုသတ္တုကြွဂုဏ်သတ္တိရှိတယ်ဆိုတာကို နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ပြီး အခုချိန်ထိ တချို့ရောဂါတွေကို ကုသပေးနိုင်တုန်းပဲတဲ့လေ။ ရေစိမ် ရွှံ့စိမ်တဲ့ Bathtub တွေကလည်း မိုက်မှမိုက်။ ရေစိမ်ကန်တွေကိုဆောက်ထားတဲ့ အုတ်တွေဆိုအကြီးကြီးတွေပဲ…

ဂီတကုထုံး
————
စာကြည့်တိုက်နဲ့ ကဇာတ်ရုံကြားထဲ တိုင်ကြီးတွေ စီတန်းပြီးရှိနေပါတယ်။ ကဇာတ်ရုံဆိုတာကြီးကလည်း အကြီးကြီးပဲရော။ လူပေါင်းထောင်ချီပြီး ကြည့်လို့ရတာတဲ့လေ။ တောင်စောင်းမှာရှိတာဆိုတော့ တောင်စောင်းအဆင့်ဆင့်ထိုင်ခုံတွေ စီတန်းထားတာ အခုထိအကောင်းတိုင်းရှိနေဆဲပဲ။ ဂီတကုထုံးနဲ့ ကုသဖို့အတွက် ဂီတဖျော်ဖြေပွဲတွေ လုပ်ပေးတယ်တဲ့လေ။ ဆေးရ့ုလာတက်တာ စတိတ်ရှိုးပါ ကြည့်ရတယ်။ မိုက်တယ်ရော…

ရှေးခေတ်ဂရိတွေက စိတ်ရောကိုယ်ပါကျန်းမာမှ ကျန်းမာရေးကောင်းမယ်လို့ ယူဆထားကြလို့ ဒီလို ကုထုံးတွေအသုံးပြုခဲ့ကြတာတဲ့လေ။ တချို့ကုထုံးတွေဆိုရင် အခုခေတ်မှာ တဖန်ပြန်လည်ခေတ်စားလာတာကြောင့် တကယ် အစွမ်းထက်မယ်ဆိုတာ မယုံမရှိပေါ့လေ။
အဲ့ဒီလိုသာ အိပ်လိုက်စားလိုက်၊ ရေစိမ်လိုက်၊ အနှိပ်ခံလိုက်၊ သီချင်းနားထောင်လိုက်နဲ့ ကုသရမယ်ဆိုရင် စိတ်ချမ်းသာတာနဲ့ ရောဂါတစ်ဝက်လောက်ပျောက်နေပြီနော်… ဟုတ်တယ်ဟုတ် ???

ချစ်တဲ့

Dr.Nu Myat