ပျော်ရွှင်ခြင်းနိုင်ငံ ဘူတန်ရဲ့ ထူးခြားချက် (၁၂)ချက်
ဘူတန်တဲ့…. ဘူတန်ဆိုတာကြားတာနဲ့တင် အေးချမ်းလှတဲ့ နိုင်ငံလေးကို မြင်ယောင်ကြမှာပါ။ ဒဏ္ဏာရီလာနိုင်ငံလေးတစ်ခုလို ဖြစ်နေတဲ့ နိုင်ငံလေးက တကယ်ဆို ပေါ်လာတာ နှစ်၁၀၀ ပဲ ရှိသေးတာတဲ့လေ။ ဘူတန်မှာ ရှုခင်းတွေက သာယာလှပသလို လူတွေကလည်း ပျော်ရွှင်ငြိမ်းချမ်းနေပုံပေါက်ကြပါတယ်။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြပြီး ဗုဒ္ဓရဲ့ အဆုံးအမကို နာခံကြတာကြောင့်ပါ။ ဒါကြောင့်လည်း ပျော်ရွှင်ခြင်းနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတာပေါ့။
ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်၊ ကမ္ဘာမှာ လူမတက်ရသေးတဲ့အမြင့်ဆုံးတောင်၊ ကမ္ဘာ့တစ်ခုတည်းသော မီးပွိုင့်မရှိတဲ့နိုင်ငံ စတဲ့ ကမ္ဘာ့စံချိန်ချိုးထားတဲ့ နိုင်ငံတစ်ခုလည်းဖြစ်တယ်တဲ့လေ။ ချောမောလှပငယ်ရွယ်တဲ့ ပညာတတ်ဘုရင်နဲ့မိဖုရားတို့ရဲ့ အချစ်ဇာတ်လမ်း၊ ရိုးရာဝတ်စုံတွေဝတ်ပြီး ရိုးရာအိမ်လေးတွေမှာနေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားတွေစတဲ့ ဘူတန်နိုင်ငံရဲ့ ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေရယ်…. သွားလည်သင့်တဲ့နေရာတွေရယ်ကို တင်ပေးလိုက်ပါတယ်နော်။
စက်တင်ဘာလတုန်းက Mighty Travels နဲ့ သွားခဲ့တဲ့ ဘူတန်ခရီး Review အတိုချုံးပြီးတင်မယ်စိတ်ကူးပေမဲ့ ဘူတန်နိုင်ငံက တအားစိတ်ဝင်စားဖို့ကောင်းလို့ သေသေချာချာလေးရေးလိုက်တာ နည်းနည်းတော့ ရှည်သွားတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်ကြပါနော်။
(1) ပျော်ရွှင်ခြင်းနိုင်ငံ
————————–
ဘူတန်ကို ပျော်ရွှင်ခြင်းနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတာဟာ ဘူတန်က တခြားနိုင်ငံတွေလို လူတစ်ယောက်ချင်းစီရဲ့ ဝင်ငွေပေါ်မတိုင်းတာဘဲ ပျော်ရွှင်မှုကိုသာတိုင်းတာတဲ့ နိုင်ငံလေးမို့လို့ပါ။ Gross National Happiness (GNH) ကို တိုင်းတဲ့ နိုင်ငံဖြစ်လို့ ဘူတန်မှာတွေ့ရတဲ့ လူအတော်များများ အေးချမ်းပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ ဒါဟာ ချမ်းသာကြွယ်ဝနေလို့မဟုတ်ပေမဲ့ ရောင့်ရဲတင်းတိမ်တတ်တဲ့စိတ်၊ ရိုးရှင်းစွာနေထိုင်တတ်တဲ့စိတ်တွေကြောင့် စိတ်ချမ်းသာ ပျော်ရွှင်ကြရတာပါ။
(2) မိုးကြိုးနဂါးနိုင်ငံ
————————–
ဘူတန်ရဲ့ အဓိပ္ပါယ်က Land of Thunder Dragon မိုးကြိုးနဂါးတိုင်းပြည် ပါ။ ဘူတန်မှာ မိုးခြိမ်းရင် ကြောက်စရာကောင်းတော့ မိုးခြိမ်းတာက နဂါးတို့ရဲ့ အရိပ်အရောင်လို့ ယူဆကြပြီး ဒီလို နာမည်ပေးခဲ့ကြပါတယ်။ ဒါကြောင့် ဘူတန်ရဲ့ အလံမှာ သာသနာ့အရောင်ဖြစ်တဲ့ အဝါနဲ့လိမ္မော်တြိဂံ ၂ခုဆက်ထားတဲ့အပေါ် နဂါးရုပ်ကြီးထပ်ထားတာပါ။
(3) Tourism ကန့်သတ်ထားတဲ့နိုင်ငံ
—————————————-
ဘူတန်ကိုသွားလည်ချင်ရင် တခြားနိုင်ငံတွေလို Budget Trip သွားလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရက Tourist တွေအနေနဲ့ တစ်ရက်ကို US$ 250 (မြန်မာငွေ ၄သိန်းနီးပါး) အနည်းဆုံးသုံးဖို့ ကန့်သတ်ထားလို့ပါ။ အဲ့ထဲမှာ 3 star အဆင့်ရှိတဲ့ ဟိုတယ်၊ အစားအသောက်၊ အကြိုအပို့၊ ဝင်ကြေး အကုန်ပါပါတယ်။ ဒီလိုဈေးတင်ထားရတာဟာ နိုင်ငံထဲကို အပြင်လူတွေအများကြီးဝင်လာရင် ယဉ်ကျေးမှုအမွေအနှစ်တွေ၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှာစိုးတာကြောင့်ပါတဲ့။ Idea လေးမဆိုးဘူးနော်။ အဲ့လိုလေး ချေထားလို့လည်း နိုင်ငံကို ပိုစိတ်ဝင်စားလာကြတာပါ။
(4) ဘုရင်အုပ်ချုပ်တဲ့နိုင်ငံ
—————————-
ဘူတန်အကြောင်းပြောရရင် ဘူတန် ဘုရင်မိသားစုအကြောင်းချန်ထားလို့မရပါဘူး။ လက်ရှိဘုရင်နဲ့ မိဖုရားရယ်၊ သားတော်လေးရယ်က ချောမွေ့လှပလွန်းလို့ ကမ္ဘာကျော်နေတာပါ။ ဘုရင်ကြီးရဲ့အသက်က ၃၈နှစ်ပဲရှိသေးပြီး မိဖုရားလေးက ဘုရင်ကြီးနဲ့ အသက်(၁၀)နှစ်ကွာပါတယ်။ ၂ယောက်လုံးက ကမ္ဘာကျော်တက္ကသိုလ်တွေက ဘွဲ့ရပညာတတ်တွေတဲ့လေ။ သားတော်လေးဆို အသက် ၃နှစ်ကျော်ကျော်လေးပဲရှိတယ်။ အရမ်းချစ်ဖို့ကောင်းတာပဲ။
ဘူတန်နိုင်ငံ က ဘုရင်တွေ အုပ်ချုပ်တဲ့ ဒဏ္ဏာရီလာနိုင်ငံလေးလို ဖြစ်နေပေမဲ့ သက်တမ်းက ပြောရမယ်ဆိုရင် နှစ် ၁၀၀ ပဲရှိသေးတာပါ။ တိဘက်နဲ့ အိန္ဒိယက ပြည်နယ်စုတွေပေါင်းစည်းပြီး Kingdom of Bhutan ဆိုပြီး ၁၉၀၇ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တာပါတဲ့။ ဘုရင်မင်းဆက်ဆိုလည်း အခုမှ ၅ဆက်မြောက်ပဲ ရှိပါသေးတယ်။ ၂၀၀၈ခုနှစ်က နန်းတက်ခဲ့တဲ့ ၅ဆက်မြောက်ဘုရင်နာမည်က ဂျေမီ ခေဆာ နမ်ကျယ် ဝမ်ချူး တဲ့။ ဝမ်ချူမိသားစုကဆင်းသက်လာတော့ အတိုကောက်အနေနဲ့ ဂျေမီဝမ်ချူးကို မှတ်ထားလို့ရတယ်။ ဂျေမီဝမ်ချူးဆိုတာ ဘုရင်တိုင်းမှာရှိတဲ့ နာမည်ပေါ့။ ခလယ်ကနာမည်တွေပဲ ပြောင်းသွားတာပါ။
(5) ရိုးရာအဆောက်အအုံတွေပဲ ဆောက်ခွင့်ရှိတဲ့နိုင်ငံ
———————————————————-
ဘူတန်မှာထူးခြားတာက အဆောက်အအုံတွေပါ။ ရိုးရာ အဆောက်အအုံတွေနေရာတိုင်းမှာတွေ့ရတယ်။ လေဆိပ်က အစ ရိုးရာအငွေ့အသက်လွှမ်းခြုံနေတယ်။ ဘူတန်မှာ အထပ်မြင့်ဆောက်ခွင့်မရှိဘူး။ အမြင့်ဆုံးမှ ၆ထပ်အထိပဲရှိတာ။ အဆောက်အအုံတွေကိုလည်း ရိုးရာစတိုင်နဲ့ပဲဆောက်ခွင့်ရှိတယ်တဲ့။ International Company တွေ ဟိုတယ်တွေကအစ ထူးခြားပြီး ဆောက်လို့မရဘူးတဲ့လေ။
နောက်သတိထားမိတာတစ်ခုက အိမ်ခေါင်မိုးတွေပေါ် ကျောက်ခဲတွေခင်းထားတာကိုပါ။ ဘူတန်မှာက တောင်ကြားကိုဖြတ်တိုက်လာတဲ့လေက အရမ်းပြင်းလို့ ခင်းထားရတာပါတဲ့လေ။
(6) ရိုးရာဝတ်စုံဝတ်ကြတဲ့ နိုင်ငံ
———————————-
ဘူတန်မှာသတိထားမိတာ လူအတော်များများ ရိုးရာဝတ်စုံဝတ်ကြတယ်။ အစိုးရဝန်ထမ်းတွေရယ်၊ ခရီးသွားလုပ်ငန်းလုပ်နေတဲ့သူတွေရယ်၊ ကျောင်းသားကျောင်းသူတွေရယ်အနေနဲ့ ရိုးရာဝတ်စုံကို မဝတ်မနေရလို့ သတ်မှတ်ထားကြတယ်။ဘူတန်ရိုးရာဝတ်စုံတွေမှာ ယောကျာ်းဝတ်ကို Gho ဂိုလို့ခေါ်တယ်။ ဂါဝန်လိုလို၊ ကုတ်အရှည်လိုလိုအပေါ်ဝတ်ကို အောက်ကဘောင်းဘီရှည်မဝတ်ဘဲ ခြေအိတ်အရှည်ရယ် ရှူးဖိနပ်ရယ်နဲ့တွဲဝတ်ရတာပါ။
မိန်းမဝတ်ကိုတော့ Kira ကီရာလို့ခေါ်ပါတယ်။ ရှမ်းဝတ်စုံနဲ့ဆင်ပြီး ပိုးလို ဖဲလိုခပ်ပြောင်ပြောင်အစနဲ့ အပေါ်ဝတ်အင်္ကျီလက်ရှည်ကို အောက်က ထမီလိုရိုးရာအစနဲ့တွဲဝတ်တာပါ။ ထမီနဲ့ဆင်ပေမဲ့ ဝတ်ပုံဝတ်နည်းမတူပါဘူး။ အနောက်ကနေပြန်ပတ်ပြီး ကပ်ခွာတွေရော ချိတ်တွေရောသုံးပြီးဝတ်ရပါတယ်။ ဝတ်စုံတွေကလည်း ဈေးအမျိုးမျိုးရှိတယ်။ ထမီအဆင်တွေက လက်နဲ့ယက်ကြတာဆိုတော့ ဈေးကြီးကြတယ်။ တစ်စုံကို တစ်သိန်းဝန်းကျင်လောက်ရှိတယ်။ တစ်ထည်ကို ၂၃သိန်းတန်ထမီတောင်တွေ့ခဲ့ရပါတယ်။
Mighty Travels က ဧည့်သည်တွေကို ရိုးရာဝတ်စုံတွေ တစ်စုံဆီ လက်ဆောင်ပေးတာဆိုတော့ သင်ဖူးပွဲတော်သွားတက်တဲ့အခါ ကိုယ်တွေက ရိုးရာဝတ်စုံကို ဝတ်ပြီး ပွဲတက်ခဲ့ကြတယ်။ ဒါပေမဲ့ ရိုးရာဝတ်စုံဝတ်မယ်ဆိုရင် ဖြစ်ကတတ်ဆန်းပေးမဝတ်ပါဘူး။ ဝတ်စုံပြည့်ဝတ်မှ ရမှာတဲ့။ ဥပမာ- မိန်းကလေးတွေဆို အပေါ်ကရိုးရာပုဝါတင်ပြီး ဝတ်ရတယ်။ ယောကျာ်းလေးတွေဆိုလည်း ခြေအိတ်ရှည်နဲ့ဝတ်ရတယ်။ ဝတ်စုံပြည့်မဝတ်ရင် မလေးစားရာကြတယ်ဆိုလို့ လိုအပ်တဲ့ Accessories တွေထပ်ဝယ်ခဲ့ပြီး ဝတ်စုံပြည့်ပွဲတက်ခဲ့ကြပါတယ်။ (7) ဘာသာရေးလိုက်စားတဲ့ နိုင်ငံ
————————————-
ဘူတန်က ဘာသာရေးကို လေးလေးနက်နက်ယုံကြည်ကြပါတယ်။ မဟာယာန ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံဖြစ်ပြီး တချို့ကျေးရွာတွေမှာ နတ်ကိုးကွယ်တာလည်းတွေ့ခဲ့ရပါတယ်။ သာသနာပိုင်းမှာ ခေါင်းဆောင်ဆရာတော်က ဘုရင့်လောက်နီးနီး သြဇာရှိပါတယ်။ ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်တဲ့နိုင်ငံ ဖြစ်တဲ့အလျောက် Criminal Case လည်း အရမ်းနည်းပါတယ်။
ဘူတန်စေတီက လေးထောင့်ပုံစံ စေတီပါ။ စေတီကို ချော်တန် လို့ခေါ်ပါတယ်။ အောက်ဆုံးလေးထောင့်ပုံက မြေကြီးဓာတ်ဖြစ်ပြီး အပေါ်မှာ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ် အဆင့်ဆင့်တင်ထားတာပါ။ အောက်ဆုံးလေးထောင့်က လောကစောင့်နတ်ကြီးလေးပါးကို ကိုယ်စားပြုပါတယ်။ အပေါ်က စေတီအဝိုင်း လေးခုက ပွင့်ပြီးသားဘုရားလေးဆူကို ကိုယ်စားပြုပြီး ၁ခုပဲဆို နောင်ပွင့်မယ့်ဘုရားကို ကိုယ်စားပြုပါတယ်။ ဘုရားစေတီတွေကိုပတ်မယ်ဆိုရင် လက်ယာရစ် ပတ်လေ့ရှိကြပါတယ်။
Prayer Wheel လို့ခေါ်တဲ့ လက်နဲ့လှည့်ရတဲ့ ခေါင်းလောင်းတွေရယ်၊ Prayer Flag လို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေကိုနှင်တဲ့ ဂါထာမဌာန်တွေရေးထားတဲ့ အလံအဖြူ or အလံရောင်စုံတွေရယ်ကိုလည်း နေရာအတော်များများမှာတွေ့ရလေ့ရှိပါတယ်။

(8) သက်ရှိတွေ ကာကွယ်တဲ့ နိုင်ငံ
————————————–
ဘူတန်မှာ အပင်ရော၊ တိရစ္တာန်ရော လွတ်လပ်စွာရှင်သန်ခွင့်ရှိတယ်။ အပင်တွေကို သက်ရှိလို့ သတ်မှတ်တဲ့အတွက် ဘူတန်ရောက်ရင် ပန်းတွေလှလို့မခူးပါနဲ့။ အာပတ်သင့်ပါလိမ့်မယ်။
ဘူတန်မှာ အကောင်တွေသတ်တာကိုလည်း ပြင်းပြင်းထန်ထန်တားမြစ်ပါတယ်။ ရှားပါးတိရစ္ဆာန်ဖြစ်တဲ့ ဘူတန်မှာပဲ တွေ့ရတဲ့ လည်တံမည်းကြိုးကြာငှက်ကို သတ်ရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျတဲ့အထိ အပစ်ကြီးပါတယ်။ အဲ့ငှက်တွေ ကျက်စားလေ့ရှိတဲ့နေရာမှာဆို အစားအသောက်ကောင်းအောင် ရေမြေထိန်းသိမ်းပေးထားတာတဲ့။ ငှက်တွေထိခိုက်မှာဆိုးလို့ အဲ့နေရာတဝိုက် ဓာတ်ကြိုးတွေတောင် သွယ်ခွင့်မရှိဘဲ မြေအောက်ကနေသွယ်ရတယ်တဲ့လေ။
(9) ကမ္ဘာပေါ်မှာလူမတက်ရသေးတဲ့ အမြင့်ဆုံးတောင်ရှိတဲ့ နိုင်ငံ
———————————————————————–
Buhtan အမြင့်ဆုံးတောင်ထိပ် Gangkhar Puensum က ကမ္ဘာပေါ်မှာ ၄၀ခုမြောက်အမြင့်ဆုံးတောင်ပါတဲ့။ ဒါပေမဲ့ ကမ္ဘာပေါ်မှာလူမတက်ရသေးတဲ့တောင်ထိပ်မှာ အမြင့်ဆုံးပါပဲ။ ဘာကြောင့်လည်းဆိုတော့ ဘူတန်တွေက အယူသည်းပြီး တောင်ပေါ်ပေးမတက်တာကြောင့်ပါ။ လူတွေတောင်ထိပ်ပေါ်တက်ရင် ရာသီဥတုပျက်မယ်၊ စိုက်ပျိုးရေးမဖြစ်ထွန်းဘဲ အစာရေစာခေါင်းပါးမယ်ဆိုပြီး အယူရှိလို့ပေးမတက်တာပါတဲ့။
(10) ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်ရှိတဲ့ နိုင်ငံ
—————————————————-
ဘူတန်ကိုသွားချင်ရင် တိုက်ရိုက်သွားလို့ မရပါဘူး။ ဘန်ကောက်ကတဆင့် Butan Airlineနဲ့ သွားရပါတယ်။ ဘန်ကောက်ကနေ ဘူတန်အသွားလေယာဉ်မှာ ဘယ်ဘက်ထိုင်ခုံရအောင်တောင်းပါ။ ရာသီဥတုသာယာရင် လမ်းမှာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို လေယာဉ်ပေါ်က လှမ်းမြင်ရပါလိမ့်မယ်။ ဘူတန်ရဲ့ တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာလေဆိပ် Paro Airport က ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်တွေထဲက တစ်ခုပါ။ တောင်တွေကို ဖြတ်ပြီး တောင်ကြားထဲက လေဆိပ်ကို ဆင်းရတာ ပညာသားပါပါတယ်။ Well Trained Pilot တွေသာဆင်းနိုင်တာပါ။ ဒါကြောင့်လည်း လေဆိပ်ကို ချောချောမွေ့မွေ့ဆိုက်ရောက်တဲ့အခါ လေယာဉ်စီးခရီးသည်တွေ လက်ခုပ်တီး ဂုဏ်ပြူကြတာကို တွေ့ခဲ့ရတာပါ။
(11) မီးပွိုင့်မရှိတဲ့ နိုင်ငံ
————————–
ကမ္ဘာပေါ်မှာ မီးပွိုင့်မရှိတဲ့ နိုင်ငံကိုပြပါဆို ဘူတန်ကိုပဲပြရမှာပါ။ ဘူတန်မြို့တော် သင်ဖူးက ကမ္ဘာပေါ်မီးပွိုင့်မရှိတဲ့ မြို့တော်၂ခုထဲကတစ်မြို့ပါ။ နောက်တစ်မြို့ကတော့ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်းပါတဲ့။ သင်ဖူးမြို့မှာ မီးပွိုင့်မရှိတော့ ကားအရမ်းရှုပ်တဲ့ လမ်းဆုံလမ်းခွတစ်ခုမှာတော့ ယဉ်ထိန်းရဲတစ်ယောက်ကို တာဝန်ချထားရပါတယ်တဲ့လေ။
(12) TV နဲ့ Internet နောက်အကျဆုံးသုံးတဲ့ နိုင်ငံ
——————————————————-
ဘူတန်မှာအရင်တုန်းက TVနဲ့ အင်တာနက်တွေကို ပိတ်ပင်တားမြစ်ထားပြီး လွန်ခဲ့တဲ့ ၁၉နှစ်ကျော် ၁၉၉၉ခုနှစ်မှာမှ TV တွေ Internet တွေ အသုံးပြုခွင့်ပေးလိုက်တာတဲ့လေ။
————————–
Quick Facts
————————–
• အိမ်နီးချင်းနိုင်ငံ – တရုတ်နဲ့ အိန္ဒိယ
• လူဦးရေ – ၇သိန်းကျော်
• မြို့တော် – သင်ဖူး
• ငွေကြေး – Nu နူ လို့ခေါ်ပါတယ်။ ၁ နူကိုမြန်မာငွေ ၂၂ကျပ်ကျပါတယ်။
• ရာသီဥတု – နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဆိုပြီး ၄မျိုးရှိပါတယ်။ ကိုယ်တွေရောက်ခဲ့တဲ့ Spetember လကတော့ နွေအကုန် ဆောင်းဦးအကူး ကာလမို့လို့ အရမ်းမပူဘဲနေလို့ကောင်းပါတယ်။
• National Flower – တောင်ဇလပ်မျိုးနွယ်ဖြစ်ပြီး မေလလောက်ပွင့်လေ့ရှိပါတယ်။ Blue Poppy လို့ခေါ်တဲ့ ဘိန်းပန်းကိုလည်း National Flower အဖြစ်သတ်မှတ်ထားကြပါတယ်။
• National Animal – သားမင်းလို့ခေါ်တဲ့ နွားကိုယ်ဆိတ်ခေါင်းရှိပြီး ဒဏ္ဏာရီနဲ့ ဆက်စပ်တဲ့အကောင်ပါ။ အဲ့လိုအကောင်က ကမ္ဘာပေါ်မှာ ၄နိုင်ငံပဲရှိတာတဲ့။ မြန်မာ၊ နီပေါ၊ တရုတ်၊ ဘူတန်မှာပဲ တွေ့ရတာတဲ့လေ။
• National Bird – တောကျီးကန်းပါ။ ဘုရင်တွေဆောင်းတဲ့ ဥသျှောင်ထိပ်မှာတွေ့ရတဲ့ အကောင်ပါ။
• National Tree – Cyprus အပင်
အုပ်ချုပ်ရေး
————————–
အုပ်ချုပ်ရေးကတော့ Democracy & Constitutional Monarchy စနစ်နဲ့အုပ်ချုပ်ပါတယ်။ သူတို့ဆီမှာလွှတ်တော်ရှိပေမဲ့ ဘုရင်ကိုချစ်ကြောက်ရိုသေလို့ ဘုရင်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ယူပါတယ်။
ကာကွယ်ရေး
————————–
ကာကွယ်ရေးပိုင်းအနေနဲ့ စစ်တပ်က ကိုယ်ပိုင်စစ်တပ်ရှိပေမဲ့ အိန္ဒိယကစစ်တပ်ကို အဓိကအားထားပါတယ်။ ကာကွယ်ရေးသာမက စီးပွားရေးမိတ်ဖက်အနေနဲ့ India ကို တည့်အောင်ပေါင်းထားပါတယ်။ အိန္ဒိယကို Hydro Power ရေအားလျှပ်စစ်ပြန်ရောင်းပေးပါတယ်။ တိဘက်ကို တရုတ်ကသိမ်းပြီးနောက် တရုတ်ကိုကြောက်သွားတာကြောင့် India နဲ့ မဟာမိတ်ဖွဲ့ထားတာပါတဲ့လေ။
စီးပွားရေး
————————–
နိုင်ငံရဲ့ အဓိကစီးပွားရေးက Tourism ပါ။ ရေစီးသန်တဲ့မြစ်တွေရှိလို့ ရေအားလျှပ်စစ်ရောင်းပြီးလည်း ဝင်ငွေရပါတယ်။ နိုင်ငံရဲ့ 60%က တောယာတွေမို့လို့ စိုက်ပျိုးရေးလည်း ဖြစ်ထွန်းပါတယ်။
ရိုးရာအစားအစာ
————————–
ကိုယ်တွေလိုမျိုး ထမင်းနဲ့ဟင်းစားပါတယ်။ သူတို့အစားအစာတွေက တရုတ်စာတွေနဲ့ဆင်ပေမဲ့ အသားအစားနည်းပါတယ်။ နိုင်ငံထဲမှာ အသားသတ်လို့မရတော့ အသားကို India နဲ့ Nepal ကနေ တင်သွင်းလေ့ရှိကြတယ်တဲ့လေ။ ဟင်းသီးဟင်းရွက်က ရေခံမြေခံကောင်းတော့အရမ်း လတ်ဆတ်ပါတယ်။ ချိစ်လည်း အစားများတယ်။ Yakလို့ခေါ်တဲ့ တိဘက်နွားနို့ကနေရတဲ့ ချိစ်ကို စားကြတယ်။
အကြိုက်ဆုံးကတော့ ဟီမာတာချီ လို့ခေါ်တဲ့ ငရုတ်သီး-ချိစ်ချက်ပါ။ ငရုတ်သီး ငပိချက်ဟုတ်ဘူး။ ချိစ်ချက်။ ငရုတ်သီးအတောင့်အစိမ်းကို ခွဲပြီး ချိစ်နဲ့ရောချက်စားတာ အီအီစပ်စပ်လေးနဲ့ကောင်းမှကောင်း။
ဘူတန်မှာ ကွမ်းလည်း စားကြတယ်။ ကွမ်းကိုဆေးတွေမထည့်ဘဲ ကွမ်းရွက်နဲ့ ကွမ်းသီးပဲစားကြတာပါ။ ဘူနန်ကွမ်းကို Dolma လို့ခေါ်ပါတယ်။
ဘာသာစကား
————————–
Dzongkha လို့ခေါ်တဲ့ ဘာသာစကားသုံးလေ့ရှိပြီး တခါတလေ နီပေါစကားပြောတတ်ကြပါတယ်။ အတော်များများက English လိုလည်း ပြောတတ်ကြတာကို တွေ့ခဲ့ရပါတယ်။ အသုံးဝင်မယ့် စကားစုတွေကတော့
• မင်္ဂလာပါ – ဂူဇူဇမ်ဘိုလာ
• ကျေးဇူးတင်ပါတယ် – ကတ်သရင်းချေလာ
• နှုတ်ဆက်တဲ့အခါ – ကံကောင်းပါစေ – တာချီတလဲ
————————–
ဘယ်တွေလည်မလဲ
————————–
ဘူတန်က ဟိမဝန္တာတောင်ကြောတွေပေါ်တည်ထားတဲ့ နိုင်ငံဆိုတော့ မြို့လေးတွေကလည်း အေးချမ်းလှပါတယ်။ တောင်ကြားထဲ စီးဆင်းနေတဲ့ မြစ်တလျှောက် လမ်းဖောက်ထားတဲ့ ကားလမ်းအတိုင်း တစ်မြို့နဲ့ တစ်မြို့ကို ကားနဲ့သွားရပါတယ်။ ကားမူးတတ်တဲ့သူတွေဆိုရင်တော့ Novomin တို့လို အမူးအမော်ပျောက်ဆေးတွေ ဆောင်ထားသင့်ပါတယ်။
မြို့တွေမှာတော့ ဖူးမြော်စရာ စေတီတွေ၊ ဘုရားကျောင်းတွေ၊ ဗိမာန်တော်တွေရှိကြတယ်။ ဘူတန်ကို အဓိကသွားတာကတော့ ရှုမြော်ခင်းတွေနဲ့ သူတို့ရဲ့ Unique Culture ကြောင့်ပါ။ ဘူတန်ရောက်ခဲ့တဲ့ ၄ရက်အတွင်း မြို့၃မြို့ရောက်ခဲ့တယ်။ အဲ့ဒီ ၃မြို့နဲ့ လည်ပတ်စရာနေရာတွေကတော့….
ပါရိုမြို့
————————–
ဘူတန်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိတဲ့တစ်ခုတည်းသောမြို့ပါ။ ဘူတန်ကိုလာချင်ရင် ဒီမြို့ကိုအရင်ဆုံးရောက်ပါလိမ့်မယ်။ ဘူတန်ရဲ့ အထင်ကရ Tiger Nest ကျားသိုက်ကျောင်းတော်ကြီးရှိတဲ့ မြို့ဆိုလည်း မမှားပါဘူး။ Tiger Nest က ကျောက်တောင်ကြီးရဲ့ ကမ်းပါးမှာ ၁၆ရာစုခန့်ကတည်ဆောက်ခဲ့တဲ့ ဘုန်းကြီးကျောင်းပါ။ ဘုန်းကြီးကျောင်းရောက်ဖို့ တောင်တက်လမ်းအတိုင်း ၄-၅နာရီလောက်ကြာ အတက်အဆင်းလုပ်ရတာဆိုတော့ ခြေထောက်မကောင်းတဲ့ လူကြီးတွေအနေနဲ့တော့ သွားဖို့ မသင့်တော်ပါဘူး။ မသွားနိုင်ရင် အဲ့ဒီအစားမြို့ထဲက အထင်ကရနေရာတွေကို လိုက်ပို့ပေးပါတယ်။ မြင်းနဲ့လမ်းရဲ့ ၃ပုံတစ်ပုံလောက်တော့တက်လို့ရပေမဲ့ ကျန်တာက လမ်းလျှောက်တက်ရပါတယ်။ မြင်းနဲ့ဆင်းလို့လည်းမရပါဘူး အတက်ပဲရတာပါ။
————————–
သင်ဖူးကတော့ လက်ရှိမြို့တော်ဖြစ်ပြီး နွေရာသီမြို့တော်လို့လည်းခေါ်ကြပါတယ်။ ရာသီဥတုက အေးစိမ့်စိမ့်လေးရှိတာကြောင့်ပါ။ သင်ဖူးမှာ ဘူတန်ဘုရင်နန်းတော်နဲ့ သင်ဖူးဗိမာန်တော်၊ အောက်မေ့ဖွယ်စေတီ၊ Changnakha ဘုန်းတော်ကြီးကျောင်း၊ အကြီးဆုံး ထိုင်တော်မူကြေးသွန်းဘုရား၊ သားမင်းတွေမွေးမြူထားတဲ့ ဥယျာဉ်တွေဆီ သွားရောက်လေ့လာနိုင်ပါတယ်။

ဘူတန်မှာပွဲတော်တွေကို နိုင်ငံအနှံ့ လစဉ်ကျင်းပတာ သင်ဖူးမြို့တော်မှာ ကျင်းပတဲ့ သင်ဖူပွဲတော်ကတော့ အကြီးကျယ်အခမ်းနားဆုံးပေါ့။ မြို့တော်မှာကျင်းပတဲ့ပွဲဆိုတော့ တချို့နှစ်တွေမှာ ဘုရင်ကိုယ်တိုင်ကြွလာပြီး အားပေးလို့ ကံကောင်းရင် ဘုရင်ကိုတောင် တွေ့နိုင်ပါတယ်။
ကိုယ်တွေသွားတဲ့အချိန်နဲ့ ကြုံလို့ သင်ဖူးပွဲတော်တက်ရောက်ခဲ့သေးတယ်။ တကယ့်ကို ဒဏ္ဏာရီထဲ ရောက်သွားသလိုပါပဲ။ မြို့နေလူတွေရော အနီးအနားရွာကလူတွေပါ ပွဲတော်ကို ရိုးရာဝတ်စုံကိုယ်စီနဲ့ ဝတ်ကောင်းစားလှတွေ ဝတ်ပြီး လာတက်ကြတာ ဘူတန်အကယ်ဒမီပေးပွဲရောက်နေသလိုပဲ။ မြင်မြင်သမျှလှနေကြတာ။ ပွဲတော်မှာ တစ်နေကုန် အကအလှတွေနဲ့ ဖျော်ဖြေတော့ ပွဲတော်လာတဲ့ ပရိသတ်တွေလည်း ဝင်လာမစဲ တသဲသဲရယ်ပေါ့။ ဘူတန်သွားမယ်ဆိုရင် ပွဲတော်ရက်နဲ့ တိုက်သွားဖို့ အကြံပေးချင်ပါတယ်။ တကယ့်ကို ဆန်းသစ်တဲ့ အတွေ့အကြုံကို ခံစားရမှာပါ။
ပူနားခါး
————————–
ပူနားခါးမြို့ကတော့ ၁၉၅၅ခုနှစ်အထိ မြို့တော်ဖြစ်ခဲ့တဲ့ မြို့လေးဖြစ်ပြီး အခုချိန်မှာတော့ ဆောင်းရာသီမြို့တော်လို့ တင်စားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆောင်းရာသီတခြားနေရာမှာအေးနေတဲ့အခါ ဒီမှာနွေးနေတတ်တာကြောင့်ပါ။
ဖိုချူးနဲ့ မိုချူး အဖေမြစ်နဲ့ အမေမြစ်ဆုံရာ နေရာမှာ ရှိတဲ့ ပူနားခါးက ဂျုံ (Dzhong)လို့ခေါ်တဲ့ ကျက်သရေဆောင်ဗိမာန်တော်ကြီးကတော့ လှလွန်းလို့ ပို့စကတ်တွေမှာ ခဏခဏမြင်ရတဲ့ အဆောက်အအုံပါ။ ဘုရင်မင်းဆက် အဆက်ဆက်က Cronation နန်းတက်ပွဲ၊ လက်ထပ်ထိမ်းမြားပွဲတွေကျင်းပရာနေရာဖြစ်သလို သာသနာ့ နာယကကျောင်းထိုင်ရာ ကျောင်းလည်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဆောက်အအုံ၊ ခံတပ်၊ နန်းတော်အနေနဲ့ အသုံးပြုခဲ့ကြတဲ့နေရာပါ။ သူတို့လူမျိုးတွေအနေနဲ့ ဂျုံထဲဝင်ရောက်တဲ့အခါ အရိုအသေပေးတဲ့အနေနဲ့ ရိုးရာဝတ်စုံပေါ် အဖြူရောင်ပုဝါကိုပတ်ပြီးဝင်ကြတာကိုတွေ့ခဲ့ရပါတယ်။
သားဆုပန်နတ်ကွန်း
————————–
ပူနားခါးမြို့နားမှာ သားသမီးရအောင် ဆုပန်တဲ့ နတ်ကွန်းတစ်ခုရှိတယ်။ အဲ့နတ်ကွန်းရှိတဲ့ ရွာလေးကလည်း အရမ်းထူးဆန်းတာပဲ။ ရိုးရာအိမ်တွေရဲ့ နံရံတွေမှာ အမျိုးသားလိင်အင်္ဂါပုံကို ကာတွန်းပုံ၊ ပန်းချီပုံ အရောင်စုံဆွဲပြီး အလှဆင်ထားကြတာ။ သားသမီးရဖို့ အဆောင်အယောင်လို့ သဘောထားပြီး အလှဆင်ထားတာတဲ့။ ပုံတူရုပ်တု လေးတွေတောင် Size စုံ၊ အရောင်စုံ ရောင်းလို့ အမှတ်တရ ဝယ်သွားလို့ရတယ်နော့။
Dochular Pass
————————–
ပါရိုကနေ ပူနားခါး အသွားလမ်းမှာရှိတဲ့ တောင်ပေါ်မှာတည်ထားတဲ့ ဘူတန်ရိုးရာ လေးထောင့် စေတီ ၁၀၈ဆူပါ။ တတိယဘုရင်က ဆေးလိပ်အရမ်းသောက်လို့ အဆုတ်ကင်ဆာရောဂါဝေဒနာခံစားရတဲ့အခါမှာ ဘုရင်ကြီးကျန်းမာရေးအတွက်ရည်စူးပြီး စေတီတွေတည်ထားခဲ့ကြတာပါ။ ဘုရင်ကြီးဆုံးပြီးနောက် သားတော် စတုတ္ထဘုရင်လက်ထက်မှာ ဆေးလိပ်ကို စိတ်နာလို့ ဆေးလိပ်နဲ့ ပတ်သက်ပြီး ပိတ်ပင်တားမြစ်ခဲ့ကြတယ်တဲ့လေ။ ဒီတောင်ပေါ်ဘုရားနားက စားသောက်ဆိုင်က ရှုခင်းတွေလှသလို စားလို့လည်း သိပ်ကောင်းပါတယ်။ ရာသီဥတုသာယာတဲ့အခါ ဒီတောင်ပေါ်ကနေ ဘူတန်ရဲ့ အမြင့်ဆုံးတောင်ထိပ်အပါအဝင် နှင်းတွေဖုံးနေတဲ့ တခြားတောင်ထိပ်တွေကိုပါ လှမ်းမြင်ရပါတယ်။
ဒါကတော့ စက်တင်ဘာလတုန်းက သွားရောက်ခဲ့တဲ့ ဘူတန်ခရီးစဉ်မှာတွေ့ခဲ့ ကြုံခဲ့ရတာလေးတွေရယ်၊ စိတ်ဝင်စားဖို့ကောင်းတာလေးတွေရယ်ကို ပြန်ပြောပြထားတာပါ။ ပုံလေးတွေမှာလည်း ရှင်းပြထားလို့ ဝင်ကြည့်ကြပါနော်။ နုမြတ်တို့ မိသားစုကတော့ ဒီတစ်ခေါက်ဘူတန်ခရီးကို ဘူတန်ခရီးစဉ်တွေ စီစဉ်လေ့ရှိတဲ့ Mighty Days နဲ့သွားခဲ့တာပါ။ နောက်ထပ်လည်း ခရီးစဉ်တွေ ထွက်ဖို့ရှိတော့ စိတ်ဝင်စားရင် Mighty Days မှာ စုံစမ်းနိုင်ပါတယ်နော်။
သီတင်းကျွတ်အခါသမယမှာ ပျော်ရွှင်ကြည်နူးချမ်းမြေ့ကြပါစေ
ချစ်ခင်လျှက်
မနုမြတ်
Nu Myat around the World