My Egypt Travel Book “Egypt Days in Land of Pyramids”

မနှစ်က ဒီလိုမျိုးကာလမှာ “ထူးဆန်းခန္ဓာအဖြေရှာ” ကျန်းမာရေးစာအုပ်လေး ထွက်ခဲ့တယ်။

ဒီနှစ်တော့ ခရီးသွားစာအုပ်လေး ထွက်ဖြစ်တယ်။

စာအုပ်နာမည်က 🔺”ပိရမစ်မြေရောက် အီဂျစ်နေ့ရက်များ” 🔺 တဲ့လေ။

အီဂျစ်နိုင်ငံဆီ တစ်ပတ်ကြာ သွားရောက်ခဲ့တဲ့ ခရီးကို ရေးထားတာပါ။

နုမြတ်ရဲ့ တတိယမြောက် လုံးချင်းစာအုပ်လည်းပဲ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ…

🔸 အီဂျစ် နိုင်ငံရဲ့ နာမည်ကျော်နေရာတွေ…

🔸ရှေးအီဂျစ်တို့ရဲ့ ထူးခြားတဲ့ အယူဝါဒနဲ့ ဓလေ့ထုံးစံတွေ…

🔸ခရီးတစ်လျှောက် စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေကို…

စိတ်ဝင်စားဖွယ်ကောင်းအောင် ရေးသားထားပါတယ်။

🔹ဒီစာအုပ်ထုတ်ဝေဖြစ်ပုံ🔹

—————————-

နုမြတ်အနေနဲ့ ခရီးသွားစာပေနယ်ထဲ ဝင်ရောက်လာခဲ့တာ “ဂျင်ဆင်းမြေရောက် ကင်(မ်)ချီနေ့ရက်များ” ဆိုတဲ့ ကိုရီးယားခရီးသွားဆောင်းပါးစာအုပ်နဲ့ပါ။ ၂၀၁၀ ကထုတ်ခဲ့တာဆိုတော့ ၁၂ နှစ်ကျော်ခဲ့ပြီပေါ့။ အဲဒီစာအုပ်ပြီးတော့ နောက်ထွက်ခဲ့တဲ့ ခရီးတွေကိုပါ “…နေ့ရက်များ” ခေါင်းစဉ်တပ်ပြီး စီးရီးအနေနဲ့ ဆက်ရေးမယ်ဆိုပြီး စိတ်ကူးထားပေမဲ့ တကယ်တမ်းမရေးဖြစ်ခဲ့ပါဘူး။ နောက်ပိုင်း တခြားအလုပ်တွေနဲ့ရှုပ်နေသလို ခရီးတွေလည်း ဆက်တိုက်ထွက်ဖြစ်နေတော့ စာအုပ်ထုတ်မယ့်ကိန်း ပိုဝေးသွားရောလေ။

စာအုပ်အနေနဲ့ မရေးဖြစ်ခဲ့ပေမယ့် ခရီးသွားဆောင်းပါးတွေ၊ Travel Review တွေကိုတော့ စာနယ်ဇင်း၊ Blog နဲ့ Facebook တို့မှာ အမြဲလိုလိုရေးဖြစ်ပါတယ်။ Youtube မှာလည်း Video တွေ တင်ဖြစ်ပါတယ်။ TV Channel တွေ၊ ရေဒီယိုတွေကနေတစ်ဆင့်လည်း ခရီးသွားဗဟုသုတတွေ Sharing လုပ်ဖြစ်ပါတယ်။

ဘယ်လောက်ပဲ နည်းအမျိုးမျိုးနဲ့ ခရီးသွားဗဟုသုတတွေကို ဝေမျှနေပါစေ။ ခရီးစဉ်တစ်ခုလုံးကို လုံးချင်းစာအုပ်အနေနဲ့ ရေးသားထုတ်ဝေချင်တဲ့ ဆန္ဒကတော့ မလျော့သွားပါဘူး။ ၂၀၂၀ ပြည့်နှစ်မှာ တစ်ကမ္ဘာလုံးလိုလို ကိုဗစ်ဖြစ်ပြီး ခရီးသွားလို့လည်းမရ။ အချိန်ပိုတွေထွက်လာတော့မှ ဒီဆန္ဒကို အကောင်အထည်ဖော်နိုင်ခဲ့တာပါ။

တကယ်တမ်း ဒီစာအုပ်ကို ၂၀၂၁ ဇန်နဝါရီလကတည်းက ရေးပြီးနေတာပါ။ ဒါပေမဲ့လည်း မနှစ်က တစ်နှစ်လုံးလိုလို အများနည်းတူ အလုပ်လုပ်ရတာ စိတ်မပျော်ဘူးဖြစ်နေလို့ ခုမှပဲ ထုတ်ဖြစ်တာပါ။ ရေးထားပြီးသား ဖြစ်နေတော့လည်း တစ်နှစ်တစ်အုပ်တော့ ထွက်အောင် ထုတ်ဖြစ်တာပဲ ဖြစ်ပါတယ်။

🔹ဘာကြောင့် အီဂျစ်အကြောင်းရေးရတာလဲ 🔹

——————————————-

အီဂျစ်နိုင်ငံက နုမြတ်သိပ်စိတ်ဝင်စားခဲ့ရတဲ့နိုင်ငံပါ။ အီဂျစ်နိုင်ငံကို စာအုပ်တွေ၊ ရုပ်ရှင်တွေထဲကနေသာ ထိတွေ့ခွင့်ရခဲ့ပြီး အမြဲအံ့အားသင့်ခဲ့ရတာ။ အီဂျစ်သမိုင်းကြောင်းက ကြီးကျယ်ခမ်းနားတယ်။ သူတို့ရဲ့ အယူတွေ ဓလေ့တွေက ထူးခြားဆန်းပြားတယ်။ ဒါကြောင့်လည်း အီဂျစ်ခရီးစဉ်ကို စာအုပ်အဖြစ်ရေးဖြစ်ခဲ့တာပါ။

အီဂျစ်ဆိုရင် ပိရမစ်ကြီးတွေ၊ မံမီရုပ်အလောင်းတွေ၊ ကလီယိုပက်ထရာ ဘုရင်မနဲ့ ဖာရိုဘုရင်တွေလောက်သာ သိကြပါတယ်။ တကယ်တမ်း အီဂျစ်မှာ တခြား စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေ အများကြီး ရှိပါသေးတယ်။

နုမြတ်သွားခဲ့တဲ့ အီဂျစ်ခရီးစဉ်တစ်လျှောက်မှာ..

– ကမ္ဘာကျော် ပိရမစ် ကြီးတွေထဲ ဝင်ခွင့်ရခဲ့တယ်…

– ကလီယိုပက်ထရာ ရဲ့ ပုံရိပ်စစ်ကို သိခွင့်ရခဲ့တယ်…

– တူတန်ခမန် ရုပ်အလောင်းကို ကိုယ်တိုင်မြင်ခဲ့ရတယ်…

– ကမ္ဘာ့အရှည်ဆုံးမြစ် နိုင်းမြစ်ပေါ် ညအိပ်သင်္ဘောနဲ့ ခရီးနှင်ခဲ့ရတယ်…

– နှစ်ပေါင်းထောင်ချီသက်တမ်းရှိ သမိုင်းဝင်ကျောင်းဆောင်ကြီးတွေဆီ ရောက်ခဲ့တယ်…

– ဖာရိုဘုရင်၊ ဘုရင်မတွေအကြောင်း ရင်းနှီးခွင့်ရခဲ့တယ်..

– ဘုရင့်တောင်ကြားပေါ် ဖြတ်ပျံပြီး မီးပုံးပျံစီးခဲ့တယ်…

– အီဂျစ်အရုပ်စာတွေ ဘယ်လိုဖတ်လဲ သိခဲ့ရတယ်…

– မံမီရုပ်အလောင်းတွေ ဘယ်လိုဖန်တီးလဲ လေ့လာခဲ့ရတယ်…

– နှစ်ပေါင်း ထောင်ချီကြာတာတောင် ခုထိမွှေးနေဆဲ ရေမွှေးခန်းထဲ ရောက်ခဲ့တယ်…

တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ခရီးစဉ်ပါပဲ။

စာဖတ်သူတွေကိုလည်း အံ့အားသင့်စရာတွေ ပြည့်နေတဲ့ အီဂျစ်နိုင်ငံကို ဒီစာအုပ်ကနေတစ်ဆင့် အလည်ခေါ်သွားချင်ပါတယ်။

ဒါကြောင့် အီဂျစ်နိုင်ငံဆီ တစ်ပတ်ကြာ သွားရောက်ခဲ့တဲ့ခရီးကို နေ့ရက်အလိုက် မှတ်တမ်းတင်ရေးသားပြီး ကိုယ်တွေ့ ခရီးသွားဆောင်းပါးအဖြစ် ထုတ်ဝေလိုက်တာပဲ ဖြစ်ပါတယ်။

🔸စာအုပ်အမည် – “ပိရမစ်မြေရောက် အီဂျစ်နေ့ရက်များ”

🔸စာရေးသူ – ဒေါက်တာနုမြတ်သိင်္ဂီဦး

🔸ဈေးနှုန်း – 8000 ကျပ်

🔸စာမျက်နှာ – ၂၃၀

တစ်အုပ်လုံး ရောင်စုံစာမျက်နှာတွေနဲ့ လှလှပပ ဝေဝေဆာဆာ ဖတ်ရမှာပါ။

စာအုပ်ပါ အကြောင်းအရာတွေသာမက စာအုပ်ဒီဇိုင်းပိုင်း၊ Layout ပိုင်းက အစ ကိုယ်တိုင်ကိုယ်ကျ စိတ်တိုင်းကျ သေချာစီစဉ်ထားလို့ Quality ပိုင်းကိုတော့ စိတ်ချ။

🔹မှာယူချင်တယ်ဆိုရင် 🔹

——————————–

ဒီစာအုပ်ကို ဝယ်ယူချင်ပါက Nu Myat around the World Facebook Page

https://www.facebook.com/numyataroundtheworld/ ရဲ့ Messenger ကနေ မှာယူနိုင်ပါတယ်။

သုတစွယ်စုံစာအုပ်တိုက် – Knowledge Book Center https://www.facebook.com/thutaswesonebook/ ကနေ တစ်ဆင့်လည်း မှာယူနိုင်ပါတယ်။ အဲဒီ Page မှာ နုမြတ်တို့ တိုက်ကထုတ်တဲ့ တခြားခရီးသွားနဲ့ ကျန်းမာရေး စာအုပ်တွေလည်း ရှိတော့ တခြားစာအုပ်တွေပါ အတူမှာလို့ရပါတယ်။

တခြား အွန်လိုင်း Distributor တွေဖြစ်တဲ့ ပန်းဆက်လမ်း၊ Wun Zinn နဲ့ We Distribution တို့ကနေလည်း မှာယူနိုင်ပါတယ်။

Cash on Deli ရော Mobile Banking ရော ရပါတယ်။

#အထူးအစီအစဉ်အဖြစ် မေတ္တာတုံ့ပြန်တဲ့အနေနဲ့

❤️ ဒီစာအုပ်ကို ဒီ Page ကနေ ပထမဆုံးဝယ်ယူသူ အယောက် (၁၀၀) ကို Delivery Fees မယူဘဲ အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။

❤️ ဒီစာအုပ်နဲ့အတူ မနှစ်ကထုတ်ထားတဲ့ “ထူးဆန်းခန္ဓာအဖြေရှာ” စာအုပ် (၆၀၀၀ ကျပ်) ပါ ဝယ်မယ်ဆိုရင် ၂ အုပ်ပေါင်းကို ၁၀၀၀ ကျပ်လည်း လျှော့ပေးဦးမှာပါ။ ဒီလကုန်ထိပဲနော်။

❤️စာအုပ်မှာ စာရေးသူ လက်မှတ်ထိုးစေချင်ရင် လက်မှတ်ထိုးပေးပါမယ်နော်။

ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူလိုသူတွေ အနေနဲ့

စာအုပ်ဖြန့်ချိရာ – စွယ်စုံမီဒီယာဂရု(ပ်) Central Tower ပထမထပ်၊ အနော်ရထာလမ်း (၃၉လမ်းထောင့်) မှာ ရုံးချိန်အတွင်း လာရောက် ဝယ်ယူနိုင်ပါတယ်။

စာအုပ်ဆိုင်တွေအနေနဲ့

ရန်ကုန်မှာဆိုရင် စောဦး၊ နေစေး၊ ကိုလတ်၊ ရာပြည့်၊ ကျော်သိန်း၊ ပါရမီ၊ ခေတ်သစ်၊ အင်းဝ(ပန်းဆိုးတန်း) နဲ့

မန္တလေးမှာဆို ထွန်းဦးစာပေတို့မှာလည်း ဝယ်ယူနိုင်ပါတယ်။

အားလုံးကို ချစ်ခင်လျှက်

#ဒေါက်တာနုမြတ်သိင်္ဂ ီဦး

#ပိရမစ်မြေရောက်အီဂျစ်နေ့ရက်များ

#Egypt

ကမ္ဘာ့ဒုတိယအကြီးဆုံးဘာသာရေးအဆောက်အအုံ ကာနက်ကျောင်းဆောင် (World 2nd Largest Religious Temple, Karnak Temple)

ကမ္ဘာ့ဒုတိယအကြီးဆုံးဘာသာရေးအဆောက်အအုံ ကာနက်ကျောင်းဆောင်

2024

1089 Karnak Temple.jpg

အီဂျစ်အသက်သွေးကြော ကမ္ဘာ့အရှည်ဆုံး နိုင်းမြစ်ပေါ်ဖြတ်ကာ.. (Cruise on Nile, the Longest River on Earth)

အီဂျစ်အသက်သွေးကြော ကမ္ဘာ့အရှည်ဆုံး နိုင်းမြစ်ပေါ်ဖြတ်ကာ.. 🚢

1967-01

🌍World’s Longest River
ဧရာဝတီမြစ်ကြီးက ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောမြစ်ဖြစ်သလို နိုင်းမြစ်ကလည်း အီဂျစ်တို့ရဲ့ အသက်သွေးကြောမြစ်ပါ။ နိုင်းမြစ်က ကမ္ဘာပေါ်မှာ အရှည်ဆုံးမြစ်ဖြစ်ပြီး မိုင်ပေါင်း ၄၁၆၀မိုင်အထိ ရှည်လျားပါတယ်။ ဧရာဝတီမြစ်က မိုင်ပေါင်း ၁၃၅၀ရှည်တော့ ဧရာဝတီထက် သုံးဆကျော်ပိုရှည်လျားတာပေါ့။ ဒါပေမဲ့ ဧရာဝတီမြစ်က ကျွန်မတို့မြန်မာတစ်နိုင်ငံထဲမှာပဲ တည်ရှိတဲ့ တစ်နိုင်ငံထဲပိုင် အမိမြစ်ကြီးပါ။ နိုင်းမြစ်ကတော့ အီဂျစ်တစ်နိုင်ငံလုံးကို ဖြတ်သန်းစီးဆင်းနေပေမဲ့ မြစ်ရဲ့ ၂၂ရာခိုင်နှုန်းသာ အီဂျစ်မှာတည်ရှိနေတာပါ။ နိုင်းမြစ်ဖြတ်သန်းစီးဆင်းတဲ့ နိုင်ငံပေါင်း ၁၀နိုင်ငံတောင်ရှိတာတဲ့။ တောင်ပိုင်းမှာရှိတဲ့ ဘရူရွန်ဒီနိုင်ငံကနေ မြစ်ဖျားခံလာတဲ့ နိုင်းမြစ်ဖြူနဲ့ အီသိယိုးပီးယားနိုင်ငံကနေ မြစ်ဖျားခံလာတဲ့ နိုင်းမြစ်ပြာ ၂စင်းဟာ ဆူဒန်နိုင်ငံအရောက်မှာ နိုင်းမြစ်ကြီးအဖြစ် ပေါင်းဆုံစီးဆင်းပြီး နောက်ဆုံးမှာတော့ အီဂျစ်နိုင်ငံကနေဖြတ်ပြီး မြေထဲပင်လယ်ထဲသို့ စီးဝင်သွားတာပါတဲ့။

⬆South to North

နောက်ထူးခြားတာတစ်ခုက နိုင်းမြစ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ မြစ်အများစုလိုမျိုး မြောက်မှတောင်စီးဆင်းတာမဟုတ်ဘဲ တောင်တန်းများရှိရာ တောင်မှမြောက်ကို စီးဆင်းလို့ မြစ်ဖျားပိုင်းရှိရှာ တောင်ပိုင်းကို အီဂျစ်အထက်ပြည်၊ မြစ်အောက်ပိုင်းရှိရာ မြောက်ပိုင်းကို အီဂျစ်အောက်ပြည်လို့ သတ်မှတ်ခေါ်ဝေါ်ထားကြတာပါတဲ့။

2114-01.jpeg

◼Black Land

နောက်ပြီး နိုင်းမြစ်က အီဂျစ်နိုင်ငံ သမိုင်းတလျှောက် တကယ်ကို အရေးပါခဲ့တာ။ နိုင်းမြစ်ကိုမှီပြီး အီဂျစ်ပြည်ဖြစ်လာတယ်ဆိုရင်လည်း မမှားဘူး။ အီဂျစ် နိုင်းမြစ်ကမ်းဘေးတလျှောက် နိုင်းမြစ်ရေလျှံပြီးနောက် ကျန်ခဲ့တဲ့နုန်းမြေတွေက အရမ်းစိုက်ပျိုးဖြစ်ထွန်းတာတဲ့လေ။ နိုင်းမြစ်ကိုမှီပြီး ရှေးခေတ်နှစ်ပေါင်းများစွာတိုင် အင်ပါယာကြီးမားခဲ့တဲ့ အီဂျစ်ပြည်နဲ့ အီဂျစ်ယဉ်ကျေးမှုကြီးပေါ်ထွန်းခဲ့တာပါ။ နုန်းမြေတွေရှိတဲ့ မြစ်ဝှမ်းဒေသတွေကို အနက်ရောင်မြေလို့ခေါ်ကြပြီး မြစ်ကမ်းနဲ့ဝေးတဲ့ သဲကန္တာရတွေကိုတော့ အနီရောင်မြေဟုခေါ်ပါသတဲ့။ အီဂျစ်ဆိုတဲ့အမည်က အနက်ရောင်မြေလို့ အဓိပ္ပါယ်ရတာဆိုတော့ကာ ဒီဟာကိုအစွဲပြုပြီး မှည့်ခေါ်ခဲ့ခြင်းဖြစ်မှာပါ။

699-01

🛳Tourism Icon

နိုင်းမြစ်က အီဂျစ်ပြည်ရဲ့စိုက်ပျိုးရေးကဏ္ဏမှာသာ အရေးပါရုံတင်မက မျက်မှောက်ခရီးသွားခေတ်မှာ ခရီးသွားကဏ္ဏမှာလည်း အလွန်အရေးပါနေတာကို ကိုယ်တွေ့ကြုံခဲ့ရပါတယ်။ နှစ်သစ်ကူးကာလတုန်းက Tour Diamond ခရီးစဉ်နဲ့ အီဂျစ်နိုင်ငံကို ၇ညအိပ်၈ရက် သွားရောက်လည်ပတ်ခဲ့တုန်းက အဲဒီ့နိုင်းမြစ်တလျှောက် အပျော်စီးသင်္ဘောပေါ် ၃ညတာအနားယူအိပ်စက်ပြီး အီဂျစ်နိုင်ငံ ရှေးဟောင်းမြို့တော်တွေဆီကို တစ်မြို့ဝင်တစ်မြို့ထွက် ကမ်းကပ်ကာ သွားရောက်လည်ပတ်ဖြစ်ခဲ့တာကြောင့်ပါ။ အရင်ဆုံးမြို့တော်ကိုင်ရိုကနေ သင်္ဘောတွေဆိုက်ကပ်ရာ အာစွမ်န်(Aswan)မြို့ဆီကို ညအိပ်ရထားနဲ့ သွားရောက်ပြီး အဲ့ကနေတဆင့် ခရီးစဉ်အဆုံးဖြစ်တဲ့ လပ်ဆွာ(Luxor) မြို့ဆီကို တောင်ကနေမြောက် နိုင်းမြစ်တလျှောက် ၄ရက်တာ စုံဆင်းခဲ့တာပါ။

1012-01

🏞Nasser Lake

ဒီသင်္ဘောခရီးစဉ်တလျှောက်မှာ အီဂျစ်တစ်နိုင်ငံလုံးအသုံးပြုတဲ့ လျှပ်စစ်စွမ်းအားကို ထုတ်လုပ်နေပြီး ကမ္ဘာ့အကြီးဆုံးရေကာတာတွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ အာစွမ်န်ရေကာတာကို ရောက်ဖြစ်ခဲ့ပါသေးတယ်။ ဒီရေကာတာဆောက်လုပ်လို့ နိုင်းမြစ်မှာ ကမ္ဘာ့အကြီးဆုံးလူတို့ပြုလုပ်တဲ့ရေကန်ဖြစ်တဲ့ နာဆာရေကန် ကိုဖြစ်ပေါ်စေခဲ့ပါတယ်။

777-01

🏛Attractions along Nile River

အာစွမ်န်မြို့မှာ ရေကာတာအပြင်
-နာဆာရေကန်ကို မျက်နှာမူပြီး တည်ဆောက်ထားတဲ့ ဖီလေး(Philae)ဘုရားကျောင်း၊
-နာဆာကန်စပ်မှာရှိပြီး အီဂျစ်နိုင်ငံရဲ့ အလွန်ကျော်ကြားလှတဲ့ အဘူဆင်ဘဲလ်(Abu Simbel)ဘုရားကျောင်း၊

(ဒီဘုရားကျောင်း ၂ခုရဲ့ မူလနေရာတွေက နာဆာရေကန်ဖြစ်ပေါ်လာပြီးနောက် ရေဖုံးလွှမ်းသွားလို့ ရေ လွတ်ရာကို ရှေးလက်ရာမပျက်ပြောင်းခဲ့ရတာတဲ့။ အဲဒီ ဘုရားကျောင်းတွေ အကြောင်း နောက်မှ Post သက်သက် ရေးတင်ပေးမယ်)

20161231_155504-01-011376-01

-ကိုမိုဘို(Komobo)မြို့မှာဆိုရင် ရှေးခေတ်ပုရိသတွေကြား ကျော်ကြားခဲ့တဲ့ ကလီယိုပါထရာဘုရင်မ တည်ဆောက်ခဲ့ပြီး ရှေးခေတ်က ဆေးရုံအဖြစ်အသုံးပြုခဲ့တဲ့ ကိုမိုဘိုဘုရားကျောင်း
(အဲ့ခေတ်က အသုံးပြုတဲ့ ဆေးရုံသုံးပစ္စည်းတွေ ရယ်၊ ကလီယိုပက်ထရာ ဘုရင်မပုံရယ် နံရံမှာထွင်းထားတာကိုတွေ့နိုင်တယ်။ မိကျောင်းကိုးကွယ်တဲ့ ဘုရားကျောင်းမို့လို့ မိကျောင်းမာမီတွေလည်း အများကြီးတွေ့ခဲ့တယ်)

20170101_170900-01-01

-အက်ဒ်ဖူမြို့မှာ အာဖရိကရိုးရာမြင်းလှည်းတွေကို အသုံးပြုသွားရောက်ရတဲ့ အက်ဒ်ဖူ(Edfu)ဘုရားကျောင်း
(အဲ့မှာ Gods of Egypt ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတွေ နံရံမှာ ထွင်းထုထားသလို၊ နှစ်ပေါင်းထောင်ချီတိုင်အောင် အနံ့မပြယ်သေးတဲ့ ရေမွှေးထုတ်တဲ့ အခန်းရှိတယ်)

Snapseed-7_new.jpg

-လပ်ဆွာ(Luxor)မြို့မှာ နိုင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းတွေမှာရှိတဲ့ ထူးခြားခံ့ညားသော ရှေးဟောင်းအဆောက်အအုံတွေဆီကို သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။
(လပ်ဆွာမြို့မှာ တူတန်ခမမ်ဘုရင် နဲ့ ခေတ်အဆက်ဆက်ဖာရိုဘုရင်တွေရဲ့ မာမီရုပ်အလောင်းတွေ မြှုပ်ထားရာ Valley of Kings အပါအဝင်တခြား ထူးဆန်းတဲ့နေရာတွေရောက်ခဲ့ပြီး မြို့အပေါ်စီးကနေမြင်ရတဲ့ မီးပုံးပျံလည်း စီးခဲ့လို့ အဲ့မြို့အကြောင်းကိုလည်း ဆောင်းပါး သပ်သပ်ခွဲရေးပေးပါဦးမယ်။ )

IMG_2400.JPG

⛴Watergates

သင်္ဘောခရီးစဉ်တလျှောက်မှာ နိုင်းမြစ်ရဲ့ ရေအနက်မညီမျှမှုကိုချိန်ညှိတဲ့ ရေတံခါးတွေကိုလည်း ဖြတ်သန်းခဲ့ရပါသေးတယ်။ ဒီရေတံခါးတွေရဲ့ ရေပြင်ချိန်ညှိမှုက စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။ ရေဂါလံတန်ပေါင်းများစွာကို ထိန်းညှိပြီး သင်္ဘောတွေကို ဖြတ်သန်းသွားစေတဲ့အပြင် နှစ်စဉ်ရေကြီးမှုကိုပါထိန်းညှိပေးပါသတဲ့။

1244-01

This slideshow requires JavaScript.

⛵Feluuca Local Yatch

နိုင်းမြစ်မှာ အပျော်စီးသင်္ဘောတွေအပြင် ဒေသခံတို့ရဲ့ရွက်လှေ FELUUCA စီးခဲ့ရပါသေးတယ်။ ကျွန်မတို့စီးတဲ့ အချိန်က လေမတိုက်လို့ ရွက်လွှင့်လို့မရဘဲ ရှေ့က စက်လှေတစ်စီးကနေဆွဲပေးရတာကြောင့် ရွက်လှေမဟုတ်ဘဲ ဆွဲလှေဖြစ်ခဲ့ရတာလည်း ရယ်စရာပါ။ လှေပေါ်ကနေ မြစ်ရေကို ကိုင်ကြည့်ရာမှာ အေးစိမ့်နေတာပဲလေ။ နေ့လည်ခင်းကြီး နေပူထဲတောင် အေးစိမ့်နေတော့ ညဘက်ဆို မတွေးရဲဘူး။ စက်လှေနဲ့ နေဝင်ချိန် အလှကိုခံစားခဲ့သေးတယ်။ နေဝင်ချိန်ကတော့ တကယ်ကိုလှတာပါ။ ပုစွန်ဆီရောင် တောက်နေတဲ့ ကောင်းကင်နောက်ခံနဲ့ နိုင်းမြစ်ကြီးက တကယ့်ပန်းချီကားလိုပဲ။ မြစ်ကိုဖြတ်သန်းလာတဲ့ လေတွေကလည်း အရမ်းကို Fresh ဖြစ်တာ။ အဲ့အချိန်ကာလတွေ နောက်ပြန်ရွေ့ပြီး ရှေးခေတ်ရောက်သွားသလိုလို သဘာဝနဲ့ တစ်သားတည်းကျနေတာ…

2061-02

2070-01
.
အဆုံးသတ်ရမယ်ဆိုရင်တော့ နိုင်းမြစ်အတွင်း အပျော်စီးသင်္ဘောတွေကို ရက်တိုရက်ရှည်၊ သင်္ဘောအမျိုးအစားပေါ်မူတည်ပြီး ရွေးချယ်နိုင်လို့ အီဂျစ်နိုင်ငံရောက်ခဲ့ရင် နိုင်းမြစ်တွင်း အပျော်စီးသင်္ဘောတွေကို မဖြစ်မနေစီးသင့်ကြောင်း တိုက်တွန်းချင်ပါတယ်။

1997-01

စိတ်ဝင်တစားဖတ်ရှုလို့ ကျေးဇူးတင်ပါတယ်။ အခြားပြည်တွင်းပြည်ပ ခရီးစဉ်တွေကို ဖော်ပြပေးနေလို့ Nu Myat around the World page ကို Like လုပ်ထားနိုင်ပါတယ်။
https://www.facebook.com/numyataroundtheworld/

စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ
နုမြတ်
http://www.numyataroundtheworld.com

Nu Myat
#PyiMyanmarJournal
#NuMyataroundtheWorld
#TourDiamond
#Egypt #NileRiver

NileRiver

ကမ္ဘာ့ရှေးဟောင်းအံ့ဖွယ်တစ်ပါး အီဂျစ်ဂီဇာပိရမစ်ကြီးများ (Pyramids of Giza, Egypt )

 ကမ္ဘာ့ရှေးဟောင်းအံ့ဖွယ်တစ်ပါး

အီဂျစ်ဂီဇာပိရမစ်ကြီးများ

15895032_1806734792899215_3367504623640638837_n

ရှေးနှစ်ပေါင်း ၄၀၀၀ကျော်ကတည်းက အခိုင်အမာရှိခဲ့တဲ့ ကမ္ဘာ့ရှေးဟောင်းအံဖွယ်ခုနှစ်ပါးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဂီဇာပိရမစ်ကြီးတွေကို မျက်ဝါးထင်ထင်မြင်တွေ့ချင်တာကြာပါပြီ။ တိုက်ကြီးငါးတိုက်ထဲမှာ နောက်ဆုံးရောက်ဖို့ကျန်နေတဲ့ အာဖရိကတိုက်ကိုလည်း သွားချင်တာကြာပါပြီ။ ဒါကြောင့် ဒီနှစ်သစ်ကူးပိတ်ရက်အတွင်း Tour Diamond ရဲ့ အီဂျစ်ခရီးစဉ်နဲ့အတူ အီဂျစ်နိုင်ငံသို့တစ်ပတ်အကြာ သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။

ပိရမစ်ဆိုတာ

265

ပိရမစ်ဆိုတာ မျက်နှာစာ လေးဘက်ရှိပြီး အောက်ခြေကျယ်ကာ အပေါ်ထိပ်မှာ သွားစုသွားတဲ့အဆောက်အအုံပါ။ ကမ္ဘာတဝှမ်းမှာ ပိရမစ်ပုံသဏ္ဏာန် အဆောက်အအုံတွေ များစွာ ရှိလို့နေပါတယ်။ ပိရမစ်ဆောက်လုပ်တဲ့ ရည်ရွယ်ချက်နဲ့ ပုံသဏ္ဏာန်တွေကတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြဘူးပေါ့လေ။

အီဂျစ်နိုင်ငံကတော့ ပိရမစ်နဲ့ ကမ္ဘာကျော်သလို အီဂျစ်မှာပိရမစ်ပေါင်း ရာကျော်ရှိနေဆဲပါ။ တခြားနိုင်ငံတွေမှာ ပိရမစ်ကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဆောက်လုပ်ခဲ့ကြပေမဲ့ အီဂျစ်ကတော့ ဖာရိုဘုရင်တွေ နတ်ရွာစံတဲ့အခါ မမ်မီပြုလုပ်ပြီး မြှုပ်နှံဖို့ ဆောက်လုပ်ခဲ့ကြတာပါ။ သေပြီး တမလွန်ဘဝမှာ သုံးဆောင်ဖို့ ပိုင်ဆိုင်သမျှ ရွှေငွေကျောက်သံပတ္တမြားတွေနဲ့ နေ့စဉ်အသုံးပြုခဲ့တဲ့ ပရိဘောဂတွေကိုပါ ခေါင်းတလားနဲ့အတူ ပိရမစ်ကြီးတွေထဲ တစ်ခါတည်း ထည့်မြှုပ်ခဲ့ကြတာပါ။ နေနတ်ဘုရားကိုးကွယ်တဲ့ ခေတ်မှာ နေရောင်ခြည်အလင်းရောင်ဖြာကျနေသလိုရည်ရွယ်ချက်နဲ့ရော နေမင်းဆီအရောက်တက်လှမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ ပိရမစ်ကြီးတွေကို ဆောက်လုပ်ခဲ့ကြတယ်လို့ တချို့က ထင်မြင်ကြပါတယ်။

ကမ္ဘာကျော် ဂီဇာပိရမစ်ကြီးတွေ

20161230_095505-01

ကမ္ဘာ့ရှေးအကျဆုံးပိရမစ်ကတော့ BC 2650 နှစ်ပေါင်း ၄၀၀၀ကျော်က ဆောက်လုပ်ခဲ့တဲ့ဆာကာရာ(Saqqara) အမည်ရှိ အဆင့်ဆင့်ဆောက်ထားတဲ့ အီဂျစ်ကပိရမစ်ကြီးပါ။ ကမ္ဘာမှာနာမည်အကျော်ဆုံး ပိရမစ်တွေကတော့ အီဂျစ်နိုင်ငံဂီဇာမြို့က ပိရမစ်တွေပဲ ဖြစ်ပါတယ်။ ဂီဇာမြို့အနီးအနားမှာတင်ရှိပြီး ကျွန်မတို့မြို့ထဲဖြတ်တဲ့အခါ ဂီဇာမြို့ကနေ ပိရမစ်ကြီးတွေကို ရင်သပ်ရှုမောဖွယ်ရာ လှမ်းကာမြင်နေရပါတယ်။။ ထုထည် ကြီးမားကျယ်ပြန့်လှသလို သားစဉ်မြေးဆက်ဆောက်ခဲ့တဲ့ ပိရမစ်ကြီး သုံးခု အတန်းလိုက်ရှိနေတာကလည်း အံ့အားသင့်စရာပါ။

15895032_1806734792899215_3367504623640638837_n

15940374_1806734782899216_1227609171755420158_n

အဖေပိရမစ်

အဲ့ထဲက အကြီးဆုံး ချီးယပ်စ်ပိရမစ်ကို အဖေဖြစ်သူ ခူူဖူ(Khufu)ဘုရင်ကြီးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀ကျော်က ဆောက်လုပ်ခဲ့တာပါ။ အမြင့်ပေ ၄၅၅ပေ (အထပ်၅၀မြင့်တဲ့တိုက်တစ်တိုက်စာ) ရှိပြီး အောက်ခြေအကျယ် ၇၅၅ပေ(တင်းနစ်ကွင်း အခု၂၀၀စာ) ရှိတာကြောင့် ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံအဖြစ် နှစ်ပေါင်း ၄၃၀၀ကျော်ရပ်တည်ခဲ့တာပါ။ ၁၈၈၉ခုနှစ်မှာ ပြင်သစ်နိုင်ငံ Paris မြို့ရှိ အီဖယ်တာဝါကြီးက ပိုမြင့်လို့ ဒီချီယပ်စ်ပိရမစ်ကြီးကို ကျော်တက်ခဲ့ပါတယ်။ ဒါတောင် ဒီပိရမစ်ကြီးက မူလအမြင့်ပေ ၄၈၈ပေရှိခဲ့တာပါ။ ဒီပိရမစ်ကြီးကို ၂.၅တန်ကနေ ၁၅တန်အထိလေးတဲ့ ကျောက်တုံးကြီးတွေ အတုံးပေါင်း ၂သန်းကျော်နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး အလုပ်သမားပေါင်း ၁၀၀၀၀ နဲ့ အနှစ် ၂၀ကျော်ကြာဆောက်လုပ်ခဲ့ရတာပဲဖြစ်ပါတယ်။ တချို့ပညာရှင်တွေရဲ့ အဆိုအရ ဒီပိရမစ်ကြီး ၃ခုပေါင်းက ကျောက်တုံးတွေကို အမြင့် ၁၀ပေ ထု၁ပေရှိတဲ့ တံတိုင်းနံရံကြီး လုပ်မယ်ဆိုရင် ပြင်သစ်တစ်နိုင်ငံလုံးကို တံတိုင်းခတ်လို့ရတဲ့အထိ များပြားတယ်လို့ သိရပါတယ်။
ကျွန်မတို့အဲဒီ ကူဖူပိရမစ်ကြီးဆီ အရင်ရောက်ပါတယ်။ ကြီးမားမြင့်မားလှတဲ့ ပိရမစ်ကြီးကို မြင်တွေ့ရတာ ကိုယ့်မျက်စိကိုယ် မယုံနိုင်လောက်အောင်ပါပဲ။ အနားကပ်လေလေ ကြီးမားခိုင်ခံ့တဲ့ ကျောက်တုံးကြီးတွေ တွေ့ရလေ ပိုအံ့သြလေပါ။ ရှေါ်နှစ်ပေါင်း လေးထောင်ကျော်က ဒီကျောက်တုံးကြီးတွေကို ဘယ်လိုများသယ်ပြီး ဘယ်လို ဆောက်ခဲ့ပါလိမ့်ဆိုပြီး မေးခွန်းတွေခေါင်းထဲ စီလာပါတယ်။

20170114_132710-011

15940740_1806734772899217_364103869683030767_n

သားနဲ့မြေးပိရမစ်

အလည်မှာ ရှိတာကတော့ သားဖြစ်သူ ခါဖရာ(Khafra)ဘုရင် ဆောက်လုပ်ခဲ့တဲ့ ပိရမစ်ကြီးပါ။ ဖခင်ရဲ့ ခူဖူပိရမစ်ထက် နိမ့်အောင် ဆောက်ရလို့ အမြင့်ပေ ၄၄၆ပေသာရှိပေမဲ့ ပိုမြင့်တဲ့ တောင်ကုန်းပေါ်တက်ဆောက်ထားလို့ ခလယ်မှာ အမြင့်ဆုံး ပိရမစ်လို ဖြစ်နေတာပါ။ ပြီးတော့ ပိရမစ် မုခ်ဦးမှာ ထုထားတဲ့ Sphinx မဟာမနုသီဟရုပ်တုကြီးကလည်း ထည်ဝါပြီး နာမည်ကျော်လှပါတယ်။ အမြင့် ၆၅ပေ အရှည် ၂၄ပေရှိ ဒီ ရုပ်တုကြီးဟာ ဘုရင်ခေါင်း ခြင်္သေ့ကိုယ်နဲ့ ဖြစ်နေပြီး ပိရမစ်ကြီးကို စောင့်ရှောက်နေသယောင် ပိရမစ်ကြီးတွေနဲ့ အလွန်ပနံသင့်လှပါတယ်။ ဒီအရုပ်ကြီးတွေက ရှေးဟောင်းအီဂျစ်သာမက ခေတ်သစ်အီဂျစ်ရဲ့ သင်္ကေတဖြစ်နေဆဲပါ။ နောက်ဆုံးတစ်ခုဖြစ်တဲ့ မန်ကာရီ ပိရမစ်ကတော့ မြေးဖြစ်သူဆောက်ခဲ့ပြီး ၂၁၆ပေသာမြင့်လို့ ဂီဇာ ပိရမစ်ကြီးတွေထဲ အသေးဆုံးပိရမစ်ပဲဖြစ်ပါတယ်။ ဒီပိရမစ်သုံးခုဟာ နိုင်းမြစ်အနောက်ဘက်ကမ်းမှာရှိပြီး တစ်ခုပေါ်တစ်ခု အရိပ်မထက်အောင် နေမကွယ်အောင် အရှေ့မြောက်ကနေ အနောက်တောင်လားရာအတိုင်း ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။

ပိရမစ်ထဲ ဝင်ကြမယ်

20161230_102020-01ပိရမစ်ကြီးထဲ ဝင်ကြည့်ချင်ရင် အမေရိကန်ဒေါ်လာ ၁၀ဒေါ်လာထပ်ပေးရပါတယ်။ နုမြတ်လည်း ပိရမစ်တွေအကြောင်း စိတ်ဝင်စားလို့ အကြီးဆုံး ခူဖူပိရမစ်ကြီးထဲ ဝင်ကြည့်ဖြစ်ခဲ့ပါတယ်။ မူလဝင်ပေါက်က မြောက်ဘက်အရပ် အမြင့်ပေ ၁၆၄ပေအမြင့်မှာ ရှိပေမဲ့ တကယ်ဝင်ကြည့်ရတဲ့ အပေါက်က ဂူဖောက်သမားတွေ ဂူသူခိုးတွေ အသုံးပြုခဲ့တဲ့ အပေါက်ပါ။ ပိရမစ်ထဲ ဝင်ရတာ Adventure တစ်မျိုးပါပဲ။ ကျွန်မဝင်တဲ့ အချိန် အသွားလမ်းတလျှောက်လူတစ်ယောက်မှ ရှိမနေတော့ ကိုယ့်ကိုယ်ကို Thriller ကားထဲက Mummy ဇာတ်ကားတွေထဲက ဇာတ်ကောင်အလားခံစားမိပါရဲ့။ လျှို့ဝှက်ခလုတ်တွေနှိပ်မိပြီး လက်နက်ယန္တရားတွေထွက်လာမလား၊ ထောင်ချောက်တွေတက်နင်းမိပြီး ချောက်ထဲပြုတ်ကျသွားမလား၊ မမ်မီသရဲတွေနဲ့များတွေ့မလား ရင်တထိပ်ထိပ်နဲ့ပေါ့…

တစ်ယောက်ထဲ လှိုဏ်ဂူလို လမ်းတွေဖြတ်၊ တစ်ယောက်စာသာကျယ်ပြီး ဆင်ခြေလျှောအတိုင်းတက်ရတဲ့ လှိုဏ်ခေါင်းကျဉ်းကျဉ်းလေးကို ကုန်းကုန်းကွကွဖြတ်ကျော်အပြီးမှာ Grand Galley လို့ခေါ်တဲ့ မျက်နှာကျက်အမြင့်ကြီးရှိတဲ့ ဆင်ခြေလျှောလမ်းဆီရောက်ပါတယ်။ ၂၈ပေနီးပါးအမြင့် ရှိပြီး ၁၅၇ပေရှည်တဲ့ ဒီလမ်းကြီးဟာ အင်မတန်ခမ်းနားပါတယ်။ အဲ့လမ်းအဆုံးမှာ ဘုရင် အုတ်ဂူထည့်ထားရာ အခန်းတစ်ခုကိုတွေ့ရပါတယ်။ ဂူဖောက်သမားတွေကြောင့် အခန်းထဲရော လမ်းတလျှောက်မှာ ဘာပစ္စည်းမှ ရှိမနေတော့ပါဘူး။ ပစ္စည်းတွေပါရှိနေရင် ဘယ်လောက်များ ခမ်းနားလိမ့်မလဲ တွေးမှတ်မိပါရဲ့။ နောက်ပြီး ဒီလောက်ကြီးမားခမ်းနားတဲ့ ပိရမစ်ကြီးထဲမှာ ပဲ့နေတဲ့ အဖုံးပွင့်ကျောက်ထွင်းခေါင်းတစ်ခုသာ တွေ့ရတာကိုလည်း ဘဝင်မကျမိပါဘူး။ ကျွန်မမှန်းထားတာက Mummy ဇာတ်ကားတွေထဲကလို ရတနာတွေအပြည့် ဖိတ်ဖိတ်တောက်နေတဲ့၊ လျှို့ဝှက်ယန္တရားတွေ တပ်ဆင်ထားတဲ့၊ လမ်းတလျှောက် ကြောက်စရာ နတ်ဘုရားရုပ်တုကြီးတွေ ဘေးတစ်ဖက်တစ်ချက်ရှိနေတဲ့ မြင်ကွင်းမျိုးကို မျှော်လင့်ခဲ့တာကိုး… ခုကျတော့ မှောင်မှောင်မဲမဲ မျက်နှာကျက်မြင့်မြင့် အခန်းထဲ ပဲ့နေတဲ့ ကျောက်အခေါင်းလေးတစ်ခုသာ တွေ့ခဲ့ရတာပါ။ လမ်းတလျှောက်မှာ တခြားလမ်းခွဲတွေ ပိတ်ထားတာတွေ့ရပြီး အဲ့လမ်းကသွားရင် မိဖုရားခေါင်ကြီးရဲ့ အုတ်ဂူမြှုပ်နှံထားတယ်လို့ သိရပါတယ်။

img_20170113_121254

ပိရမစ်ထဲ ဝင်ကြည့်ထားတဲ့ Video File က ဒီမှာပါ

အနီးအနားတဝိုက်

ပိရမစ်တစ်ခုချင်းစီရဲ့ အနီးအနားမှာ မိဖုရားတွေအတွက်ဆောက်လုပ်ခဲ့တဲ့ ပိရမစ်အသေးလေးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အကြီးဆုံး ခူဖူပိရမစ်ကြီးရဲ့ ပတ်လည်မှာ နိုင်းမြစ်တလျှောက်ဘုရင်ကြီး ရုပ်အလောင်းကို သယ်လာခဲ့တဲ့ ဘုရင်ကြီး ဈာပနာမှာ အသုံးပြုခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀အကြာက ရှေးဟောင်းရွက်လှေကြီးကိုလည်း တွေ့ခဲ့ရပါတယ်။

ကုလားအုတ်စီးကြမယ်

ကူးဖူးဘုရင်ပိရမစ်ကြီးကနေ သဲကန္တာရဘက် ခပ်လှမ်းလှမ်းသွားရင် ပိရမစ်ကြီး ၃ခုစလုံး မြင်ရတဲ့ View Point ရောက်ပါတယ်။ တချို့ကျတော့ မြင်းလှည်းစီးပြီး သွားကြပါတယ်။ အဲ့ View point မှာ ဓာတ်ပုံရိုက်သူတွေကတော့ အများကြီးပေါ့၊ ပိရမစ်ကြီးတွေကို လက်ပေါ်တင်ရိုက်တာတို့ ပိရမစ်ထိပ်ကို လက်ချောင်းလေးတွေနဲ့ ဆွဲယူသလို ရိုက်တာတို့ ပို့စ်အမျိုးမျိုး အပြိုင်အဆိုင်ပေါ့။ သဲကန္တာရဆိုတော့ လေတော့ထန်တယ်။ အဲ့မှာ ကုလားအုတ်နဲ့ ဓာတ်ပုံရိုက်လို့ရသလို ကုလားအုပ်စီးလို့လည်းရတယ်။ ပိရမစ်ကြီးနောက်ခံထားပြီး ကုလားအုပ်စီးရတာ တကယ်ပျော်စရာပါ။ ကုလားအုပ်ကြီးက အမြင့်ကြီး။ သူ့နာမည်က မိုက်ကယ်တဲ့။ နားထင်နားမှာ Mစာလုံးတောင် ရှိတ်ထိုးထားလိုက်သေး။ မိုက်ကယ်တို့ ခေတ်မီပုံက …

မိုက်ကယ်နဲ့ကျွန်မကို သူ့သခင်အီဂျစ်ကြီးက လူအုပ်နဲ့ဝေးရာ ဆွဲခေါ်ရာနောက်ကိုလိုက်ရင်း ပိရမစ်ကြီးတွေနောက်ခံနဲ့ ကန္တာရထဲ တရွေ့ရွေ့သွားနေရင်း ကိုယ့်ကိုယ်ကိုယ် ရှေးဟောင်းအီဂျစ်ကမ္ဘာထဲ ရောက်သွားသလိုလို ခံစားချက်က အရမ်းမိုက်ပါတယ်။ အီဂျစ်ရောက်ဖြစ်ရင် ကုလားအုပ် စီးဖြစ်အောင်စီးကြပါ။

ကုလားအုတ်စီး Live Video Link လေးပါ

364.JPG

အီဂျစ်ကပိရမစ်ကြီးတွေဟာ ဖာရိုဘုရင်တို့ရဲ့ သချိုင်းဂူသက်သက်သာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာတိုင် မပျက်မစီးဘဲ မားမားမတ်မတ်ရပ်တည်နေနိုင်တာကြောင့် လူတို့ရဲ့ စွမ်းအားကို ပြနေတဲ့ ပြယုဂ်ကြီးတစ်ခုလည်း ဖြစ်နေပါတယ်။ ဒီလောက်လေးလံတဲ့ ကျောက်တုံးကြီးတွေအထပ်ထပ် ထပ်ကာ အမြင့်ကြီး ဆောက်နိုင်တာလည်း ထူးဆန်းအံ့သြဖွယ်ကောင်းလှပါတယ်။ ရှေးခေတ်ဆောက်လုပ်ရေး နည်းပညာတွေ၊ ယုံကြည်ချက်တွေ၊ အယူဝါဒတွေကလည်း စိတ်ဝင်စားဖွယ်ကောင်းလှလို့ ကမ္ဘာ့အံ့ဖွယ်အဆောက်အအုံကြီးတွေထဲ ထိပ်ဆုံးက နှစ်ပေါင်းများစွာ နေရာယူခဲ့နိုင်တာလည်း မဆန်းပါဘူးလေ။

20161230_101734-01

အားလုံးကို ကျေးဇူးတင်ပါတယ်။အီဂျစ်ပိရမစ်ကြီးတွေကို ကိုယ်တိုင်ကိုယ်ကျ သွားလေ့လာချင်ပါက နုမြတ်သွားခဲ့တဲ့ Tour Diamond ကနေ အီဂျစ်သီးသန့်ခရီးစဉ်တွေ သွားပေးနေတာကြောင့် ဒီ Link ကနေ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
https://www.facebook.com/tourdiamondtravel/

ပိရမစ်အကြောင်း ပြောပြထားတဲ့ Live Video Link လေးတွေပါ

အီဂျစ်ဖာရိုဘုရင်တွေ၊ မမ်မီတွေအကြောင်းနဲ့ တခြားအီဂျစ်က စိတ်ဝင်စားဖွယ်ရာတွေကို နောက်အပိုင်းတွေမှာ ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ Nu Myat around the World page ကို like လုပ်ထားနိုင်ပါတယ်။ ဒီ Post ကိုလည်း စိတ်ဝင်စားရင် Like နဲ့ Share လုပ်နိုင်ပါတယ်ရှင့်။

Dr.Nu Myat Theingi Oo
Nu Myat around the World
www.numyataroundtheworld.com