ရဲတိုက်များစွာရှိသည့် ဝေလနိုင်ငံ

ရဲတိုက်များစွာရှိသည့် ဝေလနိုင်ငံ


ယူနိုက်တက်ကင်းဒမ်း(ယူကေ)နိုင်ငံတစ်ခု ဖြစ်သည့် ဝေလ (Wales) နိုင်ငံသည် ရင်သပ်ရှုမောဖွယ် အမျိုးသားဥယျာဉ်များ၊ တောင်တန်းများ၊ ကြီးကျယ်ခမ်းနားသော ရဲတိုက်များ၊ လှပသော ရှုခင်းများကြောင့် ခရီးသွားများကြား ကျော်ကြားလှသည်။ ၎င်းသည် ဂရိတ်ဗြိတိန်ကျွန်း၏ အနောက်တောင်ဘက်တွင်ရှိကာ အရှေ့ဘက်တွင် အင်္ဂလန်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ အနောက်မြောက်ဘက်တွင် အိုင်းရစ်ပင်လယ်ခြားကာ အိုင်ယာလန် သမ္မတနိုင်ငံရှိပြီး တောင်ဘက်တွင် Bristol ရေလက်ကြား ရှိသည်။ လန်ဒန်မြို့မှ ကားဖြင့်မောင်းပါက နှစ်နာရီသာကြာရောက်သည့်နေရာတွင်ရှိသဖြင့် လန်ဒန်သွားလည်ရင်း သွားလေ့ရှိကြသည်။ စာရေးသူကိုယ်တိုင်လည်း ဝေလနိုင်ငံသို့ လန်ဒန်မှ သွားရောက်ခဲ့ခြင်းဖြစ်သည်။


ဝေလနိုင်ငံတွင် သိုးအုပ်များကို နေရာတိုင်းလိုလိုတွေ့နိုင်ပြီး လူများထက် သိုးများ ပိုများသည်။ နိုင်ငံတွင်း လူဦးရေ ၃ သန်းသာရှိသော်လည်း သိုးကောင်ရေ ၁၀ သန်းထိ ရှိပေသည်။ မြို့ခြောက်မြို့သာရှိပြီး အကြီးဆုံးမြို့နှင့် မြို့တော်မှာ ကာဒစ်ဖ်မြို့ဖြစ်ကာ လူဦးရေပေါင်း ၃၆၀,၀၀၀ ရှိသည်။ ဤမြို့သည် ၁၉၅၅ ခုနှစ်တွင်မှ မြို့တော်ဖြစ်လာခဲ့သဖြင့် ဥရောပတွင် သက်တမ်းအနုဆုံး မြို့တော်ဖြစ်သည်။ ၎င်း၏ ခမ်းနားထည်ဝါသော ဈေးဝယ်စင်တာများနှင့် သမိုင်းဝင်အဆောက်အအုံများစွာရှိကာ နိုင်ငံတွင်းအလှဆုံးရဲတိုက်ဖြစ်သည့် Cardiff ရဲတိုက်နှင့် ကာဒစ်(ဖ်) အမျိုးသားပြတိုက်လည်း ရှိသည်။ နိုင်ငံတွင်းရှိ အကြီးဆုံးပင်လယ်ကမ်းခြေအပန်းဖြေမြို့မှာ Llandudno မြို့ဖြစ်သည်။ St Davids မြို့သည် ဗြိတိန်တွင် အသေးငယ်ဆုံးမြို့ဖြစ်ကာ လူဦးရေ ၂၀၀၀ ထက်နည်းသည်။


ဝေလနိုင်ငံကို ၎င်း၏နာမည်ကျော် စောင်းဆရာများ၊ အဆိုပညာရှင်များနှင့် တစ်ကိုယ်တော် အနုပညာရှင်များကြောင့် ‘သီချင်းပြည်’ ဟု မကြာခဏ ရည်ညွှန်းလေ့ရှိသည်။ နိုင်ငံတော်အလံသည် အခြားနိုင်ငံတော်အလံများနှင့်မတူဘဲ တစ်မူထူးခြားကာ ဝေလနယ်၏ သင်္ကေတဖြစ်သည့် နဂါးကြီးတစ်ကောင် ရေးဆွဲထားသည်။


ဝေလနိုင်ငံတွင် စိမ်းလန်းသာယာသောရှုခင်းများပိုင်ဆိုင်ထားပြီး Pembrokeshire Coast အမျိုးသားဥယျာဉ်၊ Snowdonia အမျိုးသားဥယျာဉ်နှင့် Brecon Beacons အမျိုးသားဥယျာဉ်ဟူသော အမျိုးသားဥယျာဉ် ၃ ခုရှိကာ ၎င်းတို့မှာ နိုင်ငံ၏ ငါးပုံတစ်ပုံကို လွှမ်းခြုံထားသည်။ အမြင့်ဆုံးတောင်မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၆၀ ပေ အမြင့်ရှိ Snowdon တောင်ဖြစ်ပြီး တောင်ထိပ်သို့ လမ်းလျှောက်တက်နိုင်သလို ရထားနှင့်လည်း တက်နိုင်သည်။ နိုင်ငံ၏အကြီးဆုံး သဘာဝရေကန်မှာ ‘ငြိမ်သက်ခြင်း၏ရေကန်’ ဟု အဓိပ္ပါယ်ရသော Llyn Tegid ရေကန်ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်းတွင် လာရောက်လည်ပတ်မှု အများဆုံးရေတံခွန်ဖြစ်သည့် Swallow ရေတံခွန်လည်းရှိသလို ဂရိတ်ဗြိတိန်ကျွန်း၏ အနက်ဆုံးလှိုဏ်ဂူလည်း ရှိသည်။


ဝေလနိုင်ငံသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာထက်မဆို တစ်စတုရန်းမိုင်အတွင်းရှိ ရဲတိုက်အရေအတွက် ပိုများသည်။ နေရာတိုင်းတွင် ရဲတိုက်များရှိသည်။ ဝေလပြည်နယ်တွင် ရဲတိုက်အချို့ ပြိုကျပျက်စီးနေသော်လည်း ယနေ့ထက်ထိ ရဲတိုက်ပေါင်း ၆၀၀ ကျော်ရှိနေသေးသည်။ Caerphilly သည် အကြီးဆုံးရဲတိုက်ဖြစ်ပြီး အင်္ဂလန်ရှိ Windsor ရဲတိုက်ပြီးနောက် ဥရောပတွင် ဒုတိယအကြီးဆုံးရဲတိုက်လည်းဖြစ်သည်။ ဥရောပတွင် ထိန်းသိမ်းမှုအကောင်းဆုံး အလယ်ပိုင်းခေတ် ရဲတိုက်တစ်ခုဖြစ်သည့် Caernarfon ရဲတိုက်ကြီး၊ Conwy မြို့ရှိ Conwy ရဲတိုက်ကြီးနှင့် Pembrokeshire ကမ်းရိုးတန်းရှိ Pembroke ရဲတိုက် တို့သည်လည်း ထင်ရှားသည်။


ထို့ပြင် တံတား သုံးခု ကပ်ရပ်တည်ရှိနေသည့် Devil’s Bridge၊ အီတလီ ငါးဖမ်းရွာလေးကဲ့သို့ ဖန်တီးတည်ဆောက်ထားသည့် Portmeirion ဟိုတယ်၊ ရှုခင်းလှပသာယာသည့် Beddgelert နှင့် Betws-y-Coed ရွာနှစ်ရွာ၊ အလှဆုံး ဥယျာဉ်တစ်ခုဖြစ်သည့် Bodnant ဥယျာဉ်ကြီး၊ Caernarfon ရှိ အမျိုးသားကျောက်တုံးပြတိုက်၊ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သည့် Pontcysyllte Aqueduct နှင့် Llangollen တူးမြောင်းတို့သည်လည်း ဝေလနယ်၏ နာမည်ကျော်နေရာများဖြစ်သည်။


ဒေါက်တာနုမြတ်သိင်္ဂ ီဦး