ဆောင်နိုင်ကြီးရေတံခွန်နဲ့ ကျိုက်ထီးရိုး
နေ့ချင်းပြန် Road Trip
ကျိုက်ထီးရိုးဘုရားရဲ့တောတောင်ရေမြေ သဘာဝအလှကတော့ ပြောစရာမလိုလောက်အောင်လှမှန်းသိပြီးသားပါ ။ ဒါပေမဲ ကင်ပွန်းစခန်းနားက ဆောင်နိုင်ကြီး ရေတံခွန်ကိုတော့ ဒီလောက်လှမယ် မထင်ခဲ့ရိုးအမှန်ပါ။
ရေတံခွန်ကြီးက အရမ်းကို အေးချမ်းသာယာတာပဲ။ တောထဲတောင်ထဲမှာ တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးတွေ၊ တဝေါဝေါကျနေတဲ့ ရေစီးသံလေးတွေနဲ့ အေးချမ်းလိုက်တာ။
ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းကနေ မြေနီလမ်းလေးအတိုင်း မိနစ် ၂၀လောက်မောင်းရင်ရောက်တော့ ကျိုက်ထီးရိုးဘုရားဖူးသွားရင်း ရန်ကုန်ကနေ နေ့ချင်းပြန်သွားလို့ရတယ်။
ဒီတော့ နေ့ချင်းပြန် ဘယ်သွားရမလဲ စဉ်းစားရကျပ်နေသူတွေအတွက် ကျိုက်ထီးရိုးဘုရားဖူးရင်း တောတွေတောင်တွေကြားက ရေတံခွန်လေးမှာ အေးဆေးအနားယူပြီး ရေဆော့နိုင်ပါတယ်လို့။ အချိန်ရရင် သုဝဏ္ဏဘူမိ Resort မှာ ကော်ဖီသောက်တာတို့ စိမ်းလဲ့တင် အပန်းဖြေစခန်းက Mini Zoo လေးထဲ အကောင်လေးတွေ သွားကြည့်တာတို့လည်း တစ်ခါထဲ လုပ်ခဲ့လို့ရပါတယ်။
ကျိုက်ထီးရိုး
ကျိုက်ထီးရိုးကတော့ ငယ်ငယ်လေးကတည်းကဖူးနေကြပါ။ ဒီတစ်ခါတော့ ၄နှစ်အရွယ်တူလေးလည်းပါတော့ တစ်ခါမှမရောက်ဖူးတဲ့ သူ့အစားရင်တွေခုန်နေပါတယ်။ ဟိုးအမြင့်ကြီးတောင်တွေပေါ်၊ တိမ်ပင်လယ်တွေကြားက ရွှေရောင်ဝင်းနေတဲ့ ကျိုက်ထီးရိုးစေတီကြီးက ဘယ်တော့ရောက်ရောက် ဖူးမဝ။ တောတောင်ရှုခင်းတွေဆိုလည်း ဘယ်တော့ရောက်ရောက်ကြည့်မဝ။
တောင်တက်ကားကြီးပေါ် တောင်အဆင့်အဆင့်ကွေ့ကာဝိုက်ကာ သွားရတာကိုလည်း အရမ်းသဘောကျတာ။ အခုတစ်ခေါက်မှာ ထူးခြားတာကတော့ တောင်တက်ကားတွေ အဆင့်မြင့်လာတာပါ။ ကားမှာ အမိုးတွေတပ်ထားသလို ထိုင်ခုံတွေမှာလည်း ခါးပတ်ကြိုးတွေတပ်ထားတယ်လို့။ တချို့ကားတွေဆို ထိုင်ခုံမှာ ဆိုဖာတပ်ထားတာတောင်တွေ့ရတယ်။ မဆိုးဘူးနော်။ Cable Car နဲ့ ဆိုလည်း တောတောင်ရှုခင်းတွေ ပေါ်ကသွားရတာ အသည်းယားစရာလည်းကောင်း ပျော်စရာလည်းကောင်းပါတယ်။
နုမြတ်တို့က မနက်နောက်ကျမှ ၈ခွဲ-၉လောက်မှ ထွက်ဖြစ်တော့ ကင်ပွန်းစခန်းကို ၁၂လောက်မှရောက်တယ်။ တောင်ပေါ်မှာ ဘုရားဖူး ဓာတ်ပုံအေးဆေးရိုက် ထမင်းစားပြီးမှ ပြန်ဆင်းတာဆိုတော့ တောင်အောက်ကို ညနေ ၄ခွဲလောက်မှရောက်တယ်။ ကားကိုတော့ တောင်အောက် ကင်ပွန်းစခန်းက Feel စားသောက်ဆိုင် မျက်စောင်းထိုးက ဟိုတယ်ရှေ့မှာ ရပ်ထားခဲ့တယ်။ နေ့တဝက်ဆိုတော့ ကားရပ်ခ ၃၀၀၀ ပဲပေးရတယ်။
ဆောင်နိုင်ကြီးရေတံခွန်
တောင်အောက်ပြန်ရောက်တော့ အဲ့မှာရပ်ထားတဲ့ကားပြန်ယူပြီး ဆောင်နိုင်ကြီးရေတံခွန်ဆီဆက်သွားခဲ့တယ်။ အဲ့ရေတံခွန်ကို ကင်ပွန်းစခန်းကနေ မိနစ်၂၀လောက် ကားလမ်းအတိုင်းသွားရင်ရောက်တယ်။ ကားလမ်းသိပ်မကောင်းသေးတော့ ကားကြီးနဲ့သွားမှအဆင်ပြေမယ်။ ကားပါမလာရင်တော့ ဆိုင်ကယ်ကယ်ရီနဲ့ တစ်ယောက် ၁၅၀၀ကျပ်နဲ့ ရေတံခွန်အရောက်လိုက်ပို့ပေးတယ်။
လမ်းမှာ ချောင်းတစ်ခုကိုတံတားနဲ့ဖြတ်ရတယ်။ အဲ့ချောင်းမှာတင် ခေတ်စကားနဲ့ပြောရရင် တစ်ကားရိုက်လို့ရတယ်။ ချောင်းဘေးမှာ တဲလေးတွေနဲ့ စားသောက်ဆိုင်လေးတွေ အစီအရီ။ ရေဆော့ဖို့ ဘောကွင်းတွေလည်း တွေ့ရတယ်။ တံတားပေါ်ဖြတ်ရင်း ဖြတ်ခနဲ လှမ်းကြည့်တာတောင် ရေအောက်ကကျောက်တုံးလေးတွေ လှမ်းမြင်ရလောက်တဲ့အထိရေကြည်တယ်။
အဲ့ကနေ တောလမ်းအတိုင်းဆက်မောင်းတဲ့အခါ ဝါးတိုင်လေးတွေ အစီအရီနဲ့ အဝင်ဝကို လှမ်းတွေ့ရတယ်။ အထဲမှာလည်း အလှဆင်ထားတာလေးတွေ ရှိတော့ ဓာတ်ပုံရိုက်လို့တော်တော်လှမယ်။ ကိုယ်တွေကတော့ နောက်ကျနေလို့ ရေတံခွန်ဆီပဲ တန်းသွားခဲ့ကြတယ်။ ရေတံခွန်ရောက်ဖို့ ကားပါကင်ကနေ တောလမ်းလေးအတိုင်း လမ်းလျှောက်သွားရတယ်။ လမ်းတလျှောက် စမ်းချောင်းလေးနဲ့ ရေတံခွန်အသေးလေးတွေနဲ့ အရမ်းသာယာတယ်။ စမ်းချောင်းဘေးမှာ ကျောက်တုံးတွေ ကျောက်ဆောင်တွေနဲ့ သဘောကျဖို့ကောင်းပါဘိ
လျှောက်ရင်းလျှောက်ရင်း ဆိုင်တွေအစီအရီနဲ့ ရေဆော့တဲ့နေရာကိုရောက်ခဲ့တယ်။ အဲ့ဒီကနေ မိနစ်၂၀လောက်ထပ်လျှောက်ရင် ရေတံခွန်အကြီးရောက်မယ်တဲ့။ တောလမ်းကလည်းဖြစ် နောက်လည်းကျ ကလေးလည်းပါနေတော့ အဲ့အထိဆက်မသွားတော့ဘဲ လူအများရေဆော့တဲ့နေရာမှာပဲ ဆင်းဆော့ခဲ့ကြတယ်။
အဲ့နေရာမှာတော့ လူရှင်းပြီး ဓာတ်ပုံရိုက်လို့လည်းလှတဲ့ အစွန်ဆုံးကိုသွားပြီး ရေထဲဆင်းဆော့ခဲ့ကြတာ။ ကိုယ်တွေဆော့တဲ့နေရာက ရေတံခွန်လေးတွေအများကြီးရှိပြီး တချို့နက်တဲ့နေရာက ရေတွေဆို စိမ်းပြာရောင်လေးတွေ ဖြစ်လို့ လှမှလှ။ တူလေးဆို ပျော်လွန်းလို့ ရေတွေနဲ့ လိုက်ပက်နေတာ။
ချောင်းအလယ်က နေရာကို ရောက်ဖို့ ရေနည်းနည်းနက်တာကိုဖြတ်ရတယ်။ နက်တယ်ဆိုတာကလည်း ရင်ခေါင်းလောက်နက်တာပါ။ ရေတံခွန်အရှိန်နဲ့မျောမပါသွားအောင် ကမ်းတစ်ဖက်နဲ့တစ်ဖက် ကြိုးတန်းပေးထားတော့ သွားရအဆင်ပြေတယ်။ ရေတံခွန်တွေအလည်ရောက်တော့ ပျော်စရာပေါ့။
အဲ့မှာသဘောကျတာတစ်ခုက ရေဆော့သူတွေ အန္တရာယ်မရှိအောင် ကမ်းစပ်မှာ ရွာသားတွေ စောင့်ပေးခိုင်းထားတာ။ ရေတံခွန်မှာကြိုက်တဲ့အချိန်ထိနေလို့ရတယ်။ ဧည့်သည်တွေပြန်မှ သူတို့လည်း ပြန်ရတာတဲ့လေ။
အဲ့မှာရေဆော့ပြီး ပုံတွေအမုန်းရိုက်ပြီးတာနဲ့ မှောင်လည်း မှောင်စပြုလာပြီဆိုတော့ ရေစိုအဝတ်တွေလဲပြီးတာနဲ့ပြန်လာခဲ့ကြတယ်။ ညစာကိုတော့ ကျိုက်ထိုက Feel မှာပဲ ဝင်စားခဲ့ကြတယ်။ ည၁၁ နာရီလောက်ပြန်ရောက်ပါတယ်။
ဒါကတော့ ကျိုက်ထီးရိုးဘုရားဖူးရင်း ဆောင်နိုင်ကြီးရေတံခါန်မှာ ရေကစားခဲ့ကြတဲ့ အတွေ့အကြုံတွေပါ။ တန်ဆောင်တိုင်ရုံးပိတ်ရက် အဲ့ဒီလိုလည်း နေ့ချင်းပြန်ခရီးထွက်လို့ရပါတယ်လို့။
ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ တန်ဆောင်တိုင်ဖြစ်ပါစေနော်။
ချစ်တဲ့
နုမြတ်