ကျွန်မနှင့် ဆွစ်ဇာလန်
ထောင်တွင်းနှစ်ညတာ


ဟုတ်ပါတယ်။ ကျွန်မ အကျဉ်းထောင်ထဲ၊ အကျဉ်းခန်းထဲ နှစ်ညတာ ကုန်ဆုံးခဲ့ဖူးပါတယ်။ အကျဉ်းထောင်မှ နယ်နယ်ရရ အကျဉ်းထောင် မဟုတ်ဘူးနော်။ Switzerland နိုင်ငံက အကျဉ်းထောင်ထဲမှာပါ။ ဒါပေမဲ့ ရာဇဝတ်မှု ကျူ းလွန်လို့လည်း မဟုတ်၊ အကျဉ်းကျခံရလို့လည်း မဟုတ်ပါဘူး။ Tourist တစ်ယောက်အနေနဲ့ပါ။ Tourist အနေနဲ့ အကျဉ်းထောင်ထဲ ဝင်ခဲ့ဖူးတယ်ဆိုတော့ နားရှုပ်သွားမယ် ထင်တယ်နော်။ သူများနိုင်ငံသွားပြီး မဟုတ်တာ ဘာသွားလုပ်ခဲ့လို့လည်း ဆိုပြီးလည်း တစ်မျိုးမထင်ပါနဲ့။ ဖြစ်ပုံကဒီလိုပါ။

၂၀၁၀ခုနှစ် သင်္ကြန်ရုံးပိတ်ရက်တုန်းက ပိတ်ရက်ရှည်ရတာနဲ့ ပြည်ပခရီးထွက်လေ့ရှိတဲ့ ကျွန်မတို့ မိသားစု ဥရောပ ၅နိုင်ငံကို ၁၀ရက်တာ ခရီးထွက်ခဲ့ကြပါတယ်။ ပုံမှန်ဆို ရန်ကုန်ကနေ Package Tour ဝယ်ပြီး သွားလေ့ရှိပေမဲ့ အဲဒီနှစ်မှာတော့ အသစ်အဆန်းလေးဖြစ်သွားအောင် ကိုယ့်အိတ်ကိုယ်ဆွဲပြီး Backpacking Tourist တွေလိုသွားဖြစ်ခဲ့ပါတယ်။ ဥရောပနိုင်ငံတွေအနှံ့ ပြေးဆွဲတဲ့ Eurorail ရထားတစ်ခုပြီး တစ်ခုပြောင်းစီးပြီး တစ်နိုင်ငံဝင် တစ်နိုင်ငံထွက် ချီတက်ခဲ့ကြတာပါ။ အသိ Tour Company တစ်ခုက သွားမယ့်နိုင်ငံတွေ အလိုက် Hotel တွေ ကြို Booking လုပ်ပေးထားပြီး Booking လုပ်ပေးထားတဲ့နေ့တွေအလိုက် သက်ဆိုင်ရာနိုင်ငံတွေက သက်ဆိုင်ရာ Hotelတွေ ဆီရောက်အောင် သွားခဲ့ရတာပါ။


ဆွဲထားတဲ့ ခရီးစဉ်အရ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ကို လေယာဉ်ဆိုက်ပေမဲ့ ပဲရစ်ကို နောက်ဆုံးမှ လည်မယ်ဆိုပြီး ဆွစ်ဇာလန်ကို ခရီးမရောက်မဆိုက် ရထားနဲ့ ဆက်ပြီးထွက်ခွာခဲ့ကြပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ အေးချမ်းတဲ့ မြို့လေးတစ်မြို့ ဖြစ်တဲ့ လူဇင်း (Lucerne) မြို့ကိုပါ။ လမ်းမှာ စိမ်းစိုလှပရှင်းသန့်တဲ့ ဆွစ်ဇာလန်ရှုခင်းတွေခံစားရင်း ဥရောပခရီးစဉ်ကို စခဲ့ကြတာပေါ့။ လေယာဉ်တွေ အဆင့်အဆင့်စီးပြီး ကားတစ်တန် ရထားတစ်တန်နဲ့ ခရီးနှင်ခဲ့ရတော့ လူဆင်းမြို့ရောက်ရင် တစ်ဝကြီး အနားယူပစ်လိုက်မယ်ဆိုပြီး ကျွန်မတို့ အားလုံး အားခဲထားကြတာပေါ့။ ဒါပေမဲ့လည်း လူဆင်းလည်းရောက်ရော ခဲလေသမျှ သဲရေကျခဲ့ရပါတယ်။
လူဆင်းဘူတာမှာ ရထားလည်းဆိုက်ရော စီစဉ်ထားတဲ့ Hotel ကို သွားဖို့ စုံစမ်းကြည့်တဲ့အခါ ဘူတာဝန်ထမ်းက နီးနီးနားနား လမ်းလျှောက်သွားရုံနဲ့ ရောက်တယ်ဆိုပြီး မြို့မြေပုံပေါ် လမ်းညွှန်ပေးလိုက်ပါတယ်။ ဒါနဲ့ ကျွန်မတို့လည်း ကိုယ့် Luggage ကိုယ်ဆွဲပြီး ဟိုတယ်ရှာပုံတော် ဖွင့်ခဲ့ကြတာပေါ့။ Lucerne မြို့လေးက သေးတဲ့ အပြင် မြို့လည်က ရေကန်ကို အခြေခံပြီးဖွဲ့ စည်းထားတော့ Taxi ဌားရင်တောင် မရနိုင်ပါဘူး။ Taxi အလွန်ရှားပါတယ်။ မြေပုံအရ ရေကန်ကို ဖြတ်ကျော်ပြီး တစ်ဖက်ကမ်းရောက်အောင် အထုပ်တွေအပိုးတွေသယ်ကာ မနည်းသွားရပါတယ်။ ဒီကြားထဲ လမ်းတွေမှားပြီး ဟိုတယ်ကလည်း ပျောက်နေတော့ ပိုဆိုးတာပေါ့။ မြေပုံမှာပြထားတဲ့နေရာ ရောက်နေပေမဲ့ ဟိုတယ်နဲ့ တူတဲ့အရိပ်အယောင်တောင် မတွေ့ရပါဘူး။ ဥရောပနယ်မြို့လေးတွေမှာ ညနေဘက်တွေ အေးလို့ အပြင်ထွက်လေ့မရှိတာကြောင့် လမ်းမေးရမယ့် ဒေသခံတွေလည်း တစ်ယောက်မှ မတွေ့ရပါဘူး။


ဒါနဲ့ ဟိုတယ်နာမည်နဲ့လိပ်စာ အရ ရောက်နေတဲ့ အဆောက်အအုံထဲ ဝင်မေးကြည့်လိုက်တဲ့ အခါမှ ဒါကျွန်မတို့တည်းရမယ့် ဟိုတယ် ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဟိုတယ်ပုံလည်းမပေါက် ဆိုင်းဘုတ်လည်းမတပ်ထားတော့ ကျွန်မတို့ မျက်စိလည်နေတာပါ။ ဟိုတယ်မှ ဘုရားစူးဟိုတယ်ပါ။ ဟိုတယ်နာမည်ကိုက Jail Hotel တဲ့လေ။ အရင်က အချုပ်ထောင်ကို ဟိုတယ် အဖြစ် ပြန်ဖွင့်ထားတာမှန်း နောက်မှ တဖြည်းဖြည်း သိလာရတာ။ တည်းခိုသူတွေ အကျဉ်းထောင် ရောက်နေသလို ခံစားရအောင် ဟိုတယ်ခန်းတွေကို အရင် အချုပ်ခန်းတွေ အတိုင်းပဲ ထားထားတာတဲ့။
