ဘေဂျင်းမြို့တော်၏ အထင်ကရ တီယန်နန်မန် ရင်ပြင်သို့ တစ်ခဏ (Tiannmen Square Beijing China)

ဘေဂျင်းမြို့တော်၏ အထင်ကရ
တီယန်နန်မန် ရင်ပြင်သို့ တစ်ခဏ

တရုတ်ပြည်သူ့သမ်္မတနိုင်ငံ ပေကျင်းမြို့နှင့် နန်ကျင်းမြို့သို့ CRI (China Radio International) ၏ ဖိတ်ကြားချက်အရမီဒီယာသင်တန်းတက်ရောက်ရန် စာရေးသူသည် ယခုနှစ် အောက်တိုဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၅ ရက်ထိ သွားရောက်ခဲ့ရာ ပေကျင်းမြို့၏ နာမည်ကျော် တီယန်နန်မန် (တီယန်မင်) ရင်ပြင်ကြီး Tianamen Square သို့ပါ သွားရောက်လေ့လာခွင့်ရရှိခဲ့ပါ၏။ ထိုရင်ပြင်ကြီး သည်  ပေကျင်းမြို့၏ မြို့လယ်ခေါင်၌တည်ရှိပြီး ၎င်းင်း၏ မြောက်ဘက်အရပ်၌ရှိသော တီယန်နန်မန် ဂိတ်ဝကြီးကို အစွဲပြု၍ တီယန်နန်မန်ရင်ပြင်ဟု မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ တီယန်နန်မန်ဂိတ်၏ အဓိပ္ပာယ်မှာ ငြိမ်းချမ်းရေးနိဗ်္ဗာန်၏ဂိတ်ဝဖြစ်၍ ရင်ပြင်ကြီးနှင့် တရုတ်ရှေးဟောင်းနန်းတော်ဝင်း forbidden City ကို ခြားထားလေ၏။

ထိုရင်ပြင်ကြီးသည် ဧရိယာစတုရန်းမီတာပေါင်း ၄၄၀၀၀၀ ကျော် (ဧကပေါင်း ၁၀၉ ဧကနီးပါး) ကျယ်ဝန်း၍ ကမ်္ဘာပေါ်၌ စတုတ်္ထအကြီးဆုံးပြည်သူ့ရင်ပြင်ကြီး ဖြစ်၏။ ကမ်္ဘာ့အကြီးဆုံးရင်ပြင်မှာလည်း တရုတ်နိုင်ငံ၌ပင်တည်ရှိ၍ ဒါလျန်းမြို့ရှိ ရှင်းဟိုင်ရင်ပြင်ဖြစ်ကာ ဧရိယာစတုရန်းမီတာပေါင်း ၁၁ သိန်း (ဧကပေါင်း ၂၇၂ ဧကနီးပါး) ကျယ်ဝန်းပါ၏။ တီယန်နန်မန်ဂိတ်ကို တရုတ်နိုင်ငံ မင်မင်းဆက်အတွင်း ၁၄၁၅ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရင်ပြင်ကိုမူ ၁၆၅၁ ခုနှစ်မှ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ စတင်တည်ဆောက်ကာစက ယခုလောက်မကျယ် ဝန်းသေးဘဲ နောက်ပိုင်းမှ နဂိုမူလအရွယ်အစား၏ လေးဆအထိ တိုးချဲ့ခဲ့ခြင်းဖြစ် သည်။ တရုတ်ပြည်သူ့သမ်္မတ နိုင်ငံတော်ကို တည်ထောင်ခဲ့သော တရုတ်ခေါင်းဆောင် မော်စီတုန်း လက်ထက် ၁၉၅၈ ခုနှစ်၌ ယင်းရင်ပြင်ကြီးကို ကမ်္ဘာ့အကြီးဆုံး ရင်ပြင်ကြီးဖြစ်စေရန် ရည်ရွယ်၍ လူပေါင်း ၅ သန်း ကျော်ဆံ့သည့်ယနေ့အကျယ် အဝန်းထိ တိုးချဲ့ခဲ့ခြင်းဖြစ်သည်။

၁၉၄၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် တရုတ်ပြည်သူ့သမ်္မတနိုင်ငံတော်ကြီး၏ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၁၉၅၈-၅၉ ခုနှစ်များ၌ အရေးကြီး အဆောက်အအုံ ၁၀ ခုကို ပေကျင်းမြို့အနှံ့တည်ဆောက်ခဲ့ရာ ရင်ပြင်ကြီး၏ အရှေ့ဘက်နှင့် အနောက်ဘက်များ၌ တရုတ်အမျိုးသားပြတိုက်နှင့် ပြည်သူ့ခန်းမ အဆောက်အအုံတို့ကို အသီးသီးဆောက်လုပ်ခဲ့ပါ၏။ ရင်ပြင်၏ မြောက်ဘက်တွင်မူ မော်စီတုန်းပုံတူပန်းချီကားကြီးကို ချိတ်ဆွဲထားသည့် တီယန်နန်မန်ဂိတ်ဝကြီးကို တွေ့ခဲ့ရ၍ တောင်ဘက်၌မူ ရှေးဟောင်းဂိတ်ဝကြီးတစ်ခုဖြစ်သည့် ကွင်းမိန်ဂိတ် သို့မဟုတ် ကျန်ယမန်ဂိတ်ကို တွေ့ခဲ့ရပါ၏။ ရင်ပြင်ကြီး၏ အတွင်း၌လည်း ပြည်သူတို့၏ သူရဲကောင်းများ အထိမ်းအမှတ် ကျောက်တိုင်ကြီးနှင့် ခေါင်းဆောင်ကြီး မော်စီ တုန်း၏ ရုပ်အလောင်းကို ဆေးစိမ်ကာ ပြသထားသည့် မော်စီတုန်း ဂူဗိမာန် အစရှိသည့် အထင်ကရအဆောက်အအုံများကို တွေ့ခဲ့ရပါ၏။

စာရေးသူတို့ သွားရောက်ချိန်သည် မနက်အစောပိုင်းဖြစ်၍ ဤမျှကျယ်ဝန်းလှ သည့် ရင်ပြင်ကြီး၌ တရုတ်ခရီးသွားများနှင့် ကမ်္ဘာလှည့်ခရီးသွား မြောက်များစွာ တွေ့ခဲ့ရ၏။ ပေကျင်းမြို့သို့ လာရောက်သူတိုင်းသည် တရုတ်ရှေးဟောင်း နန်း တော်ကြီးသို့ သွားရောက်လေ့လာလေ့ရှိရာ နန်းတော်တွင်းမဝင်မီ ဤရင်ပြင်ကြီးကို ဦးစွာလာရောက်လေ့လာနေကြခြင်းဖြစ်၏။ ရင်ပြင်သို့ ဝင်ကြေးမကောက်ခံဘဲ အခမဲ့ဖြစ်သော်လည်း လုံခြုံရေးကိုမူ အထူးတင်းကြပ်ထားသည်ကို တွေ့ရ၏။ ရင် ပြင်ကြီး၏ အနီးအနားတစ်ဝိုက်နှင့် ရင်ပြင်ကြီးအတွင်း၌ ယူနီဖောင်းဝတ်လုံခြုံရေး စစ်သားနှင့် ရဲများမြောက်များစွာ တာဝန်ချထား၍ ရင်ပြင်အတွင်းသို့ ဝင်ရောက်သူ တိုင်းကို လေဆိပ်လုံခြုံရေးအဆင့်ရှိ လုံခြုံရေးစက်များဖြင့် စစ်ဆေးသည်ကို ကိုယ် တွေ့ကြုံခဲ့ရ၏။ ရင်ပြင်အတွင်း၌ စိုက်ထားသော ဓာတ်မီးတိုင်များ၌ လုံခြုံရေးကင် မရာများ တပ်ဆင်ထားသည်ကိုလည်း တွေ့ခဲ့ရပါ၏။ ဤကဲ့သို့ လုံခြုံရေးတင်းကြပ် ရခြင်းမှာ တီယန်နမန်ရင်ပြင်၌ သမိုင်းဝင် ကမ်္ဘာကျော် အဖြစ်အပျက်ကြီးတစ်ခုဖြစ် သည့် ၁၉၈၉ ခုနှစ် တရုတ်ကျောင်းသားများ ဆန်္ဒပြပွဲ ဖြစ်ပျက်ခဲ့၍ ထိုစဉ်က တရုတ် အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့ရခြင်းကြောင့် ဖြစ်လေ၏။ ယခုအခါတွင် ထိုရင်ပြင် ကြီးကို ပြည်သူများ ဝင်ရောက်လေ့လာနိုင်ရန် ဖွင့်လှစ်ထားပြီး နှစ်စဉ်နှစ်တိုင်းတရုတ် ပြည်သူ့သမ်္မတနိုင်ငံ၏ နှစ်ပတ်လည်နေ့ အခမ်းအနားများနှင့် စစ်ရေးပြအခမ်းအနား များကို ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

17

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s