နယ်သာလန်နိုင်ငံ Netherlands ရဲ့ အထင်ကရ အရာတွေထဲ လေရဟတ်၊ ကျူးလစ်ပန်း၊ သစ်သားခုံဖိနပ်တို့နဲ့အတူ စာရင်းထဲပါနေတာကတော့ ဒိန်ခဲ Cheese ပါ။ ဒတ်ချ် Dutch လို့လည်းခေါ်ကြတဲ့ နယ်သာလန်လူမျိုးတွေရဲ့ နွားနို့နဲ့ ဒိန်ခဲက နာမည်ကြီးပါတယ်။ ဒတ်ချ်တွေက ဒိန်ခဲတွေကို စားလည်းစားကြသလို ပြည်ပပို့ကုန်အဖြစ်လည်း ထုတ်လုပ်ပို့ဆောင်ကြပါတယ်။၂၀၂၁ ခုနှစ်စာရင်းအရ နယ်သာလန်နိုင်ငံက ကမ္ဘာ့ဒုတိယ ဒိန်ခဲအပို့ဆုံးနိုင်ငံတဲ့လေ။

Colorful Cheeses ရောင်စုံဒိန်ခဲ
Cheese တွေက နိုင်ငံ့ဝင်ငွေကို အတိုင်းအတာတစ်ခုအထိရှာပေးနိုင်လို့ ဒတ်ချ်တွေက Cheese ကို “အဝါရောင်ရွှေ” လို့လည်း ခေါ်ကြတယ်တဲ့လေ။ ဒါပေမဲ့ နယ်သာလန်မှာ Cheese တွေကို အဝါရောင်အပြင် လိမ္မော်ရောင်၊ အနီရောင်နဲ့ အစိမ်းရောင်တွေအဖြစ်ပါ တွေ့ခဲ့ရတာပါ။ အရောင်၊ အရသာ၊ အရည်အသွေး၊ သက်တမ်းနဲ့ ထုတ်လုပ်ပုံပေါ်မူတည်ပြီး နယ်သာလန်မှာ Cheese အမျိုးပေါင်း ရာချီရှိပါတယ်။

Cheese = Tourist Attraction
ဒိန်ခဲတွေက နယ်သာလန်နိုင်ငံရဲ့ အဓိကပို့ကုန်တစ်ခုဖြစ်သလို Tourist Attraction လည်း ဖြစ်လို့နေပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ နယ်သာလန်နိုင်ငံကို ရောက်တဲ့အခါ ဒိန်ခဲဆိုင်တွေကို နေရာအနှံ့တွေ့နိုင်သလို ဒိန်ခဲဈေး၊ ဒိန်ခဲစက်ရုံ၊ ဒိန်ခဲပြတိုက်တွေကိုလည်း သွားရောက်လေ့လာနိုင်မှာပါ။ ဒိန်ခဲတွေမြည်းစမ်းရင်း ဒိန်ခဲအကြောင်း ထဲထဲဝင်ဝင်လေ့လာနိုင်တဲ့ Cheese Tour ဒိန်ခဲခရီးစဉ်တွေကိုတောင် ပြေးဆွဲနေတာကို တွေ့ခဲ့ရပါတယ်။

Cheese Attractions in Amsterdam
နုမြတ်တို့လည်း နယ်သာလန်နိုင်ငံရောက်ခဲ့တုန်းက မြို့တော် အမ်စတာဒမ် Amsterdam က ဒိန်ခဲဆိုင်တွေမှာ ဈေးဝယ်ခဲ့သလို ဒိန်ခဲစက်ရုံကိုလည်း သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ အမ်စတာဒမ်မှာ ဒိန်ခဲချစ်သူတွေအကြိုက်နေရာတွေရှိပါတယ်။ မြို့လည်က The Amsterdam Cheese House မှာ ဒိန်ခဲတွေအပြင် ချောကလက်နဲ့အခြားအမှတ်တရပစ္စည်းများစွာ ဝယ်ယူနိုင်ပါတယ်။ The Amsterdam ဒိန်ခဲပြတိုက်မှာတော့ ဒိန်ခဲအမျိုးမျိုးအကြောင်းလေ့လာနိုင်သလို ဒိန်ခဲတွေလည်း ရောင်းချပါတယ်။

Cheese Factory ဒိန်ခဲစက်ရုံ
ဒိန်ခဲစက်ရုံက အမ်စတာဒမ်မြို့ကနေ ကားနဲ့ မိနစ် ၂၀ လောက်မောင်းရင်ရောက်တဲ့ Volendam ငါးဖမ်းမြို့လေးမှာ ရှိပါတယ်။ မြို့လေးက ရေကန်ကြီးဘေးမှာ ရှုခင်းသိပ်လှသလို ဒိန်ခဲ၊ ငါးဖမ်းလုပ်ငန်းနဲ့ ဒတ်ချ်ရိုးရာအိမ်လေးတွေကြောင့် နာမည်ကြီးပါတယ်။ Volendam ဒိန်ခဲစက်ရုံက ပြတိုက်၊ စက်ရုံနဲ့ ဒိန်ခဲဆိုင်တို့ကို တစ်နေရာထဲမှာတွေ့နိုင်တဲ့ နေရာပါ။ အဲဒီမှာ ဒိန်ခဲတွေအကြောင်း၊ ရှေးတုန်းက ဒိန်ခဲပြုလုပ်နည်းနဲ့ ယနေ့ခေတ်ဒိန်ခဲပြုလုပ်နည်းတွေကို လေ့လာနိုင်သလို ဒိန်ခဲတွေကိုလည်း နမူနာပြုလုပ်ပြပါတယ်။ ဒိန်ခဲတွေကို မြည်းစမ်းနိုင်သလို ဒိန်ခဲအမျိုးအစားအစုံနဲ့ ဒိန်ခဲနဲ့ဆက်စပ်ပစ္စည်းအဆန်းတွေကိုလည်း ဝယ်ယူနိုင်ပါတယ်။ ဝင်ကြေး အခမဲ့ပါ။


အမ်စတာဒမ်မြို့ကနေ Volendam ဒိန်ခဲစက်ရုံ၊ သစ်သားခုံဖိနပ်စက်ရုံနဲ့ လေရဟတ်တွေရှိတဲ့ Zaanse Schans ရွာကို တစ်ဆက်ထဲသွားကြကာ နေ့ချင်းပြန်ခရီးစဉ်ဆွဲလေ့ရှိကြပါတယ်။ နုမြတ်တို့လည်း ဒီခရီးစဉ်အတိုင်း သွားခဲ့ကြတာပါ။

Cheese Market ဒိန်ခဲဈေး
အချိန်ရရင် တခြားမြို့တွေက ဒိန်ခဲဈေးတွေကိုလည်း သွားရောက်လေ့လာကြည့်သင့်ပါတယ်။ Gouda မြို့ရှိ ဒိန်ခဲဈေးက မြို့လည်မှာ နယ်သာလန်ရိုးရာအတိုင်း တည်ခင်းရောင်းချလေ့ရှိလို့ ဒေသခံတွေဝယ်ယူတဲ့ဈေးကို လေ့လာချင်ရင် သွားကြည့်သင့်ပါတယ်။ Gouda မြို့ရောက်ရင် The Goudse Waag ကိုသွားရောက်လည်ပတ်နိုင်ကာ Gouda ဒိန်ခဲကိုဘယ်လိုဖန်တီးလဲ၊ ဒိန်ခဲတွေကို ဘယ်လို အလေးချိန်ပြီး ဘယ်လိုဈေးသတ်မှတ်လဲဆိုတာကို လေ့လာနိုင်မှာပါ။
Edam မြို့က ဒိန်ခဲဈေးနဲ့ Alkmaar မြို့က ဒိန်ခဲဈေးတို့ကတော့ ကမ္ဘာလှည့်ခရီးသည်တွေလေ့လာဖို့ ဖန်တီးထားတဲ့ဈေးတွေပါ။ မြို့လည်က သမိုင်းဝင် ရင်ပြင်ကြီးတွေမှာ ဧရာမဒိန်ခဲကြီးတွေ ခင်းကျင်းထားတာ ဒိန်ခဲခေါက်ကြည့်ပြီး ဒိန်ခဲကိုစစ်ဆေးတာ၊ လက်ခုပ်တီးပြီး ဈေးဆစ်တာကအစ ရိုးရာနည်းတွေနဲ့ ဒိန်ခဲအရောင်းအဝယ်လုပ်နေကြတာကို တွေ့ကြရမှာပါ။ Alkmaar မြို့လည်ရင်ပြင်ရှိ နယ်သာလန်ရဲ့အဓိက ဒိန်ခဲပြတိုက်ကိုလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

Gouda ဒိန်ခဲအမျိုးအစားကို အဓိက ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ဒိန်ခဲတောင်ကြား Cheese Valley မှာလည်း ဒိန်ခဲထုတ်လုပ်ဖြန့်ဖြူးနည်းနဲ့ အရသာအမျိုးမျိုးကို လေ့လာနိုင်မှာပါ။ ဒိန်ခဲတောင်ကြားက အမ်စတာဒမ်၊ ရိုတာဒမ်၊ The Hague နဲ့ Utrecht တို့လို နာမည်ကြီးမြို့တွေကြားမှာရှိလို့ ဒီမြို့တွေကို သွားလည်ရင်း ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဒတ်ချ်လူမျိုးတို့ရဲ့ ဒေသရိုးရာအစားအစာကို ခရီးသွားဆွဲဆောင်မှုအဖြစ် ဖန်တီးနိုင်တာ အတုယူစရာပါ။ မြန်မာနိုင်ငံက ဒေသစာတွေကိုလည်း ဒတ်ချ်တို့ကို နမူနာယူကာ ခရီးသွားဆွဲဆောင်မှုအဖြစ်ဖန်တီးနိုင်ရင် ဘယ်လောက်ကောင်းလိုက်လိမ့်မလဲနော်။
ချစ်ခင်လျှက်
ဒေါက်တာနုမြတ်သိင်္ဂီဦး
Nu Myat around the World