ကက်ရှိမီးယားရိုးရာ သစ်သားလှေအိမ်ကြီးများ – Staying in a Houseboat in Srinagar, Kashmir, India

ကက်ရှိမီးယားရိုးရာ သစ်သားလှေအိမ်ကြီးများ

Staying in a Houseboat in Srinagar, Kashmir, India


အိန္ဒိယနိုင်ငံ၏ ဟိမဝန္တာတောင်တန်းများပေါ်ရှိ ကက်ရှ်မီးယား (Kashmir) ဒေသသည် ရင်သပ်ရှုမောဖွယ် သဘာဝအလှများနှင့် ထူးခြားသော ယဉ်ကျေးမှုအမွေအနှစ်များကြောင့် လူသိများလှပေသည်။ ဤဒေသ၏ သဘာဝအလှကို ခံစားနိုင်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ဆရီနဂါမြို့ (Srinagar) ရေကန်များပေါ်ရှိ ကက်ရှ်မီးယားရိုးရာ သစ်သားလှေအိမ်များပေါ်တွင် တည်းခိုခြင်းဖြစ်သည်။


သစ်သားလှေအိမ်များသည် ဗြိတိသျှတို့ အိန္ဒိယကို အုပ်စိုးချိန်ဖြစ်သည့် ၁၉၀၀ ပြည့်နှစ် အစောပိုင်းကတည်းက ရာစုနှစ်တစ်ခုကျော်ကြာသည်အထိ တည်ရှိနေသည့် ကက်ရှ်မီးယားဒေသ၏ ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ပါသည်။ ထိုစဉ်က ဗြိတိသျှတို့သည် ကြီးလေးသော မြေခွန်များ ချမှတ်ခဲ့သဖြင့် ဒေသခံများသည် ရေပေါ်၌ နေအိမ်များကို ဆောက်ခဲ့ရပါသည်။ ယနေ့ခေတ်တွင်မူ လှေအိမ်များသည် ဒေသတွင်းရှိ လူကြိုက်များသော ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပေသည်။


ဆရီနာဂါမြို့တွင် သစ်သားလှေအိမ်များ ရာထောင်ချီရှိကာ တောင်တန်းများဝန်းရံထားသည့် ကက်ရ်ှမီးယားရှိ အလှပဆုံးနှင့် အကြီးဆုံးရေကန်ဖြစ်သော Dal ရေကန်တွင် အများအားဖြင့် လှေအိမ်များကို ရပ်နားထားလေ့ရှိသည်။ အရွယ်အစားပိုသေးငယ်သော်လည်း ရှုခင်းထပ်တူလှသည့် Nigeen ရေကန်တွင်လည်း တွေ့ရလေ့ရှိပါသည်။ ဆရီနဂါမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် Jhelum မြစ်ပေါ်တွင်လည်း လှေအိမ်များရှိသော်လည်း များသောအားဖြင့် ရေကန် နှစ်ခုတွင်သာ တွေ့ရလေ့ရှိပေသည်။


သစ်သားလှေအိမ်များတွင် ရိုးရာဗိသုကာလက်ရာများ၊ အနုစိတ်ထွင်းထုထားသော သစ်သားလက်ရာများနှင့် အလှဆင်ထားသလို ဒေသထွက်ခန်းစီးလိုက်ကာများ၊ ကော်ဇောများ၊ အိပ်ယာဖုံးများကို အသုံးပြုထားသည်။ လှေအတွင်းပိုင်းသည် ပရိဘောဂများ၊ လေအေးပေးစက်၊ အပူပေးစနစ်၊ TV၊ ရေခဲသေတ္တာနှင့် Wi-Fi ကဲ့သို့သော Facility များဖြင့် နေထိုင်ရ သက်တောင့်သက်သာရှိလှသည်။ လှေအိမ်အတွင်းတွင် ကျယ်ဝန်းသော အိပ်ခန်းများ၊ ရေချိုးခန်းနှင့်အိမ်သာများ၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ လသာဆောင်နှင့် ကုန်းပတ်ပါရှိပါသည်။ တချို့လှေအိမ်များတွင် မီးဖိုချောင်များပါပြီး လှေဝန်ထမ်းများမှ ဧည့်သည်များအတွက် ရိုးရာဟင်းလျာများကို ပြင်ဆင်ပေးလေ့ရှိပါသည်။


စာရေးသူတို့ ယခုနှစ် ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံရှိ ကက်ရှ်မီးယားဒေသသို့ သွားရောက်လည်ပတ်ခဲ့စဉ်က ထိုရိုးရာလှေအိမ်တစ်စီးတွင် နှစ်ညတာ တည်းခိုဖြစ်ခဲ့ပါသည်။ နီဂန် (Nigeen) ရေကန်ရှိ Wangnoo Sheraton Group of Houseboats အမျိုးအစားလှေအိမ်ဖြစ်ကာ ရေချိုးခန်းအိမ်သာတွဲရက်ပါ အိပ်ခန်းကျယ် ၃ ခန်းပါသည့် လှေအိမ်ကြီးဖြစ်သည်။

လှေအိမ်ပေါ်တွင် တည်းခိုရခြင်း၏ အထူးခြားဆုံးအချက်မှာ ကက်ရှ်မီးယားဒေသ၏ သဘာဝအလှကို အေးအေးဆေးဆေး ခံစားခွင့်ရခြင်း ဖြစ်သည်။ ရေကန်တွင် ရိုးရာသစ်သားလှေဖြစ်သည့် ရှီကာရာလှေများကိုစီးနိုင်ပြီး ပတ်ဝန်းကျင်ရှုခင်းများကို ခံစားနိုင်ပါသည်။

ညဘက်များတွင် တည်းခိုရာ လှေအိမ်များပေါ်သို့ လှေငယ်များဖြင့် ဈေးသည်များတက်ရောက်လာပြီး ရိုးရာပစ္စည်းများ၊ ဒေသထွက်ကုန်များ၊ လက်ဝတ်ရတနာများ လာရောက်ရောင်းချသည်မှာ ထူးခြားသည့် ဈေးဝယ်အတွေ့အကြုံပင်ဖြစ်ပေသည်။


ကက်ရှ်မီးယားရှိ လှေအိမ်ငှားခသည် ရာသီ၊ တည်နေရာ၊ အရွယ်အစားနှင့် ပါဝင်သည့် Facility များအပေါ် မူတည်၍ ယေဘူယျအားဖြင့် တစ်ညလျှင် အိန္ဒိယရူပီး ၂၀၀၀ မှ ၂၀၀၀၀ ထိ ကျသင့်ပါသည်။ ကက်ရှ်မီးယားရှိ အိမ်လှေငှားခတွင် မနက်စာ၊ ညစာ ပါလေ့ရှိပါသည်။ လှေအိမ်ပေါ်တွင် တည်းခိုခြင်းသည် ကက်ရှ်မီးယားဒေသ၏ သဘာဝအလှနှင့် ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များကို ခံစားနိုင်ရန် ထူးခြားသည့်နည်းလမ်းတစ်ခုဖြစ်သည်။ လှေအိမ်တွင် တည်းခိုခြင်းသည် အမှတ်ရစရာ အတွေ့အကြုံများကို ရရှိစေသဖြင့် ကက်ရှ်မီးယားသွားသူတိုင်း တည်းခိုသင့်သည်ဟု ညွှန်းဆိုချင်ပါသည်။


ဒေါက်တာနုမြတ်သိင်္ဂီဦး

Nu Myat around the World

ဘူတန်၏ရှေးအကျဆုံးနှင့်အကျော်ကြားဆုံး သင်ဖူပွဲတော် – Celebrating Thimphu Festival in Bhutan

ဘူတန်၏ရှေးအကျဆုံးနှင့်အကျော်ကြားဆုံး သင်ဖူပွဲတော်

Celebrating Thimphu Festival in Bhutan


စာရေးသူ ဘူတန်နိုင်ငံရောက်ခဲ့စဉ် ဒေသခံကဲ့သို့ ရိုးရာဝတ်စုံဝတ်ဆင်ပြီး ဘူတန်ရိုးရာပွဲတော် ဆင်နွှဲခဲ့ဖူးပေသည်။ ဘူတန်နိုင်ငံသို့ ၂၀၁၈ ခုနှစ်က သွားရောက်လည်ပတ်ခဲ့စဉ် သင်ဖူမြို့ (Thimphu)မှာ နှစ်စဉ်ကျင်းပနေကျ သင်ဖူပွဲတော်သို့ ဘူတန်ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။


ဘူတန်နိုင်ငံတွင် ရိုးရာပွဲတော်ကြီးများကို Tshechu ဟုခေါ်ကာ ဘူတန်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုကို တွေ့ကြုံခံစားရန် အကောင်းဆုံးနည်းလမ်းများအနက် တစ်ခုဖြစ်သည်။ ပွဲတော်များကို ဒေသအသီးသီးရှိ Dzong ဟုခေါ်သည့် ဗိမာန်တော်ကြီးများတွင် ကျင်းပလေ့ရှိကာ အချို့ပွဲတော်များကို ဘုန်းကြီးကျောင်းများမှာလည်း ကျင်းပကြပါသည်။ Tschechu ပွဲတော်များသည် ၈ ရာစုတွင် အိန္ဒိယနိုင်ငံမှ ဘူတန်သို့ ဗုဒ္ဓဘာသာကို ယူဆောင်လာသော သူတော်စင် Guru Rimpoche ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ဗုဒ္ဓဘာသာပွဲတော်များဖြစ်သည်။ Tshechu ၏ အဓိပ္ပါယ်မှာ ၁၀ရက်မြောက်နေ့ဖြစ်ကာ သူတော်စင်ကြီး၏မွေးနေ့ဖြစ်သည့် ဘူတန်ရိုးရာပြက္ခဒိန် လဆန်း ၁၀ ရက်နေ့မှ စကာ ၃ ရက်တာကျင်းပလေ့ရှိပါသည်။ လစဉ်လတိုင်း ဘူတန်မြို့ကြီးများတွင် အလှည့်ကျ ကျင်းပလေ့ရှိပါသည်။


Tshechu ပွဲတော်မတိုင်မီ ရက်သတ္တပတ်များအတွင်း ဒေသခံရဟန်းတော်များသည် တရားထိုင်ခြင်း၊ လေးလေးနက်နက် ဆုတောင်းခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် သုံးရက်ကြာ ပွဲတော်အတွင်း ရောင်စုံမျက်နှာဖုံးများနှင့် ဝတ်စုံများ ဝတ်ဆင်ကာ ခမ်းနားထည်ဝါစွာ ကပြဖျော်ဖြေကြသည်။ မျက်နှာဖုံးစွပ်ထားသော အကတစ်ခုစီသည် Guru Rimpoche ၏ဘဝဇာတ်လမ်းများကို အခြေခံထားသည်။ ဤအကဖျော်ဖြေမှုများသည် ကံကောင်းခြင်းများကို တိုးပွားစေပြီး ကံဆိုးခြင်းကို ဖယ်ရှားပေးသည်ဟု ယုံကြည်ကြသည်။ ဘူတန်ပြည်သူများသည် ဝတ်ကောင်းစားလှများ၊ လက်ဝတ်ရတနာများနှင့် ဟင်းလျာကောင်းများဖြင့် ဆင်နွှဲကြလေ့ရှိကာ ဘူတန်လူမျိုးများအတွက် လူမှုရေးဆုံပွဲတစ်ခုလည်းဖြစ်သည်။

oznor


ဘူတန်နိုင်ငံသည် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံရသည့် အကြောင်းရင်းထဲတွင် ထိုရိုးရာပွဲတော်များကို လစဉ်နှစ်စဉ်ကျင်းပနေခြင်းကြောင့်လည်းဖြစ်သည်။ ဘူတန်နိုင်ငံတွင် ရိုးရာအစဉ်အလာ ပွဲတော်အများအပြား ကျင်းပနေသည့်အနက် ရှေးအကျဆုံးနှင့် အကျော်ကြားဆုံး ပွဲတော်မှာ စာရေးသူတို့သွားရောက်ခဲ့သည့် သင်ဖူပွဲတော်ဖြစ်သည်။ Tashi Chhodzong နန်းတော်ရှေ့တွင် ခမ်းနားစွာကျင်းပလေ့ရှိပြီး နိုင်ငံတစ်ဝှမ်းလုံးရှိ လူများစွာလာရောက်သောပွဲတော်ဖြစ်သည်။ စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလတွင် ကျင်းပလေ့ရှိပါသည်။

oznor


သင်ဖူမြို့သည် နိုင်ငံ၏တစ်ခုတည်းသော နိုင်ငံတကာလေဆိပ်မှ တစ်နာရီသာ ကားမောင်းရသည့်နေရာလည်းဖြစ်သည်။ ထို့ကြောင့် ဘူတန်သို့ လာရောက်လေ့ရှိကြသည့် လေးရက်တာခရီးကာလအတွင်း ပွဲတော်တက်ရောက်ရန် ဖြစ်နိုင်သည်။ နိုင်ငံအရှေ့ပိုင်းရှိ မြို့ကြီးများတွင် ကျင်းပသည့် ပွဲတော်များကို သွားရောက်မည်ဆိုပါက ရက်များစွာပိုယူရပေမည်။


သင်ဖူပွဲတော်ကဲ့သို့ ဘူတန်နိုင်ငံ၏ အခြား အထင်ရှားဆုံး ပွဲတော်တစ်ခုမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိရာ ပါရိုမြို့ရှိ ပါရိုပွဲတော်ဖြစ်သည်။ ပွဲတော်ကာလအတွင်း ပေ ၄၀ ကျော်မြင့်သည့် နှစ် ၃၅၀ သက်တမ်းရှိ Guru Rimpoche ၏ပုံတူ ရွှေချည်ထိုးဖောင်းကြွပန်းချီကားကြီးကို ဖြန့်ကာ ချိတ်ဆွဲပြသထားခြင်းကြောင့် ထူးခြားလှပါသည်။ ရှားပါးဗုဒ္ဓဓာတ်တော်မွေတော်များကို ပြသလေ့ရှိသည့် ပူနာခါပွဲတော်၊ ဘူတန်နိုင်ငံ၏ အမျိုးသားအထိမ်းအမှတ်သတ္တဝါဖြစ်သည့် သားမင်းကိုရည်ညွှန်းကာ Gasa အရပ်တွင် ကျင်းပသည့် သားမင်းပွဲတော်၊ Phobjikha လွင်ပြင်တွင်ကျင်းပသည့် လည်ပင်းနက်ကြိုးကြာငှက်ပွဲတော်တို့သည်လည်း ထင်ရှားသည့် ဘူတန်ရိုးရာပွဲတော်များဖြစ်သည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Nu Myat around the World

ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံ ကာတာကို အခမဲ့ လည်ပတ်ခဲ့တဲ့အတွေ့အကြုံ – Qatar World Cup 2022

ကမ္ဘာ့ဖလား အိမ်ရှင် ကာတာ နိုင်ငံအကြောင်း ထူးခြားတဲ့ အချက်တွေနဲ့ ကိုယ်တိုင်ရောက်ခဲ့တဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို ပြောပြထားပါတယ်။

ဒါ့အပြင် ကာတာနိုင်ငံ ဒိုဟာမြို့ကို ပိုက်ဆံမကုန်ဘဲ ဘယ်လို အခမဲ့ လည်ပတ်လို့ရလဲဆိုတာကိုလည်း ပြောပြထားလို့ Video အဆုံးထိ ကြည့်ကြည့်ကြနော်။

၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာ
၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေသော ကာတာ (Qatar)နိုင်ငံက ကမ္ဘာ့ဖလားနှင့်ပတ်သက်ပြီး ပထမဆုံးသောအရာများစွာကို ပိုင်ဆိုင်ထားပါသည်။ ကာတာနိုင်ငံက ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံများအနက် ပထမဆုံးသော အာရပ်နိုင်ငံဖြစ်သလို အသေးဆုံးနိုင်ငံလည်းဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပွဲကို ဆောင်းရာသီမှာ ကျင်းပသည့် ပထမဆုံးနိုင်ငံလည်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ပထမဆုံး Carbon-neutral ကမ္ဘာ့ဖလားပွဲလည်းဖြစ်သည်။ 800MW ထွက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစွမ်းအင်စက်ရုံကို ပြိုင်ပွဲအတွက် သက်သက်တည်ဆောက်ပေးထားသည်ဟု သိရသည်။


ကာတာနိုင်ငံသည် အာရှတိုက်အနောက်ဘက် အာရေဗီယန်ကျွန်းဆွယ် အနောက်မြောက်ကမ်းရိုးတန်းရှိ ကာတာကျွန်းဆွယ်ငယ်ပေါ်တွင် တည်ရှိနေပါသည်။ ပါရှန်းပင်လယ်ကွေ့ ဝိုင်းရံထားသည့် ကာတာနိုင်ငံ တောင်ဘက်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေကာ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၄၄၇၃ မိုင်ရှိသည်။ လူဦးရေမှာ ၂.၈ သန်းရှိပြီး လူဦးရေ၏ ၁၅ ရာခိုင်နှုန်းကသာ ကာတာလူမျိုးများဖြစ်ကြသည်။ ကျန်ရာခိုင်နှုန်းမှာမူ ကာတာနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားများဖြစ်ကာ လူမျိုးပေါင်း ၁၀၀ ကျော်ရှိပါသည်။ ကာတာနိုင်ငံက အစ္စလာမ်နိုင်ငံဖြစ်ကာ The Al-Thani တော်ဝင်မိသားစုက ၁၈၂၅ ခုနှစ်ကတည်းက ကာတာနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး နိုင်ငံရေးစနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ပိုင်း ဘုရင်စနစ်ဖြစ်သည်။


ကာတာနိုင်ငံသည် နိုင်ငံတွင်း ထွက်ရှိသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များကြောင့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ကမ္ဘာ့ဒုတိယ မြေမျက်နှာပြင် အနိမ့်ဆုံးနိုင်ငံဖြစ်ကာ ပျမ်းမျှအမြင့်သည် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၉၂ ပေသာ ရှိသည်။ သဲကန္တာရလွှမ်းခြုံထားကာ ခြောက်သွေ့သည့် ရာသီဥတုကြောင့် သစ်ပင်ကြီးများ ရှင်သန်ဖို့ခက်သည့် ကာတာနိုင်ငံတွင် သဘာဝသစ်တောတစ်ခုမျှမရှိပါ။ သို့သော်ကာတာနိုင်ငံသည် သဘာဝကပ်ဘေးကင်းဝေးပြီး ရာဇဝတ်မှုနည်းဆုံးနိုင်ငံလည်းဖြစ်သဖြင့် ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံတစ်ခုဖြစ်သည်။


ရန်ကုန်-ဒိုဟာ တိုက်ရိုက်ပြေးဆွဲနေသော ကာတာလေကြောင်းလိုင်းဖြင့် အနောက်နိုင်ငံများသို့ ခရီးသွားသည့်အခါ ကာတာနိုင်ငံ ဒိုဟာမြို့ရှိလေဆိပ်တွင် ခရီးတစ်ထောက်နားရသဖြင့် ကာတာနိုင်ငံက မြန်မာခရီးသွားများနှင့် သိပ်မစိမ်းလှပါ။ ဒိုဟာမြို့ရှိ ဟာမတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် Skytrax World Airport Awards 2021 အရ ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် အသိအမှတ်ပြုခံထားရသည်။ ကာတာလေကြောင်းလိုင်းသည် ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းဖြစ်ကာ ၆ နှစ်ဆက်တိုက် ပထမနေရာကို ဗိုလ်စွဲသည့် တစ်ခုတည်းသော လေကြောင်းလိုင်းဖြစ်သည်။ ကာတာလေကြောင်းလိုင်း အသုံးပြုပါက လေယာဉ်တစ်စီးနှင့်တစ်စီးအကြား လေဆိပ်တွင်စောင့်စားရမည့်အချိန် (Transit Time) ငါးနာရီအထက်ကြာလျှင် ဒိုဟာမြို့ရှိ အထင်ကရနေရာများသို့ ၃ နာရီကြာ အခမဲ့လိုက်လံပို့ဆောင်ပေးသည်။ စောင့်စားချိန် အချိန် ၈ နာရီအထက်ကြာပါက ဒိုဟာမြို့ထဲ တည်းခိုရန်ဟိုတယ်၊ လေဆိပ်သို့အကြိုအပို့၊ အစားအသောက် စာရိတ်ငြိမ်း စီစဉ်ပေးပါသည်။ စာရေးသူတို့လည်း ဥရောပနိုင်ငံများသို့သွားခဲ့စဉ်က လေဆိပ်တွင် စောင့်စားရမည့်အချိန်ကြာမြင့်သဖြင့် ကာတာလေကြောင်းလိုင်း၏ အစီအစဉ်ဖြင့် ဒိုဟာမြို့ထဲ တစ်ညအိပ်လည်ပတ်ဖြစ်ခဲ့သည်။


ကာတာ၏မြို့တော် ဒိုဟာမြို့က နိုင်ငံ၏စီးပွားရေးအချက်အချာလည်းဖြစ်ကာ နိုင်ငံလူဦးရေ၏ ၉၉ရာခိုင်နှုန်းခန့်က ဒိုဟာမြို့နှင့်အနီးတဝိုက်မှာ နေထိုင်ကြသည်။ ဒိုဟာမြို့၏ အထင်ရှားဆုံးနေရာမှာ ပုလဲဘယက်ပုံစံဖန်တီးထားသော ပုလဲကျွန်းဖြစ်ပြီး အစည်ကားဆုံးနေရာများမှာ ရိုးရာထွက်ကုန်ပစ္စည်းများရောင်းချရာ Souq Waqif ဈေးနှင့် မြို့လည်ရှိ Doha Corniche ကမ်းစပ် လမ်းဖြစ်သည်။ ကာတာနိုင်ငံရှိ အခြားထင်ရှားသည့်နေရာများမှာ ကာတာရိုးရာယဉ်ကျေးမှုများကို လေ့လာနိုင်သည့် Al Thakira ရွာ၊ သဲကန္တာရနှင့် ပင်လယ်ထိစပ်နေသည့် ကမ္ဘာ့ရှားပါးနေရာ Khor Al Adaid၊ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံထားရသည့် Al Zubarah ခံတပ်၊ ဧရာမကျောက်ထွင်းပန်းချီများကြောင့် ကျော်ကြားသည့် Al Jassasiya တောင်တန်းများပင် ဖြစ်သည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

ဧဝရက်တောင်ရှုခင်းကြည့် လေယာဉ်ခရီးစဉ် Mount Everest Flight


နီပေါနိုင်ငံဆိုလျှင် ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင် (Mount Everest) နှင့် တွဲမြင်လေ့ရှိကြပေသည်။ ဧဝရက်တောင်အပါအဝင် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် ၁၀ ခုအနက် ၈ ခုက နီပေါနိုင်ငံတွင် တည်ရှိနေကြသဖြင့် နီပေါနိုင်ငံကို ကမ္ဘာ့ခေါင်မိုးဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ နိုင်ငံ၏မြောက်ဘက် တစ်လျှောက်တွင် ဆီးနှင်းဖုံးနေသည့် ဟိမဝန္တာတောင်တန်းများက နေရာယူထားပေသည်။ နီပေါနိုင်ငံသို့ သွားရောက်လည်ပတ်ပါက ဟိမဝန္တာတောင်တန်းများ အထူးသဖြင့် ဧဝရက်တောင်ကို မမြင်ခဲ့ရလျှင် ခရီးပြီးပြည့်စုံလိမ့်မည်မဟုတ်ပေ။ နှစ်စဉ် ကမ္ဘာတစ်ဝှမ်းမှ ထောင်ပေါင်းများစွာသော ခရီးသွားများသည် ဧဝရက်တောင်နှင့် ဟိမဝန္တာတောင်တန်းများကို မြင်တွေ့နိုင်ရန် တောင်တက်ခရီးစဉ်အတွက် နီပေါသို့ လာရောက်လည်ပတ်ကြသည်။


ဧဝရက်တောင်တက်ရန် ခက်ခဲသလို ကျွမ်းကျင်မှုရှိရန်လိုအပ်ပေသည်။ သို့သော်လည်း တောင်တက်ရန် အချိန်မရှိသူများ၊ တောင်တက်မကျွမ်းကျင်သူများအတွက် ဧဝရက်တောင်ကို မြင်တွေ့နိုင်မည့် အခြားသောနည်းလမ်းတစ်ခုရှိပါသည်။ ယင်းမှာ ဧဝရက်တောင် ရှုခင်းကြည့် လေယာဉ်ခရီးစဉ်ဖြစ်ကာ ဧဝရက်တောင်နှင့် အခြားဟိမဝန္တာတောင်တန်းများ၏ ရှုခင်းများကို ခံစားနိုင်ရန် သက်သက် ဧဝရက်တောင်အနီးသို့ ပျံသန်းပြေးဆွဲပေးနေခြင်းဖြစ်သည်။ တောင်တက်ရန်မလိုဘဲ ဧဝရက်တောင်ကို တစ်နာရီအတွင်း အနီးကပ်မြင်ချင်သူများအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။


ဧဝရက်တောင်သည် နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိကာ Yeti Airlines၊ Buddha Air နှင့် Shree Airlines ကဲ့သို့ နီပေါ ပုဂ္ဂလိကလေကြောင်းလိုင်းများသည် နေ့စဉ်နေ့တိုင်း မနက်စောစောတွင် ခတ္တမန္ဒူလေဆိပ်မှ ဧဝရက်တောင်ကြည့်လေယာဉ်ခရီးစဉ်များကို ပျံသန်းပြေးဆွဲပေးနေပါသည်။


လေယာဉ်စီးချိန်အစအဆုံး တစ်နာရီခန့်ကြာကာ ခရီးစဉ်အတွင်း ဧဝရက်တောင်အပါအဝင် ရေခဲတောင်ထိပ်ပေါင်း ၂၀ ကျော်ကို ၃၆၀ ဒီဂရီ မြင်တွေ့နိုင်မည်ဖြစ်ကာ ခတ္တမန္ဒူမြို့၊ ဗုဒ္ဓနတ်စေတီ၊ ရေခဲတောင်များနှင့် ရေကန်များကိုလည်း တွေ့မြင်နိုင်ပေသည်။ အရင်ဆုံး ခတ္တမန္ဒူမြို့နှင့် အနီးဆုံး Langtang Lirung တောင်ထိပ်ကို မြင်တွေ့ရကာ ထိုမှ ရှေ့ဆက်သွားလျှင် ဧဝရက်တောင်ကို ကျော်ဖြတ်ပြီး နောက်ဆုံး Chamlang တောင်ထိပ်အရောက် လေယာဉ်ပြန်လှည့်သဖြင့် ဧဝရက်တောင်ကို အသွားအပြန် ၂ ကြိမ်မြင်တွေ့နိုင်မည်ဖြစ်သည်။


လေယာဉ်မှာ လျှောက်လမ်းတစ်ဖက်ကို နှစ်ခုံစီရှိသည့်လေယာဉ်အသေးဖြစ်ပြီး ခရီးသည်တိုင်းကို ပြတင်းပေါက်ခုံရအောင် စီစဉ်ပေးထားသဖြင့် ရှုခင်းမမြင်ရမှာကို စိုးရိမ်စရာမရှိပါ။ ဟိမဝန္တာတောင်ထိပ်များ၏ မြေပုံကိုလည်း ခရီးသည်တိုင်းကို ပေးထားရာ ကိုယ်မြင်ရသည့် တောင်ထိပ်များကို မြေပုံနှင့် ကိုက်ကြည့်နိုင်ပေသည်။ ထို့အပြင် လေယာဉ်မယ်များကလည်း လမ်းတစ်လျှောက်မြင်ရသည့် ရှုခင်းများနှင့် တောင်များ၏ အမည်များကို ပြောပြပြီး ဧဝရက်တောင်ကိုလည်း ညွှန်ပြပေးပါသည်။ ဧည့်သည်တိုင်းကို လေယာဉ်၏ရှေ့မှ ဟိမဝန္တာရှုခင်းများကို ကြည့်ရှုခံစားနိုင်ရန် လေယာဉ်မှူးခန်းထဲသို့ ခေတ္တခဏ ဝင်ခွင့်ပေးပါသည်။


ဟိမဝန္တာတောင်တန်းများကို ကောင်းကင်ယံမှ မြင်ရသည့်မြင်ကွင်းမှာ အံ့အားသင့်စရာကောင်းလှသလို တစ်သက်မမေ့နိုင်စရာပင်ဖြစ်သည်။ ဟိမဝန္တာတောင်တန်းများကို တမျှော်တခေါ်ကြီးတွေ့ရသည့်မြင်ကွင်းကို အခြားမည်သည့်နေရာတွင်မှ မြင်တွေ့နိုင်မည် မဟုတ်ပေ။ အပြန်ခရီးမှာ ဧဝရက်တောင်မြင်ရသည့် အောင်ပွဲအဖြစ် ရှန်ပိန်တိုက်ပြီး နာမည်ရေးထိုးထားသည့် ဂုဏ်ပြုမှတ်တမ်းလွှာကို အမှတ်တရသိမ်းထားရန် ပေးပါသည်။


ဧဝရက်တောင်ကြည့် ခရီးစဉ်သည် ဈေးနှုန်းအားဖြင့် နိုင်ငံခြားသားများအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၀ ခန့်ကျသင့်ပြီး နီပေါနိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံသားများမှာမူ ဈေးပိုသက်သာပါသည်။ တောင်တက်လေယာဉ်များကို တစ်နှစ်ပတ်လုံး ပြေးဆွဲနေသော်လည်း စက်တင်ဘာလမှ ဧပြီလအကြားသည် ဆောင်းရာသီဖြစ်သောကြောင့် ရေခဲတောင်များကို ကြည့်ရှုခံစားရန် အကောင်းဆုံးအချိန်ဖြစ်သည်။
နီပေါနိုင်ငံတွင် ရှုခင်းကြည့်သည့် အခြားရဟတ်ယာဉ်ခရီးစဉ်များလည်းရှိပါသေးသည်။ ယင်းတို့မှာ ဧဝရက်တောင်ခြေစခန်းသို့ ပို့ဆောင်ပေးသည့် ရဟတ်ယာဉ်ခရီးစဉ်၊ ခတ္တမန္ဒူမြို့ရှုခင်း၊ Langtang တောင်ကြားနှင့် Gosaikunda Lake တို့၏ ရှုခင်းများကို အနီးကပ်ကြည့်ရှုနိုင်မည့် Langtang တောင်ကြား ရဟတ်ယာဉ် ခရီးစဉ်၊ သခင် Shiva နှင့် သူ၏ကြင်ယာတော်တို့၏ နေထိုင်ရာဟု ယူဆရသည့် မြင့်မြတ်သော Gosaikunda ရေကန်သို့ ပျံသန်းသည့် Gosaikunda ရဟတ်ယာဉ်ခရီးစဉ်၊ ကမ္ဘာ့ဒဿမမြောက် အမြင့်ဆုံးတောင်ထိပ် Annapurna တောင်ခြေစခန်းရဟတ်ယာဉ်ခရီးစဉ်၊ မြင့်မြတ်သော မုခ်တီနတ်ဘုရားကျောင်း Muktinath Temple သို့ ဘုရားဖူးခရီးစဉ်ဖြစ်သည့် Muktinath Helicopter Tour တို့ဖြစ်သည်။

ကလောမှာ ဘယ်တွေသွားပြီး ဘာတွေ စားကြမလဲ

ကလောရောက်နေတဲ့သူတွေအတွက် နုမြတ်ရောက်ဖူးခဲ့တဲ့ ကလောက နေရာလှလှလေးတွေအကြောင်း ပို့စ်တစ်ခု တင်ပေးဖူးပါတယ်။ အခုက နေရာအသစ်တွေပေါ်လာလို့ ထပ်ဖြည့်ပြီး တင်ပေးလိုက်ပါတယ်။ ဒီပို့စ်မှာ သွားစရာနေရာတွေအပြင် စားစရာဆိုင်လေးတွေပါ သိသလောက် ထည့်ရေးပေးထားပါတယ်။

1. ကလောဘူတာ

—————————

သိပ်လှတဲ့ ကလောဘူတာရုံအဟောင်းလေးဆီတော့ ရထားစီးစီး မစီးစီးရောက်အောင်သွားခဲ့ကြပေါ့။ ဗုံးဒဏ်ကြောင့် အဆောက်အအုံ ၂ ခြမ်းကွဲတဲ့နေရာလေးကို ပြင်ဆောက်ထားတာကလွဲရင် ဟိုးအရင်ခေတ်ကအတိုင်းလေးပါပဲ။ ရထားလာတဲ့အချိန် ရထားပေါ်တက်ကြဆင်းကြနဲ့ ယောက်ယက်ခတ်နေတဲ့မြင်ကွင်းလေးကလည်း ရသတစ်မျိုးခံစားရမှာပါ။

2. နာရီစင်

—————————

ကလောမြိုရဲ့ နာရီစင်လေးကလည်း မြို့လည်မှာ ဝံ့ဝံ့ကြွားကြွားလေးနေရာယူနေတာဆိုတော့ ကလောသွားတိုင်း အမြဲဖြတ်သွားရတဲ့နေရာပါ။ ဓာတ်ပုံရိုက်မယ်ဆို ကားနဲ့ဆိုင်ကယ်ကြည့်ရှောင်ပေါ့နော်။ ဓာတ်ပုံထဲ လူရော နာရီစင်ရောပါချင်ရင် နာရီစင်နားကပ်မရိုက်ဘဲ ကားလမ်းဘေးကပ်ပြီး ခပ်ဝေးဝေးကရိုက်ပါနော်။

3. ထင်းရူးတော

—————————

ထင်းရူးမြို့တော် ကလောမှာ ထင်းရူးပင်တန်းကြီးတွေနဲ့ ဓာတ်ပုံရိုက်ချင်ရင် ဝေးဝေးလံလံ သွားစရာမလိုပါဘူး။ မြို့ထဲမှာတင်ရှိပါတယ်။ နာရီစင်ဘေး မေမြေဦး ပန်းခြံထဲက ထင်းရူးတောထဲ ဝင်ရိုက်လို့ရပါတယ်။ ဒီပန်းခြံက ကလောမြို့ မီးရှော်တိုင်ပွဲကျင်းပတဲ့ နေရာလည်းဖြစ်ပါတယ်။

4. Kalaw Heritage Hotel

———————————–

မြန်မာနိုင်ငံရဲ့ ဒုတိယသက်တမ်းအရင့်ဆုံး Kalaw Heritage ဟိုတယ်လေးကတော့ ဥရောပရောက်သွားသလိုပါပဲ။ အပင်လေးတွေတွယ်တက်နေတဲ့ နံရံစိမ်းစိမ်းလေးရှိတဲ့ ရှေးဟောင်းအဆောက်အအုံကြီးတွေရယ်၊ အရှေ့မှာ ပန်းခင်းဖြူဖြူလေးတွေခင်းထားတဲ့ ဘိုဆန်ဆန်တိုက်ဖြူဖြူလေးတွေရယ်နဲ့ သိပ်ကိုလှပါတယ်။ ညမအိပ်လည်း ကော်ဖီဝင်သောက် မုန့်ဝင်စားရင် ဓာတ်ပုံရိုက်လို့ရပါတယ်။

5. ရေယောင်းမ View Point

———————————–

အရမ်းလှတဲ့ ရှုခင်းတွေမြင်ရမယ့် View Point ပါ။ ကလောအတက်လမ်းဘေးချိုးလိုက်ရင် ရောက်ပါတယ်။ ဧရာမ လခြမ်းကြီးတွေ၊ အသည်းပုံတွေနဲ့ ဓာတ်ပုံရိုက်စရာနေရာတွေ ဖန်တီးပေးထားပါတယ်။

အဲဒီမှာ View Point ကြည့်ရမယ့်နေရာ ၂ ခုရှိပါတယ်။ ရှန်ဗဲလားကတော့ မူလလက်ဟောင်း လခြမ်းပုံကြီးရှိတဲ့နေရာပါ။ အထဲနည်းနည်းထပ်ဝင်ရပါတယ်။ သိရိစန္ဒာအပန်းဖြေစခန်းကတော့ လမ်းမနဲ့ပိုနီးပြီး ဝင်ရလွယ်ပါတယ်။

6. Kalaw City View စားသောက်ဆိုင်

———————————–

Kalaw City view လို့ခေါ်တဲ့စားသောက်ဆိုင်လေးက Sunset ကြည့်လို့လှတဲ့ နေရာလေးပါ။ Tree House လိုမျိုးလေးတွေ ဆောက်ထားပြီး ဓာတ်ပုံရိုက်စရာေနေရာလေးတွေလည်း ရှိပါတယ်။ ကလောမြို့ သုမောင်ထမင်းဆိုင်ဘေး သိမ်တောင်ပေါ် တက်တဲ့လမ်းကနေ သွားလို့ရပါတယ်။

7. နှီးဘုရား

—————————

ကလောရောက်ရင် နှစ်ပေါင်း (၅၀၀) ကျော်သက်တမ်းရှိတဲ့ နှီးဘုရားဝင်ဖူးခဲ့ကြပါဦး။ နှီးနဲ့ယက်လုပ်ထားတဲ့ ဘုရားဆင်းတုကြီးက သပ္ပါယ်လှပါတယ်။ နှီးဘုရားကို ရှမ်းလူမျိုးတွေပဲ ယက်လုပ်တတ်ကြပြီး ဘုရားဆင်းတုယက်လုပ်သူ အယောက်တိုင်းဟာ သတ်သတ်လွတ်စားပြီး အဓိဌာန်ဝင်ရပါတယ်တဲ့။

8. နှစ်တစ်ရာ သက်တမ်းရှိ Church ကျောင်း

——————————————————

ကလောမြို့က နှစ်တစ်ရာသက်တမ်းရှိပြီဖြစ်တဲ့ Roman Catholic Church ကျောင်းကြီးကလည်း ဖြူလွလွကျောက်တုန်းတွေစီထားတဲ့ နံရံံအမြင်ကြီးတွေ၊ ရောင်စုံမှန်ကူကွက်တွေနဲ့ အရမ်းလှတာပါပဲ။ ဘုရားကျောင်းဆိုတော့ အသံဆူညံလို့တော့ မရပါဘူးနော်။

9. လိမ္မော်ရောင်သော်ကပန်းရုံ

—————————

ပန်းချစ်သူတွေ ဓာတ်ဖမ်းနေကြနေရာလေး။ ရိုးရိုးနံရံမှာ တွယ်ကပ်နေတဲ့ ပန်းရုံဖြစ်ပေမဲ့ ဓာတ်ပုံရိုက်လို့ သိပ်လှလို့ ကလောရောက်သူတိုင်း လမ်းဘေးကားရပ်ပြီးဆင်းရိုက်လေ့ရှိကြပါတယ်။ Main လမ်းမကြီးပေါ်က Winner Hotel မျက်စောင်းထိုးမှာရှိတာပါ။

10. ရထားလမ်း

——————-

ဘူတာနားက မြို့ထဲ Pinewoods ဟိုတယ်လေးကပ်ရပ်က ရထားလမ်းလေးပါ။ ကြည့်လိုက်ရင် ရိုးရိုးရထားလမ်းလေးလိုပေမဲ့ အပင်တွေပါပါအောင် ရိုက်မယ်ဆိုရင် အပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ရထားလမ်းလေးက ပုံထဲမှာ လှသွားပါတယ်။

11. ကလောမြို့မဈေး

——————–

ကလောရောက်တိုင်း ကလောဈေး ဝင်ဖြစ်တယ်။ အဲဒီက မုန့်ဆိုင်တန်းက ရှမ်းခေါက်ဆွဲ၊ တို့ဖူးနွေး၊ ငါးထမင်းနယ်၊ တို့ဖူးကြော်တို့က သိပ်စားကောင်းလို့ပါ။ ဈေးကလည်း တော်တော်တန်ပါတယ်။ ကလောဈေးထဲ နေကြာစေ့၊ မုန်ညင်းချဉ်နဲ့ ဒေသစာတွေ အပြန်လက်ဆောင်အဖြစ် ဝင်ဝယ်နိုင်ပါတယ်။

12. Kalaw Pine Loft

——————————————

ကလောမှာ အခုနောက်ပိုင်း ဟိုတယ်တွေထက်စာရင် လုံးချင်းအိမ်လေး ငှားပြီးနေကြပါတယ်။ ကိုယ့်အိမ်လေးထဲ အပန်းဖြေနေရသလို ခံစားရလို့ပါ။ Kalaw Pine Loft ကတော့ ခုနောက်ပိုင်း ကလောရောက်တိုင်း နေဖြစ်တဲ့ အိမ်လေးပါ။ ထင်းရှူးတောထဲ မှန်အပြည့်ကာထားတဲ့ A ပုံစံအိမ်လေးက ချစ်စရာလေးပါ။ ထင်းရူးသား ထင်းရူးနံ့နဲ့ ကလောအငွေ့အသက်ကို ကောင်းကောင်းခံစားရတဲ့ အိမ်လေးပါ။

13. Pine Land Oasis Hotel

——————————————

Kalaw Pine Loft အိမ်ရှိတဲ့ Pinewood Villa အိမ်ရာနဲ့ တစ်ဆက်တည်းရှိတဲ့ ဟိုတယ်ဝန်းပါ။ ကလောမြို့မရောက်ခင် အင်းပြင်မှာရှိပြီး တောင်ကုန်းပေါ်ဆိုတော့ရှုခင်းလှပါတယ်။ ထမင်းဝင်စားရင်း ရှုခင်း ကြည့်နိုင်ပါတယ်။

14. Hill Top Villa Resort

—————————

ကလောမြို့ထဲ တောင်ထိပ်ပေါ်မှာရှိလို့ နေရာကောင်းမှာရှိတဲ့ ဟိုတယ်ပါ။ ဟိုတယ်ရဲ့ စားသောက်ဆိုင်ကနေ ကလောမြို့ကို လှမ်းမြင်ရပါတယ်။ View ကောင်းလို့ တစ်ခုခုမှာစားရင်း ရှုခင်းသွားကြည့်လို့ရပါတယ်။

15. Mobile Coffee ဆိုင်

—————————

ကားကော်ဖီဆိုင်လှလှလေးတွေကို ကလောမြို့နဲ့ အနီးတဝိုက်မှာ တွေ့ကြမှာပါ။ ကော်ဖီဝယ်သောက်ရင်း ဓာတ်ပုံရိုက်လို့လှတဲ့ကော်ဖီဆိုင်လေးတွေပါ။

16. မြင်းက

—————————

ကလောမြို့အဝင် မြင်းကမှာ ဆိုင်းဘုတ်နဲ့အတူ မြင်းစီးပြီး အမှတ်တရ ဓာတ်ပုံရိုက်လို့ရပါတယ်။

——————————————-

ကလောမြို့ အနီးတဝိုက် လည်စရာတွေ

——————————————-

1. ပန်းခင်း

—————

ဆောင်းရောက်ရင် ကလောတဝိုက် မျက်စိတစ်ဆုံးမြင်ရတဲ့ ပန်းနှမ်းခင်းတွေ ပေါပါတယ်။ မြင်းမူကုန်းနားမှာလည်း ရှိပါတယ်။ ပန်းခင်းတွေနဲ့ ဓာတ်ပုံရိုက်ရင် ပန်းတွေကို မခူးပါနဲ့။ အပင်တွေကိုလည်း မနင်းမိအောင် သတိထားပါ။ ပန်းပင်တွေ ပျက်စီးရင် စိုက်ခင်းပိုင်ရှင်တွေ ထိခိုက်လို့ပါနော်။

ဒါကတော့ မြင်းမူကုန်းနားမှာ ပန်းခင်းတွေ့လို့ ဆင်းရိုက်ထားတဲ့ပုံတွေပါ။

2. မြင်းမထိ သဘာဝလှိုဏ်ဂူ

——————————————

ကလောရောက်ရင် မြင်းမထိဂူလည်း သွားလို့ရပါတယ်။ နှစ်ဖက်ပွင့်ဂူဆိုတော့ အဝင်ကနေအထွက်ထိ ၁၀၂၈ပေရှိပြီး ၁၅မိနစ်လောက်လျှောက်ရပါတယ်။ လမ်းတလျှောက်မှာ လှူထားတဲ့ ဘုရားတွေအများကြီးပါပဲ။ ဂူထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀ ကျော်က သီရိဓမ္မာသောကမင်းကြီးတည်ခဲ့တဲ့ ဥဏ္ဏလုံမွေရှင်တော် ရှေးဟောင်းစေတီလည်းရှိပါတယ်။ ဂူလေးက ခပ်ကျဉ်းကျဉ်းနဲ့ မျက်နှာကျက်တွေက နိမ့်နိမ့်လေးတွေပါ။ ဒါပေမဲ့ ၂ဖက်ပွင့်ဆိုတော့ လေဝင်လေထွက်ကောင်းပါတယ်။ ဂူတလျှောက်အရုပ်ပုံအမျိုးမျိုးဖြစ်နေတဲ့ ကျောက်တွေလည်း တွေခဲ့ရပါသေးတယ်။

3. ဗျိုက်တောင်

——————–

ကလောကနေ မြင်းမထိဂူသွားတဲ့လမ်းမှာ ကားလမ်းပေါ်ကနေလှမ်းမြင်ရတဲ့ သဲကျောက်တောင်ကြီးက အရမ်းလှတာပါပဲ။ မုံးဝံတောင်လို့ခေါ်ပေမဲ့ ဗျိုက်ကြော်ငြာတဲ့ Calsome ကွေကာကြော်ငြာ အဲ့မှာရိုက်သွားလို့ ဗျိုက်တောင်လို့လည်း သိကြတယ်တဲ့လေ။

ကလောကနေ ဟဲဟိုး၊ ရွာငံ၊ ပင်းတယ၊ တောင်ကြီး၊ အင်းလေး နေ့ချင်းပြန်သွားလည်လို့လည်းရပါတယ်။

——————————–

ကလောမှာ ဘယ်မှာစားမလဲ

——————————–

ဒီဆိုင်တွေကတော့ ကလောမှာ စားဖူးခဲ့တဲ့ဆိုင်တွေပါ။

ရှမ်းခေါက်ဆွဲ၊ တို့ဖူးနွေးစားချင်ရင် ကလောမြို့မဈေးထဲက ဆိုင်တွေမှာ စားပါတယ်။ Main လမ်းမကြီးပေါ်က #ပြည့်ပြည့် ဆိုင်မှာလည်း စားကောင်းပါတယ်။

မြန်မာစာစားချင်ရင် Main လမ်းမကြီးပေါ်က #သုမောင် စားသောက်ဆိုင်မှာ စားပါတယ်။ ကလောရဲ့ နာမည်ကြီးဆိုင်ပါ။

#အောင်ငြိမ်းချမ်းအောင် ဆိုင်မှာလည်း မြန်မာစာ၊ တရုတ်စာ အစုံရလို့ အမြဲစားဖြစ်ပါတယ်။ ဘူတာလမ်းမှာ ရှိပါတယ်။ ဈေးသင့်တင့်ပါတယ်။

ရှမ်းစာ၊ ဒေသစာကို အေးဆေးစားချင်ရင်တော့ #ThiriGayhar Restaurant (or) 7 Sisters Restaurant မှာ စားဖြစ်ပါတယ်။ ပြည်ထောင်စုလမ်းဘေးမှာရှိတဲ့ အဖြူရောင်ကျောက်တုံးအဆင့်ဆင့်နဲ့ အိမ်လှလှလေးပါ။ အရင်နေရာကနေ နေရာအသစ်ပြောင်းဖွင့်ထားတာပါ။

နောက် ကလောရောက်တိုင်း စားဖြစ်တဲ့ ဆိုင်ကတော့ #Everest Nepali Indian Restaurant ပါ။ ချာပါတီ၊ ပူရီ၊ နို့ခဲဟင်းအရမ်းအရသာရှိလို့ အမြဲစားဖြစ်တဲ့ဆိုင်လေးပါ။ မြို့ထဲ အောင်ချမ်းသာလမ်းထဲမှာ ရှိပါတယ်။

#Kalaw Bamboo House မှာလည်း စကောထမင်းဟင်းတွေ စားလို့ကောင်းပါတယ်။ ထမင်းကို အရောင်စုံမှာလို့ရတာ ဒိဆိုင်ရဲ့ ထူးခြားချက်ပါ။ နှီးဘုရားလမ်းမှာရှိတဲ့ ရိုးရာစားသောက်ဆိုင်ပါ။

နှီးဘုရားလမ်းမှာရှိတဲ့ နောက်တစ်ဆိုင်ကတော့ #Cafe_Kalaw ပါ။ ပီဇာ၊ ဘာဂါ၊ Sandwich ဘိုစာကောင်းသလို ရှမ်းစာလည်းရပါတယ်။ ဆိုင်ခွဲသစ်ဖွင့်ထားတဲ့ဆိုင်ဆို ကျယ်ပြီး ရှုခင်းကြည့်လို့လည်း ကောင်းတယ်။

Myanma

#Maluca Villa Restaurant and Bar ကတော့ ကလောက ဖန်လုံအိမ်လေးနဲ့ဆိုင်လေးပေါ့။ ဆိုင်ထဲဝင်လိုက်တာနဲ့ နိုင်ငံခြားရောက်သွားသလို ဘိုဆန်ဆန် အငွေ့အသက်ခံစား ရမှာပါ။ ဆိုင်ထဲမှာရော ခြံဝန်းထဲမှာပါ ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရတဲ့နေရာလေးတွေ အများကြီးပါပဲ။

Heritage Hotel နားက #Kalaw-ish နဲ့ ရွှေဥမင်လမ်းပေါ်က #Rangoon to Kalaw ဆိုင်လည်း မရောက်ဖူးပေမဲ့ မဆိုးဘူးလို့ ကြားတယ်။

ကလောမှာ ညဘက်ထိုင်ဖို့ ဘားလှလှလေးတွေလည်း ရှိပါသေးတယ်။ Hi Bar ၊ Red House၊ Heritage 21 ၊ 126 Bar၊ Chill Bar တို့ကတော့ ကိုယ်ကြားဖူးတဲ့ ကလောက ဘားတွေပါ။

ဒါကတော့ ကလောမှာ နုမြတ်ရောက်ဖူးခဲ့ပြီး အလွယ်တကူသွားလို့ရတဲ့ နေရာလေးတွေပါ။ တခြားနေရာလှလှလေးတွေ ရှိရင်လည်း ပြောပြဦးနော်။ နောက်တစ်ခါ ကလောရောက်ရင် ဝင်လည်လို့ရအောင်ပေါ့။

ချစ်ခင်လျှက်

Nu Myat

မြစ်ထဲ ဖောင်ပေါ်က ဟိုတယ်လေးကန်ချနာဘူရီ က Jungle Raft

မြစ်ထဲ ဖောင်ပေါ်က ဟိုတယ်လေး
ကန်ချနာဘူရီ က Jungle Raft


ကန်ချနာဘူရီဆိုတာ ဘန်ကောက်ကနေ သုံးနာရီလောက်မောင်းရင် ရောက်တဲ့နေရာလေးပါ။ ကန်ချနာဘူရီက အမျိုးသားဥယျာဉ်တွေ၊ မြစ်တွေ၊ ရေတံခွန်တွေလို သဘာဝအလှတရားအပြင် သေမင်းတမာန်ရထားလမ်းကြောင့်လည်း နာမည်ကြီးပါတယ်။
ကန်ချနာဘူရီမှာ မြစ်တွေ၊ ဆည်တွေမှာ ဆောက်ထားတဲ့ ရေပေါ်ဟိုတယ်တွေက နာမည်ကြီးပါတယ်။ နုမြတ် ကန်ချာနာဘူရီ ရောက်ခဲ့တုန်းကလည်း ရေပေါ်ဟိုတယ်တွေမှာ တည်းဖြစ်ခဲ့ပါတယ်။ အဲဒီထဲကမှ နာမည်အကြီးဆုံးဖြစ်တဲ့ Jungle Raft လေးက ထူးခြားလို့ အဲဒီဟိုတယ်အကြောင်းပြောပြချင်ပါတယ်။

တောတွင်း ဖောင်ဟိုတယ် Jungle Raft

Jungle Raft ဆိုတာ မြစ်ထဲ ရေပတ်လည်ဝန်းရံနေတဲ့ ရေပေါ်ဟိုတယ်လေးပါ။ ကွေးမြစ်လည်က ဖောင်တန်းကြီးပေါ်မှာ အခန်းတွေ ဖွဲ့ဆောက်ထားတာပါ။ တကယ့်ကို တိတ်ဆိတ်ငြိမ်သက်ပြီး သဘာဝနဲ့ တစ်သားတည်းကျတဲ့ တောတွင်းနေရာလေးလို့ပြောရပါမယ်။


အဲဒီဟိုတယ်မှာ မီးမရှိ၊ အဲကွန်းမရှိ၊ Wifi မရှိပါဘူး။ အဲဒီလိုမရှိတာကိုက သူ့ရဲ့ Attraction ဖြစ်နေတာပါ။ သဘာဝတရားကို ကောင်းကောင်းခံစား အနားယူနိုင်ဖို့ မထားထားတာပါတဲ့။ အဲဒီလိုမရှိပေမဲ့ တည်းစားရိတ်က ဈေးမနည်းပါဘူး။ ပုံမှန်အခန်းကို တစ်ည USD ၁၀၀ ကျော်ပါတယ်။ ကျသင့်ငွေထဲမှာ အခန်းခအပြင် မနက်စာ၊ နေ့လည်စာ၊ ညစာနဲ့ လှေဆိပ်ကနေ ဟိုတယ်အကြိုအပို့လည်း ပါပါတယ်။

ဟိုတယ်ကိုရောက်ဖို့ စက်လှေနဲ့ သွားရပါတယ်။ မြစ်တစ်လျှောက်မှာ Jungle Rafts လို ရေပေါ်ဟိုတယ်တွေ တန်းစီတွေ့ခဲ့ရပါတယ်။ အခန်းရှေ့မှာ ဧည့်သည်တွေ ရေကူးဝတ်စုံကိုယ်စီနဲ့ အနားယူသူကယူ၊ မြစ်ထဲရေကူးသူကကူးနဲ့ ပျော်စရာကြီးပါ။

အခန်း Facility

ဟိုတယ်အခန်းက သိပ်မကျယ်ပေမဲ့ သပ်သပ်ရပ်ရပ်ရှိပါတယ်။ အခန်းထဲမှာ၂ ယောက်အိပ် ကုတင် တစ်လုံးနဲ့ ၁ ယောက်အိပ် ကုတင်တစ်လုံးထည့်ပေးလို့ ၃ ယောက်ထိတည်းလို့ရပါတယ်။ အခန်းထဲ ရေချိုးခန်း၊ အိမ်သာတွဲရက်ပါပါတယ်။ အိမ်သာက ဘိုထိုင်အိမ်သာဖြစ်ပြီး သန့်ပါတယ်။ ဘေစင်နဲ့ ရေပန်းပါလို့ အဆင်ပြေပါတယ်။ အခန်းထဲမှာ မီးမရှိတော့ ညဘက်မှာ မီးအိမ်လေးတွေပဲ အသုံးပြုရပါတယ်။ မီးမရှိ အဲကွန်းမရှိပေမဲ့ ရေစီးနေလို့လားမသိ။ ခြင်မကိုက်ပါဘူး။ အိပ်ယာမှာလည်း ခြင်ထောင်ထားပေးထားပါတယ်။ လေတဖြူးဖြူးနဲ့ဆိုတော့ အိုက်လည်းမအိုက်ပါဘူး။


ဟိုတယ်မှာ အကြိုက်ဆုံးက ကြိုးပုခက်လေးတွေပါ။ အခန်းရှေ့မှာ ဘုံသုံးကြိုးပုခက်ရှိသလို အခန်းနောက်က ဝရံတာမှာလည်း ကိုယ်ပိုင်ကြိုးပုခက် တပ်ပေးထားပါတယ်။ အခန်းရှေ့ မြစ်ဘေးကွပ်ပျစ်ပေါ်က ပက်လက်ကုလားထိုင်မှာ လှဲအိပ်ရင်းလည်း ရှုခင်းခံစားလို့ရပါတယ်။

မွန်အငွေ့အသက်ပြည့်နေတဲ့ဟိုတယ်

ကန်ချနာဘူရီက မြန်မာနိုင်ငံနဲ့ နီးတော့ ဟိုတယ်ဝန်ထမ်းတွေက မွန်လူမျိုးတွေ များပါတယ်။ ဝန်ထမ်းတိုင်း မွန်ထမီ၊ မွန်ပုဆိုး ဝတ်ထားတာတွေ့ရပါတယ်။ ဟိုတယ်အနားမှာ မွန်ရွာလည်းရှိပြီး သွားလည်လို့ရပါတယ်။


နေ့လည်စာ၊ ညစာစားချိန် အချိန်ကျပြီဆိုရင် တုံးမောင်းခေါက်ပါတယ်။ အဲဒီအချိန်ဆို ဧည့်သည်တွေအကုန် စားသောက်ဆောင်မှာ စုပြီး စားကြရပါတယ်။ ညစာစားပြီးချိန် ဖျော်ဖြေရေးအဆောင်မှာ ညဘက် Activity အဖြစ် မွန်ရိုးရာ၊ မြန်မာရိုးရာအက ကပြပါတယ်။ အကကြည့်ဖို့ဆိုရင် ဝင်ကြေး ဘတ် ၁၆၀ ထပ်ပေးရပါတယ်။

မြစ်ထဲခုန်ဆင်း ရေဆော့

အဲဒီမှာ လူကြိုက်များတဲ့ Activity က အခန်းရှေ့ကနေ မြစ်ထဲခုန်ချပြီး ရေဆော့တာပဲ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ အစွန်းတစ်ဖက်ကနေ မြစ်ထဲခုန်ချပြီး မြစ်ရေစီးကြောင်းအတိုင်းမျှောလိုက်သွားရတာ ပျော်စရာကြီးပါ။ ဟိုတယ်ရဲ့ အခြားတစ်ဖက်အစွန်ဆုံး ပြန်ရောက်မှ လှေဆိပ်က တွဲလောင်းချထားတဲ့ ကြိုးကို လှမ်းဆွဲပြီး လှေကားကနေ ပြန်တက်ရတာပါ။ လှေဆိပ်ကို ပြန်မကပ်နိုင်ဘဲ မြစ်ထဲမျောသွားလည်း မစိုးရိမ်ရပါဘူး။ ဟိုတယ်ဝန်ထမ်းတွေက စက်လှေနဲ့ အမြန်လိုက်ပြီး ဆယ်ပေးပါတယ်။ ကလေးလေးတွေကအစ ရေထဲ တဗွမ်းဗွမ်းခုန်ချပြီး မြစ်ထဲ မျှောနေကြတာ။ ပျော်ဖို့သိပ်ကောင်းပါတယ်။ Life Jacket လည်း အလုံအလောက်ရှိပါတယ်။

တခြား Activity တွေ

တခြား Activity တွေအနေနဲ့ ဖောင်စီးတာ၊ အနီးအနားက ဆင်စခန်းသွားတာ၊ တောတွင်းလမ်းလျှောက်တာ၊ မွန်ရွာသွားလည်တာ၊ သစ်ပင်တစ်ပင်နဲ့ တစ်ပင်သွယ်ထားတဲ့ ကြိုးတန်းလျှောက်တာ၊ Zipline စီးတာတို့လည်း လုပ်လို့ရပါတယ်။

တခြားမြစ်ပေါ်ဟိုတယ်တွေ

ကွေးမြစ်တစ်လျှောက်မှာ Jungle Raft အပြင် အခြားမြစ်ပေါ်ဟိုတယ်တွေ၊ မြစ်ကမ်းစပ် ဟိုတယ်တွေ အများကြီးရှိပါတယ်။ အဲဒီအထဲ နာမည်ကြီး ဟိုတယ်တွေက River Kwai Resotel၊ River Kwai Village Hotel၊ The Float House River Kwai နဲ့ Wangnokkaew Park View တို့ပါ။


ကန်ချနာဘူရီရောက်ဖြစ်ခဲ့ရင် မြစ်ထဲက ရေပေါ်ဟိုတယ်တည်းကြည့်ဖို့ Recommend ပေးချင်ပါတယ်။ အတွေ့အကြုံအသစ်ရပြီး ပျော်ဖို့ကောင်းလို့ပါ။ Jungle Raft က တကယ့်ကို သဘာဝနဲ့ တစ်သားထဲကျနေသလို ခံစားရတဲ့နေရာလေးပါ။ Jungle Raft မှာ အဲကွန်းမရှိ မီးမရှိပေမဲ့ တခြားဟိုတယ်တွေမှာတော့ ရှိလို့ ကိုယ်က အဲဒါတွေ မရှိရင် မနေတတ်ဘူးဆိုရင်တော့ တခြားဟိုတယ်တွေကို ရွေးသင့်ပါတယ်။

With Love,

Nu Myat

ဂျပန်က ကာမာကူရာဘုရားကြီး

 


Kamakura, Japan – 11 December 2016:The Great Buddha which is the main temple of Kotokuin in Hase which is a famous place for Kamakura. An image height of 11.39 m (13.35 m including the base), a huge Buddha image with a weight of about 121 t.Tourists are worshiping.

ကာမာကူရာမြို့သည် ဂျပန်နိုင်ငံမြို့တော် တိုကျိုမြို့တောင်ဘက် တစ်နာရီလောက်မောင်းလျှင် ရောက်သည့်နေရာတွင်ရှိသည့် ကမ်းရိုးတန်းမြို့ဖြစ်သည်။ ဗုဒ္ဓဘုရားကျောင်းဆောင်များနှင့် သမိုင်းဝင်အဆောက်အအုံပေါင်းများစွာရှိသဖြင့် အရှေ့ဂျပန်၏ ကျိုတိုမြို့ဟုလည်း တစ်ခါတရံ တင်စားခေါ်ဝေါ်ကြပေသည်။ မြို့သေးသော်လည်း ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားလေ့ရှိပါသည်။ ပစိဖိတ်သမုဒ္ဒရာ၏ ဆာဂါမိပင်လယ်အော်ပေါ် မေးတင်ထားသဖြင့် သဲသောင်ကမ်းခြေများလည်းရှိကာ နွေရာသီမှာ လူပိုစည်ကားလေ့ရှိသည်။ မြို့အရပ်လေးမျက်နှာအနက် တောင်ဘက်တွင်သာ ကမ်းခြေများရှိပြီး ကျန်သုံးဘက်ကို တောင်ကုန်းများက ဝန်းရံထားပါသည်။


ကာမာကူရာမြို့ရှိ သမိုင်းဝင်အဆောက်အအုံများအနက် ကာမာကူရာမြို့ဂုဏ်ဆောင်နှင့် အကျော်ကြားဆုံးမှာ ကိုတိုကူ-အင်ကျောင်းဆောင်ကြီးရှိ ကာမာကူရာဘုရားကြီးဟု သိထားကြသည့် The Great Buddha of Kamakura ဖြစ်ပါသည်။ ထိုင်တော်မူရုပ်ပွါးတော်ကြီးဖြစ်ကာ ကြေးသွန်းရုပ်ပွါးတော်ကြီးဖြစ်သော်လည်း လေနှင့်ရေတို့တိုက်စားမှုကြောင့် အစိမ်းရောင်သို့ အရောင်ပြောင်းနေပါသည်။ ကာမာကူရာဘုရားကြီးသည် ၃၇.၄ ပေ အမြင့်ရှိပြီး နာရာမြို့ရှိ တိုးဒိုင်းဂျီဘုရားကြီးပြီးလျှင် ဒုတိယအမြင့်ဆုံး ဖြစ်ပေသည်။


ကာမာကူရာဘုရားကြီးကို ၁၂၅၂ ခုနှစ်က စတင်တည်ထားခဲ့ပြီး ၁၀ နှစ်ကြာ ထုဆစ်တည်ဆောက်ခဲ့ရသော်လည်း တည်ထားကိုးကွယ်ခဲ့ရခြင်း အကြောင်းရင်းကိုတော့ မသိရှိခဲ့ကြပါ။ ဂျပန်နိုင်ငံတွင် ရုပ်ပွါးတော်များကို ကျောင်းဆောင်ခန်းမကြီးများထဲ တည်ထားကိုးကွယ်လေ့ရှိကြသော်လည်း ကာမာကူရာဘုရားကြီးမှာမူ လဟာပြင်ထဲတွင် စံမြန်းတော်မူလျှက်ရှိသည်မှာ ထူးခြားလှပါသည်။ နဂိုမူလက ခန်းမဆောင်ကြီးအတွင်း စံမြန်းခဲ့သော်လည်း ၁၄ ရာစုနှင့် ၁၅ ရာစုအတွင်း တိုက်ခတ်ခဲ့သည့် တိုင်ဖုန်းမုန်တိုင်းများနှင့် ဆူနာမီလှိုင်းလုံးများကြောင့် ကျောင်းဆောင်ကြီး အခါခါ ထိခိုက်ပျက်စီးခဲ့ပါသည်။ ထို့ကြောင့် ၁၅ ရာစုနှောင်းပိုင်းမှစကာ ကျောင်းဆောင်ကြီးမရှိတော့ဘဲ ကောင်းကင်အောက် လေဟာပြင်ထဲ စံမြန်းခဲ့ခြင်းဖြစ်သည်။ အောက်ခြေက စတိုင်းလျှင် အမြင့် ၄၃.၇ ပေမြင့်ပြီး ကြေးတန်ချိန်ပေါင်း ၁၂၁ တန်ရှိသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ အဝေးကပင် လှမ်းမြင်နိုင်ပြီး သပ္ပါယ်လွန်းလှပါသည်။


ဘုရားကြီးကို အဝေးမှ ဖူးမြော်နိုင်သလို ဘုရားကြီးအတွင်းသို့လည်း ဝင်ကြည့်နိုင်ပေသည်။ ရုပ်ပွါးတော်ကြီးက ခေါင်းပွဖြစ်သဖြင့် ကိုယ်တော်အတွင်းသို့လည်း ဝင်ကြည့်နိုင်ပါသည်။ အပြင်ဘက်မှ အလွယ်တကူ မမြင်နိုင်သော ပြုပြင်ထားသော အမှတ်အသားများကို မြင်တွေ့ရသည်မှာ စိတ်ဝင်စားစရာပင်။


ကာမာကူရာမြို့တွင် တခြားထူးခြားသည့် ကျောင်းဆောင်များကိုလည်း ရှိပါသည်။ Hokoku-ji ကျောင်းဆောင်သည် ဂျပန်နိုင်ငံ၏ နာမည်ကျော် ဝါးပင် ၂၀၀၀ ကျော်ရှိသည့် ဝါးရုံတောများက ဝန်းရံထားသဖြင့် ကျော်ကြားပေသည်။ Hasedera ကျောင်းဆောင်သည် ဇွန်လတွင် Hydrangeas ပန်းများပွင့်သည့်အတွက် ပြည်ပခရီးသွားများကြား ရေပန်းစားပေသည်။ Zeniarai Benzaiten ဘုရားကျောင်းတွင်မူ ကျောက်ဂူထဲက စိမ့်စမ်းရေထဲ ဒင်္ဂါးပြားများကို ဆေးကြောကာ စီးပွါးလာဘ်လာဘများ တိုးပွါးအောင် ဆုတောင်းလေ့ရှိကြသည်။ Tsurugaoka Hachimangu ကျောင်းဆောင်မှာမူ လှေကားထစ်များထိပ်ရှိ ခမ်းနားလှသည့် အနီရောင် ဂျပန်ရိုးရာမုခ်ဦးကြောင့် ကျော်ကြားပေသည်။ Engaku ကျောင်းဆောင်မှာမူ ဆောင်းဦးရွက်ကြွေသစ်ရွက်များကို ကြည့်ရှုရာနေရာအဖြစ်နာမည်ကြီးပေသည်။


ကာမာကူရာမြို့ရှိတခြားထင်ရှားသောနေရာများမှာ ဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် စည်ကားလှသည့် ကိုမာချီလမ်း၊ နွေရာသီတွင် တိုးကြိတ်စည်ကားလှသည့် Yuigahama ကမ်းခြေ၊ ကာမာကူရာပြတိုက်နှင့် ကာမာကူရာမော်ဒန်အနုပညာပြတိုက်တို့ ဖြစ်ကြပေသည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

မော်စကိုရှိ ရင်ပြင်နီကြီး

မော်စကိုရှိ ရင်ပြင်နီ


ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့လည်ရှိ ရင်ပြင်နီကြီးသည် ရုရှားရှိ အကျယ်ဆုံးနှင့် နာမည်အကြီးဆုံးရင်ပြင်ဖြစ်သည်။ မော်စကိုမြို့လမ်းမကြီးတိုင်းက ဒီရင်ပြင်ကနေ အစပြုသည်ဟုပြောရမည်။ ရင်ပြင်နီဟုအမည်တွင်ရသည်မှာ အဆောက်အအုံအရောင်များကြောင့်မဟုတ်သလို ကွန်မြူနစ်စနစ်၊ ဆိုဗီယက်ရုရှတို့နှင့်လည်း မသက်ဆိုင်ပါ။ နဂိုမူလအမည်မှာ လှပသောရင်ပြင်ဟု အဓိပ္ပါယ်ရပါသည်။ ရုရှားရှေးဘာသာစကားတွင် အနီရောင်နှင့် လှပသောမှာ စာလုံးတူဖြစ်နေခြင်းကြောင့် နောက်ပိုင်းတွင် ရင်ပြင်နီဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။


ရင်ပြင်ကြီးသည် ထောင့်မှန်စတုဂံပုံဖြစ်ကာ အလျား ၁၈၈၀ ပေ အနံ ၂၃၀ ပေ ရှိပြီး အကျယ်အားဖြင့် စတုရန်းပေ ၈ သိန်း ကျယ်ဝန်းပါသည်။ နာမည်ကျော် အဆောက်အအုံကြီး လေးခုက ရင်ပြင်နီကို ပတ်လည်ဝိုင်းထားကြသည်။ ယင်းတို့အနက် နာမည်အကျော်ကြားဆုံးမှာ စိန့်ဘေဆဲ(လ်) ဘုရားကျောင်းဖြစ်သည်။ ဘုရားကျောင်းငယ် ၁၀ ခု ပေါင်းထားသည့် ထိုဘုရားကျောင်းကြီးသည် အရောင်အသွေးစုံလင်ကာ ဗိသုကာလက်ရာထူးခြားလှပသဖြင့် ကမ္ဘာကျော်ပါသည်။ ဘုရားကျောင်း၏ မျက်နှာချင်းဆိုင်တစ်ဖက်တွင် လှပခမ်းနားသည့် State သမိုင်းပြတိုက်နှင့် Kazan ဘုရားကျောင်းငယ်ရှိပါသည်။ ဤဘုရားကျောင်းသည် ၁၉၃၆ ခုနှစ်တွင် ဂျိုးဇက်စတာလင်အမိန့်ဖြင့် ဖြိုချဖျက်ဆီးခံခဲ့ပြီးမှ ဆိုဗီယက်နိုင်ငံ ပြိုလဲပြီးနောက် ပြန်လည်တည်ဆောက်ထားခြင်းဖြစ်သည်။

St Basil’s ဘုရားကျောင်း


ရင်ပြင်တစ်ဖက်ကို ခရင်မလင်နန်းတော်ဝင်းတံတိုင်းများက ကာရံထားကာ တံတိုင်းရှေ့ဘက်တွင် လီနင်ဂူဗိမာန်ရှိပါသည်။ ဆိုဗီယက်ယူနီယံ၏ ပထမဆုံးကွန်မြူနစ်ခေါင်းဆောင် လီနင်၏ ရုပ်အလောင်းကို ထိန်းသိမ်းပြသထားရာ ဂူဗိမာန်ကြီးုဖြစ်သည်။ ကျန်တစ်ဖက်မှာတော့ GUM ရှော့ပင်းစင်တာကြီးရှိကာ ဆိုင်ပေါင်း ၁၀၀၀ ကျော်ရှိပြီး ကမ္ဘာကျော်နာမည်ကြီး အမှတ်တံဆိပ်များကို ဝယ်ယူနိုင်ပါသည်။

GUM department store ရှေ့

 

GUM department store အတွင်းမြင်ကွင်း
ရင်ပြင်နီအနီးလမ်းတစ်နေရာ

ယခင်က ခရင်မလင်နန်းတော်ဝင်းတံတိုင်းနှင့် ရင်ပြင်အကြား ကျုံးရှိခဲ့ဖူးသော်လည်း ၁၇ ရာစုနောက်ပိုင်းတွင် ရေခန်းသွားခဲ့ပါသည်။ ရင်ပြင်တွင် ရုပ်တုတစ်ခုသာရှိပြီး မျိုးချစ်ပုဂ္ဂိုဟ်များဖြစ်ကြသည့် Kuzma Minin နှင့် မင်းသား Dmitry Pozharsky တို့နှစ်ယောက်တွဲ ရုပ်တုဖြစ်သည်။ စိန့်ဘေဆဲ(လ်)ဘုရားကျောင်းအရှေ့တွင် ထိုရုပ်တုကို စိုက်ထူထားရှိပါသည်။
ရင်ပြင်နီကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ၁၉၉၀ ခုနှစ်က ယူနက်စကိုက အသိအမှတ်ပြုခဲ့ပါသည်။ သမိုင်းတလျှောက်တွင် ရင်ပြင်နီရှိ စိန့်ဘေဆဲ(လ်)ဘုရားကျောင်းကြီးသည် ပျက်စီးလုနီးပါးဖြစ်ခဲ့သည်။ ၁၈၁၂ ခုနှစ်က ကျူးကျော်ဝင်ရောက်ခဲ့သည့် နပိုလီယံသည် ဘုရားကျောင်းကို ဖျက်ဆီးရန် အမိန့်ပေးခဲ့သော်လည်း ရုတ်တရက် မိုးရွာသဖြင့် မီးငြိမ်းသွားခဲ့ပါသည်။ ဘုရားကျောင်းကို ဖျက်ဆီးရန် နောက်ထပ်ကြိုးပမ်းမှုမှာ စတာလင် အုပ်ချုပ်စဉ်ကာလဖြစ်သည်။ သူသည် ဘာသာရေးအဆောက်အအုံအားလုံးကို ဖျက်ဆီးရန် ရည်ရွယ်ခဲ့သော်လည်း ဘုရားကျောင်းကိုမူ နှမြောခဲ့သည်။

လီနင်ဂူဗိမာန်

 


ရင်ပြင်နီသည် ဟိုးရှေးခေတ်နှစ်ပေါင်းများစွာကတည်းက မော်စကိုမြို့၏ အဓိက ရင်ပြင်ဖြစ်ခဲ့ပါသည်။ ၁၄၉၀ ပြည့်နှစ်များကတည်းက တည်ရှိခဲ့သည့် သမိုင်းဝင်ရင်ပြင်ကြီးလည်းဖြစ်သည်။ ခရင်မလင်နန်းတော်သစ် တည်ဆောက်သည့်အခါ ရင်ပြင်ကိုပါ ထည့်သွင်းဖန်တီးခဲ့ကြသည်။ နန်းတော်၏ အရှေ့ဘက်ခြမ်းတွင် မြစ်ချောင်းများကဲ့သို့ သဘာ၀ အရံအတားများ မရှိသဖြင့် ရန်သူများ ဝင်ရောက်တိုက်ခိုက်ဖို့ လွယ်ကူပေသည်။ ထို့ကြောင့် ထိုနေရာရှိ အဆောက်အအုံများကို ရှင်းလင်းခဲ့ရာမှ ရင်ပြင်နီဖြစ်လာခဲ့ခြင်းဖြစ်သည်။

 


နောက်ပိုင်းတွင် ရင်ပြင်နီသည် တစ်ကမ္ဘာလုံးရှိ ကုန်သည်များ လာရောက်ရောင်းဝယ်ရာ၊ ဇာဘုရင်များ၏ အမိန့်များကို ကြေငြာရာ၊ ဘာသာရေးပွဲများကျင်းပရာ နေရာဖြစ်လာခဲ့ပေသည်။ ၂၀ ရာစုအလယ်ပိုင်းတွင် ဆိုဗီယက်စစ်တပ်၏အင်အားကို ပြသသည့်အနေဖြင့် ရင်ပြင်နီတွင် စစ်ရေးပြလေ့ရှိခဲ့ကြပေသည်။ ဆိုဗီယက်ယူနီယံပြိုကွဲပြီး နောက်ပိုင်းတွင်တော့ ဈေးပွဲတော်များ၊ ဂီတပွဲတော်များကျင်းပရာ နေရာဖြစ်လာခဲ့ပါသည်။ ခရစ္စမတ်အချိန်အခါတွင် ခရစ္စမတ်မီးရောင်များဖြင့် ရင်ပြင်ကြီးသည် အလွန်စည်ကားလှပလေ့ရှိပါသည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Dr. Nu Myat Theingi Oo

တောင်ကိုရီးယား မြို့တော် Seoul ရောက်ရင် ဒါတွေလုပ်ပါ

တောင်ကိုရီးယားမြို့တော် Seoul ရောက်ရင် ဒါတွေလုပ်ပါ


ဆိုးလ်မြို့ (Seoul) ကသိပ်ပျော်စရာကောင်းတဲ့နေရာပါ။ ဘယ်နှကြိမ်ပဲရောက်ရောက် သိပ်ကိုကြိုက်တဲ့မြို့လေးပေါ့။ ကိုရီးယားကို မရောက်ဖူးသေးသူတွေတောင် ကိုရီးယားကားတွေကြည့်ပြီး ရင်းနှီးနေသလိုဖြစ်နေမှာပါ။ အခုဆိုရာသီဥတုကလည်း အေးအေးလေးဖြစ်နေတော့ လည်လို့သိပ်ကောင်းမှာ။ ဆိုးလ်မှာဆို သွားလည်စရာနေရာတွေလည်း အများကြီးရှိတယ်။ နုမြတ်ကို ဆိုးလ်ကိုရောက်ဖူးတာ ငါးခါရှိနေပြီဖြစ်တာတောင် လည်စရာတွေ အများကြီးကျန်သေးတယ်။

ဆိုးလ်မှာ ရောက်ခဲ့တဲ့ အထဲကမှ အကြိုက်ဆုံးတွေကို စုပြီး ဆိုးလ်မြို့ရောက်ခဲ့ရင် လုပ်ရမယ့်အရာ (၁၅)ခုကို ရေးပေးလိုက်တယ်နော်။

၁။ Seoul Tower တက်ပါ

ဇာတ်ကားအတော်များများမှာ စုံတွဲလေးတွေ ချိန်းတွေ့ကြတဲ့နေရာလေး။ နမ်ဆန်တောင်ပေါ်မှာရှိတဲ့ N Seoul Tower မျှော်စင်ကြီးပေါ်ကနေ ဆိုးလ်မြို့တစ်မြို့လုံးကို လှမ်းမြင်ရတယ်။ အဲ့မှာ အချစ်သင်္ကေတ သော့ချိတ်ရောင်စုံလေးတွေမှာ စုံတွဲတွေ နာမည်တွေရေး၊ ပုံလေးတွေကပ်၊ ဆုတောင်းစာလေးတွေရေးပြီး Ro ထားကြတာဆိုတော့ ကိုယ့်ချစ်ချစ်နဲ့ ကိုယ့်နာမည်လေးရေးပြီး ချိတ်ခဲ့ဦးနော်။

ဝင်ကြေးက လူကြီး- ဝမ်၁၀၀၀၀ ၊ ကလေး – ဝမ် ၈၀၀၀ ပါ။

၂။ နန်းတော်မှာ ကိုရီးယားရိုးရာဝတ်စုံ ဝတ်ရိုက်ပါ

ဂယောင်ဘောက်ဂွန်းနန်းတော်ကြီးထဲမှာ ကိုရီးယားနန်းတွင်းသူ၊ နန်းတွင်းသားပုံစံ ရိုးရာဝတ်စုံလေးတွေ Hanbokလေးတွေ ဝတ်ပြီး နန်းတော်ဝင်းအနှံ့ လျှောက်လည်ရတာ သိပ်ပျော်ဖို့ကောင်းပါတယ်။ လူတိုင်းလိုလို နန်းတွင်းဝတ်စုံလေးတွေနဲ့ဆိုတော့ ကိုယ့်ဟာကိုယ်တောင်ရှေးနှစ်ပေါင်းများစွာက ကိုရီးယားနန်းတွင်းထဲရောက်သွားသလိုလို ခံစားရတယ်။
ဝတ်စုံဌားတဲ့ဆိုင်တွေဆိုလည်း နန်းတော်နားမှာ အများကြီးပဲ။ ကိုရီးယားရိုးရာဝတ်စုံကို ခေါင်းအစ ခြေအဆုံး ဝတ်စုံပြည့်ဌားဝတ်လို့ရတယ်။ ဆံပင်တွေကိုလည်း ပြင်ပေးတယ်။ ပိုက်ဆံအိတ်၊ ဖိနပ်ကအစ ဝတ်စုံနဲ့လိုက်တာ ရွေးဝတ်လို့ရအောင်ထားပေးတယ်။ အဲ့မှာ Traditional, Modern, ဘုရင်၊ မိဖုရား၊ မင်းသမီး၊ နန်းတွင်းသူကအစ ဆောင်ကြာမြိုင်အဆုံး ဝတ်စုံတွေအများကြီးရှိတယ်။ ရုပ်ရှင် Character အလိုက် စိတ်ကြိုက်ရွေးဝတ်လို့လည်းရတယ်။ ဝတ်စုံတွေဆိုလှလွန်းလို့ ရွေးရခက်တဲ့အထိပဲ။
ဝတ်စုံဌားခကတော့ ပုံမှန်ဝတ်စုံဆို အကြမ်းဖျဉ်း ဝမ် ၁၅၀၀၀ (မြန်မာငွေကျပ် ၂၀၀၀၀ ဝန်းကျင်) လောက်ပဲ။ လေးနာရီလောက်ပေးဌားတယ်ဆိုတော့ စိတ်ကြိုက်ရိုက်ပေါ့။

နန်းတော်ဝင်ကြေးကတော့ လူကြီး ၃၀၀၀ ဝမ်၊ ကလေး ၁၅၀၀ ဝမ်ပါ။

dav

၃။ Han River ဟန်မြစ်ထဲ သင်္ဘောစီးပါ

ဟန်မြစ်ကမ်းကတော့ ကိုရီးယားကားကြည့်ဖူးသူတိုင်းသိကြမှာပါ။ ဟန်မြစ်ကမ်းမှာ Date တဲ့ ဇာတ်ကားတွေ အများကြီးပဲ။ မရေမတွက်နိုင်အောင်ပဲ။ အဲ့မှာ Cruise စီးလို့ရတယ်။ မြို့ဖြတ်စီးဆန်းနေတဲ့ ဟန်မြစ်ကြီးကို ဖြတ်ဆောက်ထားတဲ့ တံတားတွေလည်း အများကြီးရယ်။ အဲ့ထဲမှာမှ Banpo တံတားက နှစ်ထပ်တံတားဖြစ်တာရယ်။ ညဘက်မှာ တံတားတစ်ဖက်တစ်ချက်ကနေ မီးရောင်စုံရေပန်းတွေနဲ့ အရမ်းလှတာရယ်ကြောင့် ထင်ရှားပါတယ်။
အဲ့တံတားနားက ဟန်မြစ်ပေါ်မှာရှိတဲ့ အသစ်ဖွင့်ထားတဲ့ ရေပေါ်ကျွန်းတု ၃ခုဆီလည်း ရောက်ခဲ့သေးတယ်။ ပန်းပွင့်ရဲ့ဖူးပွင့်ပုံအဆင့်ဆင့်ကိုခြေခံထားတာတဲ့လေ။ အကြီးဆုံးကျွန်းက အစွန်းကုန်ဖူးပွင့်နေတဲ့ ပန်းပွင့်ကြီးကို ကိုယ်စားပြုပြီး အဲ့ပေါ်မှာဆောက်ထားတဲ့ အဆောက်အအုံကြီးထဲမှာ ပြခန်းတွေ၊ ခန်းမတွေ၊ စားသောက်ဆိုင်တွေအများကြီးရှိနေပါတယ်။ နောက်ကျွန်းသေးလေး ၂ခုကတော့ တစ်ခုက အဖူး၊ နောက်တစ်ခုက အစေ့ကို ကိုယ်စားပြုနေတာပါတဲ့။


sdr

၄။ ကမ္ဘာ့အမြင့်ဆုံး မှန်ကြမ်းပြင်ပေါ် တက်ခဲ့ပါ

ကမ္ဘာ့အမြင့်ဆုံးမှန်ကြမ်းပြင်တဲ့။ ဘယ်လောက်များအသည်းယားဖို့ကောင်းမလဲနော်။ မနှစ်ကမှစဖွင့်လိုက်တဲ့ Lotte World Tower မှာ အထပ်ပေါင်း ၁၂၃ ထပ်ရှိပြီး ၁၁၈ထပ်မှာ ကမ္ဘာ့အမြင့်ဆုံးမှန်ကြမ်းပြင်ရှိတယ်လေ။ ဆိုးလ်မြို့ရှုခင်းတွေကြည့်လို့ရတဲ့ မှန်ချပ်နံရံတွေကာထားတဲ့ Sky Observatory Deck ကတော့ ကမ္ဘာ့တတိယအမြင့်ဆုံး Sky Observatory Deck ပေါ့။ ဒါပေမဲ့ တိုက်အမြင့်အနေနဲ့ကြည့်ရင်တော့ ကမ္ဘာ့မှာ ၅ခုမြောက်အမြင့်ဆုံးတိုက်ပါ။ ဆိုးလ်မြို့မှာဆိုရင်တော့ အမြင့်ဆုံးပေါ့။
သူ့ရဲ့ဓာတ်လှေကားကလည်းထူးခြားတယ်။ ကမ္ဘာပေါ်မှာ အမြန်ဆုံးနဲ့ အမြင့်ဆုံးဓာတ်လှေကားတဲ့။ Basement ကနေ ၁၂၁ ထပ်အထိကို ၁မိနစ်ထဲနဲ့ အရောက်သွားပေးတယ်။ ပြီးတော့ ဓာတ်လှေကား ဘေး၃ဖက်နဲ့ မျက်နှာကျက်ပါမကျန် Monitor တပ်ထားပြီး ဓာတ်လှေကားစီးနေတဲ့တလျှောက်လုံး ဒီ Tower အကြောင်း Short Video Clip ပြတာ အရမ်းမိုက်တာပဲ။
ဝင်ကြေးကတော့ ဝမ် ၂၇၀၀၀ ပါ။ မနက်၉ကနေ ည ၁၁ ထိဖွင့်ပါတယ်။


၅။ မြောင်ဒုံမှာ ဈေးဝယ်ပါ

မြို့ထဲက မြောင်ဒုံမှာ ကိုရီးယားအလှကုန်ဆိုင်တွေ တန်းစီနေတာ။ Etude House လား Innisfree လား Faceshop လား Skinfood လား အလှကုန်ဆိုင်တွေက လက်ညှိုးထိုးမလွဲကို ရှိနေတာ။ ဆိုင်တွေရှေ့ဖြတ်လျှောက်ရင်တောင် Sample လက်ဆောင်တွေ ကမ်းပေးနေတာ။ တကယ်ဝယ်ရင် လက်ဆောင်တွေ အများကြီး ထပ်ရသေးတယ်ရော။ မြောင်ဒုံရောက်ရင် ဟိုဟာလည်းဝယ်ချင် ဒီဟာလည်းဝယ်ချင်နဲ့ ယောက်ယက်ကိုခတ်နေပါရော။ ည ၁၀နာရီလောက်အထိ စည်ကားနေတာဆိုတော့ တဝကြီးဈေးဝယ်ထွက်လိုက်ပေါ့။ Streetfood တွေလည်း အများကြီးရှိတော့ တဝကြီးစားပါလေ့။
ကိုရီးယားတွေဈေးဝယ်ထွက်တဲ့နေရာကတော့ ဟွန်ဒဲ (Hongdae) မှာပါ။ မြောင်ဒုံက နိုင်ငံခြားသားတွေများပြီး ဟွန်ဒဲမှာတော့ Local တွေများပါတယ်။ ဟွန်ဒဲမှာ ဘားတွေ၊ ကာရာအိုကေဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့လည်း စည်ကားပါတယ်။

အမှတ်တရပစ္စည်းတွေ၊ ရှေးဟောင်းပစ္စည်းတွေဝယ်ချင်ရင်တော့ အင်ဆာဒုံ နဲ့ နန်ဒေးမွန်းကိုသွားပါ။

၆။ ဒေါင်ဒေးမွန်းမှာ ညလုံးပေါက်ဈေးဝယ်ထွက်ပါ

တစ်နေကုန် ဈေးဝယ်ထွက်ရတာမဝသေးဘူးဆိုရင် ဒေါင်ဒေးမွန်းက ကုန်တိုက်တွေမှာ ညလုံးပေါက်ဈေးဝယ်ထွက်နိုင်ပါတယ်။ မနက်၄နာရီလောက်အထိဖွင့်တာဆိုတော့လေ။ ကိုရီးယားစတိုင် အဝတ်အစားတွေ အများကြီး။ ဈေးလည်း သက်သာတယ်။ ဈေးစစ်လို့လည်းရတယ်။ ကြိုက်တာရွေးပါလေ့။

edf

၇။ Nanta Show ကြည့်ပါ

မြောင်ဒုံမှာရှိတဲ့ Nanta Show ကတော့ ကိုရီးယားရောက်ရင်တကယ်ကြည့်သင့်တဲ့ ရှိုးပါ။ ကိုယ်ကြည့်ဖူးသမျှရှိုးတွေထဲ အကောင်းဆုံး Show တစ်ခုပေါ့။ ပွဲချိန် (၂)နာရီအတွင်း တစ်ချက်မှ အိပ်မငိုက်ဘဲကြည့်ခဲ့တဲ့ Showလေး။ ထူးခြားတာက ရှိုးပွဲတစ်ခုလုံး တူရိယာပစ္စည်းတစ်ခုမှ မသုံးဘဲ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့သာ တီးခတ်ဖျော်ဖြေသွားတာပါ။ ဟင်းသီးဟင်းရွက်လှီးတာကအစ၊ စလောင်းဖုံးတွေ၊ ဒယ်အိုးတွေ ရိုက်တာ အဆုံး စည်းချက်ညီညီဖျော်ဖြေသွားတော့ သိပ်ကောင်းတဲ့ ဂီတသံစဉ်တွေဖြစ်လာတာပေါ့။ ပြီးတော့ အစအဆုံး ဇာတ်လမ်းဇာတ်ကွက်နဲ့ ဖျော်ဖြေသွားတာသိပ်ကောင်းတာပဲ။ ရယ်လည်းရယ်ရတယ်။ အံသြစရာလည်းကောင်းတယ်။ တစ်စက်မှမပျင်းရဘူး။ အရမ်းကို Entertaining ဖြစ်တယ်။ တကယ် Recommend လုပ်ပါတယ်။

Nanta Show တွေက မြောင်ဒုံနဲ့ ဟွန်းဒေး (Hongdae) မှာ ရှိပြီး လက်မှတ်ဈေးက ထိုင်ခုံနေရာပေါ်မူတည်ပြီး ဝမ်၄သောင်းကနေ ၇သောင်းထိရှိပါတယ်။

၈။ မြို့လည်က စမ်းချောင်းလေးဘေး လမ်းလျှောက်ပါ။

ချောင်ဂျီချွန်းစမ်းချောင်းလေးက ဆိုးလ်မြို့လည်မှာရှိနေတဲ့ သာယာတဲ့ စမ်းချောင်းလေးပေါ့။ ဒါပေမဲ့ သဘာဝစမ်းချောင်းလေးလိုတော့ မဟုတ်တော့ဘူး။ ကမ်းဘက်မှာ ကွန်ကရစ်တွေခင်း၊ တံတားတွေထိုးထားတဲ့ မြို့ပြရဲ့စမ်းချောင်းလေးတစ်ခုပေါ့။
ဒီစမ်းချောင်းလေးက ရှေးခေတ်က မြို့တန်ဆာဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စမ်းချောင်းကညစ်ပတ်လာပြီး အနံ့အသက်တွေမကောင်းတော့ ၁၉၅၈ခုနှစ်နောက်ပိုင်းမှာ အနှစ်၂၀ လုံးလုံး စမ်းချောင်းကိုပိတ်ပြီး လမ်းဖောက်ခဲ့ကြတယ်တဲ့။ ၁၉၇၆မှာဆို Highway မိုးပျံလမ်းတောင်ဖောက်ခဲ့တာတဲ့။ ၂၀၀၃ခုနှစ်ကြမှ Highway တွေဖြို၊ လမ်းတွေဖျက်ပြီး စမ်းချောင်းလေးကို ပြန်ပြီးဖော်ခဲ့ကြတာ အခုဆို သာယာလှပတဲ့ Public Space လေးဖြစ်နေပြီလေ။

ရေတံခွန်လေးတွေ၊ ရေပန်းလေးတွေပုံဖော်ထားတဲ့ စမ်းချောင်းလေးဘေးတလျှောက်မှာ ရာသီအလိုက် အနုပညာပြကွက်တွေလည်း ပုံဖော်လေ့ရှိကြတယ်။ လမ်းဘေးဝဲယာမှာ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေလည်း အများကြီးရှိတယ်။ စမ်းချောင်းလေးတလျှောက်လမ်းလျှောက်၊ မောလာရင် ကော်ဖီဆိုင်တွေမှာ ကော်ဖီဝင်သောက်နဲ့ အတော်ဟုတ်နေမှာ။

၉။ အိမ်ပြာတော်ရှေ့ ဓာတ်ပုံသွားရိုက်ပါ။

တောင်ကိုရီးယားသမ္မတနေတဲ့ အိမ်ပြာတော်နားလည်း သွားလည်ပါဦး။ အိမ်ပြာတော်ရှေ့က ရင်ပြင်ကြီးမှာ အိမ်ပြာတော်ရယ် ဘူဂါဆန်တောင်ရယ်နောက်ခံထားပြီး ဓာတ်ပုံရိုက်ခဲ့နော်။ မနက်ဘက်တွေမှာ စစ်ချီတတ်တာတို့၊ တီးမှုတ်သီဆိုဖျော်ဖြေတာတို့လည်း ရှိတယ်။ အနားက Cheongwadae Sarangchae ပြတိုက်မှာလည်း ကိုရီးယားရဲ့ ရှေးခေတ်သမိုင်းကြောင်းတွေ၊ ရိုးရာယဉ်ကျေးမှုအကြောင်းတွေ၊ ကိုရီးယားသမ္မတအဆက်ဆက်အကြောင်းတွေ လေ့လာနိုင်ပါတယ်။

၁၀။ ဖယောင်းပြတိုက်မှာ ကိုရီးယားမင်းသားတွေနဲ့တွဲရိုက်ပါ

ဆိုးလ်မြို့အနှံ့လျှောက်လည်ပြီးတဲ့အခါ အမောပြေ ကိုရီးယားမင်းသားလေးနဲ့ မတွေ့ချင်ဘူးလား။ ဒါဆိုရင်တော့ Grevin Museum ကို သွားသင့်ပြီပေါ့။ ကိုရီးယားနာမည်ကျော် မင်းသားမင်းသမီး အဆိုတော်နဲ့ Super Star တွေ အကုန်လုံးကို တစ်နေရာထဲမှာတွေ့နိုင်မှာ။ ဒါပေမဲ့ ဖယောင်းရုပ်တုအဖြစ်နဲ့ပေါ့နော်။ ဒါပေမဲ့ ကိုယ်မပြော ဘယ်သူသိမလဲနော်။ ဖယောင်းရုပ်တွေက လူနဲ့တကယ်ချွတ်စွတ်။ ကဲကဲ… အမောပြေသွားအောင် ဂူဂျွန်ဖြိုး၊ ဒါရိုက်တာရင်၊ Rain အိုပါးတွေရဲ့ ခါးလေးဖက်လိုက်၊ ပုခုံးလေးမှီလိုက်၊ ရင်ခွင်ထဲတိုးလိုက်နဲ့ စိတ်ကြိုက်ရိုက်ပါလေ့။

ဝင်ကြေးကတော့ လူကြီး ၁၈၀၀၀ ဝမ်ပါ။

၁၁။ MBC World မှာ ကိုရီးယား မင်းသမီးလုပ်လိုက်ပါ။

MBC World ဆိုတာ ကိုရီးယားရဲ့ ရုပ်မြင်သံကြားကုမ္ပဏီ MBC ကနေဖွင့်ထားတဲ့ ကိုရီးယားရဲ့ ပထမဆုံး Hallyu Theme Park ကြီးပေါ့။ အဲ့မှာဆိုရင် G Dragon တို့လို K Pop star တွေ ရုပ်လုံးကြွစင်ပေါ်ကနေ ဖျော်ဖြေတာတွေ၊ ကိုရီးယားဇာတ်ကားထဲ ကိုယ်တိုင်ဝင်သရုပ်ဆောင်တာတွေ၊ K Pop star တွေဆီကနေ အကသင်ပြီး Video ထဲ ကိုယ်တိုင်ဝင်ကတာတွေ၊ 3D ပန်းချီဆွဲထားတဲ့ ဇာတ်ကား ပိုစတာတွေထဲ ဝင်ရိုက်တာတွေ အများကြီးလုပ်လို့ရတယ်။ ကိုရီးယား ဇာတ်လမ်းတွဲတွေ၊ သီချင်းတွေ ကြိုက်တဲ့သူတွေအတွက် သိပ်ပျော်ဖို့ကောင်းတဲ့နေရာပေါ့။

ဝင်ကြေးကတော့ လူကြီး ၁၈၀၀၀ ဝမ် ပါ။

၁၂။ Lotte World မှာ တစ်နေကုန်ကစားပါ

ကစားစရာမျိုးစုံနဲ့ ကစားချင်တယ်။ Roller Coaster တွေစီးချင်တယ်ဆိုရင် မြို့ထဲမှာရှိတဲ့ Lotte World ကိုသာသွားပါ။ Disney Land လိုပဲ ပျော်စရာသိပ်ကောင်းပါတယ်။ လဟာပြင်ကစားကွင်းကြီးရှိသလို ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံကစားကွင်းကြီး (Indoor Theme Park) လည်းပဲရှိပါတယ်။ Indoor က စီးစရာတွေဆို Theme အမျိုးမျိုးနဲ့ စိတ်လှုပ်ရှားဖို့သိပ်ကောင်းပါတယ်။ ရေခဲပြင်စကိတ်ကွင်းလည်း ရှိသလို 3D Trick Eye Museum လည်း ရှိတော့ ပုံအမျိုးမျိုးနဲ့ အမူအရာ အမျိုးမျိုးလုပ်ရိုက်လို့ရပြီပေါ့။ The Folk Museum မှာလည်း ရှေးခေတ်ကိုရီးယားသမိုင်းကြောင်းကို ရုပ်တုသေးသေးလေးနဲ့ ပြထားတော့ လေ့လာရတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဝင်ကြေးတွေကတော့ တစ်နေ့လုံးကို ကလေး – ၄၄၀၀၀ ဝမ်၊ ဆယ်ကျော်သက် ၄၈၀၀၀ ဝမ်နဲ့ လူကြီး ၅၅၀၀၀ ဝမ်ပါ။

SAMSUNG DIGITAL CAMERA

၁၃။ အိုပါဂမ်းနန်းစတိုင် ရုပ်တုကြီးနဲ့ဓာတ်ပုံရိုက်ပါ

Oppa Gangnam Style သီချင်းတော့ လူတိုင်းသိတယ်ဟုတ်။ PSY ရဲ့ သီချင်း ကမ္ဘာကျော်လာတာနဲ့အမျှ ဂန်းနမ်းရပ်ကွက်ဟာလည်း Tourist Attraction ဖြစ်လာပါတယ်။ ဂန်းနမ်းရပ်ကွက်မှာ အသစ်ဖွင့်ထားတဲ့ Starfiled Coex Mall ကြီးနားမှာ သီချင်းထဲက မြင်းစီးတဲ့ကကွက်ထဲက လက်ရုပ်တုကြီး အကြီးကြီးကို တွေ့နိုင်ပါတယ်။
အဲ့ Mall ကြီးထဲမှာ Coex Aquarium ဆိုတာလည်း သွားလည်ပြီး ရေသတ္တဝါမျိုးစုံကို သွားကြည့်နိုင်ပါတယ်။ ကမ္ဘာ့အကြီးဆုံးမြေအောက် ရှော့ပင်းမောလ် ကြီးရယ်၊ စာအုပ်ပေါင်း ၅သောင်းကျော်ကို နှစ်ထပ်တိုက်စာ စာအုပ်စင်အမြင့်ကြီးတွေနဲ့အံ့အားသင့်ဖွယ်ရာ ပြသထားတဲ့ Starfield စာကြည့်တိုက်ကြီးရယ်လည်းရှိတယ်။ တကယ်သဘောကျဖို့ကောင်းတဲ့ စာကြည့်တိုက်ကြီးပါ။

Gangnam ဆိုတာ မြစ်တောင်ဘက်လို့ အဓိပ္ပါယ်ရပါတယ်။ Gangnamမှာ အခြားလည်ပတ်စရာနေရာတွေ အများကြီးရှိသေးတယ်။ ညဘက်ဆိုလည်း Bar တွေ Club တွေနဲ့ အတော်စည်သတဲ့။

edf

၁၄။ Itaewon Nightlife မှာ Chill ပါ

ကိုရီးယားကောင်လေးတွေ၊ ကောင်မလေးတွေ ချောချောလှလှလေးတွေ မြင်ချင်ရင် အီတဲဝမ် (Itaewon) ကိုသွားပါ။ Bar တွေ မျိုးစုံနဲ့ စည်ကားတဲ့ ကိုရီးယား Nightlife ကိုတွေ့မြင်ခံစားရမှာပါ။

၁၅။ ကိုရီးယားအစားအစာတဝကြီးစားခဲ့ပါ

ဒါကတော့ပြောစရာတောင်လိုမှာမဟုတ်ပါဘူးနော်။ ကိုရီးုယားစာတွေက စားကောင်းလွန်းလို့ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ကို စားခဲ့တာ။ ကင်(မ်)ချီဆိုလည်း လတ်ဆတ်ပြီး အရသာရှိလွန်းလို့ နေ့တိုင်းစားခဲ့တယ်။ ဝက်သားကင်ဆလတ်ရွက်ထုပ်၊ ကြက်သားကောက်ညှင်းဂျင်ဆင်းပေါင်း၊ ကိုရီးယားထမင်းသုပ် (Bi Bim Bab)၊ တော့ပူကီ၊ ပဲခေါက်ဆွဲ၊ ဘူဂိုဂီ Bulgogi အမဲကင်ခေါက်ဆွဲ၊ Gimbap ရေညှိထမင်းလိပ်၊ Fishcake၊ Japchae ဂျ(ပ်)ချဲ ပဲကြာဇံကြော် တဝကြီးစားခဲ့ကြနော်။ ပြောရင်းနဲ့တောင် သွားရည်ကျလာပြီ။ 😛
Soju ဆိုဂျူးဆန်အရက်လည်း သောက်ကြည့်ခဲ့ပါ။ မူးတော့ မမူးစေနဲ့ပေါ့နော်။


Tips
• ကိုရီးယားဝမ် ၁ ဝမ်ကို မြန်မာငွေ ၁.၃ကျပ်ဆိုတော့ ဝမ် ၁သောင်းကို မြန်မာငွေ ၁၃၀၀၀ ကျပ်လောက်ကျပါတယ်။
• ကိုရီးယားမှာ Sim Card တွေက ဈေးကြီးပါတယ်။ အင်တာနက် plan လည်းဈေးကြီးလို့ ဒီမှာကတည်းက ကိုရီးယားမှာ သုံးလို့ရမယ့် Wifi Router တို့၊ International Sim Card တို့သယ်သွားပါ။ ကိုယ်ကတော့ Sim4Crew ကနေ International Sim card ဝယ်သွားပြီး Wi-Ho ကနေ ကိုရီးယားမှာ Unlimited Data သုံးလို့ရတဲ့ wifi router စက်လေးလည်း ဌားသွားလိုက်ပါတယ်။
• ကိုရီးယားအိမ်သာတွေမှာ ကိုယ်တွေဆီမှာလို သန့်စင်ဖို့ရေပန်းမသုံးပါဘူး။ ဟိုတယ်ကြီးတွေ၊ ကုန်တိုက်အကောင်းစားကြီးတွေရဲ့ အိမ်သာတွေမှာတော့ Toilet Seat မှာ ခလုတ်အမျိုးမျိုးနဲ့ ရေပန်း အပျင်းအပြော့တွေ ပြောင်းလို့ရသလို အိမ်သာခုံကိုနွေးအောင်လုပ်လို့ရပြီး ယုတ်စွအဆုံး လေမှုတ်အခြောက်ခံလို့ရအောင်ပါ လုပ်ပေးထားပါတယ်။ ဒါပေမဲ့ ရိုးရိုးအိမ်သာတွေဆိုရင်တော့ ရိုးရိုးရေပန်းတောင် မတပ်ထားပါဘူး။ ဒါကြောင့် အမျိုးသမီးအင်္ဂါသန့်စင်ပေးတဲ့ Betadine က အသစ်ထွက်တဲ့ Wet Tissue တွေကို ဆောင်သွားသင့်ပါတယ်။

With Love,

Dr.Nu Myat Theingi Oo

(Nu Myat around the World)

ကမ္ဘာ့အကြီးဆုံး ကျောင်းဆောင်ကြီး အန်ကောဝပ် (Angkor Wat)

အန်ကောဝပ်ဆိုတာ
⁃ ကမ္ဘာ့အကြီးဆုံး ဘာသာရေးကျောင်းဆောင်ကြီး
⁃ ကမ္ဘာ့ရှေးဟောင်းအံ့ဖွယ်ထဲကတစ်ခု
⁃ ကမ္ဘောဒီးယားနိုင်ငံရဲ့ Landmark
⁃ ခမာတို့ရဲ့အကောင်းဆုံး ဗိသုကာလက်ရာပါ
ကမ္ဘောဒီးယားနိုင်ငံရဲ့ အထွတ်အမြတ်ထားရာဖြစ်လို့ ကမ္ဘောဒီယား အလံမှာတောင် အန်ကောဝပ်ကျောင်းတော်ကြီးပုံကို ထည့်သွင်းပုံဖော်ထားပါတယ်

ကမ္ဘာ့အကြီးဆုံး ကျောင်းဆောင်ကြီး

ကမ္ဘောဒီးယားနိုင်ငံ ဆီယန်ရိ(ပ်) (Siem Reap) မြို့ရဲ့ လေးမိုင်အကွာမှာတည်ရှိတဲ့.. အန်ကောဝပ် (Angkor Wat) ဘုရားကျောင်းကြီးဟာ ကမ္ဘာ့အကြီးဆုံး ဘာသာရေးဆိုင်ရာအဆောက်အအုံကြီးပဲ ဖြစ်ပါတယ်။
အန်ကောဝပ် ဘုရားကျောင်းဝင်းက စတုရန်းမိုင်ပေါင်း ၂၄၈ မိုင်ထိကျယ်ဝန်းပါတယ်။ ကျောင်းတော်ကြီးဟာ ဘယ်လောက်တောင်ကြီးမားသလဲဆိုရင် တည်ဆောက်ခဲ့စဉ်က သဲကျောက်တုံး တန်ချိန် ၅ သန်းတောင် အသုံးပြုခဲ့ရပါတယ်။ ဒီပမာဏဟာ အီဂျစ်နိုင်ငံ ဂီဇာပိရမစ်ကြီး ဆောက်လုပ်တုန်းက အသုံးပြုခဲ့တဲ့ ပမာဏနဲ့အတူတူပဲတဲ့လေ။
ကျောင်းတော်ကြီးကို ခမာဘုရင် ဆာယာဗာမန် ၂ လက်ထက်မှာ အလုပ်သမားပေါင်း ၃ သိန်းကျော်၊ ဆင်စီးရေပေါင်း ၆၀၀၀ ကျော်နဲ့ စက်ပစ္စည်း အကူအညီတွေမပါဘဲ ၁၁၁၃ ခုနှစ်ကနေ ၁၁၅၀ ခုနှစ်အထိ ၃၅ နှစ်ကြာဆောက်လုပ်ခဲ့ရတာပါ။

edf

ကမ္ဘာ့အမွေအနှစ်နေရာ

အန်ကောဝပ်က အစက ဟိန္ဒူဘုရားကျောင်းကြီးဖြစ်ပေမဲ့ ၁၂ ရာစုနှောင်းပိုင်းမှာ ဗုဒ္ဓဘာသာ ဘုရားကျောင်းကြီးအဖြစ် ပြောင်းလဲကိုးကွယ်ခဲ့ကြပါတယ်။ နဂိုကတည်းက လက်ရာမြောက်ခဲ့တဲ့ ကျောင်းတော်ကြီးမှာ ဗုဒ္ဓဆင်းတုတော်တွေ ထပ်မံထည့်သွင်းကာ အခုအချိန်အထိ ကိုးကွယ်နေဆဲဖြစ်ပါတယ်။ ဟိန္ဒူဘာသာရော ဗုဒ္ဓဘာသာအရပါ အရေးပါတဲ့ အဆောက်အအုံဖြစ်တာကြောင့် ၁၉၉၂ ခုနှစ်မှာ UNESCO က ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။

sdr

ခမာတို့ရဲ့အကောင်းဆုံး ဗိသုကာလက်ရာ

ဘုရားကျောင်းကြီးရဲ့ အောက်ခြေပင်မအဆောက်အအုံကနေ ကြာဖူးငါးဖူးထိုးထွက်နေသလို တိုင်ငါးတိုင်ထိုးထွက်နေပြီး ခလယ်ရှိအမြင့်ဆုံးတိုင်က အမြင့်ပေ ၂၁၃ပေရှိပါတယ်။ ဘုရားကျောင်းကြီးက လက်ရာမြောက်လွန်းတာကြောင့် ခမာဗိသုကာလက်ရာကို အကောင်းဆုံးကိုယ်စားပြုတဲ့ ကျောင်းတော်ကြီးလို့လည်း ပြောလို့ရပါတယ်။ ဘုရားကျောင်းနံရံတွေမှာ ဟိန္ဒူဘာသာရဲ့ ဇာတ်နိပါတ်တော်တွေကို ပုံဖော်ထုဆစ်ထားတာလည်းတွေ့ရပါတယ်။

DCIM104GOPROGOPR5809.JPG

အနောက်ဘက်ကို မျက်နှာလှည့်

ဒါ့အပြင် ကျောင်းတော်ကြီးဟာ ကမ္ဘောဒီးယားမှာရှိတဲ့ တခြားဘုရားကျောင်းတွေ၊ တခြား ဟိန္ဒူဘုရားကျောင်းတွေနဲ့ မတူဘဲ အနောက်ဘက်ကို မျက်နှာလှည့်ထားတာ တွေ့ရပါတယ်။ အနောက်အရပ် နတ်ဘုရားဖြစ်တဲ့ ဟိန္ဒူနတ်ဘုရား ဗစ်(ရှ)နူးကို ရည်ရွယ်ပြီး ဆောက်ထားတာကြောင့် ဖြစ်နိုင်ပါတယ်။ အနောက်ဘက်အရပ်ကို မျက်နှာမူနေတာကြောင့်လည်း ညနေစောင်း နေရောင်နဲ့ ပိုလှပခမ်းနားလို့ နေဝင်ချိန်မှာ ဧည့်သည်တွေနဲ့ အထူးစည်ကားလျှက်ရှိပါတယ်။

edf

အန်ကောဝပ်အမည် အဓိပ္ပါယ်

အန်ကောဝပ် (Angkor Wat) ဆိုတဲ့နာမည်ကို ခမာဘာသာကနေ ပြန်ဆိုရမယ်ဆိုရင်
⁃ Angkor ဆိုတာ City
⁃ Wat ဆိုတာ Temple ဆိုတော့
“City of Temple (ဘုရားကျောင်းမြို့တော်)” လို့ အဓိပ္ပါယ်ရပါတယ်။ မြို့တော်ဆိုတဲ့အတိုင်း အန်ကောဝပ်ကျောင်းဝင်းကြီးကို ကျုံးတွေ မြို့ရိုးတွေ ပတ်လည်ဝိုင်းထားတာတွေ့ခဲ့ရပါတယ်။

နိုင်ငံတော်အလံမှာ ထည့်သွင်းထား

အန်ကောဝပ်က ကမ္ဘာလှည့်ခရီးတွေ ကမ္ဘောဒီးယားနိုင်ငံဆီလာရောက်လည်ပတ်ကြတဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး နိုင်ငံသားတွေ အလွန်ဂုဏ်ယူလွန်းတာကြောင့် နိုင်ငံတော်အလံမှာ အန်ကောဝပ်အဆောက်အအုံပုံကို ထည်းထည်းကြီး ထည့်သွင်းထားပါတယ်။
အထင်ကရ အဆောက်အအုံပုံကို အလံမှာ ဒီလို ထင်ထင်ရှားရှား ထည့်ထားတာဆိုလို့ ကမ္ဘောဒီးယားနဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံသာရှိပါတယ်။ San Marino၊ စပိန်နဲ့ ပေါ်တူဂီအလံတို့မှာတော့ ရဲတိုက်ပုံတွေ၊ မျှော်စင်ပုံတွေ ပါနေပါတယ်။

Dr. Nu Myat Theingi Oo

Nu Myat around the World

ယူအေအီးနိုင်ငံရှိ ကမ္ဘာ့စံချိန်များ (World Records of UAE)

ယူအေအီးနိုင်ငံရှိ ကမ္ဘာ့စံချိန်များ


အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(United Arab Emirates)ကို အတိုကောက်အားဖြင့် ယူအေအီး (UAE)ဟု ခေါ်ဆိုကြပြီး အာရှတိုက်အနောက်ဘက်ရှိ အာရပ်ကျွန်းဆွယ်၏ အရှေ့တောင်ဘက်စွန်းတွင်တည်ရှိနေပါသည်။

ယူအေအီးဆိုလျှင် ဂင်းနစ်ကမ္ဘာ့စံချိန်နှင့်တွဲမြင်ရလောက်သည်အထိ ကမ္ဘာ့အကြီးဆုံး၊ အမြင့်ဆုံး၊ အကောင်းဆုံးဟူသမျှကို ပိုင်ဆိုင်ထားပါသည်။ နှစ်တိုင်းတစ်နေရာမဟုတ်တစ်နေရာတွင် စံချိန်ချိုးကာ တစ်နိုင်ငံလုံးအနေဖြင့် ကမ္ဘာ့စံချိန်ပေါင်း(၁၉၀)ထိ ပိုင်ဆိုင်ထားသည်ဟု သိရပါသည်။ ကမ္ဘာ့အကြီးဆုံးရှော့ပင်းစင်တာ၊ အမြင့်ဆုံးတိုက်၊ အမြင့်ဆုံးပလီ၊ အမြင့်ဆုံးစားသောက်ဆိုင်၊ အမြင့်ဆုံးရှုခင်းကြည့်နေရာ၊ ဒုတိယအကြီးဆုံးလူလုပ်ဆိပ်ကမ်းကအစ အကြီးဆုံးလက်ဆေးဇလုံ၊ ဆံပင်နှင့်ဆွဲသည့်ကမ္ဘာ့အလေးဆုံးယာဉ်၊ ကမ္ဘာ့အမြင့်ဆုံးချောကလက်ရုပ်တုအထိ တစ်ခုမဟုတ်တစ်ခုစံချိန်ချိုးလေ့ရှိပါသည်။

ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံ Burj Khalifa (Photo – Credit)


အထူးသဖြင့် ယူအေအီးနိုင်ငံ၏ နာမည်ကျော်မြို့ကြီးဖြစ်သည့် ဒူဘိုင်းမြို့တွင် ကမ္ဘာ့စံချိန်အများဆုံးရှိကာ ကိုယ်ပိုင် ဂင်းနစ်ကမ္ဘာ့စံချိန်ရုံး ထားရှိထားသည်အထိ စံချိန်ချိုးထားသည်များမှာ များပြားလှပါသည်။

ဒူဘိုင်းရှိ Burj Khalifa အဆောက်အအုံမှာ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်ကာ အမြင့်ပေ ၂၇၁၇ပေထိမြင့်ပါသည်။

ကမ္ဘာ့အမြင့်ဆုံးဟိုတယ်ကြီးများအနက် ခြောက်လုံးမှာ ဒူဘိုင်းတွင်ရှိပြီး Gevora ဟိုတယ်သည် ကမ္ဘာ့အမြင့်ဆုံးဟိုတယ်ဖြစ်ပါသည်။

ဒူဘိုင်းမောလ်က ကမ္ဘာ့အကြီးဆုံးရှော့ပင်းမောလ်များအနက်တစ်ခုဖြစ်ကာ စတုရန်းမီတာပေါင်း ၁၂သန်းကျော်ထိ ကျယ်ဝန်းပြီးဆိုင်ခန်းပေါင်း ၁၂၀၀ ကျော်ရှိပါသည်။

ထိုရှော့ပင်းမောလ်မြေညီထပ်တွင် ကမ္ဘာ့အကြီးဆုံး ဆိုင်းထားသည့်ငါးပြတိုက်ဖြစ်သော ဒူဘိုင်းငါးပြတိုက်လည်း ရှိပြီး ရေလီတာပေါင်း ၁၀သန်းကျော်ထိဆန့်ကာ ရေသတ္တဝါမျိုးစိတ်ပေါင်း ၂၀၀ ကျော်၊ အကောင်ပေါင်း ၃၃၀၀၀ ကျော် ရှိပါသည်။

ကမ္ဘာ့အကြီးဆုံးလူလုပ်ကျွန်း The Palm Jumeirah ကျွန်း၊ ကမ္ဘာ့အကြီးဆုံးမိုးလုံလေလုံ ကစားကွင်း IMG Worlds of Adventure၊ ၄၉၂ ပေအမြင့်ရှိသည့် ကမ္ဘာ့အကြီးဆုံး ဓာတ်ပုံဘောင်၊ ပေပေါင်း ၁၆၄၀၀ကျော်အရှည်ရှိ ကမ္ဘာ့အရှည်ဆုံး လက်ဖြင့်ပြုလုပ်သည့် ရွှေချိန်းကြိုး တို့သည်လည်း ဒူဘိုင်းမြို့တွင် ရှိနေပါသည်။

ကမ္ဘာ့အကြီးဆုံးလူလုပ်ကျွန်း The Palm Jumeirah ကျွန်း Photo – Credit


ယူအေအီးနိုင်ငံတွင် လေဆိပ်ပေါင်း ၁၀ခုရှိသည့်အနက် အကြီးဆုံးဖြစ်သည့် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘာ့အပြည်ပြည်ဆိုင်ရာခရီးသည်အများဆုံးဝင်ရောက်သည့် လေဆိပ်အဖြစ် ခြောက်နှစ်ဆက်တိုက် သတ်မှတ်ခံထားရပါသည်။ အင်တာနက်လိုင်း အမြန်ဆုံးလေဆိပ်ဖြစ်သလို ထိုလေဆိပ်ရှိ Terminal 3 ဟာ ကမ္ဘာ့အကြီးဆုံးလေဆိပ် terminal ဖြစ်ပါသည်။ ရထားပေါင်း ၈၇စီးကို မိုင်ပေါင်း ၄၆မိုင်ကျော်ပြေးဆွဲပေးနေသည့် ဒူဘိုင်းရထားစနစ်က မောင်းသူမဲ့စနစ်ကိုအခြေခံကာ ကမ္ဘာ့အရှည်ဆုံးမောင်းသူမဲ့ရထားစနစ်လည်းဖြစ်ပါသည်။

ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် Photo – Credit


နိုင်ငံတွင်း ဒုစရိုက်မှုမရှိသလောက်နည်းကာ ယူအေအီးနိုင်ငံမြို့တော် အဘူဒါဘီမြို့က ကမ္ဘာ့အလုံခြုံဆုံးမြို့အဖြစ် သတ်မှတ်ခံထားရပါသည်။

အဘူဒါဘီရှိ The Sheikh Zayed Grand ပလီမှာ စတုရန်းပေပေါင်း ၆၀၀၀ ကျော်ရှိသည့် ကမ္ဘာ့အကြီးဆုံးလက်ယက်ကော်ဇောရှိပါသည်။

ဒါ့အပြင် မြို့ထဲတွင် ကမ္ဘာ့အစောင်းဆုံးအဆောက်အအုံဖြစ်သည့် The Capital Gateအဆောက်အအုံလည်း ရှိပါသည်။ အထပ်ပေါင်း ၃၈ထပ်ရှိကာ ၁၈ဒီဂရီထိတောင် တစ်ဖက်ကိုစောင်းနေပါသည်။

The Capital Gateအဆောက်အအုံ (Photo – Credit)


ကမ္ဘာ့ပထမဆုံးများကိုလည်း ပိုင်ဆိုင်ထားပါသေးသည်။

ယူအေအီးနိုင်ငံသည် ကမ္ဘာ့ပထမဆုံး Artificial Intelligence အတွက် ဝန်ကြီးဌာနထားရှိသည့်နိုင်ငံဖြစ်ပါသည်။

ကမ္ဘာ့ပထမဆုံး ရာသီဥတုကိုထိန်းချုပ်သည့်မြို့မှာ ဒူဘိုင်းမြို့ဖြစ်ဖြစ်ကာ Masdar မြို့သည် ကမ္ဘာ့ပထမဆုံး ကာဗွန်သုည၊ အမှိုက်သုည၊ ကားအသုံးမပြုသည့်မြို့ဖြစ်ပါသည်။
ကမ္ဘာ့ပထမဆုံး ကြယ်ခုနှစ်ပွင့်ဟိုတယ်မှာ ဒူဘိုင်းရှိ Burj Al Arab ဟိုတယ်ဖြစ်ကာ ကမ္ဘာ့အကောင်းဆုံးဟိုတယ်တစ်ခုဖြစ်ပါသည်။ ဟိုတယ်အတွင်းဘက်ကို ၂၄ကာရက်ရွှေစစ်စစ် အရွက်များဖြင့်တန်ဆာဆင်ထားပြီး ကိုယ်နှစ်သက်ရာ ခေါင်းအုံးအမျိုးအစားကိုလည်း ရွေးချယ်နိုင်သည်ဟု သိရပါသည်။

ဒူဘိုင်းရှိ The Ferrari World က ကမ္ဘာ့ပထမဆုံးဖရာရီအမှတ်တံဆိပ်ကစားကွင်းဖြစ်ကာ ထိုကစားကွင်းတွင် ကမ္ဘာ့အမြန်ဆုံးရိုလာကိုစတာလည်း ရှိပါသည်။

ကမ္ဘာ့ပထမဆုံး ကြယ်ခုနှစ်ပွင့်ဟိုတယ် Burj Al Arab Hotel (Photo – Credit)
ကမ္ဘာ့ပထမဆုံးဖရာရီအမှတ်တံဆိပ်ကစားကွင်း The Ferrari World (Photo – Credit)


ဒီအချက်များမှာ ယူအေအီးနိုင်ငံရှိ ကမ္ဘာ့စံချိန်ချိုးထားသည့် အချက်တစ်ချို့ဖြစ်ပြီး တခြားထူးခြားသည့်ယဉ်ကျေးမှုများ၊ နေရာများ၊ အဆောက်အအုံများလည်းရှိသဖြင့် စိတ်ဝင်စားစရာကောင်းသည့်နိုင်ငံတစ်နိုင်ငံပင်ဖြစ်ပါသည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Nu Myat around the World

ရိုးရိုးလေးလှသည့် လာအို Laos

ရိုးရိုးလေးလှသည့် လာအို Laos


မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် လာအိုနိုင်ငံသည် အရှေ့တောင်အာရှရှိ ကုန်းတွင်းပိတ်နိုင်ငံငယ်လေးတစ်ခုဖြစ်သည်။ အနောက်မြောက်ဘက်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံ၊ တောင်ဘက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ အနောက်ဘက်တွင် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေပါသည်။

ဗီယန်ကျင်းရှိ ဗုဒ္ဓပန်းခြံ


အနောက်ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ပိုင်းခြားပေးထားသည့် မဲခေါင်မြစ်က အရှေ့တောင်အာရှတွင် အရှည်ဆုံးမြစ်ဖြစ်ကာ လာအိုနိုင်ငံ၏ အသက်သွေးကြောမြစ်လည်းဖြစ်သည်။ မဲခေါင်မြစ်ကို ဒေသခံများက မဲနမ်ခေါင်ဟုခေါ်ကာ မြစ်များ၏မိခင်ဟု အဓိပ္ပါယ်ရပါသည်။ မဲခေါင်မြစ်သည် ကုန်းတွင်းပိတ်နိုင်ငံလာအိုအတွက် သွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ရေအားလျှပ်စစ်၊ စိုက်ပျိုးမွေးမြူရေးတို့တွင် အင်မတန်အားထားရပါသည်။ သို့သော် နိုင်ငံတောင်ပိုင်းတွင် မြစ်တလျှောက် ရေတံခွန်များပေါများသဖြင့် မဲခေါင်မြစ်မှတဆင့် ပင်လယ်ထွက်ပေါက်ဆီ ရောက်သည်ထိတော့ သွားလို့မရပါ။

စိမ်းပြာလဲ့နေသော ကောင်းစီရေတံခွန်ကြီး Photo – Credit


လာအိုနိုင်ငံ၏ မြေမျက်နှာသွင်ပြင်မှာ များသောအားဖြင့် တောင်ကုန်းတောင်တန်းများပါသည်။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော်ငြား ကျွန်းပေါင်း ၄၀၀၀ ကျော်ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် မဲခေါင်မြစ်သည် ဆီဖန်းဒွန်းဆိုသည့် တောင်ပိုင်းနေရာအရောက်တွင် ရေလမ်းကြောင်းများစွာ ဖြာထွက်သွားပြီး ကျွန်းအရွယ်အစား အမျိုးမျိုးဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်သည်။ ဒဏ္ဏာရီအရ ကျွန်းပေါင်း ၄၀၀၀ ရှိကြောင်းသိရပြီး တောင်ပိုင်းရှိ ကမ္ဘောဒီးယားနိုင်ငံနယ်စပ်နားတွင် မြစ်ခွဲများပြန်လည်ပူးပေါင်းကာ မဲခေါင်မြစ်အဖြစ်ဆက်လက် စီးဆင်းသွားပါသည်။

သဘာဝအလှတရားများနှင့်ပြည့်စုံသည့် ဗန်ဗီယင်းမြို့


လာအိုနိုင်ငံသည် လူဦးရေနည်းပါးပြီး တစ်နိုင်ငံလုံးမှ လူဦးရေ ၇ သန်းခန့်သာ ရှိပါသည်။ အာရှနိုင်ငံများတွင် လူဦးရေအကျဲပါးဆုံးနိုင်ငံတစ်ခုဖြစ်ကာ တစ်စတုရန်းကီလိုမီတာတွင် လူဦးရေအယောက် ၃၀ လောက်သာ ရှိပါသည်။ လာအိုလူမျိုးများသည် ကမ္ဘာ့ဒုတိယအရပ်အပုဆုံးလူမျိုးများဖြစ်ကြကာ ပျမ်းမျှအရပ်အမြင့်မှာ ၅ ပေ ၁.၃၇ လက်မသာ ရှိပါသည်။ လူဦးရေအနက် ၇၀% မှာ အသက်၃၀အောက် လူငယ်များဖြစ်သဖြင့် အာရှနိုင်ငံများတွင် လူငယ်လူရွယ်အများဆုံးရှိသည့်နိုင်ငံဖြစ်သည်။ လူဦးရေ၏ ၉၈ ရာခိုင်နှုန်းမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည့် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်။


သမိုင်းကြောင်းအားဖြင့် ၁၃၅၃ ခုနှစ်တွင် ပထမဆုံးလာအိုဘုရင့်နိုင်ငံတော်ကို ဘုရင်ဖာငွမ်က တည်ထောင်ခဲ့ပြီး Lan Xan (ဆင်ကောင်ရေသန်းချီရှိရာမြေ) ဟု အမည်တွင်ခဲ့ပါသည်။ ၁၈၉၃ ခုနှစ်တွင် ပြင်သစ်ကိုလိုနီအောက်ရောက်ကာ ၁၉၄၉ ခုနှစ်တွင် လာအိုဘုရင့်နိုင်ငံတော်အဖြစ် လွတ်လပ်ရေးရခဲ့ပါသည်။ နောက်ပိုင်းတွင် ပြည်တွင်းစစ်ဖြစ်လာပြီး ၁၉၇၅ ခုနှစ်မှစကာ လာအိုပြည်သူ့ ဒီမိုကရက်တစ် ရီပဘလစ်နိုင်ငံအဖြစ် ကွန်မြူနစ်ပါတီခေါင်းဆောင်အောက် တစ်ပါတီအုပ်ချုပ်ရေးစနစ် ကျင့်သုံးခဲ့ပါသည်။

Patuxai အောင်ပွဲခံမုခ်ဦး Photo – Credit


လာအိုနိုင်ငံသည် ပြင်သစ်ကိုလိုနီ လက်အောက်ကျရောက်ခဲ့ရသဖြင့် ပြင်သစ်ယဉ်ကျေးမှု ကူးစက်လွှမ်းမိုးခံထားရပါသည်။ မြို့တော်နှင့် အကြီးဆုံးမြို့ ဗီယန်ကျင်းရှိ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သူများ အမှတ်တရ Patuxai အောင်ပွဲခံမုခ်ဦးမှာ ပြင်သစ်ရှိ Arc de Triomphe မုခ်ဦးနှင့် ဆင်တူနေပါသည်။


လာအိုနိုင်ငံသည် ဆင်းရဲသည့်နိုင်ငံဖြစ်သော်ငြား ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပါက လျင်မြန်စွာ တိုးတက်နေသည့် နိုင်ငံဖြစ်သည်။ ခရီးသွားလုပ်ငန်းက လာအို၏ အတိုးတက်ဆုံးကဏ္ဏဖြစ်သည်။ လှပသောရှုမျှော်ခင်းများ၊ ဖော်ရွေသောဒေသခံများကြောင့် ကမ္ဘာလှည့်ခရီးသည်များ အလာများလာပါသည်။


တန်ခိုးကြီးစေတီဘုရားများနှင့် ဗုဒ္ဓဥယျာဉ်ရှိရာ မြို့တော် ဗီယန်ကျင်း၊ စိမ်းပြာလဲ့နေသောရေအိုင်ငယ်လေးများနှင့် ရေတံခွန်အဆင့်ဆင့် လှပစွာဖြစ်ပေါ်နေသည့် ကောင်းစီရေတံခွန်ကြီးရှိရာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်မြို့ လောင်ပရာဘန်၊ သဘာဝအလှတရားများနှင့်ပြည့်စုံပြီး စွန့်စားမှုအစုံပြုလုပ်နိုင်သည့် ဗန်ဗီယင်းမြို့၊ အရှေ့တောင်အာရှတွင် အကြီးဆုံးရေတံခွန်ဖြစ်သည့် ခုန်းဖာဖန်းရေတံခွန်၊ ရှေးအကျဆုံးကျောင်းဆောင်တစ်ခုဖြစ်သည့် ဝပ်ဖူဘုရားကျောင်း၊ ဗီယက်နမ်စစ်ပွဲအတွင်း လူပေါင်း ၂၀၀၀၀ ကျော် ပုန်းအောင်းနေထိုင်ခဲ့ကြသည့် ဂူပေါင်း ၄၅၀ အချိတ်အဆက်ရှိ ဂူစနစ်ဖြစ်သည့် ဗီယန်ဆိုင်းလှိုဏ်ဂူများ၊ ကမ္ဘာ့အမြင့်ဆုံး သစ်ပင်အိမ်ရှိရာ နမ်ခန်းအမျိုးသားဥယျာဉ်၊ အရှေ့တောင်အာရှမှာ ရှေးအကျဆုံး လူသားရုပ်ကြွင်းတွေ့ရှိရာ တန်ပလင်းဂူ၊ ဧရာမရှေးဟောင်းကျောက်ခရားပေါင်း ၂၅၀၀ ကျော် ပြန့်ကျဲနေသည့် ကျောက်ခရားမြေရှိရာ ဖွန်ဆာဗန်မြို့တို့မှာ လာအိုနိုင်ငံရှိ ထင်ရှားသောမြို့များနှင့် နေရာများဖြစ်ပါသည်။

လာအိုရှိဘုရားကျောင်းတစ်ခု

ဒေါက်တာနုမြတ်သိင်္ဂီဦး

Nu Myat around the World