ခြင်္သေ့မြို့တော်_Singapore 🦁
စင်္ကာပူနိုင်ငံကသေးသေးလေးပါ။ သေးလွန်းလို့ နိုင်ငံနဲ့မြို့အတူတူဖြစ်နေတဲ့နိုင်ငံတွေထဲက တစ်ခုပေါ့။ တချို့က စင်္ကာပူကို အသေးဆုံးနိုင်ငံလို့တောင်ထင်ကြတယ်။ တကယ့်အသေးဆုံးနိုင်ငံကတော့ အီတလီနိုင်ငံ ရောမမြို့ထဲရှိနေတဲ့ ဗာတီကန်စီးတီးနိုင်ငံပါ။ စင်္ကာပူကတော့ ကမ္ဘာပေါ်မှာ နံပါတ်၂၀မြောက်အသေးဆုံးနိုင်ငံပေါ့။ အာရှမှာဆိုရင်တော့ မော်ဒိုက်ပြီးရင် ဒုတိယအသေးဆုံးနိုင်ငံပေါ့။
🚯စင်္ကာပူကို ကြိုက်တဲ့အချက်က အရမ်းသန့်တယ်။ လမ်းပေါ်မှာ အမှိုက်ဆိုတာ မရှိသလောက်ပဲ။ စည်းကမ်းလည်း အရမ်းရှိတယ်။ အမှိုက်ပစ်၊ တံတွေးထွေးရင် ဒဏ်ကြေးအရမ်းများတယ်။
🌳
🌴 ပြီးတော့ Singapore ကို Garden City လို့လည်း ခေါ်ကြတယ်။ နေရာတကာမှာ သစ်ပင်တွေ မြက်ခင်းတွေ စိမ်းစိမ်းစိုစိုနဲ့ အရမ်းသာယာတယ်။ အရင်က Singapore က မြန်မာပြည်မှာ သစ်ပင်တွေ စိမ်းစိမ်းစိုနေတာကို သဘောကျပြီး ရန်ကုန်မြို့လိုဖြစ်အောင်လုပ်မယ်ဆိုပြီး သစ်ပင်တွေစိုက်ခဲ့တာ။ အခုတော့ စင်္ကာပူကို ပြန်အားကျနေရပြီလေ။
🦁Singapore ကို ခြင်္သေ့မြို့တော်လို့ အမည်ပေးရတာဟာ ဟိုးရှေးတုန်းက မလေးရှားမင်းသားတစ်ပါးက စင်္ကာပူဖြစ်လာမယ့်ကမ်းခြေတံငါရွာအရောက်မှာ ခြင်္သေ့လို့ထင်ရတဲ့ အကောင်တစ်ကောင်ကိုတွေ့လိုက်ရာကနေစပြီး ခြင်္သေ့မြို့တော်လို့ ခေါ်လိုက်သတဲ့။ မလေးရှားဘာသာနဲ့ Singa (Lion) နဲ့ Pura (City) ပေါင်းပြီး Singapura လို့ခေါ်ရာကနေ အချိန်ကြာလာတာနဲ့အမျှ Singapore ဆိုပြီးအမည်တွင်လာတာတဲ့လေ။
🦁Singapore ရဲ့ Landmark Merlion ရုပ်တုကြီးဆိုတာ ခြင်္သေ့ခေါင်းနဲ့ ငါးကိုယ်ရှိတဲ့ အရုပ်ကြီးပေါ့။ ခြင်္သေ့က Lion City ဆိုတာကို ကိုယ်စားပြုပြီး ငါးကတော့ မူလဇစ်မြစ် တံငါရွာကို ကိုယ်စားပြုတာပါတဲ့။
စင်္ကာပူက မြန်မာတွေနဲ့ သိပ်တော့မစိမ်းပါဘူး။ အရင်ကဆို နိုင်ငံခြားဆို ဘန်ကောက်၊ စင်္ကာပူ၊ မလေးရှားပဲ သွားနေကြတာဆိုတော့လေ။ Singapore မှာ ပညာရေးကောင်းလို့ ကျောင်းထားကြတယ်။ လခကောင်းလို့ အလုပ်သွားလုပ်ကြတယ်။ ဆေးကုသမှုနည်းပညာတွေ တိုးတက်လို့ ဆေးသွားကုကြတယ်။ ဒီတော့လည်း Singapore မှာ မြန်မာတွေ များတာ မဆန်းပါဘူး။ ခုနောက်ပိုင်းမှာ စင်္ကာပူနိုင်ငံကို သွားဖို့ ဗီဇာမလိုတော့ဘူးဆိုတော့ အတော်လေး ၀မ်းသာမိတယ်။ စင်္ကာပူဗီဇာက အလုပ်ရှုပ်ပြီး ခက်တဲ့အစားမဟုတ်လား။
ရန်ကုန်ကနေ စင်္ကာပူ Direct Flight တွေ အများကြီးပါ။ MNA, MAI, Scoot, Singapore Airlines, Jet Star စတဲ့ Airline တွေအများကြီးထွက်တယ်။ နုမြတ်တို့ကတော့ Service အရမ်းကောင်းတဲ့ Singapore Airlines နဲ့ သွားဖြစ်ခဲ့ပါတယ်။ သူက မနက်၁၀ခွဲမှာထွက်ပေမဲ့ လေယာဉ်စီးချိန်က ၃နာရီကြာပြီး ရန်ကုန်ထက် စင်္ကာပူက ၁နာရီခွဲစောတာဆိုတော့ စင်္ကာပူအချိန် ညနေ၃နာရီမှရောက်ပါတယ်။
Singapore က သွားရလာရ အဆင်ပြေတယ်။ လမ်းညွှန်တွေ၊ ဆိုင်းဘုတ်တွေကို English လိုပဲ ရေးထားတော့ ကိုယ့်ဟာကိုယ်သွားဖို့ လွယ်တယ်။ Public Transport တွေ တအားကောင်းတယ်။ မြေအောက်ရထား MRT လိုင်းတွေ အများကြီးပဲ။ MRT ကတ်တစ်ကတ်ဝယ်ထားလိုက်ပြီး ပိုက်ဆံတွေဖြည့်ထားလိုက်ရင် ဘယ်သွားသွားအဆင်ပြေတယ်။ သူတို့ဆီမှာ MRT အစီးများတယ်။
Tourist တွေအတွက်အဆင်ပြေအောင် Singapore Tourism Board နဲ့ EZ Link တို့ ပူပေါင်းပြီး Tourist တွေအတွက်သီးသန့် MRT card ထုတ်ပေးထားတယ်။ 10$ deposit ကတ်ထဲထည့်ထားပြီး တစ်ရက်ကို 10$, ၃ရက်ကို 20$ နဲ့ ဘတ်စ်ကားနဲ့ မြေအောက်ရထားတွေကို ကြိုက်သလောက်စီးလို့ရပါတယ်။
ဘတ်စ်ကားဆိုလည်း သန့်နေတာပဲ။ အချိန်လည်းတိကျတယ်။ Taxi စီးရင်လည်း ဈေးတွေဆစ်နေစရာမလို။ တက်လိုက်တာနဲ့ မီတာနဲ့မောင်းပေးတယ်။ အဲ့လိုမဟုတ်ဘဲ တခြားနိုင်ငံကြီးတွေလို Tourist Attraction တွေမှာရပ်ပေးတဲ့ Hop on Hop off bus ကြီးတွေလည်းရှိတယ်။
#ဘာတွေလုပ်မလဲ 🎡
🎢
🐳
စင်္ကာပူမှာ သွားလည်စရာတွေ၊ လေ့လာစရာတွေ၊ ကစားကွင်းတွေ၊ ရှော့ပင်းစင်တာတွေ အများကြီးပါ။ နိုင်ငံကသေးပေမဲ့ Tourism ကို အဓိကမှီခိုတဲ့နိုင်ငံဆိုတော့ ခရီးသည်တွေ များများလာအောင် Tourist Attraction တွေကို တစ်နှစ်ထက်တစ်နှစ်ပိုများလာအောင် တိုးချဲ့နေတာကိုလည်း တွေ့ရတယ်။ အခုပြောထားတဲ့ နေရာတွေကတော့ နုမြတ်ရောက်ဖူးခဲ့တဲ့ Singapore မှာ သွားသင့်တဲ့ နေရာတွေပါ။ တခြားနေရာတွေလည်း ရှိမှာပါ။ ဒါကတော့ ကိုယ်သိသလောက်ပေါ့။
1. Sentosa🏝
🏰
🎠
ဆန်တိုဆာကတော့ အရင်ကတည်းက နာမည်ကြီးခဲ့တဲ့ စင်္ကာပူနိုင်ငံရဲ့ အပန်းဖြေကျွန်းကြီးပါ။ ဆန်တိုဆာထဲမှာ လည်ပတ် ဆော့စရာတွေ များလွန်းလို့ တစ်နေကုန်တောင် မလောက်ပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ Activities တွေ နေရာတွေကတော့ popular အဖြစ်ဆုံးတွေပေါ့။ နုမြတ်တို့ ဒီနောက်ဆုံးအခေါက်ကတော့ အချိန်မရှိလို့ နံပါတ် ၁ကနေ ၅အထိပဲ လုပ်ဖြစ်ခဲ့တယ်။ ဒါတောင် ညနေအထိ အချိန်ကုန်သွားပါတယ်။ အကုန်နှံ့အောင်သာလုပ်မယ်ဆိုရင် ဆန်တိုဆာမှာတင် ၂ရက်-၃ရက်ကတော့ အသာလေးပဲ။
(၁) Sky Luge
Sentosa ထဲက စိတ်လှုပ်ရှားဖွယ်ရာစီးစရာ တစ်ခုပါ။ အရင်ဆုံး အမိုးအကာမရှိတဲ့ ဒန်းလိုမျိုး ကြိုးဆွဲထိုင်ခုံပေါ်တက်စီးပြီး တောင်ကုန်းပေါ်တဖြည်းဖြည်းတက်သွားရင်းနဲ့ ဆန်တိုဆာကျွန်းအလှ၊ စင်္ကာပူမြို့အလှနဲ့ တောင်တရုတ်ပင်လယ်ကြီးရဲ့ အလှတွေကို အပေါ်စီးကနေ ကြည့်ရှုခံစားနိုင်မှာပါ။
တောင်ပေါ်ရောက်တဲ့အခါမှာတော့ တောင်ပေါ်ကနေ Luge လို့ခေါ်တဲ့ စွပ်ဖားလှည်းယာဉ်ကို ကိုယ့်ဟာကိုယ်မောင်းပြီး ပြန်ဆင်းလာရမှာပါ။ သူ့မှာ အရှိန်လျှော့လို့ရတဲ့ ဘရိတ်နဲ့ ကြိုက်တဲ့ဘက်ကို ပြောင်းနိုင်တဲ့ စတီယာရင်းတွေလည်းပါတာကြောင့် ကိုယ့်ဟာကိုယ် Control လုပ်ပြီး မောင်းရတာ ပျော်ဖို့ကောင်းပါတယ်။ မမောင်းတတ်မှာလည်း ပူစရာမလိုဘူး။ မမောင်းခင်သင်ပေးတယ်။ မောင်းရတာ လွယ်လွယ်လေးပါ။ ခေါင်းမှာလည်း ထိခိုက်ဒဏ်ရာမရအောင် Helmet စောင်းခိုင်းလို့ Safe ဖြစ်ပါတယ်။
(၂) Mega Zip
ဒါကတော့ တာဇံလိုခံစားရမယ့်စီးစရာတစ်ခုပါ။ တစ်ဖက်ကနေတစ်ဖက်ကို အရှိန်နဲ့ ကြိုးတန်းခိုပြီး လိုက်သွားရတာ။ အောက်က ရေပြင်ကျယ်ကြီးကို ဖြတ်ပြီးတော့ပေါ့။
(၃) Dolphin Encounter 🐳
ဒါကတော့ နုမြတ်အကြိုက်ဆုံး နေရာတစ်ခုပေါ့။ လင်းပိုင်လေးတွေနဲ့တူတူဆော့လို့ရတဲ့နေရာလေး။ လင်းပိုင်လေးတွေက အရမ်းလိမ္မာပြီး ချစ်ဖို့ကောင်းတယ်။ သေချာ Train ထားတော့ ခိုင်းတာအကုန်လုပ်တယ်။ သူတို့နဲ့ဆော့ရတာ အရမ်းပျော်ဖို့ကောင်းတာပဲ။
(၄) Trick Eye Museum 🗺
ဒီပြတိုက်ထဲရောက်ရင်တော့ အိုက်တင်တွေ အလိုလိုပေးတတ်သွားမှာပါ။ အိုက်တင်ပေးတာတော်လေလေ ပုံတွေက ပိုပြီး အသက်ဝင်လေလေပါပဲ။ သုံးဘက်မြင် 3D ပုံတွေကို ရေးဆွဲထားတဲ့ရှေ့မှာ ပို့စ်အမျိုးမျိုးလုပ်ရတာ ပျော်စရာကြီးပါ။ ပြတိုက်ထဲမှာ Theme အမျိုးမျိုးခွဲထားတဲ့ ရုပ်လုံးကြွပန်းချီကားတွေက အသက်ဝင်လှပါတယ်။
(၅) Madame Tussads Wax Museum 💃🏻
🕴
နာမည်ကျော် ဆယ်လီတွေနဲ့ တစ်နေရာထဲမှာ ဆုံတွေ့ပြီး ဓာတ်ပုံတွဲရိုက်နိုင်တာကတော့ ဒီနေရာပဲပေါ့။ ဟောလိဝုဒ်ရုပ်ရှင်မင်းသားမင်းသမီးတွေကို ဖက်ပဲဖက်ဖက် နမ်းပဲနမ်းနမ်းကြိုက်သလိုရိုက်လို့ရတယ်။ အဆိုတော်တွေနဲ့ အတူတူသီချင်းတွဲဆိုနေတဲ့ပုံတွေ။ အားကစားသမား ဆယ်လီတွေနဲ့ အတူတူကစားနေတာတွေ မျိုးစုံရိုက်လို့ရတယ်။ တကယ်ပျော်စရာကြီးပါ။ နာမည်ကြီးတွေရဲ့ ဖယောင်းရုပ်တုတွေကလည်း တကယ့်လူအတိုင်းပဲ။ ချွတ်စွတ်ကို တူနေတာ။
(၅) Universal Studio 🏰
Universal Studio ကတော့ စင်္ကာပူရောက်ရင် မသွားမဖြစ်သွားသင့်တဲ့ကစားကွင်းပါ။ ပျော်စရာသိပ်ကောင်းတာကိုး။ ကလေးရော လူကြီးတွေပါ ကြိုက်ကြမှာ။ တစ်နေ့ကုန်တော့ အချိန်ပေးရမယ်။ စီးစရာတွေ ကြည့်စရာတွေများပြီး Ride တွေမှာ အကြာကြီးတန်းစီပြီးစောင့်ရတာမို့လို့။ ရုံးပိတ်ရက်တွေ သွားရင်တော့ လူပိုများမယ်။

Universal Studio
(၆) Kidzania 👨🍳
👨🚒
👩🏻🚀
👩🏻⚕️
ဒါကကျတော့ ကစားကွင်းဆိုတာထက် ကလေးတွေကို လူကြီးတွေ အလုပ်ဘယ်လိုလုပ်ရလဲ။ ဘယ် Career က ဘယ်လိုဆိုတာကို ကိုယ်တိုင်ဝင်ဆော့ကစားစေနိုင်ပြီး အတွေ့အကြုံရစေတဲ့နေရာလေး။ ဥပမာအားဖြင့်- မီးသတ်သမားဆို မီးသတ်ဝတ်စုံဝတ်ပြီး မီးလောင်တာကို ကိုယ်တိုင်ရေဖြန်းပြီး ငြိမ်းသတ်ရတာမျိုး။ ဆရာဝန်ဆိုတကယ့်ဂျူတီကုတ်နဲ့ ဆရာဝန်လုပ်တန်းကို Facility အပြည့်နဲ့ဆော့ရတာမျိုး။ ဆော့ပြီးရင်လည်း လခရပြီး အဲ့လခနဲ့ မုန့်တွေ ၀ယ်စားနိုင်တာမျိုးပါ။ ကလေးတွေအတွက်အရမ်းကောင်းပါတယ်။
(၇) S.E.A Aqaurim 🐠
🦈
🐋
ကမ္ဘာပေါ်မှာ အကြီးဆုံး ငါးပြတိုက်ကြီးကလည်း ဆန်တိုဆာမှာ ရှိလို့နေပါတယ်။ ရေအောက်သတ္တ၀ါမျိုးစိတ်ပေါင်း ၈၀၀ကျော်ကို ပြသထားပြီး ငါးမန်းအကောင်ပေါင်း ၂၀၀ကျော်တောင် ရှိတာတဲ့လေ။ အဲ့ငါးပြတိုက်ကြီးထဲမှာ Ocean Restaurant by Cat Cora ဆိုတာရှိတယ်။ တမျှော်တခေါ်ကြီးမြင်ရတဲ့ ငါးကန်ကြီးနဲ့ ကပ်ရပ်မှာ ငါးမျိုးစုံကူးခပ်နေတာကြည့်ရင်း အစာစားရတာ အရမ်းအေးချမ်းတာပဲလို့။
(၈) Adventure Cove 💦
Yangon Water Boom လိုမျိုး Water Activities တွေ Rides တွေ အများကြီး ရှိတယ်။ ဒီမှာပိုဆန်းတာက ငါးကန်ကြီထဲကနေ ဖြတ်သွားရတဲ့ Rides တွေလည်းပါတယ်။ ရေအောက်ငါးကြည့်ရတဲ့ Snorkeling လည်း လုပ်လို့ရတယ်။
(၉) Beaches 🏖
အာရှတိုက်ကုန်းမကြီးရဲ့ တောင်ဘက်အကျဆုံးနေရာက ဆန်တိုဆာက Palawan ကမ်းခြေပါ။ Siloso ကမ်းခြေကတော့ Beach Activities တွေနဲ့လူစည်ကားပါတယ်။ Tanjong beach လည်း ရှိပါတယ်။
(၁၀) Merlion🦁
ခြင်္သေ့ခေါင်း ငါးကိုယ်ရှိတဲ့ Merlion ရုပ်တုကြီးက စင်္ကာပူရဲူ့landmark တစ်ခုပါ။ Merlion ရုပ်တုကြီးက Sentosa ထဲမှာရယ် မြို့ထဲ မြစ်ဘေးမှာရယ် ရုပ်တု၂ခုရှိလို့နေပါတယ်။ Sentosa ထဲက ရုပ်တုကြီးက ၁၂ထပ်တိုက်စာလောက်မြင့်ပြီး သူ့အထဲဝင်ကြည့်လို့၊ အပေါ်တက်ကြည့်လို့ရပါတယ်။
2. Zoo Areas 🐯
🐵
🐼
🐠
🦋
Singapore Zooရယ် River Safari ရယ် Night Safari ရယ်က တစ်နေရာထဲမှာရှိနေတော့ အဲ့နေရာတွေပေါင်းလည်လို့ရတယ်။ နုမြတ်တို့ကတော့ မနက်ပိုင်းတစ်နေရာသွားလည် Lunch စားပြီးတော့ ညနေကနေ ညအထိ River Safari နဲ့ Night Safari မှာ အချိန်ကုန်လိုက်တယ်လေ။
River Safari
River Safari က တိရစ္ဆာန်ရုံနဲ့ ငါးပြတိုက်ပေါင်းထားတယ်လို့ ပြောရမယ်။ အဲဒီမှာ ကမ္ဘာမှာ ထင်ရှားတဲ့ မြစ်ကြီးတွေနဲ့ မြစ်နားတ၀ိုက် တွေ့ရတတ်တဲ့ သတ္တ၀ါတွေကို အဓိက ပြထားတာ။ အဲဒီတော့ ရေထဲကအကောင်တွေရော၊ ကုန်းပေါ်ကအကောင်တွေရော အစုံပဲပေါ့။
ချစ်စရာကောင်းတဲ့ ပန်ဒါဝက်ဝံကြီးတွေပြသထားတဲ့ ပန်ဒါတောက သူ့ရဲ့ Highlight ပေါ့။ နောက်သဘောကျတာတစ်ခုက မြစ်ထဲလှေစီးထွက်သလို လှေပေါ်ကနေ တိရစ္ဆာန်လေးတွေ လိုက်ကြည့်ရတဲ့ Ride လေးပါ။ အမေဇွန်ရေလွှမ်းမိုးတောတွေထဲ ဖြတ်လျှောက်ရသလိုခံစားစေရမယ့် နေရာလည်းရှိပါတယ်။
Night Safari
ဒီဟာကတော့ သူ့နာမည်အတိုင်း ညဘက်မှ ဖွင့်တဲ့ တိရိစ္ဆာန်ရုံပါ။ ညဘက်မှာ ကျင်လည်ကျက်စားတဲ့ အကောင်တွေကို ပြသထားတယ်။ သူက ည၇နာရီမှ ဖွင့်တာဆိုတော့ River Safari ပြီးတာနဲ့ ဒီဘက်ကူးလိုက်ရုံပဲ။ ပိတ်ရက်တွေမှာ လူသိပ်များတော့ တန်းစီရမယ်။ ဒီတော့ ကြားရက်သွားတာ လူပိုချောင်မယ်။ အဲ့မှာ မီးတုတ်တွေနဲ့မီးကစားပြတာရယ်၊ ချစ်စရာလိမ္မာတဲ့အကောင်လေးတွေ စွမ်းရည်ကိုပြသတဲ့ Show ပွဲရယ် ကြည့်လို့ကောင်းတယ်။ Show ပွဲဆို ပရိသတ်တွေပါ ပါဝင်ခိုင်းတာ။ နုမြတ်တို့တုန်းက ပြပွဲမှာ အကောင်တစ်ကောင်လွတ်သွားတာကို ဘယ်သူလိုက်ဖမ်းပေးမလဲဆိုတာကို လျှာရှည်ပြီး လက်ထောင်လိုက်တာ ဧရာမမြွေကြီးဖြစ်နေတယ်လေ။ ဘယ်လောက်ကြီးသလဲဆိုတာကိုတော့ ပုံထဲမှာပဲ ကြည့်လိုက်တော့နော်။
Night Safari ရဲ့ Main Highlight က တိရစ္ဆာန်တွေကို ညမှောင်မှောင်မဲမဲထဲ ကားနဲ့ လျှောက်ပတ်ကြည့်ရတာ။ ကားကအမိုးပါပေမဲ့ ဘေးပွင့်တဲ့ Baggy car။ ပြီးတော့ အကောင်တွေကို လှောင်အိမ်တွေထဲ ထည့်ထားတာ မဟုတ်ဘဲ သဘာဝအတိုင်းထားထားတာ။ ခြင်္သေ့တွေ၊ ကျားတွေ၊ ဆင်တွေကိုပါ လှောင်အိမ်မပါဘဲ ဒီအတိုင်းထားထားတာ။ ကြည့်ရတာ ရင်တထိပ်ထိပ်နဲ့ အသည်းယားစရာပေါ့။ အကောင်တွေ အနားလာလို့မရအောင် သူတို့နေတဲ့နေရာနဲ့ ကားလမ်းကြား ချိုင့်တွေ၊ လျှိုတွေ လုပ်ထားတာ။ ညဘက် အကောင်တွေကြား လမ်းလျှောက်လို့လည်းရတယ်။ အဲ့ Feeling ကလည်း အတော်မိုက်မယ်။
3. Gardens by the Bay 🌸
🌺
🌼
စင်္ကာပူနိုင်ငံရဲ့ ဂုဏ်ယူရတဲ့ နေရာနောက်တစ်ခုဆိုရင် ဒီဧရာမဖန်လုံအိမ်ကြီးပဲပေါ့။ ကမ္ဘာ့အကြီးဆုံး မှန်နဲ့ လုပ်ထားတဲ့ ဖန်လုံအိမ် အဖြစ် Guiness World Record မှာ သတ်မှတ်ခံခဲ့ရတာတဲ့လေ။ အဲ့ဒီမှာ ပန်းရောင်စုံတွေ ဝေေ၀ဆာဆာပွင့်ဖူးနေတဲ့ Flower Dome ရယ်၊ ဧရာမရေတံခွန်ကြီးရှိတဲ့ Cloud Forest ရယ် ဆိုပြီး ဖန်လုံအိမ်၂ခုခွဲထားတယ်။

DCIM102GOPROGOPR4164.JPG
Flower Dome မှာတစ်ခါနဲ့တစ်ခါ ပန်းတွေမတူဘူးရယ်။ နုမြတ်ပထမတစ်ခါရောက်တုန်းက နှင်းဆီပန်းတွေကို အမျိုးစုံစိုက်ထားတာ မွှေးပျံ့နေတာပဲရယ်။ ဒီတစ်ခေါက်မှာတော့ သစ်ခွနဲ့လိပ်ပြာ Themeတဲ့။ သစ်ခွသစ်ခွတွေဆိုတာ လှလိုက်တာ။ အဲ့လောက်များတဲ့ သစ်ခွတွေ တစ်ခါမှ မတွေ့ဖူးဘူးရယ်။ အရောင်အသွေးစုံပြီး လှလိုက်တာ။ အကုန်လုံးအစစ်တွေ။ အပွင့်တွေကလည်း အကြီးကြီး။
Cloud Forest မှာတော့ တောင်ပေါ်ဒေသတွေမှာတွေ့ရတတ်တဲ့ အပင်တွေကို စိုက်ထားတာ။ အဲ့မှာ ၀င်လိုက်တာနဲ့ ရေတံခွန်အမြင့်ကြီးကနေကျလာတဲ့ ရေမှုန်ရေမွှားတွေနဲ့ အေးနေတာပဲ။ ရေတံခွန်တောင်ကို ပတ်ဖောက်ထားတဲ့ မိုးပေါ်လမ်းကနေ ပတ်လျှောက်ကြည့်ရတာလည်း ပျော်စရာကြီး။
4. Marina Bay Sand Sky Park 🚢
သင်္ဘောကြီးကို တိုက် ၃လုံးပေါ်တင်ထားသလိုဆောက်ထားတဲ့ Marina Bay Sand ဟာလည်း Singapore နိုင်ငံရဲ့ Landmark တစ်ခုလိုဖြစ်လာပါတယ်။ Marina Bay Sand Hotel ရဲ့ သင်္ဘောကြီးပေါ်က Infinity Pool ကြောင့်လည်း နာမည်ကြီးသထက် ကြီးနေတာပါ။ စင်္ကာပူနိုင်ငံရဲ့ မိုးမျှော်တိုက် အစီအရီကို ရေကူးကန်ထဲကနေ လှမ်းမျှော်ကြည့်နေတဲ့ပုံတွေဟာ တော်တော်လေး Hit ဖြစ်ခဲ့ပါတယ်။ ရေကူးကန်ကို ဟိုတယ်မှာတည်းတဲ့သူတွေပဲ အသုံးပြုခွင့်ရှိတာကြောင့် ရေကူးကန်လာချင်တာနဲ့ပဲ ဟိုတယ်ကိုလာတည်းကြတာပါ။
သူ့ရဲ့ ၅၇ထပ်မှာရှိတဲ့ Sky Park ကတော့ အပြင်လူတွေကို ဖွင့်ပေးထားတဲ့ Public Observation Deckပါ။ အဲ့ဒီကနေ Singapore ရှုခင်းတွေ လှမ်းကြည့်လို့ရတယ်။ ၅၈ထပ်မှာတော့ ကော်ဖီဆိုင်ရှိပြီး အဲ့ကနေလည်း ရှုခင်းတွေ လှမ်းကြည့်နိုင်ပါတယ်။

DCIM102GOPROGOPR4249.JPG
4. Clarke Quay 🌃
🚤
ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ Singapore ရဲ့ Night Life ကို ခံစားနိုင်မယ့်နေရာပါ။ လူစည်ကားလွန်းပြီး ပျော်စရာကောင်းပါတယ်။ မြစ်ကမ်းဘေးမှာ ရှိလို့ မြစ်ဆိပ်ကနေထွက်တဲ့ River Cruise စီးပြီး မီးရောင်စုံတွေနဲ့ လှပလွန်းတဲ့ စင်္ကာပူရဲ့ ညအလှကို ခံစားလို့လည်းရပါသေးတယ်။

Clarke Quay
5. Orchard Area 🛍
🏙
ဒီနေရာကတော့ Shopping သရဲတွေအတွက် နိဗ္ဗာန်ဘုံကြီးလို့ပြောရမယ်။ ရှော့ပင်းစင်တာကြီးတွေ တန်းစီပြီးရှိနေလို့ တစ်ခုပြီးတစ်ခု ကူးသွားရုံပဲ။ International Brand တွေရော၊ စင်္ကာပူ brand တွေရော အစုံရှိတယ်။ နုမြတ်တို့တုန်းက Great Singapore Sale ချတဲ့ကာလနဲ့ ကြုံနေတော့ Discount တွေ sale တွေ ချထားတာအများကြီးပဲ။ တည်းတာကလည်း Orchard area မှာပဲဆိုတော့ ဟိုတယ်ဝန်းကျင်မှာတင် Shopping ကြီးပဲ တစ်ရက်ကုန်သွားတယ်။
#ဘာတွေစားမလဲ. 🦀
🥘
🍕
🍜
🍲
စားစရာတွေပြောရမယ်ဆိုရင်တော့ကုန်မှာ မဟုတ်ဘူး။ Singapore က Culture တွေ ရောနှောနေတဲ့ နိုင်ငံဆိုတော့ အစားအသောက်တွေကတော့ အစုံပဲပေါ့။ Chilli Crab ကတော့ နုမြတ်အကြိုက်ဆုံးလို့ပြောရမယ်။ ဂဏန်းအကြီးကြီးကို အနှစ်စပ်စပ်နဲ့ချက်ထားတာ အရသာအရမ်းရှိတယ်။ ကြက်ဆီထမင်း၊ စင်္ကာပူအုန်းနို့ခေါက်ဆွဲလို့ပြောရမယ့် Laska ခေါက်ဆွဲ၊ အိန္ဒိယဆန်ဆန်ချက်ထားတဲ့ ငါးခေါင်းဟင်း၊ မလေးရှားအုန်းထမင်းနဲ့ ကြက်သားဟင်း Nasi Lemak တို့ကတော့ နာမည်ကြီးတဲ့ စင်္ကာပူအစားအစာတွေပါပဲ။
ကဲဒါဆိုရင်တော့ စင်္ကာပူသွားလည်တဲ့အခါ ဒီPostလေးက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ မနက်ဖြန် ၇ရက်နေ့ကနေ ၁၀ရက်နေ့အထိ Junction City မှာ Singapore Festival 2017 ရှိပါတယ်။ အဲ့ပွဲမှာ နုမြတ်က ၇ရက်နေ့မနက် ၁၀နာရီ ဖွင့်ပွဲ နဲ့ ၉ရက်နေ့ ညနေ၅နာရီမှာ Singapore ခရီးစဉ်အတွေ့အကြုံတွေအကြောင်း ပြောပြပေးမှာမို့လို့ လာအားပေးကြပါဦးနော်။ အဆိုတော်ကိုဟဲလေးနဲ့လည်း ၇ရက်နေ့မှာ Singapore အကြောင်း Panel Discussion လုပ်ဦးမှာပါ။ Promotion တွေ အများကြီးရှိတယ်တဲ့။ စင်္ကာပူအစားအသောက်တွေ မြည်းစမ်းလို့လည်းရတယ်တဲ့။ အဲ့ပွဲမှာ တွေ့ကြမယ်နော်။
အားလုံးကျန်းမာချမ်းသာပြီး စိတ်သွားတိုင်းကိုယ်ပါနိုင်ပါစေ
နုမြတ်