ရွှေသမင်တို့၏ မြို့တော်
နာရာသို့ အလည်တစ်ခေါက်
————————————————————————————————————



ခုနှစ် ၇၁၀မှ ၇၈၄ အတွင်း ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့ဖူးသည့် ဂျပန်နိုင်ငံ တောင်ပိုင်းရှိ ရှေးဟောင်းမြို့တော် နာရာမြို့သည် ရွှေသမင်မြို့တော်အဖြစ် လူသိများလှသည်။ ဂျပန်လို ရှီခ အမည်ရှိ သမင်ပေါင်း ၁၂၀၀ကျော်တို့သည် နာရာမြို့ထဲ ခြေဦးတည့်ရာ လျှောက်သွားနေကြပြီး လူတွေနှင့်လည်း ယဉ်ပါးနေကြပါသည်။ လူတွေကို အန္တရာယ်မပေးသလို လူတွေကလည်း သူတို့ကို အန္တရာယ်မပြုကြပါ။ နာရာ ရွှေသမင်များ အဓိက ကျက်စားရာ နေရာမှာ နာရာမြို့တွင်းရှိ ဝါကာကူဆာ တောင်ခြေမှာရှိသော ဧကပေါင်း ၁၆၃၀ ကျော် ကျယ်ဝန်းသည့် နာရာပန်းခြံတွင်းမှာ ဖြစ်လေသည်။

ထိုနာရာပန်းခြံအတွင်းရှိ UNESCO မှ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဆောက်အအုံအဖြစ် အသိအမှတ်ပြုထားသော တိုးဒိုင်းဂျိ ဘုရားကျောင်းသို့ ၂၀၁၂ခုနှစ် ဧပြီလတုန်းက ကျွန်မသည် မိသားစုနှင့်အတူ အလည်အပတ်ရောက်ရှိခဲ့ပါသည်။ ဘုရားကျောင်းဝင်းအတွင်း၌လည်း ရွှေသမင်တို့သည် ခရီးသွားဧည့်သည်များနှင့်အတူ ဝန်းအတွင်းလျှောက်သွားနေကြသည်။ သူတို့ကို အန္တရာယ်မပြုမှန်းသိကြသဖြင့် လူမကြောက်တတ်ကြပါ။ ရှေးခေတ် ၁၆၃၇ခုနှစ် မတိုင်မီကဆိုလျှင် ထိုသမင်များကို အန္တရာယ်ပြုသတ်ဖြတ်ပါက သေဒဏ်ကျခံရသည်အထိ အပြစ်ကြီးလှပါသည်။

အဘယ်ကြောင့်ဆိုသော ထိုသမင်များအား တိုင်းပြည်နှင့်မြို့ကို စောင့်ရှောက်ဖို့ ကောင်းကင်ဘုံက စေလွှတ်ထားသည့်သတ္တဝါများအဖြစ် အထွတ်အမြတ်ထားပြီး တစ်မြို့လုံးက ကျွေးမွေးစောင့်ရှောက်ကာ ဘေးမဲ့ပေးထားခြင်းကြောင့်ဖြစ်သည်။ ရှေးခေတ် ဂျပန်ဒဏ္ဍာရီများအရ ရှေးခေတ် နတ်မင်းကြီးတစ်ပါးဖြစ်သည့် တာခီမီခါဇူချီနတ်မင်းသည် သမင်ဖြူကြီးကိုစီးကာ မြို့သို့အလည်လာဖူးခြင်းကြောင့် သမင်တို့ကို အထွတ်အမြတ်ထားရာ သတ္တဝါများအဖြစ် ဘေးမဲ့ပေးထားခြင်းဖြစ်သည်။ ထိုသမင်များကို အစာကျွေးလိုပါက ကျွေးနိုင်ရန် ဘီစကစ်ရောင်းသည့် လှည်းများကိုလည်း နာရာမြို့တွင်း၌ နေရာအနှံ့အပြားတွေ့နိုင်ပါသည်။

နာရာမြို့ရှိ သမင်တို့၏ ထူးခြားသောအချက်မှာ အစာကျွေးသူကို အစာစားပြီးပါက ဦးခေါင်းငြိမ့်ကာ အလေးပြုခြင်းပင်ဖြစ်သည်။ ဂျပန်နိုင်ငံ ဂျပန်လူမျိုးတို့၏ ခါးကိုင်းကာ အလေးပြုခြင်းကို မြင်ရဖန်များသောကြောင့် ဖြစ်မည်ထင်၏။ ဤသို့ ချစ်စရာကောင်းသော သမင်လေးများ၏ ချစ်စရာအပြုအမူကြောင့်လည်း သမင်များကို သက်သက်လာကြည့်သည့်အနေဖြင့် ကမ္ဘာလှည့်ခရီးသည်များက နာရာမြို့သို့ လာရောက်လည်ပတ်ကြခြင်း ဖြစ်ပေလိမ့်မည်။

နာရာမြို့၏ သမင်များကဲ့သို့ပင် တိုးဒိုင်ဂျိဘုရားကျောင်းသည်လည်း ကမ်္ဘာလည့်ခရီးသည်များ လာရောင်လေ့လာလေ့ရှိသည့် နေရာတစ်ခုပင် ဖြစ်သည်။ နာရာရွှေသမင်များ အဓိကကျက်စားသည့် နေရာတစ်ခုလည်းဖြစ်သောကြောင့် ဘုရားကျောင်းဝင်ပေါက်မှစ၍ ဘုရားကျောင်းဆောင်အတွင်းထိ သမင်များကို မကြာခဏတွေ့မြင်ခဲ့ရသည်။ ဘုရားကျောင်းသို့ လာရောက်သည့် ဧည့်သည်များက သမင်များကို အစာကျွေးမွေးလေ့ရှိသောကြောင့် ဘုရားကျောင်းဆောင်ဝင်းထဲတွင် အစာများကို လာမျှော်နေဟန်ရှိသည်။



သက္ကရာဇ် ခရစ်နှစ် ၇၅၁ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့သည့် တိုးဒိုင်ဂျိဘုရား ကျောင်းသည် ၁၉၉၈ ခုနှစ်အထိကမ်္ဘာ့အကြီးဆုံးသစ်သားအဆောက်အအုံဖြစ်ကာ မီးဒဏ်ကြောင့် နှစ်ကြိမ်ပြန်၍ မွမ်းမံတည်ဆောက်ခဲ့ရပြီး လက်ရှိအဆောက်အအုံကို ၁၇၀၉ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပေပေါင်း ၁၅၉ ပေမြင့်ကာ မျက်နှာစာ ၁၈၇ ပေကျယ်ပြီး ယခင်မူလအဆောက်အအုံထက် ၃၀ ရာခိုင်နှုန်း အရွယ်အစားသေးသွားသည်ဟု သိရသည်။ ထိုဘုရားကျောင်းအတွင်း၌ ဒိုင်ဘတ်စုအမည်ရှိ အလွန်တရာကြီးမားသော အမြင့် ၄၈.၉၁ ပေမြင့် ကာ ကြေးတန်ချိန် ၅၀၀ အလေးချိန်ရှိ ကြေးသွန်းဗုဒ်္ဓဆင်းတုတော်တစ်ဆူ ကို ဖူးမြော်ခဲ့ရပါသည်။


နာရာမြို့သည် ဂျာပန်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည့် ကာလအတွင်း (၇၁၀ ခုနှစ်မှ ၇၈၄ နှစ်အတွင်း) ၇၄၃ ခုနှစ်က ဂျပန်ဧကရာဇ်ရှိမူသည် ဂျပန်နိုင်ငံကို ဘေးအန်္တရာယ်များမှ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လူပေါင်း ၂.၆ သန်းကျော်၏ အင်အားဖြင့် ဤဆင်းတုတော်ကြီးနှင့် ဘုရားကျောင်းကို သုံးနှစ်ကျော်ကြာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ယခု အခါတွင် စီဂွန်ဗုဒ်္ဓဘာသာသင်တန်းကျောင်း၏ ဂျပန်ဌာနချုပ်အဖြစ် တည်ရှိနေသလို ရှေးဟောင်းဗိသုကာလက်ရာများကြောင့် ကမ်္ဘာ့ရှေး ဟောင်း အမွေအနှစ်အဖြစ် UNESCO က အသိအမှတ်ပြုခံထားရကြောင်း သိရသည်။ ဤကဲ့သို့ သာယာလှပပြီး ရွှေသမင်တို့ကျက်စားရာ ရှေး ဟောင်းမြို့တော် နာရာသည် လာရောက်လည်ပတ်သူများအား စိတ် ချမ်းမြေ့သာယာမှုအတိ ပေးစွမ်းနိုင်သည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။
