ကမ္ဘာ့အကျော်ကြားဆုံး ခရီးသွားနေရာတစ်ခု ဖြစ်လာသည့်ဥရောပရှိ မော်လ်တာကျွန်းနိုင်ငံ Malta


မော်လ်တာနိုင်ငံသည် အီတလီနိုင်ငံတောင်ပိုင်း မြေထဲပင်လယ်ရှိ ကျွန်းပေါင်း ၅ ကျွန်းနှင့် ဖွဲ့စည်းထားသည့် ဥရောပကျွန်းနိုင်ငံဖြစ်သည်။ စတုရန်းမိုင်ပေါင်း ၁၂၂ မိုင် ကျယ်ဝန်းပြီး ကမ္ဘာ့ဒဿမအသေးဆုံးနိုင်ငံဖြစ်ကာ လူဦးရေအားဖြင့် ငါးသိန်းကျော်ရှိသဖြင့် ကမ္ဘာ့ပဉ္စမလူဦးရေသိပ်သည်းမှုအများဆုံးနိုင်ငံဖြစ်သည်။ လူဦးရေသိပ်သည်းမှုများသလို နိုင်ငံနေဦးရေထက် လာလည်သည့် ဧည့်သည်ဦးရေက သုံးဆပိုများသဖြင့် နိုင်ငံအတွင်း အမြဲလိုလို လူစည်ကားလျှက်ရှိပါသည်။ မကြာသေးမီက စာရေးသူတို့ မော်(လ်)တာနိုင်ငံသို့ ရောက်ခဲ့သည့်အခါမှာလည်း နွေရာသီဖြစ်သဖြင့် ကမ္ဘာလှည့်ခရီးသွားများ အထူးစည်ကားလျှက်ရှိသည်ကို မြင်တွေ့ခဲ့ရပေသည်။


မော်လ်တာနိုင်ငံ၏ စီးပွါးရေးသည် ခရီးသွားလုပ်ငန်းအပေါ် အဓိက မှီခိုနေပါသည်။ နိုင်ငံတွင်း သမိုင်းဝင်အဆောက်အအုံများရှိရုံသာမက နွေးထွေးသောရာသီဥတု၊ စိမ်းပြာလဲ့နေသော ပင်လယ်ပြင်တို့ကြောင့် ကမ္ဘာလှည့်ခရီးသည်များစွာလာရောက်လည်ပတ်လေ့ရှိကြသည်။ ထို့ကြောင့် နောက်ပိုင်းနှစ်များအတွင်း ကမ္ဘာ့အကျော်ကြားဆုံး ခရီးသွားနေရာတစ်ခုအဖြစ်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာပြီဖြစ်သည်။


နိုင်ငံတွင်း ခရီးသွားများရသည့် အဓိကအချက်မှာ ရာသီဥတုမျှတခြင်းကြောင့်ဖြစ်သည်။ International Living ၏ မှတ်ချက်အရ မော်လ်တာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုအမျှတဆုံးနိုင်ငံဖြစ်သည်။ တစ်နှစ်အတွင်း နေရောင်ခြည် နာရီပေါင်း ၃၀၀၀ ကျော်ရသဖြင့် မည်သည့်ရာသီဥတုမဆို လည်ပတ်ရ အဆင်ပြေသည်။


ဒုတိယတစ်ချက်မှာ ကြည်လင်သန့်ရှင်းသော ပင်လယ်ရေပြင်ရှိသောကြောင့်ဖြစ်သည်။ ကိုမီနိုကျွန်းရှိ ရေပြာအိုင်သည် အကျော်ကြားဆုံးနေရာတစ်ခုဖြစ်သည်။ ရေငုပ်ခြင်းအတွက် အထူးသင့်လျှော်ကာ မြေထဲပင်လယ်တွင်း ပင်လယ်အောက် ငါးများနှင့် သန္တာကျောက်တန်းများကြည့်ခြင်း၊ ပင်လယ်ထဲမြုပ်နေသော သင်္ဘောပျက်များ၊ လေယာဉ်ပျက်များကို ကြည့်ရှုခြင်းတို့ပြုလုပ်နိုင်ပါသည်။


တတိယတစ်ချက်မှာ ဥရောပနိုင်ငံသားများအတွက် သွားလာရလွယ်ကူခြင်းကြောင့်ဖြစ်သည်။ အီတလီနိုင်ငံမှ တစ်နာရီလောက်သာ လေယာဉ်စီးရသလို မည်သည့်ဥရောပနိုင်ငံကမဆို လေယာဉ်စီးချိန် သုံးနာရီအောက်သာ ကြာပါသည်။
စတုတ္ထအချက်မှာ ရှေးဟောင်းအဆောက်အအုံများစွာရှိသည့် သမိုင်းဝင်နေရာဖြစ်ခြင်းကြောင့် ဖြစ်သည်။ မော်လ်တာနိုင်ငံတွင် ၅၉၀၀ ဘီစီကတည်းက လူများအခြေချနေထိုင်ခဲ့ကြကာ မြေထဲပင်လယ် အလယ်တွင် တည်ရှိနေခြင်းကြောင့် ရေတပ်အခြေစိုက်စခန်း စခန်းချရာနေရာအဖြစ် အခြားနိုင်ငံများမှ ခေတ်အဆက်ဆက် မျက်စိကျခဲ့ကြသည်။ နှစ်ပေါင်း ၂၀၀၀ အတွင်း ရောမ၊ ဂရိ၊ အာရပ်၊ ပြင်သစ်၊ ဗြိတိန်အပါအဝင် နိုင်ငံခြားအုပ်ချုပ်သူပေါင်း ၁၁ မျိုးရှိခဲ့ပါသည်။ နောက်ဆုံး ဗြိတိန်လက်အောက်ခံနိုင်ငံအဖြစ် နှစ်ပေါင်း ၁၆၀ ကျော်ကြာ နေထိုင်ခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်တွင်မှ လွတ်လပ်ရေး ရရှိခဲ့သည်။ နိုင်ငံတွင်း ရာစုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သည့် ကမ္ဘာ့အဆင့်မီ ဗိသုကာလက်ရာများစွာ ရှိလို့နေပါသည်။


မြို့တော် ဗလက်တာ (Valletta) သည် မြေထဲပင်လယ်ကမ်းရိုးတန်းတွင် ခံတပ်အခိုင်အမာ တည်ဆောက်ထားသော ရှေးဟောင်းမြို့ဖြစ်သည်။ European Union အတွင်း အသေးဆုံးမြို့တော်ဖြစ်ကာ ဥရောပတွင် ပထမဆုံး Plan ချခဲ့သည့် မြို့လည်းဖြစ်သည်။ ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခံရသည့် မြို့လည်းဖြစ်သည်။ ယင်းအပြင် Megalithic Temples of Malta နှင့် Half Saflieni Hypogeum မြေအောက်ဘုရားကျောင်းတို့သည်လည်း ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာများဖြစ်ကြသဖြင့် မော်လ်တာတွင် ကမ္ဘာ့အမွေအနှစ်နေရာ သုံးခုရှိပါသည်။ ယင်းတို့အနက် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ခန့်ကတည်းက ရှိခဲ့သည့် နာမည်ကျော် Megalithic ဘုရားကျောင်းသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး အလွတ်တည်နေသည့် ကျောက်တုံးအဆောက်အအုံများဖြစ်ကြပါသည်။


မော်လ်တာတွင် ခရစ်ယာန်ဘာသာဝင်များသလို ခရစ်ယာန်ဘုရားကျောင်းများစွာလည်း ရှိသည်။ နိုင်ငံသေးငယ်သော်လည်း ဘုရားကျောင်းပေါင်း ၃၆၅ ခုရှိသဖြင့် တစ်နှစ်ပတ်လုံး ဘုရားကျောင်းမထပ်ဘဲ နေ့စဉ်သွားရောက်နိုင်ပေသည်။ ယင်းတို့အနက် အကျော်ကြားဆုံးမှာ ဗလက်တာရှိ St. John’s Co-Cathedral ဘုရားကျောင်းဖြစ်သည်။ Sliema မြို့၊ ဒုတိယအကြီးဆုံး ဂိုဇိုကျွန်းပေါ်ရှိ ဗစ်တိုးရီးယားမြို့နှင့် Citadella ခံတပ်၊ Mdina ခံတပ်မြို့၊ Popeye ကျေးရွာ၊ Marsaxlokk ငါးဖမ်းရွာတို့သည် မော်လ်တာနိုင်ငံ၏ အထင်ကရနေရာများဖြစ်ကြပေသည်။ ဗလက်တာဆိပ်ကမ်းမှ လှမ်းမြင်ရသည့် Vittoriosa၊ Senglea နှင့် Cospicua မြို့သုံးမြို့သို့လည်း လှေစီးကာသွားရောက်လေ့ရှိကြပါသည်။

Nu Myat around the World

ကနေဒါက စိမ်းလဲ့ပြာနေသည့် လူးဝစ်(စ်)ရေကန် (Lake Louise, Canada)

ကနေဒါက စိမ်းလဲ့ပြာနေသည့် လူးဝစ်(စ်)ရေကန်

Lake Louise, Canada

Lake Louise ၏ ကြည်လင်သောရေပြင် Photo- Credit


ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်၊ Banff အမျိုးသားဥယျာဉ်တွင်းရှိ လူးဝစ်(စ်)ရေကန် (Lake Louise) သည် ရေခဲတောင်များ၊ စိမ်းစိုနေသောတောတောင်များကဲ့သို့ လှပသော ရှုမျော်ခင်းများကို နောက်ခံထားသည့် စိမ်းပြာရောင်ကြည်လဲ့နေသောရေပြင်ကြောင့် ကမ္ဘာကျော်ပါသည်။


လူးဝစ်(စ်)ရေကန်အတွင်းရှိ ရေက စိမ်းပြာရောင်ဖြစ်နေရခြင်းမှာ ရေခဲတောင်များ အရည်ပျော်ပြီး ရေကန်ထဲသို့စီးဆင်းသည့်လမ်းတလျှောက် သယ်ဆောင်လာသည့် ကျောက်အမှုန်လေးများအပေါ် နေရောင်အလင်းပြန်ခြင်းကြောင့်ဖြစ်သည်။ နေအသာဆုံးလများဖြစ်သည့် ဇူလိုင်လကုန်နှင့် သြဂုတ်လအတွင်း ရေကန်သည် အရောင်အတောက်ဆုံး၊ အလှဆုံးဖြစ်သည်။

ရေခဲတောင်များဝန်းရံထားသည့် လူးဝစ်(စ်)ရေကန် (Photo – Credit)


၁.၂ မိုင်အရှည်နှင့် ဝ.၃ မိုင်အကျယ်သာရှိသည့် ရေကန်ကြီးသည် အကျယ်အဝန်းအားဖြင့် သေးငယ်သော်လည်း ပေ ၂၃၀ အထိ နက်သဖြင့် အတော်နက်သည်ဟု ဆိုရပေမည်။ ရေခဲတောင်များမှ စီးကျသည့်ရေများကြောင့် လူးဝစ်(စ်)ရေကန်သည် အစဉ်အမြဲအေးလို့နေပါသည်။ နွေရာသီတွင်လည်း အေးစိမ့်နေသဖြင့် ရေကန်ထဲ ရေဆင်းကူးရန် မဖြစ်နိုင်ပါ။ ဆောင်းရာသီတွင်တော့ ရေကန်တစ်ခုလုံး ရေခဲသွားကာ နှင်းများဖုံးလွှမ်းနေတတ်ပါသည်။ ကျွန်မတို့ရောက်ခဲ့သည့် ဧပြီလက ကနေဒါနိုင်ငံ၏ ဆောင်းတွင်းကာလဖြစ်သဖြင့် ရေခဲနေသော ရေကန်ကြီးကို မြင်တွေ့ခဲ့ရပါသည်။


လူးဝစ်(စ်)ရေကန်သည် နွေဆိုလည်း နွေအလျောက် ဆောင်းဆိုလည်း ဆောင်းအလျောက် စွန့်စားလိုသူများအတွက် ပြုလုပ်စရာ Activities များစွာ ရှိလို့နေပါသည်။ နွေရာသီတွင် ရေကန်များ အရည်ပျော်နေပြီး ရှုခင်းက မှင်သက်စရာကောင်းလောက်အောင် လှသဖြင့် ဆောင်းရာသီထက် နွေရာသီက ပိုစည်ကားလို့နေပါသည်။ နွေရာသီတွင် ရေကန်ထဲ လှေစီးခြင်း၊ လှေလှော်ခြင်း၊ ငါးမျှားခြင်း၊ အနီးပတ်ဝန်းကျင်ရှိတောင်များတက်ခြင်း၊ ကျောက်တောင်များကိုတက်ခြင်း၊ စက်ဘီးစီးခြင်း၊ မြင်းစီးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ နွေရာသီတွင် ဝက်ဝံ၊ ဆတ်၊ သမင်၊ တောင်ခြင်္သေ့ကဲ့သို့ တောရိုင်းတိရစ္ဆာန်များကိုလည်း မြင်တွေ့ရနိုင်ပါသည်။ မြောက်အမေရိကတွင် တွေ့ရသော Grizzly Bear ဝက်ဝံကြီးများလည်း အများအပြားရှိလို့နေပါသည်။ လူးဝစ်(စ်)ရေကန်အပြင် အနီးအနားရှိ Moraine ရေကန်၊ Bow ရေကန်နှင့် Agnes ရေကန်တို့ကိုပါ သွားရောက်နိုင်ပါသည်။

Lake Louise Ski Resort တောင်ပေါ် အမှတ်တရ


ဆောင်းရာသီတွင်တော့ လူးဝစ်(စ်)ရေကန်သည် ရေခဲပြင်ကြီးအဖြစ်သို့ပြောင်းလဲသွားပါတော့သည်။ ကမ္ဘာ့အလှဆုံး လဟာပြင် ရေခဲပြင်စကိတ်ကွင်းတစ်ခုဖြစ်နေသည့် ရေခဲနေသည့် ရေကန်ကြီးပေါ်တွင် ရေခဲပြင်စကိတ်စီးခြင်း၊ ရေခဲငါးမျှားခြင်း၊ နှင်းတောထဲတွင် နှင်းစီးဖိနပ်ဖြင့် လမ်းလျှောက်ခြင်း၊ ခွေးစွပ်ဖားလှည်းများစီခြင်း၊ Snowmobiling တို့ ပြုလုပ်နိုင်ပါသည်။ ဇန်နဝါရီလတွင် Ice Magic ပွဲတော်ကို နှစ်စဉ်ကျင်းပသဖြင့် ကမ္ဘာအနှံ့က ရေခဲပန်းပုပညာရှင်များ၏ လက်ရာရေခဲပန်းပုများကို ရင်သက်ရှုမောဖွယ်ရာ တွေရမည် ဖြစ်သည်။ အနီးအနားရှိ Lake Louise Ski Resort က ကနေဒါနိုင်ငံတွင် ဒုတိယအကြီးဆုံးနှင်းလျှောစီးစခန်းဖြစ်ကာ ကနေဒါနိုင်ငံ၏ ပေါ်ပြူလာအဖြစ်ဆုံး နှင်းလျှောစီးပြိုင်ပွဲ Lake Louise Winterstart World Cup ကျင်းပရာနေရာလည်း ဖြစ်သည်။

ဆောင်းရာသီတွင် ရေခဲနေသော ရေကန်မျက်နှာပြင်ပေါ်လမ်းလျှောက်နိုင်


လူးဝစ်(စ်)ရေကန်အကြောင်းပြောလျှင် ရေကန် အရှေ့ဘက်ကမ်းစပ်ရှိ Fairmont’s Chateau Lake Louise ဟိုတယ်ကြီးအကြောင်း ချန်ထားလို့ မရနိုင်ပါ။ ရေကန်စပ်ရှိ တစ်ခုတည်းသော ဟိုတယ်ဖြစ်ကာ ၂၀ ရာစုအစောပိုင်းက ဆောက်ထားသည့် သမိုင်းဝင် အဆင့်မြင့်ဇိမ်ခံဟိုတယ်ကြီးဖြစ်သည်။ လူးဝစ်(စ်)ရေကန်မြို့အနီး Pipestone မြစ်ကမ်းပါးတွင်လည်း The Post Hotel အမည်ရှိ အခြားဇိမ်ခံဟိုတယ်တစ်ခု ရှိပါသေးသည်။ ထိုဟိုတယ်တွင် ကြယ်ငါးပွင့်စားသောက်ဆိုင်ရှိကာ ဝိုင်များစွာသိုလှောင်ထားသည့် ဝိုင်သိုလှောင်ခန်းလည်း ရှိသဖြင့် နွေရာသီတွင် နိုင်ငံတကာ ဝိုင်မြည်းပွဲတော်ကို ကျင်းပလေ့ရှိပါသည်။

ရေကန်စပ်ရှိ Fairmont’s Chateau Lake Louise ဟိုတယ်ကြီး (Photo – Credit)
ရေကန်စပ်ရှိ Fairmont’s Chateau Lake Louise ဟိုတယ်ကြီး
Fairmont’s Chateau Lake Louise ဟိုတယ်ကြီးထဲ


တည်းခိုခကို ဈေးအသင့်အတင့်သာသုံးချင်ပါက ရေကန်မှ ငါးကီလိုမီတာ တောင်အောက်ဆင်းသည့်နေရာတွင်ရှိသည့် လူးဝစ်(စ်)ရေကန်မြို့တွင် တည်းခိုနိုင်ပါသည်။ လူးဝစ်(စ်)ရေကန်မြို့သည် အမြင့် ၁၅၄၀ မီတာတွင် ရှိနေသဖြင့် ကနေဒါနိုင်ငံ၏ အမြင့်ဆုံးမြို့လည်း ဖြစ်ပါသည်။ အနီးအနားရှိ Banff မြို့တွင်လည်း ရွေးချယ်စရာတည်းခိုစရာဟိုတယ်များစွာရှိသဖြင့် ထိုမြို့တွင်လည်း တည်းခိုနိုင်ပါသည်။


ဒေါက်တာနုမြတ်သိင်္ဂ ီဦး

Banff မြို့

ဘယ်ပန်းချီရေးလို့မမှီတဲ့ Switzerland

ဘယ်ပန်းချီရေးလို့မမှီတဲ့ Switzerland


အယ်လ်ပိုင်းတောင်တန်းကြီးတွေ နောက်ခံထားပြီး စိမ်းစိုလှပတဲ့ ရှုမြော်ခင်းတွေ၊ မှန်သားပြင်လို ကြည်လင်လွန်းလှတဲ့ ရေကန်ကြီးတွေနဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ သဘာဝအလှက ဘယ်ပန်းချီရေးမမှီပါဘူး။
ဆွစ်ဇာလန်နိုင်ငံမှာ ရေကန်ပေါင်း ၁၅၀၀ ကျော်ရှိပြီး မီတာ ၃၀၀၀ အထက် မြင့်တဲ့တောင်ပေါင်း ၂၀၈ တောင်ကိုလည်း ပိုင်ဆိုင်ထားလို့ တောင်တက်သမားတွေ အကြိုက်တွေ့ကြတဲ့နိုင်ငံလည်းပဲဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ နှင်းဖုံးတဲ့ ရေခဲတောင်တန်းကြီးတွေမှာ နှင်းလျှောစီး (Skiing) တာတွေ လုပ်လေ့ရှိကြပါတယ်။

Photo Credit


ဆွစ်နှင်းတောင်များ

နုမြတ်အနေနဲ့ နှင်းကိုပထမဆုံးမြင်ဖူးတာ ဆွစ်ဇလန်မှာပါ။ ၂၀၁၀ ခုနှစ်တုန်းက ဥရောပခရီးမှာ ဆွစ်ဇာလန်နိုင်ငံရဲ့ နာမည်ကြီး Mount Titlis ရေခဲတောင်ကိုလည်း ရောက်ခဲ့ပါတယ်။ အနှုတ်ပြနေတဲ့ ရေခဲမှတ်မှာ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေပေါင်းတစ်သောင်းကျော်မှာရှိတဲ့ Mount Titlis တောင်ထိပ်မှာ နှင်းတွေ တဖွဲဖွဲကျနေတာပါ။ နှင်းတောထဲလျှောက်သွားရတာ အရမ်းပျော်ဖို့ကောင်းလှပါတယ်။


ဇာမတ် (Zermatt)မြို့ရှိ Matterhorn တောင်ကလည်း နှင်းရှာဖွေသူတို့ အကြိုက်တွေ့တဲ့ တောင်ထိပ်တစ်ခုပါပဲတဲ့လေ။ Matterhorn တောင်က Toblerone ချောကလက် အခွံမှာပါတဲ့ တောင်ပါ။
အမြင့်ဆုံးတောင်ကတော့ အီတလီနယ်စပ်မှာ ရှိတဲ့ Monte Rosa တောင်ပဲဖြစ်ပြီး ၄၆၃၄ မီတာမြင့်ပါတယ်။

Photo Credit


ကမ္ဘာ့အရှည်ဆုံးလှိုဏ်ခေါင်း


တောင်တန်းတွေပေါများတဲ့နိုင်ငံဆိုတော့ ကားလမ်း၊ ရထားလမ်းတွေအတွက် တောင်တန်းတွေကို ဖြတ်ဖောက်ရတဲ့ ဥမင်လှိုဏ်ခေါင်းတွေလည်း များစွာရှိလို့နေပါတယ်။ ဆွစ်ဇာလန်မှာရှိတဲ့ Gottahard လှိုဏ်ခေါင်းက ကမ္ဘာပေါ်မှာအရှည်ဆုံး လှိုဏ်ခေါင်းဖြစ်ပြီး ၅၇ မီတာရှည်ကာ အယ်လ်ပိုင်းတောင်တန်းတွေအောက် ၂.၃ ကီလိုမီတာအကွာမှာရှိပါတယ်။ ၁၇ နှစ်ကြာတည်ဆောက်ခဲ့ရပြီး ကမ္ဘာမှာ တည်ဆောက်စားရိတ် အကုန်ကျဆုံး လှိုဏ်ခေါင်းလည်းပဲဖြစ်ပါတယ်။

အထင်ကရမြို့ကြီးများ

ဆွစ်ဇာလန်နိုင်ငံမှာ မြို့တော် ဘန်း(Bern)၊ အကြီးဆုံးမြို့ ဇူးဝစ် (Zurich)၊ WHO ရုံးချုပ်နဲ့ ကြက်ခြေနီရုံးချုပ်ရှိရာ ဂျနီဗာမြို့ (Geneva)၊ အေးချမ်းဆိတ်ငြိမ်လှတဲ့ လူဆန်းမြို့ (Lucerne)၊ ဇာမတ်မြို့ တို့ဟာ သွားလည်သင့်တဲ့ မြို့တွေပါ။

စွန့်စားရတာဝါသနာပါသူတွေအတွက် အင်တာလေကန် (Interlaken)ဆိုတဲ့ မြို့လေးလည်း ရှိပါသေးတယ်။ ရေခဲတောင်တွေ နောက်ခံထားပြီး ဝေဟင်ပေါ်ကနေ မြေပြင်ပေါ် လေထီးနဲ့ ခုန်ချရတဲ့ Sky Diving ဆိုရင် အသည်းယားစရာပါ။

Photo Credit


နုမြတ်တို့ကတော့ ဇူးဝစ်မြို့နဲ့ လူဆန်းမြို့ကို ရောက်ခဲ့ပါတယ်။ ဇူးဝစ်မြို့ကနေ လူဆန်းမြို့ကို သွားတဲ့ ရထားလမ်းတလျှောက်က စိမ်းစိုနေတဲ့ရှုခင်းတမျှော်တခေါ်နဲ့ သိပ်ကို လှပပါတယ်။ လူဆန်းမြို့လေးမှာ ညအိပ်ပြီး Mount Titlis နှင်းတောင်ကို နေ့ချင်းပြန်သွားခဲ့ပါတယ်။ လူဆန်းမြို့လေးက သိပ်ကိုအေးချမ်းဆိတ်ငြိမ်လှတဲ့ မြို့လေးပါ။ မြို့လည်မှာ ရေကန်ကြီးရှိပြီး ရေကန်ကို ဖြတ်ဆောက်ထားတဲ့ ရှေးဟောင်းသစ်သားတံတားကြီးကလည်း နာမည်ကြီးပါတယ်။

အရည်အသွေးမြင့် ဆွစ်ဇာလန်ပစ္စည်းများ

ဆွစ်ဇာလန်နိုင်ငံရဲ့ ရှုမြော်ခင်းတွေက လှပသလို ဆွစ်ဇလန်နိုင်ငံထုတ်ပစ္စည်းတွေကလည်း အရည်အသွေးမြင့်ပါတယ်။
• Longines၊ Patek Philippe၊ Rolex၊ TAG Heuer နဲ့ Tissot အစရှိတဲ့ ကမ္ဘာကျော်နာရီ အမှတ်တံဆိပ်တွေက ဆွစ်ဇာလန်နိုင်ငံထုတ်ပါ။
• စနစ်ကျပြီး ယုံကြည်စိတ်ချရတဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ ဘဏ်စနစ်က ကမ္ဘာမှာနံပါတ်တစ်ပါ။
• လိုသလိုအသုံးပြုနိုင်တဲ့ ဆွစ်ဇာလန်က အိတ်ဆောင်ဓါးဆိုရင် သူ့နာမည်ကိုက Swiss Knife လို့ခေါ်ရတဲ့အထိ အထင်ကရဖြစ်စေပါတယ်။
• ဆွစ်ဇာလန်နိုင်ငံထုတ် ချောကလက်နဲ့ချိစ်တို့လည်း အရည်အသွေးမြင့်ပြီး နာမည်ကြီးပါတယ်။ ဆွစ်ဇာလန်နိုင်ငံကနေပြီး တစ်နှစ်ကို ချောကလက် တန်ပေါင်း ၂ သိန်းနီးပါး ထုတ်လုပ်လေ့ရှိပြီး ချိစ်အမျိုးပေါင်း ၄၅၀ ထိတောင် ထွက်ရှိနေတာပါတဲ့။


စတုရန်းပုံအလံ

ဆွစ်ဇာလန်က ကမ္ဘာပေါ်မှာ စတုရန်းပုံစံအလံရှိတဲ့ နိုင်ငံနှစ်ခုထဲက တစ်ခုပါ။ နောက်တစ်နိုင်ငံကတော့ ကမ္ဘာ့အသေးဆုံး ဗာတီကန်စီးတီးနိုင်ငံပါ။

ဆွစ်အလံက အနီရောင်စတုရန်းအလယ်မှာ အဖြူရောင် ကြက်ခြေခတ်နဲ့ပါ။ ကြက်ခြေနီအလံကတော့ ဆွစ်အလံကို အရောင်ပြောင်းပြန်လုပ်ထားတဲ့ ပုံစံပါ။
စေတနာ့ဝန်ထမ်းပေါင်း ၉၇ သန်းကျော်ရှိနေပြီဖြစ်တဲ့ ကြက်ခြေနီအသင်းကို ဂျနီဗာမြို့မှာ ၁၈၆၃ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး ရုံးချုပ်က အဲ့ဒီမြို့မှာ ယနေ့ထက်ထိ ရှိနေဆဲပါ။

Photo Credit


ကမ္ဘာ့ပျော်ဖို့အကောင်းဆုံးနိုင်ငံတစ်ခု

ဆွစ်ဇာလန်က ပျော်ဖို့အကောင်းဆုံးနိုင်ငံထဲကတစ်ခုပါ။ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့အပျော်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရပြီး ၂၀၁၈ ခုနှစ်မှာတော့ ပဉ္စမနေရာကို ရခဲ့ပါတယ်။ နေပျော်တော့လည်း နိုင်ငံသားတွေက အသက်ရှည်ကြပါတယ်။ ဆွစ်အမျိုးသားတွေဟာ ကမ္ဘာပေါ်မှာ သက်တမ်း Life expectancy အရှည်ဆုံးအမျိုးသားတွေပါ။ ၂၀၁၅ ခုနှစ်က WHO ရဲ့ စစ်တမ်းကောက်ချက်တွေအရ ဆွစ်အမျိုးသားတွေရဲ့ ပျမ်းမျှမျှော်မှန်းအသက်က ၈၁.၃နှစ်ဖြစ်ပြီး အမျိုးသမီးတွေကတော့ ၈၅.၃နှစ်ပဲဖြစ်ပါတယ်။


သန့်ရှင်းသပ်ရပ်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလွန်းတဲ့ ဆွစ်ဇာလန်နိုင်ငံက နုမြတ်အကြိုက်ဆုံးနိုင်ငံတွေထဲက တစ်ခုပါ။ သူ့ရဲ့ စိမ်းစိုနေတဲ့ ရှုခင်းတွေကို မျက်စိထဲ စွဲနေလောက်တဲ့အထိကို ကြိုက်ပါတယ်။ နောက်ထပ်လည်း ပြန်သွားချင်ပါသေးတယ်။ နောက်တစ်ခါရောက်ဖြစ်ခဲ့ရင်တော့ ဇာမတ်မြို့ကို အရောက်သွားပါမယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ ရှုခင်းတွေကို တစ်ဝကြီးကြည့်လို့ရတဲ့ Scenic Train ရထားစီးပါမယ်။


ချစ်ခင်လျှက်
ဒေါက်တာနုမြတ်သိင်္ဂီဦး
Nu Myat around the World

ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့တော် ရေခါဗစ်(ခ်)

ကမ္ဘာ့မြောက်ဘက်အကျဆုံးမြို့တော် ရေခါဗစ်(ခ်)


အိုက်စလန်နိုင်ငံသည် မီးတောင်ရှင်များ၊ ရေခဲမြစ်များ၊ ရေပူစမ်းများနှင့် မြေမျက်နှာသွင်ပြင် ဆန်းကျယ်လှသည်။ အိုက်စလန်နိုင်ငံ၏ မြို့တော်မှာ ရေခါဗစ်(ခ်) (Reykjavik) မြို့ဖြစ်ပြီး ကမ္ဘာ့မြောက်ဘက်အကျဆုံး မြို့တော်ဖြစ်သည်။ အာတိတ်စက်ဝိုင်းအောက် လတ္တီကျု ၂ ဒီဂရီသာ ရောက်သောကြောင့် ဆောင်းတွင် နေ့တာတိုပြီး နွေတွင် နေ့တာရှည်လျားလှသည်။ ဆောင်းတွင်းတွင် နေရောင်ခြည် လေးနာရီလောက်သာ ရပေမဲ့ နွေရာသီတွင်တော့ ၂၁ နာရီလောက်ထိ ရနေတတ်ပါသည်။


ရေခါဗစ်(ခ်)သည် မြို့တော်ဖြစ်သော်ငြား လူပေါင်း ၁သိန်း ၂သောင်းကျော်သာနေထိုင်သည့် မြို့ငယ်လေးဖြစ်သည်။ အိုက်စလန်နိုင်ငံတွင် လူဦးရေနည်းပါးပြီး တစ်နိုင်ငံလုံးမှာ လူဦးရေ ၃သိန်းခွဲကျော်သာရှိသဖြင့် မြို့တော်နေလူဦးရေမှာနည်းသော်လည်း တစ်နိုင်ငံလုံး၏ သုံးပုံတစ်ပုံရှိနေပါသည်။ ရေခါဗစ်(ခ်)သည် ရိုးရာယဉ်ကျေးမှုနှင့် ယဉ်ကျေးမှုပေါင်းစုံသောမြို့ဖြစ်သည်။ အခြားမြို့ပြများကဲ့သို့ပင် ရေခါဗစ်(ခ်)မြို့သို့ ကမ္ဘာအနှံ့မှလူများ လာရောက်နေထိုင်လုပ်ကိုင်ကြပြီး လူမျိုးစု ၁၃၁ စုရှိကာ မြို့နေလူဦးရေ၏ ၈.၅% ရှိသည်။


အိုက်စလန်က လူဦးရေနှင့်ယှဉ်လျှင် စာအုပ်အများဆုံးထွက်ရှိရာ နိုင်ငံဖြစ်ပြီး နိုင်ငံသားဆယ်ယောက်မှာ တစ်ယောက်လောက်က ဘဝတစ်သက်တာမှာ စာအုပ်တစ်အုပ်လောက်တော့ ရေးသားထုတ်ဝေဖူးကြသည်။ ထို့ကြောင့် မြို့တော် ရေခါဗစ်(ခ်)ကို စာပေမြို့အဖြစ် ယူနက်စကိုက အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့အသိအမှတ်ပြုခံရသည်မှာ အင်္ဂလိပ်ဘာသာစကား မပြောသည့်နိုင်ငံများအနက် ပထမဆုံးဖြစ်သည်။


ရေခါဗစ်(ခ်) (Reykjavik) ဆိုသည့်အမည်မှာ “မီးခိုးအူသော ပင်လယ်အော်”ဟု အဓိပ္ပါယ်ရသည်။ ရေပူစမ်းများက ထွက်သည့် အငွေ့များကြောင့် ထိုအမည်တွင်ခဲ့ခြင်းဖြစ်မည်။ မြို့နှင့် ၃၁ မိုင်အကွာရှိ ရေပြာအိုင် (Blue Lagoon)က ခရီးသည်များအကြား ပေါ်ပြူလာဖြစ်ကာ ရေပူစမ်းစိမ်ရန် သွားလေ့ရှိကြပါသည်။


ရေခါဗစ်(ခ်)သည် ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင် အထိန်းသိမ်းဆုံးမြို့တစ်မြို့ဖြစ်သည်။ အိုက်စလန်၏ စွမ်းအင်လိုအပ်ချက်၏ ၈၅% ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များဖြစ်သည့် ဘူမိအပူစွမ်းအင် (၆၅%) နှင့်ရေအားလျှပ်စစ် (၂၀%) တို့မှ ရရှိသည်။


ရေခါဗစ်(ခ်)မြို့ကို ကြောင်များ၏မြို့တော်ဟုလည်း သိကြပါသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၂၄ ခုနှစ်မှ ၁၉၈၄ ခုနှစ်ထိ နှစ် ၆၀ ကာလအတွင်း မြို့တွင်ခွေးများကိုပိတ်ပင်တားမြစ်ထားပြီး ၂၀၀၆ ခုနှစ်အထိ ပိတ်ပင်မှုကို လုံးဝမရုပ်သိမ်းသေးပါ။ ခွေးများကို ပိတ်ပင်တားမြစ်ထားသဖြင့် ကြောင်များကိုသာ မွေးမြူခဲ့ကြပြီး မြို့တွင်းကြောင်များစွာ ရှိလို့နေခြင်းဖြစ်သည်။
ရေခါဗစ်(ခ်)မြို့ကို ပက်ဖင်းငှက်များ၏မြို့တော်ဟုလည်း သိကြသည်။ အိုက်စလန်သည် အတ္တလန္တိတ်ပင်လယ်ပျော်ငှက် ပက်ဖင်းငှက်မျိုး၏ အကြီးမားဆုံးနှင့် အရေးအပါဆုံး အသိုက်နေရာ တစ်ခုဖြစ်ကာ ထိုငှက်အားလုံး၏ ခန့်မှန်းခြေ ၆၀% မှာ အိုက်စလန်တွင်နေထိုင်ကြသည်။ အထူးသဖြင့် ရေခါဗစ်(ခ်)မြို့ရှိ Faxafloi ပင်လယ်အော်တွင် အများဆုံးနေထိုင်လေ့ရှိကြသည်။ ထိုငှက်များသည် မြို့တော်သို့ ကမ္ဘာလှည့်ခရီးသည်များလာရောက်ရာ အဓိကဆွဲဆောင်မှုတစ်ခုဖြစ်သည်။


ရေခါဗစ်(ခ်)မြို့ရှိ အထင်ရှားဆုံးအဆောက်အအုံမှာ အမြင့်ပေ ၂၄၀ ပေရှိ Hallgrimskirkja ဘုရားကျောင်းဖြစ်သည်။ မီးတောင်မှထွက်သည့် ချော်ခဲတိုင်များကဲ့သို့ဆောက်ထားသည့် ထိုဘုရားကျောင်းကို ၄၁ နှစ်ကြာတည်ဆောက်ခဲ့ရပြီး ၁၉၈၆ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ မြို့တွင်း အမြင့်ဆုံး အဆောက်အအုံဖြစ်ကာ တစ်နိုင်ငံလုံးတွင် ဒုတိယအမြင့်ဆုံးဖြစ်သည်။
မြို့ရှိ အခြားထင်ရှားသည့်အဆောက်အအုံဖြစ်သည့် Perlan သည် အပူချိန် ၁၈၅ ဒီဂရီဖာရင်ဟိုက်ရှိ ရေဂါလံသန်းတစ်သန်းကျော်ကိုယ်စီ သိုလောင်ထားသည့် ရေလှောင်ကန် ၆ခု ပေါ်ရှိ အမိုးခုံး အဆောက်အအုံဖြစ်သည်။ ထိုရေကန်များသည် မြို့အတွက် ရေထောက်ပံ့ပေးပြီး Perlan အမိုးခုံးပေါ်တွင် လည်နေသည့် မှန်များဖြင့်သာကားထားသည့် စားသောက်ဆိုင်တစ်ခုရှိကာ မြို့တော်၏ မြင်ကွင်းကျယ်ကို ရှုစားနိုင်ပါသည်။ အဆောက်အအုံထဲတွင် အိုက်စလန်အကြောင်းကောင်းစွာ လေ့လာနိုင်မည့်ပြတိုက်ရှိသလို လူလုပ်ရေခဲလှိုဏ်ဂူထဲသို့လည်း ဝင်ရောက်နိုင်ပါသည်။


မြို့ရှိအခြားထင်ရှားသော နေရာများမှာ Sun Voyager ရုပ်တု၊ ဂီတပွဲများကျင်းပရာ Harpa ခန်းမ အဆောက်အအုံ၊ ဆိပ်ကမ်းဟောင်း၊ အိုက်စလန်အမျိုးသားပြတိုက်၊ ရိုးရာအဆောက်အအုံများလေ့လာနိုင်သည့် Árbæjarsafn လဟာပြင်ပြတိုက်၊ ရေခါဗစ်(ခ်)ရေကြောင်းပြတိုက်၊ အိုက်စလန်သမိုင်းလေ့လာနိုင်သည့် Saga ပြတိုက်၊ အိုက်စလန်ဝေလငါးများပြတိုက်၊ Videy ကျွန်းငယ်၊ Tjörnin ရေအိုင်ပတ်လည်ရှိ အဆောက်အအုံများ၊ Nauthólsvík ရေပူစမ်းစိမ်ကမ်းခြေ၊ Bruarfoss ရေတံခွန်၊ Grotta မီးပြတိုက်တို့ ဖြစ်ကြသည်။


ထို့ပြင်မြို့မှတစ်ဆင့် သွားရောက်နိုင်သည့် ဥတ္တရအလင်းတန်းကြည့်ခရီးစဉ်၊ Golden Circle နေ့ချင်းပြန်ခရီးစဉ်၊ ဝေလငါးကြည့်ခရီးစဉ်၊ ပက်ဖင်းငှက်ကြည့်ခရီးစဉ်တို့ကိုလည်း သွားရောက်နိုင်ပါသည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ ဇာတိမြို့လေး Rovaniemi

ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ ဇာတိမြို့လေး

Rovaniemi


ပုံပြင်တွေထဲကလို နှင်းတွေတဖွဲဖွဲကျနေတဲ့နေရာလေး၊ အစိမ်းနုရောင် ဥတ္တရအလင်းတန်းတွေ ကောင်းကင်ပေါ် ကခုန်နေကျနေရာလေး၊ နှင်းတွေကြားက ဖန်လုံအိမ်ခုံးခုံးလေးတွေမှာ အိပ်လို့ရတဲ့နေရာလေး၊ အာတိတ်စက်ဝိုင်းဖြတ်သွားတဲ့နေရာလေးကတော့ ဥရောပမြောက်ပိုင်းနိုင်ငံဖြစ်တဲ့ ဖင်လန်(Finland) နိုင်ငံက Lapland ပါ။ Lapland ဆိုတာ နိုင်ငံမဟုတ်သလိုမြို့လည်း မဟုတ်ပါဘူး။ အာတိတ်စက်ဝိုင်းထဲမှာရှိတဲ့ ဥရောပမြောက်ပိုင်းဒေသတွေပါ။ Lapland မှာ ဖင်လန်အပြင် ဆွီဒင်၊ နော်ဝေးနဲ့ ရုရှားမြောက်ဖျားပိုင်းတွေလည်း ပါပါတယ်။ အာတိတ်ဒေသမှာ နှစ်ပေါင်း ၅၀၀၀ထက် မနည်းနေထိုင်ခဲ့တဲ့ Lapp လို့ခေါ်တဲ့ ဆာမိ (Sami) တိုင်းရင်းသားတွေ နေထိုင်ခဲ့တဲ့ဒေသဖြစ်လို့ Lapland လို့ အမည်တွင်နေတာပါ။


Lapland က ခရစမတ်ဘိုးဘိုးကြီး တရားဝင်နေတဲ့နေရာဖြစ်ပြီး အဲ့ဒီထဲကမှ ဖင်လန်မှာရှိတဲ့ ရိုဗီနီယာမီ (Rovaniemi) မြို့ကိုတော့ ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ ဇာတိမြို့လေးအဖြစ် သတ်မှတ်ထားပါတယ်။ Kemijoki မြစ်နဲ့ Ounasjoki မြစ်ဆုံတဲ့နေရာရှိတဲ့ ဒီမြို့က အာတိတ်စက်ဝိုင်းပေါ်တည်ရှိနေပါတယ်။ တစ်နှစ်ကို ဧည့်သည် ၅သိန်းကျော်လာလည်ကြလို့ ခရီးသွားအလာများတဲ့မြို့ဖြစ်သလို စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုဆိုင်ရာ အချက်အချာကြတဲ့နေရာလည်းဖြစ်လို့ Lapland ဒေသရဲ့ မြို့တော်လည်းဖြစ်နေပါတယ်။


ဒီဒေသက ခရစမတ်ဘိုးဘိုးကြီး ခရစ္စမတ်လက်ဆောင်တွေ လိုက်ဝေတဲ့အခါ စွပ်ဖားလှည်းဆွဲပေးတဲ့ တန်ဒြာဒေသသမင်(Reindeer)လေးတွေရဲ့ ဇာတိမြေလည်းဖြစ်ပါတယ်။ Lapland မှာ သမင်တွေ ဘယ်လောက်များလဲဆိုရင် သမင်ကောင်ရေနဲ့ လူဦးရေ အတူတူပါပဲ။ ကားလမ်းတွေကိုလည်း မကြာမကြာ ဖြတ်ကူးတတ်လို့ သတိပေးဆိုင်းဘုတ်တွေတောင် ထောင်ထားရပါတယ်။ ဒီသမင်တွေကို ဆာမိ (Sami) လူမျိုးတွေကသာ ထိန်းကျောင်းနိုင်ပြီး အရိုင်းကောင်တွေလည်းမရှိပါဘူး။ အကောင်တိုင်းမှာ ပိုင်ရှင်တွေရှိကြပြီး အကောင်တွေကိုယ်ပေါ်မှာ အမှတ်အသားတွေ ပြုလုပ်ထားကြပါတယ်။


Lapland က ဖင်လန်နိုင်ငံရဲ့ ၃ပုံတစ်ပုံလောက်ကို နေရာယူထားပေမဲ့ ဖင်လန်နိုင်ငံသား၃.၆ ရာခိုင်နှုန်းသာ အခြေချနေထိုင်ကြတာကြောင့် လူနေမထူထပ်ပါဘူး။ လူနည်းတော့ သဘာဝအလှတရားတွေကို ကောင်းကောင်းခံစားနိုင်ပါတယ်။ ဆောင်းတွင်းမှာ နှင်းတွေဖုံးနေတဲ့ Lapland က ဆောင်းတွင်းကာလတွေဖြစ်တဲ့ နိုဝင်ဘာလကနေ မတ်လအထိ နေ့တာတိုပြီး နေရောင်ခြည်သိပ်မမြင်ရပေမဲ့ နွေရာသီမှာတော့ နေ့တာရှည်လွန်းလို့ တစ်နေကုန်နေမဝင်တဲ့ ရက်တွေတောင် ရှိသေးပါတယ်။ တစ်နှစ်မှာ ၇၃ရက်လောက်က ညဆိုတာမျိုးမရှိပါဘူး။ အထူးသဖြင့် ဇွန်လမှာ တစ်နေ့ကို နေရောင် ၂၁နာရီကနေ ၂၄နာရီအထိမြင်နေရပါတယ်။


ဆောင်းတွင်းမှာတော့ Lapland က ညဘက်ကောင်းကင်ယံမှာ အစိမ်းရောင်အလင်းတန်းတွေအဖြစ် ပေါ်ထွက်လာလေ့ရှိတဲ့ ဥတ္တရအလင်းတန်းကြည့်ဖို့ကောင်းတဲ့နေရာအဖြစ် နာမည်ကြီးပါတယ်။ အဲ့ဒီအထဲမှာမှ Abisko အမျိုးသားဥယျာဉ်ကြီးကတော့ ဥတ္တရအလင်းတန်းကြည့်ဖို့အကောင်းဆုံးနေရာပါ။ Lapland ကို ဥတ္တရအလင်းတန်းကြည့်ချင်လို့လာကြတဲ့ ဧည့်သည်တွေအတွက် ဟိုတယ်အခန်းထဲ အိပ်ယာပေါ်ကနေ နွေးနွေးထွေးထွေးနဲ့ အလွယ်တကူမြင်နိုင်အောင် တချို့ဟိုတယ်တွေကို မှန်အမိုး၊ မှန်နံရံတွေနဲ့ဆောက်ထားပါတယ်။ အက်စကီးမိုးလေးတွေနေတဲ့ ရေခဲတုံး Igloo အိမ်လေးတွေလို ဖန်လုံအိမ်ခုံးခုံးတွေလည်း ဆောက်ပေးထားပါတယ်။ ဒါ့အပြင် ဆောင်းတွင်းမှာ ရေခဲေ တွနဲ့ထုဆစ်တည်ဆောက်ထားတဲ့ ရေခဲဟိုတယ်တွေလည်းရှိပြီး နွေရာသီမှာတော့ အရည်ပျော်သွားတတ်ကြပါတယ်။ စာရေးသူတို့ကတော့ မှန်အမိုးနဲ့ ဆာမိရိုးရာအိမ်လေးတွေလိုဆောက်ထားတဲ့ Apukka Resort မှာတည်းခဲ့တာပါ။


စာရေးသူတို့နောက်ထပ်တည်းခဲ့တဲ့ Santa Claus Village မှာတော့ ခရစ္စမတ်ဘိုးဘိုးကြီးနဲ့ တွေ့ဆုံစကားပြော အမှတ်တရဓာတ်ပုံရိုက်တာ၊ ကိုယ်ချစ်သူတွေဆီ ခရစ္စမတ်ကတ်တွေ ပို့ပေးတာ၊ ဒရယ်လေးတွေမောင်းတဲ့ စွပ်ဖားလှည်းစီးတာ၊ အာတိတ်စက်ဝိုင်းအမှတ်အသားထောင်ထားတဲ့တိုင်တွေနဲ့ ဓာတ်ပုံရိုက်တာတို့ကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် နှင်းခွေး(Husky)လေးတွေမွေးထားတဲ့ ခြံတွေထဲသွားလည်နိုင်ကာ နှင်းခွေးလေးတွေဆွဲတဲ့ စွပ်ဖားလှည်းလေးတွေစီးနိုင်သလို ထင်းရူးတောတွေကြား နှင်းတောထဲ Snow Mobile မောင်းတာ၊ နှင်းတောလျှောက်ဖိနပ်နဲ့လမ်းလျှောက်တာ၊ ရေခဲပြင် ငါးမျှားတာ၊ ရေခဲပြင်ခွဲ သင်္ဘောကြီးနဲ့ ဆွီဒင်နိုင်ငံဘက်ကူးတာမျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။

ဒီလို ဆန်းကြယ်တဲ့သဘာဝတရားတွေနဲ့ အတွေ့အကြုံသစ်တွေရနိုင်တဲ့ နေရာလေးက ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာ ဘဝအမှတ်တရတွေကို ပေးစွမ်းနိုင်လို့ ညွှန်းဆိုလိုက်ရပါတယ်။


ဒေါက်တာနုမြတ်သိင်္ဂ ီဦး

ဝိုင်အစပြုရာ ဂျော်ဂျီယာမှ လည်စရာများ (Attractions of Georgia)

ဝိုင်အစပြုရာ ဂျော်ဂျီယာမှ လည်စရာများ


အာရှတိုက်နဲ့ ဥရောပတိုက်အကြား ကော့ကေးဆပ်တောင်တန်းတွေပေါ်မှာ တည်ရှိတဲ့ ဂျော်ဂျီယာနိုင်ငံလေးက မြို့တော်ဟောင်းတွေ၊ ယူနက်စကို အသိအမှတ်ပြုထားတဲ့ နေရာတွေ၊ နှင်းဖုံးတဲ့တောင်တန်းတွေ၊ လှပတဲ့ရှုမျှော်ခင်းတွေ၊ အရသာရှိလှတဲ့ဝိုင်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်ရာ နိုင်ငံလေးဖြစ်လို့နေပါတယ်။


ဂျော်ဂျီယာက ကမ္ဘာပေါ်မှာ ရှေးအကျဆုံးဝိုင်ထုတ်လုပ်တဲ့ နိုင်ငံပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သောင်းလောက်ကစပြီး ဝိုင်ချက်ခဲ့ကြပါတယ်။ မြေအောက်အိုးထဲ သိမ်းထားတဲ့ စပျစ်သီးတွေ မတော်တဆ အချဉ်ဖောက်သွားရာကနေ ဝိုင်အရသာကို စတင်သိရှိခဲ့ကြတာတဲ့လေ။ ဂျော်ဂျီယာဝိုင်ဖောက်နည်းကလည်း သူများထက်ထူးတဲ့ ရှေးကျတဲ့သဘာဝနည်းပါ။ မြေအိုးထဲ စပျစ်သီးအရည်တွေညှစ်ထည့်ကာ အခွံတွေ၊ အရိုးတွေ၊ အစေ့တွေပါထည့်ပြီး မြေအောက်ထဲ ၅လ ၆လလောက်ထည့်မြှုပ်ပြီး အချဉ်ဖောက်တဲ့နည်းပါ။ ထည့်မြှုပ်တဲ့ မြေအိုးပုံကလည်း ဆန်းပါတယ်။ မြေထဲထည့်မြှုပ်ရ အဆင်ပြေအောင် ဘဲဥပုံကို ဖင်နေရာမှာ ချွန်ထားပါတယ်။ အဲ့ဒီလိုဖင်ချွန်းမြေအိုးဝိုင်းကို သူတို့ဘာသာစကားနဲ့ Kvevri လို့ ခေါ်ပါသတဲ့။ ဒီလို Kvevri လို့ခေါ်တဲ့ ရိုးရာဝိုင်ဖောက်နည်းက ယူနက်စကိုက အသိအမှတ်ပြုရတဲ့အထိ ရှေးကျပါတယ် ။ ဝိုင်ပေါတဲ့နိုင်ငံဖြစ်တဲ့အလျှောက် ဝိုင်ခြံတွေကို သွားလေ့လာလို့ရပြီး ဝိုင်အလကားအမြည်းတိုက်တဲ့ဆိုင်တွေ အများကြီးကိုလည်း စာရေးသူတို့ဂျော်ဂျီယာနိုင်ငံ သွားလည်ခဲ့တုန်းက တွေ့ခဲ့ရပါတယ်။


ဂျော်ဂျီယာနိုင်ငံရဲ့မြို့တော်ကတော့ တီဘလီဆီ(Tiblisi)ဖြစ်ပြီး ဂျော်ဂျီယာဘာသာစကားနဲ့ဆိုရင် နွေးထွေးတဲ့မြို့လို့ အဓိပါယ်ရပါတယ်။ မြို့သူမြို့သားတွေက ပြုံးရွှင်ပြီး တကယ်လည်း နွေးထွေးကြပါတယ်။ မြစ်ကမ်းဘေးမှာရှိပြီး တောင်တွေဝန်းရံနေတဲ့ တီဘလီဆီမြို့က သိပ်လှပါတယ်။ ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေရဲ့ ဟန်ပန်ယဉ်ကျေးမှုတွေ ရောနှောနေတဲ့မြို့လေးပါ။ မြို့ဟောင်းဘက်က လမ်းတွေထဲ လျှောက်ကြည့်ရင် အရောင်အသွေးစုံတဲ့ အိမ်လေးတွေ၊ ရိုးရာအစားအစာတွေရောင်းတဲ့ စားသောက်ဆိုင်တွေအပြင် ရှေးခေတ် ဘုရင်တွေ ရေချိုးတဲ့ ရှေးဟောင်းအမိုးခုံး ရေပူစမ်း ရေချိုးဆောင်တွေပါ တွေ့ရမှာပါ။ မြို့လည်က တောင်ပေါ်ကို ကောင်းကင်ရထား Cable Car နဲ့တက်ကြည့်ရင်တော့ တောင်ပေါ်ကနေ မြို့ဟောင်းရော မြို့သစ်ရောရှုခင်း လှမ်းမြင်ရမှာပါ။


သဘာဝအလှတွေခံစားချင်ရင်တော့ မြို့တော်ရဲ့မြောက်ဘက်ကို သုံးနာရီပိုင်းလောက်မောင်းရတဲ့ Kazbegi တောင်ပေါ်မြို့လေးဆီကို သွားသင့်ပါတယ်။ အနားက Gergiti Trinity ဘုရားကျောင်းလေးက တောင်အထပ်ထပ်ကြားက တောင်ပေါ်မှာတည်ရှိပြီး ရှုခင်းသိပ်လှလို့ ကမ္ဘာကျော်ပါတယ်။ လမ်းမှာ Gudauri နှင်းလျှောစီးစခန်းမြို့လည်းရှိပြီး လမ်းတလျှောက်မြင်ရတဲ့ ရှုခင်းတွေကလည်း သိပ်သာယာပါတယ်။ ဂျော်ဂျီယာမှာ ရေခဲတောင်တွေရှိသလို ကမ်းခြေလည်းရှိပါသေးတယ်။ ကမ်းခြေတွေထဲမှာ ပင်လယ်နက်ကမ်းရိုးတန်းမှာရှိတဲ့ Batumi ကမ်းခြေက သွားလည်ဖို့အကောင်းဆုံးပါ။ သဘာဝအလှတွေပြည့်နေတဲ့ ဂျော်ဂျီယာမှာ ကမ္ဘာ့အနက်ဆုံးဂူလည်းရှိပြီး Veryovkina ဂူလို့ခေါ်ပါတယ်။ အနက်ပေပေါင်း ၇၂၅၇ ပေရှိတာကြောင့် ဂူအောက်ခြေထိရောက်ဖို့ဆိုရင် ၂၇ရက်လောက်ကြာပါတယ်။


ဂျော်ဂျီယာမှာ လှပတဲ့ရှုခင်းတွေ၊ ဂူတွေအပြင် အလယ်ပိုင်းခေတ်က ဘုရားကျောင်းတွေနဲ့ ယူနက်စကိုက အသိအမှတ်ပြုထားတဲ့ ကမ္ဘာ့အမွေအနှစ်နေရာတွေလည်း ရှိပါတယ်။ Bagrati နဲ့ Gelati ဘုရားကျောင်းတွေရှိတဲ့ ရှေးဟောင်းမြို့တော် Mtskheta က ဘာသာရေးမြို့တော်အဖြစ်လည်း ကျော်ကြားပါတယ်။ အဲ့ဒီမြို့မှာရှိပြီး မြစ်နှစ်စင်းဆုံရာကို တောင်ပေါ်ကနေလှမ်းမြင်ရတဲ့ Jvari Monastery က ယူနက်စကိုကအသိအမှတ်ပြုထားတဲ့နေရာပါ။ Aragvi မြစ်ကမ်းဘေးက Anauri ရှေးဟောင်းရဲတိုက်ကြီးကတော့ ၁၃ရာစုကတည်းက ဆောက်လုပ်ခဲ့တာဆိုတော့ အတော်ကို ရှေးကျတဲ့ သမိုင်းဝင်အဆောက်အအုံကြီးပါ။


ကျောက်ဂူမြို့တော်Uplistsikhe ကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ခန့်က ကျောက်ဂူတွေ ဥမင်လှိုဏ်ခေါင်းတွေထဲ လူပေါင်း နှစ်သောင်းကျော် နေထိုင်ခဲ့ကြတဲ့နေရာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနီအနားက ဂိုရီမြို့လေးကတော့ ဆိုဗီယက်ခေါင်းဆောင်ကြီး စတာလင်ရဲ့ ဇာတိမြို့လေးအဖြစ် ကျော်ကြားပြီး စတာလင်ပြတိုက်နဲ့ စတာလင်မွေးရာအိမ်လေးဆီကိုပါ သွားလေ့လာနိုင်ပါတယ်။


ဒီနေရာတွေကတော့ ဂျော်ဂျီယာနိုင်ငံရောက်ခဲ့စဉ်က စာရေးသူတို့ သွားရောက်လည်ပတ်ဖြစ်ခဲ့တဲ့နေရာတွေနဲ့ စိတ်ဝင်စားစရာ နေရာတွေပါ။ တောလမ်းလျှောက်၊ တောင်တက်၊ နှင်းလျှောစီး၊ မြင်းစီးတို့လို သဘာဝနဲ့ဆက်စပ်နေတဲ့ ခရီးစဉ်တွေကနေ ရဲတိုက်ကြီးတွေ ရှေးဟောင်းဘုရားကျောင်းကြီးတွေ သွားလည်ရတဲ့ခရီးစဉ်တွေအထိ ဂျော်ဂျီယာက ခရီးသည်တိုင်းကို ကျေနပ်စေမှာပါ။

ရှေးဟောင်းရဲတိုက်ကြီးများရှိရာ စကော့တလန် (Scotland)

ရှေးဟောင်းရဲတိုက်ကြီးများရှိရာ စကော့တလန်

စကော့တလန်ဆိုသည်နှင့် အကွက်စကတ်တိုများ ဝတ်ထားသည့် ထောင်ထောင်မောင်းမောင်း စကော့တလန်နိုင်ငံသားများ၊ ရှေးဟောင်း ရဲတိုက်ကြီးများ၊ ဒဏာရီထဲမှ Loch Ness အကောင်ကြီး၊ စကော့တစ်(ရှ်)ဝီစကီစသည်တို့နှင့် တွဲမြင်ကြမှပါ။ စကော့တလန်မှာ ထိုအရာများအပြင် ရင်သပ်ရှုမောဖွယ်ကောင်းသောရှုခင်းများနှင့် ရေအိုင်ကြီးများက ကြွယ်ဝသောသမိုင်းကြောင်းနှင့်အတူ တွဲလျှက်ရှိနေပါသေးသည်။


စကော့တလန်တွင် ထောင်စုနှစ်များစွာကတည်းက လူနေထိုင်ခဲ့ကြသော်လည်း ဘုရင့်နိုင်ငံအနေဖြင့် အလယ်ခေတ်မှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ စကော့တလန်သည် အင်္ဂလန်၊ ဝေလ၊ အိုင်ယာလန်နှင့် စကော့တလန်တို့ဖြင့်ဖွဲ့စည်းထားသည့် ဂရိတ်ဗြိတိန်နှင့် ယူကေနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ပြည်မကြီးက ဂရိတ်ဗြိတိန်ကျွန်း၏ မြောက်ဘက်သုံးပုံတစ်ပုံတွင်တည်ရှိနေပြီး အင်္ဂလန်နိုင်ငံနှင့် အရှေ့တောင်ဘက်တွင် နယ်နိမိတ်ထိစပ်နေကာ အနောက်ဘက်နှင့်မြောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ၊ အရှေ့မြောက်ဘက်တွင် မြောက်ပင်လယ်၊ တောင်ဘက်တွင် အိုင်းရစ်(ရှ်)ပင်လယ်တို့က ဝန်းရံထားပါသည်။


စကော့တလန်သည် ဂရိတ်ဗြိတိန်ကျွန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း ကျွန်းပေါင်း ၉၀၀ခန့် ပိုင်ဆိုင်ထားပါသည်။ ၎င်းတို့အနက် ကျွန်းပေါင်း ၁၀၀ ခန့်တွင်သာ လူနေထိုင်ကြပြီး ကျွန်းကူးခရီးစဉ်မှာ စကော့တလန်တွင် ရေပန်းစားပါသည်။ ကျွန်းငယ်လေးများစွာ ပြန့်ကျဲနေသဖြင့် ကျွန်းတစ်ကျွန်း နှင့်တစ်ကျွန်းကြား လေယာဉ်များပြေးဆွဲလေ့ရှိသောကြောင့် ကမ္ဘာ့အတိုဆုံး ခရီးသည်တင်ယာဉ်မှာ စကော့တလန်တွင် ပြေးဆွဲနေပါသည်။ ၁.၇မိုင်သာခြားသည့် ကျွန်းနှစ်ကျွန်းကြား ပြေးဆွဲနေသဖြင့် လေယာဉ်ပျံသန်းချိန်မှာ ၂မိနစ်သာကြာပါသည်။


စကော့တလန်တွင် ကျွန်းပေါင်းများစွာရှိနေသလို တောင်တန်းများစွာလည်း ရှိလို့နေပါသည်။ အမြင့်ဆုံးတောင်မှာ ယူကေရှိအမြင့်ဆုံးတောင် Ben Nevis ဖြစ်ပြီး Eas a’Chual Aluinn အမည်ရှိ ဗြိတိန်နိုင်ငံရှိ အမြင့်ဆုံးရေတံခွန်လည်း ရှိပါသည်။ နှစ်ပေါင်း ၃၀၀၀ ခန့်သက်တမ်းရှိ ဥရာပရှိရှေးအကျဆုံးသစ်ပင်ကိုလည်း ပိုင်ဆိုင်ထားပါသည်။ စကော့တလန်၌ စတုရန်းမိုင် ၆၀၀ ကျော် ရှိသည့် ရေချိုကန်များရှိသဖြင့် နိုင်ငံသားအားလုံးအတွက် ရေ အခမဲ့ အသုံးပြုခွင့်ပေးထားပါသည်။


သမိုင်းတလျှောက်တွင် စကော့တလန်နိုင်ငံသားများသည် တီထွင်မှုများစွာ ပြုလုပ်ခဲ့ကြပါသည်။ တယ်လီဖုန်းတီထွင်သူ အလက်ဇန်းဒါးဂရေဟမ်ဘဲလ်သည် စကော့လူမျိုးဖြစ်ပြီး အခြားထင်ရှားသော စကော့တလန်တီထွင်မှုများမှာ ပန်နီစလင်ဆေး၊ အင်ဆူလင်ဆီးချိုဆေး၊ ရုပ်မြင်သံကြား၊ စက်ဘီးနှင့် ရေနွေးငွေ့အင်ဂျင်စက်တို့ ဖြစ်ပါသည်။ ကမ္ဘာ့ပထမဦးဆုံး အရောင်ဓာတ်ပုံကို စကော့တလန်တွင် ရိုက်ခဲ့ကြခြင်းဖြစ်ပြီး စကော့တလန်ရိုးရာအဆင်ရှိဖဲကြိုးပုံဖြစ်ပါသည်။ မြို့တော် အီဒင်ဘာသည်လည်း ကိုယ်ပိုင်မီးသတ်တပ်ဖွဲ့ရှိသည့် ကမ္ဘာ့ပထမဆုံးမြို့ဖြစ်ခဲ့ပါသည်။ စကော့တလန်သည် အားကစားတွင်လည်း ခေတ်ရှေ့ပြေးခဲ့ကြပါသည်။ ဂေါက်သီးရိုက်အားကစား မွေးဖွားရာမြေဖြစ်ပြီး ၁၅ ရာစုကတည်းက ကစားခဲ့ကြပါသည်။ ကမ္ဘာ့ပထမဆုံးဘောလုံးပွဲကိုလည်း ၁၈၇၂ခုနှစ်တွင် စကော့တလန်၌ကစားခဲ့ကြခြင်း ဖြစ်ပါသည်။


သမိုင်းကြောင်းကြီးခဲ့သော စကော့တလန်တွင် ရှေးဟောင်းအဆောက်အအုံများရှိပြီး ရဲတိုက်ပေါင်း ၃၀၀၀ ခန့်ရှိကာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားသည့်နေရာပေါင်း ၆ခုရှိနေပါသည်။ မြို့တော်အီဒင်ဘာမြို့တွင် နာမည်ကြီးနေရာများမှာ အီဒင်ဘာရဲတိုက်၊ Royal Mile လမ်းမကြီး၊ ဘုရင်မအဲလစ်ဇဘက် (၂)နေထိုင်နေသည့် Holyrood နန်းတော်၊ Arthur’s Seat မီးတောင်ဟောင်း၊ အမျိုးသားပြတိုက်၊ Calton တောင်ကုန်း၊ Scott အထိမ်းအမှတ်ကျောက်တိုင်တို့ပဲ ဖြစ်ပါသည်။


အကြီးဆုံးမြို့ ဂလက်စ်ဂို(Glasgow)တွင် မြစ်ကမ်းဘေးပြတိုက်၊ Kelvingrove အနုပညာပြခန်းနှင့်ပြတိုက်၊ လိုမွန်ရေကန်၊ Trossachs အမျိုးသားပန်းခြံတို့မှာ ထင်ရှားပါသည်။ စကော့တလန်၏ မြို့သေးလေးတစ်မြို့ဖြစ်သည့် Bonnybridge သည် ပန်းကန်ပြားပျံများမကြာမကြာတွေ့လေ့ရှိတဲ့မြို့အဖြစ် နာမည်ကျော်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ပန်းကန်ပြားပျံ အခု၃၀၀ကျော်လောက်တွေ့မြင်ရကြောင်း သတင်းပေးခံထိလေ့ရှိပါသည်။


အခြားထင်ရှားသော နေရာများမှာ Skye ကျွန်း၊ Callanish ကျောက်တုံးကြီးများ၊ Loch Ness Monster အကောင်ကြီးနေထိုင်သည့်ရေကန်အဖြစ် နာမည်ကြီးသည့် နက်စ်ရေကန်နှင့် အနီးရှိ Urquhart ရဲတိုက်ဟောင်းကြီး၊ စကော့တလန်ရှိ သမိုင်းဝင်နှင့်ဗိသုကာအရ အရေးကြီးဆုံးရဲတိုက်ဖြစ်သည့် စတာလင်ရဲတိုက်နှင့် Dunnottar ရဲတိုက်တို့ပဲ ဖြစ်ပါသည်။

ဆောင်နိုင်ကြီးရေတံခွန်နဲ့ ကျိုက်ထီးရိုး နေ့ချင်းပြန်ခရီး ( Golden Rock Pagoda, Myanmar)

ဆောင်နိုင်ကြီးရေတံခွန်နဲ့ ကျိုက်ထီးရိုး 

နေ့ချင်းပြန် Road Trip

ကျိုက်ထီးရိုးဘုရားရဲ့တောတောင်ရေမြေ သဘာဝအလှကတော့ ပြောစရာမလိုလောက်အောင်လှမှန်းသိပြီးသားပါ ဒါပေမဲ ကင်ပွန်းစခန်းနားက ဆောင်နိုင်ကြီး ရေတံခွန်ကိုတော့ ဒီလောက်လှမယ် မထင်ခဲ့ရိုးအမှန်ပါ။

IMG_6279-2-01

ရေတံခွန်ကြီးက အရမ်းကို အေးချမ်းသာယာတာပဲ။ တောထဲတောင်ထဲမှာ တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးတွေ၊ တဝေါဝေါကျနေတဲ့ ရေစီးသံလေးတွေနဲ့ အေးချမ်းလိုက်တာ။
ကျိုက်ထီးရိုးတောင်ခြေ ကင်ပွန်းစခန်းကနေ မြေနီလမ်းလေးအတိုင်း မိနစ် ၂၀လောက်မောင်းရင်ရောက်တော့ ကျိုက်ထီးရိုးဘုရားဖူးသွားရင်း ရန်ကုန်ကနေ နေ့ချင်းပြန်သွားလို့ရတယ်။

ဒီတော့ နေ့ချင်းပြန် ဘယ်သွားရမလဲ စဉ်းစားရကျပ်နေသူတွေအတွက် ကျိုက်ထီးရိုးဘုရားဖူးရင်း တောတွေတောင်တွေကြားက ရေတံခွန်လေးမှာ အေးဆေးအနားယူပြီး ရေဆော့နိုင်ပါတယ်လို့။ အချိန်ရရင် သုဝဏ္ဏဘူမိ Resort မှာ ကော်ဖီသောက်တာတို့ စိမ်းလဲ့တင် အပန်းဖြေစခန်းက Mini Zoo လေးထဲ အကောင်လေးတွေ သွားကြည့်တာတို့လည်း တစ်ခါထဲ လုပ်ခဲ့လို့ရပါတယ်။

ကျိုက်ထီးရိုး

ကျိုက်ထီးရိုးကတော့ ငယ်ငယ်လေးကတည်းကဖူးနေကြပါ။ ဒီတစ်ခါတော့ ၄နှစ်အရွယ်တူလေးလည်းပါတော့ တစ်ခါမှမရောက်ဖူးတဲ့ သူ့အစားရင်တွေခုန်နေပါတယ်။ ဟိုးအမြင့်ကြီးတောင်တွေပေါ်၊ တိမ်ပင်လယ်တွေကြားက ရွှေရောင်ဝင်းနေတဲ့ ကျိုက်ထီးရိုးစေတီကြီးက ဘယ်တော့ရောက်ရောက် ဖူးမဝ။ တောတောင်ရှုခင်းတွေဆိုလည်း ဘယ်တော့ရောက်ရောက်ကြည့်မဝ။

edf

edf

တောင်တက်ကားကြီးပေါ် တောင်အဆင့်အဆင့်ကွေ့ကာဝိုက်ကာ သွားရတာကိုလည်း အရမ်းသဘောကျတာ။ အခုတစ်ခေါက်မှာ ထူးခြားတာကတော့ တောင်တက်ကားတွေ အဆင့်မြင့်လာတာပါ။ ကားမှာ အမိုးတွေတပ်ထားသလို ထိုင်ခုံတွေမှာလည်း ခါးပတ်ကြိုးတွေတပ်ထားတယ်လို့။ တချို့ကားတွေဆို ထိုင်ခုံမှာ ဆိုဖာတပ်ထားတာတောင်တွေ့ရတယ်။ မဆိုးဘူးနော်။ Cable Car  နဲ့ ဆိုလည်း တောတောင်ရှုခင်းတွေ ပေါ်ကသွားရတာ အသည်းယားစရာလည်းကောင်း ပျော်စရာလည်းကောင်းပါတယ်။

20171031230200-01

20171031230301-01

နုမြတ်တို့က မနက်နောက်ကျမှ ၈ခွဲ-၉လောက်မှ ထွက်ဖြစ်တော့ ကင်ပွန်းစခန်းကို ၁၂လောက်မှရောက်တယ်။ တောင်ပေါ်မှာ ဘုရားဖူး ဓာတ်ပုံအေးဆေးရိုက် ထမင်းစားပြီးမှ ပြန်ဆင်းတာဆိုတော့ တောင်အောက်ကို ညနေ ၄ခွဲလောက်မှရောက်တယ်။ ကားကိုတော့ တောင်အောက် ကင်ပွန်းစခန်းက Feel စားသောက်ဆိုင် မျက်စောင်းထိုးက ဟိုတယ်ရှေ့မှာ ရပ်ထားခဲ့တယ်။ နေ့တဝက်ဆိုတော့ ကားရပ်ခ ၃၀၀၀ ပဲပေးရတယ်။

edf

 

ဆောင်နိုင်ကြီးရေတံခွန်

တောင်အောက်ပြန်ရောက်တော့ အဲ့မှာရပ်ထားတဲ့ကားပြန်ယူပြီး ဆောင်နိုင်ကြီးရေတံခွန်ဆီဆက်သွားခဲ့တယ်။ အဲ့ရေတံခွန်ကို ကင်ပွန်းစခန်းကနေ မိနစ်၂၀လောက် ကားလမ်းအတိုင်းသွားရင်ရောက်တယ်။ ကားလမ်းသိပ်မကောင်းသေးတော့ ကားကြီးနဲ့သွားမှအဆင်ပြေမယ်။ ကားပါမလာရင်တော့ ဆိုင်ကယ်ကယ်ရီနဲ့ တစ်ယောက် ၁၅၀၀ကျပ်နဲ့ ရေတံခွန်အရောက်လိုက်ပို့ပေးတယ်။

လမ်းမှာ ချောင်းတစ်ခုကိုတံတားနဲ့ဖြတ်ရတယ်။ အဲ့ချောင်းမှာတင် ခေတ်စကားနဲ့ပြောရရင် တစ်ကားရိုက်လို့ရတယ်။ ချောင်းဘေးမှာ တဲလေးတွေနဲ့ စားသောက်ဆိုင်လေးတွေ အစီအရီ။ ရေဆော့ဖို့ ဘောကွင်းတွေလည်း တွေ့ရတယ်။ တံတားပေါ်ဖြတ်ရင်း ဖြတ်ခနဲ လှမ်းကြည့်တာတောင် ရေအောက်ကကျောက်တုံးလေးတွေ လှမ်းမြင်ရလောက်တဲ့အထိရေကြည်တယ်။

20171031230337-01

အဲ့ကနေ တောလမ်းအတိုင်းဆက်မောင်းတဲ့အခါ ဝါးတိုင်လေးတွေ အစီအရီနဲ့ အဝင်ဝကို လှမ်းတွေ့ရတယ်။ အထဲမှာလည်း အလှဆင်ထားတာလေးတွေ ရှိတော့ ဓာတ်ပုံရိုက်လို့တော်တော်လှမယ်။ ကိုယ်တွေကတော့ နောက်ကျနေလို့ ရေတံခွန်ဆီပဲ တန်းသွားခဲ့ကြတယ်။ ရေတံခွန်ရောက်ဖို့ ကားပါကင်ကနေ တောလမ်းလေးအတိုင်း လမ်းလျှောက်သွားရတယ်။ လမ်းတလျှောက် စမ်းချောင်းလေးနဲ့ ရေတံခွန်အသေးလေးတွေနဲ့ အရမ်းသာယာတယ်။ စမ်းချောင်းဘေးမှာ ကျောက်တုံးတွေ ကျောက်ဆောင်တွေနဲ့ သဘောကျဖို့ကောင်းပါဘိ

edf

IMG_20171008_164822-01

ozedf

လျှောက်ရင်းလျှောက်ရင်း ဆိုင်တွေအစီအရီနဲ့ ရေဆော့တဲ့နေရာကိုရောက်ခဲ့တယ်။ အဲ့ဒီကနေ မိနစ်၂၀လောက်ထပ်လျှောက်ရင် ရေတံခွန်အကြီးရောက်မယ်တဲ့။ တောလမ်းကလည်းဖြစ် နောက်လည်းကျ ကလေးလည်းပါနေတော့ အဲ့အထိဆက်မသွားတော့ဘဲ လူအများရေဆော့တဲ့နေရာမှာပဲ ဆင်းဆော့ခဲ့ကြတယ်။

cof

အဲ့နေရာမှာတော့ လူရှင်းပြီး ဓာတ်ပုံရိုက်လို့လည်းလှတဲ့ အစွန်ဆုံးကိုသွားပြီး ရေထဲဆင်းဆော့ခဲ့ကြတာ။ ကိုယ်တွေဆော့တဲ့နေရာက ရေတံခွန်လေးတွေအများကြီးရှိပြီး တချို့နက်တဲ့နေရာက ရေတွေဆို စိမ်းပြာရောင်လေးတွေ ဖြစ်လို့ လှမှလှ။ တူလေးဆို ပျော်လွန်းလို့ ရေတွေနဲ့ လိုက်ပက်နေတာ။

IMG_6167

ချောင်းအလယ်က နေရာကို ရောက်ဖို့ ရေနည်းနည်းနက်တာကိုဖြတ်ရတယ်။ နက်တယ်ဆိုတာကလည်း ရင်ခေါင်းလောက်နက်တာပါ။ ရေတံခွန်အရှိန်နဲ့မျောမပါသွားအောင် ကမ်းတစ်ဖက်နဲ့တစ်ဖက် ကြိုးတန်းပေးထားတော့ သွားရအဆင်ပြေတယ်။ ရေတံခွန်တွေအလည်ရောက်တော့ ပျော်စရာပေါ့။

IMG_4355

အဲ့မှာသဘောကျတာတစ်ခုက ရေဆော့သူတွေ အန္တရာယ်မရှိအောင် ကမ်းစပ်မှာ ရွာသားတွေ စောင့်ပေးခိုင်းထားတာ။ ရေတံခွန်မှာကြိုက်တဲ့အချိန်ထိနေလို့ရတယ်။ ဧည့်သည်တွေပြန်မှ သူတို့လည်း ပြန်ရတာတဲ့လေ။

IMG_4360-2

အဲ့မှာရေဆော့ပြီး ပုံတွေအမုန်းရိုက်ပြီးတာနဲ့ မှောင်လည်း မှောင်စပြုလာပြီဆိုတော့ ရေစိုအဝတ်တွေလဲပြီးတာနဲ့ပြန်လာခဲ့ကြတယ်။ ညစာကိုတော့ ကျိုက်ထိုက Feel မှာပဲ ဝင်စားခဲ့ကြတယ်။ ည၁၁ နာရီလောက်ပြန်ရောက်ပါတယ်။

IMG_6123

ဒါကတော့ ကျိုက်ထီးရိုးဘုရားဖူးရင်း ဆောင်နိုင်ကြီးရေတံခါန်မှာ ရေကစားခဲ့ကြတဲ့ အတွေ့အကြုံတွေပါ။ တန်ဆောင်တိုင်ရုံးပိတ်ရက် အဲ့ဒီလိုလည်း နေ့ချင်းပြန်ခရီးထွက်လို့ရပါတယ်လို့။

ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ တန်ဆောင်တိုင်ဖြစ်ပါစေနော်။

ချစ်တဲ့
နုမြတ်

အိုက်စလန်မှာ ဥတ္တရအလင်းတန်း ရှာပုံတော် ဖွင့်ခဲ့တုန်းက… (Northern Light Hunt in Iceland)

Iceland မှာ

ဥတ္တရအလင်းတန်း ရှာပုံတော် ဖွင့်ခဲ့တုန်းက…

ဥတ္တရအလင်းတန်းလို့ခေါ်တဲ့ Northern Light ကိုမြင်ရဖို့ဆိုတာ Traveller အတော်များများရဲ့ အိပ်မက်ပါ… ခရီးသွားအများစုရဲ့ Bucket List ထဲမှာ ပါလေ့ရှိကြပါတယ်။
Northern Light မြင်ရဖို့ဆိုတာ အင်မတန်ကံကောင်းမှ ဖြစ်မှာပါ။ Northern Light ပေါ်တဲ့ နိုင်ငံနဲ့ နေရာ ဖြစ်ရမယ့်အပြင် မြင်ရတဲ့ ရာသီလည်းဖြစ်ရပါမယ်။ ဒါတောင်သူက ပေါ်ချင်မှပေါ်ဦးမှာပါ။ တိမ်ကင်းစင်ပြီး သံလိုက်လှိုင်းတွေလည်း အားကောင်းနေရပါဦးမယ်။ အဲ့လိုအားကောင်းဖို့ကလည်း အတော်ရှားပါတယ်။ ဆိုတော့ကာ အင်မတန် ကံကောင်းမှ မြင်ရနိုင်တဲ့အရာပါ။

2019_10_25_08_19_IMG_4572.JPG

နုမြတ်ကတော့ အရင်လက Iceland ရောက်တုန်းက ကံကောင်းထောက်မစွာနဲ့ မြင်ရခဲတဲ့ ဒီ Northern Light ကြီးကို အားရပါးရတွေ့ခဲ့ရပါတယ်။ Iceland ရောက်နေတဲ့ ငါးရက်တာကာလအတွင်း ၃-၄ရက်လောက်မှာကို ပေါ်နေတာပါ။ နောက်ဆုံးရက်မှာဆိုရင် မိုးတောင်မချုပ်သေးဘူး Northern Light ကို မှောင်စပျိုးနေတဲ့ ကောင်းကင်ပြာပြာပေါ်မှာ ကားစီးနေရင်းနဲ့ လှမ်းမြင်ရတဲ့အထိ ကံကောင်းခဲ့ပါတယ်။

2019_10_27_08_03_IMG_4580.jpg

နုမြတ် Iceland ကိုသွားခဲ့တာ ထူးခြားတဲ့ မြေမျက်နှာသွင်ပြင်တွေကြောင့်ဖြစ်သလို Northern Light မြင်ဖူးချင်တာကြောင့်လည်း ပါပါတယ်။ Iceland ဘယ်လောက်ဈေးကြီးကြီး နုမြတ်တော့ Northern Light ကို မြင်လိုက်ရတာနဲ့ Iceland လာရကျိုးနပ်သွားပါပြီ 😍

 

Northern Light ဆိုတာ 

————————————–

Northern Light ဆိုတာဟာ ညဉ့်ကောင်းကင်ယံမှာ ဖြာထွက်တောက်ပနေတတ်တဲ့ ရောင်စုံ အလင်းတန်းတွေပါပဲ။ Northern Lights ကို Aurora Borealis လို့လည်း ခေါ်ကြပါသေးတယ်။ အတိုကောက်ကတော့ Aurora ပေါ့နော်။
Northern Lights တွေဟာ ကမ္ဘာမြေမြင် အထက် မိုင် ၆၀ နဲ့ ၁၅၀ လောက်မှာ ဖြစ်ပေါ်လေ့ရှိကြပါတယ်။ Nothern Light က ပေါ်ဖို့ခက်သလို ပေါ်ပြီဆိုရင်လည်း အမြဲပေါ်နေတာမျိုးလည်းမဟုတ်ပါဘူး။ တစ်ခါပေါ် အကြာဆုံးနာရီဝက်လောက်ပါ။ ပေါ်တဲ့အခါမှာလည်း ကောင်းကင်ထဲမှာ ကနေသလို၊ လွင့်နေသလို ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာပါ။ သဘာဝတရားကြီးက ဆန်းကြယ်သားနော်။ မှော်ပညာနဲ့ ဖန်တီးထားသလားတောင် ထင်မှတ်မှားရလောက်ပါပေတယ်။

ဘာအရောင်တွေရှိလဲ 

——————————-

Northern Light ကို အဓိကအားဖြင့် အစိမ်းရောင်အနေနဲ့မြင်ရပေမဲ့ တစ်ခါတလေ အစိမ်းရောင်နဲ့အတူ အနီလေးတွေ ခရမ်းလေးတွေပါ ပေါ်တတ်တယ်တဲ့။ အပြာရောင်လေးတွေလည်း ရှားရှားပါးပါး ပါလာတတ်သေးတဲ့။ ကိုယ်တွေတွေ့ခဲ့တာကတော့ အစိမ်းရောင်ပါ။

Colorful Aurora over Jokulsarlon
Colorful Aurora over Jokulsarlon Photo – Credit

ဘယ်လိုဖြစ်ပေါ်လာတာလဲ 
——————————–

Aurora (သို့) Northern Lights တွေက တကယ်တော့ လျှပ်စစ်သံလိုက်လှိုင်းတွေပါ။ Solar Wind ဖြစ်စဉ်ကြောင့် နေမှာရှိတဲ့ လျှပ်စစ်ဓာတ်ဆောင်အမှုန်လေးတွေက ကမ္ဘာ့လေထုထဲကို ရောက်ရှိလာပြီး လေထုထဲက ဓာတ်ငွေ့အမှုန်တွေနဲ့ ပွတ်တိုက်တာကြောင့် လျှပ်စစ်သံလိုက်လှိုင်းတွေ ဖြစ်ပေါ်လာတာပါ။

Solar Wind ဖြစ်စဉ်ကတော့ ဒီလိုပါ။ နေရဲ့ မျက်နှာပြင် အပူချိန်က ၅၈၀၀ ကယ်ဗင်ထိ ပူပြင်းပါတယ်။ နေကအရမ်းပူပြင်းသလို နေမှာရှိတဲ့ ဓာတ်ငွေ့မော်လီကျူးတွေဟာ အချင်းချင်း အကြိမ်များစွာပွတ်တိုက်ပြီး ပြင်းပြင်းထန်ထန် ပေါက်ကွဲတတ်ကြပါတယ်။ အဲ့လိုပေါက်ကွဲမှုဖြစ်တဲ့အခါ အီလက်ထရွန်နဲ့ ပရိုတွန်အမှုန်တွေဟာ နေကနေလွတ်ထွက်ကာ အာကာသကို လွင့်စင်သွားကြပါတယ်။ အဲ့ဒီအခါမှာ ကမ္ဘာလေထုထဲကိုပါ ဒီအမှုန်တွေ ရောက်ရှိလာကြပါတယ်။
ဒါပေမဲ့ ကမ္ဘာ့သံလိုက်စက်ကွင်းကလည်း အားပြင်းတော့ ဒီအမှုန်တွေက ကမ္ဘာမြေပေါ် တိုက်ရိုက်မကျရောက်နိုင်ဘဲ သံလိုက်စက်ကွင်း အားအပျော့ဆုံးဖြစ်တဲ့ ဝင်ရိုးစွန်းဒေသတွေဆီ လမ်းကြောင်းသွေဖယ်သွားကြပါတယ်။ ဝင်ရိုးစွန်းဒေသတွေဆီ ရောက်ရှိတဲ့အခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဓာတ်ငွေ့အမှုန်တွေနဲ့ နေကနေ လွင့်စင်လာတဲ့ လျှပ်စစ်ဓာတ်ဆောင် အမှုန်တွေ ပွတ်တိုက်ကြပြီး လျှပ်စစ်သံလိုက်လှိုင်းတွေဖြစ်ပေါ်ကာ ဥတ္တရအလင်းတန်းအဖြစ် မြင်တွေ့ရတာပါ။

2019_10_25_01_31_IMG_2653.JPG

Northern Light မြင်ရတဲ့နေရာတွေ ‼️
——————————————

Northern Lights ကို ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေဖြစ်တဲ့ ကမ္ဘာ့မြောက်ဖက်စွန်းပိုင်းနဲ့ ကမ္ဘာ့တောင်ဖက်စွန်းပိုင်းတွေမှာသာ တွေ့ရတာပါ။ အဓိကမြင်တွေ့နိုင်တဲ့နေရာတွေကတော့ Alaska နဲ့ ကနေဒါနိုင်ငံပါ။ ဥရောပနိုင်ငံတွေထဲမှာဆိုရင်တော့ နုမြတ်ရောက်ခဲ့တဲ့ Iceland အပြင် Greenland နဲ့စကင်ဒီနေးဗီးယားနိုင်ငံတွေဖြစ်တဲ့ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နဲ့ ဒိန်းမတ်တို့မှာ တွေ့ရမှာပါ။ ရုရှားနိုင်ငံမြောက်ပိုင်းတွေမှာလည်း တွေ့နိုင်ပါတယ်။ အဲဒီထဲကမှ ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာက နော်ဝေနိုင်ငံထဲက Lofoten ကျွန်းစုတဲ့လေ။ ဘာကြောင့်လဲဆိုတော့ Lofoten ကျွန်းကဆောင်းရာသီတွေမှာ တအားမအေးလို့ပါ။ ကိုယ်တွေ သွားခဲ့တဲ့ Iceland ကတော့ ကျွန်းနိုင်ငံမို့လို့လေတအားကြမ်းပါတယ်။ အေးရတဲ့ကြားထဲ လေကလည်း တအားတိုက်တော့ အေးအေးဆေးဆေးကြည့်လို့ မရတဲ့အတွက် Northern Light ကို အဓိကထားကြည့်ချင်တယ်ဆိုရင် Iceland ကို Recommend မပေးချင်ပါဘူး။

NORWAY-NATURE-ARCTIC-AURORA-BOREALIS
Northern lights (aurora borealis) illuminate the sky over Reinfjorden in Reine, on Lofoten Islands, Arctic Circle, on September 8, 2017. / AFP PHOTO / Jonathan NACKSTRAND (Photo credit should read JONATHAN NACKSTRAND/AFP/Getty Images)

ဘယ်အချိန်မှာ အမြင်ရဆုံးလဲ 
——————————————

Northern Light ကို မြင်ရဖို့ဆိုတာ မြောက်ပိုင်းနိုင်ငံတွေဖြစ်ဖို့လိုသလို ဆောင်းတွင်းဖြစ်ဖို့လည်း လိုပါသေးတယ်။ ဆောင်းတွင်းကာလတွေဖြစ်တဲ့ အောက်တိုဘာလကနေ မတ်လအထိက Northern Light ရာသီပါ။ ဆောင်းတွင်းညတွေမှာ ညမှောင်တာနဲ့ မြင်ရနိုင်ပေမဲ့ ည၁၀နာရီနဲ့ မနက်၁နာရီကြားကတော့ ဓာတ်ပုံရိုက်လို့အကောင်းဆုံးပါ။ ဒါပေမဲ့ ညတိုင်းလည်း မမြင်နိုင်ပါဘူး။ တိမ်ကင်းစင်တဲ့ညဖြစ်ဖို့လိုသလို အလင်းတန်းတွေ ကွန့်မြူးအားကောင်းနေမှသာ ကောင်းကောင်းမြင်ရမှာပါ။

shutterstock_536321737-by-thampitakkull-jakkree
Aurora Dancing over Iceland landmark Kirkjufell mountain Photo Credit – hampitakkull-jakkree

ပေါ်မပေါ် ကြိုသိနိုင်လား
——————————-

Northern Light ကို ၃ရက်ပဲ ကြိုပြီးခန့်မှန်းလို့ရတာပါ။ ဘယ်နေရာတွေမှာ ပြင်းအားဘယ်လောက်ပေါ်မလဲဆိုတာကို ခန့်မှန်းလို့ရတဲ့ Website တွေ App တွေရှိပါတယ်။ Aurora လို့ခေါ်တဲ့ App လေးကို ဖုန်းထဲသွင်းထားလိုက်ပါ။ သံလိုက်လှိုင်းအား အပြင်းအပျော့ပေါ်မူတည်ပြီး Level 1 to 7 အထိရှိပါတယ်။ Level 7 ဆို လျှပ်စစ် သံလိုက်လှိုင်းတွေ အားအပြင်းဆုံးပေါ့။ ကိုယ်တွေကြည့်တဲ့ညက Level 5 ဆိုတော့ အတော်ကို ကံကောင်းပါတယ်။ ပုံမှန်က Level 1-2 လောက်ပဲမြင်ရတာတဲ့။ 6-7 ကမရှိသလောက်ပဲတဲ့။ 5 ဆိုတာတော်တော်ကောင်းနေပြီတဲ့လေ။ တကယ်လည်း ကောင်းကင်ကြီးတစ်ခုလုံး စိမ်းနေတာ ပုံထဲမှာသာကြည့်ကြည့်ပါတော့။ ဒါတောင်ရိုက်ခါနီး ကင်မရာအဆင်မပြေလို့ ဖုန်းကို လက်နဲ့ကိုင်ရိုက်ထားတာပါ။ ကင်မရာနဲ့ Tripod နဲ့ဆို ပိုတောင်ကောင်းပါဦးမယ်။

2019_10_25_14_27_IMG_2690.JPG

Northern Light ရှာပုံတော် Tour တွေ
—————————————–

Iceland မှာက Northern Light Hunting လို့ခေါ်တဲ့ ဥတ္တရအလင်းတန်း ရှာပုံတော် Tour တွေ ညဘက်မှာ ထွက်လေ့ရှိပါတယ်။ Northern Light ထွက်မထွက်က အစောကြီး ကြိုမသိနိုင်တော့ Tour ကို အစောကြီးကြိုမဝယ်ရဲပါဘူး။ ရောက်တဲ့အခါမှ Northern Light ခန့်မှန်းတဲ့ Website တွေကြည့်ပြီး အားအပြင်းဆုံးရက်ကို ရွေးပြီး Tour ဝယ်ခဲ့ပါတယ်။
Northern Light ကြည့်တဲ့ Northern Light Hunting Tour တွေကလည်း Company အမျိုးမျိုး ဈေးအမျိုးမျိုးရှိပါတယ်။ $50 ကနေ $100 ကျော်ထိ အစားစားရှိပါတယ်။ တချို့ Tour တွေဆို Northern Light နဲ့ နောက်ခံထားပြီး ဓာတ်ပုံပါရိုက်ပေးတဲ့ Service တောင် ပါပါတယ်။ Northern Light က မီးအလင်းရောင်တွေ မရှိ မဲမှောင်နေတဲ့ ကွင်းပြင်ထဲသွားပြီး ကြည့်ရတာဆိုတော့ နုမြတ်တို့တည်းတဲ့ မြို့တော် Reykjavik ကနေ မြို့ပြင်ကို နာရီဝက်တစ်နာရီလောက်မောင်းသွားရပါတယ်။ အဲ့ဒီတော့ Tour တွေက ည၈နာရီ-၉နာရီလောက်မှာ စထွက်တတ်ပြီး စုစုပေါင်း ၃-၄နာရီလောက်ကြာတတ်ပါတယ်။

ကိုယ်တွေ့အတွေ့အကြုံ
—————————

နုမြတ်တို့က တည်းတဲ့ ဟိုတယ်ကနေ ရောင်းတဲ့ Tour ကို Booking တင်ခဲ့ပါတယ်။ Tour အရ ည ၈နာရီ ဟိုတယ်ကို လာခေါ်ရမှာပါ။ ဒါပေမဲ့ ရာသီဥတုအကြောင်းပြပြီး Tour cancel ဖြစ်ကာ မထွက်ဖြစ်ကြောင်းကို ညနေလောက်မှာမှ Email လှမ်းပို့ပါတယ်။ အဲ့နေ့ကတစ်နေကုန် လျှောက်လည်နေတော့ ဖေဖေက Email ဝင်တာကို မသိလိုက်ပါဘူး။ ညဘက်လာကြိုခါနီးမှတွေ့လိုက်ပြီး အားလုံးစိတ်ပူသွားကြပါတယ်။ Website တွေ App တွေမှာတော့ ဒီညမှာ Northern Light ပေါ်မယ့်အပြင် အားတောင်မှ ကောင်းနေတာဆိုတော့ ကိုယ်တွေလည်း ဇဝေဇဝါဖြစ်သွားတာပေါ့။ ဟိုတယ်က ဝန်ထမ်းတွေကို မေးကြည့်တော့လည်း ရာသီဥတုကောင်းနေတာကို ဘာလို့ Tour Cancel လဲမသိ ထူးဆန်းတယ်ဆိုပြီး ပြောပါတယ်။

ဟိုတယ်က တခြားဧည့်သည်တွေကို တခြား Tour car တွေကလည်း တစ်စီးပြီးတစ်စီးလာခေါ်နေပါပြီ။ ကိုယ်တွေသာ ဘာလုပ်ရမှန်းမသိ ခေါင်းမီးတောက်နေရော။ Hotel မှာ ဧည့်သည်လာခေါ်တဲ့ Tour တွေကို ခုမှဝယ်ပြီးလိုက်မယ် လုပ်ပြန်တော့လည်း နေရာပြည့်နေလို့ လက်မခံကြပါဘူး။ Online မှာကလည်း အချိန်နောက်ကျနေလို့ Tour တွေဝယ်လို့မရတော့ပါဘူး။ Taxi ကို မေးကြည့်တော့လည်း စီးလုံးငှားတဲ့ဈေးကများပါတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတုန်း ကံတရားက ကိုယ့်ဘက်ပါပြီး ည၉နာရီထွက်တဲ့ Tour တစ်ခုမှာ နေရာရှိနေပါတယ်။ ဟိုတယ်ကိုလာခေါ်တဲ့ Tour Car တစ်ခုမှာပေါ့။ အဲဒါနဲ့ ကိုယ်တွေလည်း ဝမ်းသာအားရ လိုက်သွားခဲ့ကြပါတယ်။

2019_10_25_14_27_IMG_2691

ကားကမြို့ပြင်နည်းနည်းထွက်လိုက်တာနဲ့ ကားပေါ်ကနေ Northern Light တွေကို စမြင်နေရပါပြီ။ ကားဆရာက လမ်းကြားတစ်ခုထဲချိုးပြီး အလင်းရောင် ပိုပြီးမြင်ရမယ့် လူလည်းရှင်းမယ့် ကွင်းပြင်တစ်ခုစီ မောင်းခေါ်သွားပါတယ်။

ကားပေါ်ကဆင်းလည်း ဆင်းရော အားလားလား လေတွေလေတွေ တိုက်တယ်ဆိုတာ လူတောင်လွင့်ထွက်မတတ်ပါပဲ။ Iceland ကလေပြင်းရတဲ့အထဲ ကွင်းပြင်ကြီးထဲဆိုတော့ လေတအားထန်နေတာပေါ့။ ဒီရက်ပိုင်းကလည်း လေထန်တဲ့ရက်ဖြစ်နေတော့ အရမ်းဆိုးပေါ့။ တစ်နာရီမိုင်၇၀ ကျော်နှုန်း အရှိန်ပြင်းပြင်းနဲ့တိုက်နေတာပါ။ လေထန်ရတဲ့အထဲ ရာသီဥတုကလည်း တအားအေးတာပဲ။ အပူချိန်က အနှုတ်ပြနေတော့ ရာသီဥတု တအားဆိုးပါတယ်။ မှောင်မှောင်မဲမဲထဲ လေအေးကြီးတွေ ဖြတ်ဖြတ်တိုက်တာဆိုတော့ စဉ်းစားသာကြည့်ပါတော့။

ဒါပေမဲ့လည်းလေ ကောင်းကင်ကြီးတစ်ခုလုံးအပြည့် ဥတ္တရအလင်းတန်းတွေ ကွန့်မြူးနေတော့ ရာသီဥတုဆိုးတာလည်း ဂရုမစိုက်နိုင်ပါဘူး။ မြင်ရခဲတဲ့၊ ထူးဆန်းတဲ့ သဘာဝတရားကြီးကို တအံ့တအော ငေးကြည့်မိတာပါပဲ။ အမယ် ဥတ္တရအလင်တန်းလေးတွေက ငြိမ်ငြိမ်မနေဘူးတော့။ ပေါ်လိုက်ပျောက်လိုက်နဲ့ ကပြဖျော်ဖြေနေသလိုလို…

တကယ်တော့ Northern Light က ဓာတ်ပုံတွေထဲမှာ မြင်ရသလို အစိမ်းတောက်တောက်မဟုတ်ပါဘူး။ အစိမ်းနုနုဖျော့ဖျော့လေးတွေ ကောင်းကင်မှာ ပေါ်နေတာပါ။ တိမ်လွှာလေးတွေမှာ အစိမ်းနုလေး သန်းနေသလိုလေးပေါ့။ အစိမ်းဖန့်ဖန့်လေးတွေက ကင်မရာထဲရောက်သွားတဲ့အခါ အစိမ်းရင့်ရင့်တောက်တောက်လေးတွေဖြစ်သွားပြီး သိပ်လှတဲ့ ပုံရိပ်တွေ ဖြစ်ပေါ်လာတာပါ။

 

အထင်နဲ့အမြင်
—————–

အရင်ကတွေးထားတာတော့ Northern Light သွားကြည့်တဲ့အခါ ဖြူဖြူဖွေးတဲ့နှင်းတောထဲ ချောကလက်ခွက်ပူပူလေးကိုင်ပြီး ကောင်းကင်မှာကနေတဲ့ ဥတ္တရအလင်းတန်းလေးကို အေးအေးဆေးဆေး ငေးကြည့်မယ်ပေါ့။ တကယ့်လက်တွေ့မှာတော့ ကမ္ဘာပျက်နေတဲ့ အတိုင်းပါပဲ။

Northern Light က ပေါ်တာရှားသလို ပေါ်ရင်လည်း အမြဲပေါ်နေတာမဟုတ်တော့ ပေါ်တုန်းလေးကို ဓာတ်ပုံတွေ အသည်းအသန် လုရိုက်ကြရတာပါ။ ညကြီးသန်းခေါင် မှောင်မဲသဲနေတဲ့ နေရာမှာ ကင်မရာတွေ Tripod တွေထောင်ရ Setting ချိန်ရတာလည်း ထင်သလောက်မလွယ်ပါဘူး။ ရိုက်နေကြမှ အဆင်ပြေမှာပါ။ ကိုယ်တော့ စိတ်မရှည်လို့ ဖုန်းနဲ့ရိုက်ကြည့်တာ အဆင်ပြေနေလို့ ဖုန်းပဲရိုက်လိုက်ပါတော့တယ်။ Night Mode ရိုက်လို့ရတဲ့ ကင်မရာကောင်းတဲ့ဖုန်းဖြစ်ဖိုကတော့ လိုပါလိမ့်မယ်။

အပူချိန်ကလည်း အနှုတ်ပြနေတော့ အေးလွန်းလို့ လက်အိတ်ချွတ်လိုက်ရင် လက်တွေကျင်တက်၊ နားတွေပါကိုက်၊ နှာရည်တွေပါကျပါတယ်။ လေကလည်း တစ်နာရီမိုင်၇၀ ကျော်နှုန်း အရှိန်ပြင်းပြင်းနဲ့တိုက်နေပါသေးတယ်။ အရှိန်ပြင်းလွန်းလို့ ကိုယ်လို ကိုယ်လုံးထွားတဲ့လူပါ လွင့်လွင့်ထွက်နေတာပါ။ ဖုန်းကိုဆို မနည်းငြိမ်အောင်ကိုင်ရပါတယ်။ အခုလိုပုံတွေကို Tripod မပါဘဲ ဖုန်းနဲ့ရိုက်ဖို့ဆိုတာတော်တော့်ကိုမလွယ်တာပါ။ ဒါပေမဲ့ ပုံလေးတွေ မဆိုးလို့တော်ပါသေးတယ်။

2019_10_25_13_11_IMG_2696.JPG

Northern Light ဓာတ်ပုံရိုက်နည်း
——————————————

Northern Light ဓာတ်ပုံရကောင်းကောင်းလိုချင်တယ်ဆိုရင်တော့ ရိုးရိုးကင်မရာနဲ့ ရိုက်လို့မရပါဘူး။ DSLR တို့ Mirrorless Camera တို့လို Setting ပြောင်းလို့ရတဲ့ ကင်မရာနဲ့မှ ရမှာပါ။ Wide lens နဲ့ဆိုပိုကောင်းပါတယ်။ Tripod လည်းလိုပါမယ်။ ဘက်ထရီအပိုလည်း လိုလိုမယ်မယ်ဆောင်ထားပါ။ အမှောင်ထဲ ခြေမချော်အောင်နဲ့ လူကိုပါရိုက်ရင် အလင်းရောင်ရအောင် ဓာတ်မီးလည်းလိုပါမယ်။ Headlight ဆို လက်မှာကိုင်စရာ မလိုတော့ပါဘူး။

ရိုက်ရမယ့် ကင်မရာ Setting ကတော့…
ISO – 800-1600
Aperture – 3.5 နဲ့ အောက်
Exposure 10-20 စက္ကန့်နဲ့
Focus က Manual ပါ။
Timer ပေးပြီးရိုက်ရင် Handshake မဖြစ်တော့ပါဘူး။

အဲ့လို ကင်မရာတွေမဟုတ်ဘဲ နောက်ဆုံးပေါ်ဖုန်းတွေနဲ့ဆိုလည်း ကောင်းကောင်းရိုက်လို့ရပါပြီ။ ဒါပေမဲ့ Night Mode နဲ့တော့ ရိုက်ရမှာပါ။ Exposure ကြာကြာချိန်နိုင်တဲ့ Manual setting နဲ့ ရိုက်နိုင်တဲ့ ဖုန်းတွေဆိုလည်း ဖုန်းနဲ့တင် အဆင်ပြေနေပါပြီ။ နုမြတ်ပုံတွေဆိုရင် Iph 11 Max Pro ရယ်၊ Galaxy Note 10 ရယ်နဲ့ ရိုက်ထားတာပါ။ Tripod တောင်မပါပါဘူး။ လက်နဲ့ကိုင်ရိုက်ထားတာပါ။

Aurora Show in Perlan Museum
Aurora Show in Perlan Museum Photo – Perlan Museum

******
Tips
******

Northern Light ကြည့်မယ့်သူတွေ ဒီအချက်လေးတွေ သတိထားပါနော်။
☑️အနွေးထည်ထူထူလိုပါမယ်။ နုမြတ်ကတော့ Uni Qlo က Heattech အင်္ကျ ီနှစ်ထပ်ပေါ် လေကာအင်္ကျ ီ ထပ်ဝတ်ထားပြီး ဘောင်းဘီကိုလည်း ဂျင်းဘောင်းဘီအောက် Heattech Stocking ခံဝတ်ထားပါတယ်။ နားလုံတဲ့ သိုးမွှေးဦးထုပ်နဲ့ လက်အိတ်ထူထူလည်း လိုပါလိမ့်မယ်။ နားမလုံရင် နားထဲလေတိုးလို့ balance တောင်မမှန်တဲ့ အထိဖြစ်တတ်ပါတယ်နော်။

☑️နုမြတ်တို့ သွားခဲ့တဲ့ကားက ၁၂ယောက်လောက်ဆန့်တဲ့ ကားပါ။ လူအများကြီးပါတဲ့ ဘတ်စ်ကားတွေလည်း တခြား Tour တွေကနေ ထွက်ပါတယ်။ ကားသေးလေ ဈေးပိုကြီးလေပါ။ ဘာလို့လည်းဆိုတော့ ကားသေးတွေက ကားကြီးတွေက ဝင်မရတဲ့ လမ်းကိုဝင်နိုင်လို့ Northern Light ရှာပုံတော် ဖွင့်ရာမှာ ပိုအဆင်ပြေပါတယ်။ ကားကြီးတွေက လမ်းမကြီးဘေးမှာပဲ ကပ်ရပ်ကြရတာဆိုတော့ ကားတွေဖြတ်သွားတဲ့အခါ ဓာတ်ပုံရိုက်ရတာ သိပ်မကောင်းပါဘူး။

☑️Northern Light အလှကို အပြင်မှာကိုယ်တိုင်ကိုယ်ကျခံစားသလို သူများရိုက်ထားပြီးသားအသင့်ကို အရုပ်ရောအသံနဲ့ပါခံစားကြည့်လိုက်ပါ။ Reykjavik မြို့ထဲက Perlan ပြတိုက်မှာ Aurora Show ရှိပါတယ်။ အမိုးခုံးခန်းမကြီးမှာ အမိုးအပြည့် Screen ကြီးထဲ Iceland နိုင်ငံအနှံ့ရိုက်ထားတဲ့ Northern Light Video ကို ကြည့်ရတာ တကယ်ပျော်ဖို့ကောင်းပါတယ်။ သီချင်းတွေရော ရိုက်ချက်တွေရော ကောင်းလွန်းလို့ အပြင်မှာ ကိုယ်တိုင်ကြည့်နေရသလို ခံစားရပါတယ်။ Northern Light ဖြစ်ပေါ်လာပုံတွေရော ဒဏာရီပုံပြင်တွေပါ ရှင်းပြထားတာ တစ်ချက်မှ မပျင်းရပါဘူး။ အဲ့ Show ကို သွားကြည့်ဖို့တော့ Recommend ပေးပါတယ်။

☑️ မြို့ထဲမှာ Aurora Reykjavikဆိုတဲ့ ပြတိုက်လည်းရှိပါသေးတယ်။ အဲ့ကိုတော့ မရောက်ခဲ့ရလို့ သေချာမသိပါဘူး။ စိတ်ဝင်စားရင် သွားကြည့်လို့လည်း ရပါတယ်နော်။

2019_10_25_06_52_IMG_4570.jpg

ဒါကတော့ ဥတ္တရအလင်းတန်းလို့ခေါ်တဲ့ Northern Light (Aurora) အကြောင်းနဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ တကယ်သွားကြည့်မယ့်သူတွေအတွက် လိုအပ်မယ့် အချက်အလက်တွေကို သိသလောက် ပြောပြထားတာပါ။ ဗဟုသုတ တစ်ခုခုရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။
Northern Light အလှကို အားလုံးမြင်ရအောင် အင်တာနက်က ပုံလေးတွေကိုပါ ရှာထည့်ပေးလိုက်ပါတယ်နော်။

ကြိုက်ရင် Like နဲ့ Share လုပ်ပေးပါဦးနော်။ နောက်ထပ်လည်း စိတ်ဝင်စားစရာနေရာတွေ အကြောင်းအရာတွေ တင်ဆက်ပေးသွားဦးမှာပါ…

ချစ်ခင်လျှက်
Dr.Nu Myat

ကမ္ဘာကျော် ရေပေါ်မြို့လေး ဗင်းနစ် (Venice, Floating City)

ကမ္ဘာကျော် ရေပေါ်မြို့လေး

ဗင်းနစ်

Snapseed-31-01

ရေပေါ်မြို့လေး၊ အချစ်မြို့တော်၊ မျက်နှာဖုံးမြို့တော် စသဖြင့် အမည်တွင်တဲ့ ဗင်းနစ်မြို့လေးဟာ ကမ္ဘာပေါ်မှာ အလှဆုံးမြို့တွေထဲက တစ်မြို့ပါ။ တူးမြောင်းတွေ၊ တံတားတွေ အဆောက်အအုံတွေနဲ့ မြို့လေးရဲ့ နေရာတိုင်းဟာ လေဟာပြင်ပြတိုက်လို ကြည့်လို့မကုန်နိုင်လောက်အောင်လှပါတယ်။ ရေပေါ် Venice မြို့နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်တွေက အများကြီးပဲ… သိသလောက်ပြောပြမယ်လေနော်…

#ပင်လယ်ရေပြာအိုင်ထဲမှာတည်ရှိတဲ့မြို့

ဥရောပတိုက်တောင်ဘက်ရှိ အီတလီနိုင်ငံအရှေ့မြောက်ဘက်မှာရှိတဲ့ ဗင်းနစ်မြို့က ရေပေါ်မြို့ဆိုပေမဲ့ ကမ်းခြေမြို့တော့ မဟုတ်ဘူး။ ပင်လယ်နဲ့ နီးပေမဲ့ ပင်လယ်ထဲမှာ ရှိတာလည်း မဟုတ်ပြန်ဘူး။ ပင်လယ်ထုံးအိုင်လို့ခေါ်ရမယ့် ပင်လယ်နဲ့ဆက်နေတဲ့ ရေပြာအိုင်ကြီးထဲမှာ ရှိနေတာပါ။ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျွန်းတန်းတွေက ပင်လယ်ကို ခြားထားပေးလို့ အိုင်လိုဖြစ်ပေါ်နေတဲ့ထဲမှာ ရှိနေတာပါ။ ဒါကြောင့်လည်း  မြို့ထဲတူးမြောင်းတွေထဲ စီးဆင်းနေတဲ့ ရေတွေက ကြည်လင်လှတဲ့ စိမ်းပြာရောင် ပင်လယ်ရေတွေ ဖြစ်နေတာပါ။ ဒီရေစိမ်းစိမ်းလေးတွေကြောင့်လည်း မြို့အလှ ပိုတိုးနေတာပေါ့။

Snapseed-65-01

#ရေလမ်းနဲ့ပဲသွားလာကြတဲ့မြို့

ရေပေါ်မြို့ဆိုတဲ့အတိုင်း မြို့လေးဟာ လူလုပ်ကျွန်းပေါင်း ၁၁၈ကျွန်းပေါ်တည်ထားတာဖြစ်ပြီး ကျွန်းတွေကို ဆက်သွယ်ပေးထားတဲ့ တံတားပေါင်း ၄၀၀ကျော်ရှိပါတယ်။ မြို့လေးမှာ ကားလမ်း ရထားလမ်းဘာဆိုဘာမှ မရှိပါဘူး။ တစ်နေရာနဲ့ တစ်နေရာ သွားချင်ရင် လမ်းလျှောက်ရင်လျှောက်၊ မလျှောက်ရင် ရေလမ်းကနေသွားမှ ရမှာပါ။ ကျွန်းတွေကြားမှာရှိတဲ့ တူးမြောင်းတွေကနေ လှေတွေ၊ စက်လှေတွေ၊ သင်္ဘောတွေနဲ့ သွားကြရပါတယ်။ တက္ကစီတွေ၊ ဘတ်စ်ကားတွေ၊ အရေးပေါ်ယာဉ်တွေကအစ ရေပေါ်ရှပ်ပြေးယာဉ်တွေပါ။ ဗင်းနစ်မြို့ကို သွားချင်ရင် ကုန်းပေါ်ရှိမြို့ဘက်နဲ့ ကျွန်းကိုဆက်သွယ်ထားတဲ့ ရထားလမ်းရှိတော့ ရထားနဲ့ သွားလို့ရပါတယ်။ ကုန်ပေါ်ရှိမြို့ဘက်အခြမ်းမှာတော့ မာကိုပိုလိုလေဆိပ်ရှိပါတယ်။ နုမြတ်တို့သွားတုန်းကတော့နှစ်ခေါက်လုံး ရထားနဲ့သွားခဲ့တာပါ။ ပထမတစ်ခေါက်က ရောမမြို့ကနေ သွားခဲ့တာဖြစ်ပြီး ဒုတိယတစ်ခေါက်ကကျတော့ အီတလီမြို့တော် မီလန်ကနေသွားခဲ့တာပါ။

Snapseed-74-02

#အကြောက်တရားနဲ့တည်ခဲ့တဲ့မြို့

အကျယ်အဝန်းစုစုပေါင်း ၁၆၀စတုရန်းမိုင်သာရှိတဲ့ ဗင်းနစ်မြို့ဟာ အခုချိန်မှာ အရမ်းကို ကဗျာဆန်တဲ့မြို့၊ ကမ္ဘာလှည့်ခရီးသည်တွေ အများအပြားလာရောက်တဲ့မြို့၊ လူကုံထံတွေ လာရောက်အပန်းဖြေတဲ့ မြို့ဖြစ်ပေမဲ့ မြို့စတည်ခဲ့တုန်းကတော့ ရည်ရွယ်ချက်ကတစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ကျော်က ရောမအင်ပါယာအရေးနိမ့်လာတဲ့အခါ အီတလီလူမျိုးတစ်စုဟာ ရန်သူလက်ပုန်းကွယ်တဲ့အနေနဲ့ လူသူအရောက်အပေါက်နည်းတဲ့ ဒီဗင်းနစ်မြို့ဖြစ်လာမယ့်ကျွန်းပေါ်ရွှေ့ပြောင်းလာခဲ့ကြတာပါ။ ရေထဲမှာရှိတော့ တော်ရုံလာတိုက်ခိုက်လို့လည်း မရနိုင်ဘူးဆိုပြီး အခြေချနေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ ထူးဆန်းတယ်နော်။ အကြောက်တရားတွေနဲ့တည်ခဲ့တဲ့ မြို့က အခုအခါမှာတော့ အလှတရားတွေ ပေါင်းဆုံနေရာ ဖြစ်လို့နေတာ။

Snapseed-44-01

#သစ်တောပေါ်မှာတည်ထားတဲ့မြို့

နောက်ထပ်ထူးဆန်းတာတစ်ခုက ဗင်းနစ်မြို့ဟာ ကျွန်းပေါ်ဒီအတိုင်းအိမ်ဆောက်ထားတာမျိုးမဟုတ်ဘဲ သန်းချီတဲ့ သစ်လုံးတွေပေါ်မှာ မြို့တည်ထားတာပါတဲ့။ တကယ်ကို အံ့သြဖို့ကောင်းပါတယ်။ မူလကျွန်းပေါ်မှာ သစ်လုံးတွေကို စေ့နေအောင် ဒေါင်လိုက်စိုက်ထားပြီး အပေါ်ကနေရွှံ့လောင်းကာ မြို့ကွက်ဖော်ပြီး အိမ်တွေဆောက်ခဲ့တာတဲ့လေ။ ရေပေါ်မြို့ဆိုတော့ ရေလမ်းအသုံးပြုရအောင် တူးမြောင်းတွေပါ မြို့ဖော်တဲ့အခါ ထည့်ဖော်ထားခဲ့တာတဲ့။ ရန်သူတွေလာတိုက်ရင် မျက်စိလည်အောင်လည်း လမ်းတွေကို ရှုပ်ရှက်ခတ်အောင် ဖောက်ထားပါတယ်။ ဒါကြောင့် ဗင်းနစ်မြို့မှာ လိပ်စာရှာရသိပ်ခက်ပါသတဲ့။ ကုန်းပေါ်ကလမ်းတွေကလည်း ကျဉ်းကျဉ်းလေးတွေပါ။ လူနဲ့မြင်းလှည်းတွေ သွားလို့ရလောက်တဲ့ အထိပဲ ကျယ်ပါတယ်။ ကမ္ဘာ့အကျဉ်းဆုံးလမ်းတောင် အဲ့မှာ ရှိပါတယ်။ Calleta လို့ခေါ်ပြီး ၅၃စင်တီမီတာသာကျယ်ပါတယ်။

Snapseed-47-01

#ရေဘေးအန္တရာယ်ရင်ဆိုင်နေရတဲ့မြို့

ကမ္ဘာလှည့်ခရီးသည်တွေ တစ်နှစ်ကို ၁၅သန်းကျော်လာပေမဲ့ မြို့နေလူဦးရေကတော့ နှစ်ပေါင်း ၅၀အတွင်း ၁သိန်း၂သောင်းကနေ ၆သောင်းအထိလျော့ကျလာပါတယ်တဲ့။ ဒါကြောင့်လည်း ၂၀၃၀ခုနှစ်လောက်ကျရင်တော့ ဒေသခံတွေမရှိသလောက်နည်းသွားပြီး ခရီးသည်တွေနဲ့ ခရီးသွားလုပ်ငန်းတွေပဲရှိတဲ့ တစ္ဆေမြို့ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒေသခံတွေ ဗင်းနစ်မြို့ကိုစွန့်ခွါရတဲ့ အကြောင်းတွေကတော့ ရှေးဟောင်းအဆောက်အအုံတွေ ထိန်းသိမ်းရာမှာ အကုန်အကျများခြင်း၊ ကမ္ဘာလှည့်ခရီးသည်တွေ အလွန်များခြင်းအပြင် မြို့ရေလျှံခြင်းကြောင့်လည်းပါပါတယ်။ တစ်နှစ်ကို ၄ကြိမ်ပင်လယ်ရေမြင့်တက်လေ့ရှိပြီး အဲဒီအချိန်ကျရင် တစ်မြို့လုံးနီးပါးရေလျှံတက်ပါတယ်။ ဒါ့အပြင် ဗင်းနစ်မြို့လေးဟာ တစ်နှစ်ကို ၂မီလီမီတာရေအောက်ထဲ နိမ့်ဝင်နေပါသတဲ့။ ကာကွယ်ထိန်းသိမ်းမှုတွေသာ မလုပ်ဘူးဆိုလျှင်ဖြင့် နောင်နှစ်ပေါင်းများစွာကြာလာတဲ့အခါ ဗင်းနစ်မြို့လေး ရေအောက်ရောက်သွားမယ့်ကိန်းပါ။ ယခုအခါမှာ ရေလွှမ်းမိုးမှုဒဏ်မခံရအောင် ကြံဆလုပ်ဆောင်နေကြပြီဖြစ်လို့ ဗင်းနစ်မြို့ရဲ့ အနာဂတ်လေး သာယာလှပပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

Snapseed-65-01

Venice မှာမလုပ်မဖြစ်

လုပ်သင့်တာတွေ

လမ်းကြိုလမ်းကြားလျှောက်ကြမယ်

Venice မြို့ရဲ့ လမ်းကျဉ်းကျဉ်းလေးတွေကြားထဲ တစ်လမ်းဝင်တစ်လမ်းထွက်။ တံတားတစ်စီးပြီး တစ်စီးဖြတ်ရတာ ရသတစ်မျိုးပါပဲ။ လမ်းလေးတွေက ရှုပ်ရှက်ခတ်နေတော့ မှန်းဆလို့မရပါဘူး။ လမ်းပျောက်သွားရင်ပိုတောင်ကောင်းပါသေးတယ်။ တော်ရုံလူတွေ မမြင်ရတဲ့ မြို့အလှတွေ မြင်ရတာပေါ့နော်။ အဆောက်အအုံတိုင်းက သူ့ဟာသူလှနေတာဆိုတော့ အကုန်လုံးက ကြည့်ချင်စရာပါ။ နုမြတ်တို့တုန်းက မြို့အဝင်ဘူတာရုံကနေ မြို့လည် စိန့်မာကိုရင်ပြင်ဆီ လမ်းလျှောက်သွားတာ အရမ်းသဘောကျတာပဲ။ လမ်းတလျှောက် ဆိုင်လေးတွေက ရောင်းတဲ့ပစ္စည်းလေးတွေ ဝင်ငမ်းလိုက်၊ ရိုးရာမုန့်တွေ ဝယ်စားလိုက်၊ ဓာတ်ပုံရိုက်လိုက်နဲ့ နာရီဝက်လောက်ပဲ သွားရမယ့်အကွာအဝေးက ၃နာရီလောက်ကြာသွားတယ်လေ…

Gandolaလှေစီးကြမယ်

  • ဗင်းနစ်မြို့ရဲ့ သင်္ကေတကိုပြောပါဆိုရင် မျက်နှာဖုံးတွေအပြင်  Gandola လို့ခေါ်တဲ့ လူလှော်လှေလည်းပါပါတယ်။ သစ်အမျိုးအစား၈မျိုးနဲ့ အထူးပြုလုပ်ထားတဲ့ လှေကြီးရဲ့ ပုံသဏ္ဏာန်က ဗင်းနစ်မြို့ကို ကိုယ်စားပြုထားပြီး မြို့အနှံ့တူးမြောင်းတလျှောက် ချောင်ကြိုချောင်ကြားနေရာတွေပါ လှော်ခတ်ပေးလို့ ဗင်းနစ်ရောက်သူတိုင်း မဖြစ်မနေစီးလေ့ရှိကြပါတယ်။
  • ဂန်ဒိုလာလှေတွေက ဗင်းနစ်မှာပဲရှိတဲ့လှေတွေပါ။ ဗင်းနစ်မှာတောင် အစီး ၃၀၀ကျော်ပဲရှိသတဲ့လေ။  Gandola လှေမောင်းသူတွေဟာလည်း လိုင်စင်ရှိမှမောင်းလို့ရတာပါ။ လှေမောင်းသူပေါင်းကလည်း ၄၀၀လောက်ပဲရှိပါသတဲ့။ လှေမောင်းသူတွေက အဖြူအပြာကန့်လန့်စင်းတီရှပ်ပေါ် ဖဲပြားအနီလေးတတ်ထားတာ။ ဗင်းနစ်မြို့ရဲ့တူးမြောင်းတွေအကြား တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ကိုယ့်ကိုယ်ကို မြို့စားကြီးတိုင်းခန်းလှည့်လည်နေသလိုတောင်ထင်ရမှာ။ တစ်ခါတလေ လှေပေါ်မှာ အီတလီ အော်ပရာသီချင်းကြီးတွေတောင်ဆိုပြသေးတယ်။ စုံတွဲလေးတွေ စီးရင် so romantic ပေါ့။ တံတားအောက်ကဖြတ်သွားတိုင်း Kiss ပေးရင် အချစ်ရေးကံကောင်းတယ်ဆိုပဲ။
  • Gandolaက တစ်စီးကို ယူရို ၈၀ပေးရတယ်။ ၆ယောက်ထိစီးလို့ရတယ်။ ၁ယောက်ပဲရှိရှိ ၆ယောက်ပဲရှိရှိ ၈၀ပါ။ မိနစ်၄၀ကြာ မောင်းပို့ပေးတယ်။

Snapseed-68-02

  • Grand_Canalပေါ်ကနေသင်္ဘောစီးမယ်

ဗင်းနစ်မြို့ရဲ့ တူးမြောင်းပေါင်း၁၇၇ခုထဲ တော်ဝင်တူးမြောင်းကြီးက အကြီးဆုံးဖြစ်ပြီး မြို့ကို နှစ်ခြမ်းခွဲထားပါတယ်။ Sပုံသဏ္ဏာန်ရှိတဲ့ တူးမြောင်းကြီးထဲ ဘတ်စ်သင်္ဘောတွေ၊ ရေပေါ်taxi တွေ ပြေးဆွဲနေတာအများကြီးပဲတွေ့ခဲ့ရတယ်။ တူးမြောင်းတစ်ဖက်တစ်ခြမ်းမှာလည်း သင်္ဘောဆိပ်တွေ ခပ်စိပ်စိပ်ရှိလို့ သွားရအဆင်ပြေပါတယ်။ တိုးရစ်တွေအနေနဲ့ တစ်နေ့တာ လက်မှတ်ဝယ်ထားပြီး ကိုယ်ဆင်းချင်တဲ့နေရာမှာ ဆင်းလိုက်တက်လိုက်နဲ့ လျှောက်လည်လို့ရတယ်။ တစ်နေ့တာလက်မှတ်က တစ်ယောက်ကို ယူရို ၂၀ပါ။ တစ်ကြောင်းပဲ စီးမယ်ဆိုရင်တော့ ယူရို ၇.၅ကျပါမယ်။

Snapseed-52-01

  • Rialto တံတားပေါ်က ရှုခင်းကြည့်မယ်
  • ကျွန်းပေါင်း ၁၁၇ကျွန်းရှိတဲ့ Venice မြို့မှာ တံတားပေါင်း ၄၀၀ကျော်ရှိပါတယ်။ မဟာတူးမြောင်းကြီးကိုဖြတ်တဲ့ အဓိကတံတားကြီး ၄စင်းရှိပြီး Rialto ဆိုတဲ့ တံတားကြီးကတော့ နာမည်အကြီးဆုံးပါ။ မြို့ရဲ့ စည်ကားတဲ့နေရာမှာရှိသလို တံတားပေါ်က မြင်ရတဲ့ ရှုခင်းကလည်း အလွန်လှပါတယ်။ ထူးဆန်းတာက တံတားပေါ်မှာ ဆိုင်ခန်းတွေလည်းရှိနေတာပါ။ အဲ့ဆိုင်တွေမှာတော့ မဝယ်နဲ့ပေါ့။ တခြားထက်ဈေးပိုကြီးလို့။

Snapseed-11-01

  • Saint_Marco_Squareမှာခိုလေးတွေအစာကျွေးမယ်
  • ဗင်းနစ်ရောက်ရင် မသွားမဖြစ်ကတော့ မြို့စတည်တဲ့နေရာရှိ စိန့်မာကိုရင်ပြင်ကြီးပဲဖြစ်ပါတယ်။ ခန့်ညားထည်ဝါလှတဲ့ အဆောက်အအုံတွေ ဝန်းရံထားတဲ့ ရင်ပြင်ကျယ်ကြီးက တကယ်ကို ရင်သပ်ရှုမောဖွယ်ရာပါ။ စိန့်မက်ခ်နာရီစင်၊ Doge’s Palace ဒေါဂျီနန်းတော်ကြီးနဲ့ စိန့်မက်ခ်ဘုရားရှိခိုးကျောင်းကြီးရဲ့ ဗိသုကာလက်ရာတွေကလည်း အံ့မခန်းဖွယ်ရာပါ။ ရင်ပြင်ကျယ်တော့ ခိုလေးတွေလည်းအများကြီးပဲ။ ခိုလေးတွေ အစာက တစ်ထုပ်ကို ၁ယူရိုနဲ့ရောင်းနေကြတယ်။ စိန့်မက်ခ်ဘုရားကျောင်းကြီးနောက်ခံထားပြီး ခိုစာကျွေးနေတဲ့ ပုံက Venice မှာ Tourist တွေရိုက်လေ့ရှိကြတဲ့ပုံပါ။ ရင်ပြင်ကြီးကနေ မြင်ရတဲ့ Gandola လှေလေးတွေ အစီအရီစိုက်ထားတဲ့ ကမ်းစပ်မြင်ကွင်းကလည်း နာမည်ကျော်ပါတယ်။ နေဝင်ချိန်ရှုခင်းကလည်း တအားလှဆိုပဲ။

IMG_1159-02

  • ခေါင်းလောင်းမျှော်စင်ပေါ်ကနေရှုခင်းကြည့်မယ်
  • စိန့မာကို ရင်ပြင်အလယ်က ခေါင်းလောင်းမျှော်စင်ကြီးက ဗင်းနစ်မြို့မှာ အမြင့်ဆုံးဖြစ်လို့ မျှော်စင်ပေါ်ကနေ တစ်မြို့လုံးကို လှမ်းမြင်ရပါတယ်။ နုမြတ်တို့သွားတုန်းက တက်ကြည့်ခဲ့သေးတယ်။ တစ်ယောက်ကို ၈ယူရိုပေးရတယ်။ တစ်မြို့လုံးကို အပေါ်စီးကနေမြင်ရတာဆိုတော့တန်ပါတယ်။

Snapseed-23-01

  • Buranoကျွန်းသွားကြမယ်

မြို့ထဲမှာရှိတဲ့ ဒီကျွန်းလေးက အိမ်လေးတွေရောင်စုံနဲ့ ချစ်စရာလေးပါ။ ဓာတ်ပုံရိုက်လို့ အရမ်ကောင်းမှာပါ။ အဲ့ကျွန်းကိုသက်သက်သွားတဲ့ half day tour တွေတောင်ရှိပါတယ်။ public transport နဲ့လည်း သွားလို့ရတယ်။ နုမြတ်တို့တော့ မရောက်ခဲ့လိုက်ရဘူး။

  • မှင်ရည်ခေါက်ဆွဲစားကြမယ်

ပင်လယ်နားကမြို့ဆိုတော့ ပင်လယ်စာတွေပေါတဲ့ Venice ရောက်ရင် စားကြည့်သင့်တဲ့ အစားအစာကတော့ စပါကတီခေါက်ဆွဲ မဲမဲလေးပါ။ မှင်ရည်ခေါက်ဆွဲလို့ခေါ်ရမယ် ထင်ပါတယ်။ အင်္ဂလိပ်လို Squid ink Spaghetti အီတလီလို Spaghetti al nero de Sepia လို့ခေါ်ပါတယ်။ ပြည်ကြီးငါးကထွက်တဲ့ သဘာဝမှင်ရည်နဲ့ ချက်ထားလို့ အရသာဆန်းပါတယ်။ အီတလီ gelato ရေခဲမုန့်တွေလည်း အရမ်းအရသာရှိလို့ စားကြည့်ကြပါ။

Snapseed-89-01

  • မျက်နှာဖုံးလေးတွေဝယ်ကြမယ်
  • Venice ကို မျက်နှာဖုံးမြို့တော်လို့ခေါ်ပါတယ်။ မြို့ထဲ ဘယ်ဆိုင်ကြည့်ကြည့် အမျိုးစုံတန်ဆာဆင်ထားတဲ့ မျက်နှာဖုံးလေးတွေ တွေ့ကြရမှာပါ။ Venice မှာလုပ်တဲ့ မျက်နှာဖုံးပွဲတော်က အရမ်းနာမည်ကြီးတာပဲတဲ့။ နှစ်စဉ် အီစတာပွဲတော်မကျင်းပမီ ရက်၄၀အလိုမှာ ပြုလုပ်တာဆိုတော့ ဖေဖော်ဝါရီလထဲမှာသွားရမှာပေါ့။ ပွဲတော် မသွားနိုင်ရင်တောင် မျက်နှာဖုံးတစ်ခုလောက် အိမ်မှာအလှထားဖို့ အမှတ်တရဝယ်သွားပါလေ။

Snapseed-33-01

ဒါတွေကတော့သင်္ကြန်တွင်းသွားခဲ့တုန်းကပေါ်မူတည်ပြီး နုမြတ်သိသလောက်ရယ် နုမြတ်စိတ်ဝင်စားတာတွေရယ်ကို ပြန်မျှဝေတာပါ။ တခြားအချက်တွေလည်း ရှိဦးမှာပါ။ သိခဲ့ရင်လည်း ပြောပြပေးပါဦးနော်။ ကျေးဇူးတင်ပါတယ်။ သင်္ကြန်တွင်းသွားခဲ့တဲ့ ဥရောပ၈နိုင်ငံခရီးစဉ်ထဲက တခြားစိတ်ဝင်စားစရာတွေလည်း ရေးပေးဦးမှာဖြစ်လို့ Like နဲ့ See First လုပ်ထားနိုင်ပါတယ်နော်။

အားလုံးပျော်ရွှင်နိုင်ပါစေ…

#NuMyat

အီဂျစ်အသက်သွေးကြော ကမ္ဘာ့အရှည်ဆုံး နိုင်းမြစ်ပေါ်ဖြတ်ကာ.. (Cruise on Nile, the Longest River on Earth)

အီဂျစ်အသက်သွေးကြော ကမ္ဘာ့အရှည်ဆုံး နိုင်းမြစ်ပေါ်ဖြတ်ကာ.. 🚢

1967-01

🌍World’s Longest River
ဧရာဝတီမြစ်ကြီးက ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောမြစ်ဖြစ်သလို နိုင်းမြစ်ကလည်း အီဂျစ်တို့ရဲ့ အသက်သွေးကြောမြစ်ပါ။ နိုင်းမြစ်က ကမ္ဘာပေါ်မှာ အရှည်ဆုံးမြစ်ဖြစ်ပြီး မိုင်ပေါင်း ၄၁၆၀မိုင်အထိ ရှည်လျားပါတယ်။ ဧရာဝတီမြစ်က မိုင်ပေါင်း ၁၃၅၀ရှည်တော့ ဧရာဝတီထက် သုံးဆကျော်ပိုရှည်လျားတာပေါ့။ ဒါပေမဲ့ ဧရာဝတီမြစ်က ကျွန်မတို့မြန်မာတစ်နိုင်ငံထဲမှာပဲ တည်ရှိတဲ့ တစ်နိုင်ငံထဲပိုင် အမိမြစ်ကြီးပါ။ နိုင်းမြစ်ကတော့ အီဂျစ်တစ်နိုင်ငံလုံးကို ဖြတ်သန်းစီးဆင်းနေပေမဲ့ မြစ်ရဲ့ ၂၂ရာခိုင်နှုန်းသာ အီဂျစ်မှာတည်ရှိနေတာပါ။ နိုင်းမြစ်ဖြတ်သန်းစီးဆင်းတဲ့ နိုင်ငံပေါင်း ၁၀နိုင်ငံတောင်ရှိတာတဲ့။ တောင်ပိုင်းမှာရှိတဲ့ ဘရူရွန်ဒီနိုင်ငံကနေ မြစ်ဖျားခံလာတဲ့ နိုင်းမြစ်ဖြူနဲ့ အီသိယိုးပီးယားနိုင်ငံကနေ မြစ်ဖျားခံလာတဲ့ နိုင်းမြစ်ပြာ ၂စင်းဟာ ဆူဒန်နိုင်ငံအရောက်မှာ နိုင်းမြစ်ကြီးအဖြစ် ပေါင်းဆုံစီးဆင်းပြီး နောက်ဆုံးမှာတော့ အီဂျစ်နိုင်ငံကနေဖြတ်ပြီး မြေထဲပင်လယ်ထဲသို့ စီးဝင်သွားတာပါတဲ့။

⬆South to North

နောက်ထူးခြားတာတစ်ခုက နိုင်းမြစ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ မြစ်အများစုလိုမျိုး မြောက်မှတောင်စီးဆင်းတာမဟုတ်ဘဲ တောင်တန်းများရှိရာ တောင်မှမြောက်ကို စီးဆင်းလို့ မြစ်ဖျားပိုင်းရှိရှာ တောင်ပိုင်းကို အီဂျစ်အထက်ပြည်၊ မြစ်အောက်ပိုင်းရှိရာ မြောက်ပိုင်းကို အီဂျစ်အောက်ပြည်လို့ သတ်မှတ်ခေါ်ဝေါ်ထားကြတာပါတဲ့။

2114-01.jpeg

◼Black Land

နောက်ပြီး နိုင်းမြစ်က အီဂျစ်နိုင်ငံ သမိုင်းတလျှောက် တကယ်ကို အရေးပါခဲ့တာ။ နိုင်းမြစ်ကိုမှီပြီး အီဂျစ်ပြည်ဖြစ်လာတယ်ဆိုရင်လည်း မမှားဘူး။ အီဂျစ် နိုင်းမြစ်ကမ်းဘေးတလျှောက် နိုင်းမြစ်ရေလျှံပြီးနောက် ကျန်ခဲ့တဲ့နုန်းမြေတွေက အရမ်းစိုက်ပျိုးဖြစ်ထွန်းတာတဲ့လေ။ နိုင်းမြစ်ကိုမှီပြီး ရှေးခေတ်နှစ်ပေါင်းများစွာတိုင် အင်ပါယာကြီးမားခဲ့တဲ့ အီဂျစ်ပြည်နဲ့ အီဂျစ်ယဉ်ကျေးမှုကြီးပေါ်ထွန်းခဲ့တာပါ။ နုန်းမြေတွေရှိတဲ့ မြစ်ဝှမ်းဒေသတွေကို အနက်ရောင်မြေလို့ခေါ်ကြပြီး မြစ်ကမ်းနဲ့ဝေးတဲ့ သဲကန္တာရတွေကိုတော့ အနီရောင်မြေဟုခေါ်ပါသတဲ့။ အီဂျစ်ဆိုတဲ့အမည်က အနက်ရောင်မြေလို့ အဓိပ္ပါယ်ရတာဆိုတော့ကာ ဒီဟာကိုအစွဲပြုပြီး မှည့်ခေါ်ခဲ့ခြင်းဖြစ်မှာပါ။

699-01

🛳Tourism Icon

နိုင်းမြစ်က အီဂျစ်ပြည်ရဲ့စိုက်ပျိုးရေးကဏ္ဏမှာသာ အရေးပါရုံတင်မက မျက်မှောက်ခရီးသွားခေတ်မှာ ခရီးသွားကဏ္ဏမှာလည်း အလွန်အရေးပါနေတာကို ကိုယ်တွေ့ကြုံခဲ့ရပါတယ်။ နှစ်သစ်ကူးကာလတုန်းက Tour Diamond ခရီးစဉ်နဲ့ အီဂျစ်နိုင်ငံကို ၇ညအိပ်၈ရက် သွားရောက်လည်ပတ်ခဲ့တုန်းက အဲဒီ့နိုင်းမြစ်တလျှောက် အပျော်စီးသင်္ဘောပေါ် ၃ညတာအနားယူအိပ်စက်ပြီး အီဂျစ်နိုင်ငံ ရှေးဟောင်းမြို့တော်တွေဆီကို တစ်မြို့ဝင်တစ်မြို့ထွက် ကမ်းကပ်ကာ သွားရောက်လည်ပတ်ဖြစ်ခဲ့တာကြောင့်ပါ။ အရင်ဆုံးမြို့တော်ကိုင်ရိုကနေ သင်္ဘောတွေဆိုက်ကပ်ရာ အာစွမ်န်(Aswan)မြို့ဆီကို ညအိပ်ရထားနဲ့ သွားရောက်ပြီး အဲ့ကနေတဆင့် ခရီးစဉ်အဆုံးဖြစ်တဲ့ လပ်ဆွာ(Luxor) မြို့ဆီကို တောင်ကနေမြောက် နိုင်းမြစ်တလျှောက် ၄ရက်တာ စုံဆင်းခဲ့တာပါ။

1012-01

🏞Nasser Lake

ဒီသင်္ဘောခရီးစဉ်တလျှောက်မှာ အီဂျစ်တစ်နိုင်ငံလုံးအသုံးပြုတဲ့ လျှပ်စစ်စွမ်းအားကို ထုတ်လုပ်နေပြီး ကမ္ဘာ့အကြီးဆုံးရေကာတာတွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ အာစွမ်န်ရေကာတာကို ရောက်ဖြစ်ခဲ့ပါသေးတယ်။ ဒီရေကာတာဆောက်လုပ်လို့ နိုင်းမြစ်မှာ ကမ္ဘာ့အကြီးဆုံးလူတို့ပြုလုပ်တဲ့ရေကန်ဖြစ်တဲ့ နာဆာရေကန် ကိုဖြစ်ပေါ်စေခဲ့ပါတယ်။

777-01

🏛Attractions along Nile River

အာစွမ်န်မြို့မှာ ရေကာတာအပြင်
-နာဆာရေကန်ကို မျက်နှာမူပြီး တည်ဆောက်ထားတဲ့ ဖီလေး(Philae)ဘုရားကျောင်း၊
-နာဆာကန်စပ်မှာရှိပြီး အီဂျစ်နိုင်ငံရဲ့ အလွန်ကျော်ကြားလှတဲ့ အဘူဆင်ဘဲလ်(Abu Simbel)ဘုရားကျောင်း၊

(ဒီဘုရားကျောင်း ၂ခုရဲ့ မူလနေရာတွေက နာဆာရေကန်ဖြစ်ပေါ်လာပြီးနောက် ရေဖုံးလွှမ်းသွားလို့ ရေ လွတ်ရာကို ရှေးလက်ရာမပျက်ပြောင်းခဲ့ရတာတဲ့။ အဲဒီ ဘုရားကျောင်းတွေ အကြောင်း နောက်မှ Post သက်သက် ရေးတင်ပေးမယ်)

20161231_155504-01-011376-01

-ကိုမိုဘို(Komobo)မြို့မှာဆိုရင် ရှေးခေတ်ပုရိသတွေကြား ကျော်ကြားခဲ့တဲ့ ကလီယိုပါထရာဘုရင်မ တည်ဆောက်ခဲ့ပြီး ရှေးခေတ်က ဆေးရုံအဖြစ်အသုံးပြုခဲ့တဲ့ ကိုမိုဘိုဘုရားကျောင်း
(အဲ့ခေတ်က အသုံးပြုတဲ့ ဆေးရုံသုံးပစ္စည်းတွေ ရယ်၊ ကလီယိုပက်ထရာ ဘုရင်မပုံရယ် နံရံမှာထွင်းထားတာကိုတွေ့နိုင်တယ်။ မိကျောင်းကိုးကွယ်တဲ့ ဘုရားကျောင်းမို့လို့ မိကျောင်းမာမီတွေလည်း အများကြီးတွေ့ခဲ့တယ်)

20170101_170900-01-01

-အက်ဒ်ဖူမြို့မှာ အာဖရိကရိုးရာမြင်းလှည်းတွေကို အသုံးပြုသွားရောက်ရတဲ့ အက်ဒ်ဖူ(Edfu)ဘုရားကျောင်း
(အဲ့မှာ Gods of Egypt ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတွေ နံရံမှာ ထွင်းထုထားသလို၊ နှစ်ပေါင်းထောင်ချီတိုင်အောင် အနံ့မပြယ်သေးတဲ့ ရေမွှေးထုတ်တဲ့ အခန်းရှိတယ်)

Snapseed-7_new.jpg

-လပ်ဆွာ(Luxor)မြို့မှာ နိုင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းတွေမှာရှိတဲ့ ထူးခြားခံ့ညားသော ရှေးဟောင်းအဆောက်အအုံတွေဆီကို သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။
(လပ်ဆွာမြို့မှာ တူတန်ခမမ်ဘုရင် နဲ့ ခေတ်အဆက်ဆက်ဖာရိုဘုရင်တွေရဲ့ မာမီရုပ်အလောင်းတွေ မြှုပ်ထားရာ Valley of Kings အပါအဝင်တခြား ထူးဆန်းတဲ့နေရာတွေရောက်ခဲ့ပြီး မြို့အပေါ်စီးကနေမြင်ရတဲ့ မီးပုံးပျံလည်း စီးခဲ့လို့ အဲ့မြို့အကြောင်းကိုလည်း ဆောင်းပါး သပ်သပ်ခွဲရေးပေးပါဦးမယ်။ )

IMG_2400.JPG

⛴Watergates

သင်္ဘောခရီးစဉ်တလျှောက်မှာ နိုင်းမြစ်ရဲ့ ရေအနက်မညီမျှမှုကိုချိန်ညှိတဲ့ ရေတံခါးတွေကိုလည်း ဖြတ်သန်းခဲ့ရပါသေးတယ်။ ဒီရေတံခါးတွေရဲ့ ရေပြင်ချိန်ညှိမှုက စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။ ရေဂါလံတန်ပေါင်းများစွာကို ထိန်းညှိပြီး သင်္ဘောတွေကို ဖြတ်သန်းသွားစေတဲ့အပြင် နှစ်စဉ်ရေကြီးမှုကိုပါထိန်းညှိပေးပါသတဲ့။

1244-01

This slideshow requires JavaScript.

⛵Feluuca Local Yatch

နိုင်းမြစ်မှာ အပျော်စီးသင်္ဘောတွေအပြင် ဒေသခံတို့ရဲ့ရွက်လှေ FELUUCA စီးခဲ့ရပါသေးတယ်။ ကျွန်မတို့စီးတဲ့ အချိန်က လေမတိုက်လို့ ရွက်လွှင့်လို့မရဘဲ ရှေ့က စက်လှေတစ်စီးကနေဆွဲပေးရတာကြောင့် ရွက်လှေမဟုတ်ဘဲ ဆွဲလှေဖြစ်ခဲ့ရတာလည်း ရယ်စရာပါ။ လှေပေါ်ကနေ မြစ်ရေကို ကိုင်ကြည့်ရာမှာ အေးစိမ့်နေတာပဲလေ။ နေ့လည်ခင်းကြီး နေပူထဲတောင် အေးစိမ့်နေတော့ ညဘက်ဆို မတွေးရဲဘူး။ စက်လှေနဲ့ နေဝင်ချိန် အလှကိုခံစားခဲ့သေးတယ်။ နေဝင်ချိန်ကတော့ တကယ်ကိုလှတာပါ။ ပုစွန်ဆီရောင် တောက်နေတဲ့ ကောင်းကင်နောက်ခံနဲ့ နိုင်းမြစ်ကြီးက တကယ့်ပန်းချီကားလိုပဲ။ မြစ်ကိုဖြတ်သန်းလာတဲ့ လေတွေကလည်း အရမ်းကို Fresh ဖြစ်တာ။ အဲ့အချိန်ကာလတွေ နောက်ပြန်ရွေ့ပြီး ရှေးခေတ်ရောက်သွားသလိုလို သဘာဝနဲ့ တစ်သားတည်းကျနေတာ…

2061-02

2070-01
.
အဆုံးသတ်ရမယ်ဆိုရင်တော့ နိုင်းမြစ်အတွင်း အပျော်စီးသင်္ဘောတွေကို ရက်တိုရက်ရှည်၊ သင်္ဘောအမျိုးအစားပေါ်မူတည်ပြီး ရွေးချယ်နိုင်လို့ အီဂျစ်နိုင်ငံရောက်ခဲ့ရင် နိုင်းမြစ်တွင်း အပျော်စီးသင်္ဘောတွေကို မဖြစ်မနေစီးသင့်ကြောင်း တိုက်တွန်းချင်ပါတယ်။

1997-01

စိတ်ဝင်တစားဖတ်ရှုလို့ ကျေးဇူးတင်ပါတယ်။ အခြားပြည်တွင်းပြည်ပ ခရီးစဉ်တွေကို ဖော်ပြပေးနေလို့ Nu Myat around the World page ကို Like လုပ်ထားနိုင်ပါတယ်။
https://www.facebook.com/numyataroundtheworld/

စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ
နုမြတ်
http://www.numyataroundtheworld.com

Nu Myat
#PyiMyanmarJournal
#NuMyataroundtheWorld
#TourDiamond
#Egypt #NileRiver

NileRiver

မြန်မာပြည်တောင်ဘက်စွန်း မြိတ်ကျွန်းစုမှ နေသာသာ ရေပြာပြာ နေ့ရက်များ (Sunny days in Southernmost Part of Myanmar)

“မြန်မာပြည်တောင်ဘက်စွန်း

မြိတ်ကျွန်းစုမှ
နေသာသာ ရေပြာပြာ နေ့ရက်များ”

20161125_130117_017_mix01-01
Jumping on Satan Island

🌞မြန်မာပြည်ထဲမှာ အရမ်းလှတဲ့ ရေအောက်ရှုခင်းတွေ စရိတ်သက်သက်သာသာနဲ့ ကြည့်ခဲ့တယ် … 🌊စိမ်းပြာရောင်အသည်းပုံလေးဖြစ်နေတဲ့ ကျွန်းလေးထဲက အသည်းပုံပင်လယ်လေးထဲလည်း ရေဝင်ကူးခဲ့တယ်

🌞မြန်မာတောင်ဘက်အကျဆုံး ဘုရင့်နောင်အငူလည်းရောက်ခဲ့တယ် … 🌊ဖြူလွှနူးညံ့နေတဲ့သဲသောင် ကမ်းခြေလှလှလေးမှာလည်း ခုန်ပေါက်ခဲ့တယ် …

ဒီလောက်လှတဲ့ အရာတွေ မြန်မာပြည်တွင်းမှာ ရှိနေတာ ဂုဏ်ယူစရာပါ။ ကော့သောင်းခရီးစဉ်ကလည်း တကယ်ကို ပျော်ဖို့ကောင်းပါတယ်။ အဲ့အတွေ့အကြုံတွေကို ခုလို ဆောင်းပါးလေးရေးပေးထားတယ်နော့… စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ပါကြောင်း…
စာဖတ်ပျင်းသူတွေအတွက် ဆောင်ရန် ရှောင်ရန်နဲ့ သွားမယ့်လမ်းကြောင်းတွေ၊ အချက်အလက် အကျဉ်းချုပ်တွေပါ နောက်ဆုံးမှာ ရေးပေးထားတယ်။

DCIM100MEDIA
Underwater of Kyat Mout Island

🌞ပထမနေ့ (Day 1 )

(ရန်ကုန်-ကော့သောင်း-မလိဝမ်းရေတံခွန်- သဘာဝရေပူစမ်း- သူဌေးကျွန်း)
✈ဘယ်လိုသွားမလဲ
ရန်ကုန်ကနေဆိုရင် ကော့သောင်းကို လေယာဉ်နဲ့ သွားလို့ရပါတယ်။ Air KBZ, MNA စတဲ့ Airline တွေ ပြေးဆွဲလေ့ရှိပါတယ်။ ကျွန်မတို့ကတော့ စီစဉ်တာရက်ကပ်လို့ လက်မှတ်ရတဲ့ Air KBZ နဲ့ သွားဖြစ်ပါတယ်။ မွန်းတည့် ၁၂ထွက်ပြီး ညနေ၃နာရီမှာ ရောက်ပါတယ်။ ကြားမှာ ထားဝယ်နဲ့ မြိတ်တို့မှာ ၂ခါရပ်ပါတယ်။ ၁ခါရပ် ၁၅မိနစ်လောက်သာကြာတာပါ။ ခဏခဏ ရပ်ပေမဲ့ လေယာဉ်တစ်ခါတက်တိုင်း မုန့်နဲ့ အအေးတစ်ခါ ထပ်ကျွေးတော့ မစားနိုင်တော့တဲ့ အထိပါပဲ။
လေယာဉ်ပေါ်က မြင်ရတဲ့ ထားဝယ်ရှူခင်းတွေ မြိတ်ရှူခင်းတွေ ကလည်း သွားလည်ချင်စရာပါ။  ကော့သောင်းနားရောက်လေလေ လေယာဉ်ပေါ်က မြင်ရတဲ့ ရှူခင်းတွေက ပိုပို လှလာလေပါ။ တောင်တွေနားကပ်လာပြီး တောင်တွေ ကျော်လာတဲ့ အခါ မြင်ရတဲ့ ရှူခင်းတွေက အံ့အားသင့်စရာပါ။ စိမ်းပြာရောင်ရေပြင်ကျယ်ကြီးတွေ ကြားက ကျွန်းစုလေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ဆင်းခါနီးလေ ရင်ခုန်လေပါပဲ။
🏡မလိဝမ်းရေတံခွန်နဲ့ ရေပူစမ်း
ကော့သောင်းလေဆိပ်ကို Grand Andaman Hotel က ကားနဲ့လာကြိုပေးပါတယ်။ လေဆိပ်ကနေ မလိဝမ်းကျေးရွာနားရှိ မလိဝမ်းရေတံခွန်ကို တန်းသွားပါတယ်။ မလိဝမ်းကို ကော့သောင်းကနေ ၁နာရီလောက်မောင်းရပါတယ်။ အစီအရီပေါက်နေတဲ့ ရာဘာတောကြီးတွေ၊ ဆီအုန်းပင်ကြီးတွေကို တရိပ်ရိပ် ဖြတ်ကျော်လာပြီးနောက်မှာ ရောက်ပါပြီ။ ရေတံခွန်ဆီ မရောက်မီ ရေတံခွန် အပေါက်နားကနေမြင်ရတဲ့ ကုန်းမြင့်စိမ်းလေးပေါ်က ဘန်ဂလို ဖြူဖြူလေးဆီ သွားတဲ့ လမ်းလေးက လှလွန်းလို့ ဓာတ်ပုံတွေ အပြိုင်အဆိုင် ရိုက်ကြပါရော။ ဂိတ်ဝ၊နားနေလေသာဆောင်၊ စားသောက်ဆိုင်လေးတွေ၊ တံတားလေးတွေ ဖြတ်ကျော်လာပြီးနောက် ရေတံခွန်အောက်ခြေနား ရောက်ပါပြီ။ ရေတံခွန် အသေးလေးတွေ ရှိနေတဲ့ ရေပြင်ထဲ ဘောကွင်းနဲ့ ရေဆော့သူတွေလည်း တွေ့နေရပြီ။ လှေနီနီလေးတွေလည်း စီတန်းထားရဲ့။ ကျွန်မတို့လည်း ဘေးနားက ကျောက်ဆောင်ပေါ်မှာဓာတ်ပုံလေးတွေ ရိုက်ကြ ရေလေးတွေကို လက်နဲ့ဆော့ကြပေါ့။ တကယ့်ရေတံခွန်ကြီးသွားမယ်ဆိုရင် မိနစ်၂၀လောက် တောလမ်းအတိုင်းလျှောက်ရမယ်တဲ့။ အဲ့နေရာက အများကြီး ပိုလှတာ ပုံတွေထဲ မြင်ဖူးပေမဲ့လည်း အချိန်မရှိလို့ မသွားတော့ဘဲ နောက်တစ်နေရာကို ကူးကြရပြန်ပါတယ်။

20161124_162218_mix01-01
Maliwun Waterfall gate

20161124_162358_mix01
Maliwun Waterfall , Myanmar

20161124_163735_mix01
Maliwun Waterfall Myanmar

မလိဝမ်းသဘာဝရေပူစမ်းက ရေတံခွန်နဲ့ ကပ်ရပ်မှာ မဟုတ်ဘဲ အဲ့ရောက်ဖို့ ကားနဲ့ ၁၅မိနစ်လောက်ထပ်သွားရပါတယ်။ ရေပူစမ်းကလည်း အံ့သြစရာပါ။ စက်ဝိုင်းပုံစံ ရေကန်ထဲ စက်ဝိုင်းအလည်ကို ဗဟိုပြုကာ အကန့် ၃ကန့်ခွဲထားပါတယ်။ ၁ကန့်နဲ့ ၁ကန့် ရေအပူချိန်မတူပါဘူး။ 40C 45C 55C ဆိုပြီး အပူချိန်ကွဲနေပါတယ်။ ကျွန်မတို့ကတော့ ခုမှရောက်လို့ 40C မှာသာ ခြေထောက်စိမ်ဖြစ်ပါတယ်။ ခဏတာသာ စိမ်ခဲ့ပေမဲ့ အညောင်းအညာတွေ ပြေသွားတာတော့ အမှန်ပါပဲ။

20161124_171401_mix01
Maliwun natural spring

img_20161124_205922
Rubber Trees near Kaw Thaung

မလိဝမ်းသဘာဝရေပူစမ်းက ရေတံခွန်နဲ့ ကပ်ရပ်မှာ မဟုတ်ဘဲ အဲ့ရောက်ဖို့ ကားနဲ့ ၁၅မိနစ်လောက်ထပ်သွားရပါတယ်။ ရေပူစမ်းကလည်း အံ့သြစရာပါ။ စက်ဝိုင်းပုံစံ ရေကန်ထဲ စက်ဝိုင်းအလည်ကို ဗဟိုပြုကာ အကန့် ၃ကန့်ခွဲထားပါတယ်။ ၁ကန့်နဲ့ ၁ကန့် ရေအပူချိန်မတူပါဘူး။ 40C 45C 55C ဆိုပြီး အပူချိန်ကွဲနေပါတယ်။ ကျွန်မတို့ကတော့ ခုမှရောက်လို့ 40C မှာသာ ခြေထောက်စိမ်ဖြစ်ပါတယ်။ ခဏတာသာ စိမ်ခဲ့ပေမဲ့ အညောင်းအညာတွေ ပြေသွားတာတော့ အမှန်ပါပဲ။

လှေဆိပ်ကနေ ကျွန်းပေါ်အဝင်မှာ လူဝင်မှုကြီးကြပ်ရေးဌာနတွေ့လို့လည်း အံ့သြမိပါရဲ့။ သူဌေးကျွန်းက ထိုင်းနိုင်ငံရနောင်းမြို့နဲ့လည်း နီးတော့ ရနောင်းကလာရင် ၇မိနစ်ထဲမောင်းရပါတယ်။ ထိုင်းတွေ မကြာခဏလာလည်လို့ လူဝင်မှု ကြီးကြပ်ရေးဌာန ထားပေးရတာပါ။ ဟိုတယ်က ထင်ထားတာထက်ပို ခမ်းနား ပိုပြည့်စုံနေတာ အမှန်ပါ။ ပင်လယ်ကိုလှမ်းမြင်ရတဲ့ ရေကူးကန်ကြီးကလည်း ဟိုတယ်ကြီးရဲ့ အလှကို ပံ့ပိုးနေလေရဲ့။ Dinner Buffet ကလည်း ကောင်းမှကောင်း။ ထိုင်းစာကြိုက်တဲ့သူတွေ အတွက်တော့ ရှယ်ပေါ့။ ပင်လယ်စာတွေကို ထိုင်းစတိုင်ချက်ထားတာ ပြန်တွေးရင်တောင် တံတွေးမြိုမိတဲ့အထိ။ ညစာ Buffet က ဘတ် ၃၅၀ပါ။
ဟိုတယ်က ၂ယောက်ခန်းကို ၁ညကို $120 ကနေ $400 ထိ အစားစားရှိပါတယ်တဲ့။
🌞ဒုတိယနေ့ (Day 2 )

(သူဌေးကျွန်း- မြင်းခွာကျွန်း-ကြက်မောက်ကျွန်း-စေတန်ကျွန်း-ဇာဒက်ကြီးကျွန်း )
🛥Speed Boat
ထိုင်းအချိန် မနက် ၉နာရီမှာ ကျွန်းလေးကျွန်းပတ် ထွက်ဖို့ Lobby မှာ လူစုပါတယ်။ ဟိုတယ်မှာ တည်းတဲ့သူတွေရော မတည်းတဲ့ သူတွေပါ သူဌေးကျွန်းလှေဆိပ်မှာ ဆုံပြီး ထွက်ရပါတယ်။ ကျွန်းလေးကျွန်းခရီးစဉ် Package ကို ဒီ Hotel ကပဲစီစဉ်ပြီး လိုက်ပို့ပေးတာမို့လို့ လှေဆိပ်မှာ လိုက်မယ့်သူတော်တော်များပါတယ်။ ကျွန်မတို့ထွက်မယ့်နေ့မှာ အယောက် ၁၀၀လောက်ရှိပါတယ်။ Speed Boat တွေ ၃စီး ခွဲပြီး သွားရပါတယ်။ ကျွန်းသွားတဲ့ Package ကို ဘတ် ၃၉၀၀ (ကျပ်၁သိန်းခွဲနီးပါး) နဲ့ ရောင်းပြီး ကျွန်းပေါ်က နေ့လည်စာ၊  ဟိုတယ်က ညစာ Buffet ရယ်၊ ဟိုတယ်ပြန်ရောက်တဲ့အခါ ရေကူးကန်သုံးခွင့် Sauna သုံးခွင့်တွေပါပါပါတယ်။ Speed Boat ခရော၊ Snorkeling လုပ်တဲ့အခါ အသုံးပြုတဲံ ရေအောက်ကြည့်မျက်မှန်၊ Life Jacket၊ နည်းပြ၊ ရေ၊ အအေး၊ သစ်သီး Facility အစုံပေးထားပါတယ်။ Speed Boat မှာ အိမ်သာလည်းပါလို့ အတော်အဆင်ပြေပါတယ်။

20161125_091022_mix01
Speed boat to go islands

အရင်ဆုံးသွားမယ့်ကျွန်းတွေနဲ့ ခရီးစဉ်ကို ဂိုက်က မြေပုံနဲ့ တကွ ရှင်းပြပေးပါတယ်။ သူဌေးကျွန်းကနေ အဲ့ကျွန်းတွေရောက်ဖို့ ၁နာရီလောက် မောင်းရပေမဲ့ အဲ့ကျွန်းတွေက တစ်ကျွန်းနဲ့ တစ်ကျွန်း Speed boat နဲ့ ၁၀မိနစ်လောက်သာ သွားရတာပါ။ အရင်ဆုံး စေတန်ကျွန်းမှာ ကပ်ပြီး Lunch စားဖို့ အတွက် ပြင်ဆင်ဖို့ ယူလာတဲ့ အစားအစာတွေ အရင်ချပါတယ်။ ပင်လယ်ကနေ လှမ်းမြင်ရတဲ့ ကမ်းခြေရှုခင်းက အတော်လေးလှပါတယ်။ ပြာလဲ့နေတဲ့ကောင်းကင်ပြင်ကြီး နောက်ခံမှာ စိမ်းညှို့နေတဲ့ တောအုပ်လေးရယ် သူ့ရှေ့မှာ ဖြူလွှလွှသဲသောင်ပြင်ရယ် စိမ်းပြာရောင် ကြည်လင်လှတဲ့ ပင်လယ်ကြီးရယ်နဲ့ လှချင်တိုင်းကို လှနေတာပါ။ စေတန်ကျွန်းလေးက ခုပဲ ပြေးဆင်းချင်လာအောင် ဆွဲဆောင်နေပေမဲ့ အရင်ဆုံး တခြားကျွန်းတွေမှာ Snorkeling လုပ်မယ်ဆိုတော့ ဆန္ဒတွေ ပြန်မျိုချခဲ့ရပါတယ်။

🏞မြင်းခွာကျွန်း
ပထမဆုံးသွားတာက မြင်းခွာကျွန်းပါ။ အဲ့ကျွန်းကမ်းခြေက မြင်းခွာပုံ ရှိနေလို့ မြင်းခွာကျွန်းလို့ ခေါ်တာပါတဲ့။ အဲ့ကျွန်းမှာ ကမ်းခြေဆီ မကပ်ပဲ ကျွန်းနားက ရေထဲ Snorkeling လုပ်ကာ ငါးကြည့်ဖို့ ရပ်ပေးပါတယ်။ ရေထဲမဆင်းမီ Snorkeling ရေအောက်ငါးကြည့်မျက်မှန်တပ်နည်း၊ ပါးစပ်နဲ့ အသက်ရှူနည်းတွေ သေချာသင်ပေးပါတယ်။ စစချင်းတော့ ခက်သလိုရှိပေမဲ့ အကျင့်ရှိသွားရင် ရှူရတာ လွယ်လွယ်လေးပါ။

received_1106252092762692_mix01
Horse shoe island

ရေမကူးတတ်သူတွေဆိုလည်း မပူပါနဲ့။ ဂိုက်က ရေကူးရေငုပ် ကျွမ်းကျင်ပြီး အသက်ကယ်အင်္ကျီအပို၂စုံလောက်ချပေးထားလို့ အဲ့ဒါကို ကိုင်ပြီး ရေပေါ်ပေါ်ကာ အသာလေး လိုက်သွားရုံပါပဲ။ ဂိုက်ကရေအောက် သန္တာကျောက်တန်းတွေ လှတဲ့ ဘက်ကို အုပ်စုလိုက် ဆွဲခေါ်သွားပေးတော့ ရေအောက် ရှူခင်းတွေ ကြည့်ပြီး အသာအယာ လိုက်ရုံလေးပါပဲ။ စစချင်းရေထဲဆင်းရင်တော့ ကြောက်လိမ့်မယ်။ ကိုယ့်အောက်က ကြမ်းပြင်ကြီးက အနက်ကြီးကိုး။ ရေတွေကလည်း ကြည်နေတော့ အောက်ထိ တိုးလျှိုပေါက် မြင်နေရတာ ရင်ထိတ်စရာပါ။ အဲ့ ကြောက်စိတ်လေးတွေ ဖျောက်နိုင်ရင်ရပြီ။ တချို့ဆို ဆင်းဆင်းချင်း တအားကြောက်ပြီး Speed Boat ပေါ် ပြန်တက်သွားတော့ ရေအောက်အလှတွေ မကြည့်ရတော့ဘူးပေါ့။ မတန်ဘူးပေါ့။ ဒါကြောင့် ခဏတာဖြစ်ပေါ်လာတဲ့  ကြောက်စိတ်လေးတွေ ဖျောက်ပြီး ပျော်ပျော်ကြီး လိုက်သွားကြပါလို့။ ရေမကူးတတ်တဲ့ သူတွေတောင် Snorkeling အရသာတော်တော်တွေ့သွားကြတယ်လေ။

screenshot_20161125-155804_mix01-01
Us underwater of Andaman Sea

ရေမကူးတတ်သူတွေဆိုလည်း မပူပါနဲ့။ ဂိုက်က ရေကူးရေငုပ် ကျွမ်းကျင်ပြီး အသက်ကယ်အင်္ကျီအပို၂စုံလောက်ချပေးထားလို့ အဲ့ဒါကို ကိုင်ပြီး ရေပေါ်ပေါ်ကာ အသာလေး လိုက်သွားရုံပါပဲ။ ဂိုက်ကရေအောက် သန္တာကျောက်တန်းတွေ လှတဲ့ ဘက်ကို အုပ်စုလိုက် ဆွဲခေါ်သွားပေးတော့ ရေအောက် ရှူခင်းတွေ ကြည့်ပြီး အသာအယာ လိုက်ရုံလေးပါပဲ။ စစချင်းရေထဲဆင်းရင်တော့ ကြောက်လိမ့်မယ်။ ကိုယ့်အောက်က ကြမ်းပြင်ကြီးက အနက်ကြီးကိုး။ ရေတွေကလည်း ကြည်နေတော့ အောက်ထိ တိုးလျှိုပေါက် မြင်နေရတာ ရင်ထိတ်စရာပါ။ အဲ့ ကြောက်စိတ်လေးတွေ ဖျောက်နိုင်ရင်ရပြီ။ တချို့ဆို ဆင်းဆင်းချင်း တအားကြောက်ပြီး Speed Boat ပေါ် ပြန်တက်သွားတော့ ရေအောက်အလှတွေ မကြည့်ရတော့ဘူးပေါ့။ မတန်ဘူးပေါ့။ ဒါကြောင့် ခဏတာဖြစ်ပေါ်လာတဲ့  ကြောက်စိတ်လေးတွေ ဖျောက်ပြီး ပျော်ပျော်ကြီး လိုက်သွားကြပါလို့။ ရေမကူးတတ်တဲ့ သူတွေတောင် Snorkeling အရသာတော်တော်တွေ့သွားကြတယ်လေ။

image-0-02-06-ac5133975a0c8c8c5d5f95ab4550ce6d306ea89aeb60a86548baded5dd6bb6a0-v_mix01
Heart shaped Island, Cock Island ကြက်မောက်ကျွန်း Myanmar Andaman Sea

ကျွန်းမှာ ကမ်းမရှိဘူး။ ကျွန်းလယ်က အသည်းပုံထဲ ရောက်ဖို့ ရေကျချိန်မှာ ကျောက်ဆောင်အောက် ကျောက်ဆောင်အောက်ကနေ ဝင်ရပါတယ်။ Speed Boat ကနေ ကျွန်းလယ်ထဲထိ ကြိုးဆွဲပေးထားလို့ ကြိုးကိုင်ပြီး သွားရတာလွယ်တယ်။ ရေကြောက်လို့ တခြားနေရာမှာ မဆင်းရဲရင်တောင် ဒီကျွန်းမှာတော့ ဆင်းကြည့်သင့်ပါတယ်။ ရေအောက်က သိပ်မနက်ဘူး။ အသည်းပုံထဲ တချို့နေရာတွေဆို အရပ်မြင့်သူတွေ ခြေဖျားထောက်လို့တောင်ရတယ်။ ချစ်သူ၂ဦးတူတူလာရင် တစ်သက်မကွဲဘူးတဲ့လေ။ Honeymoon ခရီးစဉ်မှာ အသည်းပုံကျျွန်းလေးဆီသွားရင် Very Romantic ပေါ့။ စိတ်ကူးယဉ်ကြည့်တာပါ 😀

received_1275602462535793_mix01_mix01-01
Going inside the heart

🏖စေတန်ကျွန်း
ကျွန်းတွေမှာ ရေငုပ် ငါးကြည့်ပြီးတော့ ဗိုက်တော်တော်ဆာနေပါပြီ။ စေတန်ကျွန်း Dunkin Island မှာ ကြိုဆင်းနေတဲ့အဖွဲ့က ထမင်းစားဖို့ အသင့်ပြင်ထားပေးတယ်။ အဲ့ ကျွန်းမှာ လူမနေတော့ အားလုံးက သဘာဝဆန်ဆန် အရိုင်းဆန်ဆန်လှနေတာ။ အမှိုက်တွေ ဆိုလည်း ဘာဆိုဘာမှမရှိ။ သန့်နေတာပဲ။ Grand Andaman ရဲ့ ဂရုတစိုက် ထိန်းသိမ်းမှုကြောင့်လည်းပါမယ်။ နောက်ပိုင်းမှာ အဲ့ကျွန်းမှာ Tent ထိုးပြီး အိပ်လို့ရအောင် စီစဉ်နေတယ်ဆိုပဲ။

အဲ့ကျွန်းမှာ အထူးခြားဆုံးကတော့ သဲသောင်ပြင်လေးပါ။ Speed Boat ပေါ်က ဆင်းဆင်းခြင်း သိသိသာသာကြီးကို သဲတွေ က အိစက်နေတာပါ။ တကယ်ကို မွမွလေးတွေ။ ပြောရမယ်ဆိုရင် ကရေကရာမုန့်က အမှုန်လေးတွေလို နူးနူးညံ့ညံ့လေး။ စားချင်စိတ်တောင်ပေါက်တယ်။ တကယ်။ 😛

20161125_140341_mix01-01
soft white sand of Dunkin Island Myanmar

20161125_130117_017_mix01-01
Happy Jump on Dunkin Island or Satan Island

သဲလေးတွေ မွမွလေးတွေဆိုတော့ ကလေးတွေလို ခုန်ပေါက်ချင်ပြီပေါ့။ ကျွန်မတို့ အရွယ်တွေတင် မဟုတ် အတူပါလာတဲ့ ၆၀ကျော် အရွယ် ဖေဖေတို့မေမေတို့ Uncle တို့စုံတွဲတာင် ခုန်ပေါက်ပြီး ဓာတ်ပုံတွေ အရိုက်ခံနေကြတာ တကယ် လူငယ်လေးတွေလိုပဲ။ သူတို့ကိုကြည့်ပြီး အပျော်တွေတောင်ကူးစက်မိတယ်။ တကယ်။ 😀
စေတန်ကျွန်းမှာ ကျောက်ဆောင်လေးတွေကလည်းလှ၊ သစ်ပင်တွေမှာ ဒန်းလေးတွေလည်း လုပ်ပေးထားတော့ ကျွန်မတို့လို ပဲမမတွေ အကြိုက်ပေါ့လေ

20161125_134736_mix01-01-01
Swing like an islander

img1480156513229-01
rocks on Dunkin Island

🏞ဇာဒက်ကြီးကျွန်း
ဒီကျွန်းကတော့ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ဆိုသလို ရေအောက်ရှုခင်းတွေ အလှဆုံးပါတဲ့။ ညွှန်းသလောက် တကယ်လည်း လှပါရဲ့။ ကျောက်ခတ်တွေ သန္တာကျောက်တန်းတွေဆို ကိုယ်နဲ့ နီးနီးလေးလိုပဲ။ ရင်သက်ရှုမော စရာပါ။

ဟိုတယ်ကို ပြန်ရောက်တော့ ညနေစောင်းပြီ။ ဟိုတယ်မှာ မတည်းတဲ့ သူတွေ ကိုပါ ကျွန်းခရီးစဉ်လိုက်ရင် ရေကူးကန်နဲ့ Sauna သုံးခွင့်ပေးထားတော့ အုံးအုံးကြွက်ကြွက်ကို စည်ကားနေတာ။ ရောက်ရောက်ချင်း ပင်လယ်ရေတွေ ဆေးချ ရေချိုးပြီး အညောင်းအညာပြေအောင် Sauna ထဲ ဝင်ထိုင် ပြီးမှ ရေတစ်ခါပြန်ချိုး အဝတ်အစားလဲပြီး ညစာ သွားစားကြတယ်။ Massage လုပ်ချင်ပေမဲ့ လူတွေ များနေတော့ မလုပ်လိုက်ရဘူး။ အဲ့နေ့ကတော့ တကယ်အိပ်လို့ကောင်းတယ်။
🌞Day 3 တတိယနေ့

(Grand Andaman Adventure Club- ကော့သောင်း-ဘုရင့်နောင်အငူ-ပြည်တော်အေးစေတီ-ငါးသုံးလုံးတောင်-ရန်ကုန်)
🏍Adventure Club
ဒီ Grand Andaman Hotel ကို ကြိုက်တဲ့ အချက်နောက်တစ်ချက်က နိုင်ငံခြားမှာလို Adventure တွေမျိုးစုံ လုပ်လို့ရလို့ပါ။ သူဌေးကျွန်းလယ်တောင်ပေါ်က Adventure Club ကို ကားနဲ့တက်သွားလို့ရတယ်။ အဲ့မှာ တာဇံလို အရှိန်နဲ့ ကြိုးခိုပြီး စီးရတဲ့ Zip Line ရှိတယ်။ အမြင့်ကြီးကနေ ဟိုး…မျက်စိတဆုံးအထိ စီးရတာနော်။  သစ်ပင် တစ်ပင်နဲ့ တစ်ပင် ကြိုးတံတားတွေ ဘောကွင်းတွေ ဘားတန်းတွေ နဲ့ အမျိုးမျိုး စွန့်စွန့်စားစား သွားရတာလည်းရှိတယ်။ ကိုယ့်အောက်မှာ တောအုပ်တွေဆိုတော့ ရင်တထိပ်ထိပ်ပေါ့။ ပင်လယ်ပြင်ရှုခင်းနောက်ခံပြီး စွန့်စွန့်စားစားတွေ လုပ်နေရတော့ တာဇံလိုလို၊ ကျွန်းပေါ်သောင်တင်နေသူလိုလို Feeling က တအားမိုက် 😀

img1480158362891-01
Adventure on Tha Htay Island

20161126_110506_mix01-01
Zipline Adventure

ကျွန်းအနှံ့ ဘီးအကြီးကြီးတပ်ထားတဲ့ တောနင်းယာဉ် (ATV) ကိုယ်တိုင်မောင်းလို့လည်းရတယ်။ မမောင်းတတ်ရင် သူတို့လိုက်မောင်းပို့ပေးတယ်။ ATV စီးပြီး View Point မှာ ရပ်ပေးတော့ မြင်ရတဲ့ ရှူခင်းက ရင်သပ်ရှူမောဖွယ်ရာပါ။ ကော့သောင်းမြို့အပြင် ထိုင်းနိုင်ငံဘက်က တောင်တန်းလေးတွေပါ ပြပြလေး လှမ်းမြင်နေရတာ… View Point နားက သစ်ပင်တွေကလည်း ထူးဆန်းတယ်။  သစ်ကုလားအုပ်လို ဖြစ်နေတာ။ Adventure Club မှာ Activities တွေ လုပ်မယ်ဆိုရင်တော့ ဘတ် ၁၅၀၀   (မြန်မာငွေ ၅သောင်းဝန်းကျင်လာက်) ကျပါမယ်။ ကျွန်းပေါ်မှာ Organic စိုက်ခင်းတွေလည်း ရှိပြီး နောက်ဆို Hotel မှာ ကျွေးတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သုံးတဲ့ ဆပ်ပြာတွေ အကုန် ကျွန်းထွက် ပစ္စည်းတွေနဲ့ပဲ Organic လုပ်မှာတဲ့..

20161126_111519-01
Adventure club

20161126_103443_mix01-01
Grand Andaman Viewpoint

🏙ကော့သောင်းမြို့

Hotel မှာပဲ Buffet Lunch စားပြီးတော့ လေဆိပ်မဆင်းခင် ကော့သောင်းမြို့ထဲ သွားလည်ခဲ့ကြတယ်။ မြန်မာနိုင်ငံရဲ့ တောင်ဘက်အကျဆုံးကုန်းမြေဖြစ်တဲ့ ဘုရင့်နောင်အငူ (အရင် ဝိတိုရိယအငူ) ကိုတော့ မရောက်မဖြစ်ပေါ့။ ငါဟာ အမိမြန်မာပြည်ရဲ့ ခြေချောင်းထိပ်လေးဆီ ရောက်နေတာပါလားဆိုတဲ့ Feeling လေးက တစ်မျိုးလေးပါပဲ… ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ခဲ့တဲ့ ဘုရင့်နောင်ရုပ်တုကြီးကလည်း ငါတို့ မြေကို လာမထိနဲ့ ဆိုပြီး ပင်လယ်ဘက်ကို မျှော်ကာ ရန်သူတွေကို ကာကွယ်ပေးနေသယောင်ယောင် ထင်မှတ်မိလေရဲ့ …

ကျွန်မတို့က ၂ညအိပ် ၃ရက်ပဲ အချိန်ရတော့ ဒီနေရာလေးတွေပဲ လည်ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အချိန်ရမယ် ဆိုရင် ကော့သောင်းမြို့နားက ပုလုံးတုံးတုံး ကမ်းခြေက တအားလှတယ်ဆိုပဲ။ ညောင်ဦးဖီးကျွန်းနဲ့ အနားတဝိုက်က ကျွန်းတွေကလည်း  သွားရတာ ဝေးပေမယ့် သာယာတယ်လို့ ဆိုကြပါတယ်။ ထိုင်းနိုင်ငံဘက်ကို ကူးပြီး ရနောင်းမြို့ သွားလည်လည်း ရပါတယ်။ တခြားလည်စရာ နေရာတွေ သိလည်း Comment မှာ အကြံပေးကြပါဦးနော်။

received_10154253854287123_mix01
Kaw Thaung

Tips!
-ရေမကူးတတ်လို့၊ ရေ ကြောက်လို့ဆိုပြီး ရေထဲ မဆင်းဘဲ မနေပါနဲ့။ ရေမကူးတတ်လည်း ဆင်းလို့ရပါတယ်။ မဆင်းလိုက်ရရင် နောင်တရနေမှာနော်

-ရေကူးတတ်ပေမဲ့လည်း ကိုယ့်ဟာကိုယ်ကူးမနေပဲ ရေငုပ်သမားခေါ်သွားတာနောက်လိုက်ပါ။ သူတို့က ဘယ်နေရာမှာ ဘာရှိလဲ ဆိုတာ သိနေတတ်လို့ပါ။ သူတို့တွေ ရေထဲ ငုပ်ငုပ်သွားတာ ကြည့်ရတာလည်း ဆပ်ကပ်ကြည့်နေရသလိုပါပဲ

-ထိုင်းတွေ အလာများလို့ ထိုင်းဘတ်တွေ သုံးပါတယ်။ ကိုယ့်မှာ ဘတ်ငွေတွေ ရှိရင် ယူသွားပါ။ သုံးလို့ရပါတယ်။ လက်ရှိ ဘတ်ငွေပေါက်ဈေး ၁ဘတ် = ၃၇ကျပ်

-အချိန်ကလည်း ထိုင်းနဲ့ နီးလို့ ထိုင်း အချိန်ကို ယူတတ်ကြပါတယ်။ ထိုင်းအချိန်က မြန်မာအချိန်ထက် နာရီဝက်စောပါတယ်။ ဥပမာ- မြန်မာမှာ မနက်၉နာရီဆို ထိုင်းအချိန်က ၉နာရီခွဲပါ။ ဒီတော့ အချိန်ပြောရင် ထိုင်းအချိန်လား မြန်မာ အချိန်လားဆိုတာကို သေချာအောင်မေးပါ

-ဖုန်းကတ်က MPT သာမိလို့ MPT card ရှိရင်ယူသွားပါ။ Ooredoo ကတော့ တစ်ခါတလေ မိပါတယ်။

-ရေအောက်ရိုက်တဲ့ ကင်မရာရှိရင် ယူသွားပါ။ ရေအောက်ရှုခင်းတွေ တအားလှပါတယ်။ ဖုန်းတွေကိုလည်း ရေစိုခံအိတ်နဲ့ ထည့်ထားပါ။

-နေအရမ်းပြင်းတော့ အသားနေမလောင်အောင် နေပူခံ ရေစိုခံ Sunscreen တွေ ဆောင်သွားပါ။

-Hotel က Thai Massage Spa မှာ နှိပ်တဲ့သူ ၄ယောက်ပဲရှိလို့ ကျွန်းသွားတဲ့နေ့တွေမှာ ပင်ပန်းပြီး အနှိပ်ခံတဲ့သူများလို့ လူကျတတ်တယ်။ Massage ကြိုက်ရင် ကြိုပြီး Booking တင်ထားပါ။

-Hotel မှာ တည်းရင် တစ်ရက်ကို ကျွန်းပတ်ခရီးစဉ်နဲ့ တွဲယူပါ။ ပိုသက်သာလို့ပါ။ ကျွန်းပတ်ခရီးစဉ်နဲ့တွဲယူရင် တစ်ယောက်ကို ဘတ် 1000 ပဲ ပိုပေးရတော့ ၂ယောက်ဆို ဘတ် 2000 (ကျပ် ၇၅၀၀၀ လောက်) သာကျမှာပါ။ ပုံမှန်က ဟိုတယ်တစ်ညကို $120 ( ကျပ် ၁သိန်းခွဲကျော်) ပေးရတော့ ထက်ဝက်ကျော်သက်သာလို့ပါ။

DCIM100MEDIA
DCIM100MEDIA

Quick facts
ကုန်ကျစရိတ် – ၂သိန်းကျော်မှ ၆သိန်းထိ

ခရီးစဉ်ရက် – ၂ညအိပ် ၃ရက် or 3ညအိပ် ၄ရက်

သွားသင့်သောနေရာများ

ကော့သောင်းမြို့ – ဘုရင့်နောင်အငူ၊ ဘုရင့်နောင်ရုပ်တု၊ ပြည်တော်အေးစေတီတော်၊ ငါးသုံးလုံးတောင်၊ ပုလုံးတုံးတုံးကမ်းခြေ

သူဌေးကျွန်း၊ ကြက်မောက်ကျွန်း၊ စေတန်ကျွန်း၊ ညောင်ဦးဖီးကျွန်း

မလိဝမ်းရေတံခွန်၊ မလိဝမ်း သဘာဝရေပူစမ်း

ရနောင်းမြို့

received_10154253857982123_mix01
Pretty Pink

ကော့သောင်းမြိတ်ကျွန်းစုလှတယ်သာသိတာ။ ဒီလောက် သွားလာရလွယ်မယ်။ တိုးတက်နေမယ်လို့ မထင်ထားတာ အမှန်ပါ။ ခုလို ပွင့်လင်းရာသီမှာ Honey Moon ထွက်လိုတာပဲ ဖြစ်ဖြစ်၊ မိသားစုလိုက် ပျော်ပျော်ကြီး သွားလိုတာပဲ ဖြစ်ဖြစ်၊ Anniversary ရက်တွေ တူတူ ဆင်နွှဲလိုတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အတူတူကဲလိုတာပဲဖြစ်ဖြစ်၊ ပင်လယ်နဲ့ ကမ်းခြေကို ချစ်ပြီး ရေအောက်အလှတွေ မြင်တွေ့လိုတာပဲဖြစ်ဖြစ် နိုင်ငံခြားကို ဈေးကြီးပေးပြီး သွားစရာ မလိုဘဲ ကိုယ့်နိုင်ငံထဲမှာပဲ နိုင်ငံတကာ အဆင့်မီ သွားလည်နိုင်တာ ကျေနပ်စရာပါ။ နိုင်ငံခြားသားတွေတောင် တကူးတကလာပြီး Snorkeling လုပ်ရတယ်ဆိုတော့ စိတ်ကြီးဝင်မိပြီပေါ့။ တချို့ဆို တစ်ရက်နဲ့ မဝလို့ နောက်တစ်ရက်တောင် ထပ် Join တယ်ဆိုပဲ။ 😀

20161125_130233_011_mix01

အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပါစေနော်…
#NuMyat

https://www.facebook.com/numyataroundtheworld/
ဒီ Post ကို လွတ်လပ်စွာ Share နိုင်ပါတယ်။ ပုံနဲ့ စာတွေ ယူသုံးခြင်းတော့ ခွင့်မပြုပါ။

Drone ပုံတွေ အသုံးပြုခွင့်ပေးပြီး ကော့သောင်းမြို့ကို လာလည်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ သွားခဲ့တဲ့ရက်တိုင်းမှာလည်း ဧည့်ဝတ်ကျေပွန်ခဲ့တဲ့ Grand Andaman Hotel မှ တာဝန်ရှိသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
All photos with Nu Myat around the World logo are taken and copyrighted by Nu Myat. Feel free to share this post. But not allow to use the photos and words without my permission.