ဘူတန်၏ရှေးအကျဆုံးနှင့်အကျော်ကြားဆုံး သင်ဖူပွဲတော် – Celebrating Thimphu Festival in Bhutan

ဘူတန်၏ရှေးအကျဆုံးနှင့်အကျော်ကြားဆုံး သင်ဖူပွဲတော်

Celebrating Thimphu Festival in Bhutan


စာရေးသူ ဘူတန်နိုင်ငံရောက်ခဲ့စဉ် ဒေသခံကဲ့သို့ ရိုးရာဝတ်စုံဝတ်ဆင်ပြီး ဘူတန်ရိုးရာပွဲတော် ဆင်နွှဲခဲ့ဖူးပေသည်။ ဘူတန်နိုင်ငံသို့ ၂၀၁၈ ခုနှစ်က သွားရောက်လည်ပတ်ခဲ့စဉ် သင်ဖူမြို့ (Thimphu)မှာ နှစ်စဉ်ကျင်းပနေကျ သင်ဖူပွဲတော်သို့ ဘူတန်ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။


ဘူတန်နိုင်ငံတွင် ရိုးရာပွဲတော်ကြီးများကို Tshechu ဟုခေါ်ကာ ဘူတန်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုကို တွေ့ကြုံခံစားရန် အကောင်းဆုံးနည်းလမ်းများအနက် တစ်ခုဖြစ်သည်။ ပွဲတော်များကို ဒေသအသီးသီးရှိ Dzong ဟုခေါ်သည့် ဗိမာန်တော်ကြီးများတွင် ကျင်းပလေ့ရှိကာ အချို့ပွဲတော်များကို ဘုန်းကြီးကျောင်းများမှာလည်း ကျင်းပကြပါသည်။ Tschechu ပွဲတော်များသည် ၈ ရာစုတွင် အိန္ဒိယနိုင်ငံမှ ဘူတန်သို့ ဗုဒ္ဓဘာသာကို ယူဆောင်လာသော သူတော်စင် Guru Rimpoche ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ဗုဒ္ဓဘာသာပွဲတော်များဖြစ်သည်။ Tshechu ၏ အဓိပ္ပါယ်မှာ ၁၀ရက်မြောက်နေ့ဖြစ်ကာ သူတော်စင်ကြီး၏မွေးနေ့ဖြစ်သည့် ဘူတန်ရိုးရာပြက္ခဒိန် လဆန်း ၁၀ ရက်နေ့မှ စကာ ၃ ရက်တာကျင်းပလေ့ရှိပါသည်။ လစဉ်လတိုင်း ဘူတန်မြို့ကြီးများတွင် အလှည့်ကျ ကျင်းပလေ့ရှိပါသည်။


Tshechu ပွဲတော်မတိုင်မီ ရက်သတ္တပတ်များအတွင်း ဒေသခံရဟန်းတော်များသည် တရားထိုင်ခြင်း၊ လေးလေးနက်နက် ဆုတောင်းခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် သုံးရက်ကြာ ပွဲတော်အတွင်း ရောင်စုံမျက်နှာဖုံးများနှင့် ဝတ်စုံများ ဝတ်ဆင်ကာ ခမ်းနားထည်ဝါစွာ ကပြဖျော်ဖြေကြသည်။ မျက်နှာဖုံးစွပ်ထားသော အကတစ်ခုစီသည် Guru Rimpoche ၏ဘဝဇာတ်လမ်းများကို အခြေခံထားသည်။ ဤအကဖျော်ဖြေမှုများသည် ကံကောင်းခြင်းများကို တိုးပွားစေပြီး ကံဆိုးခြင်းကို ဖယ်ရှားပေးသည်ဟု ယုံကြည်ကြသည်။ ဘူတန်ပြည်သူများသည် ဝတ်ကောင်းစားလှများ၊ လက်ဝတ်ရတနာများနှင့် ဟင်းလျာကောင်းများဖြင့် ဆင်နွှဲကြလေ့ရှိကာ ဘူတန်လူမျိုးများအတွက် လူမှုရေးဆုံပွဲတစ်ခုလည်းဖြစ်သည်။

oznor


ဘူတန်နိုင်ငံသည် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံရသည့် အကြောင်းရင်းထဲတွင် ထိုရိုးရာပွဲတော်များကို လစဉ်နှစ်စဉ်ကျင်းပနေခြင်းကြောင့်လည်းဖြစ်သည်။ ဘူတန်နိုင်ငံတွင် ရိုးရာအစဉ်အလာ ပွဲတော်အများအပြား ကျင်းပနေသည့်အနက် ရှေးအကျဆုံးနှင့် အကျော်ကြားဆုံး ပွဲတော်မှာ စာရေးသူတို့သွားရောက်ခဲ့သည့် သင်ဖူပွဲတော်ဖြစ်သည်။ Tashi Chhodzong နန်းတော်ရှေ့တွင် ခမ်းနားစွာကျင်းပလေ့ရှိပြီး နိုင်ငံတစ်ဝှမ်းလုံးရှိ လူများစွာလာရောက်သောပွဲတော်ဖြစ်သည်။ စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလတွင် ကျင်းပလေ့ရှိပါသည်။

oznor


သင်ဖူမြို့သည် နိုင်ငံ၏တစ်ခုတည်းသော နိုင်ငံတကာလေဆိပ်မှ တစ်နာရီသာ ကားမောင်းရသည့်နေရာလည်းဖြစ်သည်။ ထို့ကြောင့် ဘူတန်သို့ လာရောက်လေ့ရှိကြသည့် လေးရက်တာခရီးကာလအတွင်း ပွဲတော်တက်ရောက်ရန် ဖြစ်နိုင်သည်။ နိုင်ငံအရှေ့ပိုင်းရှိ မြို့ကြီးများတွင် ကျင်းပသည့် ပွဲတော်များကို သွားရောက်မည်ဆိုပါက ရက်များစွာပိုယူရပေမည်။


သင်ဖူပွဲတော်ကဲ့သို့ ဘူတန်နိုင်ငံ၏ အခြား အထင်ရှားဆုံး ပွဲတော်တစ်ခုမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိရာ ပါရိုမြို့ရှိ ပါရိုပွဲတော်ဖြစ်သည်။ ပွဲတော်ကာလအတွင်း ပေ ၄၀ ကျော်မြင့်သည့် နှစ် ၃၅၀ သက်တမ်းရှိ Guru Rimpoche ၏ပုံတူ ရွှေချည်ထိုးဖောင်းကြွပန်းချီကားကြီးကို ဖြန့်ကာ ချိတ်ဆွဲပြသထားခြင်းကြောင့် ထူးခြားလှပါသည်။ ရှားပါးဗုဒ္ဓဓာတ်တော်မွေတော်များကို ပြသလေ့ရှိသည့် ပူနာခါပွဲတော်၊ ဘူတန်နိုင်ငံ၏ အမျိုးသားအထိမ်းအမှတ်သတ္တဝါဖြစ်သည့် သားမင်းကိုရည်ညွှန်းကာ Gasa အရပ်တွင် ကျင်းပသည့် သားမင်းပွဲတော်၊ Phobjikha လွင်ပြင်တွင်ကျင်းပသည့် လည်ပင်းနက်ကြိုးကြာငှက်ပွဲတော်တို့သည်လည်း ထင်ရှားသည့် ဘူတန်ရိုးရာပွဲတော်များဖြစ်သည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Nu Myat around the World

နှင်းတောထဲက မှန်လုံအိမ်များရှိရာ Lapland – Glass Igloos

နှင်းတောထဲက မှန်လုံအိမ်များရှိရာ Lapland


Lapland ဆိုတာ ကမ္ဘာ့မြောက်ဘက်စွန်းရှိ အာတိတ်စက်ဝိုင်းအတွင်းရှိ ဥရောပမြောက်ပိုင်းဒေသတွေပါ။ Lapland ဒေသမှာ ဖင်လန်၊ ဆွီဒင်၊ နော်ဝေးနဲ့ ရုရှားနိုင်ငံမြောက်ဖျားပိုင်းတွေ ပါပါတယ်။ ဖင်လန်နိုင်ငံက ခရစ္စမတ်ဘိုးဘိုးကြီးရဲ့ ဇာတိ ရိုဗာနီယာမီ (Rovanemi) မြို့ ရှိရာဒေသလည်းပဲဖြစ်ပါတယ်။


Lapland က ဆောင်းတွင်းညဘက်ကောင်းကင်ယံမှာ အစိမ်းရောင်အလင်းတန်းတွေအဖြစ် ပေါ်ထွက်လာလေ့ရှိတဲ့ ဥတ္တရအလင်းတန်း (Northern Light) ကြည့်ဖို့ကောင်းတဲ့နေရာအဖြစ် နာမည်ကြီးပါတယ်။ Lapland ကို ဥတ္တရအလင်းတန်းကြည့်ချင်လို့လာကြတဲ့ ဧည့်သည်တွေအနေနဲ့ နှင်းတွေကြားက မှန်လုံအိမ်တွေမှာ ညအိပ်တည်းခိုလို့ရပါတယ်။ မျက်နှာကျက်က မှန်နဲ့ဆိုတော့ အိပ်ယာပေါ်ကနေ ကောင်းကင်မှာ ဥတ္တရအလင်းတန်းတွေ ကခုန်နေတာကိုလည်း လှမ်းမြင်နိုင်ပါသေးတယ်။


ဖင်လန်နိုင်ငံက ဥတ္တရအလင်းတန်းမြင်ရတဲ့ နှင်းတောထဲက မှန်လုံးအိမ်ဟိုတယ်တွေကြောင့် နာမည်ကြီးပါတယ်။ ဟိုတယ်များစွာရှိတဲ့အနက် Aurora Pyramid Glass Igloo က ဓာတ်ပုံရိုက်လို့အလှဆုံး မှန်လုံအိမ်တစ်ခုပါ။


တကယ့် Igloo အိမ်လိုမျိုးမှာ တည်းဖူးကြည့်ချင်ရင်တော့ ရေခဲနဲ့ဆောက်ထားတဲ့ Lucky Ranch Saloon Snow Igloo မှာတည်းလို့ရပါတယ်။ Kittila ရှိ Lapland Snowvillage မှာတော့ ဧည့်သည်တိုင်းကို ရေခဲအခန်းထဲတည်းခိုခဲ့တဲ့အတွက် ဒီပလိုမာပေးအပ်လေ့ရှိပါတယ်။

Rovaniemi မြို့အနီးအနားမှာဆိုရင် Santa Claus Village ထဲရှိ Glass resort နဲ့ Santa’s Igloos Arctic Circle ရယ်၊ Santa Park အနီးရှိ Arctic Treehouse Hotel ရယ်ရှိပါတယ်။ ရေခဲတွေနဲ့ပဲဆောက်ထားပြီး တစ်နှစ်တစ်ခါ ဆောင်းတွင်းရောက်တိုင်း အသစ်ပြန်ဆောက်ရတဲ့ ရေခဲဟိုတယ် Arctic Snow Hotel လည်း နာမည်ကြီးပါတယ်။

Ivalo Airport အနီးမှာ ဖင်လန်နိုင်ငံရဲ့ နာမည်အကြီးဆုံး Igloo ဟိုတယ် Kakslauttanen Arctic Resort ရှိသလို မှန်ချွေးထုတ်ခန်းနဲ့ လဟာပြင်ရေနွေးစိမ်ကန်ရှိတဲ့ Aurora Village Ivalo နဲ့ တောင်ထိပ်ရှိ Star Arctic Hotel တို့လည်းရှိပါတယ်။ Levi မြို့အနီးမှာတော့ Levin Iglut ဟိုတယ်က Ski Resort အနားမှာရှိသလို အခန်းထဲ မှန်အမိုး၊ မှန်ပြတင်းပေါက်များနဲ့ ရှုခင်းကြည့်ဖို့အလွန်ကောင်းပါတယ်။ Kittilä Airport အနီးရှိ Northern Lights Village နဲ့ Kilpisjärvi မြို့ရှိ Arctic Land Adventure မှာတော့ Reindeer မွေးမြူရေးခြံပါရှိလို့ Reindeer လေးတွေကို သွားကြည့်နိုင်ပါတယ်။


စာရေးသူတို့ကတော့ မှန်အမိုးနဲ့ ဆာမိရိုးရာအိမ်တွေလိုဆောက်ထားတဲ့ Apukka Resort မှာတည်းဖြစ်ခဲ့ပါတယ်။ Apukka Resort က ရိုဗာနီယာမီမြို့ကနေ ၁၅ မိနစ် မောင်းရင်ရောက်တဲ့ Appuka မြို့ မြစ်ကမ်းဘေးမှာရှိပါတယ်။ Resort ဝန်းထဲ Husky ခွေးတွေနဲ့ Reindeer ဒရယ်မွေးမြူရေးခြံလည်းရှိလို့ သွားလည်နိုင်ပါတယ်။ ဒီ Resort မှာ မှန်အိမ်လေးတွေအပြင် ချွေးထုတ်ခန်း Sauna တွေလည်း နာမည်ကျော်ပါတယ်။ ဖင်လန်ရိုးရာ သစ်သားချွေးထုတ်ခန်းတွေအပြင် ရေခဲ Sauna နဲ့ Ski ပေါ်တင်ကာရွေ့လျားနိုင်တဲ့ Sauna တို့လည်းရှိပါတယ်။ စာရေးသူတို့တည်းခိုခဲ့တဲ့ Aurora Cabin အိမ်လေးတွေက မှန်အမိုးလေးတွေဖြစ်လို့ ဥတ္တရအလင်းတန်းတွေကို အိပ်ယာပေါ်ကနေ လှမ်းမြင်နိုင်ပါတယ်။ ဈေးကတော့ တစ်ညကို ၃၃၀ ယူရိုကျသင့်ပါတယ်။ ပိုပြီးကျယ်ပိုဈေးကြီးတဲ့ Suite အခန်းတွေရှိသလို ဈေးပိုသက်သာတဲ့အခန်းတွေလည်း ရှိပါတယ်။


Lapland ကမြောက်ဝင်ရိုးစွန်းနားရောက်နေပေမဲ့ အမြဲနှင်းတွေ ဖုံးပြီး အေးခဲနေတာမျိုး မဟုတ်ပါဘူး။ နွေရာသီမှာဆို နှင်းတွေအရည်ပျော်နေတတ်ပါတယ်။ ဆောင်းတွင်းကာလတွေဖြစ်တဲ့ နိုဝင်ဘာလကနေ မတ်လအထိပဲ နေ့တာတိုပြီး နှင်းတွေလည်းဖုံးနေတာပါ။ ဒီလတွေမှာ ကောင်းကင်ယံမှာ ဥတ္တရအလင်းတန်းတွေလည်း ထွက်ပေါ်တတ်ပါတယ်။ အောက်တိုဘာလကုန်နဲ့ မတ်လမှာဆို ပိုမြင်ရနိုင်ပါတယ်။ Lapland မှာ ဆန်းကြယ်တဲ့သဘာဝတရားတွေရှိသလို ဘယ်မှာမှမရနိုင်တဲ့ အတွေ့အကြုံသစ်တွေကိုလည်း အများကြီးပေးစွမ်းနိုင်လို့ တစ်သက်မှာတစ်ခါတော့ မှန်အိမ်တွေမှာ တည်းသင့်တယ်လို့ ညွှန်းဆိုချင်ပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂ ီဦး

ရှေးဟောင်း ဗိုက်ကင်းလှေပြတိုက် – Viking Ship Museum, Oslo, Norway


ရှေးဟောင်း ဗိုက်ကင်းလှေပြတိုက် – Viking Ship Museum, Oslo, Norway

ကမ္ဘာ့နိုင်ငံအသီးသီး မြို့အသီးသီးတွင် ပြတိုက်မျိုးစုံရှိသည့်အနက် ထူးထူးခြားခြားအနေဖြင့် ရောက်ခဲ့ဖူးသည့် ပြတိုက်တစ်ခုမှာ ရှေးဟောင်းဗိုက်ကင်းရွက်လှေကြီးများကို ပြသထားသည့် ပြတိုက်ဖြစ်ပါသည်။ ၎င်းမှာ နော်ဝေနိုင်ငံ မြို့တော် အော်စလိုရှိ ဗိုက်ကင်းလှေပြတိုက်ဖြစ်သည်။


ဗိုက်ကင်းဆိုသည်မှာ ဥရောပမြောက်ပိုင်း စကန်ဒီနေးဗီးယားဒေသတွင် အခြေချခဲ့သော လူမျိုးစုဖြစ်ကာ ပင်လယ်ပျော်များဖြစ်ကြသည်။ အများစုမှာ သင်္ဘောသားများဖြစ်ကြကာ ရေကြောင်းဖြင့် ကုန်သွယ်ခြင်း၊ နယ်မြေသစ်ရှာဖွေခြင်းများပြုလုပ်ခဲ့ကြသည်။ ၎င်းတို့၏ သစ်သားရွက်လှေကြီးများဖြင့် မိုင်ထောင်ပေါင်းများစွာ ခရီးထွက်လေ့ရှိကြသလို မြစ်များနှင့် ပင်လယ်များကို ကုန်းမြေသစ်များဆီသို့ တံခါးပေါက်များအဖြစ် အသုံးပြုခဲ့ကြသည်။ နော်ဝေးပင်လယ်နှင့် ဘော်လ်တစ်ပင်လယ်တို့တွင် ကြီးစိုးခဲ့ကြသည်။ ၈ရာစုမှ ၁၁ ရာစုအကြားကာလကို ဗိုက်ကင်းခေတ်ဟု သိထားကြကာ ထိုကာလအတွင်း ဥရောပမြောက်ပိုင်းနှင့် အနောက်နိုင်ငံတို့ကို ရေကြောင်းမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကာ ကိုလိုနီပြုခဲ့ကြပါသည်။ ဗိုက်ကင်းများသည် ၎င်းတို့၏ အဆင့်မြင့ ်လှေတည်ဆောက်မှု နည်းပညာများနှင့် ပင်လယ်တွင်း ရှင်သန်နိုင်သည့် စွမ်းရည်များကြောင့် လူသိများပါသည်။


ဗိုက်ကင်းတို့၏ ရိုးရာအယူအဆအရ ကွယ်လွန်သည့်အခါ နောင်ဘဝတွင်အသုံးပြုရန် ပစ္စည်းအသုံးအဆောင်များ ထည့်သွင်းမြှုပ်နှံလေ့ရှိကြပါသည်။ သြဇာအာဏာရှိသူများ၊ သူဌေးကြီၤးများ ကွယ်လွန်သည့်အခါတွင်လည်း သူပိုင်ဆိုင်သည့် လှေကြီးများပါထည့်သွင်းမြှုပ်နှဲခဲ့ကြသဖြင့် သင်္ချိုင်းတောင်ကုန်းငယ်များအဖြစ် ကျန်ရစ်ခဲ့ကြသည်။ ထိုမြှုပ်နှံထားသည့် ဗိုက်ကင်းလှေကြီးများကို အကောင်းအတိုင်းပြန်လည်တူးဖော်ကာ အော်စလိုမြို့ရှိ ဗိုက်ကင်းလှေပြတိုက်တွင် ပြသထားခြင်းဖြစ်သည်။


ဗိုက်ကင်းလှေပြတိုက်ကို ၁၉၂၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး Oseberg၊ Gokstad နှင့် Tune အမည်ရှိ ရှေဟောင်းလှေကြီးသုံးစင်းကို ခန်းမကျယ်ကြီး သုံးခန်းတွင် တစ်ခန်းစီပြသထားပါသည်။ ခန်းမထဲတွင် လှေများကို အပေါ်စီးမှ ကြည့်နိုင်ရန် လှေကားဖြင့်တက်ရသည့် လေသာဆောင်လည်း ပြုလုပ်ပေးထားပါသည်။


The Oseberg Viking လှေကြီးသည် ကမ္ဘာ့ရှေးအကျဆုံးဗိုက်ကင်းလှေကြီးဖြစ်ကာ သက္ကရာဇ် ၈၀၀ မတိုင်မီက ပြုလုပ်ခဲ့ကြပြီး ၈၃၄ ခုနှစ်တွင် သြဇာအာဏာရှိသည့် အမျိုးသမီးနှစ်ဦးရုပ်အလောင်းနှင့်အတူ ထည့်သွင်းမြှုပ်နှံခဲ့သည်။ ထိုလှေကြီးကို ၁၉၀၃ ခုနှစ်တွင် အကောင်းအတိုင်း တူးဖော်ရရှိခဲ့သည်။ အလျား ၇၂ ပေ အကျယ် ၁၆ ပေခန့်ရှိကာ လေးထောင့်ရွက်တစ်ရွက်နှင့် လှော်တက် ၁၅ စုံပါဝင်သည်။ လှေတစ်စီးလုံးနီးပါးကို ဝက်သစ်ချသားများဖြင့် ပြုလုပ်ထားသဖြင့် တောင့်တင်းလှပါသည်။ လှေကြီးကို အနုစိတ်အလှဆင်ထားသဖြင့် လှေသုံးစီးအနက် အလှဆင်ထားမှု အကောင်းဆုံးဖြစ်သည်။ မင်းမျိုးမင်းနွယ်များ၏ အပျော်စီးရွက်လှေဟု ယူဆရပါသည်။


The Gokstad ဗိုက်ကင်းလှေမှာမူ ပင်လယ်ကူး ကုန်သွယ်မှုလှေဖြစ်သည်။ အလျား ၇၆ ပေ နှင့် အကျယ် ၁၇ ပေ ရှိကာ လူ ၇၀ အထိ သယ်ဆောင်နိုင်သည်ဟု ခန့်မှန်းကြသည်။ ၁၈၇၉ ခုနှစ်တွင် Sandefjord ရှိ ဘုရင်၏တောင်ကုန်းဟုလူသိများသော မြေပုံအောက်တွင် ဗိုက်ကင်းတပ်မှူးတစ်ဦး၏ ရုပ်အလောင်းနှင့်အတူ ရှာဖွေတွေ့ရှိခဲ့သည်။


တတိယလှေ The Tune ကိုမူ လှေအပိုင်းအစများ အဖြစ်သာတွေ့ရပါသည်။ နော်ဝေနိုင်ငံ၊ Tune မြို့ရှိ လယ်တောထဲတွင် ၁၈၆၇ ခုနှစ်က တူးဖော်ရရှိခဲ့ပါသည်။ ပိုသေးငယ်ပြီး ပိုမြန်ဆန်ပုံပေါက်သဖြင့် ခရီးသည်များကို ကမ်းရိုးတန်းတလျှောက် ခရီးတိုပို့ဆောင်ပေးသည့် လှေကြီးဟု ယူဆရပါသည်။


ပြတိုက်တွင် ဗိုက်ကင်းလှေများနှင့်အတူ တူးဖော်ရရှိခဲ့သည့် ရုပ်အလောင်းများနှင့် ရှေးဟောင်းပစ္စည်းများကိုပါ ပြသထားသည်ကို တွေ့ခဲ့ရပါသည်။ ယခုလက်ရှိတွင် ပြတိုက်ကို အကြီးစားပြင်ဆင်တိုးချဲ့မှုများပြုလုပ်နေသဖြင့် ခဏ ပိတ်ထားကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်တွင်မှ ဗိုက်ကင်းလှေများသာမက ဗိုက်ကင်းလူမျိုးစုတို့၏ အကြောင်းကို ပိုပြည့်စုံစွာ ပြသထားမည့် ဗိုက်ကင်းခေတ်ပြတိုက်အဖြစ်ပြန်လည်ဖွင့်လှစ်မည်ဟုသိရပါသည်။


ဒေါက်တာနုမြတ်သိင်္ဂီဦး

Nu Myat around the World


ကမ္ဘာ့သက်တမ်းအရှည်ဆုံးစပျစ်ပင်ရှိရာ ဆလိုဗားနီးယား – Slovenia

ကမ္ဘာ့သက်တမ်းအရှည်ဆုံးစပျစ်ပင်ရှိရာ ဆလိုဗားနီးယား


ဆလိုဗားနီးယားနိုင်ငံသည် ဥရောပအလယ်ပိုင်းရှိ ၇၈၂၆ စတုရန်းမိုင်သာ ကျယ်ဝန်းပြီး လူဦးရေ ၂ သန်းကျော်သာရှိသည့် နိုင်ငံငယ်လေးဖြစ်သည်။ အနောက်ဘက်တွင် အီတလီ၊ မြောက်ဘက်တွင် သြစတြီးယား၊ အရှေ့မြောက်ဘက်တွင် ဟန်ဂေရီ၊ အရှေ့တောင်ဘက်တွင် ခရိုအေးရှားနှင့် အနောက်တောင်ဘက်တွင် အဒရီယားတစ် ပင်လယ်တို့နှင့် နယ်နိမိတ်ထိစပ်နေပါသည်။ ယူဂိုစလပ်(ဗ်)နိုင်ငံပြိုကွဲပြီးနောက် ၁၉၉၁ ခုနှစ်မှ လွတ်လပ်သည့် သီးခြားနိုင်ငံဖြစ်ခဲ့သဖြင့် သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀ ကျော်သာ ရှိသေးသည်။


ဆလိုဗားနီးယားနိုင်ငံသည် ဥရောပတွင် အစိမ်းလန်းဆုံးနိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံတစ်ဝက်ကျော်ကို သစ်တောများ လွှမ်းခြုံထားသဖြင့် နိုင်ငံတစ်ဝက်ကျော်လောက်က ထိန်းသိမ်းစောင့်ရှောက်ခံထားရသည်။ မြို့တော် လူဘလီယားနား (Ljubljana) က ၂၀၁၆ ခုနှစ်တွင် ဥရောပ၏ အစိမ်းလန်းဆုံးမြို့အဖြစ် ဆုရရှိခဲ့ဖူးပေသည်။


နိုင်ငံငယ်လေးဖြစ်သော်ငြား သဘာဝအလှတရားများ ပြည့်စုံစွာရှိလို့နေပါသည်။ လှပသောရှုမျှော်ခင်းများ၊ ရေကန်များ၊ တောတောင်များရှိသဖြင့် သဘာဝတရားကိုမြတ်နိုးသူများ၊ စွန့်စားရနှစ်သက်သူများ အကြိုက်တွေ့သည့်နိုင်ငံဖြစ်သည်။ ဆလိုဗားနီးယားတွင် မြေပေါ်အလှတရားများ သာမက မြေအောက်အလှတရားများလည်းရှိသည်။ နိုင်ငံအနှံ့ လှိုဏ်ဂူပေါင်း ၁၀၀၀၀ ကျော်ရှိကာ နာမည်အကြီးဆုံးလှိုဏ်ဂူမှာ နှစ်ပေါင်း၂ သန်းကျော် သက်တမ်းရှိ Postojna ဂူဖြစ်သည်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရသည့် Skocjan လှိုဏ်ဂူသည်လည်း နာမည်ကျော်သည်။


ဆလိုဗားနီးယားလူမျိုးများသည် ဝိုင်ကို နှစ်သက်ကြပြီး စပျစ်ပင်များစိုက်ကာ ကိုယ်တိုင် ဝိုင်ချက်သောက်လေ့ရှိကြသည်။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ဆိုလျှင် လူအယောက် ၇၀ ကို ဝိုင်ခြံတစ်ခြံနှုန်း ရှိနေပါသည်။ ကမ္ဘာ့အရည်အသွေးမီ ဝိုင်များကို ထုတ်လုပ်နိုင်သော်လည်း ပြည်တွင်းမှာတင် အားပေးသူများသဖြင့် ပြည်ပသို့ ရာခိုင်နှုန်းအနည်းငယ်သာ တင်ပို့လေ့ရှိကြသည်။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး စပျစ်ပင်ကြီးသည် Maribor မြို့လည်တွင်ရှိကာ နှစ်ပေါင်း ၄၀၀ ကျော် သက်တမ်းရှိပါသည်။ ယင်းသည် ကိုယ်ပိုင်ပြတိုက်ရှိသည့် တစ်ခုတည်းသော အပင်လည်း ဖြစ်သည်။


ဆလိုဗားနီးယားသည် ရေကြည်ခြင်းကြောင့်လည်း နာမည်ကျော်သည်။ နိုင်ငံအတွင်း မြစ်ချောင်းပေါင်း ၁၇၀၀၀ မိုင် အရှည်နီးပါးရှိသဖြင့် Kayak လှေလှော်ခြင်း၊ Water Rafting ကဲ့သို့ ရေကြောင်းအားကစားများ ပြုလုပ်နိုင်သည်။ ဆိုကာမြစ်က ကြည်လင်နေသည့် စိမ်းပြာရောင်ရေများကြောင့် ကမ္ဘာ့အလှဆုံးမြစ်တစ်ခုဟု ပြောရပေမည်။ ကျောက်တုံးဖြင့်တည်ဆောက်ထားပြီး ရထားလမ်းရှိရာ တံတားများအနက် ကမ္ဘာ့အရှည်ဆုံးဖြစ်သည့် Solkan တံတားသည် ဆိုကာမြစ်နှင့် ဆိုကာတောင်ကြားအလှကို ကြည့်ရှုခံစားရန် အကောင်းဆုံးနေရာဖြစ်သည်။


အယ်လ်ပိုင်းတောင်တန်းများလည်းရှိရာ တောင်တက်ခြင်း၊ စက်ဘီးစီးခြင်း၊ ဝေဟင်တွင် Paraglide စီးခြင်းများပြုလုပ်နိုင်ပေသည်။ ရေခဲတောင်များနှင့် ရှုမြော်ခင်းလှပလွန်းသည့် Logar တောင်ကြားသည် တောင်တက်သမားများ လွန်စွာအကြိုက်တွေ့ကြသည့်နေရာဖြစ်သည်။ ဥရောပရှိ လမ်းကြောင်းအရှည်ဆုံး Zipline လည်း စီးနိုင်သလို သတ္တုတွင်းဟောင်းများရှိ ဂူအောက်မြစ်များတွင် Kayak လှေစီးနိုင်ပေသည်။


နိုင်ငံတွင်း နာမည်အကျော်ဆုံးနေရာမှာ ဘလိ(ဒ်)ရေကန် ဖြစ်သည်။ ရေကန်ထဲရှိ ကျွန်းငယ်လေးပေါ်ရှိ ဘုရားကျောင်းဆီ Pletna ရိုးရာလှေစီးပြီး သွားလည်လေ့ရှိကြသည်။ ထိုကျွန်းသည် ဆလိုဗားနီးယားနိုင်ငံ၏ တစ်ခုတည်းသော ကျွန်းဖြစ်သည်။ ဘလိ(ဒ်)ရဲတိုက်မှ တစ်မြို့လုံးရော ရေကန်ရော တောတောင်ရှုခင်းများကိုပါ လှမ်းမြင်ရနိုင်သည်။ အခြားထင်ရှားသော ရဲတိုက်ကြီးများမှာ လှိုဏ်ဂူအတွင်းဆောက်ထားသည့် Predjama ရဲတိုက်၊ လူဘလီယားနားတစ်မြို့လုံးကို လှမ်းမြင်နိုင်သည့် လူဘလီယားနားရဲတိုက်ဖြစ်သည်။ နှင်းလျှောစီးပြိုင်ပွဲများ နှစ်စဉ်ကျင်းပလေ့ရှိရှာ Planica မြို့၊ ရှေးခေတ်ဆားချက်နည်းများ အသုံးပြုဆဲဖြစ်သည့် အလယ်ပိုင်းခေတ် ကမ်းရိုးတန်းမြို့လေး Piran၊ နိုင်ငံ၏ အမြင့်ဆုံးတောင်ရှိရာ Triglav အမျိုးသားဥယျာဉ်၊ ဒုတိယကမ္ဘာစစ်က ဆေးရုံဖြစ်ခဲ့ဖူးသည့် Franja ပြတိုက်၊ ၁၆ ရာစုကတည်းက ရှိခဲ့ပြီး တော်ဝင်မိသားစုပိုင်မြင်းများမွေးမြူခဲ့ဖူးသည့် Lipica မြင်းမွေးမြူရေးခြံ၊ Idrijia ရှိ ကမ္ဘာ့ဒုတိယအကြီးဆုံး မာကျူရီသတ္တုတွင်းဖြစ်ခဲ့ဖူးသည့် သတ္တုတွင်းပြတိုက်၊ ရိုးရာရွာငယ်လေးရှိရာ Velika Planina ကုန်းပြင်မြင့် တို့သည်လည်း နာမည်ကျော်နေရာများဖြစ်သည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံ ကာတာကို အခမဲ့ လည်ပတ်ခဲ့တဲ့အတွေ့အကြုံ – Qatar World Cup 2022

ကမ္ဘာ့ဖလား အိမ်ရှင် ကာတာ နိုင်ငံအကြောင်း ထူးခြားတဲ့ အချက်တွေနဲ့ ကိုယ်တိုင်ရောက်ခဲ့တဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို ပြောပြထားပါတယ်။

ဒါ့အပြင် ကာတာနိုင်ငံ ဒိုဟာမြို့ကို ပိုက်ဆံမကုန်ဘဲ ဘယ်လို အခမဲ့ လည်ပတ်လို့ရလဲဆိုတာကိုလည်း ပြောပြထားလို့ Video အဆုံးထိ ကြည့်ကြည့်ကြနော်။

၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာ
၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေသော ကာတာ (Qatar)နိုင်ငံက ကမ္ဘာ့ဖလားနှင့်ပတ်သက်ပြီး ပထမဆုံးသောအရာများစွာကို ပိုင်ဆိုင်ထားပါသည်။ ကာတာနိုင်ငံက ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံများအနက် ပထမဆုံးသော အာရပ်နိုင်ငံဖြစ်သလို အသေးဆုံးနိုင်ငံလည်းဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပွဲကို ဆောင်းရာသီမှာ ကျင်းပသည့် ပထမဆုံးနိုင်ငံလည်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ပထမဆုံး Carbon-neutral ကမ္ဘာ့ဖလားပွဲလည်းဖြစ်သည်။ 800MW ထွက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစွမ်းအင်စက်ရုံကို ပြိုင်ပွဲအတွက် သက်သက်တည်ဆောက်ပေးထားသည်ဟု သိရသည်။


ကာတာနိုင်ငံသည် အာရှတိုက်အနောက်ဘက် အာရေဗီယန်ကျွန်းဆွယ် အနောက်မြောက်ကမ်းရိုးတန်းရှိ ကာတာကျွန်းဆွယ်ငယ်ပေါ်တွင် တည်ရှိနေပါသည်။ ပါရှန်းပင်လယ်ကွေ့ ဝိုင်းရံထားသည့် ကာတာနိုင်ငံ တောင်ဘက်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေကာ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၄၄၇၃ မိုင်ရှိသည်။ လူဦးရေမှာ ၂.၈ သန်းရှိပြီး လူဦးရေ၏ ၁၅ ရာခိုင်နှုန်းကသာ ကာတာလူမျိုးများဖြစ်ကြသည်။ ကျန်ရာခိုင်နှုန်းမှာမူ ကာတာနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားများဖြစ်ကာ လူမျိုးပေါင်း ၁၀၀ ကျော်ရှိပါသည်။ ကာတာနိုင်ငံက အစ္စလာမ်နိုင်ငံဖြစ်ကာ The Al-Thani တော်ဝင်မိသားစုက ၁၈၂၅ ခုနှစ်ကတည်းက ကာတာနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး နိုင်ငံရေးစနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ပိုင်း ဘုရင်စနစ်ဖြစ်သည်။


ကာတာနိုင်ငံသည် နိုင်ငံတွင်း ထွက်ရှိသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များကြောင့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ကမ္ဘာ့ဒုတိယ မြေမျက်နှာပြင် အနိမ့်ဆုံးနိုင်ငံဖြစ်ကာ ပျမ်းမျှအမြင့်သည် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၉၂ ပေသာ ရှိသည်။ သဲကန္တာရလွှမ်းခြုံထားကာ ခြောက်သွေ့သည့် ရာသီဥတုကြောင့် သစ်ပင်ကြီးများ ရှင်သန်ဖို့ခက်သည့် ကာတာနိုင်ငံတွင် သဘာဝသစ်တောတစ်ခုမျှမရှိပါ။ သို့သော်ကာတာနိုင်ငံသည် သဘာဝကပ်ဘေးကင်းဝေးပြီး ရာဇဝတ်မှုနည်းဆုံးနိုင်ငံလည်းဖြစ်သဖြင့် ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံတစ်ခုဖြစ်သည်။


ရန်ကုန်-ဒိုဟာ တိုက်ရိုက်ပြေးဆွဲနေသော ကာတာလေကြောင်းလိုင်းဖြင့် အနောက်နိုင်ငံများသို့ ခရီးသွားသည့်အခါ ကာတာနိုင်ငံ ဒိုဟာမြို့ရှိလေဆိပ်တွင် ခရီးတစ်ထောက်နားရသဖြင့် ကာတာနိုင်ငံက မြန်မာခရီးသွားများနှင့် သိပ်မစိမ်းလှပါ။ ဒိုဟာမြို့ရှိ ဟာမတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် Skytrax World Airport Awards 2021 အရ ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် အသိအမှတ်ပြုခံထားရသည်။ ကာတာလေကြောင်းလိုင်းသည် ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းဖြစ်ကာ ၆ နှစ်ဆက်တိုက် ပထမနေရာကို ဗိုလ်စွဲသည့် တစ်ခုတည်းသော လေကြောင်းလိုင်းဖြစ်သည်။ ကာတာလေကြောင်းလိုင်း အသုံးပြုပါက လေယာဉ်တစ်စီးနှင့်တစ်စီးအကြား လေဆိပ်တွင်စောင့်စားရမည့်အချိန် (Transit Time) ငါးနာရီအထက်ကြာလျှင် ဒိုဟာမြို့ရှိ အထင်ကရနေရာများသို့ ၃ နာရီကြာ အခမဲ့လိုက်လံပို့ဆောင်ပေးသည်။ စောင့်စားချိန် အချိန် ၈ နာရီအထက်ကြာပါက ဒိုဟာမြို့ထဲ တည်းခိုရန်ဟိုတယ်၊ လေဆိပ်သို့အကြိုအပို့၊ အစားအသောက် စာရိတ်ငြိမ်း စီစဉ်ပေးပါသည်။ စာရေးသူတို့လည်း ဥရောပနိုင်ငံများသို့သွားခဲ့စဉ်က လေဆိပ်တွင် စောင့်စားရမည့်အချိန်ကြာမြင့်သဖြင့် ကာတာလေကြောင်းလိုင်း၏ အစီအစဉ်ဖြင့် ဒိုဟာမြို့ထဲ တစ်ညအိပ်လည်ပတ်ဖြစ်ခဲ့သည်။


ကာတာ၏မြို့တော် ဒိုဟာမြို့က နိုင်ငံ၏စီးပွားရေးအချက်အချာလည်းဖြစ်ကာ နိုင်ငံလူဦးရေ၏ ၉၉ရာခိုင်နှုန်းခန့်က ဒိုဟာမြို့နှင့်အနီးတဝိုက်မှာ နေထိုင်ကြသည်။ ဒိုဟာမြို့၏ အထင်ရှားဆုံးနေရာမှာ ပုလဲဘယက်ပုံစံဖန်တီးထားသော ပုလဲကျွန်းဖြစ်ပြီး အစည်ကားဆုံးနေရာများမှာ ရိုးရာထွက်ကုန်ပစ္စည်းများရောင်းချရာ Souq Waqif ဈေးနှင့် မြို့လည်ရှိ Doha Corniche ကမ်းစပ် လမ်းဖြစ်သည်။ ကာတာနိုင်ငံရှိ အခြားထင်ရှားသည့်နေရာများမှာ ကာတာရိုးရာယဉ်ကျေးမှုများကို လေ့လာနိုင်သည့် Al Thakira ရွာ၊ သဲကန္တာရနှင့် ပင်လယ်ထိစပ်နေသည့် ကမ္ဘာ့ရှားပါးနေရာ Khor Al Adaid၊ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံထားရသည့် Al Zubarah ခံတပ်၊ ဧရာမကျောက်ထွင်းပန်းချီများကြောင့် ကျော်ကြားသည့် Al Jassasiya တောင်တန်းများပင် ဖြစ်သည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

ဧဝရက်တောင်ရှုခင်းကြည့် လေယာဉ်ခရီးစဉ် Mount Everest Flight


နီပေါနိုင်ငံဆိုလျှင် ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင် (Mount Everest) နှင့် တွဲမြင်လေ့ရှိကြပေသည်။ ဧဝရက်တောင်အပါအဝင် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် ၁၀ ခုအနက် ၈ ခုက နီပေါနိုင်ငံတွင် တည်ရှိနေကြသဖြင့် နီပေါနိုင်ငံကို ကမ္ဘာ့ခေါင်မိုးဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ နိုင်ငံ၏မြောက်ဘက် တစ်လျှောက်တွင် ဆီးနှင်းဖုံးနေသည့် ဟိမဝန္တာတောင်တန်းများက နေရာယူထားပေသည်။ နီပေါနိုင်ငံသို့ သွားရောက်လည်ပတ်ပါက ဟိမဝန္တာတောင်တန်းများ အထူးသဖြင့် ဧဝရက်တောင်ကို မမြင်ခဲ့ရလျှင် ခရီးပြီးပြည့်စုံလိမ့်မည်မဟုတ်ပေ။ နှစ်စဉ် ကမ္ဘာတစ်ဝှမ်းမှ ထောင်ပေါင်းများစွာသော ခရီးသွားများသည် ဧဝရက်တောင်နှင့် ဟိမဝန္တာတောင်တန်းများကို မြင်တွေ့နိုင်ရန် တောင်တက်ခရီးစဉ်အတွက် နီပေါသို့ လာရောက်လည်ပတ်ကြသည်။


ဧဝရက်တောင်တက်ရန် ခက်ခဲသလို ကျွမ်းကျင်မှုရှိရန်လိုအပ်ပေသည်။ သို့သော်လည်း တောင်တက်ရန် အချိန်မရှိသူများ၊ တောင်တက်မကျွမ်းကျင်သူများအတွက် ဧဝရက်တောင်ကို မြင်တွေ့နိုင်မည့် အခြားသောနည်းလမ်းတစ်ခုရှိပါသည်။ ယင်းမှာ ဧဝရက်တောင် ရှုခင်းကြည့် လေယာဉ်ခရီးစဉ်ဖြစ်ကာ ဧဝရက်တောင်နှင့် အခြားဟိမဝန္တာတောင်တန်းများ၏ ရှုခင်းများကို ခံစားနိုင်ရန် သက်သက် ဧဝရက်တောင်အနီးသို့ ပျံသန်းပြေးဆွဲပေးနေခြင်းဖြစ်သည်။ တောင်တက်ရန်မလိုဘဲ ဧဝရက်တောင်ကို တစ်နာရီအတွင်း အနီးကပ်မြင်ချင်သူများအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။


ဧဝရက်တောင်သည် နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိကာ Yeti Airlines၊ Buddha Air နှင့် Shree Airlines ကဲ့သို့ နီပေါ ပုဂ္ဂလိကလေကြောင်းလိုင်းများသည် နေ့စဉ်နေ့တိုင်း မနက်စောစောတွင် ခတ္တမန္ဒူလေဆိပ်မှ ဧဝရက်တောင်ကြည့်လေယာဉ်ခရီးစဉ်များကို ပျံသန်းပြေးဆွဲပေးနေပါသည်။


လေယာဉ်စီးချိန်အစအဆုံး တစ်နာရီခန့်ကြာကာ ခရီးစဉ်အတွင်း ဧဝရက်တောင်အပါအဝင် ရေခဲတောင်ထိပ်ပေါင်း ၂၀ ကျော်ကို ၃၆၀ ဒီဂရီ မြင်တွေ့နိုင်မည်ဖြစ်ကာ ခတ္တမန္ဒူမြို့၊ ဗုဒ္ဓနတ်စေတီ၊ ရေခဲတောင်များနှင့် ရေကန်များကိုလည်း တွေ့မြင်နိုင်ပေသည်။ အရင်ဆုံး ခတ္တမန္ဒူမြို့နှင့် အနီးဆုံး Langtang Lirung တောင်ထိပ်ကို မြင်တွေ့ရကာ ထိုမှ ရှေ့ဆက်သွားလျှင် ဧဝရက်တောင်ကို ကျော်ဖြတ်ပြီး နောက်ဆုံး Chamlang တောင်ထိပ်အရောက် လေယာဉ်ပြန်လှည့်သဖြင့် ဧဝရက်တောင်ကို အသွားအပြန် ၂ ကြိမ်မြင်တွေ့နိုင်မည်ဖြစ်သည်။


လေယာဉ်မှာ လျှောက်လမ်းတစ်ဖက်ကို နှစ်ခုံစီရှိသည့်လေယာဉ်အသေးဖြစ်ပြီး ခရီးသည်တိုင်းကို ပြတင်းပေါက်ခုံရအောင် စီစဉ်ပေးထားသဖြင့် ရှုခင်းမမြင်ရမှာကို စိုးရိမ်စရာမရှိပါ။ ဟိမဝန္တာတောင်ထိပ်များ၏ မြေပုံကိုလည်း ခရီးသည်တိုင်းကို ပေးထားရာ ကိုယ်မြင်ရသည့် တောင်ထိပ်များကို မြေပုံနှင့် ကိုက်ကြည့်နိုင်ပေသည်။ ထို့အပြင် လေယာဉ်မယ်များကလည်း လမ်းတစ်လျှောက်မြင်ရသည့် ရှုခင်းများနှင့် တောင်များ၏ အမည်များကို ပြောပြပြီး ဧဝရက်တောင်ကိုလည်း ညွှန်ပြပေးပါသည်။ ဧည့်သည်တိုင်းကို လေယာဉ်၏ရှေ့မှ ဟိမဝန္တာရှုခင်းများကို ကြည့်ရှုခံစားနိုင်ရန် လေယာဉ်မှူးခန်းထဲသို့ ခေတ္တခဏ ဝင်ခွင့်ပေးပါသည်။


ဟိမဝန္တာတောင်တန်းများကို ကောင်းကင်ယံမှ မြင်ရသည့်မြင်ကွင်းမှာ အံ့အားသင့်စရာကောင်းလှသလို တစ်သက်မမေ့နိုင်စရာပင်ဖြစ်သည်။ ဟိမဝန္တာတောင်တန်းများကို တမျှော်တခေါ်ကြီးတွေ့ရသည့်မြင်ကွင်းကို အခြားမည်သည့်နေရာတွင်မှ မြင်တွေ့နိုင်မည် မဟုတ်ပေ။ အပြန်ခရီးမှာ ဧဝရက်တောင်မြင်ရသည့် အောင်ပွဲအဖြစ် ရှန်ပိန်တိုက်ပြီး နာမည်ရေးထိုးထားသည့် ဂုဏ်ပြုမှတ်တမ်းလွှာကို အမှတ်တရသိမ်းထားရန် ပေးပါသည်။


ဧဝရက်တောင်ကြည့် ခရီးစဉ်သည် ဈေးနှုန်းအားဖြင့် နိုင်ငံခြားသားများအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၀ ခန့်ကျသင့်ပြီး နီပေါနိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံသားများမှာမူ ဈေးပိုသက်သာပါသည်။ တောင်တက်လေယာဉ်များကို တစ်နှစ်ပတ်လုံး ပြေးဆွဲနေသော်လည်း စက်တင်ဘာလမှ ဧပြီလအကြားသည် ဆောင်းရာသီဖြစ်သောကြောင့် ရေခဲတောင်များကို ကြည့်ရှုခံစားရန် အကောင်းဆုံးအချိန်ဖြစ်သည်။
နီပေါနိုင်ငံတွင် ရှုခင်းကြည့်သည့် အခြားရဟတ်ယာဉ်ခရီးစဉ်များလည်းရှိပါသေးသည်။ ယင်းတို့မှာ ဧဝရက်တောင်ခြေစခန်းသို့ ပို့ဆောင်ပေးသည့် ရဟတ်ယာဉ်ခရီးစဉ်၊ ခတ္တမန္ဒူမြို့ရှုခင်း၊ Langtang တောင်ကြားနှင့် Gosaikunda Lake တို့၏ ရှုခင်းများကို အနီးကပ်ကြည့်ရှုနိုင်မည့် Langtang တောင်ကြား ရဟတ်ယာဉ် ခရီးစဉ်၊ သခင် Shiva နှင့် သူ၏ကြင်ယာတော်တို့၏ နေထိုင်ရာဟု ယူဆရသည့် မြင့်မြတ်သော Gosaikunda ရေကန်သို့ ပျံသန်းသည့် Gosaikunda ရဟတ်ယာဉ်ခရီးစဉ်၊ ကမ္ဘာ့ဒဿမမြောက် အမြင့်ဆုံးတောင်ထိပ် Annapurna တောင်ခြေစခန်းရဟတ်ယာဉ်ခရီးစဉ်၊ မြင့်မြတ်သော မုခ်တီနတ်ဘုရားကျောင်း Muktinath Temple သို့ ဘုရားဖူးခရီးစဉ်ဖြစ်သည့် Muktinath Helicopter Tour တို့ဖြစ်သည်။

ကမ္ဘာ့အကျော်ကြားဆုံး ခရီးသွားနေရာတစ်ခု ဖြစ်လာသည့်ဥရောပရှိ မော်လ်တာကျွန်းနိုင်ငံ Malta


မော်လ်တာနိုင်ငံသည် အီတလီနိုင်ငံတောင်ပိုင်း မြေထဲပင်လယ်ရှိ ကျွန်းပေါင်း ၅ ကျွန်းနှင့် ဖွဲ့စည်းထားသည့် ဥရောပကျွန်းနိုင်ငံဖြစ်သည်။ စတုရန်းမိုင်ပေါင်း ၁၂၂ မိုင် ကျယ်ဝန်းပြီး ကမ္ဘာ့ဒဿမအသေးဆုံးနိုင်ငံဖြစ်ကာ လူဦးရေအားဖြင့် ငါးသိန်းကျော်ရှိသဖြင့် ကမ္ဘာ့ပဉ္စမလူဦးရေသိပ်သည်းမှုအများဆုံးနိုင်ငံဖြစ်သည်။ လူဦးရေသိပ်သည်းမှုများသလို နိုင်ငံနေဦးရေထက် လာလည်သည့် ဧည့်သည်ဦးရေက သုံးဆပိုများသဖြင့် နိုင်ငံအတွင်း အမြဲလိုလို လူစည်ကားလျှက်ရှိပါသည်။ မကြာသေးမီက စာရေးသူတို့ မော်(လ်)တာနိုင်ငံသို့ ရောက်ခဲ့သည့်အခါမှာလည်း နွေရာသီဖြစ်သဖြင့် ကမ္ဘာလှည့်ခရီးသွားများ အထူးစည်ကားလျှက်ရှိသည်ကို မြင်တွေ့ခဲ့ရပေသည်။


မော်လ်တာနိုင်ငံ၏ စီးပွါးရေးသည် ခရီးသွားလုပ်ငန်းအပေါ် အဓိက မှီခိုနေပါသည်။ နိုင်ငံတွင်း သမိုင်းဝင်အဆောက်အအုံများရှိရုံသာမက နွေးထွေးသောရာသီဥတု၊ စိမ်းပြာလဲ့နေသော ပင်လယ်ပြင်တို့ကြောင့် ကမ္ဘာလှည့်ခရီးသည်များစွာလာရောက်လည်ပတ်လေ့ရှိကြသည်။ ထို့ကြောင့် နောက်ပိုင်းနှစ်များအတွင်း ကမ္ဘာ့အကျော်ကြားဆုံး ခရီးသွားနေရာတစ်ခုအဖြစ်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာပြီဖြစ်သည်။


နိုင်ငံတွင်း ခရီးသွားများရသည့် အဓိကအချက်မှာ ရာသီဥတုမျှတခြင်းကြောင့်ဖြစ်သည်။ International Living ၏ မှတ်ချက်အရ မော်လ်တာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုအမျှတဆုံးနိုင်ငံဖြစ်သည်။ တစ်နှစ်အတွင်း နေရောင်ခြည် နာရီပေါင်း ၃၀၀၀ ကျော်ရသဖြင့် မည်သည့်ရာသီဥတုမဆို လည်ပတ်ရ အဆင်ပြေသည်။


ဒုတိယတစ်ချက်မှာ ကြည်လင်သန့်ရှင်းသော ပင်လယ်ရေပြင်ရှိသောကြောင့်ဖြစ်သည်။ ကိုမီနိုကျွန်းရှိ ရေပြာအိုင်သည် အကျော်ကြားဆုံးနေရာတစ်ခုဖြစ်သည်။ ရေငုပ်ခြင်းအတွက် အထူးသင့်လျှော်ကာ မြေထဲပင်လယ်တွင်း ပင်လယ်အောက် ငါးများနှင့် သန္တာကျောက်တန်းများကြည့်ခြင်း၊ ပင်လယ်ထဲမြုပ်နေသော သင်္ဘောပျက်များ၊ လေယာဉ်ပျက်များကို ကြည့်ရှုခြင်းတို့ပြုလုပ်နိုင်ပါသည်။


တတိယတစ်ချက်မှာ ဥရောပနိုင်ငံသားများအတွက် သွားလာရလွယ်ကူခြင်းကြောင့်ဖြစ်သည်။ အီတလီနိုင်ငံမှ တစ်နာရီလောက်သာ လေယာဉ်စီးရသလို မည်သည့်ဥရောပနိုင်ငံကမဆို လေယာဉ်စီးချိန် သုံးနာရီအောက်သာ ကြာပါသည်။
စတုတ္ထအချက်မှာ ရှေးဟောင်းအဆောက်အအုံများစွာရှိသည့် သမိုင်းဝင်နေရာဖြစ်ခြင်းကြောင့် ဖြစ်သည်။ မော်လ်တာနိုင်ငံတွင် ၅၉၀၀ ဘီစီကတည်းက လူများအခြေချနေထိုင်ခဲ့ကြကာ မြေထဲပင်လယ် အလယ်တွင် တည်ရှိနေခြင်းကြောင့် ရေတပ်အခြေစိုက်စခန်း စခန်းချရာနေရာအဖြစ် အခြားနိုင်ငံများမှ ခေတ်အဆက်ဆက် မျက်စိကျခဲ့ကြသည်။ နှစ်ပေါင်း ၂၀၀၀ အတွင်း ရောမ၊ ဂရိ၊ အာရပ်၊ ပြင်သစ်၊ ဗြိတိန်အပါအဝင် နိုင်ငံခြားအုပ်ချုပ်သူပေါင်း ၁၁ မျိုးရှိခဲ့ပါသည်။ နောက်ဆုံး ဗြိတိန်လက်အောက်ခံနိုင်ငံအဖြစ် နှစ်ပေါင်း ၁၆၀ ကျော်ကြာ နေထိုင်ခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်တွင်မှ လွတ်လပ်ရေး ရရှိခဲ့သည်။ နိုင်ငံတွင်း ရာစုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သည့် ကမ္ဘာ့အဆင့်မီ ဗိသုကာလက်ရာများစွာ ရှိလို့နေပါသည်။


မြို့တော် ဗလက်တာ (Valletta) သည် မြေထဲပင်လယ်ကမ်းရိုးတန်းတွင် ခံတပ်အခိုင်အမာ တည်ဆောက်ထားသော ရှေးဟောင်းမြို့ဖြစ်သည်။ European Union အတွင်း အသေးဆုံးမြို့တော်ဖြစ်ကာ ဥရောပတွင် ပထမဆုံး Plan ချခဲ့သည့် မြို့လည်းဖြစ်သည်။ ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခံရသည့် မြို့လည်းဖြစ်သည်။ ယင်းအပြင် Megalithic Temples of Malta နှင့် Half Saflieni Hypogeum မြေအောက်ဘုရားကျောင်းတို့သည်လည်း ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာများဖြစ်ကြသဖြင့် မော်လ်တာတွင် ကမ္ဘာ့အမွေအနှစ်နေရာ သုံးခုရှိပါသည်။ ယင်းတို့အနက် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ခန့်ကတည်းက ရှိခဲ့သည့် နာမည်ကျော် Megalithic ဘုရားကျောင်းသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး အလွတ်တည်နေသည့် ကျောက်တုံးအဆောက်အအုံများဖြစ်ကြပါသည်။


မော်လ်တာတွင် ခရစ်ယာန်ဘာသာဝင်များသလို ခရစ်ယာန်ဘုရားကျောင်းများစွာလည်း ရှိသည်။ နိုင်ငံသေးငယ်သော်လည်း ဘုရားကျောင်းပေါင်း ၃၆၅ ခုရှိသဖြင့် တစ်နှစ်ပတ်လုံး ဘုရားကျောင်းမထပ်ဘဲ နေ့စဉ်သွားရောက်နိုင်ပေသည်။ ယင်းတို့အနက် အကျော်ကြားဆုံးမှာ ဗလက်တာရှိ St. John’s Co-Cathedral ဘုရားကျောင်းဖြစ်သည်။ Sliema မြို့၊ ဒုတိယအကြီးဆုံး ဂိုဇိုကျွန်းပေါ်ရှိ ဗစ်တိုးရီးယားမြို့နှင့် Citadella ခံတပ်၊ Mdina ခံတပ်မြို့၊ Popeye ကျေးရွာ၊ Marsaxlokk ငါးဖမ်းရွာတို့သည် မော်လ်တာနိုင်ငံ၏ အထင်ကရနေရာများဖြစ်ကြပေသည်။ ဗလက်တာဆိပ်ကမ်းမှ လှမ်းမြင်ရသည့် Vittoriosa၊ Senglea နှင့် Cospicua မြို့သုံးမြို့သို့လည်း လှေစီးကာသွားရောက်လေ့ရှိကြပါသည်။

Nu Myat around the World

ပန်ထွာဘုရင်မကြီးရဲ့ အမုန်းကျိန်စာပြည့်နေတဲ့ ဗိဿနိုးမြို့ Beikthano

ဗိဿနိုးမြို့ဆိုတာ….

ပန်ထွာဘုရင်မကြီးရဲ့မြို့…

အမုန်းကျိန်စာနဲ့ပြည့်နေတဲ့မြို့…

ရာဇဝင်တွေ စီးဆင်းခဲ့တဲ့မြို့…

နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိတဲ့မြို့ …

ပျူယဉ်ကျေးမှုတွေ ထွန်းကားခဲ့တဲ့ပျူမြို့…

ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရတဲ့မြို့ကြီးပေါ့….

ဒီဗိဿနိုးမြို့ဟောင်းကြီးဆီကို COVID 2nd Wave မတိုင်မီ သြဂုတ်လတုန်းက သရေခေတ္တရာမြို့ဟောင်းဆီသွားရင်း ဝင်လေ့လာဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့အမွေအနှစ်ဒေသ

————————

ဗိဿနိုးက ယူနက်စကို (UNESCO) ကနေပြီး ကမ္ဘာ့အမွေအနှစ်ဒေသတွေအဖြစ် ၂၀၁၄ခုနှစ်မှာ အသိအမှတ်ပြုခဲ့တဲ့ ပျူမြို့ဟောင်း (၃)မြို့ထဲက တစ်မြို့ ဖြစ်ပါတယ်။ ဒီပျူမြို့ဟောင်း (၃)မြို့ကတော့ ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာမြို့တို့ပါ။ ဟန်လင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့နားမှာရှိပြီး ဗိဿနိုးက မကွေးတိုင်း တောင်တွင်းကြီးမြို့နားမှာရှိကာ သရေခေတ္တရာကတော့ ပြည်မြို့နားမှာ ရှိပါတယ်။

ဗိဿနိုးမြို့က A.D ၁ ရာစုကနေ ၅ရာစု အတွင်း ပျူယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ပျူမြို့ဟောင်းတစ်မြို့ဆိုတော့ နှစ်ပေါင်း ၂၀၀၀ကျော် သက်တမ်းရှိနေပါပြီ။ မြန်မာ့ရိုးရာသမိုင်းကျမ်းတွေမှာတော့ အစောဆုံးပျူမြို့ဟောင်းအဖြစ် ဖော်ပြထားတယ်လို့ သိရပါတယ်။

ဘယ်မှာရှိတာလဲ

——————-

ဗိဿနိုးမြို့ဟောင်းကြီးက မကွေးခရိုင် တောင်တွင်းကြီးမြို့ အနောက်ဘက် ၁၂မိုင်ဝန်းကျင်မှာရှိပြီး အနီးဆုံးရွာကတော့ ကုက္ကိုခွရွာပဲဖြစ်ပါတယ်။ ဗိဿနိုးရှေးဟောင်းနယ်မြေထဲဝင်တဲ့ ဝင်ပေါက်က တောင်တွင်းကြီး-မကွေးကားလမ်းပေါ်မှာရှိပြီး ဒီကားလမ်းက ဗိဿနိုးမြို့ရဲ့ အရှေ့တောင်ထောင့်မှာ မြို့ရိုးနှစ်ဖက်ကို ဖောက်ထွင်းပြီး ဖောက်ထားတာပဲဖြစ်ပါတယ်။

ဘယ်လိုသွားရလဲ

——————-

ရန်ကုန်ကနေသွားမယ်ဆိုရင် လမ်းဟောင်းကနေပြည်ကို မိုင်၁၈၀ကျော်မောင်းရပြီး အဲဒီကနေ တောင်တွင်းကြီးကို မိုင်၁၀၀လောက် ထပ်မောင်းရပါမယ်။ အမြန်လမ်းကနေသွားမယ်ဆိုရင်တော့ နေပြည်တော်အကျော် မိုင်တိုင် ၂၂၀မှာ တောင်တွင်းကြီးလမ်းခွဲရှိပါတယ်။ အထက်အညာဒေသကနေသွားမယ်ဆိုရင်တော့ ကျောက်ပန်းတောင်း၊ မကွေးတို့ကနေပြီး လမ်းသင့်ပါတယ်။

ဗိဿနိုးကို ရန်ကုန်ကနေဆိုရင် ၇နာရီကျော် ၈နာရီလောက်မောင်းရပြီး သရေခေတ္တရာကနေဆိုရင်တော့ ၃နာရီခွဲလောက်မောင်းရပါတယ်။ နုမြတ်တို့ကတော့ ရန်ကုန်ကနေ သရေခေတ္တရာကို လမ်းဟောင်းအတိုင်း အရင်သွားပြီး အဲဒီမှာ တစ်ညအိပ်ကာ အရင်လေ့လာပြီး နောက်တစ်ရက်မှ ဗိဿနိုးကို ခရီးဆက်ခဲ့ကြတာပါ။ ဗိဿနိုးမှာ တစ်ညအိပ်ပြီး မြို့ဟောင်းထဲလေ့လာပြီးမှ အမြန်လမ်းအတိုင်း ရန်ကုန်ပြန်လာခဲ့တာပါ။

ပန်ထွာဘုရင်မ

—————-

ဗိဿနိုးအကြောင်းပြောမယ်ဆိုရင် ပန်ထွာဘုရင်မကြီးအကြောင်းကို ထိပ်ဆုံးကပြောပြရမှာပါ။ ပန်ထွာဘုရင်မက အလွန်ချောမောလှပတယ်လို့ နာမည်ကြီးပြီး ဗိဿနိုးတိုင်းပြည်ကို တစ်ဦးတည်း အုပ်ချုပ်ခဲ့တဲ့ ဘုရင်မပဲဖြစ်ပါတယ်။


ပန်ထွာဘုရင်မဟာ လူသာမန်မဟုတ်ပါဘူး။ မိခင်က စန္ဒမုခိဘီလူးမကြီးတဲ့လေ။ ဒဏ္ဏာရီတွေအရ မဟာသမ္ဘဝနဲ့ စူဠသမ္ဘဝ မျက်မမြင်မင်းသားနှစ်ပါးကို စက္ခုအလင်းရအောင် ကုစားပေးခဲ့ရင်း လက်ကိုကိုင်တွယ်မိလို့ ပဋိသန္ဓေတည်ရှိခဲ့တာတဲ့။ တောင်တွင်းကြီးမြို့ရဲ့ အနောက်ဘက် ၅ တိုင်ကွာဝေးတဲ့ တောအရပ်မှာ ပန်ထွာဘုရင်မကို ဖွားမြင်ခဲ့ပြီး ရသေ့တစ်ပါးရဲ့ မွေးစားခဲ့ပါတယ်။ ကြီးလာတဲ့အခါမှာတော့ သူ့ရဲ့ထက်မြက်မှုကြောင့် ရပ်ရွာက အကြီးအကဲတင်မြှောက်ကာ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ဗိဿနိုးမြို့ကြီးကို တည်ထောင်ခဲ့ပါတယ်။ တချို့ကလည်း ဗိဿနိုးနတ်မင်းနဲ့ ရှေးဘဝက မောင်နှမတော်စပ်ခဲ့လို့ ဗိဿနိုးမြို့ကို ဖန်းဆင်းပြီး ပေးအပ်ခဲ့တာလို့လည်း ပြောကြပါတယ်။

စည်တော်ကြီးနဲ့ရန်ပယ်ချောင်း

———————————–

ဗိဿနိုးနဲ့ ပတ်သက်ပြီး ရန်ပယ်ချောင်းနဲ့ စည်ကြီးအကြောင်းလည်း ကြားဖူးကြမှာပါ။ မြို့ကို ရန်သူတွေလာတိုက်ခိုက်တိုင်း အတုလစည်တော်ကြီးကို တီးလိုက်တာနဲ့ ဗိဿနိုးမြို့ကြီးကို ဝန်းရံထားတဲ့ ရန်ပယ်ချောင်းက ရေတွေတလဟောစီးကျလာပြီး ရန်သူတွေရှေ့ဆက်မရအောင် တားပေးသတဲ့လေ။

ခုနောက်ပိုင်း ခန့်မှန်းကြည့်ကြတဲ့အရ ရန်ပယ်ချောင်းမှာ ရေတံခါးတွေ တပ်ထားတာဖြစ်ပါလိမ့်မယ်။ ဒါမှသာ ရန်သူတွေ ချီတက်လာတာကို မြင်တဲ့အခါ အတုလစည်ကြီးတီးပြီး အချက်ပြလိုက်တာနဲ့ ရေတံခါးတွေကို ဖွင့်ချလိုက်လို့ ရန်ပယ်ချောင်းမှာ ရေအရှိန်အဟုန်စီးဆင်းလာတာ ဖြစ်နိုင်ပါတယ်။

ဒွတ္တဘောင်မင်းကြီး

———————-

အဲဒီတုန်းက သရေခေတ္တရာမြို့ကို အုပ်ချုပ်ခဲ့တဲ့ ဒွတ္တဘောင်မင်းကြီးက အင်မတန်ဘုန်းတန်ခိုးကြီးလှပါတယ်။ ပန်ထွာဘုရင်မကြီးရဲ့ အလှအပအကြောင်းကို ကြားသိရလို့ ဗိဿနိုးမြို့ကို တိုက်ခိုက်ပြီး ပန်ထွာဘုရင်မကြီးကို မိဖုရားအဖြစ်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ ဒီစည်တော်ကြီးရဲ့ အစွမ်းကြောင့် မအောင်မြင်ခဲ့ပါဘူးတဲ့။

အဲဒါနဲ့ စည်ကိုဖျက်စီးဖို့ သူတို့ဆီက သူလျှိုကို တန်ခိုးကြီးရသေ့အဖြစ် ဟန်ဆောင်စေပြီး စေလွှတ်ခဲ့ပါတယ်။ သူလျှိုရသေ့က ပန်ထွာဘုရင်မနဲ့တကွ ဗိဿနိုးပြည်သူပြည်သားတွေကိုပါ အယုံသွင်းခဲ့ပြီး စည်ကြီးကို ပိုအစွမ်းထက်အောင် ပြုလုပ်ပေးမယ်ဆိုလို့ အပ်နှံခဲ့ကြပါတယ်။ တကယ်တမ်းမှာတော့ စည်ကြီးကို ဖျက်စီးပြီး ထွက်ပြေးခဲ့လို့ သရေခေတ္တရာက စစ်တပ်ကြီးလာတိုက်တဲ့အခါ စည်ကြီးကိုတည်းလို့ အသံမထွက်တော့ပါဘူး။ အဲဒီအခါ ရန်ပယ်ချောင်းကလည်း ရေမကျလာတော့ တိုက်စစ်ကို အလူးအလဲခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဒွတ္တဘောင်မင်းရဲ့လက်အောက်ကို ဗိဿနိုးမြို့ရော ပန်ထွာဘုရင်မပါ ကျရောက်ခဲ့ရပါတော့တယ်။

အမုန်းကျိန်စာ

—————-

ပန်ထွာဘုရင်မကြီးဟာ ဒွတ္တဘောင်မင်းကြီးရဲ့ မိဖုရားအဖြစ် သရေခေတ္တရာကို ပြောင်းခဲ့ရပြီး သားတော်ထွန်းကားတာတောင် အမုန်းမပြေနိုင်ဘဲ ဖြစ်နေပါတယ်။ လုပ်ကြံဖို့အတွက်ကလည်း ဘုရင်ကြီးက ဘုန်းတန်ခိုးကြီးလွန်းတော့ မကြံနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါနဲ့ ထမိန်အောက်နားစ (တချို့ကလည်း သုသာန်ကအဝတ်လို့ပြောတယ်)ကို မျက်နှာသုတ်ပုဝါအဖြစ် ဒွတ္တဘောင်မင်းကြီးကို ပေးသုံးလိုက်တဲ့အခါ နှဖူးကမှဲ့ရှင်တော်ပျောက်ကွယ်ပြီး ဘုန်းနိမ့်ကုန်ရောတဲ့။ အဆိပ်ခတ်ထားတဲ့ ဖျော်ရည်ကိုပါ ဆက်ကပ်တဲ့အခါ ဒွတ္တဘောင်မင်းကြီးက သံသယဝင်လို့ ဖျော်ရည်ကိုမသောက်ဘဲ ပန်ထွာဘုရင်မကိုသာ မြည်းစမ်းပြခိုင်းခဲ့ပါတယ်။ အဲဒီအခါ ပန်ထွာဘုရင်မကြီးက ဖျော်ရည်ခွက်ကိုမြှောက်ပြီး “ ငါဒီဘဝမှာတော့ လက်စားမချေနိုင်တော့ဘူး။ နောက်ဘဝများတွင်သာ လက်စားချေနိုင်တော့မယ်။ လက်စားမချေရမခြင်း ဒီဒေသမှာရှိတဲ့ ပေပင်လေးတွေ ဆက်လက်ကြီးထွားခြင်းမရှိဘဲ ဒီအတိုင်းရပ်တန့်နေပါစေ”လို့ ကျိန်စာတိုက်ခဲ့ပြီး ဖျော်ရည်သောက်ကာ သတ်သေခဲ့ပါတယ်။ ဒွတ္တဘောင်မင်းကြီးလည်း ဘုန်းတန်ခိုးနိမ့်သွားတော့ နောက်ပိုင်း ဖော်တော်စီးပြီး အခွန်လှည့်လည်ကောက်ခံတဲ့အခါ ဖောင်နစ်ပြီး နတ်ရွာစံတော်မူသွားခဲ့ပါတယ်။

ဒါကြောင့် ဗိဿနိုးမြို့ဟောင်းရှိ ပေပင်တွေက နှစ်ထောင်ချီသက်တမ်းရှိပြီးဖြစ်တာတောင် မကြီးလဲ မကြီးထွား၊ အသီးလဲ မသီးကြပါဘူး။ ပန်ထွာဘုရင်မရဲ့ “ငါလာမှကြီး ငါလာမှသီး” ဆိုတဲ့ ဆုတောင်းစကားကြောင့် ဘုရင်မ လူပြန်မဖြစ်မချင်း ပေပင်တွေဟာ အသီးမသီးနိုင်၊ မကြီးထွားနိုင်ဖြစ်နေရတာလို့ ဆိုကြပါတယ်။

မြို့ဟောင်းထဲဘာတွေရှိလဲ

—————————-

ရှေးဟောင်းနယ်မြေထဲမှာ သရေခေတ္တရာလို ရွာတွေရှိမနေပါဘူး။ အင်းနားက အင်းရွာကြီးတစ်ရွာပဲ မြို့ရိုးနဲ့ ကပ်ပြီး ရှိနေတာပါ။ လူခေါင်သလို တစ်နေရာနဲ့တစ်နေရာကလည်း သိပ်မနီးတော့ လမ်းလျှောက်သွားလို့ အဆင်မပြေလောက်ပါဘူး။ ဆိုင်ကယ် (သို့) ကားနဲ့လာမှသာ အဆင်ပြေမှာပါ။

မုခ်ဦးကြီး

————

ဝင်ပေါက်မှာ “ဗိဿနိုး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ”ဆိုတဲ့ မုခ်ဦးကြီးကတော့ ထည်ထည်ဝါဝါရှိလို့နေပါတယ်။ ဗိဿနိုးပုံတွေတက်လာရင် ဒီမုခ်ဦးကြီးမှာ ရိုက်ထားတဲ့ပုံတွေများပါတယ်။ မုခ်ဦးတစ်ဖက်တစ်ချက်စီမှာ ပျူခေတ်မြို့စောင့်ရဲမက်ရုပ်တုကြီးနှစ်ရုပ်က လှံကိုင်ပြီး မြို့ကိုစောင့်နေသဖွယ် ရှိလို့နေပါတယ်။ မုခ်ဦးဘေးက မြို့ရိုးတွေရဲ့ အုတ်စီပုံကလည်း ရှေးခေတ်ကလို စပါးစေ့ပုံစံတွေနဲ့ပါ။ မြို့ရိုး အဝင်ဝနားမှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ ကျောက်တုံးဖြူဖြူကြီးကိုလည်း တွေ့ရမှာပါ။

မြို့ရိုး

——-

မြို့ကြီးက ပုံသဏ္ဏာန်အနေနဲ့ စတုရန်းမကျတကျပုံရှိပြီး ဧရိယာအနေနဲ့ကတော့ ၃.၃စတုရန်းမိုင်ကျယ်ဝန်းပါတယ်။ မြောက်ဘက်၊ အရှေ့ဘက်နဲ့ တောင်ဘက်တွေမှာ အုတ်မြို့ရိုးတွေရှိပြီး အနောက်ဘက်မှာတော့ မြို့ရိုးကို တူးဖော်တွေ့ရှိတာမျိုး မရှိသေးပါဘူး။ အနောက်ဘက်မှာ ရေကန်ကြီးနှစ်ကန်ရှိတော့ မြို့တည်ကတည်းက မြို့ရိုးမရှိခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

မြို့ဝင်ပေါက်

————–

မြို့ရိုးတစ်ဖက်စီမှာ မြို့ဝင်ပေါက်တွေ သုံးခုစီရှိတယ်လို့ သိရပါတယ်။ တချို့မြို့ဝင်ပေါက်တွေက သေချာတူးဖော်ထားတော့ ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ မြို့ဝင်ပေါက်တွေက ပေ ၂၀ ကျယ်ပြီး ကတော့ပုံလို တည်ဆောက်ထားတာပါ။ ခပ်မြန်မြန် ပြေးဆွဲတဲ့ ရထားတွေ၊ လမ်းကွေ့မှာ အခက်အခဲ မရှိအောင် အခုလို လမ်းထောင့်တွေကို ခပ်ပြေပြေ ထောင့်ချိုးထားတာ ဖြစ်ပါလိမ့်မယ်။ သရေခေတ္တရာရဲ့ မြို့ဝင်ပေါက်တချို့ကလည်း အဲ့လိုမျိုးပါပဲ။

DCIM\101MEDIA\DJI_0072.JPG

ရှေးဟောင်းကုန်း

——————-

ဗိဿနိုးမြို့ဟောင်းကို ၁၉၀၅ခုနှစ်မှာ ကျောက်စာဝန်တော်စိန်ခိုက ပထမဆုံးစူးစမ်းလေ့လာခဲ့တာပါ။ ၁၉၅၉ခုနှစ်ကစပြီး မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ရှေးဟောင်းသုတေသနပညာရှင်တွေက ဗိဿနိုးမြို့ဟောင်းကြီးမှာ ရှေးဟောင်းကုန်းတွေကို စနစ်တကျတူးဖော်ခဲ့ရာမှာ ၂၀၁၅ခုနှစ်အထိ ရှေးဟောင်းကုန်းပေါင်း (၆၇)ကုန်း တူးဖော်ပြီးဖြစ်ပါတယ်။ တူးဖော်ရရှိတဲ့ကုန်းတွေမှာ ဆိုင်းဘုတ်တွေသေချာစိုက်ပြီး အင်္ဂလိပ်လိုရော မြန်မာလိုပါ ရှင်းပြထားတာလည်း သိပ်ကောင်းပါတယ်။

ဗိဿနိုးမှာ မြို့ရိုးတွေ၊ မြို့ဝင်ပေါက်တွေအပြင် ဘာသာရေးအဆောက်အအုံတွေ၊ လူနေအဆောက်အအုံတွေနဲ့ နန်းတော်ရာကိုပါ တူးဖော်တွေ့ရှိထားကြပါတယ်။ တူးဖော်တွေ့ရှိထားသမျှထဲ အကြီးဆုံးကတော့ နှစ်ထပ်တိုက်လိုတိုက်တစ်ခုပါ။ လူနေအဆောက်အအုံဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ရှေးဟောင်းသုတေသနပြတိုက်

———————————–

မြို့ဟောင်းကြီးထဲ ရှေးဟောင်းသုတေသနပြတိုက်ကြီးလည်းရှိပြီး ပြတိုက်ထဲမှာလည်း ပျူအရိုးအိုးတွေ၊ ဒင်္ဂါးပြားတွေနဲ့ ရှေးဟောင်းပစ္စည်းများစွာကို တွေ့နိုင်ပါတယ်။ နုမြတ်တို့ သွားတုန်းကတော့ ကိုဗစ်ကြောင့် ပြတိုက်ပိတ်ထားလို့ ဝင်လေ့လာလို့မရခဲ့ပါဘူး။

ပေပင်တွေ

————-

မြို့ဟောင်းကြီးထဲမှာ အိုးခြမ်းကွဲတွေ မတွေ့ချင်မှအဆုံးပါ။ ပန်ထွာဘုရင်မကြီးကျိန်စာတိုက်ခဲ့တဲ့ ပေပင်တွေကိုလည်း တကူးတကလိုက်ရှာခဲ့ရတာ အမှတ်တရပါပဲ။ ပေပင်တွေကို အင်းကြီးနားမှာ တွေ့ခဲ့ရပါတယ်။ တကယ်လည်း သေးနေပြီး လူတစ်ရပ်စာလောက်သာ ရှိပါတယ်။

မြို့ဟောင်းအထွက်နားမှာတော့ ရွှေရောင်တော်ဘုရားကို ဖူးမြော်နိုင်ပါတယ်။ ပန်ထွာဘုရင်မ မြို့ဦးစေတီအဖြစ်တည်ခဲ့တဲ့ ဘုရားဖြစ်ပြီး ရောင်ခြည်တော်ကွန့်မြူးလို့ ရွှေရောင်တော်လို့ အမည်တွင်ပါတယ်။ စေတီတော်မှာ ဗိဿနိုးပန်ထွာဘုရင်မကြီးရဲ့ ရုပ်တုတော်တွေကိုလည်း တွေ့နိုင်ပါတယ်။

အင်ကြင်းပွင့်

—————

ပြီးတော့ ဗိဿနိုးမြို့ဟောင်းမှာရှိတဲ့ အင်းကြင်းဥယျာဉ်မှာ မူလက အင်ကြင်းပင်မရှိခဲ့ပေမဲ့ ဗိဿနိုးနတ်မင်းကြီးရဲ့ အမိန့်ကြောင့် အင်ကြင်းပွင့်တွေက ဥယျာဉ်တော်အတွင်း အလိုလျောက်ရောက်လာတာတဲ့လေ။ အခုထိ ဘယ်ကနေရောက်လာမှန်းမသိတဲ့ အင်ကြင်းပွင့်တွေကို မကြာခဏတွေ့ရတတ်တယ်လို့ ပြောကြပါတယ်။ ရွှေရောင်တော်စေတီမှာဆိုရင်လည်း အင်ကြင်းပန်းတွေကို ဘုရားပန်းအဖြစ် လှူထားကြသလို ဘုရားရင်ပြင်တဝိုက်မှာ အင်ကြင်းပန်းတွေ ပြန့်ကြဲနေတာကိုလည်း တွေ့ရတတ်တယ်လို့ သိရပါတယ်။

ဗိဿနိုးမြို့ဟောင်းကြီးသမိုင်းက စိတ်ဝင်စားစရာကောင်းသလို ကမ္ဘာ့အမွေအနှစ်အဖြစ်လည်း အသိအမှတ်ပြုခံထားရတော့ ဂုဏ်ယူစရာပါ။ ပုဂံခေတ်ထက်ရှေးကျတဲ့ ပျူခေတ်အကြောင်းကိုလည်း တီးခေါက်မိစေပါတယ်။

နုမြတ်လည်း ဗိဿနိုးမြို့ဟောင်းကြီးအကြောင်းကို လေ့လာမိခဲ့သလောက် ကိုဗစ်ကာလမှာ ဗဟုသုတအနေနဲ့ တင်ပေးလိုက်တာပဲဖြစ်ပါတယ်။ တခြားစိတ်ဝင်စားစရာ ပြည်တွင်းပြည်ပ ဒေသန္တရဗဟုသုတတွေလည်း ဆက်ပြီးတင်ပေးသွားမှာဖြစ်လို့ ဒီ Nu Myat around the World page ကို Like နဲ့ See First လုပ်ထားနိုင်ပါတယ်နော်။

အားလုံး ဘေးရန်ကင်းကွာပြီး ကျန်းမာပျော်ရွှင်ကြပါစေ…

ချစ်ခင်လျှက်

Nu Myat

ကမ္ဘာ့အရှိန်အဟုန်အပြင်းဆုံး နိုင်အာဂရာရေတံခွန်ကြီး


မြောက်အမေရိကတိုက်တွင် အကြီးဆုံးရေတံခွန်ကြီးဖြစ်သည့် နိုင်အာဂရာရေတံခွန်သည် အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံ နှစ်နိုင်ငံအကြား နယ်နိမိတ်အဖြစ်ရှိနေပါသည်။ ထူးခြားသည်မှာ နိုင်အာဂရာရေတံခွန်အမည်နှင့်မြို့သည် နှစ်နိုင်ငံလုံးမှာ ရှိပါသည်။ စာရေးသူသည် နိုင်အာဂရာရေတံခွန်ထံသို့ အဆိုပါ နှစ်နိုင်ငံလုံးမှ သွားခဲ့ဖူးရာ အမေရိကန်ဘက်အခြမ်းမှ သွားရောက်ခဲ့သည့် အတွေ့အကြုံများကို ရေးသားဖော်ပြခဲ့ဖူးပြီးဖြစ်သည်။ ယခုတစ်ခါမှာတော့ ကနေဒါဘက်အခြမ်းမှ သွားရောက်ခဲ့သည့် အတွေ့အကြုံများကို ပြောပြချင်ပါသည်။


ထိုရေတံခွန်သို့ ကနေဒါနိုင်ငံဘက်မှ သွားမည်ဆိုပါက တိုရွန်တိုမြို့မှ တစ်နာရီခွဲ ကားမောင်းရပါသည်။ ကနေဒါဘက်အခြမ်းက မြင်ရသည့်ရှုခင်းမှာ မြင်ကွင်းပိုကျယ်ပြီး ပိုလှသလို မြစ်ကမ်းပါးတလျှောက် လျှောက်လမ်းပြုလုပ်ပေးထားသဖြင့် အနီးအနားထိ သွားရောက်ကြည့်ရှုနိုင်ပါသည်။ ရေတံခွန် ကပ်ရပ်ရှိ Queen Victoria’s Park ကို အခမဲ့ ဝင်ခွင့်ပြုထားပါသည်။


နိုင်အာဂရာရေတံခွန်ဆိုသည်မှာ ရေတံခွန်တစ်ခုထဲ၏ အမည်မဟုတ်ဘဲ ရေတံခွန် သုံးခုပေါင်းထားသည့် ရေတံခွန်အစုအဝေးကို ခေါ်ဆိုခြင်းဖြစ်သည်။ နိုင်အာဂရာရေတံခွန်ဆိုသည်နှင့် ထိုရေတံခွန် သုံးခုအနက် အကြီးဆုံးဖြစ်သည့် မြင်းခွါပုံသဏ္ဏာန်ရှိ မြင်းခွါရေတံခွန် (သို့) ကနေဒါရေတံခွန်ကို ပြေးမြင်လေ့ရှိကြသည်။ တကယ်တမ်းမှာ ထိုရေတံခွန်ကြီးအပြင် အမေရိကန်ဘက်အခြမ်းရှိ အမေရိကန် ရေတံခွန်နှင့် သူ့ဘေးကပ်ရပ်ရှိ အသေးဆုံးအမြှင်ဆုံး Bridal Veil ရေတံခွန်တို့သည်လည်း နိုင်အာဂရာရေတံခွန်အစုအဝေးတွင် ပါဝင်နေပါသည်။


နိုင်အာဂရာရေတံခွန်သည် ကြီးမားထည်ဝါသော ရေတံခွန်ကြီးဖြစ်သော်ငြား ကမ္ဘာ့အကျယ်ဆုံးရေတံခွန်တော့ မဟုတ်ပေ။ ရေတံခွန် သုံးခုပေါင်း အကျယ်က ၃၉၅၀ ပေ ရှိကာ လာအိုနိုင်ငံက Khone Phapheng ရေတံခွန်က ၃၅,၃၇၆ ပေနှင့် ကမ္ဘာ့အကျယ်ဆုံးရေတံခွန်ဖြစ်ပါသည်။ အမြင့်ပေ ၁၆၅ ပေ ရှိသော်လည်း ကမ္ဘာ့အမြင့်ဆုံး ရေတံခွန်လည်း မဟုတ်ပေ။ ကမ္ဘာ့အမြင့်ဆုံးရေတံခွန်မှာ ဗင်နီဇွဲလားနိုင်ငံရှိ Angel ရေတံခွန်ဖြစ်ကာ အမြင့်ပေ ၃၂၁၂ ပေမှ စီးဆင်းနေပါသည်။


သို့သော်ငြား ကမ္ဘာ့အားအကောင်းဆုံးနှင့် အရှိန်အဟုန်အပြင်းဆုံး ရေတံခွန်ကြီးဖြစ်သည်။ ရေတံခွန်ကြီးများမှ ရေဂါလံပေါင်း ၇ သိန်းကျော် စက္ကန့်တိုင်း စီးကျနေလေ့ရှိပါသည်။ ထိုသို့ရေပမာဏများစွာ အရှိန်ပြင်းပြင်းစီးဆင်းနေခြင်းကြောင့် ရေအားလျှပ်စစ်များစွာ ထုတ်လုပ်နေကာ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံ နှစ်နိုင်ငံခွဲဝေအသုံးပြုလျှက်ရှိပါသည်။ ပထမဆုံး ရေအားလျှပ်စစ်ထုတ်လုပ်ရာ Canadian Niagara Power Company generating station ကိုလည်း သွားရောက်လေ့လာနိုင်ပါသည်။


ရေတံခွန်အနောက်ဘက်သို့လည်း သွားကြည့်နိုင်သလို ရေမခဲသည့်ရာသီတွင် Maid of the Mist သင်္ဘောစီးကာ ရေတံခွန်အောက်ခြေနားထိ သွားနိုင်ပါသည်။ ပိုပြီး စွန့်စားရသည်ကို ကြိုက်ပါက Whirlpool Jet Boat စီးနိုင်ပါသည်။ ဂျက်ဘုတ်နှင့်ဆိုတော့ အရှိန်ပြင်းပြီး ရေလှိုင်းစီးရသည်မှာ ပျော်စရာကောင်းလှပေသည်။


ရေတံခွန်ကို အပေါ်စီးမှ ကြည့်ချင်ပါက ကနေဒါဘက်တွင် Skylon မျှော်စင်နှင့် The Tower ဟိုတယ်ရှိ The Minolta မျှော်စင်မှ ကြည့်လို့ရပါသည်။ စာရေးသူတို့ကတော့ ၇၇၅ ပေအမြင့်ရှိ Skylon တာဝါပေါ်ကနေ တက်ကြည့်ဖြစ်ခဲ့ကာ ရေတံခွန် သုံးခုလုံးကို အပေါ်စီးကနေ အထင်းသားမြင်ခဲ့ရပါသည်။ ထိုတာဝါရှိ ၃၆၀ ဒီဂရီလည်ပတ်နေသည့် စားသောက်ဆိုင်တွင်လည်း ရှုခင်းကြည့်ကာ စားသောက်နိုင်ပါသည်။ Clifton Hill SkyWheel ဧရာမရဟတ်ကြီး စီးကာလည်း ကြည့်နိုင်ပါသည်။ ဒီထက်ပိုမြင့်သည့်နေရာမှ ကြည့်လိုလျှင် ရေတံခွန်ပေါ် ပျံသန်းသည့် ဟယ်လီကော့ပတာစီးပြီး ကြည့်နိုင်ပါသည်။


ကနေဒါဘက်ခြမ်းတွင် ရေတံခွန်အနားတဝိုက် အခြားစိတ်ဝင်စားစရာနေရာများလည်း ဖွင့်လှစ်ထားပါသေးသည်။ Niagara’s Fury ၊ ငှက်ရုံ (Bird Kingdom)၊ လိပ်ပြာရုံ(Butterfly Conservatory)၊ အထူးအဆန်းများပြသထားသည့် Ripley’s Believe it or Not ပြတိုက်သို့ သွားရောက်လည်ပတ်နိုင်ပါသည်။ ရေတံခွန်အနားရှိ ဟိုတယ်များတွင် ညအိပ်တည်းခိုနိုင်သလို ကာစီနိုလည်းဆော့ကစားနိုင်ပါသည်။ ညဘက်ဆိုလျှင်လည်း ရေတံခွန်အနီး မီးရှူးမီးပန်းများဖောက်သလို ရေတံခွန်ကြီးကို မီးရောင်စုံကစားပြသည့် ပြကွက်များလည်းရှိပါသည်။


ဒေါက်တာနုမြတ်သိင်္ဂ ီဦး

ကမ္ဘာကျော် အီဖဲလ်တာဝါ Eiffel Tower

ပြင်သစ်နိုင်ငံ ပဲရစ်မြို့က

  • ကမ္ဘာကျော်အဆောက်အအုံ
  • ဓာတ်ပုံအရိုက်ခံရဆုံး အဆောက်အအုံ
  • အချစ်ပြယုဂ် အဆောက်အအုံဖြစ်နေတဲ့ အီဖဲလ်တာဝါ (Eiffel Tower) ဟာ
    တစ်ချိန်တုန်းက ရုပ်ဆိုးလို့၊ မြို့အလှပျက်စေလို့ဆိုပြီး ဆန္ဒပြခံခဲ့ရဖူးပါတယ်။
    မဆောက်ခင်ကတည်းက မဆောက်ဖို့တားကြသူတွေရှိသလို
    စဆောက်တုန်းကလည်း နှစ် ၂၀ အကြာပဲထားမယ်ဆိုပြီး ဆောက်ခဲ့ကြတာပါ။
    ဆောက်ပြီးတဲ့အခါမှာလည်း ဖြိုဖျက်ဖို့ မကြာခဏ ကြံစည်ခံခဲ့ရပါတယ်။
    ဒါပေမဲ့ အခုအခါမှာတော့ ကမ္ဘာ့အကျော်ကြားဆုံးမျှော်စင်တစ်ခုအဖြစ် နှစ်ပေါင်း ၁၃၀ ကျော်တိုင် ရပ်တည်နိုင်ခဲ့ပါပြီ။

ယာယီအဖြစ်ဆောက်လုပ်ခဲ့

အီဖဲလ်မျှော်စင်ကို စစဆောက်ခြင်းတုန်းက ယာယီအဖြစ်ပဲ ဆောက်ခဲ့တာပါ။ ပြင်သစ်တော်လှန်ရေး နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပဲရစ်မြို့မှာ ၁၈၈၉ ခုနှစ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ပြပွဲအတွက် ယာယီမုခ်ဦးအဖြစ် တည်ဆောက်ခဲ့တာပါ။

Inauguration de l’Exposition Universelle de 1889. Chemins de fer Paris-Lyon-Méditerranée. Paris, musée Carnavalet.

အီဖဲလ်အမည်တွင်ခဲ့ခြင်းအကြောင်းရင်း

မုခ်ဦးအတွက် လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒီဇိုင်းများစွာအနက် Mr.Gustave Eiffel ရဲ့ ဒီဇိုင်းက ရွေးချယ်ခံခဲ့ရပါတယ်။ “အီဖဲလ်” အမည်က Mr.Gustave Eiffel ကို ဂုဏ်ပြုတဲ့ အနေနဲ့ မှည့်ထားတာပါ။ သူက အမေရိကန်နိုင်ငံက လေဘာတီရုပ်တုကြီး ဒီဇိုင်းဆွဲရာမှာလည်း အကြံပေးခဲ့သူတစ်ယောက်ပါ။

မြို့အလှပျက်စေလို့ဆိုပြီးဆန္ဒပြခံခဲ့ဖူး

အီဖဲလ်မျှော်စင်သမိုင်းက မရိုးရှင်း မလွယ်ကူခဲ့ပါဘူး။ အဲဒီတုန်းက ပဲရစ်မြို့သူမြို့သား အတော်များများက ပဲရစ်မြို့ အလှပျက်စေလို့ဆိုပြီး အီဖယ်လ်မျှော်စင်ကြီးကို မနှစ်မြို့ခဲ့ကြပါဘူး။ အနုပညာရှင်တွေနဲ့ ပညာရှင် အဖွဲ့ဝင်ပေါင်း ၃၀၀ ပါဝင်တဲ့ ကော်မတီက မျှော်စင်ကြီးကို ဆန္ဒပြခဲ့ကြပါတယ်။ မျှော်စင်ကြီးက အသုံးမဝင်သလို ရုပ်လည်းဆိုးတယ်ဆိုပြီး ပဲရစ်အစိုးရထံ ဒီပရောဂျက်ကို ဆန့်ကျင်ကြောင်း လက်မှတ်တွေ ထိုးထားတဲ့ အသနားခံစာ တင်ခဲ့ကြပါတယ်။


ဆန့်ကျင်သူတွေကြားက ၁၈၈၉ ခုနှစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ပြပွဲ အောင်မြင်ခဲ့ပါတယ်။ ပြပွဲအတွင်း မျှော်စင်ကြီးပေါ် လူအယောက် ၂ သန်း တက်ရောက်ခဲ့ကြပြီး ဝင်ငွေများစွာရရှိခဲ့ပါတယ်။


စဖွင့်ကတည်းက ခုချိန်ထိဆိုရင် မျှော်စင်ကြီးပေါ် လူဦးရေ သန်းပေါင်း ၃၀၀ ကျော် လာရောက်ကြပြီး နှစ်စဉ်နှစ်တိုင်း ဧည့်သည်ပေါင်း ၇ သန်းနီးပါး မျှော်စင်ကြီးပေါ်တက်လေ့ရှိကြပါတယ်။ မျှော်စင်ကြီးက ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်ခဲ့ပြီး ကမ္ဘာကျော်လွန်းလို့ ကမ္ဘာ့နိုင်ငံပေါင်းများစွာက မျှော်စင်ပုံတူတွေ လိုက်ပြီးတည်ဆောက်ခဲ့ကြရပါတယ်။

အဖျက်စီးမခံရဖို့ကြိုးစားခဲ့ရ

အီဖဲလ်မျှော်စင်ကြီးကို စဆောက်ခဲ့တုန်းက ယာယီအဖြစ်ဆောက်လုပ်ခဲ့ကြပြီး အနှစ် ၂၀ အကြာမှာ ပြန်ဖြိုချဖျက်စီးမယ်လို့ ရည်ရွယ်ခဲ့ကြတာပါ။ မျှော်စင် အဖျက်စီးမခံရဖို့ Mr. Gustave Eiffel က အစွမ်းကုန်ကြိုးပမ်းခဲ့ရတာပါ။ မျှော်စင်ကြီးက သိပ္ပံပညာအတွက် အသုံးဝင်ပါတယ်ဆိုပြီး သိပ္ပံဓာတ်ခွဲခန်း၊ လက်တွေ့စမ်းသပ်ခန်းကို မျှော်စင်ပေါ် ဖွင့်လှစ်ခဲ့ပါတယ်။ အာကာသပညာ၊ ဇီဝကမ္မဗေဒ၊ ရူပဗေဒ၊ လေခွင်းအားဘာသာရပ်တွေကို လေ့လာခဲ့ပါတယ်။ ၁၉ ရာစုက ပြင်သစ်သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာ ၇၂ ယောက် နာမည်တွေကိုလည်း အီဖဲလ်မျှော်စင်မှာ ရေးထွင်းခဲ့ပါသေးတယ်။
တကယ်တမ်း မျှော်စင်မဖြိုဖြစ်ခဲ့တဲ့ အကြောင်းကတော့ အဲဒီတုန်းက မျှော်စင်ကြီးကို ရေဒီယိုအင်တာနာတာဝါအဖြစ် အသုံးပြုခဲ့ခြင်းကြောင့်ပါ။ အခုထက်ထိ ရုပ်မြင်သံကြားနဲ့ ရေဒီယိုအသံလွှင့်ရာမှာ အသုံးပြုဆဲပါ။

Exposition Universelle de 1889 – Au pied de la Tour Eiffel

နောက်ထပ်တစ်ခါဖြိုဖျက်ခံရတော့မည့်ဆဲဆဲ

၁၉၄၄ ခုနှစ်မှာလည်း ဟစ်တလာက ပဲရစ်မြို့ကို မဟာမိတ်တပ်များဆီ လက်လွတ်ဆုံးရှုံးတော့မယ့်ဆဲဆဲ အီဖယ်(လ်)မျှော်စင်အပါအဝင် ပဲရစ်တစ်မြို့လုံးကို ဖြိုဖျက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ စစ်တပ်မှူးကြီးက အမိန့်မနာခံခဲ့လို့ ပဲရစ်မြို့ရော အီဖယ်(လ်)တာဝါပါ အခုထက်ထိ အကောင်းအတိုင်း ကျန်ရှိနေတာပါ။

ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်ခဲ့ဖူး

အီဖယ်လ်မျှော်စင်ကြီး တည်ဆောက်ပြီးစီးခဲ့စဉ်က ၁၀၂၃ ပေ အမြင့်ရှိလို့ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံအဖြစ် နှစ်ပေါင်း ၄၀ ကျော် ရပ်တည်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှ တခြားအဆောက်အအုံတွေက ကျော်တက်သွားတာပါ။

မျှော်စင်ထဲဘာရှိလဲ

မျှော်စင်ကြီးမှာ အထပ်သုံးထပ်ရှိပြီး မျှော်စင်ပေါ် လှေကားနဲ့ရော ဓာတ်လှေကားနဲ့ပါ တက်ရောက်နိုင်ပါတယ်။ ပထမထပ်မှာ ရှုခင်းကြည့်နေရာ၊ စားသောက်ဆိုင်နဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေရှိပါတယ်။ ဒုတိယထပ်မှာလည်း ရှုခင်းကြည့်နေရာနဲ့ စားသောက်ဆိုင်ရှိပါတယ်။ ထိပ်ဆုံးအထပ်ကတော့ ၉၀၅ ပေမြင့်ပြီး ပတ်ပတ်လည်ရှုခင်းကို ကြည့်ရှုခံစားနိုင်တဲ့ ရှန်ပိန်ဘားတစ်ခု ရှိပါတယ်။

မျှော်စင်ထဲကလျှို့ဝှက်တိုက်ခန်း

မျှော်စင်ထိပ်မှာ လျှို့ဝှက်တိုက်ခန်းတစ်ခုရှိပြီး Mr.Gustave Eiffel က သောမက်(စ်)အက်ဒီဆင်လို နာမည်ကျော်ဧည့်သည်တွေကို ဖိတ်ခေါ်ဧည့်ခံခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ အဲဒီတိုက်ခန်းကို အများပြည်သူကြည့်ရှုနိုင်ဖို့ ဖွင့်လှစ်ပေးထားပါတယ်။ မျှော်စင်အောက်ခြေမှာလည်း စစ်ဘက်သုံး လျှို့ဝှက်မြေတိုက်ခန်းရှိခဲ့ပြီး ယခုအခါ ပြခန်းအဖြစ် ဖွင့်လှစ်ပြသထားပါတယ်။ မျှော်စင်ပေါ် ပေ၂၀၀ အမြင့်မှာ ရေခဲပြင်စကိတ်လျှောစီးကွင်းလည်းရှိပြီး ဆောင်းတွင်းမှာ ဖွင့်လှစ်လေ့ရှိပါတယ်။

ဒါကတော့ အီဖဲလ်တာဝါနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေပါ။
အားလုံးပဲ ကျန်းမာပြီး အဆင်ပြေကြပါစေ

ချစ်ခင်လျှက်
Nu Myat
http://www.numyataroundtheworld.com

မီးရထားကြီးဂျုံးဂျုံးဂျက် ကျောက်ဆည်ဆီသို့ခရီးထွက် 

မီးရထားကြီးဂျုံးဂျုံးဂျက်

ကျောက်ဆည်ဆီသို့ခရီးထွက်

စနေတနင်္ဂနွေ ရုံးပိတ်ရက်မှာ ကျောက်ဆည်နဲ့ မန္တလေးကို ရန်ကုန်ကနေ ရထားကြီးစီးပြီး စားရိတ်သက်သက်သာသာ(၅သောင်းဝန်းကျင်လောက်)နဲ့၂ညအိပ်ခရီးထွက်ခဲ့တယ်ဆိုရင် ဘယ်လိုလည်း စိတ်ဝင်စားလား။ ဘယ်လိုသွားခဲ့လဲဆိုတာရယ်၊ ညရထားစီးတဲ့အတွေ့အကြုံတွေရယ်၊ ကျောက်ဆည်က အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ရှေးဟောင်းဘုရားတွေအကြောင်းရယ်ကို ပြောပြပေးထားတယ်နော်။ 

RTLD6566

ထူးထူးခြားခြား ဆင်ရုပ်ကြီးတွေနဲ့ ကပြပူဇော်တဲ့ ဆင်ပွဲကျင်းပရာ ကျောက်ဆည်…
ရှေးဟောင်းတန်ခိုးကြီးဘုရားစေတီတွေများစွာရှိတဲ့ ကျောက်ဆည်…
စွန်ရဲအင်း၊ နေကြာခင်းတို့နဲ့ လှချင်တိုင်းလှနေတဲ့ ကျောက်ဆည်….

အဲဒီလို အလှအပ၊ ယဉ်ကျေးမှုပေါင်းစုံတဲ့ သမိုင်းဝင်ကျောက်ဆည်မြို့ နဲ့ မန္တလေးကို စားရိတ်သက်သက်သာသာနဲ့ သွားချင်တယ်။ ရက်ကလည်း သိပ်မရှိဆိုရင် ဒီနည်းအတိုင်းသွားနိုင်ပါတယ်လို့။ ဘယ်လိုသွားခဲ့သလဲဆိုတော့ စနေနေ့ညနေမှာ ကျောက်ဆည်ကို ညရထားနဲ့သွား။ ရထားပေါ်ညအိပ်။ မနက်ကျတော့ ရန်ကုန်ကနေဖုန်းဆက်ပြီး ကြိုဌားထားတဲ့ မန္တလေးကကားကို ကျောက်ဆည် ဘူတာမှာလာစောင့်ခိုင်း။ Sunday တစ်နေကုန် ကျောက်ဆည်၊ မန္တလေး၊ အမရပူရ ဘုရားစုံဖူးပြီး အပြန်ကျတော့ မန္တလေးကနေ Express Bus နဲ့ ညအိပ်ပြန်ပေါ့။

တစ်နေကုန်ဆိုတော့ နည်းနည်းနေတော့ ပင်ပန်းနိုင်ပေမဲ့ နုမြတ်တို့ အဘိုး အသက် ၉၆နှစ်အရွယ်တောင် ဒီလမ်းကြောင်းအတိုင်း တစ်ကောက်ကောက်လိုက်နိုင်ပြီး နေရာစုံရောက်ခဲ့တာကြောင့် လူငယ်လူရွယ်တွေဆို နည်းနည်းတော့ အပင်ပန်းခံလိုက်ပါနော်။ (အဘိုးကိုတော့ ညကားစီးရင် အရမ်းပင်ပန်းမှာစိုးလို့ အပြန်ကို လေယာဉ်နဲ့ပြန်ခိုင်းလိုက်တယ်) စနေ၊ တနင်္ဂနွေ ပိတ်ရက်မှာ ငွေကျပ် ၅သောင်းဝန်းကျင်နဲ့ မြို့၃မြို့က နေရာစုံရောက်နိုင်တာမို့လို့ပင်ပန်းရကျိုးနပ်မှာပါ။ မြို့၃ မြို့ဆိုတာကျောက်ဆည်နဲ့ မန္တလေးအပြင် အမရပူရကိုပါ ဝင်လည်ခဲ့ကြတာကြောင့်ပါ။ Sunday တစ်ရက်ထဲနဲ့ ကျောက်ဆည်မြို့က မဟာရွှေသိမ်တော်ဘုရားကြီး၊ ရှင်ပင် ရွှေဆပ်သွားဘုရား၊ ကျောက်ဆည် ရှင်ပင်ရွှေတမုတ် ရွှေဂူကြီး၊ ကျောက်ဆည် ရှေးဂူဘုရား၊ မန္တလေးမြို့က မဟာမြတ်မုနိဘုရားကြီး၊ ကျောက်စိမ်းဘုရား၊ အမရပူရ ဦးပိန်တံတားပါ ရောက်ခဲ့ကြတယ်ဆို နည်းနည်းများလွန်သွားမလား။

received_10154983614097123-01

#ကုန်ကျစားရိတ်အကြမ်းဖျဉ်း

အပေါ်မှာပြောထားသလို ညရထားနဲ့ သွားပြီး ညကားနဲ့ပြန်မယ်ဆိုရင်၊ လူအုပ်စုလည်းတောင့်တယ်ဆိုရင် စနေသွား-တနင်္လာမနက်ပြန်အရောက် တစ်ယောက်ကို ၅သောင်း ဝန်းကျင်ပဲကျမှာပါ။
ရထားခ အိပ်စင် ၄ယောက်ခန်း တစ်ယောက် = ၁၀၀၀၀ကျပ်ဝန်းကျင်
ကားဌားခ ၁၀ယောက်စီး တစ်နေ့ ၁၂၀၀၀၀ ဆိုတော့ တစ်ယောက် ၁၂၀၀၀ (ကားကတော့ လူများမှ သက်သာမှာပါ)
အပြန်ကားခ – ၁၀၀၀၀ကျပ်
အစားအသောက်( လေးနပ်စာ) – ၁၅၀၀၀ ဝန်းကျင်

#ရထားစီးအတွေ့အကြုံ

ဒီတစ်ခေါက်ကျောက်ဆည်သွားတော့ ကားနဲ့ မသွားဘဲ ရထားနဲ့ သွားဖို့ ဆုံးဖြတ်ခဲ့တာက အမြန်လမ်းပေါ်ကကား accident သတင်းတွေကြောင့် အမြန်လမ်းကို ကြောက်တာ တစ်ကြောင်းရယ်၊ မစီးတာကြာတဲ့ ရထားစီးကြည့်ချင်တာ တစ်ကြောင်းရယ်ကြောင့်ပါ။

ညရထားမှာက ညနေ၃နာရီထွက်တာနဲ့ ညနေ၅နာရီထွက်တာဆိုပြီး ၂မျိုးရှိတယ်။ ၃နာရီရထားက လေအိတ်ရထားဆိုတော့ အရမ်းငြိမ်တယ်။ ကော်ဖီခွက်တင်တောင် မမှောက်ဘူးတဲ့။ သန့်လည်းသန့် သူခိုးလည်း မပေါဘူးတဲ့လေ။ ဒါပေမဲ့ ၃နာရီရထားက အိပ်ခန်းမပါတာရယ် ကျောက်ဆည်မှာ မရပ်ဘဲ မန္တလေးမှ ရပ်မှာမို့လို့ရယ်ကြောင့် ၅နာရီရထားနဲ့ပဲ သွားဖြစ်ခဲ့တာ။ ရထားလက်မှတ်ကို ကပ်မှဝယ်တော့ အိပ်ခန်းက တစ်ခန်းပဲရလိုက်တယ်။ အိပ်ခန်းက ၄ယောက်ခန်းပါ။ တစ်ဖက်ကို ၂ထပ်ကုတင်၁ခုစီပေါ့။ အိပ်စင်ပါပေမဲ့ ရထားကမှန်းထားသလောက်မတိုးတက်လာဘူး။ ဟိုးအရင်အရင်ကအတိုင်းပဲ။ သပ်ရပ်သန့်ရှင်းဖို့ လိုပါသေးတယ်။ နောက်ပြီး ရထားက လှုပ်တာတော့ တော်တော်လှုပ်ပါတယ်။ လှုပ်တာမှ ယမ်းခါနေတာပါပဲ။ ပြတင်းပေါက်ဖွင့်ထားရင် လေဝင်ပေမဲ့ လေနဲ့အတူ နွားချေးနံ့လိုလို မြေသင်းနံ့လိုလို အနံ့သင်းသင်းလေးတွေလည်း ပါလာတတ်တယ်။

ဒါပေမဲ့ အိပ်စင်နဲ့ဆိုတော့ ခြေလက်ဆန့်လို့ရတယ်။ ကားထက်စာရင် ကျယ်ကျယ်ဝန်းဝန်းရှိတယ်။ ကိုယ့်အခန်းနဲ့ကိုယ်ဆိုတော့ Privacy လည်းရှိတယ်။ သူငယ်ချင်းတွေ၊ မောင်နှမတွေသွားရင် ပျော်စရာကြီး။ ဂိမ်းတွေဆော့၊ စကားတွေပြောနဲ့ အချိန်တွေကုန်လို့ ကုန်သွားမှန်းတောင်သိမှာ မဟုတ်ဘူး။

အကြိုက်ဆုံးအချက်က ကြိုက်တဲ့အချိန် အိမ်သာထသွားလို့ရတာပဲ။ ကားတွေလို အိမ်သာရောက်ဖို့စောင့်စရာမလို။ ပေါက်တော တိုးစရာမလိုတော့ဘူး။ ဒီအချက်ကတော်တော်ကျေနပ်စရာပါ။ ကားပေါ်မှာ အပေါ့အလေးသွားချင်တာကို အောင့်ထားရတဲ့ ဒုက္ခကတော်တော် ခံရခက်မှန်း ကြုံဖူးသူတိုင်း သိကြမှာပါ။ အိမ်သာက အိပ်ခန်းနဲ့တွဲလျက်ပါတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရထားအတွဲတိုင်းမှာတော့ပါပါတယ်။ ဘိုထိုင်ရော မြန်မာထိုင်ပါ တစ်လုံးစီပါပြီး အိမ်သာ မညစ်ပတ်တာနဲ့တင် ကျေနပ်စရာပါ။

ဒီတော့ နောက်တစ်ခါ ရထားစီးမလားဆိုရင်တော့ စီးဦးမယ်ပေါ့။ ရထားစီးရတာကို ကြိုက်တဲ့သူကိုး။ အတွေ့အကြုံ အသစ်ရဖို့ စီးကြည့်ပါလို့လည်း တိုက်တွန်းလိုပါတယ်။ စီးကြည့်ပြီးမှ ရထားလှုပ်တာကို မခံနိုင်လို့ မနုမြတ်ကြီး ဂျင်းထည့်တယ်တော့ ပြောနဲ့နော်။ ရထားကလှုပ်ပါတယ် ယမ်းပါတယ်လို့ အစကတည်းက ပြောပြီးသားပါဆို။

#ကျောက်ဆည်က တန်ခိုးကြီးဘုရားများ

ဒီခရီးစဉ်မှာက ကျောက်ဆည်ကို အဓိကသွားတာဆိုတော့ ကျောက်ဆည်မြို့က ထင်ရှားတဲ့နေရာတွေအကြောင်းနဲ့ ရှေးဟောင်းဘုရားတွေ အကြောင်းပဲ ပြောပြတော့မယ်နော်။

#မဟာရွှေသိမ်တော်ဘုရားကြီး

နုမြတ်တို့ ကျောက်ဆည်သွားရတဲ့ အဓိကအကြောင်းအရာက မဟာရွှေသိမ်တော်ဘုရားကြီးကို ဖူးမြော်ဖို့ပါ။ ဘုရားကြီးမှာ အဓိဌာန်အောင် ကန်တော့ပွဲပေးရင် အဓိဌာန်အောင်တယ်။ အရောင်းအဝယ်ကောင်းတယ်ဆိုလို့ အိမ်ရဲ့ အလုပ်အကိုင်ကိစ္စတချို့အဆင်ပြေဖို့ အဓိဌာန်ပွဲလာပေးတာလည်းပါတာပေါ့။ ဘုရားကြီးမှာ ကန်တော့ပွဲပေးထားကြတာ နည်းတာမဟုတ်ဘူး။ စေတီပတ်လည် ရင်ပြင်အပြည့်။ ကန်တော့ပွဲရောင်းတဲ့ဆိုင်တွေလည်း အများကြီး။ လာတဲ့ဧည့်သည်တိုင်းကို သူ့ထက်ငါ အလုအယက်ခေါ်နေကြတာ။ ဘုရားပွဲပေးရင် ပွဲကပ်ပေးတဲ့ ပုဂ္ဂိုဟ်တွေလည်း အများကြီး ရှိပါတယ်။ နေ့နံပြောပြလိုက်ရင် ဘုရားမှာ သေချာ ရွတ်ဖတ်ပြီး ကပ်လှူပူဇော်ပေးပါတယ်။

ရွှေသိမ်တော်မြတ်စွာဘုရားကို အနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲ့ပြီး သိမ်သမုတ်တော်မူခဲ့တဲ့ ပုဂ္ဂိုလ်ဟာလည်း မင်းကြီးကိုးကွယ်ခဲ့တဲ့ ရှင်အရဟံ အရှင်မြတ်ပါတဲ့။ အနော်ရထာမင်းကြီးက ပထမ မြန်မာနိုင်ငံတော်ကို အောင်မြင်စွာ တည်ဆောက်နိုင်သူဖြစ်ပြီး အရည်းကြီးသာသနာကို ဖယ်ရှားပြီး ထေရဝါဒ ဗုဒ္ဓသာသနာကို ထွန်းကားစေခဲ့သူပါ။ ပုဂ္ဂိုလ်ထူးနှစ်ဦး ကိုးကွယ်ခဲ့တဲ့ သိမ်တော်ဖြစ်လို့ ဘန်းတန်ခိုးကြီးမြတ်တယ်လို့ သိရပါတယ်။

IMG_4628

#ရှင်ပင်ရွှေဆပ်သွားဘုရား

ဒီဘုရားက အတော်ဆန်းးကြယ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်က ရင်္သေ့ကြီး ဦးခန္ဒီတည်ထားတဲ့ ဘုရားဆင်းတုတစ်ဆူပဲရှိတယ်လို့သိထားကြတာ။ ၂၀၀၆ခုနှစ်လောက်က ဘုရားအောက်နားက လင်းနို့တွေ ဝင်ထွက်လေ့ရှိတဲ့ အပေါက်ကို မင်္သကာဖြစ်ပြီး တူးဖော်ကြည့်လိုက်တဲ့အခါကြမှ အထဲမှာ လှိုဏ်ခေါင်းနဲ့ ဘုရားတစ်ဆူရှိနေသေးတာကို ထူးဆန်းစွာဖူးမြော်ခဲ့ကြရတယ်။

IMG_7433

အဲဒီအတွင်းကဘုရားဆင်းတုရဲ့ ညာဘက်လက်မောင်းတော်မှာ ကြွက်ဝင်တဲ့အပေါက်ရှိနေလို့ ကြွက်သိုက်ကိုရှင်းလိုက်တဲ့အခါ ညာဘက်လက်မောင်းတော်ပြုတ်ကျပြီး အောက်မှာ ဘုရားအဆင့်ဆင့်ရှိနေတာကို ဆက်လက်ရှာဖွေတွေ့ရှိခဲ့ရတယ်တဲ့။ ၅ဆင့်တောင် ငုံပြီးရှိနေတာတဲ့လေ။ အံ့အားသင့်စရာကြီးနော်။ ပုဂံ၊ အင်းဝ၊ ပင်းယ၊ ညောင်ရမ်း၊ ကုန်းဘောင် ခေတ်၅ခေတ်အဆက်ဆက် ဘုရားဆင်းတု၅ဆူကို တစ်ခေတ်ပြီး တစ်ခေတ်ငုံပြီး တည်ထားခဲ့တာ တွေ့ရတာ အရမ်းဆန်းကြယ်ပါတယ်။

IMG_7434

YEQQ3632 (45)

ဘုရားဖူးပြီးတဲ့အခါ ဝင်ပေါက်မုခ်ဦးနား လမ်းတစ်ဖက်က နေကြာခင်းတွေမှာ ဓာတ်ပုံသွားရိုက်။ နေကြာခင်းက သိပ်လှတာပဲ။ နုမြတ်တို့သွားတုန်းကဆို နေကြာခင်းကြီးက မျက်စိတဆုံးပဲ။ ဝင်းဝါနေတာ။ လှမှလှပဲ။ ဒီတော့ ဘုရားလည်းဖူး လိပ်ဥလည်းတူး (ဓာတ်ပုံရိုက်တာပြောပါတယ်) ခဲ့တယ်ပေါ့။ ကိုယ့်ဟာကိုယ် နေကြာစေ့ကြော်ငြာရိုက်ကွင်းထဲ ရောက်နေသလိုလိုတောင် ထင်မှတ်မိစေမှာပါလို့။

#ကျောက်ဆည် ရှင်ပင်ရွှေတမုတ် ရွှေဂူကြီး

ဒီဘုရားကြီးလည်း အတော်ထူးဆန်းပါတယ်။ မူလကတောင်ပို့ကြီးလိုဖြစ်နေတာကို တူးဖော်ကြည့်လိုက်တဲ့အခါမှာမှ ဂူဘုရားကြီးပေါ်လာတာပါ။ ပွင့်ပေါ်လာတဲ့ ပုဂံခေတ်စေတီရဲ့ အပေါ်ကနေ ပင်းယခေတ်စေတီက ငုံထားတာပါ။ ဒီလိုငုံပြီးဆောက်ထားခဲ့လို့လည်း အတွင်းက ပုဂံခေတ်စေတီမှာ ပုဂံခေတ်ဗိသုကာလက်ရာတွေ၊ ဘုရားနံရံကဖောင်းကြွအရုပ်တွေ၊ ကနုတ်တွေ နဂိုအတိုင်း မပျက်မစီးရှိနေတာကို အံ့သြဖွယ်ရာတွေ့ရှိခဲ့ကြရတာပါ။ ပင်းယခေတ်ထပ်ဆင့်ငုံစေတီကြီးရဲ့ အတိုင်းအတာ၊ ပန္နက်ပုံနဲ့ ဖြတ်ပိုင်းပုံကို နှောင်းခေတ်သုတေသီတွေ သိရှိစေဖို့ မူလအခြေအနေအတိုင်း ချန်လှပ်ထားခဲ့တာကိုလည်းတွေ့ရပါတယ်။

IMG_4642

ဒီဂူဘုရားကြီးဆီရောက်တဲ့အခါ ထူးထူးခြားခြားအနေနဲ့ ပုဂံခေတ်ပုံစံ ဂူဘုရားနဲ့ ဘုရားပတ်လည်ပရဝုရ်ကို အမိုးတွေမိုးထားတာကိုတွေ့ရပါတယ်။ ရှေးဟောင်းအဆောက်အအုံတည်ရှိရာဇုံ (Ancient Monumental Zone)အဖြစ် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၁၅ခုနှစ် ဒီဇင်ဘာလသတ်မှတ်ခဲ့တာကြောင့် ရှေးလက်ရာတွေ မပျောက်ပျက်အောင်၊ လေဒဏ်မိုးဒဏ်ခံနိုင်အောင်၊ ဖူးမြော်သူတွေလေ့လာနိုင်အောင် လဟာပြင်ပြတိုက်သဖွယ် သေချာထိန်းသိမ်းပြသထားတာပါ။ အမိုးအောက်မှာ နေရာအနှံ့ မြှုပ်ထားတဲ့ပျူအရိုးအိုးတွေ၊ ပုဂံခေတ်ပန္နက်အုတ်ရိုးတွေ၊ ပြာကျင်းထဲ မြှုပ်နှံထားတဲ့ ပျူခေတ်အိုးခွက်ပုဂံတွေ၊ အင်္ဂတေဖျော်တဲ့ကန်၊ နှစ်၁၀၀၀ သက်တမ်းရှိ ရေတွင်းကြီး၊ နှစ်ဆင့်ပိုမြှင့်ထားတဲ့ စတုမုခနောင်တော်ကြီး ဂူဘုရား စတာတွေကို တူးဖော်စဉ်ကတွေ့ရှိရတဲ့အတိုင်း အမှတ်အသားပြုကာ ထားပေးထားပါတယ်။

ရှင်ပင်ရွှေဆပ်သွားဘုရားလိုပဲ ကျောက်ဆည် ရှင်ပင်ရွှေတမုတ် ရွှေဂူကြီးမှာ ပွင့်ပေါ်လာတဲ့ သုံးထပ်ဆင့်ရုပ်ပွားတော်ကိုလည်းတွေ့ရပါတယ်။ ပထမရုပ်ပွားတော်က လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ရှိ ဂုတ္ထခေတ်ဟန်ဖြစ်နေပြီး ၊ ဒုတိယရုပ်ပွားတော်က နှစ်၉၀၀သက်တမ်းရှိ ပါလခေတ်ဟန်ဖြစ်ကာ အပေါ်ဆုံးကငုံထားတဲ့ တတိယရုပ်ပွားတော်က နှစ်၈၀၀သက်တမ်းရှိ ပုဂံခေတ်ဟန်ဖြစ်နေတာကိုတွေ့ရပါတယ်။

IMG_4639

#ကျောက်ဆည်တောင်ပေါ်ဘုရားများ

မန္တလေးကို ဝင်လည်မယ်ဆိုရင်တော့ တောင်ပေါ်ဘုရားတွေ ဖူးဖို့ အချိန်ရှိမှာ မဟုတ်ပါဘူး။ အေးအေးဆေးဆေးသွားမယ်ဆိုရင် ကျောက်ဆာ်တောင်ပေါ်ဘုရားတွေဆီလည်း ဖူးသင့်ပါတယ်။ တောင်ပေါ်ကနေမြို့တစ်မြို့လုံးကို လှမ်းမြင်နိုင်သလို ရှုခင်းလည်းလှပါတယ်။ တောင်ပေါ်မှာ စေတီဘုရားများစွာတည်ထားတာလည်းတွေ့ရပါတယ်။ သင်္ဘောပုံဖြစ်နေတဲ့ကျောက်ပေါ်စေတီတည်ထားတဲ့ ကျောက်သင်္ဘောစေတီနားက သင်္ဘောကြီးပုံစံဆောက်လုပ်ထားတဲ့ အဆောက်အအုံကြီး၊ ပြည်လုံးချမ်းသာရွှေတိဂုံစေတီတော်၊ လေးမျက်နှာမူထားတဲ့ ဧရာမရပ်တော်မူရုပ်ပွားတော်များဖြစ်တဲ့ ဆုတောင်းပြည့် မဟာမြတ်လေးဆူ၊ ထုထည်ကြီးမားတဲ့ အဘယမုဒြာ ထိုင်တော်မူမြတ်စွာဘုရားကြီး၊ သေလာဂီရိရန်အောင်မြင်စေတီတော်နဲ့ ‘ထူပါရုံ’ စေတီတော်မြတ်ကြီးတို့ကို ဖူးမြော်နိုင်ပါတယ်။

20160821_175439-01

#စွန်ရဲအင်း

စွန်ရဲအင်းကတော့ အခုတစ်ယောက်မှာ မရောက်ခဲ့ရပေမဲ့ အရင်တစ်ခေါက်တုန်းက ရောက်ခဲ့လို့ သွားသင့်တယ် ဆိုတဲ့အကြောင်းလေး ထည့်ရေးချင်လို့ပါ။ တောင်တွေနောက်ခံနဲ့ ရေကန်အကျယ်ကြီးထဲ ကြာပန်းတွေ ကြာရွက်တွေကြား ပုသိမ်ထီးလေးနဲ့ လှေစီးထွက်တဲ့ ပုံလှလှလေးတွေ တစ်ခေတ်ဆန်းသွားတာ သိကြမှာပါ။ အဲ့လိုပုံလေးတွေနဲ့အတူ စွန်ရဲအင်းကလည်း နာမည်ကြီးလာတာပါ။ နုမြတ်တို့သွားတုန်းက လူတော့ သိပ်မရှိတော့ဘူး။ အခုလည်း စည်သေးရဲ့လားတော့ မသိဘူး။ ဒါပေမဲ့ အတွေ့အကြုံ သစ်ရသလို ပုံလှလှလေးလေတွေလည်း ရနိုင်လို့ သွားကြည့်သင့်ပါတယ်။ ကြာပန်းတွေကို လူတွေ ခူးပြီး ဓာတ်ပုံရိုက်လို့ ကြာပန်းလှလှလေးတွေ မရှိတော့ဘဲ အလှပျက်စေလို့ နုမြတ်တို့ သွားတုန်းက ဧည့်သည်တွေကို ခူးခွင့်မပေးဘူး။ ဒါပေမဲ့ လှေသမားတွေကကြာပန်းလှလှလေးတွေ ဆောင်ထားပြီး ဧည့်သည်ဓာတ်ပုံရိုက်တဲ့အခါမှာ ထုတ်ပေးတော့ အဆင်ပြေတယ်။ ပုသိမ်ထီးတွေကိုလည်း အလေးခံ သယ်သွားစရာမလိုဘူး။ သူတို့ဆီမှာ ဌားလို့ရတယ်။ အင်းစပ်မှာ အကြော်ဆိုင်တွေ၊ အအေးဆိုင်တွေရှိတော့ အစားအသောက်အတွက်လည်း အဆင်ပြေတယ်။ အခုအခြေအနေတော့ မသိတော့ဘူးပေါ့လေ။

IMG_20160822_102521-01

ဒါကတော့ ကျောက်ဆည်မှာ နုမြတ်သွားခဲ့ဖူးသလောက် နေရာတွေပါ။ ဘာသာရေးကိုင်းရှိုင်းပြီး သမိုင်းဝင်တဲ့ကျောက်ဆည်မှာ အခြားဘုရားစေတီတွေလည်း အများကြီးရှိပါသေးတယ်။ ကျောက်ဆည်နဲ့ပတ်သက်ပြီး သိတဲ့သူတွေရှိရင် ဗဟုသုတရအောင် ပြောပြပါဦးနော်။

နုမြတ်

Nu Myat around the World

ယာယီအဖြစ်ဆောက်ခဲ့ရာကနေ ပြင်သစ်နိုင်ငံပြယုဂ်ဖြစ်လာသည့် အီဖဲလ်မျှော်စင်


ပြင်သစ်ဆိုသည်နှင့် အီဖယ်လ်မျှော်စင်(Eiffel Tower)ကို ပြေးမြင်ရသည်အထိ အီဖယ်လ်မျှော်စင်က ပြင်သစ်နိုင်ငံ၏ပြယုဂ် ဖြစ်လို့နေပါသည်။ စဆောက်ခဲ့တုန်းက ယာယီအဖြစ်သာ ဆောက်ခဲ့ရာကနေ ယခုတော့ ကမ္ဘာကျော်အထင်ကရနေရာဖြစ်လာခဲ့ပါ၏။ အီဖယ်လ်မျှော်စင်က ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်မြို့မှာရှိပြီး ကမ္ဘာကျော်အဆောက်အအုံကြီးအဖြစ် နှစ်ပေါင်း ၁၃၀ကျော်တိုင်ခဲ့ပြီဖြစ်ပါသည်။


၁၈၈၉ ခုနှစ်က ပြင်သစ်တော်လှန်ရေး နှစ်၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပဲရစ်မြို့တွင် ကျင်းပသော ကမ္ဘာ့ပြပွဲအတွက် ယာယီမုခ်ဦးအဖြစ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုမုခ်ဦးအတွက် လာရောက်ယှဉ်ပြိုင်ခဲ့သည့် ဒီဇိုင်းများစွာအနက်မှ Mr.Gustave Eiffel ၏ ဆောက်လုပ်ရေးကုမ္ပဏီက ရွေးချယ်ခံခဲ့ရပါသည်။ အီဖယ်လ်ဆိုသည့်အမည်မှာ Mr.Gustave Eiffel ကို ဂုဏ်ပြုသည့်အနေဖြင့် မှည့်ထားခြင်း ဖြစ်ပါသည်။ ထိုသူသည် လေဘာတီရုပ်တုကြီး ဒီဇိုင်းဆွဲရာမှာလည်း ဝိုင်းဝန်းအကြံပေးခဲ့သူဖြစ်ပါသည်။


အီဖယ်လ်မျှော်စင်သမိုင်းက မရိုးရှင်း မလွယ်ကူခဲ့ပါ။ ထိုစဉ်က ပဲရစ်မြို့သူမြို့သား အတော်များများက ပဲရစ်မြို့အလှပျက်စေသည်ဆိုပြီး အီဖယ်လ်မျှော်စင်ကြီးကို မနှစ်မြို့ခဲ့ကြပါဘူး။ အနုပညာရှင်များနှင့် ပညာရှင် အဖွဲ့ဝင်ပေါင်း ၃၀၀ ပါဝင်သည့် ကော်မတီက မျှော်စင်ကြီးကို ဆန္ဒပြခဲ့ကြပါသည်။ မျှော်စင်ကြီးသည် အသုံးမဝင်သလို ရုပ်ဆိုးသည်ဟုဆိုကာ ပဲရစ်အစိုးရထံ ထိုပရောဂျက်ကို ဆန့်ကျင်ကြောင်း လက်မှတ်များ ထိုးထားသည့် အသနားခံစာ တင်ခဲ့ကြပါသည်။


ဆန့်ကျင်သူများသည့်ကြားက ၁၈၈၉မှာကျင်းပခဲ့သည့် ကမ္ဘာ့ပြပွဲအောင်မြင်ခဲ့ပါသည်။ ပြပွဲအတွင်း မျှော်စင်ကြီးပေါ်သို့ လူအယောက် ၂သန်း တက်ရောက်ခဲ့ကြပြီး ဝင်ငွေများစွာရရှိခဲ့ပါသည်။ စဖွင့်ကတည်းက ခုချိန်ထိ မျှော်စင်ကြီးသို့ လူဦးရေ သန်းပေါင်း ၃၀၀ ကျော် လာရောက်ကြပြီး နှစ်စဉ်နှစ်တိုင်း ဧည့်သည်ပေါင်း ၇သန်းနီးပါး မျှော်စင်ကြီးပေါ်တက်လေ့ရှိကြပါသည်။ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်ခဲ့ပြီး ကမ္ဘာကျော်လွန်းသဖြင့် ကမ္ဘာ့နိုင်ငံပေါင်းများစွာက မျှော်စင်ပုံတူများ လိုက်ပြီးတည်ဆောက်ခဲ့ကြရပါသည်။


အီဖယ်လ်မျှော်စင်ကြီးကို အလုပ်သမားပေါင်း ၃၀၀ ကျော်က သံပေါင်း ၇၅၀၀ တန်နှင့် သံမှိုပေါင်း ၂.၅သန်းအသုံးပြုခဲ့ကာ နှစ်နှစ်ကြာဆောက်လုပ်ခဲ့ရပါသည်။ အမြဲလှပနေအောင်၊ သံချေးမတက်အောင် ၇နှစ်တစ်ခါ ဆေးပြန်သုတ်လေ့ရှိကာ တစ်ခါသုတ်တိုင်း ဆေးတန်ပေါင်း ၆၀ကျော်သုံးရပါသည်။ မျှော်စင်ကြီးတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းပေါင်းမှာလည်း အယောက် ၅၀၀ ကျော်ရှိပါသည်။


အီဖယ်လ်မျှော်စင်ကြီးကို စဆောက်ခဲ့တုန်းက အနှစ် ၂၀အကြာမှာ ပြန်ဖြိုချဖျက်စီးမည်ဟု ရည်ရွယ်ခဲ့ကြသော်လည်း အဖျက်စီးမခံရဖို့ Mr.Gustave Eiffel က အစွမ်းကုန်ကြိုးပမ်းခဲ့ပါသည်။ သိပ္ပံပညာအတွက် အသုံးဝင်ကြောင်းပြသသည့်အနေဖြင့် သိပ္ပံဓာတ်ခွဲခန်း၊ လက်တွေ့စမ်းသပ်ခန်းကို မျှော်စင်ပေါ် ဖွင့်လှစ်ခဲ့ပြီး အာကာသပညာ၊ ဇီဝကမ္မဗေဒ၊ ရူပဗေဒ၊ လေခွင်းအားဘာသာရပ်များကို လေ့လာခဲ့ကြပါသည်။ ၁၉ရာစုက ပြင်သစ်သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာ ၇၂ယောက် နာမည်များကိုလည်း အီဖယ်လ်မျှော်စင်တွင် ရေးထွင်းထားပါသည်။ သို့သော် တကယ်တမ်း မျှော်စင်မဖြိုဖြစ်ခဲ့သည့်အကြောင်းက မျှော်စင်ကြီးကို ရေဒီယိုအင်တာနာတာဝါအဖြစ် အသုံးပြုခဲ့ခြင်းကြောင့်ပါ။ ယခုလက်ရှိတိုင် ရုပ်မြင်သံကြားနှင့်ရေဒီယိုအသံလွှင့်ရာမှာ အသုံးပြုဆဲဖြစ်ပါသည်။


၁၉၄၄ခုနှစ်မှာလည်း ဟစ်တလာက ပဲရစ်မြို့ကို မဟာမိတ်တပ်များဆီ လက်လွတ်ဆုံးရှုံးတော့မည့် အချိန်မှာ အီဖယ်(လ်)မျှော်စင်အပါအဝင် ပဲရစ်တစ်မြို့လုံးကို ဖြိုဖျက်ဖို့ အမိန့်ပေးခဲ့ပါသည်။ သို့သော် ကံကောင်းချင်တော့ စစ်တပ်မှူးကြီးက အမိန့်မနာခံခဲ့သဖြင့် ယခုတိုင် ဆက်လက်တည်ရှိနေဆဲဖြစ်ခဲ့ပါသည်။


အီဖယ်လ်မျှော်စင်ကြီးသည် စတည်ဆောက်ပြီးစီးခဲ့စဉ်က ၁၀၂၃ပေ အမြင့်ရှိကာ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံအဖြစ် နှစ်ပေါင်း၄၀ကျော် ရပ်တည်ခဲ့ပါသည်။ မျှော်စင်ကြီးတွင် အထပ်သုံးထပ်ရှိကာ မျှော်စင်ပေါ်သို့ လှေကားနှင့်ရော၊ ဓာတ်လှေကားနှင့်ပါ တက်ရောက်နိုင်ပါသည်။


ပထမထပ်မှာ ၁၈၉ပေမြင့်ပြီး ရှုခင်းကြည့်သည့်နေရာ၊ အနုပညာပြပွဲ၊ စားသောက်ဆိုင်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များရှိကာ မှန်ကြမ်းခင်းပေါ်လည်း နင်းလျှောက်နိုင်ပါသည်။ ၃၇၉ပေအမြင့်ရှိသည့် ဒုတိယထပ်မှာလည်း ရှုခင်းကြည့်သည့်နေရာနှင့် စားသောက်ဆိုင်ရှိပါသည်။ ထိပ်ဆုံးအထပ်ကတော့ ၉၀၅ပေအမြင့်ရှိကာ ပတ်ပတ်လည်ရှုခင်းကို ကြည့်ရှုခံစားနိုင်သည့် ရှန်ပိန်ဘားတစ်ခု ရှိပါသည်။ မျှော်စင်ထိပ်တွင် လျှို့ဝှက်တိုက်ခန်းတစ်ခုရှိပြီး Mr.Gustave Eiffel က သောမက်(စ်)အက်ဒီဆင်ကဲ့သို့ နာမည်ကျော်ဧည့်သည်များကို ဖိတ်ခေါ်ဧည့်ခံခဲ့သည်ဟု သိရပါသည်။ ယခုအခါ ထိုတိုက်ခန်းကို အများပြည်သူကြည့်ရှုနိုင်ရန်အတွက် ဖွင့်လှစ်ပေးထားပါသည်။ မျှော်စင်အောက်ခြေတွင် စစ်ဘက်သုံး လျှို့ဝှက်မြေတိုက်ခန်းရှိခဲ့ပြီး ယခုအခါ ပြခန်းအဖြစ် ဖွင့်လှစ်ပြသထားပါသည်။ မျှော်စင်ပေါ် ပေ၂၀၀ အမြင့်တွင် ရေခဲပြင်စကိတ်လျှောစီးကွင်းလည်း ရှိပြီး ဒီဇင်ဘာvမှ ဖေဖော်ဝါရီလကြား ဆောင်းတွင်းကာလတွင် ဖွင့်လှစ်လေ့ရှိကြောင်း သိရပါသည်။

Dr. Nu Myat Theingi Oo

Nu Myat around the World