ထူးခြားလှပ
သဘာဝများစုစည်းရာ
မဟာသမုဒ္ဒရာလမ်းမကြီး

ဒေါက်တာနုမြတ်သိင်္ဂီဦး၏ ခရီသွားဆောင်းပါးများစုစည်းရာ
ဩစတြေးလျမှ ရှားပါးတိရစ္ဆာန်လေးများ
Australia နိုင်ငံက ရှားပါးတိရစ္ဆာန်လေးများ
ကမ္ဘာ့နိုင်ငံအသီးသီး၌ နိုင်ငံတော်ကိုယ်စားပြု တိရစ္ဆာန်များ အသီးသီး သတ်မှတ် ထားလေ့ရှိပါ၏။ ဥပမာအားဖြင့်ဆိုရသော် အမေရိကန်နိုင်ငံ၌ သိမ်းငှက်၊ ယူကေနိုင်ငံ၌ ခြသေ့ၤ၊ စပိန်နိုင်ငံ၌ နွားရိုင်း၊ အိန္ဒိယနိုင်ငံ၌ ကျား၊ တရုတ်နိုင်ငံ၌ ပန်ဒါ ဝက်ဝံ၊ ထိုင်းနိုင်ငံ၌ ဆင်၊ ရုရှားနိုင်ငံ၌ ဝက်ဝံ၊ ပေါ်တူဂီနိုင်ငံ၌ ကြက်ဖ၊ သြစတြေးလျနိုင်ငံ၌ သားပိုက်ကောင် စသဖြင့် နိုင်ငံတော်ကိုယ်စားပြု တိရစ္ဆာန်များကို သတ်မှတ်ထား ကြပါ သည်။ ၎င်းတို့အနက် သြစတြေးလျနိုင်ငံ၏ ကိုယ်စားပြုတိရစ်္ဆာန် သားပိုက်ကောင်မှာမူ သြစတြေးလျ၌သာ တွေ့ရသော ရှားပါးသတ္တဝါဖြစ်၍ သြစတြေးလျဟု ပြောလိုက် သည်နှင့် သားပိုက် ကောင်နှင့် တွဲမြင်ကြရသည်အထိ ကျော်ကြားလှပါသည်။
ရင်သွေးငယ်များကို ရင်ဝယ်ပိုက်ထားတတ်ပြီး နောက်ခြေနှစ်ချောင်းကိုသာ သုံး ကာ ခုန်ဆွ ခုန်ဆွဖြင့် သွားလာတတ်သည့် သားပိုက်ကောင်လေးများသည် သြစတြေး လျနိုင်ငံ၏ ယဉ်ကျေးမှုအခန်းကဏ္ဍ၌ အရေးပါသလို နိုင်ငံတော်သင်္ကေတအဖြစ်လည်း သတ်မှတ်ထားကြပါ၏။ အစိုးရရုံးဌာနများ၌ အသုံးပြုသည့် တံဆိပ်များတွင် နိုင်ငံ တော်ငှက် အီမူးငှက်နှင့်အတူ ပုံဖော်ထားသလို အကြွေစေ့များတွင်လည်း သားပိုက် ကောင်ပုံများကို အသုံးပြုလေ့ရှိပါ၏။သားပိုက်ကောင်ကဲ့သို့ ကမ္ဘာကျော်ပြီး အရေးပါ သည့် သြစတြေးလျတိုက်၏ ရှားပါးသတ္တဝါနောက်တစ်မျိုးမှာ ကိုအားလား (Koala) ဝက်ဝံလေးများပင် ဖြစ်သည်။ ဝက်ဝံအမျိုးအစားမဟုတ်သော်လည်း ပုံသဏ္ဌာန် အားဖြင့် ဝက်ဝံလေးများကဲ့သို့ ပုပုလုံးလုံး၊ အမွေးပွပွ၊ ခေါင်းကြီးကြီး၊ နားရွက်ကားကားနှင့် အမြီးမပါသည့် အကောင်လေး များဖြစ်၍ ချစ်စဖွယ်ကောင်းကာ နာမည်ကျော်လှပါသည်။ ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် သြစတြေးလျတိုက်သို့ တကူးတကသွားကာ ထို သတ္တ္တဝါလေးများကို ကြည့်လေ့ရှိကြသည်အထိ သြစတြေးလျနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကို အထောက်အကူပြုလျက်ရှိနေပါ၏။
ကျွန်မတို့သည်လည်း သြစတြေးလျနိုင်ငံသို့ ရောက်ခဲ့စဉ်က အခြားကမ္ဘာလှည့် ခရီးသည်များနည်းတူ ထိုရှားပါးသတ္တ္တဝါလေးများကို မြင်တွေ့ဖူးလိုသော ဆန္ဒဖြင့် ဘရစ် ဘိန်းမြို့အနီးရှိ လုံပိုင်း (Lone Pine) ကိုအားလားဘေးမဲ့တောတိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လေ့လာဖြစ်ခဲ့ပါ၏။ ဘရစ်ဘိန်းမြို့မှ မိနစ် ၂၀ ကြာ ကားဖြင့် သွား ရောက်နိုင် သည့် ထိုလုံပိုင်းဥယျာဉ်ကို ၁၉၂၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အကျယ် အဝန်းအားဖြင့် ဧကပေါင်း ၄၄ ဧက ကျယ်ဝန်းသဖြင့် ကမ္ဘာ့သက်တမ်းအရင့်ဆုံးနှင့် အကြီးဆုံးကိုအားလား ဘေးမဲ့တောအဖြစ် သတ်မှတ်ထားကြပါသည်။
ထို့ပြင် ထိုလုံပိုင်းဥယျာဉ်သည် ကမ္ဘာပေါ်၌ ကိုအားလားအကောင်လေးများကို အခမဲ့ ထိတွေ့ကိုင်တွယ်နိုင်သည့်၊ ဖက်၍ ဓာတ်ပုံရိုက်နိုင်သည့် အနည်းငယ်သော တိရစ္ဆာန် ဥယျာဉ်များအနက် တစ်ခုဖြစ်၍လည်း နာမည်ကျော်ခြင်းဖြစ်သည်။ ကိုအားလားအကောင်လေးများကို ထိတွေ့ကိုင်တွယ်ခြင်း၊ ဓာတ်ပုံတွဲရိုက်ခြင်းတို့ကို အခမဲ့ ပြုလုပ်ခွင့်ပေး သော်လည်း မိမိခန္ဓာကိုယ်ပေါ်ကပ်၍ ဖက်ကာ ဓာတ်ပုံရိုက်လိုလျှင်တော့ သြစတြေးလျ ဒေါ်လာ ၂၀ ခန့် အလှူငွေ ထည့်ဝင်ရပါသည်။ကိုအားလားလေးများ၏ အမွေးများသည် နူးညံ့ကာ သစ်ကိုင်းများတွင် တွယ်ထားသကဲ့သို့ ခန္ဓာကိုယ်ကို တွယ်ကပ်ကာ ကွေးကွေး လေးနေတတ်ကြပါသည်။ ချောင်းဆိုးပျောက်ဆေးများတွင် ပါဝင်လေ့ရှိသည့်ယူကလစ် ရွက်များကို စားလေ့ရှိသဖြင့် ခန္ဓာကိုယ်မှာ ချောင်းဆိုးပျောက်ဆေးနံ့ရသကဲ့သို့ ထို အရွက်များ၏ စိတ်ငြိမ်စေသည့် အာနိသင်ကြောင့် အချိန်ပြည့် အိပ်ငိုက်နေကာ တစ်နေ့လျှင် နာရီ ၂၀ ကြာအထိ အိပ်နိုင်သော အကောင်လေးများပင်ဖြစ်သည်။
သားပိုက်ကောင်လေးများကို ထိတွေ့ကိုင်တွယ်ကာ အစာကျွေးလိုသူများအတွက် လည်း သားပိုက်ကောင် အကောင် ၁၃၀ ကျော်ကို လွတ်လပ်စွာ သွားလာခွင့်ပေး ထားသည့် ငါးဧကကျယ်ဝန်းသည့် ဝင်းထဲ ဝင်ရောက်ခွင့်ပေးထားပါ၏။ သားပိုက်ကောင် လေးများသည် နောက်ခြေနှစ်ချောင်းကို သုံးကာ လျင်မြန်သော အရှိန်ဖြင့် ခုန်ဆွ ခုန်ဆွ ပြေးလေ့ရှိကြပါသည်။ ကြွက်သားများဖြင့် သန်မာသော အမြီးရှည်ကြီးများသည် ပဉ်္စမမြောက် ခြေထောက်အနေဖြင့် ခုန်၍ သွားလာလှုပ်ရှားရာ၌ လွယ်ကူအောင် အားပြုပေးပါ၏။ သန်မာလှသော သားပိုက်ကောင်များအနေဖြင့် သူတို့၏ အရပ်ထက် သုံးဆအမြင့်အထိ ခုန်နိုင်ကြောင်း သိရပါသည်။ တစ်ခါတစ်ရံ၌လည်း ခြေလေးချောင်း စလုံး အသုံးပြုကာ ဖြည်းညင်းစွာ သွားလာလှုပ်ရှားသည်ကိုလည်း တွေ့ခဲ့ရပါသည်။ ကံကောင်းသူများဆိုလျှင် ဝမ်းဗိုက်အိတ်ထဲမှ ထိုးထွက်နေသော သားပိုက်ကောင်လေး များကိုပါ တွေ့မြင်နိုင်ကြောင်း သိရသည်။
လုံပိုင်းတိရစ္ဆာန်ဥယျာဉ်၌ ထိုအကောင် လေးများအပြင် သြစတြေးလျ၏ ရှားပါး တိရစ္ဆာန်လေးများဖြစ်ကြသော မြေအောင်းဝက်ဝံ (ျွှသာဘအေ)အကောင်လေးများ၊ ွှေျာညေငညေ ိနလငူျ အသားစားသတ္တဝါများ၊ ပုရွက် ဆိတ်နှင့် ခြများကို စားသည့် နားရွက်ရှည် သြစတြေးလျနို့တိုက်သတ္တဝါများ၊ ဘဲတူဖျံတူ အကောင် လေးများ၊ ရောင်စုံကြက်တူရွေးများ၊ စကားတတ်သည့် ကတ္တဝါငှက်များ၊ အပြေးသန်သော်လည်း မပျံနိုင်သည့် သြစတြေးလျနိုင်ငံ၏ နိုင်ငံတော်ကိုယ်စားပြု နာက ခြေတံရှည်ငှက်ကြီးများ စသဖြင့် တိရစ္ဆာန်မျိုးစုံကို တစ်နေရာတည်း၌ မြင်တွေ့ခဲ့ရပါသည်။
သြစတြေးလျသည် တိုက်သီးသန့်အဖြစ် အခြားတိုက်များနှင့် ကွဲထွက်နေကာ ရေမြေအားဖြင့်လည်း ကွာခြားနေသောကြောင့် ရှားပါးတိရစ္ဆာန်များစွာ ပေါက်ဖွားနေ ထိုင်နေခြင်းဖြစ်ပါ၏။ ထိုတိရစ္ဆာန်လေးများသည် သြစတြေးလျ၏ ခရီးသွားလုပ်ငန်းများ ၌ အရေးပါလျက်ရှိရာ သြစတြေးလျနိုင်ငံသို့ ရောက်ဖြစ်ခဲ့ပါက မဖြစ်မနေ လေ့လာ ကြည့်ရှုသင့်ပါကြောင်း ညွှန်းဆိုလိုက်ရပါသည်။ ဒေါက်တာနုမြတ်သိင်္ဂီဦး
ကမ္ဘာပေါ်ရှိ မြို့ကြီးများ၌ လူလုပ်ဆိပ်ကမ်း၊ သဘာဝအတိုင်း ဖြစ်ပေါ်နေသည့် ဆိပ်ကမ်းစသဖြင့် ဆိပ်ကမ်းများစွာရှိသည့်အနက် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဆစ်ဒနီဆိပ်ကမ်းသည် ကမ္ဘာပေါ်၌ အကြီးဆုံးသဘာဝဆိပ်ကမ်းကြီးပင် ဖြစ်သည်။ တောင်ပစိဖိတ်သမုဒ်္ဒရာရှိ တက်စမန်ပင်လယ်၏ ရေလက်ကြားတစ်ခု ဖြစ်သည့် ယင်းဆစ်ဒနီဆိပ်ကမ်းသည် မိုင်ပေါင်း ၁၉၇ မိုင်အထိ ရှည်လျားလှပါသည်။ ကမ္ဘာ့အကြီးဆုံးဆိပ်ကမ်းဖြစ်သည့်အပြင် သြစတြေးလျတိုက်သို့ ဥရောပနိုင်ငံသားများ ပထမဆုံး အခြေချနေထိုင်ခဲ့သည့် နေရာဖြစ်၍လည်း သမိုင်းကြောင် အရ အရေးကြီးအခန်းကဏ္ဍ၌ ပါဝင်နေပါ၏။ ၁၇၇၀ ပြည့်နှစ်တွင် ဗြိတိသျှ စစ်ဗိုလ် ဂျိမ်းစ်ကွတ်ခ်ဆိုသူက ဤဆိပ်ကမ်းကို စတင်တွေ့ရှိခဲ့ပြီး ဗြိတိသျှရေတပ်အရာရှိ တစ်ဦးဖြစ်သည့် ဂျော့ချ်ဂျက်ခ်ဆန်ဆိုသူကို ဂုဏ်ပြုသောအားဖြင့် ဂျက်ခ်ဆန် သင်္ဘောဆိပ် (Port Jackson) ဟု အမည်ပေးခဲ့ရာ ယနေ့တိုင် အမည်တွင်ဆဲဖြစ်၏။
ဆစ်ဒနီဆိပ်ကမ်းသည် သယ်ယူပို့ဆောင်ရေးအတွက် အရေးပါသလို လှပသော ကမ်းခြေများ၊ တဖိတ်ဖိတ်တောက်နေသော ရေပြင်များ၊ ကမ်းစပ်နှင့် ကျွန်း များပေါ်ရှိ သမိုင်းဝင်အဆောက်အအုံများကြောင့်လည်း ပြည်တွင်းပြည်ပဧည့်သည်များနှင့် စည်ကားလျက်ရှိသည့် အပန်းဖြေနေရာတစ်ခုဖြစ်၍ နေပါသည်။
ဆိပ်ကမ်း၏ အလှအပကို ခံစားရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ဆိပ် ကမ်းတစ်လျှောက်ပြေးဆွဲနေသည့် အပျော်စီး သင်္ဘောများ၌ လိုက်ပါစီးနင်းခြင်း ပင်ဖြစ်သည်။ ဆစ်ဒနီမြို့သို့ အလည်လာသူတိုင်း ဆစ်ဒနီဆိပ်ကမ်း၌သင်္ဘောစီးရင်း အပန်းဖြေလေ့ရှိရာ တစ်နှစ်လျှင် သင်္ဘောအသီးသီး၏ပြေးဆွဲသည့်ခေါက်ရေပေါင်း ၁၅ သန်းမျှ ရှိသည်ဟု သိရ၏။ စာရေးသူ ယခုနှစ် ဧပြီလ၌ ဆစ်ဒနီရောက်ခဲ့စဉ်ကတည်းက ဆစ်ဒနီမြို့၏ အထင်ကရဆိပ်ကမ်းတစ်လျှောက် အပျော်စီးသင်္ဘောစီးဖြစ် ခဲ့ပါ၏။ ဆိပ်ကမ်း၌ အကြီးဆုံးနှင့် အစည်ကားဆုံး သင်္ဘောဆိပ်ဖြစ်သည့် Circular Quay မှ ထွက်သည့် နှစ်ထပ်သင်္ဘောဖြစ်၍ အသွားအပြန်နှစ်နာရီနီးပါးကြာကာ နေ့လယ်စာ ပင်လယ်စာဘူဖေးအပါအဝင် ဒေါ်လာခုနစ်ဆယ်ဝန်းကျင် ကျသင့်ပါ၏။ လမ်းတစ်လျှောက်၌လည်း ဆစ်ဒနီပြဇာတ်ရုံ (Sydney Opera House) ၊ ဆစ်ဒနီဆိပ်ကမ်းတံတား၊ အမျိုးသားပန်းဥယျာဉ်စသည့် အထင်ကရနေရာများနှင့် သမိုင်းအရရော၊ ယဉ်ကျေးမှုအရပါ အရေးပါသည့် ကျွန်းများကို ဖြတ်သန်းသွားကာ ရှုခင်းအလှအပများကို ခံစားရင်း အရသာရှိသော ပင်လယ်စာ ဘူဖေးကို စားသောက်နိုင်ရန် စီစဉ်ထားပါ၏။
ဤကဲ့သို့ အသွားအပြန်မဟုတ်ဘဲ နှစ်သက်ရာနေရာသို့ ဆင်း၍ လေ့လာနိုင်ရန် Hop-on Hop off သင်္ဘောများသည်လည်း သူ့အချိန်စာရင်းနှင့်သူ ပြေးဆွဲနေ၍ နေဝင်ချိန်ကြည့်သည့် သင်္ဘော၊ ဝေလငါးကြည့်သည့်သင်္ဘော၊ ဆိပ်ကမ်းတစ်လျှောက် အထင်ကရနေရာများကို ရှင်းလင်းပြသသည့် သင်္ဘောစသဖြင့် သင်္ဘောခရီးစဉ်များစွာ ကို စိတ်ကြိုက်ရွေးချယ်နိုင်ကြောင်းလည်း သိရ၏။ အချို့ဆိုလျှင် ရွက်လှေများ၊ မော် တော်ဘုတ်များ၊ ငါးဖမ်းလှေများ သီးသန့်ငှားရမ်းကာ ရေထဲ၌ အေးအေးဆေးဆေး အပန်းဖြေနေကြသည်ကိုလည်း တွေ့ခဲ့ရပါ၏။
ဆစ်ဒနီဆိပ်ကမ်းနှင့် Circular Quay သို့ သွားလည်သူများသည် သင်္ဘောဆိပ်မှ ၁၅ မိနစ်ခန့် လမ်းလျှောက်ရုံဖြင့် ရောက်နိုင်သည့် သြစတြေးလျနိုင်ငံ၏ အထင်ကရ ဆစ်ဒနီပြဇာတ်ရုံသို့လည်း သွားရောက်လေ့လာလေ့ ရှိကြပါသည်။ ထူးခြားဆန်းသစ်သော ဒီဇိုင်းဖြင့် တည်ဆောက်ထားခြင်းဖြစ်၍ ၂၀ ရာစုအတွင်း အကောင်းဆုံး ဗိသုကာ လက်ရာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရကာ သက်တမ်းအားဖြင့် အလွန်မရှည်ကြာသည့်တိုင် ကမ္ဘာ့အမွေအနှစ် အဆောက်အအုံအဖြစ် UNESCO မှ သတ်မှတ်ခြင်းကို ခံခဲ့ရပါ၏။ ၁၉၅၇ ခုနှစ်က ဤပြဇာတ်ရုံအတွက် ဒီဇိုင်းများ ယှဉ်ပြိုင်စေခဲ့ကာ အနိုင်ရခဲ့သည့် ဒီဇိုင်းကို ဒေါ်လာသန်းပေါင်း ၁၂၀ အကုန်ခံကာ ၁၅ နှစ်ကြာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ဖျော်ဖြေရေးကဏ္ဍအသီးသီးအတွက် အခန်းပေါင်း ခုနစ်ခန်းရှိကာ တစ်နှစ်လျှင် ပွဲပေါင်း ၁၅၀၀ ဖျော်ဖြေလျက်ရှိကြောင်း၊ ပွဲကြည့်ပရိသတ် ပေါင်း ၁ ဒသမ၂သန်းခန့်နှင့် လာရောက်လေ့လာသူပေါင်း ခုနစ်သန်းခန့်ရှိကြောင်း သိရသည်။
ဆစ်ဒနီဆိပ်ကမ်းသည် အပျော်စီးသင်္ဘောငယ်များ၊ ရွက်လှေများ၊ လှေငယ်များ ဖြင့် ရေပြင်ပေါ်၌ လှုပ်ရှားသက်ဝင်ရုံမျှမက ဆိပ်ကမ်းတစ်လျှောက် မြေပြင်ပေါ်၌လည်း စားသောက်ဆိုင်များ၊ အမှတ်တရပစ်္စည်းအရောင်းဆိုင်များ၊ ပြခန်းများဖြင့် ခရီးသွား များအလွန်စည်ကားလျက်ရှိရာ ဆစ်ဒနီမြို့သို့ အလည်သွားသူတိုင်း မရောက်မဖြစ် လေ့လာသင့်သည့် နေရာဖြစ်ကြောင်း ညွှန်းဆိုချင်ပါတော့သည်။
ဒေါက်တာနုမြတ်သိင်္ဂီဦး
ကမ္ဘာ့နေရာဒေသအသီးသီး၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစေရန်၊ မိမိဒေသသို့ ခရီးသည် အလာများစေရန်၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ တောတောင်ရေမြေ ရှုခင်းအလှများ သို့မဟုတ် နောက်ဆုံးပေါ်နည်းပညာများဖြင့် ဆွဲဆောင်လေ့ရှိကြ၏။ ယဉ်ကျေးမှုအမွေအနှစ် သိပ်မကြွယ်ဝသည့် Australia သြစတြေးလျလိုနိုင်ငံမျိုးမှာတောင် “ရှိ တာလေးနှင့် လှအောင်ဝတ်”ဆိုသလို ရှိသည့်ရှေးဟောင်းအမွေအနှစ်များနှင့် ခရီး သည်များကို ဆွဲဆောင်နေသည်ကို သတိပြုမိပါ၏။ သာဓကတစ်ခုအနေဖြင့်ပြရသော် သြစတြေးလျနိုင်ငံ မဲဘုန်းမြို့အနီး ဒန်ဒီးနွန် တောအုပ်အတွင်းရှိ The Puffing Billy မီးရထားလိုင်းကို ပြရပေမည်။ ခရီးသည် အလာများသော Melbourne မြို့အနီးတွင်ရှိခြင်း၊ သက်တမ်းအားဖြင့်နှစ်ပေါင်း ၁၀၀ ကျော် ရှိခြင်း၊ ရေနွေးငွေ့သုံးစက်ခေါင်းများ အသုံးပြုဆဲဖြစ်ခြင်း၊ ခရီးသည်များ အပျော်စီး ရထားလိုင်းသီးသန့်ပြေးဆွဲပေးခြင်း စသည့်အချက်များကြောင့် ကမ္ဘာပေါ်ရှိ အကျော် ကြားဆုံး ရေနွေးငွေ့သုံး ရှေးဟောင်းအမွေအနှစ် ရထားလမ်းများ၌ တစ်ခုအပါအဝင် ဖြစ်နေပါ၏။ ထို့ကြောင့်လည်း သြစတြေးလျနိုင်ငံတစ်ဝန်းမှ ခရီးသည်များသာမက နိုင်ငံ တကာမှ ကမ်္ဘာလှည့်ခရီးသည်များပါ လာရောက်စီးနင်းလျက်ရှိပေသည်။
ဤရထားလမ်းကို နဂိုက ဒန်ဒီးနွန်တောအုပ်ထဲ နေထိုင်သူများ မဲဘုန်းမြို့သို့ သွားရောက်ကာ ဒေသထွက် ပစ္စည်းများရောင်းချနိုင်ရန် ၁၈၉၉ ခုနှစ်က စတင်ဆောက် လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၀၀ ပြည့်နှစ်၌ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၁၉၁၉ ခုနှစ်ကစတင်ပြီး ခရီးသွားဈေးကွက်အတွက် လူစီးရထားတွဲများကို ပြေးဆွဲခဲ့ကြောင်း သိရသည်။ဤ Puffing Billy ရထားများ၏ ထူးခြားချက်မှာ ရထားတွဲများသည် ဘေးနှစ်ဖက်ပွင့်ပုံစံ ဖြစ်၍ ခရီးသည်များမှာ ရထားအပြင်ဘက်သို့ ခြေတွဲလောင်းချစီးနိုင်ပြီး ဘေးပတ်ဝန်း ကျင်ရှုခင်းများကို ခံစားနိုင်ပါသည်။ ထိုသို့မစီးချင်ပါက ပိုမိုသားနားသော ပထမတန်း စားသောက်ခုံများပါသည့် အလုံပိတ်တွဲနှင့်လည်း သွားလာနိုင်ပါ၏။ ပြေးဆွဲသောရထားလမ်းကြောင်းမှာလည်း အမျိုးမျိုးရှိကာ ရထားလမ်းအရှည် ၁၅ ဒသမ ၆ မိုင်အတွင်း ဘူတာပါင်း ၁၁ ဘူတာရှိပါ၏။
ဂိတ်စဘူတာမှာ Melbourne မြို့မှ ၂၆ မိုင်ကွာဝေးသည့်နေရာမှာရှိသည့် Belgrave ဘူတာဖြစ်ပြီး ဂိတ်ဆုံးဘူတာမှာ Gembrook သမိုင်းဝင်ြ်မို့လေး၌ တည်ရှိနေသည့် Gembrook ဘူတာဖြစ်ကာ ဂိတ်စမှ ဂိတ်ဆုံး ရထားစီးချိန် တစ်နာရီနှင့် မိနစ် ၅၀ ကြာမြင့်ကြောင်း သိရသည်။ ကျွန်မတို့မှာမူ လမ်းကြောင်းပြောင်းပြန်အဖြစ် Belgrave ဘူတာနှင့်အနီးဆုံး Menzies Creek ဘူတာမှ စစီးကာ Belgrave ဘူတာ၌ ဆင်းခဲ့ကြပါ၏။ ထိုနေရာ တဝိုက်တွင် အလုပ်လုပ်ခဲ့သော မိုင်းတွင်းအလုပ်သမားကြီးတစ်ယောက်ကို ဂုဏ်ပြု သောအားဖြင့်Menzies Creek ဟုအမည်ပေးခဲ့သော ထိုဘူတာသည် Puffing Billy ရထားအတွေ့အကြုံကို ခဏတာခံစားလိုသည့်ခရီးသည်များနှင့် တိုးအုပ်စုများကြား ရေပန်းစားပါ၏။
ရေနွေးငွေ့သုံးရှေးဟောင်းရထားကြီးမောင်းနှင်သည့် မိနစ် ၃၀ ကြာခရီးစဉ်အတွင်းကျွန်မတို့သည်လည်း အများနည်းတူ ရထားအပြင်သို့ခြေတွဲလောင်းချပြီး လွတ်လပ်ပျော်ရွှင်စွာ လိုက်ပါစီးနင်းခဲ့ကြပါသည်။ အေးမြသောရာသီဥတုမှာ စိမ်းစိုသောသစ်တောများကြား လတ်ဆတ်သောလေကို ရှူရှိုက်ပြီးလှပသောရှုခင်းများကို လမ်းတစ်လျှောက်ရှုစားခဲ့ကြပါသည်။ လမ်း၌ကားလမ်းကိုဖြတ်ဖောက်ထားသည့် Trestle ဟုခေါ်သည့်သစ်သားတံတားကြီးကိုလည်း ဖြတ်သန်းခဲ့ရာ တံတားအောက်၌ ကားများဖြတ်သွားသည်ကို မြင်တွေ့ရသည်မှာ အသည်းအေးဖွယ်ရာပင်။
သြစတြေးလျနိုင်ငံသားတို့မှာမူ ဂိတ်စ Belgrave ဘူတာမှ တစ်နာရီကြာစီးရ သည့် Lakeside ဘူတာသို့ သွားလေ့ရှိကြသည်။ ထိုဘူတာသည် မြကန်သာပန်းခြံ၌ တည်ရှိကာ ပျော်ပွဲစား စားပွဲများ၊ BBQ ကင်နိုင်သည့်ပစ္စည်းကိရိယာများအသင့်ထား ပေးခြင်းကြောင့် မိသားစုလိုက်ပျော်ပွဲစားထွက်ကြခြင်းဖြစ်သည်။ Puffing Billy ရထားလိုင်းသည် ရိုးရိုးရထားလမ်းကြောင်းများအပြင် ဧည့်သည်များကို ဆွဲဆောင်နိုင်ရန် ဘူတာနှင့် ရထားပေါ် တေးသံသာများဖျောေ်ဖြပေးသည့် Rock n Roll ရထား၊ Jazz ရထား၊ R&B ရထားစသည့် ဂီတရထားများ၊ အကျွေးအမွေးများပါသည့် ရထား၊ လူသတ်ပဟေဠိ ညရထား စသဖြင့် ရထားအမျိုးမျိုးကို စိတ်ဝင်စားဖွယ်ရာ ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။ ဤကဲ့သို့ ရှိသည့်ရှေးဟောင်းရထားလမ်းလေးနှင့် ခရီးသည်များစွာကို နည်းမျိုးစုံ နှင့် ဆွဲဆောင်နေသည့် ဤ Puffing Billy ရထားလိုင်းသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာ ရှိနေသည့်ကျွန်မတို့ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းအတွက် အတုယူဖွယ်ရာပင်ဖြစ်ပေတော့သည်။