ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံ ကာတာကို အခမဲ့ လည်ပတ်ခဲ့တဲ့အတွေ့အကြုံ – Qatar World Cup 2022

ကမ္ဘာ့ဖလား အိမ်ရှင် ကာတာ နိုင်ငံအကြောင်း ထူးခြားတဲ့ အချက်တွေနဲ့ ကိုယ်တိုင်ရောက်ခဲ့တဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို ပြောပြထားပါတယ်။

ဒါ့အပြင် ကာတာနိုင်ငံ ဒိုဟာမြို့ကို ပိုက်ဆံမကုန်ဘဲ ဘယ်လို အခမဲ့ လည်ပတ်လို့ရလဲဆိုတာကိုလည်း ပြောပြထားလို့ Video အဆုံးထိ ကြည့်ကြည့်ကြနော်။

၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာ
၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေသော ကာတာ (Qatar)နိုင်ငံက ကမ္ဘာ့ဖလားနှင့်ပတ်သက်ပြီး ပထမဆုံးသောအရာများစွာကို ပိုင်ဆိုင်ထားပါသည်။ ကာတာနိုင်ငံက ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံများအနက် ပထမဆုံးသော အာရပ်နိုင်ငံဖြစ်သလို အသေးဆုံးနိုင်ငံလည်းဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပွဲကို ဆောင်းရာသီမှာ ကျင်းပသည့် ပထမဆုံးနိုင်ငံလည်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ပထမဆုံး Carbon-neutral ကမ္ဘာ့ဖလားပွဲလည်းဖြစ်သည်။ 800MW ထွက်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစွမ်းအင်စက်ရုံကို ပြိုင်ပွဲအတွက် သက်သက်တည်ဆောက်ပေးထားသည်ဟု သိရသည်။


ကာတာနိုင်ငံသည် အာရှတိုက်အနောက်ဘက် အာရေဗီယန်ကျွန်းဆွယ် အနောက်မြောက်ကမ်းရိုးတန်းရှိ ကာတာကျွန်းဆွယ်ငယ်ပေါ်တွင် တည်ရှိနေပါသည်။ ပါရှန်းပင်လယ်ကွေ့ ဝိုင်းရံထားသည့် ကာတာနိုင်ငံ တောင်ဘက်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေကာ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၄၄၇၃ မိုင်ရှိသည်။ လူဦးရေမှာ ၂.၈ သန်းရှိပြီး လူဦးရေ၏ ၁၅ ရာခိုင်နှုန်းကသာ ကာတာလူမျိုးများဖြစ်ကြသည်။ ကျန်ရာခိုင်နှုန်းမှာမူ ကာတာနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားများဖြစ်ကာ လူမျိုးပေါင်း ၁၀၀ ကျော်ရှိပါသည်။ ကာတာနိုင်ငံက အစ္စလာမ်နိုင်ငံဖြစ်ကာ The Al-Thani တော်ဝင်မိသားစုက ၁၈၂၅ ခုနှစ်ကတည်းက ကာတာနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး နိုင်ငံရေးစနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ပိုင်း ဘုရင်စနစ်ဖြစ်သည်။


ကာတာနိုင်ငံသည် နိုင်ငံတွင်း ထွက်ရှိသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များကြောင့် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်သည်။ ကမ္ဘာ့ဒုတိယ မြေမျက်နှာပြင် အနိမ့်ဆုံးနိုင်ငံဖြစ်ကာ ပျမ်းမျှအမြင့်သည် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၉၂ ပေသာ ရှိသည်။ သဲကန္တာရလွှမ်းခြုံထားကာ ခြောက်သွေ့သည့် ရာသီဥတုကြောင့် သစ်ပင်ကြီးများ ရှင်သန်ဖို့ခက်သည့် ကာတာနိုင်ငံတွင် သဘာဝသစ်တောတစ်ခုမျှမရှိပါ။ သို့သော်ကာတာနိုင်ငံသည် သဘာဝကပ်ဘေးကင်းဝေးပြီး ရာဇဝတ်မှုနည်းဆုံးနိုင်ငံလည်းဖြစ်သဖြင့် ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံတစ်ခုဖြစ်သည်။


ရန်ကုန်-ဒိုဟာ တိုက်ရိုက်ပြေးဆွဲနေသော ကာတာလေကြောင်းလိုင်းဖြင့် အနောက်နိုင်ငံများသို့ ခရီးသွားသည့်အခါ ကာတာနိုင်ငံ ဒိုဟာမြို့ရှိလေဆိပ်တွင် ခရီးတစ်ထောက်နားရသဖြင့် ကာတာနိုင်ငံက မြန်မာခရီးသွားများနှင့် သိပ်မစိမ်းလှပါ။ ဒိုဟာမြို့ရှိ ဟာမတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် Skytrax World Airport Awards 2021 အရ ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် အသိအမှတ်ပြုခံထားရသည်။ ကာတာလေကြောင်းလိုင်းသည် ကမ္ဘာ့အကောင်းဆုံးလေကြောင်းလိုင်းဖြစ်ကာ ၆ နှစ်ဆက်တိုက် ပထမနေရာကို ဗိုလ်စွဲသည့် တစ်ခုတည်းသော လေကြောင်းလိုင်းဖြစ်သည်။ ကာတာလေကြောင်းလိုင်း အသုံးပြုပါက လေယာဉ်တစ်စီးနှင့်တစ်စီးအကြား လေဆိပ်တွင်စောင့်စားရမည့်အချိန် (Transit Time) ငါးနာရီအထက်ကြာလျှင် ဒိုဟာမြို့ရှိ အထင်ကရနေရာများသို့ ၃ နာရီကြာ အခမဲ့လိုက်လံပို့ဆောင်ပေးသည်။ စောင့်စားချိန် အချိန် ၈ နာရီအထက်ကြာပါက ဒိုဟာမြို့ထဲ တည်းခိုရန်ဟိုတယ်၊ လေဆိပ်သို့အကြိုအပို့၊ အစားအသောက် စာရိတ်ငြိမ်း စီစဉ်ပေးပါသည်။ စာရေးသူတို့လည်း ဥရောပနိုင်ငံများသို့သွားခဲ့စဉ်က လေဆိပ်တွင် စောင့်စားရမည့်အချိန်ကြာမြင့်သဖြင့် ကာတာလေကြောင်းလိုင်း၏ အစီအစဉ်ဖြင့် ဒိုဟာမြို့ထဲ တစ်ညအိပ်လည်ပတ်ဖြစ်ခဲ့သည်။


ကာတာ၏မြို့တော် ဒိုဟာမြို့က နိုင်ငံ၏စီးပွားရေးအချက်အချာလည်းဖြစ်ကာ နိုင်ငံလူဦးရေ၏ ၉၉ရာခိုင်နှုန်းခန့်က ဒိုဟာမြို့နှင့်အနီးတဝိုက်မှာ နေထိုင်ကြသည်။ ဒိုဟာမြို့၏ အထင်ရှားဆုံးနေရာမှာ ပုလဲဘယက်ပုံစံဖန်တီးထားသော ပုလဲကျွန်းဖြစ်ပြီး အစည်ကားဆုံးနေရာများမှာ ရိုးရာထွက်ကုန်ပစ္စည်းများရောင်းချရာ Souq Waqif ဈေးနှင့် မြို့လည်ရှိ Doha Corniche ကမ်းစပ် လမ်းဖြစ်သည်။ ကာတာနိုင်ငံရှိ အခြားထင်ရှားသည့်နေရာများမှာ ကာတာရိုးရာယဉ်ကျေးမှုများကို လေ့လာနိုင်သည့် Al Thakira ရွာ၊ သဲကန္တာရနှင့် ပင်လယ်ထိစပ်နေသည့် ကမ္ဘာ့ရှားပါးနေရာ Khor Al Adaid၊ ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံထားရသည့် Al Zubarah ခံတပ်၊ ဧရာမကျောက်ထွင်းပန်းချီများကြောင့် ကျော်ကြားသည့် Al Jassasiya တောင်တန်းများပင် ဖြစ်သည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

ယူအေအီးနိုင်ငံရှိ ကမ္ဘာ့စံချိန်များ (World Records of UAE)

ယူအေအီးနိုင်ငံရှိ ကမ္ဘာ့စံချိန်များ


အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(United Arab Emirates)ကို အတိုကောက်အားဖြင့် ယူအေအီး (UAE)ဟု ခေါ်ဆိုကြပြီး အာရှတိုက်အနောက်ဘက်ရှိ အာရပ်ကျွန်းဆွယ်၏ အရှေ့တောင်ဘက်စွန်းတွင်တည်ရှိနေပါသည်။

ယူအေအီးဆိုလျှင် ဂင်းနစ်ကမ္ဘာ့စံချိန်နှင့်တွဲမြင်ရလောက်သည်အထိ ကမ္ဘာ့အကြီးဆုံး၊ အမြင့်ဆုံး၊ အကောင်းဆုံးဟူသမျှကို ပိုင်ဆိုင်ထားပါသည်။ နှစ်တိုင်းတစ်နေရာမဟုတ်တစ်နေရာတွင် စံချိန်ချိုးကာ တစ်နိုင်ငံလုံးအနေဖြင့် ကမ္ဘာ့စံချိန်ပေါင်း(၁၉၀)ထိ ပိုင်ဆိုင်ထားသည်ဟု သိရပါသည်။ ကမ္ဘာ့အကြီးဆုံးရှော့ပင်းစင်တာ၊ အမြင့်ဆုံးတိုက်၊ အမြင့်ဆုံးပလီ၊ အမြင့်ဆုံးစားသောက်ဆိုင်၊ အမြင့်ဆုံးရှုခင်းကြည့်နေရာ၊ ဒုတိယအကြီးဆုံးလူလုပ်ဆိပ်ကမ်းကအစ အကြီးဆုံးလက်ဆေးဇလုံ၊ ဆံပင်နှင့်ဆွဲသည့်ကမ္ဘာ့အလေးဆုံးယာဉ်၊ ကမ္ဘာ့အမြင့်ဆုံးချောကလက်ရုပ်တုအထိ တစ်ခုမဟုတ်တစ်ခုစံချိန်ချိုးလေ့ရှိပါသည်။

ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံ Burj Khalifa (Photo – Credit)


အထူးသဖြင့် ယူအေအီးနိုင်ငံ၏ နာမည်ကျော်မြို့ကြီးဖြစ်သည့် ဒူဘိုင်းမြို့တွင် ကမ္ဘာ့စံချိန်အများဆုံးရှိကာ ကိုယ်ပိုင် ဂင်းနစ်ကမ္ဘာ့စံချိန်ရုံး ထားရှိထားသည်အထိ စံချိန်ချိုးထားသည်များမှာ များပြားလှပါသည်။

ဒူဘိုင်းရှိ Burj Khalifa အဆောက်အအုံမှာ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်ကာ အမြင့်ပေ ၂၇၁၇ပေထိမြင့်ပါသည်။

ကမ္ဘာ့အမြင့်ဆုံးဟိုတယ်ကြီးများအနက် ခြောက်လုံးမှာ ဒူဘိုင်းတွင်ရှိပြီး Gevora ဟိုတယ်သည် ကမ္ဘာ့အမြင့်ဆုံးဟိုတယ်ဖြစ်ပါသည်။

ဒူဘိုင်းမောလ်က ကမ္ဘာ့အကြီးဆုံးရှော့ပင်းမောလ်များအနက်တစ်ခုဖြစ်ကာ စတုရန်းမီတာပေါင်း ၁၂သန်းကျော်ထိ ကျယ်ဝန်းပြီးဆိုင်ခန်းပေါင်း ၁၂၀၀ ကျော်ရှိပါသည်။

ထိုရှော့ပင်းမောလ်မြေညီထပ်တွင် ကမ္ဘာ့အကြီးဆုံး ဆိုင်းထားသည့်ငါးပြတိုက်ဖြစ်သော ဒူဘိုင်းငါးပြတိုက်လည်း ရှိပြီး ရေလီတာပေါင်း ၁၀သန်းကျော်ထိဆန့်ကာ ရေသတ္တဝါမျိုးစိတ်ပေါင်း ၂၀၀ ကျော်၊ အကောင်ပေါင်း ၃၃၀၀၀ ကျော် ရှိပါသည်။

ကမ္ဘာ့အကြီးဆုံးလူလုပ်ကျွန်း The Palm Jumeirah ကျွန်း၊ ကမ္ဘာ့အကြီးဆုံးမိုးလုံလေလုံ ကစားကွင်း IMG Worlds of Adventure၊ ၄၉၂ ပေအမြင့်ရှိသည့် ကမ္ဘာ့အကြီးဆုံး ဓာတ်ပုံဘောင်၊ ပေပေါင်း ၁၆၄၀၀ကျော်အရှည်ရှိ ကမ္ဘာ့အရှည်ဆုံး လက်ဖြင့်ပြုလုပ်သည့် ရွှေချိန်းကြိုး တို့သည်လည်း ဒူဘိုင်းမြို့တွင် ရှိနေပါသည်။

ကမ္ဘာ့အကြီးဆုံးလူလုပ်ကျွန်း The Palm Jumeirah ကျွန်း Photo – Credit


ယူအေအီးနိုင်ငံတွင် လေဆိပ်ပေါင်း ၁၀ခုရှိသည့်အနက် အကြီးဆုံးဖြစ်သည့် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘာ့အပြည်ပြည်ဆိုင်ရာခရီးသည်အများဆုံးဝင်ရောက်သည့် လေဆိပ်အဖြစ် ခြောက်နှစ်ဆက်တိုက် သတ်မှတ်ခံထားရပါသည်။ အင်တာနက်လိုင်း အမြန်ဆုံးလေဆိပ်ဖြစ်သလို ထိုလေဆိပ်ရှိ Terminal 3 ဟာ ကမ္ဘာ့အကြီးဆုံးလေဆိပ် terminal ဖြစ်ပါသည်။ ရထားပေါင်း ၈၇စီးကို မိုင်ပေါင်း ၄၆မိုင်ကျော်ပြေးဆွဲပေးနေသည့် ဒူဘိုင်းရထားစနစ်က မောင်းသူမဲ့စနစ်ကိုအခြေခံကာ ကမ္ဘာ့အရှည်ဆုံးမောင်းသူမဲ့ရထားစနစ်လည်းဖြစ်ပါသည်။

ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ် Photo – Credit


နိုင်ငံတွင်း ဒုစရိုက်မှုမရှိသလောက်နည်းကာ ယူအေအီးနိုင်ငံမြို့တော် အဘူဒါဘီမြို့က ကမ္ဘာ့အလုံခြုံဆုံးမြို့အဖြစ် သတ်မှတ်ခံထားရပါသည်။

အဘူဒါဘီရှိ The Sheikh Zayed Grand ပလီမှာ စတုရန်းပေပေါင်း ၆၀၀၀ ကျော်ရှိသည့် ကမ္ဘာ့အကြီးဆုံးလက်ယက်ကော်ဇောရှိပါသည်။

ဒါ့အပြင် မြို့ထဲတွင် ကမ္ဘာ့အစောင်းဆုံးအဆောက်အအုံဖြစ်သည့် The Capital Gateအဆောက်အအုံလည်း ရှိပါသည်။ အထပ်ပေါင်း ၃၈ထပ်ရှိကာ ၁၈ဒီဂရီထိတောင် တစ်ဖက်ကိုစောင်းနေပါသည်။

The Capital Gateအဆောက်အအုံ (Photo – Credit)


ကမ္ဘာ့ပထမဆုံးများကိုလည်း ပိုင်ဆိုင်ထားပါသေးသည်။

ယူအေအီးနိုင်ငံသည် ကမ္ဘာ့ပထမဆုံး Artificial Intelligence အတွက် ဝန်ကြီးဌာနထားရှိသည့်နိုင်ငံဖြစ်ပါသည်။

ကမ္ဘာ့ပထမဆုံး ရာသီဥတုကိုထိန်းချုပ်သည့်မြို့မှာ ဒူဘိုင်းမြို့ဖြစ်ဖြစ်ကာ Masdar မြို့သည် ကမ္ဘာ့ပထမဆုံး ကာဗွန်သုည၊ အမှိုက်သုည၊ ကားအသုံးမပြုသည့်မြို့ဖြစ်ပါသည်။
ကမ္ဘာ့ပထမဆုံး ကြယ်ခုနှစ်ပွင့်ဟိုတယ်မှာ ဒူဘိုင်းရှိ Burj Al Arab ဟိုတယ်ဖြစ်ကာ ကမ္ဘာ့အကောင်းဆုံးဟိုတယ်တစ်ခုဖြစ်ပါသည်။ ဟိုတယ်အတွင်းဘက်ကို ၂၄ကာရက်ရွှေစစ်စစ် အရွက်များဖြင့်တန်ဆာဆင်ထားပြီး ကိုယ်နှစ်သက်ရာ ခေါင်းအုံးအမျိုးအစားကိုလည်း ရွေးချယ်နိုင်သည်ဟု သိရပါသည်။

ဒူဘိုင်းရှိ The Ferrari World က ကမ္ဘာ့ပထမဆုံးဖရာရီအမှတ်တံဆိပ်ကစားကွင်းဖြစ်ကာ ထိုကစားကွင်းတွင် ကမ္ဘာ့အမြန်ဆုံးရိုလာကိုစတာလည်း ရှိပါသည်။

ကမ္ဘာ့ပထမဆုံး ကြယ်ခုနှစ်ပွင့်ဟိုတယ် Burj Al Arab Hotel (Photo – Credit)
ကမ္ဘာ့ပထမဆုံးဖရာရီအမှတ်တံဆိပ်ကစားကွင်း The Ferrari World (Photo – Credit)


ဒီအချက်များမှာ ယူအေအီးနိုင်ငံရှိ ကမ္ဘာ့စံချိန်ချိုးထားသည့် အချက်တစ်ချို့ဖြစ်ပြီး တခြားထူးခြားသည့်ယဉ်ကျေးမှုများ၊ နေရာများ၊ အဆောက်အအုံများလည်းရှိသဖြင့် စိတ်ဝင်စားစရာကောင်းသည့်နိုင်ငံတစ်နိုင်ငံပင်ဖြစ်ပါသည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Nu Myat around the World

ကန္တာရထဲက မိုးမျှော်တိုက်များနှင့် ချမ်းသာလှသည့် ကာတာနိုင်ငံ (Qatar)

ကန္တာရထဲက မိုးမျှော်တိုက်များနှင့်

ချမ်းသာလှသည့် ကာတာနိုင်ငံ

သဲကန္တာရပေါ်တွင် မိုးမျှော်တိုက်များအစီအရီထောင်တွက်နေသည့်၊ ပင်လယ် ထဲ ကျွန်းအတုများ၊ ရွက်လှေများနှင့် ဇိမ်ခံကြသည့်၊ သိမ်းငှက်များကို အိမ်မွေးတိရိစ္ဆာန် အဖြစ် မွေးမြူထားကြသည့် ကာတာနိုင်ငံသည် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတစ်ခုပင် ဖြစ်ပါသည်။ ကာတာလေကြောင်းလိုင်းဖြင့် အနောက်နိုင်ငံများသို့ ခရီးသွားသည့်အခါ ကာတာနိုင်ငံရှိဒိုဟာလေဆိပ်တွင် ခရီးတစ်ထောက်နားရသဖြင့် ကာတာနိုင်ငံသည် မြန်မာခရီးသွားများနှင့် သိပ်မစိမ်းလှပါ။

ကာတာနိုင်ငံသည် အာရှတိုက်အနောက်ဘက် အာရေဗီယန်ကျွန်းဆွယ်အနောက် မြောက်ကမ်းရိုးတန်းရှိ ကာတာကျွန်းဆွယ်ငယ်ပေါ်တွင် တည်ရှိနေပြီး ပါရှန်းပင်လယ် ကွေ့က ၀ိုင်းရံထားကာ တောင်ဘက်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေပါသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၄၄၇၃ မိုင်ကျယ်ဝန်းပြီး လူဦးရေ ၂.၈သန်းကျော် နေထိုင်လျက်ရှိပါသည်။

သဲကန္တာရလွှမ်းခြုံထားသော ကာတာနိုင်ငံတွင် သဘာဝသစ်တောတစ်ခုမျှမရှိပါ။ တိုင်းပြည်၏ ခြောက်သွေ့သောရာသီဥတုကြောင့် သစ်ပင်ကြီးများ ရှင်သန်ဖို့ခက်ပါ သည်။ ထို့ပြင် ကာတာသည် မော်လ်ဒိုက်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယ မြေမျက်နှာပြင် အနိမ့်ဆုံးနိုင်ငံဖြစ်ပါသည်။ နိုင်ငံတွင် နေရာအမြင့်ဆို၍ မိုးမျှော်တိုက်များသာရှိပါလိမ့် မည်။ ကာတာနိုင်ငံ၏ ပျမ်းမျှအမြင့်မှာ ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၉၂ ပေရှိပြီး အမြင့်ဆုံးနေရာမှ ၆၆၆ ပေလောက်သာရှိတာပါ။ သို့သော် ကာတာနိုင်ငံ၌ ငလျင်လှုပ် နိုင်ခြေက ၀.၁ ရာခိုင်နှုန်းသာရှိသဖြင့် သဘာဝကပ်ဘေးကင်းဝေးပြီး ကမ္ဘာပေါ်တွင် အလုံခြုံဆုံးနိုင်ငံတစ်ခုဖြစ်နေပါသည်။

ကာတာက ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနိုင်ငံတစ်နိုင်ငံပါ။ ကာတာနိုင်ငံချမ်း သာရခြင်းမှာ နိုင်ငံတွင်းထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကြောင့်ဖြစ်ပါ သည်။ ရေနံမရှာဖွေတွေ့ရှိခင်က ပုလဲရှာခြင်းသည် ကာတာလူမျိုးများ၏ အဓိကစီးပွား ရေးဖြစ်ခဲ့ပါသည်။ သို့သော် ၁၉၂၀ နှင့် ၁၉၃၀ ပြည့်နှစ်များတွင် ဂျပန်မှ မွေးမြူရေးပုလဲ ကို ကမ္ဘာ့စျေးကွက်သို့ စတင်မိတ်ဆက်သောအခါ ကာတာ၏ပုလဲလုပ်ငန်းအကြီးအကျယ်ထိုးနှက်ခံခဲ့ရပါသည်။ ၁၉၄၀ ခုနှစ်တွင် ရေနံရှာဖွေတွေ့ရှိမှုကြောင့်သာ စီးပွားရေးပြန်လည်ကောင်းမွန်လာခဲ့ခြင်းဖြစ်ပါသည်။ ယခုအခါတွင် အတိတ်၏အကျော်ကြား ဆုံး ပုလဲရေငုပ်ရာနေရာတစ်ခုပေါ်တွင် ပုလဲကြိုးကဲ့သို့ပုံစံရှိသောကျွန်းအတုကို တည် ဆောက်ထားပြီး ကာတာပုလဲဟုအမည်ပေးထားပါသည်။ ကာတာပုလဲကျွန်းသည် ကာတာနိုင်ငံ၏ အထင်ကရနေရာဖြစ်ကာ ထိုကျွန်းပေါ်တွင် ဟိုတယ်များ၊ အပန်း ဖြေစခန်းများ၊ စားသောက်ဆိုင်များနှင့် စျေးဝယ်စင်တာများဖြင့် စည်ကားနေပါသည်။

ပါရှန်းပင်လယ်ကွေ့ကမ်းရိုးတန်းအရှေ့ဘက်တွင်ရှိသော ဒိုဟာသည်ကာတာ၏မြို့တော်နှင့် လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ပါသည်။ နိုင်ငံ၏စီးပွားရေးအချက်အချာ လည်းဖြစ်ပြီး နိုင်ငံလူဦးရေ၏ အများစုက ဒိုဟာနှင့် ပတ်ဝန်းကျင်တွင်နေထိုင်ကြပါ သည်။ မြို့တော် ဒိုဟာရှိ Souq Waqif စျေးက ကာတာရှိ အစည်းကားဆုံးနေရာဖြစ် ပြီး ရိုးရာကုန်ပစ္စည်းများရောင်းချသည့် စျေးဆိုင်အမျိုးမျိုးနှင့် စားသောက်ဆိုင်အ မျိုးမျိုးရှိသည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာနေရာတစ်ခုဖြစ်ပါသည်။ ဒိုဟာရှိ သိမ်းငှက် စျေးတွင်လည်း သိမ်းငှက်အမျိုးမျိုးကို ကြည့်ရှုနိုင်ပြီး ဓာတ်ပုံတွဲရိုက်ကာ ကာတာရိုး ရာယဉ်ကျေးမှုဓလေ့များကို လေ့လာနိုင်ပါသည်။ သိမ်းငှက်သည် ကာတာနိုင်ငံ၏ လူ ကြိုက်အများဆုံး အိမ်မွေးတိရစ္ဆာန်ဖြစ်ပါသည်။ ကာတာနိုင်ငံတွင် သိမ်းငှက်ကို ရဲစွမ်း သတ္တိ၊ လွတ်လပ်မှုနှင့် စိတ်ဓာတ်ကြံ့ခိုင်ခြင်းသင်္ကေတအဖြစ် ရှုမြင်ကြပြီး သိမ်းငှက်ကို ပိုင်ဆိုင်ထားခြင်းက ဂုဏ်ယူစရာဖြစ်နေပါသည်။ သိမ်းငှက်မှာ နိုင်ငံကူးလက်မှတ်ရှိပါက ကာတာလေကြောင်းလိုင်းများမှာ ပိုင်ရှင်နှင့်အတူ လေယာဉ်စီးခွင့်ရှိပါသည်။

ကာတာနိုင်ငံရှိ အခြားထင်ရှားသောနေရာများမှာ Doha Corniche ကမ်းစပ် လျှောက်လမ်း၊ Al Thakira ရွာ၊ ယူနက်စကို ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြု ခံထားရသည့် Al Zubarah ခံတပ်၊ သမိုင်း မတိုင်မီက ကျောက်ထွင်းပန်းချီများကြောင့် ကျော်ကြားသည့် တောင်တန်းများတို့ဖြစ်ကြပါသည်။ ကာတာနိုင်ငံသို့ အလည်လာရောက်သူများသည် ကမ်းခြေများတွင် အပန်းဖြေခြင်း၊ ပင်လယ်ရေအောက် တွင် ငါးများကြည့်ရှုခြင်း၊ ပင်လယ်ထဲရွက်လွှင့်ခြင်း၊ သဲကန္တာရများတွင် ကုလားအုတ်စီး ခြင်း စသည်တို့ကိုလည်း ပြုလုပ်လေ့ရှိကြပါသည်။

♥ ဒေါက်တာနုမြတ်သိင်္ဂီဦး

တူရကီက ကမ္ဘာ့ပထမဆုံး စိတ်ရောဂါကုဆေးရုံကြီး (World’s First Psychiatric Hospital in Turkey)

တူရကီက ကမ္ဘာ့ပထမဆုံး စိတ်ရောဂါကုဆေးရုံကြီး

ရှေးခေတ်က ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့တဲ့ တူရကီနိုင်ငံမှာ ရှေးဟောင်းမြို့ကြီးတွေ အဆောက်အအုံကြီးတွေရှိနေသလို ကမ္ဘာ့ပထမဆုံး စိတ်ရောဂါကု ဆေးရုံကြီးလည်း ရှိနေပါတယ်။
ဒီဆေးရုံကြီးကတော့ တူရကီအနောက်ပိုင်း Izmir ပြည်နယ် Bergama မြို့နားက Pergamon မြို့ဟောင်းမှာရှိတဲ့ Asklepion (အက်စ်ကလီပီယွန်)ဆိုတဲ့ ရှေးဟောင်း ဂရိဆေးရုံကြီးပါ။

2019_04_16_22_04_IMG_7489.JPG

ဘယ်လောက်တောင်ရှေးကျလည်းဆိုရင် ဘီစီ ၄ရာစုကတည်းက တည်ဆောက်ခဲ့တာဆိုတော့ နှစ်ပေါင်း ၂၅၀၀ကျော် သက်တမ်းရှိနေပါပြီ။ ရှေးခေတ်က ဂရိတွေရဲ့နာမည်ကြီး ဆေးကုသမှုစင်တာဖြစ်ပြီး ကုသမှုဆိုင်ရာ ဂရိနတ်ဘုရား Asklepio ကို ရည်စူးပြီးဆောက်လုပ်ခဲ့တာတဲ့လေ။ တူရကီနိုင်ငံ ရောမလက်အောက်ရောက်နေတဲ့ အေဒီ ၂ရာစုမှာ ရောမလူမျိုးတွေအကြား အကောင်းဆုံး ဆေးကုသမှုစင်တာတစ်ခုအဖြစ် ထင်ရှားလာခဲ့ပါတယ်။

2019_04_16_23_07_IMG_7481.JPG

ဘယ်လိုကုထုံးတွေနဲ့ ကုတာလဲ
————————————-
နုမြတ်တို့ တူရကီနိုင်ငံသွားလည်ခဲ့တုန်းက ဒီဆေးရုံကြီးကိုရောက်ခဲ့ပါသေးတယ်။ Asklepion ကြီးက ဆေးရုံ ဆေးခန်းထက်စာရင် Wellness Center တို့ Spa နဲ့တောင်တူနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ကုထုံးတွေက ရွှံ့ရည်စိမ်ရတာတို့၊ တေးဂီတဖျော်ဖြေပွဲတို့၊ နှိပ်နယ်တာတို့ဆိုတော့လေ။ မိုက်တယ်နော်… အဲ့ဒီကုထုံးတွေအပြင် အစားအစာကုထုံး၊ စိတ်ရောဂါကုထုံး၊ ဆေးဘက်ဝင်အပင်ကုထုံး၊ ရေစိမ်ကုထုံး၊ အိပ်မက်ဖတ်ကုထုံးစတဲ့ ကုထုံးတွေကိုလည်း အသုံးပြုခဲ့ကြတာတဲ့။ ဒါကြောင့်လည်း အခုခေတ်လိုမဟုတ်ဘဲ အဲ့ဒီခေတ်က ဆေးရုံတက်ချင်သူတွေ များမှများပဲလို့ သိရပါတယ်။

2018_03_03_12_51_IMG_75552019_04_16_23_15_IMG_7466

ဘယ်လိုပုံစံရှိလဲ
——————
ဆေးရုံကြီးက တောင်ကုန်းတွေကြားမှာရှိတော့ တည်နေရာကတင် အေးချမ်းသာယာလှပါတယ်။ေ ဆးကုသမှုခံယူလိုသူတွေအနေနဲ့ ဆေးရုံကြီးဆီကို ၂၆၉၀ပေရှည်ပြီး တိုင်တွေစီတန်းပြီးရှိနေတဲ့ ခမ်းနားလှတဲ့ လမ်းကြောင်းကနေ ဝင်ရပါတယ်။ ဒီလမ်းကြောင်းကြီးက ရှေးခေတ်ဂရိတောင်ပေါ်မြို့နဲ့ ဆေးရုံကြီးကြားဆက်သွယ်ပေးတဲ့ လမ်းကြောင်းကြီးပေါ့။ လမ်းကြောင်းအဆုံးမှာ ပြိုကျနေတဲ့ ဂိတ်ဝကြီးရှိပါတယ်။

2019_04_16_22_17_IMG_7222.JPG

ဂိတ်ပေါက်ကနေ ဝင်ဝင်ချင်းတွေ့ရတဲ့ ဝင်းထဲမှာတော့ အခုခေတ်ဆေးပညာရဲ့ သင်္ကေတအမှတ်တံဆိပ် မြွေရုပ်ပုံ ထွင်းထုထားတဲ့တိုင်လုံးကြီးရှိပါတယ်။ ဝင်းရဲ့ ညာဘက်က အင်ပါယာဘုရင်အခန်းဖြစ်ပြီး စာကြည့်တိုက်အဖြစ်လည်း သုံးခဲ့ကြပါတယ်။ အနီးအနားမှာ စက်ဝိုင်းပုံ အမိုးခုံး ကျောင်းဆောင်ကြီး ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အိပ်မက်ဥမင်
————-
အဲဒီကနေဆက်သွားရင် မြေအောက်ဥမင်လှိုဏ်ခေါင်းကြီးရှိပါတယ်။ ဥမင်လှိုဏ်ခေါင်းကို ကုထုံးအခန်းတွေ အဖြစ်ရော အိပ်ခန်းတွေအဖြစ်ပါ သုံးခဲ့ကြပါတယ်။ ဒီအိပ်ခန်းတွေက အိပ်မက်တွေကို ဖမ်းဆုပ်နိုင်တဲ့ အိပ်ခန်းတွေဖြစ်ပြီး ညကမက်တဲ့ အိပ်မက်တွေကို အဓိပ္ပါယ်တွေကောက်ကာ သင့်တော်တဲ့ ကုထုံးတွေ ရွေးချယ်ပေးပါတယ်။ ရှေးခေတ်ဂရိတွေက Asklepios နတ်ဘုရားက အိပ်မက်လာပေးတာလို့ ယူဆတာကြောင့် အိပ်မက်တွေဟာ ရောဂါကုသရာမှာအရေးပါတယ်လို့ မှတ်ယူထားကြပါတယ်။

2019_04_16_22_36_IMG_7503

အစွမ်းထက်ရေ
——————
ဝန်းထဲမှာ ရေကန်နဲ့ ရေပန်းပေါင်း ၃ခုရှိပြီး ဒီရေတွေကို သောက်ရေ၊ စိမ်ရေအပြင်၊ ကုထုံးတွေမှာ သုံးခဲ့ကြပါတယ်။ အဆောက်အအုံတွေ ပြိုကျပျက်စီးနေပေမဲ့ ရေပူစမ်းရေပန်းက ရေတွေ ခုထိစိမ့်ထွက်စီးဆင်းနေတုန်းပဲလေ။ ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ ဒီရေပူစမ်းက ရေတွေက ရေဒီယိုသတ္တုကြွဂုဏ်သတ္တိရှိတယ်ဆိုတာကို နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ပြီး အခုချိန်ထိ တချို့ရောဂါတွေကို ကုသပေးနိုင်တုန်းပဲတဲ့လေ။ ရေစိမ် ရွှံ့စိမ်တဲ့ Bathtub တွေကလည်း မိုက်မှမိုက်။ ရေစိမ်ကန်တွေကိုဆောက်ထားတဲ့ အုတ်တွေဆိုအကြီးကြီးတွေပဲ…

ဂီတကုထုံး
————
စာကြည့်တိုက်နဲ့ ကဇာတ်ရုံကြားထဲ တိုင်ကြီးတွေ စီတန်းပြီးရှိနေပါတယ်။ ကဇာတ်ရုံဆိုတာကြီးကလည်း အကြီးကြီးပဲရော။ လူပေါင်းထောင်ချီပြီး ကြည့်လို့ရတာတဲ့လေ။ တောင်စောင်းမှာရှိတာဆိုတော့ တောင်စောင်းအဆင့်ဆင့်ထိုင်ခုံတွေ စီတန်းထားတာ အခုထိအကောင်းတိုင်းရှိနေဆဲပဲ။ ဂီတကုထုံးနဲ့ ကုသဖို့အတွက် ဂီတဖျော်ဖြေပွဲတွေ လုပ်ပေးတယ်တဲ့လေ။ ဆေးရ့ုလာတက်တာ စတိတ်ရှိုးပါ ကြည့်ရတယ်။ မိုက်တယ်ရော…

ရှေးခေတ်ဂရိတွေက စိတ်ရောကိုယ်ပါကျန်းမာမှ ကျန်းမာရေးကောင်းမယ်လို့ ယူဆထားကြလို့ ဒီလို ကုထုံးတွေအသုံးပြုခဲ့ကြတာတဲ့လေ။ တချို့ကုထုံးတွေဆိုရင် အခုခေတ်မှာ တဖန်ပြန်လည်ခေတ်စားလာတာကြောင့် တကယ် အစွမ်းထက်မယ်ဆိုတာ မယုံမရှိပေါ့လေ။
အဲ့ဒီလိုသာ အိပ်လိုက်စားလိုက်၊ ရေစိမ်လိုက်၊ အနှိပ်ခံလိုက်၊ သီချင်းနားထောင်လိုက်နဲ့ ကုသရမယ်ဆိုရင် စိတ်ချမ်းသာတာနဲ့ ရောဂါတစ်ဝက်လောက်ပျောက်နေပြီနော်… ဟုတ်တယ်ဟုတ် ???

ချစ်တဲ့

Dr.Nu Myat

ထူးဆန်းသော သဘာဝတရားများ၊ မြင့်မားသော သမိုင်းကြောင်းများနှင့် တူရကီ (Turkey, a Unique Country)

ထူးဆန်းသော သဘာဝတရားများ၊
မြင့်မားသော သမိုင်းကြောင်းများနှင့်
တူရကီ

_MG_4953

တူရကီနိုင်ငံက သမိုင်းဝင်အဆောက်အအုံတွေ၊ မြေအောက်မြို့တွေ၊ နန်းတော်တွေ၊ ရှေးဟောင်း မြို့ပျက်ကြီးတွေနဲ့ ပြည့်နေတဲ့နိုင်ငံပါ။ အရောင်အသွေးစုံတဲ့ ယဉ်ကျေးမှုတွေ၊ အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ၊ အံ့သြဖွယ်ရာ ဆန်းပြားလှတဲ့ ရှုမျော်ခင်းတွေကိုလည်း တွေ့မြင်ရနိုင်ပါတယ်။ ရှေးခေတ် ကုန်သွယ်ရေးမှာ အရေးပါခဲ့တဲ့ ပိုးလမ်းမလမ်းတလျှောက်မှာ အင်မတန် အချက်အချာကျတဲ့ နေရာမှာရှိတဲ့ နိုင်ငံပါ။ ဘာကြောင့်လဲဆိုတော့ အာရှနဲ့ ဥရောပတိုက် (၂)တိုက်လုံးမှာ ရှိတဲ့ နိုင်ငံဖြစ်နေလို့ပါ။ နိုင်ငံရဲ့ ၉၇%က အာရှမှာရှိပြီး ၃%က ဥရောပမှာရှိနေပါတယ်။ တိုက်နှစ်တိုက်ကြားမှာရှိတဲ့ ဘော့စ်စဖရပ်ရေလက်ကြားမှာ အာရှနဲ့ ဥရောပကိုဆက်သွယ်ပေးတဲ့ တံတား(၃)စင်းနဲ့ ရေအောက် ဥမင်လှိုဏ်ခေါင်း (၂)ခုရှိပါတယ်။

2018_03_01_16_38_IMG_64212019_04_14_12_52_IMG_5856
အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မြို့(Istanbul)ကလည်း တိုက်နှစ်တိုက်ကို ခွထားတဲ့မြို့ပါ။ အစ္စတန်ဘူလ်က နှစ်ပေါင်း ၂၀၀၀ ကျော်ကြာ ရောမ၊ အော်တမန်နဲ့ ဘိုင်ဇန်တိုင်း အင်ပါယာသုံးဆက်တိုင်အောင် မြို့တော်ဖြစ်ခဲ့ဖူးတဲ့ နာမည်ကျော်မြို့ပါ။ အခုလက်ရှိမှာတော့ မြို့တော်က အန်ကာရာ(Ankara)ဖြစ်ပြီး အစ္စတန်ဘူလ်မြိုကတော့ အကြီးဆုံးမြို့ဖြစ်နေပါတယ်။ တတိယအကြီးဆုံးမြို့ကတော့ အစ်ဇမဲမြို့(Izmir)ပါ။

တူရကီမှာကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်နေရာပေါင်း (၁၀)ခုကျော်ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ရှေးဟောင်းအံ့ဖွယ်(၇)ခုထဲက နှစ်ခုလည်း ရှိပါတယ်။ အဲ့ဒီထဲကမှ တစ်ခုဖြစ်တဲ့ Temple of Artemis ကျောင်းဆောင်ကြီးရှိရာ ရှေးဟောင်းဂရိမြို့တော်ကြီး Ephesus က ကြီးကျယ်ခမ်းနားလှပါတယ်။  ကမ္ဘာ့တတိယအကြီးဆုံး စာကြည့်တိုက်ကြီးဖြစ်ခဲ့ဖူးတဲ့ Library of Celsius၊ လူပေါင်း ၂၄၀၀၀ ကျော်ဆန့်တဲ့ ကဇာတ်ရုံကြီး၊ ရှေးခေတ်က အကြီးဆုံး ဈေးဝယ်စင်တာကြီးတွေလည်း မြို့ထဲမှာ ရှိခဲ့ဖူးတာတဲ့လေ။

အပျိုစင်မယ်တော်မာရီရဲ့ နောက်ဆုံးရက်တွေကို ကုန်ဆုံးခဲ့တဲ့ ဘုရားကျောင်းလည်း ဒီမြို့မှာ ရှိပါတယ်။ ဘာဂမာမြို့ (Bergama)မှာတော့ ရှေးခေတ်က ရောမတို့ရဲ့ဆေးရုံဖြစ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးစိတ်ရောဂါကုဆေးရုံရှိပါတယ်။

တူရကီမှာ ရှေးဟောင်း အမွေအနှစ်တွေအပြင် ဆန်းကြယ်တဲ့ သဘာဝတရားတွေလည်း ရှိလို့နေပါတယ်။ ထုံးရေပြာအိုင်လေးတွေ အဆင့်ဆင့်ဖြစ်နေတဲ့ Pamukkale နယ်မှာရှိတဲ့ Cotton Castle လေးက သိပ်လှပြီး တူရကီမှာ ကမ္ဘာလှည့်ခရီးသည်အလာအများဆုံးနေရာပါ။ ဟိုးရှေးတုန်းက မီးတောင်ကြောင့် တောင်စောင်းမှာ ကန်လေးတွေ အဆင့်ဆင့်ဖြစ်နေတဲ့အပြင် တောင်ပေါ်ကရေပူစမ်းကနေ စီးကျနေတဲ့ ရေတွေက ကန်လေးတွေထဲစိမ့်ဝင်တော့ ရေအိုင်လေးတွေ အဆင့်ဆင့်ဖြစ်နေတာပါ။ ရေထဲမှာ ထုံးဓာတ်လည်းပါတော့ အနည်ထိုင်ပြီး ရေအိုင်လေးတွေဖြူနေတာကလည်း ဒီနေရာကို ပိုပြီးဆန်းသစ်စေပါတယ်။

2019_04_18_02_51_IMG_82892019_04_18_02_34_IMG_82972019_04_18_11_54_IMG_9347

ရှေးနှစ်သန်းပေါင်းများစွာက မီးတောင်ပေါက်ကွဲမှုတွေကြောင့် တစ်နယ်လုံး ကျောက်တောင်အချွန်းတွေနဲ့ ဆန်းကြယ်လှတဲ့ Cappadocia နယ်ကလည်း ကမ္ဘာပေါ်မှာ မီးပုံးပျံစီးဖို့ အလှဆုံးနေရာအဖြစ်ထင်ရှားပါတယ်။ ထူးဆန်းလှတဲ့ကျောက်ဆောင်ချွန်ချွန်ကြီးတွေ ပြန့်ကျဲနေတဲ့အပေါ်မှာ ရောင်စုံမီးပုံးပျံတွေ ရာနဲ့ချီ ပျံသန်းတာ အတော်ကိုလှတဲ့ မြင်ကွင်းပါ။ Cappadocia မှာ ကျောက်ဂူထဲထွင်းဆောက်ထားတဲ့ဘုရားကျောင်းပေါင်း၂၀၀ လောက်ရှိတဲ့ထဲက Göreme Open Air Museum မှာတော့ ကျောင်းပေါင်း ၁၀ကျောင်းကို တစုတဝေးထဲတွေ့ရမှာပါ။ ကျောက်ဂူတွေမှာနေထိုင်ခဲ့တဲ့ ကျောက်ဂူလူသားတွေအတိုင်း နေထိုင်နိုင်မယ့် ကျောက်ဂူဟိုတယ်တွေလည်း များစွာရှိပါတယ်။

ကမ္ဘာအနှံ့မှာ မြေအောက်မြို့တွေအနှံ့အပြားရှိပေမဲ့ တူရကီမှာ မြေအောက်မြို့ပေါင်း ၂၀၀ ကျော်တောင်ရှိတာတဲ့လေ။ အဲ့ထဲက Derinkuyu မြို့ဆိုရင် လူပေါင်း ၂၀,၀၀၀ ကျော်တောင် နေခဲ့တဲ့
အကြီးဆုံးမြေအောက်လှိုဏ်ဂူမြို့ကြီးပေါ့။ မြေအောက် ၁၈ထပ်၊ ပေ ၂၀၀ ကျော်ထိနက်ပြီး မြေပြင်ပေါ်ကနေ ဝင်ပေါက်ကလည်း ၆၀၀ ကျော်တောင် ရှိတာတဲ့။ မြေအောက်မြို့ထဲမှာ ဘုရားကျောင်းတွေရော စာသင်ကျောင်းတွေပါတစ်ခါထဲထည့်ဆောက်ထားလို့ သိရပါတယ်။

ဒီလို ထူးခြားဆန်းပြားလှတဲ့ နေရာတွေ၊ အဆင့်အတန်းမြင့်မားခဲ့တဲ့ သမိုင်းကြောင်းတွေကြောင့်လည်း တူရကီနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ နိုင်ငံဖြစ်လို့နေတာပဲဖြစ်ပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂ ီဦး

ဥရောပတိုက်နဲ့ အာရှတိုက် နှစ်ခုကိုခွထားတဲ့ အစ္စတန်ဘူလ်မြို့လေး Istahbul, Turkey

ဥရောပတိုက်နဲ့ အာရှတိုက် နှစ်ခုကိုခွထားတဲ့

အစ္စတန်ဘူလ်မြို့လေး

what-to-see-in-istanbul-turkey-7

လေယာဉ်ပျံမစီးဘဲ အာရှတိုက်မှာ မနက်စာစား၊ ဥရောပတိုက်မှာ နေ့လည်စာစားပြီး ညစာကို အာရှတိုက်မှာ ပြန်စားတာ ဖြစ်နိုင်တယ်ထင်လား။ အစ္စတန်ဘူလ်မြို့မှာဆိုရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အစ္စတန်ဘူလ်မြို့က အာရှတိုက်နဲ့ ဥရောပတိုက်ကိုခွထားတဲ့ ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော မြို့လေးဖြစ်နေလို့ပါ။ မြို့တစ်ဝက်က အာရှတိုက်မှာရှိပြီး တစ်ဝက်ကတော့ ဥရောပတိုက်မှာရှိနေပါတယ်။ မာမရာပင်လယ်နဲ့ ပင်လယ်နက်နှစ်ခုကို ဆက်သွယ်ပေးတဲ့ ဘော့စ်ဖရပ်(စ်) ရေလက်ကြားက တိုက်ကြီးနှစ်တိုက်ကို ပိုင်းခြားထားတာပါ။ ဘော့စ်ဖရပ်(စ်)ရေလက်ကြားမှာ ဥရောပနဲ့ အာရှကိုဆက်ပေးတဲ့ တံတား ၃စင်းရှိပြီး ရေအောက်ဥမင်လှိုဏ်ခေါင်းတွေလဲရှိလို့နေပါတယ်။

_MG_5700

အစ္စတန်ဘူလ်မြို့က အင်အားကြီးမားခဲ့တဲ့ ရှေးခေတ်အင်ပါယာတွေဖြစ်တဲ့ ဘိုင်ဇန်တိုင်းအင်ပါယာ၊ ရောမအင်ပါယာ၊ အော်တမန်အင်ပါယာစတဲ့ ခေတ်ကာလတွေ ဆက်တိုက် မြို့တော်ဖြစ်ခဲ့ဖူးပေမဲ့ အခုမျက်မှောက်ခေတ်မှာတော့ တူရကီနိုင်ငံရဲ့ မြို့တော်မဟုတ်တော့ပါဘူး။ မြို့တော်ကတော့ အန်ကာရာ (Ankara) မြို့ပဲဖြစ်ပါတယ်။ မြို့တော်မဟုတ်ပေမဲ့လည်း တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်ပြီး လူပေါင်း ၁၅သန်းတောင်နေထိုင်တဲ့ လူနေထူထပ်တဲ့မြို့လည်းပဲ ဖြစ်ပါတယ်။ ဒါဟာနိုင်ငံပေါင်း ၁၂၀ကျော်ရဲ့ လူဦးရေထက်တောင်ပိုများတဲ့ အရေအတွက်ပါ။ ၁၅၀၂ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့ဖြစ်ခဲ့ဖူးပြီး အခုခေတ်မှာတော့ ပဉ္စမမြောက်လူဦးရေအများဆုံးမြို့ဖြစ်လို့နေပါတယ်။ မြို့နေလူဦးရေရဲ့ ၉၉ရာခိုင်နှုန်းက အာစ္စလာမ်ဘာသာဝင်တွေဖြစ်တာကြောင့် ပုဂံမှာ စေတီပုထိုးတွေကို လက်ညှိုးထိုးမလွဲတွေ့နိုင်သလို အစ္စတန်ဘူလ်မှာလည်း ပလီတွေကို လက်ညှိုးထိုးမလွဲတွေ့နိုင်ပါတယ်။ အစ္စတန်ဘူလ်တစ်မြို့ထဲမှာတင် ပလီပေါင်း ၃၁၁၃ခုရှိနေတာပါတဲ့။

Istanbul Museum.jpg

p01ffyz3

အစ္စတန်ဘူလ်မြို့ရဲ့ အထင်ကရအဆောက်အအုံဖြစ်တဲ့ ဟာဂျီယာဆိုဖီယာ (Hagia Sophia)ကို ၅၃၇CE ခုနှစ်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းအဖြစ် စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၄၅၃ခုနှစ်နောက်ပိုင်း အော်တမန်အင်ပါယာအရောက်မှာတော့ ပလီအဖြစ်ပြောင်းလဲခဲ့ပါတယ်။ မျက်မှောက်ခေတ်မှာတော့ သမိုင်းဝင်ပြတိုက်ကြီးအဖြစ်ပြသထားပြီး တူရကီမှာ ဒုတိယမြောက်ဧည့်သည်အဝင်ဆုံးပြတိုက်ဖြစ်ကာ တစ်နှစ်ကို ကမ္ဘာလှည့်ခရီးသည် ၃သန်းကျော် ဝင်ရောက်လေ့လာလေ့ရှိပါတယ်။ ဒီအဆောက်အအုံကြီးဟာ စဆောက်ပြီးကတည်းက ၁၅၂၀ခုနှစ်အထိ ကမ္ဘာပေါ်မှာ အကြီးဆုံး Church ကျောင်းကြီးအဖြစ် နှစ်ပေါင်း ၉၀၀ကျော်ရပ်တည်ခဲ့ဖူးပါတယ်။ ၁၅၂၀ခုနှစ်မှာ စပိန်နိုင်ငံမှာ Seville Cathedral တည်ဆောက်ပြီးနောက် အဆင့်လျှောကျခဲ့တာပဲဖြစ်ပါတယ်။

_MG_4953

၁၄၆၁ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ Grand Bazaar ဈေးကြီးကလည်း ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံးနဲ့ အကြီးဆုံးအမိုးပါတဲ့ဈေးပါတဲ့။ ဈေးကြီးထဲမှာ ဆိုင်ပေါင်း ၅၀၀၀ကျော်၊ လမ်းပေါင်း ၆၀ရှိပြီး ဈေးဝယ်သူပေါင်း နေ့စဉ် ၃သိန်းကျော် လာရောက်လေ့ရှိပါတယ်။ နှစ်စဉ် ဧည့်သည်ပေါင်း ၉.၁ကုဋေ ဝင်ရောက်လို့ ၂၀၁၄ခုနှစ်က ကမ္ဘာ့ခရီးသွားအများဆုံးဝင်ရောက်တဲ့ Tourist Attraction အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

ကျူးလစ်ပန်း အစပြုရာမြို့

ကျူးလစ်ပန်းတွေကို နယ်သာလန်နိုင်ငံကနေ စတင်စိုက်ပျိုးခဲ့တယ်လို့ ထင်ရပေမဲ့ တကယ်တမ်း ကျူးလစ်ပန်းဖူးတွေကို အစ္စတန်ဘူလ်မြို့ကနေ သြစတြီးယားနိုင်ငံ ဗီယာနာမြို့ကို ၁၅၅၄ခုနှစ်မှာ အရင်ပို့ပြီးမှ နယ်သာလန်အထိဆက်ပို့ခဲ့ကြတာပါ။ အဲ့ကနေမှ နယ်သာလန်တွေ အလွန်နှစ်သက်သွားလို့ ပန်းခင်းြ့ီးတွေနဲ့ စိုက်ပျိုးပြီး နယ်သာလန်နဲ့ ကျူးလစ်ပန်းတွေ ခွဲမရ ဖြစ်ခဲ့တာပါ။

train1

အော်တမန်အင်ပါယာတုန်းက ဥရောပမြို့ကြီးအတော်များများမှာ အိမ်သာတွေမရှိခဲ့တုန်းက အစ္စတန်ဘူလ်မြို့မှာတင် အများပိုင်အိမ်သာပေါင်း ၁၄၀၀ ရှိခဲ့ဖူးလို့ အထူးအဆန်းဖြစ်ခဲ့ဖူးပါတယ်။

_MG_5294.JPG

အာဂါသာခရစ္စတီရဲ့ နာမည်ကျော် လူသတ်စုံထောက်ဝတ္ထုဖြစ်တဲ့ Murder on the Orient Express ကို အစ္စတန်ဘူလ်မြို့ရဲ့ Pera Palas Hotel မှာရေးသားခဲ့တာပါ။ Oriental Express ရထားက အဲ့ခေတ်မှာ ပဲရစ်ကနေ အစ္စတန်ဘူလ်မြို့ကိုပြေးဆွဲနေတဲ့ရထားပါ။

ရောမမြို့လိုပဲ တောင်၇လုံးပေါ် မြို့တည်ထားတဲ့ အစ္စတန်ဘူလ်မြို့မှာ ဟာဂျီယာဆိုဖီယာပြတိုက်နဲ့ မဟာဈေးတို့အပြင် ပလီပြာ၊ ရှေးမြို့ဟောင်း Sultanahmet၊ မြေအောက်ဘုရားကျောင်း Basilica Cistern၊ စစ်အကျဉ်းသားတွေထားရှိခဲ့ဖူးတဲ့ Galata Tower မျှော်စင်၊ Topkapi နန်းတော်နဲ့ တခြားနန်းတော်တွေ၊ တူရကီတစ်နိုင်ငံလုံးမှာ ရှိတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်တဲ့နေရာတွေကို ပုံစံငယ်လေးတွေအဖြစ် တစုတစည်းထဲပြသထားတဲ့ Miniaturk ပန်းခြံတို့ကိုလည်း သွားရောက်လေ့လာနိုင်ပါတယ်။ အာရှတိုက်နဲ့ ဥရောပတိုက်ကြားရှိ ဘော့စ်စရပ်(စ်)ရေလက်ကြားမှာ ပြေးဆွဲနေတဲ့ အပျော်စီးသင်္ဘောစီးရတာလည်း ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပါပဲ။

Topkapi Palast, Istanbul, Trkei

miniature park

ဒေါက်တာနုမြတ်သိင်္ဂီဦး

ဒူဘိုင်း သဲကန္တာရအတွင်းမှ သဲထိပ်ရင်ဖို အတွေ့အကြုံများ (Dubai Desert Safari)

ဒူဘိုင်း သဲကန္တာရအတွင်းမှ

သဲထိပ်ရင်ဖို အတွေ့အကြုံများ

Camel Riding in desert safari Camel Riding in desert safari

သဲကန္တာရ ဟင်းလင်းပြင်မှ တိုက်တာအဆောက်အအုံ ထိုးထိုးထောင် ထောင်အဖြစ်သို့ ပြောင်းလဲလာခဲ့သော ဒူဘိုင်းမြို့သို့ အလည်သွားမည်ဆိုလျှင် ခေတ်မီတိုက်တာ အဆောက်အအုံများကို လေ့လာသလို ဒူဘိုင်း၏ အနှစ်သာရဖြစ်သည့် သဲကန္တာရကိုလည်း ချန်ထား၍ မရနိုင်ပါ။ ထို့ကြောင့် ကျွန်မတို့ မိသားစု ယခုနှစ် သင်္ကြန် ရုံးပိတ်ရက်၌ ယူအေအီးနိုင်ငံသို့ အလည်သွားသည့်အခါမှာလည်း ဒူဘိုင်းသဲကန္တာရသို့ မဖြစ်မနေသွားရောက်ခဲ့ပါသည်။

With my family
With my family

Dune Driving like a roller coaster
Dune Driving like a roller coaster

Dubai Desert Safari Tour (ဒူဘိုင်းသဲကန္တာရခရီးစဉ်)တွင် အသုံးပြုသောယာဉ်များမှာ Land Cruiser များဖြစ် ၍ ခရီးသည်များရှိရာ ဒူဘိုင်းမြို့၏ မည်သည့်နေရာမဆို လာကြိုသည်။ သဲကန္တာရတွင်း သဲတောင်ပို့များကို ဖြတ် ကျော်၍ မောင်းနှင်ရမည်ဖြစ်ရာ ကျွမ်းကျင်သော ကားမောင်းသမားများနှင့် သဲမှာ ရုန်းထွက်နိုင်ရမည့်ကားများ ဖြစ်ရန်လိုသဖြင့် ခရီးစဉ်၌ ကန္တာရတွင်းမောင်းသည့် ကားများဖြင့် ဟိုတယ်သို့ အကြိုအပို့အစီအစဉ်ထည့်သွင်း ထားခြင်းဖြစ်သည်။ သဲကန္တာရတွင်း မောင်းသည့်သူမှာ ကားမောင်းကျွမ်းကျင်သူဖြစ်ဖို့ မည်မျှအရေးကြီးမှန်း သဲကန္တာရအတွင်း ခရီးစတင်လိုက်သည့်အခါမှာ သိလိုက်ရသည်။ မြေပြန့် မဟုတ်ဘဲ သဲများတောင်ပို့ကဲ့သို့ အပုံလိုက်ဖြစ်နေသည့် သဲကန္တာရထဲ တောင်တက် တောင်ဆင်းရသလို သဲထဲ ဘီးကျွန်မနေဖို့လည်း ဂရုစိုက်ရပါ သေးသည်။ သည်ကြားထဲ ကားမောင်းသမားများသည် ခရီးသည်များ စိတ်လှုပ်ရှားအောင် တမင်တကာ သဲ တောင်ပူစာများပေါ်သို့ ဝေ့ကာဝိုက်ကာ မောင်းပြကြသည်။ သဲတောင် ထိပ်အမြင့်တစ်နေရာမှာ ခဏရပ်ပြီး နောက် တစ်ရှိန်ထိုးဆင်းခြင်း၊ ကားတစ်ခြမ်းစောင်းကာ သဲမှုန်များလွင့်စင်သည်အထိ တောင်စောင်းတစ် လျောက် မောင်းခြင်း စသဖြင့် အစွမ်းပြကြ၏။

Happy jump in the desert Happy jump in the desert

It's so difficult to climb up to the camelIt’s so difficult to climb up to the camel

ဒူဘိုင်းသဲကန္တာရခရီးစဉ်၌ ဤသို့ Dune Driving ဟုခေါ်သည့် သဲတောင်ပူစာပေါ်၌ ကားမောင်းခြင်းကို သဲကန္တာရဖြတ်ကာ မိနစ် ၂၀-၃၀ ကြာပြုလုပ်ပြီးနောက် ကန္တာရတွင်း တည်ဆောက်ထားသည့် ရွက်ဖျင်တဲစခန်းသို့ ညစာစားရန် ပို့ဆောင်ပေးသည်။ ရွက်ဖျင်တဲစခန်း ဝန်းကျင်၌ ကန္တာရတွင်းသစ်ကုလားအုတ်စီးခြင်း၊သဲလျှောစီးခြင်း၊သဲပေါ်ရှပ် ယာဉ်စီးခြင်းများပြုလုပ်နိုင်သလို ကန္တရအတွင်း နေဝင်ချိန်ကိုစောင့်၍လည်း ဓာတ်ပုံအရိုက်ခံနိုင်ပါသည်။

Oasis before the show starts
Oasis before the show starts

Belly Dancer
Belly Dancer

Carpet sellers
Carpet sellers

Before the show starts in oasis
Before the show starts in oasis

Sand painting. My sister and I made with our names.
Sand painting. My sister and I made with our names.

ညစာစားရာ စခန်းသည်အဝိုင်းပုံဖြစ်၍ ကောင်းကင်က ကြယ်များ မြင်နိုင်အောင် အမိုးမပါရှိပါ။ အလယ်၌ ဖျော်ဖြေရေးစင်မြင့်အဝိုင်းရှိ၍ စင်မြင့်ပတ်လည်၌ စားပွဲပု လေးများနှင့် ဖင်ထိုင်ခေါင်းအုံးများအစီအရီချထား၏။ ညစာ မစားမီ စခန်းပတ်လည်ရှိ ရွက်ဖျင်တဲများ၌ ဒန်း ဆေးဆိုးခြင်း၊ အာရပ်ရိုးရာအဝတ်အစားများဝတ်ကာ ဓာတ်ပုံရိုက်ခြင်း၊ အာရပ်လူမျိုးများ၏ဓလေ့ Shisha ဟု ခေါ်သည့် အမွှေးရေငွေ့များကို ပိုက်ဖြင့်ရှုခြင်းစသဖြင့် နှစ်သက်ရာပြုလုပ်နိုင်၏။ ညစာမှာ အာရပ် ရိုးရာ အကင် ကို ဘူဖေးစနစ်ဖြင့် သုံးဆောင်ရပြီး ညစာစားသောက် နေစဉ်အတွင်း Belly Dancerများက ဗှိုက်လှုပ်အကဖြင့်ဖျော်ဖြေခြင်း ဂါဝန်ကားကားကြီးကို အဆက်မပြတ် လှည့်ကာလှည့်ကာ ကပြဖျော်ဖြေခြင်း အပါအဝင် အခြားဖျော်ဖြေရေးများဖြင့် ကပြဖျော်ဖြေခဲ့ကြ၏။ ည ၉ နာရီကျော်လောက် အားလုံးစားပြီးသောက်ပြီးသည့်အချိန်မှာ ခရီးစဉ်ပြီးဆုံး၍ Hotel သို့ပြန်ပို့ပေးပါသည်။ အကယ်၍ ကန္တာရအတွင်း ညအိပ် လိုလျှင် ရွက်ဖျင်တဲများ၌ညအိပ်နိုင်ရန် စီစဉ်ပေးပြီး ညနေဘက် မအားလပ်သူများအတွက် မနက်ဘက် သဲကန္တာရအတွင်း တောင်ပူစာပေါ်ကားမောင်းခြင်း အစီအစဉ်ကိုပါ ရွေးချယ်နိုင်ပါသည်။

ShishaShisha

Sunset in Desert Safari Sunset in Desert Safari

ဤကဲ့သို့ စိတ်လှုပ်ရှားမှုများပေးစွမ်းနိုင်သော သဲတောင်ပူစာဖြတ် ကားမောင်းခြင်း၊ သကန္တာရအတွင်း သစ်ကုလားအုတ်စီးခြင်း၊ ဗိုက်လှုပ်ကချေသည်များ၏ အကအလှ ကိုရှုစားကာ သဲကန္တာရစခန်း၌ အာရပ်ရိုးရာညစာစားခြင်းတို့ ပါဝင်သော ဤ ခရီးစဉ်သည် စိတ်ကျေနပ်မှုအပြည့်ပေးစွမ်းနိုင်သည့် အတွေ့အကြုံသစ်များရရှိ စေသောကြောင့် ယူအေအီးနိုင်ငံသို့ အလည်သွားသူတိုင်း မဖြစ်မနေသွားသင့် သည့်ခရီးစဉ်ဟု ညွှန်းဆိုလိုက်ချင်ပါတော့သည်။

ဒေါက်တာနုမြတ်