ကမ္ဘာကျော် အီဖဲလ်တာဝါ Eiffel Tower

ပြင်သစ်နိုင်ငံ ပဲရစ်မြို့က

  • ကမ္ဘာကျော်အဆောက်အအုံ
  • ဓာတ်ပုံအရိုက်ခံရဆုံး အဆောက်အအုံ
  • အချစ်ပြယုဂ် အဆောက်အအုံဖြစ်နေတဲ့ အီဖဲလ်တာဝါ (Eiffel Tower) ဟာ
    တစ်ချိန်တုန်းက ရုပ်ဆိုးလို့၊ မြို့အလှပျက်စေလို့ဆိုပြီး ဆန္ဒပြခံခဲ့ရဖူးပါတယ်။
    မဆောက်ခင်ကတည်းက မဆောက်ဖို့တားကြသူတွေရှိသလို
    စဆောက်တုန်းကလည်း နှစ် ၂၀ အကြာပဲထားမယ်ဆိုပြီး ဆောက်ခဲ့ကြတာပါ။
    ဆောက်ပြီးတဲ့အခါမှာလည်း ဖြိုဖျက်ဖို့ မကြာခဏ ကြံစည်ခံခဲ့ရပါတယ်။
    ဒါပေမဲ့ အခုအခါမှာတော့ ကမ္ဘာ့အကျော်ကြားဆုံးမျှော်စင်တစ်ခုအဖြစ် နှစ်ပေါင်း ၁၃၀ ကျော်တိုင် ရပ်တည်နိုင်ခဲ့ပါပြီ။

ယာယီအဖြစ်ဆောက်လုပ်ခဲ့

အီဖဲလ်မျှော်စင်ကို စစဆောက်ခြင်းတုန်းက ယာယီအဖြစ်ပဲ ဆောက်ခဲ့တာပါ။ ပြင်သစ်တော်လှန်ရေး နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပဲရစ်မြို့မှာ ၁၈၈၉ ခုနှစ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ပြပွဲအတွက် ယာယီမုခ်ဦးအဖြစ် တည်ဆောက်ခဲ့တာပါ။

Inauguration de l’Exposition Universelle de 1889. Chemins de fer Paris-Lyon-Méditerranée. Paris, musée Carnavalet.

အီဖဲလ်အမည်တွင်ခဲ့ခြင်းအကြောင်းရင်း

မုခ်ဦးအတွက် လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒီဇိုင်းများစွာအနက် Mr.Gustave Eiffel ရဲ့ ဒီဇိုင်းက ရွေးချယ်ခံခဲ့ရပါတယ်။ “အီဖဲလ်” အမည်က Mr.Gustave Eiffel ကို ဂုဏ်ပြုတဲ့ အနေနဲ့ မှည့်ထားတာပါ။ သူက အမေရိကန်နိုင်ငံက လေဘာတီရုပ်တုကြီး ဒီဇိုင်းဆွဲရာမှာလည်း အကြံပေးခဲ့သူတစ်ယောက်ပါ။

မြို့အလှပျက်စေလို့ဆိုပြီးဆန္ဒပြခံခဲ့ဖူး

အီဖဲလ်မျှော်စင်သမိုင်းက မရိုးရှင်း မလွယ်ကူခဲ့ပါဘူး။ အဲဒီတုန်းက ပဲရစ်မြို့သူမြို့သား အတော်များများက ပဲရစ်မြို့ အလှပျက်စေလို့ဆိုပြီး အီဖယ်လ်မျှော်စင်ကြီးကို မနှစ်မြို့ခဲ့ကြပါဘူး။ အနုပညာရှင်တွေနဲ့ ပညာရှင် အဖွဲ့ဝင်ပေါင်း ၃၀၀ ပါဝင်တဲ့ ကော်မတီက မျှော်စင်ကြီးကို ဆန္ဒပြခဲ့ကြပါတယ်။ မျှော်စင်ကြီးက အသုံးမဝင်သလို ရုပ်လည်းဆိုးတယ်ဆိုပြီး ပဲရစ်အစိုးရထံ ဒီပရောဂျက်ကို ဆန့်ကျင်ကြောင်း လက်မှတ်တွေ ထိုးထားတဲ့ အသနားခံစာ တင်ခဲ့ကြပါတယ်။


ဆန့်ကျင်သူတွေကြားက ၁၈၈၉ ခုနှစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ပြပွဲ အောင်မြင်ခဲ့ပါတယ်။ ပြပွဲအတွင်း မျှော်စင်ကြီးပေါ် လူအယောက် ၂ သန်း တက်ရောက်ခဲ့ကြပြီး ဝင်ငွေများစွာရရှိခဲ့ပါတယ်။


စဖွင့်ကတည်းက ခုချိန်ထိဆိုရင် မျှော်စင်ကြီးပေါ် လူဦးရေ သန်းပေါင်း ၃၀၀ ကျော် လာရောက်ကြပြီး နှစ်စဉ်နှစ်တိုင်း ဧည့်သည်ပေါင်း ၇ သန်းနီးပါး မျှော်စင်ကြီးပေါ်တက်လေ့ရှိကြပါတယ်။ မျှော်စင်ကြီးက ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်ခဲ့ပြီး ကမ္ဘာကျော်လွန်းလို့ ကမ္ဘာ့နိုင်ငံပေါင်းများစွာက မျှော်စင်ပုံတူတွေ လိုက်ပြီးတည်ဆောက်ခဲ့ကြရပါတယ်။

အဖျက်စီးမခံရဖို့ကြိုးစားခဲ့ရ

အီဖဲလ်မျှော်စင်ကြီးကို စဆောက်ခဲ့တုန်းက ယာယီအဖြစ်ဆောက်လုပ်ခဲ့ကြပြီး အနှစ် ၂၀ အကြာမှာ ပြန်ဖြိုချဖျက်စီးမယ်လို့ ရည်ရွယ်ခဲ့ကြတာပါ။ မျှော်စင် အဖျက်စီးမခံရဖို့ Mr. Gustave Eiffel က အစွမ်းကုန်ကြိုးပမ်းခဲ့ရတာပါ။ မျှော်စင်ကြီးက သိပ္ပံပညာအတွက် အသုံးဝင်ပါတယ်ဆိုပြီး သိပ္ပံဓာတ်ခွဲခန်း၊ လက်တွေ့စမ်းသပ်ခန်းကို မျှော်စင်ပေါ် ဖွင့်လှစ်ခဲ့ပါတယ်။ အာကာသပညာ၊ ဇီဝကမ္မဗေဒ၊ ရူပဗေဒ၊ လေခွင်းအားဘာသာရပ်တွေကို လေ့လာခဲ့ပါတယ်။ ၁၉ ရာစုက ပြင်သစ်သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာ ၇၂ ယောက် နာမည်တွေကိုလည်း အီဖဲလ်မျှော်စင်မှာ ရေးထွင်းခဲ့ပါသေးတယ်။
တကယ်တမ်း မျှော်စင်မဖြိုဖြစ်ခဲ့တဲ့ အကြောင်းကတော့ အဲဒီတုန်းက မျှော်စင်ကြီးကို ရေဒီယိုအင်တာနာတာဝါအဖြစ် အသုံးပြုခဲ့ခြင်းကြောင့်ပါ။ အခုထက်ထိ ရုပ်မြင်သံကြားနဲ့ ရေဒီယိုအသံလွှင့်ရာမှာ အသုံးပြုဆဲပါ။

Exposition Universelle de 1889 – Au pied de la Tour Eiffel

နောက်ထပ်တစ်ခါဖြိုဖျက်ခံရတော့မည့်ဆဲဆဲ

၁၉၄၄ ခုနှစ်မှာလည်း ဟစ်တလာက ပဲရစ်မြို့ကို မဟာမိတ်တပ်များဆီ လက်လွတ်ဆုံးရှုံးတော့မယ့်ဆဲဆဲ အီဖယ်(လ်)မျှော်စင်အပါအဝင် ပဲရစ်တစ်မြို့လုံးကို ဖြိုဖျက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ စစ်တပ်မှူးကြီးက အမိန့်မနာခံခဲ့လို့ ပဲရစ်မြို့ရော အီဖယ်(လ်)တာဝါပါ အခုထက်ထိ အကောင်းအတိုင်း ကျန်ရှိနေတာပါ။

ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံဖြစ်ခဲ့ဖူး

အီဖယ်လ်မျှော်စင်ကြီး တည်ဆောက်ပြီးစီးခဲ့စဉ်က ၁၀၂၃ ပေ အမြင့်ရှိလို့ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံအဖြစ် နှစ်ပေါင်း ၄၀ ကျော် ရပ်တည်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှ တခြားအဆောက်အအုံတွေက ကျော်တက်သွားတာပါ။

မျှော်စင်ထဲဘာရှိလဲ

မျှော်စင်ကြီးမှာ အထပ်သုံးထပ်ရှိပြီး မျှော်စင်ပေါ် လှေကားနဲ့ရော ဓာတ်လှေကားနဲ့ပါ တက်ရောက်နိုင်ပါတယ်။ ပထမထပ်မှာ ရှုခင်းကြည့်နေရာ၊ စားသောက်ဆိုင်နဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေရှိပါတယ်။ ဒုတိယထပ်မှာလည်း ရှုခင်းကြည့်နေရာနဲ့ စားသောက်ဆိုင်ရှိပါတယ်။ ထိပ်ဆုံးအထပ်ကတော့ ၉၀၅ ပေမြင့်ပြီး ပတ်ပတ်လည်ရှုခင်းကို ကြည့်ရှုခံစားနိုင်တဲ့ ရှန်ပိန်ဘားတစ်ခု ရှိပါတယ်။

မျှော်စင်ထဲကလျှို့ဝှက်တိုက်ခန်း

မျှော်စင်ထိပ်မှာ လျှို့ဝှက်တိုက်ခန်းတစ်ခုရှိပြီး Mr.Gustave Eiffel က သောမက်(စ်)အက်ဒီဆင်လို နာမည်ကျော်ဧည့်သည်တွေကို ဖိတ်ခေါ်ဧည့်ခံခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ အဲဒီတိုက်ခန်းကို အများပြည်သူကြည့်ရှုနိုင်ဖို့ ဖွင့်လှစ်ပေးထားပါတယ်။ မျှော်စင်အောက်ခြေမှာလည်း စစ်ဘက်သုံး လျှို့ဝှက်မြေတိုက်ခန်းရှိခဲ့ပြီး ယခုအခါ ပြခန်းအဖြစ် ဖွင့်လှစ်ပြသထားပါတယ်။ မျှော်စင်ပေါ် ပေ၂၀၀ အမြင့်မှာ ရေခဲပြင်စကိတ်လျှောစီးကွင်းလည်းရှိပြီး ဆောင်းတွင်းမှာ ဖွင့်လှစ်လေ့ရှိပါတယ်။

ဒါကတော့ အီဖဲလ်တာဝါနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေပါ။
အားလုံးပဲ ကျန်းမာပြီး အဆင်ပြေကြပါစေ

ချစ်ခင်လျှက်
Nu Myat
http://www.numyataroundtheworld.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s