ဒူဘိုင်း သဲကန္တာရအတွင်းမှ သဲထိပ်ရင်ဖို အတွေ့အကြုံများ (Dubai Desert Safari)

ဒူဘိုင်း သဲကန္တာရအတွင်းမှ

သဲထိပ်ရင်ဖို အတွေ့အကြုံများ

Camel Riding in desert safari Camel Riding in desert safari

သဲကန္တာရ ဟင်းလင်းပြင်မှ တိုက်တာအဆောက်အအုံ ထိုးထိုးထောင် ထောင်အဖြစ်သို့ ပြောင်းလဲလာခဲ့သော ဒူဘိုင်းမြို့သို့ အလည်သွားမည်ဆိုလျှင် ခေတ်မီတိုက်တာ အဆောက်အအုံများကို လေ့လာသလို ဒူဘိုင်း၏ အနှစ်သာရဖြစ်သည့် သဲကန္တာရကိုလည်း ချန်ထား၍ မရနိုင်ပါ။ ထို့ကြောင့် ကျွန်မတို့ မိသားစု ယခုနှစ် သင်္ကြန် ရုံးပိတ်ရက်၌ ယူအေအီးနိုင်ငံသို့ အလည်သွားသည့်အခါမှာလည်း ဒူဘိုင်းသဲကန္တာရသို့ မဖြစ်မနေသွားရောက်ခဲ့ပါသည်။

With my family
With my family

Dune Driving like a roller coaster
Dune Driving like a roller coaster

Dubai Desert Safari Tour (ဒူဘိုင်းသဲကန္တာရခရီးစဉ်)တွင် အသုံးပြုသောယာဉ်များမှာ Land Cruiser များဖြစ် ၍ ခရီးသည်များရှိရာ ဒူဘိုင်းမြို့၏ မည်သည့်နေရာမဆို လာကြိုသည်။ သဲကန္တာရတွင်း သဲတောင်ပို့များကို ဖြတ် ကျော်၍ မောင်းနှင်ရမည်ဖြစ်ရာ ကျွမ်းကျင်သော ကားမောင်းသမားများနှင့် သဲမှာ ရုန်းထွက်နိုင်ရမည့်ကားများ ဖြစ်ရန်လိုသဖြင့် ခရီးစဉ်၌ ကန္တာရတွင်းမောင်းသည့် ကားများဖြင့် ဟိုတယ်သို့ အကြိုအပို့အစီအစဉ်ထည့်သွင်း ထားခြင်းဖြစ်သည်။ သဲကန္တာရတွင်း မောင်းသည့်သူမှာ ကားမောင်းကျွမ်းကျင်သူဖြစ်ဖို့ မည်မျှအရေးကြီးမှန်း သဲကန္တာရအတွင်း ခရီးစတင်လိုက်သည့်အခါမှာ သိလိုက်ရသည်။ မြေပြန့် မဟုတ်ဘဲ သဲများတောင်ပို့ကဲ့သို့ အပုံလိုက်ဖြစ်နေသည့် သဲကန္တာရထဲ တောင်တက် တောင်ဆင်းရသလို သဲထဲ ဘီးကျွန်မနေဖို့လည်း ဂရုစိုက်ရပါ သေးသည်။ သည်ကြားထဲ ကားမောင်းသမားများသည် ခရီးသည်များ စိတ်လှုပ်ရှားအောင် တမင်တကာ သဲ တောင်ပူစာများပေါ်သို့ ဝေ့ကာဝိုက်ကာ မောင်းပြကြသည်။ သဲတောင် ထိပ်အမြင့်တစ်နေရာမှာ ခဏရပ်ပြီး နောက် တစ်ရှိန်ထိုးဆင်းခြင်း၊ ကားတစ်ခြမ်းစောင်းကာ သဲမှုန်များလွင့်စင်သည်အထိ တောင်စောင်းတစ် လျောက် မောင်းခြင်း စသဖြင့် အစွမ်းပြကြ၏။

Happy jump in the desert Happy jump in the desert

It's so difficult to climb up to the camelIt’s so difficult to climb up to the camel

ဒူဘိုင်းသဲကန္တာရခရီးစဉ်၌ ဤသို့ Dune Driving ဟုခေါ်သည့် သဲတောင်ပူစာပေါ်၌ ကားမောင်းခြင်းကို သဲကန္တာရဖြတ်ကာ မိနစ် ၂၀-၃၀ ကြာပြုလုပ်ပြီးနောက် ကန္တာရတွင်း တည်ဆောက်ထားသည့် ရွက်ဖျင်တဲစခန်းသို့ ညစာစားရန် ပို့ဆောင်ပေးသည်။ ရွက်ဖျင်တဲစခန်း ဝန်းကျင်၌ ကန္တာရတွင်းသစ်ကုလားအုတ်စီးခြင်း၊သဲလျှောစီးခြင်း၊သဲပေါ်ရှပ် ယာဉ်စီးခြင်းများပြုလုပ်နိုင်သလို ကန္တရအတွင်း နေဝင်ချိန်ကိုစောင့်၍လည်း ဓာတ်ပုံအရိုက်ခံနိုင်ပါသည်။

Oasis before the show starts
Oasis before the show starts

Belly Dancer
Belly Dancer

Carpet sellers
Carpet sellers

Before the show starts in oasis
Before the show starts in oasis

Sand painting. My sister and I made with our names.
Sand painting. My sister and I made with our names.

ညစာစားရာ စခန်းသည်အဝိုင်းပုံဖြစ်၍ ကောင်းကင်က ကြယ်များ မြင်နိုင်အောင် အမိုးမပါရှိပါ။ အလယ်၌ ဖျော်ဖြေရေးစင်မြင့်အဝိုင်းရှိ၍ စင်မြင့်ပတ်လည်၌ စားပွဲပု လေးများနှင့် ဖင်ထိုင်ခေါင်းအုံးများအစီအရီချထား၏။ ညစာ မစားမီ စခန်းပတ်လည်ရှိ ရွက်ဖျင်တဲများ၌ ဒန်း ဆေးဆိုးခြင်း၊ အာရပ်ရိုးရာအဝတ်အစားများဝတ်ကာ ဓာတ်ပုံရိုက်ခြင်း၊ အာရပ်လူမျိုးများ၏ဓလေ့ Shisha ဟု ခေါ်သည့် အမွှေးရေငွေ့များကို ပိုက်ဖြင့်ရှုခြင်းစသဖြင့် နှစ်သက်ရာပြုလုပ်နိုင်၏။ ညစာမှာ အာရပ် ရိုးရာ အကင် ကို ဘူဖေးစနစ်ဖြင့် သုံးဆောင်ရပြီး ညစာစားသောက် နေစဉ်အတွင်း Belly Dancerများက ဗှိုက်လှုပ်အကဖြင့်ဖျော်ဖြေခြင်း ဂါဝန်ကားကားကြီးကို အဆက်မပြတ် လှည့်ကာလှည့်ကာ ကပြဖျော်ဖြေခြင်း အပါအဝင် အခြားဖျော်ဖြေရေးများဖြင့် ကပြဖျော်ဖြေခဲ့ကြ၏။ ည ၉ နာရီကျော်လောက် အားလုံးစားပြီးသောက်ပြီးသည့်အချိန်မှာ ခရီးစဉ်ပြီးဆုံး၍ Hotel သို့ပြန်ပို့ပေးပါသည်။ အကယ်၍ ကန္တာရအတွင်း ညအိပ် လိုလျှင် ရွက်ဖျင်တဲများ၌ညအိပ်နိုင်ရန် စီစဉ်ပေးပြီး ညနေဘက် မအားလပ်သူများအတွက် မနက်ဘက် သဲကန္တာရအတွင်း တောင်ပူစာပေါ်ကားမောင်းခြင်း အစီအစဉ်ကိုပါ ရွေးချယ်နိုင်ပါသည်။

ShishaShisha

Sunset in Desert Safari Sunset in Desert Safari

ဤကဲ့သို့ စိတ်လှုပ်ရှားမှုများပေးစွမ်းနိုင်သော သဲတောင်ပူစာဖြတ် ကားမောင်းခြင်း၊ သကန္တာရအတွင်း သစ်ကုလားအုတ်စီးခြင်း၊ ဗိုက်လှုပ်ကချေသည်များ၏ အကအလှ ကိုရှုစားကာ သဲကန္တာရစခန်း၌ အာရပ်ရိုးရာညစာစားခြင်းတို့ ပါဝင်သော ဤ ခရီးစဉ်သည် စိတ်ကျေနပ်မှုအပြည့်ပေးစွမ်းနိုင်သည့် အတွေ့အကြုံသစ်များရရှိ စေသောကြောင့် ယူအေအီးနိုင်ငံသို့ အလည်သွားသူတိုင်း မဖြစ်မနေသွားသင့် သည့်ခရီးစဉ်ဟု ညွှန်းဆိုလိုက်ချင်ပါတော့သည်။

ဒေါက်တာနုမြတ်