ကမ္ဘာ့အကြီးဆုံး ကိုယ်တစ်ပိုင်းရုပ်တုကြီးရှိရာ
အိန္ဒိယမှာ ငြိမ်းချမ်းခြင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ……
တောင်တန်းတွေ ဝန်းရံထားတဲ့ ကွင်းပြင်ကျယ်ကြီးထဲ အနက်ရောင် ကိုယ်တစ်ပိုင်း ရုပ်တုကြီးက အထင်းသားရှိနေပါတယ်။ နဖူးတစ်ဖက်မှာ လခြမ်း၊ ပုခုံးတစ်ဖက်မှာ ပါးပျဉ်းထောင်နေတဲ့မြွေရုပ်ကြီးနဲ့ နှုတ်ခမ်းကပြုံးနေပြီး မျက်စိကမှိတ်လျှက်သားရှိနေတဲ့ ရုပ်တုကြီးကတော့ ဟိန္ဒူဘုရား ရှိဗ(သိဝ)ရုပ်တုကြီးပါ။ အိန္ဒိယနိုင်ငံတောင်ပိုင်း ကိုအင်ဘတောမြို့နားရှိ အစ်ရှယောဂစင်တာ (Isha Yoga Center) ဝင်းကြီးမှာ တည်ထားကိုးကွယ်တဲ့ ဒီရုပ်တုကြီးက ကမ္ဘာလှည့်ခရီးသည်တွေအကြား ထင်ရှားလှပါတယ်။
ဒီယောဂစင်တာကြီးထဲ သွားရောက်ခဲ့ရာမှာ စိတ်ရော ကိုယ်ပါ ငြိမ်းချမ်းခဲ့တဲ့ ထူးခြားတဲ့ အတွေ့အကြုံအများကြီးရခဲ့လို့ ပြောပြချင်ပါတယ်။
ဘယ်နေရာမှာ ရှိတာလဲ ————————— အစ်ရှယောဂစင်တာကို ဆာဒူးဂုရု ဂျက်ဂီဗာဆူဒိ (Jaggi Vasudev) တည်ထောင်ထားတဲ့ ဘာသာရေးဆိုင်ရာအဖွဲ့အစည်း အစ်ရှာဖောင်ဒေးရှင်း (Isha Foundation) ကနေ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင်တို့ ဆုတောင်းရာ၊ တရားကျင့်ရာနေရာဖြစ်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်း တမေးလ်နာဒူနယ် (Tamil Nadu) ကိုအင်ဘတောမြို့(Coimbatore) အနောက်ဘက် မိုင်၂၀အကွာမှာ ရှိပါတယ်။
ဘယ်လိုရောက်ဖြစ်ခဲ့လဲ ————————— အဲ့ဒီနေရာကို နုမြတ်ရောက်ဖြစ်ခဲ့တာကတော့ အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂလောမြို့(Bengalore)မှာ ဇွန်လ၂၁ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ယောဂနေ့ပွဲတက်ရောက်ဖို့ သွားရင်းနဲ့ပါ။ အဲ့ပွဲအတွက် နိုင်ငံပေါင်း ၂၀ကျော်က မီဒီယာနဲ့ ခရီးသွားလုပ်ငန်းရှင်တွေကို ဖိတ်ကြားခဲ့ရာမှာ နုမြတ်ကိုလည်း မြန်မာနိုင်ငံ အိန္ဒိယသံရုံးကနေတဆင့် ဖိတ်ကြားခဲ့လို့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ခဲ့တာပါ။ အိန္ဒိယတောင်ပိုင်း ၅ရက်တာခရီးမှာ ဘန်ဂလောမြို့အပြင် အူတီမြို့(Ooty) နဲ့ ကိုအင်ဘတောမြို့ (Coimbatore) တွေပါ သွားရောက်လေ့လာဖြစ်ခဲ့တာကြောင့် အစ်ရှာယောဂစင်တာကိုပါ လေ့လာခွင့်ရခဲ့တာပဲဖြစ်ပါတယ်။
ဒီခရီးစဉ်က အိန္ဒိယရဲ့ ယဉ်ကျေးမှုတစ်စိတ်တစ်ပိုင်းဖြစ်ပြီး နေ့စဉ်ဘဝမှာ အရေးပါတဲ့ ယောဂနဲ့ပတ်သက်ပြီး လေ့လာရတဲ့ ခရီးဖြစ်လို့ သွားရောက်ရတဲ့နေရာတွေကလည်း ယောဂနဲ့ ဆက်စပ်နေတဲ့ နေရာတွေ များပါတယ်။ အဲ့ဒီထဲကမှ ဒီယောဂစင်တာလေးက တစ်မူထူးခြားနေလို့ ပို့စ်သက်သက် ရေးတင်လိုက်တာပါ။
ဟိန္ဒူဘုရားတွေ ————————— ယောဂစင်တာကြီးအကြောင်း မပြောခင် ဟိန္ဒူဘုရားအကြောင်း ပြောချင်ပါတယ်။ ဟိန္ဒူဘာသာမှာ တရိမုရတိခေါ်တဲ့ နတ်သုံးပါးအစုရှိပြီး အဲဒီနတ်ဘုရားသုံးပါးကတော့ လောကကို ဖန်ဆင်းသူ ဗြဟ္မာ၊ လောကကို ထိန်းသိမ်းစောင့်ရှောက်သူ ဗိရှနု(ဗိူနိုး)၊ လောကကို ဖျက်ဆီးပြီး လောကအသစ်တစ်ခုကို ထပ်မံဖန်ဆင်းသူ ရှိဗ(သိဝ)တို့ဖြစ်ကြပါတယ်။ ဒီနတ်သုံးပါးအနက် ဗြဟ္မာကို ပူဇော်ပသတဲ့ ဓလေ့ထုံးစံသိပ်မရှိလို့ အိန္ဒိယတစ်နိုင်ငံလုံးမှာ ဗြဟ္မာကို ရည်စူးပြီး ဆောက်လုပ်ထားတဲ့ နတ်ကွန်း အလွန်နည်းပါးပေမဲ့ ဗိရှနနဲ့ရှိဗကိုတော့ ခေတ်အဆက်ဆက်ကစပြီး ကျယ်ကျယ်ပြန့်ပြန့် ပူဇော်ပသလေ့ရှိကြပါတယ်။
ရှိဗရုပ်တုကြီး —————————
ရှိဗကိုဘုရားကျောင်းတွေနဲ့ တည်ဆောက်ကိုးကွယ်လေ့ရှိပေမဲ့ ယောဂယဉ်ကျေးမှုမှာတော့ ရှိဗကို ဘုရားအဖြစ်ထက်စာရင် ပထမဆုံးယောဂီအဖြစ်သိထားကြပါတယ်။ ဒါကြောင့်လည်း အစ်ရှာယောဂစင်တာထဲမှာ ရှိဗရုပ်တုကြီးကို တည်ထားကိုးကွယ်ထားတာပဲဖြစ်ပါတယ်။ ၁၁၂ပေအမြင့်ရှိ ရှိဗရုပ်တုကြီးက စတီးနဲ့ထုဆစ်ထားတာဖြစ်ကာ ကမ္ဘာ့အကြီးဆုံးကိုယ်တစ်ပိုင်းပုံ ရုပ်တုကြီးပဲဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီဇိုင်းပုံဖော်တာ ၂နှစ်ကြာကာ တည်ဆောက်တာကတော့ ရှစ်လပဲကြာခဲ့ပါတယ်။
ရုပ်တုကြီးက တောတောင်တွေ ဝန်းရံထားတဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ ထီးထီးကြီး တည်ရှိနေတာပါ။ ဟိုးအဝေးကြီးက လှမ်းကြည့်ရင်တောင်မြင်ရပါတယ်။ နဖူးတစ်ဖက်မှာ လခြမ်း၊ ပုခုံးတစ်ဖက်မှာ ပါးပျဉ်းထောင်နေတဲ့မြွေရုပ်ကြီးနဲ့ နှုတ်ခမ်းကပြုံးနေပြီး မျက်စိကမှိတ်လျှက်သားရှိနေကာ ဆံပင်တွေ လေထဲလွင့်နေသလိုမျိုးနဲ့ ရှိဗရုပ်တုကြီးက အသက်ဝင်လှပါတယ်။ ကားပေါ်မှာကတည်းက လှမ်းကြည့်စိတ်ဝင်စားနေကြပြီး ဓာတ်ပုံရိုက်ဖို့ ကင်မရာတပြင်ပြင်နဲ့ရယ်ပေါ့။ ကားဝန်းထဲ ရပ်သွားပြီးတဲ့အခါမှာတော့ အဝေးကတစ်ခါ အနီးကပ်တစ်ခါ ဓာတ်ပုံတွေ ရိုက်ကြတာပေါ့။
ရုပ်တုရှိရာရင်ပြင်ပေါ်တက်တဲ့အခါမှာတော့ ကိုယ်တွေဆီမှာလို ဖိနပ်ချွတ်ရပါတယ်။ ဒီရုပ်တုကြီးထဲကိုတော့ ကိုယ်တွေဆီမှာလို ဝင်လို့မရပါဘူး။ ရုပ်တုရှေ့ရင်ပြင်ပေါ်မှာ အဆောင်သေးသေးလေးရှိပြီး အဲ့အဆောင်ထဲမှာတော့ ဘုရားသီချင်းလိုမျိုး သီဆိုဝတ်ပြုနေကြပါတယ်။ လူတွေလည်း ဝင်ဝတ်ပြုလိုက် ထွက်လိုက်ရယ်ပေါ့။ ဆင်းတုကို ကန်တော့တာမျိုးမဟုတ်ဘဲ အဆောင်ခလယ်က ရုပ်တုတစ်ခုနား ဝိုင်းထိုင်ပြီး ဆိတ်ဆိတ်နေကာ ဝတ်ပြုတာမျိုးပါ။ အဲ့အဆောင်လေးထဲ ခဏသွားထိုင်လိုက်တဲ့အခါ စိတ်နှလုံးချမ်းမြေ့မှု ခံစားခဲ့ရပါတယ်။
မော်ဒန်နွားလှည်း ——————- ရုပ်တုကြီးရဲ့ ကျောဘက်ကနေ ၁၀မိနစ်လောက်လမ်းလျှောက်သွားရင် ယောဂစင်တာဝန်းကြီးရဲ့ ဝင်ပေါက်ဂိတ်ကို ရောက်ပါတယ်။ တချို့ကလည်း လမ်းလျှောက်မသွားဘဲ နွားလှည်းနဲ့ သွားကြတယ်။ နွားလှည်းဆိုလို့ ကိုယ်တွေဆီက နွားလှည်းလို မထင်လိုက်နဲ့။ ဘက်ဂီကားလိုလို အမိုးနဲ့ ထိုင်ခိုင်နဲ့ ခေတ်မီနွားလှည်းကြီး။ ခုံ၂တန်းကို တစ်ဖက်တစ်ချက်ထားပြီး လူတွေက ဘေးတိုက်ထိုင်ရတာ။ ခုံတစ်တန်းကို ၅ယောက်ဆိုတော့ စုစုပေါင်း ၁၀ယောက်ဆန့်တဲ့ အမိုးတပ် နွားလှည်းပေါ့။ နွားတစ်ကောင်ထဲကမောင်းရပေမဲ့ ဘီးတွေက တာယာဘီးကို ၄ဘီးတပ်ပေးထားတော့ အရမ်းမလေးလောက်ဘူး ထင်ပါရဲ့။
Ishya ယောဂစင်တာ —————————
ပါးပျဉ်းထောင်တဲ့ မြွေရုပ်ကြီးတွေနဲ့ ဂိတ်ဝကိုကျော်လိုက်တဲ့အခါမှာတော့ ထိုးထိုးထောင်နေတဲ့ ကွမ်းပင်တွေစီတန်းနေတဲ့ ကွမ်းတောကို တွေ့လိုက်ရပါတယ်။ မြို့သူမဆိုတော့ ကွမ်းပင်ကို ကွမ်းပင်မှန်းမသိ ဒီဒေသက အုန်းပင်တွေက ပိန်ပိန်သွယ်သွယ်နဲ့ စလင်းဘော်ဒီတွေပါလားလို့တောင် ထင်လိုက်မိသေး။ နောက်မှ မေးကြည့်မှ ကွမ်းပင်မှန်းသိခဲ့တာ။ 😛 ကွမ်းတော ဘေးလမ်းတလျှောက် ၁မိနစ်လောက်လျှောက်ပြီးတဲ့အခါမှာ နောက်တစ်ဂိတ်ကို ဝင်ရပြန်ပါတယ်။ အဲ့ဂိတ်ကစပြီး ဖုန်းလည်းပေးမသုံး၊ ဓာတ်ပုံလည်းပေးမရိုက်တော့ပါဘူး။
၁၅၀ဧကအကျယ်ရှိ ယောဂစင်တာဝန်းကြီးထဲမှာ ရှိဗရုပ်တုကြီးအပြင် တခြားထူးခြားတဲ့ နေရာတွေကတော့ လူပေါင်းရာချီတပြိုက်နက်တရားကျင့်နိုင်တဲ့ အမိုးခုံးအဆောက်အအုံကြီး၊ ကိုယ်လက်သန့်စင်အောင် ရေနှစ်ရတဲ့ ရေအိုင်တော်တွေ၊ လင်ဂါဘာဟီရာဗီနတ်သမီးရုပ်တုရှိရာ ဘုရားကျောင်း၊ စတုရန်းပေ ၆၄၀၀၀ကျယ်ဝန်းပြီး ဗိသုကာလက်ရာထူးခြားတဲ့ Spanda ခန်းမကြီးနဲ့ ရှိဗရုပ်တုငယ်ရှိရာ ဘုရားကျောင်းတို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ပန်းခြံကြီး၊ တရားထိုင်ခန်းမ၊ ယောဂကျင့်ရာအဆောင်တွေ၊ ညအိပ်ညနေတည်းခိုဆောင်တွေလည်းအများကြီးရှိပါတယ်။
ရေနှစ်တဲ့အတွေ့အကြုံ —————————
အထဲရောက်တော့ ဟိန္ဒူအယူအရ ရေနှစ်တာကို လုပ်လို့ရတဲ့နေရာရှိတယ် လုပ်ကြည့်ချင်ရင် စာရင်းပေးပါဆိုတော့ ထိပ်ဆုံးကပေးဖြစ်ခဲ့ပါတယ်။ ရေနှစ်ခဲ့ရတဲ့ အတွေ့အကြုံကတော့ အတော်ထူးခြားပါတယ်။ ရေနှစ်တဲ့နေရာကိုခေါ်သွားပြီး ကိုယ်မှာဝတ်ထားတာတွေ အကုန်ချွတ် ရေချိုးသန့်စင်ပြီး သူတို့ပေးတဲ့ လိမ္မော်ရောင် ဂါဝန်ကြီးကိုဝတ်ရပါတယ်။ ရေနှစ်ရတဲ့နေရာကြီးက တော်တော့်ကိုထူးခြားပါတယ်။ အမိုးခုံးအမြင့်ကြီးရှိတဲ့ အဆောက်အအုံထဲ လှေကားထစ်တွေအများကြီးဆင်းသွားရပြီး အောက်ဆုံးမှာ ရေကန်ကြီးရှိနေတာပါ။ ရေကန်ကြီးကို လှေကားထိပ်ကနေလှမ်းမြင်ရပါတယ်။ ရေကန်တစ်ဖက်ကနေ တစ်ဖက်ကို လိမ္မော်ရောင်ဂါဝန်တွေ ဝတ်ထားတဲ့ အမျိုးသမီးတွေ တစ်ယောက်ပြီးတစ်ယောက်စီတန်းပြီး ရေကန်ကိုဖြတ်ကာ လျှောက်နေကြပါတယ်။ ရေကန်အနက်ကတော့ ခါးတဝက်ကျော် ရင်ခေါင်းလောက်ပေါ့။ ရေကန်အလယ်မှာ ကျောက်ရုပ်ကြီးတစ်ရုပ်ရှိပြီး တချို့ကအဲ့ကျောက်ရုပ်နေရာအရောက် ကျောက်ရုပ်ကို တစ်ပတ်ပတ်ဆုတောင်းပြီး အသက်အောင့်ကာ တစ်ကိုယ်လုံး ခေါင်းပါမကျန်ရေထဲနှစ်လိုက်ကြတယ်။ ရေကန်ရဲ့ အဆုံးမှာ ရေတံခွန်လို နံရံက စီးကျနေတဲ့ရေတွေလည်းရှိပြီး အဆောက်အအုံတစ်ခုလုံး တိတ်ဆိတ်ကာ အဲ့ဒီရေကျသံပဲ ကြားနေရပါတယ်။ ရေအိုင်ပေါ်က အမိုးခုံးကြီးက အမြင့်ကြီးဖြစ်သလို မျက်နှာကျက်ပန်းချီတွေ ရေးဆွဲထားတာ သိပ်ကိုလှပါတယ်။ အလေးအမြတ်ထားရာ ရေအိုင်တော်ဖြစ်ပြီး ခဏနေရင်ဝင်ရမယ့် တရားထိုင် အဆောက်အအုံထဲမဝင်ခင် ကိုယ်လက်သန့်စင်အောင် ဆေးကြောရတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။ ရှေးခေတ်ကို ပြန်ရောက်သွားသလို၊ သီးခြားကမ္ဘာထဲကို ရောက်နေသလိုနဲ့ ရေနှစ်တဲ့အတွေ့အကြုံက အတော်ကို ထူးခြားလှပါတယ်။
တရားထိုင်တဲ့ အတွေ့အကြုံ —————————
ရေနှစ်ပြီးတဲ့အခါ ကိုယ့်အဝတ်အစားကိုယ်ပြန်လဲပြီး တရားထိုင်တဲ့နေရာကို သွားကြရပါတယ်။ တရားထိုင်ရတဲ့နေရာက ရိုးရိုးအဆောက်အအုံ၊ ရိုးရိုးအခန်းလို မဟုတ်ဘဲ ထူးခြားပါတယ်။ အုတ်ပေါင်း ၂သိန်းခွဲနဲ့ဆောက်ထားတဲ့ တိုင်မပါ အမိုးခုံးအဆောက်အအုံကြီးပါ။ လူပေါင်းရာချီ တပြိုက်နက် တရားကျင့်နိုင်ပါတယ်။ ဒီအဆောက်အအုံထဲမှာ အလှည့်ကျ တရားထိုင်ရတာပါ။ တစ်ခါထိုင်ရင် အနည်းဆုံး မိနစ်၂၀ပါ။ ဒီထက်ပိုထိုင်ချင်ရင်လည်း ရပါတယ်။ ကိုယ့်အသုတ်မရောက်ခင် အရှေ့ကအသုတ်ကို ရပ်စောင့်တဲ့အခါမှာလည်း အားလုံးတိတ်ဆိတ်နေကြရပါတယ်။ အရှေ့ကအသုတ်ထွက်ပြီးတဲ့အခါ အဆောက်အအုံကြီးထဲတန်းစီဝင်ပြီး နေရာယူကြရပါတယ်။
အဆောက်အအုံကြီးရဲ့ ဝင်ပေါက်ကတစ်ပေါက်ထဲပါ။ ပြတင်းပေါက်တွေလည်းမရှိဘဲ ပန်းကန်လုံးကိုမှောက်ထားတဲ့ ပုံစံဆောက်ထားတာပါ။ အလယ်မှာ ရုပ်တုကြီးတစ်ရုပ်ရှိပြီး အဲ့ရုပ်တုကို ဝိုင်းကာ တစ်တန်းပြီးတစ်တန်း ထိုင်ကြရပါတယ်။ အထဲမှာ ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့ လူတစ်ယောက်က မိုက်နဲ့ ဥုံဆိုပြီး Mantra တွေကို သံစဉ်အလိုက် ဖြည်းဖြည်းကျယ်ကျယ် ရွတ်ဖတ်ပေးတာ တအားကို နားထောင်လို့ကောင်းပါတယ်။ လူပေါင်းရာချီရှိပေမဲ့ အားလုံးက ငြိမ်သက်တိတ်ဆိတ်နေကြပြီး အပ်ကျသံမကြားရအောင် တရားမှတ်နေကြပါတယ်။ မိနစ်၂၀ကြာခဲ့ပေမဲ့ ခဏလေးလိုပါပဲ။ အရမ်းကို အေးချမ်းတဲ့ စိတ်ခံစားမှုကို ခံစားရပါတယ်။ နောက်ထပ်ထိုင်ချင်ရင် အဆောက်အအုံထဲ ဆက်ထိုင်နေပြီး နောက်တစ်သုတ်နဲ့ ဆက် Join လို့ရပါသေးတယ်။ နောက်ထပ်ထိုင်ချင်ပေမဲ့လည်း ကိုယ့်အဖွဲ့နဲ့သွားလာရတာဆိုတော့ တစ်ကြိမ်ထဲနဲ့ အတွေ့အကြုံယူပြီး ကျေနပ်လိုက်ခဲ့ရပါတယ်။
လင်ဂါဘာဟီရာဗီနတ်သမီးကျောင်းဆောင် ——————————————– ဝန်းထဲမှာ လင်ဂါဘာဟီရာဗီနတ်သမီးရဲ့ ဘုရားကျောင်းဆိုတာလည်း ရှိပါသေးတယ်။ ဒီယောဂစင်တာကို လာရောက်သူတိုင်း ဝင်ပြီး ဝတ်ပြုတတ်ကြပါတယ်။ ဒီမှာလည်း သူ့အသုတ်နဲ့ သူနေရာယူပြီး ဝတ်ပြုရပါတယ်။ လှူဖွယ်ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ဂါထာမန္တာန်တွေ ရွတ်ဆိုကာ ကပ်ပေးတာ နားထောင်လို့ကောင်း ကြည့်လို့ကောင်းပါတယ်။
ယောဂကျင့်တဲ့အတွေ့အကြုံ —————————
ယောဂစင်တာကို လာလေ့လာသူတွေအတွက် အခမဲ့ ယောဂသင်တန်းတွေလည်း ဖွင့်လှစ်ထားပါတယ်။ ဒီကို ရောက်လာသူတိုင်း လုပ်ကြည့်ကြပါတယ်။ ယောဂကျင့်ရတဲ့ အဆောက်အအုံတွေကလည်း အမိုးမြင့်မြင့်နဲ့ အုတ်စီအဆောက်အအုံတွေဖြစ်ပြီး ထူးခြားပါတယ်။ ယောဂကျင့်ဖျာတွေ အသင့်ခင်းထားပြီး နေရာယူရုံပါပဲ။ အင်္ဂလိပ်စကားပြော ယောဂဆရာမတစ်ယောက်ကနေပြီး အခြေခံကျတဲ့ ယောဂထိုင်နည်း ၅မျိုးလောက်ကို သင်ပေးပြီး လိုက်လုပ်ရပါတယ်။ နည်းမှန်လမ်းမှန်နဲ့ ကျင့်တတ်အောင် ရှေ့က TV ထဲမှာ မှားတတ်တဲ့ ပုံစံတွေကိုလည်း သေချာရိုက်ပြထားပါတယ်။ တော်တော်ကို အညောင်းပြေပြီး ခန္ဓာကိုယ်အတွက် အများကြီးအကျိုးရှိစေတဲ့ ယောဂထိုင်နည်းတွေပါ။
ညအိပ်ညနေတည်းမယ်ဆိုရင် ——————————- ညအိပ်ညနေတည်းခိုကာ တရားထိုင် ယောဂကျင့်လိုသူတွေအတွက် အစားအသောက်အပါ စားရိတ်ငြိမ်း အစီအစဉ်တွေ ဝယ်ယူနိုင်ပါတယ်။ ကိုယ်တွေကို နေ့လည်စာနဲ့ ဧည့်ခံခဲ့တော့ သူတို့ဆီမှာကျွေးတဲ့ အစားအသောက်တွေ မြည်းစမ်းခဲ့ရတယ်။ သက်သက်လွတ်ထမင်းဟင်းတွေ ဖြစ်ပေမဲ့ အရမ်းကို လတ်ဆတ်ပြီး စားကောင်းပါတယ်။ တည်းခိုခန်းတွေကို ဝင်ကြည့်ရာမှာလည်း သန့်ပြန့်ပြီးအဆင့်မြင့်ပါတယ်။ ဟိုတယ်အငယ်စားလောက် Facility ပြည့်စုံပါတယ်။
နိုင်ငံတကာက လုပ်အားပေးတွေ ————————————
ယောဂစင်တာထဲ လုပ်အားပေးသူတွေအတွက်တော့ စင်တာထဲ ကြိုက်သလောက် စားရိတ်ငြိမ်းနေထိုင်ခွင့် ပေးထားပါတယ်။ စင်တာထဲနေရတာ အေးချမ်းလွန်းလို့ ကမ္ဘာတဝန်းကလာရောက်ကာ လုပ်အားပေးသူပေါင်း ၉သန်းကျော်ရှိပြီလို့သိရပါတယ်။ နုမြတ်တို့ သွားရောက်ခဲ့တုန်းက လိုက်ရှင်းပြသူတွေ၊ ယောဂဆရာမတွေဆိုရင် အမေရိကန်တို့၊ ဘရာဇီးတို့လို နိုင်ငံကြီးကလာသူတွေပါ။ ဒီမှာငြိမ်းချမ်းလွန်းလို့ တော်ရုံနဲ့ မပြန်နိုင်ကြဘူးလို့ဆိုပါတယ်။
အစ်ရှယောဂစင်တာကြီးက လူသားတွေရဲ့ အတွင်းစိတ် ငြိမ်းချမ်းဖို့၊ ကျန်းမာပြီး အေးချမ်းတဲ့ဘဝဖြစ်စေဖို့ တည်ဆောက်ဖန်တီးထားတာကြောင့် ကမ္ဘာအနှံ့အပြားက လူတွေကို ဆွဲဆောင်နေတာပါ။ အပတ်တိုင်း လူထောင်ချီလာရောက်ပြီး အတွင်းစိတ်ငြိမ်းချမ်းရာ ရှာကျတာတဲ့လေ။ ဒီလိုနေရာကို ရောက်ဖို့တောင် မပြောနဲ့ ရှိမှန်းတောင် မသိခဲ့တာပါ။ အခုမှသာ ရေစက်ပါပြီး ရောက်ခဲ့ရတာပါ။ ရောက်ခဲ့ရတဲ့ တစ်ရက်တာအတွင်းမှာလည်း ထူးခြားတဲ့ စိတ်ခံစားချက်တွေ၊ အတွေ့အကြုံတွေ၊ ငြိမ်းချမ်းမှုတွေကို ရရှိခဲ့ပါတယ်။
ပြောရမယ်ဆိုရင် ဒီနေရာက မြန်မာနိုင်ငံက တရားရိပ်သာတချို့နဲ့ ဆင်ပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာကတော့ တရားထိုင်တာနဲ့ ယောဂကျင့်တာကို တွဲထားတာပါ။ အဆောက်အအုံတွေကို ရိုးရိုးအဆောက်အအုံတွေ၊ အခန်းတွေလိုမဟုတ်ဘဲတည်ဆောက်ထားပြီးတော့ နိုင်ငံတကာက ညအိပ်ညနေလာရောက် တရားထိုင်သူတွေအတွက်လည်း Facility အပြည့်ထားပေးထားပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာက လူတွေအများကြီး တကူးတကလာရောက်ကာ ငြိမ်းချမ်းမှုရှာကြတာပါ။
ဒီနေရာကို စိတ်ဝင်စားလို့ သွားချင်ရင် ဒီ link ထဲ ဝင်ကြည့်ပြီး စုံစမ်းကြည့်ပါနော်။ https://isha.sadhguru.org/us/en အထဲမှာ ပုံတွေပေးမရိုက်လို့ပုံအတော်များများကိုတော့ အဲ့ဒီကနေပဲယူပြီး တင်ပေးထားပါတယ်။
ဒီအကြောင်းအရာကို စိတ်ဝင်စားရင် Like and Share လုပ်နိုင်ပါတယ်။ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတွေနဲ့ ခရီးစဉ်တွေအကြောင်း ပြောပြဦးမှာမလို့ နုမြတ်ရဲ့ Nu Myat around the World page လေးကို စောင့်ဖတ်နိုင်ပါတယ်နော်။
အားလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ ချစ်ခင်လျှက် Dr.Nu Myat
Like this: Like Loading...