ပျော်ရွှင်ခြင်းနိုင်ငံ ဘူတန်ရဲ့ ထူးခြားချက် (၁၂)ချက် (12 Interesting Facts about Bhutan)

ပျော်ရွှင်ခြင်းနိုင်ငံ ဘူတန်ရဲ့ ထူးခြားချက် (၁၂)ချက်

 

ဘူတန်တဲ့…. ဘူတန်ဆိုတာကြားတာနဲ့တင် အေးချမ်းလှတဲ့ နိုင်ငံလေးကို မြင်ယောင်ကြမှာပါ။ ဒဏ္ဏာရီလာနိုင်ငံလေးတစ်ခုလို ဖြစ်နေတဲ့ နိုင်ငံလေးက တကယ်ဆို ပေါ်လာတာ နှစ်၁၀၀ ပဲ ရှိသေးတာတဲ့လေ။ ဘူတန်မှာ ရှုခင်းတွေက သာယာလှပသလို လူတွေကလည်း ပျော်ရွှင်ငြိမ်းချမ်းနေပုံပေါက်ကြပါတယ်။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြပြီး ဗုဒ္ဓရဲ့ အဆုံးအမကို နာခံကြတာကြောင့်ပါ။ ဒါကြောင့်လည်း ပျော်ရွှင်ခြင်းနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတာပေါ့။

cof

ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်၊ ကမ္ဘာမှာ လူမတက်ရသေးတဲ့အမြင့်ဆုံးတောင်၊ ကမ္ဘာ့တစ်ခုတည်းသော မီးပွိုင့်မရှိတဲ့နိုင်ငံ စတဲ့ ကမ္ဘာ့စံချိန်ချိုးထားတဲ့ နိုင်ငံတစ်ခုလည်းဖြစ်တယ်တဲ့လေ။ ချောမောလှပငယ်ရွယ်တဲ့ ပညာတတ်ဘုရင်နဲ့မိဖုရားတို့ရဲ့ အချစ်ဇာတ်လမ်း၊ ရိုးရာဝတ်စုံတွေဝတ်ပြီး ရိုးရာအိမ်လေးတွေမှာနေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားတွေစတဲ့ ဘူတန်နိုင်ငံရဲ့ ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေရယ်…. သွားလည်သင့်တဲ့နေရာတွေရယ်ကို တင်ပေးလိုက်ပါတယ်နော်။

LRM_EXPORT_267578486840417_20180924_183751814.jpeg

စက်တင်ဘာလတုန်းက Mighty Travels နဲ့ သွားခဲ့တဲ့ ဘူတန်ခရီး Review အတိုချုံးပြီးတင်မယ်စိတ်ကူးပေမဲ့ ဘူတန်နိုင်ငံက တအားစိတ်ဝင်စားဖို့ကောင်းလို့ သေသေချာချာလေးရေးလိုက်တာ နည်းနည်းတော့ ရှည်သွားတယ်။ စိတ်ဝင်စားရင် ဖတ်ကြည့်ကြပါနော်။

LRM_EXPORT_153419686415129_20180929_171915832

(1) ပျော်ရွှင်ခြင်းနိုင်ငံ
————————–

ဘူတန်ကို ပျော်ရွှင်ခြင်းနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတာဟာ ဘူတန်က တခြားနိုင်ငံတွေလို လူတစ်ယောက်ချင်းစီရဲ့ ဝင်ငွေပေါ်မတိုင်းတာဘဲ ပျော်ရွှင်မှုကိုသာတိုင်းတာတဲ့ နိုင်ငံလေးမို့လို့ပါ။ Gross National Happiness (GNH) ကို တိုင်းတဲ့ နိုင်ငံဖြစ်လို့ ဘူတန်မှာတွေ့ရတဲ့ လူအတော်များများ အေးချမ်းပျော်ရွှင်နေကြတာကို တွေ့ရပါတယ်။ ဒါဟာ ချမ်းသာကြွယ်ဝနေလို့မဟုတ်ပေမဲ့ ရောင့်ရဲတင်းတိမ်တတ်တဲ့စိတ်၊ ရိုးရှင်းစွာနေထိုင်တတ်တဲ့စိတ်တွေကြောင့် စိတ်ချမ်းသာ ပျော်ရွှင်ကြရတာပါ။

received_303850437083193.jpeg

(2) မိုးကြိုးနဂါးနိုင်ငံ
————————–

ဘူတန်ရဲ့ အဓိပ္ပါယ်က Land of Thunder Dragon မိုးကြိုးနဂါးတိုင်းပြည် ပါ။ ဘူတန်မှာ မိုးခြိမ်းရင် ကြောက်စရာကောင်းတော့ မိုးခြိမ်းတာက နဂါးတို့ရဲ့ အရိပ်အရောင်လို့ ယူဆကြပြီး ဒီလို နာမည်ပေးခဲ့ကြပါတယ်။ ဒါကြောင့် ဘူတန်ရဲ့ အလံမှာ သာသနာ့အရောင်ဖြစ်တဲ့ အဝါနဲ့လိမ္မော်တြိဂံ ၂ခုဆက်ထားတဲ့အပေါ် နဂါးရုပ်ကြီးထပ်ထားတာပါ။

Bhutan 073.jpg

(3) Tourism ကန့်သတ်ထားတဲ့နိုင်ငံ
—————————————-

ဘူတန်ကိုသွားလည်ချင်ရင် တခြားနိုင်ငံတွေလို Budget Trip သွားလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အစိုးရက Tourist တွေအနေနဲ့ တစ်ရက်ကို US$ 250 (မြန်မာငွေ ၄သိန်းနီးပါး) အနည်းဆုံးသုံးဖို့ ကန့်သတ်ထားလို့ပါ။ အဲ့ထဲမှာ 3 star အဆင့်ရှိတဲ့ ဟိုတယ်၊ အစားအသောက်၊ အကြိုအပို့၊ ဝင်ကြေး အကုန်ပါပါတယ်။ ဒီလိုဈေးတင်ထားရတာဟာ နိုင်ငံထဲကို အပြင်လူတွေအများကြီးဝင်လာရင် ယဉ်ကျေးမှုအမွေအနှစ်တွေ၊ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှာစိုးတာကြောင့်ပါတဲ့။ Idea လေးမဆိုးဘူးနော်။ အဲ့လိုလေး ချေထားလို့လည်း နိုင်ငံကို ပိုစိတ်ဝင်စားလာကြတာပါ။

LRM_EXPORT_266944998228014_20180924_182718325.jpeg

(4) ဘုရင်အုပ်ချုပ်တဲ့နိုင်ငံ
—————————-

ဘူတန်အကြောင်းပြောရရင် ဘူတန် ဘုရင်မိသားစုအကြောင်းချန်ထားလို့မရပါဘူး။ လက်ရှိဘုရင်နဲ့ မိဖုရားရယ်၊ သားတော်လေးရယ်က ချောမွေ့လှပလွန်းလို့ ကမ္ဘာကျော်နေတာပါ။ ဘုရင်ကြီးရဲ့အသက်က ၃၈နှစ်ပဲရှိသေးပြီး မိဖုရားလေးက ဘုရင်ကြီးနဲ့ အသက်(၁၀)နှစ်ကွာပါတယ်။ ၂ယောက်လုံးက ကမ္ဘာကျော်တက္ကသိုလ်တွေက ဘွဲ့ရပညာတတ်တွေတဲ့လေ။ သားတော်လေးဆို အသက် ၃နှစ်ကျော်ကျော်လေးပဲရှိတယ်။ အရမ်းချစ်ဖို့ကောင်းတာပဲ။

LRM_EXPORT_41117295302578_20180920_141736161.jpeg

ဘူတန်နိုင်ငံ က ဘုရင်တွေ အုပ်ချုပ်တဲ့ ဒဏ္ဏာရီလာနိုင်ငံလေးလို ဖြစ်နေပေမဲ့ သက်တမ်းက ပြောရမယ်ဆိုရင် နှစ် ၁၀၀ ပဲရှိသေးတာပါ။ တိဘက်နဲ့ အိန္ဒိယက ပြည်နယ်စုတွေပေါင်းစည်းပြီး Kingdom of Bhutan ဆိုပြီး ၁၉၀၇ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တာပါတဲ့။ ဘုရင်မင်းဆက်ဆိုလည်း အခုမှ ၅ဆက်မြောက်ပဲ ရှိပါသေးတယ်။ ၂၀၀၈ခုနှစ်က နန်းတက်ခဲ့တဲ့ ၅ဆက်မြောက်ဘုရင်နာမည်က ဂျေမီ ခေဆာ နမ်ကျယ် ဝမ်ချူး တဲ့။ ဝမ်ချူမိသားစုကဆင်းသက်လာတော့ အတိုကောက်အနေနဲ့ ဂျေမီဝမ်ချူးကို မှတ်ထားလို့ရတယ်။ ဂျေမီဝမ်ချူးဆိုတာ ဘုရင်တိုင်းမှာရှိတဲ့ နာမည်ပေါ့။ ခလယ်ကနာမည်တွေပဲ ပြောင်းသွားတာပါ။

Bjutan.jpg

(5) ရိုးရာအဆောက်အအုံတွေပဲ ဆောက်ခွင့်ရှိတဲ့နိုင်ငံ
———————————————————-

ဘူတန်မှာထူးခြားတာက အဆောက်အအုံတွေပါ။ ရိုးရာ အဆောက်အအုံတွေနေရာတိုင်းမှာတွေ့ရတယ်။ လေဆိပ်က အစ ရိုးရာအငွေ့အသက်လွှမ်းခြုံနေတယ်။ ဘူတန်မှာ အထပ်မြင့်ဆောက်ခွင့်မရှိဘူး။ အမြင့်ဆုံးမှ ၆ထပ်အထိပဲရှိတာ။ အဆောက်အအုံတွေကိုလည်း ရိုးရာစတိုင်နဲ့ပဲဆောက်ခွင့်ရှိတယ်တဲ့။ International Company တွေ ဟိုတယ်တွေကအစ ထူးခြားပြီး ဆောက်လို့မရဘူးတဲ့လေ။
နောက်သတိထားမိတာတစ်ခုက အိမ်ခေါင်မိုးတွေပေါ် ကျောက်ခဲတွေခင်းထားတာကိုပါ။ ဘူတန်မှာက တောင်ကြားကိုဖြတ်တိုက်လာတဲ့လေက အရမ်းပြင်းလို့ ခင်းထားရတာပါတဲ့လေ။

LRM_EXPORT_18892715282011_20180919_175742674.jpeg

(6) ရိုးရာဝတ်စုံဝတ်ကြတဲ့ နိုင်ငံ
———————————-

ဘူတန်မှာသတိထားမိတာ လူအတော်များများ ရိုးရာဝတ်စုံဝတ်ကြတယ်။ အစိုးရဝန်ထမ်းတွေရယ်၊ ခရီးသွားလုပ်ငန်းလုပ်နေတဲ့သူတွေရယ်၊ ကျောင်းသားကျောင်းသူတွေရယ်အနေနဲ့ ရိုးရာဝတ်စုံကို မဝတ်မနေရလို့ သတ်မှတ်ထားကြတယ်။received_677118129338680ဘူတန်ရိုးရာဝတ်စုံတွေမှာ ယောကျာ်းဝတ်ကို Gho ဂိုလို့ခေါ်တယ်။ ဂါဝန်လိုလို၊ ကုတ်အရှည်လိုလိုအပေါ်ဝတ်ကို အောက်ကဘောင်းဘီရှည်မဝတ်ဘဲ ခြေအိတ်အရှည်ရယ် ရှူးဖိနပ်ရယ်နဲ့တွဲဝတ်ရတာပါ။

LRM_EXPORT_2559842033461_20180919_203834803.jpeg
မိန်းမဝတ်ကိုတော့ Kira ကီရာလို့ခေါ်ပါတယ်။ ရှမ်းဝတ်စုံနဲ့ဆင်ပြီး ပိုးလို ဖဲလိုခပ်ပြောင်ပြောင်အစနဲ့ အပေါ်ဝတ်အင်္ကျီလက်ရှည်ကို အောက်က ထမီလိုရိုးရာအစနဲ့တွဲဝတ်တာပါ။ ထမီနဲ့ဆင်ပေမဲ့ ဝတ်ပုံဝတ်နည်းမတူပါဘူး။ အနောက်ကနေပြန်ပတ်ပြီး ကပ်ခွာတွေရော ချိတ်တွေရောသုံးပြီးဝတ်ရပါတယ်။ ဝတ်စုံတွေကလည်း ဈေးအမျိုးမျိုးရှိတယ်။ ထမီအဆင်တွေက လက်နဲ့ယက်ကြတာဆိုတော့ ဈေးကြီးကြတယ်။ တစ်စုံကို တစ်သိန်းဝန်းကျင်လောက်ရှိတယ်။ တစ်ထည်ကို ၂၃သိန်းတန်ထမီတောင်တွေ့ခဲ့ရပါတယ်။

 

Mighty Travels က ဧည့်သည်တွေကို ရိုးရာဝတ်စုံတွေ တစ်စုံဆီ လက်ဆောင်ပေးတာဆိုတော့ သင်ဖူးပွဲတော်သွားတက်တဲ့အခါ ကိုယ်တွေက ရိုးရာဝတ်စုံကို ဝတ်ပြီး ပွဲတက်ခဲ့ကြတယ်။ ဒါပေမဲ့ ရိုးရာဝတ်စုံဝတ်မယ်ဆိုရင် ဖြစ်ကတတ်ဆန်းပေးမဝတ်ပါဘူး။ ဝတ်စုံပြည့်ဝတ်မှ ရမှာတဲ့။ ဥပမာ- မိန်းကလေးတွေဆို အပေါ်ကရိုးရာပုဝါတင်ပြီး ဝတ်ရတယ်။ ယောကျာ်းလေးတွေဆိုလည်း ခြေအိတ်ရှည်နဲ့ဝတ်ရတယ်။ ဝတ်စုံပြည့်မဝတ်ရင် မလေးစားရာကြတယ်ဆိုလို့ လိုအပ်တဲ့ Accessories တွေထပ်ဝယ်ခဲ့ပြီး ဝတ်စုံပြည့်ပွဲတက်ခဲ့ကြပါတယ်။

(7) ဘာသာရေးလိုက်စားတဲ့ နိုင်ငံ
————————————-

ဘူတန်က ဘာသာရေးကို လေးလေးနက်နက်ယုံကြည်ကြပါတယ်။ မဟာယာန ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံဖြစ်ပြီး တချို့ကျေးရွာတွေမှာ နတ်ကိုးကွယ်တာလည်းတွေ့ခဲ့ရပါတယ်။ သာသနာပိုင်းမှာ ခေါင်းဆောင်ဆရာတော်က ဘုရင့်လောက်နီးနီး သြဇာရှိပါတယ်။ ဗုဒ္ဓဘာသာကိုယုံကြည်သက်ဝင်တဲ့နိုင်ငံ ဖြစ်တဲ့အလျောက် Criminal Case လည်း အရမ်းနည်းပါတယ်။

received_481242262382167.jpeg

ဘူတန်စေတီက လေးထောင့်ပုံစံ စေတီပါ။ စေတီကို ချော်တန် လို့ခေါ်ပါတယ်။ အောက်ဆုံးလေးထောင့်ပုံက မြေကြီးဓာတ်ဖြစ်ပြီး အပေါ်မှာ ရေဓာတ်၊ မီးဓာတ်၊ လေဓာတ် အဆင့်ဆင့်တင်ထားတာပါ။ အောက်ဆုံးလေးထောင့်က လောကစောင့်နတ်ကြီးလေးပါးကို ကိုယ်စားပြုပါတယ်။ အပေါ်က စေတီအဝိုင်း လေးခုက ပွင့်ပြီးသားဘုရားလေးဆူကို ကိုယ်စားပြုပြီး ၁ခုပဲဆို နောင်ပွင့်မယ့်ဘုရားကို ကိုယ်စားပြုပါတယ်။ ဘုရားစေတီတွေကိုပတ်မယ်ဆိုရင် လက်ယာရစ် ပတ်လေ့ရှိကြပါတယ်။

LRM_EXPORT_20877136746292_20180919_185103626.jpeg

LRM_EXPORT_2528047084508_20180919_203803008.jpeg

Prayer Wheel လို့ခေါ်တဲ့ လက်နဲ့လှည့်ရတဲ့ ခေါင်းလောင်းတွေရယ်၊ Prayer Flag လို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေကိုနှင်တဲ့ ဂါထာမဌာန်တွေရေးထားတဲ့ အလံအဖြူ or အလံရောင်စုံတွေရယ်ကိုလည်း နေရာအတော်များများမှာတွေ့ရလေ့ရှိပါတယ်။

LRM_EXPORT_202267443005592_20180923_135017153.jpeg

(8) သက်ရှိတွေ ကာကွယ်တဲ့ နိုင်ငံ
————————————–

ဘူတန်မှာ အပင်ရော၊ တိရစ္တာန်ရော လွတ်လပ်စွာရှင်သန်ခွင့်ရှိတယ်။ အပင်တွေကို သက်ရှိလို့ သတ်မှတ်တဲ့အတွက် ဘူတန်ရောက်ရင် ပန်းတွေလှလို့မခူးပါနဲ့။ အာပတ်သင့်ပါလိမ့်မယ်။

ဘူတန်မှာ အကောင်တွေသတ်တာကိုလည်း ပြင်းပြင်းထန်ထန်တားမြစ်ပါတယ်။ ရှားပါးတိရစ္ဆာန်ဖြစ်တဲ့ ဘူတန်မှာပဲ တွေ့ရတဲ့ လည်တံမည်းကြိုးကြာငှက်ကို သတ်ရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျတဲ့အထိ အပစ်ကြီးပါတယ်။ အဲ့ငှက်တွေ ကျက်စားလေ့ရှိတဲ့နေရာမှာဆို အစားအသောက်ကောင်းအောင် ရေမြေထိန်းသိမ်းပေးထားတာတဲ့။ ငှက်တွေထိခိုက်မှာဆိုးလို့ အဲ့နေရာတဝိုက် ဓာတ်ကြိုးတွေတောင် သွယ်ခွင့်မရှိဘဲ မြေအောက်ကနေသွယ်ရတယ်တဲ့လေ။

LRM_EXPORT_22983226696491_20180919_193934909.jpeg

LRM_EXPORT_22529886120519_20180919_193201569.jpeg

(9) ကမ္ဘာပေါ်မှာလူမတက်ရသေးတဲ့ အမြင့်ဆုံးတောင်ရှိတဲ့ နိုင်ငံ
———————————————————————–

Buhtan အမြင့်ဆုံးတောင်ထိပ် Gangkhar Puensum က ကမ္ဘာပေါ်မှာ ၄၀ခုမြောက်အမြင့်ဆုံးတောင်ပါတဲ့။ ဒါပေမဲ့ ကမ္ဘာပေါ်မှာလူမတက်ရသေးတဲ့တောင်ထိပ်မှာ အမြင့်ဆုံးပါပဲ။ ဘာကြောင့်လည်းဆိုတော့ ဘူတန်တွေက အယူသည်းပြီး တောင်ပေါ်ပေးမတက်တာကြောင့်ပါ။ လူတွေတောင်ထိပ်ပေါ်တက်ရင် ရာသီဥတုပျက်မယ်၊ စိုက်ပျိုးရေးမဖြစ်ထွန်းဘဲ အစာရေစာခေါင်းပါးမယ်ဆိုပြီး အယူရှိလို့ပေးမတက်တာပါတဲ့။

LRM_EXPORT_142932840937042_20180922_062528328.jpeg

(10) ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်ရှိတဲ့ နိုင်ငံ
—————————————————-

ဘူတန်ကိုသွားချင်ရင် တိုက်ရိုက်သွားလို့ မရပါဘူး။ ဘန်ကောက်ကတဆင့် Butan Airlineနဲ့ သွားရပါတယ်။ ဘန်ကောက်ကနေ ဘူတန်အသွားလေယာဉ်မှာ ဘယ်ဘက်ထိုင်ခုံရအောင်တောင်းပါ။ ရာသီဥတုသာယာရင် လမ်းမှာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို လေယာဉ်ပေါ်က လှမ်းမြင်ရပါလိမ့်မယ်။ ဘူတန်ရဲ့ တစ်ခုတည်းသော အပြည်ပြည်ဆိုင်ရာလေဆိပ် Paro Airport က ကမ္ဘာ့ဆင်းရအခက်ဆုံးလေဆိပ်တွေထဲက တစ်ခုပါ။ တောင်တွေကို ဖြတ်ပြီး တောင်ကြားထဲက လေဆိပ်ကို ဆင်းရတာ ပညာသားပါပါတယ်။ Well Trained Pilot တွေသာဆင်းနိုင်တာပါ။ ဒါကြောင့်လည်း လေဆိပ်ကို ချောချောမွေ့မွေ့ဆိုက်ရောက်တဲ့အခါ လေယာဉ်စီးခရီးသည်တွေ လက်ခုပ်တီး ဂုဏ်ပြူကြတာကို တွေ့ခဲ့ရတာပါ။

dav

(11) မီးပွိုင့်မရှိတဲ့ နိုင်ငံ
————————–

ကမ္ဘာပေါ်မှာ မီးပွိုင့်မရှိတဲ့ နိုင်ငံကိုပြပါဆို ဘူတန်ကိုပဲပြရမှာပါ။ ဘူတန်မြို့တော် သင်ဖူးက ကမ္ဘာပေါ်မီးပွိုင့်မရှိတဲ့ မြို့တော်၂ခုထဲကတစ်မြို့ပါ။ နောက်တစ်မြို့ကတော့ မြောက်ကိုရီးယားမြို့တော် ပြုံးယမ်းပါတဲ့။ သင်ဖူးမြို့မှာ မီးပွိုင့်မရှိတော့ ကားအရမ်းရှုပ်တဲ့ လမ်းဆုံလမ်းခွတစ်ခုမှာတော့ ယဉ်ထိန်းရဲတစ်ယောက်ကို တာဝန်ချထားရပါတယ်တဲ့လေ။

LRM_EXPORT_179343300871590_20181024_224249924.jpeg

(12) TV နဲ့ Internet နောက်အကျဆုံးသုံးတဲ့ နိုင်ငံ
——————————————————-

ဘူတန်မှာအရင်တုန်းက TVနဲ့ အင်တာနက်တွေကို ပိတ်ပင်တားမြစ်ထားပြီး လွန်ခဲ့တဲ့ ၁၉နှစ်ကျော် ၁၉၉၉ခုနှစ်မှာမှ TV တွေ Internet တွေ အသုံးပြုခွင့်ပေးလိုက်တာတဲ့လေ။

LRM_EXPORT_201866006541070_20180923_134335716

 

————————–
Quick Facts
————————–

• အိမ်နီးချင်းနိုင်ငံ – တရုတ်နဲ့ အိန္ဒိယ
• လူဦးရေ – ၇သိန်းကျော်
• မြို့တော် – သင်ဖူး
• ငွေကြေး – Nu နူ လို့ခေါ်ပါတယ်။ ၁ နူကိုမြန်မာငွေ ၂၂ကျပ်ကျပါတယ်။
• ရာသီဥတု – နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်း ဆိုပြီး ၄မျိုးရှိပါတယ်။ ကိုယ်တွေရောက်ခဲ့တဲ့ Spetember လကတော့ နွေအကုန် ဆောင်းဦးအကူး ကာလမို့လို့ အရမ်းမပူဘဲနေလို့ကောင်းပါတယ်။
• National Flower – တောင်ဇလပ်မျိုးနွယ်ဖြစ်ပြီး မေလလောက်ပွင့်လေ့ရှိပါတယ်။ Blue Poppy လို့ခေါ်တဲ့ ဘိန်းပန်းကိုလည်း National Flower အဖြစ်သတ်မှတ်ထားကြပါတယ်။
• National Animal – သားမင်းလို့ခေါ်တဲ့ နွားကိုယ်ဆိတ်ခေါင်းရှိပြီး ဒဏ္ဏာရီနဲ့ ဆက်စပ်တဲ့အကောင်ပါ။ အဲ့လိုအကောင်က ကမ္ဘာပေါ်မှာ ၄နိုင်ငံပဲရှိတာတဲ့။ မြန်မာ၊ နီပေါ၊ တရုတ်၊ ဘူတန်မှာပဲ တွေ့ရတာတဲ့လေ။
• National Bird – တောကျီးကန်းပါ။ ဘုရင်တွေဆောင်းတဲ့ ဥသျှောင်ထိပ်မှာတွေ့ရတဲ့ အကောင်ပါ။
• National Tree – Cyprus အပင်

dav

အုပ်ချုပ်ရေး
————————–
အုပ်ချုပ်ရေးကတော့ Democracy & Constitutional Monarchy စနစ်နဲ့အုပ်ချုပ်ပါတယ်။ သူတို့ဆီမှာလွှတ်တော်ရှိပေမဲ့ ဘုရင်ကိုချစ်ကြောက်ရိုသေလို့ ဘုရင်ရဲ့ ဆုံးဖြတ်ချက်ကို အတည်ယူပါတယ်။

ကာကွယ်ရေး
————————–
ကာကွယ်ရေးပိုင်းအနေနဲ့ စစ်တပ်က ကိုယ်ပိုင်စစ်တပ်ရှိပေမဲ့ အိန္ဒိယကစစ်တပ်ကို အဓိကအားထားပါတယ်။ ကာကွယ်ရေးသာမက စီးပွားရေးမိတ်ဖက်အနေနဲ့ India ကို တည့်အောင်ပေါင်းထားပါတယ်။ အိန္ဒိယကို Hydro Power ရေအားလျှပ်စစ်ပြန်ရောင်းပေးပါတယ်။ တိဘက်ကို တရုတ်ကသိမ်းပြီးနောက် တရုတ်ကိုကြောက်သွားတာကြောင့် India နဲ့ မဟာမိတ်ဖွဲ့ထားတာပါတဲ့လေ။

rhdr

စီးပွားရေး
————————–
နိုင်ငံရဲ့ အဓိကစီးပွားရေးက Tourism ပါ။ ရေစီးသန်တဲ့မြစ်တွေရှိလို့ ရေအားလျှပ်စစ်ရောင်းပြီးလည်း ဝင်ငွေရပါတယ်။ နိုင်ငံရဲ့ 60%က တောယာတွေမို့လို့ စိုက်ပျိုးရေးလည်း ဖြစ်ထွန်းပါတယ်။

LRM_EXPORT_40326937936032_20180920_140425804.jpeg

ရိုးရာအစားအစာ
————————–
ကိုယ်တွေလိုမျိုး ထမင်းနဲ့ဟင်းစားပါတယ်။ သူတို့အစားအစာတွေက တရုတ်စာတွေနဲ့ဆင်ပေမဲ့ အသားအစားနည်းပါတယ်။ နိုင်ငံထဲမှာ အသားသတ်လို့မရတော့ အသားကို India နဲ့ Nepal ကနေ တင်သွင်းလေ့ရှိကြတယ်တဲ့လေ။ ဟင်းသီးဟင်းရွက်က ရေခံမြေခံကောင်းတော့အရမ်း လတ်ဆတ်ပါတယ်။ ချိစ်လည်း အစားများတယ်။ Yakလို့ခေါ်တဲ့ တိဘက်နွားနို့ကနေရတဲ့ ချိစ်ကို စားကြတယ်။


အကြိုက်ဆုံးကတော့ ဟီမာတာချီ လို့ခေါ်တဲ့ ငရုတ်သီး-ချိစ်ချက်ပါ။ ငရုတ်သီး ငပိချက်ဟုတ်ဘူး။ ချိစ်ချက်။ ငရုတ်သီးအတောင့်အစိမ်းကို ခွဲပြီး ချိစ်နဲ့ရောချက်စားတာ အီအီစပ်စပ်လေးနဲ့ကောင်းမှကောင်း။
ဘူတန်မှာ ကွမ်းလည်း စားကြတယ်။ ကွမ်းကိုဆေးတွေမထည့်ဘဲ ကွမ်းရွက်နဲ့ ကွမ်းသီးပဲစားကြတာပါ။ ဘူနန်ကွမ်းကို Dolma လို့ခေါ်ပါတယ်။

ဘာသာစကား
————————–
Dzongkha လို့ခေါ်တဲ့ ဘာသာစကားသုံးလေ့ရှိပြီး တခါတလေ နီပေါစကားပြောတတ်ကြပါတယ်။ အတော်များများက English လိုလည်း ပြောတတ်ကြတာကို တွေ့ခဲ့ရပါတယ်။ အသုံးဝင်မယ့် စကားစုတွေကတော့
• မင်္ဂလာပါ – ဂူဇူဇမ်ဘိုလာ
• ကျေးဇူးတင်ပါတယ် – ကတ်သရင်းချေလာ
• နှုတ်ဆက်တဲ့အခါ – ကံကောင်းပါစေ – တာချီတလဲ

LRM_EXPORT_201443678814572_20180923_133633388

————————–
ဘယ်တွေလည်မလဲ
————————–

ဘူတန်က ဟိမဝန္တာတောင်ကြောတွေပေါ်တည်ထားတဲ့ နိုင်ငံဆိုတော့ မြို့လေးတွေကလည်း အေးချမ်းလှပါတယ်။ တောင်ကြားထဲ စီးဆင်းနေတဲ့ မြစ်တလျှောက် လမ်းဖောက်ထားတဲ့ ကားလမ်းအတိုင်း တစ်မြို့နဲ့ တစ်မြို့ကို ကားနဲ့သွားရပါတယ်။ ကားမူးတတ်တဲ့သူတွေဆိုရင်တော့ Novomin တို့လို အမူးအမော်ပျောက်ဆေးတွေ ဆောင်ထားသင့်ပါတယ်။
မြို့တွေမှာတော့ ဖူးမြော်စရာ စေတီတွေ၊ ဘုရားကျောင်းတွေ၊ ဗိမာန်တော်တွေရှိကြတယ်။ ဘူတန်ကို အဓိကသွားတာကတော့ ရှုမြော်ခင်းတွေနဲ့ သူတို့ရဲ့ Unique Culture ကြောင့်ပါ။ ဘူတန်ရောက်ခဲ့တဲ့ ၄ရက်အတွင်း မြို့၃မြို့ရောက်ခဲ့တယ်။ အဲ့ဒီ ၃မြို့နဲ့ လည်ပတ်စရာနေရာတွေကတော့….

ပါရိုမြို့
————————–

ဘူတန်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိတဲ့တစ်ခုတည်းသောမြို့ပါ။ ဘူတန်ကိုလာချင်ရင် ဒီမြို့ကိုအရင်ဆုံးရောက်ပါလိမ့်မယ်။ ဘူတန်ရဲ့ အထင်ကရ Tiger Nest ကျားသိုက်ကျောင်းတော်ကြီးရှိတဲ့ မြို့ဆိုလည်း မမှားပါဘူး။ Tiger Nest က ကျောက်တောင်ကြီးရဲ့ ကမ်းပါးမှာ ၁၆ရာစုခန့်ကတည်ဆောက်ခဲ့တဲ့ ဘုန်းကြီးကျောင်းပါ။ ဘုန်းကြီးကျောင်းရောက်ဖို့ တောင်တက်လမ်းအတိုင်း ၄-၅နာရီလောက်ကြာ အတက်အဆင်းလုပ်ရတာဆိုတော့ ခြေထောက်မကောင်းတဲ့ လူကြီးတွေအနေနဲ့တော့ သွားဖို့ မသင့်တော်ပါဘူး။ မသွားနိုင်ရင် အဲ့ဒီအစားမြို့ထဲက အထင်ကရနေရာတွေကို လိုက်ပို့ပေးပါတယ်။ မြင်းနဲ့လမ်းရဲ့ ၃ပုံတစ်ပုံလောက်တော့တက်လို့ရပေမဲ့ ကျန်တာက လမ်းလျှောက်တက်ရပါတယ်။ မြင်းနဲ့ဆင်းလို့လည်းမရပါဘူး အတက်ပဲရတာပါ။

LRM_EXPORT_200213670518405_20180923_130158021

သင်ဖူးမြို့
————————–

သင်ဖူးကတော့ လက်ရှိမြို့တော်ဖြစ်ပြီး နွေရာသီမြို့တော်လို့လည်းခေါ်ကြပါတယ်။ ရာသီဥတုက အေးစိမ့်စိမ့်လေးရှိတာကြောင့်ပါ။ သင်ဖူးမှာ ဘူတန်ဘုရင်နန်းတော်နဲ့ သင်ဖူးဗိမာန်တော်၊ အောက်မေ့ဖွယ်စေတီ၊ Changnakha ဘုန်းတော်ကြီးကျောင်း၊ အကြီးဆုံး ထိုင်တော်မူကြေးသွန်းဘုရား၊ သားမင်းတွေမွေးမြူထားတဲ့ ဥယျာဉ်တွေဆီ သွားရောက်လေ့လာနိုင်ပါတယ်။

rhdr

ဘူတန်မှာပွဲတော်တွေကို နိုင်ငံအနှံ့ လစဉ်ကျင်းပတာ သင်ဖူးမြို့တော်မှာ ကျင်းပတဲ့ သင်ဖူပွဲတော်ကတော့ အကြီးကျယ်အခမ်းနားဆုံးပေါ့။ မြို့တော်မှာကျင်းပတဲ့ပွဲဆိုတော့ တချို့နှစ်တွေမှာ ဘုရင်ကိုယ်တိုင်ကြွလာပြီး အားပေးလို့ ကံကောင်းရင် ဘုရင်ကိုတောင် တွေ့နိုင်ပါတယ်။

oznor

ကိုယ်တွေသွားတဲ့အချိန်နဲ့ ကြုံလို့ သင်ဖူးပွဲတော်တက်ရောက်ခဲ့သေးတယ်။ တကယ့်ကို ဒဏ္ဏာရီထဲ ရောက်သွားသလိုပါပဲ။ မြို့နေလူတွေရော အနီးအနားရွာကလူတွေပါ ပွဲတော်ကို ရိုးရာဝတ်စုံကိုယ်စီနဲ့ ဝတ်ကောင်းစားလှတွေ ဝတ်ပြီး လာတက်ကြတာ ဘူတန်အကယ်ဒမီပေးပွဲရောက်နေသလိုပဲ။ မြင်မြင်သမျှလှနေကြတာ။ ပွဲတော်မှာ တစ်နေကုန် အကအလှတွေနဲ့ ဖျော်ဖြေတော့ ပွဲတော်လာတဲ့ ပရိသတ်တွေလည်း ဝင်လာမစဲ တသဲသဲရယ်ပေါ့။ ဘူတန်သွားမယ်ဆိုရင် ပွဲတော်ရက်နဲ့ တိုက်သွားဖို့ အကြံပေးချင်ပါတယ်။ တကယ့်ကို ဆန်းသစ်တဲ့ အတွေ့အကြုံကို ခံစားရမှာပါ။

cof

ပူနားခါး
————————–

ပူနားခါးမြို့ကတော့ ၁၉၅၅ခုနှစ်အထိ မြို့တော်ဖြစ်ခဲ့တဲ့ မြို့လေးဖြစ်ပြီး အခုချိန်မှာတော့ ဆောင်းရာသီမြို့တော်လို့ တင်စားထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆောင်းရာသီတခြားနေရာမှာအေးနေတဲ့အခါ ဒီမှာနွေးနေတတ်တာကြောင့်ပါ။


ဖိုချူးနဲ့ မိုချူး အဖေမြစ်နဲ့ အမေမြစ်ဆုံရာ နေရာမှာ ရှိတဲ့ ပူနားခါးက ဂျုံ (Dzhong)လို့ခေါ်တဲ့ ကျက်သရေဆောင်ဗိမာန်တော်ကြီးကတော့ လှလွန်းလို့ ပို့စကတ်တွေမှာ ခဏခဏမြင်ရတဲ့ အဆောက်အအုံပါ။ ဘုရင်မင်းဆက် အဆက်ဆက်က Cronation နန်းတက်ပွဲ၊ လက်ထပ်ထိမ်းမြားပွဲတွေကျင်းပရာနေရာဖြစ်သလို သာသနာ့ နာယကကျောင်းထိုင်ရာ ကျောင်းလည်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဆောက်အအုံ၊ ခံတပ်၊ နန်းတော်အနေနဲ့ အသုံးပြုခဲ့ကြတဲ့နေရာပါ။ သူတို့လူမျိုးတွေအနေနဲ့ ဂျုံထဲဝင်ရောက်တဲ့အခါ အရိုအသေပေးတဲ့အနေနဲ့ ရိုးရာဝတ်စုံပေါ် အဖြူရောင်ပုဝါကိုပတ်ပြီးဝင်ကြတာကိုတွေ့ခဲ့ရပါတယ်။

LRM_EXPORT_22637160126752_20180919_193348843.jpeg

သားဆုပန်နတ်ကွန်း
————————–

ပူနားခါးမြို့နားမှာ သားသမီးရအောင် ဆုပန်တဲ့ နတ်ကွန်းတစ်ခုရှိတယ်။ အဲ့နတ်ကွန်းရှိတဲ့ ရွာလေးကလည်း အရမ်းထူးဆန်းတာပဲ။ ရိုးရာအိမ်တွေရဲ့ နံရံတွေမှာ အမျိုးသားလိင်အင်္ဂါပုံကို ကာတွန်းပုံ၊ ပန်းချီပုံ အရောင်စုံဆွဲပြီး အလှဆင်ထားကြတာ။ သားသမီးရဖို့ အဆောင်အယောင်လို့ သဘောထားပြီး အလှဆင်ထားတာတဲ့။ ပုံတူရုပ်တု လေးတွေတောင် Size စုံ၊ အရောင်စုံ ရောင်းလို့ အမှတ်တရ ဝယ်သွားလို့ရတယ်နော့။

rhdr

rhdrFB_IMG_1545901254672

LRM_EXPORT_41229950990582_20180920_141928817.jpeg

Dochular Pass
————————–

ပါရိုကနေ ပူနားခါး အသွားလမ်းမှာရှိတဲ့ တောင်ပေါ်မှာတည်ထားတဲ့ ဘူတန်ရိုးရာ လေးထောင့် စေတီ ၁၀၈ဆူပါ။ တတိယဘုရင်က ဆေးလိပ်အရမ်းသောက်လို့ အဆုတ်ကင်ဆာရောဂါဝေဒနာခံစားရတဲ့အခါမှာ ဘုရင်ကြီးကျန်းမာရေးအတွက်ရည်စူးပြီး စေတီတွေတည်ထားခဲ့ကြတာပါ။ ဘုရင်ကြီးဆုံးပြီးနောက် သားတော် စတုတ္ထဘုရင်လက်ထက်မှာ ဆေးလိပ်ကို စိတ်နာလို့ ဆေးလိပ်နဲ့ ပတ်သက်ပြီး ပိတ်ပင်တားမြစ်ခဲ့ကြတယ်တဲ့လေ။ ဒီတောင်ပေါ်ဘုရားနားက စားသောက်ဆိုင်က ရှုခင်းတွေလှသလို စားလို့လည်း သိပ်ကောင်းပါတယ်။ ရာသီဥတုသာယာတဲ့အခါ ဒီတောင်ပေါ်ကနေ ဘူတန်ရဲ့ အမြင့်ဆုံးတောင်ထိပ်အပါအဝင် နှင်းတွေဖုံးနေတဲ့ တခြားတောင်ထိပ်တွေကိုပါ လှမ်းမြင်ရပါတယ်။

LRM_EXPORT_142949252074018_20180922_062544738.jpeg

ဒါကတော့ စက်တင်ဘာလတုန်းက သွားရောက်ခဲ့တဲ့ ဘူတန်ခရီးစဉ်မှာတွေ့ခဲ့ ကြုံခဲ့ရတာလေးတွေရယ်၊ စိတ်ဝင်စားဖို့ကောင်းတာလေးတွေရယ်ကို ပြန်ပြောပြထားတာပါ။ ပုံလေးတွေမှာလည်း ရှင်းပြထားလို့ ဝင်ကြည့်ကြပါနော်။ နုမြတ်တို့ မိသားစုကတော့ ဒီတစ်ခေါက်ဘူတန်ခရီးကို ဘူတန်ခရီးစဉ်တွေ စီစဉ်လေ့ရှိတဲ့ Mighty Days နဲ့သွားခဲ့တာပါ။ နောက်ထပ်လည်း ခရီးစဉ်တွေ ထွက်ဖို့ရှိတော့ စိတ်ဝင်စားရင် Mighty Days မှာ စုံစမ်းနိုင်ပါတယ်နော်။

သီတင်းကျွတ်အခါသမယမှာ ပျော်ရွှင်ကြည်နူးချမ်းမြေ့ကြပါစေ
ချစ်ခင်လျှက်
မနုမြတ်
Nu Myat around the World

LRM_EXPORT_153419686415129_20180929_171915832

ဩစတြေးလျမှ ရှားပါးတိရစ္ဆာန်လေးများ (Unique Animals from Australia)

ဩစတြေးလျမှ ရှားပါးတိရစ္ဆာန်လေးများ

IMG_4939

Australia နိုင်ငံက ရှားပါးတိရစ္ဆာန်လေးများ
ကမ္ဘာ့နိုင်ငံအသီးသီး၌ နိုင်ငံတော်ကိုယ်စားပြု တိရစ္ဆာန်များ အသီးသီး သတ်မှတ် ထားလေ့ရှိပါ၏။ ဥပမာအားဖြင့်ဆိုရသော် အမေရိကန်နိုင်ငံ၌ သိမ်းငှက်၊ ယူကေနိုင်ငံ၌ ခြသေ့ၤ၊ စပိန်နိုင်ငံ၌ နွားရိုင်း၊ အိန္ဒိယနိုင်ငံ၌ ကျား၊ တရုတ်နိုင်ငံ၌ ပန်ဒါ ဝက်ဝံ၊ ထိုင်းနိုင်ငံ၌ ဆင်၊ ရုရှားနိုင်ငံ၌ ဝက်ဝံ၊ ပေါ်တူဂီနိုင်ငံ၌ ကြက်ဖ၊ သြစတြေးလျနိုင်ငံ၌ သားပိုက်ကောင် စသဖြင့် နိုင်ငံတော်ကိုယ်စားပြု တိရစ္ဆာန်များကို သတ်မှတ်ထား ကြပါ သည်။ ၎င်းတို့အနက် သြစတြေးလျနိုင်ငံ၏ ကိုယ်စားပြုတိရစ်္ဆာန် သားပိုက်ကောင်မှာမူ သြစတြေးလျ၌သာ တွေ့ရသော ရှားပါးသတ္တဝါဖြစ်၍ သြစတြေးလျဟု ပြောလိုက် သည်နှင့် သားပိုက် ကောင်နှင့် တွဲမြင်ကြရသည်အထိ ကျော်ကြားလှပါသည်။

ရင်သွေးငယ်များကို ရင်ဝယ်ပိုက်ထားတတ်ပြီး နောက်ခြေနှစ်ချောင်းကိုသာ သုံး ကာ ခုန်ဆွ ခုန်ဆွဖြင့် သွားလာတတ်သည့် သားပိုက်ကောင်လေးများသည် သြစတြေး လျနိုင်ငံ၏ ယဉ်ကျေးမှုအခန်းကဏ္ဍ၌ အရေးပါသလို နိုင်ငံတော်သင်္ကေတအဖြစ်လည်း သတ်မှတ်ထားကြပါ၏။ အစိုးရရုံးဌာနများ၌ အသုံးပြုသည့် တံဆိပ်များတွင် နိုင်ငံ တော်ငှက် အီမူးငှက်နှင့်အတူ ပုံဖော်ထားသလို အကြွေစေ့များတွင်လည်း သားပိုက် ကောင်ပုံများကို အသုံးပြုလေ့ရှိပါ၏။သားပိုက်ကောင်ကဲ့သို့ ကမ္ဘာကျော်ပြီး အရေးပါ သည့် သြစတြေးလျတိုက်၏ ရှားပါးသတ္တဝါနောက်တစ်မျိုးမှာ ကိုအားလား (Koala) ဝက်ဝံလေးများပင် ဖြစ်သည်။ ဝက်ဝံအမျိုးအစားမဟုတ်သော်လည်း ပုံသဏ္ဌာန် အားဖြင့် ဝက်ဝံလေးများကဲ့သို့ ပုပုလုံးလုံး၊ အမွေးပွပွ၊ ခေါင်းကြီးကြီး၊ နားရွက်ကားကားနှင့် အမြီးမပါသည့် အကောင်လေး များဖြစ်၍ ချစ်စဖွယ်ကောင်းကာ နာမည်ကျော်လှပါသည်။ ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် သြစတြေးလျတိုက်သို့ တကူးတကသွားကာ ထို သတ္တ္တဝါလေးများကို ကြည့်လေ့ရှိကြသည်အထိ သြစတြေးလျနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကို အထောက်အကူပြုလျက်ရှိနေပါ၏။

ကျွန်မတို့သည်လည်း သြစတြေးလျနိုင်ငံသို့ ရောက်ခဲ့စဉ်က အခြားကမ္ဘာလှည့် ခရီးသည်များနည်းတူ ထိုရှားပါးသတ္တ္တဝါလေးများကို မြင်တွေ့ဖူးလိုသော ဆန္ဒဖြင့် ဘရစ် ဘိန်းမြို့အနီးရှိ လုံပိုင်း (Lone Pine) ကိုအားလားဘေးမဲ့တောတိရစ္ဆာန်ဥယျာဉ်သို့ သွားရောက်လေ့လာဖြစ်ခဲ့ပါ၏။ ဘရစ်ဘိန်းမြို့မှ မိနစ် ၂၀ ကြာ ကားဖြင့် သွား ရောက်နိုင် သည့် ထိုလုံပိုင်းဥယျာဉ်ကို ၁၉၂၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အကျယ် အဝန်းအားဖြင့် ဧကပေါင်း ၄၄ ဧက ကျယ်ဝန်းသဖြင့် ကမ္ဘာ့သက်တမ်းအရင့်ဆုံးနှင့် အကြီးဆုံးကိုအားလား ဘေးမဲ့တောအဖြစ် သတ်မှတ်ထားကြပါသည်။

ထို့ပြင် ထိုလုံပိုင်းဥယျာဉ်သည် ကမ္ဘာပေါ်၌ ကိုအားလားအကောင်လေးများကို အခမဲ့ ထိတွေ့ကိုင်တွယ်နိုင်သည့်၊ ဖက်၍ ဓာတ်ပုံရိုက်နိုင်သည့် အနည်းငယ်သော တိရစ္ဆာန် ဥယျာဉ်များအနက် တစ်ခုဖြစ်၍လည်း နာမည်ကျော်ခြင်းဖြစ်သည်။ ကိုအားလားအကောင်လေးများကို ထိတွေ့ကိုင်တွယ်ခြင်း၊ ဓာတ်ပုံတွဲရိုက်ခြင်းတို့ကို အခမဲ့ ပြုလုပ်ခွင့်ပေး သော်လည်း မိမိခန္ဓာကိုယ်ပေါ်ကပ်၍ ဖက်ကာ ဓာတ်ပုံရိုက်လိုလျှင်တော့ သြစတြေးလျ ဒေါ်လာ ၂၀ ခန့် အလှူငွေ ထည့်ဝင်ရပါသည်။ကိုအားလားလေးများ၏ အမွေးများသည် နူးညံ့ကာ သစ်ကိုင်းများတွင် တွယ်ထားသကဲ့သို့ ခန္ဓာကိုယ်ကို တွယ်ကပ်ကာ ကွေးကွေး လေးနေတတ်ကြပါသည်။ ချောင်းဆိုးပျောက်ဆေးများတွင် ပါဝင်လေ့ရှိသည့်ယူကလစ် ရွက်များကို စားလေ့ရှိသဖြင့် ခန္ဓာကိုယ်မှာ ချောင်းဆိုးပျောက်ဆေးနံ့ရသကဲ့သို့ ထို အရွက်များ၏ စိတ်ငြိမ်စေသည့် အာနိသင်ကြောင့် အချိန်ပြည့် အိပ်ငိုက်နေကာ တစ်နေ့လျှင် နာရီ ၂၀ ကြာအထိ အိပ်နိုင်သော အကောင်လေးများပင်ဖြစ်သည်။

သားပိုက်ကောင်လေးများကို ထိတွေ့ကိုင်တွယ်ကာ အစာကျွေးလိုသူများအတွက် လည်း သားပိုက်ကောင် အကောင် ၁၃၀ ကျော်ကို လွတ်လပ်စွာ သွားလာခွင့်ပေး ထားသည့် ငါးဧကကျယ်ဝန်းသည့် ဝင်းထဲ ဝင်ရောက်ခွင့်ပေးထားပါ၏။ သားပိုက်ကောင် လေးများသည် နောက်ခြေနှစ်ချောင်းကို သုံးကာ လျင်မြန်သော အရှိန်ဖြင့် ခုန်ဆွ ခုန်ဆွ ပြေးလေ့ရှိကြပါသည်။ ကြွက်သားများဖြင့် သန်မာသော အမြီးရှည်ကြီးများသည် ပဉ်္စမမြောက် ခြေထောက်အနေဖြင့် ခုန်၍ သွားလာလှုပ်ရှားရာ၌ လွယ်ကူအောင် အားပြုပေးပါ၏။ သန်မာလှသော သားပိုက်ကောင်များအနေဖြင့် သူတို့၏ အရပ်ထက် သုံးဆအမြင့်အထိ ခုန်နိုင်ကြောင်း သိရပါသည်။ တစ်ခါတစ်ရံ၌လည်း ခြေလေးချောင်း စလုံး အသုံးပြုကာ ဖြည်းညင်းစွာ သွားလာလှုပ်ရှားသည်ကိုလည်း တွေ့ခဲ့ရပါသည်။ ကံကောင်းသူများဆိုလျှင် ဝမ်းဗိုက်အိတ်ထဲမှ ထိုးထွက်နေသော သားပိုက်ကောင်လေး များကိုပါ တွေ့မြင်နိုင်ကြောင်း သိရသည်။

လုံပိုင်းတိရစ္ဆာန်ဥယျာဉ်၌ ထိုအကောင် လေးများအပြင် သြစတြေးလျ၏ ရှားပါး တိရစ္ဆာန်လေးများဖြစ်ကြသော မြေအောင်းဝက်ဝံ (ျွှသာဘအေ)အကောင်လေးများ၊ ွှေျာညေငညေ ိနလငူျ အသားစားသတ္တဝါများ၊ ပုရွက် ဆိတ်နှင့် ခြများကို စားသည့် နားရွက်ရှည် သြစတြေးလျနို့တိုက်သတ္တဝါများ၊ ဘဲတူဖျံတူ အကောင် လေးများ၊ ရောင်စုံကြက်တူရွေးများ၊ စကားတတ်သည့် ကတ္တဝါငှက်များ၊ အပြေးသန်သော်လည်း မပျံနိုင်သည့် သြစတြေးလျနိုင်ငံ၏ နိုင်ငံတော်ကိုယ်စားပြု နာက ခြေတံရှည်ငှက်ကြီးများ စသဖြင့် တိရစ္ဆာန်မျိုးစုံကို တစ်နေရာတည်း၌ မြင်တွေ့ခဲ့ရပါသည်။

သြစတြေးလျသည် တိုက်သီးသန့်အဖြစ် အခြားတိုက်များနှင့် ကွဲထွက်နေကာ ရေမြေအားဖြင့်လည်း ကွာခြားနေသောကြောင့် ရှားပါးတိရစ္ဆာန်များစွာ ပေါက်ဖွားနေ ထိုင်နေခြင်းဖြစ်ပါ၏။ ထိုတိရစ္ဆာန်လေးများသည် သြစတြေးလျ၏ ခရီးသွားလုပ်ငန်းများ ၌ အရေးပါလျက်ရှိရာ သြစတြေးလျနိုင်ငံသို့ ရောက်ဖြစ်ခဲ့ပါက မဖြစ်မနေ လေ့လာ ကြည့်ရှုသင့်ပါကြောင်း ညွှန်းဆိုလိုက်ရပါသည်။ ဒေါက်တာနုမြတ်သိင်္ဂီဦး

PMM 990 australia animals

ထိုင်းနိုင်ငံ၏ ဆွစ်ဇာလန်လေး ချင်းမိုင်ရောက်နေ့ရက်များ (Chiang Mai)

ထိုင်းနိုင်ငံ၏ ဆွစ်ဇာလန်လေး

ချင်းမိုင်ရောက်နေ့ရက်များ

IMG_8562

ထိုင်းဆိုရင် မြို့ပြဆန်တဲ့ ဘန်ကောက်၊ ဘန်ကောက်ကနေ နေ့ချင်းပြန်သွားလို့ရတဲ့ ပတ္တရား၊ အယုဒ္ဓယ၊ ဖူးခက်ကမ်းခြေစတာတွေပဲ သွားလေ့ရှိပါတယ်။ နောက်ပိုင်းမှာ မြန်မာခရီးသွားတွေ သွားလာကြတာကတော မြောက်ပိုင်းက တောင်ပေါ်မြို့လေး ချင်းမိုင်ပါ။ ချင်းမိုင်က ရာသီဥတုသာယာသလို ပန်းပေါင်းစုံဖူးပွင့်သာယာလို့ အပူပိုင်းဒေသကလာတဲ့ နုမြတ်တို့အကြိုက်ပေါ့။ ရှမ်းပြည်နဲ့ ကပ်ရပ်မှာ ရှိပြီး မြန်မာတွေက ဇင်းမယ်လို့လည်း သိထားကြပါတယ်။ တချိန်က မြန်မာတွေ လက်အောက်ရောက်ခဲ့ဖူးပြီး မြန်မာပြည်နဲ့ အနီးအနားမှာ ရှိလို့ မြန်မာအငွေ့အသက်တွေ များစွာရှိလို့နေပါတယ်။

ချင်း မိုင်မှာက တန်ခိုးကြီး ရှေးဟောင်းဘုရားစေတီတွေရှိသလို၊ လည်ပတ်စရာတွေ၊ Adventure လုပ်စရာတွေလည်း ရှိလို့နေပါတယ်။ ချင်းမိုင်ကို ဒီဇင်ဘာလတုန်းက ၄ညအိပ်၅ရက်ခရီးထွက်ခဲ့ပါတယ်။ ပုံမှန်ဆို ၂ညအိပ် ၃ရက်နဲ့ လောက်ပေမဲ့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင် Doi Inthanon ဘက်ပါ ခရီးဆက်မှာ ဖြစ်လို့ နောက်ထပ် ၂ရက်ဆက်နေတာပါ။ မြန်မာနဲ့ နယ်စပ်မြို့ ချင်းရိုင်နဲ့ မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ ထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေတွေဆိ သွားမယ်ဆိုရင်လည်း နောက်ထပ် ၂ရက် ထပ်နေမှ ရမှာပါ။ ချင်းမိုင်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားလိုသူတွေ အတွက် ကျွန်မတို့ရဲ့ ခရီးစဉ် အကြမ်းဖျဉ်းလေးကို ရေးသား ဖော်ပြလိုက်ပါတယ်။

Day 1 ရန်ကုန်-ချင်းမိုင်- Night Safari

ရန်ကုန်ကနေ ချင်းမိုင်ကို တိုက်ရိုက်လေကြောင်းလိုင်းတွေ ရှိနေလို့ ဘန်ကောက်ကနေ တဆင့်သွားစရာ မလိုတော့ပါဘူး။ နုမြတ်တို့ကတော့ Bangkok Airways နဲ့သွားပါတယ်။ Bkk Airways ထွက်တဲ့ အချိန်ရယ်၊ အစားအသောက်ရယ်၊ Service ရယ် ကြိုက်လို့ သွားဖြစ်တာပါ။ နေ့လည် ၁း၄၀ ထွက်ပြီး ချင်းမိုင်ကို ထိုင်းအချိန် ၃း၄၀ pmမှာရောက်ပါတယ်။ ချင်းမိုင်မှာ ကြိုစီစဉ်ထားတဲ့ Tour Guide ရယ်၊ ၈ယောက်ဆန့်တဲ့ Van Car ရယ် အသင့်လာကြိုနေပါတယ်။

ချင်းမိုင်မှာက Taxi တွေ ရှားတော့ လူများရင် ကား ဌားထားမှ အဆင်ပြေမှာပါ။ ကားက van ကားဆို တစ်နေ့ကို ၁၈၀၀-၂၀၀၀ ဘတ်ကျပါတယ်။ ဓာတ်ဆီမပါဘဲ Driver ပါအပြီးပေါ့။ ရက်များရင် လျော့ပေးပါတယ်။ Tour Guide ကတော့ သိပ်မလိုပါဘူး။ ခေါ်ချင်ရင်တော့ တစ်ရက်ကို ဘတ်၁၅၀၀ ကနေ ၃၀၀၀ ထိ ဘာသာစကားကျွမ်းကျင်မှုပေါ်မူတည်ပြီး အစားစားရှိပါတယ်။
Taxi ဆိုရင်တော့ လေဆိပ်ကနေ မြို့ထဲ နေရာပေါ်မူတည်ပြီး ဘတ် ၁၅၀ ကနေ ၃၀၀ပါ။ Shuttle Bus လည်းရှိပြီး တစ်ယောက်ကို ဘတ်၆၀လောက်ကျမှာပါ။

20161216_164537_mix01-01

လေယာဉ်ကွင်းကနေ အရင်ဆုံး Hotel မှာ Check in ဝင်ပါတယ်။ Hotel ကတော့ မြစ်ဘေးကပ်ရပ် Maraya Resort ပါ။
ကျယ်ဝန်းလှတဲ့ အခန်းကြီးရယ် အခန်းကနေလှမ်းမြင်ရတဲ့ မြစ်နဲ့ တစ်ဖက်ကမ်းက ဘုရားနဲ့ အတော်လေးကို သာယာပါတယ်။ ဒီ Resortလေး က အခန်းဖွဲ့စည်းပုံရယ်၊ မနက်စာစားတဲ့နေရာလေးကိုလည်း သိပ်သဘောကျပါတယ်။

20161217_082929-02

20161217_081941-01-01

Night Safari
ဝင်ကြေး- လူကြီး ဘတ်၈၀၀၊ ကလေး ဘတ် ၄၀၀

Hotel မှာ ပစ္စည်းချပြီးတာနဲ့ Night Safari ကို တန်းသွားကြပါတယ်။ Night Safari က ချင်းမိုင်ရဲ့ အဓိက Attraction ထဲမှာပါပြီး ရှားပါးတိရစ္ဆာန်လေးတွေကို တစုတစည်းထဲ ပြထားတဲ့ နေရာလေးပါ။ တိရစ္ဆာန်တွေကို သဘာဝအတိုင်း အမှောင်ချထားတဲ့ တောကြီး မျက်မည်းထဲ ဘေးနှစ်ဖက်ပွင့်ကားကြီးတွေနဲ့ သွားရတာ စိတ်လှုပ်ရှားဖွယ်ရာပါ။ Night Safari မှာ အရိုင်းနဲ့ အယဉ် ၂ပိုင်းခွဲထားပြီး ည ၇နာရီကနေ ၁၀နာရီကြား ၁၅မိနစ်တစ်ကြိမ် ကားထွက်တာကြောင့် ကိုယ်ကြိုက်တဲ့ဘက် အရင်သွားကြည့်နိုင်ပါတယ်။ တစ်ကြောင်းကို တစ်နာရီလောက် ကြာနိုင်ပါတယ်။

20161216_174302_mix01-02

Night Safari မှာ တိရစ္ဆာန်ပေါင်း ကျော်ရှိပြီး တချို့ အန္တရာယ်ရှိတဲ့ တိရစ္ဆာန်တွေကိုတော့ ကားတွေနားမလာနိုင်အောင် လျှိုမြောင်တွေ ချိုင့်ဝှမ်းတွေ ခံပေးထားပြီး အကာအကွယ်တွေ ထားပေးထားပါတယ်။ ဒရယ်တို့၊ သစ်ကုလားအုတ်တို့၊ သားပိုက်ကောင်တို့၊ မြင်းကျားတို့ကတော့ ကားတွေနားထိရောက်လာပြီး အစာတောင်းလို့ ပျော်စရာကြီးပါ။

FB_IMG_1482250529578-01
ဒါ့အပြင် ဖြူကောင်တွေ၊ ကျားပေါက်လေးတွေ၊ သာလိကာလေးတွေ၊ ဇီးကွက် မျက်ပြူးကြီးတွေနဲ့ လည်း ဓာတ်ပုံရိုက်နိုင်ပါသေးတယ်။ Show အနေနဲ့ကတော့ ည၇နာရီမှာ White Tiger Show (ကျားဖြူပြပွဲ)နဲ့ ည၈နာရီနဲ့ ၉နာရီတို့မှာ Musical Fountain Water Screen Laser Light Show လေဆာရေပန်းဂီတပြပွဲ ကြည့်လို့ရပါတယ်။

Day 2

Wat Prathet Doi Suthep

ဒီနေ့ကတော့ စောစောစီးစီး ဘုရားသွားတဲ့နေ့ပါ။ Doi Suthep တောင်ပေါ်က Wat Prathet စေတီကို မနက်စာစားပြီးတာနဲ့ သွားပါတယ်။ ချင်းမိုင်ကနေ ၁နာရီကြာမောင်းရပြီး တောင်တက်ကားလမ်းအတိုင်း တောင်ပေါ်ကို ဆက်တက်ရပါတယ်။ ဘုရားမုခ်ဦးကနေ ရင်ပြင်ပေါ်ကို လှေကားထစ် ၂၀၀ရှိ နာမည်ကြီးလှေကားနဲ့ တက်နိုင်သလို ကြိုးဆွဲ ရထားနဲ့ တက်နိုင်ပါတယ်။ ဓာတ်လှေကားကို ဒေါင်လိုက်မဟုတ်ဘဲ ၄၅ဒီဂရီလောက် ခပ်စောင်းစောင်းတက်ရတာမျိုးပါ။ တစ်ယောက်ကို ဘတ် 20 ပေးရပါတယ်။
Wat Prathet (ပရာသတ်စေတီ) က မြတ်စွာဘုရားရဲ့ ပုခုံးရိုးတော် ဌာပနာထားတဲ့ စေတိ ဖြစ်ပြီး ထိုင်းရဲ့ တန်ခိုးကြီး ရှေးဟောင်းစေတီတော်ဖြစ်ပါတယ်။ တောင်ပေါ်က နေ ချင်းမိုင်မြို့အလှကိုလည်း လှမ်းမြင်နိုင်ပါတယ်။ နုမြတ်တို့ရောက်တုန်းက မိုးဖွဲကျ မြူတွေဆိုင်းနေလို့ မမြင်ခဲ့ရပါဘူး။ စေတီ ရင်ပြင်တော်မှာ စကျင်ကျောက်ဘုရား၊ မြဘုရား၊ သလင်းဘုရားစတဲ့ ကျောက်ပေါင်းစုံနဲ့ ထုစစ်ထားတဲ့ ဆင်းတုတွေ တွေ့ခဲ့သလို၊ စေတိကို လက်ဝဲရစ် သုံးပတ်ပတ်ကာ ဘုရားစာ ရွတ်ဖတ်ပူဇော်နေသူတွေလည်းတွေ့ခဲ့ရပါတယ်။ ဘုရားမှာ ကိုယ့်နာမည်ထိုးကာ ခေါင်းလောင်းလည်း လှူနိုင်ပါတယ်။ ခေါင်းလောင်းတစ်လုံးကို ဘတ် ၃၀ (ကျပ်၁ထောင်ကျော်) ပါ။

ဒီ LIVE video link ထဲမှာ ဘုရားဖူးနိုင်သလို ဘုရားသမိုင်းကို သေချာ အသေးစိတ်ရှင်းပြထားပါတယ်။

20161217_112454_mix01-01

Local Markets

နေ့လည်စာကို ချင်းမိုင်စာတွေရောင်းချတဲ့ ဒေသဆိုင်မှာ တဝတပြဲစားပြီးနောက် ဈေးဝယ်ထွက်ကြပါတယ်။ Warorot Market နဲ့ To Lam Yai Market လို့ခေါ်တဲ့ ချင်းမိုင်ဈေးတွေပါ။ ဒေသခံတွေရဲ့ ဈေးဖြစ်တဲ့ အလျောက် local products တွေ စားသောက်ကုန်တွေပေါပါတယ်။ Tourist တွေလည်းလာလို့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်တွေလည်း ရှိပါတယ်။ ကိုယ်တွေကတော့ ကလေးကျောပိုးထားတဲ့ ချင်းမိုင်ရိုးရာ အရုပ်လေးရယ်၊ ဟင်းခတ်အမွှေးအကြိုင်အစုံ အစာသွပ်ထားတဲ့ ချင်းမိုင် ဝက်အူချောင်းကြော်စပ်စပ်လေးရယ် အိမ်အပြန်လက်ဆောင် ဝယ်သွားပါတယ်။

Wat Ket

အဲ့ဈေးတွေကနေ တစ်ဖက်ကမ်းကို တံတားနဲ့ ကူးတဲ့ အခါမှာ Wat Ket ရပ်ကွက်လို့ခေါ်တဲ့နေရာရောက်ပါတယ်။ အဲ့မှာ ရှေးနှစ်ပေါင်း ၅၀၀ကျော် ၆၀၀လောက်က မြန်မာတွေ တည်ထားခဲ့တဲ့ Wat Ket ဘုရားနဲ့ ရှေးဟောင်းပစ္စည်းတွေပြသထားရာ ပြတိုက်တစ်ခုရှိပါတယ်။ အဲ့မှာ မြန်မာ ပိုက်ဆံတွေရော မြန်မာရှေးဟောင်း ကြိုးကြီးချိတ်ထမီတွေ၊ မြန်မာရှေးဟောင်းပစ္စည်းတွေပါ ပြသထားတာကို တွေ့ခဲ့ရပါတယ်။

Oasis Spa

တစ်နေကုန်ပင်ပန်းထားကြတော့ ချင်းမိုင်ရဲ့ နာမည်ကြီး Luxury Spa ဖြစ်တဲ့ Oasis Spa ကို ရောက်သွားကြပါတယ်။ ချင်းမိုင်မှာ Spa တွေ massage တွေ နာမည်ကြီးပြီး ဆိုင်တွေ များစွာ ရှိတဲ့ထဲက တကယ့်ထိပ်တန်းဆိုင်လို့ သိရပါတယ်။ King of Oasis နာမည်ရှိတဲ့ Treatment ကို ယူဖြစ်ပါတယ်။ ဘတ် 4000 ကျော်ကျပါတယ်။ ထိုင်းရိုးရာ အပူပေးပြီး ဆေးစိမ်ထားတဲ့ ကြပ်ပူနဲ့ ကိုယ်အနှံ့လိုက်ထိုးပေးတာ အတော့်ကိုကောင်းပါတယ်။ စပါးလင်အနံ့လေးသင်းနေတဲ့ အဆီနဲ့ တကိုယ်လုံးကို လိမ်းပြီး နှိပ်နယ်ပေးတော့ အကြောအချဉ်တွေ တကယ်ပြေသွားပါတယ်။ ၂နာရီကြာတဲ့ Treatment အပြီးမှာ တကိုယ်လုံးပေါ့ပါးပြီး ညဈေးတွေ ပတ်ဖို့ အသင့်ဖြစ်နေကြပြီပေါ့။
ညဈေးမပတ်ခင် Oasis Spa နားက Wat Pra Singha ဘုရားကျောင်းမှာလည်း ဘုရားဝင်ဖူးခဲ့ပါသေးတယ်။

20161217_163230_mix01-01

Night Markets

ချင်းမိုင်မှာ ညဈေးအများကြီးရှိပါတယ်။ ရှေးဟောင်းမြို့ဖြစ်တဲ့ ချင်းမိုင်မှာ မြို့ရိုးတွေလည်း ရှိနေပါသေးတယ်။ မြို့လေးဘက်မှာ ဂိတ်လေးခုရှိတဲ့အနက် Chiang Mai Gate နဲ့Chang Puak North Gate တို့မှာ Night Market တွေ ညတိုင်းရှိပါတယ်။ ဒါ့အပြင် Weekends တွေမှာ Saturday Walking Street? Sunday Walking Street ဆိုပြီးတော့လည်း ရှိပါသေးတယ်။ Night Bazzar တွေ Night Plaza တွေနဲ့ ညဘက်လည်ပတ်စရာတွေ အများကြီးပါ။

20161217_193537_mix01-01

20161216_220716_mix01-01

Day 3

ဒိနေ့ကတော့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင် Doi Inthanon ကို တက်မှာမို့လို့ ချင်းမိုင် ဟိုတယ်ကနေ မနက်ကတည်းက Check Out လုပ်ရပါတယ်။

Royal Park Rajapruek
ဝင်ကြေး ဘတ်၁၀၀

တော်ဝင်ပန်းခြံဟာလည်း ပန်းမြို့တော် ချင်းမိုင်မှာ သွားသင့်တဲ့နေရာလေးပါ။ ပန်းပေါင်းမျိုးစုံရှိတဲ့ပန်းခင်းတွေ၊ သစ်ခွခြံတွေ၊ထင်းရူးတောတွေရှိသလို ပန်းခြံအလည်မှာ နတ်ရွာစံသွားတဲ့ ဘုရင်ကြီးကို ရည်စူးဆောက်လုပ်ထားတဲ့ ပြသာဒ်ဆောင်ကြီးလည်း ခမ်းနားစွာ ရှိလို့နေပါတယ်။ ချင်းမိုင်ရိုးရာအိမ်တွေ၊ Culture တွေနဲ့ တခြားလေ့လာစရာ ဓာတ်ပုံရိုက်စရာနေရာတွေလည်း ရှိလို့ အနည်းဆုံး ၁နာရီလောက်တော့ကြာမယ်နော်။ ပန်းခြံကို ပတ်နေတဲ့ ကားလည်း ရှိပြီး အဲ့ကားနဲ့ လိုက်စီးကာ ကိုယ်လေ့လာချင်တဲ့နေရာမှာ ဆင်းလေ့လာရုံဆိုတော့ အတော်အဆင်ပြေပါတယ်။

20161218_102445_mix01-01

Royal Park Live video link က https://www.facebook.com/numyat/videos/10154260246928412/

Elephant Camp

ဆင်စခန်းတွေကလည်း ချင်းမိုင်မှာ များမှများပါ။ နုမြတ်တို့ကတော့ ဆင်စခန်းတစ်ခုကိုခဏဝင်လေ့လာခဲ့တယ်။ ဆင်ပေါက်လေးတွေလည်းတွေ့ရပြီး ဆင်လေးတွေက လူတွေယဉ်နေတယ်။ ဆင်အနမ်းတောင်ခံလိုက်ရသေးတယ်။ ဆင်စခန်းမှာရိုက်ထားတဲ့ LIVE video နဲ့ ဆင်နမ်းနေတဲ့ Video file လေးကို ဒီLink တွေမှာ ကြည့်နိုင်ပါတယ်။ ဆင်စီးချင်လည်း စီးလို့ရတယ်။ https://www.facebook.com/numyat/videos/10154260539593412/

IMG_20161220_064500-01

Wat Pra That Jom Thong

တောင်အသွားလမ်းမှာ ဘုရားဝင်ဖူးပြီး ချည်ထည်တွေဗိုင်းငင် ရက္ကန်းရက်တဲ့ ရက္ကန်းရုံကိုလည်း ဝင်ရောက်လေ့လာခဲ့ပါတယ်။ အင်သာနုံဘုရင်ပိုင်ခဲ့တဲ့ ပျဉ်ထောင်အိမ်ကြီးကို အိမ်ပေါ်မှာပြတိုက် အိမ်အောက်မှာ ရက္ကန်းရုံအဖြစ်ရက်လုပ်နေဆဲပါ။

20161218_132804_mix01-01

20161218_152052_mix01-01

တောင်ပေါ်က ဟိုတယ်လေးက တော့ Touch Star Resort ပါ။ ဘန်ဂလိုလေးတွေနဲ့ ချစ်စရာ ဟိုတယ်လေးပါ။ ဝက်ရုပ်လေးတွေနဲ့ အလှဆင်ထားတာ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဟိုတယ်ကို ညနေ ၄နာရီလောက်ကတည်းက ရောက်နေပေမဲ့ နောက်နေ့မနက် ၄နာရီ ထရမှာကြောင့်ရော ခရီးပန်းနေပြီမို့လို့ရော ဘယ်မှ မသွားတော့ပဲ ဟိုတယ်မှာပဲ ညစာစားပြီး နောက်နေ့အတွက်အားမွေးခဲ့ကြပါတယ်။

Day 4
Doi Inthanon National Park
ဝင်ကြေး – Tourist ဘတ် 300. Local ဘတ် 100
ဒီတောင်ကို ထိုင်းနိုင်ငံရဲ့ မျက်နှာကျက်လို့လည်းခေါ်ကြပါတယ်။ အမြင့်ပေ ၈၀၀၀ကျော်မှာရှိပြီး ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင်မို့လို့ပါ။ ရှမ်းရိုးမတောင်တန်းတွေနဲ့ တဆက်တည်းရှိပြီး မြန်မာတောင်တန်းတွေအနေနဲ့ဆိုရင်တော့ အရမ်းမြင့်တယ်လို့ မဆိုသာပါဘူး။ ဒီတောင်ပေါ်က မြင်ရတဲ့ နေထွက်ချိန်ရှုခင်းကတော့ စာဖွဲ့လို့ မရလောက်ပါဘူး။ မနက် ၅နာရီကတည်းက ဟိုတယ်ကနေထွက်ကာ တောင်ပေါ်ကို ကားနဲ့ တက်ခဲ့ကြပါတယ်။ နေထွက်ချိန်ကြည့်တဲံနေရာက တောင်ထိပ်မှာ မဟုတ်ဘဲ တောင်တက်လမ်းတစ်နေရာမှာပါ။ ကားလမ်းဘေး ကားရပ်ထားကြပြီး ကားလမ်းဘေးတစ်ဖက်ကနေ နေထွက်ချိန်ကို လာကြည့်ကြတာပါ။ မနက်စောစာစီးစီး ရာသီဥတုကလည်းအေးတော့ ဘယ်သူမှ မရှိလောက်ဘူး မထင်ပါနဲ့။ ကြိတ်ကြိတ်တိုးကြည့်ရတာပါ။ တစ်နေရာရအောင် မနည်းတိုးခဲ့ရတာပါ။
တိုး၇တာနဲ့တော့တန်ပါတယ်. နေထွက်လာတာတော်တော်လေးကို လှတယ်ရော… ရောင်နီလင်းလာတဲ့ ပုစါန်ဆီရောင်ကောင်းကင်ရှေ့မှာ တိမ်ဖြူဖြူတွေ အလိပ်လိုက် အလိပ်လိုက်ရှိနြေ့ပီး အဲ့တိမ်တွေထဲက အနီရဲရဲ နေလုံးပေါက်စလေးက အောက်ကနေအပေါ်ကို တရွေ့ရွေ့ ထိုးဖောက်ထွက်လာတာ အရမ်းကြည့်လို့ကောင်းပါတယ်။

IMG_1804-02

IMG_1826_mix01-01

တောင်ရဲ့အမြင့်ဆုံးနေရာမှာ တောလျှောက်လမ်းလုပ်ထားပြီး အမှတ်အသားဆိုင်းဘုတ်လည်းထားရှိပါတယ်။ အင်သာနုံပြည်နယ် ဘုရင်ရဲ့ အုတ်ဂူလည်းရှိလို့နေပါတယ်။ တောင်ထိပ်နားက သဘာဝတောလျှောက်လမ်းလေးမှာလည်း လျှောက်သင့်ပါတယ်။ တကယ်ကို တောထဲ ရောက်နေသလို နေပြောက်လေးတွေကလည်း တချက်တချက်ထိုးနေပြီး အေးချမ်းလျပါတယ်။ နာရီဝက်လောက်ပဲကြာမှာပါါ။ အဲ့မှာ ထိုင်းနိုင်ငံရဲ့ အသက်သွေးကြော ကျောက်ဖရားမြစ် မြစ်ဖျားခံရာ စမ်းချောင်းလေးလည်းတွေ့ခဲ့ရပါတယ်။
တောင်ထိပ် နေထွက်ချိန်ရှုခင်း၊ သဘာဝတောလျှောက်လမ်းလေး Video ကတော့ ဒီမှာပါ။

နေထွက်ချိန်ကြည့်တဲ့နေရာနားမှာ နတ်ရွာစံသွားတဲ့ ဘုရင် သက်တော် ၆၀ပြည့်က ဘုရင်ကြီးနဲ့ မိဖုရားကြီးကို ရည်စူးပြီးတည်ထားတဲ့ စေတီ၂ဆူကပ်လျှက်ရှိပါတယ်။ ဒီစေတီတွေပေါ်က မြင်ရတဲ့ တိမ်တွေတောင်တွေရှုခင်းက လှပလွန်းလို့ သွားသင့်ပါတယ်။ တိမ်ပင်လယ်ကြီးတွေကိုယ့်အောက်မှာ ရောက်နေသလို ခံစားရတဲ့ ရှုခင်းပါ။ တောင်ပေါ်ဘုရားပေါ်က Live Video ကတော့ ဒီမှာပါ။

နောက်ပြီး တောင်ပေါ်မှာ Royal Project လို့ခေါ်တဲ့ ပန်းခြံတွေ၊ Organic စိုက်ခင်းတွေ၊ Resort တွေလည်းရှိပါတယ်။ ရေတံခွန်တွေလည်းရှိပြီး Wachiratan Waterfallကတော့ သွားရလွယ်ပြီး လှပကြီးမားတဲ့ ရေတံခွန်ကြီးပါ။ ရေတံခွန်ကြီးရဲ့ LIVE video က ဒီမှာပါ

ဒီနေ့လည်း ဟိုတယ်ကို စောစော ပြန်ရောက်ပါတယ်။ ညနေ၄နာရီလောက်ပါ။ တောင်ပေါ်မှာ ဘာမှ လုပ်စရာမရှိလို့ စောစောစီၤးစီးအနားယူကာ အိပ်ခဲ့ရပါတယ်။

Day 5

ဒီနေ့ကတော့ရန်ကုန်ပြန်တဲ့နေ့ပါ။ တောင်ပေါ်ကနေ လေဆိပ်ကို တစ်ခါတည်းတန်းဆင်းပါတယ်။

တခြားသွားစရာများ

နုမြတ် ချင်းမိုင်ကိုရောက်တာ ဒါ ဒုတိယမြောက်ပါ။ ပထမတစ်ကြီမ်တုန်းက ချင်းမိုင်ရိုးရာ အကအလှတွေနဲ့ ဖျော်ဖြေတဲ့ Khum Khan Toke စားသောက်ဆိုင်ကို ရောက်ဖြစ်ခဲ့ပါတယ်။ အဲ့နေရာလည်း ချင်းမိုင်သွားတဲ့ သူတွေ မရောက်မဖြစ်နေရာပါပဲ။ ဟင်းပွဲတွေကို ဆွမ်းတော်အုပ်နဲ့ ချကျွေးတာပါ။
ငလျင်ဒဏ်ကြောင့် တဝက်ပြိုကျသွားတဲ့ ထုထည်ကြီးမားတဲ့ Wat Chedi Luang ကိုလည်း သွားရောက်ဖူးမြော်သင့်ပါတယ်။
အထူးအဆန်းတွေ စိတ်ဝင်စားရင် World Insects Museum သွားကြည့်ပါ။
အပျော်ဓာ်ပုံရိုက်ချင်ရင်တော့ 3D Art Museum ကို သွားပါ။
Adventure စိတ်ဝင်စားရင် တောတါင်းသားတာဇံလို သစ်ပင်တစ်ပင်နဲ့ တစ်ပင်ကြိုးနြ့ ကူးရတဲ့ Zipline Adventure တို့ Flight of Gaboon ဆိုတာတွေလည်းရှိပါသေးတယ်။
ဂေါက်ရိုက်ဝါသနာ ပါသူတွေအတွက် သာယာလှပတဲ့ ဂေါက်ကွင်းတွေလည်း အများကြီးပါ။

20161216_204752_mix01-01

Extra Tips

Night Safari မှာ အစာကျွေးတဲ့ အခါ Zebra ကို သတိထားပါ။ သွားတွေက ချွန်ထက်နေတာကြောင့် လက်နဲ့ ကျွေးလို့ ကိုက်မိရင် လက်ပြတ်သွားနိုင်ပါတယ်။
Walking Street က တော်တော့်ကို ရှည်ပါတယ်။ ကိုယ်ကြိုက်တာလေးတွေ တွေ့ရင် ဝယ်ထားလိုက်ပါ။ နောက်ပြန်လှည့်ဝယ်ဖို့ဆိုတာ မဖြစ်နိုင်လို့ပါ။ ပေါပေါလောလောတွေ့ရတဲ့ ပစ္စည်းလေးတွေကို တော့ Walking Sreet ထိပ်နားမှာ မဝယ်ပါနဲ့။ ဈေးပိုကြီးလို့ပါ။ ဆုံးခါနီးလေ ဈေးသက်သာလေပါ။
လူများရင် တောင်ပေါ်က Royal Project ထဲက Resort မှာ ညအိပ်ပါ။ လူ၅ယောက်ဆန့်တဲ့ တစ်အိမ်လုံးမှ ဘတ် 7500 လောက်သာရှိတာပါ။
Doi Inthanon တောင်ပေါ်ကဆင်းတဲ့နေ့မှာ တောင်ပေါ်မှာ မအိပ်ပါနဲ့။ ချင်းမိုင်ပြန်အိပ်ပါ။ ချင်းမိုင်မှာ လည်စရာတွေ အများကြီး ရှိလို့ပါ။ တောင်ပေါ်မှာက ညဘက်ဘာမှ လုပ်စရာမရှိပါဘူး။

အားလုံးကို ကျေးဇူးတင်ပါတယ်။ ချင်းမိုင်အကြောင်းသိချင်တာတွေ ရှိရင်လည်း လှမ်းမေးနိုင်ပါတယ်။ သိသလောက်ဖြေပါ့မယ်။ ဒီ Post ကိုလည်း Share နိုင်ပါတယ်။ ပုံတွေထဲမှာလည်း ရှင်းပြထားပါသေးတယ်။

ပျော်ရွှင်ကျန်းမာအောင်မြင်တဲ့ နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေနော်။

With Best wishes
Nu Myat
http://www.numyataroundtheworld.com

#numyataroundtheworld
#BangkokAirways #TAT
#MarayaResort #OasisSpa

ဘန်ကောက်ကနေ နေ့ချင်းပြန်သွားလို့ရတဲ့ ခေါင်းရိုင်က အီတလီရွာလေး (Khao Yai, Little Italy of Thailand)

ဘန်ကောက်ကနေ နေ့ချင်းပြန်သွားလို့ရတဲ့

ခေါင်းရိုင်က အီတလီရွာလေး

အီတလီဆီလေယာဉ်အကြာကြီးစီးပြီး သွားစရာမလိုတော့ဘူး။ ဘန်ကောက်ကနေ နေ့ချင်းပြန်သွားရုံနဲ့ အီတလီရွာလေးရောက်နိုင်ပြီလေ။ ပျော်စရာကြီးနော်…
နေကြာပန်းခင်းတွေ၊ စပျစ်ခြံလေးတွေ၊ သိုးခြံလေးတွေ၊ ရဲတိုက်ကြီးတွေ ရှိတော့ ပိုပြီး စိတ်ဝင်စားသွားပြီ ဟုတ်??
အဲဒီနေရာလေးကတော့ ထိုင်းနိုင်ငံက ခေါင်းရိုင်ပါ။

IMG_8142

ခေါင်းရိုင်က ထိုင်းနိုင်ငံရဲ့ တတိယအကြီးဆုံးအမျိုးသားဥယျာဉ်ကြီး ဖြစ်ပြီး တောတွေ၊ တောင်တွေ၊ ရေတံခွန်တွေနဲ့ သဘာဝအတိုင်း သာယာလှပလှပါတယ်။ ပိုပြီးထူးခြားတာက အနီးအနားတဝိုက်မှာ အီတလီနိုင်ငံက မြို့လေးလိုပြင်ဆင်ထားတဲ့ နေရာလေးတွေရှိနေတာပါပဲ။ နုမြတ်တို့လို ဓာတ်ပုံဝါသနာအိုးတွေ အကြိုက်ပေါ့လေ။ Pre Wedding ပုံလေးတွေ ရိုက်လို့လှတဲ့နေရာတွေလည်း အများကြီးတွေ့ခဲ့တယ်ဆို စိတ်ဝင်စားသွားပြီဟုတ်????

#ဘယ်လိုသွားမလဲ (Transportaion)
ခေါင်းရိုင်ကို ဘန်ကောက်ကနေ သွားရင် ၂နာရီကျော်ကျော်လောက်မောင်းရပါတယ်။ မနက်၇နာရီထွက်ရင် ၉နာရီကျော်ကျော်ရောက်ပါတယ်။ အဲ့မှာတစ်နေကုန်လည်ပြီး ညနေ၄နာရီလောက်ပြန်ထွက်ရင် ဘန်ကောက်ကို ည၇နာရီလောက်ပြန်ရောက်မှာပါ။
သွားမယ်ဆိုရင် ကားစင်းလုံးဌားသွားမှ အဆင်ပြေပါမယ်။ Public Transport နဲ့ သွားရင် ဟိုမှာ သွားလာရခက်ပါ့မယ်။

#ဘယ်မှာတည်းမလဲ ( Accomodation )
နေရာအစုံလည်း လည်ချင်တယ်။ အေးအေးဆေးဆေး နားနားနေနေသွားချင်တယ်ဆိုရင်တော့ တစ်ညအိပ်ပါ။ နုမြတ်တို့တုန်းက တစ်ညအိပ်ခဲ့တယ်။ ဟိုတယ်တွေက Theme အမျိုးမျိုးနဲ့ ချစ်စရာလေးတွေ။ ဈေးလည်း မဆိုးဘူး။ အဲ့က ဟိုတယ်တွေက Tourist Attraction လို ဖြစ်နေတယ်ရော…ဟိုတယ်တွေကလည်း ကြည့်ပါဦး။ အာကာသယာဉ်ကြီးတွေလိုမျိုး၊ ဧရာမ မှိုပွင့်ကြီးတွေလိုမျိုး၊ ရဲတိုက်ကြီးလိုမျိုး၊ Lords of the Ring ကားထဲက hobbit လူပုလေးတွေနေတဲ့ အိမ်ပုလေးတွေလိုမျိုး၊ သစ်ပင်အိမ်လိုမျိုး အဆန်းလေးတွေလုပ်ထားတာ။
နုမြတ်တို့ကတော့ Palio Piazza နားက Balios Resort ဆိုတာ တည်းခဲ့တာ။ ၂ယောက်ခန်း ၁ညကို ဘတ် ၂၅၀၀။ အီတလီက ဟိုတယ်လေးတွေလို ပြင်ထားတာ။ တော်တော်ခမ်းနားပါတယ်။

Snapseed_new_new.jpg

#ဘာတွေလည်ရမလဲ (Tourist Attractions)

#Primo_Piazza
ဒီနေရာလေးကြောင့် ခေါင်းရိုင်လာချင်ခဲ့တာ။ ခေါင်းရိုင်မှာ မရောက်မဖြစ်ပေါ့။ အီတလီရွာလေးလို ခံစားရမယ့်နေရာလေးပါ။ ဂိတ်ထဲဝင်လိုက်တာနဲ့ အီတလီနိုင်ငံ ပြန်ရောက်သွားသလိုပါပဲ။ အဆောက်အအုံလေးတွေ၊ ကျောက်ခင်းလမ်းလေးတွေ လှမှလှ။ ဒီတော့ ဒီနေရာမှာ ဓာတ်ပုံတွေ အမုန်းရိုက်တာပေါ့။ အိမ်ကြိုအိမ်ကြားမကျန် လျှောက်သွားပြီးတော့လေ။ ဒီမှာ Pre wedding ကောင်းကောင်းရိုက်လို့ရတယ်။ ဓာတ်ပုံရိုက်ဖို့ ပန်းလေးတွေ၊ အလှဆင်ထားတဲ့နေရာလေးတွေ အများကြီးပဲ။ Pre wedding အတွက် package လေးတွေရှိတယ်တဲ့။ ကိုယ်တောင်ဘာမှ ယူသွားစရာမလိုလောက်ဘူး။ သူတို့ Website မှာ ကြေငြာထားတာ။ မဆိုးဘူးနော်။

နောက်ပြီးသူ့မှာသဘောကျတာက ရွာအငွေ့အသက်ရအောင် သိုးလေးတွေ မြည်းလေးတွေ ထားပေးထားတာ။ မြက်လည်း အလကား ကျွေးလို့ရတယ်။ ပိုက်ဆံမပေးရဘူး။ အကောင်လေးတွေ အစာလုတောင်းတာ ချစ်စရာလေးတွေ။
ဝင်ကြေး – 100 baht (၄၀၀၀ကျပ်)

#Palio_Piazza
ဒီနေရာလေးလည်း ဥရောပအငွေ့အသက်ရစေတယ်။ အီတလီကမြို့ထဲ ရောက်သွားသလိုပဲ။ အီတလီက Tuscany မြို့လေးကို ထိုင်းနိုင်ငံရွှေ့ထားတာလို့ သူတို့ကတင်စားထားကြတယ်။ ဒီနေရာမှာကတော့ ဈေးဆိုင်လေးတွေ၊ မုန့်ဆိုင်လေးတွေနဲ့ လေဟာပြင် Shopping Center သဘောမျိုးပါပဲ။ လမ်းကြိုလမ်းကြားထဲ တစ်လမ်းဝင်တစ်လမ်းထွက် အေးအေးဆေးဆေး လျှောက်ရင်း ဓာတ်ပုံရိုက်ရင်းပေ့ါ။ ဒီက ဈေးဆိုင်တွေက ဈေးကြီးလို့ မဝယ်ပါနဲ့။ ဒီမှာတော့ စားသောက်ဆိုင်တွေ ရှိပါတယ်။
ဝင်ကြေး – အခမဲ့

Snapseed-12

#Mid_winter_Green
ဂျာမနီရံတိုက်ကြီးတွေလို ဆောက်ထားတဲ့ စားသောက်ဆိုင်ပါ။ အပြင်ပန်းက ထည်ဝါသလို အတွင်းဘက်ကလည်း ခမ်းနားလှပါတယ်။ ဘိုစာနဲ့ ထိုင်းစာတွေရနိုင်ပါတယ်။ ဈေးကတော့ တစ်ပွဲ ၁သောင်းဝန်းကျင်ပါ။ ပေးရတာနဲ့ သူ့ Atmosphere နဲ့ တန်ပါတယ်။ Dinner ကို အဲ့မှာစားဖို့ Recommend ပေးပါတယ်။

#Factory_Outlet
ဒီနေရာကတော့ အပျော်ဆုံးပေါ့။ သြစတြေးလျက Factory Outlet ထဲ ပြန်ရောက်သွားသလိုပဲ။ တကယ့်ကမ္ဘာကျော် Brand တွေကို စက်ရုံဈေးနဲ့ ရသလို Discount လည်း ထပ်လျှော့တော့တန်မှတန်ပေါ့။ လျှော့တာမှ ၉၅%ထိလျှော့ပါတယ်ဆို။ အလကားရသလိုပါပဲ။

#PB_Valley
စပျစ်ဝိုင်တွေ ထုတ်လုပ်ရာ စပျစ်ခြံပါ။ စပျစ်ခြံထဲ ဝိုင်ဘယ်လိုလုပ်လဲ လိုက်ရှင်းပြတာကိုတော့ ဘတ် ၂၀၀ပေးပြီး join ရပါတယ်။ ဝိုင်ဖြူ၊ ဝိုင်နီ၊ နှင်းဆီဝိုင် ၃ခွက်တောင် အမြည်းပေးတိုက်တော့ တန်တယ်ဆိုရမှာပါ။ စပျစ်စိုက်ခင်းတွေ၊ ဝိုင်ချက်တဲ့ အခန်းတွေ၊ ဝိုင်တွေ သိုလှောင်တဲ့ အခန်းတွေတစ်ခန်းပြီး တစ်ခန်း လိုက်ရှင်းပြတာ စိတ်ဝင်စားစရာပါ။ ဝိုင်သိုလှောင်ရာ အအေးခန်းထဲမယ် ဝိုင်နံ့လေးတွေဆို တစ်ခန်းလုံး မွှေးနေတာပဲ။ ဝိုင်စည်ကြီးတွေနဲ့လည်း ဓာတ်ပုံရိုက်ပေါ့။
ဝင်ကြေး – အခမဲ့
Winery Tour – ဘတ် ၂၀၀(ကျပ်၈၀၀၀)

snapseed-17

IMG_7744

#The_Bloom
ဧက ၁၀၀ကျော်ကျယ်တဲ့ ခြံဝန်းကြီးထဲ ပန်းရောင်စုံတွေ စိုက်ထားတဲ့ ဥယျာဉ်ကြီးပါ။ သူ့ရာသီချိန်ကျရင် Lavender ပန်းခင်းတောင်မြင်ရဦးမှာပါ။ ရာသီချိန်မဟုတ်လည်း လှနေအောင် အလှဆင်ထားလို့ ဓာတ်ပုံရိုက်ရမယ့်နေရာတွေ အများကြီးရှိပါတယ်။ ပန်းလေးတွေ မြင်ရတာနဲ့တင် စိတ်ချမ်းသာစရာပါ။
ဝင်ကြေး – ဘတ် ၁၀၀(ကျပ်၄၀၀၀)

Snapseed-8

#Wat_Thep_Phitak_Punnaram_Temple
တောင်စောင်းတောင်လည်မှာ တည်ထားတဲ့ ဘုရားဆင်းတုကြီးဖြစ်လို့ ဟိုးအဝေးကြီးကနေ ဖူးမြော်နိုင်ပါတယ်။ တောင်စိမ်းစိမ်းမှာ ဆင်းတုအဖြူက ဝင်းနေလို့ သပ္ပါယ်လှပါတယ်။

IMG_8713.JPG

#Chocolate_Factory
ချောကလက်ကြိုက်တဲ့သူတွေ အတွက် ချောကလက်မျိုးစုံရောင်းချပေးတဲ့ ချောကလက်ဆိုင်ပါ။ ကိုယ်တိုင်လည်း ချောကလက် လုပ်လို့ရပြီး ကိုယ်လုပ်တဲ့ ချောကလက် ကိုယ်ယူသွားလို့ရပါတယ်။ ချောကလက်တွေက တကယ်စစ်ပါတယ်။

Snapseed-13.jpg

#Khao_Yai_Panorama_Mushroom_Farm
မှိုစိုက်ပျိုးမွေးမြူတာကိုလေ့လာနိုင်တဲ့နေရာပါ။ လင်ဇီးမှိုအပါအဝင် မှိုမျိုးစုံကို ဘယ်လို ပျိုးထောင်လည်း ဘယ်လို မွေးမြူစိုက်ပျိုးလဲ တွေ့နိုင်ပါတယ်။ မှိုပုံစံအိမ်လေးမှာ ညအိပ်လို့တောင်ရပါသေးတယ်။

#တခြားလည်စရာတွေ
ခေါင်းရိုင်မှာ လည်စရာတွေ အများကြီးပါ။ နုမြတ်မရောက်ဖြစ်ဘဲ ကျန်နေတာတွေမှ အများကြီး။ အဲ့နေရာတွေက
– ခေါင်းရိုင်ရဲ့ အဓိကနေရာဖြစ်ပြီး ရေတံခွန်ကြီးရှိတဲ့ Khao Yai National Park
– Waterboom လို ရေကစားကွင်းတွေ တခြားစီးစရာတွေ အစုံရှိတဲ့ Scenic World ကစားကွင်း
– ခြုံပုတ်တွေနဲ့ ဝင်္ဂဘာလိုလုပ်ထားတဲ့ Pete Maze
– ရှားပါးတိရစ္ဆာန်တွေ ပြသထားတဲ့ Exotic Zoo
– လန်ဒန်နဲ့တူတဲ့ Thames Valley
– သိုးလေးတွေလွှတ်ထားတဲ့ ချစ်ဖို့ကောင်းတဲ့ A cup of Loveပန်းခြံ
– နေကြာပန်းတွေ မျက်စိတစ်ဆုံးမြင်ရတဲ့ Saraburi Sunflower Field
– အမေရိကန် ကောင်းဘွိုင်တွေနေတဲ့ နေရာလို ပြင်ဆင်ထားတဲ့ Panther Creek Resort
– Hobbits လေးတွေနေတဲ့ အိမ်ပုလေးတွေရှိရာ Hobbit House

#ဘယ်အချိန် လည်လို့အကောင်းဆုံးလဲ
နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအထိပါ။ အဲ့အချိန် ရာသီဥတုအေးပြီး သာယာတယ်။ ပန်းခင်းတွေ နေကြာခင်းတွေလည်းလှတယ်။ ကျန်တဲ့အချိန်ဆိုပူပါတယ်။

#Tips
– ပုံတွေထဲ တွေ့ရတဲ့ Lavender ပန်းခင်းတို့ နေကြာပန်းခင်းတို့က သူ့ရာသီကြမှ လှပါတယ်။ ပန်းတွေဝေဆာနေတာမြင်ချင်ရင် အေးတဲ့ဆောင်းတွင်းဖြစ်တဲ့ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလထဲ သွားပါ။ ဒါပေမဲ့ ပုံတွေထဲကလောက်တော့ မမှန်းနဲ့ပေါ့နော်။ ဘယ်နေရာမဆို ဘယ်အရာမဆို ရိုက်တဲ့သူတော်ရင် Editing skill ကောင်းရင် လှနေတာပဲဆိုတော့လေ။
– နယ်မြို့ဆိုတော့ ဘန်ကောက်လိုမစည်ကားပါဘူး။ ဒီတော့ ဘန်ကောက်လို လမ်းဘေးစာတွေ မုန့်ဆိုင်တွေ Shopping Center ကြီးတွေ ရှိမနေပါဘူး။ တို့ထိတို့ထိ စားချင်စိတ်ကို အောင့်အည်းထားရပါမယ်။ အဓိကက ဓာတ်ပုံရိုက်ဖို့နဲ့ သဘာဝအလှတရားကိုခံစားရဖို့ မဟုတ်လား။
– ရာသီဥတုက မအေးပါဘူး။ ပူတောင်ပူနေသေးတယ်လို့ ဆိုရမှာပါ။ ဒီတော့ နေပူသက်သာအောင်တော့ သတိထားနော်။
– စားသောက်ဆိုင်တွေ ရှိပေမဲ့ ရှားလို့ အဲ့မှာဆိုင်လေးတစ်ခုညွှန်းချင်တယ်။ Steak Laos ဆိုတဲ့ ဆိုင်လေးပါ။ အဲဒီက လာအိုစာတွေ၊ ခေါင်းရိုင်ရိုးရာစာတွေက ဈေးလည်းသက်သာ အရသာလည်းရှိတယ်။
– Primo Piazza မှာစားစရာဆိုင်မရှိဘူး။ ကော်ဖီဆိုင်တော့ရှိပေမဲ့ ဈေးကြီးတယ်။ Palio မှာတော့ စားသောက်ဆိုင်တွေရှိပါတယ်။

အဆုံးသတ်ရမယ်ဆိုရင်တော့ ဘန်ကောက်ကနေ နေ့ချင်းပြန်သွားလို့ရတဲ့ နေရာတွေ များစွာရှိပါတယ်။ အယုဒ္ဒယ၊ ပတ္တရားကမ်းခြေ၊ ဟွာဟင်းကမ်းခြေ၊ ကပ်ချနာပူရီစသဖြင့်ပေါ့။ ဒီနေရာတွေ ရောက်ဖူးပြီးသားပဲဖြစ်ဖြစ် တမူထူးခြားတဲ့ နေရာအသစ်အဆန်းလေးသွားလိုရင်ပဲ ဖြစ်ဖြစ် ခေါင်းရိုင်ဟာလည်း လည်စရာတွေစုံတဲ့ နေရာလေးပါလို့…

အားလုံးပျော်ရွှင်ကျန်းမာစွာ စိတ်သွားတိုင်းကိုယ်ပါနိုင်ကြပါစေ…
နုမြတ်
http://www.numyataroundtheworld.com

#TAT #KhaoYai #Thailand
#NuMyataroundtheWorld

NuMyataroundtheWorld

ရွှေသမင်တို့၏ မြို့တော် နာရာ (Nara, the sacred City of Japan Bowing Deers)

ရွှေသမင်တို့၏ မြို့တော်

နာရာသို့ အလည်တစ်ခေါက်

————————————————————————————————————

Me with the deers
Me with the deers
Bowing deers
Bowing deers
Todai-ji Temple is Japan scared place and the landmark of Nara
Todai-ji Temple is Japan sacred place and the landmark of Nara

ခုနှစ် ၇၁၀မှ ၇၈၄ အတွင်း ဂျပန်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့ဖူးသည့် ဂျပန်နိုင်ငံ တောင်ပိုင်းရှိ ရှေးဟောင်းမြို့တော် နာရာမြို့သည် ရွှေသမင်မြို့တော်အဖြစ် လူသိများလှသည်။ ဂျပန်လို ရှီခ အမည်ရှိ သမင်ပေါင်း ၁၂၀၀ကျော်တို့သည် နာရာမြို့ထဲ ခြေဦးတည့်ရာ လျှောက်သွားနေကြပြီး လူတွေနှင့်လည်း ယဉ်ပါးနေကြပါသည်။ လူတွေကို အန္တရာယ်မပေးသလို လူတွေကလည်း သူတို့ကို အန္တရာယ်မပြုကြပါ။ နာရာ ရွှေသမင်များ အဓိက ကျက်စားရာ နေရာမှာ နာရာမြို့တွင်းရှိ ဝါကာကူဆာ တောင်ခြေမှာရှိသော ဧကပေါင်း ၁၆၃၀ ကျော် ကျယ်ဝန်းသည့် နာရာပန်းခြံတွင်းမှာ ဖြစ်လေသည်။

Warning sign of Nara Deer Park
Warning sign of Nara Deer Park

ထိုနာရာပန်းခြံအတွင်းရှိ UNESCO မှ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဆောက်အအုံအဖြစ် အသိအမှတ်ပြုထားသော တိုးဒိုင်းဂျိ ဘုရားကျောင်းသို့ ၂၀၁၂ခုနှစ် ဧပြီလတုန်းက ကျွန်မသည် မိသားစုနှင့်အတူ အလည်အပတ်ရောက်ရှိခဲ့ပါသည်။ ဘုရားကျောင်းဝင်းအတွင်း၌လည်း ရွှေသမင်တို့သည် ခရီးသွားဧည့်သည်များနှင့်အတူ ဝန်းအတွင်းလျှောက်သွားနေကြသည်။ သူတို့ကို အန္တရာယ်မပြုမှန်းသိကြသဖြင့် လူမကြောက်တတ်ကြပါ။ ရှေးခေတ် ၁၆၃၇ခုနှစ် မတိုင်မီကဆိုလျှင် ထိုသမင်များကို အန္တရာယ်ပြုသတ်ဖြတ်ပါက သေဒဏ်ကျခံရသည်အထိ အပြစ်ကြီးလှပါသည်။

Nara deer wandering around the temple
Nara deer wandering around the temple

အဘယ်ကြောင့်ဆိုသော ထိုသမင်များအား တိုင်းပြည်နှင့်မြို့ကို စောင့်ရှောက်ဖို့ ကောင်းကင်ဘုံက စေလွှတ်ထားသည့်သတ္တဝါများအဖြစ် အထွတ်အမြတ်ထားပြီး တစ်မြို့လုံးက ကျွေးမွေးစောင့်ရှောက်ကာ ဘေးမဲ့ပေးထားခြင်းကြောင့်ဖြစ်သည်။ ရှေးခေတ် ဂျပန်ဒဏ္ဍာရီများအရ ရှေးခေတ် နတ်မင်းကြီးတစ်ပါးဖြစ်သည့် တာခီမီခါဇူချီနတ်မင်းသည် သမင်ဖြူကြီးကိုစီးကာ မြို့သို့အလည်လာဖူးခြင်းကြောင့် သမင်တို့ကို အထွတ်အမြတ်ထားရာ သတ္တဝါများအဖြစ် ဘေးမဲ့ပေးထားခြင်းဖြစ်သည်။ ထိုသမင်များကို အစာကျွေးလိုပါက ကျွေးနိုင်ရန် ဘီစကစ်ရောင်းသည့် လှည်းများကိုလည်း နာရာမြို့တွင်း၌ နေရာအနှံ့အပြားတွေ့နိုင်ပါသည်။

Asking for food
Asking for food

နာရာမြို့ရှိ သမင်တို့၏ ထူးခြားသောအချက်မှာ အစာကျွေးသူကို အစာစားပြီးပါက ဦးခေါင်းငြိမ့်ကာ အလေးပြုခြင်းပင်ဖြစ်သည်။ ဂျပန်နိုင်ငံ ဂျပန်လူမျိုးတို့၏ ခါးကိုင်းကာ အလေးပြုခြင်းကို မြင်ရဖန်များသောကြောင့် ဖြစ်မည်ထင်၏။ ဤသို့ ချစ်စရာကောင်းသော သမင်လေးများ၏ ချစ်စရာအပြုအမူကြောင့်လည်း သမင်များကို သက်သက်လာကြည့်သည့်အနေဖြင့် ကမ္ဘာလှည့်ခရီးသည်များက နာရာမြို့သို့ လာရောက်လည်ပတ်ကြခြင်း ဖြစ်ပေလိမ့်မည်။

Entrance ticket to Todai-ji Temple
Entrance ticket to Todai-ji Temple

IMG_0676

နာရာမြို့၏ သမင်များကဲ့သို့ပင် တိုးဒိုင်ဂျိဘုရားကျောင်းသည်လည်း ကမ်္ဘာလည့်ခရီးသည်များ လာရောင်လေ့လာလေ့ရှိသည့် နေရာတစ်ခုပင် ဖြစ်သည်။ နာရာရွှေသမင်များ အဓိကကျက်စားသည့် နေရာတစ်ခုလည်းဖြစ်သောကြောင့် ဘုရားကျောင်းဝင်ပေါက်မှစ၍ ဘုရားကျောင်းဆောင်အတွင်းထိ သမင်များကို မကြာခဏတွေ့မြင်ခဲ့ရသည်။ ဘုရားကျောင်းသို့ လာရောက်သည့် ဧည့်သည်များက သမင်များကို အစာကျွေးမွေးလေ့ရှိသောကြောင့် ဘုရားကျောင်းဆောင်ဝင်းထဲတွင် အစာများကို လာမျှော်နေဟန်ရှိသည်။

Nara deers
Nara deers
Deers wandering around the temple
Deers wandering around the temple
Big Buddha (Daibutsu) - his open hand alone is as tall as a human being
Big Buddha (Daibutsu) – his open hand alone is as tall as a human being

သက္ကရာဇ် ခရစ်နှစ် ၇၅၁ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့သည့် တိုးဒိုင်ဂျိဘုရား ကျောင်းသည် ၁၉၉၈ ခုနှစ်အထိကမ်္ဘာ့အကြီးဆုံးသစ်သားအဆောက်အအုံဖြစ်ကာ မီးဒဏ်ကြောင့် နှစ်ကြိမ်ပြန်၍ မွမ်းမံတည်ဆောက်ခဲ့ရပြီး လက်ရှိအဆောက်အအုံကို ၁၇၀၉ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပေပေါင်း ၁၅၉ ပေမြင့်ကာ မျက်နှာစာ ၁၈၇ ပေကျယ်ပြီး ယခင်မူလအဆောက်အအုံထက် ၃၀ ရာခိုင်နှုန်း အရွယ်အစားသေးသွားသည်ဟု သိရသည်။ ထိုဘုရားကျောင်းအတွင်း၌ ဒိုင်ဘတ်စုအမည်ရှိ အလွန်တရာကြီးမားသော အမြင့် ၄၈.၉၁ ပေမြင့် ကာ ကြေးတန်ချိန် ၅၀၀ အလေးချိန်ရှိ ကြေးသွန်းဗုဒ်္ဓဆင်းတုတော်တစ်ဆူ ကို ဖူးမြော်ခဲ့ရပါသည်။

Japanese students trying to squeeze through the hole of this massive wooden column. It is believed that those who can pass through this opening will be granted enlightenment in their next life.
Japanese students trying to squeeze through the hole of this massive wooden column. It is believed that those who can pass through this opening will be granted enlightenment in their next life.
Lighting Incense Sticks at the temple.
Lighting Incense Sticks at the temple.

နာရာမြို့သည် ဂျာပန်နိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သည့် ကာလအတွင်း (၇၁၀ ခုနှစ်မှ ၇၈၄ နှစ်အတွင်း) ၇၄၃ ခုနှစ်က ဂျပန်ဧကရာဇ်ရှိမူသည် ဂျပန်နိုင်ငံကို ဘေးအန်္တရာယ်များမှ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လူပေါင်း ၂.၆ သန်းကျော်၏ အင်အားဖြင့် ဤဆင်းတုတော်ကြီးနှင့် ဘုရားကျောင်းကို သုံးနှစ်ကျော်ကြာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ယခု အခါတွင် စီဂွန်ဗုဒ်္ဓဘာသာသင်တန်းကျောင်း၏ ဂျပန်ဌာနချုပ်အဖြစ် တည်ရှိနေသလို ရှေးဟောင်းဗိသုကာလက်ရာများကြောင့် ကမ်္ဘာ့ရှေး ဟောင်း အမွေအနှစ်အဖြစ် UNESCO က အသိအမှတ်ပြုခံထားရကြောင်း သိရသည်။ ဤကဲ့သို့ သာယာလှပပြီး ရွှေသမင်တို့ကျက်စားရာ ရှေး ဟောင်းမြို့တော် နာရာသည် လာရောက်လည်ပတ်သူများအား စိတ် ချမ်းမြေ့သာယာမှုအတိ ပေးစွမ်းနိုင်သည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။

Me in front of Todai-ji temple
Me in front of Todai-ji temple

_MG_2018
ဒေါက်တာနုမြတ်သိင်္ဂီဦး