တူရကီက ကမ္ဘာ့ပထမဆုံး စိတ်ရောဂါကုဆေးရုံကြီး
ရှေးခေတ်က ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့တဲ့ တူရကီနိုင်ငံမှာ ရှေးဟောင်းမြို့ကြီးတွေ အဆောက်အအုံကြီးတွေရှိနေသလို ကမ္ဘာ့ပထမဆုံး စိတ်ရောဂါကု ဆေးရုံကြီးလည်း ရှိနေပါတယ်။
ဒီဆေးရုံကြီးကတော့ တူရကီအနောက်ပိုင်း Izmir ပြည်နယ် Bergama မြို့နားက Pergamon မြို့ဟောင်းမှာရှိတဲ့ Asklepion (အက်စ်ကလီပီယွန်)ဆိုတဲ့ ရှေးဟောင်း ဂရိဆေးရုံကြီးပါ။
ဘယ်လောက်တောင်ရှေးကျလည်းဆိုရင် ဘီစီ ၄ရာစုကတည်းက တည်ဆောက်ခဲ့တာဆိုတော့ နှစ်ပေါင်း ၂၅၀၀ကျော် သက်တမ်းရှိနေပါပြီ။ ရှေးခေတ်က ဂရိတွေရဲ့နာမည်ကြီး ဆေးကုသမှုစင်တာဖြစ်ပြီး ကုသမှုဆိုင်ရာ ဂရိနတ်ဘုရား Asklepio ကို ရည်စူးပြီးဆောက်လုပ်ခဲ့တာတဲ့လေ။ တူရကီနိုင်ငံ ရောမလက်အောက်ရောက်နေတဲ့ အေဒီ ၂ရာစုမှာ ရောမလူမျိုးတွေအကြား အကောင်းဆုံး ဆေးကုသမှုစင်တာတစ်ခုအဖြစ် ထင်ရှားလာခဲ့ပါတယ်။
ဘယ်လိုကုထုံးတွေနဲ့ ကုတာလဲ
————————————-
နုမြတ်တို့ တူရကီနိုင်ငံသွားလည်ခဲ့တုန်းက ဒီဆေးရုံကြီးကိုရောက်ခဲ့ပါသေးတယ်။ Asklepion ကြီးက ဆေးရုံ ဆေးခန်းထက်စာရင် Wellness Center တို့ Spa နဲ့တောင်တူနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ကုထုံးတွေက ရွှံ့ရည်စိမ်ရတာတို့၊ တေးဂီတဖျော်ဖြေပွဲတို့၊ နှိပ်နယ်တာတို့ဆိုတော့လေ။ မိုက်တယ်နော်… အဲ့ဒီကုထုံးတွေအပြင် အစားအစာကုထုံး၊ စိတ်ရောဂါကုထုံး၊ ဆေးဘက်ဝင်အပင်ကုထုံး၊ ရေစိမ်ကုထုံး၊ အိပ်မက်ဖတ်ကုထုံးစတဲ့ ကုထုံးတွေကိုလည်း အသုံးပြုခဲ့ကြတာတဲ့။ ဒါကြောင့်လည်း အခုခေတ်လိုမဟုတ်ဘဲ အဲ့ဒီခေတ်က ဆေးရုံတက်ချင်သူတွေ များမှများပဲလို့ သိရပါတယ်။
ဘယ်လိုပုံစံရှိလဲ
——————
ဆေးရုံကြီးက တောင်ကုန်းတွေကြားမှာရှိတော့ တည်နေရာကတင် အေးချမ်းသာယာလှပါတယ်။ေ ဆးကုသမှုခံယူလိုသူတွေအနေနဲ့ ဆေးရုံကြီးဆီကို ၂၆၉၀ပေရှည်ပြီး တိုင်တွေစီတန်းပြီးရှိနေတဲ့ ခမ်းနားလှတဲ့ လမ်းကြောင်းကနေ ဝင်ရပါတယ်။ ဒီလမ်းကြောင်းကြီးက ရှေးခေတ်ဂရိတောင်ပေါ်မြို့နဲ့ ဆေးရုံကြီးကြားဆက်သွယ်ပေးတဲ့ လမ်းကြောင်းကြီးပေါ့။ လမ်းကြောင်းအဆုံးမှာ ပြိုကျနေတဲ့ ဂိတ်ဝကြီးရှိပါတယ်။
ဂိတ်ပေါက်ကနေ ဝင်ဝင်ချင်းတွေ့ရတဲ့ ဝင်းထဲမှာတော့ အခုခေတ်ဆေးပညာရဲ့ သင်္ကေတအမှတ်တံဆိပ် မြွေရုပ်ပုံ ထွင်းထုထားတဲ့တိုင်လုံးကြီးရှိပါတယ်။ ဝင်းရဲ့ ညာဘက်က အင်ပါယာဘုရင်အခန်းဖြစ်ပြီး စာကြည့်တိုက်အဖြစ်လည်း သုံးခဲ့ကြပါတယ်။ အနီးအနားမှာ စက်ဝိုင်းပုံ အမိုးခုံး ကျောင်းဆောင်ကြီး ရှိခဲ့တယ်လို့လည်း သိရပါတယ်။
အိပ်မက်ဥမင်
————-
အဲဒီကနေဆက်သွားရင် မြေအောက်ဥမင်လှိုဏ်ခေါင်းကြီးရှိပါတယ်။ ဥမင်လှိုဏ်ခေါင်းကို ကုထုံးအခန်းတွေ အဖြစ်ရော အိပ်ခန်းတွေအဖြစ်ပါ သုံးခဲ့ကြပါတယ်။ ဒီအိပ်ခန်းတွေက အိပ်မက်တွေကို ဖမ်းဆုပ်နိုင်တဲ့ အိပ်ခန်းတွေဖြစ်ပြီး ညကမက်တဲ့ အိပ်မက်တွေကို အဓိပ္ပါယ်တွေကောက်ကာ သင့်တော်တဲ့ ကုထုံးတွေ ရွေးချယ်ပေးပါတယ်။ ရှေးခေတ်ဂရိတွေက Asklepios နတ်ဘုရားက အိပ်မက်လာပေးတာလို့ ယူဆတာကြောင့် အိပ်မက်တွေဟာ ရောဂါကုသရာမှာအရေးပါတယ်လို့ မှတ်ယူထားကြပါတယ်။
အစွမ်းထက်ရေ
——————
ဝန်းထဲမှာ ရေကန်နဲ့ ရေပန်းပေါင်း ၃ခုရှိပြီး ဒီရေတွေကို သောက်ရေ၊ စိမ်ရေအပြင်၊ ကုထုံးတွေမှာ သုံးခဲ့ကြပါတယ်။ အဆောက်အအုံတွေ ပြိုကျပျက်စီးနေပေမဲ့ ရေပူစမ်းရေပန်းက ရေတွေ ခုထိစိမ့်ထွက်စီးဆင်းနေတုန်းပဲလေ။ ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ ဒီရေပူစမ်းက ရေတွေက ရေဒီယိုသတ္တုကြွဂုဏ်သတ္တိရှိတယ်ဆိုတာကို နောက်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ပြီး အခုချိန်ထိ တချို့ရောဂါတွေကို ကုသပေးနိုင်တုန်းပဲတဲ့လေ။ ရေစိမ် ရွှံ့စိမ်တဲ့ Bathtub တွေကလည်း မိုက်မှမိုက်။ ရေစိမ်ကန်တွေကိုဆောက်ထားတဲ့ အုတ်တွေဆိုအကြီးကြီးတွေပဲ…
————
စာကြည့်တိုက်နဲ့ ကဇာတ်ရုံကြားထဲ တိုင်ကြီးတွေ စီတန်းပြီးရှိနေပါတယ်။ ကဇာတ်ရုံဆိုတာကြီးကလည်း အကြီးကြီးပဲရော။ လူပေါင်းထောင်ချီပြီး ကြည့်လို့ရတာတဲ့လေ။ တောင်စောင်းမှာရှိတာဆိုတော့ တောင်စောင်းအဆင့်ဆင့်ထိုင်ခုံတွေ စီတန်းထားတာ အခုထိအကောင်းတိုင်းရှိနေဆဲပဲ။ ဂီတကုထုံးနဲ့ ကုသဖို့အတွက် ဂီတဖျော်ဖြေပွဲတွေ လုပ်ပေးတယ်တဲ့လေ။ ဆေးရ့ုလာတက်တာ စတိတ်ရှိုးပါ ကြည့်ရတယ်။ မိုက်တယ်ရော… ရှေးခေတ်ဂရိတွေက စိတ်ရောကိုယ်ပါကျန်းမာမှ ကျန်းမာရေးကောင်းမယ်လို့ ယူဆထားကြလို့ ဒီလို ကုထုံးတွေအသုံးပြုခဲ့ကြတာတဲ့လေ။ တချို့ကုထုံးတွေဆိုရင် အခုခေတ်မှာ တဖန်ပြန်လည်ခေတ်စားလာတာကြောင့် တကယ် အစွမ်းထက်မယ်ဆိုတာ မယုံမရှိပေါ့လေ။
အဲ့ဒီလိုသာ အိပ်လိုက်စားလိုက်၊ ရေစိမ်လိုက်၊ အနှိပ်ခံလိုက်၊ သီချင်းနားထောင်လိုက်နဲ့ ကုသရမယ်ဆိုရင် စိတ်ချမ်းသာတာနဲ့ ရောဂါတစ်ဝက်လောက်ပျောက်နေပြီနော်… ဟုတ်တယ်ဟုတ် ???
ချစ်တဲ့
Dr.Nu Myat