မြတ်စွာဘုရားလောင်း ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်တော် – Lumbini, the birthplace of Buddha

နီပေါနိုင်ငံ တောင်ပိုင်းရှိ လုမ္ဗိနီမြို့သည် မြို့ငယ်လေးဖြစ်သော်လည်း မြတ်စွာဘုရားလောင်း ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်ရှိသဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များအတွက် အရေးပါသောမြို့ဖြစ်သည်။ သံဝေဇနိယလေးဌာနတို့တွင် တစ်ဌာနအပါအဝင်ဖြစ်သော လုမ္ဗိနီဒေသသည် ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ နေရာတစ်ခုဖြစ်သည်။ လုမ္ဗိနီဒေသကို ၁၉၉၇ ခုနှစ်က ယူနက်စကို ကမ္ဘာရှေးဟောင်း အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီး ဖြစ်ပေသည်။


သမိုင်းမှတ်တမ်းများအရ လုမ္ဗိနီဥယျာဉ်သည် ဘီစီ ၆၂၃ တွင် မယ်တော်မာယာဒေဝီမှ မြတ်စွာဘုရားလောင်းကို ဖွားမြင်ရာနေရာဖြစ်သည်။ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်နန်းတော်ကြီးတွင် ကြီးပြင်းခဲ့သော်လည်း မွေးဖွားရာဒေသမှာ ကပိလဝတ်နှင့် ဒေဝဒဟ တိုင်းပြည်နှစ်ပြည်ကြားရှိ လုမ္ဗိနီဥယျာဉ်ဖြစ်ပေသည်။ မယ်တော်မာယာ မိဖုရားကြီးသည် ဘုရားအလောင်းတော်ကို ပဋိသန္ဓေယူ၍ ဆယ်လအကြာ မိမိဇာတိမြေ ဒေဝဒဟတိုင်းသို့ သွားရောက်လိုသည့် စိတ်ဆန္ဒဖြစ်ပေါ်လာခဲ့သဖြင့် အခြံအရံများနှင့်တကွ ဒေဝဒဟပြည်သို့ ကြွချီရာ လမ်းခုလတ် လုမ္ဗိနီဥယျာဉ် အင်ကြင်းတောအနီး ရောက်သည့်အခါ ဘုရားလောင်းကို ဖွားမြင်ခဲ့ခြင်းဖြစ်သည်။


ဘုရားလောင်း ဖွားမြင်တော်မူရာ လုမ္ဗိနီအင်ကြင်းဥယျာဉ်တောသည် ယခုအချိန်တွင် နီပေါနိုင်ငံ၌ ရှိနေပြီး နီပေါ-အိန္ဒိယနယ်စပ်မြို့ဖြစ်သော ဆိုနောလီမြို့နှင့် ၆ မိုင်ခန့်သာ ကွာဝေးသည်။ အနီးဆုံးလေဆိပ်မှာ လုမ္ဗိနီမှ ၁၃ မိုင်ခန့်ဝေးသော Bhairahawa မြို့ရှိ Gautam Buddha လေဆိပ်ဖြစ်သည်။ နီပေါမြို့တော် ခတ္တမန္ဒူမှ အဝေးပြေးကားများ ထွက်သလို ထိုသို့ကားစီးလာပါက ၈နာရီခွဲဝန်းကျင် ကြာမြင့်မည်ဖြစ်သည်။ စာရေးသူတို့မှာမူ ပိုခါရာမြို့မှ တစ်ဆင့် သွားရောက်ခဲ့ခြင်းဖြစ်ကာ ၆ နာရီဝန်းကျင် ကားစီးခဲ့ရပါသည်။


လုမ္ဗိနီမြို့သည် ရာစုနှစ်များတစ်လျှောက် ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ ဖြစ်ခဲ့ပြီး ဗုဒ္ဓဘာသာဘုရင်များနှင့် အုပ်စိုးသူအများအပြားသည် ယင်းမြို့၏ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးခဲ့သည်။ သို့သော်လည်း လုမ္ဗိနီဒေသသည် ရှေးဟောင်းဌာနက ၁၈၉၆ ခုနှစ်တွင် ရှာဖွေတွေ့ရှိမီ နှစ်ပေါင်း ၁၀၀၀ နီးပါးခန့် ကွယ်ပျောက်နေခဲ့သည်။ လုမ္ဗိနီဒေသကို ၁၈၉၉ ခုနှစ်တွင် စတင်တူးဖော်ခဲ့ပြီးနောက် အကြိမ်ပေါင်းများစွာ ဆက်လက်တူးဖော်ခဲ့သည်။ ကုသသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်လုမ္ဗိနီသို့ ဘုရားဖူးရောက်လာပြီးနောက် သူ၏ နှိုးဆော်မှုဖြင့် လုမ္ဗိနီဒေသတူးဖော်ရေးအတွက် ကုသသမဂ္ဂအဖွဲ့၏ အကူအညီရရှိခဲ့သည်။ ထိုအချိန်ကစပြီး လုမ္ဗိနီကို လူသိများလာကာ တိုးတက်စည်ပင်လာခဲ့သည်။ ယခုအခါ လုမ္ဗိနီဒေသတွင် မြန်မာရွှေကျောင်းတိုက် အပါအဝင် နိုင်ငံတကာမှ ဘုန်းတော်ကြီးကျောင်းများဖြင့် စည်ကားနေပြီဖြစ်သည်။


လုမ္ဗိနီတွင် အဓိကအဆောက်အအုံမှာ မာယာဒေဝီ ဘုရားကျောင်းဖြစ်သည်။ အဖြူရောင်ဘုရားကျောင်းအတွင်း မြတ်စွာဘုရားဖွားမြင်ရာ နေရာအတိအကျကို အမှတ်အသားပြုထားသည့်ကျောက်တုံးကို တွေ့မြင်နိုင်သလို မယ်တော်မာယာ သားဖွားနေဟန် ရှေးအတော်ကျသည့် ရုပ်တုကိုလည်း တွေ့မြင်နိုင်ပါသည်။ တူးဖော်ရရှိသည့် ရှေးဟောင်းကျောင်းတော်ကြီး၏ အုတ်မြစ်များကိုလည်း တွေ့မြင်နိုင်ပါသည်။

ဘုရားကျောင်းအနီးတွင် အာသောကကျောက်စာတိုင် ရှိပါသည်။ သီရိဓမ္မာသောကမင်းကြီး ဘီစီ ၂၅၀ ခုနှစ်တွင် လုမ္ဗိနီဒေသသို့ ဘုရားဖူး ရောက်လာခဲ့စဉ်က အမှတ်တရ ကျောက်စာတိုင်ကြီးတစ်တိုင် စိုက်ထူထားခဲ့ခြင်းဖြစ်သည်။ ဘုရားကျောင်းဘေးတွင် ရေကန်ကြီးရှိကာ ဘုရားလောင်း ဖွားမြင်အပြီး ပထမဆုံးရေချိုးသန့်စင်ရာ ရေကန်တော်ဟု ယူဆရပါသည်။


လုမ္ဗိနီရှိ ဓမ္မဥယျာဉ်သည် ကမ္ဘာတစ်ဝှမ်းရှိ ဗုဒ္ဓဘာသာနိုင်ငံအသီးသီးမှ ဘုန်းကြီးကျောင်းများနှင့် ဘုရားပုထိုးများပါရှိသော လှပသောပန်းခြံတစ်ခုဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးစေတီတော်နှင့် မြန်မာနိုင်ငံမှ ရွှေတိဂုံဘုရားပုံစံတူ တည်ထားကိုးကွယ်ထားသည့် လောကမဏိစူဋ္ဌာစေတီတော်တို့ကိုလည်း ဖူးမြော်ခဲ့ရပါသည်။

ဥယျာဉ်အတွင်းတွင် လုမ္ဗိနီ ပြတိုက်ရှိကာ မြတ်စွာဘုရားနှင့် ဗုဒ္ဓဘာသာနှင့် ဆက်စပ်သော ရှေးဟောင်းပစ္စည်းများ စုစည်းပြသထားသည်။


လုမ္ဗိနီကိုသွားလည်ရန်အကောင်းဆုံးအချိန်သည် ရာသီဥတုအေးပြီး ခြောက်သွေ့သော အောက်တိုဘာလမှ မတ်လအတွင်းဖြစ်သည်။ ဘုရားဖူးခရီးသည်များသည် နံနက်စောစော ဂိတ်ဖွင့်ချိန်မှ ညနေဂိတ်ပိတ်ချိန်ထိ ဘုရားဖူးခြင်း၊ တရားထိုင်ခြင်းစသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။ လုမ္ဗိနီသည် သမိုင်းဝင် ဘာသာရေးဆိုင်ရာ အရေးပါသော နေရာတစ်ခုဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ၎င်း၏ အဆုံးအမများကို စိတ်ဝင်စားသူတိုင်း လုမ္ဗိနီသို့ သွားရောက်လည်ပတ် ဖူးမြော်သင့်ပါသည်။


ဒေါက်တာနုမြတ်သိင်္ဂီဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s