ကလောမှာ ဘယ်တွေသွားပြီး ဘာတွေ စားကြမလဲ

ကလောရောက်နေတဲ့သူတွေအတွက် နုမြတ်ရောက်ဖူးခဲ့တဲ့ ကလောက နေရာလှလှလေးတွေအကြောင်း ပို့စ်တစ်ခု တင်ပေးဖူးပါတယ်။ အခုက နေရာအသစ်တွေပေါ်လာလို့ ထပ်ဖြည့်ပြီး တင်ပေးလိုက်ပါတယ်။ ဒီပို့စ်မှာ သွားစရာနေရာတွေအပြင် စားစရာဆိုင်လေးတွေပါ သိသလောက် ထည့်ရေးပေးထားပါတယ်။

1. ကလောဘူတာ

—————————

သိပ်လှတဲ့ ကလောဘူတာရုံအဟောင်းလေးဆီတော့ ရထားစီးစီး မစီးစီးရောက်အောင်သွားခဲ့ကြပေါ့။ ဗုံးဒဏ်ကြောင့် အဆောက်အအုံ ၂ ခြမ်းကွဲတဲ့နေရာလေးကို ပြင်ဆောက်ထားတာကလွဲရင် ဟိုးအရင်ခေတ်ကအတိုင်းလေးပါပဲ။ ရထားလာတဲ့အချိန် ရထားပေါ်တက်ကြဆင်းကြနဲ့ ယောက်ယက်ခတ်နေတဲ့မြင်ကွင်းလေးကလည်း ရသတစ်မျိုးခံစားရမှာပါ။

2. နာရီစင်

—————————

ကလောမြိုရဲ့ နာရီစင်လေးကလည်း မြို့လည်မှာ ဝံ့ဝံ့ကြွားကြွားလေးနေရာယူနေတာဆိုတော့ ကလောသွားတိုင်း အမြဲဖြတ်သွားရတဲ့နေရာပါ။ ဓာတ်ပုံရိုက်မယ်ဆို ကားနဲ့ဆိုင်ကယ်ကြည့်ရှောင်ပေါ့နော်။ ဓာတ်ပုံထဲ လူရော နာရီစင်ရောပါချင်ရင် နာရီစင်နားကပ်မရိုက်ဘဲ ကားလမ်းဘေးကပ်ပြီး ခပ်ဝေးဝေးကရိုက်ပါနော်။

3. ထင်းရူးတော

—————————

ထင်းရူးမြို့တော် ကလောမှာ ထင်းရူးပင်တန်းကြီးတွေနဲ့ ဓာတ်ပုံရိုက်ချင်ရင် ဝေးဝေးလံလံ သွားစရာမလိုပါဘူး။ မြို့ထဲမှာတင်ရှိပါတယ်။ နာရီစင်ဘေး မေမြေဦး ပန်းခြံထဲက ထင်းရူးတောထဲ ဝင်ရိုက်လို့ရပါတယ်။ ဒီပန်းခြံက ကလောမြို့ မီးရှော်တိုင်ပွဲကျင်းပတဲ့ နေရာလည်းဖြစ်ပါတယ်။

4. Kalaw Heritage Hotel

———————————–

မြန်မာနိုင်ငံရဲ့ ဒုတိယသက်တမ်းအရင့်ဆုံး Kalaw Heritage ဟိုတယ်လေးကတော့ ဥရောပရောက်သွားသလိုပါပဲ။ အပင်လေးတွေတွယ်တက်နေတဲ့ နံရံစိမ်းစိမ်းလေးရှိတဲ့ ရှေးဟောင်းအဆောက်အအုံကြီးတွေရယ်၊ အရှေ့မှာ ပန်းခင်းဖြူဖြူလေးတွေခင်းထားတဲ့ ဘိုဆန်ဆန်တိုက်ဖြူဖြူလေးတွေရယ်နဲ့ သိပ်ကိုလှပါတယ်။ ညမအိပ်လည်း ကော်ဖီဝင်သောက် မုန့်ဝင်စားရင် ဓာတ်ပုံရိုက်လို့ရပါတယ်။

5. ရေယောင်းမ View Point

———————————–

အရမ်းလှတဲ့ ရှုခင်းတွေမြင်ရမယ့် View Point ပါ။ ကလောအတက်လမ်းဘေးချိုးလိုက်ရင် ရောက်ပါတယ်။ ဧရာမ လခြမ်းကြီးတွေ၊ အသည်းပုံတွေနဲ့ ဓာတ်ပုံရိုက်စရာနေရာတွေ ဖန်တီးပေးထားပါတယ်။

အဲဒီမှာ View Point ကြည့်ရမယ့်နေရာ ၂ ခုရှိပါတယ်။ ရှန်ဗဲလားကတော့ မူလလက်ဟောင်း လခြမ်းပုံကြီးရှိတဲ့နေရာပါ။ အထဲနည်းနည်းထပ်ဝင်ရပါတယ်။ သိရိစန္ဒာအပန်းဖြေစခန်းကတော့ လမ်းမနဲ့ပိုနီးပြီး ဝင်ရလွယ်ပါတယ်။

6. Kalaw City View စားသောက်ဆိုင်

———————————–

Kalaw City view လို့ခေါ်တဲ့စားသောက်ဆိုင်လေးက Sunset ကြည့်လို့လှတဲ့ နေရာလေးပါ။ Tree House လိုမျိုးလေးတွေ ဆောက်ထားပြီး ဓာတ်ပုံရိုက်စရာေနေရာလေးတွေလည်း ရှိပါတယ်။ ကလောမြို့ သုမောင်ထမင်းဆိုင်ဘေး သိမ်တောင်ပေါ် တက်တဲ့လမ်းကနေ သွားလို့ရပါတယ်။

7. နှီးဘုရား

—————————

ကလောရောက်ရင် နှစ်ပေါင်း (၅၀၀) ကျော်သက်တမ်းရှိတဲ့ နှီးဘုရားဝင်ဖူးခဲ့ကြပါဦး။ နှီးနဲ့ယက်လုပ်ထားတဲ့ ဘုရားဆင်းတုကြီးက သပ္ပါယ်လှပါတယ်။ နှီးဘုရားကို ရှမ်းလူမျိုးတွေပဲ ယက်လုပ်တတ်ကြပြီး ဘုရားဆင်းတုယက်လုပ်သူ အယောက်တိုင်းဟာ သတ်သတ်လွတ်စားပြီး အဓိဌာန်ဝင်ရပါတယ်တဲ့။

8. နှစ်တစ်ရာ သက်တမ်းရှိ Church ကျောင်း

——————————————————

ကလောမြို့က နှစ်တစ်ရာသက်တမ်းရှိပြီဖြစ်တဲ့ Roman Catholic Church ကျောင်းကြီးကလည်း ဖြူလွလွကျောက်တုန်းတွေစီထားတဲ့ နံရံံအမြင်ကြီးတွေ၊ ရောင်စုံမှန်ကူကွက်တွေနဲ့ အရမ်းလှတာပါပဲ။ ဘုရားကျောင်းဆိုတော့ အသံဆူညံလို့တော့ မရပါဘူးနော်။

9. လိမ္မော်ရောင်သော်ကပန်းရုံ

—————————

ပန်းချစ်သူတွေ ဓာတ်ဖမ်းနေကြနေရာလေး။ ရိုးရိုးနံရံမှာ တွယ်ကပ်နေတဲ့ ပန်းရုံဖြစ်ပေမဲ့ ဓာတ်ပုံရိုက်လို့ သိပ်လှလို့ ကလောရောက်သူတိုင်း လမ်းဘေးကားရပ်ပြီးဆင်းရိုက်လေ့ရှိကြပါတယ်။ Main လမ်းမကြီးပေါ်က Winner Hotel မျက်စောင်းထိုးမှာရှိတာပါ။

10. ရထားလမ်း

——————-

ဘူတာနားက မြို့ထဲ Pinewoods ဟိုတယ်လေးကပ်ရပ်က ရထားလမ်းလေးပါ။ ကြည့်လိုက်ရင် ရိုးရိုးရထားလမ်းလေးလိုပေမဲ့ အပင်တွေပါပါအောင် ရိုက်မယ်ဆိုရင် အပင်တွေ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ ရထားလမ်းလေးက ပုံထဲမှာ လှသွားပါတယ်။

11. ကလောမြို့မဈေး

——————–

ကလောရောက်တိုင်း ကလောဈေး ဝင်ဖြစ်တယ်။ အဲဒီက မုန့်ဆိုင်တန်းက ရှမ်းခေါက်ဆွဲ၊ တို့ဖူးနွေး၊ ငါးထမင်းနယ်၊ တို့ဖူးကြော်တို့က သိပ်စားကောင်းလို့ပါ။ ဈေးကလည်း တော်တော်တန်ပါတယ်။ ကလောဈေးထဲ နေကြာစေ့၊ မုန်ညင်းချဉ်နဲ့ ဒေသစာတွေ အပြန်လက်ဆောင်အဖြစ် ဝင်ဝယ်နိုင်ပါတယ်။

12. Kalaw Pine Loft

——————————————

ကလောမှာ အခုနောက်ပိုင်း ဟိုတယ်တွေထက်စာရင် လုံးချင်းအိမ်လေး ငှားပြီးနေကြပါတယ်။ ကိုယ့်အိမ်လေးထဲ အပန်းဖြေနေရသလို ခံစားရလို့ပါ။ Kalaw Pine Loft ကတော့ ခုနောက်ပိုင်း ကလောရောက်တိုင်း နေဖြစ်တဲ့ အိမ်လေးပါ။ ထင်းရှူးတောထဲ မှန်အပြည့်ကာထားတဲ့ A ပုံစံအိမ်လေးက ချစ်စရာလေးပါ။ ထင်းရူးသား ထင်းရူးနံ့နဲ့ ကလောအငွေ့အသက်ကို ကောင်းကောင်းခံစားရတဲ့ အိမ်လေးပါ။

13. Pine Land Oasis Hotel

——————————————

Kalaw Pine Loft အိမ်ရှိတဲ့ Pinewood Villa အိမ်ရာနဲ့ တစ်ဆက်တည်းရှိတဲ့ ဟိုတယ်ဝန်းပါ။ ကလောမြို့မရောက်ခင် အင်းပြင်မှာရှိပြီး တောင်ကုန်းပေါ်ဆိုတော့ရှုခင်းလှပါတယ်။ ထမင်းဝင်စားရင်း ရှုခင်း ကြည့်နိုင်ပါတယ်။

14. Hill Top Villa Resort

—————————

ကလောမြို့ထဲ တောင်ထိပ်ပေါ်မှာရှိလို့ နေရာကောင်းမှာရှိတဲ့ ဟိုတယ်ပါ။ ဟိုတယ်ရဲ့ စားသောက်ဆိုင်ကနေ ကလောမြို့ကို လှမ်းမြင်ရပါတယ်။ View ကောင်းလို့ တစ်ခုခုမှာစားရင်း ရှုခင်းသွားကြည့်လို့ရပါတယ်။

15. Mobile Coffee ဆိုင်

—————————

ကားကော်ဖီဆိုင်လှလှလေးတွေကို ကလောမြို့နဲ့ အနီးတဝိုက်မှာ တွေ့ကြမှာပါ။ ကော်ဖီဝယ်သောက်ရင်း ဓာတ်ပုံရိုက်လို့လှတဲ့ကော်ဖီဆိုင်လေးတွေပါ။

16. မြင်းက

—————————

ကလောမြို့အဝင် မြင်းကမှာ ဆိုင်းဘုတ်နဲ့အတူ မြင်းစီးပြီး အမှတ်တရ ဓာတ်ပုံရိုက်လို့ရပါတယ်။

——————————————-

ကလောမြို့ အနီးတဝိုက် လည်စရာတွေ

——————————————-

1. ပန်းခင်း

—————

ဆောင်းရောက်ရင် ကလောတဝိုက် မျက်စိတစ်ဆုံးမြင်ရတဲ့ ပန်းနှမ်းခင်းတွေ ပေါပါတယ်။ မြင်းမူကုန်းနားမှာလည်း ရှိပါတယ်။ ပန်းခင်းတွေနဲ့ ဓာတ်ပုံရိုက်ရင် ပန်းတွေကို မခူးပါနဲ့။ အပင်တွေကိုလည်း မနင်းမိအောင် သတိထားပါ။ ပန်းပင်တွေ ပျက်စီးရင် စိုက်ခင်းပိုင်ရှင်တွေ ထိခိုက်လို့ပါနော်။

ဒါကတော့ မြင်းမူကုန်းနားမှာ ပန်းခင်းတွေ့လို့ ဆင်းရိုက်ထားတဲ့ပုံတွေပါ။

2. မြင်းမထိ သဘာဝလှိုဏ်ဂူ

——————————————

ကလောရောက်ရင် မြင်းမထိဂူလည်း သွားလို့ရပါတယ်။ နှစ်ဖက်ပွင့်ဂူဆိုတော့ အဝင်ကနေအထွက်ထိ ၁၀၂၈ပေရှိပြီး ၁၅မိနစ်လောက်လျှောက်ရပါတယ်။ လမ်းတလျှောက်မှာ လှူထားတဲ့ ဘုရားတွေအများကြီးပါပဲ။ ဂူထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း ၂၃၀၀ ကျော်က သီရိဓမ္မာသောကမင်းကြီးတည်ခဲ့တဲ့ ဥဏ္ဏလုံမွေရှင်တော် ရှေးဟောင်းစေတီလည်းရှိပါတယ်။ ဂူလေးက ခပ်ကျဉ်းကျဉ်းနဲ့ မျက်နှာကျက်တွေက နိမ့်နိမ့်လေးတွေပါ။ ဒါပေမဲ့ ၂ဖက်ပွင့်ဆိုတော့ လေဝင်လေထွက်ကောင်းပါတယ်။ ဂူတလျှောက်အရုပ်ပုံအမျိုးမျိုးဖြစ်နေတဲ့ ကျောက်တွေလည်း တွေခဲ့ရပါသေးတယ်။

3. ဗျိုက်တောင်

——————–

ကလောကနေ မြင်းမထိဂူသွားတဲ့လမ်းမှာ ကားလမ်းပေါ်ကနေလှမ်းမြင်ရတဲ့ သဲကျောက်တောင်ကြီးက အရမ်းလှတာပါပဲ။ မုံးဝံတောင်လို့ခေါ်ပေမဲ့ ဗျိုက်ကြော်ငြာတဲ့ Calsome ကွေကာကြော်ငြာ အဲ့မှာရိုက်သွားလို့ ဗျိုက်တောင်လို့လည်း သိကြတယ်တဲ့လေ။

ကလောကနေ ဟဲဟိုး၊ ရွာငံ၊ ပင်းတယ၊ တောင်ကြီး၊ အင်းလေး နေ့ချင်းပြန်သွားလည်လို့လည်းရပါတယ်။

——————————–

ကလောမှာ ဘယ်မှာစားမလဲ

——————————–

ဒီဆိုင်တွေကတော့ ကလောမှာ စားဖူးခဲ့တဲ့ဆိုင်တွေပါ။

ရှမ်းခေါက်ဆွဲ၊ တို့ဖူးနွေးစားချင်ရင် ကလောမြို့မဈေးထဲက ဆိုင်တွေမှာ စားပါတယ်။ Main လမ်းမကြီးပေါ်က #ပြည့်ပြည့် ဆိုင်မှာလည်း စားကောင်းပါတယ်။

မြန်မာစာစားချင်ရင် Main လမ်းမကြီးပေါ်က #သုမောင် စားသောက်ဆိုင်မှာ စားပါတယ်။ ကလောရဲ့ နာမည်ကြီးဆိုင်ပါ။

#အောင်ငြိမ်းချမ်းအောင် ဆိုင်မှာလည်း မြန်မာစာ၊ တရုတ်စာ အစုံရလို့ အမြဲစားဖြစ်ပါတယ်။ ဘူတာလမ်းမှာ ရှိပါတယ်။ ဈေးသင့်တင့်ပါတယ်။

ရှမ်းစာ၊ ဒေသစာကို အေးဆေးစားချင်ရင်တော့ #ThiriGayhar Restaurant (or) 7 Sisters Restaurant မှာ စားဖြစ်ပါတယ်။ ပြည်ထောင်စုလမ်းဘေးမှာရှိတဲ့ အဖြူရောင်ကျောက်တုံးအဆင့်ဆင့်နဲ့ အိမ်လှလှလေးပါ။ အရင်နေရာကနေ နေရာအသစ်ပြောင်းဖွင့်ထားတာပါ။

နောက် ကလောရောက်တိုင်း စားဖြစ်တဲ့ ဆိုင်ကတော့ #Everest Nepali Indian Restaurant ပါ။ ချာပါတီ၊ ပူရီ၊ နို့ခဲဟင်းအရမ်းအရသာရှိလို့ အမြဲစားဖြစ်တဲ့ဆိုင်လေးပါ။ မြို့ထဲ အောင်ချမ်းသာလမ်းထဲမှာ ရှိပါတယ်။

#Kalaw Bamboo House မှာလည်း စကောထမင်းဟင်းတွေ စားလို့ကောင်းပါတယ်။ ထမင်းကို အရောင်စုံမှာလို့ရတာ ဒိဆိုင်ရဲ့ ထူးခြားချက်ပါ။ နှီးဘုရားလမ်းမှာရှိတဲ့ ရိုးရာစားသောက်ဆိုင်ပါ။

နှီးဘုရားလမ်းမှာရှိတဲ့ နောက်တစ်ဆိုင်ကတော့ #Cafe_Kalaw ပါ။ ပီဇာ၊ ဘာဂါ၊ Sandwich ဘိုစာကောင်းသလို ရှမ်းစာလည်းရပါတယ်။ ဆိုင်ခွဲသစ်ဖွင့်ထားတဲ့ဆိုင်ဆို ကျယ်ပြီး ရှုခင်းကြည့်လို့လည်း ကောင်းတယ်။

Myanma

#Maluca Villa Restaurant and Bar ကတော့ ကလောက ဖန်လုံအိမ်လေးနဲ့ဆိုင်လေးပေါ့။ ဆိုင်ထဲဝင်လိုက်တာနဲ့ နိုင်ငံခြားရောက်သွားသလို ဘိုဆန်ဆန် အငွေ့အသက်ခံစား ရမှာပါ။ ဆိုင်ထဲမှာရော ခြံဝန်းထဲမှာပါ ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရတဲ့နေရာလေးတွေ အများကြီးပါပဲ။

Heritage Hotel နားက #Kalaw-ish နဲ့ ရွှေဥမင်လမ်းပေါ်က #Rangoon to Kalaw ဆိုင်လည်း မရောက်ဖူးပေမဲ့ မဆိုးဘူးလို့ ကြားတယ်။

ကလောမှာ ညဘက်ထိုင်ဖို့ ဘားလှလှလေးတွေလည်း ရှိပါသေးတယ်။ Hi Bar ၊ Red House၊ Heritage 21 ၊ 126 Bar၊ Chill Bar တို့ကတော့ ကိုယ်ကြားဖူးတဲ့ ကလောက ဘားတွေပါ။

ဒါကတော့ ကလောမှာ နုမြတ်ရောက်ဖူးခဲ့ပြီး အလွယ်တကူသွားလို့ရတဲ့ နေရာလေးတွေပါ။ တခြားနေရာလှလှလေးတွေ ရှိရင်လည်း ပြောပြဦးနော်။ နောက်တစ်ခါ ကလောရောက်ရင် ဝင်လည်လို့ရအောင်ပေါ့။

ချစ်ခင်လျှက်

Nu Myat