လာအိုကို ဘန်ကောက်ကနေ ညရထားနဲ့သွားမယ် (Bangkok to Laos by Train)

လာအိုကို ဘန်ကောက်ကနေ
ညရထားနဲ့သွားမယ်

 
ကိုယ်တွေရဲ့ အိမ်နီးချင်းနိုင်ငံလေး လာအိုဟာ နီးရက်နဲ့ဝေးနေတဲ့ နိုင်ငံလေးပါ။ သူ့ဆီ မြန်မာနိုင်ငံကနေ တိုက်ရိုက်လေကြောင်းလိုင်းမရှိတော့ လွယ်လွယ်ကူကူသွားလို့မရဘူးဖြစ်နေတာပေါ့။ လာအိုကိုသွားချင်ရင် တခြားနိုင်ငံကနေတဆင့်သွားမှ ရမှာပါ။ များသောအားဖြင့် ထိုင်းကနေ တဆင့်သွားကြပါတယ်။

ထိုင်းကနေ လာအိုဆီ လေယာဉ်နဲ့သွားနိုင်သလို ရထားရယ်၊ ကားရယ်နဲ့လည်းသွားလို့ရပါတယ်။ ကျွန်မတို့ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ ညအိပ်ရထားစီးပြီး လာအိုနိုင်ငံကိုသွားခဲ့တာပါ။ ဘန်ကောက်ရောက်တုန်း လာအိုဘက်ပါ သွားလည်မယ်ဆိုပြီး လာအိုမြို့တော်ဗီယန်ကျင်းမြို့နဲ့ Adventure တွေအများကြီးလုပ်လို့ရတဲ့ သဘာဝမြို့လေး ဗန်ဗီယန်းမြို့ကို သွားလည်ခဲ့တာပါ။

 

IMG_1632

ညရထားအမျိုးအစားနဲ့ ဈေးနှုန်း

ဘန်ကောက်ကနေ လာအိုကို ရထားနဲ့သွားမယ်ဆိုရင် ထိုင်း-လာအိုနယ်စပ်မြို့ဖြစ်တဲ့ နွန်းခိုင်မြို့(Nong Khai) ကနေတဆင့် သွားမှရမှာပါ။ Bangkok – Nong Khai ရထားလက်မှတ်ကို ဘန်ကောက်မြို့ထဲက Hua Lumpong ဘူတာကြီးမှာ သွားဝယ်ရပါတယ်။ နုမြတ်တို့ကတော့ အဲ့တုန်းက Baiyoke Sky မှာတည်းတော့ ဟိုတယ်ဘေးက Travel Agent မှာ ဝယ်ခဲ့ပါတယ်။

IMG_1086

နွန်းခိုင်သွားတဲ့ ရထားတွေထဲမှာ ညအိပ်စင်ပါတဲ့ ညရထား၂မျိုးရှိပါတယ်။ ည ၈နာရီထွက်တဲ့ Special Express အမျိုးအစား Number 25 က ပိုကောင်းပြီး ပိုသန့်ပါတယ်။ အဲ့ရထားလက်မှတ် မရှိတော့လို့ ည၈း၄၅ ထွက်တဲ့ Rapid အမျိုးအစား Number 133 ကိုပဲ စီးခဲ့ရပါတယ်။

ည၈နာရီထွက်တဲ့ ရထားမှာ ၂ယောက်သီးသန့် အိပ်ခန်း 1st Class ရှိပြီး အပေါ်ခုံ ၁၁၅၇ဘတ် (၄၆၀၀၀ကျပ်) အောက်ခုံ ၁၃၅၇ဘတ် (၅၄၀၀၀ကျပ်) ကျသင့်ပါတယ်။ 2nd class ကတော့ အိပ်စင်ပါတဲ့ ဘုံအခန်းဖြစ်ပြီး အပေါ်ခုံ ၇၄၈ဘတ်(၃၀၀၀၀ကျပ်) အောက်ခုံ ၈၃၈ဘတ် (၃၃၅၀၀ ကျပ်)ပါ။ အဲကွန်းပါပါတယ်။

ည၈း၄၅ထွက်တဲ့ရထားမှာတော့  အဲကွန်းပါတဲ့ 2nd Class အိပ်စင်ဘုံခန်းက အပေါ်ခုံဆို ၆၁၈ဘတ်(၂၅၀၀၀ကျပ်) နဲ့ အောက်ခုံဆို ၆၈၈ (၂၇၅၀၀ကျပ်) ဘတ်ပါ။ အဲကွန်းမပါတဲ့ ထိုင်ခုံတွဲတွေလည်းရှိပါတယ်။ 2nd Class ဆို ၃၄၈ဘတ် (၁၄၀၀၀ကျပ်) နဲ့ 3rd Class ဆို ၂၁၃ ဘတ် (၈၅၀၀ကျပ်) ပဲကျမှာပါ။

နုမြတ်တို့ သွားခဲ့တာက ၃ယောက်ဆိုတော့ 2nd Classမှာ အောက်၂ခုံ ပေါ်တစ်ခုံ ယူလိုက်ပါတယ်။ ၁ဘတ်ကို ၄၀ကျပ်နဲ့ တွက်မယ်ဆိုရင်တော့ အပေါ်ခုံက ၂၅၀၀၀ ကျပ်နဲ့ အောက်ခုံက ၂၇၅၀၀ ကျပ်ဝန်းကျင်လောက်ကျသင့်မှာပါ။

IMG_1223

ရထားစီးအတွေ့အကြုံ

Hua Lumpong ဘူတာကြီးဆီကို မြို့ထဲ Pratunam ဝန်းကျင်ကနေသွားမယ်ဆိုရင် ၁၀မိနစ်လောက်ပဲကြာပါတယ်။ ၁နာရီကျော်လောက် ကြိုအရောက်သွားပြီး ကိုယ့်ရထားတွဲကို သေချာရှာပြီး ခုံတွေမှာနေရာချရပါမယ်။ ရထားပေါ်တက်တက်ချင်း ရိုးရိုးထိုင်ခုံတွေလိုပါပဲ။ ရထားမောင်းပြီး ခဏအကြာမှာမှ  အိပ်ယာလာပြင်ပေးပါတယ်။ အိပ်စင်က အပေါ်နဲ့ အောက် ၂ဆင့်လိုဖြစ်ပြီး အပေါ်တက်ဖို့ လှေကားလေးတွေလည်းရှိပါတယ်။သဘောကျတာလေးတစ်ခုက ပြတင်းပေါက်ဘေးတင်မဟုတ် လျှောက်လမ်းဘေးမှာပါ လိုက်ကာလေးတွေ ကာပေးထားတော့ ကိုယ်အိပ်တဲ့အခါမှာ Privacy ရှိတာကိုပါ။

ရထားက ည၈နာရီရထားလောက်တော့ မသန့်ပါဘူး။ ဒါပေမဲ့ အဲကွန်းခန်းနဲ့ဆိုတော့ သူ့ဟာနဲ့ သူတော့ အဆင်ပြေပါတယ်။ Luggage တွေပါလာရင်လည်း ကိုယ့်အိပ်စင်နားမှာ ထားလို့ရတယ်။ ဖုန်းအားသွင်းဖို့ အပေါက်လည်းပါပါတယ်။ အိမ်သာကတော့ ဘုံအိမ်သာပေါ့။ ရေချိုးခန်းမပါပေမဲ့ ဘေစင်တော့ပါတယ်။ ရထားက အရမ်းမလှုပ်တော့ အိပ်ရတာအဆင်ပြေပါတယ်။

ရထားပေါ်မှာ ကိုယ်တွေဆီမှာလိုပဲ မနက်စောစောမှာ ဈေးသည်တွေတက်ရောင်းပါတယ်။ မနက်မှာလာရောင်းတဲ့  ကြက်ကင်နဲ့ ကောက်ညှင်းကောင်းမှကောင်းပဲ။ ကြက်ကင်အကြီးကြီး တစ်ကောင်လုံးမှ ဘတ်၆၀ပဲပေးရတယ်။ အရမ်းအရသာရှိတာပဲ။ သွားဖြစ်ရင် ဝယ်စားကြည့်နော်။

ထိုင်း-လာအိုနယ်စပ်

မနက် ၈း၃၅မှာ နွမ်းခိုင်မြို့ဘူတာကို ရောက်ပြီး ဘူတာကနေ ထိုင်းနယ်စပ်ဖြတ်ကျော်ဂိတ်ဆီ တုပ်တုပ် ၁၀မိနစ်လောက်စီးသွားရပါတယ်။ ထိုင်း Immigration Gate ကနေ Passport ပြပြီးထွက်ကာ ထိုင်း-လာအို ချစ်ကြည်ရေးတံတားဖြတ်သွားရပါတယ်။ ဒီတံတားဖြတ်ဖို့ ဘတ်စ်ကားတွေရှိပါတယ်။ ၅မိနစ်လောက် မောင်းရပြီး တစ်ယောက်ကို ဘတ်၂၀ ပေးရပါတယ်။ မြစ်တစ်ဖက်ရောက်တဲ့အခါ လာအို Immigration Gate ကိုဖြတ်ပြီး လာအိုကိုသွားနိုင်ပါတယ်။ လာအိုနိုင်ငံတွင်း ဝင်ရောက်ဖို့ Passport ပဲလိုပြီး Visa မလိုပါဘူး။

သတိထားရမှာကတော့ လာအိုကနေ ထိုင်းကိုပြန်ဝင်မယ်ဆိုရင် ကုန်းလမ်းကဝင်ရင် ထိုင်းဗီဇာလိုပါလိမ့်မယ်။ လေကြောင်းနဲ့ဆိုရင်တော့ မလိုပါဘူး။ ဒါကြောင့် လာအိုအသွားကို ကြိုက်သလို သွားလို့ရပေမဲ့ လာအိုကနေအပြန်ကတော့ လေယာဉ်ပျံနဲ့ဲပြန်တာပိုကောင်းမှာပါ။ ကုန်းကြောင်းက ပြန်ရင်လည်း ထိုင်းဂိတ်မှာ Re-entry Visa ပြန်လျှောက်ရင်ရပါတယ်။ ဘတ်၁၀၀၀ (၄၀၀၀၀ကျပ်) လောက်တော့ကျပါလိမ့်မယ်။ ကိုယ်တွေကတော့ အပြန်ကို လေယာဉ်နဲ့ပဲပြန်ခဲ့ပါတယ်။ Bangkok Transit ဖြစ်ပေမဲ့ ထိုင်းထဲမဝင်တော့ဘဲ ရန်ကုန်တိုက်ရိုက် ပြန်ခဲ့ပါတယ်။

IMG_1184

လာအိုရောက်ပြီ

လာအိုနိုင်ငံ Immigration ကိုကျော်ပြီးတဲ့အခါမှာတော့ လာအိုနိုင်ငံတွင်းမြို့အသီးသီးဆီသွားလို့ရတဲ့ ကားဂိတ်တွေ တွေ့ရပါတယ်။ အဲ့ဒီကနေ ဗန်ဗီယန်းမြို့ကို ကားဂိတ်ကနေ တန်းသွားခဲ့ကြတာပါ။ နယ်စပ်ဂိတ်ကနေ ဗန်ဗီယန်းမြို့ကို ကားနဲ့ ၄နာရီလောက်ပဲမောင်းရပြီး ကားခ တစ်ယောက်ကို မြန်မာငွေ၈၀၀၀ကျပ်လောက်ပဲ ကျပါတယ်။ မြို့တော် ဗီယန်ကျန်းကိုဆိုရင် နာရီဝက်လောက်ပဲကြာမှာ ဖြစ်ပြီး လောင်ပရာဖန်ကို တန်းသွားမယ်ဆိုရင်တော့ ၈နာရီကြာမှာပါ။ နုမြတ်တို့ကတော့ ဗန်ဗီးယန်း မြို့ကို အရင်သွားခဲ့တယ်။ အပြန် ဗီယန်ကျင်းကနေ လေယာဉ်နဲ့ပြန်မှာဆိုတော့ စိတ်ချရအောင်ပေါ့။

 

Van Vieng မြို့

ဗန်ဗီယန်းက တကယ်တော့ တောတောင်တွေ ဝန်းရံနေတဲ့ နယ်မြို့သေးသေးလေးပါ။ မြို့ထဲမှာလမ်းဆိုလို့ လမ်းသုံးလမ်းရယ်၊ ဈေးရယ်၊ အဝေးပြေးဂိတ်ရယ်ပဲရှိလို့နေတာပါ။ ထူးခြားတာကတော့ အဲ့ဒီ နယ်မြို့သေးသေးလေးမှာ နိုင်ငံခြားသားတွေ ပြည့်နေတာကိုပါ။ အထူးသဖြင့် အနောက်နိုင်ငံသားတွေနဲ့ ကိုရီးယားတွေ အလာများပါတယ်။ ဧည့်လာများတဲ့မြို့ဖြစ်တော့ ဒေသခံတွေထက်တောင် ဧည့်သည်က ပိုလို့တောင်များနေပါတယ်။ မြို့ထဲဘာမှသိပ်မရှိပေမဲ့ အကောင်းစား ဟိုတယ်ကြီးတွေ၊ Resort တွေ၊ တည်းခိုခန်းတွေ၊ Backpacker တွေအတွက် Hostel အဆောင်တွေ၊ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ ပြည့်လို့နေပါတယ်။

IMG_1339

ဗန်ဗီယန်းကို ဧည့်သည်တွေလာကြတဲ့ အဓိကအချက်ကတော့ တောတောင်မြစ်ချောင်း သဘာဝတရားတွေကြောင့်ပါ။ ဧည့်သည်တွေက မြို့ကို ဖြတ်စီးနေတဲ့ နမ်ဆန်မြစ်ထဲ Kayak လှေလှော်ကြတယ်။ Tubing လို့ခေါ်တဲ့ ဘောကွင်းပေါ်ထိုင်ပြီး ရေစီးကြောင်းအတိုင်း မြောကျတယ်။ ဂူတွေထဲစီးဝင်နေတဲ့ ဂူအောက် မြစ်ထဲ ဘောကွင်းစီးကြတယ်။ ရေပြာအိုင်တွေထဲ ရေစိမ်ကြပြီး ရေပြာအိုင်ပေါ်အုပ်မိုးနေတဲ့ သစ်ပင်ရဲ့ သစ်ကိုင်းတွေပေါ်ကနေ ရေပြာအိုင်ထဲ တဗွမ်းဗွမ်းနဲ့ ခုန်ဆင်းကြတယ်။ ကျောက်တောင်တွေတက်ကြတယ်။ ကျောက်ဂူတွေထဲဝင်ကြတယ်။ စပါးခင်းတွေထဲလမ်းလျှောက်ကြတယ်။ စက်ဘီးလေးတွေ ဆိုက်ကယ်တွေကိုယ်တိုင်မောင်းပြီး ဟိုဒီလျှောက်သွားကြတယ်။ သစ်ပင်တစ်ပင်နဲ့တစ်ပင်ကြား Zipline တွေစီးကြတယ်။ မြစ်ကမ်းစပ်ကတဲလေးတွေမှာ အကင်တွေစားပြီး လေညှင်းခံကြတယ်။ သဘာဝတရားထဲ သဘာဝအတိုင်းပျော်မွေ့နိုင်ကြလို့ လူငယ်တွေ တအားကြိုက်ကြပါတယ်။

ညဘက်ဆိုလည်း မြို့ထဲဘားတွေ၊ ကလပ်တွေမှာ လူစည်လွန်းလို့ လူငယ်တွေပျော်မွေ့ရာ ပါတီမြို့၊ ကျောပိုးအိတ်တစ်လုံးထဲလွယ်ပြီးလျှောက်သွားကြတဲ့ လူငယ်တွေအလာများလို့ Backpacker မြို့၊ စွန့်စွန့်စားစားအရာတွေ လုပ်လို့ရလို့ Adventure မြို့လေး အဖြစ် လူသိများပါတယ်။

ဘာတွေလုပ်ခဲ့လဲ

နုမြတ်တို့ ဗန်ဗီယန်းမြို့လေးကို ညနေလောက်ရောက်တာဆိုတော့ ဟိုတယ်မှာ Check In ဝင်ပြီး အလင်းရောင်ရှိတုန်း မြို့ထဲ ဟိုကြည့်ဒီကြည့်လျှောက်ကြည့်ခဲ့တယ်။ ကိုယ်တွေတည်းတာ Grandview Riverside Hotel ပါ။ နာမည်က အပျံစားဖြစ်ပေမဲ့ မိုတယ်အဆင့်လောက်ပါပဲ။ မြစ်ကမ်းဘေး ၃ယောက်ခန်းကို US$ ၅၀ ကျော်လောက်ပဲကျတယ်ဆိုတော့လည်း သူ့ဈေးနဲ့သူ မဆိုးဘူးပြောရမှာပါ။ ဒါပေမဲ့ ဟိုတယ်ထဲဝင်ရင် ဖိနပ်ချွတ်ဝင်ရတာကတော့ တော်တော်မနိပ်ပါဘူး။ ဟိုတယ် Location ကောင်းလို့ရယ် Website က ပုံလေးတွေက မဆိုးတော့လည်း ရွေးဖြစ်ခဲ့တာပါ။ ဟိုတယ်ကမြစ်ဘေးတင်ဆိုတော့ မြစ်ထဲကရှုခင်းတွေကိုလည်း လှမ်းမြင်ရတာပေါ့။တောတောင်တွေနောက်ခံနဲ့ မြစ်ရှုခင်းကတော်တော်သာယာပါတယ်။ မြစ်ထဲမှာလည်း Speed Boat စီးတဲ့သူတွေ Kayak လှေလှော်သူတွေနဲ့ ပြည့်နေတာ။ မြို့ထဲစနည်းနာပြီး နောက်နေ့အတွက် Tour တွေစုံစမ်းနေတာနဲ့ နေဝင်ချိန်ကိုတောင်မခံစားလိုက်ရဘူး။ ဟိုရောက်ရင်လည်ပတ်ဖို့ စိတ်မပူနဲ့။ ဟိုတယ်ကထွက်လိုက်တာနဲ့ လမ်းဘေးဝဲယာမှာ Tour Agent တွေ တပုံကြီး။ ကြိုက်တဲ့ Activities လုပ်ဖို့ ကြိုက်တာရွေးဝယ်လို့ရတယ်။ နောက်နေ့ နေ့တဝက်နေမှာဆိုတော့ Half Day Tour ဝယ်လိုက်တယ်။ အဲ့ညမှာတော့ မြစ်တစ်ဖက်ကမ်းကို ဝါးတံတားလေးနဲ့ကူးပြီး မြစ်ဘေးက တဲလေးတွေမှာ အကင်စားပြီး အေးဆေးလေညှင်းခံခဲ့ကြတယ်။ တဲတွေမှာ လင်းထိန်နေပြီး သီချင်းတွေအကျယ်ကြီး ဖွင့်ထားတာ ပျော်ဖို့ကောင်းပါတယ်။ မြစ်ကမ်းဘေးမှာတော့ တချို့က မီးပုံးပျံတွေ လွှတ်တဲ့သူကလွှတ်ပေါ့။

နောက်တစ်ရက်မှာတော့ ဟိုတယ်ကို Tour က ကားနဲ့လာခေါ်ပြီး Activities တွေလုပ်မယ့်နေရာကို ပို့ပေးပါတယ်။ စစချင်း Cave Tubing လို့ခေါ်တဲ့ ဂူထဲဘောကွင်းစီးဝင်ခဲ့တယ်။ ဘောကွင်းပေါ်ထိုင်ပြီး ဂူအောက်မြစ်ထဲ ရေစီးအတိုင်းဝင်ရတာ။ မှောင်ထဲမဲထဲဆိုတော့ စိတ်လှုပ်ရှားဖို့တော့ကောင်းတာပေါ့။ ရေဆုံးတဲ့အခါ ဂူထဲ လမ်းလျှောက်ဝင်ရတယ်။ အစအဆုံးစီးရမယ်ထင်ပြီး ဖိနပ်ချွတ်ထားခဲ့မိတော့ ခြေထောက်တွေ အသေစူးပေါ့။အချိန်ရရင် မြစ်ထဲလှေလှော်တဲ့ Kayaking ပါလုပ်မယ့်ဟာကို မလုပ်လိုက်ရဘူး။ Cave Tubing မှာ ခေါင်းမှာတပ်ရမယ့် Headlight ကို သွားယူနေတာကို အကြာကြီးစောင့်နေရလို့ မလုပ်လိုက်ရတာ။

IMG_1369

Blue Lagoon လို့နာမည်ကြီးတဲ့ ရေပြာအိုင်ရောက်ဖို့ ကားနဲ့နည်းနည်းသွားရတယ်။ ရေကတော့ တကယ်ပြာပါတယ်။ ပြာလဲ့နေတာ။ အေးလည်းအရမ်းအေးတယ်။ ဒါပေမဲ့ သူက ကားပါကင်ဘေးတင်ရှိတာဆိုတော့ အိုင်ဘေးပတ်လည်ကနေလူတွေထိုင်ပြီး ကြည့်နေကြတာ။ ရေပြာအိုင်ထဲကို သစ်ကိုင်းပေါ်ကနေခုန်ချတာကို အားပေးနေကြတာလေ။ မသိရင် ပွဲကြည့်နေသလိုပဲ။ ခုန်ချပြီးတာနဲ့ လက်ခုပ်တွေဝိုင်းတီးကြတာ။ သစ်ကိုင်းက ၂ဆင့်ရှိတယ်။ အပေါ်တဆင့်က တော်တော်မြင့်တယ်။ ရောက်လက်စနဲ့မထူးဘူးဆိုပြီး အားတင်းပြီး ခုန်ချခဲ့သေးတယ်။


ရေပြာအိုင်ထဲမှာ ဒန်းလိုမျိုးတွေလည်း လုပ်ထားသေးတယ်။ ကန်ဘေးကနေ ကြိုးတွေခုန်ပြီး ခုန်ချတာမျိုးလည်းလုပ်ကြတယ်။ ဒါပေမဲ့ လူအရမ်းရှုပ်လို့  အေးဆေးမနေရပါဘူး။ နောက်ထပ်ရေပြာအိုင်တစ်ခုကတော့ ပိုကြီးတယ်တဲ့။ ဒါပေမဲ့ အချိန်မရှိတော့ ဒီမှာပဲ ရေဆော့ခဲ့ရတယ်။  မြို့ထဲပြန် Lunch စားပြီးတော့ Vientiane ကို ကားနဲ့ဆက်ကူးခဲ့ပါတယ်။ ကားတွေက Hi Ace လိုကားမျိုးတွေမှာ တခြားလူတွေနဲ့ လိုက်စီးရတာပါ။ ကား ၄နာရီလောက်မောင်းရပါတယ်။

ဗီယန်ကျန်းမြို့

မြို့တော် ဗီယန်ကျင်း(Vientianne) ကတော့ ထိုင်းနိုင်ငံနယ်စပ်နားရှိ မဲခေါင်မြစ်ကမ်းမှာရှိပြီး စန္ဒကူးမြို့တော် (သို့) လမြို့တော်လို့အဓိပ္ပါယ်ရပါတယ်။ ၂၀၁၅ခုနှစ် စစ်တမ်းများအရ လူဦးရေ ၇သိန်း၆သောင်းကျော်ပဲရှိတဲ့ မြို့လေးပါ။ ကျွန်မတို့ရဲ့အကြီးဆုံးမြို့ ရန်ကုန်မှာ လူဦးရေ ၇သန်းကျော်ရှိတာဆိုတော့ ရန်ကုန်နဲ့ယှဉ်ရင် ၁၀ပုံ ၁ပုံလောက်ပဲရှိပါတယ်။

IMG_1754IMG_1758

သမိုင်းတလျှောက်မှာ ဗီယန်ကျင်းမြို့က တစ်ချိန်က မြို့ပျက်ကြီး ဖြစ်ခဲ့ဖူးပါတယ်။ ၁၇၀၇ ခုနှစ်က လာအိုမင်းနေပြည်တော်ရဲ့ မြို့တော်အဖြစ်စတင်သတ်မှတ်ခံခဲ့ရပေမဲ့ ၁၈၂၇ခုနှစ်မှာ ထိုင်းလူမျိုးတို့ ကျူးကျော်သိမ်းပိုက်ပြီး ဖျက်စီးခဲတာကြောင့် မြို့ပျက်ကြီးဖြစ်သွားခဲ့ရပါတယ်။ ၁၈၉၃ခုနှစ်မှာ လာအိုနိုင်ငံ ပြင်သစ်ကိုလိုနီလက်အောက်ကျရောက်ပြီးနောက် ၁၈၉၉ခုနှစ်ရောက်မှ လာအိုနိုင်ငံရဲ့မြို့တော်အဖြစ် ပြန်လည်သတ်မှတ်ခံခဲ့ရတာပါ။ ပြင်သစ်ကိုလိုနီလက်အောက်ကျရောက်ခဲ့ဖူးလို့ အဆောက်အအုံတချို့က ပြင်သစ်ဗိသုကာလက်ရာတွေဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

 

သွားလည်ရမယ့်နေရာများ

IMG_2097

ဗီယန်ကျင်းမြို့ရောက်ရင် မသွားမဖြစ်နေရာအဖြစ် အကျော်ကြားဆုံးကတော့ မြို့ထဲကနေ ၁နာရီလောက်မောင်းရတဲ့  Buddha Park (ဗုဒ္ဓပန်းခြံ) ပဲဖြစ်ပါတယ်။ ၁၉၅၈ခုနှစ်က လာအိုဘုန်းတော်ကြီးတစ်ပါးဦးဆောင်ပြီး ပန်းခြံထဲမှာ ဘာသာရေးဆိုင်ရာ ရုပ်တုပေါင်း ၂၀၀ကျော် ထုဆစ်ထားရှိခဲ့တာပဲဖြစ်ပါတယ်။ ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာ ဇာတ်နိပါတ်တော်တွေထဲက နတ်ဘုရားရုပ်တုတွေကို ထုဆစ်ထားရှိရာမှာ ၄၀မီတာအမြင့်ရှိတဲ့ လျောင်းတော်မူဘုရား၊ အဝင်ဝနားရှိ ဖရုံသီးသဏ္ဏာန် ၃ထပ်အဆောက်အအုံ၊ ဦးခေါင်းသုံးလုံးပါ ဆင်နတ်ဘုရား၊ ဦးခေါင်း ၁၂လုံးပါနတ်ဘုရားစတဲ့ ရုပ်တုတွေက ထင်ရှားပါတယ်။

မြို့ထဲရှိ ထင်ရှားတဲ့အဆောက်အအုံတစ်ခုကတော့ Patuxai Victory Monument မော်ကွန်းတိုင်ကြီးပဲဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ နာမည်ကျော် Arc de Triomphe မော်ကွန်းတိုင်နဲ့ဆင်ပြီး ဟိန္ဒူနတ်ဘုရားရုပ်တွေနဲ့ ဒီဇိုင်းဆင်ထားတဲ့ လာအိုဗိသုကာလက်ရာတွေကိုပါ တွေ့မြင်နိုင်ပါတယ်။ စစ်ပွဲများမှာ ကျဆုံးခဲ့သူများကို ရည်စူးပြီး ဆောက်လုပ်ထားရှိခဲ့တယ်လို့ သိရပါတယ်။

2018_04_02_10_58_IMG_1896.JPG

လာအိုက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံဖြစ်တဲ့အလျှောက် မြို့တော်ဗီယန်ကျင်းမှာ ဖူးမြော်စရာ ဘုရားစေတီတွေများစွာရှိပါတယ်။ တန်ခိုးအကြီးဆုံး နာမည်အကြီးဆုံးကတော့  That Luang စေတီပါ။ ရွှေရောင်လွှမ်းနေတဲ့စေတီက လာအိုဗိသုကာလက်ရာနဲ့ တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး လာအိုနိုင်ငံရဲ့ အထင်ကရအဆောက်အအုံအဖြစ်လည်း ထင်ရှားပါတယ်။

IMG_2098

အခုလက်ရှိ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ နာမည်ကျော် မြဘုရားဆင်းတုကို အပူဇော်ခံထားရှိခဲ့ဖူးတဲ့ ကျောင်းတော်ကြီး Wat Ho Phra Keo ကတော့ မြို့ထဲမှာရှိပြီး လှပတဲ့ ရိုးရာဗိသုကာလက်ရာတွေကြောင့် ကျော်ကြားပါတယ်။ မြဘုရားဆင်းတုကို ထိုင်းနိုင်ငံမြောက်ပိုင်းကနေ လာအိုဘုရင်သိမ်းပိုက်ခဲ့စဉ်တုန်းက ထားရှိကိုးကွယ်ခဲ့တာဖြစ်ပြီး နောက်ပိုင်း ထိုင်းစစ်တပ်က ပြန်လည်ပင့်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ကျော်က ဘုရားကျောင်းဆောင်တည်ဆောက်ရာမှာ ယာဇ်အပူဇော်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ဆီမောင်းကို အစွဲပြုပြီး မှည့်ခေါ်ခဲ့တဲ့ Wat Si Muang ကျောင်းဆောင်ကလည်း ဘုရားဖူးသူတွေနဲ့ စည်ကားနေပါတယ်။

ထိုင်းကျူးကျော်ခဲ့စဉ်တုန်းက မပျက်စီးခဲ့တဲ့ တစ်ခုတည်းသောကျောင်းဆောင် Wat Si Saket ကတော့ နှစ်ပေါင်း၂၀၀နီးပါးသက်တမ်းရှိပြီး မြို့ထဲသမ္မတအိမ်တော်ရာနားမှာရှိကာ ဗုဒ္ဓဆင်းတုငယ်ပေါင်း အရွယ်စုံ ပုံစံစုံ ၆၈၀၀ကျော်ရှိလို့ ထင်ရှားပါတယ်။

IMG_1752

ဘာတွေလုပ်ခဲ့လည်း

Vientiane မြို့ရောက်တဲ့အခါမှာတော့ မြို့ထဲက Khampiane Boutique Hotel မှာ Check in ဝင်ပြီး အနီးအနားက ဘုရားတွေဆီလမ်းလျှောက်သွားကြည့်ခဲ့တယ်။ ဒါပေမဲ့ ညနေစောင်းပြီဆိုတော့ ဘုရားတွေပိတ်နေပါပြီ။ လမ်းမှာလည်း လူတွေတအားရှင်းတာပဲ။ ကားဌားဖို့ Taxi လည်းမတွေ့။ တုပ်တုပ်လည်းမတွေ့။ လာအိုမြို့တော်ဖြစ်ပြီး လူရှင်းလိုက်တာလို့တောင် တွေးမိသေးတယ်။ ကံကောင်းချင်တော့ လမ်းအတော်လျှောက်ပြီးတဲ့အခါ တုပ်တုပ်တစ်စီးရပ်ထားတာတွေ့တာနဲ့ ဌားပြီး ကမ်းနားက ညဈေးထွက်ခဲ့တယ်။ ညဈေးနားမှာတော့ ကားတွေရော လူတွေရော စည်လို့ရယ်ပေါ့။ ထိုင်းက အဝတ်အစားတွေများပေမဲ့ ဈေးသက်သာတော့ ဝယ်ပျော်ပါတယ်။ နောက်တနေ့မှာတော့ နေ့တဝက်စာ ကားဌားထားပြီး မြို့ထဲကနေ ၁နာရီလောက်မောင်းရတဲ့ Buddha Park ရယ် လာအိုနိုင်ငံရဲ့ နာမည်အကြီးဆုံး That Luang စေတီရယ် Victory Monument ရယ်သွားခဲ့ပါတယ်။ ဘန်ကောက်ကို ထွက်တဲ့ Air Asia လေယာဉ်ချိန်က နေ့လည်၁း၄၅ဆိုတော့ နေ့လည်စာစားပြီး လေဆိပ်ထွက်ကာ ပြန်လာခဲ့ကြပါတယ်။

2018_04_01_18_32_IMG_1711.JPG

ခရီးစဉ်ဆွဲမယ်

ကိုယ်တွေသွားတုန်းကတော့ အချိန်မရှိလို့ တစ်မြို့ကိုတစ်ညနှုန်းနဲ့ နှစ်ညအိပ် နှစ်မြို့သွားခဲ့တယ်။ အချိန်ရရင်တော့ ၄ညအိပ်လောက်သွားသင့်တယ်။ အချိန်ပိုရရင်ရင်တော့ ၆ရက်လောက်နေပြီး လောင်ပရာဘန်မြို့ပါဆက်သွားလို့ရပါတယ်။ေ လာင်ပရာဘန်မှာဆိုလည်း လည်စရာ ရေတံခွန်တွေ၊ တောင်တွေရှိပါတယ်။ နောက်တစ်ခါသွားဖြစ်ရင်တော့ လောင်ပရာဘန်ပါရောက်အောင်သွားရမယ်။

2018_04_01_17_15_IMG_1761.JPG

ကုန်ကျစားရိတ်

ကုန်ကျစားရိတ်က ဘန်ကောက်ကနေ ရထားနဲ့သွား လေယာဉ်နဲ့ပြန်ခဲ့တာဆိုတော့ အားလုံးတွက်ကြည့်လိုက်တဲ့အခါမှာ ၂ညအိပ်ခရီးကို မြန်မာငွေ ၂သိန်းခွဲလောက်ပဲကျခဲ့ပါတယ်။ ထိုင်းမှာ ထိုင်းဘတ်သုံးခဲ့ပြီး လာအိုရောက်တဲ့အခါမှာတော့ လာအိုပိုက်ဆံ Kip ကို သုံးခဲ့ပါတယ်။ လာအိုပိုက်ဆံ 1000 Kip က မြန်မာငွေ 163ကျပ်နဲ့ ညီမျှပါတယ်။

လာအိုအစားအစာ

လာအိုအစားအစာက ထိုင်းမြောက်ပိုင်းအစာနဲ့ဆင်ပါတယ်။ Larb လို့ခေါ်တဲ့ အသားစင်းကောကို အရွက်တွေနဲ့ သုတ်ထားတဲ့ဟင်း၊ သင်္ဘောသီးထောင်း၊ ငါးပေါင်း၊ ကြက်ကင် စတာတွေကို ကောက်ညှင်းနဲ့တွဲစားလေ့ရှိပါတယ်။ ကောက်ညှင်းလေးကို လက်နဲ့ဖဲ့ပြီး အလုံးသေးသေးကျစ်ကျစ်လေးဖြစ်အောင် လုံးပြီးမှ ဟင်းတွေနဲ့တွဲစားတာပါ။ ပြင်သစ်လက်အောက်ရောက်ခဲ့တော့ ပြင်သစ်စာဖြစ်တဲ့ ပေါင်မုန့်လုံးလုံးရှည်ရှည်ထဲ အသားတို့ ဝက်ပေါင်ခြောက်တို့ကို အရွက်တွေ ရောညှပ်စားတဲ့ Baguette ဟာလည်း လာအိုလမ်းဘေးအစားအစာအဖြစ်ထင်ရှားပါတယ်။

လည်ပတ်ဖို့အကောင်းဆုံးအချိန်

လာအိုက မြန်မာနိုင်ငံနဲ့ရာသီဥတုဆင်တော့ လာအိုနိုင်ငံဆီ သွားရောက်လည်ပတ်ဖို့အကောင်းဆုံးအချိန်က နိုဝင်ဘာလနဲ့ ဧပြီလအကြား အေးမြတဲ့ရာသီဥတုမှာပဲဖြစ်ပါတယ်။

2018_04_02_10_45_IMG_1899

ဒီလောက်ဆိုရင်တော့ လာအိုအကြောင်း အကြမ်းဖျဉ်းသိလောက်ပြီထင်ပါတယ်။ လာအိုက ချစ်စရာကောင်းတဲ့ အိမ်နီးချင်းနိုင်ငံလေးပါ။ သဘာဝအလှတွေနဲ့ အေးချမ်းပါတယ်။ သွားလည်လို့လည်းကောင်းပါတယ်။ ဒါပေမဲ့ စိတ်မကောင်းတာက ကိုယ်တွေရဲ့ မြန်မာနိုင်ငံမှာ ဒီထက်ပိုလှတဲ့ ရှုခင်းတွေ၊ ပိုဆန်းကြယ်တဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတွေ၊ ယဉ်ကျေးျွှုအမွေအနှစ်တွေ၊ လူမျိုးစုတွေ ရှိနေရက်နဲ့ ဒီနိုင်ငံသေးသေးလေးနဲ့ ယှဉ်လိုက်တဲ့အခါမှာ နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွေ ပိုနည်းနေတာကိုပါ။ သူတို့ရဲ့ မြို့တော်က ပဲခူးမြို့သာသာလောက်ပဲရှိပြီး ခရီးသွားတွေ အမြဲမပြတ်စည်ကားနေတဲ့ ဗန်ဗီယန်းမြို့ဆိုရင်လည်း ကလောမြို့လေးလိုပါပဲ။ ဒီလို လည်စရာ ၃-၄မြို့ပဲရှိတဲ့ လာအိုက မြန်မာထက် ခရီးသွားပိုများနေတာ တကယ်စိတ်မကောင်းပါဘူး။ အဓိကကတော့ Tourist တွေအသွားများတဲ့ ထိုင်း၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ကနေ ကုန်းကြောင်းကနေ အလွယ်တကူဝင်ရောက်နိုင်တာကြောင့် ဖြစ်ပါလိမ့်မယ်။ သိပ်မကြာခင်မှာလည်း ကိုယ်တွေရဲ့ မြန်မာနိုင်ငံအလှနဲ့ ယဉ်ကျေးအမွေအနှစ်တွေ ကမ္ဘာကျော်လာပြီး ခရီးသွားအများကြီးဝင်ရောက်လာပြီး ခရီးသွားလုပ်ငန်းကြီး တိုးတက်လာမယ်လို့တော့ မျှော်လင့်ရတာပဲနော်။
ချစ်ခင်လျှက်

Dr.Nu Myat