ထူးဆန်းသော သဘာဝတရားများ၊ မြင့်မားသော သမိုင်းကြောင်းများနှင့် တူရကီ (Turkey, a Unique Country)

ထူးဆန်းသော သဘာဝတရားများ၊
မြင့်မားသော သမိုင်းကြောင်းများနှင့်
တူရကီ

_MG_4953

တူရကီနိုင်ငံက သမိုင်းဝင်အဆောက်အအုံတွေ၊ မြေအောက်မြို့တွေ၊ နန်းတော်တွေ၊ ရှေးဟောင်း မြို့ပျက်ကြီးတွေနဲ့ ပြည့်နေတဲ့နိုင်ငံပါ။ အရောင်အသွေးစုံတဲ့ ယဉ်ကျေးမှုတွေ၊ အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ၊ အံ့သြဖွယ်ရာ ဆန်းပြားလှတဲ့ ရှုမျော်ခင်းတွေကိုလည်း တွေ့မြင်ရနိုင်ပါတယ်။ ရှေးခေတ် ကုန်သွယ်ရေးမှာ အရေးပါခဲ့တဲ့ ပိုးလမ်းမလမ်းတလျှောက်မှာ အင်မတန် အချက်အချာကျတဲ့ နေရာမှာရှိတဲ့ နိုင်ငံပါ။ ဘာကြောင့်လဲဆိုတော့ အာရှနဲ့ ဥရောပတိုက် (၂)တိုက်လုံးမှာ ရှိတဲ့ နိုင်ငံဖြစ်နေလို့ပါ။ နိုင်ငံရဲ့ ၉၇%က အာရှမှာရှိပြီး ၃%က ဥရောပမှာရှိနေပါတယ်။ တိုက်နှစ်တိုက်ကြားမှာရှိတဲ့ ဘော့စ်စဖရပ်ရေလက်ကြားမှာ အာရှနဲ့ ဥရောပကိုဆက်သွယ်ပေးတဲ့ တံတား(၃)စင်းနဲ့ ရေအောက် ဥမင်လှိုဏ်ခေါင်း (၂)ခုရှိပါတယ်။

2018_03_01_16_38_IMG_64212019_04_14_12_52_IMG_5856
အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မြို့(Istanbul)ကလည်း တိုက်နှစ်တိုက်ကို ခွထားတဲ့မြို့ပါ။ အစ္စတန်ဘူလ်က နှစ်ပေါင်း ၂၀၀၀ ကျော်ကြာ ရောမ၊ အော်တမန်နဲ့ ဘိုင်ဇန်တိုင်း အင်ပါယာသုံးဆက်တိုင်အောင် မြို့တော်ဖြစ်ခဲ့ဖူးတဲ့ နာမည်ကျော်မြို့ပါ။ အခုလက်ရှိမှာတော့ မြို့တော်က အန်ကာရာ(Ankara)ဖြစ်ပြီး အစ္စတန်ဘူလ်မြိုကတော့ အကြီးဆုံးမြို့ဖြစ်နေပါတယ်။ တတိယအကြီးဆုံးမြို့ကတော့ အစ်ဇမဲမြို့(Izmir)ပါ။

တူရကီမှာကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်နေရာပေါင်း (၁၀)ခုကျော်ပိုင်ဆိုင်ထားပြီး ကမ္ဘာ့ရှေးဟောင်းအံ့ဖွယ်(၇)ခုထဲက နှစ်ခုလည်း ရှိပါတယ်။ အဲ့ဒီထဲကမှ တစ်ခုဖြစ်တဲ့ Temple of Artemis ကျောင်းဆောင်ကြီးရှိရာ ရှေးဟောင်းဂရိမြို့တော်ကြီး Ephesus က ကြီးကျယ်ခမ်းနားလှပါတယ်။  ကမ္ဘာ့တတိယအကြီးဆုံး စာကြည့်တိုက်ကြီးဖြစ်ခဲ့ဖူးတဲ့ Library of Celsius၊ လူပေါင်း ၂၄၀၀၀ ကျော်ဆန့်တဲ့ ကဇာတ်ရုံကြီး၊ ရှေးခေတ်က အကြီးဆုံး ဈေးဝယ်စင်တာကြီးတွေလည်း မြို့ထဲမှာ ရှိခဲ့ဖူးတာတဲ့လေ။

အပျိုစင်မယ်တော်မာရီရဲ့ နောက်ဆုံးရက်တွေကို ကုန်ဆုံးခဲ့တဲ့ ဘုရားကျောင်းလည်း ဒီမြို့မှာ ရှိပါတယ်။ ဘာဂမာမြို့ (Bergama)မှာတော့ ရှေးခေတ်က ရောမတို့ရဲ့ဆေးရုံဖြစ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးစိတ်ရောဂါကုဆေးရုံရှိပါတယ်။

တူရကီမှာ ရှေးဟောင်း အမွေအနှစ်တွေအပြင် ဆန်းကြယ်တဲ့ သဘာဝတရားတွေလည်း ရှိလို့နေပါတယ်။ ထုံးရေပြာအိုင်လေးတွေ အဆင့်ဆင့်ဖြစ်နေတဲ့ Pamukkale နယ်မှာရှိတဲ့ Cotton Castle လေးက သိပ်လှပြီး တူရကီမှာ ကမ္ဘာလှည့်ခရီးသည်အလာအများဆုံးနေရာပါ။ ဟိုးရှေးတုန်းက မီးတောင်ကြောင့် တောင်စောင်းမှာ ကန်လေးတွေ အဆင့်ဆင့်ဖြစ်နေတဲ့အပြင် တောင်ပေါ်ကရေပူစမ်းကနေ စီးကျနေတဲ့ ရေတွေက ကန်လေးတွေထဲစိမ့်ဝင်တော့ ရေအိုင်လေးတွေ အဆင့်ဆင့်ဖြစ်နေတာပါ။ ရေထဲမှာ ထုံးဓာတ်လည်းပါတော့ အနည်ထိုင်ပြီး ရေအိုင်လေးတွေဖြူနေတာကလည်း ဒီနေရာကို ပိုပြီးဆန်းသစ်စေပါတယ်။

2019_04_18_02_51_IMG_82892019_04_18_02_34_IMG_82972019_04_18_11_54_IMG_9347

ရှေးနှစ်သန်းပေါင်းများစွာက မီးတောင်ပေါက်ကွဲမှုတွေကြောင့် တစ်နယ်လုံး ကျောက်တောင်အချွန်းတွေနဲ့ ဆန်းကြယ်လှတဲ့ Cappadocia နယ်ကလည်း ကမ္ဘာပေါ်မှာ မီးပုံးပျံစီးဖို့ အလှဆုံးနေရာအဖြစ်ထင်ရှားပါတယ်။ ထူးဆန်းလှတဲ့ကျောက်ဆောင်ချွန်ချွန်ကြီးတွေ ပြန့်ကျဲနေတဲ့အပေါ်မှာ ရောင်စုံမီးပုံးပျံတွေ ရာနဲ့ချီ ပျံသန်းတာ အတော်ကိုလှတဲ့ မြင်ကွင်းပါ။ Cappadocia မှာ ကျောက်ဂူထဲထွင်းဆောက်ထားတဲ့ဘုရားကျောင်းပေါင်း၂၀၀ လောက်ရှိတဲ့ထဲက Göreme Open Air Museum မှာတော့ ကျောင်းပေါင်း ၁၀ကျောင်းကို တစုတဝေးထဲတွေ့ရမှာပါ။ ကျောက်ဂူတွေမှာနေထိုင်ခဲ့တဲ့ ကျောက်ဂူလူသားတွေအတိုင်း နေထိုင်နိုင်မယ့် ကျောက်ဂူဟိုတယ်တွေလည်း များစွာရှိပါတယ်။

ကမ္ဘာအနှံ့မှာ မြေအောက်မြို့တွေအနှံ့အပြားရှိပေမဲ့ တူရကီမှာ မြေအောက်မြို့ပေါင်း ၂၀၀ ကျော်တောင်ရှိတာတဲ့လေ။ အဲ့ထဲက Derinkuyu မြို့ဆိုရင် လူပေါင်း ၂၀,၀၀၀ ကျော်တောင် နေခဲ့တဲ့
အကြီးဆုံးမြေအောက်လှိုဏ်ဂူမြို့ကြီးပေါ့။ မြေအောက် ၁၈ထပ်၊ ပေ ၂၀၀ ကျော်ထိနက်ပြီး မြေပြင်ပေါ်ကနေ ဝင်ပေါက်ကလည်း ၆၀၀ ကျော်တောင် ရှိတာတဲ့။ မြေအောက်မြို့ထဲမှာ ဘုရားကျောင်းတွေရော စာသင်ကျောင်းတွေပါတစ်ခါထဲထည့်ဆောက်ထားလို့ သိရပါတယ်။

ဒီလို ထူးခြားဆန်းပြားလှတဲ့ နေရာတွေ၊ အဆင့်အတန်းမြင့်မားခဲ့တဲ့ သမိုင်းကြောင်းတွေကြောင့်လည်း တူရကီနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ နိုင်ငံဖြစ်လို့နေတာပဲဖြစ်ပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂ ီဦး

အနုပညာမြို့တော် ဗီယာနာသို့ Vienna, the City of Art

အနုပညာမြို့တော် ဗီယာနာသို့

ဒေါက်တာနုမြတ်သိင်္ဂီဦး

Snapseed-15

ဥရောပအလယ်ပိုင်း ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်တဲ့ သြစတြီးယား (Austria) နိုင်ငံရဲ့ မြို့တော် ဗီယာနာကို ဂီတမြို့တော်လို့ အသိများပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခြားမြို့တွေထက်စာရင် ဗီယာနာမှာ နာမည်ကျော်ဂီတပညာရှင်တွေ နေထိုင်ခဲ့ကြလို့ပါ။ ဂီတသမိုင်းတလျှောက် နာမည်အကျော်ကြားဆုံး ဂန္ထ၀င်ဂီတပညာရှင် ၁၀ယောက်မှာ ၄ယောက်က ဗီယာနာမြို့မှာ  နေထိုင်ခဲ့ကြပါတယ်။ မိုးဇက်၊ ဗီသိုဗင်၊ ဂျိုးဇက်ဟေဒန်၊ ဖရန့်ဇ်ရှုဘတ်ဇ်စတဲ့ ဂီတပညာရှင် တွေဟာ ရှေးကတည်းက သြဇာကြီးခဲ့တဲ့ ဗီယာနာမြို့မှာ အလုပ်လုပ်ရင်း ကမ္ဘာ့ဂန္ထ၀င်သီချင်းကြီးတွေကို ရေးစပ်နိုင်ခဲ့ပါတယ်။ ဗီယာနာမြို့ဖွား ကမ္ဘာကျော်တစ်ယောက်ရှိပါသေးတယ်။ အိပ်မက်တွေအကြောင်းထဲထဲဝင်ဝင်လေ့လာခဲ့တဲ့၊ စိတ်စိစစ်မှုကို စတင်ဖော်ဆောင်ပေးခဲ့တဲ့  ဦးနှောက်နှင့်အာရုံကြောပါရဂူ ဆစ်ဂမန်ဖရက်ပါ။ ဒါကြောင့်လည်း သူ့ကို အစွဲပြုပြီး အိပ်မက်မြို့တော်လို့လည်း ခေါ်ကြပါတယ်။

 

ဗီယာနာက ဂီတမြို့တော် အပြင် အကမြို့တော်လို့လည်း ပြောနိုင်ပါတယ်။ ဗီယာနာမြို့ရဲ့ Ball Dance အကက သိပ်ကိုနာမည်ကြီးတာပါပဲ။ ခမ်းနားထည်ဝါလှတဲ့ ခန်းမကျယ်ကြီးမှာ ၀တ်စုံပြည့်ဝတ်ထားပြီး စုံတွဲအလိုက် စည်ချက်ညီညီကရတဲ့ ball dance က သိပ်ကြည့်ကောင်းပါတယ်။ တစ်နှစ်ကို ကပွဲပေါင်း ၄၀၀ကျော် ကျင်းပလေ့ရှိပြီး နှစ်စဉ် အရှေ့ပိုင်း၃လမှာ ကပွဲတွေပိုပြီး ကျင်းပလေ့ရှိပါတယ်။ သံစုံတီးဝိုင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်နောက်ခံပြီး မြူးမြူးကြွကြွကလေ့ရှိတဲ့ ဒီWaltz အကဟာ ယနေ့ထက်တိုင်ထိန်းသိမ်းထားဆဲ သြစတြီးယားရိုးရာ ယဉ်ကျေးမှုတစ်ရပ်ပါပဲ။

6c5e9869b5c6333562406f78571f38d2

ဗီယာနာကို ၀ိုင်မြို့တော်လို့လည်းပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီယာနာဟာ ကမ္ဘာ့တစ်မြို့တည်းသော မြို့တော်တွင်း ၀ိုင်ချက်လုပ်ရာမြို့တော်ဖြစ်နေတာကြောင့်ပါ။ တစ်နှစ်ကို ၀ိုင်လီတာပေါင်း၂.၅သန်းတောင်ချက်လုပ်နိုင်ပါသတဲ့။ ဗီယာနာဝိုင်လိုပဲ ဗီယာနာကော်ဖီလည်း သိပ်ကောင်းပါတယ်။ ရှေးကတည်းကစခဲ့တဲ့ ကော်ဖီဆိုင်ယဉ်ကျေးမှုက ယနေ့တိုင်ပါပဲ။ မြို့ကြီးရဲ့ လမ်းမတွေ လမ်းသွယ်တွေမှာ ကော်ဖီဆိုင်များစွာတွေ့ရမှာပါ။ ကော်ဖီနဲ့အတူ တွဲဖက်စားလေ့ရှိတာကတော့  ဗီယာနာမြို့ရဲ့ အထင်ကရ Sacher tote လို့ခေါ်တဲ့ ချောကလက်ကိတ်ပါ။

ဗီယာနာဟာ အနုပညာ၊ အစားအသောက်မှာသာမက ဗိသုကာလက်ရာတွေလည်း ကြွယ်ဝချမ်းသာပါတယ်။ မြို့လည်ရှိ City Center မှာ ရှေးဟောင်းအဆောက်အအုံများစွာကိုတွေ့ရမှာပါ။ မြို့လည်မှာ St.Stephen ဘုရားကျောင်း၊ မြို့တော်ခန်းမ၊ လွှတ်တော်၊ အော်ပရာကဇာတ်ရုံ၊ Hofburg နန်းတော်၊ Volksgarten ပန်းခြံအစရှိတဲ့ ခမ်းနားတဲ့ အဆောက်အအုံတွေ ကျယ်ဝန်းတဲ့ပန်းခြံတွေ များစွာရှိနေပါတယ်။ ဂီတပညာရှင် မိုးဇက်နေသွားခဲ့တဲ့အိမ်၊ စိတ်ပညာရှင် ဆစ်ဂမန်ဖရော့နေသွားခဲ့တဲ့ အိမ်တွေကိုလည်း ပြတိုက်အဖြစ်ပြသထားလို့လေ့လာနိုင်ပါတယ်။

ဗီယာနာမြို့ရဲ့ အကျော်ကြားဆုံး အဆောက်အအုံကတော့ ရွှန်းဘရွန်း (Schonbrunn) နန်းတော်ကြီးပဲဖြစ်ပါတယ်။ အခန်းပေါင်း ၁၄၄၁ခန်းပါဝင်ဖွဲ့စည်းထားတဲ့ ဒီနန်းတော်ကြီးဟာ ကျယ်ဝန်းလှတဲ့ ဥယျာဉ်တော်ကြီးအလယ်မှာ ခန့်ညားထည်ဝါစွာရှိနေပါတယ်။ UNESCO အသိအမှတ်ပြု ဒီနန်းတော်ဝင်းကြီးထဲ လက်မှတ်ဝယ်ကာ သွားရောက်လေ့လာနိုင်ပါတယ်။ နန်းတော်ဝင်းထဲရှိ တိရစ္ဆာန်ရုံကလည်း ၁၇၅၂ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာမို့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး တိရစ္ဆာန်ရုံဖြစ်ပြီး ယခုထက်တိုင်ဖွင့်လှစ်ထားဆဲဖြစ်လို့ သွားရောက်လေ့လာနိုင်ပါတယ်။ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ချားရဟတ်လည်း ဗီယာနာမြို့မှာ ရှိပါသေးတယ်။ Vienna Giant Wheel လို့ခေါ်ပြီး ယနေ့ထက်တိုင် ပြေးဆွဲနေတုန်းပါ။ ဥရောပရဲ့ ဒုတိယအကြီးဆုံး သင်္ချိုင်းကုန်းလည်းရှိပြီး ရုပ်အလောင်းပေါင်း ၂.၅သန်း မြှုပ်နှံထားလို့ ဗီယာနာမြို့လူဦးရေထက်တောင် ပိုများနေတယ်လို့သိရပါတယ်။

maxresdefault

နောက်ထူးခြားတာတစ်ခုက ဂျာမနီနိုင်ငံ ဘာလင်မြို့လိုပဲ ဗီယာနာမြို့ဟာလည်း ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၅၅ခုနှစ်အထိ ၄ပိုင်းပိုင်းခံရပြီး အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ယူကေ၊ ဆိုဗီယက်ယူနှီယံတို့က တစ်ပိုင်းစီခွဲအုပ်ချုပ်ခံခဲ့ရတယ်လို့သိရပါတယ်။ လွတ်လပ်ရေးရပြီးနောက် ဗီယာနာဟာ တဖြည်းဖြည်ူကြိုးစားခဲ့ရာ ယခုဆိုရင် ရွှေထီးပြန်ဆောင်းနေပြီလို့ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်စဉ်စစ်တမ်းကောက်ယူချက်အရ ဗီယာနာမြို့ဟာ ကမ္ဘာ့နေချင်စဖွယ်အကောင်းဆုံးမြို့ ဘ၀အရည်အသွေးအပြည့်မီဆုံးမြို့အဖြစ် ၂၀၀၉ခုနှစ်ကစပြီး ၈နှစ်ဆက်တိုက် သတ်မှတ်ခံခဲ့ရတာကြောင့်ပါ။


#NuMyat

Snapseed-3

 

ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံ ဗာတီကန်စီးတီး World Smallest Country, Vatican City

ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံ ဗာတီကန်စီးတီး

st-peter-square

ရောမအင်ပါယာကြီးထွန်းကားရာ အီတလီနိုင်ငံ ရောမမြို့ကြီးက ဘုန်းမီးနေလတောက်ခဲ့တုန်းက ဆောက်လုပ်ခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံတွေနဲ့ ထူးခြားနေပါတယ်။ ရောမမြို့ထဲမှာ နိုင်ငံတစ်နိုင်ငံပါရှိနေတယ်ဆို ပိုပြီးထူးဆန်းမနေဘူးလား။ ဟုတ်ပါတယ်။ ရောမမြို့ထဲမှာ ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်တဲ့ ဗာတီကန်စီးတီး (Vatican City)နိုင်ငံ တည်ရှိလို့နေပါတယ်။ ဗာတီကန်နိုင်ငံဟာ ဘယ်လောက်များသေးလဲဆိုရင် အကျယ်အဝန်းအားဖြင့် ၁၁၀ ဧကသာကျယ်ဝန်းပါတယ်။ ရန်ကုန်မြို့နဲ့ယှဉ်ရင်တောင် အဆပေါင်း ၁၃၀၀ကျော်သေးငယ်ပါတယ်။ ပန်းခြံကြီးတစ်ခု၊ အိမ်ရာစီမံကိန်းတစ်ခုစာလောက်ပဲကျယ်တာပါ။ ရောမမြို့နဲ့ ၂မိုင်ကျော် နယ်နိမိတ် ထိစပ်နေတယ်လို့ပြောရမှာဖြစ်ပြီး  နယ်နိမိတ်အများစုကို တံတိုင်းတွေကာထားပါတယ်။

Elia-Locardi-Travel-Photography-P3-Beyond-The-Vatican-Rome-2048-1200x800

ကမ္ဘာပေါ်မှာ အကြီးဆုံးနိုင်ငံသုံးနိုင်ငံက ရုရှား၊ ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုတို့ဖြစ်ကြပြီး အသေးဆုံးနိုင်ငံသုံးနိုင်ငံကတော့ ဗာတီကန်စီးတီး၊ မိုနာကိုနဲ့ သြစတြေးလျတိုက်နားရှိ Nauru ကျွန်းနိုင်ငံတို့ပဲဖြစ်ပါတယ်။ ဒုတိယအသေးဆုံးနိုင်ငံ မိုနာကိုအကြောင်းကိုတော့ ပြည်မြန်မာဂျာနယ်မှာ ရေးသားဖော်ပြပြီးပြီ ဖြစ်ပါတယ်။ ၁၉၂၉ခုနှစ်မှစတင်ကာ မြို့နိုင်ငံအဖြစ်စတင် သတ်မှတ်ခဲ့တဲ့နိုင်ငံဖြစ်ပြီး  မြို့နဲ့နိုင်ငံတစ်ခုတည်းဖြစ်တဲ့ City-State ဖြစ်တာကြောင့် စင်္ကာပူတို့ မိုနာကိုတို့လိုပဲ မြို့ဆိုပြီး သီးသန့်ရှိမနေပါဘူး။ ဗာတီကန်နိုင်ငံကို ၂၀၁၀ခုနှစ်က စာရေးသူရဲ့ ဥရောပခရီးစဉ်ထဲမှာ ရောမမြို့သို့သွားရင်း သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။

နိုင်ငံက အသေးငယ်ဆုံးဖြစ်သလို လူဦးရေလည်း အနည်းဆုံးနိုင်ငံပါ။ လူဦးရေပေါင်း ၁၀၀၀တောင်မပြည့်ပါဘူး။  လူမျိုးအများစုက အီတလီလူမျိုးတွေဖြစ်လို့ အိတလီဘာသာစကားကိုသာ ပြောကြပါတယ်။ ဗာတီကန်နိုင်ငံတွင်းမှာ ဆေးရုံမရှိလို့ နိုင်ငံတွင်းမွေးဖွားတဲ့သူမရှိပါ။ နိုင်ငံထဲ နေထိုင်အလုပ်လုပ်ကိုင်သူတွေကိုသာ နိုင်ငံသားပေးထားတာပဲဖြစ်ပါတယ်။ ဗာတီကန်ဟာ အီတလီနိုင်ငံတွင်းမှာရှိနေပေမဲ့ ဆွစ်ဇာလန်နိုင်ငံသားတွေကို အစောင့်တွေအဖြစ် ဌားရမ်းကာ တပ်ဖွဲ့ထားပါတယ်။ ကောင်းမွန်စွာလေ့ကျင့်ထားပြီး အရည်အသွေးမြင့်မားတဲ့ အသက်၁၉နှစ်ကနေ ၃၀အတွင်း အရပ်၅ပေ၈လက်မခွဲထက်အမြင့်ရှိတဲ့ ဆွစ်ဇာလန်လူမျိုး လူပျိုလူလွတ်တွေကိုသာ ရွေးချယ်ခန့်ထားတာကြောင့် ဗာတီကန်နိုင်ငံရဲ့ တပ်ကသေးငယ်ပေမဲ့ အထင်သေးလို့မရပါဘူး။

guardie_svizzere

ဗာတီကန်နိုင်ငံဟာ သေးငယ်ပေမဲ့ ကိုယ်ပိုင်စာတိုက်နဲ့ ကိုယ်ပိုင်တံဆိပ်ခေါင်းရှိပြီး ဗာတီကန်စာပို့စနစ်က အီတလီထက်တောင်ပိုကောင်းပိုမြန်တယ်လို့ သိရပါတယ်။ ကိုယ်ပိုင် ရေဒီယိုအသံလွင့်ဌာန ရှိကာ ကမ္ဘာအနှံ့အပြားသို့ ဘာသာစကားပေါင်း၂၀ခုဖြင့် ထုတ်လွှင့်လျှက်ရှိပါတယ်။ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်း၊ နိုင်ငံကူးလက်မှတ်၊ ငွေသားတို့လည်း ကိုယ်ပိုင်ရှိပါတယ်။ ပုပ်ရဟန်းမင်းပုံပါရှိတဲ့ ၁ယူရိုတန်အကြွေစေ့ကို စုဆောင်းသူများတယ်လို့သိရပါတယ်။

6+54

အသေးဆုံးတွေပိုင်ဆိုင်ထားတဲ့ ဗာတီကန်မှာ အကြီးဆုံးတွေလည်း ရှိပါတယ်။ ဒါကတော့ ကမ္ဘာ့အကြီးဆုံးနက္ခတာရာကြည့်မှန်ပြောင်းကြီးကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမဲ့ ဗာတီကန်စီးတီးနိုင်ငံတွင်းမှာ မဟုတ်ဘဲ အမေရိကန်ပြည်ထောင်စုနိုင်ငံ အရီဇိုးနားပြည်နယ်ထဲ ထားရှိထားတာပဲဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး ခရစ်ယာန်ဘုရားရှိခိုးကျောင်း စိန့်ပီတာဘုရားကျောင်းကြီးလည်း နိုင်ငံတွင်းရှိလို့နေပါတယ်။ ခရစ်ယာန်ဘာသာဝင်အတွက် အမွန်မြတ်ထားရာ ဘုရားကျောင်းကြီးဖြစ်ပြီး လက်ရာမြောက်လှတဲ့ အနုစိတ်ဗိသုကာလက်ရာများကြောင့်လည်း ကမ္ဘာမှာကျော်ကြားလှပါတယ်။ နဂိုရှိပြီးသား ဘုရားကျောင်းအုတ်မြစ်ကိုအခြေခံပြီး အသစ်တည်ဆောက်တာ နှစ်ပေါင်း ၁၂၀တိုင်ကြာသွားတယ်လို့သိရပါတယ်။ ပန်းရန်၊ ပန်းပု၊ ပန်းချီ၊ မှန်စီစတဲ့ အသေးစိတ်အလှဆင်တာ နောက်ထပ်နှစ်ပေါင်း ၂၀၀ကြာသွားပါတယ်တဲ့။ အခန်းပေါင်း ထောင်ကျော်ရှိပြီး အဆောက်အအုံတစ်ခုနဲ့တစ်ခုဆက်နေတဲ့ ဗာတီကန်နန်းတော်ကြီးတွေလည်းရှိပါတယ်။နန်းတော်တွေရှိပေမဲ့ ဘုရင်တော့ မရှိပါဘူး။ ပုပ်ရဟန်းမင်းကြီးလက်အောက် သက်ဦးဆံပိုင်စနစ်နဲ့အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ အခုလက်ရှိမှာ ၂၀၁၃ခုနှစ်ကတည်းက ရွေးချယ်တင်မြောက်ခံခဲ့ရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အုပ်ချုပ်နေပါတယ်။

Watch-2017-Easter-Mass-Live-Online

DSCF5815

သေးငယ်လှတဲ့နိုင်ငံလေးမှာ ဝင်ငွေကတော့ ပြတိုက်ဝင်ကြေးနဲ့ တံဆိပ်ခေါင်းရောင်းရာကနေ အဓိကရပါတယ်။ အီတလီလူမျိုးတွေအနေနဲ့ နှစ်စဉ်အခွန်ခရဲ့ ၈ရာခိုင်နှုန်းကို အစိုးရကိုမပေးဘဲ ဗာတီကန်ဆီ လှူချင်ပါက လှူခွင့်ပေးထားပါတယ်။ တစ်နှစ်ကို ဧည့်သည် ၅သန်းလောက်လာလို့ နိုင်ငံတွင်း အမြဲလူပြည့်နေတတ်တယ်။ ဘုရားကျောင်းထဲ၊ ပြတိုက်ထဲ ဝင်ကြည့်ချင်ပါက အကြာကြီးတန်းစီရပါတယ်။ ဗာတီကန်ပြတိုက်တွေ အနှံ့သာသွားကြည့်မယ်ဆိုရင် ၉မိုင်အရှည်ရှိလို့ ပန်းချီကားတစ်ချပ်ကို တစ်မိနစ်သာခံစားမယ်ဆိုရင်တောင် ပန်းချီကားအကုန်လုံးကို ခံစားကြည့်ရှုဖို့ လေးနှစ်လောက်အချိန်ယူရမယ်လို့ဆိုပါတယ်။ ဗာတီကန်စာကြည့်တိုက်နဲ့ Sistine Chapel ရှိ စတုရန်းပေပေါင်း ၆၀၀၀ကျော်ရှိ မိုင်ကယ်အန်ဂျလိုလက်ရာ မျက်နှာကျက်ပန်းချီကားကြီးကလည်း အနုစိတ်ကာ လက်ရာမြောက်လွန်းသဖြင့်ကျော်ကြားလှပါတယ်။ အနုပညာလက်ရာမြောက်တဲ့ အဆောက်အအုံတွေ၊ သမိုင်းအရ၊ ဘာသာရေးအရ အရေးပါတဲ့ နေရာနဲ့ အဆောက်အအုံတွေများစွာရှိလို့ UNESCO အသိအမှတ်ပြု သမိုင်းဝင်နေရာ အဖြစ် တစ်နိုင်ငံလုံး အသိအမှတ်ပြုခံရတဲ့ တစ်ခုတည်းသောနိုင်ငံလည်းဖြစ်လို့နေပါတယ်။

#NuMyat

St.-Peters-Basilica-Inside

ကမ္ဘာကျော် ရေပေါ်မြို့လေး ဗင်းနစ် (Venice, Floating City)

ကမ္ဘာကျော် ရေပေါ်မြို့လေး

ဗင်းနစ်

Snapseed-31-01

ရေပေါ်မြို့လေး၊ အချစ်မြို့တော်၊ မျက်နှာဖုံးမြို့တော် စသဖြင့် အမည်တွင်တဲ့ ဗင်းနစ်မြို့လေးဟာ ကမ္ဘာပေါ်မှာ အလှဆုံးမြို့တွေထဲက တစ်မြို့ပါ။ တူးမြောင်းတွေ၊ တံတားတွေ အဆောက်အအုံတွေနဲ့ မြို့လေးရဲ့ နေရာတိုင်းဟာ လေဟာပြင်ပြတိုက်လို ကြည့်လို့မကုန်နိုင်လောက်အောင်လှပါတယ်။ ရေပေါ် Venice မြို့နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်တွေက အများကြီးပဲ… သိသလောက်ပြောပြမယ်လေနော်…

#ပင်လယ်ရေပြာအိုင်ထဲမှာတည်ရှိတဲ့မြို့

ဥရောပတိုက်တောင်ဘက်ရှိ အီတလီနိုင်ငံအရှေ့မြောက်ဘက်မှာရှိတဲ့ ဗင်းနစ်မြို့က ရေပေါ်မြို့ဆိုပေမဲ့ ကမ်းခြေမြို့တော့ မဟုတ်ဘူး။ ပင်လယ်နဲ့ နီးပေမဲ့ ပင်လယ်ထဲမှာ ရှိတာလည်း မဟုတ်ပြန်ဘူး။ ပင်လယ်ထုံးအိုင်လို့ခေါ်ရမယ့် ပင်လယ်နဲ့ဆက်နေတဲ့ ရေပြာအိုင်ကြီးထဲမှာ ရှိနေတာပါ။ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျွန်းတန်းတွေက ပင်လယ်ကို ခြားထားပေးလို့ အိုင်လိုဖြစ်ပေါ်နေတဲ့ထဲမှာ ရှိနေတာပါ။ ဒါကြောင့်လည်း  မြို့ထဲတူးမြောင်းတွေထဲ စီးဆင်းနေတဲ့ ရေတွေက ကြည်လင်လှတဲ့ စိမ်းပြာရောင် ပင်လယ်ရေတွေ ဖြစ်နေတာပါ။ ဒီရေစိမ်းစိမ်းလေးတွေကြောင့်လည်း မြို့အလှ ပိုတိုးနေတာပေါ့။

Snapseed-65-01

#ရေလမ်းနဲ့ပဲသွားလာကြတဲ့မြို့

ရေပေါ်မြို့ဆိုတဲ့အတိုင်း မြို့လေးဟာ လူလုပ်ကျွန်းပေါင်း ၁၁၈ကျွန်းပေါ်တည်ထားတာဖြစ်ပြီး ကျွန်းတွေကို ဆက်သွယ်ပေးထားတဲ့ တံတားပေါင်း ၄၀၀ကျော်ရှိပါတယ်။ မြို့လေးမှာ ကားလမ်း ရထားလမ်းဘာဆိုဘာမှ မရှိပါဘူး။ တစ်နေရာနဲ့ တစ်နေရာ သွားချင်ရင် လမ်းလျှောက်ရင်လျှောက်၊ မလျှောက်ရင် ရေလမ်းကနေသွားမှ ရမှာပါ။ ကျွန်းတွေကြားမှာရှိတဲ့ တူးမြောင်းတွေကနေ လှေတွေ၊ စက်လှေတွေ၊ သင်္ဘောတွေနဲ့ သွားကြရပါတယ်။ တက္ကစီတွေ၊ ဘတ်စ်ကားတွေ၊ အရေးပေါ်ယာဉ်တွေကအစ ရေပေါ်ရှပ်ပြေးယာဉ်တွေပါ။ ဗင်းနစ်မြို့ကို သွားချင်ရင် ကုန်းပေါ်ရှိမြို့ဘက်နဲ့ ကျွန်းကိုဆက်သွယ်ထားတဲ့ ရထားလမ်းရှိတော့ ရထားနဲ့ သွားလို့ရပါတယ်။ ကုန်ပေါ်ရှိမြို့ဘက်အခြမ်းမှာတော့ မာကိုပိုလိုလေဆိပ်ရှိပါတယ်။ နုမြတ်တို့သွားတုန်းကတော့နှစ်ခေါက်လုံး ရထားနဲ့သွားခဲ့တာပါ။ ပထမတစ်ခေါက်က ရောမမြို့ကနေ သွားခဲ့တာဖြစ်ပြီး ဒုတိယတစ်ခေါက်ကကျတော့ အီတလီမြို့တော် မီလန်ကနေသွားခဲ့တာပါ။

Snapseed-74-02

#အကြောက်တရားနဲ့တည်ခဲ့တဲ့မြို့

အကျယ်အဝန်းစုစုပေါင်း ၁၆၀စတုရန်းမိုင်သာရှိတဲ့ ဗင်းနစ်မြို့ဟာ အခုချိန်မှာ အရမ်းကို ကဗျာဆန်တဲ့မြို့၊ ကမ္ဘာလှည့်ခရီးသည်တွေ အများအပြားလာရောက်တဲ့မြို့၊ လူကုံထံတွေ လာရောက်အပန်းဖြေတဲ့ မြို့ဖြစ်ပေမဲ့ မြို့စတည်ခဲ့တုန်းကတော့ ရည်ရွယ်ချက်ကတစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ကျော်က ရောမအင်ပါယာအရေးနိမ့်လာတဲ့အခါ အီတလီလူမျိုးတစ်စုဟာ ရန်သူလက်ပုန်းကွယ်တဲ့အနေနဲ့ လူသူအရောက်အပေါက်နည်းတဲ့ ဒီဗင်းနစ်မြို့ဖြစ်လာမယ့်ကျွန်းပေါ်ရွှေ့ပြောင်းလာခဲ့ကြတာပါ။ ရေထဲမှာရှိတော့ တော်ရုံလာတိုက်ခိုက်လို့လည်း မရနိုင်ဘူးဆိုပြီး အခြေချနေထိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ ထူးဆန်းတယ်နော်။ အကြောက်တရားတွေနဲ့တည်ခဲ့တဲ့ မြို့က အခုအခါမှာတော့ အလှတရားတွေ ပေါင်းဆုံနေရာ ဖြစ်လို့နေတာ။

Snapseed-44-01

#သစ်တောပေါ်မှာတည်ထားတဲ့မြို့

နောက်ထပ်ထူးဆန်းတာတစ်ခုက ဗင်းနစ်မြို့ဟာ ကျွန်းပေါ်ဒီအတိုင်းအိမ်ဆောက်ထားတာမျိုးမဟုတ်ဘဲ သန်းချီတဲ့ သစ်လုံးတွေပေါ်မှာ မြို့တည်ထားတာပါတဲ့။ တကယ်ကို အံ့သြဖို့ကောင်းပါတယ်။ မူလကျွန်းပေါ်မှာ သစ်လုံးတွေကို စေ့နေအောင် ဒေါင်လိုက်စိုက်ထားပြီး အပေါ်ကနေရွှံ့လောင်းကာ မြို့ကွက်ဖော်ပြီး အိမ်တွေဆောက်ခဲ့တာတဲ့လေ။ ရေပေါ်မြို့ဆိုတော့ ရေလမ်းအသုံးပြုရအောင် တူးမြောင်းတွေပါ မြို့ဖော်တဲ့အခါ ထည့်ဖော်ထားခဲ့တာတဲ့။ ရန်သူတွေလာတိုက်ရင် မျက်စိလည်အောင်လည်း လမ်းတွေကို ရှုပ်ရှက်ခတ်အောင် ဖောက်ထားပါတယ်။ ဒါကြောင့် ဗင်းနစ်မြို့မှာ လိပ်စာရှာရသိပ်ခက်ပါသတဲ့။ ကုန်းပေါ်ကလမ်းတွေကလည်း ကျဉ်းကျဉ်းလေးတွေပါ။ လူနဲ့မြင်းလှည်းတွေ သွားလို့ရလောက်တဲ့ အထိပဲ ကျယ်ပါတယ်။ ကမ္ဘာ့အကျဉ်းဆုံးလမ်းတောင် အဲ့မှာ ရှိပါတယ်။ Calleta လို့ခေါ်ပြီး ၅၃စင်တီမီတာသာကျယ်ပါတယ်။

Snapseed-47-01

#ရေဘေးအန္တရာယ်ရင်ဆိုင်နေရတဲ့မြို့

ကမ္ဘာလှည့်ခရီးသည်တွေ တစ်နှစ်ကို ၁၅သန်းကျော်လာပေမဲ့ မြို့နေလူဦးရေကတော့ နှစ်ပေါင်း ၅၀အတွင်း ၁သိန်း၂သောင်းကနေ ၆သောင်းအထိလျော့ကျလာပါတယ်တဲ့။ ဒါကြောင့်လည်း ၂၀၃၀ခုနှစ်လောက်ကျရင်တော့ ဒေသခံတွေမရှိသလောက်နည်းသွားပြီး ခရီးသည်တွေနဲ့ ခရီးသွားလုပ်ငန်းတွေပဲရှိတဲ့ တစ္ဆေမြို့ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒေသခံတွေ ဗင်းနစ်မြို့ကိုစွန့်ခွါရတဲ့ အကြောင်းတွေကတော့ ရှေးဟောင်းအဆောက်အအုံတွေ ထိန်းသိမ်းရာမှာ အကုန်အကျများခြင်း၊ ကမ္ဘာလှည့်ခရီးသည်တွေ အလွန်များခြင်းအပြင် မြို့ရေလျှံခြင်းကြောင့်လည်းပါပါတယ်။ တစ်နှစ်ကို ၄ကြိမ်ပင်လယ်ရေမြင့်တက်လေ့ရှိပြီး အဲဒီအချိန်ကျရင် တစ်မြို့လုံးနီးပါးရေလျှံတက်ပါတယ်။ ဒါ့အပြင် ဗင်းနစ်မြို့လေးဟာ တစ်နှစ်ကို ၂မီလီမီတာရေအောက်ထဲ နိမ့်ဝင်နေပါသတဲ့။ ကာကွယ်ထိန်းသိမ်းမှုတွေသာ မလုပ်ဘူးဆိုလျှင်ဖြင့် နောင်နှစ်ပေါင်းများစွာကြာလာတဲ့အခါ ဗင်းနစ်မြို့လေး ရေအောက်ရောက်သွားမယ့်ကိန်းပါ။ ယခုအခါမှာ ရေလွှမ်းမိုးမှုဒဏ်မခံရအောင် ကြံဆလုပ်ဆောင်နေကြပြီဖြစ်လို့ ဗင်းနစ်မြို့ရဲ့ အနာဂတ်လေး သာယာလှပပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

Snapseed-65-01

Venice မှာမလုပ်မဖြစ်

လုပ်သင့်တာတွေ

လမ်းကြိုလမ်းကြားလျှောက်ကြမယ်

Venice မြို့ရဲ့ လမ်းကျဉ်းကျဉ်းလေးတွေကြားထဲ တစ်လမ်းဝင်တစ်လမ်းထွက်။ တံတားတစ်စီးပြီး တစ်စီးဖြတ်ရတာ ရသတစ်မျိုးပါပဲ။ လမ်းလေးတွေက ရှုပ်ရှက်ခတ်နေတော့ မှန်းဆလို့မရပါဘူး။ လမ်းပျောက်သွားရင်ပိုတောင်ကောင်းပါသေးတယ်။ တော်ရုံလူတွေ မမြင်ရတဲ့ မြို့အလှတွေ မြင်ရတာပေါ့နော်။ အဆောက်အအုံတိုင်းက သူ့ဟာသူလှနေတာဆိုတော့ အကုန်လုံးက ကြည့်ချင်စရာပါ။ နုမြတ်တို့တုန်းက မြို့အဝင်ဘူတာရုံကနေ မြို့လည် စိန့်မာကိုရင်ပြင်ဆီ လမ်းလျှောက်သွားတာ အရမ်းသဘောကျတာပဲ။ လမ်းတလျှောက် ဆိုင်လေးတွေက ရောင်းတဲ့ပစ္စည်းလေးတွေ ဝင်ငမ်းလိုက်၊ ရိုးရာမုန့်တွေ ဝယ်စားလိုက်၊ ဓာတ်ပုံရိုက်လိုက်နဲ့ နာရီဝက်လောက်ပဲ သွားရမယ့်အကွာအဝေးက ၃နာရီလောက်ကြာသွားတယ်လေ…

Gandolaလှေစီးကြမယ်

  • ဗင်းနစ်မြို့ရဲ့ သင်္ကေတကိုပြောပါဆိုရင် မျက်နှာဖုံးတွေအပြင်  Gandola လို့ခေါ်တဲ့ လူလှော်လှေလည်းပါပါတယ်။ သစ်အမျိုးအစား၈မျိုးနဲ့ အထူးပြုလုပ်ထားတဲ့ လှေကြီးရဲ့ ပုံသဏ္ဏာန်က ဗင်းနစ်မြို့ကို ကိုယ်စားပြုထားပြီး မြို့အနှံ့တူးမြောင်းတလျှောက် ချောင်ကြိုချောင်ကြားနေရာတွေပါ လှော်ခတ်ပေးလို့ ဗင်းနစ်ရောက်သူတိုင်း မဖြစ်မနေစီးလေ့ရှိကြပါတယ်။
  • ဂန်ဒိုလာလှေတွေက ဗင်းနစ်မှာပဲရှိတဲ့လှေတွေပါ။ ဗင်းနစ်မှာတောင် အစီး ၃၀၀ကျော်ပဲရှိသတဲ့လေ။  Gandola လှေမောင်းသူတွေဟာလည်း လိုင်စင်ရှိမှမောင်းလို့ရတာပါ။ လှေမောင်းသူပေါင်းကလည်း ၄၀၀လောက်ပဲရှိပါသတဲ့။ လှေမောင်းသူတွေက အဖြူအပြာကန့်လန့်စင်းတီရှပ်ပေါ် ဖဲပြားအနီလေးတတ်ထားတာ။ ဗင်းနစ်မြို့ရဲ့တူးမြောင်းတွေအကြား တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ကိုယ့်ကိုယ်ကို မြို့စားကြီးတိုင်းခန်းလှည့်လည်နေသလိုတောင်ထင်ရမှာ။ တစ်ခါတလေ လှေပေါ်မှာ အီတလီ အော်ပရာသီချင်းကြီးတွေတောင်ဆိုပြသေးတယ်။ စုံတွဲလေးတွေ စီးရင် so romantic ပေါ့။ တံတားအောက်ကဖြတ်သွားတိုင်း Kiss ပေးရင် အချစ်ရေးကံကောင်းတယ်ဆိုပဲ။
  • Gandolaက တစ်စီးကို ယူရို ၈၀ပေးရတယ်။ ၆ယောက်ထိစီးလို့ရတယ်။ ၁ယောက်ပဲရှိရှိ ၆ယောက်ပဲရှိရှိ ၈၀ပါ။ မိနစ်၄၀ကြာ မောင်းပို့ပေးတယ်။

Snapseed-68-02

  • Grand_Canalပေါ်ကနေသင်္ဘောစီးမယ်

ဗင်းနစ်မြို့ရဲ့ တူးမြောင်းပေါင်း၁၇၇ခုထဲ တော်ဝင်တူးမြောင်းကြီးက အကြီးဆုံးဖြစ်ပြီး မြို့ကို နှစ်ခြမ်းခွဲထားပါတယ်။ Sပုံသဏ္ဏာန်ရှိတဲ့ တူးမြောင်းကြီးထဲ ဘတ်စ်သင်္ဘောတွေ၊ ရေပေါ်taxi တွေ ပြေးဆွဲနေတာအများကြီးပဲတွေ့ခဲ့ရတယ်။ တူးမြောင်းတစ်ဖက်တစ်ခြမ်းမှာလည်း သင်္ဘောဆိပ်တွေ ခပ်စိပ်စိပ်ရှိလို့ သွားရအဆင်ပြေပါတယ်။ တိုးရစ်တွေအနေနဲ့ တစ်နေ့တာ လက်မှတ်ဝယ်ထားပြီး ကိုယ်ဆင်းချင်တဲ့နေရာမှာ ဆင်းလိုက်တက်လိုက်နဲ့ လျှောက်လည်လို့ရတယ်။ တစ်နေ့တာလက်မှတ်က တစ်ယောက်ကို ယူရို ၂၀ပါ။ တစ်ကြောင်းပဲ စီးမယ်ဆိုရင်တော့ ယူရို ၇.၅ကျပါမယ်။

Snapseed-52-01

  • Rialto တံတားပေါ်က ရှုခင်းကြည့်မယ်
  • ကျွန်းပေါင်း ၁၁၇ကျွန်းရှိတဲ့ Venice မြို့မှာ တံတားပေါင်း ၄၀၀ကျော်ရှိပါတယ်။ မဟာတူးမြောင်းကြီးကိုဖြတ်တဲ့ အဓိကတံတားကြီး ၄စင်းရှိပြီး Rialto ဆိုတဲ့ တံတားကြီးကတော့ နာမည်အကြီးဆုံးပါ။ မြို့ရဲ့ စည်ကားတဲ့နေရာမှာရှိသလို တံတားပေါ်က မြင်ရတဲ့ ရှုခင်းကလည်း အလွန်လှပါတယ်။ ထူးဆန်းတာက တံတားပေါ်မှာ ဆိုင်ခန်းတွေလည်းရှိနေတာပါ။ အဲ့ဆိုင်တွေမှာတော့ မဝယ်နဲ့ပေါ့။ တခြားထက်ဈေးပိုကြီးလို့။

Snapseed-11-01

  • Saint_Marco_Squareမှာခိုလေးတွေအစာကျွေးမယ်
  • ဗင်းနစ်ရောက်ရင် မသွားမဖြစ်ကတော့ မြို့စတည်တဲ့နေရာရှိ စိန့်မာကိုရင်ပြင်ကြီးပဲဖြစ်ပါတယ်။ ခန့်ညားထည်ဝါလှတဲ့ အဆောက်အအုံတွေ ဝန်းရံထားတဲ့ ရင်ပြင်ကျယ်ကြီးက တကယ်ကို ရင်သပ်ရှုမောဖွယ်ရာပါ။ စိန့်မက်ခ်နာရီစင်၊ Doge’s Palace ဒေါဂျီနန်းတော်ကြီးနဲ့ စိန့်မက်ခ်ဘုရားရှိခိုးကျောင်းကြီးရဲ့ ဗိသုကာလက်ရာတွေကလည်း အံ့မခန်းဖွယ်ရာပါ။ ရင်ပြင်ကျယ်တော့ ခိုလေးတွေလည်းအများကြီးပဲ။ ခိုလေးတွေ အစာက တစ်ထုပ်ကို ၁ယူရိုနဲ့ရောင်းနေကြတယ်။ စိန့်မက်ခ်ဘုရားကျောင်းကြီးနောက်ခံထားပြီး ခိုစာကျွေးနေတဲ့ ပုံက Venice မှာ Tourist တွေရိုက်လေ့ရှိကြတဲ့ပုံပါ။ ရင်ပြင်ကြီးကနေ မြင်ရတဲ့ Gandola လှေလေးတွေ အစီအရီစိုက်ထားတဲ့ ကမ်းစပ်မြင်ကွင်းကလည်း နာမည်ကျော်ပါတယ်။ နေဝင်ချိန်ရှုခင်းကလည်း တအားလှဆိုပဲ။

IMG_1159-02

  • ခေါင်းလောင်းမျှော်စင်ပေါ်ကနေရှုခင်းကြည့်မယ်
  • စိန့မာကို ရင်ပြင်အလယ်က ခေါင်းလောင်းမျှော်စင်ကြီးက ဗင်းနစ်မြို့မှာ အမြင့်ဆုံးဖြစ်လို့ မျှော်စင်ပေါ်ကနေ တစ်မြို့လုံးကို လှမ်းမြင်ရပါတယ်။ နုမြတ်တို့သွားတုန်းက တက်ကြည့်ခဲ့သေးတယ်။ တစ်ယောက်ကို ၈ယူရိုပေးရတယ်။ တစ်မြို့လုံးကို အပေါ်စီးကနေမြင်ရတာဆိုတော့တန်ပါတယ်။

Snapseed-23-01

  • Buranoကျွန်းသွားကြမယ်

မြို့ထဲမှာရှိတဲ့ ဒီကျွန်းလေးက အိမ်လေးတွေရောင်စုံနဲ့ ချစ်စရာလေးပါ။ ဓာတ်ပုံရိုက်လို့ အရမ်ကောင်းမှာပါ။ အဲ့ကျွန်းကိုသက်သက်သွားတဲ့ half day tour တွေတောင်ရှိပါတယ်။ public transport နဲ့လည်း သွားလို့ရတယ်။ နုမြတ်တို့တော့ မရောက်ခဲ့လိုက်ရဘူး။

  • မှင်ရည်ခေါက်ဆွဲစားကြမယ်

ပင်လယ်နားကမြို့ဆိုတော့ ပင်လယ်စာတွေပေါတဲ့ Venice ရောက်ရင် စားကြည့်သင့်တဲ့ အစားအစာကတော့ စပါကတီခေါက်ဆွဲ မဲမဲလေးပါ။ မှင်ရည်ခေါက်ဆွဲလို့ခေါ်ရမယ် ထင်ပါတယ်။ အင်္ဂလိပ်လို Squid ink Spaghetti အီတလီလို Spaghetti al nero de Sepia လို့ခေါ်ပါတယ်။ ပြည်ကြီးငါးကထွက်တဲ့ သဘာဝမှင်ရည်နဲ့ ချက်ထားလို့ အရသာဆန်းပါတယ်။ အီတလီ gelato ရေခဲမုန့်တွေလည်း အရမ်းအရသာရှိလို့ စားကြည့်ကြပါ။

Snapseed-89-01

  • မျက်နှာဖုံးလေးတွေဝယ်ကြမယ်
  • Venice ကို မျက်နှာဖုံးမြို့တော်လို့ခေါ်ပါတယ်။ မြို့ထဲ ဘယ်ဆိုင်ကြည့်ကြည့် အမျိုးစုံတန်ဆာဆင်ထားတဲ့ မျက်နှာဖုံးလေးတွေ တွေ့ကြရမှာပါ။ Venice မှာလုပ်တဲ့ မျက်နှာဖုံးပွဲတော်က အရမ်းနာမည်ကြီးတာပဲတဲ့။ နှစ်စဉ် အီစတာပွဲတော်မကျင်းပမီ ရက်၄၀အလိုမှာ ပြုလုပ်တာဆိုတော့ ဖေဖော်ဝါရီလထဲမှာသွားရမှာပေါ့။ ပွဲတော် မသွားနိုင်ရင်တောင် မျက်နှာဖုံးတစ်ခုလောက် အိမ်မှာအလှထားဖို့ အမှတ်တရဝယ်သွားပါလေ။

Snapseed-33-01

ဒါတွေကတော့သင်္ကြန်တွင်းသွားခဲ့တုန်းကပေါ်မူတည်ပြီး နုမြတ်သိသလောက်ရယ် နုမြတ်စိတ်ဝင်စားတာတွေရယ်ကို ပြန်မျှဝေတာပါ။ တခြားအချက်တွေလည်း ရှိဦးမှာပါ။ သိခဲ့ရင်လည်း ပြောပြပေးပါဦးနော်။ ကျေးဇူးတင်ပါတယ်။ သင်္ကြန်တွင်းသွားခဲ့တဲ့ ဥရောပ၈နိုင်ငံခရီးစဉ်ထဲက တခြားစိတ်ဝင်စားစရာတွေလည်း ရေးပေးဦးမှာဖြစ်လို့ Like နဲ့ See First လုပ်ထားနိုင်ပါတယ်နော်။

အားလုံးပျော်ရွှင်နိုင်ပါစေ…

#NuMyat

စုံတွဲတွေရဲ့ အိပ်မက်ကျွန်းလေး ဆန်တိုရီနီ (Santorini)

စုံတွဲတွေရဲ့ အိပ်မက်ကျွန်းလေး ဆန်တိုရီနီ

Snapseed-34

ဂရိလို့ပြောလိုက်တာနဲ့ ရေပြာပြာနောက်ခံနဲ့ ချစ်စဖွယ်အိမ်ဖြူဖြူလေးတွေကို မြင်မိကြမှာပါ။ ပင်လယ်ကမ်းစပ်ကျောက်ကမ်းပါးတွေမှာ အစီအရီထပ်နေတဲ့ ဖွေးဖွေးဖြူဖြူ ချစ်စဖွယ်အိမ်လှလှလေးတွေ ရှိတဲ့နေရာကတော့ ဆန်တိုရီနီ(Santorini) လို့ခေါ်တဲ့ကျွန်းပဲဖြစ်ပါတယ်။ ရေပြာပြာနောက်ခံထားတဲ့ ကျောက်ကမ်းပါးနီနီ၊ အိမ်ဖြူဖြူ၊ ခေါင်မိုးပြာပြာဘုရားကျောင်းတွေနဲ့ ဆန်တိုရီနီကျွန်းက ရှုခင်းတွေက လှလွန်းလို့ ကမ္ဘာ့ကဗျာအဆန်ဆုံးနေရာတစ်ခုလို့ ပြောကြပါတယ်။ မြင်မြင်သမျှ အဆောက်အဦးတိုင်းဟာ အရောင်နုနုလေးတွေနဲ့ ချစ်ဖို့ကောင်းနေပြီး ဓာတ်ပုံ ရိုက်ချင်စရာတွေချည်းပါပဲ။ Romantic ဖြစ်လွန်းလို့လည်း Pre Wedding ဓာတ်ပုံတွေ လာရိုက်တာတို့၊ Honeymoon ထွက်တာတို့နဲ့ ပျော်စရာကြီးပါ။ ဒါကြောင့်မို့လို့လည်း ဆန်တိုရီနီကျွန်းဟာ တစ်ကမ္ဘာလုံးရှိ စုံတွဲတွေရဲ့ Dream Destination လို့လည်း ဆိုကြပါတယ်။ အခုက မင်္ဂလာဆောင်ရာသီဖြစ်လို့ ဒီဝါကျွတ်လက်ထပ်ကြမယ့် ကြင်စဦးဇနီးမောင်နှံတွေ အနေနဲ့ ပျားရည်ဆမ်းခရီးထွက်တဲ့အခါမှာ စဉ်းစားနိုင်အောင် ဆန်တိုရီနီကျွန်းလေးအကြောင်းကို ဒီ Issue မှာ ရေးသားဖော်ပြလိုက်ရပါတယ်။

IMG-6478

ဆန်တိုရီနီဆိုတာ

ဆန်တိုရီနီဆိုတာ မြေထဲပင်လယ်ထဲရှိ အေဂျင်ပင်လယ်တွင်းက ဂရိကျွန်းစုတစ်စုပါ။ တကယ့်နာမည်ရင်းက သီရာ(Thira) ကျွန်းဖြစ်ပေမဲ့ ကမ္ဘာလှည့်ခရီးသည်များအကြား ဆန်တိုရီနီလို့ပဲ အသိများပါတယ်။ ဒီကျွန်းစုလေးဟာ အလှအပတစ်ခုတည်းကြောင့်မဟုတ်ဘဲ သူ့ရဲ့သမိုင်းဝင်တဲ့အချက်ရယ်၊ ထူးခြားတဲ့ ပထဝီမြေအနေအထားရယ်ကြောင့်လည်း ကမ္ဘာကျော်တာပါ။

နောက်ပိုင်းလေ့လာမှုတွေအရ ပလေတိုရဲ့ဒဏ္ဏာရီတစ်ခုဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း၉၅၀၀ကျော်က ရေအောက်ကမ္ဘာထဲ ပျောက်ဆုံးသွားတဲ့ အတ္တလန္တိတ်မြို့တော်ကြီးဟာ ဆန်တိုရီနီကျွန်းမှာရှိခဲ့တယ်လို ယူဆနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လခြမ်းပုံဆန်တိုရီနီကျွန်းဟာ အခုက လခြမ်းပုံလိုဖြစ်နေပေမဲ့ ဟိုးအရင်တုန်းက စက်ဝိုင်းပုံပါတဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက ကျွန်းပေါ်ရှိ မီးတောင်ကြီး ပေါက်ကွဲလာတဲ့အခါ မီးတောင်ပတ်လည် မြေသားတွေ ရေထဲအကုန်နစ်မြုပ်ကုန်တာကြောင့် စက်ဝိုင်းအနားသတ်ပဲကျန်တော့လို့ လက်ရှိမြင်ရတဲ့ လခြမ်းပုံဖြစ်ပေါ်လာတာပါ။ မြုပ်သွားတဲ့ထဲမှာ အတ္တလန္တိတ်မြို့တော်ကြီးလည်းပါပြီး လက်ရှိ ဆန်တိုရီနီကျွန်းကြီးပေါ်မှာ ကျန်ရှိနေတဲ့ Akrotoni မြို့ပျက်ကြီးက အဲ့ဒီမြို့ကြီးနဲ့ဆက်စပ်နေပါတယ်လို့ ယူဆနေကြပါတယ်။

santorini-volcano

မီးတောင်ရှင်ကြီး

ဆန်တိုရီနီကျွန်းမကြီးအပါအဝင် ကျွန်း၃ကျွန်းက ခလယ်က မီးတောင်ကြီးကို ပတ်လည်ဝိုင်းထားသလိုဖြစ်နေပါတယ်။ အဲဒီမီးတောင်ကြီးရာဇဝင်ကလည်း ဆန်းကျယ်ပါတယ်။ ဲ့ ၁၆၁၃BCက ဆန်တိုရီနီမှာဖြစ်တဲ့ ကမ္ဘာ့ဒုတိယအပြင်းထန်ဆုံးမီးတောင်ပေါက်ကွဲမှုထပ်ဖြစ်ပြီး ရေထဲမြုပ်သွားတဲ့ ကျွန်းအလည်သားနဲ့အတူ မီးတောင်ကြီးပါမြှုပ်သွားခဲ့ပြီး ၄၆BCကနေ ပင်လယ်ထဲကစပေါ်လာကာ ၁၉၄၀ခုနှစ်အထိ နှစ်ပေါင်းမြောက်များစွာအတွင်း ချော်ခဲတွေနဲ့ ပြည့်နေတဲ့ မီးတောင်ကြီးဖြည်းဖြည်းချင်းဖြစ်ပေါ်လာတာပါ။ ဒီမီးတောင်ကြီးက ၁၉၅၀ခုနှစ်မှာနောက်ဆုံးအဖြစ် ၂၂ရက်ကြာပေါက်ကွဲထားပြီး အခုထိမီးတောင်ရှင်အဖြစ်ရှိနေပါတယ်။ ဒီမီးတောင်ကျွန်းပေါ်ကျွန်မတို့ ဧပြီလတုန်းက ဆန်တိုရီနီသွားလည်ရင်း သွားလေ့လာခဲ့တုန်းကဆို ချော်ခဲတောင်ပေါ်မှာ အငွေ့တွေထွက်နေဆဲပဲဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

Snapseed-79

မီးတောင်ပေါက်ကွဲထားလို့ ဆန်တိုရီနီကျွန်းကြီးဟာ ဥပမာပြောရမယ်ဆိုရင်ဖြင့် လမုန့်ကြီးတစ်ခုကို ဓားနဲ့လှီးလိုက်သလို တစ်ဘက်က တုံးတိကြီး ဖြစ်နေပြီး တစ်ဘက်ကတော့ ခပ်ပြေပြေလေးဖြစ်နေပါတယ်။ မီးတောင်ဘက်ခြမ်းမှာ မတ်စောက်တဲ့ ကျောက်ကမ်းပါးကြီးတွေရှိနေပြီး ကျန်တစ်ဖက်မှာတော့ ပုံမှန်ကျွန်းတွေလို ပြေပြစ်တဲ့ကမ်းခြေတွေရှိနေပါတယ်။ ဒါပေမဲ့ တခြားကျွန်းတွေနဲ့မတူ ထူးခြားတာကတော့ ချော်ရည်တွေကြောင့် ကမ်းခြေတွေမှာ သဲမည်းကမ်းခြေ၊ သဲနီကမ်းခြေ၊ သဲဖြူကမ်းခြေဆိုပြီး အမျိုးမျိုးရှိနေတာပါ။ ကျောက်ကမ်းပါးဘက်အခြမ်းမှာတော့ ကမ္ဘာကျော်ထုံးအိမ်ဖြူဖြူလေးတွေ အစီအရီရှိနေပါတယ်။

ဗီဇာဘယ်လိုလျှောက်မလဲ

ဥရောပနိုင်ငံဖြစ်တဲ့ ဂရိကို သွားလည်မယ်ဆိုရင် ဥရောပဗီဇာဖြစ်တဲ့ ရှန်ဂန်ဗီဇာ လျှောက်ရပါမယ်။ ရှန်ဂန်ဗီဇာရှိပါက ဥရောပနိုင်ငံအတော်များများကို သွားလို့ရပါတယ်။ တစ်နိုင်ငံကနေတစ်နိုင်ငံကူးရတာ သိပ်လွယ်ပါတယ်။ ဗီဇာလျှောက်တဲ့အခါ မြန်မာနိုင်ငံမှာ ဂရိသံရုံးမရှိတော့ ဂရိနိုင်ငံကို တာဝန်ယူပေးထားတဲ့ ဂျာမနီသံရုံးကနေ ဗီဇာလျှောက်ရမှာဖြစ်ပါတယ်။

IMG_6996

ဘယ်အချိန်သွားမလဲ

ဆန်တိုရိနီကို သွားလည်မယ်ဆိုရင် ဧပြီလကုန်ကနေ နိုဝင်ဘာလဆန်းအထိ သွားလည်လို့ကောင်းပါတယ်။ နွေရာသီဖြစ်တဲ့ ဇွန်လကနေ စက်တင်ဘာလဆန်းပိုင်းအထိကတော့ ရာသီဥတုအကောင်းဆုံးပါ။ နွေးထွေးတဲ့ နေရောင်ခြည်တောက်တောက်အောက်မှာ ဆန်တိုရီနီက သိပ်ကိုလှပါတယ်။ High Season ဖြစ်တာကြောင့် ဧည့်သည်တအားများပြီး ဟိုတယ်နဲ့ လေယာဉ်လက်မှတ်တွေကတော့ ဈေးများနေတတ်ပါတယ်။ ဧပြီ၊ မေနဲ့အောက်တိုဘာလတွေကတော့ လူလည်းသိပ်မများ၊ ဈေးလည်းသိပ်မကြီး၊ ရာသီဥတုလည်း သိပ်မဆိုးဆိုတော့ အေးအေးဆေးဆေးလည်ချင်သူတွေအတွက် သင့်တော်မှာပါ။

ဆောင်းတွင်းရာသီဖြစ်တဲ့ နိုဝင်ဘာလကနေ မတ်လထိကတော့ ဧည့်သည်အရမ်းနည်းပါတယ်။ လေကြောင်းလိုင်းတွေလည်း သိပ်မဆွဲပါဘူး။ စားသောက်ဆိုင်နဲ့ ဟိုတယ်အတော်များများလည်း ပိတ်ပါတယ်။ ကမ်းခြေတွေမှာ ရေဆော့၊ အပန်းဖြေလို့ မကောင်းပေမဲ့ နေ့လည်နေ့ခင်း ကျွန်းပေါ်ကအလှတွေတော့ ခံစားနိုင်ပါတယ်။

IMG-6990

ဘယ်လိုသွားခဲ့လဲ

ဂရိကို ဒီနှစ်သင်္ကြန် ရုံးပိတ်ရက်ရှည်ရတုန်းက သွားခဲ့ကြတာပါ။ သွားခဲ့တာ ၄လကျော်လောက်တော့ ရှိပြီပေါ့။ အဲ့တုန်းက ရန်ကုန်ကနေ Qartar Airways နဲ့ ကာတာနိုင်ငံတစ်ဆင့်ခံပြီး ဂရိနိုင်ငံ အေသင်မြို့ကိုတန်းသွားခဲ့တာ။ အရင်က ဂရိမှာ တစ်ပတ်လောက်နေမလို့ စိတ်ကူးရှိခဲ့ပေမဲ့ အရေးကြီးကိစ္စတစ်ခုပေါ်လာလို့ ရက်တွေရွှေ့ရင်း ၃ညအိပ်ပဲအချိန်ရခဲ့တယ်။ အေသင်ကို ညဘက်ရောက်သွားတော့ အေသင်မှာ ၂ညအိပ်ပြီး ဆန်တိုရီနီကိုတော့ နောက်တစ်နေ့ မနက်စောစော လေယာဉ်နဲ့ ထွက်ခဲ့ကြတယ်။ အေသင်ကနေ ဆန်တိုရီနီကို ပြည်တွင်းလေကြောင်းလိုင်းဖြစ်တဲ့ Agean Airlines နဲ့ သွားခဲ့ပြီး ၄၅မိနစ်သာကြာပါတယ်။

အေသင်ကနေ ဆန်တိုရီနီကို ရေလမ်းကနေ Speed Boat တွေ၊ သင်္ဘောတွေနဲ့ သွားလည်းရပေမဲ့ ၄နာရီကနေ ၈နာရီကြားကြာတယ်ဆိုတော့ အချိန်တော်တော်ကုန်မယ်ပေါ့။ ရေကြောင်းနဲ့ သွားမယ်ဆိုရင် အေသင်မြို့နားရှိ Piraeus ဆိုတဲ့ ဆိပ်ကမ်းကနေ ဆန်တိုရီနီကျွန်းကို သင်္ဘော တစ်နေ့ လေးကြိမ်လောက်ပြေးဆွဲပါတယ်။ သင်္ဘောတွေမှာ ရိုးရိုးပုံမှန်နဲ့ High-speed သဘောၤဆိုပြီးရှိပါတယ်။ Blue Star Ferries (35 -40 euro) က ၈နာရီကြာပြီး နည်းနည်းပိုမြန်တဲ့ Hellenic Seaways က ၆နာရီကြာကာ အမြန်ဆုံးဖြစ်တဲ့ SeaJets (70-75 euro) က ၅နာရီပဲကြာပေမဲ့ အရမ်းမြန်တဲ့ High Speed Boat ဖြစ်တာကြောင့် သင်္ဘောမူးတတ်ပါတယ်။

ဆန်တိုရီနီကျွန်းမှာ တစ်ရက်ပဲ အပြည့်လည်ပြီး နောက်နေ့မှာ တခြားနိုင်ငံ ကူးလိုက်ရတော့ ခရီးစဉ်က တော်တော်လေးကို Rush ဖြစ်သွားတယ်လို့ ပြောရမယ်။ တခြား Austria နိုင်ငံ မှာ Hotel အခန်းခတွေ ပိုက်ဆံရှင်းပြီး ဖြစ်နေတော့ အရင်ဆွဲထားတဲ့ ခရီးစဉ်အတိုင်းပဲ ဆက်သွားလိုက်ရတော့ ဂရိမှာ ရက်တော်တော်နည်းသွားတယ်။ တကယ်တမ်း ဂရိမှာ လည်စရာတွေ အများကြီး။ ဓာတ်ပုံရိုက်စရာနေရာတွေ ပေါမှပေါ။ သူ့တစ်နိုင်ငံထဲ တစ်ပတ်-၁၀ရက် အေးအေးဆေးဆေးလည်လို့ရပါတယ်။

Snapseed-75

#ဘယ်မှာတည်းမလဲ

ဆန်တိုရီနီက တကယ်တမ်းတော့ ကျွန်းသေးသေးလေးပါ။ စတုရန်းမိုင်၄၈မိုင်သာကျယ်တဲ့ ဆန်တိုရီနီကျွန်းမကြီးကသေးငယ်လို့ ကျွန်းပေါ်မှာရှိတဲ့ မြို့ရွာလေးတွေက တစ်ခုနဲ့ တစ်ခု နီးနီးလေးတွေပါ။ တောင်နဲ့မြောက်ကားနဲ့ သွားမယ်ဆိုရင်တောင် ၁နာရီမကြာလောက်ဘူး။ ကျွန်းပေါ်ရှိ လေဆိပ်နားက Fira(ဖဲရာ) မြို့က ကျွန်းရဲ့မြို့တော်ဖြစ်ပေမဲ့ ရွာကြီးဖြစ်တဲ့ Oia (အီးယာ)ကရှုခင်းအရမ်းလှလို့ အကျော်ကြားဆုံးပါ။ ပုံတွေမှာမြင်နေကြရှုခင်းတွေက Oiaမှာရိုက်ထားတာတွေပါ။ Oia ဘက်ကတော့ ဟိုတယ်တွေက ရှယ်ပဲပေါ့။ မီးတောင်ဘက်ကို မျက်နှာပြုထားတဲ့ ကျောက်ဆောင်ကြီးတွေမှာ ဟိုတယ်တွေ စားသောက်ဆိုင်တွေ ဆောက်ထားကြတာ။ ဟိုတယ်တွေဆို Private Pool တွေ Jaccuzzi တွေနဲ့ အမိုက်စား။ မကောင်းတာက ချောက်ကမ်းပါးဘက်က ဟိုတယ်တွေဆီရောက်ဖို့ လှေကားထစ်တွေ တက်ရ၊ အထုပ်တွေ သယ်ရတယ်။ ဈေးကလည်း တခြားနေရာတွေထက် ပိုဈေးကြီးတယ်။

နုမြတ်တို့ကတော့ ဈေးပိုသက်သာပြီး အေးအေးချမ်းချမ်းရှိတဲ့ Fira မြို့မှာတည်းခဲ့ကြပါတယ်။ အဲ့က ဟိုတယ်လေးတွေက ချစ်စရာလေးတွေ။ အိမ်သေးသေးလေးတွေလိုပဲ။ သုံးထားတဲ့ အရောင်လေးတွေကလည်း နူးနူးညံ့ညံ့လေးတွေ။ ပြီးတော့ Fira က မြို့ကြီးဆိုတော့ မြို့ထဲမှာ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ စည်စည်ကားကားရှိလှတယ်။ Fira နားက Imerovigli ဆိုတဲ့ ရွာလေးမှာလည်း ဟိုတယ်တွေလှလို့ တည်းကြတယ်တယ်။ ကမ်းခြေဘက်အခြမ်းက ဟိုတယ်တွေကတော့ စည်ကားသလို၊ ဈေးပိုသက်သာပြီး ကမ်းခြေအရသာကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ဆန်တိုရီနီကျွန်းမှာပဲရနိုင်တဲ့ ခံစားချက်မျိုးရဖို့ ချောက်ကမ်းပါးဘက်မှာ တည်းသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ကျောက်ဂူတွေထဲမှာတည်းနေရသလို ခံစားနိုင်တဲ့ Cave House လေးတွေကိုလည်း ရွေးချယ်သင့်ပါတယ်။

Snapseed-7

#ဘယ်လိုလည်မလဲ

အဲ့မှာက လည်ရပတ်ရတာ အရမ်းလွယ်တယ်။ ကားလိုင်စင်ပါရင် ကိုယ်တိုင်တောင် ကားမောင်းလျှောက်လည်လို့ရတယ်။ International လိုင်စင်ဆိုရင် ဌားလို့ရတာ သေချာသပေါ့။ နုမြတ်မေးကြည့်တဲ့ကောင်တာမှာတော့ မြန်မာလိုင်စင်နဲ့လည်းရတယ်တဲ့။ ဒါပေမဲ့ ဘာလိုင်စင်မှ မပါတော့ မမောင်းလိုက်ရဘူး။ ကားသေးလေးတွေဆိုရင် တစ်စီးကို တစ်ရက်ကို ၅၀ယူရို လောက်က စပြီး ဈေးအမျိုးမျိုးရှိပါတယ်။ ဓာတ်ဆီကတော့ ကိုယ်ထည့်ရပါတယ်။ ကားဌားမယ်ဆိုရင် ခပ်သေးသေးပဲဌားပါ။ ဘာလို့လည်းဆိုတော့ ကျွန်းလေးက သေးပြီး လမ်းလေးတွေကလည်း ခပ်ကျဉ်းကျဉ်းလေးတွေမို့လို့ပါ။ Honeymooner တွေအနေနဲ့ အမိုးပွင့်ကားလှလှလေးငှား။ အချစ်သီချင်းလေးတွေဖွင့်။ ကဗျာဆန်လှတဲ့ ရှုခင်းလေးတွေကြားက လမ်းကျဉ်းကျဉ်းလေးတွေမှာ နှစ်ယောက်ထဲ ကားလျှောက်မောင်းရတာ တကယ်ကို Romantic ဖြစ်နေမှာပါ။

ကားခဈေးကြီးရင် အမိုးပွင့် ATV ယာဉ်တွေ တစ်ယောက်ချင်းစီ ဌားစီးလည်းရပါတယ်။ တချို့ဆို လမ်းလျှောက်သွားကြတယ်။ ရွာလေးတွေက သာယာလို့ ဘေးပတ်ဝန်းကျင်အိမ်လေးတွေလှလို့ လမ်းလျှောက်လေ့ရှိကြတယ်။ ကျွန်းပေါ်ပြေးဆွဲနေတဲ့ ဘတ်စ်ကားနဲ့ Taxi တွေလည်း ရှိပါတယ်။

IMG-6486

#ဘာတွေလုပ်ခဲ့လဲ

ဆန်တိုရီနီရောက်ရောက်ချင်းမနက်မှာ ဟိုတယ်အထုပ်ချပြီး လည်တော့တာပါပဲ။ မလည်လို့လည်း မရဘူး။ တစ်ရက်ပဲရှိတာဆိုတော့လေ။

Vocalno Tour

ဆန်တိုရီနီရဲ့ မီးတောင်ကြီးက ထူးခြားသလို မီးတောင်ရှင်ကြီးလည်း ဖြစ်နေတော့ မီးတောင် ခရီးစဉ်တိုးတွေ နေရာတကာမှာ အလွယ်တကူဝယ်လို့ရတယ်။ နုမြတ်တို့ရောက်တဲ့အချိန်နဲ့ မီးတောင်တိုးထွက်တဲ့ အချိန် အဆင်ပြေတော့ ဝယ်လိုက်ကြတယ်။ မီးတောင်၊ ပင်လယ်ရေပူစမ်း၊ Thirassia ရွာနဲ့ Oia ရွာမှာ နေဝင်ချိန်ကြည့်တာအပါ စုစုပေါင်း ၄၀ယူရိုကျပါတယ်။ မီးတောင်နဲ့ ရေပူစမ်းပဲ သွားမယ်ဆိုရင်တော့ ၂၀ယူရို ဖြစ်ပြီး Thirassia ကျွန်းပါ သွားမယ်ဆိုရင် ၂၆ယူရိုပါ။

Snapseed-76

မီးတောင်တက်မယ်

Fira မြို့မှာ မီးတောင်ဆီသွားတဲ့ အပျော်စီးသင်္ဘောဆိပ်ရှိပါတယ်။ မြို့ပေါ်ကနေ ဆိပ်ကမ်းဆီဆင်းရာမှာ လှေကားထစ်ပေါင်း ၆၀၀ကျော်ရှိပြီး လမ်းလျှောက်မဆင်းချင်ပါက ဆန်တိုရီနီရဲ့ နာမည်ကျော် မြင်းပုလေးတွေ စီးသွားရင်သွား၊ မစီးရင် Cable Car နဲ့ဆင်းလို့ရပါတယ်။ Cable Car မှာလူတွေများပြီး တန်းစီနေရတာရယ်၊ မြင်းပုလေးတွေကို သနားတာရယ်။ လှမ်းကြည့်လိုက်တဲ့အခါ သိပ်မဝေးဘူးထင်တာရယ်၊ လမ်းမှာ ဓာတ်ပုံရိုက်ချင်တာရယ်ကြောင့် လမ်းလျှောက်ပဲ ဆင်းခဲ့ကြပါတယ်။ အဲ့ဒါ သိပ်မှားတဲ့ ဆုံးဖြတ်ချက်လို့ပြောရမယ်။ သိပ်မဝေးဘူးထင်ရပေမဲ့ တကယ်တမ်း လှေကားထစ်ပေါင်း ၆၀၀ကျော်ကို မနည်းဆင်းခဲ့ရတာ။ သင်္ဘောထွက်မယ့်အချိန်ကလည်း ကပ်နေတော့ မပြေးရုံတမယ်ပါပဲ။ လမ်းလျှောက်ဆင်းရတဲ့ လှေကားထစ်နဲ့ မြင်းပုဆင်းတဲ့ လှေကားအတူတူပဲဆိုတော့ လမ်းမှာ မြင်းပု ချေးစော်ကလည်း နံပါသေးတယ်။ မစင်တုံးတွေ တက်မနင်းမိအောင်လည်း ရှောင်ရပါသေးတယ်။ အစမကောင်းဘူးလို့ပြောရမှာပါ။ အဲ့တစ်နေ့လုံး တခြားနေရာတွေမှာလည်း ခြေတိုအောင် တက်ရဆင်းရသေးတယ်လေ။

သင်္ဘောက သစ်သားရွက်သင်္ဘောပါ။ ၂ထပ်သင်္ဘောဖြစ်ပြီး Mini Bar နဲ့အိမ်သာလည်းပါပါတယ်။ သင်္ဘောကို ၁၀မိနစ်လောက်စီးပြီးတဲ့အခါမှာတော့ မီးတောင်အောက်က သင်္ဘောဆိပ်ကို ရောက်ပါတယ်။ မီးတောင်တက်ဖို့ တစ်ယောက်ကို ၂ယူရိုထက်ပေးရပါတယ်။ မီးတောင်ကြီးက ချော်ခဲကြီးတွေနဲ့ ပြည့်နေပြီး ရေပြာပြာအောက်ခံမှာ မီးတောင် မဲမဲ နီနီကြီးကို အနီးကပ်မြင်တွေ့ရတာ အမြင်အရမ်းဆန်းတာပဲ။ မီးတောင်ပေါ်တက်တဲ့လမ်းကလည်း ချော်ခဲတွေကြီးပဲဆိုတော့ မနည်းတက်ရတယ်။ ထိပ်ရောက်တော့မလား ရောက်တော့မလားနဲ့ အသေတက်ရတာပါဆို။ တက်ရင်း ဓာတ်ပုံတွေလည်း ရိုက်ရင်းဆိုတော့ သင်္ဘောတစ်စီးလုံးမှာ ကိုယ်တွေ ညီအစ်မတွေပဲ နောက်ဆုံးပေါ့။ အမတို့ဆို မောလွန်းလို့ မီးတောင်ထိပ်ထိမတက်နိုင်ကြတော့ဘူး။ မီးတောင်ကြီးက အရှင်ဆိုတော့ ပူလည်းပူတာကိုး။ နုမြတ်ကတော့ ကြိုးစားပြီး ထိပ်ထိတက်ကြည့်လိုက်ပါတယ်။ ထိပ်နားမှာ မီးတောင်ချိုင့်ကြီးတစ်ခုရှိပြီး အဲ့ထဲကနေ မီးခိုးငွေ့တွေ ထွက်နေတာကိုလည်း တွေ့ခဲ့ရတယ်။ ခုနေများမီးတောင်ကြီး ထပေါက်လိုက်လို့ကတော့ သေပြီဆရာဆိုပြီး တွေးရင်း ပြုံးစိစိနဲ့ပေါ့။ မီးတောင်ပေါ်ကနေ မြင်တွေ့ရတဲ့ ရှုခင်းတွေကတော့ အရမ်းလှပါတယ်။ ဆန်တိုရီနီ ကျွန်းမကြီးကို ဒီဘက်က လှမ်းမြင်ရတဲ့ ရှုခင်းကလည်း ရှယ်ပါပဲ။ မီးတောင်မှာ သင်္ဘောက ၁နာရီနဲ့ ၁၅မိနစ်ရပ်ပေးပါတယ်။ မီးတောင်တက်မယ် စိတ်ကူးရင် သွားရလာရ လွယ်ကူတဲ့ ဘောင်းဘီနဲ့ Walking Shoes ပဲ ဝတ်ပါ။ ကျန်တာ အဆင်မပြေပါ။ လူကြီးတွေပါရင် မတက်တာ အကောင်းဆုံးပါ။

Snapseed-78

🏝ရေပူစမ်းစိမ်မယ်

မီးတောင်ကနေထွက်လာကြပြီး မီးတောင်အောက်ခြေ ရေပြင်တစ်နေရာမှာ ရေပူစမ်းလို ကွက်ပြီးပူနွေးနေတဲ့ နေရာရှိပါတယ်။ အဲ့မှာ ရေပူစိမ်လို့ရအောင် နာရီဝက်လောက်ရပ်ပေးပါတယ်။ အဲ့နေရာရောက်အောင် သင်္ဘောကနေ ရေကူးပြီး သွားရတယ်။ သင်္ဘောပေါ်ကနေ တစ်ယောက်ပြီး တစ်ယောက် တစ်ဗွမ်းဗွမ်းနဲ့ ရေထဲ ခုန်ဆင်းကြတာ ပျော်ဖို့ကောင်းမှကောင်း။ နုမြတ်တို့ကတော့ ပွဲကြည့်ပရိသတ်ပေါ့။ ရေကူးဝတ်စုံလည်း ပါမလာ။ ပင်လယ်ထဲ ရေကူးရမှာလည်း မရဲတော့ သင်္ဘောပေါ်ကနေပဲ ဆင်းသွားသူတွေကို အားပေးခဲ့ပါတယ်။

IMG_7274

🏘Thirasia ရွာ သွားလည်မယ်

ရေပူစမ်းပြီးတော့ နောက်တစ်ကျွန်းကို ဆက်ကူးခဲ့ကြတယ်။ အဲ့ကျွန်းက ရွာလေးက အေးအေးချမ်းချမ်းရှိပြီး တောင်ပေါ်ရွာလေးရဲ့ အိမ်လေးတွေက တကယ့်ရှေးဟောင်းဂရိအိမ်လေးတွေတဲ့။ တက်ရဆင်းရတာ များလို့ တောင်ပေါ်တက်မကြည့်တော့ဘဲ ကမ်းခြေက စားသောက်ဆိုင်မှာပဲ အေးအေးလူလူ Lunch စားလိုက်ကြတယ်။ အဲ့နားက အိမ်လေးတွေလှလို့ သေချာကြည့်လိုက်တော့ လှေတွေထည့်ထားရာ လှေဂိုဒေါင်တွေ ဖြစ်နေတယ်။ လှေဂိုဒေါင်ကိုတောင် လှတပတလေးတွေ လုပ်ထားတတ်ကြတယ်။ တကယ်ပါပဲ။

🌄Oia မှာ Sunset ကြည့်မယ်

ကျွန်းလေးမှာ အေးအေးဆေးဆေးအနားယူပြီးနောက် တစ်ဖက်ကမ်းမှာ ရှိတဲ့ Oia ရွာကို လိုက်ပို့ပေးတယ်။ ရွာသာပြောတယ်။ Santorini ကျွန်းမှာ အစည်ကားဆုံးနေရာပါပဲ။ ကျွန်းပေါ် ပုံတွေမှာမြင်နေကြရှုခင်းတွေက Oiaမှာရိုက်ထားတာတွေပါ။ သင်္ဘောဆိပ်ကနေ အပေါ်ရောက်ဖို့တော့ မနည်းတက်ခဲ့ရတယ်။ ဒီမှာကျလမ်းလျှောက်တက်မှပဲရမှာ။ တခြားနည်းလမ်းမရှိဘူး။ ဒါကြောင့် လူကြီးတွေပါရင် မီးတောင်Tour မသွားသင့်ဘူးလို့ အကြံပေးချင်တယ်။ နုမြတ်တို့ကတော့ နည်းနည်းတက်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ဆိုတော့ အချိန်တော်တော်ကုန်သွားတယ်။

အပေါ်မှာတော့ လူတွေ အရမ်းစည်ကားပြီး ဟိုတယ်လေးတွေ ဆိုင်လေးတွေ အစီအရီနဲ့ အရမ်းလှတာပဲ။ ခရီးသည်အလာဆုံးနေရာဖြစ်လို့ တစ်ရွာလုံးနီးပါးက ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ဈေးဆိုင်ခန်းတွေနဲ့ ပြည့်နေတာပါ။ အမိုးပြာပြာအခုံးလေးတွေနဲ့ Churchကျောင်းတွေကိုလည်း Oia မှာတွေ့မြင်ရမှာပါ။ အပြာရောင်အမိုးခုံး သုံးခုနဲ့ Church ကျောင်းကတော့ ဆန်တိုရီနီရဲ့ အဓိက အမှတ်အသားမို့လို့ အဲ့မှာ ဓာတ်ပုံရိုက်ဖို့ မမေ့ပါနဲ့။ ရွာကနေလှမ်းမြင်ရတဲ့ ရေပြာပြာထဲက မီးတောင်ရှုခင်းတွေ၊ နေဝင်ချိန်ရှုခင်းတွေ သိပ်လှပါတယ်။ နေဝင်ချိန်ကြည့်ဖို့ဆိုရင် Oia ရဲတိုက်ဟောင်းကြီးပေါ်တက်ပြီး ကြည့်ပါ။ သိပ်လှပါတယ်။ ပင်လယ်ထဲထိုးထွက်နေလို့ အိမ်တွေဘက်အခြမ်းကို နေဝင်ဆည်းဆာနေရောင်လေးခနေတာ သိပ်ကြည့်ကောင်းပါတယ်။ နေဝင်ပျိုးစအချိန်မှာ မီးစထွန်းလာကြတဲ့အခါမှာလည်း သိပ်လှတာပါပဲ။ နေဘယ်အချိန်ဝင်မလဲဆိုတာကို အင်တာနက်ထဲရှာကြည့်ပါ။ မဟုတ်ရင် အကြာကြီး ငုတ်တုတ်ထိုင်စောင့်နေရမှာပါ။ နုမြတ်တို့တုန်းက ဆို ည၈နာရီလောက်မှ နေဝင်ပါတယ်။

Snapseed-47

🏖ကမ်းခြေသွားမယ်

ကျွန်းဆိုတော့ ကမ်းခြေလည်း ရှိတာပေါ့။ မီးတောင်ပေါက်ကွဲထားလို့ တခြားကျွန်းတွေနဲ့မတူတမူထူးပြီး ချော်ရည်တွေကြောင့် ကမ်းခြေတွေမှာ သဲမည်းကမ်းခြေ၊ သဲနီကမ်းခြေ၊ သဲဖြူကမ်းခြေဆိုပြီး အမျိုးမျိုးရှိနေတာပါ။ Red Sand Beach သဲနီကမ်းခြေက ကျောက်တောင်နီနီ၊ သဲနီနီ၊ ရေစိမ်းစိမ်းလေးနဲ့ အမြင်ဆန်းပါတယ်။ Black Sand Beach လို့ခေါ်တဲ့ Kamari Beach (Perissa Beach) သဲမည်းကမ်းခြေကို နောက်တစ်နေ့မနက်မှာ သွားဖြစ်ခဲ့တယ်။ သဲထက်စာရင် ချော်ခဲတွေ ပြည့်နေတဲ့ ကမ်းခြေလို့ပဲ ပြောရမှာပါ။ သဲသောင်ပြင်ပေါ်မှာ ပက်လက်ကုလားထိုင်တွေနဲ့ထိုင်ကြည့်ရတဲ့ လဟာပြင်ရုပ်ရှင်ရုံလည်းရှိတယ်လို့ သိရတယ်။

🚤Cruise စီးမယ်

ပင်လယ်ထဲမှာ ရွက်လှေစီးတာတို့၊ Cruise စီးတာတို့လုပ်ပြီး အေးအေးဆေးဆေး အနားယူနိုင်ပါသေးတယ်။ကိုယ်ချစ်တဲ့သူနဲ့အတူတူ ရွက်လှေပေါ်မှာ နေဝင်ချိန်ကြည့်ရင်း ဝိုင်လေးသောက်ရင်း ဘယ်လောက်တောင် ကဗျာဆန်လိုက်မလဲနော်။

🍷Wine Tour

ဆန်တိုရီနီဟာ ဥရောပရှိ၂ခုတည်းသော ပူအိုက်တဲ့ကန္တာရလိုရာသီဥတုရှိရာဒေသထဲက တစ်ခုဖြစ်ပါတယ်။ ရာသီဥတုခြောက်သွေ့နွေးထွေးလို့ ဝိုင်ချက်လုပ်ရာမှာအောင်မြင်ပြီး ဆန်တိုရီနီဝိုင်က ကမ္ဘာကျော်ပါတယ်။ ရေထက်ဝိုင်ပိုပေါတဲ့ ဆန်တိုရီနီမှာ ဝိုင်လိုက်မြည်းစမ်းနိုင်တဲ့ Tour လည်းရှိပါတယ်။

🏛History Tour

ပလေတိုရဲ့ဒဏ္ဏာရီတစ်ခုဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း၉၅၀၀ကျော်က ရေအောက်ကမ္ဘာထဲ ပျောက်ဆုံးသွားတဲ့ အတ္တလန္တိတ်မြို့တော်ကြီးဟာ ဆန်တိုရီနီကျွန်းမှာရှိခဲ့တယ်လို ယူဆနေကြပါတယ်။ မီးတောင်ကြောင့် မြုပ်သွားတဲ့ထဲမှာ အတ္တလန္တိတ်မြို့တော်ကြီးလည်းပါပြီး လက်ရှိ ဆန်တိုရီနီကျွန်းကြီးပေါ်မှာ ကျန်ရှိနေတဲ့ Akrotoni မြို့ပျက်ကြီးက အဲ့ဒီမြို့ကြီးနဲ့ဆက်စပ်နေပါတယ်လို့ ယူဆနေကြပါတယ်။ အဲ့မြိုကပျက်ကြီးဆီလည်း သွားလေ့လာလို့ရပါတယ်။

ရွာသွားလည်မယ်

ကျွန်းသူကျွန်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှုလေ့လာချင်ရင်တော့ Pyrgos ရွာလေးကိုသွားရပါမယ်။ ရွာလေးက အေးအေးဆေးဆေးရှိပြီး လူရှင်းကာ သူတို့ရဲ့ လူနေမှုဘဝတစ်စိတ်တစ်ပိုင်းကို တွေ့မြင်နိုင်မှာပါ။ ကျွန်းအလည်ပိုင်း တောင်ကုန်းလေးပေါ်မှာရှိတဲ့ ဂရိရှေးဟောင်းရွာလေးပါ။

ဒီလောက်ဆိုရင်တော့ ဆန်တိုရီနီအကြောင်း တစေ့တစောင်း သိလောက်ပြီထင်ပါတယ်။ Santorini သွားမယ်ဆိုရင် May လကနေ September လအထိက နွေရာသီဖြစ်ပြီး နေသာတဲ့ရာသီဥတုရှိလို့ သွားလို့အကောင်းဆုံးကာလတွေပါ။ အဲ့ရာသီမှာ ဧည့်လာများပါတယ်။ ဂရိမှာ ဆန်တိုရီနီကျွန်းအပြင် Descendents of the sun ရုပ်ရှင်ကားရိုက်တဲ့ သင်္ဘောပျက်ကြီးရှိတဲ့ Zakynthosကျွန်း၊ အရမ်းလှပြီး Party Island လို့ခေါ်တဲ့ Mykonos ကျွန်းတို့ကိုလည်း သွားလည်နိုင်ပါတယ်။ နောက်ပြီး မြို့တော် အေသင်ကလည်း မရောက်မဖြစ်ပေါ့။ ရှေးဟောင်းဂရိသမိုင်းတွေ၊ ဂရိနတ်ဘုရားတွေနဲ့ ဆက်စပ်နေတဲ့ နေရာဖြစ်လို့ စိတ်ဝင်စားစရာပါ။ ဆန်တိုရီနီသွားရင်းနဲ့ တလက်စတည်း ဂရိနိုင်ငံက တခြားမြို့တွေပါ သွားလည်မယ်ဆိုရင် တစ်ပတ် ၁၀ရက်လောက်အချိန်ပေးမှ အဆင်ပြေမှာပါ။ ဂရိခရီးစဉ်ဟာ ကြင်စဦးဇနီးမောင်နှံတွေအတွက် တကယ်ကို ခံစားမှုရသအမျိုးမျိုးပေးစွမ်းနိုင်မှာ သေချာပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

နတ်သမီးပုံပြင်ထဲက ရဲတိုက်ကြီးသို့ (Sleeping Beauty Castle, Neuschwanstein)

နတ်သမီးပုံပြင်ထဲက ရဲတိုက်ကြီးသို့

Neuschwanstein-Castle-101-01

စိတ်ကူးယဉ် နတ်သမီးပုံပြင်တွေ၊ ဒစ္စနေး ကာတွန်းကားတွေထဲက ရဲတိုက်ကြီးတွေဟာ အပြင်မှာလည်းတကယ်ရှိတာ အံ့သြစရာပါ။ ရှေးခေတ်အဆက်ဆက်က  ဘုရင်ဧကရာဇ်တွေဟာ သူတို့စံမြန်းဖို့ နန်းတော်တွေ၊ ရန်သူတွေတိုက်ခိုက်မှုကိုကာကွယ်နိုင်ဖို့ ရဲတိုက်တွေ ဆောက်ထားခဲ့ကြပါတယ်။ ကမ္ဘာ့အနှံ့မှာ ရှိတဲ့ ရဲတိုက်ကြီးတွေ အနက် အလှဆုံးရဲတိုက်ကြီးကတော့ ဂျာမနီနိုင်ငံရှိ နယူချန်စတိန်း ရဲတိုက်(Neuschwanstein Castle) ပဲ ဖြစ်ပါတယ်။ ဘယ်လောက်တောင်လှလဲဆိုရင် Disney ကထုတ်တဲ့ Sleeping Beauty ကာတွန်းကားထဲက ရဲတိုက်ကြီးကို ဒီရဲတိုက်ကြီး အခြေခံပြီးဆွဲခဲ့ရတဲ့ အထိပါ။ ဒါကြောင့်လည်း ဒီရဲတိုက်ကြီးကို နတ်သမီးပုံပြင်ရဲတိုက်၊ Sleeping Beauty ရဲတိုက်လို့ အမည်ပေးထားကြပါတယ်။ ရဲတိုက်ကြီးရဲ့ တည်နေရာကလည်း ရဲတိုက်ကြီးကို အိပ်မက်ဆန်ဆန်လှစေနေတာပါ။ မြို့တော် မြူးနစ်ကနေ ၂နာရီကြာကားမောင်းသွားနိုင်တဲ့  ဖူဆန်မြို့နားမှာရှိပြီး ရဲတိုက်ကြီးပေါ်ကနေ လှမ်းမြင်ရတဲ့ ရေကန်နှစ်ကန်နဲ့ ဘာဗေးရီးယန်းတောင်တန်း နောက်ခံရှုခင်းက ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။

255966-01

ရဲတိုက်ကြီးဟာ အပြင်ပန်းလှပခမ်းနားရုံမျှမက အတွင်းပိုင်းအခန်းတွေကိုလည်း အနုစိတ် လက်ရာမြောက်စွာ ဖန်တီးထားလေရဲ့။ လက်ရာမြောက် နံရံဆေးရေးပန်းချီကားတွေ၊ တဖိတ်ဖိတ်တောက်နေတဲ့ ပရိဘောဂတွေနဲ့ မြင်မြင်သမျှ အံ့အားသင့်စရာပါ။ ဘုရင်ကြီး အိပ်ခန်းတစ်ခုတည်းက ပရိဘောဂတွေ နံရံပန်းပုတွေ အလှဆင်ဖို့အတွက် လက်သမား၁၄ယောက်က ၄နှစ်ကြာ အချိန်ယူပြီး ထုဆစ်ပုံဖော်ပေးခဲ့ရပါတယ်တဲ့။ ရဲတိုက်ကြီးက အပြင်ပန်းမှာ အလယ်ခေတ်ဒီဇိုင်းဖြစ်ပေမဲ့ တကယ်တမ်းက ၁၉ရာစုကျမှဆောက်လုပ်ခဲ့တာပါ။ အပြင်ပန်းက ရှေးဟောင်းဆန်ပေမဲ့ အတွင်းဘက်က အဲ့ခေတ်က ခေတ်ပေါ်နည်းပညာတွေ သုံးခဲ့ပါတယ်တဲ့။ အိမ်သာတွေ အလိုအလျောက်ရေဆွဲချတာတို့၊ အခန်းတွင်းအပူပေးစနစ်တို့၊ ရေပူရေအေးစနစ်တို့၊ လျှပ်စစ်ခေါင်းလောင်းတို၊ တယ်လီဖုန်းတို့ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။  ပလ္လင်ထားရာအခန်းကို နှစ်ထပ်ခေါင်မြင့်ဆောက်ထားပြီး အနုပညာလက်ရာမြောက်ပေမဲ့ ဒီရဲတိုက်ကြီးမပြီးမီ  ဘုရင်ကြီးနတ်ရွာစံသွားတာကြောင့် ပလ္လင်မရှိဘဲ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

ရဲတိုက်ကြီးက စိတ်ဝင်စားစရာကောင်းရုံမက ရဲတိုက်ကိုတည်ဆောက်ခဲ့တဲ့ ဘုရင်ကြီးဟာလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီရဲတိုက်ကြီးဟာ ဂျာမနီအင်ပါယာလက်အောက်မကျရောက်မီ ဘာဗေးရီးယန်းဘုရင့်နိုင်ငံအဖြစ် တည်ရှိနေခဲ့စဉ်က အုပ်ချုပ်ခဲ့တဲ့ ဘာဗေးရီးယန်းဘုရင်ကြီး လူးဝစ် II ရဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်ခဲ့တာပါ။ အနုပညာကို ချစ်မြတ်နိုးပြီး စိတ်ကူးယဉ်ဆန်တဲ့ ဘုရင်ကြီးဟာ ငယ်စဉ်ကလေးဘဝက ဒီရဲတိုက်ကြီးရှိရာတောင်ခြေရှိ ဖခင်စံမြန်းခဲ့တဲ့ Hohenschwangau ရဲတိုက်ကြီးမှာ ကြီးပြင်းခဲ့ရပြီး ပြတင်းပေါက်ကနေလှမ်းမြင်ရတဲ့ တောင်ထိပ်ပေါ်မှာ နန်းတော်ကြီးတည်ဆောက်ဖို့ စိတ်ကူးခဲ့တာပါ။ အသက်၁၉နှစ်အရွယ်မှာ ဘုရင်ဖြစ်ပြီးနောက် ၅နှစ်အကြာ ၁၈၇၉ခုနှစ်မှာ စိတ်ကူးကိုအကောင်အထည်ဖော်ပြီး ဒီရဲတိုက်ကြီးကိုစတင်ဆောက်လုပ်ခဲ့ပါတယ်။ ဆောက်လုပ်ခဲ့တုန်းက ၃နှစ်နဲ့အပြီးမှန်းထားပေမဲ့ အသေးစိတ်အနုစိတ်လွန်းတဲ့ ဘုရင်ကြီးကြောင့် ၁၇နှစ်ကြာသွားကာ ၁၈၈၆ခုနှစ်မှာ ဘုရင်ကြီး ရုတ်တရက် နတ်ရွာစံသွားတဲ့အထိ ရဲတိုက်ကြီးကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဘဝတလျှောက်လုံး ဒီရဲတိုက်ကြီးကို အားစိုက်ပြီး ဆောက်လုပ်ခဲ့ပေမဲ့ ဘုရင်ကြီးဟာ ရဲတိုက်မှာ ၁၁ရက်သာ စံမြန်းခဲ့ရတာတော့ စိတ်မကောင်းစရာပါ။

SAMSUNG DIGITAL CAMERA

SAMSUNG DIGITAL CAMERA

လူးဝစ်ဘုရင်ကြီးဟာ ကမ္ဘာကျော်ဂျာမာန်အော်ပရာပြဇာတ်ဒါရိုက်တာ ရစ်ချတ်ဝက်ဂ်နာရဲ့ အမာခံပရိသတ်ဖြစ်ပြီး အလွန်အထင်ကြီးလေးစားခဲ့ပါသတဲ့။ ဒါကြောင့်လည်း ဒီရဲတိုက်ကြီးကို သူ့ကိုရည်စူးပြီးဆောက်လုပ်ခဲ့တာပါ။ Neuschwanstein ဆိုတဲ့အမည်ဟာ အင်္ဂလိပ်လို New Swan Stone (ငန်းကျောက်တုံးအသစ်)လို့ အဓိပ္ပါယ်ရပြီး ဝက်ဂ်နာရဲ့ ဇာတ်ကောင်တွေထဲက တစ်ခုဖြစ်တဲ့ ငန်းသူရဲကောင်းကို ရည်စူးပြီး အမည်ပေးထားတာပါ။ ရဲတိုက်ထဲက အခန်းတွေ၊ ပန်းချီကားတွေဟာ ဝက်ဂ်နာရဲ့ အော်ပရာပြဇာတ် ဇာတ်ဝင်ခန်းတွေလွှမ်းခြုံနေတာကိုတွေ့မြင်နိုင်ပါတယ်။

neuschwanstein-castle-desktop-background-496025-01

အဲဒီခေတ်က လူးဝစ်ဘုရင်ကြီးဟာ ဒီရဲတိုက်အပါအဝင် အခြားနန်းတော်တွေကိုဆောက်လုပ်မွမ်းမံခြင်း၊ အခြားသောရဲတိုက်တွေကိုဆောက်လုပ်ဖို့ အစီအစဉ်တွေ ဆွဲနေခြင်းကြောင့် တိုင်းပြည်ဘဏ္ဏာထိခိုက်တယ်ဆိုကာ ဘုရင်ကြီးကို စိတ်မနှံ့သူဟုတောင် စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ဒီရဲတိုက်ကြီးဟာ ခရီးသွားတွေဆီကနေ နေ့စဉ်ဝင်ငွေများစွာ ပြန်ယူပေးနေတာတော့ အသေအချာပါပဲ။ ဘုရင်ကြီး နတ်ရွာစံပြီး ၇ပတ်အကြာမှာ ရဲတိုက်ကြီးကို အများပြည်သူကြည့်ရှုဖို့ ဖွင့်ပေးခဲ့ပါတယ်။ ရှက်တတ်ပြီးလူတွေနဲ့ ဝေးရာမှာ အေးအေးဆေးဆေးနေလိုတဲ့ ဘုရင်ကြီးဟာ သွားလာရခက်ခဲတဲ့ တောင်ထိပ်ပေါ်မှာ ရဲတိုက်ကြီးကို တည်ဆောက်ခဲ့ပေမဲ့ ခုချိန်မှာတော့ ရဲတိုက်ကြီး က လှပခမ်းနားလွန်းတာကြောင့် ခရီးသွားဧည့်သည်များစွာ လာရောက်လေ့လာနေပါတယ်။ တစ်နှစ်ကို ဧည့်သည်ပေါင်း ၁.၄သန်းနီးပါးလာလေ့လာကြတယ်လို့ သိရပါတယ်။ ရာသီဥတုသာယာတဲ့  နွေရာသီလိုကာလမျိုးမှာဆို တစ်နေ့ကို လူပေါင်း ၆၀၀၀လောက်နန်းတော်ကြီးထဲ လေ့လာကြည့်ရှုလေ့ရှိကြတယ်တဲ့လေ။ ကျွန်မတို့ကတော့ ၂၀၁၀ခုနှစ် နွေဦးရာသီတုန်းက ဥရောပ၆နိုင်ငံ အလည်သွားရင်း ဒီပုံပြင်ထဲကရဲတိုက်ကြီးဆီရောက်ခဲ့ကြတာပါ။  ဒီရဲတိုက်ကြီးအပြင် လူးဝစ်II ဘုရင်ကြီး ငယ်ငယ်ကကြီးပြင်းရာ တောင်ခြေရှိ Hohenschwangau ရဲတိုက်၊ ၄၅မိနစ်အကြာ မောင်းရတဲ့နေရာမှာရှိတဲ့ ရဲတိုက်ဆောက်နေစဉ်ကာလတွေမှာ ဘုရင်ကြီးစံမြန်းခဲ့တဲ့ Linderhof နန်းတော် စတဲ့ လှပခမ်းနားတဲ့နေရာတွေပါရောက်ဖြစ်ခဲ့ပါတယ်။ ဒီရဲတိုက်နဲ့ နန်းတော်တွေအပြင် ဘုရင်ကြီးရဲ့နန်းတော်တွေအနက် အကြီးဆုံးဖြစ်ခဲ့တဲ့ မြူးနစ်မြို့နားက Herrenchiemsee နန်းတော်ဝင်းကိုလည်း သွားလေ့လာသင့်ပါတယ်။

SAMSUNG DIGITAL CAMERA

ကဗျာဆန်တဲ့လူးဝစ်ဘုရင်ကြီးရဲ့ ဒီနတ်သမီးပုံပြင်ရဲတိုက်ကြီးဟာ ဂျာမနီနိုင်ငံမှာ အလှပဆုံးနေရာဖြစ်ပြီး နှစ်ပေါင်းရာကျော်တိုင် ဒဏ္ဏာရီဆန်စွာလှပခမ်းနားနေပါတယ်။ ရဲတိုက်ပိုင်ရှင် ဘုရင်ကြီး ရေကန်ထဲမှာ သေဆုံးနေပြီး သေဆုံးရခြင်းအကြောင်းရင်း ရှာမတွေ့ဘဲ ဖြစ်နေတာကလည်း ပဟေဠိဆန်လှပါတယ်။ ဒီလောက် အပင်ပန်းခံဆောက်လုပ်ထားပြီး ဘယ်သူမှ မနေခဲ့ရတာလည်း ထူးဆန်းတဲ့ အချက်တစ်ချက်ပါ။ ဘယ်သူမှ အသုံးမပြုခဲ့ရဘဲ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ သက်သက် ဆောက်ထားသလားအောက်မေ့ရလောက်တဲ့ စိတ်ကူးယဉ်ရဲတိုက်ကြီးလို့ပဲဆိုရမှာပါ။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Collection of my Travel Talks on MRTV4

15196047_1782967515275943_5143237448726401552_o

MRTV 4 ရဲ့ မင်္ဂလာပါ အစီအစဉ်မှာ သွားခဲ့တဲ့ ခရီးတွေ အကြောင်း LIVE ပြောခဲ့တာတွေ စုစည်းထားတာပါ။ Pyone Play  Website နဲ့ App မှာ တချို့ အစီအစဉ်တွေ ပြန်ပြလို့ ပြန်ရှာပြီး စုစည်းထားတာပါ။ နောက်ပိုင်းလည်း ဆက်ပြီး ပြောဦးမှာ ဖြစ်ပါတယ်။ Replay link တွေကို လည်း ထပ်ထည့်ပေးပါမယ်

America
Hollywood သို့ အလည်တစ်ခေါက်

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/t5N2lvOTE67D8mQUuC3IwSdoS68P3q_p/13/2/17—Mingalarbar–Travel

Africa
Egypt Pyramids Part 1
အီဂျစ်ပိရမစ်ကြီးတွေနဲ့ မမ်မီအလောင်းတွေအကြောင်း

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/MycnV2ODE6i1P7q2230oEaY476XXJziH/13/1/17-Mingalarbar-Travel–Egypt/?fbrefresh=20170114084108

Egypt Part 2 (အီဂျစ်နိုင်ငံက အခြားနေရာများ)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/lwZGx4ODE6F6uimBUIrRn8acXicsIxwT/16/1/17–Mingalarbar–Egypt-(part-2)

Europe
Greece- Santorini (ဂရိနိုင်ငံ ဆန်တိုရီနီကျွန်း)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/YxcTgzYjE69YWzybY2Imdwkz-s8Ps4eK/5/5/2017-Mingalar-Travel-

Italy Venice (အီတလီရေပေါ်မြို့လေး ဗင်းနစ်)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/t3d25iYjE6DHWfE1qouIEDgsU640xQON/24/5/2017-Mingalarbar-Travel-Venice

Germany Neuchwanstein Castle (ဂျာမနီမှ နတ်သမီးပုံပြင်ရဲတိုက်ကြီး)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/EzanN5YjE6KS6IeLpag39u_gAPvAhz_S/19/7/2017-Mingalarbar-Travel-Neuschwanstein-Castle

Netherlands Tulips and Windmills
(နယ်သာလန်နိုင်ငံက ကျူးလစ်ပန်းခင်းတွေနဲ့လေရဟတ်ကြီးတွေ အကြောင်း)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/5qYTA5NjE6W8mDRUuvFaiK-GbWWMyyh1/28/9/16-Mingalarbar–Dr.-Nu-Myat-Theingi-Oo–Travel-

Monaco (ကမ္ဘာ့ဒုတိယအသေးဆုံး မိုနာကိုနိုင်ငံ)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/5waWxvYjE64tVrPxgKHKkmuHU7T3Rfgu/23/6/2017-Mingalar-Travel-Monaco

Switzerland Jail Hotel (ဆွစ်ဇာလန်နိုင်ငံမှ ထောင်တွင်းအတွေ့အကြုံ )

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/ptMXViYTE6rtBfebSLdwBdnrxiSJPbTo/27/1/2017-Mingalar—Travel

Asia
Nepal (နီပေါနိုင်ငံမှ အထင်ကရနေရာများ)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/hraW5vYTE6Zta-n9sRvkoNb0_str4SEx/7/4/2017-Mingalar-Travel-Nepal

Taiwan (ထိုင်ဝမ် ကျွန်းနိုင်ငံ)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/Nqa2ZjYTE6Yht-bg-AhN_MqlsBh3wMAv/3/10/2016-Mingalar—Travel

Chiang Mai and Doi Inthanon
ထိုင်းနိုင်ငံက ချင်းမိုင်မြို့နဲ့ အမြင့်ဆုံးတောင် Doi Inthanon အကြောင်း

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/NwOTlqODE6aZSq8OBeiyeycBIvDc1zI1/23/12/16—Mingalarbar-(Dr.Nu-Myat-Theingi-Oo)/?fbrefresh=20170106170954

Events and Activites Trips
Indonesia AABC ( Air Asia Bloggers Community)
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာက Travel Bloggers ပြိုင်ပွဲနဲ့ အခြားလည်ပတ်စရာတွေ အကြောင်း

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/Y2eDdyNzE6xnC7eZOL913Rnv1mfjrQQR/21/11/16-Mingalarbar-Travel-Indonesia

Malaysia ACEQM 2016 (ASEAN Celebrity Explore Quest Malaysia 2016)
အာဆီယံအနုပညာရှင်တွေတွေ့ဆုံပွဲ အကြောင်း

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/tudnh2NjE6h9iXqNNF8W2Dlt3vj5ee5s/21/10/16-Mingalarbar-Dr-Nu-Myat-Theingi-Oo–Malaysia

Bangkok Gems and Jewellery Fair 2016 (ဘန်ကောက်ကျောက်မျက်ရတနာပြပွဲ)

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/hhbjI1YTE6INLa5PQIY4Qx-bewyr2SUd/27/2/2017-Mingalar-Travel

ပြည်တွင်း (Local Trips)
Myeik Archipaelego Southernmost Part of Myanmar
မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်းနဲ့ မြိတ်ကျွန်းစုအကြောင်း

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/F5ZHJoNzE6FSrGpLM3spA2FaHFq819Q4/9/11/16-Mingalarbar-Travelling-Myeik-Islands

Mandalay နားက ၇မိုင် ကမ်းခြေ

http://www.pyoneplay.com/show/Mingalarbar-/f3857553b77c44b59ce4e3eb7f9311e4/video/ptMXViYTE6rtBfebSLdwBdnrxiSJPbTo/27/1/2017-Mingalar—Travel

15123071_1782967581942603_7872622529297206600_o

ကျူးလစ်ပန်းရောင်စုံများပွင့်လန်းရာ နယ်သာလန်ရှိ ပန်းဥယျာဉ်ကြီး

ကျူးလစ်ပန်းရောင်စုံများပွင့်လန်းရာ

နယ်သာလန်ရှိ ပန်းဥယျာဉ်ကြီး

ဥရောပအနောက်မြောက်ရှိ နယ်သာလန်နိုင်ငံသည် လေရဟတ်များ၊ တူး မြောင်းများကြောင့် သာမက မျက်စိတစ်ဆုံးမြင်ရသော ကျူးလစ်ရောင်စုံပန်းခင်းများ ကြောင့်လည်း ကမ္ဘာကျော်ကြားနေရခြင်းဖြစ်ပါသည်။ ပန်းနိုင်ငံဟု တင်စားရလောက် အောင် ပန်းခင်းအများအပြားစိုက်ပျိုးထားပြီး ကမ္ဘာပေါ်ရှိ ပန်းဥပေါင်း၏ ၆၂ရာခိုင် နှုန်းက နယ်သာလန်မှာ ရှိသည်ဟုလည်း သိရသည်။ ထိုအပင်များအနက် ကျူးလစ် ပင်များမှာ အများဆုံးဖြစ်ကာ စီးပွားဖြစ်အထိ စိုက်ပျိုးကြပြီး နိုင်ငံတကာသို့ ပန်းဥတင်ပို့မှုနှုန်းမှာ တစ်နှစ်လျှင် ၉သန်းကျော်ရှိကြောင်း တစ်နိုင်ငံလုံး၏ ကျူးလစ်ပန်း ခင်းဧရိယာမှာ ဧက ၂၅၀၀၀နီးပါးရှိကြောင်း သိရ၏။

ထိုကဲ့သို့ နယ်သာလန်နိုင်ငံ၏ အဓိကဆွဲဆောင်မှုဖြစ်သော ကျူးလစ်ပန်း  ခင်းများရှိရာသို့ စာရေးသူသည် မိသားစုနှင့်အတူ ယခုနှစ်ဧပြီလက အလည်ရောက် ဖြစ်ခဲ့ပါ၏။ မြို့တော် အမ်စတာဒမ်မှ မြို့ပြင်သို့ ၄၅မိနစ်ကြာ သွားရောက်ရုံဖြင့်ရောက် နိုင်သည့် ကမ္ဘာကျော် Keukenhof (ခရူးကန်းဟော့ဖ်)ပန်းခြံ၌ ကျူးလစ်ပန်းမျိုး စိတ်ပေါင်းများစွာသာမက အခြားပန်းရောင်စုံများစွာကိုပါ ရင်သပ်ရှုမောဖွယ်ရာတွေ့ မြင်ခဲ့ရပါ၏။

ထိုပန်းခြံသည် Lisse မြို့ငယ်လေးတွင် တည်ရှိ၍ ကမ်္ဘာ့အကြီးဆုံးပန်းခြံများ အနက် တစ်ခုဟုဆိုနိုင်ပါသည်။ ၇၉ဧက ကျယ်ဝန်းသည့် ထိုပန်းခြံ၌ နှစ်စဉ် ပန်းဥ ပေါင်း ၇သန်းနီးပါး စိုက်ပျိုးထားပြီး ကျူးလစ်ပန်းအမျိုးပေါင်းမှာ ၈၀၀ကျော်ရှိပါသည်။ Keukenhof ပန်းခြံ၏ အမည်မှာ မီးဖိုချောင်ပန်းခြံဟု အဓိပ္ပါယ်ရပြီး Garden of Europe (ဥရောပ၏ ပန်းခြံ)ဟူ၍လည်း ခေါ်ဝေါ်လေ့ရှိပါသည်။ မီးဖိုချောင်ပန်းခြံဟု အမည်တွင်နေခြင်းမှာ ၁၅ရာစုဝန်းကျင်က ထိုပန်းခြံနေရာသည် မြို့စားကတော်ကရဲတိုက်ကြီး၏ မီးဖိုဆောင်အတွက် ဟင်းသီးဟင်းရွက်နှင့် ဟင်းခတ်အမွှေးအကြိုင်များက စိုက်ပျိုးဖြစ်ခဲ့ခြင်းကြောင့်ဖြစ်ပါ၏။ နောက်ပိုင်း၌ ကြွယ်ဝသောကုန်သည်များ ထိုမြေများ ဝယ်ယူပြီး ၁၉၄၉ခုနှစ်၌ Lisse မြို့တော်ဝန်မှ ပန်းခြံအဖြစ်စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ပန်းခြံဖွင့်ရခြင်း ရည်ရွယ်ချက်မှာ နယ်သာလန်နိုင်ငံနှင့် ဥရောပနိုင်ငံတဝန်းရှိ ပန်းစိုက်ပျိုးသူ များအနေဖြင့် မိမိတို့ဖန်တီးထားသော မျိုးစိတ်အသစ်များပြသနိုင်ရန်နှင့် နိုင်ငံ၏ အဓိက စီးပွားရေးဖြစ်သည့် ပန်းပင်ကုန်သွယ်တင်ပို့မှုကို အထောက်အပံ့ပေးနိုင်ရန် ဖြစ်ပေသည်။

ထိုပန်းခြံကြီးကို ပန်းများပွင့်သည့်ကာလဖြစ်သည့် မတ်လလယ်မှ မေလလယ် အထိ တစ်နှစ်လျှင် နှစ်လသာ ဖွင့်လှစ်ပြသလေ့ရှိပြီး ကျွန်မတို့ရောက်ခဲ့သည့် ဧပြီလလယ်သည် ပန်းများအစွမ်းကုန်ပွင့်ဖူးဝေဆာသည့် ကာလဖြစ်ကြောင်းသိရပါ၏။ ပန်းဥယျာဉ်ကြီးအတွင်း၌ အရောင်အသွေးစုံလှသော ပန်းပွင့်လေးများ သူ့ထက်ငါ အလုအယက် ဖူးပွင့်နေကြသလို မွှေးပျံ့သော ရနံ့များကြောင့်လည်း စိတ်ကြည်လင် လန်းဆန်းစေပါ၏။ လှပသော ပန်းခင်းများအပြင် ပန်းဝင်္ကပါ၊ ၁၇ရာစု၊ ၁၈ရာစုများက ရှေးဟောင်းကျူးလစ်မျိုးစိတ်များကို တွေ့မြင်နိုင်သည့် သမိုင်းဝင်ပန်းဥယျာဉ်၊ ကြွေထည်များနှင့် အလှဆင်ထားသည့် ပန်းဥယျာဉ်စသည့် ဒီဇိုင်းမျိုးစုံပုံဖော်ထားသည့် ပန်းဥယျာဉ်များကိုပါတွေ့မြင်နိုင်ပါသည်။ ထို့အပြင် သက်ဆိုင်ရာ အဆောက် အအုံများ၌ ကျူးလစ်ပန်းသမိုင်းကြောင်းနှင့် ဗဟုသုတရဖွယ်ရာများ၊ သစ်ခွပန်းပင် များ၊ ပန်းအလှဆင်ပုံအမျိုးမျိုးကိုပါ ပြသထားသည်ကိုလည်း တွေ့ရသည်။ ပန်းဥယျာဉ်၏ ယခုနှစ်Theme ဖြစ်သည့် “ရွှေခေတ်ကို ပန်းရောင်စုံများနှင့် ပုံဖော်ထားသည်ကိုလည်း တွေ့ခဲ့ရပါသည်။ ပန်းခြံတွင်း၌ ကလေးများအတွက် ကစားကွင်း၊ တိရစ်္ဆာန်ရုံအသေးစားနှင့် ပန်းဝင်္ကပါများလည်း ဖန်တီးထားပါသည်။ ပန်းဥယျာဉ် အပြင်ဘက်ရှိ မျက်စိတစ်ဆုံးမြင်ရသည့် ကျူးလစ်ပန်းခင်းကြီးတွေကြား ၄၅မိနစ်ကြာ လှေစီးနိုင်သလို ကိုယ်တိုင်စက်ဘီးစီးပြီးလည်း လေ့လာနိုင်ပါသည်။

ပန်းခြံသို့ အမ်စတာဒမ်မြို့မှ နေ့ဝက်ခရီးများ စီစဉ်ပေးပြီး မြို့မှ အသွား အပြန် ကားခနှင့် ဝင်ကြေးအပြီး ငါးနားရီခရီးကို တစ်ယောက်လျှင် ၄၉ယူရို ကျသင့်ပါသည်။ ပန်းခြံတွင်း၌ ကိုယ်ပိုင်အချိန် သုံးနာရီကျော် လေ့လာခွင့်ရသောကြောင့် နယ်သာလန်နိုင်ငံသို့ ရောက်ဖြစ်ခဲ့ပါက မဖြစ်မနေ သွားရောက်လေ့လာ သင့်ပါ ကြောင်း လက်ဆောင်စကားပါးလိုက်ရပါ၏။

ဒေါက်တာနုမြတ်သိင်္ဂီဦး

ကျွန်မနှင့် ဆွစ်ဇာလန် ထောင်တွင်းနှစ်ညတာ (My 2 days Jail Experience in Switzerland)

ကျွန်မနှင့် ဆွစ်ဇာလန်

ထောင်တွင်းနှစ်ညတာ

လူရှင်းတဲ့ လူဆင်းမြို့
လူဆင်းရေကန်ထဲက ကြည်လင်လှတဲ့ရေပြင်

ဟုတ်ပါတယ်။ ကျွန်မ အကျဉ်းထောင်ထဲ၊ အကျဉ်းခန်းထဲ နှစ်ညတာ ကုန်ဆုံးခဲ့ဖူးပါတယ်။ အကျဉ်းထောင်မှ နယ်နယ်ရရ အကျဉ်းထောင် မဟုတ်ဘူးနော်။ Switzerland နိုင်ငံက အကျဉ်းထောင်ထဲမှာပါ။ ဒါပေမဲ့ ရာဇဝတ်မှု ကျူ းလွန်လို့လည်း မဟုတ်၊ အကျဉ်းကျခံရလို့လည်း မဟုတ်ပါဘူး။ Tourist တစ်ယောက်အနေနဲ့ပါ။ Tourist အနေနဲ့ အကျဉ်းထောင်ထဲ ဝင်ခဲ့ဖူးတယ်ဆိုတော့ နားရှုပ်သွားမယ် ထင်တယ်နော်။ သူများနိုင်ငံသွားပြီး မဟုတ်တာ ဘာသွားလုပ်ခဲ့လို့လည်း ဆိုပြီးလည်း တစ်မျိုးမထင်ပါနဲ့။ ဖြစ်ပုံကဒီလိုပါ။

Traditional Swiss House
Old Swiss House


၂၀၁၀ခုနှစ် သင်္ကြန်ရုံးပိတ်ရက်တုန်းက ပိတ်ရက်ရှည်ရတာနဲ့ ပြည်ပခရီးထွက်လေ့ရှိတဲ့ ကျွန်မတို့ မိသားစု ဥရောပ ၅နိုင်ငံကို ၁၀ရက်တာ ခရီးထွက်ခဲ့ကြပါတယ်။ ပုံမှန်ဆို ရန်ကုန်ကနေ Package Tour ဝယ်ပြီး သွားလေ့ရှိပေမဲ့ အဲဒီနှစ်မှာတော့ အသစ်အဆန်းလေးဖြစ်သွားအောင် ကိုယ့်အိတ်ကိုယ်ဆွဲပြီး Backpacking Tourist တွေလိုသွားဖြစ်ခဲ့ပါတယ်။ ဥရောပနိုင်ငံတွေအနှံ့ ပြေးဆွဲတဲ့ Eurorail ရထားတစ်ခုပြီး တစ်ခုပြောင်းစီးပြီး တစ်နိုင်ငံဝင် တစ်နိုင်ငံထွက် ချီတက်ခဲ့ကြတာပါ။ အသိ Tour Company တစ်ခုက သွားမယ့်နိုင်ငံတွေ အလိုက် Hotel တွေ ကြို Booking လုပ်ပေးထားပြီး Booking လုပ်ပေးထားတဲ့နေ့တွေအလိုက် သက်ဆိုင်ရာနိုင်ငံတွေက သက်ဆိုင်ရာ Hotelတွေ ဆီရောက်အောင် သွားခဲ့ရတာပါ။

Lake Lucerne
Lake Lucerne လှပလွန်းတဲ့ လူဆင်းမြို့လေး
Train station of Lucerne, Switzerland
Train station of Lucerne, Switzerland လူဆင်းဘူတာ


ဆွဲထားတဲ့ ခရီးစဉ်အရ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ကို လေယာဉ်ဆိုက်ပေမဲ့ ပဲရစ်ကို နောက်ဆုံးမှ လည်မယ်ဆိုပြီး ဆွစ်ဇာလန်ကို ခရီးမရောက်မဆိုက် ရထားနဲ့ ဆက်ပြီးထွက်ခွာခဲ့ကြပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ အေးချမ်းတဲ့ မြို့လေးတစ်မြို့ ဖြစ်တဲ့ လူဇင်း (Lucerne) မြို့ကိုပါ။ လမ်းမှာ စိမ်းစိုလှပရှင်းသန့်တဲ့ ဆွစ်ဇာလန်ရှုခင်းတွေခံစားရင်း ဥရောပခရီးစဉ်ကို စခဲ့ကြတာပေါ့။ လေယာဉ်တွေ အဆင့်အဆင့်စီးပြီး ကားတစ်တန် ရထားတစ်တန်နဲ့ ခရီးနှင်ခဲ့ရတော့ လူဆင်းမြို့ရောက်ရင် တစ်ဝကြီး အနားယူပစ်လိုက်မယ်ဆိုပြီး ကျွန်မတို့ အားလုံး အားခဲထားကြတာပေါ့။ ဒါပေမဲ့လည်း လူဆင်းလည်းရောက်ရော ခဲလေသမျှ သဲရေကျခဲ့ရပါတယ်။

လူဆင်းဘူတာမှာ ရထားလည်းဆိုက်ရော စီစဉ်ထားတဲ့ Hotel ကို သွားဖို့ စုံစမ်းကြည့်တဲ့အခါ ဘူတာဝန်ထမ်းက နီးနီးနားနား လမ်းလျှောက်သွားရုံနဲ့ ရောက်တယ်ဆိုပြီး မြို့မြေပုံပေါ် လမ်းညွှန်ပေးလိုက်ပါတယ်။ ဒါနဲ့ ကျွန်မတို့လည်း ကိုယ့် Luggage ကိုယ်ဆွဲပြီး ဟိုတယ်ရှာပုံတော် ဖွင့်ခဲ့ကြတာပေါ့။ Lucerne မြို့လေးက သေးတဲ့ အပြင် မြို့လည်က ရေကန်ကို အခြေခံပြီးဖွဲ့ စည်းထားတော့ Taxi ဌားရင်တောင် မရနိုင်ပါဘူး။ Taxi အလွန်ရှားပါတယ်။ မြေပုံအရ ရေကန်ကို ဖြတ်ကျော်ပြီး တစ်ဖက်ကမ်းရောက်အောင် အထုပ်တွေအပိုးတွေသယ်ကာ မနည်းသွားရပါတယ်။ ဒီကြားထဲ လမ်းတွေမှားပြီး ဟိုတယ်ကလည်း ပျောက်နေတော့ ပိုဆိုးတာပေါ့။ မြေပုံမှာပြထားတဲ့နေရာ ရောက်နေပေမဲ့ ဟိုတယ်နဲ့ တူတဲ့အရိပ်အယောင်တောင် မတွေ့ရပါဘူး။ ဥရောပနယ်မြို့လေးတွေမှာ ညနေဘက်တွေ အေးလို့ အပြင်ထွက်လေ့မရှိတာကြောင့် လမ်းမေးရမယ့် ဒေသခံတွေလည်း တစ်ယောက်မှ မတွေ့ရပါဘူး။

လမ်းပျောက်လည်းရောက်တဲ့နေရာမှာ ရိုက်တာပဲ 🙂
တိတ်ဆိတ်လှတဲ့ ပတ်ဝန်းကျင်

ဒါနဲ့ ဟိုတယ်နာမည်နဲ့လိပ်စာ အရ ရောက်နေတဲ့ အဆောက်အအုံထဲ ဝင်မေးကြည့်လိုက်တဲ့ အခါမှ ဒါကျွန်မတို့တည်းရမယ့် ဟိုတယ် ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဟိုတယ်ပုံလည်းမပေါက် ဆိုင်းဘုတ်လည်းမတပ်ထားတော့ ကျွန်မတို့ မျက်စိလည်နေတာပါ။ ဟိုတယ်မှ ဘုရားစူးဟိုတယ်ပါ။ ဟိုတယ်နာမည်ကိုက Jail Hotel တဲ့လေ။ အရင်က အချုပ်ထောင်ကို ဟိုတယ် အဖြစ် ပြန်ဖွင့်ထားတာမှန်း နောက်မှ တဖြည်းဖြည်း သိလာရတာ။ တည်းခိုသူတွေ အကျဉ်းထောင် ရောက်နေသလို ခံစားရအောင် ဟိုတယ်ခန်းတွေကို အရင် အချုပ်ခန်းတွေ အတိုင်းပဲ ထားထားတာတဲ့။

Jail Hotel မျက်နျာစာ
Jail Hotel 
ဟိုတယ်တွင်းအပြင်အဆင်တစ်ခု
ဟိုတယ်တွင်းအပြင်အဆင်တစ်ခု
The former prison doors are still used as the room doors
The former prison doors are still used as the room doors
Interior of the hotel room
Interior of the hotel room
အခန်းကျဉ်းကျဉ်းထဲ ပရိဘောဂဆိုလို့ နှစ်ထပ်ကုတင်နှစ်လုံး သစ်သားကုလားထိုင် တစ်ခုံပဲ ပေးထားတယ်။ ရေချိုးခန်းအိမ်သာ တွဲရက်ပါပေမဲ့ တွေ့ဖူးသမျှထဲမှာ အကျဉ်းဆုံးပါပဲ။ မီးလုံးကလည်း အဝါရောင် မီးသီးမှိန်မှိန်တစ်လုံးပဲ ထည့်ပေးထားတော့ ကျောချမ်းစရာပေါ့။ အခန်းတံခါးတွေကိုလည်း ၂ထပ်တံခါးအဖြစ် အကျအနခတ်ထားလို့ ထောင်သဏ္ဍာန်ပို ပီပြင်စေပါတယ်။ ကော်ရစ်ဒါမှာကအစ ထောင်သမိုင်းတွေ၊ ဓာတ်ပုံတွေ၊ ထောင်ဝတ်စုံတွေ၊ ထောင်တွင်းသုံး လက်နက်ကိရိယာတွေကိုပါ ခင်းကျင်းပြသထားပါတယ်။
 
Interior of the Hotel
Interior of the Hotel
The items used in former jail are displayed in the corridor
The items used in former jail are displayed in the corridor
 
နောက်ထူးဆန်းတာတစ်ခုက ဟိုတယ်ဝန်ထမ်းဆိုလို့ မနက်တစ်ယောက် ညတစ်ယောက် စုစုပေါင်းရယ်မှ ၂ယောက်ထဲတွေ့ခဲ့ရပါတယ်။ Receptionist လည်းသူ၊ Bellboy လည်းသူ၊ ယုတ်စွအဆုံး မနက် Breakfast စားတဲ့အခါမှာ Waiter ကလည်း သူဆိုတော့ စဉ်းစားသာကြည့်ပါတော့။ တမင်ခြောက်ခြားအောင် လူအပိုမခန့်တာလား။ Human Capacity ကို အပြည့်အဝအသုံးချတာပဲလားတော့ မသိပါဘူး။ လူရှင်းရတဲ့အထဲ ဟိုတယ်ကော်ရစ်ဒါမီးတွေကိုလည်း လူဝင်လာမှ အလိုအလျောက်ပွင့်လာတဲ့ Auto စနစ်ကို သုံးထားတော့ မှောင်မှောင်မဲမဲထဲ မီးတွေ ဖြည်းဖြည်းချင်းပွင့်လာတာ တကယ်ပဲ ခြောက်ခြားစရာကောင်းပါတယ်။ ဟိုတယ်မှာ ဓာတ်လှေကားလည်း မထားထားတော့ ခရီးပန်းရတဲ့အထဲ ဒုတိယထပ်က အခန်းထဲထိ ကိုယ့်အထုပ်ကိုယ် မနည်းမ သယ်ခဲ့ရတာလည်း မှတ်မှတ်ရရပါပဲ။
 
လေယာဉ်တစ်တန် ကားတစ်တန် ရထားတစ်တန်နဲ့ပင်ပင်ပန်းပန်း သွားခဲ့ရတဲ့ ဥရောပခရီးစဉ်ရဲ့ပထမဆုံးညကို အကျဉ်းခန်းထဲ ကုန်ဆုံးခဲ့ရတဲ့ ကျွန်မတို့မိသားစုအဖြစ်ကို ပြန်တွေးကြည့်တိုင်း ရယ်ချင်မိပါတယ်။ ဒါပေမဲ့လည်း ပုံမှန်ဟိုတယ်ခန်းတွေက ခွဲထွက်ပြီး ဆန်းကြယ် ခြောက်ခြားဖွယ် အတွေ့အကြုံတွေပေးစွမ်းခဲ့တဲ့ Jail Hotel မှာ တည်းခဲ့ရတဲ့ နှစ်ညတာဟာ ကျွန်မရဲ့ ခရီးသွားအတွေ့အကြုံတွေထဲ ဘယ်တော့မှ မေ့မရနိုင်မယ့် အတွေ့အကြုံသစ်ဖြစ်စေခဲ့တာကတော့ ကျေနပ်စရာပါပဲ။
 
 
The only staff in the hotel ဟိုတယ်ရဲ့ တစ်ဦးတည်းသော ၀န်ထမ်း
The only staff in the hotel
ဟိုတယ်ရဲ့ တစ်ဦးတည်းသော ဝန်ထမ်း

 

 
Breakfast in the jail
Breakfast in the jail
Dining Room
Dining Room
 
 
 
Lobby မှာထားပေးထားတဲ့ လက်လှည့်ဘောလုံးကစားနည်း။ ငယ်ငယ်တုန်းက ကစားနေကြ ကစားနည်းလေးဆိုတော့ ခုလိုမထင်မှတ်တဲ့နေရာမှာ ပြန်တွေ့ရတာ သိပ်ပျော်တာပေါ့
With my mom & sisters
With my mom & sisters