အင်ဒိုနီးရှားရဲ့ လှပသာယာတဲ့နေရာသစ်..မော်ရတိုင်းကျွန်းတွေဆီ… 🏝 (Morotai Island, the Pearl of Pacific Ocean; the charm of Indonesia)

အင်ဒိုနီးရှားရဲ့ လှပသာယာတဲ့နေရာသစ်
Morotai ကျွန်းတွေဆီ… 🏝

ဒီကျွန်းလေးက ပစိဖိတ်သမုဒ္ဒရာရဲ့ ပုလဲရတနာတဲ့လေ….

2019_08_08_07_09_IMG_4517.jpg

နုမြတ်တို့ဆီမှာ အင်ဒိုနီးရှားဆိုရင် ဘာလီနဲ့တွဲသိကြတာများပါတယ်။ ဘာလီအပြင် မြို့တော် ဂျာကာတာနဲ့ဂျော့ဂျာကာတာတို့ကိုပါ သွားလေ့ရှိကြတယ်။ တကယ်တော့ အင်ဒိုနီးရှားက ကမ္ဘာပေါ်မှာ ကျွန်းအများဆုံးနိုင်ငံပါ။ အာရှတိုက်နဲ့သြစတြေးလျတိုက်အကြား ပစိဖိတ်နဲ့ အိန္ဒိယသမုဒ္ဒရာတွေပေါ် တည်ရှိနေတဲ့ကျွန်းပေါင်း ၁၇၀၀၀ ကျော်တောင်ရှိပါတယ်။ အဲဒီတော့ ဘယ်သူမှသိပ်မရောက်ဖူးသေးတဲ့ ကျွန်းတွေလည်း အများကြီးရှိသလို Tourist တွေ ရှာဖွေမတွေ့ရှိသေးတဲ့ ကျွန်းတွေလည်း ရှိနေတုန်းပါပဲ။ Morotai က တော့ အဲ့လိုကျွန်းတွေထဲက တစ်ခုပါ။ ဘာလီကျွန်းလို Tourist တွေနဲ့ ပြည့်နှက်မနေဘဲ သဘာဝနဲ့ တသားတည်းကျနိုင်တဲ့ ကျွန်းလေးပါ။

အင်ဒိုနီးရှားကနေရာသစ်မိတ်ဆက်တဲ့အနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံက နာမည်ကြီး Social Influencer တစ်ယောက်ဆီကို ဖိတ်ခေါ်ပြီး လိုက်ပို့ပေးလို့ မြန်မာနိုင်ငံကိုယ်စားပြု Social Influencer အဖြစ် အင်ဒိုနီးရှားရဲ့ အရမ်းလှတဲ့ Moratai ကျွန်းတွေဆီရောက်ခဲ့ရပါတယ်။

2019_08_08_10_44_IMG_4289.JPG

Morotai ကျွန်းက အင်ဒိုနီးရှား ခရီးသွားလုပ်ငန်းမှာ နေရာသစ်ဖြစ်ပြီး လူတွေသိပ်မသိကြသေးတော့ လူရှင်းပါတယ်။ တခြားနိုင်ငံတွေက ကမ်းခြေတွေ ကျွန်းတွေလို နေရာတိုင်း Tourist တွေနဲ့ပြည့်မနေပါဘူး။ ဆူဆူညံညံမရှိဘူး။ မတိုးရဘူး။ သဘာဝတရားကြီးကို အပြည့်အဝခံစားလို့ရပါတယ်။

လူတွေရှင်းတာမှ ဘယ်သွားသွား ကိုယ်တွေပဲရှိတာပါ။ လူအလာနည်းတာရဲ့ တစ်ဘက်ဆိုးကျိုးကတော့ Tourist တွေအတွက် Facility တွေ ကောင်းကောင်းမရှိတာပေါ့။ ဥပမာ-ဟိုတယ်တွေနည်းပါတယ်။ Resort ၂ခုပဲရှိပြီး ဟိုတယ်အသေးစားနည်းနည်းပဲရှိပါတယ်။ ကျွန်းတွေမှာဆိုလည်း ဆိုင်မရှိပါဘူး။ ဆိုင်ရှိရင်လည်း ဝယ်စားစရာ ဆိုင်တွေတစ်ဆိုင်လောက်ပဲရှိပါတယ်။ အဲ့ဒီတော့ ကျွန်းတွေသွားမယ်ဆို ကိုယ့်အတွက်အစားအစာတွေကို ကိုယ်တိုင်သယ်လာမှရပါမယ်။

ဘယ်လိုသွားရလဲ

———————-

Moratai ကျွန်းတွေက ရှုခင်းလှသလောက် သွားရတာတော့ခက်ပါတယ်။ အင်ဒိုနီးရှားက ကျွန်းတွေများသလောက် နိုင်ငံကတအားကျယ်တော့ တစ်နေရာနဲ့ တစ်နေရာ သွားရတာဝေးပါတယ်။ Morotai ကျွန်းက နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ ရှိတာဆိုတော့ ဂျာကာတာကနေ သွားရင်တောင် လေယာဉ် ၂ဆင့်စီးရပါတယ်။ Jakarta ကနေ Manando ကို အရင်သွားပြီးမှ Manando ကနေ Moratai ကိုလေယာဉ်ထပ်စီးရပါတယ်။ ကြားထဲမှာ ကျွန်းပတ်ပြီးတစ်နေရာခဏရပ်ပါသေးတယ်။

2019_08_07_08_59_IMG_4699.JPG

ရန်ကုန်ကနေ ဂျာကာတာကိုလည်း direct flight မရှိတော့ Singapore, Thai နဲ့ Malaysia တစ်ခုခုကို Transit လုပ်ရတာဆိုတော့ အဲ့ဒီမှာလည်း လေယာဉ်၂ဆင့်စီးရပါတယ်။ အဲဒီတော့ ရန်ကုန်ကနေ Morotai သွားဖို့ဆို လေယာဉ် ၄ဆင့်စီးမှရောက်မှာပါ။ ကိုယ်တွေတုန်းကတော့ Malaysia Airlines နဲ့ မလေးရှားကို Transit ဝင်ပြီး ဂျာကာတာကို အရင်သွားကာ ရောက်လက်စနဲ့ ဂျာကာတာကိုပါ ၁ရက်ဝင်လည်လိုက်ပါတယ်။ Jakarta မသွားချင်ရင် ဘာလီတို့ Yogyakarta တို့နဲ့တွဲသွားရင်လည်း အဆင်ပြေပါတယ်။

ဘာတွေလုပ်စရာရှိလဲ

————————–

ဒီကျွန်းကို အဓိကလာလည်ကြတာ နူးညံ့တဲ့ သဲတွေရှိတဲ့၊ စိမ်းပြာလဲ့နေတဲ့ ရေတွေရှိတဲ့ ကမ်းခြေတွေ၊ ကျွန်းတွေကြောင့်ပါ။ ရေအောက်ရှုခင်းတွေလည်းလှလို့ ရေငုပ်တဲ့သူတွေအကြိုက်တွေ့ကြပါတယ်။ ရေအောက်မှာ လင်းပိုင်တွေ၊ ငါးမန်းသေးသေးလေးတွေတောင် တွေ့နိုင်ပါတယ်တဲ့။ အဲဒီတော့ ဒီကို လာတဲ့သူတွေက ရေငုပ်ကြတယ်။ Snorkeling လုပ်ပြီး ရေအောက်ရှုခင်းကြည့်ကြတယ်။ ကျွန်းပတ်ကြတယ်။ ကမ်းခြေမှာရေဆော့ကြတယ်။ ပြတိုက်သွားလေ့လာကြပါတယ်။ စားသောက်ဆိုင်တွေ များများမရှိသလို Nightlife တွေ Night Market တွေလည်း ဒီမှာမရှိပါဘူး။

2019_08_13_19_25_IMG_5528.JPG

ကျွန်းပတ်ခရီး

ကျွန်းမကြီးကနေ Speed Boat နဲ့ အနီးအနားရှိ ကျွန်းတွေဆီသွားလို့ရပါတယ်။ Morotai ကို အဓိကလာကြတဲ့ ရည်ရွယ်ချက်က ကျွန်းတွေဆီ သွားချင်ကြလို့ပါ။ Speed Boat ဌားမယ်ဆို တစ်နေကုန်ကို တစ်စီးကို သူတို့ငွေ တစ်သန်းလောက် ပေးရပါတယ်။ မြန်မာငွေနဲ့ဆို ၁သိန်းကျပ်လောက်ရှိပါတယ်။ လူအယောက် ၂၀ လောက်ဆန့်ပါတယ်။ ကိုယ်ကြိုက်တဲ့ ကျွန်းသွားခိုင်းရုံပါပဲ။ နုမြတ်တို့သွားခဲ့တဲ့ကျွန်းတွေကတော့ ….

2019_08_08_09_56_IMG_4282.JPG

Dodola Island

ဒီကျွန်းက Morotai မှာ နာမည်အကြီးဆုံးပါ။ ကျွန်းကြီးနဲ့ ကျွန်းငယ် ၂ ခုရှိပြီး ကျွန်း၂ ခုက တစ်ဆက်ထဲဖြစ်နေတာပါ။ သဲသောင်လေးခြားထားတော့ ရေကျတဲ့အချိန်ဆို လမ်းလျှောက်ကူးလို့ရပါတယ်။ နုမြတ်တို့ရောက်တော့နေ့လည်၁ နာရီမှာ ကျွန်းကူးတာ ခြေသလုံးတစ်ဝက်လောက်ရေတက်နေပါပြီ။ ဒါပေမဲ့ လမ်းလျှောက်ကူးလို့ရပါတယ်။ ရေထဲဖြတ်လျှောက်ရတာ ပိုတောင်ပျော်ဖို့ကောင်းပါသေးတယ်။

ကျွန်းကြီးဘက်မှာ ညအိပ်ညနေတည်းလို့ရအောင် အဆောင်တွေဆောက်ထားတာတွေ့ရတယ်။ ကမ်းခြေမှာ ထီးလေးတွေ အဆောင်လေးတွေ ထိုင်ခုံလေးတွေလည်း ထားပေးထားပါတယ်။ ပြေးလွှားဆော့ကစားပြီး Adventure နှစ်သက်သူတွေအတွက် ရေပြင်ကျယ်ကြီးပေါ်မှာ ရေပေါ်ကစားကွင်းလည်း ထားပေးထားပါတယ်။ တစ်နာရီမှ ၂၅၀၀ ကျပ်လောက်ပဲပေးရတယ်။ ရေလွှာလျှောစီးတွေရော၊ ဧရာမဖော့တုံးကြီးတွေပေါ်ဆော့ရတာတွေရော စုံနေတာပဲ။ ကိုယ်တွေဆီမှာလည်း အဲ့လိုထားပေးရင် ကောင်းမယ်နော်။ တခြား Water Activities တွေအနေနဲ့ Speed Boat, Banana Boat နဲ့ Kayaking လှေလှော်တာတွေလည်း လုပ်လို့ရပါတယ်။

ကျွန်းသေးမှာတော့ အဲ့ဒါတွေမရှိဘူး။ အသည်းပုံလေးပါတဲ့ DoDoLa ဆိုတဲ့ဆိုင်းဘုတ်လေးပဲတွေ့ရတာပါ။ ဒါပေမဲ့ အဲ့ကျွန်းကသဲတွေက အရမ်းနူးညံ့တာပဲ။ အင်ဒိုနီးရှားမှာအနူးညံ့ဆုံးသဲဆိုပဲ။ တကယ်လည်း နူးညံ့တာကိုတွေ့ခဲ့ရတယ်။ အဲ့ဘက်မှာ ညအိပ်ညနေတည်းမယ်ဆိုရင်တော့ Tent ထိုးပြီးတည်းလို့ရတယ်တဲ့လေ။

အဲ့ကျွန်းမှာ အချိန်ပေးပြီး အနားယူသင့်ပါတယ်။ ကျွန်းဆိုပေမဲ့ အရမ်းကြီးတဲ့ကျွန်းတွေမဟုတ်တော့ အရှေ့ဘက်ကြည့်လည်းပင်လယ်ပြင်ကြီးနဲ့ကောင်းကင်ပြာ၊ အနောက်ဘက်လှည့်ကြည့်လည်း ပင်လယ်ပြင်ကြီးနဲ့ကောင်းကင်ပြာဆိုတော့ သိပ်ကိုသာယာပါတယ်။ ကျွန်း၂ ကျွန်းဆက်နေတဲ့နေရာကလည်း အရမ်းလှပါတယ်။ တတ်နိုင်ရင် Drone သယ်သွားပြီးရိုက်သင့်ပါတယ်။ ရေတွေကလည်း စိမ်းပြာလဲ့နေပြီး ကြည်စိမ့်နေတော့ ရေကူးလို့လည်းရတယ်လေ။

Kokoya Island

ဒီကျွန်းလေးကတော့ တစ်ကျွန်းလုံးမှာမှ လူတစ်ယောက်ထဲနေတဲ့ကျွန်းပါ။ အဲ့လူကတော့ အဲဒီကျွန်းကိုပိုင်တဲ့ ကျွန်းပိုင်ရှင်ပါတဲ့။ ကျွန်းပိုင်ရှင်က ဟိုးအရင်ကတည်းက အဲ့ဒီကျွန်းမှာနေလာတော့ ကျွန်းကိုပိုင်သွားတာတဲ့။ ကျွန်းကနေစွန့်ခွာသွားရင် ကျွန်းမပိုင်တော့မှာစိုးလို့လည်းနေမယ်နော်။ ကျွန်းမှာတစ်ယောက်ထဲနေနေရတာ။ လိုအပ်တာရှိရင်တော့ မြို့ထဲ မော်တော်ဘုတ်နဲ့သွားဝယ်တယ်တဲ့ ။

ကျွန်းလေးကတော့ တော်တော်သာယာပါတယ်။ အုန်းကပင်လေးတွေ အပင်လေးတွေနဲ့စိမ်းစိမ်းစိုစို သာသာယာယာရှိလှတယ်။ ရေလေးတွေဆို စိမ်းပြာလဲ့နေတာပဲ။ ရေတွေထဲငါးတွေ ကူးနေတာ အုပ်လိုက်အုပ်လိုက်။ ရေတွေမဲနေတဲ့နေရာက ငါးအုပ်တွေရှိနေလို့ ငါးအရောင်ကြောင့်မဲနေတာ။ ငါးအကောင်ကြီးတစ်ကောင်ရောက်လာရင် ငါးတွေထွက်ပြေးကြလို့ မဲနေတဲ့နေရာက ချက်ချင်းကွက်ပြီးစိမ်းသွားတာ။ ကြည့်ရတာ သိပ်ပျော်ဖို့ကောင်းတာပဲ။

2019_08_08_08_39_IMG_4155.JPG

Pasir Timbul Island

ပစိဖိတ်သမုဒ္ဒရာကြီးထဲ သောင်တင်နေတဲ့ကျွန်းလေးပေါ့။ ရေလည်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ကျွန်းဆိုတာ ဒီလိုကျွန်းလေးပေါ့။ တကယ်ကို စိမ်းလဲ့ပြာနေတဲ့ ရေပြင်ကျယ်ကြီးထဲမှာ သဲဖြူကျွန်းလေးက ထင်းနေတာပဲ။ ကျွန်းပေါ် ဘာအပင်မှမရှိ ဘာကျောက်ဆောင်မှမရှိ ဘာအကောင်မှမရှိ သဲဖြူလေးတွေပဲရှိတယ်… ပင်လယ်ကြီးနဲ့ ကောင်းကင်ကြီးဆိုတာ တကယ့်မြင်ကွင်းကျယ်ကြီး။ တမျှော်တခေါ်ကြီးကို လှမ်းမြင်နေရတာ။ ရေလေးတွေလည်း ကြည်နေတာပဲလေ။ ဒီကျွန်းကို နေသိပ်မပြင်းတဲ့ မနက်စောစောနဲ့ ညနေစောင်းလောက်သွားရင်အဆင်ပြေလောက်မယ်။

65865161_1363754557108219_6907610778149542298_n
Pasir Timbul Island  Credit to AyokeMorotai Instagram

2019_08_08_05_10_IMG_42382019_08_08_08_16_IMG_55252019_08_08_10_44_IMG_4715

Batu Kopi (Roi Island)

ကော်ဖီနံ့ရတဲ့ကျောက်တုံးကြီးရှိတဲ့ကျွန်းပေါ့။ ကမ်းခြေမှာရှိတဲ့ သဘာဝကျောက်ဆောင်ကြီးက ကော်ဖီနံ့အလိုလိုရနေတာတဲ့။ လူကောင်းတွေပဲ အနံ့ရပြီး မကောင်းတဲ့လူဆို အနံ့မရဘူးတဲ့လေ။ ကိုယ်တွေဆို ကော်ဖီနံ့ရပါ့မလားဆိုပြီး အချင်းချင်းနောက်နေကြတာပေါ့။ တချို့ဆို စက်လှေပေါ်ကတည်းက အနံ့ရနေပြီတဲ့လေ။ Mocha တွေရော၊ Cappucငino တွေရောစုံနေတာပဲ။ အရမ်းကို လူကောင်းဖြစ်ချင်နေကြတာ။ 😛

2019_08_09_06_54_IMG_4485.JPG

အဲ့လိုတွေ လျှောက်နောက်ကြလို့လားတော့မသိ။ တကယ်တမ်း ကျွန်းပေါ်ရောက်လို့ ကျောက်တုံးကြီးဆီ အပြေးအလွှားသွားရှုကြည့်ကြတဲ့အခါမှာတော့ ဘယ်သူမှအနံ့မရကြဘူးလေ။ အနားကပ်ရှုလည်းမရ၊ ကျောက်ဆောင်အောက်ခြေကို ရှုကြည့်လည်းမရနဲ့ ဘာအနံ့မှမရကြပါဘူး။ ဒါပေမဲ့ ခပ်ဝေးဝေးမှာနေကြည့်တဲ့အခါမှာတော့ တစ်ချက်တစ်ချက်ကော်ဖီနံ့လေး ပျံ့လာတာကို တချို့တလေရကြပါတယ်။ ကိုယ်လည်း မရှုကြည့်တော့တဲ့အခါမှ ကော်ဖီနံ့လေးတစ်ချက်ရသွားတော့ တကယ်အံ့သြသွားတယ်။

သူက တချို့အချိန်တွေဆို အနံ့ပိုရတယ်တဲ့လေ။ မနက်စောစောနဲ့ ညနေပိုင်းအချိန်တွေဆိုပိုရတတ်တယ်တဲ့။ ညနေ၃နာရီဆို အနံ့အပြင်းဆုံးတဲ့လေ။ ကိုယ်တွေရောက်တဲ့အချိန်က နေ့လည်နေ့ခင်းဆိုတော့ အနံ့မရကြတာလည်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကော်ဖီစိုက်ခင်းတွေမရှိတဲ့ ကော်ဖီဆိုင်တွေမရှိတဲ့ ကမ်းခြေက ကျောက်တုံးကြီးကနေ ကော်ဖီနံ့ ရတယ်ဆိုတာတော့ အတော်ဆန်းတယ်နော်။

ကော်ဖီကျောက်တုံးကြီးရဲ့ ရာဇဝင်ကလည်းရှိနေသေးပြန်ရော။ အင်ဒိုနီးရှားကို ဒတ်ချ်လူမျိုးတွေ လာကျူးကျော်တုန်းက ဒီကျွန်းကြီးပေါ်ကိုပါရောက်လာကြသတဲ့။ ကျွန်းကဒေသခံတွေနဲ့ တိုက်ခိုက်ကြတဲ့အခါ ကျွန်းပေါ်က ကော်ဖီလုပ်ငန်းလုပ်ကိုင်သူတွေက ဒီကျောက်တုံးကြီးနားမှာ ရုတ်တရက် ကိုယ်ပျောက်သွားကြသတဲ့။ သူတို့က သေသွားတာမျိုးမဟုတ်ဘဲ တခြားကမ္ဘာမှာ ပိတ်မိနေတာမျိုးဖြစ်နေတော့ သူတို့လုပ်ရိုးလုပ်စဉ်အတိုင်း မနက်တစ်ခါ ညနေတစ်ခါ ကော်ဖီဖျော်ကြတဲ့အခါမှာ ကော်ဖီနံ့တွေရတာလို့ သိရပါတယ်။

ကော်ဖီကျောက်တုံးကျွန်းကို သွားဖို့တော့ နည်းနည်းခက်ပါတယ်။ ၂နာရီကြာကားမောင်းပြီး စက်လှေနဲ့ မိနစ် ၂၀ မောင်းရတယ်။ သူ့ဆီသွားမယ်ဆိုရင်တော့ နေ့တစ်ဝက်အချိန်ကုန်တယ်။ အပေါ်က ကျွန်း၃ကျွန်းနဲ့လည်း မနီးတော့ နောက်နေ့သက်သက်ထက်သွားရပါတယ်။ သွားရခက်ပေမဲ့ ကျောက်တုံးကြီးက ဆန်းကြယ်တာရယ်၊ ကော်ဖီနံ့မရရင်တောင်မှ ကမ်းခြေကသာယာပြီး ရေတွေက ကြည်စိမ့်ပြာလဲ့နေတာကြောင့် သွားရကျိုးနက်ပါတယ်။ ဒီကျွန်းကတော့ နည်းနည်းကြီးတော့ ဒေသခံရွာတွေ ရွာသားတွေလည်းရှိပါတယ်။ ညအိပ်တည်းဖို့တည်းခိုဆောင်တွေလည်း ရှိနေပြီး အနောက်နိုင်ငံသားစုံတွဲတစ်တွဲ အေးအေးဆေးဆေးလာတည်းနေတာတွေ့ခဲ့ရပါတယ်။ ဘယ်သူနဲ့မတွေ့ချင်ဘဲ အေးအေးဆေးဆေးလာပြီး အပန်းဖြေလိုတဲ့သူတွေအတွက်တော့ တကယ်လှတဲ့ ကျွန်းလေးပါ။

Zum-Zum Island

ဒီကျွန်းကို ဇွမ်းဇွမ်းကျွန်းလို့ခေါ်သလို Douglas McArthur Island လို့လည်းခေါ်ပါတယ်။ အမေရိကန်စစ်ဗိုလ်ချုပ်ကြီးကို အစွဲပြုမှည့်ခေါ်ထားတဲ့နာမည်ဖြစ်ပြီး သူ့ရုပ်တုကြီးလည်း ဒီကျွန်းမှာရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို ဂျပန်လက်အောက်ကနေ တိုက်ထုတ်ခဲ့တုန်းက အမေရိကန်စစ်တပ်တွေ စခန်းချခဲ့တဲ့ ကျွန်းဖြစ်လို့ ဗိုလ်ချုပ်ရုပ်တုကြီး အမှတ်တရထားထားတာပါ။

2019_08_08_11_27_IMG_4108

ပြတိုက်တွေ

တည်နေရာအရ ဒုတိယကမ္ဘာစစ်အတွင်း စစ်ရေးအရအရေးပါခဲ့တဲ့ ကျွန်းပါ။ ဂျပန်စစ်တပ်တွေ အခြေချခဲ့တဲ့ ကျွန်းတစ်ကျွန်းဆိုတော့ စစ်သမိုင်းပြတိုက်တွေ သွားလေ့လာလို့ရပါတယ်။ မြို့ထဲမှာ ဒုတိယကမ္ဘာစစ်ပြတိုက်ကြီးရှိသလို Batu Kopi ဆီသွားတဲ့ လမ်းမှာလည်း Swadaya ဒုတိယကမ္ဘာစစ်ပြတိုက်ကို ဝင်ကြည့်နိုင်ပါသေးတယ်။ ပြတိုက်အသေးလေးပါ။ ဒေသခံတစ်ယောက်က သူရှာဖွေတွေ့ရှိခဲ့တဲ့ သမိုင်းဝင်ပစ္စည်းတွေကို သူ့အိမ်မှာပဲပြတိုက်လိုလေးပြထားတာပါ။

2019_08_09_13_47_IMG_4520.JPG

ဘယ်လိုလျှောက်လည်မလဲ

———————————-

စက်ဘီးတွေ ဆိုင်ကယ်တွေသုံးကြတာများပါတယ်။ အဲဒီမှာသုံးကြတဲ့ ဆိုက်ကားကလည်းဆန်းပါတယ်။ ကိုယ်တွေဆီမှာလို ဘေးတွဲမဟုတ်ဘဲ ခရီးသည်ကိုအရှေ့မှာထားပြီး နင်းသူကနောက်မှာပါ။ ဟိုတယ်ကနေ ဆိုင်ကယ်ဌားမယ်ဆိုရင် ၂နာရီကို မြန်မာငွေတစ်သောင်းလောက်ကျပါတယ်။ ဟိုတယ်ကနေ ကားဌားရင်လည်းရပါတယ်။ လူများရင်ကားဌားစီးတာပိုကောင်းပါတယ်။ လေဆိပ်ကနေဟိုတယ်အထိကို ၁၅၀၀၀ကျပ်၊ မြို့ထဲ City Tour ဆို ၁၀နာရီမှ ၅သောင်းကျပ်လောက်ပါပဲ။

2019_08_07_15_45_IMG_4703.JPG

ဘယ်မှာတည်းကြမလဲ

———————————-

လူအလာနည်းသေးတဲ့အလျှောက် ဟိုတယ်တွေလည်းမများပါဘူး။ ကမ်းခြေ Resort ကြီး ၂ခုပဲရှိသေးပြီး ဟိုတယ်အသေးလေးတွေနဲ့ တည်းခိုခန်းနည်းနည်းတော့ရှိပါတယ်။

ကိုယ်တွေတည်းခဲ့တာကတော့ D’Aloha Resort ပါ။ တစ်ညကို $50 လောက်ပဲကျပါတယ်။ ဘန်ဂလိုလေးတွေပုံစံဆောက်ထားတာဖြစ်ပြီး ဘန်ဂလိုတစ်လုံးမှာ အိပ်ခန်း၂ခန်း၊ ရေချိုးခန်းအိမ်သာနဲ့ ဧည့်ခန်းပါပါတယ်။ ကမ်းခြေနဲ့ကပ်နေတော့ အချိန်မရွေးရေဆင်းကူးလို့ရပါတယ်။ လှိုင်းမရှိတော့ ကိုယ်တွေဆီမှာလိုတော့ လှိုင်းစီးလို့မရဘူးပေါ့။ D’ALoha Resort ရဲ့ Email က resortdaloha@gmail.com ပါ။

ဒီထက်ပိုကောင်းတာကတော့ Moro Ma Doto Resort & Spa ပါ။ သူလည်း ကမ်းခြေမှာရှိတဲ့ Resort ပါပဲ။ ရေကူးကန်ပါပါပြီး ဟိုတယ်ရဲ့ Facility ပိုကောင်းသလို ဈေးကလည်း နှစ်ဆလောက်ရှိပါတယ်။ Email က info@moromadoto.com ပါ။

2019_08_07_12_49_IMG_41842019_08_08_16_07_IMG_4590
ဒီတော့ အင်ဒိုနီးရှားမှာ သူများတွေ သွားလေ့မရှိတဲ့ နေရာသစ်လည်း သွားချင်တယ်။ လူရှင်းပြီး သဘာဝနဲ့ တစ်သားထဲကျနေတဲ့နေရာကို သွားချင်တယ်။ ၂ယောက်ထဲ ဟန်းနီးမွန်းထွက်ပြီး အေးအေးဆေးဆေး အနားယူချင်တယ်ဆိုရင်တော့ Morotai ကျွန်းကိုလည်း စာရင်းထဲထည့်ထားသင့်ပါတယ်။ ဒါပေမဲ့ Tourist နည်းတဲ့နေရာဖြစ်တဲ့အလျောက် ညဈေးတွေ၊ ရှော့ပင်းဆိုင်တွေ၊ ဘားတွေ၊ ကလပ်တွေ ရှိမယ်လို့တော့ မမျှော်လင့်ပါနဲ့။ စိမ်းပြာရောင် ကြည်လဲ့နေတဲ့ ရေတွေ၊ ဖြူလွလွသည်းတွေ၊ အဆုံးအစမရှိတဲ့ကောင်းကင်နဲ့ ရေပြင်ကျယ်ကို အေးအေးဆေးဆေးခံစားလိုတဲ့သူတွေနဲ့မှ ကိုက်မှာပါ။

အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေနော်

ချစ်တဲ့

Dr.Nu Myat

#WonderfulIndonesia #AyokeMorotai #Morotai #MorotaiIndoneisa
#NuMyataroundtheWorld

Website
http://www.numyataroundtheworld.com
Youtube
https://www.youtube.com/…/UCEECmxgvJAEfQsIX1cbF5xQ/featured…

စုံတွဲတွေရဲ့ အိပ်မက်ကျွန်းလေး ဆန်တိုရီနီ (Santorini)

စုံတွဲတွေရဲ့ အိပ်မက်ကျွန်းလေး ဆန်တိုရီနီ

Snapseed-34

ဂရိလို့ပြောလိုက်တာနဲ့ ရေပြာပြာနောက်ခံနဲ့ ချစ်စဖွယ်အိမ်ဖြူဖြူလေးတွေကို မြင်မိကြမှာပါ။ ပင်လယ်ကမ်းစပ်ကျောက်ကမ်းပါးတွေမှာ အစီအရီထပ်နေတဲ့ ဖွေးဖွေးဖြူဖြူ ချစ်စဖွယ်အိမ်လှလှလေးတွေ ရှိတဲ့နေရာကတော့ ဆန်တိုရီနီ(Santorini) လို့ခေါ်တဲ့ကျွန်းပဲဖြစ်ပါတယ်။ ရေပြာပြာနောက်ခံထားတဲ့ ကျောက်ကမ်းပါးနီနီ၊ အိမ်ဖြူဖြူ၊ ခေါင်မိုးပြာပြာဘုရားကျောင်းတွေနဲ့ ဆန်တိုရီနီကျွန်းက ရှုခင်းတွေက လှလွန်းလို့ ကမ္ဘာ့ကဗျာအဆန်ဆုံးနေရာတစ်ခုလို့ ပြောကြပါတယ်။ မြင်မြင်သမျှ အဆောက်အဦးတိုင်းဟာ အရောင်နုနုလေးတွေနဲ့ ချစ်ဖို့ကောင်းနေပြီး ဓာတ်ပုံ ရိုက်ချင်စရာတွေချည်းပါပဲ။ Romantic ဖြစ်လွန်းလို့လည်း Pre Wedding ဓာတ်ပုံတွေ လာရိုက်တာတို့၊ Honeymoon ထွက်တာတို့နဲ့ ပျော်စရာကြီးပါ။ ဒါကြောင့်မို့လို့လည်း ဆန်တိုရီနီကျွန်းဟာ တစ်ကမ္ဘာလုံးရှိ စုံတွဲတွေရဲ့ Dream Destination လို့လည်း ဆိုကြပါတယ်။ အခုက မင်္ဂလာဆောင်ရာသီဖြစ်လို့ ဒီဝါကျွတ်လက်ထပ်ကြမယ့် ကြင်စဦးဇနီးမောင်နှံတွေ အနေနဲ့ ပျားရည်ဆမ်းခရီးထွက်တဲ့အခါမှာ စဉ်းစားနိုင်အောင် ဆန်တိုရီနီကျွန်းလေးအကြောင်းကို ဒီ Issue မှာ ရေးသားဖော်ပြလိုက်ရပါတယ်။

IMG-6478

ဆန်တိုရီနီဆိုတာ

ဆန်တိုရီနီဆိုတာ မြေထဲပင်လယ်ထဲရှိ အေဂျင်ပင်လယ်တွင်းက ဂရိကျွန်းစုတစ်စုပါ။ တကယ့်နာမည်ရင်းက သီရာ(Thira) ကျွန်းဖြစ်ပေမဲ့ ကမ္ဘာလှည့်ခရီးသည်များအကြား ဆန်တိုရီနီလို့ပဲ အသိများပါတယ်။ ဒီကျွန်းစုလေးဟာ အလှအပတစ်ခုတည်းကြောင့်မဟုတ်ဘဲ သူ့ရဲ့သမိုင်းဝင်တဲ့အချက်ရယ်၊ ထူးခြားတဲ့ ပထဝီမြေအနေအထားရယ်ကြောင့်လည်း ကမ္ဘာကျော်တာပါ။

နောက်ပိုင်းလေ့လာမှုတွေအရ ပလေတိုရဲ့ဒဏ္ဏာရီတစ်ခုဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း၉၅၀၀ကျော်က ရေအောက်ကမ္ဘာထဲ ပျောက်ဆုံးသွားတဲ့ အတ္တလန္တိတ်မြို့တော်ကြီးဟာ ဆန်တိုရီနီကျွန်းမှာရှိခဲ့တယ်လို ယူဆနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လခြမ်းပုံဆန်တိုရီနီကျွန်းဟာ အခုက လခြမ်းပုံလိုဖြစ်နေပေမဲ့ ဟိုးအရင်တုန်းက စက်ဝိုင်းပုံပါတဲ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီက ကျွန်းပေါ်ရှိ မီးတောင်ကြီး ပေါက်ကွဲလာတဲ့အခါ မီးတောင်ပတ်လည် မြေသားတွေ ရေထဲအကုန်နစ်မြုပ်ကုန်တာကြောင့် စက်ဝိုင်းအနားသတ်ပဲကျန်တော့လို့ လက်ရှိမြင်ရတဲ့ လခြမ်းပုံဖြစ်ပေါ်လာတာပါ။ မြုပ်သွားတဲ့ထဲမှာ အတ္တလန္တိတ်မြို့တော်ကြီးလည်းပါပြီး လက်ရှိ ဆန်တိုရီနီကျွန်းကြီးပေါ်မှာ ကျန်ရှိနေတဲ့ Akrotoni မြို့ပျက်ကြီးက အဲ့ဒီမြို့ကြီးနဲ့ဆက်စပ်နေပါတယ်လို့ ယူဆနေကြပါတယ်။

santorini-volcano

မီးတောင်ရှင်ကြီး

ဆန်တိုရီနီကျွန်းမကြီးအပါအဝင် ကျွန်း၃ကျွန်းက ခလယ်က မီးတောင်ကြီးကို ပတ်လည်ဝိုင်းထားသလိုဖြစ်နေပါတယ်။ အဲဒီမီးတောင်ကြီးရာဇဝင်ကလည်း ဆန်းကျယ်ပါတယ်။ ဲ့ ၁၆၁၃BCက ဆန်တိုရီနီမှာဖြစ်တဲ့ ကမ္ဘာ့ဒုတိယအပြင်းထန်ဆုံးမီးတောင်ပေါက်ကွဲမှုထပ်ဖြစ်ပြီး ရေထဲမြုပ်သွားတဲ့ ကျွန်းအလည်သားနဲ့အတူ မီးတောင်ကြီးပါမြှုပ်သွားခဲ့ပြီး ၄၆BCကနေ ပင်လယ်ထဲကစပေါ်လာကာ ၁၉၄၀ခုနှစ်အထိ နှစ်ပေါင်းမြောက်များစွာအတွင်း ချော်ခဲတွေနဲ့ ပြည့်နေတဲ့ မီးတောင်ကြီးဖြည်းဖြည်းချင်းဖြစ်ပေါ်လာတာပါ။ ဒီမီးတောင်ကြီးက ၁၉၅၀ခုနှစ်မှာနောက်ဆုံးအဖြစ် ၂၂ရက်ကြာပေါက်ကွဲထားပြီး အခုထိမီးတောင်ရှင်အဖြစ်ရှိနေပါတယ်။ ဒီမီးတောင်ကျွန်းပေါ်ကျွန်မတို့ ဧပြီလတုန်းက ဆန်တိုရီနီသွားလည်ရင်း သွားလေ့လာခဲ့တုန်းကဆို ချော်ခဲတောင်ပေါ်မှာ အငွေ့တွေထွက်နေဆဲပဲဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

Snapseed-79

မီးတောင်ပေါက်ကွဲထားလို့ ဆန်တိုရီနီကျွန်းကြီးဟာ ဥပမာပြောရမယ်ဆိုရင်ဖြင့် လမုန့်ကြီးတစ်ခုကို ဓားနဲ့လှီးလိုက်သလို တစ်ဘက်က တုံးတိကြီး ဖြစ်နေပြီး တစ်ဘက်ကတော့ ခပ်ပြေပြေလေးဖြစ်နေပါတယ်။ မီးတောင်ဘက်ခြမ်းမှာ မတ်စောက်တဲ့ ကျောက်ကမ်းပါးကြီးတွေရှိနေပြီး ကျန်တစ်ဖက်မှာတော့ ပုံမှန်ကျွန်းတွေလို ပြေပြစ်တဲ့ကမ်းခြေတွေရှိနေပါတယ်။ ဒါပေမဲ့ တခြားကျွန်းတွေနဲ့မတူ ထူးခြားတာကတော့ ချော်ရည်တွေကြောင့် ကမ်းခြေတွေမှာ သဲမည်းကမ်းခြေ၊ သဲနီကမ်းခြေ၊ သဲဖြူကမ်းခြေဆိုပြီး အမျိုးမျိုးရှိနေတာပါ။ ကျောက်ကမ်းပါးဘက်အခြမ်းမှာတော့ ကမ္ဘာကျော်ထုံးအိမ်ဖြူဖြူလေးတွေ အစီအရီရှိနေပါတယ်။

ဗီဇာဘယ်လိုလျှောက်မလဲ

ဥရောပနိုင်ငံဖြစ်တဲ့ ဂရိကို သွားလည်မယ်ဆိုရင် ဥရောပဗီဇာဖြစ်တဲ့ ရှန်ဂန်ဗီဇာ လျှောက်ရပါမယ်။ ရှန်ဂန်ဗီဇာရှိပါက ဥရောပနိုင်ငံအတော်များများကို သွားလို့ရပါတယ်။ တစ်နိုင်ငံကနေတစ်နိုင်ငံကူးရတာ သိပ်လွယ်ပါတယ်။ ဗီဇာလျှောက်တဲ့အခါ မြန်မာနိုင်ငံမှာ ဂရိသံရုံးမရှိတော့ ဂရိနိုင်ငံကို တာဝန်ယူပေးထားတဲ့ ဂျာမနီသံရုံးကနေ ဗီဇာလျှောက်ရမှာဖြစ်ပါတယ်။

IMG_6996

ဘယ်အချိန်သွားမလဲ

ဆန်တိုရိနီကို သွားလည်မယ်ဆိုရင် ဧပြီလကုန်ကနေ နိုဝင်ဘာလဆန်းအထိ သွားလည်လို့ကောင်းပါတယ်။ နွေရာသီဖြစ်တဲ့ ဇွန်လကနေ စက်တင်ဘာလဆန်းပိုင်းအထိကတော့ ရာသီဥတုအကောင်းဆုံးပါ။ နွေးထွေးတဲ့ နေရောင်ခြည်တောက်တောက်အောက်မှာ ဆန်တိုရီနီက သိပ်ကိုလှပါတယ်။ High Season ဖြစ်တာကြောင့် ဧည့်သည်တအားများပြီး ဟိုတယ်နဲ့ လေယာဉ်လက်မှတ်တွေကတော့ ဈေးများနေတတ်ပါတယ်။ ဧပြီ၊ မေနဲ့အောက်တိုဘာလတွေကတော့ လူလည်းသိပ်မများ၊ ဈေးလည်းသိပ်မကြီး၊ ရာသီဥတုလည်း သိပ်မဆိုးဆိုတော့ အေးအေးဆေးဆေးလည်ချင်သူတွေအတွက် သင့်တော်မှာပါ။

ဆောင်းတွင်းရာသီဖြစ်တဲ့ နိုဝင်ဘာလကနေ မတ်လထိကတော့ ဧည့်သည်အရမ်းနည်းပါတယ်။ လေကြောင်းလိုင်းတွေလည်း သိပ်မဆွဲပါဘူး။ စားသောက်ဆိုင်နဲ့ ဟိုတယ်အတော်များများလည်း ပိတ်ပါတယ်။ ကမ်းခြေတွေမှာ ရေဆော့၊ အပန်းဖြေလို့ မကောင်းပေမဲ့ နေ့လည်နေ့ခင်း ကျွန်းပေါ်ကအလှတွေတော့ ခံစားနိုင်ပါတယ်။

IMG-6990

ဘယ်လိုသွားခဲ့လဲ

ဂရိကို ဒီနှစ်သင်္ကြန် ရုံးပိတ်ရက်ရှည်ရတုန်းက သွားခဲ့ကြတာပါ။ သွားခဲ့တာ ၄လကျော်လောက်တော့ ရှိပြီပေါ့။ အဲ့တုန်းက ရန်ကုန်ကနေ Qartar Airways နဲ့ ကာတာနိုင်ငံတစ်ဆင့်ခံပြီး ဂရိနိုင်ငံ အေသင်မြို့ကိုတန်းသွားခဲ့တာ။ အရင်က ဂရိမှာ တစ်ပတ်လောက်နေမလို့ စိတ်ကူးရှိခဲ့ပေမဲ့ အရေးကြီးကိစ္စတစ်ခုပေါ်လာလို့ ရက်တွေရွှေ့ရင်း ၃ညအိပ်ပဲအချိန်ရခဲ့တယ်။ အေသင်ကို ညဘက်ရောက်သွားတော့ အေသင်မှာ ၂ညအိပ်ပြီး ဆန်တိုရီနီကိုတော့ နောက်တစ်နေ့ မနက်စောစော လေယာဉ်နဲ့ ထွက်ခဲ့ကြတယ်။ အေသင်ကနေ ဆန်တိုရီနီကို ပြည်တွင်းလေကြောင်းလိုင်းဖြစ်တဲ့ Agean Airlines နဲ့ သွားခဲ့ပြီး ၄၅မိနစ်သာကြာပါတယ်။

အေသင်ကနေ ဆန်တိုရီနီကို ရေလမ်းကနေ Speed Boat တွေ၊ သင်္ဘောတွေနဲ့ သွားလည်းရပေမဲ့ ၄နာရီကနေ ၈နာရီကြားကြာတယ်ဆိုတော့ အချိန်တော်တော်ကုန်မယ်ပေါ့။ ရေကြောင်းနဲ့ သွားမယ်ဆိုရင် အေသင်မြို့နားရှိ Piraeus ဆိုတဲ့ ဆိပ်ကမ်းကနေ ဆန်တိုရီနီကျွန်းကို သင်္ဘော တစ်နေ့ လေးကြိမ်လောက်ပြေးဆွဲပါတယ်။ သင်္ဘောတွေမှာ ရိုးရိုးပုံမှန်နဲ့ High-speed သဘောၤဆိုပြီးရှိပါတယ်။ Blue Star Ferries (35 -40 euro) က ၈နာရီကြာပြီး နည်းနည်းပိုမြန်တဲ့ Hellenic Seaways က ၆နာရီကြာကာ အမြန်ဆုံးဖြစ်တဲ့ SeaJets (70-75 euro) က ၅နာရီပဲကြာပေမဲ့ အရမ်းမြန်တဲ့ High Speed Boat ဖြစ်တာကြောင့် သင်္ဘောမူးတတ်ပါတယ်။

ဆန်တိုရီနီကျွန်းမှာ တစ်ရက်ပဲ အပြည့်လည်ပြီး နောက်နေ့မှာ တခြားနိုင်ငံ ကူးလိုက်ရတော့ ခရီးစဉ်က တော်တော်လေးကို Rush ဖြစ်သွားတယ်လို့ ပြောရမယ်။ တခြား Austria နိုင်ငံ မှာ Hotel အခန်းခတွေ ပိုက်ဆံရှင်းပြီး ဖြစ်နေတော့ အရင်ဆွဲထားတဲ့ ခရီးစဉ်အတိုင်းပဲ ဆက်သွားလိုက်ရတော့ ဂရိမှာ ရက်တော်တော်နည်းသွားတယ်။ တကယ်တမ်း ဂရိမှာ လည်စရာတွေ အများကြီး။ ဓာတ်ပုံရိုက်စရာနေရာတွေ ပေါမှပေါ။ သူ့တစ်နိုင်ငံထဲ တစ်ပတ်-၁၀ရက် အေးအေးဆေးဆေးလည်လို့ရပါတယ်။

Snapseed-75

#ဘယ်မှာတည်းမလဲ

ဆန်တိုရီနီက တကယ်တမ်းတော့ ကျွန်းသေးသေးလေးပါ။ စတုရန်းမိုင်၄၈မိုင်သာကျယ်တဲ့ ဆန်တိုရီနီကျွန်းမကြီးကသေးငယ်လို့ ကျွန်းပေါ်မှာရှိတဲ့ မြို့ရွာလေးတွေက တစ်ခုနဲ့ တစ်ခု နီးနီးလေးတွေပါ။ တောင်နဲ့မြောက်ကားနဲ့ သွားမယ်ဆိုရင်တောင် ၁နာရီမကြာလောက်ဘူး။ ကျွန်းပေါ်ရှိ လေဆိပ်နားက Fira(ဖဲရာ) မြို့က ကျွန်းရဲ့မြို့တော်ဖြစ်ပေမဲ့ ရွာကြီးဖြစ်တဲ့ Oia (အီးယာ)ကရှုခင်းအရမ်းလှလို့ အကျော်ကြားဆုံးပါ။ ပုံတွေမှာမြင်နေကြရှုခင်းတွေက Oiaမှာရိုက်ထားတာတွေပါ။ Oia ဘက်ကတော့ ဟိုတယ်တွေက ရှယ်ပဲပေါ့။ မီးတောင်ဘက်ကို မျက်နှာပြုထားတဲ့ ကျောက်ဆောင်ကြီးတွေမှာ ဟိုတယ်တွေ စားသောက်ဆိုင်တွေ ဆောက်ထားကြတာ။ ဟိုတယ်တွေဆို Private Pool တွေ Jaccuzzi တွေနဲ့ အမိုက်စား။ မကောင်းတာက ချောက်ကမ်းပါးဘက်က ဟိုတယ်တွေဆီရောက်ဖို့ လှေကားထစ်တွေ တက်ရ၊ အထုပ်တွေ သယ်ရတယ်။ ဈေးကလည်း တခြားနေရာတွေထက် ပိုဈေးကြီးတယ်။

နုမြတ်တို့ကတော့ ဈေးပိုသက်သာပြီး အေးအေးချမ်းချမ်းရှိတဲ့ Fira မြို့မှာတည်းခဲ့ကြပါတယ်။ အဲ့က ဟိုတယ်လေးတွေက ချစ်စရာလေးတွေ။ အိမ်သေးသေးလေးတွေလိုပဲ။ သုံးထားတဲ့ အရောင်လေးတွေကလည်း နူးနူးညံ့ညံ့လေးတွေ။ ပြီးတော့ Fira က မြို့ကြီးဆိုတော့ မြို့ထဲမှာ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ စည်စည်ကားကားရှိလှတယ်။ Fira နားက Imerovigli ဆိုတဲ့ ရွာလေးမှာလည်း ဟိုတယ်တွေလှလို့ တည်းကြတယ်တယ်။ ကမ်းခြေဘက်အခြမ်းက ဟိုတယ်တွေကတော့ စည်ကားသလို၊ ဈေးပိုသက်သာပြီး ကမ်းခြေအရသာကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ဆန်တိုရီနီကျွန်းမှာပဲရနိုင်တဲ့ ခံစားချက်မျိုးရဖို့ ချောက်ကမ်းပါးဘက်မှာ တည်းသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ကျောက်ဂူတွေထဲမှာတည်းနေရသလို ခံစားနိုင်တဲ့ Cave House လေးတွေကိုလည်း ရွေးချယ်သင့်ပါတယ်။

Snapseed-7

#ဘယ်လိုလည်မလဲ

အဲ့မှာက လည်ရပတ်ရတာ အရမ်းလွယ်တယ်။ ကားလိုင်စင်ပါရင် ကိုယ်တိုင်တောင် ကားမောင်းလျှောက်လည်လို့ရတယ်။ International လိုင်စင်ဆိုရင် ဌားလို့ရတာ သေချာသပေါ့။ နုမြတ်မေးကြည့်တဲ့ကောင်တာမှာတော့ မြန်မာလိုင်စင်နဲ့လည်းရတယ်တဲ့။ ဒါပေမဲ့ ဘာလိုင်စင်မှ မပါတော့ မမောင်းလိုက်ရဘူး။ ကားသေးလေးတွေဆိုရင် တစ်စီးကို တစ်ရက်ကို ၅၀ယူရို လောက်က စပြီး ဈေးအမျိုးမျိုးရှိပါတယ်။ ဓာတ်ဆီကတော့ ကိုယ်ထည့်ရပါတယ်။ ကားဌားမယ်ဆိုရင် ခပ်သေးသေးပဲဌားပါ။ ဘာလို့လည်းဆိုတော့ ကျွန်းလေးက သေးပြီး လမ်းလေးတွေကလည်း ခပ်ကျဉ်းကျဉ်းလေးတွေမို့လို့ပါ။ Honeymooner တွေအနေနဲ့ အမိုးပွင့်ကားလှလှလေးငှား။ အချစ်သီချင်းလေးတွေဖွင့်။ ကဗျာဆန်လှတဲ့ ရှုခင်းလေးတွေကြားက လမ်းကျဉ်းကျဉ်းလေးတွေမှာ နှစ်ယောက်ထဲ ကားလျှောက်မောင်းရတာ တကယ်ကို Romantic ဖြစ်နေမှာပါ။

ကားခဈေးကြီးရင် အမိုးပွင့် ATV ယာဉ်တွေ တစ်ယောက်ချင်းစီ ဌားစီးလည်းရပါတယ်။ တချို့ဆို လမ်းလျှောက်သွားကြတယ်။ ရွာလေးတွေက သာယာလို့ ဘေးပတ်ဝန်းကျင်အိမ်လေးတွေလှလို့ လမ်းလျှောက်လေ့ရှိကြတယ်။ ကျွန်းပေါ်ပြေးဆွဲနေတဲ့ ဘတ်စ်ကားနဲ့ Taxi တွေလည်း ရှိပါတယ်။

IMG-6486

#ဘာတွေလုပ်ခဲ့လဲ

ဆန်တိုရီနီရောက်ရောက်ချင်းမနက်မှာ ဟိုတယ်အထုပ်ချပြီး လည်တော့တာပါပဲ။ မလည်လို့လည်း မရဘူး။ တစ်ရက်ပဲရှိတာဆိုတော့လေ။

Vocalno Tour

ဆန်တိုရီနီရဲ့ မီးတောင်ကြီးက ထူးခြားသလို မီးတောင်ရှင်ကြီးလည်း ဖြစ်နေတော့ မီးတောင် ခရီးစဉ်တိုးတွေ နေရာတကာမှာ အလွယ်တကူဝယ်လို့ရတယ်။ နုမြတ်တို့ရောက်တဲ့အချိန်နဲ့ မီးတောင်တိုးထွက်တဲ့ အချိန် အဆင်ပြေတော့ ဝယ်လိုက်ကြတယ်။ မီးတောင်၊ ပင်လယ်ရေပူစမ်း၊ Thirassia ရွာနဲ့ Oia ရွာမှာ နေဝင်ချိန်ကြည့်တာအပါ စုစုပေါင်း ၄၀ယူရိုကျပါတယ်။ မီးတောင်နဲ့ ရေပူစမ်းပဲ သွားမယ်ဆိုရင်တော့ ၂၀ယူရို ဖြစ်ပြီး Thirassia ကျွန်းပါ သွားမယ်ဆိုရင် ၂၆ယူရိုပါ။

Snapseed-76

မီးတောင်တက်မယ်

Fira မြို့မှာ မီးတောင်ဆီသွားတဲ့ အပျော်စီးသင်္ဘောဆိပ်ရှိပါတယ်။ မြို့ပေါ်ကနေ ဆိပ်ကမ်းဆီဆင်းရာမှာ လှေကားထစ်ပေါင်း ၆၀၀ကျော်ရှိပြီး လမ်းလျှောက်မဆင်းချင်ပါက ဆန်တိုရီနီရဲ့ နာမည်ကျော် မြင်းပုလေးတွေ စီးသွားရင်သွား၊ မစီးရင် Cable Car နဲ့ဆင်းလို့ရပါတယ်။ Cable Car မှာလူတွေများပြီး တန်းစီနေရတာရယ်၊ မြင်းပုလေးတွေကို သနားတာရယ်။ လှမ်းကြည့်လိုက်တဲ့အခါ သိပ်မဝေးဘူးထင်တာရယ်၊ လမ်းမှာ ဓာတ်ပုံရိုက်ချင်တာရယ်ကြောင့် လမ်းလျှောက်ပဲ ဆင်းခဲ့ကြပါတယ်။ အဲ့ဒါ သိပ်မှားတဲ့ ဆုံးဖြတ်ချက်လို့ပြောရမယ်။ သိပ်မဝေးဘူးထင်ရပေမဲ့ တကယ်တမ်း လှေကားထစ်ပေါင်း ၆၀၀ကျော်ကို မနည်းဆင်းခဲ့ရတာ။ သင်္ဘောထွက်မယ့်အချိန်ကလည်း ကပ်နေတော့ မပြေးရုံတမယ်ပါပဲ။ လမ်းလျှောက်ဆင်းရတဲ့ လှေကားထစ်နဲ့ မြင်းပုဆင်းတဲ့ လှေကားအတူတူပဲဆိုတော့ လမ်းမှာ မြင်းပု ချေးစော်ကလည်း နံပါသေးတယ်။ မစင်တုံးတွေ တက်မနင်းမိအောင်လည်း ရှောင်ရပါသေးတယ်။ အစမကောင်းဘူးလို့ပြောရမှာပါ။ အဲ့တစ်နေ့လုံး တခြားနေရာတွေမှာလည်း ခြေတိုအောင် တက်ရဆင်းရသေးတယ်လေ။

သင်္ဘောက သစ်သားရွက်သင်္ဘောပါ။ ၂ထပ်သင်္ဘောဖြစ်ပြီး Mini Bar နဲ့အိမ်သာလည်းပါပါတယ်။ သင်္ဘောကို ၁၀မိနစ်လောက်စီးပြီးတဲ့အခါမှာတော့ မီးတောင်အောက်က သင်္ဘောဆိပ်ကို ရောက်ပါတယ်။ မီးတောင်တက်ဖို့ တစ်ယောက်ကို ၂ယူရိုထက်ပေးရပါတယ်။ မီးတောင်ကြီးက ချော်ခဲကြီးတွေနဲ့ ပြည့်နေပြီး ရေပြာပြာအောက်ခံမှာ မီးတောင် မဲမဲ နီနီကြီးကို အနီးကပ်မြင်တွေ့ရတာ အမြင်အရမ်းဆန်းတာပဲ။ မီးတောင်ပေါ်တက်တဲ့လမ်းကလည်း ချော်ခဲတွေကြီးပဲဆိုတော့ မနည်းတက်ရတယ်။ ထိပ်ရောက်တော့မလား ရောက်တော့မလားနဲ့ အသေတက်ရတာပါဆို။ တက်ရင်း ဓာတ်ပုံတွေလည်း ရိုက်ရင်းဆိုတော့ သင်္ဘောတစ်စီးလုံးမှာ ကိုယ်တွေ ညီအစ်မတွေပဲ နောက်ဆုံးပေါ့။ အမတို့ဆို မောလွန်းလို့ မီးတောင်ထိပ်ထိမတက်နိုင်ကြတော့ဘူး။ မီးတောင်ကြီးက အရှင်ဆိုတော့ ပူလည်းပူတာကိုး။ နုမြတ်ကတော့ ကြိုးစားပြီး ထိပ်ထိတက်ကြည့်လိုက်ပါတယ်။ ထိပ်နားမှာ မီးတောင်ချိုင့်ကြီးတစ်ခုရှိပြီး အဲ့ထဲကနေ မီးခိုးငွေ့တွေ ထွက်နေတာကိုလည်း တွေ့ခဲ့ရတယ်။ ခုနေများမီးတောင်ကြီး ထပေါက်လိုက်လို့ကတော့ သေပြီဆရာဆိုပြီး တွေးရင်း ပြုံးစိစိနဲ့ပေါ့။ မီးတောင်ပေါ်ကနေ မြင်တွေ့ရတဲ့ ရှုခင်းတွေကတော့ အရမ်းလှပါတယ်။ ဆန်တိုရီနီ ကျွန်းမကြီးကို ဒီဘက်က လှမ်းမြင်ရတဲ့ ရှုခင်းကလည်း ရှယ်ပါပဲ။ မီးတောင်မှာ သင်္ဘောက ၁နာရီနဲ့ ၁၅မိနစ်ရပ်ပေးပါတယ်။ မီးတောင်တက်မယ် စိတ်ကူးရင် သွားရလာရ လွယ်ကူတဲ့ ဘောင်းဘီနဲ့ Walking Shoes ပဲ ဝတ်ပါ။ ကျန်တာ အဆင်မပြေပါ။ လူကြီးတွေပါရင် မတက်တာ အကောင်းဆုံးပါ။

Snapseed-78

🏝ရေပူစမ်းစိမ်မယ်

မီးတောင်ကနေထွက်လာကြပြီး မီးတောင်အောက်ခြေ ရေပြင်တစ်နေရာမှာ ရေပူစမ်းလို ကွက်ပြီးပူနွေးနေတဲ့ နေရာရှိပါတယ်။ အဲ့မှာ ရေပူစိမ်လို့ရအောင် နာရီဝက်လောက်ရပ်ပေးပါတယ်။ အဲ့နေရာရောက်အောင် သင်္ဘောကနေ ရေကူးပြီး သွားရတယ်။ သင်္ဘောပေါ်ကနေ တစ်ယောက်ပြီး တစ်ယောက် တစ်ဗွမ်းဗွမ်းနဲ့ ရေထဲ ခုန်ဆင်းကြတာ ပျော်ဖို့ကောင်းမှကောင်း။ နုမြတ်တို့ကတော့ ပွဲကြည့်ပရိသတ်ပေါ့။ ရေကူးဝတ်စုံလည်း ပါမလာ။ ပင်လယ်ထဲ ရေကူးရမှာလည်း မရဲတော့ သင်္ဘောပေါ်ကနေပဲ ဆင်းသွားသူတွေကို အားပေးခဲ့ပါတယ်။

IMG_7274

🏘Thirasia ရွာ သွားလည်မယ်

ရေပူစမ်းပြီးတော့ နောက်တစ်ကျွန်းကို ဆက်ကူးခဲ့ကြတယ်။ အဲ့ကျွန်းက ရွာလေးက အေးအေးချမ်းချမ်းရှိပြီး တောင်ပေါ်ရွာလေးရဲ့ အိမ်လေးတွေက တကယ့်ရှေးဟောင်းဂရိအိမ်လေးတွေတဲ့။ တက်ရဆင်းရတာ များလို့ တောင်ပေါ်တက်မကြည့်တော့ဘဲ ကမ်းခြေက စားသောက်ဆိုင်မှာပဲ အေးအေးလူလူ Lunch စားလိုက်ကြတယ်။ အဲ့နားက အိမ်လေးတွေလှလို့ သေချာကြည့်လိုက်တော့ လှေတွေထည့်ထားရာ လှေဂိုဒေါင်တွေ ဖြစ်နေတယ်။ လှေဂိုဒေါင်ကိုတောင် လှတပတလေးတွေ လုပ်ထားတတ်ကြတယ်။ တကယ်ပါပဲ။

🌄Oia မှာ Sunset ကြည့်မယ်

ကျွန်းလေးမှာ အေးအေးဆေးဆေးအနားယူပြီးနောက် တစ်ဖက်ကမ်းမှာ ရှိတဲ့ Oia ရွာကို လိုက်ပို့ပေးတယ်။ ရွာသာပြောတယ်။ Santorini ကျွန်းမှာ အစည်ကားဆုံးနေရာပါပဲ။ ကျွန်းပေါ် ပုံတွေမှာမြင်နေကြရှုခင်းတွေက Oiaမှာရိုက်ထားတာတွေပါ။ သင်္ဘောဆိပ်ကနေ အပေါ်ရောက်ဖို့တော့ မနည်းတက်ခဲ့ရတယ်။ ဒီမှာကျလမ်းလျှောက်တက်မှပဲရမှာ။ တခြားနည်းလမ်းမရှိဘူး။ ဒါကြောင့် လူကြီးတွေပါရင် မီးတောင်Tour မသွားသင့်ဘူးလို့ အကြံပေးချင်တယ်။ နုမြတ်တို့ကတော့ နည်းနည်းတက်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ဆိုတော့ အချိန်တော်တော်ကုန်သွားတယ်။

အပေါ်မှာတော့ လူတွေ အရမ်းစည်ကားပြီး ဟိုတယ်လေးတွေ ဆိုင်လေးတွေ အစီအရီနဲ့ အရမ်းလှတာပဲ။ ခရီးသည်အလာဆုံးနေရာဖြစ်လို့ တစ်ရွာလုံးနီးပါးက ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ဈေးဆိုင်ခန်းတွေနဲ့ ပြည့်နေတာပါ။ အမိုးပြာပြာအခုံးလေးတွေနဲ့ Churchကျောင်းတွေကိုလည်း Oia မှာတွေ့မြင်ရမှာပါ။ အပြာရောင်အမိုးခုံး သုံးခုနဲ့ Church ကျောင်းကတော့ ဆန်တိုရီနီရဲ့ အဓိက အမှတ်အသားမို့လို့ အဲ့မှာ ဓာတ်ပုံရိုက်ဖို့ မမေ့ပါနဲ့။ ရွာကနေလှမ်းမြင်ရတဲ့ ရေပြာပြာထဲက မီးတောင်ရှုခင်းတွေ၊ နေဝင်ချိန်ရှုခင်းတွေ သိပ်လှပါတယ်။ နေဝင်ချိန်ကြည့်ဖို့ဆိုရင် Oia ရဲတိုက်ဟောင်းကြီးပေါ်တက်ပြီး ကြည့်ပါ။ သိပ်လှပါတယ်။ ပင်လယ်ထဲထိုးထွက်နေလို့ အိမ်တွေဘက်အခြမ်းကို နေဝင်ဆည်းဆာနေရောင်လေးခနေတာ သိပ်ကြည့်ကောင်းပါတယ်။ နေဝင်ပျိုးစအချိန်မှာ မီးစထွန်းလာကြတဲ့အခါမှာလည်း သိပ်လှတာပါပဲ။ နေဘယ်အချိန်ဝင်မလဲဆိုတာကို အင်တာနက်ထဲရှာကြည့်ပါ။ မဟုတ်ရင် အကြာကြီး ငုတ်တုတ်ထိုင်စောင့်နေရမှာပါ။ နုမြတ်တို့တုန်းက ဆို ည၈နာရီလောက်မှ နေဝင်ပါတယ်။

Snapseed-47

🏖ကမ်းခြေသွားမယ်

ကျွန်းဆိုတော့ ကမ်းခြေလည်း ရှိတာပေါ့။ မီးတောင်ပေါက်ကွဲထားလို့ တခြားကျွန်းတွေနဲ့မတူတမူထူးပြီး ချော်ရည်တွေကြောင့် ကမ်းခြေတွေမှာ သဲမည်းကမ်းခြေ၊ သဲနီကမ်းခြေ၊ သဲဖြူကမ်းခြေဆိုပြီး အမျိုးမျိုးရှိနေတာပါ။ Red Sand Beach သဲနီကမ်းခြေက ကျောက်တောင်နီနီ၊ သဲနီနီ၊ ရေစိမ်းစိမ်းလေးနဲ့ အမြင်ဆန်းပါတယ်။ Black Sand Beach လို့ခေါ်တဲ့ Kamari Beach (Perissa Beach) သဲမည်းကမ်းခြေကို နောက်တစ်နေ့မနက်မှာ သွားဖြစ်ခဲ့တယ်။ သဲထက်စာရင် ချော်ခဲတွေ ပြည့်နေတဲ့ ကမ်းခြေလို့ပဲ ပြောရမှာပါ။ သဲသောင်ပြင်ပေါ်မှာ ပက်လက်ကုလားထိုင်တွေနဲ့ထိုင်ကြည့်ရတဲ့ လဟာပြင်ရုပ်ရှင်ရုံလည်းရှိတယ်လို့ သိရတယ်။

🚤Cruise စီးမယ်

ပင်လယ်ထဲမှာ ရွက်လှေစီးတာတို့၊ Cruise စီးတာတို့လုပ်ပြီး အေးအေးဆေးဆေး အနားယူနိုင်ပါသေးတယ်။ကိုယ်ချစ်တဲ့သူနဲ့အတူတူ ရွက်လှေပေါ်မှာ နေဝင်ချိန်ကြည့်ရင်း ဝိုင်လေးသောက်ရင်း ဘယ်လောက်တောင် ကဗျာဆန်လိုက်မလဲနော်။

🍷Wine Tour

ဆန်တိုရီနီဟာ ဥရောပရှိ၂ခုတည်းသော ပူအိုက်တဲ့ကန္တာရလိုရာသီဥတုရှိရာဒေသထဲက တစ်ခုဖြစ်ပါတယ်။ ရာသီဥတုခြောက်သွေ့နွေးထွေးလို့ ဝိုင်ချက်လုပ်ရာမှာအောင်မြင်ပြီး ဆန်တိုရီနီဝိုင်က ကမ္ဘာကျော်ပါတယ်။ ရေထက်ဝိုင်ပိုပေါတဲ့ ဆန်တိုရီနီမှာ ဝိုင်လိုက်မြည်းစမ်းနိုင်တဲ့ Tour လည်းရှိပါတယ်။

🏛History Tour

ပလေတိုရဲ့ဒဏ္ဏာရီတစ်ခုဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း၉၅၀၀ကျော်က ရေအောက်ကမ္ဘာထဲ ပျောက်ဆုံးသွားတဲ့ အတ္တလန္တိတ်မြို့တော်ကြီးဟာ ဆန်တိုရီနီကျွန်းမှာရှိခဲ့တယ်လို ယူဆနေကြပါတယ်။ မီးတောင်ကြောင့် မြုပ်သွားတဲ့ထဲမှာ အတ္တလန္တိတ်မြို့တော်ကြီးလည်းပါပြီး လက်ရှိ ဆန်တိုရီနီကျွန်းကြီးပေါ်မှာ ကျန်ရှိနေတဲ့ Akrotoni မြို့ပျက်ကြီးက အဲ့ဒီမြို့ကြီးနဲ့ဆက်စပ်နေပါတယ်လို့ ယူဆနေကြပါတယ်။ အဲ့မြိုကပျက်ကြီးဆီလည်း သွားလေ့လာလို့ရပါတယ်။

ရွာသွားလည်မယ်

ကျွန်းသူကျွန်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှုလေ့လာချင်ရင်တော့ Pyrgos ရွာလေးကိုသွားရပါမယ်။ ရွာလေးက အေးအေးဆေးဆေးရှိပြီး လူရှင်းကာ သူတို့ရဲ့ လူနေမှုဘဝတစ်စိတ်တစ်ပိုင်းကို တွေ့မြင်နိုင်မှာပါ။ ကျွန်းအလည်ပိုင်း တောင်ကုန်းလေးပေါ်မှာရှိတဲ့ ဂရိရှေးဟောင်းရွာလေးပါ။

ဒီလောက်ဆိုရင်တော့ ဆန်တိုရီနီအကြောင်း တစေ့တစောင်း သိလောက်ပြီထင်ပါတယ်။ Santorini သွားမယ်ဆိုရင် May လကနေ September လအထိက နွေရာသီဖြစ်ပြီး နေသာတဲ့ရာသီဥတုရှိလို့ သွားလို့အကောင်းဆုံးကာလတွေပါ။ အဲ့ရာသီမှာ ဧည့်လာများပါတယ်။ ဂရိမှာ ဆန်တိုရီနီကျွန်းအပြင် Descendents of the sun ရုပ်ရှင်ကားရိုက်တဲ့ သင်္ဘောပျက်ကြီးရှိတဲ့ Zakynthosကျွန်း၊ အရမ်းလှပြီး Party Island လို့ခေါ်တဲ့ Mykonos ကျွန်းတို့ကိုလည်း သွားလည်နိုင်ပါတယ်။ နောက်ပြီး မြို့တော် အေသင်ကလည်း မရောက်မဖြစ်ပေါ့။ ရှေးဟောင်းဂရိသမိုင်းတွေ၊ ဂရိနတ်ဘုရားတွေနဲ့ ဆက်စပ်နေတဲ့ နေရာဖြစ်လို့ စိတ်ဝင်စားစရာပါ။ ဆန်တိုရီနီသွားရင်းနဲ့ တလက်စတည်း ဂရိနိုင်ငံက တခြားမြို့တွေပါ သွားလည်မယ်ဆိုရင် တစ်ပတ် ၁၀ရက်လောက်အချိန်ပေးမှ အဆင်ပြေမှာပါ။ ဂရိခရီးစဉ်ဟာ ကြင်စဦးဇနီးမောင်နှံတွေအတွက် တကယ်ကို ခံစားမှုရသအမျိုးမျိုးပေးစွမ်းနိုင်မှာ သေချာပါတယ်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

မြန်မာပြည်တောင်ဘက်စွန်း မြိတ်ကျွန်းစုမှ နေသာသာ ရေပြာပြာ နေ့ရက်များ (Sunny days in Southernmost Part of Myanmar)

“မြန်မာပြည်တောင်ဘက်စွန်း

မြိတ်ကျွန်းစုမှ
နေသာသာ ရေပြာပြာ နေ့ရက်များ”

20161125_130117_017_mix01-01
Jumping on Satan Island

🌞မြန်မာပြည်ထဲမှာ အရမ်းလှတဲ့ ရေအောက်ရှုခင်းတွေ စရိတ်သက်သက်သာသာနဲ့ ကြည့်ခဲ့တယ် … 🌊စိမ်းပြာရောင်အသည်းပုံလေးဖြစ်နေတဲ့ ကျွန်းလေးထဲက အသည်းပုံပင်လယ်လေးထဲလည်း ရေဝင်ကူးခဲ့တယ်

🌞မြန်မာတောင်ဘက်အကျဆုံး ဘုရင့်နောင်အငူလည်းရောက်ခဲ့တယ် … 🌊ဖြူလွှနူးညံ့နေတဲ့သဲသောင် ကမ်းခြေလှလှလေးမှာလည်း ခုန်ပေါက်ခဲ့တယ် …

ဒီလောက်လှတဲ့ အရာတွေ မြန်မာပြည်တွင်းမှာ ရှိနေတာ ဂုဏ်ယူစရာပါ။ ကော့သောင်းခရီးစဉ်ကလည်း တကယ်ကို ပျော်ဖို့ကောင်းပါတယ်။ အဲ့အတွေ့အကြုံတွေကို ခုလို ဆောင်းပါးလေးရေးပေးထားတယ်နော့… စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ပါကြောင်း…
စာဖတ်ပျင်းသူတွေအတွက် ဆောင်ရန် ရှောင်ရန်နဲ့ သွားမယ့်လမ်းကြောင်းတွေ၊ အချက်အလက် အကျဉ်းချုပ်တွေပါ နောက်ဆုံးမှာ ရေးပေးထားတယ်။

DCIM100MEDIA
Underwater of Kyat Mout Island

🌞ပထမနေ့ (Day 1 )

(ရန်ကုန်-ကော့သောင်း-မလိဝမ်းရေတံခွန်- သဘာဝရေပူစမ်း- သူဌေးကျွန်း)
✈ဘယ်လိုသွားမလဲ
ရန်ကုန်ကနေဆိုရင် ကော့သောင်းကို လေယာဉ်နဲ့ သွားလို့ရပါတယ်။ Air KBZ, MNA စတဲ့ Airline တွေ ပြေးဆွဲလေ့ရှိပါတယ်။ ကျွန်မတို့ကတော့ စီစဉ်တာရက်ကပ်လို့ လက်မှတ်ရတဲ့ Air KBZ နဲ့ သွားဖြစ်ပါတယ်။ မွန်းတည့် ၁၂ထွက်ပြီး ညနေ၃နာရီမှာ ရောက်ပါတယ်။ ကြားမှာ ထားဝယ်နဲ့ မြိတ်တို့မှာ ၂ခါရပ်ပါတယ်။ ၁ခါရပ် ၁၅မိနစ်လောက်သာကြာတာပါ။ ခဏခဏ ရပ်ပေမဲ့ လေယာဉ်တစ်ခါတက်တိုင်း မုန့်နဲ့ အအေးတစ်ခါ ထပ်ကျွေးတော့ မစားနိုင်တော့တဲ့ အထိပါပဲ။
လေယာဉ်ပေါ်က မြင်ရတဲ့ ထားဝယ်ရှူခင်းတွေ မြိတ်ရှူခင်းတွေ ကလည်း သွားလည်ချင်စရာပါ။  ကော့သောင်းနားရောက်လေလေ လေယာဉ်ပေါ်က မြင်ရတဲ့ ရှူခင်းတွေက ပိုပို လှလာလေပါ။ တောင်တွေနားကပ်လာပြီး တောင်တွေ ကျော်လာတဲ့ အခါ မြင်ရတဲ့ ရှူခင်းတွေက အံ့အားသင့်စရာပါ။ စိမ်းပြာရောင်ရေပြင်ကျယ်ကြီးတွေ ကြားက ကျွန်းစုလေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ဆင်းခါနီးလေ ရင်ခုန်လေပါပဲ။
🏡မလိဝမ်းရေတံခွန်နဲ့ ရေပူစမ်း
ကော့သောင်းလေဆိပ်ကို Grand Andaman Hotel က ကားနဲ့လာကြိုပေးပါတယ်။ လေဆိပ်ကနေ မလိဝမ်းကျေးရွာနားရှိ မလိဝမ်းရေတံခွန်ကို တန်းသွားပါတယ်။ မလိဝမ်းကို ကော့သောင်းကနေ ၁နာရီလောက်မောင်းရပါတယ်။ အစီအရီပေါက်နေတဲ့ ရာဘာတောကြီးတွေ၊ ဆီအုန်းပင်ကြီးတွေကို တရိပ်ရိပ် ဖြတ်ကျော်လာပြီးနောက်မှာ ရောက်ပါပြီ။ ရေတံခွန်ဆီ မရောက်မီ ရေတံခွန် အပေါက်နားကနေမြင်ရတဲ့ ကုန်းမြင့်စိမ်းလေးပေါ်က ဘန်ဂလို ဖြူဖြူလေးဆီ သွားတဲ့ လမ်းလေးက လှလွန်းလို့ ဓာတ်ပုံတွေ အပြိုင်အဆိုင် ရိုက်ကြပါရော။ ဂိတ်ဝ၊နားနေလေသာဆောင်၊ စားသောက်ဆိုင်လေးတွေ၊ တံတားလေးတွေ ဖြတ်ကျော်လာပြီးနောက် ရေတံခွန်အောက်ခြေနား ရောက်ပါပြီ။ ရေတံခွန် အသေးလေးတွေ ရှိနေတဲ့ ရေပြင်ထဲ ဘောကွင်းနဲ့ ရေဆော့သူတွေလည်း တွေ့နေရပြီ။ လှေနီနီလေးတွေလည်း စီတန်းထားရဲ့။ ကျွန်မတို့လည်း ဘေးနားက ကျောက်ဆောင်ပေါ်မှာဓာတ်ပုံလေးတွေ ရိုက်ကြ ရေလေးတွေကို လက်နဲ့ဆော့ကြပေါ့။ တကယ့်ရေတံခွန်ကြီးသွားမယ်ဆိုရင် မိနစ်၂၀လောက် တောလမ်းအတိုင်းလျှောက်ရမယ်တဲ့။ အဲ့နေရာက အများကြီး ပိုလှတာ ပုံတွေထဲ မြင်ဖူးပေမဲ့လည်း အချိန်မရှိလို့ မသွားတော့ဘဲ နောက်တစ်နေရာကို ကူးကြရပြန်ပါတယ်။

20161124_162218_mix01-01
Maliwun Waterfall gate

20161124_162358_mix01
Maliwun Waterfall , Myanmar

20161124_163735_mix01
Maliwun Waterfall Myanmar

မလိဝမ်းသဘာဝရေပူစမ်းက ရေတံခွန်နဲ့ ကပ်ရပ်မှာ မဟုတ်ဘဲ အဲ့ရောက်ဖို့ ကားနဲ့ ၁၅မိနစ်လောက်ထပ်သွားရပါတယ်။ ရေပူစမ်းကလည်း အံ့သြစရာပါ။ စက်ဝိုင်းပုံစံ ရေကန်ထဲ စက်ဝိုင်းအလည်ကို ဗဟိုပြုကာ အကန့် ၃ကန့်ခွဲထားပါတယ်။ ၁ကန့်နဲ့ ၁ကန့် ရေအပူချိန်မတူပါဘူး။ 40C 45C 55C ဆိုပြီး အပူချိန်ကွဲနေပါတယ်။ ကျွန်မတို့ကတော့ ခုမှရောက်လို့ 40C မှာသာ ခြေထောက်စိမ်ဖြစ်ပါတယ်။ ခဏတာသာ စိမ်ခဲ့ပေမဲ့ အညောင်းအညာတွေ ပြေသွားတာတော့ အမှန်ပါပဲ။

20161124_171401_mix01
Maliwun natural spring

img_20161124_205922
Rubber Trees near Kaw Thaung

မလိဝမ်းသဘာဝရေပူစမ်းက ရေတံခွန်နဲ့ ကပ်ရပ်မှာ မဟုတ်ဘဲ အဲ့ရောက်ဖို့ ကားနဲ့ ၁၅မိနစ်လောက်ထပ်သွားရပါတယ်။ ရေပူစမ်းကလည်း အံ့သြစရာပါ။ စက်ဝိုင်းပုံစံ ရေကန်ထဲ စက်ဝိုင်းအလည်ကို ဗဟိုပြုကာ အကန့် ၃ကန့်ခွဲထားပါတယ်။ ၁ကန့်နဲ့ ၁ကန့် ရေအပူချိန်မတူပါဘူး။ 40C 45C 55C ဆိုပြီး အပူချိန်ကွဲနေပါတယ်။ ကျွန်မတို့ကတော့ ခုမှရောက်လို့ 40C မှာသာ ခြေထောက်စိမ်ဖြစ်ပါတယ်။ ခဏတာသာ စိမ်ခဲ့ပေမဲ့ အညောင်းအညာတွေ ပြေသွားတာတော့ အမှန်ပါပဲ။

လှေဆိပ်ကနေ ကျွန်းပေါ်အဝင်မှာ လူဝင်မှုကြီးကြပ်ရေးဌာနတွေ့လို့လည်း အံ့သြမိပါရဲ့။ သူဌေးကျွန်းက ထိုင်းနိုင်ငံရနောင်းမြို့နဲ့လည်း နီးတော့ ရနောင်းကလာရင် ၇မိနစ်ထဲမောင်းရပါတယ်။ ထိုင်းတွေ မကြာခဏလာလည်လို့ လူဝင်မှု ကြီးကြပ်ရေးဌာန ထားပေးရတာပါ။ ဟိုတယ်က ထင်ထားတာထက်ပို ခမ်းနား ပိုပြည့်စုံနေတာ အမှန်ပါ။ ပင်လယ်ကိုလှမ်းမြင်ရတဲ့ ရေကူးကန်ကြီးကလည်း ဟိုတယ်ကြီးရဲ့ အလှကို ပံ့ပိုးနေလေရဲ့။ Dinner Buffet ကလည်း ကောင်းမှကောင်း။ ထိုင်းစာကြိုက်တဲ့သူတွေ အတွက်တော့ ရှယ်ပေါ့။ ပင်လယ်စာတွေကို ထိုင်းစတိုင်ချက်ထားတာ ပြန်တွေးရင်တောင် တံတွေးမြိုမိတဲ့အထိ။ ညစာ Buffet က ဘတ် ၃၅၀ပါ။
ဟိုတယ်က ၂ယောက်ခန်းကို ၁ညကို $120 ကနေ $400 ထိ အစားစားရှိပါတယ်တဲ့။
🌞ဒုတိယနေ့ (Day 2 )

(သူဌေးကျွန်း- မြင်းခွာကျွန်း-ကြက်မောက်ကျွန်း-စေတန်ကျွန်း-ဇာဒက်ကြီးကျွန်း )
🛥Speed Boat
ထိုင်းအချိန် မနက် ၉နာရီမှာ ကျွန်းလေးကျွန်းပတ် ထွက်ဖို့ Lobby မှာ လူစုပါတယ်။ ဟိုတယ်မှာ တည်းတဲ့သူတွေရော မတည်းတဲ့ သူတွေပါ သူဌေးကျွန်းလှေဆိပ်မှာ ဆုံပြီး ထွက်ရပါတယ်။ ကျွန်းလေးကျွန်းခရီးစဉ် Package ကို ဒီ Hotel ကပဲစီစဉ်ပြီး လိုက်ပို့ပေးတာမို့လို့ လှေဆိပ်မှာ လိုက်မယ့်သူတော်တော်များပါတယ်။ ကျွန်မတို့ထွက်မယ့်နေ့မှာ အယောက် ၁၀၀လောက်ရှိပါတယ်။ Speed Boat တွေ ၃စီး ခွဲပြီး သွားရပါတယ်။ ကျွန်းသွားတဲ့ Package ကို ဘတ် ၃၉၀၀ (ကျပ်၁သိန်းခွဲနီးပါး) နဲ့ ရောင်းပြီး ကျွန်းပေါ်က နေ့လည်စာ၊  ဟိုတယ်က ညစာ Buffet ရယ်၊ ဟိုတယ်ပြန်ရောက်တဲ့အခါ ရေကူးကန်သုံးခွင့် Sauna သုံးခွင့်တွေပါပါပါတယ်။ Speed Boat ခရော၊ Snorkeling လုပ်တဲ့အခါ အသုံးပြုတဲံ ရေအောက်ကြည့်မျက်မှန်၊ Life Jacket၊ နည်းပြ၊ ရေ၊ အအေး၊ သစ်သီး Facility အစုံပေးထားပါတယ်။ Speed Boat မှာ အိမ်သာလည်းပါလို့ အတော်အဆင်ပြေပါတယ်။

20161125_091022_mix01
Speed boat to go islands

အရင်ဆုံးသွားမယ့်ကျွန်းတွေနဲ့ ခရီးစဉ်ကို ဂိုက်က မြေပုံနဲ့ တကွ ရှင်းပြပေးပါတယ်။ သူဌေးကျွန်းကနေ အဲ့ကျွန်းတွေရောက်ဖို့ ၁နာရီလောက် မောင်းရပေမဲ့ အဲ့ကျွန်းတွေက တစ်ကျွန်းနဲ့ တစ်ကျွန်း Speed boat နဲ့ ၁၀မိနစ်လောက်သာ သွားရတာပါ။ အရင်ဆုံး စေတန်ကျွန်းမှာ ကပ်ပြီး Lunch စားဖို့ အတွက် ပြင်ဆင်ဖို့ ယူလာတဲ့ အစားအစာတွေ အရင်ချပါတယ်။ ပင်လယ်ကနေ လှမ်းမြင်ရတဲ့ ကမ်းခြေရှုခင်းက အတော်လေးလှပါတယ်။ ပြာလဲ့နေတဲ့ကောင်းကင်ပြင်ကြီး နောက်ခံမှာ စိမ်းညှို့နေတဲ့ တောအုပ်လေးရယ် သူ့ရှေ့မှာ ဖြူလွှလွှသဲသောင်ပြင်ရယ် စိမ်းပြာရောင် ကြည်လင်လှတဲ့ ပင်လယ်ကြီးရယ်နဲ့ လှချင်တိုင်းကို လှနေတာပါ။ စေတန်ကျွန်းလေးက ခုပဲ ပြေးဆင်းချင်လာအောင် ဆွဲဆောင်နေပေမဲ့ အရင်ဆုံး တခြားကျွန်းတွေမှာ Snorkeling လုပ်မယ်ဆိုတော့ ဆန္ဒတွေ ပြန်မျိုချခဲ့ရပါတယ်။

🏞မြင်းခွာကျွန်း
ပထမဆုံးသွားတာက မြင်းခွာကျွန်းပါ။ အဲ့ကျွန်းကမ်းခြေက မြင်းခွာပုံ ရှိနေလို့ မြင်းခွာကျွန်းလို့ ခေါ်တာပါတဲ့။ အဲ့ကျွန်းမှာ ကမ်းခြေဆီ မကပ်ပဲ ကျွန်းနားက ရေထဲ Snorkeling လုပ်ကာ ငါးကြည့်ဖို့ ရပ်ပေးပါတယ်။ ရေထဲမဆင်းမီ Snorkeling ရေအောက်ငါးကြည့်မျက်မှန်တပ်နည်း၊ ပါးစပ်နဲ့ အသက်ရှူနည်းတွေ သေချာသင်ပေးပါတယ်။ စစချင်းတော့ ခက်သလိုရှိပေမဲ့ အကျင့်ရှိသွားရင် ရှူရတာ လွယ်လွယ်လေးပါ။

received_1106252092762692_mix01
Horse shoe island

ရေမကူးတတ်သူတွေဆိုလည်း မပူပါနဲ့။ ဂိုက်က ရေကူးရေငုပ် ကျွမ်းကျင်ပြီး အသက်ကယ်အင်္ကျီအပို၂စုံလောက်ချပေးထားလို့ အဲ့ဒါကို ကိုင်ပြီး ရေပေါ်ပေါ်ကာ အသာလေး လိုက်သွားရုံပါပဲ။ ဂိုက်ကရေအောက် သန္တာကျောက်တန်းတွေ လှတဲ့ ဘက်ကို အုပ်စုလိုက် ဆွဲခေါ်သွားပေးတော့ ရေအောက် ရှူခင်းတွေ ကြည့်ပြီး အသာအယာ လိုက်ရုံလေးပါပဲ။ စစချင်းရေထဲဆင်းရင်တော့ ကြောက်လိမ့်မယ်။ ကိုယ့်အောက်က ကြမ်းပြင်ကြီးက အနက်ကြီးကိုး။ ရေတွေကလည်း ကြည်နေတော့ အောက်ထိ တိုးလျှိုပေါက် မြင်နေရတာ ရင်ထိတ်စရာပါ။ အဲ့ ကြောက်စိတ်လေးတွေ ဖျောက်နိုင်ရင်ရပြီ။ တချို့ဆို ဆင်းဆင်းချင်း တအားကြောက်ပြီး Speed Boat ပေါ် ပြန်တက်သွားတော့ ရေအောက်အလှတွေ မကြည့်ရတော့ဘူးပေါ့။ မတန်ဘူးပေါ့။ ဒါကြောင့် ခဏတာဖြစ်ပေါ်လာတဲ့  ကြောက်စိတ်လေးတွေ ဖျောက်ပြီး ပျော်ပျော်ကြီး လိုက်သွားကြပါလို့။ ရေမကူးတတ်တဲ့ သူတွေတောင် Snorkeling အရသာတော်တော်တွေ့သွားကြတယ်လေ။

screenshot_20161125-155804_mix01-01
Us underwater of Andaman Sea

ရေမကူးတတ်သူတွေဆိုလည်း မပူပါနဲ့။ ဂိုက်က ရေကူးရေငုပ် ကျွမ်းကျင်ပြီး အသက်ကယ်အင်္ကျီအပို၂စုံလောက်ချပေးထားလို့ အဲ့ဒါကို ကိုင်ပြီး ရေပေါ်ပေါ်ကာ အသာလေး လိုက်သွားရုံပါပဲ။ ဂိုက်ကရေအောက် သန္တာကျောက်တန်းတွေ လှတဲ့ ဘက်ကို အုပ်စုလိုက် ဆွဲခေါ်သွားပေးတော့ ရေအောက် ရှူခင်းတွေ ကြည့်ပြီး အသာအယာ လိုက်ရုံလေးပါပဲ။ စစချင်းရေထဲဆင်းရင်တော့ ကြောက်လိမ့်မယ်။ ကိုယ့်အောက်က ကြမ်းပြင်ကြီးက အနက်ကြီးကိုး။ ရေတွေကလည်း ကြည်နေတော့ အောက်ထိ တိုးလျှိုပေါက် မြင်နေရတာ ရင်ထိတ်စရာပါ။ အဲ့ ကြောက်စိတ်လေးတွေ ဖျောက်နိုင်ရင်ရပြီ။ တချို့ဆို ဆင်းဆင်းချင်း တအားကြောက်ပြီး Speed Boat ပေါ် ပြန်တက်သွားတော့ ရေအောက်အလှတွေ မကြည့်ရတော့ဘူးပေါ့။ မတန်ဘူးပေါ့။ ဒါကြောင့် ခဏတာဖြစ်ပေါ်လာတဲ့  ကြောက်စိတ်လေးတွေ ဖျောက်ပြီး ပျော်ပျော်ကြီး လိုက်သွားကြပါလို့။ ရေမကူးတတ်တဲ့ သူတွေတောင် Snorkeling အရသာတော်တော်တွေ့သွားကြတယ်လေ။

image-0-02-06-ac5133975a0c8c8c5d5f95ab4550ce6d306ea89aeb60a86548baded5dd6bb6a0-v_mix01
Heart shaped Island, Cock Island ကြက်မောက်ကျွန်း Myanmar Andaman Sea

ကျွန်းမှာ ကမ်းမရှိဘူး။ ကျွန်းလယ်က အသည်းပုံထဲ ရောက်ဖို့ ရေကျချိန်မှာ ကျောက်ဆောင်အောက် ကျောက်ဆောင်အောက်ကနေ ဝင်ရပါတယ်။ Speed Boat ကနေ ကျွန်းလယ်ထဲထိ ကြိုးဆွဲပေးထားလို့ ကြိုးကိုင်ပြီး သွားရတာလွယ်တယ်။ ရေကြောက်လို့ တခြားနေရာမှာ မဆင်းရဲရင်တောင် ဒီကျွန်းမှာတော့ ဆင်းကြည့်သင့်ပါတယ်။ ရေအောက်က သိပ်မနက်ဘူး။ အသည်းပုံထဲ တချို့နေရာတွေဆို အရပ်မြင့်သူတွေ ခြေဖျားထောက်လို့တောင်ရတယ်။ ချစ်သူ၂ဦးတူတူလာရင် တစ်သက်မကွဲဘူးတဲ့လေ။ Honeymoon ခရီးစဉ်မှာ အသည်းပုံကျျွန်းလေးဆီသွားရင် Very Romantic ပေါ့။ စိတ်ကူးယဉ်ကြည့်တာပါ 😀

received_1275602462535793_mix01_mix01-01
Going inside the heart

🏖စေတန်ကျွန်း
ကျွန်းတွေမှာ ရေငုပ် ငါးကြည့်ပြီးတော့ ဗိုက်တော်တော်ဆာနေပါပြီ။ စေတန်ကျွန်း Dunkin Island မှာ ကြိုဆင်းနေတဲ့အဖွဲ့က ထမင်းစားဖို့ အသင့်ပြင်ထားပေးတယ်။ အဲ့ ကျွန်းမှာ လူမနေတော့ အားလုံးက သဘာဝဆန်ဆန် အရိုင်းဆန်ဆန်လှနေတာ။ အမှိုက်တွေ ဆိုလည်း ဘာဆိုဘာမှမရှိ။ သန့်နေတာပဲ။ Grand Andaman ရဲ့ ဂရုတစိုက် ထိန်းသိမ်းမှုကြောင့်လည်းပါမယ်။ နောက်ပိုင်းမှာ အဲ့ကျွန်းမှာ Tent ထိုးပြီး အိပ်လို့ရအောင် စီစဉ်နေတယ်ဆိုပဲ။

အဲ့ကျွန်းမှာ အထူးခြားဆုံးကတော့ သဲသောင်ပြင်လေးပါ။ Speed Boat ပေါ်က ဆင်းဆင်းခြင်း သိသိသာသာကြီးကို သဲတွေ က အိစက်နေတာပါ။ တကယ်ကို မွမွလေးတွေ။ ပြောရမယ်ဆိုရင် ကရေကရာမုန့်က အမှုန်လေးတွေလို နူးနူးညံ့ညံ့လေး။ စားချင်စိတ်တောင်ပေါက်တယ်။ တကယ်။ 😛

20161125_140341_mix01-01
soft white sand of Dunkin Island Myanmar

20161125_130117_017_mix01-01
Happy Jump on Dunkin Island or Satan Island

သဲလေးတွေ မွမွလေးတွေဆိုတော့ ကလေးတွေလို ခုန်ပေါက်ချင်ပြီပေါ့။ ကျွန်မတို့ အရွယ်တွေတင် မဟုတ် အတူပါလာတဲ့ ၆၀ကျော် အရွယ် ဖေဖေတို့မေမေတို့ Uncle တို့စုံတွဲတာင် ခုန်ပေါက်ပြီး ဓာတ်ပုံတွေ အရိုက်ခံနေကြတာ တကယ် လူငယ်လေးတွေလိုပဲ။ သူတို့ကိုကြည့်ပြီး အပျော်တွေတောင်ကူးစက်မိတယ်။ တကယ်။ 😀
စေတန်ကျွန်းမှာ ကျောက်ဆောင်လေးတွေကလည်းလှ၊ သစ်ပင်တွေမှာ ဒန်းလေးတွေလည်း လုပ်ပေးထားတော့ ကျွန်မတို့လို ပဲမမတွေ အကြိုက်ပေါ့လေ

20161125_134736_mix01-01-01
Swing like an islander

img1480156513229-01
rocks on Dunkin Island

🏞ဇာဒက်ကြီးကျွန်း
ဒီကျွန်းကတော့ နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ဆိုသလို ရေအောက်ရှုခင်းတွေ အလှဆုံးပါတဲ့။ ညွှန်းသလောက် တကယ်လည်း လှပါရဲ့။ ကျောက်ခတ်တွေ သန္တာကျောက်တန်းတွေဆို ကိုယ်နဲ့ နီးနီးလေးလိုပဲ။ ရင်သက်ရှုမော စရာပါ။

ဟိုတယ်ကို ပြန်ရောက်တော့ ညနေစောင်းပြီ။ ဟိုတယ်မှာ မတည်းတဲ့ သူတွေ ကိုပါ ကျွန်းခရီးစဉ်လိုက်ရင် ရေကူးကန်နဲ့ Sauna သုံးခွင့်ပေးထားတော့ အုံးအုံးကြွက်ကြွက်ကို စည်ကားနေတာ။ ရောက်ရောက်ချင်း ပင်လယ်ရေတွေ ဆေးချ ရေချိုးပြီး အညောင်းအညာပြေအောင် Sauna ထဲ ဝင်ထိုင် ပြီးမှ ရေတစ်ခါပြန်ချိုး အဝတ်အစားလဲပြီး ညစာ သွားစားကြတယ်။ Massage လုပ်ချင်ပေမဲ့ လူတွေ များနေတော့ မလုပ်လိုက်ရဘူး။ အဲ့နေ့ကတော့ တကယ်အိပ်လို့ကောင်းတယ်။
🌞Day 3 တတိယနေ့

(Grand Andaman Adventure Club- ကော့သောင်း-ဘုရင့်နောင်အငူ-ပြည်တော်အေးစေတီ-ငါးသုံးလုံးတောင်-ရန်ကုန်)
🏍Adventure Club
ဒီ Grand Andaman Hotel ကို ကြိုက်တဲ့ အချက်နောက်တစ်ချက်က နိုင်ငံခြားမှာလို Adventure တွေမျိုးစုံ လုပ်လို့ရလို့ပါ။ သူဌေးကျွန်းလယ်တောင်ပေါ်က Adventure Club ကို ကားနဲ့တက်သွားလို့ရတယ်။ အဲ့မှာ တာဇံလို အရှိန်နဲ့ ကြိုးခိုပြီး စီးရတဲ့ Zip Line ရှိတယ်။ အမြင့်ကြီးကနေ ဟိုး…မျက်စိတဆုံးအထိ စီးရတာနော်။  သစ်ပင် တစ်ပင်နဲ့ တစ်ပင် ကြိုးတံတားတွေ ဘောကွင်းတွေ ဘားတန်းတွေ နဲ့ အမျိုးမျိုး စွန့်စွန့်စားစား သွားရတာလည်းရှိတယ်။ ကိုယ့်အောက်မှာ တောအုပ်တွေဆိုတော့ ရင်တထိပ်ထိပ်ပေါ့။ ပင်လယ်ပြင်ရှုခင်းနောက်ခံပြီး စွန့်စွန့်စားစားတွေ လုပ်နေရတော့ တာဇံလိုလို၊ ကျွန်းပေါ်သောင်တင်နေသူလိုလို Feeling က တအားမိုက် 😀

img1480158362891-01
Adventure on Tha Htay Island

20161126_110506_mix01-01
Zipline Adventure

ကျွန်းအနှံ့ ဘီးအကြီးကြီးတပ်ထားတဲ့ တောနင်းယာဉ် (ATV) ကိုယ်တိုင်မောင်းလို့လည်းရတယ်။ မမောင်းတတ်ရင် သူတို့လိုက်မောင်းပို့ပေးတယ်။ ATV စီးပြီး View Point မှာ ရပ်ပေးတော့ မြင်ရတဲ့ ရှူခင်းက ရင်သပ်ရှူမောဖွယ်ရာပါ။ ကော့သောင်းမြို့အပြင် ထိုင်းနိုင်ငံဘက်က တောင်တန်းလေးတွေပါ ပြပြလေး လှမ်းမြင်နေရတာ… View Point နားက သစ်ပင်တွေကလည်း ထူးဆန်းတယ်။  သစ်ကုလားအုပ်လို ဖြစ်နေတာ။ Adventure Club မှာ Activities တွေ လုပ်မယ်ဆိုရင်တော့ ဘတ် ၁၅၀၀   (မြန်မာငွေ ၅သောင်းဝန်းကျင်လာက်) ကျပါမယ်။ ကျွန်းပေါ်မှာ Organic စိုက်ခင်းတွေလည်း ရှိပြီး နောက်ဆို Hotel မှာ ကျွေးတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သုံးတဲ့ ဆပ်ပြာတွေ အကုန် ကျွန်းထွက် ပစ္စည်းတွေနဲ့ပဲ Organic လုပ်မှာတဲ့..

20161126_111519-01
Adventure club

20161126_103443_mix01-01
Grand Andaman Viewpoint

🏙ကော့သောင်းမြို့

Hotel မှာပဲ Buffet Lunch စားပြီးတော့ လေဆိပ်မဆင်းခင် ကော့သောင်းမြို့ထဲ သွားလည်ခဲ့ကြတယ်။ မြန်မာနိုင်ငံရဲ့ တောင်ဘက်အကျဆုံးကုန်းမြေဖြစ်တဲ့ ဘုရင့်နောင်အငူ (အရင် ဝိတိုရိယအငူ) ကိုတော့ မရောက်မဖြစ်ပေါ့။ ငါဟာ အမိမြန်မာပြည်ရဲ့ ခြေချောင်းထိပ်လေးဆီ ရောက်နေတာပါလားဆိုတဲ့ Feeling လေးက တစ်မျိုးလေးပါပဲ… ဒုတိယမြန်မာနိုင်ငံတော် တည်ထောင်ခဲ့တဲ့ ဘုရင့်နောင်ရုပ်တုကြီးကလည်း ငါတို့ မြေကို လာမထိနဲ့ ဆိုပြီး ပင်လယ်ဘက်ကို မျှော်ကာ ရန်သူတွေကို ကာကွယ်ပေးနေသယောင်ယောင် ထင်မှတ်မိလေရဲ့ …

ကျွန်မတို့က ၂ညအိပ် ၃ရက်ပဲ အချိန်ရတော့ ဒီနေရာလေးတွေပဲ လည်ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အချိန်ရမယ် ဆိုရင် ကော့သောင်းမြို့နားက ပုလုံးတုံးတုံး ကမ်းခြေက တအားလှတယ်ဆိုပဲ။ ညောင်ဦးဖီးကျွန်းနဲ့ အနားတဝိုက်က ကျွန်းတွေကလည်း  သွားရတာ ဝေးပေမယ့် သာယာတယ်လို့ ဆိုကြပါတယ်။ ထိုင်းနိုင်ငံဘက်ကို ကူးပြီး ရနောင်းမြို့ သွားလည်လည်း ရပါတယ်။ တခြားလည်စရာ နေရာတွေ သိလည်း Comment မှာ အကြံပေးကြပါဦးနော်။

received_10154253854287123_mix01
Kaw Thaung

Tips!
-ရေမကူးတတ်လို့၊ ရေ ကြောက်လို့ဆိုပြီး ရေထဲ မဆင်းဘဲ မနေပါနဲ့။ ရေမကူးတတ်လည်း ဆင်းလို့ရပါတယ်။ မဆင်းလိုက်ရရင် နောင်တရနေမှာနော်

-ရေကူးတတ်ပေမဲ့လည်း ကိုယ့်ဟာကိုယ်ကူးမနေပဲ ရေငုပ်သမားခေါ်သွားတာနောက်လိုက်ပါ။ သူတို့က ဘယ်နေရာမှာ ဘာရှိလဲ ဆိုတာ သိနေတတ်လို့ပါ။ သူတို့တွေ ရေထဲ ငုပ်ငုပ်သွားတာ ကြည့်ရတာလည်း ဆပ်ကပ်ကြည့်နေရသလိုပါပဲ

-ထိုင်းတွေ အလာများလို့ ထိုင်းဘတ်တွေ သုံးပါတယ်။ ကိုယ့်မှာ ဘတ်ငွေတွေ ရှိရင် ယူသွားပါ။ သုံးလို့ရပါတယ်။ လက်ရှိ ဘတ်ငွေပေါက်ဈေး ၁ဘတ် = ၃၇ကျပ်

-အချိန်ကလည်း ထိုင်းနဲ့ နီးလို့ ထိုင်း အချိန်ကို ယူတတ်ကြပါတယ်။ ထိုင်းအချိန်က မြန်မာအချိန်ထက် နာရီဝက်စောပါတယ်။ ဥပမာ- မြန်မာမှာ မနက်၉နာရီဆို ထိုင်းအချိန်က ၉နာရီခွဲပါ။ ဒီတော့ အချိန်ပြောရင် ထိုင်းအချိန်လား မြန်မာ အချိန်လားဆိုတာကို သေချာအောင်မေးပါ

-ဖုန်းကတ်က MPT သာမိလို့ MPT card ရှိရင်ယူသွားပါ။ Ooredoo ကတော့ တစ်ခါတလေ မိပါတယ်။

-ရေအောက်ရိုက်တဲ့ ကင်မရာရှိရင် ယူသွားပါ။ ရေအောက်ရှုခင်းတွေ တအားလှပါတယ်။ ဖုန်းတွေကိုလည်း ရေစိုခံအိတ်နဲ့ ထည့်ထားပါ။

-နေအရမ်းပြင်းတော့ အသားနေမလောင်အောင် နေပူခံ ရေစိုခံ Sunscreen တွေ ဆောင်သွားပါ။

-Hotel က Thai Massage Spa မှာ နှိပ်တဲ့သူ ၄ယောက်ပဲရှိလို့ ကျွန်းသွားတဲ့နေ့တွေမှာ ပင်ပန်းပြီး အနှိပ်ခံတဲ့သူများလို့ လူကျတတ်တယ်။ Massage ကြိုက်ရင် ကြိုပြီး Booking တင်ထားပါ။

-Hotel မှာ တည်းရင် တစ်ရက်ကို ကျွန်းပတ်ခရီးစဉ်နဲ့ တွဲယူပါ။ ပိုသက်သာလို့ပါ။ ကျွန်းပတ်ခရီးစဉ်နဲ့တွဲယူရင် တစ်ယောက်ကို ဘတ် 1000 ပဲ ပိုပေးရတော့ ၂ယောက်ဆို ဘတ် 2000 (ကျပ် ၇၅၀၀၀ လောက်) သာကျမှာပါ။ ပုံမှန်က ဟိုတယ်တစ်ညကို $120 ( ကျပ် ၁သိန်းခွဲကျော်) ပေးရတော့ ထက်ဝက်ကျော်သက်သာလို့ပါ။

DCIM100MEDIA
DCIM100MEDIA

Quick facts
ကုန်ကျစရိတ် – ၂သိန်းကျော်မှ ၆သိန်းထိ

ခရီးစဉ်ရက် – ၂ညအိပ် ၃ရက် or 3ညအိပ် ၄ရက်

သွားသင့်သောနေရာများ

ကော့သောင်းမြို့ – ဘုရင့်နောင်အငူ၊ ဘုရင့်နောင်ရုပ်တု၊ ပြည်တော်အေးစေတီတော်၊ ငါးသုံးလုံးတောင်၊ ပုလုံးတုံးတုံးကမ်းခြေ

သူဌေးကျွန်း၊ ကြက်မောက်ကျွန်း၊ စေတန်ကျွန်း၊ ညောင်ဦးဖီးကျွန်း

မလိဝမ်းရေတံခွန်၊ မလိဝမ်း သဘာဝရေပူစမ်း

ရနောင်းမြို့

received_10154253857982123_mix01
Pretty Pink

ကော့သောင်းမြိတ်ကျွန်းစုလှတယ်သာသိတာ။ ဒီလောက် သွားလာရလွယ်မယ်။ တိုးတက်နေမယ်လို့ မထင်ထားတာ အမှန်ပါ။ ခုလို ပွင့်လင်းရာသီမှာ Honey Moon ထွက်လိုတာပဲ ဖြစ်ဖြစ်၊ မိသားစုလိုက် ပျော်ပျော်ကြီး သွားလိုတာပဲ ဖြစ်ဖြစ်၊ Anniversary ရက်တွေ တူတူ ဆင်နွှဲလိုတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အတူတူကဲလိုတာပဲဖြစ်ဖြစ်၊ ပင်လယ်နဲ့ ကမ်းခြေကို ချစ်ပြီး ရေအောက်အလှတွေ မြင်တွေ့လိုတာပဲဖြစ်ဖြစ် နိုင်ငံခြားကို ဈေးကြီးပေးပြီး သွားစရာ မလိုဘဲ ကိုယ့်နိုင်ငံထဲမှာပဲ နိုင်ငံတကာ အဆင့်မီ သွားလည်နိုင်တာ ကျေနပ်စရာပါ။ နိုင်ငံခြားသားတွေတောင် တကူးတကလာပြီး Snorkeling လုပ်ရတယ်ဆိုတော့ စိတ်ကြီးဝင်မိပြီပေါ့။ တချို့ဆို တစ်ရက်နဲ့ မဝလို့ နောက်တစ်ရက်တောင် ထပ် Join တယ်ဆိုပဲ။ 😀

20161125_130233_011_mix01

အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပါစေနော်…
#NuMyat

https://www.facebook.com/numyataroundtheworld/
ဒီ Post ကို လွတ်လပ်စွာ Share နိုင်ပါတယ်။ ပုံနဲ့ စာတွေ ယူသုံးခြင်းတော့ ခွင့်မပြုပါ။

Drone ပုံတွေ အသုံးပြုခွင့်ပေးပြီး ကော့သောင်းမြို့ကို လာလည်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ သွားခဲ့တဲ့ရက်တိုင်းမှာလည်း ဧည့်ဝတ်ကျေပွန်ခဲ့တဲ့ Grand Andaman Hotel မှ တာဝန်ရှိသူများကို ကျေးဇူးအထူးတင်ရှိပါတယ်။
All photos with Nu Myat around the World logo are taken and copyrighted by Nu Myat. Feel free to share this post. But not allow to use the photos and words without my permission.

ကမ္ဘာတလွှားမှ စုံတွဲများ ဟန်းနီးမွန်းထွက်ရာ မော်ဒိ(ဗ်)ကျွန်းနိုင်ငံ (The Honeymoon Paradise, Maldives)

ကမ္ဘာတလွှားမှ စုံတွဲများ

Honey Moon ထွက်ရာ

Maldives ကျွန်းနိုင်ငံသို့

အလည်တစ်ခေါက်

Nu Myat at Club Med Resort, Maldives
Nu Myat at Club Med Kani Resort, Maldives
Club Med from bird eye view
Club Med from bird eye view
Nu Myat just outside the Lagoon suite of Club Med
Nu Myat just outside the Lagoon suite of Club Med

စိမ်းပြာရောင်သန်းပြီး ကြည်လင်ရှင်းသန့်သော ရေပြင်၊ ဖြူလွှဝင်းပသော သဲသောင်ပြင်၊ သမုဒ္ဒရာကို ဖြတ်သန်းတိုက်ခတ်လာသည့် သန့်ရှင်းလတ်ဆတ်သော လေကောင်းလေသန့်၊ ရေပေါ်ရေအောက် လှပသော ရှုခင်းများ၊ စိတ်ကူးယဉ်ဆန်စွာ ဆောက်လုပ်ထားကြသည့် အပန်းဖြေစခန်းဟိုတယ်များကြောင့် ကမ္ဘာတစ်ဝှမ်းမှ စုံတွဲများ ပျားရည်ဆမ်းခရီး Honey Moon ထွက်ရာ၊ ကမ်္ဘာလှည့် ခရီးသည်များ အနားယူအပန်းဖြေရာ ကျွန်းနိုင်ငံအဖြစ် နာမည်ကြီးနေသော Malvides (မော်ဒိဗ်စ်)နိုင်ငံအကြောင်းကို စာအုပ်၊ ရုပ်ရှင်နှင့် ဓာတ်ပုံများ၌သာ တွေ့ ဖူးပြီး သဘောကျနေမိခဲ့ပါသည်။ ထိုကဗျာဆန်သော နိုင်ငံသို့ တစ်နေ့နေ့တစ်ချိန် ချိန်မှာ အရောက်သွားမည်ဟုလည်း စိတ်ကူးယဉ်မိဖူးခဲ့ပါသည်။

Sailing Activites
Sailing Activites

စိတ်ကူးထဲမှာ ရွက်လွှင့်သွားဖြစ်ခဲ့သော ထို Malvides နိုင်ငံသို့ Sun Far Travels & Tours ၊ Bangkok Airways နှင့် ထိုနိုင်ငံရှိ Club Med Kani ဟိုတယ်တို့၏ ဖိတ်ကြားချက်အရ 2014 ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁ ရက်နေ့အထိ စာရေး သူ သုံးရက်တာသွားရောက် လည်ပတ်လေ့လာခဲ့ရပါသည်။ Malvides နိုင်ငံနှင့် Club Med Kani ဟိုတယ် အကြောင်း မြန်မာမှာ ပိုပြီးသိရှိရင်းနှီးစေဖို့ ရည်ရွယ်ပြီး မြန်မာမီဒီယာများကို ဖိတ်ကြားခဲ့သည်ဖြစ်ရာ စွယ်စုံမီဒီယာဂရု(ပ်) (The Chic Magazine) မှ ကျွန်မ ဒေါက်တာနုမြတ်သိင်္ဂီဦးနှင့်အတူ အခြား မီဒီယာများဖြစ်ကြသော Forever Group (MRTV-4) ၊ ရန်ကုန်မီဒီယာဂရု(ပ်) Inforithm Maze မီဒီယာ၊ Asia Fame မီဒီယာဂရု(ပ်)၊ မြန်မာတိုင်း(မ်)ဂျာနယ်၊ Travellers ဂျာနယ်နှင့် မန်္တလေးနေ့စဉ်သတင်းစာတို့မှ မီဒီယာသမားများ သွား ရောက်လေ့လာခဲ့ကြခြင်းဖြစ်သည်။

Myanmar Media group & Bangkok Airways team
Myanmar Media group & Bangkok Airways team

Malvides နိုင်ငံသည် အိန်္ဒိယသမုဒ္ဒရာတွင်း အာရှတိုက်ထဲမှာရှိသော အာ ရှနိုင်ငံဖြစ်သော်လည်း မြန်မာခရီးသွားများနှင့် သိပ်ပြီး အကျွမ်းတဝင်မရှိကြသေးပါ။ Malvides နိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအနေဖြင့် ဗီဇာမလိုအပ်သဖြင့် သွားလာရလွယ်ကူပြီး ထိုင်းနိုင်ငံမှတစ်ဆင့် Bangkok Airways လေကြောင်း ဖြင့် သွားရောက်နိုင်ပါသည်။ ထိုင်းနိုင်ငံမှ Malvides သို့လေယာဉ်ပျံသန်းချိန်မှာ လေးနာရီကျော်သာ ကြာမြင့်ပြီး မြို့တော် Male (မာလေး)၏ ကပ်လျက်ကျွန်းရှိ လေဆိပ်မှ တည်းခိုမည့်ဟိုတယ်သို့ ဟိုတယ်၏ အစီအစဉ်ဖြင့် Speed Boat များဖြင့် သွားရောက်နိုင်ပါသည်။

Maldive international airport. A separate island for an airport
Maldive international airport. A separate island for an airport
Speed Boat welcoming the customers
Speed Boat welcoming the customers

သီရိလင်္ကာနိုင်ငံ၏ အနောက်တောင်ဘက် ၄၃၀ မိုင်အကွာနှင့် အိန်္ဒိယနိုင်ငံ အနောက်တောင်ဘက် ၂၅၀ မိုင်အကွာ အိန်္ဒိယသမုဒ်္ဒရာ ထဲတွင် တည်ရှိနေသော Malvides နိုင်ငံသည် ကျွန်းပေါင်း ၁၁၉၂ ကျွန်းဖြင့် ဖွဲ့စည်းထားသည့် ကျွန်းနိုင်ငံ ဖြစ်သည်။ ထိုကျွန်းများအနက် ကျွန်းပေါင်း ၁၉၂ ကျွန်းပေါ်မှာသာ လူနေထိုင်၍ တစ်နိုင်ငံလုံးလူဦးရေမှာ စုစုပေါင်း ၃၉၀၀၀၀ ကျော်သာရှိသည်။ နိုင်ငံအကျယ်အဝန်းမှာ ၁၁၅ စတုရန်းမိုင်သာရှိ၍ လူဦးရေအရရော အကျယ်အဝန်းအရပါ အာရှမှာ အသေးငယ်ဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။

Map of Maldives
Map of Maldives
Male, the capital of Maldives
Male, the capital of Maldivesl

နိုင်ငံ၏ ၉၉ ရာခိုင်နှုန်းမှာ ရေပြင်ဖြစ်ပြီး ကုန်းမြေအမြင့်မှာ ပျမ်းမျှအားဖြင့် ပင်လယ်ရေမျက်နှာပြင်မှ ၄ ပေ ၁၁ လက်မ အထက်သာမြင့်သဖြင့် ကမ္ဘာပေါ်မှာ မြေမျက်နှာပြင်အနိမ့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။ အမြင့်ဆုံးနေရာမှာ ပင်လယ်ရေမျက်နှာပြင်အထက် ၇ ပေနှင့် ၁ လက်မခန့်သာရှိပါသည်။ ထိုသို့ မျက်နှာပြင်နိမ့်မှုကြောင့် များမကြာမီနှစ်များအတွင်း ပင်လယ်ရေအောက်ကို ရောက်ရှိသွားနိုင်သည့် နိုင်ငံအဖြစ်လည်း ခန့်မှန်းထားကြပါသည်။ ရာသီဥတု ပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေလွှမ်းမိုးခံရနိုင်သည့် တတိယ မြောက်အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ်လည်း သတ်မှတ်ထားကြသည်။ ထိုသို့ သဘာဝအန္တရာယ်များသောကြောင့်လည်း Malvides နိုင်ငံသည် ကမ်္ဘာပေါ်မှာ ထင်ရှားလာခဲ့ခြင်းဖြစ်သည်။ နောင်နှစ်အနည်းငယ်အတွင်း ကျွန်း များ ရေအောက်ရောက်မသွားခင်၊ သဘာဝအလှတရားများ ကွယ်ပျောက်မသွားခင် သွားရောက်လည်ပတ်လိုသောဆန်္ဒကြောင့် ကမ်္ဘာလှည့်ခရီးသည်များ တစ်နေ့ တခြားများပြားလာရခြင်းဖြစ်၏။ ၁၉၆၅ ခုနှစ် ဗြိတိသျှကိုလိုနီမှ လွတ်မြောက်ပြီး ကာလ ၁၉၇၅ ခုနှစ်က စတင်ကာ ဟိုတယ်များဆောက်လုပ်ခဲ့ပြီး ယခုအခါ ဟိုတယ်ပေါင်း ၂၀၀ ကျော်ရှိကြောင်းသိရ၏။ များသောအားဖြင့် ဟိုတယ်များကို တည်ဆောက်ရာမှာ ကျွန်းတစ်ကျွန်းကို ဟိုတယ်တစ်ခုစီ ဆောက်ထားခြင်းသည်လည်း Malvides နိုင်ငံ၏ ထူးခြားချက်တစ်ခုပင် ဖြစ်ပေသည်။

Couple at Sun Rising
Couple at Sun Rising

ထိုကဲ့သို့ Maldives(မော်ဒိဗ်)နိုင်ငံ၏ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များ၌ တစ်ခုအပါအဝင်ဖြစ်သော Club Med ဟိုတယ်သည် Kani(ကာနီ)ကျွန်းတစ်ကျွန်းလုံးပေါ်၌ ဆောက်လုပ်ထားခြင်းဖြစ်၍ မြို့တော် Male(မာလေး)အနီးရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိရာကျွန်းမှ မိနစ် ၂၀ ကြာ Speed Boat ဖြင့် သွားရောက်နိုင်သည်။ ဟိုတယ်၏ ဝန်ဆောင်မှုများအနက် လေဆိပ်မှ ဟိုတယ်သို့ အကြိုအပို့ပါရှိသည်ဖြစ်ရာ ဧည့်သည်များ လေယာဉ်ဆိုက်ရောက်သည့်အချိန်၌ ဟိုတယ်မှ Speed Boat ဖြင့် ဧည့်သည်များကို ဝန်ဆောင်မှုအပြည့်ပေးနိုင်ရန် ခန့်မှန်းထားသည့် G.O (Gentil Organisateurs)ဟု ပြင်သစ်လို အတိုကောက် ခေါ်သည့် ဖော်ရွေသော ဧည့်ကြိုများက လာရောက်ကြိုဆိုပေးပါ၏။

Speed Boat Ferry
Speed Boat Ferry

suite8 To repair lounge

Beach
Beach

Club Med ဟိုတယ်၏ ထူးခြားချက်များအနက် ထို G.O များလည်း ပါဝင် ၏။ အထူးကောင်းမွန်သော ဝန်ဆောင်မှုကို အခြေခံထားသည်ဖြစ်ရာ ကမ္ဘာလှည့် ခရီးသည်များအတွက် ယဉ်ကျေးဖော်ရွေသော G.O များကို အနယ်နယ်အရပ်ရပ်မှ ခန့်ထားပြီး Club Med လူမျိုးပေါင်း ၂၂ မျိုးရှိကြောင်း သိရ၏။ ထို G.O များသည် ဧည့်ဝတ်ကျေရုံမျှမက အဆို၊ အက ပညာရပ်များ၌ပါ ကျွမ်းကျင်ကြသည် ဖြစ်ရာ ညတိုင်း ဧည့်သည်များ မပျင်းရလေအောင် ခေါင်းစဉ်တစ်ခုစီဖြင့် တစ်နာရီကြာမျှ စင်မြင့်ထက်၌ ဖျော်ဖြေလေ့ရှိရာ တကယ့်ဝါရင့် အဆို၊ အကပညာရှင်များကဲ့သို့ ကျွမ်းကျင်ကြသည်ကို တွေ့ရ၏။

GO performing at the night party
G.O performing at the night party
G.Os invite all guests to dance together with them
G.Os invite all guests to dance together with them
Suite
Lagoon Suite Lounge

Club Med ဟိုတယ်၌ အခန်းအမျိုးအစား အမျိုးမျိုးရှိရာ ဈေးသက်သာ သော Superior Room ၁၃၅ ခန်း၊ ကမ်းခြေနှင့် ကပ်လျက်ရှိနေသည့် Beach Villa ၂၄ ခန်းနှင့် သမုဒ္ဒရာရေပေါ်ခြေတံရှည်အဆောင်များဖြင့် တည်ဆောက် ထားသည့် လူကြိုက်အများဆုံး Lagoon Suiteအခန်း ၇၅ ခန်းရှိကြောင်း သိရ၏။ မည် သည့်အခန်းမှာတည်းသည့် မည်သည့်ဧည့်သည်မဆို နံနက်စာ၊ နေ့လယ်စာနှင့် ညစာများကို နိုင်ငံတကာစားဖိုမှူးများ ချက်ပြုတ်ထားကြသည့် International  ဘူဖေးနှင့် ပင်လယ်စာများ ကြိုက်သလောက် သုံးဆောင်နိုင်ပါသည်။ ထို့ပြင် Sunset Bar နှင့်Iru Bar တို့၌ သစ်သီးဖျော်ရည်၊ အအေး၊ ကော့တေး၊ ဘီယာ နှင့် အရက်မျိုးစုံကို ကြိုက်သည့်အချိန်၌ စိတ်ကြိုက်သောက်သုံးနိုင်သဖြင့် ဧည့် သည်များအတွက် အထူးအဆင်ပြေလှ၏။

Lagoon Suite
Lagoon Suite
Lagoon Suite Lounge
Lagoon Suite Lounge
Mocktail on the beach
Mocktail from Sunset bar

ထို့ပြင် ကမ်းခြေ Activities များဖြစ်သည့် ရွက်လွှင့်ခြင်း၊ ရွက်လွှင့်သင်ခြင်း၊ လှေလှော်ခြင်း၊ သမုဒ်္ဒရာရေပြင်တွင်းရှိ ငါးများကြည့်ခြင်း(Snorkeling)၊ အက သင်ခြင်း၊ ယောဂကျင့်ခြင်း၊ ရေကူးကန်ထဲ၌ ဂိမ်းဆော့ခြင်း(Aqua Gym)အစီ အစဉ်များကို အခမဲ့ပြုလုပ်နိုင်သည့်အတွက် Resort မှာ အခန်းယူလိုက်သည် နှင့် တစ်ပြိုင်နက် အပိုငွေတောင် ဆောင်စရာမလိုသည်အထိ အဆင်ပြေလှပါ၏။

Aqua Gym Pool Games
Aqua Gym Pool Games
This is us underwater
This is us underwater

အကယ်၍ လှေစီးခြင်း၊  Jet Ski စီးခြင်း၊ ရေအောက်ငုပ်ခြင်း(Scuba Diving)၊ ရေဘောလုံးအတွင်း ဝင်ကစားခြင်း(Water Ball)၊ သမုဒ္ဒရာအတွင်း သင်္ဘောစီးကာ နေဝင်ချိန်အလှ ရှုစားခြင်း(Sunset Cruise)၊ မာလေးမြို့တော် သို့ သွားလည်ကာ ဈေးဝယ်ထွက်ခြင်းနှင့် Spaဝန်ဆောင်မှုများ စသည်တို့ကို ပြုလုပ်လိုပါကလည်း အခကြေးငွေ ထပ်ဆောင်းကာ ပြုလုပ်နိုင်ပါ၏။

Dolphins
Dolphins at Sunset Cruise
Yoga
Yoga Training

outside1

စုံတွဲများနှစ်သက်သည့် ရေပေါ် Suite အခန်းများ၏ ထူးခြားမှုများမှာ အခန်းများသည် ကြည်လင်သော စိမ်းပြာရောင် သမုဒ်္ဒရာရေပြင် ပေါ်တွင် ဆောက်လုပ်ထားခြင်း၊ အထူးလှပသော ရှုခင်းများကို အိပ်ရာထဲမှ မြင် တွေ့ရနိုင်ခြင်း၊ အခန်းထဲမှ ထွက်သည်နှင့် သမုဒ်္ဒရာထဲဆင်းနိုင်ရန် စီစဉ်ထား ခြင်း၊ ရှမ်ပိန်ပုလင်းနှင့် စားသောက်ဖွယ်ရာများ စိတ်ကြိုက်စားသောက်နိုင်ခြင်း၊ လှပဆန်းသစ်သော ဧည့်ဆောင်ရှိခြင်းစသည့်အချက်များပင် ဖြစ်သည်။

Just outside the lagoon suite
Just outside the lagoon suite
Before diving
Before diving
Underwater
Underwater

စုံတွဲများနှစ်သက်သည့် ရေပေါ် Suite အခန်းများ၏ ထူးခြားမှုများမှာ အခန်းများသည် ကြည်လင်သော စိမ်းပြာရောင် သမုဒ်္ဒရာရေပြင် ပေါ်တွင် ဆောက်လုပ်ထားခြင်း၊ အထူးလှပသော ရှုခင်းများကို အိပ်ရာထဲမှ မြင် တွေ့ရနိုင်ခြင်း၊ အခန်းထဲမှ ထွက်သည်နှင့် သမုဒ်္ဒရာထဲဆင်းနိုင်ရန် စီစဉ်ထား ခြင်း၊ ရှမ်ပိန်ပုလင်းနှင့် စားသောက်ဖွယ်ရာများ စိတ်ကြိုက်စားသောက်နိုင်ခြင်း၊ လှပဆန်းသစ်သော ဧည့်ဆောင်ရှိခြင်းစသည့်အချက်များပင် ဖြစ်သည်။

Welcome from Lagoon Suite
Welcome from Lagoon Suite
Inside Suite
Inside Suite
Bathroom
ရှု ခင်းများကို ခံစားနိုင်သော Bathroom

ထိုကဲ့သို့ အစစအရာရာ အဆင်ပြေအောင် စီစဉ်ထားခြင်းကြောင့်လည်း ကမ္ဘာအနှံ့အပြားမှ စုံတွဲများဧ။် Honey Moon Destination ဖြစ်လို့နေခြင်း ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ ဝန်ဆောင်မှု ကောင်းမွန်ပြီး လှပသာယာသည့် Club Med Kani Resort သို့ သွားရောက်အပန်းဖြေလိုသူ မြန်မာခရီးသွားများအတွက် Bangkok Airways  နှင့်Club med Kani တို့ပူးပေါင်းကာ အထူးသက်သာသော ဈေး နှုန်းများဖြင့် ၂ ညအိပ် ၃ ရက်ခရီး package များကို စီစဉ်ပေးလျက်ရှိကြောင်း သိရပါသည်။ ပုံမှန်ဈေးနှုန်း အခန်းအမျိုးအစားပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာ ၁၆၀၀ မှ ၂၅၀၀ ကျော်ရှိရာမှ Promotion ကာလများတွင် အမေရိကန်ဒေါ်လာ ၁၂၀၀ ကျော်မှ ၁၉၀၀ ကျော်အထိ ဈေးလျှော့ပေးလေ့ရှိကြောင်း သိရသည်။

Nu Myat at Sunset
Nu Myat at Sunset
Sunset into India Ocean
Sunset into India Ocean

Words & Photographs by Nu Myat Theingi Oo