အိန္ဒိယနိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံတွေအကြောင်း ပြောရမယ်ဆိုရင် လှေကားထစ်ရေတွင်း (Stepwell) တွေက မပါမဖြစ်ပါ။ အိန္ဒိယမှာ ရှေးတုန်းက မိုးခေါင်ရေရှားတဲ့ ရာသီရောက်ရင်တောင် ရေမပြတ်လတ်စေဖို့ ရေရတဲ့အနက်အထိ ရေတွင်းကို အနက်ကြီးနဲ့ အကျယ်ကြီး တူးထားလေ့ရှိပါတယ်။ Baoli လို့လည်းခေါ်ကြတဲ့ ဒီရေတွင်းတွေက ရေမျက်နှာပြင်အနိမ့်အမြင့်အလိုက် အလွယ်တကူ ခပ်ရ၊ သုံးရအောင် လှေကားထစ်တွေနဲ့ အဆင့်ဆင့်ဆောက်လုပ်ထားလို့ လှေကားထစ်ရေတွင်းလို့ အသိများပါတယ်။ လှေကားထစ်ရေတွင်းတွေကို ရေသိုလှောင်ရုံ၊ သောက်ရေသုံးရေအဖြစ်အသုံးပြုရုံတင်သာမက ဒေသခံပြည်သူတွေ ရေကူးရာ၊ အဝတ်လျှော်ရာ၊ အပူရှောင်ရာ၊ အပန်းဖြေ အနားယူရာ၊ တွေ့ဆုံစကားပြောရာ၊ ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာတွေပြုလုပ်ရာ နေရာတစ်ခုအဖြစ်ပါ အသုံးဝင်ခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံတစ်ဝန်းမှာ လှေကားထစ်ရေတွင်းများစွာရှိပြီး မိုးခေါင်ရေရှားတဲ့ဒေသတွေနဲ့ အနောက်ဘက်ဒေသတွေမှာ ပိုအတွေ့များပါတယ်။ အိန္ဒိယနိုင်ငံမှာ ယခုလက်ရှိအချိန်ထိ အကောင်းအတိုင်းကျန်နေဆဲ လှေကားထစ်ရေတွင်းပေါင်း ၂၀၀၀ ကျော်ရှိကာ တချို့မှာ ခုထိ ရေရှိနေဆဲဖြစ်ပေမဲ့ ရေတွင်းရေကန်အဖြစ် အသုံးမပြုတော့ပါဘူး။ ခေတ်အဆက်ဆက်က ခမ်းနားလှပတဲ့ ဗိသုကာလက်ရာတွေကြောင့် အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းထားပါတယ်။

စာရေးသူ ယခင်လက အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့တုန်းက ထို လှေကားထစ်ရေတွင်းတချို့ဆီ သွားရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ပထမဆုံးသွားရောက်ဖြစ်ခဲ့တာကတော့ Chad Boari ရေတွင်းပါ။ ရာဂျတ်စတန်ဒေသ၊ ဂျိုင်ပေါမြို့နားရှိ Abhaneri ရွာမှာ တည်ရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးနဲ့ အနက်ဆုံးရေတွင်းဖြစ်ပြီး အနက်မီတာ ၂၀ ကျော်၊ အထပ် ၁၃ ထပ်၊ လှေကားထစ်ပေါင်း ၃၅၀၀ ရှိပါတယ်။ လက်ရာမြောက်ဗိသုကာတွေနဲ့ အချိုးညီတဲ့ လှေကားထစ်တွေကြောင့် အိန္ဒိယနိုင်ငံရဲ့ နာမည်အကြီးဆုံးရေတွင်းဖြစ်သလို ရှေးအကျဆုံးရေတွင်းလည်းပဲ ဖြစ်ပါတယ်။ ၉ ရာစုက ဘုရင်ချန်ဒါ (Chanda) တည်ဆောက်ခဲ့ပြီး ဒေသခံပြည်သူတွေအားထားရာ ရေတွင်းကြီးပါ။

ရေတွင်းကြီးက စတုရန်းသဏ္ဏာန်ရှိကာ နံရံ သုံးဖက်သုံးတန်မှာ လှေကားထစ်တွေကို အချိုးကျကျတည်ဆောက်ထားပြီး လှေကားထစ်တွေကို တိုင်လုံးတွေ၊ နံရံတွေက ထောက်ထားပါတယ်။ ကျန်တစ်ဖက်မှာတော့ သုံးထပ်မဏ္ဏာပ်ရှိကာ ရေတွင်းတစ်ခုလုံးကို လှမ်းမြင်ရပါတယ်။

တော်ဝင်မိသားစုတွေပါ အေးမြတဲ့ပတ်ဝန်းကျင်မှာလာရောက်အနားယူလေ့ရှိလို့ တော်ဝင်မိသားစုအတွက် ခန်းမကျယ်ကြီးလည်းရှိပါတယ်။ လူမှုရေးပွဲနဲ့ ဘာသာရေးပွဲတွေကျင်းပနိုင်တဲ့ ခန်းမကျယ်တွေလည်းရှိကာ တိုင်တွေ နံရံတွေမှာ ဒဏ္ဏာရီဇာတ်တော်တွေကို လက်ရာမြောက်စွာ ထွင်းထုထားပါတယ်။ ယနေ့ခေတ်မှာတော့ ဒီရေတွင်းကြီးက ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်လာသလို ဘောလိဝုဒ်ဇာတ်ကားတွေ မကြာခဏ ရိုက်ကူးလေ့ရှိကြပါတယ်။

နောက်ထပ်ရောက်ခဲ့တဲ့ ရေတွင်းကတော့ ပန်းရောင်မြို့လို့နာမည်ကြီးတဲ့ ဂျိုင်ပေါမြို့ရှိ Panna Meena Ka Kund ရေတွင်းပါ။ အနက်အားဖြင့် ရှစ်ထပ်ရှိကာ အခြားရေတွင်းတွေနဲ့ယှဉ်ရင် အရွယ်အစားသိပ်မကြီးလို့ နာမည်သိပ်မကြီးပေမဲ့ ဗိသုကာလက်ရာတွေကတော့ ယှဉ်လို့ရပါတယ်။ ဂျိုင်ပေါမြို့ရဲ့ နာမည်ကြီး Amber ခံတပ်ရှိရာတောင်ခြေမှာရှိလို့ Amber ခံတပ်သွားရင်း လမ်းကြုံဝင်လေ့လာလေ့ရှိပါတယ်။ စာရေးသူတို့လည်း Amber ခံတပ်သွားရင်း တစ်ဆက်ထဲ လေ့လာဖြစ်ခဲ့တာပါ။

ဒီရေတွင်းကြီးကလည်း စတုရန်းပုံဖြစ်ပြီး နံရံသုံးဖက်မှာ ရေတွင်းထဲဆင်းလို့ရတဲ့ လှေကားတွေရှိကာ ကျန်နံရံတစ်ဖက်မှာတော့ ခန်းမတွေ၊ လသာဆောင်တွေ ရှိပါတယ်။ သူ့မှာထူးခြားချက်အနေနဲ့စစ်မက်ဖြစ်ပွါးတဲ့အခါ ပစ္စည်းတွေသိုလှောင်ဖို့နဲ့ ပုန်းရှောင်ဖို့ လျှို့ဝှက်ဥမင်တွေ လျှို့ဝှက်ခန်းတွေ ရှိလို့နေတာပါ။

အခြားနာမည်ကျော် လှေကားထစ်ရေတွင်းတွေကတော့ အိန္ဒိယမှာ နာမည်အကြီးဆုံးရေတွင်းတစ်ခုဖြစ်တဲ့ နယူးဒေလီမြို့ရှိ လှေကားထစ်ပေါင်း ၁၀၈ ထစ်ရှိရာ Agrasen Ki Baoli ရေတွင်း၊ အထပ် ၇ ထပ်ရှိပြီး ရုပ်တုပေါင်း ၈၀၀ ကျော်ထွင်းထုထားတဲ့ ဘုရင်မကြီး ရာနီတည်ဆောက်ခဲ့တဲ့ ယူနက်စကိုအသိအမှတ်ပြု Rani-Ki-Vav ရေတွင်း၊ တိုင်လုံးတွေ၊ ကျောက်နံရံတွေမှာ အသေးစိတ်အနုစိတ် လက်ရာမြောက်စွာထွင်းထုထားတဲ့ Adalaj ရေတွင်း တို့ပဲ ဖြစ်ပါတယ်။

အိန္ဒိယရှိ ရေတွင်းတစ်ခုချင်းစီတိုင်းက သူ့ခေတ်သူ့အခါအရ ဒေသခံတွေအတွက် အဘက်ဘက်က အသုံးဝင်ခဲ့ကြတာပါ။ လှေကားထစ်ရေတွင်းတွေက ဗိသုကာလက်ရာအလှတွေကြောင့်သာမက သမိုင်းအရရော ယဉ်ကျေးမှုအရပါ အရေးပါတဲ့ အဆောက်အအုံတွေပါ။ အိန္ဒိယနိုင်ငံရဲ့ ခမ်းနားတဲ့ သမိုင်းကြောင်းနဲ့ ကြွယ်ဝတဲ့ ရိုးရာယဉ်ကျေးမှုကို ဖော်ပြနေလို့ ယနေ့ခေတ်မှာ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာလည်း အထောက်အကူပြုနေပါတယ်။
ဒေါက်တာနုမြတ်သိင်္ဂီဦး
Dr. Nu Myat Theingi Oo
Nu Myat around the World
