ရေတံခွန်နောက်ခံနှင့် ရှုခင်းလှသည့် ဆွစ်ဇာလန်ရွာလေး Lauterbrunnen, Switzerland


လောင်တာဘရူနန် (Lauterbrunnen)က ဆွစ်ဇာလန်နိုင်ငံ၊ Bern ပြည်နယ်ရှိ ကျေးရွာနဲ့ မြူနီစီပယ်တစ်ခုပါ။ လောင်တာဘရူနန်ရွာက ပင်လယ်ရေမျက်နှာပြင်အထက် ၂၆၀၈ ပေမှာ တည်ရှိပြီး လူဦးရေ ၂၂၉၀ ယောက်သာရှိကာ ဆွစ်ဇာလန်ရှိ ဂျာမန်စကားပြောဒေသ တစ်ခုဖြစ်ပါတယ်။ ဒီရွာလေးကို စာရေးသူတို့ မနှစ်က ဆွစ်ဇာလန်နိုင်ငံ သွားလည်ခဲ့တုန်းက တောင်ပေါ်မြို့လေး ဇာမတ် (Zermatt) ကနေ စီးပွါးရေးမြို့တော် ဇူးဝစ်(Zurich)ဆီ အပြန်လမ်းမှာ ဝင်လည်ဖြစ်ခဲ့ပါတယ်။


လောင်တာဘရူနန်ရဲ့ အဓိပ္ပါယ်က “ရေတံခွန်များစွာ”လို့ အဓိပ္ပါယ်ရပါတယ်။ နာမည်အတိုင်း လောင်တာဘရူနန်တောင်ကြားမှာ ရေတံခွန် ၇၂ ခုရှိပါတယ်။ နာမည်အကြီးဆုံးကတော့ Staubbach ရေတံခွန်ပါ။ ကျောက်တောင်နံရံမှာ ၉၈၄ ပေအမြင့်ကနေ တဝုန်းဝုန်း စီးကျနေတဲ့ ရေတံခွန်ကြီးက ဥရောပရဲ့အမြင့်ဆုံး Free Fall ရေတံခွန်ကြီးပါ။ ရေတံခွန်အောက်ခြေထိ သွားနိုင်သလို ရေတံခွန်အနောက်ထဲထိဝင်ကြည့်နိုင်ပါတယ်။ ဥရောပရဲ့အကြီးဆုံးမြေအောက်ဂူမှာရှိတဲ့ Trummelbach ရေတံခွန်ကြီးကလည်း ရေပမာဏပေါင်းများစွာ အရှိန်ပြင်းပြင်းစီးကျနေလို့ နာမည်ကြီးပါတယ်။


လောင်တာဘရူနန်ရွာက သစ်သားအိမ်လေးတွေရဲ့အနောက်မှာ တဝုန်းဝုန်းစီးကျနေတဲ့ Staubbach ရေတံခွန်ကြီးကြောင့် နာမည်ကြီးပါတယ်။ ပုံမှန်ဆို ရေတံခွန်ကို တောတောင်ကြားမှာပဲ မြင်ရလေ့ရှိပေမဲ့ ဒီရေတံခွန်ကြီးကတော့ သိပ်လှတဲ့ဆွစ်ဇာလန်ရွာလေးရဲ့ နောက်ခံပိတ်ကားလို ဖြစ်နေတာပါ။

စာရေးသူတို့က လောင်တာဘရူနန်ရွာကို လမ်းကြုံခဏပဲ ဝင်လည်တာဆိုတော့ ရွာရဲ့နာမည်ကြီး Staubbach ရေတံခွန် အောက်ခြေထိမရောက်ခဲ့ပါဘူး။ ရေတံခွန်မြင်ရတဲ့ နေရာလောက်ပဲ ရောက်ခဲ့ပါတယ်။


လောင်တာဘရူနန်ရွာက ကျောက်တောင်တွေကြားမှာတည်ရှိပြီး ရေခဲတောင်တွေကို လှမ်းမြင်ရလို့ ရှုခင်းသိပ်လှပါတယ်။ ရွာလေးကို ရေတံခွန်တွေ ဝန်းရံထားတော့ မနက်မိုးလင်းမှာ ရေတံခွန်အသံလေးနဲ့ နိုးထရမှာ စိတ်ကြည်နူးစရာပါ။

ဆွစ်ဇာလန်ရဲ့နာမည်ကြီး ဥရောပရဲ့အမြင့်ဆုံး နှင်းတောင် Jungfrau Region ကို သွားရတဲ့ အစနေရာ Gateway တစ်ခုဖြစ်လည်း ဖြစ်ပါတယ်။ ဥရောပရဲ့ အမြင့်ဆုံး ဘူတာရုံဖြစ်တဲ့ Jungfraujoch ဘူတာကို လောင်တာဘရူနန်ရွာကနေ ထားစီးသွားလို့ရပါတယ်။

ရွာကသေးငယ်ပေမဲ့ Murren ရွာ၊ Wengen ရွာ၊ Jungfraujoch နှင်းတောင်၊ Schilthorn နှင်းတောင်တို့ကို သွားချင်ပါက ဖြတ်သန်းသွားရလို့ အမြဲစည်ကားနေလေ့ရှိပါတယ်။


ရွာနားတဝိုက် ကျောက်တောင်အမြင့်ကြီးတွေနဲ့ ရေတံခွန်တွေရှိလို့ တောင်တက်လမ်းကြောင်း အများကြီးရှိပါတယ်။ တောင်တက်လမ်းကြောင်း ခြောက်ခုက ယူနက်စကို Theme လမ်းကြောင်းတွေပါ။ လမ်းကြောင်းတစ်လျှောက်မြင်ရမယ့် အပင်တွေ၊ တောင်တွေ၊ ရေတံခွန်တွေ၊ သမိုင်းတွေ၊ ဒဏ္ဏာရီတွေကို ဆိုင်းဘုတ်တွေနဲ့ သေချာရှင်းပြပေးထားလို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ရွာလေးက ဆောင်းတွင်းမှာ အမြဲဆီးနှင်းမဖုံးပေမဲ့ နှင်းဖုံးပြီး နှင်းလျှောစီးစခန်းရှိတဲ့ Murren ရွာကို Cable Car နဲ့ရော ရထားနဲ့ပါ သွားလို့ရပါတယ်။ Wengen ရွာကို ရထားနဲ့သွားရင်လည်း ၁၁ မိနစ်လောက်ပဲကြာပါတယ်။ Grindelwald ရွာမှာ နှင်းကစားနည်းတွေပြုလုပ်ချင်ရင်လည်း ရထားနဲ့ ၃၇ မိနစ်လောက်စီးသွားနိုင်ပါတယ်။

စွန့်စားရတာနှစ်သက်သူတွေကတော့ Schilthorn ရေခဲတောင်သွားရင်း Brig ကို ဝင်လည်သင့်ပါတယ်။ နှင်းတောင်ပေါ်က မှန်ကြမ်းပြင်၊ တောင်စောင်းက လျှောက်လမ်း၊ တောင်အောက်ကို မြင်ရတဲ့ ဝါယာကြိုးလျှောက်လမ်း၊ တောင်ပေါ်က ပိုက်ကွန်လှိုဏ်ခေါင်းတို့လို နှင်းတောင်ရှုခင်းတွေကို အသည်းယားစရာ ရှုစားနိုင်ပါတယ်။


လောင်တာဘရူနန်ကို စာရေးသူတို့လို ဇာမတ်ကနေ ရထားနဲ့သွားမယ်ဆိုရင် ၂ နာရီခွဲ- ၃ နာရီလောက် ရထားစီးရပါတယ်။ ဇူးဝစ်ကနေဆိုလည်း ဒီလောက်ပဲကြာပါတယ်။ ဒါပေမဲ့ လောင်တာဘရူနန်ရွာကို ရထားတိုက်ရိုက် မရောက်ပါဘူး။ အင်တာလေကန်မြို့ (Interlaken) ဘူတာမှာဆင်းပြီး ရထားထပ်စီးရပါတယ်။ အင်တာလေကန်ကနေတော့ မိနစ် ၂၀ လောက်ပဲကြာတယ်။ ကားနဲ့ သွားလည်းရပါတယ်။ ရွာအထိ ကားလမ်းပေါက်ပါတယ်။ ကားနဲ့သွားရင် ဇူးဝစ်ကနေ ၂ နာရီလောက် မောင်းရပါတယ်။

Dr. Nu Myat Theingi Oo

Nu Myat around the World

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s