ကက်ရှိမီးယားရိုးရာ သစ်သားလှေအိမ်ကြီးများ
Staying in a Houseboat in Srinagar, Kashmir, India

အိန္ဒိယနိုင်ငံ၏ ဟိမဝန္တာတောင်တန်းများပေါ်ရှိ ကက်ရှ်မီးယား (Kashmir) ဒေသသည် ရင်သပ်ရှုမောဖွယ် သဘာဝအလှများနှင့် ထူးခြားသော ယဉ်ကျေးမှုအမွေအနှစ်များကြောင့် လူသိများလှပေသည်။ ဤဒေသ၏ သဘာဝအလှကို ခံစားနိုင်ရန် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ဆရီနဂါမြို့ (Srinagar) ရေကန်များပေါ်ရှိ ကက်ရှ်မီးယားရိုးရာ သစ်သားလှေအိမ်များပေါ်တွင် တည်းခိုခြင်းဖြစ်သည်။
သစ်သားလှေအိမ်များသည် ဗြိတိသျှတို့ အိန္ဒိယကို အုပ်စိုးချိန်ဖြစ်သည့် ၁၉၀၀ ပြည့်နှစ် အစောပိုင်းကတည်းက ရာစုနှစ်တစ်ခုကျော်ကြာသည်အထိ တည်ရှိနေသည့် ကက်ရှ်မီးယားဒေသ၏ ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ပါသည်။ ထိုစဉ်က ဗြိတိသျှတို့သည် ကြီးလေးသော မြေခွန်များ ချမှတ်ခဲ့သဖြင့် ဒေသခံများသည် ရေပေါ်၌ နေအိမ်များကို ဆောက်ခဲ့ရပါသည်။ ယနေ့ခေတ်တွင်မူ လှေအိမ်များသည် ဒေသတွင်းရှိ လူကြိုက်များသော ခရီးသွားဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပေသည်။

ဆရီနာဂါမြို့တွင် သစ်သားလှေအိမ်များ ရာထောင်ချီရှိကာ တောင်တန်းများဝန်းရံထားသည့် ကက်ရ်ှမီးယားရှိ အလှပဆုံးနှင့် အကြီးဆုံးရေကန်ဖြစ်သော Dal ရေကန်တွင် အများအားဖြင့် လှေအိမ်များကို ရပ်နားထားလေ့ရှိသည်။ အရွယ်အစားပိုသေးငယ်သော်လည်း ရှုခင်းထပ်တူလှသည့် Nigeen ရေကန်တွင်လည်း တွေ့ရလေ့ရှိပါသည်။ ဆရီနဂါမြို့ကို ဖြတ်သန်းစီးဆင်းနေသည့် Jhelum မြစ်ပေါ်တွင်လည်း လှေအိမ်များရှိသော်လည်း များသောအားဖြင့် ရေကန် နှစ်ခုတွင်သာ တွေ့ရလေ့ရှိပေသည်။

သစ်သားလှေအိမ်များတွင် ရိုးရာဗိသုကာလက်ရာများ၊ အနုစိတ်ထွင်းထုထားသော သစ်သားလက်ရာများနှင့် အလှဆင်ထားသလို ဒေသထွက်ခန်းစီးလိုက်ကာများ၊ ကော်ဇောများ၊ အိပ်ယာဖုံးများကို အသုံးပြုထားသည်။ လှေအတွင်းပိုင်းသည် ပရိဘောဂများ၊ လေအေးပေးစက်၊ အပူပေးစနစ်၊ TV၊ ရေခဲသေတ္တာနှင့် Wi-Fi ကဲ့သို့သော Facility များဖြင့် နေထိုင်ရ သက်တောင့်သက်သာရှိလှသည်။ လှေအိမ်အတွင်းတွင် ကျယ်ဝန်းသော အိပ်ခန်းများ၊ ရေချိုးခန်းနှင့်အိမ်သာများ၊ ဧည့်ခန်း၊ ထမင်းစားခန်း၊ လသာဆောင်နှင့် ကုန်းပတ်ပါရှိပါသည်။ တချို့လှေအိမ်များတွင် မီးဖိုချောင်များပါပြီး လှေဝန်ထမ်းများမှ ဧည့်သည်များအတွက် ရိုးရာဟင်းလျာများကို ပြင်ဆင်ပေးလေ့ရှိပါသည်။

စာရေးသူတို့ ယခုနှစ် ဖေဖော်ဝါရီလအတွင်း အိန္ဒိယနိုင်ငံရှိ ကက်ရှ်မီးယားဒေသသို့ သွားရောက်လည်ပတ်ခဲ့စဉ်က ထိုရိုးရာလှေအိမ်တစ်စီးတွင် နှစ်ညတာ တည်းခိုဖြစ်ခဲ့ပါသည်။ နီဂန် (Nigeen) ရေကန်ရှိ Wangnoo Sheraton Group of Houseboats အမျိုးအစားလှေအိမ်ဖြစ်ကာ ရေချိုးခန်းအိမ်သာတွဲရက်ပါ အိပ်ခန်းကျယ် ၃ ခန်းပါသည့် လှေအိမ်ကြီးဖြစ်သည်။

လှေအိမ်ပေါ်တွင် တည်းခိုရခြင်း၏ အထူးခြားဆုံးအချက်မှာ ကက်ရှ်မီးယားဒေသ၏ သဘာဝအလှကို အေးအေးဆေးဆေး ခံစားခွင့်ရခြင်း ဖြစ်သည်။ ရေကန်တွင် ရိုးရာသစ်သားလှေဖြစ်သည့် ရှီကာရာလှေများကိုစီးနိုင်ပြီး ပတ်ဝန်းကျင်ရှုခင်းများကို ခံစားနိုင်ပါသည်။
ညဘက်များတွင် တည်းခိုရာ လှေအိမ်များပေါ်သို့ လှေငယ်များဖြင့် ဈေးသည်များတက်ရောက်လာပြီး ရိုးရာပစ္စည်းများ၊ ဒေသထွက်ကုန်များ၊ လက်ဝတ်ရတနာများ လာရောက်ရောင်းချသည်မှာ ထူးခြားသည့် ဈေးဝယ်အတွေ့အကြုံပင်ဖြစ်ပေသည်။
ကက်ရှ်မီးယားရှိ လှေအိမ်ငှားခသည် ရာသီ၊ တည်နေရာ၊ အရွယ်အစားနှင့် ပါဝင်သည့် Facility များအပေါ် မူတည်၍ ယေဘူယျအားဖြင့် တစ်ညလျှင် အိန္ဒိယရူပီး ၂၀၀၀ မှ ၂၀၀၀၀ ထိ ကျသင့်ပါသည်။ ကက်ရှ်မီးယားရှိ အိမ်လှေငှားခတွင် မနက်စာ၊ ညစာ ပါလေ့ရှိပါသည်။ လှေအိမ်ပေါ်တွင် တည်းခိုခြင်းသည် ကက်ရှ်မီးယားဒေသ၏ သဘာဝအလှနှင့် ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များကို ခံစားနိုင်ရန် ထူးခြားသည့်နည်းလမ်းတစ်ခုဖြစ်သည်။ လှေအိမ်တွင် တည်းခိုခြင်းသည် အမှတ်ရစရာ အတွေ့အကြုံများကို ရရှိစေသဖြင့် ကက်ရှ်မီးယားသွားသူတိုင်း တည်းခိုသင့်သည်ဟု ညွှန်းဆိုချင်ပါသည်။
ဒေါက်တာနုမြတ်သိင်္ဂီဦး
Nu Myat around the World