ဘူတန်၏ရှေးအကျဆုံးနှင့်အကျော်ကြားဆုံး သင်ဖူပွဲတော်
Celebrating Thimphu Festival in Bhutan
စာရေးသူ ဘူတန်နိုင်ငံရောက်ခဲ့စဉ် ဒေသခံကဲ့သို့ ရိုးရာဝတ်စုံဝတ်ဆင်ပြီး ဘူတန်ရိုးရာပွဲတော် ဆင်နွှဲခဲ့ဖူးပေသည်။ ဘူတန်နိုင်ငံသို့ ၂၀၁၈ ခုနှစ်က သွားရောက်လည်ပတ်ခဲ့စဉ် သင်ဖူမြို့ (Thimphu)မှာ နှစ်စဉ်ကျင်းပနေကျ သင်ဖူပွဲတော်သို့ ဘူတန်ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ဘူတန်နိုင်ငံတွင် ရိုးရာပွဲတော်ကြီးများကို Tshechu ဟုခေါ်ကာ ဘူတန်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုကို တွေ့ကြုံခံစားရန် အကောင်းဆုံးနည်းလမ်းများအနက် တစ်ခုဖြစ်သည်။ ပွဲတော်များကို ဒေသအသီးသီးရှိ Dzong ဟုခေါ်သည့် ဗိမာန်တော်ကြီးများတွင် ကျင်းပလေ့ရှိကာ အချို့ပွဲတော်များကို ဘုန်းကြီးကျောင်းများမှာလည်း ကျင်းပကြပါသည်။ Tschechu ပွဲတော်များသည် ၈ ရာစုတွင် အိန္ဒိယနိုင်ငံမှ ဘူတန်သို့ ဗုဒ္ဓဘာသာကို ယူဆောင်လာသော သူတော်စင် Guru Rimpoche ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် ဗုဒ္ဓဘာသာပွဲတော်များဖြစ်သည်။ Tshechu ၏ အဓိပ္ပါယ်မှာ ၁၀ရက်မြောက်နေ့ဖြစ်ကာ သူတော်စင်ကြီး၏မွေးနေ့ဖြစ်သည့် ဘူတန်ရိုးရာပြက္ခဒိန် လဆန်း ၁၀ ရက်နေ့မှ စကာ ၃ ရက်တာကျင်းပလေ့ရှိပါသည်။ လစဉ်လတိုင်း ဘူတန်မြို့ကြီးများတွင် အလှည့်ကျ ကျင်းပလေ့ရှိပါသည်။
Tshechu ပွဲတော်မတိုင်မီ ရက်သတ္တပတ်များအတွင်း ဒေသခံရဟန်းတော်များသည် တရားထိုင်ခြင်း၊ လေးလေးနက်နက် ဆုတောင်းခြင်းများ ပြုလုပ်ကြသည်။ ထို့နောက် သုံးရက်ကြာ ပွဲတော်အတွင်း ရောင်စုံမျက်နှာဖုံးများနှင့် ဝတ်စုံများ ဝတ်ဆင်ကာ ခမ်းနားထည်ဝါစွာ ကပြဖျော်ဖြေကြသည်။ မျက်နှာဖုံးစွပ်ထားသော အကတစ်ခုစီသည် Guru Rimpoche ၏ဘဝဇာတ်လမ်းများကို အခြေခံထားသည်။ ဤအကဖျော်ဖြေမှုများသည် ကံကောင်းခြင်းများကို တိုးပွားစေပြီး ကံဆိုးခြင်းကို ဖယ်ရှားပေးသည်ဟု ယုံကြည်ကြသည်။ ဘူတန်ပြည်သူများသည် ဝတ်ကောင်းစားလှများ၊ လက်ဝတ်ရတနာများနှင့် ဟင်းလျာကောင်းများဖြင့် ဆင်နွှဲကြလေ့ရှိကာ ဘူတန်လူမျိုးများအတွက် လူမှုရေးဆုံပွဲတစ်ခုလည်းဖြစ်သည်။

ဘူတန်နိုင်ငံသည် ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံရသည့် အကြောင်းရင်းထဲတွင် ထိုရိုးရာပွဲတော်များကို လစဉ်နှစ်စဉ်ကျင်းပနေခြင်းကြောင့်လည်းဖြစ်သည်။ ဘူတန်နိုင်ငံတွင် ရိုးရာအစဉ်အလာ ပွဲတော်အများအပြား ကျင်းပနေသည့်အနက် ရှေးအကျဆုံးနှင့် အကျော်ကြားဆုံး ပွဲတော်မှာ စာရေးသူတို့သွားရောက်ခဲ့သည့် သင်ဖူပွဲတော်ဖြစ်သည်။ Tashi Chhodzong နန်းတော်ရှေ့တွင် ခမ်းနားစွာကျင်းပလေ့ရှိပြီး နိုင်ငံတစ်ဝှမ်းလုံးရှိ လူများစွာလာရောက်သောပွဲတော်ဖြစ်သည်။ စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလတွင် ကျင်းပလေ့ရှိပါသည်။

သင်ဖူမြို့သည် နိုင်ငံ၏တစ်ခုတည်းသော နိုင်ငံတကာလေဆိပ်မှ တစ်နာရီသာ ကားမောင်းရသည့်နေရာလည်းဖြစ်သည်။ ထို့ကြောင့် ဘူတန်သို့ လာရောက်လေ့ရှိကြသည့် လေးရက်တာခရီးကာလအတွင်း ပွဲတော်တက်ရောက်ရန် ဖြစ်နိုင်သည်။ နိုင်ငံအရှေ့ပိုင်းရှိ မြို့ကြီးများတွင် ကျင်းပသည့် ပွဲတော်များကို သွားရောက်မည်ဆိုပါက ရက်များစွာပိုယူရပေမည်။

သင်ဖူပွဲတော်ကဲ့သို့ ဘူတန်နိုင်ငံ၏ အခြား အထင်ရှားဆုံး ပွဲတော်တစ်ခုမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိရာ ပါရိုမြို့ရှိ ပါရိုပွဲတော်ဖြစ်သည်။ ပွဲတော်ကာလအတွင်း ပေ ၄၀ ကျော်မြင့်သည့် နှစ် ၃၅၀ သက်တမ်းရှိ Guru Rimpoche ၏ပုံတူ ရွှေချည်ထိုးဖောင်းကြွပန်းချီကားကြီးကို ဖြန့်ကာ ချိတ်ဆွဲပြသထားခြင်းကြောင့် ထူးခြားလှပါသည်။ ရှားပါးဗုဒ္ဓဓာတ်တော်မွေတော်များကို ပြသလေ့ရှိသည့် ပူနာခါပွဲတော်၊ ဘူတန်နိုင်ငံ၏ အမျိုးသားအထိမ်းအမှတ်သတ္တဝါဖြစ်သည့် သားမင်းကိုရည်ညွှန်းကာ Gasa အရပ်တွင် ကျင်းပသည့် သားမင်းပွဲတော်၊ Phobjikha လွင်ပြင်တွင်ကျင်းပသည့် လည်ပင်းနက်ကြိုးကြာငှက်ပွဲတော်တို့သည်လည်း ထင်ရှားသည့် ဘူတန်ရိုးရာပွဲတော်များဖြစ်သည်။
ဒေါက်တာနုမြတ်သိင်္ဂီဦး
Nu Myat around the World

