ဥရောပရှိ ဘုရင့်နိုင်ငံငယ်လေး လစ်ချ်တန်စတိန်း – Liechtenstein


ဥရောပရှိ ဘုရင့်နိုင်ငံငယ်လေး လစ်ချ်တန်စတိန်း – Liechtenstein

လစ်ချ်တန်စတိန်းနိုင်ငံသည် ဆွစ်ဇာလန်နိုင်ငံနှင့် သြစတြီးယားနိုင်ငံကြားတွင် တည်ရှိနေသော ဥရောပနိုင်ငံငယ်လေး ဖြစ်ပါသည်။ ကမ်းရိုးတန်းမရှိသော ကုန်းတွင်းပိတ်နိုင်ငံဖြစ်ကာ ကုန်းတွင်းပိတ်ကိုမှ နှစ်ထပ်ကုန်းတွင်းပိတ်နိုင်ငံလေးဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံနှင့် သြစတြီးယားနိုင်ငံတို့သည်လည်း ကုန်းတွင်းပိတ်နိုင်ငံများ ဖြစ်သောကြောင့်ဖြစ်သည်။


လစ်ချ်တန်စတိန်းနိုင်ငံသည် ၆၂ စတုရန်းမိုင်သာကျယ်ဝန်းကာ ဥရောပ၏ စတုတ္ထသေးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ဆဌမအသေးဆုံးနိုင်ငံ ဖြစ်ပေသည်။ တစ်နိုင်ငံလုံးမှ လူဦးရေ ၃၈၀၀၀ ခန့်သာနေထိုင်ကာ မြို့တော် Vaduz တွင် လူဦးရေ ၆၀၀၀ ခန့်သာ နေထိုင်ပါသည်။
အရွယ်အစားအားဖြင့် သေးငယ်သော်လည်း GDP per capita အားဖြင့် အမြင့်ဆုံးနိုင်ငံများစာရင်းတွင် ပါဝင်ပါသည်။ နိုင်ငံတော်အကြွေးလည်း လုံးဝမရှိသလောက်ဖြစ်သည်။ ၎င်း၏ အနိမ့်ဆုံး အလုပ်လက်မဲ့နှုန်းမှာ ၁.၅% ဖြစ်သည်။ မှုခင်းအနည်းဆုံးနိုင်ငံတစ်ခုဖြစ်သောကြောင့် အိမ်ရှေ့တံခါးကိုတောင် သော့မပိတ်ဘဲ နေထိုင်လေ့ရှိကြပါသည်။


လစ်ချ်တန်စတိန်းနိုင်ငံကို ၁၇၁၉ ခုနှစ်က ဧကရာဇ်ဘုရင်ခံနိုင်ငံအဖြစ် စတင်တည်ထောင်ခဲ့သည်။ ဘုရင့်နိုင်ငံတစ်ခုဖြစ်ပြီး မျိုးရိုးဆက်ခံသည့် ဒီမိုကရေစီအခြေခံဘုရင်စနစ်ကို ကျင့်သုံးနေပါသည်။ လစ်ချ်တန်စတိန်းမင်းသားသည် နိုင်ငံတော်၏ အကြီးအကဲဖြစ်သလို ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သည်။ နိုင်ငံတော်တွင် ရွေးကောက်ခံဝန်ကြီးချုပ်တစ်ဦးလည်း ရှိပြီး အခွင့်အာဏာလွှဲအပ်ထားသည့် အစိုးရ၏ အကြီးအကဲဖြစ်သည်။ ၁၈၆၈ ခုနှစ်ကတည်းက စစ်တပ်မရှိသလို နိုင်ငံတွင်း နိုင်ငံခြားသံရုံးတစ်ခုမှ မရှိပါ။


တောင်ပေါ်နိုင်ငံဖြစ်ကာ အယ်လ်ပိုင်းတောင်တန်းဒေသတွင် တစ်နိုင်ငံလုံးတည်ရှိနေပါသည်။ နိုင်ငံ၏ အနိမ့်ဆုံးမြေမျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁၄၀၀ ကျော်ရှိပါသည်။ တောတောင်သဘာဝရှုခင်းများ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ပြီး တစ်ခုတည်းသော သဘာဝရေကန် Gampriner Seele က မြို့တော် Vaduz မှ ၁၅ မိနစ်အကွာခန့်တွင်ရှိပါသည်။


တစ်နှစ်လုံးနေမှ လာလည်သည့်ဦးရေ တစ်သိန်းမပြည့်သဖြင့် ဥရောပတွင် ဒုတိယ တိုးရစ်အလာအနည်းဆုံးနိုင်ငံဖြစ်သည်။ တစ်နိုင်ငံလုံးတွင် လေဆိပ်တစ်ခုမှမရှိကာ အနီးဆုံးလေဆိပ်မှာ မြို့တော်မှ တစ်နာရီခွဲခန့်ကားမောင်းလျှင်ရောက်သည့် ဆွစ်ဇာလန်နိုင်ငံ ဇူးဝစ်မြို့ရှိ လေဆိပ်ဖြစ်သည်။ ယင်းနိုင်ငံသို့ သွားလည်လိုပါက ဇူးဝစ်မြို့မှ နေ့ချင်းပြန်ခရီးသွားရောက်နိုင်ပါသည်။ စာရေးသူတို့သည်လည်း ဇူးဝစ်မြို့မှ တစ်ဆင့် နေ့ချင်းပြန်ခရီးသွားခဲ့ခြင်းဖြစ်သည်။


နိုင်ငံအတွင်း လှပခမ်းနားသည့် ရဲတိုက်ကြီးများတည်ရှိနေပြီး မြို့တော်ရှိ Vaduz ရဲတိုက်တွင် မင်းသား Hans-Adam II နှင့် ကြင်ယာတော်မင်းသမီး နေထိုင်လျှက်ရှိပါသည်။ ပုံမှန်အားဖြင့် ထိုရဲတိုက်သို့ အပြင်လူဝင်ခွင့်မပေးသော်လည်း နှစ်စဉ်အမျိုးသားနေ့ရောက်ပါက တစ်နိုင်ငံလုံးကို ရဲတိုက်ထဲဖိတ်ခေါ်ကာ ပါတီပေးလေ့ရှိကြောင်း သိရသည်။ တိုးရစ်များအနေဖြင့် Vaduz ရဲတိုက်သို့ ဝင်ခွင့်မရသော်လည်း Gutenberg ရဲတိုက်ကြီးအတွင်းတော့ ဝင်ရောက်လေ့လာနိုင်ပေသည်။


လစ်ချ်တန်စတိန်းတော်ဝင်မိသားစုသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ကိုယ်ပိုင်အနုပညာစုဆောင်းမှုကို ပိုင်ဆိုင်ထားကာ လစ်ချ်တန်စတိန်း၏ ဘဏ္ဍာတော်ဆိုင်ရာအခန်း (Schatzkammer Liechtenstein) သည် Vaduz ရှိ မဖြစ်မနေ ကြည့်ရှုရမည့်ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ ယင်းတွင် တော်ဝင်မိသားစု၏ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ ကိုယ်ပိုင်စုဆောင်းမှုမှ အနုပညာလက်ရာများနှင့် အခြားရတနာများကို တွေ့မြင်နိုင်ပါသည်။


Vaduz မြို့တွင် ထိုနေရာများအပြင် လွှတ်တော်အဆောက်အအုံ၊ အမျိုးသားပြတိုက်၊ နိုင်ငံတော်အနုပညာပြတိုက် Kunstmuseum၊ St Florin ဘုရားကျောင်း၊ မြို့တော်ခန်းမ၊ ရှေးဟောင်း Rhine တံတား၊ ရိုးရာအိမ်အနီသို့ သွားရောက်လေ့လာနိုင်ပါသည်။ အချိန်မရခဲ့ပါက မြို့ပတ်ရထားစီးကာ Vaduz မြို့တစ်ပတ်နှင့် စပျစ်ခင်းများသို့ နာရီဝက်ကြာပတ်ကြည့်နိုင်ပါသည်။ ထို့ပြင် Schaan၊ Nendeln နှင့် Eschen မြို့ငယ်လေးများသို့လည်း သွားရောက်နိုင်ပြီး ဆောင်းတွင်းတွင် နှင်းများဖုံးနေသည့် Malbun မြို့သို့သွားရောက်နိုင်ပါသည်။

ဒေါက်တာနုမြတ်သိင်္ဂီဦး

Nu Myat around the World

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s