နီပေါနိုင်ငံဆိုလျှင် ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင် (Mount Everest) နှင့် တွဲမြင်လေ့ရှိကြပေသည်။ ဧဝရက်တောင်အပါအဝင် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် ၁၀ ခုအနက် ၈ ခုက နီပေါနိုင်ငံတွင် တည်ရှိနေကြသဖြင့် နီပေါနိုင်ငံကို ကမ္ဘာ့ခေါင်မိုးဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ နိုင်ငံ၏မြောက်ဘက် တစ်လျှောက်တွင် ဆီးနှင်းဖုံးနေသည့် ဟိမဝန္တာတောင်တန်းများက နေရာယူထားပေသည်။ နီပေါနိုင်ငံသို့ သွားရောက်လည်ပတ်ပါက ဟိမဝန္တာတောင်တန်းများ အထူးသဖြင့် ဧဝရက်တောင်ကို မမြင်ခဲ့ရလျှင် ခရီးပြီးပြည့်စုံလိမ့်မည်မဟုတ်ပေ။ နှစ်စဉ် ကမ္ဘာတစ်ဝှမ်းမှ ထောင်ပေါင်းများစွာသော ခရီးသွားများသည် ဧဝရက်တောင်နှင့် ဟိမဝန္တာတောင်တန်းများကို မြင်တွေ့နိုင်ရန် တောင်တက်ခရီးစဉ်အတွက် နီပေါသို့ လာရောက်လည်ပတ်ကြသည်။

ဧဝရက်တောင်တက်ရန် ခက်ခဲသလို ကျွမ်းကျင်မှုရှိရန်လိုအပ်ပေသည်။ သို့သော်လည်း တောင်တက်ရန် အချိန်မရှိသူများ၊ တောင်တက်မကျွမ်းကျင်သူများအတွက် ဧဝရက်တောင်ကို မြင်တွေ့နိုင်မည့် အခြားသောနည်းလမ်းတစ်ခုရှိပါသည်။ ယင်းမှာ ဧဝရက်တောင် ရှုခင်းကြည့် လေယာဉ်ခရီးစဉ်ဖြစ်ကာ ဧဝရက်တောင်နှင့် အခြားဟိမဝန္တာတောင်တန်းများ၏ ရှုခင်းများကို ခံစားနိုင်ရန် သက်သက် ဧဝရက်တောင်အနီးသို့ ပျံသန်းပြေးဆွဲပေးနေခြင်းဖြစ်သည်။ တောင်တက်ရန်မလိုဘဲ ဧဝရက်တောင်ကို တစ်နာရီအတွင်း အနီးကပ်မြင်ချင်သူများအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

ဧဝရက်တောင်သည် နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူမြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိကာ Yeti Airlines၊ Buddha Air နှင့် Shree Airlines ကဲ့သို့ နီပေါ ပုဂ္ဂလိကလေကြောင်းလိုင်းများသည် နေ့စဉ်နေ့တိုင်း မနက်စောစောတွင် ခတ္တမန္ဒူလေဆိပ်မှ ဧဝရက်တောင်ကြည့်လေယာဉ်ခရီးစဉ်များကို ပျံသန်းပြေးဆွဲပေးနေပါသည်။

လေယာဉ်စီးချိန်အစအဆုံး တစ်နာရီခန့်ကြာကာ ခရီးစဉ်အတွင်း ဧဝရက်တောင်အပါအဝင် ရေခဲတောင်ထိပ်ပေါင်း ၂၀ ကျော်ကို ၃၆၀ ဒီဂရီ မြင်တွေ့နိုင်မည်ဖြစ်ကာ ခတ္တမန္ဒူမြို့၊ ဗုဒ္ဓနတ်စေတီ၊ ရေခဲတောင်များနှင့် ရေကန်များကိုလည်း တွေ့မြင်နိုင်ပေသည်။ အရင်ဆုံး ခတ္တမန္ဒူမြို့နှင့် အနီးဆုံး Langtang Lirung တောင်ထိပ်ကို မြင်တွေ့ရကာ ထိုမှ ရှေ့ဆက်သွားလျှင် ဧဝရက်တောင်ကို ကျော်ဖြတ်ပြီး နောက်ဆုံး Chamlang တောင်ထိပ်အရောက် လေယာဉ်ပြန်လှည့်သဖြင့် ဧဝရက်တောင်ကို အသွားအပြန် ၂ ကြိမ်မြင်တွေ့နိုင်မည်ဖြစ်သည်။

လေယာဉ်မှာ လျှောက်လမ်းတစ်ဖက်ကို နှစ်ခုံစီရှိသည့်လေယာဉ်အသေးဖြစ်ပြီး ခရီးသည်တိုင်းကို ပြတင်းပေါက်ခုံရအောင် စီစဉ်ပေးထားသဖြင့် ရှုခင်းမမြင်ရမှာကို စိုးရိမ်စရာမရှိပါ။ ဟိမဝန္တာတောင်ထိပ်များ၏ မြေပုံကိုလည်း ခရီးသည်တိုင်းကို ပေးထားရာ ကိုယ်မြင်ရသည့် တောင်ထိပ်များကို မြေပုံနှင့် ကိုက်ကြည့်နိုင်ပေသည်။ ထို့အပြင် လေယာဉ်မယ်များကလည်း လမ်းတစ်လျှောက်မြင်ရသည့် ရှုခင်းများနှင့် တောင်များ၏ အမည်များကို ပြောပြပြီး ဧဝရက်တောင်ကိုလည်း ညွှန်ပြပေးပါသည်။ ဧည့်သည်တိုင်းကို လေယာဉ်၏ရှေ့မှ ဟိမဝန္တာရှုခင်းများကို ကြည့်ရှုခံစားနိုင်ရန် လေယာဉ်မှူးခန်းထဲသို့ ခေတ္တခဏ ဝင်ခွင့်ပေးပါသည်။

ဟိမဝန္တာတောင်တန်းများကို ကောင်းကင်ယံမှ မြင်ရသည့်မြင်ကွင်းမှာ အံ့အားသင့်စရာကောင်းလှသလို တစ်သက်မမေ့နိုင်စရာပင်ဖြစ်သည်။ ဟိမဝန္တာတောင်တန်းများကို တမျှော်တခေါ်ကြီးတွေ့ရသည့်မြင်ကွင်းကို အခြားမည်သည့်နေရာတွင်မှ မြင်တွေ့နိုင်မည် မဟုတ်ပေ။ အပြန်ခရီးမှာ ဧဝရက်တောင်မြင်ရသည့် အောင်ပွဲအဖြစ် ရှန်ပိန်တိုက်ပြီး နာမည်ရေးထိုးထားသည့် ဂုဏ်ပြုမှတ်တမ်းလွှာကို အမှတ်တရသိမ်းထားရန် ပေးပါသည်။


ဧဝရက်တောင်ကြည့် ခရီးစဉ်သည် ဈေးနှုန်းအားဖြင့် နိုင်ငံခြားသားများအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၀ ခန့်ကျသင့်ပြီး နီပေါနိုင်ငံသားများနှင့် အိန္ဒိယနိုင်ငံသားများမှာမူ ဈေးပိုသက်သာပါသည်။ တောင်တက်လေယာဉ်များကို တစ်နှစ်ပတ်လုံး ပြေးဆွဲနေသော်လည်း စက်တင်ဘာလမှ ဧပြီလအကြားသည် ဆောင်းရာသီဖြစ်သောကြောင့် ရေခဲတောင်များကို ကြည့်ရှုခံစားရန် အကောင်းဆုံးအချိန်ဖြစ်သည်။
နီပေါနိုင်ငံတွင် ရှုခင်းကြည့်သည့် အခြားရဟတ်ယာဉ်ခရီးစဉ်များလည်းရှိပါသေးသည်။ ယင်းတို့မှာ ဧဝရက်တောင်ခြေစခန်းသို့ ပို့ဆောင်ပေးသည့် ရဟတ်ယာဉ်ခရီးစဉ်၊ ခတ္တမန္ဒူမြို့ရှုခင်း၊ Langtang တောင်ကြားနှင့် Gosaikunda Lake တို့၏ ရှုခင်းများကို အနီးကပ်ကြည့်ရှုနိုင်မည့် Langtang တောင်ကြား ရဟတ်ယာဉ် ခရီးစဉ်၊ သခင် Shiva နှင့် သူ၏ကြင်ယာတော်တို့၏ နေထိုင်ရာဟု ယူဆရသည့် မြင့်မြတ်သော Gosaikunda ရေကန်သို့ ပျံသန်းသည့် Gosaikunda ရဟတ်ယာဉ်ခရီးစဉ်၊ ကမ္ဘာ့ဒဿမမြောက် အမြင့်ဆုံးတောင်ထိပ် Annapurna တောင်ခြေစခန်းရဟတ်ယာဉ်ခရီးစဉ်၊ မြင့်မြတ်သော မုခ်တီနတ်ဘုရားကျောင်း Muktinath Temple သို့ ဘုရားဖူးခရီးစဉ်ဖြစ်သည့် Muktinath Helicopter Tour တို့ဖြစ်သည်။
