ပန်ထွာဘုရင်မကြီးရဲ့ အမုန်းကျိန်စာပြည့်နေတဲ့ ဗိဿနိုးမြို့

ဗိဿနိုးမြို့ဆိုတာ….

ပန်ထွာဘုရင်မကြီးရဲ့မြို့…

အမုန်းကျိန်စာနဲ့ပြည့်နေတဲ့မြို့…

ရာဇဝင်တွေ စီးဆင်းခဲ့တဲ့မြို့…

နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိတဲ့မြို့ …

ပျူယဉ်ကျေးမှုတွေ ထွန်းကားခဲ့တဲ့ပျူမြို့…

ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံရတဲ့မြို့ကြီးပေါ့….

ဒီဗိဿနိုးမြို့ဟောင်းကြီးဆီကို COVID 2nd Wave မတိုင်မီ သြဂုတ်လတုန်းက သရေခေတ္တရာမြို့ဟောင်းဆီသွားရင်း ဝင်လေ့လာဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့အမွေအနှစ်ဒေသ

————————

ဗိဿနိုးက ယူနက်စကို (UNESCO) ကနေပြီး ကမ္ဘာ့အမွေအနှစ်ဒေသတွေအဖြစ် ၂၀၁၄ခုနှစ်မှာ အသိအမှတ်ပြုခဲ့တဲ့ ပျူမြို့ဟောင်း (၃)မြို့ထဲက တစ်မြို့ ဖြစ်ပါတယ်။ ဒီပျူမြို့ဟောင်း (၃)မြို့ကတော့ ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာမြို့တို့ပါ။ ဟန်လင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့နားမှာရှိပြီး ဗိဿနိုးက မကွေးတိုင်း တောင်တွင်းကြီးမြို့နားမှာရှိကာ သရေခေတ္တရာကတော့ ပြည်မြို့နားမှာ ရှိပါတယ်။

ဗိဿနိုးမြို့က A.D ၁ ရာစုကနေ ၅ရာစု အတွင်း ပျူယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ပျူမြို့ဟောင်းတစ်မြို့ဆိုတော့ နှစ်ပေါင်း ၂၀၀၀ကျော် သက်တမ်းရှိနေပါပြီ။ မြန်မာ့ရိုးရာသမိုင်းကျမ်းတွေမှာတော့ အစောဆုံးပျူမြို့ဟောင်းအဖြစ် ဖော်ပြထားတယ်လို့ သိရပါတယ်။

ဘယ်မှာရှိတာလဲ

——————-

ဗိဿနိုးမြို့ဟောင်းကြီးက မကွေးခရိုင် တောင်တွင်းကြီးမြို့ အနောက်ဘက် ၁၂မိုင်ဝန်းကျင်မှာရှိပြီး အနီးဆုံးရွာကတော့ ကုက္ကိုခွရွာပဲဖြစ်ပါတယ်။ ဗိဿနိုးရှေးဟောင်းနယ်မြေထဲဝင်တဲ့ ဝင်ပေါက်က တောင်တွင်းကြီး-မကွေးကားလမ်းပေါ်မှာရှိပြီး ဒီကားလမ်းက ဗိဿနိုးမြို့ရဲ့ အရှေ့တောင်ထောင့်မှာ မြို့ရိုးနှစ်ဖက်ကို ဖောက်ထွင်းပြီး ဖောက်ထားတာပဲဖြစ်ပါတယ်။

ဘယ်လိုသွားရလဲ

——————-

ရန်ကုန်ကနေသွားမယ်ဆိုရင် လမ်းဟောင်းကနေပြည်ကို မိုင်၁၈၀ကျော်မောင်းရပြီး အဲဒီကနေ တောင်တွင်းကြီးကို မိုင်၁၀၀လောက် ထပ်မောင်းရပါမယ်။ အမြန်လမ်းကနေသွားမယ်ဆိုရင်တော့ နေပြည်တော်အကျော် မိုင်တိုင် ၂၂၀မှာ တောင်တွင်းကြီးလမ်းခွဲရှိပါတယ်။ အထက်အညာဒေသကနေသွားမယ်ဆိုရင်တော့ ကျောက်ပန်းတောင်း၊ မကွေးတို့ကနေပြီး လမ်းသင့်ပါတယ်။

ဗိဿနိုးကို ရန်ကုန်ကနေဆိုရင် ၇နာရီကျော် ၈နာရီလောက်မောင်းရပြီး သရေခေတ္တရာကနေဆိုရင်တော့ ၃နာရီခွဲလောက်မောင်းရပါတယ်။ နုမြတ်တို့ကတော့ ရန်ကုန်ကနေ သရေခေတ္တရာကို လမ်းဟောင်းအတိုင်း အရင်သွားပြီး အဲဒီမှာ တစ်ညအိပ်ကာ အရင်လေ့လာပြီး နောက်တစ်ရက်မှ ဗိဿနိုးကို ခရီးဆက်ခဲ့ကြတာပါ။ ဗိဿနိုးမှာ တစ်ညအိပ်ပြီး မြို့ဟောင်းထဲလေ့လာပြီးမှ အမြန်လမ်းအတိုင်း ရန်ကုန်ပြန်လာခဲ့တာပါ။

ပန်ထွာဘုရင်မ

—————-

ဗိဿနိုးအကြောင်းပြောမယ်ဆိုရင် ပန်ထွာဘုရင်မကြီးအကြောင်းကို ထိပ်ဆုံးကပြောပြရမှာပါ။ ပန်ထွာဘုရင်မက အလွန်ချောမောလှပတယ်လို့ နာမည်ကြီးပြီး ဗိဿနိုးတိုင်းပြည်ကို တစ်ဦးတည်း အုပ်ချုပ်ခဲ့တဲ့ ဘုရင်မပဲဖြစ်ပါတယ်။


ပန်ထွာဘုရင်မဟာ လူသာမန်မဟုတ်ပါဘူး။ မိခင်က စန္ဒမုခိဘီလူးမကြီးတဲ့လေ။ ဒဏ္ဏာရီတွေအရ မဟာသမ္ဘဝနဲ့ စူဠသမ္ဘဝ မျက်မမြင်မင်းသားနှစ်ပါးကို စက္ခုအလင်းရအောင် ကုစားပေးခဲ့ရင်း လက်ကိုကိုင်တွယ်မိလို့ ပဋိသန္ဓေတည်ရှိခဲ့တာတဲ့။ တောင်တွင်းကြီးမြို့ရဲ့ အနောက်ဘက် ၅ တိုင်ကွာဝေးတဲ့ တောအရပ်မှာ ပန်ထွာဘုရင်မကို ဖွားမြင်ခဲ့ပြီး ရသေ့တစ်ပါးရဲ့ မွေးစားခဲ့ပါတယ်။ ကြီးလာတဲ့အခါမှာတော့ သူ့ရဲ့ထက်မြက်မှုကြောင့် ရပ်ရွာက အကြီးအကဲတင်မြှောက်ကာ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ဗိဿနိုးမြို့ကြီးကို တည်ထောင်ခဲ့ပါတယ်။ တချို့ကလည်း ဗိဿနိုးနတ်မင်းနဲ့ ရှေးဘဝက မောင်နှမတော်စပ်ခဲ့လို့ ဗိဿနိုးမြို့ကို ဖန်းဆင်းပြီး ပေးအပ်ခဲ့တာလို့လည်း ပြောကြပါတယ်။

စည်တော်ကြီးနဲ့ရန်ပယ်ချောင်း

———————————–

ဗိဿနိုးနဲ့ ပတ်သက်ပြီး ရန်ပယ်ချောင်းနဲ့ စည်ကြီးအကြောင်းလည်း ကြားဖူးကြမှာပါ။ မြို့ကို ရန်သူတွေလာတိုက်ခိုက်တိုင်း အတုလစည်တော်ကြီးကို တီးလိုက်တာနဲ့ ဗိဿနိုးမြို့ကြီးကို ဝန်းရံထားတဲ့ ရန်ပယ်ချောင်းက ရေတွေတလဟောစီးကျလာပြီး ရန်သူတွေရှေ့ဆက်မရအောင် တားပေးသတဲ့လေ။

ခုနောက်ပိုင်း ခန့်မှန်းကြည့်ကြတဲ့အရ ရန်ပယ်ချောင်းမှာ ရေတံခါးတွေ တပ်ထားတာဖြစ်ပါလိမ့်မယ်။ ဒါမှသာ ရန်သူတွေ ချီတက်လာတာကို မြင်တဲ့အခါ အတုလစည်ကြီးတီးပြီး အချက်ပြလိုက်တာနဲ့ ရေတံခါးတွေကို ဖွင့်ချလိုက်လို့ ရန်ပယ်ချောင်းမှာ ရေအရှိန်အဟုန်စီးဆင်းလာတာ ဖြစ်နိုင်ပါတယ်။

ဒွတ္တဘောင်မင်းကြီး

———————-

အဲဒီတုန်းက သရေခေတ္တရာမြို့ကို အုပ်ချုပ်ခဲ့တဲ့ ဒွတ္တဘောင်မင်းကြီးက အင်မတန်ဘုန်းတန်ခိုးကြီးလှပါတယ်။ ပန်ထွာဘုရင်မကြီးရဲ့ အလှအပအကြောင်းကို ကြားသိရလို့ ဗိဿနိုးမြို့ကို တိုက်ခိုက်ပြီး ပန်ထွာဘုရင်မကြီးကို မိဖုရားအဖြစ်သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပေမဲ့ ဒီစည်တော်ကြီးရဲ့ အစွမ်းကြောင့် မအောင်မြင်ခဲ့ပါဘူးတဲ့။

အဲဒါနဲ့ စည်ကိုဖျက်စီးဖို့ သူတို့ဆီက သူလျှိုကို တန်ခိုးကြီးရသေ့အဖြစ် ဟန်ဆောင်စေပြီး စေလွှတ်ခဲ့ပါတယ်။ သူလျှိုရသေ့က ပန်ထွာဘုရင်မနဲ့တကွ ဗိဿနိုးပြည်သူပြည်သားတွေကိုပါ အယုံသွင်းခဲ့ပြီး စည်ကြီးကို ပိုအစွမ်းထက်အောင် ပြုလုပ်ပေးမယ်ဆိုလို့ အပ်နှံခဲ့ကြပါတယ်။ တကယ်တမ်းမှာတော့ စည်ကြီးကို ဖျက်စီးပြီး ထွက်ပြေးခဲ့လို့ သရေခေတ္တရာက စစ်တပ်ကြီးလာတိုက်တဲ့အခါ စည်ကြီးကိုတည်းလို့ အသံမထွက်တော့ပါဘူး။ အဲဒီအခါ ရန်ပယ်ချောင်းကလည်း ရေမကျလာတော့ တိုက်စစ်ကို အလူးအလဲခံခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဒွတ္တဘောင်မင်းရဲ့လက်အောက်ကို ဗိဿနိုးမြို့ရော ပန်ထွာဘုရင်မပါ ကျရောက်ခဲ့ရပါတော့တယ်။

အမုန်းကျိန်စာ

—————-

ပန်ထွာဘုရင်မကြီးဟာ ဒွတ္တဘောင်မင်းကြီးရဲ့ မိဖုရားအဖြစ် သရေခေတ္တရာကို ပြောင်းခဲ့ရပြီး သားတော်ထွန်းကားတာတောင် အမုန်းမပြေနိုင်ဘဲ ဖြစ်နေပါတယ်။ လုပ်ကြံဖို့အတွက်ကလည်း ဘုရင်ကြီးက ဘုန်းတန်ခိုးကြီးလွန်းတော့ မကြံနိုင်ဘဲ ဖြစ်နေပါတယ်။ ဒါနဲ့ ထမိန်အောက်နားစ (တချို့ကလည်း သုသာန်ကအဝတ်လို့ပြောတယ်)ကို မျက်နှာသုတ်ပုဝါအဖြစ် ဒွတ္တဘောင်မင်းကြီးကို ပေးသုံးလိုက်တဲ့အခါ နှဖူးကမှဲ့ရှင်တော်ပျောက်ကွယ်ပြီး ဘုန်းနိမ့်ကုန်ရောတဲ့။ အဆိပ်ခတ်ထားတဲ့ ဖျော်ရည်ကိုပါ ဆက်ကပ်တဲ့အခါ ဒွတ္တဘောင်မင်းကြီးက သံသယဝင်လို့ ဖျော်ရည်ကိုမသောက်ဘဲ ပန်ထွာဘုရင်မကိုသာ မြည်းစမ်းပြခိုင်းခဲ့ပါတယ်။ အဲဒီအခါ ပန်ထွာဘုရင်မကြီးက ဖျော်ရည်ခွက်ကိုမြှောက်ပြီး “ ငါဒီဘဝမှာတော့ လက်စားမချေနိုင်တော့ဘူး။ နောက်ဘဝများတွင်သာ လက်စားချေနိုင်တော့မယ်။ လက်စားမချေရမခြင်း ဒီဒေသမှာရှိတဲ့ ပေပင်လေးတွေ ဆက်လက်ကြီးထွားခြင်းမရှိဘဲ ဒီအတိုင်းရပ်တန့်နေပါစေ”လို့ ကျိန်စာတိုက်ခဲ့ပြီး ဖျော်ရည်သောက်ကာ သတ်သေခဲ့ပါတယ်။ ဒွတ္တဘောင်မင်းကြီးလည်း ဘုန်းတန်ခိုးနိမ့်သွားတော့ နောက်ပိုင်း ဖော်တော်စီးပြီး အခွန်လှည့်လည်ကောက်ခံတဲ့အခါ ဖောင်နစ်ပြီး နတ်ရွာစံတော်မူသွားခဲ့ပါတယ်။

ဒါကြောင့် ဗိဿနိုးမြို့ဟောင်းရှိ ပေပင်တွေက နှစ်ထောင်ချီသက်တမ်းရှိပြီးဖြစ်တာတောင် မကြီးလဲ မကြီးထွား၊ အသီးလဲ မသီးကြပါဘူး။ ပန်ထွာဘုရင်မရဲ့ “ငါလာမှကြီး ငါလာမှသီး” ဆိုတဲ့ ဆုတောင်းစကားကြောင့် ဘုရင်မ လူပြန်မဖြစ်မချင်း ပေပင်တွေဟာ အသီးမသီးနိုင်၊ မကြီးထွားနိုင်ဖြစ်နေရတာလို့ ဆိုကြပါတယ်။

မြို့ဟောင်းထဲဘာတွေရှိလဲ

—————————-

ရှေးဟောင်းနယ်မြေထဲမှာ သရေခေတ္တရာလို ရွာတွေရှိမနေပါဘူး။ အင်းနားက အင်းရွာကြီးတစ်ရွာပဲ မြို့ရိုးနဲ့ ကပ်ပြီး ရှိနေတာပါ။ လူခေါင်သလို တစ်နေရာနဲ့တစ်နေရာကလည်း သိပ်မနီးတော့ လမ်းလျှောက်သွားလို့ အဆင်မပြေလောက်ပါဘူး။ ဆိုင်ကယ် (သို့) ကားနဲ့လာမှသာ အဆင်ပြေမှာပါ။

မုခ်ဦးကြီး

————

ဝင်ပေါက်မှာ “ဗိဿနိုး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ”ဆိုတဲ့ မုခ်ဦးကြီးကတော့ ထည်ထည်ဝါဝါရှိလို့နေပါတယ်။ ဗိဿနိုးပုံတွေတက်လာရင် ဒီမုခ်ဦးကြီးမှာ ရိုက်ထားတဲ့ပုံတွေများပါတယ်။ မုခ်ဦးတစ်ဖက်တစ်ချက်စီမှာ ပျူခေတ်မြို့စောင့်ရဲမက်ရုပ်တုကြီးနှစ်ရုပ်က လှံကိုင်ပြီး မြို့ကိုစောင့်နေသဖွယ် ရှိလို့နေပါတယ်။ မုခ်ဦးဘေးက မြို့ရိုးတွေရဲ့ အုတ်စီပုံကလည်း ရှေးခေတ်ကလို စပါးစေ့ပုံစံတွေနဲ့ပါ။ မြို့ရိုး အဝင်ဝနားမှာ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုထားတဲ့ ကျောက်တုံးဖြူဖြူကြီးကိုလည်း တွေ့ရမှာပါ။

မြို့ရိုး

——-

မြို့ကြီးက ပုံသဏ္ဏာန်အနေနဲ့ စတုရန်းမကျတကျပုံရှိပြီး ဧရိယာအနေနဲ့ကတော့ ၃.၃စတုရန်းမိုင်ကျယ်ဝန်းပါတယ်။ မြောက်ဘက်၊ အရှေ့ဘက်နဲ့ တောင်ဘက်တွေမှာ အုတ်မြို့ရိုးတွေရှိပြီး အနောက်ဘက်မှာတော့ မြို့ရိုးကို တူးဖော်တွေ့ရှိတာမျိုး မရှိသေးပါဘူး။ အနောက်ဘက်မှာ ရေကန်ကြီးနှစ်ကန်ရှိတော့ မြို့တည်ကတည်းက မြို့ရိုးမရှိခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

မြို့ဝင်ပေါက်

————–

မြို့ရိုးတစ်ဖက်စီမှာ မြို့ဝင်ပေါက်တွေ သုံးခုစီရှိတယ်လို့ သိရပါတယ်။ တချို့မြို့ဝင်ပေါက်တွေက သေချာတူးဖော်ထားတော့ ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ မြို့ဝင်ပေါက်တွေက ပေ ၂၀ ကျယ်ပြီး ကတော့ပုံလို တည်ဆောက်ထားတာပါ။ ခပ်မြန်မြန် ပြေးဆွဲတဲ့ ရထားတွေ၊ လမ်းကွေ့မှာ အခက်အခဲ မရှိအောင် အခုလို လမ်းထောင့်တွေကို ခပ်ပြေပြေ ထောင့်ချိုးထားတာ ဖြစ်ပါလိမ့်မယ်။ သရေခေတ္တရာရဲ့ မြို့ဝင်ပေါက်တချို့ကလည်း အဲ့လိုမျိုးပါပဲ။

DCIM\101MEDIA\DJI_0072.JPG

ရှေးဟောင်းကုန်း

——————-

ဗိဿနိုးမြို့ဟောင်းကို ၁၉၀၅ခုနှစ်မှာ ကျောက်စာဝန်တော်စိန်ခိုက ပထမဆုံးစူးစမ်းလေ့လာခဲ့တာပါ။ ၁၉၅၉ခုနှစ်ကစပြီး မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ရှေးဟောင်းသုတေသနပညာရှင်တွေက ဗိဿနိုးမြို့ဟောင်းကြီးမှာ ရှေးဟောင်းကုန်းတွေကို စနစ်တကျတူးဖော်ခဲ့ရာမှာ ၂၀၁၅ခုနှစ်အထိ ရှေးဟောင်းကုန်းပေါင်း (၆၇)ကုန်း တူးဖော်ပြီးဖြစ်ပါတယ်။ တူးဖော်ရရှိတဲ့ကုန်းတွေမှာ ဆိုင်းဘုတ်တွေသေချာစိုက်ပြီး အင်္ဂလိပ်လိုရော မြန်မာလိုပါ ရှင်းပြထားတာလည်း သိပ်ကောင်းပါတယ်။

ဗိဿနိုးမှာ မြို့ရိုးတွေ၊ မြို့ဝင်ပေါက်တွေအပြင် ဘာသာရေးအဆောက်အအုံတွေ၊ လူနေအဆောက်အအုံတွေနဲ့ နန်းတော်ရာကိုပါ တူးဖော်တွေ့ရှိထားကြပါတယ်။ တူးဖော်တွေ့ရှိထားသမျှထဲ အကြီးဆုံးကတော့ နှစ်ထပ်တိုက်လိုတိုက်တစ်ခုပါ။ လူနေအဆောက်အအုံဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ရှေးဟောင်းသုတေသနပြတိုက်

———————————–

မြို့ဟောင်းကြီးထဲ ရှေးဟောင်းသုတေသနပြတိုက်ကြီးလည်းရှိပြီး ပြတိုက်ထဲမှာလည်း ပျူအရိုးအိုးတွေ၊ ဒင်္ဂါးပြားတွေနဲ့ ရှေးဟောင်းပစ္စည်းများစွာကို တွေ့နိုင်ပါတယ်။ နုမြတ်တို့ သွားတုန်းကတော့ ကိုဗစ်ကြောင့် ပြတိုက်ပိတ်ထားလို့ ဝင်လေ့လာလို့မရခဲ့ပါဘူး။

ပေပင်တွေ

————-

မြို့ဟောင်းကြီးထဲမှာ အိုးခြမ်းကွဲတွေ မတွေ့ချင်မှအဆုံးပါ။ ပန်ထွာဘုရင်မကြီးကျိန်စာတိုက်ခဲ့တဲ့ ပေပင်တွေကိုလည်း တကူးတကလိုက်ရှာခဲ့ရတာ အမှတ်တရပါပဲ။ ပေပင်တွေကို အင်းကြီးနားမှာ တွေ့ခဲ့ရပါတယ်။ တကယ်လည်း သေးနေပြီး လူတစ်ရပ်စာလောက်သာ ရှိပါတယ်။

မြို့ဟောင်းအထွက်နားမှာတော့ ရွှေရောင်တော်ဘုရားကို ဖူးမြော်နိုင်ပါတယ်။ ပန်ထွာဘုရင်မ မြို့ဦးစေတီအဖြစ်တည်ခဲ့တဲ့ ဘုရားဖြစ်ပြီး ရောင်ခြည်တော်ကွန့်မြူးလို့ ရွှေရောင်တော်လို့ အမည်တွင်ပါတယ်။ စေတီတော်မှာ ဗိဿနိုးပန်ထွာဘုရင်မကြီးရဲ့ ရုပ်တုတော်တွေကိုလည်း တွေ့နိုင်ပါတယ်။

အင်ကြင်းပွင့်

—————

ပြီးတော့ ဗိဿနိုးမြို့ဟောင်းမှာရှိတဲ့ အင်းကြင်းဥယျာဉ်မှာ မူလက အင်ကြင်းပင်မရှိခဲ့ပေမဲ့ ဗိဿနိုးနတ်မင်းကြီးရဲ့ အမိန့်ကြောင့် အင်ကြင်းပွင့်တွေက ဥယျာဉ်တော်အတွင်း အလိုလျောက်ရောက်လာတာတဲ့လေ။ အခုထိ ဘယ်ကနေရောက်လာမှန်းမသိတဲ့ အင်ကြင်းပွင့်တွေကို မကြာခဏတွေ့ရတတ်တယ်လို့ ပြောကြပါတယ်။ ရွှေရောင်တော်စေတီမှာဆိုရင်လည်း အင်ကြင်းပန်းတွေကို ဘုရားပန်းအဖြစ် လှူထားကြသလို ဘုရားရင်ပြင်တဝိုက်မှာ အင်ကြင်းပန်းတွေ ပြန့်ကြဲနေတာကိုလည်း တွေ့ရတတ်တယ်လို့ သိရပါတယ်။

ဗိဿနိုးမြို့ဟောင်းကြီးသမိုင်းက စိတ်ဝင်စားစရာကောင်းသလို ကမ္ဘာ့အမွေအနှစ်အဖြစ်လည်း အသိအမှတ်ပြုခံထားရတော့ ဂုဏ်ယူစရာပါ။ ပုဂံခေတ်ထက်ရှေးကျတဲ့ ပျူခေတ်အကြောင်းကိုလည်း တီးခေါက်မိစေပါတယ်။

နုမြတ်လည်း ဗိဿနိုးမြို့ဟောင်းကြီးအကြောင်းကို လေ့လာမိခဲ့သလောက် ကိုဗစ်ကာလမှာ ဗဟုသုတအနေနဲ့ တင်ပေးလိုက်တာပဲဖြစ်ပါတယ်။ တခြားစိတ်ဝင်စားစရာ ပြည်တွင်းပြည်ပ ဒေသန္တရဗဟုသုတတွေလည်း ဆက်ပြီးတင်ပေးသွားမှာဖြစ်လို့ ဒီ Nu Myat around the World page ကို Like နဲ့ See First လုပ်ထားနိုင်ပါတယ်နော်။

အားလုံး ဘေးရန်ကင်းကွာပြီး ကျန်းမာပျော်ရွှင်ကြပါစေ…

ချစ်ခင်လျှက်

Nu Myat

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s