ဒီမိုကရေစီနှင့် အိုလံပစ်ပြိုင်ပွဲ အစပြုရာ ဂရိနိုင်ငံ


ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့နေရာတွေဖြစ်တဲ့ ဆန်တိုရီနီကျွန်းနဲ့ အေသင်မြို့တို့ရှိတဲ့နိုင်ငံကတော့ ဂရိနိုင်ငံပဲဖြစ်ပါတယ်။ ဂရိနိုင်ငံရဲ့ တကယ့်နာမည်အရင်းက Hellenic Republic ပါ။ ဂရိဘာသာစကားနဲ့ဆို Hellas လို့လည်း ခေါ်ကြပါတယ်။ ဂရိနိုင်ငံက ဥရောပတိုက် အရှေ့တောင်ပိုင်းမှာရှိပြီး အာဖရိကတိုက်နဲ့ရော အာရှတိုက်နဲ့ပါ နီးပါတယ်။ မြောက်ဘက်မှာ ဘူလ်ဂေးရီးယား၊ မာစီဒိုးနီးယားနဲ့ အယ်လ်ဘေးနီးယားနိုင်ငံတို့ ဝန်းရံထားပြီး အနောက်ဘက်မှာ Aegean ပင်လယ်၊ တောင်ဘက်မှာ မြေထဲပင်လယ်နဲ့ အနောက်ဘက်မှာ Ionian ပင်လယ်တို့ ဝန်းရံထားပါတယ်။

ဂရိနိုင်ငံက ဥရောပမှာ တောင်တွေအများဆုံးရှိတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး အမြင့်ဆုံးတောင်ကတော့ နတ်ဘုရားတို့ရဲ့နေရပ်လို့ ယုံကြည်ထားကြတဲ့ အိုလံပက်(စ်)တောင်ပဲဖြစ်ပါတယ်။ ဂရိမှာ တောင်တွေရှိသလို ကျွန်းပေါင်း ၂၀၀၀ ကျော်လည်းရှိပါတယ်။ ဂရိနိုင်ငံကို ပတ်လည်ဝိုင်းထားတဲ့ ပင်လယ်သုံးခုမှာ ကျွန်းတွေ ဖြန့်ကျဲထားသလိုဖြစ်နေပြီး အဲဒီကျွန်းတွေထဲက ကျွန်းပေါင်း ၁၇၀ မှာပဲ လူတွေနေထိုင်ကြတာပါ။ ကျွန်းတွေထဲ ဆန်တိုရီနီနဲ့ မိုင်ကိုနော့စ်ကျွန်းတွေက နာမည်ကြီးပါတယ်။ ကမ်းခြေတွေလည်းအများကြီးရှိပြီး နိုင်ငံရဲ့ ဘယ်နေရာမဆို ကမ်းရိုးတန်းကနေ ၈၅မိုင်ထက်ပိုမဝေးပါဘူး။


ဂရိနိုင်ငံရဲ့ အကြီးဆုံးမြို့နဲ့ မြို့တော်က အေသင်မြို့ဖြစ်ပြီး ကမ္ဘာ့ရှေးအကျဆုံးမြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။ ဂရိတို့ရဲ့ ဒဏာရီအရ အသီနာအမည်ရှိ ဂရိနတ်ဘုရားမက စစ်ပွဲ၊ မဟာဗျူဟာ၊ ဉာဏ်ပညာတို့နဲ့ သက်ဆိုင်တဲ့ နတ်ဘုရားမဖြစ်ပြီး အေသင်မြို့ကိုစောင့်ရှောက်ပေးနေတယ်လို့ ယုံကြည်ကြပါတယ်။ ဂရိနိုင်ငံရဲ့ မြေအကျယ်က ၅၀၉၄၉ စတုရန်းမိုင်ရှိပြီး လူဦရေ ၁၁သန်းနီးပါး ရှိပါတယ်။ လူဦးရေ သုံးပုံနှစ်ပုံခန့်က မြို့နေလူတန်းစား ဖြစ်ကာ လူဦးရေရဲ့ ၄၀ရာခိုင်နှုန်းက အေသင်မြို့မှာနေထိုင်ကြပါတယ်။


ဂရိနိုင်ငံရဲ့ ရာသီဥတုသာယာလေ့ရှိပြီး နွေရာသီမှာ ဧည့်အလာများကြလို့ နွေမှာဆိုရင် ဂရိလူမျိုးတွေထက်တောင် ခရီးသွားဧည့်သည်တွေ နှစ်ဆကျော်ပိုများလေ့ရှိပါတယ်။ ခရီးသွားလုပ်ငန်းမှာ အောင်မြင်ပြီး ကမ္ဘာ့သမိုင်းဝင်နေရာတွေ အများကြီးရှိပါတယ်။ အေသင်မှာရှိတဲ့ Acropolis ဆိုရင် ကမ္ဘာ့အံ့ဖွယ် (၇)ပါးအသစ်စာရင်းထဲ ပါလုနီးပါးဖြစ်ခဲ့ပါတယ်။ Acropolis ဆိုတာ ဂရိဘာသာစကားနဲ့ တောင်ပေါ်မြို့လို့ သိရပြီး ဂရိမှာ အဲဒီလိုမြို့တွေအများကြီးရှိပါတယ်။ အေသင်မှာရှိတာကတော့ နာမည်အကြီးဆုံးဖြစ်ပြီး UNESCO ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။


ကမ္ဘာပေါ်မှာနှစ်စဉ်ကျင်းပနေတဲ့ အိုလံပစ်အားကစားပြိုင်ပွဲတွေက ရှေးခေတ် ဂရိတွေကနေ အစပြုခဲ့ကြတာပါ။ ဂရိနတ်တွေရဲ့ ခေါင်းဆောင် ဇူးရပ်(စ်)နတ်မင်းကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ အိုလံပစ်အားကစားပြိုင်ပွဲတွေကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။ ခေတ်ပေါ်အိုလံပစ်အားကစားပြိုင်ပွဲတွေကိုလည်း အေသင်မြို့မှာ ပထမဆုံးကျင်းပခဲ့ကြတာပါ။


ဂရိနိုင်ငံက ဒီမိုကရေစီအစပြုရာနိုင်ငံလည်းပဲဖြစ်ပါတယ်။ ဘီစီ ငါးရာစုကတည်းက စတင်ကျင့်သုံးခဲ့ပေမဲ့ အဲ့ဒီတုန်းကတော့ အရွယ်ရောက်ပြီးသားအမျိုးသားတွေသာ မဲပေးခွင့်ရှိခဲ့တာပါ။ ဂရိဘာသာစကားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက ခုချိန်ထိအသုံးပြုနေဆဲဖြစ်လို့ ကမ္ဘာ့ရှေးအကျဆုံး ဘာသာစကားတစ်ခုအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။


ဂရိနိုင်ငံသားတွေက ကျန်းမာပြီး အသက်ရှည်ကြပါတယ်။ ဂရိရဲ့ ပျမ်းမျှလူ့သက်တမ်းက ၈၁ နှစ်ကျော်ပါ။ ဂရိမှာရှိတဲ့ အီကာရီယား (Ikaria) ကျွန်းက ကမ္ဘာ့လူ့သက်တမ်းအရှည်ဆုံးနဲ့ အကျန်းမာဆုံးနေရာတွေကို အပြာရောင်ဇုံအဖြစ် သတ်မှတ်ထားတဲ့ နေရာငါးခုထဲမှာ ပါဝင်နေပါတယ်။ ဒီကျွန်းပေါ်က လူဦးရေ ၃၀%လောက်က အသက် ၉၀ကျော်ထိ အသက်ရှည်ကြကာ ကျန်းမာပြီး ရောဂါဘယကင်းဝေးကြပါတယ်။ ဂရိလူမျိုးတွေ အသက်ရှည်ကြတာဟာ ကမ်းရိုးတန်းနဲ့နီးပြီး လေကောင်းလေသန့်ရလို့ကြောင့်ဖြစ်နိုင်သလို စားသောက်နေထိုင်မှုပုံစံကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဂရိမှာ တခြားနိုင်ငံတွေထက်စာရင် သံလွင်သီးအမျိုးအစား စုံလင်ပြီး၊ ဒိန်ခဲတွေ ဒိန်ချဉ်တွေနဲ့ ငါးတွေလည်း အစားများကြပါတယ်။

Dr. Nu Myat Theingi Oo

Nu Myat around the World

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s