ကမ္ဘာ့စိန်မြို့တော်ရှိရာ ဘယ်လ်ဂျီယမ်နိုင်ငံ


ဘယ်လ်ဂျီယမ်နိုင်ငံသည် ဥရောပအနောက်နိုင်ငံတစ်ခုဖြစ်ကာ အိမ်နီးချင်းနိုင်ငံများမှာ ပြင်သစ်၊ လူဇင်ဘက်၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံတို့ဖြစ်ပါသည်။ စတုရန်းမိုင်ပေါင်း ၁၁၇၈၇မိုင် ကျယ်ဝန်းကာ လူဦးရေပေါင်း ၁၁ သန်းကျော်နေထိုင်သဖြင့် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံများအနက် တစ်ခုဖြစ်ပါသည်။ ဘယ်လ်ဂျီယမ်လူမျိုးအများစုက မြို့ပြမှာ နေထိုင်လေ့ရှိကြပြီး မြို့နေလူဦးရေမှာ ၉၇%ကျော်သဖြင့် ဥရောပတွင် မြို့နေလူဦးရေအများဆုံးနိုင်ငံတစ်ခုဟု ဆိုရပေမည်။

မြို့တော် ဘရပ်ဆဲလ်(စ်)


မြို့တော်မှာ ဘရပ်ဆဲလ်(စ်)မြို့ဖြစ်ပြီး အကြီးဆုံးမြို့လည်းဖြစ်ကာ လူဦးရေ ၁.၂သန်းကျော် နေထိုင်နေပါသည်။ အီးယူ၏မြို့တော်လည်းဖြစ်ကာ နေတိုး(NATO) ရုံးချုပ်ရှိရာ မြို့လည်းဖြစ်ပါသည်။ ဘယ်လ်ဂျီယမ်နိုင်ငံမှာ ဘရပ်ဆဲလ်(စ်)အပြင် အခြားထင်ရှားသည့်မြို့များလည်း ရှိပါသည်။ Antwerp မြို့သည် ဒုတိယအကြီးဆုံးမြို့ဖြစ်သလို စိန်ပေါင်းများစွာ ရောင်းဝယ်ဖောက်ကားရာမြို့ဖြစ်သဖြင့် ကမ္ဘာ့စိန်မြို့တော်အဖြစ် နာမည်ကျော်ပါသည်။ တူးမြောင်းများဖြင့် လှပလှသည့် Bruges မြို့၊ ရဲတိုက်ကြီးများဖြင့် ခမ်းနားလှသည့် Ghent မြို့၊ လူဦးရေ ၅၀၀သာ နေထိုင်သည့် ကမ္ဘာ့အသေးဆုံး Durbuy မြို့၊ ရှေးခေတ်က ရောမလူမျိုးများလာရောက်ကာရေချိုး၊ ရေစိမ်ရင်း Spa ဟုအမည်တွင်ခဲ့သည့် ယခုခေတ် Spa အမည်အစပြုရာ Spa မြို့၊ ဆက်ဆိုဖုန်းတူရိယာ စတင်တီထွင်ခဲ့သူ၏ မွေးရပ်မြေ Dinant မြို့တို့မှာ ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လည်ပတ်လေ့ရှိရာမြို့များပင်ဖြစ်ပါသည်။

ဆက်ဆိုဖုန်းတူရိယာ စတင်တီထွင်ခဲ့သူ၏ မွေးရပ်မြေ Dinant မြို့

တူးမြောင်းများဖြင့် လှပလှသည့် Bruges မြို့


ဘယ်လ်ဂျီယမ်နိုင်ငံမှာ ရုံးသုံးစကား သုံးမျိုးတောင်ရှိပြီး ဘယ်လ်ဂျီယမ်ဘာသာစကားဟူ၍မရှိပါ။ နယ်ပယ်ဒေသပေါ်မူတည်ပြီး ဒတ်(ချ်)၊ ပြင်သစ်နှင့် ဂျာမာန်ဘာသာစကားများကိုသာ အသုံးပြုကြပါသည်။


ဘယ်လ်ဂျီယမ်နိုင်ငံသည် ရွေးကောက်ခံအစိုးရမရှိဘဲ အချိန်အကြာဆုံးရပ်တည်ခဲ့သည့် ဒီမိုကရက်တစ်နိုင်ငံအဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့ပြီး ၂၀၁၀ခုနှစ်နှင့် ၂၀၁၁ ခုနှစ်ကြား ရက်ပေါင်း ၅၈၉ ရက်ကြာခဲ့ပါသည်။ ဘရပ်ဆဲလ်(စ်)မြို့ရှိ တရားရုံးက ကမ္ဘာ့အကြီးဆုံးတရားရုံးကြီးဖြစ်ကာ စတုရန်းကီလိုမီတာပေါင်း ၂၆၀၀၀ ဝန်းကျင် ကျယ်ဝန်းပါသည်။ ကမ္ဘာ့အရှည်ဆုံးဓာတ်ရထားလမ်းလည်းရှိကာ နယ်သာလန်နယ်စပ်ကနေ ပြင်သစ်နယ်စပ်အထိ ၄၂မိုင် ရှည်လျားပါသည်။ ဘယ်လ်ဂျီယမ်နိုင်ငံ၏ အဝေးပြေးလမ်းမကြီးများမှာ လမ်းမီးများစွာ လင်းထိန်နေသဖြင့် ညအခါ အာကာသမှ လှမ်းမြင်နိုင်သည်ဟု သိရပါသည်။

ဘယ်လ်ဂျီယမ်ဘီယာ


ဘယ်လ်ဂျီယမ်နိုင်ငံသည် ဘီယာ၊ ချောကလက်နှင့် ဝေဖာစသည့် အစားအသောက်များနှင့် နာမည်ကျော်ပါသည်။ ဘယ်လ်ဂျီယမ်နိုင်ငံထုတ် ဘီယာအမျိုးအစားပေါင်း ၁၁၀၀ ကျော်ရှိပြီး နိုင်ငံတကာဆုရထားသည့် အမျိုးအစားများပင်ရှိပါသည်။ ချောကလက်နှင့်လည်းနာမည်ကျော်သည့် ဘယ်လ်ဂျီယမ်နိုင်ငံသည် ကမ္ဘာ့ဒုတိယချောကလက်အတင်ပို့ဆုံးနိုင်ငံဖြစ်ကာ ဘရပ်ဆဲလ်(စ်)လေဆိပ်ရှိ ချောကလက်ဆိုင်များသည် ကမ္ဘာ့ချောကလက်အရောင်းရဆုံးနေရာဖြစ်ပါသည်။ ဘိလိယက်ဘောလုံးများကို အများဆုံးတင်ပို့ရောင်းချသည့်နိုင်ငံဖြစ်ကာ ကမ္ဘာ့ဈေးကွက်၏ ၈၀ရာခိုင်နှုန်းမှာ ဘယ်ဂျီယမ်နိုင်ငံထုတ်များဟု သိရပါသည်။

ဘယ်လ်ဂျီယမ်ဝေဖာ
Chocolate Shop in Brussels


ဘယ်လ်ဂျီယမ်နိုင်ငံသည် ကမ္ဘာ့နာမည်အကျော်ဆုံး ဂီတဖျော်ဖြေပွဲများကျင်းပရာနိုင်ငံလည်း ဖြစ်သည်။ ကမ္ဘာ့အကြီးကျယ်ဆုံး အီလက်ထရောနစ်ဂီတဖျော်ဖြေပွဲ Tomorrowland အပါအဝင် နာမည်ကျော် ဂီတဖျော်ဖြေပွဲများ၊ ရိုးရာပွဲတော်များ များစွာကျင်းပလေ့ရှိပါသည်။ ရဲတိုက်ပေါင်းများစွာရှိသည့် နိုင်ငံလည်းဖြစ်ကာ Ghent မြို့ရှိ Gravensteen ရဲတိုက်ကြီးက ဘယ်လ်ဂျီယမ်နိုင်ငံတွင် အလှဆုံးနှင့်သမိုင်းအဝင်ဆုံး ရဲတိုက်ကြီးပင် ဖြစ်ပါသည်။

Tomorrow Land (Photo-Credit)


ဘယ်လ်ဂျီယမ်လူမျိုးများက ပွင့်လင်းသဘောထားကြီးပြီး လွတ်လပ်ကာ အစွန်းမရောက်သောစိတ်ပိုင်ရှင်များ ဖြစ်ကြပါသည်။ လိင်တူလက်ထပ်ခွင့်ကို ကမ္ဘာ့ဒုတိယမြောက် တရားဝင်ခွင့်ပြုခဲ့သောနိုင်ငံဖြစ်ပြီး ညင်သာစွာဇီဝန်ခြွေခြင်းကိုလည်း ၂၀၀၂ခုနှစ်မှစတင်ကာ တရားဝင်ခွင့်ပြုထားပါသည်။ ဘယ်လ်ဂျီယမ်လူမျိုးများက တီထွင်ဖန်တီးနိုင်စွမ်းလည်းရှိကြကာ ပလတ်စတစ်၊ ဆက်ဆိုဖုန်းတူရိယာ၊ ခန္ဓာကိုယ်ထုထည်ပြကိန်းညွှန်း (BMI)၊ ဝမ်းလျှောသက်သာဆေး Imodium၊ ပဋိသန္ဓေတားဆေးစသည်တို့ကို တီထွင်ခဲ့ကြပါသည်။ ဘယ်လ်ဂျီယမ်လူမျိုးကာတွန်းဆရာများစွာလည်းရှိပြီး Tin Tin ကဲ့သို့ ကမ္ဘာကျော်ကာတွန်းဇာတ်ကောင်များကို မွေးထုတ်ရာနိုင်ငံဖြစ်သည်။ ဘယ်လ်ဂျီယမ်အမျိုးသားများက ကမ္ဘာ့ဒုတိယအရပ်အရှည်ဆုံးဖြစ်ပြီး ပျမ်းမျှအရပ်မှာ ၅ပေ ၁၁လက်မခွဲဖြစ်သည်။

Beautiful Brussels


မြို့တော် ဘရပ်ဆဲလ်(စ်)ရှိ မြို့ဟောင်း၊ တော်ဝင်နန်းတော်နှင့် Atomium အဆောက်အအုံဆန်းကြီး၊ Bruges မြို့ရှိ Markt ရင်ပြင်၊ တူးမြောင်းများနှင့် ရှေးဟောင်းအဆောက်အအုံများ၊ Leuven မြို့ရှိ St. Peter’s ဘုရားကျောင်း၊ Antwerp မြို့ရှိ တော်ဝင်နန်းတော်၊ Ghent မြို့ရှိ ရဲတိုက်ကြီးများ၊ နေပိုလီယံ၏သမိုင်းဝင် ဝါတားလူးစစ်ပွဲဖြစ်ပွားခဲ့သည့် ဒေသ၊ သဘာဝအလှအပများခံစားနိုင်မည့် Semois တောင်ကြားတို့မှာ ဘယ်လ်ဂျီယမ်နိုင်ငံရောက်လျှင် သွားရောက်လေ့လာသင့်သည့်နေရာများပင် ဖြစ်ပါသည်။

Old Town of Brussels

Dr.Nu Myat Theingi Oo

Nu Myat around the World

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s