ပြင်သစ်ဆိုသည်နှင့် အီဖယ်လ်မျှော်စင်(Eiffel Tower)ကို ပြေးမြင်ရသည်အထိ အီဖယ်လ်မျှော်စင်က ပြင်သစ်နိုင်ငံ၏ပြယုဂ် ဖြစ်လို့နေပါသည်။ စဆောက်ခဲ့တုန်းက ယာယီအဖြစ်သာ ဆောက်ခဲ့ရာကနေ ယခုတော့ ကမ္ဘာကျော်အထင်ကရနေရာဖြစ်လာခဲ့ပါ၏။ အီဖယ်လ်မျှော်စင်က ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်မြို့မှာရှိပြီး ကမ္ဘာကျော်အဆောက်အအုံကြီးအဖြစ် နှစ်ပေါင်း ၁၃၀ကျော်တိုင်ခဲ့ပြီဖြစ်ပါသည်။
၁၈၈၉ ခုနှစ်က ပြင်သစ်တော်လှန်ရေး နှစ်၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ပဲရစ်မြို့တွင် ကျင်းပသော ကမ္ဘာ့ပြပွဲအတွက် ယာယီမုခ်ဦးအဖြစ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုမုခ်ဦးအတွက် လာရောက်ယှဉ်ပြိုင်ခဲ့သည့် ဒီဇိုင်းများစွာအနက်မှ Mr.Gustave Eiffel ၏ ဆောက်လုပ်ရေးကုမ္ပဏီက ရွေးချယ်ခံခဲ့ရပါသည်။ အီဖယ်လ်ဆိုသည့်အမည်မှာ Mr.Gustave Eiffel ကို ဂုဏ်ပြုသည့်အနေဖြင့် မှည့်ထားခြင်း ဖြစ်ပါသည်။ ထိုသူသည် လေဘာတီရုပ်တုကြီး ဒီဇိုင်းဆွဲရာမှာလည်း ဝိုင်းဝန်းအကြံပေးခဲ့သူဖြစ်ပါသည်။
အီဖယ်လ်မျှော်စင်သမိုင်းက မရိုးရှင်း မလွယ်ကူခဲ့ပါ။ ထိုစဉ်က ပဲရစ်မြို့သူမြို့သား အတော်များများက ပဲရစ်မြို့အလှပျက်စေသည်ဆိုပြီး အီဖယ်လ်မျှော်စင်ကြီးကို မနှစ်မြို့ခဲ့ကြပါဘူး။ အနုပညာရှင်များနှင့် ပညာရှင် အဖွဲ့ဝင်ပေါင်း ၃၀၀ ပါဝင်သည့် ကော်မတီက မျှော်စင်ကြီးကို ဆန္ဒပြခဲ့ကြပါသည်။ မျှော်စင်ကြီးသည် အသုံးမဝင်သလို ရုပ်ဆိုးသည်ဟုဆိုကာ ပဲရစ်အစိုးရထံ ထိုပရောဂျက်ကို ဆန့်ကျင်ကြောင်း လက်မှတ်များ ထိုးထားသည့် အသနားခံစာ တင်ခဲ့ကြပါသည်။
ဆန့်ကျင်သူများသည့်ကြားက ၁၈၈၉မှာကျင်းပခဲ့သည့် ကမ္ဘာ့ပြပွဲအောင်မြင်ခဲ့ပါသည်။ ပြပွဲအတွင်း မျှော်စင်ကြီးပေါ်သို့ လူအယောက် ၂သန်း တက်ရောက်ခဲ့ကြပြီး ဝင်ငွေများစွာရရှိခဲ့ပါသည်။ စဖွင့်ကတည်းက ခုချိန်ထိ မျှော်စင်ကြီးသို့ လူဦးရေ သန်းပေါင်း ၃၀၀ ကျော် လာရောက်ကြပြီး နှစ်စဉ်နှစ်တိုင်း ဧည့်သည်ပေါင်း ၇သန်းနီးပါး မျှော်စင်ကြီးပေါ်တက်လေ့ရှိကြပါသည်။ ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာလည်း ပါဝင်ခဲ့ပြီး ကမ္ဘာကျော်လွန်းသဖြင့် ကမ္ဘာ့နိုင်ငံပေါင်းများစွာက မျှော်စင်ပုံတူများ လိုက်ပြီးတည်ဆောက်ခဲ့ကြရပါသည်။
အီဖယ်လ်မျှော်စင်ကြီးကို အလုပ်သမားပေါင်း ၃၀၀ ကျော်က သံပေါင်း ၇၅၀၀ တန်နှင့် သံမှိုပေါင်း ၂.၅သန်းအသုံးပြုခဲ့ကာ နှစ်နှစ်ကြာဆောက်လုပ်ခဲ့ရပါသည်။ အမြဲလှပနေအောင်၊ သံချေးမတက်အောင် ၇နှစ်တစ်ခါ ဆေးပြန်သုတ်လေ့ရှိကာ တစ်ခါသုတ်တိုင်း ဆေးတန်ပေါင်း ၆၀ကျော်သုံးရပါသည်။ မျှော်စင်ကြီးတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းပေါင်းမှာလည်း အယောက် ၅၀၀ ကျော်ရှိပါသည်။

အီဖယ်လ်မျှော်စင်ကြီးကို စဆောက်ခဲ့တုန်းက အနှစ် ၂၀အကြာမှာ ပြန်ဖြိုချဖျက်စီးမည်ဟု ရည်ရွယ်ခဲ့ကြသော်လည်း အဖျက်စီးမခံရဖို့ Mr.Gustave Eiffel က အစွမ်းကုန်ကြိုးပမ်းခဲ့ပါသည်။ သိပ္ပံပညာအတွက် အသုံးဝင်ကြောင်းပြသသည့်အနေဖြင့် သိပ္ပံဓာတ်ခွဲခန်း၊ လက်တွေ့စမ်းသပ်ခန်းကို မျှော်စင်ပေါ် ဖွင့်လှစ်ခဲ့ပြီး အာကာသပညာ၊ ဇီဝကမ္မဗေဒ၊ ရူပဗေဒ၊ လေခွင်းအားဘာသာရပ်များကို လေ့လာခဲ့ကြပါသည်။ ၁၉ရာစုက ပြင်သစ်သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာ ၇၂ယောက် နာမည်များကိုလည်း အီဖယ်လ်မျှော်စင်တွင် ရေးထွင်းထားပါသည်။ သို့သော် တကယ်တမ်း မျှော်စင်မဖြိုဖြစ်ခဲ့သည့်အကြောင်းက မျှော်စင်ကြီးကို ရေဒီယိုအင်တာနာတာဝါအဖြစ် အသုံးပြုခဲ့ခြင်းကြောင့်ပါ။ ယခုလက်ရှိတိုင် ရုပ်မြင်သံကြားနှင့်ရေဒီယိုအသံလွှင့်ရာမှာ အသုံးပြုဆဲဖြစ်ပါသည်။
၁၉၄၄ခုနှစ်မှာလည်း ဟစ်တလာက ပဲရစ်မြို့ကို မဟာမိတ်တပ်များဆီ လက်လွတ်ဆုံးရှုံးတော့မည့် အချိန်မှာ အီဖယ်(လ်)မျှော်စင်အပါအဝင် ပဲရစ်တစ်မြို့လုံးကို ဖြိုဖျက်ဖို့ အမိန့်ပေးခဲ့ပါသည်။ သို့သော် ကံကောင်းချင်တော့ စစ်တပ်မှူးကြီးက အမိန့်မနာခံခဲ့သဖြင့် ယခုတိုင် ဆက်လက်တည်ရှိနေဆဲဖြစ်ခဲ့ပါသည်။
အီဖယ်လ်မျှော်စင်ကြီးသည် စတည်ဆောက်ပြီးစီးခဲ့စဉ်က ၁၀၂၃ပေ အမြင့်ရှိကာ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံအဖြစ် နှစ်ပေါင်း၄၀ကျော် ရပ်တည်ခဲ့ပါသည်။ မျှော်စင်ကြီးတွင် အထပ်သုံးထပ်ရှိကာ မျှော်စင်ပေါ်သို့ လှေကားနှင့်ရော၊ ဓာတ်လှေကားနှင့်ပါ တက်ရောက်နိုင်ပါသည်။
ပထမထပ်မှာ ၁၈၉ပေမြင့်ပြီး ရှုခင်းကြည့်သည့်နေရာ၊ အနုပညာပြပွဲ၊ စားသောက်ဆိုင်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များရှိကာ မှန်ကြမ်းခင်းပေါ်လည်း နင်းလျှောက်နိုင်ပါသည်။ ၃၇၉ပေအမြင့်ရှိသည့် ဒုတိယထပ်မှာလည်း ရှုခင်းကြည့်သည့်နေရာနှင့် စားသောက်ဆိုင်ရှိပါသည်။ ထိပ်ဆုံးအထပ်ကတော့ ၉၀၅ပေအမြင့်ရှိကာ ပတ်ပတ်လည်ရှုခင်းကို ကြည့်ရှုခံစားနိုင်သည့် ရှန်ပိန်ဘားတစ်ခု ရှိပါသည်။ မျှော်စင်ထိပ်တွင် လျှို့ဝှက်တိုက်ခန်းတစ်ခုရှိပြီး Mr.Gustave Eiffel က သောမက်(စ်)အက်ဒီဆင်ကဲ့သို့ နာမည်ကျော်ဧည့်သည်များကို ဖိတ်ခေါ်ဧည့်ခံခဲ့သည်ဟု သိရပါသည်။ ယခုအခါ ထိုတိုက်ခန်းကို အများပြည်သူကြည့်ရှုနိုင်ရန်အတွက် ဖွင့်လှစ်ပေးထားပါသည်။ မျှော်စင်အောက်ခြေတွင် စစ်ဘက်သုံး လျှို့ဝှက်မြေတိုက်ခန်းရှိခဲ့ပြီး ယခုအခါ ပြခန်းအဖြစ် ဖွင့်လှစ်ပြသထားပါသည်။ မျှော်စင်ပေါ် ပေ၂၀၀ အမြင့်တွင် ရေခဲပြင်စကိတ်လျှောစီးကွင်းလည်း ရှိပြီး ဒီဇင်ဘာvမှ ဖေဖော်ဝါရီလကြား ဆောင်းတွင်းကာလတွင် ဖွင့်လှစ်လေ့ရှိကြောင်း သိရပါသည်။
Dr. Nu Myat Theingi Oo
Nu Myat around the World