အင်းလေးကန်ထဲမှာ ရေမြှုပ်နေတဲ့မြို့နဲ့ စေတီပုထိုးတွေရှိတယ်ဆိုတာသိကြလား????
ပုံစံအမျိုးမျိုးရှိတဲ့ ရှေးဟောင်းစေတီတွေ အင်းလေးရေပြင်ထဲမြှုပ်နေတာ သိပ်ကိုထူးဆန်းတဲ့မြင်ကွင်းပေါ့…
အဲ့ဒီမြို့လေးကတော့ စံကားဆိုတဲ့မြို့လေးပါ။ အင်္ဂလိပ်လိုဆိုရင်တော့ Sam Kar လို့ပေါင်းပါတယ်။ စကားလို့ အသံထွက်ပါတယ်။ စံကားမြို့လေးက အင်းလေးကန်တောင်ဖက်ပိုင်း အင်းလေးကန်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။ လူဦးရေ ၁၅၀၀ လောက်ပဲရှိတဲ့ မြို့သေးလေးတစ်မြို့ဖြစ်ပြီး ရှမ်း၊ ပအိုဝ့်၊ အင်းသားလူမျိုးတွေနေထိုင်ကြပါတယ်။ ဟိုးတစ်ချိန်တုန်းကတော့ ရှမ်းပြည်တောင်ပိုင်းမှာ အချမ်းသာဆုံး ဖြစ်ခဲ့ဖူးတယ်တဲ့လေ။

ဘာလို့ ရေမြှုပ်နေရသလဲ
၁၉၇၀ ခုနှစ်လောက်တုန်းက လောပိတရေအားလျှပ်စစ်စက်ရုံအတွက် မိုးဗြဲဆည်ကို တည်ဆောက်ချိန်မှာ ရေမြှုပ်သွားခဲ့တာပါ။ စံကား၊ ဖယ်ခုံအပြင် အင်းလေးတောင်ပိုင်းကရွာပေါင်းများစွာရယ် ဘီလူးချောင်းတလျှောက်က ရွာတွေရယ် ရေမြုပ်သွားတယ်လို့သိရပါတယ်။ ရွာမှာနေထိုင်သူတွေဟာ မိမိ အိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ပြီး ရေလွတ်ရာကို ပြောင်းရွှေ့ကာ ရွာတည်နေထိုင်ခဲ့ကြရတယ်တဲ့လေ။ အခုလက်ရှိ စံကားမြို့ကတော့ အသစ်တည်ထားတဲ့ မြို့ကြီးပေါ့။
မြန်မာတစ်နိုင်ငံလုံးက မြို့ကြီးတွေ လျှပ်စစ်မီးရအောင် ရွာအမြှုပ်ခံကာ စတေးခဲ့ရပေမဲ့ သူတို့ကိုယ်တိုင်မှာတော့ အခုထက်ထိ လျှပ်စစ်မီးမရရှိသေးဘူးတဲ့လေ။ စိတ်မကောင်းစရာပဲနော်။

ဘာတွေလည်စရာရှိလဲ
စံကားလှေဆိပ်ရှိရာ ဘုန်းကြီးကျောင်းဝင်းမှာတင် ရှေးဟောင်းဘုရားတွေရယ်၊ ရေထဲမြှုပ်နေတဲ့ ဘုရားတွေရယ် တွေ့နေရပါပြီ။ လှေဆိပ်မှာ စားသောက်ဆိုင်ငယ်တွေရှိသလို ကမ်းနားက စားသောက်ဆိုင်ကနေ အင်းလေးကန်ရှုခင်းကြည့်ပြီးလည်း စားသောက်နိုင်ပါတယ်။
ကိုယ်တွေကတော့ လှေဆိပ်ကနေ လှေစီးလုံးငါးခ ၂၀၀၀၀ ကျပ်ပေးပြီး အင်းထဲက တာခေါင်မွေတော်ဘုရားနဲ့ နတ်တာရိုးတို့ကိုလည်ပတ်ခဲ့ကြပါတယ်။

တာခေါင်မွေတော်ဘုရား
တာခေါင်မွေတော်ဘုရားက မွေတော်ကက္ကူဘုရားတွေလို၊ ရွှေအင်းတိမ်ဘုရားတွေလို ပုံသဏ္ဏာန်အမျိုးမျိုးရှိတဲ့ ရှေးဟောင်းဘုရားတွေအများကြီး စီစီရီရီရှိနေတဲ့ စေတီစုပါ။ စေတီနားလှေကပ်လာတဲ့အခါမှာတော့ ရေထဲမြှုပ်နေတဲ့ စေတီတချို့က စီးကြိုလို့နေပါတယ်။ ကန်စပ်မှာရှိတဲ့ စေတီမုခ်ဦးဝက ခြင်္သေ့ကြီး၂ကောင်ကလည်း အင်းလေးကန်ကြီးကို လှမ်းမျှော်နေသယောင် မြင်ကွင်းက ဆွေးစရာပါ။

ရဲရဲနီအောင်ပွင့်နေတဲ့ပန်းခင်းတွေနောက်မှာတော့ စေတီတွေ၊ စေတီတွေ အများကြီး လှမ်းမြင်နေရပါတယ်။ စေတီပေါင်း ၂၃၆ဆူတောင်ရှိပြီး စေတီအများစုက လွန်ခဲ့တဲ့ နှစ် ၆၀၀ကျော်ကတည်ထားခဲ့တာတဲ့လေ။ အဲ့ဒီထဲကမှ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်ထားခဲ့တဲ့စေတီကြီးကတော့ ဗိသုကာလက်ရာကအစ ဆန်းကြယ်လို့နေပါတယ်။ အလောင်းစည်သူမင်းကြီးတည်ထားခဲ့တဲ့ ရွှေရောင်စေတီကြီးကတော့ ရှေးဟောင်းစေတီတွေအကြား သပ္ပါယ်စွာ ရှိလို့နေတာပေါ့။

နတ်တာရိုး
နတ်တာရိုးကတော့ အင်းလေးကန်အရှေ့နဲ့အနောက်ကို ကန့်လန့်ဖြတ်ထားတဲ့ သဘာဝကျောက်တံတိုင်းကြီးပါ။ လှေဆိပ်ကနေ မိနစ်၂၀လောက်လှေစီးရပါတယ်။ ဒီတာရိုးကြီးမှာ ပါးစပ်ရာဇဝင်တစ်ခုရှိပါတယ်။ ဒေသခ့တွေကတော့ နတ်တို့ဖန်ဆင်းထားတယ်လို့ ပြောစမှတ်ပြုကြတာပေါ့။ ဟိုးရှေးရှေးတုန်းက အင်းလေးကန်ရဲ့ အရှေ့ရေထွက်ပေါက်နဲ့ အနောက်ရေထွက်ပေါက်ကို နတ်သား၂ပါးနဲ့ နတ်သမီး၁ပါးတို့က ကိုယ်စီစောင့်ရှောက်ထားကြပါတယ်တဲ့။ နတ်သားထဲကတစ်ပါးက နတ်သမီးကို ချစ်ခင်စုံမက်လို့ သွားကမ်းလှမ်းတဲ့အခါ မိုးမလင်းခင် ရေထွက်ပေါက်၂ခုကို တံတားတစ်စင်း အပြီးဆောက်ပေးရင်လက်ခံမယ်လို့ ပြန်ပြောပါသတဲ့။ နတ်သားလည်း အားကြိုးမာန်တက်နဲ့ အပြီးဆောက်တာပေါ့။ ဒါပေမဲ့ နတ်သမီးလေးက လက်မဆက်ချင်တာကြောင့် ကြက်တစ်ကောင်ကို မိုးမလင်းခင် တွန်ဖို့စေခိုင်းခဲ့သတဲ့လေ။ ကြက်တွန်သံလည်းကြားရော မိုးလင်းပြီအမှတ်နဲ့ နတ်သားလေး လက်လျှော့သွားတာကြောင့် တံတားက မပြီးမပြတ်ဖြစ်နေတာတဲ့လေ။ ဒါကြောင့်လည်း တာရိုးက အနောက်ဘက်ကမ်းအထိမရောက်ဘဲ အင်းလေးကန်အလည်မှာ ပြတ်သွားတာကိုတွေ့ခဲ့ရပါတယ်။
ကိုယ်တွေရောက်တဲ့အချိန်က ရေတက်နေတဲ့အချိန်မို့လို့ ရေပေါ်ပေါ်နေတဲ့ တာရိုးပေါ်ထိတက်ကြည့်လို့ရပါတယ်။ နောက်ပိုင်းမှာ အသစ်အဆန်းအနေနဲ့ တာရိုးတလျှောက် ဝါးဖောင်နဲ့ သွားကြည့်လို့ရမယ်လို့လည်း သိရပါတယ်။

ဘယ်လိုသွားလဲ
-အင်းလေးဟိုတယ်ဇုံကနေ ရေလမ်းနဲ့ အင်းလေးကန်ထဲကသွားမယ်ဆိုရင် ၂နာရီခွဲလောက်မောင်းရပြီး ကားလမ်းနဲ့ဆိုရင်တော့ ၁နာရီကျော်ကျော်လောက်မောင်းရပါတယ်။
-ကားလမ်းနဲ့ဆို ညောင်ရွှေ- လွိုင်ကော်လမ်းအတိုင်း မောင်းရင် အင်းလေးအရှေ့ဘက် ဟိုတယ်ဇုံကနေ ၁နာရီကျော်လောက်ပဲမောင်းရပါတယ်။ ကိုယ်တွေသွားခဲ့တုန်းကတော့ Novotel hotel ကနေ အသွားအပြန် ကားဌားခ ၃၀၀၀၀ ကျပ်နဲ့ ရခဲ့ပါတယ်။
-လွိုင်ကော်ကနေလာမယ်ဆိုရင်တော့ ၂နာရီလောက်မောင်းရမှာပါ။
-မွေတော်ကက္ကူနဲ့လည်းနီးတော့ တောင်ကြီးကလာမယ်ဆိုရင် ညောင်ရွှေဖြတ်စရာမလိုဘဲ တောင်ကြီး-ကက္ကူ-ကျောက်တစ်လုံးလမ်းအတိုင်းလာလို့ရပါတယ်။ တောင်ကြီးကနေတော့ စံကားအထိ ၂နာရီ ကျော်လောက်မောင်းရမှာပါ။
အင်းလေးဟိုတယ်တွေကနေ ကားနဲ့သွားရင် အသွားတစ်နာရီ၊ အပြန်တစ်နာရီ၊ စံကားမှာ လှေနဲ့သွားလည်တဲ့ ၂နာရီဆို စုစုပေါင်း ၄နာရီကျော်-၅နာရီလောက်ပဲကြာတဲ့အတွက် နေ့ချင်းပြန်သွားလို့ရပါတယ်။

အင်းလေးမကြာမကြာရောက်ဖူးသူတွေအနေနဲ့ အသစ်အဆန်းနေရာအဖြစ်သွားလည်နိုင်ပါတယ်။ သမိုင်းဝင်ရှေးဟောင်းစေတီတွေ ရေထဲမြှုပ်နေတဲ့ တကယ်ထူးခြားလှတဲ့ မြင်ကွင်းပါ။ ဒါကြောင့်မို့လို့ စံကားမြို့က ရှေးဟောင်းသမိုင်းဝင်စေတီတွေကို အင်းလေးရောက်ရင် သွားရောက်ဖူးမြော်နိုင်အောင် ဖော်ပြလိုက်ပါတယ်နော်။
ချစ်ခင်လျှက်
မနုမြတ်
Nu Myat around the World