သက်ဦးဆံပိုင်ဘုရင်စနစ် သက်တမ်းအကြာဆုံးနိုင်ငံ ဒိန်းမတ်
ဒိန်းမတ်နိုင်ငံက ဥရောပမြောက်ပိုင်းနိုင်ငံ စကန်ဒီနေးဗီးယန်းနိုင်ငံတွေထဲ အသေးဆုံးနဲ့ တောင်ဘက်အကျဆုံးနိုင်ငံပဲဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံ အနောက်တောင်ပိုင်းနဲ့ နော်ဝေနိုင်ငံ တောင်ပိုင်းမှာရှိပြီး တောင်ဘက်မှာဂျာမနီနိုင်ငံ၊ အရှေ့တောင်ဘက်မှာ ဘယ်လ်တစ်ပင်လယ်၊ ကျန်တဲ့ဘက်တွေမှာ မြောက်ပင်လယ်နဲ့ နယ်နိမိတ်ထိစပ်နေပါတယ်။

စကန်ဒီနေးဗီးယန်းနိုင်ငံတွေက တောင်တွေ ရေကန်တွေ၊ ကျောက်ကမ်းပါး ပင်လယ်ရေထွက်ပေါက်တွေနဲ့ သဘာဝအလှတရားတွေ ပိုင်ဆိုင်ထားတယ်လို့ သိထားကြပေမဲ့ ဒိန်းမတ်ကတော့ ဒါတွေမရှိတဲ့ သေးငယ်တဲ့နိုင်ငံပါ။ အကျယ်အဝန်းစတုရန်းမိုင်ပေါင်းက ၁၆၅၇၃မိုင်သာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်းပေါင်း ၄၄၃ ကျွန်းပိုင်ဆိုင်ထားပြီး ကျွန်းပေါင်း ၇၀ကျော်မှာသာ လူနေထိုင်ကြပါတယ်။ အဲဒီကျွန်းတွေထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းတွေဖြစ်တဲ့ ဂရင်းလန်းကျွန်း(Greenland) နဲ့ ဖာရိုး(Faroe) ကျွန်းတွေလည်း ပါပါတယ်။
ဂရင်းလန်းကျွန်းက အရမ်းကြီးပြီး ကမ္ဘာပေါ်မှာ တိုက်အနေနဲ့ သီးသန့်ခွဲထွက်မနေတဲ့ အကြီးဆုံးကျွန်းပါ။ ကျွန်းရဲ့၈၀ရာခိုင်နှုန်းက နှင်းတွေဖုံးနေပြီး ကမ်းရိုးတန်းတလျှောက်ပဲ လူနေထိုင်ကြတာပါ။ ဂရင်းလန်းကျွန်းက ဘယ်လောက်တောင်ကြီးသလဲဆိုရင် ရေခဲမဖုံးတဲ့နေရာတောင် ဒိန်းမတ်တစ်နိုင်ငံလုံးထက် ဆယ်ဆလောက်ကြီးပါတယ်။ ဒါကြောင့် ဂရင်းလန်းကျွန်းနဲ့ ဖာရိုးကျွန်းတွေပါပါရင်တော့ ဒိန်းမတ်နိုင်ငံရဲ့ အကျယ်က စတုရန်းမိုင် ၈သိန်းခွဲကျော်အကျယ်ရှိပြီး ကမ္ဘာ့ ၁၂နိုင်ငံမြောက်အကြီးဆုံးအထိ ဖြစ်သွားပါတယ်။

ဒိန်းမတ်မှာ ကျွန်းတွေများတော့ ကမ်းရိုးတန်းတွေလည်း များပါတယ်။ ကမ်းရိုးတန်းအရှည်က ၄၅၄၅မိုင်အရှည် ရှိပါတယ်။ ဒါကြောင့် ဒိန်းမတ်နိုင်ငံမှာဆိုရင် ဘယ်နေရာကမှ ပင်လယ်ကနေ ၃၂မိုင်ကျော်တဲ့အထိ မဝေးပါဘူး။ မြို့တော် ကိုပေဟေဂင်မှာဆိုရင် ဆိပ်ကမ်းကရေတွေက သန့်လို့ ရေဆင်းကူးနိုင်တဲ့အထိပါ။ မြို့လယ်ကနေ မိနစ်၃၀အကွာအဝေးမှာတင် သဲသောင်တွေ ကမ်းခြေတွေရှိနေပါတယ်။ ရေတွေကသန့်လွန်းလို့ ရေဘုံဘိုင်ခေါင်းကရေတွေကိုတောင် သောက်နိုင်ပါတယ်။

ဒိန်းမတ်နိုင်ငံဟာ စကန်ဒီနေးဗီးယန်းနိုင်ငံတို့ရဲ့ ထုံးစံအတိုင်း ကမ္ဘာ့အပျော်ဆုံးနိုင်ငံတစ်ခုအဖြစ် UN ကမ္ဘာ့ပျော်ရွှင်ခြင်းစစ်တမ်းမှာ အမြဲလိုလိုထိပ်နားကပါတတ်ပါတယ်။ နှစ်နှစ်ဆက်တိုက်လည်း ကမ္ဘာ့အပျော်ဆုံးနိုင်ငံအဖြစ် အသိအမှတ်အပြုခံခဲ့ရပါတယ်။ လူဦးရေကတော့ စုစုပေါင်း ၅.၈သန်းရှိပြီး မြို့တော်မှာ ၁.၃သန်းရှိပါတယ်။
ဒိန်းမတ်က စက်ဘီးစီးတဲ့ဓလေ့နဲ့လည်း နာမည်ကြီးပါတယ်။ တစ်နိုင်ငံလုံးအနှံ့ စက်ဘီးလမ်းကြောင်းတွေ ၇၄၀၀မိုင်ကျော်တောင် ရှိပါတယ်။ စက်ဘီးစီးဖို့ စိတ်ချရပြီး မြေပြန့်ကာ တောင်တွေမရှိတော့ ကုန်းတက်တွေ မစီးရတော့ပါဘူး။ မြို့တော်ကိုပေဟေဂင်က မြို့သူမြို့သားတွေဆို အယောက်တစ်ဝက်ကျော်လောက်က အလုပ်သွားအလုပ်ပြန် စက်ဘီးစီးကြပါတယ်။ ပျမ်းမျှအနေနဲ့ တစ်ယောက်ကို တစ်နေ့ ၁.၈မိုင်နှုန်းစက်ဘီးစီးကြတယ်လို့ သိရပါတယ်။

ဒိန်းမတ်နိုင်ငံသားတွေက ကလေးတွေ အပန်းဖြေဖို့အတွက်လည်း စွန့်ဦးတီထွင်ခဲ့ကြပါတယ်။ ကမ္ဘာ့နာမည်ကျော်ပုံပြင်ရေးဆရာ Hans Christian Andersenက ဒိန်းမတ်နိုင်ငံသားပါ။ ကမ္ဘာတဝန်းက ကလေးတွေ အဆော့များတဲ့ LEGO အိမ်ဆောက်တုံးတွေကိုလည်း ဒိန်းမတ်က စတီထွင်ခဲ့တာဖြစ်ပြီး မူလပထမ LEGOLAND ကစားကွင်းနဲ့ LEGO အိမ်တွေကိုလည်း သွားလည်နိုင်ပါတယ်။ ဒါ့အပြင် ဒိန်းမတ်မှာ Bakken နဲ့ Tivoli Garden ဆိုတဲ့ ကမ္ဘာ့ရှေးအကျဆုံး ကစားကွင်း နှစ်ခုလည်းရှိပါတယ်။
ရှေးကျတဲ့အကြောင်းပြောရမယ်ဆိုရင် ဒိန်းမတ်အလံကလည်း ကမ္ဘာ့ရှေးအကျဆုံး အလံပါ။ အနီရောင်အောက်ခံပေါ်က အဖြူရောင်လက္ခဏာနဲ့ ဒိန်းမတ်အလံကို ၁၂၁၉ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့လို့ ကမ္ဘာ့ရှေးအကျဆုံး နိုင်ငံပိုင်အလံအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ အလံထက်ပိုရှေးကျတာကတော့ ဒိန်းမတ်ရဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ပါ။ ၉၃၅ ခုနှစ်ကကျင့်သုံးလာတာ အခုထက်ထိပဲဆိုတော့ နှစ်ပေါင်း ထောင်ကျော်ကြာနေပါပြီ။ အခုလောလောဆယ် အုပ်ချုပ်နေတာကတော့ ဘုရင်မ မာဂရီသီ(၂)ပဲဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့ အထင်ကရနေရာတွေကတော့ မြို့တော်ကိုပေဟင်ဂင်မှာ တော်ဝင်နန်းတော်၊ Nyhavn ဆိပ်ကမ်းက ရောင်စုံအဆောက်အအုံတွေ၊ ကမ္ဘာ့ရှေးအကျဆုံး ကစားကွင်းတွေ၊ နာမည်ကျော် ရေသူမကြေးရုပ်၊ အမျိုးသားပြတိုက်၊ Frederiksborg နန်းတော်၊ အမျိုးသားသမိုင်းပြတိုက်တို့ပဲဖြစ်ပါတယ်။
ဒါ့အပြင် ဒုတိယအကြီးဆုံး Aarhus မြို့က မြို့ဟောင်းနေရာ၊ တတိယအကြီးဆုံး Odense မြို့က ဗိုက်ကင်းရဲတိုက်၊ Roskilde မြို့က ဗိုက်ကင်းသင်္ဘောပြတိုက်၊ Skagen မြို့က ကမ်းခြေတွေ၊ Odense မြို့က Hans Christian Andersen ပြတိုက်၊ Billund မြို့က LEGO House၊ Elsinore မြို့က Kronborg ရဲတိုက်နဲ့ တခြားရဲတိုက်တွေကိုလည်း သွားလည်နိုင်ပါတယ်။
Dr. Nu Myat Theingi Oo
(Nu Myat around the World)
