ကနေဒါက စိမ်းလဲ့ပြာနေသည့် လူးဝစ်(စ်)ရေကန်
Lake Louise, Canada

ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်၊ Banff အမျိုးသားဥယျာဉ်တွင်းရှိ လူးဝစ်(စ်)ရေကန် (Lake Louise) သည် ရေခဲတောင်များ၊ စိမ်းစိုနေသောတောတောင်များကဲ့သို့ လှပသော ရှုမျော်ခင်းများကို နောက်ခံထားသည့် စိမ်းပြာရောင်ကြည်လဲ့နေသောရေပြင်ကြောင့် ကမ္ဘာကျော်ပါသည်။
လူးဝစ်(စ်)ရေကန်အတွင်းရှိ ရေက စိမ်းပြာရောင်ဖြစ်နေရခြင်းမှာ ရေခဲတောင်များ အရည်ပျော်ပြီး ရေကန်ထဲသို့စီးဆင်းသည့်လမ်းတလျှောက် သယ်ဆောင်လာသည့် ကျောက်အမှုန်လေးများအပေါ် နေရောင်အလင်းပြန်ခြင်းကြောင့်ဖြစ်သည်။ နေအသာဆုံးလများဖြစ်သည့် ဇူလိုင်လကုန်နှင့် သြဂုတ်လအတွင်း ရေကန်သည် အရောင်အတောက်ဆုံး၊ အလှဆုံးဖြစ်သည်။

၁.၂ မိုင်အရှည်နှင့် ဝ.၃ မိုင်အကျယ်သာရှိသည့် ရေကန်ကြီးသည် အကျယ်အဝန်းအားဖြင့် သေးငယ်သော်လည်း ပေ ၂၃၀ အထိ နက်သဖြင့် အတော်နက်သည်ဟု ဆိုရပေမည်။ ရေခဲတောင်များမှ စီးကျသည့်ရေများကြောင့် လူးဝစ်(စ်)ရေကန်သည် အစဉ်အမြဲအေးလို့နေပါသည်။ နွေရာသီတွင်လည်း အေးစိမ့်နေသဖြင့် ရေကန်ထဲ ရေဆင်းကူးရန် မဖြစ်နိုင်ပါ။ ဆောင်းရာသီတွင်တော့ ရေကန်တစ်ခုလုံး ရေခဲသွားကာ နှင်းများဖုံးလွှမ်းနေတတ်ပါသည်။ ကျွန်မတို့ရောက်ခဲ့သည့် ဧပြီလက ကနေဒါနိုင်ငံ၏ ဆောင်းတွင်းကာလဖြစ်သဖြင့် ရေခဲနေသော ရေကန်ကြီးကို မြင်တွေ့ခဲ့ရပါသည်။


လူးဝစ်(စ်)ရေကန်သည် နွေဆိုလည်း နွေအလျောက် ဆောင်းဆိုလည်း ဆောင်းအလျောက် စွန့်စားလိုသူများအတွက် ပြုလုပ်စရာ Activities များစွာ ရှိလို့နေပါသည်။ နွေရာသီတွင် ရေကန်များ အရည်ပျော်နေပြီး ရှုခင်းက မှင်သက်စရာကောင်းလောက်အောင် လှသဖြင့် ဆောင်းရာသီထက် နွေရာသီက ပိုစည်ကားလို့နေပါသည်။ နွေရာသီတွင် ရေကန်ထဲ လှေစီးခြင်း၊ လှေလှော်ခြင်း၊ ငါးမျှားခြင်း၊ အနီးပတ်ဝန်းကျင်ရှိတောင်များတက်ခြင်း၊ ကျောက်တောင်များကိုတက်ခြင်း၊ စက်ဘီးစီးခြင်း၊ မြင်းစီးခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ နွေရာသီတွင် ဝက်ဝံ၊ ဆတ်၊ သမင်၊ တောင်ခြင်္သေ့ကဲ့သို့ တောရိုင်းတိရစ္ဆာန်များကိုလည်း မြင်တွေ့ရနိုင်ပါသည်။ မြောက်အမေရိကတွင် တွေ့ရသော Grizzly Bear ဝက်ဝံကြီးများလည်း အများအပြားရှိလို့နေပါသည်။ လူးဝစ်(စ်)ရေကန်အပြင် အနီးအနားရှိ Moraine ရေကန်၊ Bow ရေကန်နှင့် Agnes ရေကန်တို့ကိုပါ သွားရောက်နိုင်ပါသည်။

ဆောင်းရာသီတွင်တော့ လူးဝစ်(စ်)ရေကန်သည် ရေခဲပြင်ကြီးအဖြစ်သို့ပြောင်းလဲသွားပါတော့သည်။ ကမ္ဘာ့အလှဆုံး လဟာပြင် ရေခဲပြင်စကိတ်ကွင်းတစ်ခုဖြစ်နေသည့် ရေခဲနေသည့် ရေကန်ကြီးပေါ်တွင် ရေခဲပြင်စကိတ်စီးခြင်း၊ ရေခဲငါးမျှားခြင်း၊ နှင်းတောထဲတွင် နှင်းစီးဖိနပ်ဖြင့် လမ်းလျှောက်ခြင်း၊ ခွေးစွပ်ဖားလှည်းများစီခြင်း၊ Snowmobiling တို့ ပြုလုပ်နိုင်ပါသည်။ ဇန်နဝါရီလတွင် Ice Magic ပွဲတော်ကို နှစ်စဉ်ကျင်းပသဖြင့် ကမ္ဘာအနှံ့က ရေခဲပန်းပုပညာရှင်များ၏ လက်ရာရေခဲပန်းပုများကို ရင်သက်ရှုမောဖွယ်ရာ တွေရမည် ဖြစ်သည်။ အနီးအနားရှိ Lake Louise Ski Resort က ကနေဒါနိုင်ငံတွင် ဒုတိယအကြီးဆုံးနှင်းလျှောစီးစခန်းဖြစ်ကာ ကနေဒါနိုင်ငံ၏ ပေါ်ပြူလာအဖြစ်ဆုံး နှင်းလျှောစီးပြိုင်ပွဲ Lake Louise Winterstart World Cup ကျင်းပရာနေရာလည်း ဖြစ်သည်။

လူးဝစ်(စ်)ရေကန်အကြောင်းပြောလျှင် ရေကန် အရှေ့ဘက်ကမ်းစပ်ရှိ Fairmont’s Chateau Lake Louise ဟိုတယ်ကြီးအကြောင်း ချန်ထားလို့ မရနိုင်ပါ။ ရေကန်စပ်ရှိ တစ်ခုတည်းသော ဟိုတယ်ဖြစ်ကာ ၂၀ ရာစုအစောပိုင်းက ဆောက်ထားသည့် သမိုင်းဝင် အဆင့်မြင့်ဇိမ်ခံဟိုတယ်ကြီးဖြစ်သည်။ လူးဝစ်(စ်)ရေကန်မြို့အနီး Pipestone မြစ်ကမ်းပါးတွင်လည်း The Post Hotel အမည်ရှိ အခြားဇိမ်ခံဟိုတယ်တစ်ခု ရှိပါသေးသည်။ ထိုဟိုတယ်တွင် ကြယ်ငါးပွင့်စားသောက်ဆိုင်ရှိကာ ဝိုင်များစွာသိုလှောင်ထားသည့် ဝိုင်သိုလှောင်ခန်းလည်း ရှိသဖြင့် နွေရာသီတွင် နိုင်ငံတကာ ဝိုင်မြည်းပွဲတော်ကို ကျင်းပလေ့ရှိပါသည်။



တည်းခိုခကို ဈေးအသင့်အတင့်သာသုံးချင်ပါက ရေကန်မှ ငါးကီလိုမီတာ တောင်အောက်ဆင်းသည့်နေရာတွင်ရှိသည့် လူးဝစ်(စ်)ရေကန်မြို့တွင် တည်းခိုနိုင်ပါသည်။ လူးဝစ်(စ်)ရေကန်မြို့သည် အမြင့် ၁၅၄၀ မီတာတွင် ရှိနေသဖြင့် ကနေဒါနိုင်ငံ၏ အမြင့်ဆုံးမြို့လည်း ဖြစ်ပါသည်။ အနီးအနားရှိ Banff မြို့တွင်လည်း ရွေးချယ်စရာတည်းခိုစရာဟိုတယ်များစွာရှိသဖြင့် ထိုမြို့တွင်လည်း တည်းခိုနိုင်ပါသည်။
ဒေါက်တာနုမြတ်သိင်္ဂ ီဦး
