ဘယ်ပန်းချီရေးလို့မမှီတဲ့ Switzerland

ဘယ်ပန်းချီရေးလို့မမှီတဲ့ Switzerland


အယ်လ်ပိုင်းတောင်တန်းကြီးတွေ နောက်ခံထားပြီး စိမ်းစိုလှပတဲ့ ရှုမြော်ခင်းတွေ၊ မှန်သားပြင်လို ကြည်လင်လွန်းလှတဲ့ ရေကန်ကြီးတွေနဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ သဘာဝအလှက ဘယ်ပန်းချီရေးမမှီပါဘူး။
ဆွစ်ဇာလန်နိုင်ငံမှာ ရေကန်ပေါင်း ၁၅၀၀ ကျော်ရှိပြီး မီတာ ၃၀၀၀ အထက် မြင့်တဲ့တောင်ပေါင်း ၂၀၈ တောင်ကိုလည်း ပိုင်ဆိုင်ထားလို့ တောင်တက်သမားတွေ အကြိုက်တွေ့ကြတဲ့နိုင်ငံလည်းပဲဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ နှင်းဖုံးတဲ့ ရေခဲတောင်တန်းကြီးတွေမှာ နှင်းလျှောစီး (Skiing) တာတွေ လုပ်လေ့ရှိကြပါတယ်။

Photo Credit


ဆွစ်နှင်းတောင်များ

နုမြတ်အနေနဲ့ နှင်းကိုပထမဆုံးမြင်ဖူးတာ ဆွစ်ဇလန်မှာပါ။ ၂၀၁၀ ခုနှစ်တုန်းက ဥရောပခရီးမှာ ဆွစ်ဇာလန်နိုင်ငံရဲ့ နာမည်ကြီး Mount Titlis ရေခဲတောင်ကိုလည်း ရောက်ခဲ့ပါတယ်။ အနှုတ်ပြနေတဲ့ ရေခဲမှတ်မှာ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေပေါင်းတစ်သောင်းကျော်မှာရှိတဲ့ Mount Titlis တောင်ထိပ်မှာ နှင်းတွေ တဖွဲဖွဲကျနေတာပါ။ နှင်းတောထဲလျှောက်သွားရတာ အရမ်းပျော်ဖို့ကောင်းလှပါတယ်။


ဇာမတ် (Zermatt)မြို့ရှိ Matterhorn တောင်ကလည်း နှင်းရှာဖွေသူတို့ အကြိုက်တွေ့တဲ့ တောင်ထိပ်တစ်ခုပါပဲတဲ့လေ။ Matterhorn တောင်က Toblerone ချောကလက် အခွံမှာပါတဲ့ တောင်ပါ။
အမြင့်ဆုံးတောင်ကတော့ အီတလီနယ်စပ်မှာ ရှိတဲ့ Monte Rosa တောင်ပဲဖြစ်ပြီး ၄၆၃၄ မီတာမြင့်ပါတယ်။

Photo Credit


ကမ္ဘာ့အရှည်ဆုံးလှိုဏ်ခေါင်း


တောင်တန်းတွေပေါများတဲ့နိုင်ငံဆိုတော့ ကားလမ်း၊ ရထားလမ်းတွေအတွက် တောင်တန်းတွေကို ဖြတ်ဖောက်ရတဲ့ ဥမင်လှိုဏ်ခေါင်းတွေလည်း များစွာရှိလို့နေပါတယ်။ ဆွစ်ဇာလန်မှာရှိတဲ့ Gottahard လှိုဏ်ခေါင်းက ကမ္ဘာပေါ်မှာအရှည်ဆုံး လှိုဏ်ခေါင်းဖြစ်ပြီး ၅၇ မီတာရှည်ကာ အယ်လ်ပိုင်းတောင်တန်းတွေအောက် ၂.၃ ကီလိုမီတာအကွာမှာရှိပါတယ်။ ၁၇ နှစ်ကြာတည်ဆောက်ခဲ့ရပြီး ကမ္ဘာမှာ တည်ဆောက်စားရိတ် အကုန်ကျဆုံး လှိုဏ်ခေါင်းလည်းပဲဖြစ်ပါတယ်။

အထင်ကရမြို့ကြီးများ

ဆွစ်ဇာလန်နိုင်ငံမှာ မြို့တော် ဘန်း(Bern)၊ အကြီးဆုံးမြို့ ဇူးဝစ် (Zurich)၊ WHO ရုံးချုပ်နဲ့ ကြက်ခြေနီရုံးချုပ်ရှိရာ ဂျနီဗာမြို့ (Geneva)၊ အေးချမ်းဆိတ်ငြိမ်လှတဲ့ လူဆန်းမြို့ (Lucerne)၊ ဇာမတ်မြို့ တို့ဟာ သွားလည်သင့်တဲ့ မြို့တွေပါ။

စွန့်စားရတာဝါသနာပါသူတွေအတွက် အင်တာလေကန် (Interlaken)ဆိုတဲ့ မြို့လေးလည်း ရှိပါသေးတယ်။ ရေခဲတောင်တွေ နောက်ခံထားပြီး ဝေဟင်ပေါ်ကနေ မြေပြင်ပေါ် လေထီးနဲ့ ခုန်ချရတဲ့ Sky Diving ဆိုရင် အသည်းယားစရာပါ။

Photo Credit


နုမြတ်တို့ကတော့ ဇူးဝစ်မြို့နဲ့ လူဆန်းမြို့ကို ရောက်ခဲ့ပါတယ်။ ဇူးဝစ်မြို့ကနေ လူဆန်းမြို့ကို သွားတဲ့ ရထားလမ်းတလျှောက်က စိမ်းစိုနေတဲ့ရှုခင်းတမျှော်တခေါ်နဲ့ သိပ်ကို လှပပါတယ်။ လူဆန်းမြို့လေးမှာ ညအိပ်ပြီး Mount Titlis နှင်းတောင်ကို နေ့ချင်းပြန်သွားခဲ့ပါတယ်။ လူဆန်းမြို့လေးက သိပ်ကိုအေးချမ်းဆိတ်ငြိမ်လှတဲ့ မြို့လေးပါ။ မြို့လည်မှာ ရေကန်ကြီးရှိပြီး ရေကန်ကို ဖြတ်ဆောက်ထားတဲ့ ရှေးဟောင်းသစ်သားတံတားကြီးကလည်း နာမည်ကြီးပါတယ်။

အရည်အသွေးမြင့် ဆွစ်ဇာလန်ပစ္စည်းများ

ဆွစ်ဇာလန်နိုင်ငံရဲ့ ရှုမြော်ခင်းတွေက လှပသလို ဆွစ်ဇလန်နိုင်ငံထုတ်ပစ္စည်းတွေကလည်း အရည်အသွေးမြင့်ပါတယ်။
• Longines၊ Patek Philippe၊ Rolex၊ TAG Heuer နဲ့ Tissot အစရှိတဲ့ ကမ္ဘာကျော်နာရီ အမှတ်တံဆိပ်တွေက ဆွစ်ဇာလန်နိုင်ငံထုတ်ပါ။
• စနစ်ကျပြီး ယုံကြည်စိတ်ချရတဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ ဘဏ်စနစ်က ကမ္ဘာမှာနံပါတ်တစ်ပါ။
• လိုသလိုအသုံးပြုနိုင်တဲ့ ဆွစ်ဇာလန်က အိတ်ဆောင်ဓါးဆိုရင် သူ့နာမည်ကိုက Swiss Knife လို့ခေါ်ရတဲ့အထိ အထင်ကရဖြစ်စေပါတယ်။
• ဆွစ်ဇာလန်နိုင်ငံထုတ် ချောကလက်နဲ့ချိစ်တို့လည်း အရည်အသွေးမြင့်ပြီး နာမည်ကြီးပါတယ်။ ဆွစ်ဇာလန်နိုင်ငံကနေပြီး တစ်နှစ်ကို ချောကလက် တန်ပေါင်း ၂ သိန်းနီးပါး ထုတ်လုပ်လေ့ရှိပြီး ချိစ်အမျိုးပေါင်း ၄၅၀ ထိတောင် ထွက်ရှိနေတာပါတဲ့။


စတုရန်းပုံအလံ

ဆွစ်ဇာလန်က ကမ္ဘာပေါ်မှာ စတုရန်းပုံစံအလံရှိတဲ့ နိုင်ငံနှစ်ခုထဲက တစ်ခုပါ။ နောက်တစ်နိုင်ငံကတော့ ကမ္ဘာ့အသေးဆုံး ဗာတီကန်စီးတီးနိုင်ငံပါ။

ဆွစ်အလံက အနီရောင်စတုရန်းအလယ်မှာ အဖြူရောင် ကြက်ခြေခတ်နဲ့ပါ။ ကြက်ခြေနီအလံကတော့ ဆွစ်အလံကို အရောင်ပြောင်းပြန်လုပ်ထားတဲ့ ပုံစံပါ။
စေတနာ့ဝန်ထမ်းပေါင်း ၉၇ သန်းကျော်ရှိနေပြီဖြစ်တဲ့ ကြက်ခြေနီအသင်းကို ဂျနီဗာမြို့မှာ ၁၈၆၃ ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီး ရုံးချုပ်က အဲ့ဒီမြို့မှာ ယနေ့ထက်ထိ ရှိနေဆဲပါ။

Photo Credit


ကမ္ဘာ့ပျော်ဖို့အကောင်းဆုံးနိုင်ငံတစ်ခု

ဆွစ်ဇာလန်က ပျော်ဖို့အကောင်းဆုံးနိုင်ငံထဲကတစ်ခုပါ။ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့အပျော်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရပြီး ၂၀၁၈ ခုနှစ်မှာတော့ ပဉ္စမနေရာကို ရခဲ့ပါတယ်။ နေပျော်တော့လည်း နိုင်ငံသားတွေက အသက်ရှည်ကြပါတယ်။ ဆွစ်အမျိုးသားတွေဟာ ကမ္ဘာပေါ်မှာ သက်တမ်း Life expectancy အရှည်ဆုံးအမျိုးသားတွေပါ။ ၂၀၁၅ ခုနှစ်က WHO ရဲ့ စစ်တမ်းကောက်ချက်တွေအရ ဆွစ်အမျိုးသားတွေရဲ့ ပျမ်းမျှမျှော်မှန်းအသက်က ၈၁.၃နှစ်ဖြစ်ပြီး အမျိုးသမီးတွေကတော့ ၈၅.၃နှစ်ပဲဖြစ်ပါတယ်။


သန့်ရှင်းသပ်ရပ်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလွန်းတဲ့ ဆွစ်ဇာလန်နိုင်ငံက နုမြတ်အကြိုက်ဆုံးနိုင်ငံတွေထဲက တစ်ခုပါ။ သူ့ရဲ့ စိမ်းစိုနေတဲ့ ရှုခင်းတွေကို မျက်စိထဲ စွဲနေလောက်တဲ့အထိကို ကြိုက်ပါတယ်။ နောက်ထပ်လည်း ပြန်သွားချင်ပါသေးတယ်။ နောက်တစ်ခါရောက်ဖြစ်ခဲ့ရင်တော့ ဇာမတ်မြို့ကို အရောက်သွားပါမယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ ရှုခင်းတွေကို တစ်ဝကြီးကြည့်လို့ရတဲ့ Scenic Train ရထားစီးပါမယ်။


ချစ်ခင်လျှက်
ဒေါက်တာနုမြတ်သိင်္ဂီဦး
Nu Myat around the World

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s