လည်မယ်ပတ်မယ် နေပြည်တော်ဝယ်

လည်မယ်ပတ်မယ် နေပြည်တော်ဝယ်


ရုံးပိတ်ရက်တွေမှာ နေ့ချင်းပြန်ဖြစ်ဖြစ် ညအိပ်ဖြစ်ဖြစ် ခရီးထွက်ချင်တယ်ဆိုရင် နေပြည်တော်ကိုလည်း မမေ့သင့်ပါဘူး။ နေပြည်တော်က အချက်အချာကျတဲ့နေရာမှာရှိလို့ ရန်ကုန်ကနေပဲသွားသွား၊ မန္တလေးကနေပဲ သွားသွား နီးပါတယ်။နေပြည်တော်က မြန်မာပြည်ရဲ့ မြို့တော်ဖြစ်သလို မြို့သစ်ကြီးလည်းဖြစ်တော့ နေရာတိုင်းက သန့်ပြန့်ခမ်းနားနေပါတယ်။ နေပြည်တော်သွားမယ်ဆိုရင် တစ်ညအိပ်ဆို ကောင်းကောင်းလည်လို့လောက်ပါတယ်။ အစုံလည်းရောက်ချင်ပြီး အေးအေးဆေးဆေး သွားချင်ရင်တော့ နှစ်ညအိပ်လောက်သွားရပါမယ်။

ဥပါတသန္တိစေတီတော်


နေပြည်တော်မှာ ဖူးမြော်နိုင်တဲ့ ဘုရားစေတီတွေအနက် ဥပါတသန္တိစေတီတော်ရဲ့ အနက်အဓိပါယ်က “ဖြစ်ပေါ်ကြုံတွေ့လာသည့် ဘေးအန္တရာယ်အားလုံး ငြိမ်းအေးစေခြင်း”ပါတဲ့။ စေတီတော်ကို ရန်ကုန်မြို့ကရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ ပုံစံတူ ဉာဏ်တော်အမြင့်အောက်(၁)ပေလျှော့ပြီး တည်ထားခဲ့တာပါ။ အရှေ့ဘက်မုခ်မှာ ဆင်ဖြူတော်တွေ မွေးထားပါတယ်။

မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးကတော့ ဉာဏ်တော်အမြင့် ၃၂ပေရှိတဲ့ ရပ်တော်မူရုပ်ပွားတော်ကြီးဖြစ်ပြီး စကျင်ကျောက်ရပ်တော်မူ ဆင်းတုတော်ကြီးတွေထဲမှာ ဉာဏ်တော်အမြင့်ဆုံးပါတဲ့။ တောင်ပေါ်မှာရှိလို့ တောင်ပေါ်ကနေလည်း နေပြည်တော်ရှုခင်းတွေ လှမ်းမြင်ရသလို ညနေနေဝင်ချိန်ရှုခင်းလည်းသိပ်လှပါတယ်။

ဥပါတသန္တိစေတီတော်


ဒါ့အပြင် ရန်အောင်ချမ်းသာဘုရား၊ ထာဝရငြိမ်းချမ်းရေးစေတီတော်နဲ့ ရန်အောင်မြင်စေတီတော်တို့ကိုလည်း ဖူးမြော်နိုင်ပါတယ်။ နေပြည်တော်ပုဂံဆိုတာကတော့ ရှေးဟောင်းစေတီတွေ စုပြီးရှိတဲ့နေရာမလို့ နေပြည်တော်ပုဂံလို့ တင်စားခေါ်ဝေါ်ကြတာပါ။ ညောင်ပင်စု ရှေးဟောင်းစေတီတွေလို့လည်း သိကြပါတယ်။

နေပြည်တော်ပုဂံ

နေပြည်တော် ဗုဒ္ဒဂါယာကတော့ အိန္ဒိယနိုင်ငံ ဂါယာမြို့က ဗုဒ္ဒဂါယာအတိုင်း ပုံစံတူ တည်ဆောက်ထားတာပါ။ ဘုရားဝန်းထဲမှာ မဟာဗောဓိစေတီတော်မြတ်ကြီးအပြင် ဗောဓိပင်နဲ့ ရွှေပလ္လင်တော်နဲ့ စင်္ကြန်တော် အပါအဝင် သတ္တသတ္တာဟ (၇)ဌာနတို့ကိုလည်း ဖူးမျှော်နိုင်ပါတယ်။ နေပြည်တော် ဗုဒ္ဓဂါယာမှာ “ဖွား၊ ပွင့်၊ ဟော၊ စံ” စတဲ့ သံဝေဇနိယ လေးဌာနလုံးကို ပုံစံတူဆောက်ထားပါတယ်။ မဟာဗောဓိစေတီတော်မြတ်ကြီးကတော့ အဲ့ဒီလေးဌာနထဲက မြတ်စွာဘုရားပွင့်တော်မူရာ ပွင့်စေတီဌာနပါ။ ဓမ္မစကြာတရားဦး ဟောကြားရာ မိဂဒါဝုန်တော ဟောစေတီဌာန၊ ပရိနိဗာန်စံတော်မူရာ ကုသိနာရုံ အင်ကြင်းဥယျာဉ်နဲ့ စံစေတီဌာန၊ မြတ်စွာဘုရားဖွားမြင်တော်မူရာ လုမ္မနီဥယျာဉ်တော် ဖွားစေတီဌာနတို့လည်းရှိပါတယ်။


ဥယျာဉ်ကြီးတွေ အနေနဲ့ကတော့ ညနေတိုင်း မီးရောင်စုံ၊ တေးသံသာတွေနဲ့ ရေပန်းအကတွေ ကပြတဲ့ ရေပန်းဥယျာဉ်ကြီးက မြို့လည်မှာရှိပါတယ်။ ရေတံခွန်တွေ၊ မျှော်စင်တွေ၊ ကြိုးတံတားတွေနဲ့ သာယာလှတဲ့ ဥယျာဉ်ကြီးပါ။ အခုလောလောဆယ် မတ်လကုန်အထိ ပန်းပွဲတော် ကျင်းပနေလို့ သွားကြည့်သင့်ပါတယ်နော်။

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကတော့ မြန်မာပြည်မြေပုံအတိုင်း မြောက်ဖျားကနေ တောင်ဖျားအထိ အထိမ်းအမှတ်နေရာတွေကို သေချာဆောက်ထားတာပါ။

တိရစ္ဆာန်လေးတွေ ကြည့်ချင်ရင် တိရစ္ဆာန်တွေကို သဘာဝအတိုင်း လွှတ်ထားတဲ့ နေပြည်တော် ဆာဖာရီဥယျာဉ်ကြီးနဲ့ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ကို သွားကြည့်နိုင်ပါတယ်။

အမျိုးသားပရဆေးဥယျာဉ်ကတော့ ဆေးဖက်ဝင်အပင်တွေ စိုက်ထားတဲ့ ဧက ၂၀၀ခန့်ရှိဥယျာဉ်ကြီး ပါ။ ကျောက်စိမ်းတွေနဲ့ အလှဆင်ထားတဲ့ ကျောက်စိမ်းဥယျာဉ်လည်း ရှိပါတယ်။

နေပြည်တော် ရေပန်းဥယျာဉ်ကြီး
နေပြည်တော် ရေပန်းဥယျာဉ်ကြီး
နေပြည်တော် ရေပန်းဥယျာဉ်ကြီး

လေ့လာစရာ ပြတိုက်တွေအနေနဲ့ကတော့ မြို့ထဲမှာဆိုရင် အမျိုးသားပြတိုက်နဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်တို့ ရှိပါတယ်။ တပ်မတော် စစ်သမိုင်းပြတိုက်က တိရစ္ဆာန်ဥယျာဉ်နားမှာရှိပြီး နက္ခတာရာပြခန်းကတော့ တိရစ္ဆာန်ဥယျာဉ်ထဲမှာရှိတာပါ။

နေပြည်တော် ဆာဖာရီဥယျာဉ်


အနီးအနားက အပန်းဖြေစခန်းတွေအနေနဲ့ ပျဉ်းမနား-ပင်လောင်းကားလမ်းပေါ် တောင်ကျရွာအနီးမှာရှိတဲ့ နေပြည်တော် ရေပူစမ်း၊ ပေါင်းလောင်းမြို့ ကနေ လှေစီးပြီးသွားနိုင်တဲ့ နမ့်မွန်ကြီးရေတံခွန်၊ နေပြည်တော်ကနေ နာရီဝက်မောင်းရင်ရောက်တဲ့ လှေခွင်းတောင်နဲ့ တောင်ခြေမြစ်ဘေးကမ်းခြေအပန်းဖြေစခန်းတွေနဲ့ ငလိုက်ကန်သာ အပန်းဖြေဥယျာဉ်စခန်းတို့ကိုလည်း သွားရောက်နိုင်ပါတယ်။

နမ့်မွန်ကြီးရေတံခွန်
လှေခွင်းတောင်ခြေမြစ်ဘေးကမ်းခြေအပန်းဖြေစခန်း

ဒေါက်တာနုမြတ်သိင်္ဂီဦး
Nu Myat around the World

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s