ကမ္ဘာကျော် ကူချီမြေအောက်လှိုဏ်ခေါင်းများ

ကမ္ဘာကျော် ကူချီမြေအောက်လှိုဏ်ခေါင်းများ

Cu Chi Tunnels of Vietnam

Entrance to Cu chi Tunnels


ဗီယက်နမ်နိုင်ငံ၏ နာမည်ကျော်နေရာဖြစ်သည့် ကူချီမြေအောက်လှိုဏ်ခေါင်းများ (Cu Chi Tunnels) သည် ဗီယက်နမ်စစ်ပွဲအတွင်း အသုံးပြုရန် တည်ဆောက်ထားသည့် လှိုဏ်ခေါင်းများဖြစ်သည်။ ဟိုချီမင်းမြို့မှ တစ်နာရီကျော် မောင်းလျှင်ရောက်သည့် ကူချီခရိုင်တွင် တည်ရှိသည်။ စစ်ပွဲအတွင်း ပိုအားသာနေသည့် အမေရိကန်နှင့် တောင်ဗီယက်နမ်တပ်များကို နှိမ်နင်းရန် ဗီယက်ကောင်း ကွန်မြူနစ်ပြောက်ကျားတပ်များက မြေအောက်ဥမင်လှိုဏ်ခေါင်းများကို တူးဖော်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ပွဲအကြွင်းအကျန်ပြတိုက်အဖြစ် ပြသထားသဖြင့် ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်ရာနေရာတစ်ခု ဖြစ်လာခဲ့ပါသည်။


ဤဥမင်လိုဏ်ခေါင်းသည် မိုင်ပေါင်း ၁၂၀ ကျော်ရှည်လျားပြီး အထပ် ၃ထပ်ရှိကာ စစ်ပွဲအတွင်း ဗီယက်ကောင်းပြောက်ကျားတပ်၏ ဌာနချုပ်ဖြစ်ခဲ့သည်။ တပ်ဖွဲ့ဝင်များနေထိုင်ရန်၊ သယ်ယူပို့ဆောင်ရေး ဆက်သွယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ထားရှိရန်၊ လက်နက်များပြုလုပ်ရန်၊ ထောင်ချောက်များဆင်ရန်၊ ချုံခိုတိုက်ခိုက်ပြီး ထွက်ပြေးပုံးခိုရ လွယ်ကူရန် တူးဖော်ထားခြင်းဖြစ်သည်။ မြေအောက်တွင် လမ်းကြောင်းများ၊ သိုလှောင်ခန်းများအပြင် အိပ်ခန်းများ၊ ဆေးရုံများ၊ ကျောင်းများ၊ ရုပ်ရှင်ရုံများနှင့် မီးခိုးတိတ်မီးဖိုချောင် တို့လည်းရှိသဖြင့် ရွာလေးတစ်ရွာသာမဟုတ်ဘဲ မြေအောက်မြို့ငယ်လေးအဖြစ်တောင် မြင်နိုင်ပါသည်။


ဤဥမင်လိုဏ်ခေါင်းစနစ်ကို ဖျက်စီးရန် အမေရိကန်စစ်တပ်က မျိုးစုံကြိုးပမ်းခဲ့သော်လည်း လုံးလုံးလျားလျား မဖျက်စီးနိုင်ခဲ့ပေ။ ဆိုင်ဂုံမြစ်အတွင်း ပေါက်သည့် အမျိုးမျိုးသောထွက်ပေါက်များ၊ ဗုံးခိုကျင်းများနှင့် ထောင်ချောက်များကြောင့် ဖျက်စီးရခက်ခဲခဲ့ပါသည်။


ကူချီဥမင်လိုဏ်ခေါင်းစနစ်တွင် တည်နေရာအမျိုးမျိုးရှိသလို ရန်သူများနှင့် အဆိပ်ဓာတ်ငွေ့များကို တားဆီးရန် အထူးပိတ်ထားသော တံခါးများလည်းရှိသည်။ ဥမင်လှိုဏ်ခေါင်းများအားလုံးသို့ မြေပြင်မှ ဝင်ပေါက်များရှိပြီး ထိုအပေါက်များရှိ လျှို့ဝှက်တံခါးများကို ရန်သူများမမြင်ရအောင် သစ်ရွက်များဖြင့် ဖုံးအုပ်ထားသည်။ ဝင်ပေါက်သည် အလွန်ကျဉ်းမြောင်းလှသည်။ အကောင်သေးသော ဗီယက်နမ်လူမျိုးများသာဝင်နိုင်ပြီး အကောင်ကြီးသော ရန်သူများအလွယ်တကူ မဝင်ရောက်နိုင်ရန်ဖြစ်သည်။

SAMSUNG CSC


လာရောက်လေ့လာသူများအနေဖြင့် မြေအောက်ဥမင်လှိုဏ်ခေါင်းများအတွင်းသို့ ဝင်ရောက်လေ့လာနိုင်ပါသည်။ ဝင်ပေါက်နှင့် လမ်းတလျှောက်ကျဉ်းသော်လည်း အထဲမှာ ကုန်းပြီးလမ်းလျှောက်လို့ရသည်အထိ ကျယ်ပါသည်။ တချို့နေရာတွင် လူတစ်ကိုယ်စာသာကျယ်သော်လည်း တချို့အခန်းတွေမှာမူ ကျယ်ကျယ်ဝန်းဝန်းရှိပါသည်။

SAMSUNG CSC


လှိုဏ်ခေါင်းဝင်ပေါက် အနီးတဝိုက် မြေပြင်ပေါ်တွင်လည်း ချွန်ထက်သောဝါးချောင်းများဖြင့် ဖုံးကွယ်ထားသော ကျင်းများကဲ့သို့ ထောင်ချောက်များစွာ ဖန်တီးထားသည်ကို တွေ့ခဲ့ရသည်။ ဝန်ထမ်းများက ထောင်ချောက်များ အလုပ်လုပ်ပုံကို သရုပ်ပြပါသည်။ ထိုခေတ်က ဗီယက်ကောင်း ပြောက်ကျားတပ်များ၏ နေ့စဉ်ဘဝကို သရုပ်ဖော်ထားသည့် ရုပ်တုများကိုလည်း တွေ့ခဲ့ရပါသည်။ ဗီယက်ကောင်းများစားသုံးခဲ့ရသည့် မီးခိုးတိတ်လက်ရာ အစားအစာများကိုလည်း မြည်းစမ်းခဲ့ရပါသည်။

SAMSUNG CSC


ကူချီမြေအောက်လှိုဏ်ခေါင်းများသို့ သွားရောက်လေ့လာလိုပါက Ben Dinh နှင့် Ben Duoc ဟူရ် အပိုင်းနှစ်ပိုင်းရှိပါသည်။ Ben Dinh အပိုင်းသည် ဆိုင်ဂုံမြစ်ဘေးတွင်တည်ရှိပြီး လှိုဏ်ခေါင်းအား ပြန်လည်တည်ဆောက် ချဲ့ထွင်ခဲ့သဖြင့် ခရီးသွားများ ပိုမိုလာရောက်လည်ပတ်လေ့ရှိကြပါသည်။ မြေအောက်အိပ်ခန်းများပါရှိသော ဥမင်လိုဏ်ခေါင်း ၄ ခုရှိသလို စစ်ပွဲအတွင်းအသုံးပြုသည့် သေနတ်များကို ကိုယ်တိုင်စမ်းသပ်ပစ်ခတ်နိုင်သည့် သေနတ်ကွင်းလည်းရှိသည်။ ထို့အပြင် ဆေးရောင်ထွက်သည့်သေနတ်များဖြင့် စစ်တိုက်သကဲ့သို့ ဆော့ကစားနိုင်သည့် Paintball Game ကို အဖွဲ့လိုက်ကစားခြင်း၊ မြစ်ထဲတွင် လှေလှော်ခြင်းနှင့် စက်ဘီးစီးခြင်းတို့ ပြုလုပ်နိုင်ပါသည်။

SAMSUNG CSC


Ben Duoc အပိုင်းတွင်မူ ဥမင်လိုဏ်ခေါင်းစနစ်က ကျဉ်းမြောင်းသဖြင့် လူအလာနည်းပါသည်။ Ben Dinh ထက် ငါးဆပိုကြီးသော Ben Duoc သည် ပိုမိုစွန့်စားလိုသူများအတွက် သင့်လျော်ပြီး Ben Duoc Memorial Temple နှင့် Hoang Cam Kitchen ကဲ့သို့သော စိတ်ဝင်စားဖွယ်နေရာများလည်း ရှိပါသည်။

SAMSUNG CSC


ဗီယက်နမ်နိုင်ငံရောက်ပါက လွတ်လပ်ရေးတိုက်ပွဲတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ကူချီမြေအောက်လှိုဏ်ခေါင်းများသို့ သွားရောက်လည်ပတ်ခြင်းဖြင့် မြေအောက်တွင် ရှင်သန်နေထိုင်ခဲ့ရသည့် ဘဝများကို တွေ့ကြုံခံစားနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် အသက်ရှုကျပ်တတ်သူ၊ အမှောင်ကြောက်သူ၊ အလုံပိတ်နေရာတွေ ကြောက်တတ်သူတွေကတော့ ဝင်မကြည့်သင့်ပါ။

Dr.နုမြတ်သိင်္ဂီဦး

(Dr.Nu Myat Theingi Oo)

Nu Myat around the World

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s